Thursday, December 30, 2010

ပါဠိစာပေ၊၊ ၊၊





အရှင်ရေးခဲ့သမျှ ဆောင်းပါးနှင့် စာတမ်းများထဲတွင် ‘ပါဠိစာပေ’ဆိုတဲ့ စကားလုံးကို စာဖတ်သူများ အကြိမ်များစွာ တွေ့ခဲ့ကြပါသည်၊၊

 ပါဠိစာပေအကြောင်း မိတ်ဆက်စာတမ်းကို ယ္ခုတင်ပြလိုက်ပါတယ်၊ “အလင်း စက်” စာဖတ်သူများ ပါဠိစာပေဆိုင်ရာ ဗဟုသုတများစွာ ရလိမ့်မယ်လို့ ယူဆပါတယ်၊၊ ပါဠိစာပေ မည်မျှကျယ်ပြန့်သည်ဆိုသည်ကိုလည်း စာရှုသူများ တွေ့ရမှာဖြစ်ပါတယ်၊၊

ပါဠိစာပေတခုတည်းကိုပင် နိုင်ငံပေါင်းများစွာမှာ တက္ကသိုလ်ကြီးများ ဖွင့်လှစ်၍ သင်ယူနေကြရပါ တယ်၊၊ ပါဠိစာပေမှာ ဖော်ပြထားတဲ့ အတတ်ပညာများအကြောင်း၊ စိတ်ပညာဆိုင်ရာ၊ အတွေး ခေါ်ပညာဆိုင်ရာများ၊ စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း၊ နိုင်ငံရေးအယူအဆများအကြောင်း၊ ဘာသာကိုးကွယ်မှု အကြောင်း၊ ဆေးဘက်ဆိုင်ရာ တင်ပြထားပုံများသည် ယနေ့ခေတ်ပေါ် ပညာရပ် များထက် အဆင့် မနိမ့်ကြောင်းကိုလည်း များစွာသော ခေတ်ပညာရှင်၊ အတွေးအခေါ်ပညာရှင်တို့ အသိမှတ်ပြုကြပြီး ဖြစ်သည်၊၊

မြတ်စွာဘုရားရှင်တို့လက်ထက်က အန္ဒိယနိုင်ငံမှာ တိုင်းကြီး(၁၆)တိုင်း ရှိတယ်လို့ အန္ဒိယနိုင်ငံသမိုင်း များမှာ ဖော်ပြပါတယ်၊၊ ထိုတိုင်းကြီး(၁၆)တိုင်းထဲမှာ ဥဇ္ဇေနီပြည်နှင့် မာဂဓတိုင်းတို့မှာ ပါဠိဘာသာစ ကားကို နိုင်ငံတော်ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်တဲ့၊၊

 မြတ်စွာဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိကို လေ့လာကြည့်တဲ့အခါမှာလည်း ဘုရားရှင်သည် မာဂဓတိုင်းမှာ အနေများတာကို တွေ့ရပါတယ်၊၊ မြတ်စွာဘုရားရှင်အနေဖြင့် သူအနေများသည့် မာဂဓတိုင်းဘာသာစကားဖြင့် များစွာ သော တရားတော်များကို ဟောကြားခဲ့လိမ့်မည်ဟု ပါဠိသုတေသီတို့ ခန့်မှန်းကြပါသည်၊၊

မြတ်စွာဘုရားရှင် အသက်ရှင်နေထိုင်ပြီး(၄၅)နှစ်ကြာ ဟောပြောသင်ပြခဲ့သမျှကို ပါဠိစာပေဟုခေါ် ဆိုတာ ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်၏ ဟောပြော သင်ပြချက်များဖြစ်သောကြောင့် ဗုဒ္ဓစာပေဟုလည်း ခေါ်ပါသည်၊၊ ပါဠိစာပေသည် ကျယ်ပြန့်လွန်းအားကြီးလို့ အပိုင်းကြီး သုံးပိုင်းခွဲထားရပါတယ်၊၊ အပိုင်းကြီးသုံးပိုင်းဆိုတာ---
(၁) ၀ိနယ ပါဠိစာပေကဏ္ဍ၊
(၂) သုတ္တန္တ ပါဠိစာပေကဏ္ဍ၊
(၃) အဘိဓမ္မာ ပါဠိစာပေကဏ္ဍ၊ တို့ဖြစ်ပါတယ်၊၊

ဝိနယ ပါဠိစာပေဆိုတာကိုပဲ “၀ိနယ ပိဋက”လို့ခေါ်တွင်ပါတယ်၊ သုတ္တန္တ ပါဠိစာပေကို “သုတ္တန္တ ပိဋက” လို့ ခေါ်ပါတယ်၊ အဘိဓမ္မာ ပါဠိစာပေကိုတော့ “အဘိဓမ္မာပိဋက”လို့ခေါ်ပါတယ်၊၊ ပေါင်းလိုက်ရင် “တိပိဋက ပါဠိစာပေ”ဆိုတာ ဖြစ်လာပါတယ်၊၊ ဗုဒ္ဓစာပေလို့လည်း ခေါ်ပါတယ်၊၊ မြန်မာလိုအားဖြင့် ပိဋကတ်သုံးပုံလို့ ခေါ်ကြပါတယ်၊၊

(က) ၀ိနယ ပိဋကမှာ အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း (၂၂၆၀)ရှိပါတယ်၊၊
(ခ) သုတ္တန္တ ပိဋကမှာ အုပ်ရေ (၂၃)အုပ်၊ စာမျက်နှာပေါင်း (၁၀၈၉၈)ရှိပါတယ်၊၊
(ဂ) အဘိဓမ္မာ ပိဋကမှာ အုပ်ရေ (၁၂)အုပ်၊ စာမျက်နှာပေါင်း (၃၅၉၇)ရှိပါတယ်၊၊

စုစုပေါင်း ပိဋကသုံးပုံမှာ စာမျက်နှာပေါင်း (၁၆၇၅၅)ရှိပြီး၊ နှစ်လက်မခန့်ထူသည့် ဆိုက်ကြီးစာအုပ် ပေါင်း(၄၀)နှင့် ကျမ်းအရေအတွက်(၅၃)မျှ ရှိပါတယ်၊၊ ပိဋကသုံးပုံတွင် သုတ်(stories)ပေါင်း (၄၀၀၀၀) ရှိသည်ဟုလည်း မှတ်သားရပါသည်၊၊

“၀ိနယပိဋက”မှာ မြတ်စွာဘုရားရှင်က သာသနာတော်အတွင်းမှာရှိတဲ့ကြတဲ့ ရဟန်းတော်များနှင့် ရဟန်းအမျိုးသ္မီးများအတွက် လိုက်နာရန်စည်းကမ်းများကို သင်ပြထားပါတယ်၊၊ “သုတ္တန္တ ပိဋက”မှာ စီးပွားရေး လူမှုရေး နိုင်ငံရေး၊ ဘာသာတရား ကျင့်ဝတ်များ၊ ပညာရပ်အမျိုးမျိုး၏ အကြောင်းများ၊ ဗုဒ္ဓခေတ် အန္ဒိယနိုင်ငံ အတွေးအခေါ်များ၊ သိပ္ပံပညာအကြောင်းများ၊ ဆေးပညာအတက်များစသည့် အကြောင်းအရာ အမျိုးမျိုးကို ဟောပြောသင်ပြထားပါတယ်၊၊

 “အဘိဓမ္မာပိဋက”မှာတော့ သတ္တ၀ါတစ် ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံ၊ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံများအပြင် လေးနက်သည့် အတွေး အခေါ်များ၊ စိတ်ပညာရပ်များကို သင်ပြထားပါတယ်၊၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားတာ နှစ်ပေါင်း(၂၅၀၀)ကျော်လာပါပြီ၊ ခေတ်စနစ်ပေါင်းများစွာ ခြားခဲ့ ပါပြီ၊၊ ဒီလို ခေတ်တွေ လူနေမှုစနစ်တွေ မတူတော့တဲ့အခါ ယဉ်ကျေးမှုပုံစံ၊ ရိုးရာပုံစံ၊ အပြောအဆို၊ အနေအထိုင်ပုံစံတွေ၊ အတွေးခေါ် အယူအဆတွေ၊ ယုံကြည်မှုပုံစံများပါ မတူဖြစ်လာပါတယ်၊၊

မြတ်စွာဘုရား လက်ထက်က သူ့ခေတ် သူ့အခါအလျောက် ဟောကြားချက်တွေ၊ သင်ပြချက်တွေကို ခေတ်သစ် စနစ်သစ်လူသားတို့ နားလည်ရခက်လာပါတယ်၊ တချို့ဟောကြားချက်များကို လုံးဝနား မလည်နိုင်သည်အထိ ဖြစ်လာပါတယ်၊၊

ဒီလိုအခြေအနေမျိုးမှာ နားလည်ရခက်တဲ့ ဗုဒ္ဓရှင်တော်ရဲ့ သင်ပြချက် ဟောပြောချက်များကို ခေတ်အခါ အလျောက် နားလည်ရလွယ်အောင် အဓိပ္ပါယ်ဖွင့်ဆို ရေးပြထားတဲ့ ပါဠိစာပေကျမ်းများ ပေါ်ထွက်လာ ပါတယ်၊၊ ထိုကျမ်းများကို အဋ္ဌကထာလို့ခေါ်ပါတယ်၊၊ ပိဋကသုံးပုံလုံးအတွက် အဋ္ဌကထာကျမ်းပေါင်း (၅၁)အုပ်ရှိတယ်လို့ ပါဠိစာပေသမိုင်းမှာ လေ့လာရပါတယ်၊၊

အင်္ဂလိပ်လိုတော့ Commentary လို့ခေါ်မည် ထင်ပါသည်၊၊ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား၏ တပည့် ကြီးများ ဟောပြောသင်ပြသည့် ပါဠိစာပေကို “ပါဠိတော်”လို့ နာမည်သုံးနှုံးပြီး၊ မြတ်စွာဘုရား လွန်တော်မူပြီး ခေတ်ပေါင်းများစွာကြာမှ ပေါ်ထွက်လာသည့် ပါဠိစာပေများကိုတော့ အဋ္ဌကထာလို့ အမည်သုံးနှုံး ပါတယ်၊၊

အဋ္ဌကထာဆိုတဲ့ကျမ်းများက အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြထားသည့်တိုင် နားလည်ရခက်နေသေးသည့် ပါဠိတော်ပုဒ်များ၊ ရှင်းမပြဘဲကျန်နေသေးသည့် ပါဠိတော်ပုဒ်များကို အဓိပ္ပါယ်ထပ်မံ ရှင်းပြထားသည့် ကျမ်းများလည်း ပေါ်ထွက်လာပါတယ်၊ ထိုကျမ်းများကိုတော့ “ဋီကာ”လို့ခေါ်ပါတယ်၊၊

 ပိဋကသုံးပုံအတွက် ဋီကာကျမ်းပေါင်း အုပ်ရေ(၂၆)အုပ်ရှိတယ်လို့ လေ့လာရပါတယ်၊၊ အဋ္ဌကထာနှင့် ဋီကာကျမ်းများသည် ပါဠိတော်ထက် စာအုပ်ဆိုက်များစွာ ကြီးပါတယ်၊၊

စုစုပေါင်းလိုက်ရင် ပါဠိစာပေဆိုတဲ့အထဲမှာ---
၁. ပါဠိတော် အုပ်ရေ (၄၀)၊
၂. အဋ္ဌကထာ အုပ်ရေ (၅၁)၊
၃. ဋီကာအုပ်ရေ (၂၆)၊ တို့သည် ပါဠိစာပေ၏ Primary Sources များအဖြစ် ပါဝင်ပါတယ်၊၊

ဗုဒ္ဓဘာသာကို စနှစ်တကျ နားလည်သဘောပေါက်လိုသူများ၊ ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲဟု အသေးစိတ် သိလိုသူများအနေဖြင့် သူများပါးစပ်ဖျားတွင် လမ်းဆုံးမနေဘဲ အရှင်တင်ပြထားသည့် ဤကျမ်းကြီးများကို ပါဠိဘာသာဖြင့်ဖြစ်စေ၊ ဘာသာပြန်အကူ အညီဖြင့်ဖြစ်စေ ကိုယ်တိုင်လေ့လာ သင့်ပါတယ်၊၊

ကမ္ဘာ့ဘာသာကြီးများအထဲတွင် ဗုဒ္ဓဘာသာသည် စာပေခိုင်မာ၊ သမိုင်းအထောက်ထား ခိုင်မာသည့် ဘာသာတခုဖြစ်ကြောင်း ပါဠိစာပေနှင့် ဗုဒ္ဓစာပေကို အသေးစိတ်လေ့လာသော “ရိုင်းဒေး ဗစ်”စသည့် အနောက်တိုင်း ပညာရှင်များ၊ The light of Asia စာအုပ်ကိုရေးသားခဲ့သည့် “ဆာအက် ဒ၀င် အာနိုး”စသူတို့က ဆိုပါသည်၊၊

ပါဠိစာပေသည် ဤမျှကျယ်ပြန့် နက်နဲပါတယ်၊၊ အပေါ်တွင်ရေတွက်ပြထားချက်သည် ပါဠိဘာသာနှင့် စာအုပ်အရေအတွက် ဖြစ်သည်၊ ထိုပါဠိကို ဘာသာပြန်ထားသည့် မြန်မာပြန်စာအုပ်အရေအတွက်မှာ ထို့ထက် များပါသည်၊၊

 ပိဋကသုံးပုံလုံးနီးနီးကို အင်္ဂလိပ်ဘာသာသို့လည်း ပြန်ဆိုထားပြီး ဖြစ်ပါတယ်၊၊ ကမ္ဘာ့ဘာသာ World Religion တွင် ဗုဒ္ဓဘာသာသည် စာပေနယ်အကျယ်ပြန့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးအဖွဲ့၏ အစီရင်ခံစားများတွင် လေ့လာရပါသည်၊၊

ဤပါဠိစာပေကိုပင် တက္ကသိုလ်ကြီးများဖွင့်လှစ်၍ နိုင်ငံပေါင်းများစွာမှာ သင်ကြားနေကြရပါတယ်၊၊ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင်လည်း Buddhist Literature Studies ကို Main Faculties များအဖြစ် သင်ကြား နေကြရကြောင်း သိရပါတယ်၊၊

တက္ကသိုလ်ကြီးတွင် ကမ္ဘာ့စာပေတရပ်အနေဖြင့် သင်ကြားရ လောက်အောင်လည်း အဆင့်မြင့်သည့် စာပေဖြစ်ပါသည်၊၊ ပါဠိစာပေမှာ လုံးဝမပါဝင်သည့် Arts and Imformations ဆိုတာ မရှိပါဘူး၊ သုတေသနပြုပြီး လက်ဆင့်ကမ်း အဆင့်မြှင့်ပြီးသာ အသုံးပြုနိုင်ကြ မယ်ဆိုရင် ယ္ခုထက်များစွာ တိုးတက်ပြီး လူတို့အကျိုးများဖွယ်ရှိပါတယ်၊၊

ပါဠိတော်စာရင်း၊ အဋ္ဌကထာစာရင်းနှင့် ဋီကာစာရင်းများထဲတွင် မပါဝင်ဘဲ သီးခြားတည်ရှိနေသည့် ကျမ်းကြီးများ ရှိပါသေးတယ်၊၊ ထိုကျမ်းကြီးများကတော့ မူလဋီကာကျမ်းများ၊ အနုဋီကာကျမ်းများ၊ မဓုဋီကာကျမ်းများ၊ ယောဇနာကျမ်းများ၊ ဂဏ္ဍိကျမ်းများ၊ ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများ၊ အရကောက်ကျမ်းများ ဖြစ်ပါတယ်၊၊

 ထိုကျမ်းကြီးများမှာ ပိဋကသုံးပုံထက်ပင် အုပ်ရေ အရေအတွက် များပါသည်၊၊ ဤကျမ်းကြီးများမှာ ပါဠိစာပေဖြင့်ရေးသားထားသည့် ကျမ်းကြီးများ ဖြစ်သောကြောင့် ပါဠိစာပေဆိုသည့် Frame ထဲတွင် ထည့်သွင်းရမည် ဖြစ်ပါသည်၊၊ ပါဠိစာပေနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာလိုသူများအနေဖြင့် ဤကျမ်းကြီးများကို Secondary Sources များအဖြစ် လေ့လာရမည် ဖြစ်ပါသည်၊၊

မျက်မှောက်ခေတ်တွင် “ဒေးကာနယ်ဂီ,စင်မြူရယ် စမိုင်း”တို့၏ မိတ္တဗလဋီကာကဲ့သို့သော တက်ကျမ်း များ များစွာရေပန်းစားသည်ကို သတိပြုမိသည်၊၊ ဗုဒ္ဓစာပေ (ခေါ်) ပါဠိစာပေတွင် ထိုကဲ့သို့ ကျမ်းများ လည်း ရှိပါသည်၊၊ ထိုကျမ်းများကို နီတိစာပေဟု ခေါ်ပါသည်၊၊ လောကနီတိစသည့် ကျမ်းများ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့်ရေးသော ကျမ်းပင်ဖြစ်သောကြောင့် နီတိစာပေကိုလည်း ပါဠိစာပေထဲတွင် ထည့်သွင်းရမည် ဖြစ်သည်၊၊

ပါဠိစာပေထဲတွင်နောက်ဆုံး ကျန်နေသေးသည့် ကျမ်းများမှာ “၀ံသကျမ်း”များ ဖြစ်ပါသည်၊၊ သာသနာ ၀ံသ၊ မဟာဝံသ၊ ဗောဓိဝံသ၊ ဒါဌာဝံသ၊ ဒီပ၀ံသ၊ ထူပ၀ံသစသည်ဖြင့် “၀ံသ”ကျမ်းပေါင်း(၅၀)ကျော် ရှိသည်ဟု ပါဠိစာပေသမိုင်းတွင် ဖော်ပြထားပါသည်၊၊ မြန်မာပြည်တွင်မူ “၀င်ကိုး ၀င်” တတ်ရင် စာတတ်သည်ဟု ပြောစမှတ်ရှိသည်၊၊

ဤ၀ံသကျမ်းများသည်လည်း ပါဠိဘာသာဖြင့် ရေးသားထား သောကျမ်းများ ဖြစ်သောကြောင့် ပါဠိစာပေစာရင်းတွင် မှတ်သားရပါမည်၊၊ “၀ံသစာပေ”သည် ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလေ့လာ လိုသူများအတွက် Sub-secondary Sources အနေဖြင့် လေ့လာရန်လိုအပ်သော စာပေအမျိုးအစား ဖြစ်သည်၊၊ ၀ံသစာပေသည် ပါဠိတော်ကဲ့သို့ အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများအထိပင် ရှိသည်၊၊ ၀ံသစာပေသည် အဓိကအားဖြင့် သမိုင်းအချက် အလက် များကို ဖော်ပြထားသော ကျမ်းများဖြစ်ပါသည်၊၊

သီရိလင်္ကာပါဠိစာပေတွင် ၀ံသကျမ်းပေါင်း(၅၀)ကျော်ရှိသည်ဟု သိရသည်၊၊ ယနေ့အချိန်အထိ ဤ၀ံသကျမ်းများကို တလေးတစား သင်ယူနေကြသည်ကို အရှင်ကိုယ်တိုင်ပင် သီရိလင်္ကာ Sunday School နှင့် ပရိဝေဏ (ခေါ်) စာသင်တိုက်ကြီးများတွင် တွေ့ခဲ့ရပါသည်၊၊

ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနှင့် ၀ံသစာပေများကို သင်ကြားရလွယ်ကူအောင် စီရင်ထားသော ပါဠိသဒ္ဒါကျမ်းများစွာလည်း ရှိပါသည်၊၊ Pᾶli Grammar ဟု မှတ်သားရပါမည်၊၊ ထင်ရှားသော ပါဠိသဒ္ဒါကျမ်းများမှာ ကစ္စည်းသဒ္ဒါကျမ်း၊ ပါဏိနိသဒ္ဒါကျမ်း၊ မောဂ္ဂလာန်သဒ္ဒါကျမ်း၊ သဒ္ဒနီတိဓာတု မာလာ သဒ္ဒါကျမ်း၊ ရူပသိဒ္ဓိ သဒ္ဒါကျမ်းစသည်တို့ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့် ရေးသားထားသော သဒ္ဒါကျမ်းပေါင်း (၂၀)ခန့် ရှိသည်ဟု ကြားဖူးပါသည်၊၊ ယ္ခုအခါအချို့ ပါဠိသဒ္ဒါကျမ်းများမှာ အစအနရှာ မရ တော့ချေ၊၊ (အချို့သဒ္ဒါကျမ်းများမှာ သက္ကတမူများ ဖြစ်သည်၊၊)

စင်စစ် ပါဠိသဒ္ဒါဟူသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော ပါဠိတော်များ မဟုက်ချေ၊ ရှေးခေတ် ပါဠိပညာရှင် ဆရာတော်ကြီးများမှ ပါဠိစာပေ သမုဒြာကိုကူးခတ်ရင်း တူရာတူရာ ပါဠိအသွားအလာ နှင့် ပါဠိပုဒ်ပုံစံ စနစ်များကို ထုပ်နှုတ်မှတ်သားခဲ့ရာမှ ပါဠိလိုမှတ်သားခဲ့ခြင်း ဖြစ်သောကြောင့် နောင်အခါတွင် ကျမ်းအဆင့် ထိရောက်လာပြီး၊ ပါဠိစာပေတတ်လိုလျင် ပါဠိသဒ္ဒါကို အရင်တတ်အောင် သင်ရသည်အထိ ဖြစ်လာတော့သည်၊၊ အမှန်မှာ ပါဠိစာပေကို လေ့လာရာမှ ပါဠိစာပေ စနစ်ကို သိလာခြင်းသာ ဖြစ်သည်၊၊ ပါဠိသဒ္ဒါတတ်ပြီးမှ ပါဠိစာပေတတ်ခြင်း မဟုက်ဘဲ၊ ပါဠိစာပေတတ်ရာက ပါဠိစာပေ တည်ဆောက်ထားပုံ သဒ္ဒါဟူသည်ကို သဘောပေါက် နားလည်လာခြင်းဖြစ်သည်၊၊

ယနေ့ခေတ်တွင်မူ “သဒတ်မတာ စပ်မတာ၊ သဒါတတ်မှ စာတတ်သည်” ဟူ၍ ပါဠိစာပေကို အစလေ့ လာသူတို့ လွဲမှားစွာ သဘောပေါက်နေကြသည်မှာ အံ့သြဖွယ်ဖြစ်သည်၊၊ ဤကဲ့သို့သော ဆိုရိုးများကို အလေးဂရုပြုလွန်းပြီး ပါဠိသဒ္ဒါစာမေးပွဲကြီးများစွာကျင်းပ၍ သဒ္ဒါကျမ်းများကိုချည်း အာရုံစိုက်နေရ သောကြောင့် ပါဠိစာပေလေ့လာသော ပါဠိစာသင်သူအချို့မှာ တကယ့်ပါဠိစာပေကို လေ့လာသည့် အဆင့်အထိ မရောက်ဘဲ၊ ပါဠိသဒ္ဒါပင်လယ်တွင် နစ်မျောကြသည်ကိုလည်း အရှင်တို့မြန်မာ ပါဠိပညာ ရေးတွင် ရင်လေးစွာ တွေ့မြင်ရပါသေးသည်၊၊

သီရိလင်္ကာနိုင်ငံတွင် ပါဠိသဒ္ဒါကျမ်း များများမရှိ၊ များစွာလည်း မသင်ယူကြပါ၊ သို့သော် ပါဠိစာပေ အရာတွင် မြန်မာရဟန်းတော်များထက် သာလွန်သည်ကို ထေရာဝါဒနိုင်ငံအားလုံး သီရိလင်္ကာနိုင်ငံသို့ ငွေကုန် ကြေးကျခံပြီး ပညာသင်လာရောက် နေကြသည်က သက်သေပြုနေပါသည်၊၊ ကမ္ဘာသို့ ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို ဖြန့်ဖြူးရာတွင်လည်း သီရိလင်္ကာသားတို့က အခြားထေရာဝါဒ ဗုဒ္ဓဘာ သာ နိုင်ငံသားများထက် များစွာပင်ရှေ့ရောက်သည်ကို လက်တွေ့အားဖြင့် ၀န်ခံရပေမည်၊၊

ပါဠိစာပေကို အနှစ်ချုပ်ကြည့်လျင်---
၁. ပါဠိတော်၊
၂. အဋ္ဌကထာ၊
၃. ဋီကာ၊
၎. ၀ံသ၊
၅. နီတိ၊
၆. ပါဠိသဒ္ဒါ၊
၇. မြန်မာပြန် ပိဋကသုံးပုံ၊
၈. အင်္ဂလိပ်ဘာသာပြန် ပိဋကသုံးပုံဟူ၍ တွေ့ရမည် ဖြစ်ပါသည်၊၊

စာဖတ်သူများ အထက်တွင် ပါဠိတော်စာအုပ်ရေ(၄၀)ရှိသည်ဟု အရှင်တင်ပြခဲ့သည်ကို မှတ်မိမည် ထင်ပါသည်၊၊ ထိုပါဠိတော် အုပ်ရေ(၄၀)မှ ပါဠိတော် အုပ်ရေ(၂၀)ကို အလွတ်အာဂုံနှင့် သဘောရေးဖြေ အောင်မြင်စွာ ပြန်ဆို၊ ဖြေကြားနိုင်လျင် “တိပိဋကဘွဲ့”ကို မြန်မာပြည်တွင် ပေးအပ်ပါသည်၊၊

 တိပိဋက စာမေးပွဲအတွက် ပါဠိတော်အုပ်ရေ လေးဆယ်မှ အုပ်ရေနှစ်ဆယ်ကို ရွေးချယ်ပြီး၊ နှုတ်တက်အာဂုံနှင့်၊ သဘောအဓိပ္ပါယ်ရေးဖြေ စာမေးပွဲကြီးကို မြန်မာပြည်တွင် နှစ်စဉ်ကျင်းပ ပါသည်၊၊ စာမေးပွဲဖြေဆို သည့် ရက်ပေါင်း (၃၃)ရက် ကြာသည်ဟုလည်း တိပိဋကမှတ်တမ်းများတွင် လေ့လာရပါသည်၊၊ အရှင် လေ့ လာမိသမျှ သီရိလင်္ကာနိုင်ငံတွင်လည်း “တိပိဋကာစရိယ”ဆိုသော စာမေးပွဲကြီးရှိပါသည်၊ အလွန် ခက်ခဲသည့် စာမေးပွဲကြီး ဖြစ်သည်ဟုလည်း သိရပါသည်၊၊

(၁၃၁၀)ခု မှစတင်ခဲ့သော တိပိဋကစာမေးပွဲကြီးသည် (၁၃၇၂)ခု၊ ယနေ့ဆိုလျင် နှစ်ပေါင်း(၆၂)ရှိခဲ့ပြီ၊ ဤမျှကြာသောနှစ်များအတွင်း တိပိဋကစာမေးပွဲအောင်သမြင့် တိပိဋကဘွဲ့ရရှိသွားသော မြန်မာရ ဟန်းတော်ပေါင်း(၁၂)ပါးမျှ ရှိသည်ဟုလည်း ဆိုပါသည်၊၊ တိပိဋကစာမေးပွဲတွင် ဖြေဆိုရသော သင်ရိုးပိဋက အုပ်(၂၀)မှာ---

ဝိနယပိဋက အတွက်---
(၁) ပါရာဇိကဏ် ပါဠိတော် (၁)အုပ်၊ စာမျက်နှာ
(၂) ပါစိတ် ပါဠိတော် (၁)အုပ်၊
(၃) မဟာဝါ ပါဠိတော် (၁)အုပ်၊
(၄) စူဠ၀ါ ပါဠိတော် (၁)အုပ်၊
(၅) ပရိဝါ ပါဠိတော် (၁)အုပ်၊ စုစုပေါင်း (၅)အုပ်၊ စာမျက်နှာ(၂၂၆၀)ဖြစ်ပါသည်၊၊

သုတ္တန္တပိဋကအတွက်---
(၁) သုတ်သီလက္ခန် ပါဠိတော် (၁)၊ စာမျက်နှာ(၂၃၆)၊
(၂) သုတ်မဟာဝါ ပါဠိတော် (၁)၊ စာမျက်နှာ(၂၈၃)၊
(၃) သုတ်ပါဌေယျ ပါဠိတော် (၁)၊ စာမျက်နှာ(၂၆၀)၊ စုစုပေါင်း (၃)အုပ်၊စာမျက်နှာပေါင်း(၇၇၉) ဖြစ်ပါသည်၊၊
အဘိဓမ္မာ ပိဋကအတွက်---
(၁) ဓမ္မသင်္ဂဏီပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၂၈၉)၊
(၂) ၀ိဘင်္ဂပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၅၃)၊
(၃) ဓာတုကထာပါဠိတော်၊ ပုဂ္ဂလပညတ်ပါဠိတော် (၁)အုပ်၊ စာမျက်နှာ (၁၀၀+၈၅=၁၈၅)၊
(၄) ကထာဝတ္ထုပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၉၃)၊
(၅) ယမိုက်ပါဠိတော် (၃)အုပ်၊ စာမျက်နှာ(၉၀၄)၊
(၆) ပဌာန်းပါဠိတော် (၅)အုပ်၊ စာမျက်နှာ(၃၅၉၇)၊၊ စုစုပေါင်း(၁၂)အုပ်၊ စာမျက်နှာပေါင်း(၄၉၉၈)၊ ဖြစ်ပါသည်၊၊

ဖော်ပြခဲ့ပြီးသည့် ပါဠိတော်သက်သက် အုပ်ရေ (၂၀)၊ စာမျက်နှာ(၈၀၀၀)ကျော်ခန့်ကို သင်ရိုးပိဋကတ်ဟု ခေါ်စမှတ်ပြုပါသည်၊၊ ကျန်နေသေး သည့် ပါဠိတော် အုပ်ရေ(၂၀) ကို ကျမ်းအိပ်ဟု ခေါ်တွင်ကြောင်းလည်း မှတ်သားရပါသေးသည်၊၊ တိပိဋကစာမေးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် ကျမ်း(၂၀)မှာ---
(၁) မဇ္ဈိမနိကာယ်မှ ပဏ္ဏာသသုံးကျမ်း (၃)အုပ်၊
(၂) သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ်၊
(၃) အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း (၃)အုပ်၊
(၄) ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း (၁၁)အုပ်၊ စုစုပေါင်း အုပ်ရေ(၂၀)ဖြစ်ပါသည်၊၊

 တိပိဋက စာမေးပွဲ တွင် မပါဝင်သည့်အတွက် ကျက်မှတ်သူမရှိ၍ ကျမ်းအိပ်ဟု ခေါ်တွင်နေသည့် ဤကျမ်း(၂၀)ကို ယ္ခုအခါတွင် မစိုးရိမ်ဆရာတော်ကြီး ဦးသီရိန္ဒစသည့် ဆရတော်ကြီးများဦးစီး၍ “နိကာယ် စာမေးပွဲ” ကြီးများ ကျင်းပပြီး အသက်ဝင်သော ကျမ်းကြီးများဖြစ်လာအောင် ကြိုးစားနေကြသည်ဟုလည်း ပါဠိ စာပေ အကဲခပ်သူများက ဆိုပါသည်၊၊

+ မဇ္ဈိမနိကာယ် မှ ပဏ္ဏာသ(၃)အုပ် ဟူသည်မှာ +
(၁) မူလ ပဏ္ဏာသ (၁)အုပ်၊
(၂) မဇ္ဈိမ ပဏ္ဏာသ (၁)အုပ်၊
(၃) ဥပရိ ပဏ္ဏာသ (၁)အုပ်၊ စုစုပေါင်း (၃)အုပ်ဖြစ်ပါသည်၊၊

+ သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ် ဟူသည်မှာ +
(၁) သဂါထာဝဂ္ဂ္ဂ သံယုတ် (၁)အုပ်၊
(၂) နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂ သံယုတ် (၁)အုပ်၊
(၃) သဠာယတန၀ဂ္ဂ၊ မဟာဝဂ္ဂ သံယုတ် (၁)အုပ်၊ စုစုပေါင်း(၃)အုပ် ဖြစ်ပါသည်၊၊

+ အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း(၃)ဟူသည်မှာ +
(၁.၂.၃) ဧကက နိပါတ်မှစ၍ ဧကာဒသက နိပါတ်အထိ (၃)အုပ် ဖြစ်ပါသည်၊၊

+ ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း(၁၁)အုပ် ဟူသည်မှာ +
(၁) ခုဒ္ဒကပါဌ ပါဠိ၊
(၂) ဓမ္မပဒ ပါဠိ၊
(၃) ဥဒါန ပါဠိ၊
(၄) ဣတိဝုတ္တက ပါဠိ၊
(၅) သုတ္တနိပါတ ပါဠိ၊
(၆) ၀ိမာန၀တ္ထု ပါဠိ၊
(၇) ပေတ၀တ္ထု ပါဠိ၊
(၈) ထေရဂါထာ ပါဠိ၊
(၉) ထေရီဂါထာ ပါဠိ၊
(၁၀) ဇာတက ပါဠိ၊
(၁၁) နိဒ္ဒေသ ပါဠိ၊
(၁၂) ပဋိသမ္ဘိဒါမဂ္ဂ ပါဠိ၊
(၁၃) အပါဒါန ပါဠိ၊
(၁၄) ဗုဒ္ဓ၀ံသ ပါဠိ၊
(၁၅) စရိယာပိဋက ပါဠိ၊
(၁၆) နေတ္တိ ပါဠိ၊
(၁၇) ပေတကောပဒေသ ပါဠိ၊
(၁၈) မိလိန္ဒပဥှာ ပါဠိ၊
(၁၉) သုတ္တသင်္ဂဟ ပါဠိ၊ စုစုပေါင်း (၁၉)အုပ် ဖြစ်ပါသည်၊၊

ဤစာတမ်းတွင် အရှင်တင်ပြ ရေတွက်ပြခဲ့သည်မှာ ပါဠိတော်အုပ်ရေ (၄၀)ကို အဓိကတင်ပြလိုက်ခြင်း ဖြစ်ပါသည်၊ အဋ္ဌကထာ အရေတွက်နှင့် ဋီကာစသည်တို့၏ စာရင်းအတိအကျကိုလည်း အရှင်ကြိုးစားပါအုံးမည်၊၊

အရှင် ပါဠိစာပေမိတ်ဆက်ကို တင်ပြလာခဲ့သည်မှာ ဤမျှဆိုလျင် အတိုင်းအတာတခုအထိ ပြည့်စုံပြီ ဟု ယူဆပါသည်၊၊ အရှင့်ထက် ပါဠိစာပေ တတ်ကျွမ်းသည့် ပါဠိပညာရှင်များအနေဖြင့် ဤစာတမ်းတွင် မှားယွင်းမှု တစုံတရာ၊ လွဲချော်မှုတစုံတရာတွေ့ခဲ့ပါလျင် အကြံပြုဆွေးနွေးဖို့ တောင်းပန်လိုက်ပါသည်၊၊

ပါဠိစာပေကို စိတ်ပါဝင်စားသူများ၊ ဗုဒ္ဓဘာသာကို လေ့လာသုတေသနပြုလိုသူများ အနေဖြင့် အရှင် တင်ပြခဲ့သည်များမှ ခြေရာခံပြီး ဆက်လက်လေ့လာရန်ဖြစ်ပါသည်၊၊ အရှင်၏တင်ပြမှာမှုမှာ ဗုဒ္ဓစာပေ ကို တကယ်လေ့လာ သုတေသနပြုလိုသူအတွက် သေးငယ်သည့် အကူလေးမျှသာ ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓစာပေဟူသည်ကို ဘာမှန်းမသိဘဲ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး၊ အခြားဘာသာသို့ ကူးပြောင်းကြသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို “အလင်း စက်”၏ ပါဠိစာပေ မိတ်ဆက်က အကျိုးတစုံတရာ ဖြစ်စေလိမ့်မည်ဟု အရှင်ယုံကြည်ပါသည်၊၊ လေ့လာလိုသူများအတွက် အဋ္ဌကထာစာရင်းကို နောက်ဆက်တွဲအဖြစ်ဖော်ပြပေးလိုက်ပါသည်၊၊

ပိဋကသုံးပုံအတွက် အဋ္ဌကထာစာရင်း---
ဝိနယပိဋက--
(၁) ၀ိနယ ပိဋကပါဠိ > သမန္တပါသာဒိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ပါဋိမောက္ခပါဠိ> ကင်္ခါဝိတရဏိအဋ္ဌကထာ (ဗုဒ္ဓဃောသ)
သုတ္တန္တပိဋက---
(၁) ဒီဃနိကာယပါဠိ >သုမင်္ဂလ၀ိလာသိဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) မဇ္ဈိမနိကာယပါဠိ > ပပဉ္စသူဒနီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) သံယုတ္တနိကာယပါဠိ > သာရတ္ထပ္ပကာသိနီ (ဗုဒ္ဓဃောသ)
(၄) အင်္ဂုတ္တရနိကာယပါဠိ > မနောရတ္ထပူရဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၅) ခုဒ္ဒကနိကာယ---
(၁) ခုဒ္ဒကပါဌပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ဓမ္မပဒပါဠိ > ဓမ္မပဒအဋ္ဌကထာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) ဥဒါနပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ (ဓမ္မပါလ)
(၄) ဣိတိဝုတ္တကပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ(ဓမ္မပါလ)
(၅) သုတ္တနိပါတ ပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ( ဓမ္မပါလ)
(၆) ၀ိမာန၀တ္ထုပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၇) ပေတ၀တ္ထုပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
(၈) ထေရဂါထာပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၉) ထေရီဂါထာပါဠိ> ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၁၀) ဇာတကပါဠိ > ဇာတကအဋ္ဌကထ (ဓမ္မပါလ)
(၁၁) နိဒ္ဒေသ ပါဠိ> သဒ္ဓမ္မပဇ္ဇောတိကာ အဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၁၂) ပဋိသမ္ဘီဒါမဂ္ဂပါဠိ > သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ (ဥပသေန)
(၁၃) အပါဒါနပါဠိ> ၀ိသုဒ္ဓဇန၀ိလာသိနီ အဋ္ဌကထာ (အမည်မသိ)
(၁၄) ဗုဒ္ဓ၀ံသပါဠိ > မဓုရတ္ထ၀ိလာသိနီအဋ္ဌကထာ (ဗုဒ္ဓဒတ္တ)
(၁၅) စရိယာပိဋကပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)

အဘိဓမ္မာပိဋက---
(၁) ဓမ္မသင်္ဂဏီပါဠိ > အတ္ထသာလိဏီ အဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၂) ၀ိဘင်္ဂပါဠိ > သမ္မေဟ၀ိနောဒနီအဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၃) ကထာဝတ္ထုပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၄) ပုဂ္ဂလပညတ္တိပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၅) ဓာတုကထာပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၆) ယမကပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၇) ပဋ္ဌာနပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)

အရှင်အနေဖြင့် Religion ခေါ် ကိုးကွယ်မှု ဘာသာတိုင်းတွင် စာပေရှိသည်၊ ထိုစာပေများကို ကိုယ်တိုင်လေ့လာပြီး၊ လက်တွေ့ကျသည်၊ အကျိုးအကြောင်း ခိုင်လုံသည်၊ အစစ်ဆေး အစမ်းသတ် ခံနိုင်သည်၊ ယုတ္တိရှိသည်ဟု ကိုယ်တိုင်သိပြီးမှသာ ကိုးကွယ်မှုကို ရွေးချယ်သင့်ကြောင်း တင်ပြအကြံပြု လိုပါသည်၊၊ မည်သည့်ဘာသာသည် အကောင်းဆုံး ဖြစ်သည်ဟုကား အရှင့် ဉာဏ်ဖြင့် မဆုံးဖြတ်ဝံ့ပါ၊၊ “အလင်း စက်” စာဖတ်ပရိတ်သတ်များ စာပေဖြင့်အလှဆင်ပြီး၊ စာပေဖြင့်ပင်ဘ၀ကို တည်ဆောက် အောင်မြင်ကြပါစေ..………..!


အရှင်ကေ၀လ (အလင်း စက်)
(၂၇.၁၁.၂၀၁၀)


(မှတ်ချက်/ တိပိဋကဓရ ရွှေရတုစာစောင်(၁၃၁၀-၁၃၆၀)၊ တိပိဋက ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့ စားကြီး)၊ Guide to Tipitaka by U Kolay,A hand book of Lᾶli Literature by Oskar von Hinuber,The Pᾶli Literature of Ceylon by G.P.Malalasekera တို့ကို ကိုးကားပြီး ၍စာတမ်းကို ရေးပါသည်၊၊)

အပြည့်အစုံသို့....

Sunday, December 26, 2010

လမ်းလျှောက် တရားရှုမှတ်ပုံ၊၊ ၊၊





အရှင် “အလင်း စက်”ဆိုက်တွင် အာနာပါနသတိနှင့်စပ်၍ စာတမ်းနှစ်ခုကို တင်ပြခဲ့ပါသည်၊ (၁) သတိပဋ္ဌာန်မိတ်ဆက်၊ (၂) အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံတို့ ဖြစ်ပါသည်၊၊ စာဖတ်သူများထံမှ အားပေးစကားများကို ကြားသိရသည့်အတွက် အရှင် ကျေနပ်မိပါသည်၊၊ စာဖတ်သူများကိုလည်း အထူး လေးစားမိပါသည်၊၊ ယ္ခုတခါ လိုနေသေးသည့် လမ်းလျှောက်၍ တရားရှုမှတ်ပုံကို စာဖတ်သူသို့ တင်ပြလိုက်ပါ သည်၊၊ စာဖတ်သူများ လိုအပ်သည့်အခါ ဆရာလွတ်အားထုတ်နိုင်စေရန် ရည်ရွယ်၍ တင်ပြခဲ့ခြင်းများ ဖြစ်ပါ သည်၊၊ အရှင် အထက်ပါစာကြောင်းတွင် “လိုအပ်သည့်အခါ”ဆိုသည့် စကားလုံးကို သုံးလိုက်သည်ကို စာဖတ် သူ သတိပြုမိမည်ထင်ပါသည်၊၊ မှန်ပါသည်၊၊

လူတို့သည် တရားနှင့်ပျော်သည်ထက် အဆင်သင့်သလို ပျော်ပျော်ပါးပါးနေသည်က များသည်၊၊ အပျော်များချည်း သက်သက်သီးသန့် ခံစားခွင့်ရသည့်နေရာမှာ လူတို့နေရာမဟုက်ပေ၊ လူသားတို့၏နေရာ ဤကပ္ပါတွင် အပျော်ရော အပျင်းရော၊ သုခရော ဒုက္ခရော၊ အချစ်ရော အမုန်းရော၊ နှစ်သက်စရာရော မနှစ်မြို့စရာရော၊ ရောပေါင်းများစွာ စုပြုံနေသည့်နေရာ ဖြစ်သည်၊၊ တခါတရံလူတို့အတွက် ရွှေငွေများစုပုံ ရှိနေ လျှက်ပင် အားကိုးရာမရှိ ဖြစ်နေတတ်သည်၊၊ ရှိနေသည့် ပိုင်ဆိုင်မှုများက ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်သည့် အခြေနေများစွာကို လူတိုင်းကြုံဘူးကြရပေမည်၊ ထိုအခါမျိုးတွင် ဘာသာရေး တခုခု၏ အဆုံးအမများ ကျင့်စဉ်များက အံ့သြဖွယ်ရာ ကိုယ့်အတွက်အားကိုးဖွယ်ရာ ဖြစ်နေတတ်သည်၊၊

အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်မှုသည် ဗုဒ္ဓ၏ဟောကြားချက်ဖြစ်သော်လည်း ဘာသာမရွေး၊ လူမျိုးမရွေး ကျင့်ကြံအားထုတ်ပြီး၊ အကျိုးကျေးဇူးကို ခံစားနိုင်သော ပညာရပ်တခုဖြစ်သည်၊၊ ဘ၀အားကိုးရာ မဲ့နေသော လူတို့အတွက် အရှင် ကြိုးစားပြီး ဤစာတမ်းသုံးခုကို တင်ပြပေးပါသည်၊၊
…………………………………………………………..

အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရာတွင် ဣရိယာပုထ်(၄)မျိုးဖြင့် ရှုမှတ်နိုင်ပါသည်၊၊ ဣရိယာပုထ် (၄)မျိုးဆိုတာ--
(၁) သွားလျှက် အားထုတ်ရှုမှတ်မှု၊
(၂) ရပ်လျှက် အားထုတ်ရှုမှတ်မှု၊
(၃) ထိုင်လျှက် အားထုတ်ရှုမှတ်မှု၊
(၄) လျောင်းလျှက် အားထုတ်ရှုမှတ်မှုတို့ ဖြစ်ပါသည်၊၊

ရပ်လျှက် အားထုတ်ရှုမှတ်ပုံနှင့် လျောင်းလျှက် ရှုမှတ်ပုံများမှာ ထိုင်လျှက်အားထုတ် ရှုမှတ်ပုံနှင့် များစွာ မကွာခြားပါ၊၊ နည်းတူ အားထုတ်နိုင်ပါသည်၊၊ သွားလျှက်(လမ်းလျှေက်) အားထုတ်ရှုမှတ်ပုံမှာကား ထိုင်လျှက် အားထုတ် ရှုမှတ်ပုံနှင့် များစွာကွာခြားပါသည်၊၊ သွားလျှက် အာနာပါနသတိရှုမှတ်ပုံကို စင်္ကြံကမ္မဋ္ဌာန်းဟုလည်း ခေါ်ကြပါသည်၊၊

စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ရာတွင် အဆင့်လေးဆင့်ရှိပါသည်၊ အဆင့်လေးဆင့်ကို စနစ်တကျအားထုတ် ရှုမှတ်မည်ဆိုလျင် သတိအား အမြန်ဆုံးကောင်းလာတတ်ပြီး၊ တရားအားထုတ်ရသည်ကိုလည်း ပျော်လာတတ် ပါသည်၊၊ ထိုင်လျှက်အားထုတ်ခြင်းသည် အချိန်ကြာလာသောအခါ ဝေဒနာဖိစီးလွန်းပြီး ငြီးငွေ့လာတတ်သည်ဟု အတွေ့အကြုံများစွာရှိသည့် ဆရာတော်တပါး မိန့်ဘူးသည်ကို သတိရမိပါသည်၊၊

ထို့ကြောင့် အာနာပါနသတိ=ထွက်လေ+၀င်လေကို အားထုတ်သောအခါ ထိုင်၍အားထုတ် ရှုမှတ်နည်း တမျိုး တည်းကိုမပြုဘဲ စင်္ကြံကမ္မဋ္ဌာန်းနှင့်တွဲပြီး၊ ထိုင်၍ နာရီဝတ်၊ လမ်းလျှောက်၍ နာရီဝက်စသည်အားဖြင့် အားထုတ် ရှုမှတ်မည်ဆိုလျင် ပို၍အကျိုးသက်ရောက်မည် ဖြစ်ပါသည်၊ ခန္ဓာကိုယ်ပင်ပမ်းမှုလည်း များစွာသက်သာမည် ဖြစ်ပါသည်၊၊

လမ်းလျှောက်၍ မှတ်ပုံအဆင့်(၄)မျိုး--
(၁) လှမ်းတယ်၊
(၂) လှမ်းတယ်၊ ချတယ်၊
(၃) မတယ်၊ ရွှေ့တယ်၊ ချတယ်၊
(၄) မတယ်၊ ကြွတယ်၊ ချတယ်၊ ထိတယ်၊

စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်မည့်သူသည် ခြေအလှမ်းနှစ်ဆယ်ခန့် လျှောက်လှမ်းစာမျှ မြေနေရာတခုကို ရွေးချယ်ရပါ မည်၊ ညီညာသည့် မြေနေရာဖြစ်လျင် ပိုကောင်းပါသည်၊၊ မတ်တတ်ရပ်သောအခါတွင်လည်း ခန္ဓာကိုယ်ကို တည့်မတ်အောင် ရပ်ရပါမည်၊ စိတ်ကိုခြေဖမိုးပေါ်တွင် ထားရပါမည်၊၊ ပထမဆုံးစလှန်းသည့် ခြေလှမ်းကို ညာဘက်က စလှမ်းသည်ဖြစ်လျင် “ညာလှမ်းတယ်”၊ ဘယ်ဘက်ကစလှမ်းသည်ဖြစ်လျင် “ဘယ်လှမ်းတယ်” ဟုမှတ် ရမည် ဖြစ်ပါသည်၊၊ မိမိစတင်၍ ခြေလှမ်းသည့်ဘက်မှစတင်ပြီး “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊” “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟု မှတ်သည်ကို စင်္ကြံကမ္မဋ္ဌာန်းပထမအဆင့် မှတ်နည်းဟု ခေါ်ပါသည်၊၊ တရားအမှတ်ဖြင့် ခြေလှမ်းသောအခါတွင် သာမာန်မနှေးလွန်း၊ မမြန်လွန်းသောခြေလှမ်းဖြင့် သတိမှတ်သင့် ပါသည်၊၊

စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်သောအခါတွင်လည်း ထိုင်လျှက်ရှုမှတ်စဉ်ကကဲ့သို့ပင် နာကျင်မှုအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး၊ ဝေဒနာအမျိုးမျိုးနှင့် အာရုံအမျိုးမျိုးတို့ ၀င်ရောက်လာမည်ဖြစ်ပါသည်၊၊ စိတ်အပြင်သို့လွင့်ခြင်းများ၊ အတိတ်က အဖြစ်အပျက်များကို ပြန်လည်သတိရနေခြင်းများလည်း ဖြစ်ပေါ်လာမည်ပင် ဖြစ်ပါသည်၊၊ ဖြစ်ပေါ်လာသမျှကို သတိမလွတ်ဘဲ မှတ်နေရမည်ဖြစ်ပါသည်၊၊ ပေါ်လာသမျှကို မှတ်နေရင်းက ထိုအဖြစ်အပျက်များနှင့် အာရုံများ အလိုလို ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ ရပ်တန့်သွားသောအခါ မူလရှုမှတ်နေသည့် ခြေလှမ်းမှု “ဘယ်လှမ်း တယ်၊ ညာလှမ်းတယ်”ကို ပြန်လည် ရှုမှတ် ရမည်ဖြစ်ပါသည်၊၊

“ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟုဆိုသော ပထမဆင့်ကို ရှုမှတ်သဖြင့် သတိခိုင်လာပြီ၊ ခြေလှမ်းတိုင်းကို သတိကပ်လာပြီဆိုလျင် “ခြေတစ်လှမ်း ကုဋေတသန်း”ဆိုသကဲ့သို့ ပထမဆင့်ကို အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ ဤပထမအဆင့်သည် မှတ်ရလွယ်ကူလွန်း၍ တရားမှတ်တာ ဒီလောက်လွယ်ရသလားဟုပင် မေးသူများ ရှိပါသည်၊၊ လွယ်သည်ဟု ထင်ရပေသည့် ကိုယ့်ခြေလှမ်းကို သတိထားသူအလွန်နည်းလွန်းသောကြောင့် တသက်တာ ခလုတ်တိုက်ပြီး ခြေမကွဲဘူးသူ မရှိသလောက်ရှားလှသည်၊၊ ငယ်စဉ်ကတည်းကသာ သတိပဋ္ဌာန်ဗဟုသုတရှိသူဖြစ်ပါက လူတိုင်းသတိကောင်းပြီး၊ ပညာရေးဘက်တွင်လည်း တော်သူချည်းဖြစ် မည်မှာ မလွဲပါချေ၊၊

စင်္ကြံကမ္မဋ္ဌာန်း ပထမအဆင့်ကို အောင်မြင်ပြီး ခြေလှမ်းတိုင်းကို သတိခိုင်မာလာပြီးသူသည် ဒုတိယအဆင့်သို့ တဆင့်တက်ပြီး ရှုမှတ်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ဒုတိယအဆင့်တွင် ခြေလှမ်းရာတွင် ခြေလှမ်းမှုနှင့် ခြေ မြေသို့ချမှုကို မှတ်ရမည်ဖြစ်ပါသည်၊၊ ခြေထောက်စလှမ်းသည်ကို ‘လှမ်းတယ်’ဟု မှတ်ရပါမည်၊ မြေသို့ခြေချလိုက် သည်ကို ‘ချတယ်’ဟု မှတ်ရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းတိုင်းကို မှတ်နေရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် အဆင့်နှစ်မျိုးဖြစ်နေသည်ကို ရှုမှတ်သူအနေဖြင့် သိရမည်ဖြစ်ပါသည်၊၊ လှမ်းတယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊

ဒုတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် တတိယအဆင့်သို့ တဆင့်တက်ပြီး အားထုတ်ရှုမှတ်ရမည် ဖြစ်ပါသည်၊ တတိယအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန်အတွက် ခြေထောက်မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’၊ ခြေမြေသို့ချလိုက်သည်ကို ‘ချတယ်’ဟု သုံးဆင့် မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်း၏ အမူအရာသုံးမျိုးကို မှတ်သားနေရ သည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊

တတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် စတုတ္ထအဆင့်ကို နောက်ဆုံးအဆင့်အဖြစ် တဆင့်တက်ပြီး အားထုတ် ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ စတုတ္ထအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန် ခြေထောက်ကို မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေထောက်ရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’ဟု မှတ်ရပါသည်၊ မြေသို့ ခြေထောက် ချလိုက်သည်ကို ‘ချတယ်’ ဟု မှတ်ရပါသည်၊ မြေနှင့် ခြေဖ၀ါးတို့ထိသည်ကို ‘ထိတယ်’ဟု အဆင့်လေးဆင့်ခွဲပြီး မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူအနေဖြင့် ခြေလှန်း၏ အမူအရာ လေးမျိုးကို သတိကပ်ပြီး ရှုမှတ်နေရသည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ ချတယ်+ထိ တယ်၊ ဟုအဆင့်လေးမျိုး ဖြစ်ပါသည်၊၊

လမ်းလျှောက်ကမ္မဌာန်းတွင်လည်း အမှတ်သတိနှင့် သမာဓိတို့ အားကောင်းလာသောအခါ၊ နိမိတ်သုံးမျိုးနှင့်၊ အသိဉာဏ်အမျိုးမျိုးတို့ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ လိုအပ်သည့်အဆင့်တွင် ၀ိပဿနာသို့ကူးရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့ကူးသောအခါ ခြေလှမ်းသောအခါ လှမ်းသောအမူအရာများသည် ရုပ်ဖြစ်သည်၊ အမှတ်သတိများ သည် နာမ်ဖြစ်သည်ဟု ခြေလှမ်းတိုင်းကို ရုပ်+နာမ်ကွဲအောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းအမူအရာ များကို ရုပ်+နာမ်ကွဲပြီဆိုလျင်၊ ရုပ်သည်လည်း မမြဲ၊ ဆင်းရဲမှု၊ အစိုးမရမှုသက်သက်မျှသာ ဖြစ်သည်ဟု လက္ခဏာရေး သုံးမျိုးထင်အောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ နာမ်သည်လည်း မမြဲ၊ ဆင်းရဲ၊ အစိုးမရသက်သက် မျှသာ ဖြစ်သည်ဟု လက္ခဏာရေးသုံးပါး ထင်အောင်ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်၊၊

ဤကဲ့သို့ရှုမှတ်ခြင်းဖြင့် အကျိုး+အကြောင်းဆပ်စပ်ပုံများ၊ ရုပ်+နာမ်တို့သည် အကြောင်းတခုခုကြောင့် အကျိုး အဖြစ် ဖြစ်ပေါ်လာနေပုံများကို သဘောပေါက်လာမည် ဖြစ်ပါသည်၊၊ ရုပ်သည် ရုပ်၏သက်တမ်းရှိသမျှသာ ရပ် တည်ပြီး ပျက်စီးသွားရပုံ၊ နာမ်သည်လည်း နာမ်သက်ရှိသမျှသာ ရပ်တည် အသက်ရှည်ပြီး ပျက်စီးပုံများကို ၀ိပဿနာအမြင်ဖြင့် သဘောပေါက်လာသောအခါ ရုပ်ကိုစွဲလန်းမှု၊ နာမ်ကိုစွဲလန်းမှုများလျော့ပါးလာမည် ဖြစ်ပါသည်၊၊ လူနှင့်အခြားသက်ရှိအရာများ၊ သက်မဲ့ အရာဝတ္ထုများအားလုံးသည် ရုပ်နာမ်နှစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားသည်ဖြစ်ရကား၊ ရုပ်နှင့်နာမ်ကို စွဲလန်းမှု နဲလာသောအခါ၊ လုံးဝမစွဲလန်းတော့သောအခါတွင် အခြား ကိလေသာစိတ်များပါ ကုန်ခမ်းသွားမည် ဖြစ်ပါသည်၊၊

ဤအဆင့်များသည် နေ့ခြင်းညခြင်းရောက်နိုင်သောအဆင့်များကား မဟုက်ပါ၊၊ ပါရမီပြည့်ဝသူဖြစ်က လွယ် လွယ်ပင် ရရှိတတ်ပြီး၊ ပါရမီနည်းသူများဖြစ်ပါက သက်တမ်းနှင့်ချီပြီးကြိုးစားရတတ်ပါသည်၊၊ မှတ်သားသင့် သည်မှာ ဤအဆင့်များအထိမရောက်သည့်တိုင် အာနာပါနသတိနှင့် ၀ိပဿနာ၏အကျိုးသည် လက်ရှိဘ၀တွင် ရသည်များ ရှိပါသည်၊၊ ထိုအကျိုးများမှာ စိတ်ဖိစီးမှုမရှိခြင်း၊ ပူပင်မှုများလျော့ကျခြင်း၊ စိတ်သက်သာကြည်လင် ခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ စီးပွားရေးလုပ်ရာတွင် အတွေးကောင်း များရခြင်း၊ စသည်တို့ဖြစ်ပါသည်၊၊

အရှင် လမ်းလျှောက်၍ တရားရှုမှတ်ပုံကိုတင်ပြခဲ့သည်မှာ ဤတွင်အခြေခံအဆင့် ပြည့်စုံပြီဟု ယူဆပါသည်၊၊ ဆက်လက်လေ့လာပြီး ကြိုးစား အားထုတ်ရန်ဖြစ်ပါသည်၊၊ တရားအားထုတ်သဖြင့် ဉာဏ်ထူးများကို ရရှိပြီး၊ မဂ်အဆင့် ဖိုလ်အဆင့် ရသွားကြသော သူတော်စဉ်တို့သည် ထိုင်လျှက်တရားမှတ်ရင်း ရသွားကြသူများရှိသလို ရပ်လျှက်၊ သွားလျှက်၊ လျောင်းလျှက်တရားထူး ရရှိသွားသူများလည်း ရှိပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိသမာဓိအရဆုံးပုံစံဖြင့် တရားအားထုတ် ရှုမှတ်ရန်ဖြစ်ပါသ်ည၊၊

သမာဓိရသည်ဆိုသည်မှာ စိတ်ငြိမ်သက်သည်ကို ဆိုလိုပါသည်၊၊ သမာဓိမရသည့်ပုံစံဖြင့် ဇွတ်အားထုတ်နေ ပြန်လျင်လည်း တရားမတက်ဘဲဖြစ်နေတတ်ပါသည်၊၊ ထို့ကြောင့် မိမိ ရှုမှတ်၍အကောင်းဆုံးပုံစံဖြင့် အာနာပါန သတိကို ရှုမှတ်ကြရန်ဖြစ်ပါသည်၊၊ “အလင်း စက်”စာဖတ်သူများ အာနာပါနသတိကို ရှုမှတ်သဖြင့် လောကီဘ၀ ငြိမ်းချမ်း သာယာပြီး၊ လောကုတ္တရာသုခဖြစ်သည့် ဈာန်ချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ရကြပါစေ………..၊၊ ၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၆.၁၂.၂၀၁၀)



(မှတ်ချက်/ ဤစာတမ်းငယ်ကို ဆရာတော် ဦးသီလာနန္ဒ၏ “The Benefits of Walking Meditation” စာအုပ်နှင့် အရှင်ကိုယ်တိုင် အားထုတ်ခဲ့သည့် အတွေ့အကြုံများကို ကိုးကားပြီး ရေးပါသည်၊၊)

အပြည့်အစုံသို့....

Wednesday, December 22, 2010

ဆွမ်းအလှူဓာတ်ပုံ























၂၀.၁၂.၂၀၁၀..နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးမှာ အလင်းစက်တို့သူငယ်ချင်းများစုပေါင်းပြီး နေ့ဆွမ်းဆက် ကပ်ကြတဲ့ ဓာတ်ပုံမှတ်တမ်း မြင်ကွင်းလေးများကိုကြည့်ပြီး၊ "အလင်း စက်"စာဖတ်သူများ ပီတိဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်၊၊ နိုင်ငံခြားစာသင် သံဃာတွေဆိုတော့ ဈေးကို ကိုယ်တိုင်သွား၊ ကိုယ်တိုင်လှီးဖြတ်၊ ချက်ပြုတ်ရတာ ပျော်စရာပါ၊ သူငယ်ချင်းများအားလုံးရဲ့ စေတနာကို "အလင်း စက်"က မှတ်တမ်းတင်သည့်အနေဖြင့် ဓာတ်ပုံမှတ်တမ်းများကို တင်ပြလိုက်တာ ဖြစ်ပါတယ်၊၊

ဆက်ကပ်တဲ့ ဟင်းလျာများကိုလည်း တင်ပြလိုက်ပါတယ်ဗျာ--
(၁) ၀တ်သားဟင်း
(၂) ပင်လယ်ငါးခေါင်းချည်ရည်
(၃) ငါးခြောက်ကျော်
(၄) ဆီပြန်ပဲနှပ်
(၅) ဆလတ်ရွက်တို့စရာ
(၆) အစိမ်းကျော်
(၇) ရေခဲမုန့်စတဲ့ အချိုပွဲစသည်တို့ ဖြစ်ပါတယ်၊၊

ကြွရောက်ပြီး ဆွမ်း ဘုန်းပေးကြတဲ့ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြတဲ့ (၂၀၀)ခန့် သံဃာတော်များကိုလည်း အထူးလေးစား ကြည်ညိုမိပါတယ်၊၊ ဒီထက်ပို၍ ပို၍အဆင့်မြင့်တဲ့ ပညာရပ်များကိုလည်း ချမ်းချမ်းသာသာ သင်ယူနိုင်စေကြောင်း "အလင်း စက်"မှ ဆွမ်းအလှူရှင် သူငယ်ချင်းများရဲ့ကိုယ်စား ဆုတောင်းပေးပါတယ်၊၊

အပြည့်အစုံသို့....

Wednesday, December 15, 2010

အာနာပါနသတိ (ထွက်လေ+၀င်လေရှုမှတ်ပုံ)









နိဒါန်း စကား-
ဤကမ္ဘာလောကတွင် ဂင်္ဂါဝါဠုသဲစုမက မရေတွက်နိုင်သော ဘုရားရှင်တို့ ပွင့်ပေါ်ခဲ့ကြပါသည်၊၊ ပွင့် တော်မူပြီးသော ဘုရားအဆူဆူတို့သည် အာနာပါနသတိခေါ် ထွက်လေ+၀င်လေကိုသတိကပ် ရှုမှတ်ခြင်းဖြင့် ဘုရားဖြစ်တော်မူရကြောင်း ပါဠိတော်များစွာတို့တွင် ဖော်ပြထားပါသည်၊၊ ဤသို့လျင် အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် ဘုရားအဖြစ်သို့ ရောက်စေတတ်သောနည်းဖြစ် သည်ဟု ဆိုရာရောက်ပါသည်၊၊

မှန်ပါသည်၊၊ သတိပဋ္ဌာန်လေးပါးတွင် ကာယာနုပဿနာသတိပဋ္ဌာန်၌ ပါဝင်သော အာနာပါန သတိ= ထွက်လေ+၀င်လေကို သတိကပ် ရှုမှတ်မှုသည် ဘုရားအဖြစ်နှင့် နိဗ္ဗာန်သို့ရောက်စေရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင် ဟောတော်မူပါသည်၊၊
“မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထရှင်ရသေ့သည် မဟာဗောဓိပင်အခြေ၌ ထိုင်တော်မူလျှက် အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်တော်မူပါသည်၊ ဘုရားအဖြစ်သို့မရောက်မခြင်း မထတော့ဟုလည်း ဓိဌာန်တော်မူပါသည်၊ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+ ၀င်လေကို ရှုမှတ်တော်မူရင်း သမာဓိအဆင့်ဆင့် ဉာဏ်စဉ်အဆင့်ဆင့်တို့ ဖြစ်ပေါ်လာပြီး၊ ဈာန်လေးပါး၊ ဉာဏ်လေးပါးတို့ကို ရရှိတော်မူပြီး၊ အာရုဏ်တက်အချိန်တွင် သဗ္ဗေညုတာအစစ် ဘုရားအဖြစ်သို့ ရောက်တော် မူပါသည်၊၊”

ဤဖော်ပြချက်တွင် သိဒ္ဓတ္ထရသေ့ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+၀င်လေ ကို သတိကပ်ရှုမှတ်သဖြင့် ဘုရားအဖြစ်သို့ရောက်ရသည်ကို စာဖတ်သူ သိရှိရမည် ဖြစ်သည်၊၊ အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မျက်မှောက်ဘ၀အတွက် ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ သတိကောင်းခြင်း၊ ကိုယ်ခန္ဓာပေါ့ပါးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှု ရခြင်း၊ ချစ်ခင်သူပေါများခြင်း၊ မျက်နှာအသွင် ရွှင်ပြခြင်း၊ စသော အကျိုးတရားများကို ရရှိစေနိုင်ပါ သည်၊၊
အနာဂတ်ဘ၀တွင်လည်း ဆိုးဝါးလွန်းသည့် ဘ၀များသို့ မကျရောက်ရဘဲ၊ သုဂတိဘ၀၊ အဆင့် အတန်းရှိသော ဘ၀များတွင် ဖြစ်ရပါသည်၊၊ ထိုမျှမက အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် နိဗ္ဗာန်ကိုရစေတတ်သော အကျင့်လည်း ဖြစ်ပါသည်၊၊ ပါရ မီပြည့်ဝနေသူဖြစ်ပါက ယ္ခုဘ၀တွင်ပင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဖြစ်စေသော အကျင့်လည်း ဖြစ်ပါသည်၊၊ ဘုရားဆုပန်ထားသူများအတွက်မူ အာနာပါနသတိကို သတိကပ်ရှုမှတ် ပွားများခြင်းဖြင့် ဘုရားအဖြစ်သို့ ရောက်စေသောကျင့်စဉ်၊ လမ်းစဉ်ဖြစ်ပါသည်၊၊

ဤအကျိုးကျေးဇူးများကို လေ့လာသိရှိရသဖြင့် တရားစခန်းများသို့ မ၀င်နိုင်သူများ၊ ကျင့်ကြံလိုသူများ အတွက် အကျိုး များသော အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံကို ပါဠိတော် အဋ္ဌကထာ ကျမ်းစာအသီးသီးတို့မှ လေ့လာစုစည်းလျှက် တင်ပြလိုက်ရပါသည်၊၊ အလုပ်ကိစ္စများသဖြင့် ရိပ်သာ များတွင် ၀င်ရောက်နည်းခံပြီး ကမ္မဌာန်းနည်းပြဆရာများဖြင့် နည်းယူခွင့်မရကြသော သူများအတွက် ဤစာတမ်းငယ်တွင် အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်အားထုတ်နည်းကို အခြေခံမှစတင်ပြီး တင်ပြထားပါသည်၊၊ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ် ပွားများ၊ ကျင့်ကြံအားထုတ်ပြီး ဘ၀အလင်းရသူများ ဖြစ်ကြပါစေ……
------------------------------------------------------------------------

သီလဆောက်တည်-
အာနာပါနသတိ=ထွက်လေ+၀င်လေကို စတင်ရှုမှတ်မည့်သူသည် ပထမဆုံး ငါးပါးသီလဆောက် တည်ရပါသည်၊၊ သီလဆောက်တည်သည်မှာ အစဉ်အလာအရ ဖြစ်သည်၊ ပါဠိတော်တွင် ညွှန်ထားခြင်း မရှိပါ၊၊ ပါဠိတော်မူရင်းတွင် တရားရှုမှတ်ရန်သင့်တော်သည့်နေရာ အရပ်(၃)မျိုးကို ညွှန်ကြားထားပါသည်၊ နေရာမျိုးမှာ---
(၁) တော အရပ်
(၂) သစ်ပင်ရင်း အရပ်
(၃) ဆိပ်ငြိမ်သည့် အရပ်၊ တို့ဖြစ်ပါသည်၊၊
ဤနေရာသုံးမျိုးမှာ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်သင့်တော်သည့် နေရာဒေသ များအဖြစ် မြတ်စွာဘုရားရှင်ကိုယ်တိုင် ညွှန်ကြားထားပါသည်၊၊

ထိုင်သည့်ပုံစံ-
အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်ထိုင်သည့်အခါ အမျိုးသားဖြစ်လျင် တင်ပလ္လင်ခွေ၍ ထိုင်ရပါမည်၊ ထိုင်သည့်အခါ မိမိကိုယ်နှင့် ဦးခေါင်းကို တည့်မတ်အောင်ထားရမည် ဖြစ်ပါသည်၊၊ လက်ဝါးနှစ်ဘက်ကို တင်ပလ္လင်ခွေအလယ်တည့်တည်၌တင်ပြီး၊ ဘယ်ဖက်ဖ၀ါးပေါ်တွင် ညာဘက် လက်ဖ၀ါးကိုထပ်လျှက်၊ ပက်လက်လှန်တင်ထားရပါမည်၊ မျက်စေ့ကို ညင်သာစွာမှိတ်ပြီး စိတ်ကို နှာသီးဖျား၌ထားရပါမည်၊၊

ထိုသို့စိတ်ကို နှာသီးအ၀၌ ထားသောအခါ အသက်ရှူသည့်အခါနှင့် အသက်ရှူထုတ်လိုက်သည့်အခါတွင် နှာသီးအ၀မှလေဖြတ်သွားသည်ကို သိလိုက်ရမည် ဖြစ်ပါသည်၊၊ ဤသို့သိလိုက်ရလျင် နှာသီးအ ၀မှလေထွက်လာလျင် ထွက်သည်ဟုမှတ်ရပါမည်၊ အသက်ရှူသွင်းသဖြင့် နှာသီးဝမှလေ၀င်လာလျင် ၀င်သည်ဟု မှတ်ပါမည်၊၊ အစပိုင်းတွင် အလေ့အကျင့်မရသဖြင့် အနည်းငယ်မှတ်ရခက်သော်လည်း နာရီအတန်ကြာမျှ လေ့ကျင့်မိသွားသောအခါ မှတ်ရသည်မှာ ပို၍လွယ်ကူလာမည် ဖြစ်ပါသည်၊၊ မိန်းကလေးဖြစ်လျင် အမျိုးသားများကဲ့သို့ တင်ပလ္လင်ခွေ၍ဖြစ်စေ၊ အမျိုးသမီးထိုင်နည်းဖြင့် ဖြစ်စေ ထိုင်ရပါမည်၊ ကျန်သည့်ထိုင်ပုံနှင့် ရှုမှတ်နည်းမှာ အမျိုးသားများနှင့် နည်းတူဖြစ်ပါသည်၊၊

ထွက်လေ+၀င်လေမှတ်ပုံ-
အသေးစိတ် တင်ပြပါမည်၊ ထွက်သက်+၀င်သက်ရှုရာတွင် ပိဋကတ်စာပေများ၌ ဆိတ်ငြိမ်ရာအရပ်၌ သွားပြီးရှုမှတ်ရမည်ဟူ၍၄င်း၊ ကိုယ်ကိုဖြောင့်မတ်စွာ ထားရမည်ဟူ၍၄င်း၊ ဖော်ပြထားခြင်းများ ရှိပါသည်၊၊ ထိုသို့ဖော်ပြထားခြင်းမှာ အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ကို ရှုရာ၌အသင့်တော်ဆုံးကို ဖော်ပြထားခြင်းမျှ ဖြစ်ပါသည်၊၊ ထို့ကြောင့် အာနာပါန (ခေါ်) ထွက်လေ+၀င်လေကိုရှုမှတ်ရာ၌ အခြေအနေအရ ကြုံသလိုရှုမှတ်နိုင်ပါသည်၊၊ ထွက်သက်+၀င်သက်ရှုရာတွင် သတိမှတ်နည်း (၈)နည်း ရှိပါသည်၊၊ ထိုရှစ်နည်းတွင် မိမိတို့နှင့်သင့်လျော်သည့်နည်းကို အသုံးပြုပြီး ရှုမှတ်နိုင်ပါသည်၊၊ အစဆုံး တရားအားထုပ်သည့် ယောဂီအတွက် အသင့်တော်ဆုံး(၃)နည်းရှိပါသည်၊၊ ထိုသုံးနည်းမှာ---
(၁) ရေတွက်၍ မှတ်နည်း(ဂဏနာ)
(၂) မရေတွက်ဘဲ မှတ်နည်း(အနုဗန္ဒနာ)
(၃) ထိသိနည်း(ဖုသနာ)၊ တို့ဖြစ်သည်၊၊
-------------------------------------------------------------------

(၁) ရေတွက်၍ မှတ်နည်း-
ရေတွက်၍မှတ်နည်းသည် ငါးမျိုးရှိပါသည်-
(၁) တစ်မှ ငါးအထိရေတွက်နည်း၊
(၂) တစ်မှ ခြောက်အထိရေတွက်နည်း၊
(၃) တစ်မှ ခုနှစ်အထိရေတွက်နည်း၊
(၄) တစ်မှ ရှစ်အထိရေတွက်နည်း၊
(၅) တစ်မှ ကိုးအထိရေတွက်နည်း၊
(၆) တစ်မှ တဆယ်အထိရေတွက်နည်း၊ တို့ဖြစ်ပါသည်၊၊

ရေတွက်၍ရှုမှတ်နည်းဟူသည်မှာ အသက်ရှူသည်ကို တစ် နှစ် သုံးစသည်ဖြင့် ရေတွက်၍ မှတ်နည်း ကိုခေါ်ပါသည်၊၊ ရေတွက်၍မှတ်နည်းသည် ပုတီးစိတ်သည်နှင့်ဆင်ဆင်မျှ တူပါသည်၊၊ မိမိတို့အသက်ရှု သောအခါ ၀င်သက်ကိုလည်း ရှူရသည်၊ ထွက်သက်ကိုလည်း ရှူရသည်၊၊ ထိုဝင်သက်+ထွက်သက် နှစ်မျိုးတွင် ထင်ရှားရာကစ၍ မှတ်ရပါသည်၊၊ မှတ်သည့်အခါ ထွက်သက်ကစ၍မှတ်လျင် လေထွက် သည်ကို (တစ်)ဟုရေတွက်၍ မှတ်ရပါသည်၊၊ လေ၀င်သည်ကို (နှစ်)ဟု မှတ်ရပါသည်၊၊ ဤနည်းဖြင့် (ငါး)အထိ မှတ်ရပါသည်၊၊ ငါးအထိ ပြည့်သောအခါ တစ်မှစ၍ ပြန်လည်ရေတွက်ရမည် ဖြစ်ပါသည်၊၊

အသက်ရှူထုတ်သည်နှင့် အသက်ရှူသွင်းသည်ကို တစ် နှစ် သုံးဟု ရေတွက်နေခြင်းပင် ဖြစ်ပါသည်၊၊ ဤနည်း၏ အဓိကရည်ရွယ်ချက်မှာ သတိကိုထူထောင်ရန် ဖြစ်ပါသည်၊၊ ရှုမှတ်ရန်လည်း အလွန်လွယ် ကူပါသည်၊၊ အမှတ်သတိခိုင်မာလာသည်အထိ ရေတွက်၍ မှတ်နည်းကို ရှုမှတ်ရပါသည်၊၊ ခုနှစ်ရက် အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်လျင် နှစ်ရက်ခန့်ဤနည်းကို ရှုမှတ်သင့်ပါသည်၊၊ ဤနည်းဖြင့် သတိကောင်း လာပြီဆိုလျင် ယောဂီအနေဖြင့် မရေတွက်ဘဲမှတ်သည့်နည်း=အနုဗန္ဒနာကို အသုံးပြုရမည် ဖြစ်ပါ သည်၊၊ ဤနည်းကို နာရီအတန်ကြာသည်အထိ မှတ်လျင် သတိအားကောင်းလာမည် ဖြစ်ပါသည်၊ စိတ် ပြန့်လွင့်မှုလည်း နည်းလာမည် ဖြစ်ပါသည်၊၊

(၂) မရေတွက်ဘဲ မှတ်နည်း-
အထက်ပါနည်းဖြင့်မှတ်၍ စိတ်မပြန့်လွင့်တော့သော ယောဂီသည် မရေတွက်ဘဲမှတ်သည့်နည်းကို ဆက်လက်၍ ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ မရေတွက်ဘဲမှတ်နည်းဆိုသည်မှာ ထွက်သက်လေ+၀င်သက်လေကို နှာသီးဖျားမှစောင့်၍ နှာသီးဝမှလေထွက်လျင် ထွက်သည်ဟု မှတ်ရပါသည်၊ ၀င်လျင် ၀င်သည်ဟု မှတ်ရပါမည်၊ တစ် နှစ်စသည် မရေတွက်ရပါ၊၊ ထွက်လေ+၀င်လေကို သီးသန့်မှတ်ခြင်း ဖြစ်ပါသည်၊၊

(၃)ထိ သိ မှတ်နည်း
ထိသိနည်းဟူသည်မှာ ထွက်လေ+၀င်လေတို့ ထွက်တိုင်း သိ၊ ၀င်လာတိုင်း သိဖြစ်အောင်မှတ်နည်း ဖြစ်ပါသည်၊၊ ဤမှတ်နည်းတွင် ထွက်လေ+၀င်လေ+အသိဟု အစိတ်အပိုင်းသုံးမျိုးကို တွေ့ရမည် ဖြစ်ပါသည်၊၊ ထွက်သက်+၀င်သက်ကို မှတ်သောအခါ အဆင့်သုံးမျိုးရှိပါသည်၊၊ အဆင့်သုံးမျိုးမှာ---
(၁) နှာသီးဖျား၌ လေတိုးထိမှုသဘော၊
(၂) ထွက်သက်၊
(၃) ၀င်သက်တို့ ဖြစ်ပါသည်၊၊ သုံးဆင့်လုံးကို သိရပါမည်၊၊

ဥပမာအားဖြင့် တံခါးစောင့်သည် တံခါးဝ၌ရပ်နေရင်း တံခါးမှဝင်လာသူ၊ ထွက်သွားသူ၊ တံခါးမှဖြတ် သန်းသွားလာနေပုံကို သိသကဲ့သို့ ဖြစ်ပါသည်၊၊ တံခါးစောင့်သည် ဤသုံးမျိုးလုံးကို တပြိုင်နက်သိခြင်း ဖြစ်ပါသည်၊၊ ထွက်သက်လေ+၀င်သက်လေကို မှတ်သောအခါတွင်လည်း ထွက်သက်လေ ထွက်သွားပုံ၊ ၀င်သက်လေ ၀င်လာပုံ၊ ထိုလေကလေး နှာသီးဝမှဖြတ်သန်းသွားပုံကို တပြိုင်နက်သိရမည် ဖြစ်ပါသည်၊၊ သုံးမျိုးခွဲခြားပြီးသိလျင် အာနာပါနသတိဘာဝနာ ပြည့်စုံသည်ဟု ဆိုပါသည်၊၊

အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ရှုမှတ်ရာတွင် နည်းပေါင်း(၁၆)နည်းရှိပါသည်၊၊ အာနာပါန သုတ္တန်များတွင် ဤနည်းများကိုမြတ်စွာဘုရားရှင် ညွန်ကြားထားပါသည်၊၊ မဇ္ဈိမနိကာယ်၊ သတိပဋ္ဌာန သုတ္တန်တွင် ပထမလေးနည်းကိုသာ အဓိကထား၍ဟောပါသည်၊၊ ကျင့်နည်းများကိုလည်း ပထမလေး နည်းတွင်သာ ဖော်ပြထားပါသည်၊ ကျန်နည်းများအတွက် သီးခြားမဟောပါ၊ ပထမလေးနည်းကိုနည်း မှီ၍ သိရန်ဖြစ်ပါသည်၊၊ နည်းပေါင်း(၁၆)နည်းမှာ---
(၁) ပထမစတုက္က(၄)နည်း
(၂) ဒုတိယစတုက္က(၄)နည်း
(၃) တတိယစတုက္က(၄)နည်း
(၄) စတုတ္ထစတုက္က(၄)နည်း၊ တို့ဖြစ်ပါသည်၊၊

အာနာပါန(ခေါ်)ထွက်သက်+၀င်သက်ရှုနည်းနှင့် ပတ်သက်၍ စတုက္ကပေါင်းလေးခု ရှိပါသည်၊၊ ၀ိပဿနာယာနိက သမားများအတွက်မူ ပထမစတုက္က(ပထမလေးနည်း)တစ်ခုတည်းသာ လိုအပ်ပါသည်၊၊ ထို့ကြောင့် သတိပဋ္ဌာန်ဒေသနာတော်၌ ပထမစတုက္ကကိုသာ အဓိကထား၍ ညွန်ကြားထားခြင်း ဖြစ်ပါသည်၊၊ ထိုပထမစတုက္တတွင် ကျင့်နည်းပေါင်း (၄)ခု ပါဝင်ပါသည်၊၊

နည်း(၁)---
(၁) ၀င်လျင် ၀င်မှန်းသိအောင် သတိထားနည်း
(၂) ထွက်လျင် ထွက်မှန်းသိအောင် သတိထားနည်း
နည်း(၂)---
(၁) ရှည်လျင် ရှည်မှန်းသိအောင် သတိထားနည်း
(၂) တိုလျင် တိုမှန်းသိအောင် သတိထားနည်း
နည်း(၃)---
(၁) ၀င်လျင် စ လယ် ဆုံးကို သိအောင် သတိထားနည်း
(၂) ထွက်လျင် စ လယ် ဆုံးကို သိအောင် လေ့ကျင့်နည်း တို့ဖြစ်ပါသည်၊၊
နည်း(၄)---
(၁) ၀င်လျင် ၀င်သက်ကို ငြိမ်းအောင် လေ့ကျင့်နည်း
(၂) ထွက်လျင် ထွက်သက်ကို ငြိမ်းအောင်လေ့ကျင့်နည်း
အထက်ပါလေးနည်းကို မြန်မာကဗျာဖြင့် အလွယ်တကူမှတ်နိုင်ပါသည်၊၊ “သတိမြဲရာ ပထမာ၊ ဒုမှာ ရှည် တို သိ၊ လုံးစုံလင်းရာ တ၌သာ၊ စမှာ ငြိမ်းလေဘိ”ဟူ၍ ဖြစ်ပါသည်၊၊

နည်း(၁)--
ပထမစတုက္ကသည် သတိထူထောင်သည့် စတုက္ကဖြစ်ပါသည်၊၊ ဤစတုက္ကတွင်ပါဝင်သော နည်း(၁) အရ အသက်ရှူရှိုက်ရာတွင် နှာသီးအတွင်းသို့လေ၀င်လျင် လေ၀င်လာမှန်းသိအောင် သတိပြုနေရပါသည်၊၊ လေထွက်လျင်လည်း ထွက်လာမှာမှန်းသိအောင် သတိပြုနေရပါသည်၊၊ ဆိုလိုသည်မှာ အသက်ကို ရှူသွင်းသောအခါ ရှူသွင်းမှန်းသိအောင် သတိထားရပါသည်၊၊ အသက်ကိုရှူထုပ်သော အခါတွင်လည်း ရှူထုတ်မှန်းသိအောင် သတိထားရပါသည်၊၊

ဝင်သက်+ထွက်သက်ကိုမှတ်ရာ၌ နှာသီးဖျားမှနေ၍ မှတ်ရပါသည်၊ ၀င်သက်+ထွက်သက် သို့မဟုက် ၀င်လေ+ထွက်လေနောက်သို့ စိတ်ကလိုက်ပြီး မှတ်မနေရပါ၊ နှာသီးဖျားတွင် စိတ်ကိုစိုက်ထားရပါသည်၊ ထိုအခါအသက်ရှူ၍ လေ၀င်လာသည်ကို သိနိုင်ပါသည်၊ လေထွက်သည်ကိုလည်း သိနိုင်ပါ သည်၊ လေ နှာသီးဖျားကို ထိသွားသည်ကိုလည်း သိနိုင်ပါသည်၊၊ သတိကောင်းလာလေလေ ပိုသိလေလေဖြစ်ပါသည်၊၊ တရားအားထုတ်သည်ဟူသည်မှာ ထွက်လေ+၀င်လေတို့ နှာသီးဖျားကို ထိသွားနေတာကို မှတ်နေခြင်းပင် ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို မှတ်သောအခါ နှာသီးဖျားခေါ် နှာခေါင်းဝ၏ အောက်တည့်တည့် နှာရည်ယို စီးကျသည့် အထက်နှုတ်ခမ်းသား၌ စိတ်ကိုစိုက်ထားပြီး ထွက်လေ+၀င်လေကို ထွက်လျုင် ထွက်မှန်း သိ၊၊ ၀င်လျင် ၀င်မှန်းသိဖြစ်အောင် မှတ်သားရပါသည်၊၊ ထိုသို့မှတ်နေစဉ်အတွင်း စိတ်သည် လွင့်ထွက် သွားတတ်ပါသည်၊ ထိုသို့လွင့်ထွက်သွားလျင် လွင့်သွားပါစေ၊ လွင့်ထွက်သွားသည်ကိုတော့ သိအောင် မှတ်ရပါသည်၊၊ အခြားအာရုံတခုခုသို့လည်း ရောက်သွားတတ်ပါသည်၊ ရောက်ပါစေ၊ ရောက်သည်ကို သိအောင်မှတ်သားရပါသည်၊၊ ရောက်သွားရာ၊ ၀င်လာရာ အာရုံဟူသမျှကို သတိအလွတ်မခံဘဲ မှတ် သားနေလျင် တရားမှတ်ခြင်းအလုပ်ပင် ဖြစ်ပါသည်၊၊ တရားမှတ်ခြင်းဟူသည် ဖြစ်ပေါ်လာသည့် အာရုံ အားလုံးကို သတိမလွတ်ဘဲသိနေခြင်း သိနေအောင်ကြိုးစားခြင်းပင် ဖြစ်ပါသည်၊၊

ထွက်လေ+၀င်လေကိုရှုမှတ်နေစဉ် စိတ်စိုက်ထားရာနှာသီးဖျားမှ စိတ်လွင့်သွားခြင်း၊ အာရုံတခုခုသို့ ရောက်သွားခြင်းတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရန်မလိုပါ၊ မူလရှုမှတ်နေကျအတိုင်း ဆက် လက်ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ လွင့်ချင်ရာ လွင့်၊ ရောက်ချင်ရာ ရောက်၊ လွင့်မှန်း ရောက်မှန်း သိနေလျင် တရားမှတ်ခြင်းပင် ဖြစ်ပါသည်၊၊ တခါတရံ ထွက်လေ+၀င်လေကိုမှတ်စဉ် ဘာမှန်းမသိလိုက် သည့် သဘောများလည်း ဖြစ်တတ်ပါသေးသည်၊ ထိုသို့ဖြစ်လာလျင်လည်း ဘာမှမသိလိုက်သည့် သဘောမှန်းသိအောင် မှတ်ရပါမည်၊၊

တရားအားမထုတ်ခင်က စိတ်သည် လွင့်ချင်ရာ လွင့်၊ ဖြစ်ချင်ရာဖြစ်နေခဲ့ပါသည်၊၊ သတိမထားသည့်အတွက် လွင့်မှန်း ဖြစ်မှန်းမသိခြင်း ဖြစ်ပါသည်၊၊ တရားအားထုတ်သောအခါ သတိထားနေသည့် အတွက် စိတ်၏လွင့်နေပုံ၊ ဖြစ်ချင်ရာဖြစ်နေပုံများကို သိလာပါသည်၊၊ ဤသည်ပင် တရားအားထုတ် ခြင်း၏ အကျိုးဖြစ်ပါသည်၊၊ မည်သည့်အာရုံကို စိတ်ရောက်ရောက် သတိအလွတ်မခံဘဲ မှတ်နေနိုင် လျင် သတိထူထောင်မှု အားကောင်းလာပါသည်၊၊

အာရုံများများသိနိုင်လေလေ သတိအားကောင်းလေလေ ဖြစ်ပါသည်၊၊ ထို့ကြောင့် ထွက်လေ+၀င်လေ ကိုမှတ်နေစဉ် စိတ်အပြင်ထွက်ချင် ထွက်၊ မထွက် ချင်နေ၊ လွင့်ချင်ရာ လွင့်၊ မလွင့်ချင်နေ၊၊ ထွက်လျင်လည်း ထွက်သည်ကို မှတ်၊ လွင့်လျင်လည်း လွင့်သည်ကို မှတ်၊၊ ထွက်သည့်စိတ်ကို မထွက်အောင် အတင်းမကြိုးစားရပါ၊ လွင့်သည့် စိတ်ကိုမလွင့်အောင် အတင်းမကြိုးစားရပါ၊ အလိုက်သင့် မူလရှုမှတ် နေသည့် ထွက်လေ+၀င်လေကိုသာ ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် ကြိုးစားရပါသည်၊၊

ထိုအခါ ထွက်လေ+၀င်လေကို ထွက်မှန်း သိ၊ ၀င်မှန်းသိနေစဉ် စိတ်အပြင်ရောက်သွားသည်ကို သိလာပါသည်၊ စိတ်လွင့်သည်ကိုလည်း သိလာပါသည်၊ ဖြစ်ပေါ်နေသည့် အာရုံများကိုလည်း သိလာပါသည်၊ အာရုံများထင်ရှားကြည်လင်လာမည် ဖြစ်ပါသည်၊၊ အစပိုင်းတွင် မသေမခြာသိခြင်း ဖြစ်ပါသည်၊ သတိအားကောင်းလာသောအခါ အသေးစိတ်သိလာပါသည်၊၊ သတိအားလုံးဝ ကောင်းလာသောအခါ ပိုင်းပိုင်းခြားခြားသိလာပါသည်၊၊ ဤသည်မှာ ထွက်လေ+၀င်လေကို ရှုမှတ်ခြင်း၏ အကျိုးဖြစ်ပါသည်၊၊

ဤအချိန်တွင် မှတ်ဉာဏ်များ အလွန်အားကောင်းလာပါမည်၊ ကျောင်းသားတစ်ဦးသာဖြစ်ပါက စာတပုဒ်ကို တကြိမ်မျှကြည့်ရုံနှင့် မှတ်မိမည်ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေကို မှတ်နေစဉ် စိတ်အပြင် ရောက်ခြင်း၊ အရင်ကအဖြစ် အပျက်များကို သတိရခြင်း၊ နာကျင် ကိုက်ခဲခြင်း၊ စိတ်များ တွေဝေလာ ခြင်းစသည်များ ဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသမျှကို မခုခံဘဲ၊ အားလုံးကို မှတ်နေရမည် ဖြစ်ပါသည်၊၊ မှတ်သားနေရင်းက ထိုအာရုံများများ ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ အာရုံများရပ်တန့်သွားသောအခါ မူလရှုမှတ်နေကျ ထွက်လေ+၀င်လေကို ပြန်ပြီး ရှုမှတ်ရန်ဖြစ်ပါသည်၊၊

ထိုကဲ့သို့ကြိုးစားနေခြင်းဖြင့် မိမိတိုသန္တာန်၌-သဒ္ဓါ၊ ၀ီရိယ၊ ခန္တီ၊ သတိ၊ သမာဓိ၊ ပညာတို့ တိုးတက်လာမည် ဖြစ်ပါသည်၊၊ တိုးတက်လာသောအခါ စိတ်ကြည်လင်လာပါမည်၊ စိတ်အား ထက်သန်လာပါမည်၊ အပင်ပန်းခံနိုင်လာပါမည်၊ အာရုံများထင်ရှားလာပါမည်၊ သိမှုဆိုင်ရာတွင် ပုဂ္ဂိုလ်ဖြင့်သိခြင်းမျိုး မဟုက်တော့ဘဲ ဓမ္မဖြင့်သိခြင်းမျိုး ဖြစ်လာပါမည်၊၊ ဆိုလိုသည်မှာ ပညတ်မပါဘဲ သဘာဝသက်သက်ကို သိခြင်းမျိုးဖြင့် သိလာပါမည်၊၊ ခါးကနာသည် ဆိုရာ၌ ခါးက သက်သက်၊ နာခြင်းက သက်သက်ဆို သည်ကိုခွဲခြားပြီး သိလာပါမည်၊ နာခြင်း၌ ခါးကိုမထည့်သွင်းဘဲ သိလာပါမည်၊ ဤသို့သိခြင်းကို ပရ မတ်သိဟုလည်း ခေါ်ရပါသည်၊၊

“သတိမြဲရာ ပထမာ” ဟူသော ပထမနည်းအရ ထွက်သက်+၀င်သက်ကို ရှုမှတ်ရာတွင် ထွက်လျင် ထွက်မှန်းသိအောင်၊ ၀င်လျင် ၀င်မှန်းသိအောင် သတိထား၍ မှတ်ပါများသောအခါ ယောဂီ၏သန္တာန်၌ သတိသည် ခိုင်မာလာမည် ဖြစ်ပါသည်၊၊ သတိခိုင်မာလာသောအခါ၊ သတိမြဲလာသောအခါ ရှုမှတ်သမျှ အာရုံများအပေါ် သတိအလိုလိုရှိလာပါသည်၊၊ ကိုင်လျင် ကိုင်မှန်း သိလာပါသည်၊ ထိလျင် ထိမှန်း သိ လာပါမည်၊ ပြောမှု၊ ဆိုမှု၊ လျောင်းမှု၊ အိပ်မှု၊ စားမှု၊ သောက်မှုစသည်များ၌ သတိသည် အလိုလို လိုက်ပါလာမည် ဖြစ်ပါသည်၊၊ ဤသို့ဖြစ်လာပြီဆိုလျင် ယောဂီပုဂ္ဂိုလ်၌ သတိထူထောင်မှု အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ အလုပ်တိုင်း၌ သတိမမြဲသေးလျင် သတိထူထောင်မှု မအောင်မြင်သေးဟု မှတ်ရ ပါမည်၊၊ ဤသို့ဖြင့် ပထမနည်းအရ သတိထူထောင်၍ အောင်မြင်ပြီးသောယောဂီသည် တဆင့်တက်၍ ဒုတိယနည်းကို ကြိုးစားရပါမည်၊၊

နည်း(၂)--
ပထမနည်းဖြင့် သတိထူထောင် အောင်မြင်ပြီးသောယောဂီသည် ပြုလုပ်သမျှ အမှုကိစ္စတို့၌ သတိအ လိုလို ပါလာပြီဖြစ်သည်၊၊ ထိုသို့သတိမြဲလာပြီဆိုပါက “ဒုမှာ ရှည်တို သိ”ဟူသော ဒုတိယနည်းအရ ထွက်လေ+၀င်လေကို ရှည်လျင် ရှည်မှန်းသိအောင်၊ တိုလျင် တိုမှန်းသိအောင် ရှုမှတ်ရပါမည်၊၊ ထွက်လေ+၀င်လေသည် သာမာန်ကြည့်လျင် အတူတူဟုထင်ရသော်လည်း မတူညီပါ၊ တခါတရံ အသက်ရှုတာ ရှည်ပါသည်၊ တခါတရံတိုပါသည်၊ ထိုသို့ဖြစ်ရာ၌ ယောဂီသည် ရှည်လျင် ရှည်သည်ဟု သိနေရပါမည်၊ တိုလျင်လည်း တိုသည်ဟု သိနေရပါမည်၊၊

ပထမနည်းတွင် ထွက်သက်+၀င်သက်ကို ရှုမှတ်ရာ၌ သတိကိုမြဲလာအောင် လူကလုပ်ယူရပါသည်၊၊ ထွက်လေ ထွက်မှန်းသိအောင်၊ ၀င်လေ ၀င်မှန်းသိအောင် သတိကိုထူထောင်ရပါသည်၊၊ နာတာ ကျင်တာ ကိုက်တာ ခဲတာ၊ စိတ်အပြင်ရောက်တာ၊ အတိတ်ကအဖြစ်အပျက်များကို အမှတ်ရတာစသည်ကိုသိအောင် သတိကိုကပ်ထားရပါသည်၊၊ သတိကိုထူထောင်၍ အောင်မြင်လာသောအခါတွင် သတိကို လူကလုပ်ယူစရာမလိုတော့ဘဲ အမူအရာတိုင်းကို သတိကအလိုလို သိလာပါသည်၊၊ အမူရာတိုင်းတွင် သတိကပ်လာပါသည်၊၊ သတိသည် ရင့်ကျက်လာပြီ ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေအာရုံ တွင်မကတော့ဘဲ ပြင်ပအာရုံများအထိပါ သတိကပ်လာပါသည်၊၊ မိမိကလုပ်ယူရသည့် သတိအဆင့်ကို ကျော်လွန်လာသောသတိကို အသိနှင့်ယှဉ်တွဲသော သတိဟုခေါ်ရပါသည်၊၊ သတိနှင့် အသိတို့တွဲစပ် လာပြီ ဖြစ်ပါသည်၊၊

ပထမနည်းဖြင့် သတိထူထောင်မှု အောင်မြင်လာသော ယောဂီသည် ဒုတိယနည်းအတွက် အထူးကြိုး စားဖွယ် မလိုတော့ဘဲသတိက သူ့အလိုလိုပါလာပါသည်၊၊ အသက်ရှည်ရှည် ရှူသည်ကိုလည်း သိလာပါသညါ၊ အသက်တိုတိုရှူသည်ကိုလည်း သိလာပါသည်၊ ဤသတိကို လူကလုပ်ယူရသော သတိမဟုက်တော့သောကြောင့် ဥပဋ္ဌာနသတိဟု ခေါ်ပါသည်၊၊ ဤအဆင့်သို့ရောက်လာသည်နှင့် ယောဂီသည် သိက္ခာသုံးပါးတွင် သမာဓိသိက္ခာနယ်သို့ ရောက်လာပြီ ဖြစ်ပါသည်၊၊

ထိုအခါ ၀ီရိယ၊ သတိ၊ သမာဓိတို့ အားကောင်းလာပြီ ဖြစ်သည်၊ ၀ီရိယက သက်ဆိုင်ရာတရားများကို ထောက်ပံ့လာ ပါသည်၊ သတိကဆိုင်ရာအာရုံများ အလိုလိုထင်လာအောင် ထောက်ပံ့လာပါသည်၊ သမာဓိက စိတ်ကို မပြန့်လွင့်အောင် ငြိမ်သက်နေအောင် ထောက်ပံ့လာပါသည်၊ ဤသို့ဝီရိယ၊ သတိ၊ သမာဓိတို့ ဆိုင်ရာ တရားများကို အညီအညွတ် ထောက်ပံ့လာသောအခါ ယောဂီ၏စိတ်သည် အထူးစုစုစည်းစည်း ဖြစ်လာပါသည်၊ တည်ကြည်လာပါသည်၊ ထိုအခါ စိတ္တ၀ိသုဒ္ဓိဖြစ်ပေါ်လာပါသည်၊၊ စိတ်စင်ကြယ်သည်ဟု ဆိုလိုပါသည်၊၊
စိတ္တ၀ိသုဒ္ဓိ၌ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ၀ါဝင်ပါသည်၊၊ ဤမဂ္ဂင်လေးပါးတို့က ဆိုင်ရာ ကိစ္စများကို ပြုလုပ်သောအခါ သမာဓိသိက္ခာပြည့်စုံလာပါမည်၊ သမာဓိသိက္ခာပြည့်စုံလာသောအခါ ပညာသိက္ခာပြည့်စုံလာပါမည်၊၊ သီလသိက္ခာပြည့်စုံစေရန်အတွက်မူ ပထမနည်းတွင် ထွက်သက်+၀င်သက်ကို သတိမလွတ်အောင် အားထုတ်၍အောင်မြင်စဉ်က သီလသိက္ခာပြည့်စုံစေခဲ့ပြီ ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို သတိထားရှုမှတ်နေရင်းက ကိုယ်ကျင့်သီလကို စင်ကြယ်လာစေပါသည်၊ သတိအားကောင်းမှု၊ မကောင်းမှုအပေါ်တွင်အပေါ်တွင်မူတည်၍ သီလစောင့်ထိမ်းမှုသည်လည်း အစပိုင်းတွင် လူကလုပ်ယူရပါသည်၊ သတိအားကောင်းလာသောအခါ သီလရှိလာအောင် လူကလုပ်ယူစရာမလိုတော့ဘဲ စောင့်ထိမ်းတတ်မှု သီလအလိုလိုယောဂီတွင် တည်လာမည် ဖြစ်ပါသည်၊၊

ဤသို့လျင် နည်း(၂)အောင်မြင်လာသော ယောဂီသည် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ ပြည့်စုံလာပြီ ဖြစ်ပါသည်၊၊ သို့သော် ဤပညာသိက္ခာသည် ၀ိပဿနာအဆင့်သို့ရောက်သောပညာ မဟုက် သေးပါ၊ သမာဓိပညာမျှသာ ဖြစ်ပါသေးသည်၊၊ ထိုပညာကိုအခြေခံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု လက္ခဏာရေးသုံးပါးထင်အောင် ရှုမှတ်နိုင်သောအခါမှ ၀ိပဿနာပညာအဆင့်သို့ ရောက်သည်ဟု ခေါ် ပါသည်၊၊ ဤအဆင့်ကို ဒိဋ္ဌိဝိသုဒ္ဓိ(နာမရူပ ပရိစ္ဆေဒညာဏ်)မှစပြီး နောက်ပိုင်းများ၌သာ ပညာသိက္ခာကို ဖြည့်ခြင်းအဆင့်သို့ရောက်ပါသည်၊၊

ထွက်လေ+၀င်လေနှင့် အာရုံများအပေါ်တွင် လူက သတိကိုလုပ်မယူရဘဲ သတိကသူ့အလိုလိုကပ် သည့်အဆင့်သို့ရောက်လာပြီဆိုလျင် ထိုသတိသည် သမ္မာသတိမဂ္ဂင်ထိုက်သော သတိဖြစ်လာပါသည်၊ သတိ၏တွဲဘက် ၀ီရိယသည်လည်း သမ္မာဝါယာမမဂ္ဂင်ထိုက်လာပါသည်၊ ကုသိုလ်+အကုသိုလ်တို့နှင့် စပ်၍ သမ္မပ္ပဓာန်ကိစ္စပါလာပြီဖြစ်ပါသည်၊၊ တရားရှုမှတ်မှုသည် သူ့အလိုလို ဖြစ်လာပါသည်၊ ဤအဆင့်ကို သတိရှိသူ၊ စိတ်အားထက်သန်သူ၊ သိတတ်သူဟု ခေါ်ဆိုရပါသည်၊၊ ယောဂီသည် နည်း(၂) ဖြင့်အားထုတ်အောင်မြင်ပြီးလျင် ထွက်လေ+၀င်လေတို့၏ ရှည်မှန်း+တိုမှန်းကို သိလာပါသည်၊၊ ခုနှစ်ရက်အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်ပါက ဤနည်းကို နှစ်ရက်ခန့် အချိန်ယူအားထုတ်သင့်ပါသည်၊၊

နည်း(၃)--
ထွက်လေ+၀င်လေတွင် အစ အလယ် အဆုံးဟူ၍ရှိပါသည်၊၊ ယောဂီသည် ထွက်လေ+၀င်လေတို့၏ အစ အလယ် အဆုံးကို တခုခြင်းစီ ခွဲခြားပြီးမှတ်ရပါသည်၊၊ လင်္ကာတွင်"တမှာ လုံးစုံ သိ" ဟု ဆိုထားသည့်အတိုင်း နည်း(၃)အဆင့်သို့ရောက်လာသော ယောဂီသည် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံး အလုံးစုံကို အမှတ်သတိဖြင့် ရှုမှတ်နေရပါသည်၊၊ အလုံးစုံဆိုတာ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးသုံးမျိုးလုံးကို အမှတ်သတိဖြင့် သိနေရမည်ဟု ဆိုလိုပါသည်၊၊

နည်း(၁)တွင် ထွက်သက်+၀င်သက်ကို ထွက်မှန်း+၀င်မှန်းသိအောင် ရှုမှတ်ခြင်းဖြင့် သတိကိုထူထောင်သည်၊ နည်း(၂)ဖြင့် ထွက်သက်+၀င်သက်တို့၏ အရှည်+အတိုကိုသိအောင် ရှုမှတ်ရသည်၊ နည်း(၃)ဖြင့် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုသိအောင် ရှုမှတ်ရသည်၊၊

နည်း(၁)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိခိုင်မာလာပြီ ဖြစ်ပါတယ်၊ နည်း (၂)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိအပြင် အသိ=သမ္ပဇညပါ ယှဉ်တွဲဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်၊ နည်း(၃)ကို အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် ထွက်သက်+၀င်သက် အစ အလယ် အဆုံးကိုသိလာပြီ ဖြစ်ပါသည်၊၊ နည်း(၃)ကို ရှုမှတ်အောင်မြင်သောအခါ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုကောင်းကောင်းကြီး အသေးစိတ် သိမြင်လာပါသည်၊၊ ဤနည်းကို ခုနှစ်ရက်အဓိဌာန်ဖြင့် အားထုတ်သူသည် သုံးရက်ခန့်အားထုတ်ရှုမှတ် သင့်ပါသည်၊၊

နည်း(၄)--
နည်း(၃)ကို အားထုတ်အောင်မြင်ပြီးသော ယောဂီသည် သတိနှင့် သမာဓိတို့ အလွန်အားကောင်းလာပါသည်၊၊ သို့သော် ထွက်သက်+၀င်သက်ကိုနိုင်နင်းခြင်း မရှိသေးပါ၊ ထွက်သက်+၀င်သက်တို့သည် ယောဂီ၏ ဆန္ဒအတိုင်း မဖြစ်သေးပါ၊ ထို့ကြောင့် ယောဂီသည် ထွက်သက်+၀င်သက်ကို နိုင်နင်းစေရန်၊ မိမိဆန္ဒအတိုင်းဖြစ်စေရန် နည်း(၄)ကို အားထုတ်ရမည် ဖြစ်ပါသည်၊၊ "စမှာ ငြိမ်းလေဘိ"ဟူသည့်အတိုင်း နည်း(၄)တွင် ယောဂီသည် ထွက်သက်+၀င်သက်ကို ငြိမ်းအောင် အားထုတ်ရမည် ဖြစ်ပါသည်၊၊

ဆိုလိုသည်မှာ ကြမ်းတမ်းသည့် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် အားထုတ်ရှု မှတ်ရမည်ဟု ဆိုလိုပါသည်၊၊ ထွက်သက်+၀င်သက်တို့သည် ခန္ဓာကိုယ်နှင့် ဆက်စပ်နေသဖြင့် ခန္ဓာကိုယ်အမူအရာများကြမ်းပါက ထွက်သက်+၀င်သက်လည်း ကြမ်းပါသည်၊ ခန္ဓာကိုယ်အမူအရာ နူးညံ့ပါက ထွက်သက်+၀င်သက်လည်း နူးညံ့လာပါသည်၊၊ ထို့ကြောင့် နည်း(၄)တွင် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် ရှုမှတ်ရပါသည်၊၊ ဤနည်းကို ခုနှစ်ရက် အဓိဌာန်ဖြင့် အားထုတ်သူသည် နှစ်ရက်ခန့် အားထုတ်သင့်ပါသည်၊၊

ဤနည်းကို ကြိုးစားအားထုတ် ရှုမှတ်သဖြင့်အောင်မြင်လာသော ယောဂီသည် ထွက်သက်+၀င်သက်များ နူးညံ့လာပါသည်၊ ငြိမ်းလာပါသည်၊ ကိုယ်ခန္ဓာတို့သည်လည်း နူးညံ့လာပါသည်၊ ငြိမ်းအေးလာပါသည်၊၊ ကိုယ်ရောစိတ်ပါ နူးညံ့၊ ငြိမ်းအေးသည့်အဆင့်သို့ ရောက်လာပါသည်၊၊ ကိုယ်ကာယများစင်ကြယ်ပြီး၊ ကိုယ်၏ပူပန်ခြင်း စိတ်၏ပူပန်ခြင်းများ မဖြစ်တော့ပါ၊ ထွက်လေ+၀င်လေတို့သည်လည်း နူးညံ့လာပါသည်၊ သိမ်မွေ့လာပါသည်၊ ငြိမ်းသွားသည်အထိပင် သိမ်မွေ့လာပါသည်၊ ကိုယ်ကာယ များစင်ကြယ်လျင် ထွက်သက်+၀င်သက်နူးညံ့သိမ်မွေ့လာသည်မှာ သဘာဝပင် ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ရှုမှတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သမာဓိရရှိရန်ဖြစ်ပါသည်၊၊ သမာဓိရရှိရန်-အပြစ်ကင်းစင်မှု=သီလ၊ စိတ်နှလုံးကြည်လင်မှု=အ၀ိပ္ပဋိသာရ၊ ၀မ်းမြောက်မှု=ပါမောဇ္ဇ၊ နှစ်သက်မှု= ပီတိ၊ ငြိမ်းအေးမှု=ပဿဒ္ဓိ၊ ချမ်းသာမှု=သုခတို့လိုအပ်ကြောင်း ပါဠိတော်တွင်ဆိုပါသည်၊၊ ထိုလိုအပ်ချက်ကို ပြည့်စုံစေရန် ထွက်သက်+၀င်သက်နည်းဖြင့် ရရှိရန်ဤစတုက္ကနည်းကို ဗုဒ္ဓရှင်တော်သင်ပြ ညွှန်ကြားထားခြင်း ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို ရှုမှတ်ခြင်းဖြင့် သမာဓိရလာသောအခါရရှိသော သမာဓိကိုလိုက်၍ ယောဂီ၏ သန္တာန်တွင် နိမိတ်များထင်ပေါ်လာတတ်ပါသည်၊၊ အထက်တွင်ဖော်ပြခဲ့ပြီးသော နည်း(၄)မျိုးဖြင့် ရှုမှတ် အောင်မြင်လာသော ယောဂီသည် သမာဓိသိက္ခာကောင်းကောင်းကြီး ထူထောင်မိပြီ ဖြစ်ပါသည်၊၊ ထူထောင်ရရှိလာသော သမာဓိကိုလိုက်၍နိမိတ်(၃)မျိုး ယောဂီ၏အာရုံတွင် ထင်ပေါ်လာတတ်ပါ သည်၊၊ နိမိတ်(၃)မျိုးမှာ---
(၁) ပရိကမ္မနိမိတ်
(၂) ဥဂ္ဂဟနိမိတ်
(၃) ပဋိဘာဂနိမိတ် တို့ဖြစ်ပါသည်၊၊

‘ပရိမ္မနိမိတ်’ဆိုသည်မှာ ထွက်သက်+၀င်သက်အရာ၌ ထွက်လေ+၀င်လေကိုပင် ခေါ်ပါသည်၊၊ ထွက် လေ+၀င်လေကို ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် သတိကပ်ပြီး ရှုမှတ်သဖြင့် ရရှိလာသော သမာဓိကို “ပရိကမ္မသမာဓိ”ဟု ခေါ်ပါသည်၊၊ ‘ပရိကမ္မ’ဟူသည် မူလအခြေခံ ထွက်လေ+၀င်လေဟူ၍ ဖြစ်ပါသည်၊ “ပရိကမ္မသမာဓိ”ဆိုသည်မှာလည်း အခြေခံအဆင့် သမာဓိကိုခေါ်ပါသည်၊၊

‘ဥဂ္ဂဟနိမိတ်’ဆိုသည်မှာ စိတ်ဖြင့်(မနောဒွါရ)ယူအပ်သော အာရုံတခုခုဖြစ်ပါသည်၊၊ မူလအခြေခံ ထွက်လေ+၀င်လေထက်ကျော်လွန်သော အခြားအာရုံကို ခေါ်ပါသည်၊၊ ထိုအာရုံများမှာ ပါဠိတော်တွင် များစွာပြဆိုထားပါသည်၊၊ အလင်းရောင် အမျိုးမျိုး၊ အဆောက်အဦးအမျိုးမျိုး၊ အမြင်အာရုံအမျိုး၊ သစ် ပင်၊ တော တောင်၊ ရေမြေ၊ ကောင်းကင်၊ မိန်းမ၊ ယောကျာင်္း၊ အဆင်းအာရုံအမျိုးမျိုး၊ အသံအာရုံ အမျိုး မျိုး၊ စသည်ဖြင့် အာရုံပေါင်းမြောက်များစွာကို မျက်စိဖြင့်မြင်နေရသလို စိတ်ထဲတွင် ထင်ပေါ်လာသော အာရုံများကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ဆိုပါသည်၊၊ တရားအားထုတ်နေရင်း သမာဓိရလာသောအခါ ယောဂီ ၏စိတ်ထဲတွင် ပေါ်လာတတ်သည့်အာရုံများပင် ဖြစ်ပါသည်၊၊ ဤအဆင့်တွင်ရသောသမာဓိကို “ပရိ ကမ္မသမာဓိ”ဟုပင် ခေါ်ရပါသည်၊ ရှေ့တွင်ရခဲ့သော ‘ပရိကမ္မသမာဓိ’ထက် အဆများစွာပိုပြီး တည် ကြည် လာပါသည်၊၊

‘ပဋိဘာဂနိမိတ်’ဆိုသည်မှာ ‘ဥဂ္ဂဟနိမိတ်’ထက် ကျော်လွန်သည့်အဆင့်ကို ခေါ်ပါသည်၊၊ ဥဂ္ဂဟနိမိတ် အဆင့်တွင် တည်ငြိမ်မှု မရှိသေးပါ၊ ခပ်မှိန်မှိန်ဖြစ်နေပါသည်၊ ပဋိဘာဂနိမိတ်အဆင့်တွင်မှ မလှုပ်ရှား တော့ဘဲ တည်ငြိမ်လာပါသည်၊ သမာဓိသည်ပေါ်လိုက် ပျောက်လိုက်လည်း မဟုက်တော့ဘဲ တည်နေ ပါသည်၊ ဤအဆင့်တွင်ရသောသမာဓိကို “ဥပစာရသမာဓိ”ဟု ခေါ်ပါသည်၊ “ဥပစာရဈာန်”ဟုလည်း ခေါ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်တွင် အာရုံတမျိုးတည်းဖြစ်သော်လည်း သမာဓိနှစ်မျိုး ကွဲပါသည်၊ အနည်းငယ်နုသောသမာဓိကို “ဥပစာရသမာဓိ”ဟုခေါ်ပြီး၊ ပို၍ရင့်ကျက်သော သမာဓိကို “အပ္ပနာ သမာဓိ”ဟု ခေါ်ပါသည်၊၊

ပဋိဘာဂနိမိတ်အပေါ်၌ စိတ်ကိုထားပြီး အားထုတ်ခြင်းကို ဌပနာနည်းဟု ခေါ်ဆိုကြောင်း ထိုထိုဝိပဿနာရှုနည်းကျမ်းများ၌ လေ့လာရပါသည်၊ ဌပနာနည်းဖြင့် ဆက်လက် ရှုမှတ်အားထုတ်လျင် ဈာန်အမျိုးမျိုးကိုရရှိနိုင်သည်ဟုလည်း ဆိုပါသည်၊၊ ဤအဆင့်သည် သမာဓိထူ ထောင်မှု အထွဋ်အထိပ်ရောက်သော အဆင့်ဖြစ်ပါသည်၊၊ ဤအဆင့်မှနေပြီး ယောဂီသည် ၀ိပဿနာသို့ ကူးရပါသည်၊၊
ဝိပဿနာသို့ ကူးသောအခါ သီလရှိခြင်း၊ သမာဓိကောင်းခြင်း၊ ဒိဋ္ဌိကင်းစင်ခြင်း၊ ၀ိစိကိစ္ဆာကင်းခြင်း ဆိုသည့် အရည်အခြင်းလေးမျိုး လိုအပ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်သို့ရောက်လာသော ယောဂီသည် သမာဓိကိုတည်ဆောက်ပြီး ဖြစ်သည့်အတွက် စိတ်စင်ကြယ်လာပြီဟု ဆိုပါသည်၊၊

ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းရန် ၀ိပဿနာကို ဆက်လက်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့မကူးဘဲ ထွက် လေ+၀င်လေကိုပင် ဆက်လက်အားထုတ်လျင် ဈာန်များရလာပါမည်၊၊ အဘိညာဉ်များဖြင့် မြေလျိုး၊ မိုးပျံလုပ်ချင်သူများအတွက် ဈာန်များကို ဤအဆင့်တွင်ဆက်လက်အားထုတ်ပါက ရရှိလာနိုင်ပါသည်၊၊ သမထလမ်းဟု ခေါ်ဆိုပါသည်၊၊

သမထမှ ၀ိပဿနာသို့ကူးရာတွင် “ခဏိကသမာဓိ”အဆင့်မှလည်း ကူးနိုင်သည်၊ “ဥပစာရ သမာဓိ”အ ဆင့်မှလည်း ကူးနိုင်သည်၊ “အပ္ပနာသမာဓိ”မှလည်း ကူးနိုင်ပါသည်၊၊ ခဏိကသမာဓိအဆင့်ဆိုသည်မှာ ‘ပရိကမ္မနိမိတ်’နှင့် ‘ဥဂ္ဂဟနိမိတ်’အဆင့်များကို ခေါ်ပါသည်၊ ‘ဥပစာရသမာဓိ’အဆင့်နှင့် ‘အပ္ပနာသမာဓိ’အဆင့်ဆိုသည်မှာ ‘ပဋိဘာဂနိမိတ်’အဆင့်ကိုခေါ်ပါသည်၊၊ အပ္ပနာသမာဓိအဆင့်မှ ၀ိပဿနာသို့ကူးသည်မှာ အကောင်းဆုံးဖြစ်သည်ဟု ၀ိပဿနာနည်းပြကျမ်းများစွာတွင် ဆိုပါသည်၊၊

ထွက်လေ+၀င်လေကို နည်း(၄)အဆင့်အထိ ရှုမှတ်ရာမှဖြစ်ပေါ်လာနေသည့် နာမ် ရုပ်ကို အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်သုံးသပ်သည်ကို ၀ိပဿနာဟု ခေါ်ပါသည်၊၊ နာမ်+ရုပ်အပေါ်တွင် လက္ခဏာရေး သုံးပါးတင်၍ ဆင်ခြင်သုံးသပ် မှတ်ရှုသဖြင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းပြီး နာမ်ရုပ်ကို ပိုင်းခြားသိသော “နာမရူပပရိစ္ဆေဒညာဏ်”နှင့်၊ နာမ်ရုပ်၏ အကြောင်းကိုသိမ်းဆည်းသော “ပစ္စယပရိဂ္ဂဟညာဏ်”များကို ရလာပြီဆိုလျင် “စူဠသောတာပန်(ကလျာဏပုထုဇဉ်)” ဖြစ်ပါသည်၊၊ ဤအဆင့်တွင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို တဒင်္ဂပဟာန်ဖြင့် ပယ်နိုင်သောကြောင့် ဒုတိယဘ၀အတွက် စိတ်အေးရပြီ ဖြစ်ပါသည်၊၊

ဝိပဿနာသို့ကူးခြင်းဟူသည်မှာ ထွက်လေနှစ်မျိုးတွင် ထွက်လေသည် ရုပ်ဖြစ်သည်၊၊ ထွက်လေဟု သိနေသည်မှာ နာမ်ဖြစ်သည်၊၊ ၀င်လေသည် ရုပ်ဖြစ်သည်၊၊ ၀င်လေဟုသိနေသည်မှာ နာမ်ဖြစ်သည်၊၊ ဤသို့ ထွက်လေ+၀င်လေကို ရုပ်နှင့် နာမ်ဟု ခွဲခြားသိအောင်ရှုမှတ်ရသည်ကို ၀ိပဿနာရှုမှတ်သည်ဟု ခေါ်ပါသည်၊၊ ရုပ်+နာမ်နှစ်မျိုးတွင် ရုပ်သည် ထာဝရမတည်သော အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ မိမိအလိုသို့ မလိုက်မှု အနတ္တဖြစ်သည်ဟု ဆင်ခြင်သုံးသပ်လာသောအခါ ၀ိပဿနာဉာဏ်အဆင့်ဆင့် တက်လာပြီး စူဠသောတာပန်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဟူသော အထက်မဂ်ဖိုလ်အဆင့်များကို ကျင့်စဉ်၏အကျိုးဆက်အဖြစ်ရ ရှိလာမည်ဖြစ်ပါသည်၊၊

စူဠသောတာပန်အဆင့်ကိုရရှိရန် နာမ်နှင့် ရုပ်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြင့်သိရန် လို အပ်ပါသည်၊၊ နာမ် ရုပ်ကို အကြောင်းနှင့်အတူတကွသိခြင်းကို စာပေဝေါဟာရဖြင့် လက္ခဏ၊ ရသ၊ စသည်ဖြင့်ခေါ်ဆိုခြင်း ဖြစ်ပါသည်၊၊ ဤအဆင့်ကို သာမန်ဉာဏ်အသင့်အတင့်ရှိသူ(ဒွိဟိတ်) များပင် ရရှိနိုင်ကြောင်း ၀ိပဿနာရှုနည်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊

အာနာပါနသတိ=ထွက်လေ+၀င်လေကို အထက်တွင်ဖော်ပြခဲ့ပြီးသော နည်းများအတိုင်း စနစ်တကျ လေ့လာ ရှုမှတ်၊ အားထုတ် ပွားများမည်ဆိုလျင် ဗုဒ္ဓဘာသာဝင် ဟုတ်သူဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုက်သူဖြစ်စေ ဘ၀၏အဆုံးစွန်ပန်းတိုင် မဂ်ဖိုလ်ချမ်းသာများနှင့်အတူ၊ သန္တိသုခဟုဆိုအပ်သော အမြတ်ဆုံး အအေးချမ်းဆုံး၊ အခိုင်မာဆုံးသော မြတ်နိဗ္ဗာန်ကို ရရှိမည်အမှန် ဖြစ်ပါသည်၊၊

အရှင် သတိပဋ္ဌာန်နှင့်ဆက်စပ်၍ စာတမ်းနှစ်ခုကို “အလင်း စက်”ဆိုက်တွင်တင်ခဲ့ပါသည်၊၊ သတိပဋ္ဌာန် မိတ်ဆက်စာတမ်းနှင့် ယ္ခုတင်သော အာနာပါနသတိပဋ္ဌာန် ရှုမှတ်နည်းတို့ ဖြစ်ပါသည်၊၊ သတိပဌာန်မိတ်ဆက်ကိုတင်ပြရာမှ စာဖတ်သူများ၏ တောင်းဆိုလာမှုကြောင့် အာနာပါန သတိပဋ္ဌာန် ရှုမှတ်နည်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်၊၊ ရှုမှတ်လိုသူများအတွက် အခြေခံနည်းအနေဖြင့် အတိုင်းအတာတခုအထိ ပြည့်စုံသည်ဟု အရှင်ယူဆပါသည်၊၊ အကျယ်သိလိုသူများအတွက် အရှင်ညွှန်းထားသောကျမ်းများကို အင်တာနက်တွင်ရှာဖွေပြီး အသေးစိတ်လေ့လာရန်ဖြပ်ပါသည်၊၊

ဤစာတမ်းတွင် အမှားတစုံတရာတွေ့ရှိရပါက မေတ္တာဖြင့် ညွှန်ပြပေးကြပါရန်လည်း တောင်းပန်လိုပါသည်၊၊ အာနာပါနသတိ ပဋ္ဌာန်ကိုအားထုတ်ရာတွင် Walking meditation=လမ်းလျောက်၍ ရှုမှတ်ပုံသည်လည်း မပါမဖြစ်လိုအပ်ပါသည်၊ အရှင် အလျင်းသင့်သောအခါ လမ်းလျောက်၍ ရှုမှတ်ပုံကို တင်ပြမည်ဖြစ်ပါသည်၊၊
သတိပဋ္ဌာန် လေ့လာ မှတ်သား၊ ရှုမှတ် အားထုတ်ခြင်းဖြင့် ဘ၀၏ဖိအားအမောများ ပြေပျောက်ပြီး၊ နိဗ္ဗာန်ချမ်းသာကို ရရှိကြပါစေလို့ ဆန္ဒပြုလျက် အာနာပါနသတိ=ထွက်လေ+၀င်လေစာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၆.၁၂.၂၀၁၀)

(မှတ်ချက်/ ဒီ၊သတိပဋ္ဌာနသုတ်၊ မဇ်၊ မဟာသတိပဋ္ဌာနသုတ်၊ ၀ိပဿနာရှုနည်းကျမ်းများ၊ အတ္တ၀ါဒမှ အနတ္တ၀ါဒသို့ ခရီးစဉ်(ဦးရွှေအောင်)The heart of Buddhist meditation(Nyanaponika thera) Education for Mindfulness(Venerable Mirisse Dhammika)စာအုပ်များကို ကိုးကား၍ ဤစာတမ်းကိုရေးသားပါသည်၊၊)

အပြည့်အစုံသို့....

Monday, November 22, 2010

အင်ဒိုနီးရှားဗုဒ္ဓသာသနာ နိဒါန်း၊၊ ၊၊





အရှင် စာမေးပွဲအတွက် လိုအပ်ရာရာတွေကို လေ့လာရန် တက္ကသိုလ်စာကြည့်တိုက်သို့ အကြိမ်များစွာ သွားရောက်ပြီး လေ့လာဖွယ်ရာများကို လေ့လာရသည်၊၊ စာကြည့်တိုက်ထဲတွင် အမှတ်မထင် စာအုပ်ကြီး တအုပ်ကိုတွေ့လိုက်ရသည်၊ သေခြာလှန်ကြည့်တော့မှ ဗောရောဗုဒေါ စေတီတော်ကြီး အကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်ကို သိလိုက်ရသည်၊၊ ဖတ်ရင်း ဖတ်ရင်း စိတ်ဝင်စားလာတာကြောင့် လိုအပ်သည့် အချက်အလက်များပါဝင်သည့် စာရွက်များကို မိတ္တူကူးယူခဲ့ရသည်၊၊ စာမေးပွဲပြီးလျင် ဤစေတီတော်ကြီးအကြောင်းကို စာတမ်းရေးပြီး “အလင်းစက်” ဆိုက်တွင်တင်မည်ဟု မှတ်သားထားလိုက်သည်၊၊

ကမ္ဘာ့အကြီးဆုံးမှတ်တမ်းတင် ဗုဒ္ဓစေတီတော်ကြီး သမိုင်းနှင့် ခေတ်အဆက်ဆက် ဖြတ်သန်းလာပုံများကို “အလင်း စက်” စာဖတ်သူများသိစေချင်တာကြောင့် အရှင် သမိုင်းအချက်အလက်များကိုရနိုင် သမျှရှာဖွေစုဆောင်းပြီး ရေးသားတင်ပြလိုက်ပါသည်၊၊ အမှားများ၊ ချို့ယွင်းချက်များ၊ ကွာဟချက်များရှိလျင် “အလင်းစက်”ကို ထောက်ပြ အကြံပြုကြဖို့လည်း တောင်းပန်လိုပါသည်၊၊ သေခြာလေ့လာကြည့်သောအခါမှ ဤစေတီတော်ကြီးသမိုင်းသည် ဘာသာရေးသက်သက်တွင်မကဘဲ နိုင်ငံရေး၊ လူမှုရေးများပါ ရောနှောပါဝင်နေသည်ကို သိရသည်၊၊ သုတေသနစာတမ်းကြီး တစောင်လောက်ရေးမှ ပြည့်စုံမည်ကိုလည်း သဘောပေါက်မိသည်၊၊ တိုတိုနှင့် စာဖတ်သူစိတ်ဝင်စားလောက်သည့် အချက်အလက် တချို့တ၀က်ကို စုစည်းပြီး ဤစာတမ်းကို ကြိုးစားလိုက်ခြင်းဖြစ်ပါသည်၊၊

အင်ဒိုနီးရှားနိုင်ငံသည် သြစတြေးလျတိုက်နှင့် အာရှတိုက်အကြား အီကွေတာပေါ်တွင်တည်ရှိသော ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်၊၊ အရှေ့အန္ဒိယကျွန်းစုနိုင်ငံဟု ခေါ်ဆိုနိုင်ပါသည်၊၊ ကျွန်းပေါင်း(၁၇၅၀၈) ကျော်ရှိသည်ဟု မှတ်တမ်းများအရသိရသည်၊၊ ထင်ရှားသော ကျွန်းကြီးများမှာ---
(၁) စုမတြားကျွန်း၊
(၂) ဂျာဗားကျွန်း၊
(၃) ဗာလီကျွန်း၊
(၄) ၀က်ဂီယန်(ခေါ်) နယူးဂီနိကျွန်း
(၅) အနောက်ပိုင်း ကလီမန္တံ (ခေါ်) ဘိုညိုတောင်ပိုင်းကျွန်း၊
(၆) စူလဝေစီ(ခေါ်) စေလေဘတ်ကျွန်းတို့ ဖြစ်သည်၊၊

ဤနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိနေသောကြောင့် ပူအိုက်သောနိုင်ငံဖြစ်သည်၊၊ သို့သော် မိုးမကြာခဏ ရွာလေ့ရှိသောကြောင့် ရာသီဥတုမှာ နေသာသည်ဟုပင်ဆိုနိုင်သည်၊၊ ဂျုံနှင့် စပါးတို့ အထွက်ကောင်းသောကြောင့် ကျွန်း၏နာမည်ကိုပင်ဂျာဗား(ယ၀)=ဂျုံစပါးပေါသောကျွန်းဟု ခေါ်တွင်ခဲ့သည်၊၊ ဂျာဗားကျွန်းနှင့် ဗာလီကျွန်းတွင်နေထိုင်သူများမှာ ရုပ်ရည်အားဖြင့် မြန်မာတို့နှင့် များစွာဆင်တူသည်၊၊ 

အလုပ်အကိုင်မှာလည်း လယ်ယာကိုအဓိကထားပြီး လုပ်ကိုင်ကြလေသည်၊၊ ယ္ခုအခါ စက်မှု ထွန်းကားသောနိုင်ငံတစ်ခု အဆင့်သို့ရောက်နေပြီလည်း ဖြစ်သည်၊၊ ဤနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေသိက်သည်းလွန်းသော နိုင်ငံများစာရင်းတွင် ပါဝင်ပါသည်၊၊ လူဦးရေမီလီယမ်(238) မျှရှိသည်ဟု မှတ်တမ်းတွင် ဖော်ပြထားပြီး၊ ဒေသသုံး ဘာသာစကားမျိုးပေါင်း(၅၀၀)ကျော်မျှ ရှိသည်ဟု သိရပါသည်၊၊ နိုင်ငံ၏မြေအကျယ်အ၀န်းနှင့် လူဦးရေများစွာ မမျှတသောနိုင်ငံ ဖြစ်သည်၊၊ ယ္ခုအခါ အန္ဒိယမှ ကုန်သည်များနှင့် တရုတ်ပြည်မှ ကုန်သည်တို့အခြေချနေထိုင်သောနိုင်ငံ ဖြစ်သောကြောင့် Indochina=အင်ဒိုချိုင်းနားဟုလည်း ခေါ်တွင်လေသည်၊၊

အင်ဒိုကျွန်းတွင် မူလနေထိုင်ကြသည့်လူမျိုးများမှာ ဘာဘေးရီးယန်းလူမျိုးများဖြစ်သည်ဟု သမိုင်းမှတ်တမ်းက ဆိုပါသည်၊၊ သူတို့သည် တော တောင်နှင့် ပင်လယ်များတွင် သားငါးရှာဖွေ စားသောက် အသက်မွေးကြသည့် လူရိုင်းသာသာလူမျိုးစုများလည်း ဖြစ်သည်၊၊ လွန်ခဲ့သော နှစ်ပေါင်း(2000) ကျော်က အန္ဒိယပြည်မှ ကုန်သည်များသည် စုမတြားကျွန်းသို့ ကုန်ရောင်းရောက်လာပြီး၊ ဂျာဗားကျွန်းအထိ ရောင်းဝယ်ကြသည်ဟု မှတ်တမ်းတွင်တွေ့ရသည်၊၊

 အန္ဒိယမှကုန်သည်များသည် ကုန်သွယ်မှုနှင့်အတူ အန္ဒိယယဉ်ကျေးမှု၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတရားတို့ကို စုမတြားကျွန်းသို့ သယ်ဆောင် လာကြပြီး၊ အခြေခြနေထိုင်သည်အထိ နယ်မြေချဲ့လာခဲ့ကြသည်၊၊ ရိုးရာအစဉ်အလာ နတ်ဒေ၀တာများကို ကိုးကွယ်သည့် အင်ဒိုကျွန်းဒေသခံ(ဘာဘေရီယန်း)တို့အား ကုန်သည်လူသစ်များက ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာသို့တစတစ သွတ်သွင်းခဲ့သောကြောင့် ကာလကြာလာသောအခါ ဟိန္ဒူဘာသာ ၀င်နှင့် ဗုဒ္ဓဘာသာဝင်ဘုရင်များ အုပ်စိုးသည့် နိုင်ငံတခုဖြစ်လာခဲ့သည်၊၊

ထိုဘုရင်များထဲတွင် (A.D.7)ရာစု၊ စုမတြားတောင်ပိုင်း ပလင်ဘန်းမြို့တော်တွင် နန်းစိုက်သော သီရိဝိ ဇယမင်း၏ လက်ထက်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်၊၊ ထိုမင်းကြီးသည် သီရိဝိဇယ တက္ကသိုလ်ကြီးကိုတည်ထောင်၍ သက္ကဋစာပေ ဟိန္ဒူစာပေနှင့် ပါဠိစာပေအပြင် အခြားတိုင်းတပါး စာပေများကိုပါ တက္ကသိုလ်ဘာသာရပ်များအဖြစ် သင်ကြားစေသဖြင့် ထိုတက္ကသိုလ်ကြီးမှာ ခေတ်အခါအလျောက် နာမည်ကြီးသော စာပေလေ့လာရေး ဌာနကြီးတခု ဖြစ်ခဲ့ သည်ဟုလည်း သမိုင်းမှတ်တမ်းတွင် လေ့လာရပါသည်၊၊

 နိုင်ငံတကာမှ ကျောင်း သားများ လာရောက် ပညာသင်ကြသည့် တက္ကသိုလ်ကြီးတခုလည်း ဖြစ်သည်၊၊ ဤတက္ကသိုလ် ကြီးကြောင့် စုမတြားကျွန်းသည် ထိုခေတ်က အင်ဒိုနေရှားကျွန်းအားလုံးတွင် ထင်ရှားခဲ့သည်၊၊ တရုပ်ရဟန်းတော် ဟူယင်စန်၏ ခရီးသွားမှတ်တမ်းတွင်လည်း “သူ အင်ဒိုကျွန်းသို့ရောက်စဉ်က သံဃာတော်(၁၀၀၀)ကျော် စာသင်နေသည့် တက္ကသိုလ်ကြီးတခုကို တွေ့ခဲ့ရကြောင်း” ခရီးသွားမှတ်တမ်းစာအုပ်တွင် ဖော်ပြထားပါသည်၊၊

နောက်ထပ်ထူးခြားစေသော ပြယုဂ်မှုတစ်ခုမှာ(A.D.8)ရာစုက တည်ဆောက်ခဲ့သော ဗောရောဗုဒေါ စေတီတော်ကြီးဖြစ်သည်၊၊ ဤစေတီတော်ကြီးကို ကမ္ဘာ့အကြီးဆုံးသော ဗုဒ္ဓစေတီတော်ကြီးအဖြစ် UNESCO က အသိမှတ်ပြုထားသည့် ကမ္ဘာ့အမွေအနှစ် World Heritage ဖြစ်သည်၊၊ ဤမျှကြီးမားသော စေတီတော်ကြီးတစ်ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်က ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကားသောနိုင်ငံဖြစ်ကြောင်း သိသာသည်၊၊

 စေတီတော်ကြီးသည် Central Java Island,Jogiakarta city တွင် တည်ရှိပြီး၊ အဆင့်(၁၀) ဆင့်ရှိသည်၊၊ စေတီတော်ပေါ်သို့ လေးမျက်နှာက်မှ အပေါ်ထပ်အဆုံးအထိ ကျောက်လေကားဖြင့် တိုက်ရိုက်တက်နိုင်ပါသည်၊၊ စေတီတော်ကြီးတွင် ပတ်ပတ်လည်သွားလာနိုင်သော အဆင့် ကိုးဆင့်ရှိသည်၊၊ ဖိနပ်တော်မှ အမြင့်ပေ(၁၃၈.၆)နှင့် ထုထည်ပေ(၄၆၇၄၄.၅)၊ အကျယ်ပေ (၃၉၆)ရှိသည်ဟု မှတ်တမ်းများတွင် လေ့လာသိရှိရသည်၊၊ ဤဗောရောဗုဒေါစေတီတော်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝတ် ကျောင်းတော်ကြီးထက် အနှစ်သုံးရာ စောကြောင်းလည်း UNESCO မှတ်တမ်းများက အခိုင်အမာဆိုထားပါသည်၊၊

အန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်ဟောင်းကို တူးဖော်စဉ်ကလည်း အင်ဒိုနီးရှားနိုင်ငံနှင့်ပတ်သက်သော ကြေးပြားစာတမ်းကို တွေ့ခဲ့ကြသည်၊ ထိုကြေးပြားတွင်“သုဝဏ္ဏဒီပခေါ် စုမတြားကျွန်းဘုရင် သီရိဗလ ပုတ္တဒေ၀က ရာဇဂြိုဟ်ပြည်နယ် ဂယာစီရင်စုမှ ရွာငါးရွာကို မိမိပိုင်သော စုမတြားမှ ရွာငါးရွာနှင့် လဲလှယ်၍ နာလန္ဒာကျောင်းတော်ကြီးအား လှုပါ၏”ဟုရေးသားထားသည်ကို တွေ့ကြရလေသည်၊၊

ထိုကြေးစာတမ်းမှ‘သုဝဏ္ဏဘူဒီပ’ဟူသောစာကိုထောက်ဆ၍ သီရိဓမ္မာသောကမင်းလက်ထက်က ကိုးတိုင်း ကိုးဌာနသာသနာပြုရာတွင်ပါဝင်သော ‘သုဝဏ္ဏဘူမိ’ဟူသည် စုမတြားကျွန်းဖြစ်သည်ဟုလည်း သမိုင်းဆရာတို့ ဆိုကြသည်၊၊ ဤမှတ်တမ်းသက်သေများကိုထောက်ဆ၍ အင်ဒိုနီးရှားနိုင်ငံတွင် ခရစ်တော်မပေါ်မှီ နှစ်ပေါင်း(300)ခန့်ကပင် ဗုဒ္ဓဘာသာနှင့် သာသနာစည်ပင်ခဲ့ကြောင်း သမိုင်းသုတေသီတို့က ဆုံးဖြစ်ကြသည်၊၊

“ဗောရောဗုဒေါ”ဟူသောအမည်မှာ “၀ိဟာရ ဗုဒ္ဓေါ”မှဆင်းသက်လာသည်ဟု ဘာသာဗေဒပညာရှင်တို့က ဆိုသည်၊ ‘မြတ်စွာဘုရား ကျောင်းတော်’ဟု ဆိုလိုဟန်ရှိသည်၊၊ “ဗုဒူးရွာတွင်တည်ရှိသောကြောင့် ဗောရောဗုဒေါ ဟုခေါ်သည်”ဟုလည်းဆိုသည်၊၊ စေတီတော်ကြီးသည် အောက်ခြေမှ ဖိနပ်တော်မှ (၃၉၄)ပေ၊ အလျား အနံစီရှိသည်၊၊ အမြင့်ပေ(၁၃၈)ပေ မြင့်ပါသည်၊၊ ဖိနပ်တော်အထက်တွင် အဆင့် လေးဆင့်ရှိ၍၊ ၀ရံတာ အကာအရံရှိပါသည်၊၊

 စေတီတော်ကြီးကို cubic meter 55000 volcanic stonesများဖြင့် တည်ဆောက်ထားသည်ဟု သိရပါသည်၊၊ နှစ်ပေါင်း(၇၀)ကျော်ကြာ တည်ဆောက်ရ သည်ဟုလည်း စေတီတော် အတ္ထုပ္ပတ္တိစာတမ်းများက ဆိုပါသည်၊၊ အဆင့်တိုင်းတွင် ပတ်၍လှည့်လည် ကြည့်ရှုနိုင်သော လမ်းရှိသည်၊ ၀ရံတာ၏ အထက်တွင် ဘုရားကျောင်းဆောင်လေးများရှိပြီး၊ အဆောင်တိုင်းတွင် လူတကိုယ်စာမျှကြီးသော တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု ရုပ်ပွားတော်တစ်ဆူစီရှိသည်၊၊

ထိုဆင်းတုတော်များမှာ တမျက်နှာတွင်(၁၀၈)ဆူရှိသည်၊၊ လေးမျက်နှာပေါင်းလျင်(၄၃၂) ဆူဖြစ်ပါသည်၊၊
မြောက်ဘက်မျက်နှာမှ ရုပ်ပွားတော်များသည် လက်ယာလက်ဝါးဖြင့်ကာလျက် ဟန့်တားနေဟန်ဖြစ်သည်၊ ထိုသို့သော မြတ်စွာဘုရားရှင်၏ အမူအရာကို‘အဘယ မုဒြ’ဟု စာအခေါ်ရှိသည်၊ အားပေးလျက် တရားဟောတော်မူဟန်ဖြစ်သည်၊၊ အရှေ့ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ဝါးကို လက် ယာခြေတော်ပေါ်၌ မှောက်လျက် တင်ထားသည့်ပုံများ ဖြစ်ပါသည်၊ ‘ဘူမိဖဿ မုဒြ’ဟု ခေါ်သည်၊ မြေကိုသက်သေတည်၍ တရားတော် ဟောနေဟန်ဖြစ်သည်၊၊

တောင်ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ယာလက်ဖ၀ါးကို လက်ယာခြေတော်ပေါ်၌ ပက်လက်လှန်ဖြန့်လျက် တင်ထားပုံများဖြစ်သည်၊၊‘ဒါန မုဒြ’ဟုခေါ်သည်၊ ပစ္စည်း ဥစ္စာကို တွယ်တာ တတ်မက်မှုဖြင့် သိမ်းဆုပ်မထားဘဲ ပယတ ပါဏိ=ဖြန့်ထား သောလက်ရှိလျက် ရက်ရက်ရောရော အလှုဒါနပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်သည်၊၊ အနောက်ဘက်မျက်နှာမှ ဆင်း တုတော်များသည် လက်ဝဲလက်ပေါ်မှာ လက်ယာလက်ကို ပက်လက်လှန်လျက် တင်ထားပုံများ ဖြစ်သည်၊ ‘ဈာန မုဒြ’ဟုခေါ်သည်၊ မြတ်စွာဘုရားရှင် ဈာန်ဝင်စားနေပုံ ဖြစ်သည်၊၊

အဆင့်လေးဆင့်တွင် အတွင်းအပြင်နံရံများ၌ (၅၅၀)ဇာတ်တော် ရုပ်ပုံများ၊ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ၊ ဘုရားဖြစ်ပြီးပုံများကို ရုပ်လုံးကားအဖြစ်ဖြင့် ထွင်းထုထားသည်ကို တွေ့နိုင်ပါ သည်၊၊ နှစ်ပေါင်း(၁၀၀၀)ကျော်က ကျောက်ထွင်း ပန်းချီကားချက်များမှာ ယနေ့တိုင် ပီပီသသရှိနေဆဲ ဖြစ်သည်၊၊

 ဘုရားအလောင်းတော် နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောထွက်ပုံ၊ ဆန္ဒ အမတ်ကို မြင်းနှင့်အတူ နေပြည်တော်သို့ ပြန်လွှတ်ပုံ၊ ဘုရားအလောင်းတော်အား ဗြဟ္မာမင်းက သင်္ကန်းဆက်ကပ်နေပုံများကို နောက်ဘက်မျက်နှာတွင် တွေ့ရသည်၊၊ ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရား ဟောနေပုံကို အရှေ့ဘက်မျက်နှာတွင် တွေ့နိုင်သည်၊၊ ဇာတ်ကားပန်းချီကားချပ်ပေါင်း(၂၁၄၁) ရှိသည်ဟု ဆိုပါသည်၊၊ ထိုကျောက်ထွင်း ပန်းချီကားချပ်များကို တချပ်ခြင်းဆက်လျက် စီတန်းထားမည်ဆိုလျင် (၃)မိုင်ခန့်မျှရှိမည်ဟု ဆိုပါသည်၊၊

ထိုလေးဒေါင့်ပုံ လေးဆင့်ပြီးသောအခါ အထက်တွင် အပိုင်းလေးဆင့်ရှိသေးသည်၊၊ အောက်ဆုံးအဆင့်တွင် ခေါင်းလောင်းပုံ စေတီငယ်များ အစဉ်အတိုင်း(၃၂)ဆူ၊(၂၄)ဆူ၊(၁၆)ဆူ၊ရှိ၍ စုစုပေါင်း စေတီတော်ငယ်(၇၂)ဆူရှိပါသည်၊၊ ထိုစေတီလေးများမှာ အုပ်ဆောင်းပုံစံကဲ့သို့ နံရံတွင်အပေါက်ငယ်လေးများ ပါရှိသည်၊ အထဲတွင် တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု တဆူစီရှိပါသည်၊၊ အောက်လေးဆင့်မှ ဆင်းတုတော်(၄၃၂)ဆူနှင့် ဤအဆင့်မှ ဆင်းတုတော်(၇၂)ဆူနှင့် ပေါင်းလျင် ဆင်းတုတော်ပေါင်း (၅၀၄)ဆူဖြစ်သည်၊၊ ဆင်းတုတော်အားလုံး လူတကိုယ်စာမျှ ကြီးပါသည်၊၊

စေတီတော်ကြီး၏ အထက်ဆုံးအဆင့်တွင် အလယ်ဗဟိုဠ်တည့်တည့်၌ ခေါင်းလောင်းပုံစေတီကြီး တော်တဆူ ရှိပါသည်၊၊ ထိုစေတီတော်တွင်မူ အတွင်းသို့လှိုဏ်ခေါင်း မပါသည်ကို တွေ့ရပါသည်၊၊ ဤဗောရောဗုဒေါစေတီတော်ကြီးကို (၈)ရာစုတွင် တည်ဆောက်သည်ဟု စေတီတော်သမိုင်းစာပေများက ဆိုပါသည်၊၊ (A.D.775)ခုတွင် ပြီးစီးသည်ဟု မှတ်တမ်းပြုထားသည်ကို လေ့လာရပါသည်၊၊ ဤမျှများပြားသော ကျောက်တုံးများကို ပြုပြင်သယ်ဆောင်၍၊ ဤမျှများပြားသော ဆင်းတုတော်များနှင့် ကျောက်ထွင်း ဇာတ်ကားရုပ်လုံးများကိုထွင်း၍ တည်ထားလှုခဲ့သော စေတီတော်ကြီး၏ မူလဒါယကာအမည်ကို မှတ်တမ်းများတွင် ရှာဖွေမရချေ၊၊

(A.D.8)ရာစုက ဘုန်းတန်ခိုးကြီးမားသော ဘုရင်တပါးပါးက တည်ဆောက်ခဲ့သည်ဟုသာ မှတ်ယူရပေမည်၊၊ ဘုရင်ချည်းသက်သက်လည်း ဤမျှခန်းနားထည်ဝါသော စေတီတော်ကြီးကို မတည်ဆောက်နိုင်၊ ပြည်သူ ပြည်သားများလည်း ပါဝင်ရပေမည်၊ များစွာသောအကြောင်းများကို ထောက်ဆ၍ ထိုခေတ်ထိုအခါက အင်ဒိုကျွန်းတခုလုံးသည် ဗုဒ္ဓဘာသာဝင်တွေချည်း ဖြစ်မည်မှာ မလွဲနိုင်ချေ၊၊ ဗောရောဗုဒေါ စေတီတော်ကြီးတည်ခဲ့သော (A.D.8)ရာစုခေတ်က အန္ဒိယပြည်မှစ၍ ပင်လယ်ကမ်းရိုးတမ်းတလျောက် မာလာယုကျွန်း(ခေါ်) စင်္ကာပူနိုင်ငံ၊ မလေးကျွန်းစု၊ အင်ဒိုနီးရှား ကျွန်းစုအားလုံး ဗုဒ္ဓဘာသာဝင် နိုင်ငံများဖြစ်သည်ဟု ပထ၀ီသမိုင်းကဆိုပါသည်၊၊

(13)ရာစုသို့ရောက်သောအခါ ဂျာဗားကျွန်းမှ ‘ဟဂျမ်ဝုရုက်’အမည်ရှိ ဟိန္ဒူဘုရင်သည် သရီဝိဇယနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်၍ အင်ဒိုကျွန်းစုအားလုံးကို အုပ်စိုးခဲ့သည်၊၊ နိုင်ငံ၏အမည်ကိုလည်း ‘မိုဂျိုပဟစ် နိုင်ငံတော်’ဟု ခေါ်တွင်စေလေသည်၊၊ ထိုအချိန်က ဟိန္ဒူဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ဖြင့် ကိုးကွယ်ခဲ့သည်၊၊

 (13)ရာစုနှစ်မှာပင် အာရေဘီယနိုင်ငံ၊ ပါရှားနိုင်ငံနှင့် အန္ဒိယ နိုင်ငံအနောက်တောင်ဘက်ကမ်းခြေတို့မှ မူစလင်ဘာသာဝင် ကုန်သည်များသည် အင်ဒိုကျွန်းများသို့ ရောက်လာပြီး၊ အခြေခြနေထိုင်ကာ၊ ကျွန်းသားတို့အား မူစလင်ဘာသာသို့ နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းပြီး၊ နောက်ဆုံးတွင် နိုင်ငံကိုသိမ်းယူသည်အထိ ဖြစ်လာတော့သည်၊၊ ဂျာဗားဟိန္ဒူ မိုဂျိုပဟစ်နိုင်ငံတော်ကြီးကို(1478)ခုတွင် မူစလင်တို့က အပြီးအပိုင်သိမ်းယူလိုက်သည်ဟု မှတ်တမ်းများတွင် လေ့လာရပါသည်၊၊

ထိုအချိန်က ‘မိုဂျိုပဟစ်’ ဟိန္ဒူဘုရင်ကြီးသည် မူစလင်တို့လက်တွင် အဖမ်းမခံလိုသောကြောင့် ကိုယ်တိုင်အဆုံးစီရင်ပြီး နတ်ရွာစံရလေသည်၊၊ သားတော်အိမ်ရှေ့မင်းသားသည် ရသမျှပြည်သူများ၊ နန်း တွင်းသူ နန်းတွင်းသားများကိုစုစည်းပြီး ဗာလီကျွန်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်၊၊ ယ္ခုအချိန် တိုင် တွေ့နေရသော ဗာလီကျွန်းမှ ဟိန္ဒူဗုဒ္ဓဘာသာဝင်များသည် ထိုမင်းသား၏ အဆက်အနွယ်များ ဖြစ်သည်၊၊ မိုဂျုပဟစ်ဘုရင်သည် စုမတြားကျွန်း၏ နောက်ဆုံးဟိန္ဒူဘုရင်ဖြစ်သည်၊ ထိုအချိန်မှစပြီး ယနေ့အထိ စုမကြားကျွန်းအပါဝင် အင်ဒိုနီးရှားနိုင်ငံကို မူစလင်ဘာသာဝင် ဘုရင်နှင့် အစိုးရတို့က အုပ်ချုပ်လာခဲ့သည်၊၊

ယနေ့အချိန်တွင် အင်ဒိုကျွန်းများ၌ ခရစ်ယန်ဘာသာဝင် အနည်းငယ်နှင့်အတူ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်နှင့်၊ မူစလင်ဘာသာဝင်အများဆုံးနေထိုင်သော နိုင်ငံတခုအဖြစ်တွေ့နိုင်သည်၊၊ (13)ရာစု မှစတင်၍ အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့သည်ဟု ဆိုနိုင်သည်၊၊ အင်ဒိုနီးရှားမြေပေါ်တွင် ဗုဒ္ဓသာသာနာတော် နှစ်ပေါင်း(700)နီးပါးမျှ ထွန်းကားခဲ့ဘူးသည်ဟု မှတ်သားရပါမည်၊၊

 အင်ဒိုကျွန်း များပေါ်မှ သာသနာတော်ဆုပ်ခွာခဲ့သည်မှာ (၂၁)ရာစုအထိဆိုလျင် နှစ်ပေါင်း (၉၀၀)ခန့်ပင် ရှိပေမည်၊၊ မေတ္တာ ချစ်ခြင်း၊ ကရုဏာ သနားခြင်း၊ မုဒိတာ ၀မ်းသာခြင်း၊ ဥပေက္ခာ အညီအမျှစိတ်ထားခြင်း စသည့် ငြိမ်းချမ်းသည့် စိတ်ဓာတ်တို့၏ ရှင်သန်မွေးဖွားခဲ့ရာ စုမတြားမြေပေါ်တွင် ဆန့်ကျင်ဘက်ခွန်အားတို့ ကြီးစိုးရာခေတ်သို့ရောက်ခဲ့သည်မှာ ရာစုနှစ် ရှစ်ခုမှခန့် မျှကြာခဲ့သည်၊၊

အင်ဒိုဗုဒ္ဓသာသနာရောင်ချည် တဖန်သန်းချိန်……..
(၁၃၁၅)ခု နတ်တော်လဆန်း(၁၁)ရက်၊(၁၇.၁၂.၁၉၅၃)ခုတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ ဂျကာ တာမြို့မှ မစ်တာဘွန်းအန်အမည်ရှိ ကျောင်းဆရာတစ်ဦးသည် မြန်မာနိုင်ငံ မဟာစည်သာသနာ့ရိပ်သာ သို့ တရားအားထုပ်ရန် ရောက်လာခဲ့သည်၊၊

 ဘွန်းအန်သည် မဟာစည်ဆရာတော် ဘုရားကြီးအထံတွင် ဗုဒ္ဓ၏ ၀ိပဿနာတရားတော်များကို ကြိုးစားအားထုတ်ပြီး တရားတော်များကို ကောင်းကောင်းသဘောပေါက် နားလည်လာကာ၊ သာသနာတော်၌ ရဟန်းပြုလိုသော စိတ်များဖြစ်ပေါ်လာခဲ့သည်၊၊ ထို့ကြောင့် မစ်တာဘွန်းအန်သည် မဟာစည်ဆရာတော်ကြီးအထံတွင် ရဟန်းပြုခွင့်တောင်းပြီး၊ (၁၃၁၅)ခု၊ တပေါင်းလဆုတ်(၁၅)ရက်၊ (၅.၇.၁၉၅၄)ခု၊ စနေနေ့တွင် ရဟန်းဒါယကာ သတိုးသီရိသုဓမ္မ ဆာဦးသွင်+ဒေါ်သိန်းသိန်းတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သည့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါသည်၊၊

 မစ်တာဘွန်အန်၏ ရဟန်းခံရာတွင် မဟာစည်ဆရာတော်ကြီးက ဥပဇ္ဈာယ်ဆရာ၊ တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ ဦးညာဏုတ္တရ၊ သီဟိုဠ်ဆရာတော် အာနန္ဒာမေတ္တေယျ၊ ဦးသုဇာတ၊ ဦးဝဏ္ဏိတဆရာတော်တို့က ကမ္မ၀ါဆရာတော်များ ဖြစ်ကြသည်၊၊

သူသည် မဟာစည်ဆရာတော်ကြီးနှင့် မဟာစည်တရားနည်းပြ စာချဆရာတော်များအထံတွင် တရားအားထုတ်သည့်အပြင် ပါဠိစာပေများကိုလည်း (၂)နှစ်ခန့်မျှ ကြိုးစားသင်ယူခဲ့ပါသည်၊၊ မစ်တာဘွန်းအန်၏ ရဟန်းဘွဲ့အမည်မှာ အရှင်ဇိနရက္ခိတဟူ၍ ဖြစ်သည်၊၊ 

မြတ်စွာဘုရားရှင်က စောင့်ရှောက်သူဟု အဓိပ္ပါယ်ရသည်၊၊ မဟာစည်ဆရာတော်ကြီးသည် ပိဋကတ်စာပေအပြင် အခြားအထွေထွေစာပေ များကိုလည်း နှံ့စပ်သူဖြစ်ရကား အင်ဒိုရဟန်းတော် အရှင်ဇိနရက္ခိတအား ဗုဒ္ဓ၏ လိုရင်းအဓိကျသော သုတ် အဘိဓမ္မာ ၀ိနည်းတို့ပါဝင်သည့် ပါဠိစာပေတို့ကို နှစ်နှစ်အတွင်း နှံ့စပ်အောင် သင်ကြားပေးခဲ့သည်၊၊ အင်ဒိုနီးရှားနိုင်ငံတွင် ရှေးယခင်က ဗုဒ္ဓသာသနာတော် နေရောင် လရောင်ပမာထွန်းကားခဲ့ပုံများကိုလည်း မဟာစည်ဆရာတော် သြ၀ါဒတစ်ရပ်အနေဖြင့် သင်ကြား ပြောပြခဲ့လိမ့်မည်မှာ မလွဲချေ၊၊

အင်ဒိုနီးရှားရဟန်းတော် အရှင်ဇိနရက္ခိတသည် မဟာစည်သာနာ့ရိပ်သာတွင် နှစ်နှစ်နီးနီးမျှ တရာအားထုပ် စာပေများသင်ကြားပြီးသောအခါ ဤမျှအေးချမ်းစစ်မှန်သည့် မြတ်ဗုဒ္ဓ၏ တရားတော်များ အင်ဒိုကျွန်းများမှ ကွယ်ပြောက်ခဲ့ရသည်ကို ရင်နာမဆုံးဖြစ်လာခဲ့သည်၊ ထို့ကြောင့် အရှင်ဇိနရက္ခိတ သည် အင်ဒိုမြေမှ ကွယ်ပျောက်ခဲ့ပြီးသော ဗုဒ္ဓသာသနာတော်ကို တဖန်အသက် သွင်းလိုသော ဆန္ဒများတ ဖွားဖွားဖြစ်ပေါ်လာသည်၊၊ သူသည် မဟာစည်ဆရာတော်အထံတွင် သာသနာပြုရဟန်းတပါး၌ ပြည့်စုံသင့်သည့် အရည်အခြင်းများကို ပြည့်စုံအောင် သင်ကြား ဖြည့်ဆည်းပြီး မိခင်နိုင်ငံဖြစ်သည့် အင်ဒိုနီး ရှားနိုင်ငံသို့ ရဟန်းဝတ်ဖြင့်ပင် ရဲဝံ့စွာပြန်လာခဲ့သည်၊၊

အရှင်ဇိနရက္ခိတ၏ သာသနာပြုခရီးမှာ ပန်းခင်းလမ်းလျောက်ရသလို ဖြောင့်ဖြူးခဲ့သည်ကား မဟုက်ပါ၊ အကြောင်းမှာ မွတ်စလင် အစိုးရ တို့ အုပ်ချုပ်သောအင်ဒိုမြေသို့ ရဟန်းအသွင်ဖြင့် သင်္ကန်းဝတ်ထား သည့် အရှင်ဇိနရက္ခိတအတွက် နေရာမရှိတော့ခြင်းဖြစ်သည်၊၊ သူ၏မိ သားစု ဆွေမျိုးများသည်ပင် မူစ လင်ဘာသာဝင်များ ဖြစ်နေရကား ဗုဒ္ဓဘာသာသို့ကူးပြောင်းရုံမျှမကဘဲ ရဟန်းပါဝတ်ပြီးသော ရဟန်း တော်ဘွန်းအန်ကို မူစလင်ဘာသာအလိုအရ မိစ္ဆာဒိဌိစာရင်းသွင်းလိုက်ကြတော့သည်၊၊ နေစရာ နေရာ ပေးဖို့မဆိုထားနှင့် အိမ်ရိပ်နင်း သည်ကိုပင် အမင်္ဂလာဟုပြောဆိုကြလေသည်၊၊

မိခင် အင်ဒိုမြေတွင် နေစရာ နေရာမရှိတော့သော ရဟန်းတော်ဘွန်းအန်သည် အင်ဒိုကျွန်းများနှင့် များစွာမဝေးသည့် မာလာယုကျွန်း(စင်္ကာပူ)တွင် ရဟန်းဘ၀အတွက် နေရာအသစ်ကို ရှာဖွေခဲ့ရသည်၊၊ အင်ဒိုနီးရှားသည် စင်္ကာပူမှ တောင်ဘက်မိုင်(၅၂၅)သာဝေးသည်၊၊ ထိုအချိန်က စင်္ကာပူတွင် သီရိလင်္ကာဆရာတော် ဘိက္ခုနာရဒ၊ အာနန္ဒာမေတ္တိယ၊ အရှင်ပိယဒဿိ စသည့် အကျော် အမော်ဆ ရာတော်များ နေထိုင်ကြလေသည်၊၊

 ထိုသီရိလင်္ကာဆရာတော်များက အင်ဒိုပြည်ဖွား မြန်မာရဟန်း တော် အရှင်ဇိနရက္ခိတကို လိုအပ်နေသေးသည့် ဗုဒ္ဓစာပေများ၊ တရားအားထုပ်နည်းများကို သင်ကြား ပေးရုံမျှမက၊ ဘာသာခြားတို့အား ဗုဒ္ဓသာသနာသို့ ယုံကြည်လာအောင် သင်ပြဟောပြောနည်းများကို သင်ပေးခြင်း၊ သာသနာ့ညီအကိုတော်များအဖြစ်ဖြင့် အတူအကွနေထိုင်ခွင့်များကို စေတနာ သဒ္ဓါအား ကောင်းကောင်းဖြင့် ခွင့်ပြုခဲ့ကြလေသည်၊၊

အရှင်ဇိနရက္ခိတသည် မာလာယုကျွန်း သီဟိုဠ်ဆရာတော်များအထံတွင် တရားအားထုပ် စာပေသင် ကြားနေရင်း မိခင်အင်ဒိုကျွန်းများသို့ မကြာခဏသွားရောက်ပြီး သူ၏မိသားစု၊ မိဘဆွေမျိုးများမှ စ တင်ပြီး ဗုဒ္ဓတရားတော်များကို ဟောပြောသင်ပြခဲ့သည်၊၊ တစတစ သူ၏မိသားစု၊ မိဘဆွေမျိုးများမှ စတင်ပြီး ဗုဒ္ဓတရားတော်ကို ယုံကြည်လာကာ၊ ငါးနှစ်သက်တမ်းသို့ရောက်သောအခါ အင်ဒိုမြေပေါ် တွင် ဗုဒ္ဓဘာသာသို့ ယုံကြည်သူနှင့် ဗုဒ္ဓဘာသာသို့ပြောင်းလာသူ အရေအတွက် (၆၀၀)ကျော်လာခဲ့သည်၊၊ 
 
ဗုဒ္ဓဘာသာသို့မပြောင်းသေးသော်လည်း ဗုဒ္ဓဘာသာကိုယုံကြည်လာသူ အရေအတွက်မှာ ထို့ထက်ပင်များသည်၊၊ အင်ဒိုဗုဒ္ဓဘာသာဝင် အသစ်များက အရှင်ဇိနရက္ခိတ၏ မြန်မာပြည်မှ ဆရာအရင်းများကို တွေ့ဖူးချင်ကြကြောင်းနှင့် အင်ဒိုမြေပေါ်တွင် ဒီထက်မက သာသနာအခြေချလို ကြကြောင်း အရှင်ဇိနရက္ခိတအား လျောက်ထားကြလေသည်၊၊

အရှင်ဇိနရက္ခိတနှင့် သူ၏ဗုဒ္ဓဘာသာဝင် အသစ်စက်စက် ဒါယကာ ဒါယိကာမများဆွေးနွေးတိုင်ပင်ပြီး မြန်မာနိုင်ငံ သာသနာရေးဌာနသို့ အင်ဒိုနီးရှားနိုင်ငံသို့သင့်တော်သည့် သံဃာတပါးပါးကြွရောက် သာသနာပြုရန် ပင့်လျောက်လိုက်ကြလေသည်၊၊ သာသနာရေးဌာနမှ အင်ဒိုနီးရှားသို့ကြွရောက် သာသနာပြုရန် မဟာစည်ဆရာတော်ကြီးအား တာဝန်ပေးလိုက်သည်၊၊ ဆရာတော်ကြီးအနေဖြင့် လည်း တပည့်အရင်းဖြစ်သည့် အရှင်ဇိနရက္ခိတအားချီးမြှောက်လိုသောကြောင့် အင်ဒိုနီးရှားသို့ကြွရောက် သာသနာပြုရန်သဘောတူခဲ့သည်၊၊

မဟာစည်ဆရတော်သည် (၁၃၂၁)ခု၊ ကဆုန်လဆန်း(၈)ရက်၊(၁၄.၅.၅၉) ကြာသာပတေးနေ့ ည(၈.၂၅)အချိန်တွင် မြန်မာပြည် ရန်ကုန်လေဆိပ်မှ စင်္ကာပူနိုင်ငံသို့ ဘီအိုစီလေယဉ်ဖြင့် ထွက်ခွာခဲ့ သည်၊၊ အင်္ဂလိပ်စာ အခက်ခဲရှိသော ဆရာတော်အား ဦးစိန်ဝှက်မှ စင်္ကာပူလေကြောင်းတလျောက် ကူညီပံ့ပိုးခဲ့ပါသည်၊၊ စင်္ကာပူသို့ ညပိုင်း(၁၂.၅)ရောက်သည်၊၊ 

စင်္ကာပူတွင် တစ်ညမျှကျိန်းစက်ပြီး နောက်နေ့နံနက်(၁၀)နာရီတွင် စင်္ကာပူမှ အင်ဒိုနီးရှားနိုင်ငံသို့ လေယဉ်ဖြင့် ခရီးဆက်သည်၊၊ နေ့(၁)နာရီတွင် ဂျာဗားကျွန်း ဂျကာတာလေဆိပ်သို့ ရောက်သည်၊ ဆရာတော်သည် အင်ဒိုနီးရှားတွင် ၁၃၂၁ခု၊ ကဆုန်လဆန်း(၈)ရက်မှ၊ ၁၃၂၁ခု၊ နယုန်လဆုပ်၁၀ရက်အထိ သီတင်းသုံးပြီး သာသနာပြုခဲ့သည်၊၊ ဆရာတော်၏ အင်ဒိုနီးရှားတွင် နေစဉ်အတွင်း သိမ်သမုတ်ခြင်း ရှင်နှစ်ပါးပြုပေးခြင်း ရဟန်းတပါးခံပေးခြင်း၊စသည့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊၊

တရားပွဲ(၄၀)ကျော်ခန့်ကိုလည်း ဘာသာပြန်အကူအညီဖြင့် ဟောပြောခဲ့ပါသည်၊၊ ယ္ခုလက်ရှိ အင်ဒိုနီးရှားတွင် တွေ့မြင်နေရသော ဗုဒ္ဓဘာသာနှင့် သာသနာမှ အရှင်ဇိနရက္ခိတနှင့် မဟာစည်ဆရာတော်တို့မှ ဆင်းသက်ခဲ့သော သာသနာဖြစ်ကြောင်း ရိုးသားစွာဝန်ခံရပေမည်၊၊

ဦးဘွန်းအန်တစ်ဦးတည်းမှ စခဲ့သော အင်ဒိုနီးရှားသာသနာသည် ယ္ခုဆိုလျင် လူပေါင်းသန်းနှင့်ချီ၍ ဗုဒ္ဓဘာသာ သာသနာတော်သို့ရောက်ခဲ့ကြပြီ ဖြစ်သည်၊၊ ရဟန်း သာမဏေပေါင်းလည်း ရာဂဏန်းအထိရှိပြီဖြစ်ကြောင်း ကြားသိရသည်၊၊ အရှင်ဇိနရက္ခိတမှ စခဲ့သောအင်ဒိုနီးရှားသာသနာသည် (၁၀.၁၀.၂၀၁၀)တွင် အထွဋ်အထိပ်သို့ရောက်သည်ဟု ဆိုနိုင်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် သူ၏ တပည့်အစဉ်ဆက်မှ ဆင်းသက်လာသော ဂျပန်လူမျိုးဗုဒ္ဓဘာသာ မစ်တာ တွန်ဂါရီယိုဂျို အန်ကာဆာမိသားစုမှ အမြင့်ပေ(၁၇၀)ရှိ ရွှေတိဂုံစေတီတော်ပုံစံတူကို အင်ဒိုမြေ၊ မီဒန်ပြည်နယ်၊ ဘရာစတာဂီမြို့တွင် တည်ဆောက် လှုဒါန်းခဲ့သောကြောင့် ဖြစ်သည်၊၊ ထိုရွှေတိဂုံစေတီတော် အနေကဇာတင်ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော် (၆၀၀)ကျော်ကြွရောက်ခဲ့ကြောင်းလည်း မှတ်တမ်းများတွင် သိရပါသည်၊၊

“အလင်း စက်” စာဖတ်ပရိသတ်သို့ ဗောရောဗုဒေါစေတီတော် သမိုင်းနှင့် အင်ဒိုဗုဒ္ဓသာသနာအကြောင်း အရှင်တင်ပြခဲ့သည်မှာ ဤမျှဆိုလျင် အတန်အသင့်ပြည့်စုံပြီဟု ယူဆပါသည်၊၊ စိတ်ဝင်စား သူများအနေဖြင့် အင်တာနက်မှာဖြစ်စေ၊ စာအုပ်စာတမ်းများတွင်ဖြစ်စေ ဆက်လက်လေ့လာကြ ရန်ဖြစ်ပါသည်၊၊ အရှင့်အနေဖြင့် ၀က်ဆိုက်များတွင် အတင်နည်းနေသေးသည့် အကြောင်းအရာတရပ်ကို အင်တာနက်စာဖတ်သူများသို့ တင်ပြပေးခြင်း ဖြစ်ပါသည်၊၊ လုံးဝပြည့်စုံသည်ဟုလည်း မဆိုနိုင် ပါ၊၊ 

အရှင် ဤစာတမ်းကိုရေးသားရန် အချက်လက်လိုချင်၍ လေ့လာသောအခါ အင်တာနက်တွင် မြန်မာလိုရေးသားထားသည့် အချက်အလက် မရှိသလောက် ရှားသည်ကို သိလိုက်ရသည်၊၊ အရှင် တင်ပြသောယ္ခုစာတမ်းသည် ထိုလိုအပ်ချက်ကို ဖြည့်စွတ်ရာလည်း ရောက်မည်ဖြစ်ပါသည်၊၊ အရှင် ဤစာတမ်းကိုရေးသားရာတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှား သာသနာပြုမှတ် တမ်းစာအုပ်နှင့် အင်္ဂလိပ်လိုရေးသားသည့် A study of Burobudur in Indonesia စာတမ်း၊အခြား ပါးစပ်ရာဇ၀င်များကိုအခြေ ပြုပြီး ရေးသားပါကြောင်း ရိုးသားစွာ ၀န်ခံလိုပါသည်၊၊

ယ္ခုစာတမ်းတွင် စာဖတ်သူများအတွက် ဗုဒ္ဓဘာသာ သမိုင်းဗဟုသုတနှင့် ဘာသာရေးအမြင်၊ လူမျိုးရေး အမြင်များအပြင်၊ ဗုဒ္ဓအနုပညာဆိုင်ရာ ဗဟုသုတများကိုလည်း ရနိုင်မည်ဟု ယုံကြည်မိပါသည်၊၊ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓစေတီတော်တစ်ဆူအကြောင်းကို သိခွင့်ရပြီး၊ သွားရောက်ပြီး လေ့လာဖူးမျှော် ကြည်ညိုနိုင်မည်ဆိုရင် ပို၍ကျေးဇူးများမည် ဖြစ်ပါသည်၊၊

 စေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုရင်း ရှေးခေတ် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာတရား လေးနက်မှု၊ အနုပညာစွမ်းရည်၊ လက်မှုပညာ တိုးတက်မှု၊ လုပ်အားစွမ်းရည်များကို လေ့လာရမည် ဖြစ်သည်၊ စက်မှုမထွန်းကားသေးသည့် နှစ်ပေါင်း (၁၅၀၀)ခန့်က တည်ဆောက်ခဲ့သည့် စေတီတော်ကြီး၏ ခမ်းနားထည်ဝါမှုကိုလည်း အံ့သြဘနန်း တွေ့ရမည် ဖြစ်ပါသည်၊၊ 

မီးတောင်များမှဖြစ်သော ကျောက်သားတို့ဖြင့်တည်ဆောက်ထားသည့် ဗောရော ဗုဒေါစေတီတော်ကြီး အကြောင်းကို လေ့လာခွင့် မှတ်သားခွင့်ရသော “အလင်း စက်”စာဖတ်သူများ မိမိတို့လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် သာသနာတော်ကို ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ထက် အောက်မကျစေဘဲ ထောက်ပံ့ အားပေးနိုင်ကြပါစေလို့ တိုက်တွန်းရင်း စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
(၁၉.၁၁.၂၀၁၀)

(မှတ်ချက်/ ဗုဒ္ဓသာနိကပထ၀ီဝင် (တောင်ပေါက်ဆရာတော်)၊ မဟာစည်ဆရာတော် အင်ဒိုနီးရှား သာသနာပြုမှတ်တမ်းနှင့်၊ အခြားအင်တာနက်မှတ်တမ်းများ၊ ဗောရောဗုဒေါစေတီတော်ကြီး UNESCO မှတ်တမ်းများကို ကိုးကား၍ ဤစာတမ်းကို ရေးသားပါသည်၊၊)

အပြည့်အစုံသို့....

Wednesday, October 27, 2010

သတိပဋ္ဌာန် မိတ်ဆက်၊၊ ၊၊



မိုးလင်း လာတယ်၊ မျက်နှာသစ်၊ နံနက်က်စာ စား၊ အလုပ်သွား၊ လုပ်ငန်းခွင် ၀င်၊ ညနေစာ စား၊ ည အိပ်၊ ………………….......၊
မိုးလင်း လာတယ်၊ မျက်နှစ်သစ်၊ နံနက်က်စာ စား၊ အလုပ်သွား၊ လုပ်ငန်းခွင် ၀င်၊ ညနေစာ စား၊ ည အိပ်၊ …………………ဒါက နေ့စဉ် ဘ၀သံသရာ၊၊

ကလေးတစ်ယောက် မွေးဖွားလာတယ်၊ အသက်ရှင်ဖို့ အပြု အစုကို ခံယူရတယ်၊ ကျောင်းတက်တယ်၊ မိသားစုဘ၀ကို တည်ထောင်တယ်၊ သေဆုံးတယ်၊…………………၊
ကလေးတစ်ယောက် မွေးဖွားလာတယ်၊ အသက်ရှင်ဖို့ အပြု အစုကို ခံယူရတယ်၊ ကျောင်းတက်တယ်၊ မိသားစုဘ၀ကို တည်ထောင်တယ်၊ သေဆုံးတယ်၊ ဒါက ဘ၀တစ်ခုတိုင်းရဲ့ သံသရာ၊၊

နေ့စဉ်ဘ၀နှင့် ဘ၀တစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ လူတို့၏ဘ၀သည် ထူး၍မခြားနားသည်ကို သိနိုင်သည်၊၊ ရိုးစင်းသည့် ဤဘ၀လေးထဲမှာပင် ရှုပ်ထွေးလှသည့် အခက်အခဲများကို လူတို့နေ့စဉ် ရင်ဆိုင်နေကြရသည်၊၊ အကျပ်အတည်းများကို ကျော်လွန်နိုင်၍ ဘ၀အောင်မြင်သူများ ရှိသလို၊ အခက် အခဲ အကျပ်အတည်းများ အကြားတွင် မရုံးသာ မဖယ်သာဘဲ ဘ၀ကိုအရှုံးနှင့် အဆုံးသတ် သွားရသူများလည်း ရှိသည်၊၊

စာသင်ကျောင်းနှင့် တက္ကသိုလ်သို့ တက်ရောက်သဖြင့် အောင်လက်မှတ်နှင့် ဘွဲ့ဒီဂရီတို့ ရသည်၊ ပညာတတ်ဟု အသိအမှတ်ပြု ခံလာရသည်၊၊ အလုပ် လုပ်သဖြင့် ငွေကြေး အမြတ်အစွန်းကို ရသည်၊ ချမ်းသာသူအဖြစ် အသိအမှတ်ပြုခံလာရသည်၊ ဘ၀နေသာ ထိုင်သာရှိလာသည်၊၊ ခက်သည်က ရလာသည့် အောင်လက်မှတ်နှင့် ဘွဲ့ဒီဂရီတို့သည် ရံခါများစွာတွင် လိုချင်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ ကွက်လပ်ကို ဖြည့်ဆည်း မပေးနိုင်ခြင်း ဖြစ်သည်၊၊ ရလာသည့် စီးပွားဥစ္စာကလည်း ထိုးနည်း လည်းကောင်းပင်၊ လိုချင်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများကို ဖြည့်ဆည်းမပေးနိုင်၊၊

ဤသို့ဆိုလျင် အများတကာ ထင်မြင်ယူဆနေကြသည့် ဘွဲ့ဒီဂရီနှင့် စီးပွားဥစ္စာတို့သည် ဘ၀၏လိုအပ် ချက်အားလုံးကို အပြည့်အစုံ အဖြေမပေးနိုင်ကြောင်း ထင်ရှားသည်၊၊ ပညာတတ်ဟု အသိအမှတ်ပြု ထားသည့် ဘွဲ့ဒီဂရီနှင့်၊ စီးပွားဥစ္စာဆိုသည်ကလည်း ဘ၀တွင်မရှိ၍ မဖြစ်ပြန်၊၊ ဤသို့ဆိုလျင် ဘ၀ပြဿနာကို အပြည့်အ၀အဖြေပေးနိုင်ဖို့ နောက်ထပ်တစ်စုံတရာကို ရှာကြည့်သင့်သေးသည်၊၊

အရှင်အနေဖြင့် သတိပဌာန်ကျင့်စဉ်ကို လူ့ဘ၀၏ စိတ်ပိုင်းဆိုင်ရာ ဟာကွက်များကို အဖြေရှာရန် အကောင်းဆုံး ကျင့်စဉ်တစ်ခုဟု မြင်သည်၊၊ စိတ်ပိုင်းဆိုင်ရာ ဟာကွက်ဆိုရာတွင် အထီးကျန်မှု၊ စိတ်ရှုပ်ထွေး နောက်ကျိမှု၊ မကျေနပ်မှု၊ မတင်းတိမ်နိုင်မှု၊ အလိုစိတ်များ များပြားလာမှု၊ စိတ်ကျဉ်းကျပ်မှု၊ မနှစ်သက်မှု၊ မုန်းတီးမှု၊ နာကျဉ်းမှုစသည်တို့ ပါဝင်သည်၊၊ ဤသတိပဌာန်ကျင့်စဉ်ကို မြတ်စွာဘုရားရှင်သည် ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတွင် မဟာသတိပဌာနသုတ် အမည်ဖြင့် ဟောကြား ထားပါသည်၊၊ ဘုရားရှင်သည် သတိပဌာန်ကျင့်စဉ်ကို မသင်ပြမှီ သတိပဌာန်ကျင့်စဉ်ကို ကျင့်သုံး သောအားဖြင့် အကျိုး(၅)မျိုးကို အရင်ညွန်ပြထားသည်၊၊

(၁) သန့်ရှင်းသည့် စိတ်အစဉ်ကို ရစေတတ်သည်၊၊
(၂) ပူဆွေးမှု၊ ငိုကြွေးမှုကို ပြီးဆုံးစေတတ်သည်၊
(၃) ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုကို ရပ်တန့်စေတတ်သည်၊
(၄) မှန်ကန် တိကျသည့် ပညာကို ရစေတတ်သည်၊
(၅) နိဗ္ဗာန်ကို ရစေတတ်သည်၊


အထက်တွင် ဖော်ပြခဲ့သည့် အကျိုးငါးမျိုးကို အသေးစိတ် ကြည့်ကြရအောင်ပါ၊၊ လူတို့၏စိတ်သည် ပင်ကိုယ်မူလအားဖြင့် ပုဝါအဖြူလေးများနှင့် တူသည်၊ အလွန်ဖြူစင်သည်ဟု ဆိုပါသည်၊၊ အဖြူရောင်၏ သဘာဝအတိုင်း အညစ်အကြေးစွန်းထင်းရန် လွယ်ကူသည်၊၊ လူတို့၏စိတ်သည်လည်း အမှားတစ်ခုမှ စတင်ပြီး၊ များစွာမရေတွက်နိုင်သော အမှားများကို သိ၍ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ ကျူးလွန်နေတတ်သည်၊ ဤအမှားများကပင် လူသား၏စိတ်ပိုင်းဆိုင်ရာကို အရောင်မျိုးစုံအောင် ရေးချယ်သွားတော့သည်၊၊

အဖြူရောင် စိတ်အဖြစ်မှ အရောင်မျိုးစုံစွန်းထင်းသည့် ဘ၀ကိုပိုင်ဆိုင်လာရသော လူသားသည် မိမိ၏ မဖြူစင်တော့သည့် အဖြစ်ကို မိမိဘာသာသိနေပြီး၊ ကိုယ့်ဘ၀ကို မသတီတော့သည့် အခြေအနေများ ဖြစ်လာသည်၊၊ သတိပဌာန်ကျင့်စဉ်သည် အညစ်အကြေး စွန်းထင်းနေသည့် လူသား၏ စိတ်အစဉ်ကို သန့်ရှင်းစေတတ်သည်ဟု ပါဠိမှတ်တမ်းတွင် လေ့လာရသည်၊၊ ပါဠိစာပေတွင် ဤဖော်ပြချက်ကို “သတ္တာနံ ၀ိသုဒ္ဓိယာ”ဟု တွေ့ရသည်၊၊

မြန်မာစကားတွင်“အပူရုပ်ကို ဟန်လုပ်နေရသည်”ဟူသော စကားတစ်ခုရှိသည်၊ မှန်သည်၊၊ လူတို့၏ နေ့စဉ် ဘ၀တွင် အပျော်ဆိုသည်ထက် ပူပင်စရာများကသာ တနေ့ထက် တနေ့ တိုးလာနေသည်၊၊ စိတ်နှလုံးတွင် ပူလွန်းသည့် ဒဏ်ကို မခံမရက်နိုင်သည့်အခါ မျက်ဝန်းအိမ်မှ မျက်ရေစများအဖြစ် ကျလာရတော့သည်၊၊ လူရှေ့သူရှေ့ ချမပြရဲသည့် ထိုမျက်ရေစများတို့သည် အိပ်စက်ရာ ခေါင်းအုံး ထက်တွင် စုပုံကုန်တော့သည်၊၊
တချို့က အပူရုပ်ကို ဟန်လုပ်ပြီး ပြရဲသေးသည်၊ အပူရုပ်ကို ဟန်သော်မှ လုပ်၍ မပြရဲသောသူတို့သည် မိမိအပူရုပ်ကို လူမြင်မခံဝံ့တော့ဘဲ အခန်းအောင်းသမားဘ၀သို့ပင် ရောက်နေကြရပြန်သည်၊၊ သတိ ပဌာန်ကျင့်စဉ်သည် ထိုအပူရုပ်များကို ကြည်လင်လာစေတတ်ပြီး၊ သုတ်ပေးမည့်သူမရှိသည့် မျက်ရေစ များကိုလည်း ထာဝရခမ်းခြောက်သွားစေတတ်သည်ဟု မဟာသတိပဌာနသုတ် ပါဠိမူရင်း တွင် လေ့ လာရပါသည်၊၊ ဤဖော်ပြချက်ကို “သောက ပရိဒေ၀ါနံ သမတိက္ကမာယ”ဟု မူရင်းပါဠိတွင် လေ့လာ နိုင်သည်၊၊

လူတို့၏ဘ၀တွင် ချမ်းချမ်းသာသာ နေရသောအချိန်ထက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရသော အချိန်က ပိုများကြောင်း နေ့စဉ်ဘ၀ဖြတ်သန်းမှုများက သက်သေပြုနေသည်၊၊ ဆင်းရဲဆိုရာတွင် တခါတရံ မရှိ၍ ဆင်းရဲသည်၊ တခါတရံ ရှိ၍ ဆင်းရဲသည်၊ မည်သည့် ဆင်းရဲမျှ ချိုသည်မရှိ၊ ခါးသက် သည်သာ၊၊ မရှိသည့် ဆင်းရဲဒဏ်ကို ကျော်လွန်ချင်လွန်း၍ မရိုးမသား စီးပွားရှာမိရာမှ နာမည်ပျက်၊ ဂုဏ်သိက္ခာကျရုံမျှမက ထောင်တွင်ဘ၀ဆုံးရသူများလည်း ရှိသည်၊၊ ရှိသည့်ဒဏ်ကို မခံနိုင်၍ အိပ်ဆေး များစွာသောက်ပြီး ဘ၀အဆုံးသတ်ကြသည့် ဘီလျံနာ၊ မီလျံနာသူဌေးကြီးများအကြောင်းနှင့် suicide လုပ်ကြသော ဓနရှင်ကြီးအကြောင်းကိုလည်း မကြာခဏ ကြားသိနေရပြန်သည်၊၊ သို့ဆိုလျင် ရှိခြင်းရော မရှိခြင်းပါ ဆင်းရဲများသာ ဖြစ်ကြောင်း သိသာသည်၊၊
သတိပဌာန်ကျင့်စဉ်သည် ရှိဆင်းရဲနှင့် မရှိဆင်းရဲနှစ်မျိုးမှ ကျော်လွန်စေတတ်ပြီး ပကတိချမ်းသာ အစစ်ကို ရစေတတ်သည်ဟု ဆိုပါသည်၊၊ ဤဖော်ပြချက်ကို ပါဠိမူရင်းတွင်“ဒုက္ခ သမတိက္ကမာယ”ဟု တွေ့ရပါသည်၊၊

လူဟူသည် ဘ၀တွင် အသက်နှင့်လူလုပ်သည်ဆိုသည်ထက် အချိန်များစွာတွင် ဂုဏ်သိက္ခာဖြင့် လူလုပ်နေကြရသည်၊၊ မိမိဂုဏ်သိက္ခာကို ပျက်စီးစေသည့် အပြောအဆို အပြုအမူများကို ထိပ်တိုက်ခံရ သောအခါ အမျက်ထွက်ခြင်း၊ စိတ်အတွင်း မခံမရက်နိုင်ဖြစ်ခြင်းများ ဖြစ်လာရသည်၊၊ လက်စားချေသည့် အဆင့်အထိ ရောက်သော အမျက်ထွက်မှု၊ လက်စားချေခွင့်မရသော စိတ်အတွင်းတွင် တနုံ့နုံ့ခံ စားရမှုများသည်လည်း လူသားတို့တွင် ခံစားနေကြရသည်၊၊ ဤစိတ်အခြေအနေများသည် တဘက်သူကိုထက် ခံစားနေရသည့် မိမိကို အရင်လောင်ကျွမ်းစေသည်၊၊ သတိပဌာန်ကျင့်စဉ်သည် ထိုစိတ်မခံ မရက်နိုင်ဖြစ်မှု များကို ငြိမ်းအေးစေတတ်သည်ဟု ဆိုပါသည်၊၊ ဤဖော်ပြချက်ကို “ဒေါမနဿာနံ သမတိက္ကမာယ” ဟုတွေ့ရ ပါသည်၊၊

တကယ် စစ်မှန်သည့် ပညာကို တတ်သွားကြသည့် အရိယာများမှာ သူတို့၏ဘ၀ကို နှိမ်ချသည်ထက် နှိမ်ချပြီး နေသွားကြသည်ကို ပါဠိစာပေနေရာများစွာတွင် လေ့လာရသည်၊၊ လောဘ ဒေါသ မောဟတို့လည်း အလွန်နည်းသွားကြသည်ကို တွေ့ရသည်၊၊ ယနေ့ခေတ် ပညာတတ်ဆိုသူများသည် သူတို့၏ဘ၀ကို ထည်ဝါသည်ထက် ထည်ဝါအောင် နေပြတတ်ကြသည်၊၊ လောဘ ဒေါသ မောဟတို့လည်း သာမာန်လူတို့ထက် ပိုများနေဟန် တွေ့ရပြန်သည်၊၊ ဤအခြေအနေတွင် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ မဖြစ်တော့ဘဲ အထီးကျန်ဆန်လွန်းသည့် ဘ၀သို့ရောက်ကြရသော ပညာတတ်ဆိုသူများစွာကို လည်း တွေ့ရသေးသည်၊၊ မှန်ကန်သည့် ပညာတတ်တို့၏ သဘောထားကို မပိုင်ဆိုင်သေးကြောင်း သက်သေပြုသော အခြေအနေ တစ်ရပ်ဖြစ်သည်၊၊
သတိပဌာန်ကျင့်စဉ်သည် မာန်မာနကင်းပြီး၊ လောဘ ဒေါသ မောဟတို့နည်းပါးသော ပညာကို တတ်စေတတ်သည့် သတ္တိရှိသည်ဟုလည်း ဆိုပါသည်၊၊ ဤဖော်ပြချက်ကို ပါဠိမူရင်းတွင်“ဉာယဿ အဓိဂမာယ”ဟုတွေ့ရသည်၊၊

ဘာသာတရား(Religion)တိုင်းတွင် ပန်းတိုင်ရှိကြသည်၊ ဗုဒ္ဓဘာသာ၏ ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်၊၊ နိဗ္ဗာန် မည်မျှ ချမ်းသာသည်၊ အေးချမ်းသည်၊ မည်မျှကောင်းသည့် အရသာဖြစ်သည်ဟု ဂုဏ်တင်နေရလျင် ရွှေဖလားကို ငွေအနားကွပ်သကဲ့သို့သာ ဖြစ်ချေတော့မည်၊၊ သာမန်ဘ၀ ပန်းတိုင်လေးများပင် ရရှိသူကို မည်မျှချမ်းသာစေကြောင်း ကျေနပ်အားရစေကြောင်း ရဖူးသူတိုင်း သိကြသည်၊၊ နိဗ္ဗာန်၏ ဂုဏ်ထူးများစွာကို အက္ခရာဝေါဟာရဖြင့် ဖော်ပြ၍ မဖြစ်နိုင်ချေ၊၊ ဤမျှ ပြည့်စုံသည့် နိဗ္ဗာန်ဟူသော ဘ၀ပန်းတိုင်ကိုလည်း သတိပဌာန်ကျင့်စဉ်ကို ကျင့်သုံးခြင်းက ပေးစွမ်းနိုင်ကြောင်း ဆိုပါသည်၊၊ ဤဖော်ပြချက်ကို “နိဗ္ဗာနဿ သစ္ဆိကရိယာယ”ဟု သင်ပြထားပါ သည်၊၊

အရှင် သတိပဌာန်ကျင့်စဉ်အကျိုးများကို ဤမျှအလေးအနက် တင်ပြလာသည်မှာ လူတိုင်း သတိ ပဌာန်အကျင့်ကို ကျင့်သုံးစေချင်၍ ဖြစ်သည်၊၊ ဘာသာအယူ ပြောင်းနေစရာ မလိုဘဲ ဘာသာတိုင်း ကျင့်သုံးနိုင်သော ကျင့်စဉ်ဖြစ်ပြီး၊ အကျိုးခံစားနိုင်သော အကျင့်ဖြစ်သည်၊၊ သတိပဌာန်အလေ့အကျင့် ရှိသောသူများသည် ပြဿနာအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာတွင်လည်း သာမန်လူတို့ထက် တည်ငြိမ်၊ အေးဆေးသည်ကို အတွေ့အကြုံအရ သိရပါသည်၊၊

လူတို့၏ ဘ၀တွင် စီးပွားဥစ္စာလိုအပ်သည်၊
ပညာတတ်ဟု အသိမှတ်ပြုသည့် ဘွဲ့ဒီဂရီတို့ လိုအပ်သည်၊
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက် သတိပဌာန် လိုအပ်သည်၊၊

သတိပဌာန်အကျင့်ဟု ဆိုသဖြင့် လူသူမနီးသည့် တောကြီး မြက်မည်းထဲတွင် တစ်ယောက်တည်း သစ်ပင်အောက်တွင် ကျင့်သုံးရသည့် ကျင့်စဉ်တစ်ခုဟု မထင်စေလိုပါ၊ လူအသွင်ကို ခွာပြီး ရသေ့ ရဟန်းအသွင်ပြောင်းပြီးမှ ကျင့်လို့ရသည့် အကျင့်ဟုလည်း မထင်မှတ်စေလိုပါ၊ ယ္ခုလက်ရှိအသွင်ဖြင့် နေ့စဉ် အလုပ်များကို လုပ်ကိုင်နေရင်း ကျင့်သုံး၍ရသော အကျင့်ဖြစ်ပါသည်၊၊

သတိပဌာန် မိတ်ဆက်သည် ဤမျှဖြင့် ပြည့်စုံပြီဟု ထင်ပါသည်၊၊ အရှင်၏ ဤစာတမ်းမှာ သတိပဌာန် အကျင့်ကို စာဖတ်သူတို့ ကျင့်သုံးစေချင်၍ မိတ်ဆက်ရုံမျှ ဖြစ်ပါသည်၊ သတိပဌာန်ကျင့်သုံးနည်း အပြည့်အစုံကို တင်ပြရန် မဟုက်ပါ၊၊ ကျင့်သုံးနည်းများကို ဖော်ပြထားသည့် အင်္ဂလိပ် ဘာသာပြန် စာအုပ်၊ မြန်မာ စာအုပ်များစွာ ရှိပါသည်၊ ထိုထို ဆရာပေါင်းများစွာတို့ သင်ပြထားသည့် ရုပ်/သံဖိုင် များစွာလည်း ရှိပါသည်၊၊ ရှာဖွေ လေ့လာပြီး ကျင့်သုံးကြရန် ဖြစ်ပါသည်၊၊

သတိပဌာန်အကျင့်၏ အကျိုးအားလုံးကို စကားတစ်လုံးတည်းဖြင့် အကျဉ်းချုပ်ရလျင် “စိတ်ပိုင်းဆိုင်ရာ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်သည်”ဟူ၍ ဖြစ်ပါသည်၊၊ ဘ၀ဟူသည်ကလည်း ကိုယ်ကာယ ချမ်းသာ နေကာမျှဖြင့် မပြည့်စုံ၊ စိတ်ပိုင်းဆိုင်ရာများပါ ချမ်းသာ အေးချမ်းနေကာမှ အပြီးတိုင် ပြည့်စုံသည်၊၊ ကိုယ်ကာယ ချမ်းသာမှုအတွက် စီးပွားဥစ္စာနှင့် ပညာတတ် အသိမှတ်ပြု ဘွဲ့ဒီဂရီများက တာဝန်ယူကြပေမည်၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက်မူ သတိပဌာန်အကျင့်က အာမခံပေးနိုင်ကြောင်း တင်ပြလိုက်ပါသည်၊၊

“အလင်း စက်”စာဖတ်သူများရော“အလင်း စက်”စာကို မဖတ်သူများပါ၊ ကိုယ်ကာယရော စိတ်ပိုင်းဆိုင်ရာပါ ချမ်းသာကြပါစေ…………..၊၊

အလင်း စက်
(၂၇.၁၀.၂၀၁၀)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP