Monday, May 11, 2009

မြန်မာ့အလှ အင်းလေးမြေသို့ အလည်သွားရအောင်

သဘာဝအလှအပများ ဝေေ၀ဆာဆာနဲ့ တန်ဆာဆင်ထားလိုက်ပါဘိ။ ငေးမဆုံး ကြည့်မဆုံး ကြည့်သူသာ အရှုံးပေးရပါ၏။ သဘာဝက ဖန်ဆင်းပေးထားသည့် ဆေးရေးပန်းချီကားချပ်ကြီး တစ်ခုပေါ့။ ဒေသခံများ၏ လှုပ်ရှားသွားလာပုံ၊ ပြောဆိုဆက်ဆံပုံ၊ နေထိုင်မှုအကျင့်၊ ဖော်ရွေတဲ့ အပြုံးလေးများကလည်း ကဗျည်းတင်လောက်စရာပါ့။ လာသမျှဧည့်၊ လာသမျှ ဆွေသဟာများကို နွေးထွေးသော ကြိုဆိုမှုလေးတွေနဲ့ အပြည့်ပေါ့။ ပတ်ပတ်လည်မှာလည်း လွမ်းမောဖွယ်တောင်တန်းကြီးတွေ ၀န်းရံလျှက်။ မြေပြန့်မှ ဧည့်သည်အဖြစ်ရောက်ရှိသွားတဲ့ ကျွန်တော့်အဖို့ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုကို ပယ်ပယ်နယ်နယ်ကြီး ခံစားမိလေရဲ့။


ထိုနေရာလေးတွေရဲ့ အနောက်တောင်ဆီမှာဆိုလျှင် မြင်သူမရိုးနိုင်လောက်အောင် ရှုမငြီးဖွယ် ကောင်းလှတဲ့ အင်းလေးဟု ခေါ်တွင်တမုဒ်ထားတဲ့ အင်းလေးကန်ကိုလည်း တမြေ့မြေ့ခံစားငေးမောမိလေရဲ့။ ၎င်းဒေသမှာနေ အင်းလေးသူ၊ အင်းလေးသားတွေရဲ့ ဗမာစကားခတ်ဝဲ၀ဲအသံ လေးတွေကလည်း နားဝင်ချို နှစ်သက်စရာကောင်းပါဘိ။ မော်တော်ပေါ်စီးရင်း ရေလှိုင်းလေးတွေရဲ့ ဝေ့ကာဝိုက်ကာ ကစားနေကြဟန်နှင့်အတူ ရေပျော်ဇင်ယော်ငှက် လေးတွေရဲ့ မြူးတူးပျော်ရွှင်နေကြပုံကလည်း ချစ်စရာမြင်ကွင်းတမျိုးပေါ့။


နေထွက်စပြု မြူမှုန်လေးတွေရဲ့ကြားမှာ ၀မ်းရေးအတွက် လှေငယ်လေးတွေကိုယ်စီနဲ့ တံငါသည်လေးတွေရဲ့ လှုပ်ရှားနေပုံလေးတွေရဲ့ မြင်ကွင်း ကလည်း ရင်သက်ရှုမောအံ့သြ လောက်ပါပေဘိ။ လွမ်းမောဖွယ် နေ၀င်ဆည်းဆာချိန်လေးဟာလည်း အင်းလေးကန်ရဲ့ ရှုမငြီးဖွယ်အလှနှင့်အပြိုင် ခန့်ညားနေလေရဲ့။ ဝေးကွာစဉ်တခဏ ချစ်သူကိုပင် ပြန်လည် အောက်မေ့မိလောက်အောင်ပင်။


၎င်းအင်းလေးကန်ကို ဖြတ်ကျော်သွားမိပြီဆိုလျှင်ပဲ အင်းလေးနေဒေသခံများ၏ ကိုးကွယ်ဖူးမျှော်ရာ ဖောင်တော်ဦးဘုရား ကျောင်းတော်ရာကြီး ကိုလည်း ဖူးမျှော်နေရမည်သာ။ မြန်မာနိုင်ငံ သာမက ကမ္ဘာရဲ့ အလှပဆုံးနေရာလေးတွေထဲမှာ သူလည်းအပါအ၀င်လေ။ ကမ္ဘာလှည့်ခရီး သည်တွေ ဆုံးဆည်းရာ နေရာလေးတစ်ခုဆိုရင်လည်း မမှားဘူးပေါ့။


ထိုသို့သာယာလှတဲ့ မောမြေရဲ့ ညောင်ရွှေ၊ အင်းလေး ဒေသလေးကို ရောက်ရှိသွားတဲ့ ကျွန်တော့်အဖို့ ဘယ်သောအခါမှ မေ့ဖျောက်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာမှာနေလူတန်းစား အားလုံး သွားသင့်သွားထိုက် ရောက်သင့်ရောက်ထိုက်တဲ့ နေရာလေးတစ်ခု ဖြစ်ပါကြောင်းနှင့် ညောင်ရွှေမြို့နှင့်အတူ အင်းလေးကန်ရဲ့ ရှုမငြီးဖွယ်အလှအပမြင်ကွင်းတွေကလည်း ရောက်ရှိလာဧည့်အပေါင်းကို လက်ကမ်းကြိုဆိုနေမည်သာ ဖြစ်ပါတော့သည်။

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP