Wednesday, August 4, 2010

သစ်လွင်ဆဲခေါင်းလောင်းသံ (သို့) သီရိလင်္ကာ(သီဟိုဠ် )ဗုဒ္ဓစာပေအဆင့်မြင့်သင်ကြားမှု

နိုင်ငံတစ်နိုင်ငံ၏ ပညာရေး စီးပွားရေး လူမှုရေး ယဉ်ကျေးမှုစသည်တို့သည် မိမိတို့ကိုးကွယ်ရာ သက်ဆိုင်ရာဘာသာအသီးသီးနှင့် အပြန်အလှန်မှီခိုကာ ရှင်သန်ကြစမြဲ ဖြစ်ပါသည်။ ဘာသာတရားသည် လူသားတို့အား မျော်လင့်ချက်ကိုရှင်သန်စေပြီး ကိုယ်ကျင့်စာရိတ္တကို တန်ဖိုးမြှင့်တင်ပေးသည်။

အလုပ်လုပ်ရာတွင် ရဲရင့်ပြတ်သားစေပြီး ဘ၀၏အဓိပ္ပါယ်ကို ပိုပြီးလေးနက်စေပါသည်။ ယခုတင်ပြမည့် အကြောင်းအရာသည် သီရိလင်္ကာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကတည်းကနေ ယနေ့ထိတိုင်အောင် ခေတ်စနစ်နှင့်အညီ ဟန်ချက်ညီညီ အသက်ဝင်နေဆဲဖြစ်သော ဆန်းဒေးစကူးခေါ် ဘကပညာရေးဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူ၏တရားတော်များကို ခရာစ်တော်မပေါ်မှီ နှစ်ပေါင်းခြောက်ရာ တွင် အိန္ဒိယနိုင်ငံ နေရာအနှံ့တွင် (၄၅)နှစ်တိုင် ဟောကြားခဲ့သည်၊၊ မြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို တရားတော်များအဖြစ်သာမက စာပေများအဖြစ်ပါသိမှတ်ရပါမည်။

မြတ်ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုပြီးနောက် သံင်္ဂါယနာခြောက်တန်တင်ပြီး ဗုဒ္ဓ၏ဟောကြားချက်များကို ထိမ်းသိမ်းခဲ့ကြရသည်၊၊ သင်္ဂါယနာဆိုသည်မှာ ယခုခေတ် စာပေညီလာခံ ပုံစံမျိုးနှင့် ဆင်ဆင်မျှ တူပါသည်။ လုံးဝတူသည်ဟုကား မဆိုနိုင်ပါ၊၊

ဗုဒ္ဓ၏ နေနည်းထိုင်နည်းများ (the arts of living) ပြောနည်းဆိုနည်းများ (the arts of speaking or talking) စားနည်းသောက်နည်းများ(the arts of management) စီးပွားရေး(businesses) ဆိုင်ရာဟောကြားချက်များ၊ လူမှုရေးဆိုင်ရာ(social) ဟောကြားချက်များ၊ နိုင်ငံရေးအယူအဆ(political sciences)နှင့်တကွ သံသရာမှလွတ်အောင်ကျင့်ကြံနည်း (The practices that overcome Samsara) များကို ဟောကြားထားရာ စာပေကို ပါဠိစာပေ၊ သို့မဟုက် ပိဋကတ်သုံးပုံဟု ခေါ်ရလေသည်၊၊ ပိဋကတ်စာပေများကို ဗုဒ္ဓလွန်တော်မူပြီးနောက် ခြောက်ကြိမ် သံင်္ဂါယနာတင် ညှိနှိုင်း ဆွေးနွေး၊ တည်းဖြတ်၊ သုတ်သင်ကာ ထိမ်းသိမ်းလာသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊

ဗုဒ္ဓစာပေများသည် ခရာစ်တော်မပေါ်မှီ နှစ်ပေါင်းသုံးရာ (B.C.3) ရာစု တတိယ သင်္ဂါယနာအပြီးတွင် သီရိလင်္ကာနိုင်ငံသို့ သီရိဓမ္မာသောကမင်း၏ သားတော် သ္မီးတော်များဖြစ်သော အရှင်မဟာမဟိန္ဒနှင့် ညီမအရင်းတော်စပ်သူ သင်္ဃမိတ္တာ ဘိက္ခုနီတို့၏ သယ်ဆောင် သာသနာပြုမှုဖြင့် ရောက်ရှိခဲ့သည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေနှင့် ပညာရေးသည် အရှင်မဟာမဟိန္ဒမထေရ်နှင့် နှမတော် သင်္ဃမိတ္တာဘိက္ခုနီတို့ ဟောသောတရားများမှစတင်ပါသည်၊၊ ဆိုလိုသည်မှာ တရားဟောရာမှ စတင်လာသော ပညာရေးဖြစ်သည်၊၊

မထေရ်နှင့် နှမတော်တို့သည် နိုင်ငံတ၀ှန်းလုံးသို့ နေရာအနှံ့တရားပွဲများပြုလုပ်ပြီး ဟောကြားရာက သီရိလင်္ကာဗုဒ္ဓစာပေ သင်ကြားရေးပုံစံတစ်မျိုးကို ပုံဖော်ခဲ့ကြပါသည်၊၊

မထေရ်မောင်နှမတို့၏ ကြိုးစားမှုကြောင့် သီရိလင်္ကာနိုင်ငံတွင် သာသနာ့တော်သို့ ၀င်ရောက်ရဟန်းပြုသူ၊ ရဟန်းမ,ပြုသူများပါ များပြားလာသောအခါ အရှင်မဟာမဟိန္ဒမထေရ်သည် သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့တော်ကြီးတွင် ကျောင်းတိုက်ကြီးတခုကို တည်ထောင်လိုက်ပါသည်၊ ကျောင်းတိုက်ကြီး၏ အမည်မှာ မဟာဝိဟာရကျောင်းတိုက် ဖြစ်ပါသည်။ သံဃာတော်ငါးထောင်ကြော်မျှသီတင်းသုံးပြီး၊ ဗုဒ္ဓစာပေသင် အံ၊ ပို့ချသော ပညာရေးအဓိက နေရာကြီးတခုလည်းဖြစ်ခဲ့သည်၊၊

အခြားကျောင်းတိုက်ကြီးများမှာ ဇေတ၀န၀ိဟာရကျောင်းတိုက်နှင့် အဘယဂိရိဝိဟာရ ကျောင်းတိုက်ကြီးတို့ဖြစ်သည်၊၊ ဘုန်းကြီးကျောင်းဟုခေါ်ဆိုရန်ထက် (Buddhist Educational Institution) ကြီးများဟုခေါ်က ပိုမိုသင့်လျော်ပါမည်၊၊

မဟာဝိဟာရကျောင်းတိုက်ကြီးကို ဒေ၀ါနံပီယတိဿမင်းက အရှင်မဟာမဟိန္ဒမထေရ်၏ လမ်းညွှန်မှုဖြင့် တည်ဆောက်လှုဒါန်းခဲ့ပါသည်၊၊ (International Buddhist Educational Centre) ဟု ကဗျည်းထိုးထားသည်ကို အင်တာနက်မှတ်တမ်းများအရ သိရသည်၊၊

ထိုကျောင်းတိုက်ကြီးများမှ ထွက်ပေါ်ခဲ့သော ပါဠိပညာတတ် ကျောင်းသားကြီးများမှာ အဋ္ဌကထာဆရာများဖြစ်ကြသော အရှင် ဗုဒ္ဓဒတ္တ၊ အရှင်မဟာဗုဒ္ဓဃောသ၊ အဋ္ဌကထာနှင့် ဋီကာများစွာကိုရေးခဲ့သော အရှင်ဗုဒ္ဓပိယနှင့် အခြားအကျော်မော်ပေါင်းများစွာကို ထိုကျောင်းတိုက်ကြီးများမှ မွေးထုတ်ပေးခဲ့ပါသည်၊၊

အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီဟိုဠ်ဘာဘာသာဖြင့် ရေးသားထားသော သီဟဠအဋ္ဌ ကထာကြီးများကို မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးလျှက် မာဂဓီဘာသာ (သို့) ပါဠိဘာသာသို့ ပြန်ဆိုခဲ့ပါသည်၊၊ ဗုဒ္ဓစာပေတွင် များစွာနေရာယူထားသော ၀ိသုဒ္ဓိမင်္ဂကျမ်းကြီးကိုလည်း မဟာဝိဟာရကျောင်းတိုက်ကြီးမှာပင် ဗုဒ္ဓဃောသအရှင် ရေးသားခဲ့ပါသည်၊၊

သီရိလင်္ကာ chronicle record များအရ ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာတို့တွင့် ပါဠိတော်များကို ပေထက်အက္ခရာတင်မှုမရှိသေးဘဲ တတိယသင်္ဂါပွဲကြီးအပြီးတွင် ပါဠိတော်များကို ထိုမဟာဝိဟာရ ကျောင်းတိုက်ကြီး အတွင်းတွင် ပါဠိပညာရှင် ဆရာတော်အကျော်အမော်များက မြတ်စွာဘုရား လေးဆယ့်ငါးဝါတိုင်တိုင် ဟောကြား ပို့ချခဲ့သော ပါဠိတော် စာပေများကို အစဆုံးနှင့် အစောဆုံး ပေထက်အက္ခရာတင်ခဲ့ကြပါသည်၊၊ (1.century B.C.) Alu-Vihara in Matale အရပ်တွင် ပေထက်အက္ခရာတင်သော စတုတ္ထသင်္ဂါယနာနှင့် သီးခြားဖြစ်ပါသည်)။

ပိဋကတ်တော်များကို နှုတ်ဖြင့်ဆောင်ယူလာသော နှုတ်ဆောင်အဆင့်မှ စာပေအဆင့်သို့ မြှင့်တင်ပေးခဲ့ဖြစ်သည်၊၊ မြတ်စွာဘုရား၏ တပည့်စဉ်ဆက် နှုတ်သက်သက်ဖြင့် ထိမ်းသိမ်းစောင့်ရှောက်လာသော ပါဠိစာပေများကို အစဆုံး အက္ခရာအသွင်သို့ပြောင်းရာ ကျောင်းတိုက်ကြီး ဖြစ်သည်၊၊ ပါဠိစာပေသမိုင်းမော်ကွန်း တင်ရမည့် ကျောင်းတိုက် ကြီးဖြစ်သည်၊၊

ယနေ့သာသနာတော်ကမ္ဘာသို့ ပြန့်သည်မှာ ထိုကျောင်းတိုက်ကြီးများ၏ ကျေးဇူးပင် ဖြစ်သည်၊၊ ဤသို့ဖြင့် သီရိလင်္ကာ ဗုဒ္ဓစာပေအဆင့်သည် (A.D.16)ရာစုတွင် သမိုင်းမှတ်တမ်းများအရ ရွှေခေတ်ဖြစ်သည်ဟု ဆိုရပါမည်၊၊ ပါဠိကျမ်းပေါင်းများစွာ အဋ္ဌကထာကျမ်းပေါင်းများစွာ၊ ဋီကာကျမ်းပေါင်းများစွာနှင့် အနုဋီကာကျမ်းပေါင်းများစွာ ပေါ်ထွက်ခဲ့ပါသည်၊၊

ယနေ့တိုင် သီရိလင်္ကာဗုဒ္ဓစာပေကို ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအားလုံးက အလေးပြုနေရဆဲ ဖြစ်သည်၊၊ ကမ္ဘာ့ဗုဒ္ဓဘာသာ conferences ကြီးများတွင် သီရိလင်္ကာနိုင်ငံ ပါဠိပညာရှင်အများစုကသာ ဦးဆောင်နေသည်ကို သတိပြုနိုင်ပါသည်၊၊

“ဖြစ်ခြင်းသည် ပျက်ခြင်းအဆုံးရှိရသည်” ဆိုသည့်အတိုင်း သီရိလင်္ကာ ဗုဒ္ဓစာပေနှင့် ပညာရေးရွှေခေတ်သည် (A.D.1505)တွင် ပေါ်တူဂီလူမျိုးများ၏ ၀င်ရောက် ကျူးကျော် တိုက်ခိုက်၊ ဖြက်ဆီးမှုများကြောင့် နေ၀င်ခဲ့ရသည်၊၊

ပေါ်တူဂီတို့သည် သီရိလင်္ကာကို အနိုင်ရသိမ်းပိုက်ပြီးသောအခါ သူတို့၏ဘာသာဖြစ်သော ခရာစ်ယန်ဘာသာကို နိုင်ငံဘာသာဖြစ်စေခဲ့ကြသည်၊၊ ပေါ်တူဂီများအုပ်ချုပ်ပြီးနောက် (၁၆၃၈)တွင်ဒတ်ခ်ျလူမျိုးများအုပ်ချုပ်ခဲ့သည်၊ ဒတ်ခ်ျများအုပ်ချုပ်ပြီးသောအခါ (၁၈၇၆ မှ ၁၉၈၄)အထိ ဗြိတိသျှတို့က အပြောင်းလွဲများစွာဖြင့် ကျူးကျော်အုပ်ချုပ်အပြီး သီရိလင်္ကာနိုင်ငံသည် ခရာစ်ယန်ဘာသာ ဖြစ်လုနီးနီးအထိဖြစ်ခဲ့ရသည်၊၊

ဗြိတိသျှတို့ကျူးကျော်မှုပြီးဆုံးပြီး လွပ်လပ်ရေးရပြီးသော (1948.A.D)ခုနှစ် ရောက် လာသောအခါ သာသနာစိတ်အားကြီးသော သီရိလင်္ကာ အမျိုးသား/အမျိုးသ္မီးတို့သည် ဗုဒ္ဓသာသနာနှင့် ရိုးရာယဉ်ကျေးမှုများကို အားသွန်ခွန်စိုက်ပြန်လည်စုစည်းခဲ့ကြရသည်၊၊

မျိုးချစ်စိတ်အပြည့်ရှိသော အရှင်ဂုဏနန္ဒမထေရ်သည် နိုင်ငံအနှံ့အပြားသို့ ၀ံသာနုရက္ခိတ တရားများ ပြန်လည်ရှင်သန်လာအောင် ဟောပြောပွဲများ၊ စကားရည်လုပွဲများကို ဦးဆောင်ကျဉ်းပ ပေးသောအားဖြင့် သီရိလင်္ကာယဉ်ကျေးမှုနှင့် သာသနာတော်ကို အသက်သွင်းခဲ့ပါသည်၊၊

ထိုမထေရ်မြတ်၏သာသနာပြုလုပ်ငန်းကို အမေရိကန်လူမျိုး (Free Thinker ,Steel Henry Olcott) ဆိုသူက ကိုယ်အား၊ ညာဏ်အားအကုန်သုံးပြီး ကူညီခဲ့သည်၊၊ ကာနယ်သည် (ပနဒူရ) စကားရေလုပွဲအကြောင်းစာအုပ်ကို ဖတ်မိရာက ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သူဖြစ်သည်၊၊

မြန်မာပြည် ကျောက်ကွင်း အရေးတော်ပုံစာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာနှင့် ခရစ်ယန်တို့ စကားရည်လုသော စာအုပ်ဖြစ်သည်၊၊ ကာနယ် အောလ်ကော့သည် (1880 A.D)တွင် သီရိလင်္ကာနိုင်ငံ ဂေါနယ် (Galle town) ၀ိဇယနန္ဒကျောင်းတိုက်တွင် ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့ပါသည်၊၊

ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများတွင် လက်ရှိအသုံးပြုနေသော သာသနာ့အလံကိုလည်း အင်္ဂလိပ်လူမျိုး ဤပုဂ္ဂိုလ်ကြီးမှပင် (၁၈၈၅)ခုတွင် တီထွင်ခဲ့ပါသည်၊၊ ကာနယ်အော်လကော့၏ သာသနာပြုမှုဖြင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသော သီဟိုဠ်သာသနာတော်သည် ရောင်ချည်တဖန်သန်း လာပါ တော့သည်၊၊

ကာနယ်အောလ်ကော့အား သီရိလင်္ကာ၏ သူတော်စင်တဦးဖြစ်သော အနာဂါရိက ဓမ္မပါလဆိုသူက သာသနာပြုလုပ်ငန်းများအတွက် ငွေကြေးအထောက်ပံ့မှုကအစ လိုလေသေးမရှိ ကူညီသာသနာပြုခဲ့ပါသည်၊၊ သိန်းပေါင်းများစွာသော သီရိလင်္ကာတို့သည် အောလ်ကော့၏ ဦးဆောင်သာသနာပြုမှုတွင် ပါဝင်လာကြပါသည်၊၊ သီဟိုဠ်မြေတွင် ဗုဒ္ဓသာသနာတော် အခြေပြန်ချခဲ့ပြီဖြစ်သည်၊၊

ကာနယ်အောလ်ကော့၏ ထင်ရှားသော လှုပ်ရှားမှုတခုမှာ (Parama Vijnanatha Buddhist Society) ကိုခေါင်းဆောင်ပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်၊၊ ထိုအဖွဲ့စည်းကြီးအောင်မြင်လာမှုသည် သီရိလင်္ကာသာသနာတော် ပြန်လည်ထွန်းပလာခြင်း၏ ရှေ့ပြေးဖြစ်ပါသည်၊၊

အဖွဲ့ကြီးတည်ရှိခဲ့သောနေရာမှာ (54, Maliban Street, Colombo) ဖြစ်ပြီး အေဒီ (၁၈၈၀)ခုနှစ်တွင် တည်ထောင်ခဲ့သည်၊၊ ဤအချိန်တွင် သီရိလင်္ကာဗုဒ္ဓစာပေနှင့် သာသနာတော်သည် လုံးဝမူမှန်အခြေနေထိ ပြန်လည်ရောက်ခဲ့ပြီဖြစ်သည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေကို လူကြီးများ၏လက်ထဲတွင်မက ကလေးလူငယ်များ၏ လက်သေးသေးလေးများထဲအထိ ထည့်ပေးလိုသောစိတ်များ အောလ်ကော့၏ စိတ်ထဲတွင်ဖြစ်ပေါ်လာသည်၊၊

သူ၏ဒိုင်ယာယီစာအုပ် အတွဲ(၃) စာမျက်နှာ(၁၄၃)တွင် ဤသို့ရေးထားသည်ကို တွေ့ရှိရသည်။ “I had an important idea that all Buddhist children should spend at least several hours at their temples in order to learn Buddhism”. (Olcott Diary — Vol. III — Sinhalese Translation, p. 143). (ဗုဒ္ဓဘာသာဝင်ကလေးလေးတွေဟာ ဗုဒ္ဓစာပေကို အချိန်များများသင်ယူပြီး ဘုန်းတော်ကြီးကျောင်းများထဲမှာ သူတို့ဘ၀ရဲ့ အချိန်အစိတ်ပိုင်းတချို့တ၀က်ကို ကုန်စေပြီးယဉ်ကျေးစေရမူ ကောင်း၏)။

အတွေးအခေါ်တခုကို အတွေးအခေါ်အဆင့်တွင်မထားဘဲ လက်တွေ့အကောင်ထည်ဖော်တတ်သော လူမျိုးကြီးများ၏ အလေ့အကျင့်အတိုင်း အောလ်ကော့သည်(1895A.D)တွင်ကလေး ဗုဒ္ဓစာပေ သင်ကျောင်းအဖြစ် ဓမ္မကျောင်း (Dharma School) ကို ဂေါဒေသအနီး ၀ိဇယာနန္ဒကျောင်းတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်၊၊ သီဟဠဘသာသာဖြင့် (Dha ham pasala)ဟုခေါ်ပါသည်၊ အင်္ဂလိပ်လို (Sunday school) ဟုခေါ်ပါသည်၊၊

ခက်ခဲသော ဗုဒ္ဓစာပေများကို ကလေးငယ်များလက်ထဲသို့ ပုံစံမျိုးစုံဖြင့်ထည့်ပေးခဲ့သည့် လုပ်ရပ်ပင်ဖြစ်သည်၊၊ (၁၈၉၅)တွင် ဘုန်းကြီးကျောင်းထဲတွင် အောလ်ကော့ တည်ထောင်သော ကလေးဓမ္မကျောင်းသည် အလွန်အောင်မြင်လာပြီး သီရိလင်္ကာ ဘုန်းကြီးကျောင်းတိုင်းတွင် ကလေးသင်ဓမ္မကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်အထိဖြစ်ပါသည်၊၊

ဗုဒ္ဓတရားတော်နှင့် စာပေကို အသက်အရွယ်ကြီးရင့်၍ မှတ်ဥာဏ်ထက်မြတ်သည့် အရွယ်ကိုလွန်ကာမှ လိုက်စားဖို့ပြင်ဆင်သော ဗုဒ္ဓဘာသာအမည်ခံ အချို့သောသူများ၏စိတ်ဓာတ်နှင့် နည်းနည်းကွာခြား နေသည်ကို သတိထားမိသည်၊၊ ကံမွဲညာဏ်မွဲသည့် အသက်အရွယ်အိုကာမှ တရားလိုက်စားသူများ သတိပြုဖွယ်ပင် ဖြစ်သည်၊၊

အောလ်ကော့စတင်သော ဗုဒ္ဓစာပေသင်ယူမှုသည် နိုင်ငံတ၀ှန်းလုံးအနှံ့ တိုးတက်လာသောအခါ သီရိလင်္ကာသမ္မတ (Bhandaranayaka)မှ သူသမ္မတ ဖြစ်လာသော(၁၉၅၆)တွင် အစိုးရကျောင်းများတွင်လည်း ဗုဒ္ဓစာပေကို (compulsory subject) မသင်မနေရ ဘာသာတစ်ခု အဖြစ် ကြေငြာခဲ့သည်၊၊

ထိုနှစ်မှာပင်(Sunday school)များကို သာသနာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အစိုးရကျောင်းများအဖြစ် တရားဝင်(legally) ခွင့်ပြုအသိမှတ်ပြုခဲ့ပါသည်၊၊ အတန်းအလိုက် ပြဌာန်းစာအုပ်များကိုလဲ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး အခမဲ့စနှစ်ဖြင့် ကျောင်းတိုင်းကို ဝေငှခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အတန်းအလိုက် စာမေးပွဲများကိုလည်း အစိုးရမှပင်တာဝန်ယူပြီး ကျဉ်းပခဲ့ပါသည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေသင်ကြားမှုကို ပုံစံဖော် ခေါင်းဆောင်မှုပြုပေးခဲ့သော အင်္ဂလိပ်လူမျိုးကာနယ် အောလ်ကော့အား ကျေးဇူးတင် အမှတ်ရ ဂုဏ်ပြုသောအားဖြင့် သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့တော် (၇)တွင် ကာနယ်အောလ်ကော့ရုပ်တုကြီး စိုက်ထူခဲ့ထားသည်ကိုခန့်ငြားစွာ ယနေ့တိုင် တွေ့မြင် နိုင်ပါသည်၊၊

ဘုန်းတော်ကြီးကျောင်းများတွင် တည်ရှိသော ဓမ္မကျောင်းများသို့ သီဟိုဠ်ကလေးငယ်တိုင်း မတက်မနေရအမိန့်ကို အစိုးရမှအမိန့်ထုတ်ခဲ့သည်၊၊ နှစ်စဉ် သြဂုတ်လ (3) ရက်နေ့ကို (the day of Dharma schools) အဖြစ် သတ်မှတ်ခဲ့ပါသည်၊၊ ကျောင်းသားပွဲတော်များ ကျဉ်းပေးခြင်းဖြင့် ကလေးငယ်များ၏ ဗုဒ္ဓစာပေစိတ်ဓာတ်ကို တနည်းအားဖြင့် ဆွဲယူခဲ့ပါသည်၊၊

ဓမ္မကျောင်းများကို ကလေးငယ်များသည် အခမဲ့စနှစ်ဖြင့် တက်ရောက်ကြရသည်၊၊ စာအုပ်စာတမ်းမှစ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးပါသည်၊၊ ဓမ္မကျောင်းများတွင် သင်ကြားခွင့်ရရန် ဆရာ ဆရာမများအနေဖြင့် အစိုးရအစီအစဉ်ဖြင့် ခေတ်ပညာတတ်ဘုန်းတော်ကြီးများထံတွင် (Dharma School Diploma) ဘွဲ့သင်တန်းကို တက်ရောက်ကြရပါသည်၊၊ ဓမ္မကျောင်းတွင် ဆရာ/ဆရာမများ တာဝန်ထမ်းဆောင်ကြသည်မှာ ဗုဒ္ဓစာပေကုသိုလ်ဖြစ် သင်ပေးရခြင်းမျှသာဖြစ်သည်။ လခ တစုံတရာ ရရှိခြင်းမရှိပါ၊၊

ဓမ္မကျောင်းနှစ်မျိုးရှိသည်-
(1) သီဟိုဠ်ဘာသာဖြင့်သင်သော ဓမ္မကျောင်း (Sinhalese Medium Dharma School)
(2) အင်္ဂလိပ်လိုသင်သော ဓမ္မကျောင်း (English Medium Dharma School) တို့ဖြစ်သည်၊၊

ဓမ္မကျောင်းတွင်သင်ပေးသော ဘာသာရပ်များမှာ -
(1) ပါဠိစာပေ =Pali language
(2) ဗုဒ္ဓဘာသာ သမိုင်း =History of Buddhism
(3) ဗုဒ္ဓ၀င် =Biography of the Buddha
(4) ထင်ရှားသော ဗုဒ္ဓရှင်တော်၏ သာဝကကြီးများအကြောင်း= Biographies of very famous Buddhist monks, nuns and lay people
(5)ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များ =Fundamental doctrines of Buddhism
(6) ဗုဒ္ဓစာပေအသံထွက်ရွက်ဆိုနည်း =Recitation of Pali passages and stanzas
(7) ဗုဒ္ဓအဘိဓမ္မာ =Abhidhamma (Buddhist Philosophy)
(8) ဗုဒ္ဓကမ္မဌာန်းဘာဝနာအားထုတ်နည်း = (Buddhist meditation) တို့ဖြစ်ပါသည်၊၊

Dharma School တွင် အတန်း first standard မှ ten standard အထိ (10) တန်းရှိပါသည်၊၊ Tenth standard final ပြီးလျှင် အစိုးရကျောင်း 0,level နှင့် ညီမျှသည်ဟု အစိုးရမှသတ်မှတ်ပေးထားပြီး အစိုးရကျောင်း A, level တန်းသို့တက်လိုက ပြောင်းပြီး တက်ခွင့်ရပါသည်၊၊

Final tenth standard တွင် Avasana ဟူသောအမည်ဖြင့် Level နှစ်မျိုးရှိကာ အောင်မြင်ပြီးဆုံးပါက Dhahampasala Dharmacariya degree ဟူသောဘွဲ့ကို နိုင်ငံတော်မှပင် ချီးမြှင့်ပါသည်၊၊

Dharma School မှ Ten standard ပြီးသော ကျောင်းသားသည် အစိုးရအထက်တန်းဖြစ်သော A, Level ကိုပြောင်းကာ အစိုးရအထက်တန်းတွင် ဆက်လက်၍တက်လိုက တက်ခွင့်ရပါသည်၊၊

အစိုးရကျောင်းမတက်ဘဲ Dharma School တွင်ဆက်တက်လိုကလည်း Parachina ဟူသော ဓမ္မကျောင်း တက္ကသိုလ်တန်းကို တက်ခွင့်ရပါသည်၊၊

Dhahampasala Parachina university level တွင် သုံးနှစ်သတ်မှတ်ထားပြီး အတန်းသုံးမျိုးတက်ရမည်ဖြစ်ပါသည်၊၊
(1) Pararamba First year
(2) Madhyama Second year
(3) Pandhita Third year တို့ဖြစ်ပါသည်၊၊
ဓမ္မတက္ကသိုလ်တန်းတွင် ဘာသာရပ်(3)မျိုးကို အဓိကအနေဖြင့် ကျောင်းသားများ သင်ယူကြရပါသည်၊၊

(1) Pali language and literature
(2) Sanskrit language and literature
(3) Sinhala language and literature တို့ဖြစ်ပါသည်၊၊
ယင်းအတန်းများကို အင်္ဂလိပ်စာကို ကြားခံဘာသာ(medium-language) အနေဖြင့်ယူသော ကျောင်းသားအနေဖြင့် ဘာသာသုံးမျိုးလုံးကို အင်္ဂလိပ်လိုသင်ယူကြရမည် ဖြစ်ပါသည်။

ဓမ္မတက္ကသိုလ်အဖြစ်သင်ကြားသော ကျောင်းသားများမှာ သီရိလင်္ကာသာမန် ဘုန်းတော်ကြီး ကျောင်းများတွင် မဟုက်တော့ဘဲ အဆင့်မြင့်ဘုန်းတော်ကြီးကျောင်း (Temple) ကြီးများတွင် စနှစ်တကျတက်ရောက်ပြီး ပညာရေနို့သောက်စို့ကြရမည် ဖြစ်ပါသည်၊၊

Dharma University level သုံးမျိုးလုံးကို အောင်မြင်ပြီးစီးသော ဓမ္မတက္ကသိုလ်ကျောင်းသားများကို အစိုးရမှ (Tipitakacariya degree) ဘွဲ့ကို ထိုက်ထိုက်တန်တန်အပ်နှင်းပေးပါသည်၊၊ ဓမ္မကျောင်းသို့ စတင်တက်နိုင်သော ကျောင်းသား၏အရွယ်မှာ ငါးနှစ်ဖြစ်သည်၊၊ သီရိလင်္ကာတွင် ထူးခြားချက်တစ်ခုမှာ မိမိရသောဘွဲ့နှင့် သင့်တော်သော အလုပ်တခုကို ဆိုင်ရာဌာနတွင် ကျောင်းသားမှ တောင်းဆိုခွင့်ရှိခြင်းဖြစ်သည်၊၊

ဓမ္မကျောင်းတက်ချိန်မှာ - တနင်္ဂနွေနေ့တိုင်း နံနက် (၆)နာရီမှစပြီး နေ့ (၁၂)တွင် ပြီးပါသည်၊၊ တစ်ပတ်မှတစ်ရက်တသည်းသာ တက်ရန်ဖြစ်သည်၊၊ ဓမ္မကျောင်းသား/ကျောင်းသူလေးများ ကျောင်းသို့လာသောအခါ ဘုရားပန်းများ၊ အမွှေးတိုင်များ၊ ဆီမီးပူဇော်သည့် ဆီများ ယူဆောင်လာကြရပါသည်၊၊

ဆီမီးတိုင်သည် အမိုက်အမှောင် မောဟကို ဓမ္မဖြင့်ပယ်ဖြောက်သည့် သင်္ကေတဖြစ်ပါသည်။ ဘုရားရှင်ကို ပန်းဖြင့်ပူဇော်ခြင်းမှာ ရိုသေကိုင်းရှိုင်းတတ်သည့် လူမျိုး၏သဘာဝကိုပြပါသည်။ တဖန်ပန်းကလေးများ လန်းဆန်းလှပရာကနေ တဖြည်းဖြည်းနွမ်း ခြောက်သွားသောအားဖြင့် အနိစ္စသဘောကိုလည်း ပြသည်ဟုဆိုပါသည်။

ဓမ္မကျောင်းတွင်နေ့စဉ်ပြုရသည့် ၀တ်တရားများမှာ -
(1) ကျောင်းသို့လာသောအခါ ပန်းစသည်များယူလာရန်၊
(2) ဘုရားရှင်အားပန်းစဖြင့်ညီညီညာညာပူဇော်ကြရန်၊
(3) ငါးပါးသီလ ဆရာတော်ထံမှဆောက်တည်ရန်၊
(4) ဓမ္မကျောင်းတေးသံသာလေးများနှင့် သင့်လျော်သည့် ပါဠိဂါထာလေးများ ညီညာသံပြိုင်သီဆိုရန်၊
(5) မိနစ်အနည်းငယ်မျှတရားမှတ်ရန်၊
(6) အတန်းအလိုက်သင်္ခန်းစာများသင်ကြားကြရန်၊

ကလေးများအနေဖြင့် နှစ်စဉ်ဓမ္မကျောင်းစာမေးပွဲများကို ဖြေဆိုကြရပါသည်၊၊ စာမေးပွဲကို အစိုးရမှ ကျဉ်းပပေးခြင်းဖြစ်သည်၊၊ ဓမ္မကျောင်းမှ (final level) သည် အစိုးရကျောင်းမှ (final level Grade-12)နှင့်ညီမျှပါသည်ဟု သတ်မှတ်ထားပါသည်၊၊ ဓမ္မကျောင်းမှဆရာ/ဆရာများကို အစိုးရ တက္ကသိုလ်တခုမှ မွန်းမံသင်တန်းများနှင့် ဒီပလိုမာတန်းများကို နှစ်စဉ်သင်ကြားပေးလေ့ ရှိ ပါသည်၊၊

ဓမ္မကျောင်းမှ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများသည် တူညီဝတ်စုံ (School Uniforms) များကိုဝတ်ဆင်ကြရပါသည်၊၊ ဓမ္မကျောင်းဝတ်စုံမှာ အဖြူရောင်ဝမ်းဆက်လေးများ ဖြစ်ပါသည်၊၊ အဖြူရောင်ကျောင်းသား ၀တ်စုံလေးများကလည်း ကိုယ့်ကိုယ်ကိုထိမ်းသိမ်းနိုင်မှု၊ တည်ကြည်မှုနှင့် သန့်စဉ်မှုကို ကိုယ်စားပြုသည်ဟုဆိုပါသည်၊၊

စာသင်ကြားသောအခါ စာသက်သက်သင်ကြားမှုမျိုးမဟုက်ဘဲ လက်တွေ့ သင်နည်းစနှစ်များကိုပါ အသုံးပြုသည်ကိုတွေ့မြင်ရပါသည်၊၊ အတန်းအလိုက်ကျောင်းသားများကို အုပ်စုဖွဲ့စေ၍ စကားရေလုပွဲ (Debate)များကို ဆွေးနွေးပွဲပုံစံ (meeting system)နှင့် ဟောပြောပွဲများ (Presentation and Talk Show) များကိုလည်း အရွယ်နှင့်မလိုက် ပြုလုပ်တတ်အောင်သင်ကြားပေးပါသည်၊၊

ဗုဒ္ဓ၀င်ဇာတ်လမ်းများကို သင်ကြားသောအခါ ကျောင်းသားလေးများကို နေရာအလိုက် လက်တွေ့ သရုပ်ဆောင်စေသည်ကိုလည်း စာရေးသူကိုယ်တိုင် တွေ့မြင်ခဲ့ရပါသည်၊၊ နှစ်စဉ်ဧပြီလတစ်လလုံးကို ကျောင်းပိတ်ရက် (Dha ham pasala holidays) အဖြစ်သက်မှတ်ပါသည်၊၊

ဇာတကပါဠိတော်လာ ဇာတ်လမ်းများကို သင်သောအခါတွင်လည်းအလားတူ ကျောင်းသားများကို ဇာတ်ကောင်အဖြစ် သရုပ်ဆောင်စေသည်ကို တအံ့တသြပင် ကြည့်ရှုခဲ့ရပါသည်၊၊ ဗုဒ္ဓစာပေ(ခေါ်) ပါဠိစာပေကို ကမ္ဘာ့အဆင့်မှီ အဆင့်မြင့်မြင့် သင်ကြားပေးလိုသော မြန်မာရဟန်းတော် ညီတော် နောင်တော်များအတွက် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးပါသည်၊၊

အရှင်ရေးသော ဤဆောင်းပါးပါ အချက်အလက် (information) များကို အသုံးပြုပြီး အမိမြန်မာပြည်တွင်လည်း သီရိလင်္ကာနိုင်ငံကဲ့သို့(Sunday School) များတည်ထောင်ကာ ပါဠိစာပေ(သို့)ဗုဒ္ဓစာပေကို ကလေးငယ်များ (new generations) ၏ရင်ထဲ နှလုံးသားထဲသို့အရောက် ပို့ပေးနိုင်မည်ဆိုပါက မြန်မာသာသနာ မြန်မာဗုဒ္ဓစာပေသည်လည်း ဆယ်စုနှစ်တခုအတွင်း ကမ္ဘာကျော်လာမှာ အမှန်ဖြစ်ပါတော့သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုက ပိုပြီးအဓိပ္ပါယ်လေးနက်ပါလိမ့်မည်။

သာသနာပြုဟုဆိုရာဝယ် ဆရာဒကာ ညီညွတ်ရမည့်အရာဖြစ်သည်ကို အားလုံးသပေါက်ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဦး၏အကျိုးကို အခြားတစ်ဦးက အပြန်အလှန်သယ်ပိုးရမည့် သဘောဖြစ်ပါသည်။ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေကြသော ဒကာဒကာမများကို သံသရာအကျိုးသာမက လက်ငင်းမျက်မှောက်အကျိုးကိုလည်း ဖြစ်ထွန်စေရန်အားထုတ်သင့်သည်။

 ယင်းမှာ လမ်သစ်ထွင်ခြင်းမျိုးမဟုတ်ပဲ ရှိပြီးသားလမ်းဟောင်းကို ဆက်လျှောက်ခြင်းမျိုးသာဖြစ်သည်။ သို့ရာတွင် ဆွေးမြည့်နေသော လမ်းကြောင်းကိုပယ်ကာ သစ်လွင်သောလမ်းကြောင်းဖြင့် အနှစ်သာရမပျက်အောင် ဆောင်ရွက်လိုသူအရှင်တို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပင် အထောက်ကူရပါစေတော့ဟု တင်ပြလိုက်ရပါသည်၊၊

အရှင်ကေ၀လ(မြင်းမူ)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
ကေလနိယ တက္ကသိုလ်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
(21.3.2010)

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP