Tuesday, August 3, 2010

မယ်တော်မွေးနေ့ တရားလက်ဆောင်၊၊ ၊၊

မယ်တော်ကြီး ဒေါ်ခင်စောရွှေရဲ့ နှစ်(၅၀)ဆယ်ပြည့်မွေးနေ့မှာ ဦးဇင်း တရားလက်ဆောင်လေး ရေးပေး လိုက် ပါတယ်၊၊

ပါဠိစာပေမှာ သပ္ပုရိသ သုတ်ဆိုတာရှိပါတယ် ဒကာမကြီး၊၊ အဲဒီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာက လူတစ်ယောက်မှာ အရည်ချင်း(၇)မျိုး ရှိတယ်ဆိုရင် သူဟာ ဘွဲ့ဒီဂရီတွေမရပေမဲ့ ပညာမတတ်သူ မဟုက်ပါဘူး၊၊

 စိမ်ရွှေငွေတွေ ဘီလီယမ်နဲ့ချီမရှိပေမဲ့ ဆင်းရဲသူလဲ မဟုက်ပါဘူးတဲ့ ဒကာမကြီး၊၊ နောက်တခါ ဒီထက်ပိုတာက သူဟာ လောကကြီးမှာ အလကားလူ၊ အသုံးမကြတဲ့သူလည်း မဟုက်ပါဘူးတဲ့၊၊

 ဘ၀မှာ လူဖြစ်ရကျိုးနပ်တဲ့သူ၊ တန်ဖိုးရှိတဲ့သူလို့ ဆိုလိုတာပေါ့ ဒကာမကြီး၊၊ သာသနာအတွင်းမှာ လူဖြစ်ရကျိုးနပ်တဲ့ လူပေါ့ဒကာမကြီး၊၊

 မြတ်စွာဘုရားပြောတဲ့ အရည်ချင်း(၇)မျိုးဆိုတာ---------
(၁) သဒ္ဓါ = ယုံကြည်ချက်ကောင်းချင်း
(၂) သီလ = ကိုယ်ကျင့်တရားကောင်းချင်း
(၃) သုတ = သိသင့်တာကို သိတတ်နားလည်ချင်း
(၄) စာဂ = ပေးရဲချင်း (လှုတတ်တာ)
(၅) ပညာ = အမှန်အမှားကို ခွဲခြားသိချင်း
(၆) ဟိရိ = မသင့်တော်တဲ့အလုပ်မှာ ရှက်တတ်ချင်း
(၇) သြတ္တပ္ပ = မသင့်တော်တဲ့အလုပ်မှာ လုပ်ရမှာကြောက်တတ်ချင်း

ဒီ(၇)မျိုးကို သူတော်ကောင်းဥစ္စာ ရတနာလို့ မြန်မာစာပေမှာ ခေါ်ကြပါတယ် ဒကာမကြီး၊၊ လူတစ်ယောက်ရဲ့ ဘ၀အတွက်ဖြစ်ဖြစ် သံသရာအတွက်ဖြစ်ဖြစ် သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်ချက်ဟာ မရမ်းအရေးကြီးပါတယ်၊၊

ယုံကြည်ချက်မပါဘဲ လုပ်တဲ့လုပ်ရပ်ဟာ စီးပွားရေးမှာဖြစ်စေ သံသရာရေးမှာဖြစ်စေ အောင်မြင်ဖို့ခက်ပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက သဒ္ဓါကို လူတစ်ယောက်ရဲ့ဘ၀ တိုးတက်ဖို့အတွက် လူ့အရည်ချင်းလို့ ဟောတော်မူပါတယ်၊၊

သီလဆိုတာ ကိုယ်ကျင့်တရားကို ခေါ်တာပါ ဒကာမကြီး၊၊ လူမှာ အ၀တ်တစ်ရာ ထပ်ဝတ်လို့မလုံခြုံပါဘူး၊၊ ကိုယ်ကျင့်တရား ကောင်းမှသာ ပတ်ဝန်းကျင်မှာ ကိုယ့်သတင်းကောင်းမွှေးပြီး လုံခြုံတာပါ၊၊ စီးပွားရေးနယ် လူမှုရေးနယ်ပယ်မှာလဲ ကိုယ်ကျင့်တရား ဖြောင့်မတ်သူတွေသာ အများကယုံကြည်တဲ့အတွက် အောင်မြင်တာပါ၊၊

 သံသရာမှာလဲ ကိုယ်ကျင့်တရား ကောင်းသူတွေ ချမ်းသာရတာပါ၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သီလကို လူ့ဘ၀သံသရာအတွက် မရှိမဖြစ်တဲ့ လူ့အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊

သုတဆိုတာ သိသင့်တာကို သိတတ်နားလည်ချင်းပါ ဒကာမကြီး၊၊ စာတတ်တာတစ်ခုတည်းကို သုတခေါ်တာလို့ဆိုရင် မှားပါတယ်၊၊ တကယ်ကြ ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါ အလိုက်သိတတ်တာ၊ ပါးရေ နားရေ ရှိတာလဲ သုတလို့ပြောလို့ရပါတယ်၊၊

 မြန်မာစာပေမှာတော့ သုတဆိုတဲ့ ပါဠိစကားလုံးကို ဗဟုသုတလို့ ပါဠိချင်း ဘာသာပြန်တာကိုတွေ့ရပါတယ် ဒကာမကြီး၊၊ အများနဲ့ အလုပ်အတူလုပ်၊ ဆက်ဆံ ပေါင်းသင်းတဲ့ နေရာမှာ အလိုက်မသိတတ်တာ အခြေနေကို နားမလည်တတ်တာဟာ အတော်ကိုဆိုးတဲ့ အဖြစ်ပါ၊၊

 အထွေထွေ ဗဟုသုတမရှိတာလဲ ဆိုးတာပေါ့ ဒကာမကြီး၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သုတကို လူ့ဘ၀ သံသရာတိုးတက်ဖို့အတွက် လိုအပ်တဲ့အရည်ချင်းတခုအဖြစ် ဟောတော်မူပါတယ်၊၊

စာဂဆိုတာ ပေးရဲတာကို ဆိုလိုပါတယ်၊၊ လူတွေမှာ ယူသူတွေသာ များပါတယ်၊၊ ပေးသူကနည်းပါတယ်၊၊ လောကကြီးဆီက ရသလောက်ညှစ်ထုပ်ယူနေကြတာပါ၊၊ ဒါကြောင့်လဲ တခါတခါ လောကကြီးက လူတွေဆီက ပြန်ယူတတ်ပါတယ်၊၊

အဲဒါကတော့ သဘာဝဘေးတွေ ဖြစ်တာ၊ မီးတွေလောင်တာ ရေတွေကြီးတာတို့ပေါ့ ဒကာမကြီး၊၊ လောဘတွေများလာရင် လူဟာ ဘာကိုမှမပေးရဲတော့ပါဘူး၊ ရသလောက် ယူနိုင်သလောက် ယူတော့တာပါ၊၊

 အဲဒီအခါ လူသားဟာ ဖိစီးမှုတွေ၊ စိတ်တွေ မွန်းကျပ်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတော့တာပါ၊၊ ဒါကြောင့် တခါတလေ ပေးတယ်ဆိုတာ ယူတာပါပဲ၊၊ ဘာကိုယူတာလဲဆိုရင် စိတ်ချမ်းသာမှုကိုပါ၊၊ ဒါကိုပဲ ဗုဒ္ဓဘာသာဝင်တွေက လှုတယ်လို့ဆိုကြပါတယ်၊၊

ကိုယူတဲ့အခါဖြစ်တဲ့ စိတ်နဲ့ ကိုယ်ကပေးတဲ့အခါ လှုလိုက်ရတဲ့အခါ ဖြစ်တဲ့စိတ်မတူပါဘူး၊၊ စေတနာပါပါနဲ့ ပေးလိုက် လှုလိုက်ရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ စိတ်ဟာ အရမ်းကို အေးချမ်းပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက စာဂ=ပေးရဲချင်းကို လူ့အရည်ချင်း တခုအဖြစ် ဟောတော်မူပါတယ်၊၊

ပညာဆိုတာ အမှားလုပ်ရပ်နဲ့ အမှန်လုပ်ရပ်ကို ခွဲခြားတတ်တာကို ခေါ်ပါတယ်၊၊ ဒါကဘ၀အတွက်ပေါ့ ဒကာမကြီး၊၊ သံသရာအတွက်ဆိုရင်တော့ ၀ိပဿနာပညာကို ဒီနေရာမှာ ပညာလို့ခေါ်မှာပါ၊၊ ဘ၀တစ်ခု တိုးတက်အောင်မြင်ကြီးပွားဖို့ အသိပညာမပါဘဲ မရဘူးဆိုတာ အများပင် သိကြပါတယ် ဒကာမကြီး၊၊

ပညာမပါဘဲ ရမ်းလုပ်တဲ့အလုပ်ဟာလဲ ကောင်းတဲ့အကျိုးရမှာ မဟုက်ပါဘူး၊၊ ကိုယ့်ကိုယ်ကို ဖြစ်ဖြစ် အများကိုဖြစ်ဖြစ် ဒုက္ခဖြစ်စေမှာ အမှန်ပါ၊၊ ပညာသားပါပါ လုပ်တဲ့အလုပ်ကတော့ လုပ်သူကိုရော ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ချမ်းသာစေပါတယ်၊၊ ဒါကြောင့်လဲ ဘုရားရှင်က ပညာကို လူ့တစ်ယောက်ရဲ့ ဘ၀ သံသရာတိုးတက်ဖို့ အရည်ချည်းတစ်ခုအနေနဲ့ ဟောတော်မူပါတယ်၊၊

ဟိရီဆိုတာ မသင့်တော်တဲ့ လုပ်ရပ်၊ အပြုအမူ အပြောအဆို၊ အနေအထိုင်မှာ ရှက်တတ်တာကို ခေါ်ပါတယ်၊၊ ဒါအရမ်းကို အရေးကြီးပါတယ် ဒကာမကြီး၊၊ လောကကြီးမှာ ဒီအရည်ချင်းမရှိရင် မသားစုဆိုတာတောင် ရှိတော့မှာ မဟုက်ပါဘူး၊၊ အားလုံးဟာ တိရစ္ဆာန်တွေလို ဖြစ်ကုန်တော့မှာပါ၊၊ ပတ်ဝန်းကျင်ကလည်း လေးစားတော့မှာ မဟုက်ပါဘူး၊၊

ပတ်ဝန်းကျင်က နေရာပေးမခံရတဲ့သူဆိုတာလည်း ချမ်းသာဖို့ မရှိတော့ပါဘူး၊၊ သံသရာမှာလည်း မကောင်းနိုင်ဘူးပေါ့ ဒကာမကြီး၊၊ ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့၊ ပိပိရိရိ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်၊ လုပ်တတ် ကိုင်တတ်သူကိုတော့ အများကပင် လေးစားရတဲ့ အတွက် ဘ၀မှာ ချမ်းသာရတော့တာပါ၊၊

 ဒါကြောင့် ဘုရားရှင်က ဟိရီ=ရှက်တတ်တာကို လူ့ဘ၀အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊
သြတ္တပ္ပဆိုတာ မသင့်တော်တဲ့ အလုပ်ကို လုပ်ရမှာ၊ မသင့်တော်တဲ့ အပြောကို ပြောရမှာ၊ မသင့်တော်တဲ့ နေထိုင်နည်းနဲ့ နေရမှာကို ကြောက်တတ်တာကို ခေါ်ပါတယ် ဒကာမကြီး၊၊

ဒီကနေ့ခေတ်မှာ လူတွေဟာ ရုပ်ဝတ္ထုရဲ့ ဆွဲဆောင်မှုကို များစွာခံကြရပါတယ်၊ အဲဒါကြောင့်လဲ လိုချင်တာရဖို့ မလုပ်ရဲတာ၊ မပြောရဲဆိုတာ မရှိသလောက်ပါပဲ၊၊ ဒါပေမဲ့ လောကနဲ့ သံသရာဆိုတာကလဲ ဒီလိုလူမျိုးတွေကို ကြာရှည်မျက်နှာသာ မပေးတတ်ပါဘူး၊၊

 စိုင်ကော်လို့ ခြုံပေါ်ရောက်တတ်ပေမဲ့ မကြာခင် ဒုက္ခတွေ့ရတတ်တာကို ငါးရာ့ ငါးဆယ်ဇာတ်တော်တွေမှာ ကြည့်ကြည့်၊ မြန်မာသမိုင်း ကမ္ဘာ့သမိုင်းတွေမှာပဲ ကြည့်ကြည့် တွေ့ရပါတယ်၊၊ တည်ကြည် ဖြောင့်မတ်စွာ လုပ်တတ်၊ ပြောတတ်၊ နေတတ်ထိုင်တတ်တဲ့ သူတွေကိုတော့ နယ်ပယ်အသီးသီးက ချစ်ကြောက် ရိုသေ၊ လေးစားတဲ့အတွက် အောင်မြင် ကြီးပွား ချမ်းသာရပါတယ် ဒကာမကြီး၊၊

 ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က သြတ္တပ္ပ=ကြောက်တတ်တာကို လူ့ဘ၀အရည်အချင်းတခုလို့ ဟောတော်မူပါတယ်၊၊
ဒကာမကြီး ပြောပြလို့ ဦးဇင်း သိရသလောက်ဆိုရင် ဒကာမကြီးတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးတွေဟာ ဒီအရည်အချင်း(၇)ရှိနေတာကို တွေ့ရပါတယ်၊၊

ဒကာမကြီးတို့ မိသားစုတွေ ဒီဘ၀မှာရော သံသရာမှာပါ မျက်နှာလှကြရမှာပါ၊၊ တရားတော်နဲ့ ညီနေတာကို ပြောပြတာပါ ဒကာမကြီး၊၊ ဒီလိုမိသားစုမျိုးနဲ့တွေ့ခွင့်ရတာလဲ ဦးဇင်း ၀မ်းသာပါတယ်၊၊

ယဿ ဧတေ ဓနံ အတ္ထိ၊ ဣတ္ထိယာ ပုရသဿ ၀ါ၊၊
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ၊၊

ဒီပါဠိဂါထာလေးက ဦးဇင်းရေးပြခဲ့တာရဲ့ အချုပ်ပါ၊၊

 မြတ်စွာဟောတော်မူတဲ့ အရည်အချင်း (၇)မျိုးကို ပိုင်ဆိုင်ရရှိထားကြတဲ့ မယ်တော်ကြီး ဒေါ်ခင်စောရွှေတို့ မိသားစုများ သက်ရှည် ကျန်းမာ၊ ချမ်းသာ ဘေးကင်းစွာဖြင့် သာသနာတော်အကျိုး တိုးပြီးဆောင်ရွက်၊ ကူညီအားပေးနိုင်စေကြောင်း ဆုတောင်းပေးရင် မယ်တော်ကြီးရဲ့ မွေးနေ့ဓမ္မလက်ဆောင် စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်းစက်)
 {မဟာဝိဇ္ဇာ-သီရိလင်္ကာ}

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP