Thursday, January 20, 2011

ဘ၀အတွက် အဆီအနှစ် “ပေါယနေ့”





မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က လေးဆယ့်ငါးနှစ်တိုင် ဟောကြားသင်ပြခဲ့သော တရားတော်များနှင့် သင်ကြားချက်များကို ယနေ့တိုင်သင်္ဂါယနာတင် ထိမ်းသိမ်းပြီး လိုက်နာကျင့်ကြံနေကြသည့်သူများကို ထေရာ ၀ါဒဗုဒ္ဓဘာသာဟု ခေါ်ပါသည်၊၊ ထေရာဝါဒဗုဒ္ဓဘာသာသည် ယ္ခုအခါ တကမ္ဘာလုံးသို့ ပြန့်နှံ့နေပြီ ဖြစ်သည်၊၊

ထေရာဝါဒနိုင်ငံခြင်း၊ လက်ခံသည့် ပိဋကတ်စာပေခြင်းတူသော်လည်း ဒေသအလိုက် နိုင်ငံအလိုက် ဘာသာ ရေး လက်ခံကျင့်သုံးပုံများ၊ ဘာသာရေးပွဲတော်များကျင်းပပုံများမှာ တနိုင်ငံနှင့်တနိုင်ငံအနည်း ငယ်ကွဲပြား သည်ကို တွေ့ရသည်၊၊ သီရိလင်္ကာနိုင်ငံသည် ထေရာဝါဒနိုင်ငံများထဲတွင် ကမ္ဘာသို့ပိဋကတ်စာပေ ဖြန်ဖြူးရာ၌ အား အကောင်းဆုံးနိုင်ငံဖြစ်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ ပါဠိစာပေကို သီရိလင်္ကာသားတို့ သင်ယူသောအခါ အင်္ဂလိပ်ဘာသာဖြင့် သင်ယူကြသည်က အကြောင်းတခုအဖြစ် ပါဝင်ပါသည်၊၊ နောင်တဖန် သီရိလင်္ကာသားတို့ ပါဠိစာပေသင်ယူသောအခါ ဘာသာရေးရှုထောင့် သက်သက်ကနေကြည့်ပြီး မလေ့လာဘဲ၊ ရှုဒေါင့်ပေါင်းစုံ ကနေကြည့်ပြီး လေ့လာသင် ယူကြသည်ကလည်း အခြားအကြောင်းတခု ဖြစ်ပါသည်၊၊

ထိုအကြောင်းများကြောင့် သီရိလင်္ကာသားတို့၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာ၊ ဘာသာရေးအသိ ပညာသက်သက်မဟုက်တော့ဘဲ ကမ္ဘာ့အသုံးချစာပေအဆင့်သို့ ရောက်သည်ဟု အရှင် ထင်မြင်မိပါသည်၊၊ သီရိလင်္ကာပါဠိပညာရှင်များထံတွင် အရှင်တို့သင်ယူခဲ့ရသည့် အတွေ့အကြုံအရ ပါဠိပါမောက္ခကြီးများမှာ ပါဠိ စာပေဖြင့် မည်သည့်အကြောင်းအရာကိုမဆို အဖြေထုတ်ပေးနိုင်သည်ကို တွေ့ရသည်၊၊ ဆိုလိုသည်မှာ သိပ္ပံသ ဘောတရား အကြောင်းအရာများကိုဖြစ်စေ၊ အခြားပညာရေးနယ်၊ အတတ်ပညာနယ်ပယ်က အကြောင်းအရာ များကိုဖြစ်စေ ပါဠိစာပေဖြင့် ကောင်းကောင်းညှိပြတတ်ကြသည်ကို အံ့သြစရာတွေ့မြင်ရပါသည်၊၊

အခြားထေရာဝါဒနိုင်ငံများ၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာပေအဖြစ်ဖြင့်သာ တတ်ကျွန်းနာလည် သဘောပေါက်ကြခြင်း ဖြစ်ပါသည်၊၊ သိပ္ပံပြဿနာတရပ်ကို ပါဠိစာပေအမြင်ဖြင့်ရှင်းလင်းပြဖို့
တစုံတယောက်က တောင်းဆိုလာလျင် “ဒါတွေသည် ဒုက္ခမှလွတ်ကြောင်းမဟုက်၍” ဗုဒ္ဓမဟောခဲ့ဟူ၍ ယတိပြတ်ငြင်းပယ် တတ်သည်ကို အတွေ့အကြုံအရ သိရသည်၊၊ သီရိလင်္ကာပါဠိစာပေရှင်များမှာ ထို့သို့မဟုက်ဘဲ ပြဿနာအရပ်ရပ်ကို အဘိဓမ္မာရှုဒေါင့်၊ ၀ိယနရှုဒေါင့်၊ သုတ္တန်ရှုဒေါင့်တို့မှ နှိုင်းယှဉ်ပြီး အံ့သြဖွယ်ရှင်းလင်း ပြတတ်ကြပါသည်၊၊

ဤဆောင်းပါးတွင် သီရိလင်္ကာပြည်သူများ ပါဠိစာပေဗဟုသုတများရခြင်း၏ အကြောင်းတခုကို စာဖတ်သူများ တွေ့ရမည် ဖြစ်ပါသည်၊၊ သီရိလင်္ကာသားတို့ ဘာသာရေးအလုပ်တွင် စာပေကိုပါထည့်သွင်းပြီး သင်ယူတတ်ကြ ပုံကို တွေ့ရမှာဖြစ်ပါသည်၊၊

မြန်မာနိုင်ငံတွင် တစ်လကို လေးသီတင်းသတ်မှတ်၍ လဆန်းရှစ်ရက် ဥပုသ်နေ့၊ လပြည့်ဥပုသ်နေ့၊ လပြည့် ကျော်ရှစ်ရက် ဥပုသ်နေ့နှင့်၊ လကွယ်ဥပုသ်နေ့ဟူ၍ ဥပုသ်နေ့များသတ်မှတ်ကာ သီတင်းသီလဆောက်တည်ကြပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် ဥပုသ်နေ့အစား “ပေါယနေ့”ဟူ၍သတ်မှတ်ကာ သီလဆောက်တည် ကြပါသည်၊၊
တလလျင် ပေါယနေ့ တစ်နေ့တည်းသာရှိပါသည်၊ တနှစ်လုံးမှ ပေါယနေ့ (၁၂)ရက်သာ သတ်မှတ် ထားကြပါသည်၊၊ လစဉ် လပြည့်နေ့ကို ပေါယနေ့ဟုသတ်မှတ်ပြီး သီလဆောက်တည်ကြပါသည်၊၊

“ပေါဟောယ” ဆိုသော သီရိလင်္ကာစကားလုံးမှ “ပေါယနေ့”ဟု ဖြစ်လာသည်ဟု မှတ်သားရပါသည်၊၊
“ပေါဟောယ”ဆိုသော စကားလုံးသည်လည်း “ဥပေါသထ”ဆိုသော ပါဠိစကားလုံးမှ ဆင်းသက်လာသည်ဟု လေ့လာရပါသည်၊၊ “ဥပေါသထ”စကားလုံး၏ အဓိပ္ပါယ်မှာ မြန်မာလို”ဥပုသ်နေ့”ဟူ၍ ဖြစ်ပါသည်၊၊

"ဥပ၀သထ"ဟူသောပါဠိပုဒ်ကို (ဥပ+၀သထ)ဟုနှစ်ပုဒ်ခွဲပြီး မြန်မာဘာသာပြန်လိုက်သောအခါ “နေခြင်း”ဟူ၍ အဓိပ္ပါယ်ရပါသည်၊၊ “နေခြင်း”ဆိုရာတွင်လည်း ညနေစာစားခြင်းနှင့် အခြားသော အပျော်အပါး(ကာမဂုဏ်)တို့မှ ကင်းလွတ်ပြီး၊ တရားဓမ္မဖြင့်စိတ်နှင့်ကိုယ်ကို သီလဖြင့်ဆောက်တည်၍ နေခြင်းဟူ၍ အတိအကျ အဓိပ္ပါယ်ပြန် ဆိုရပါသည်၊၊ ဤဖွင့်ဆိုချက်အရ ဥပုသ်နေ့ဟူသည်မှာ ဓမ္မဖြင့်နေသည့်နေ့၊ တနည်း သီလဖြင့်နေသည့်နေဟူ၍ မှတ်သားရမည် ဖြစ်ပါသည်၊၊

ဤသို့ဆိုလျင် မြန်မာတို့ ဆောက်တည်သော ဥပုသ်နေ့နှင့် သီရိလင်္ကာသားတို့ ဆောက်တည်သော
ဥပုသ်နေ့မှာ ပုံစံအနည်းငယ်ကွာခြားသော်လည်း မူလအဓိပ္ပါယ် ရည်ရွယ်ချက်အားဖြင့် တူညီသည်ဟု မှတ်သားရပါ သည်၊၊ ပေါယနေ့အစဉ်အလာသည် (B.C.247)အရှင်မဟိန္ဒမထေရ် သီရိလင်္ကာသို့ သာသနာပြုရောက်သည်မှ စတင်ခဲ့သည်ဟု သိရပါသည်၊၊

လစဉ်အလိုက် ပေါယနေ့များမှာ--

(၁) မေလ(ကဆုန်လပြည့်)နေ့ကို သီရိလင်္ကာအခေါ်အားဖြင့် ဝေဆခ်-ပေါယနေ့(Wesak Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့သည် ဘုရားအလောင်းတော် ဖွားတော်မူသည့်နေ့ဖြစ်သည်၊ ဘုရားအဖြစ်သို့ ရောက်သည့်နေ့မှာလည်း ဤနေ့မှာပင်ဖြစ်သည်၊၊ ပရိနိဗ္ဗာန်ပြုသည့်နေ့မှာလည်း ဤနေ့ပင်ဖြစ်သည်၊၊ မြတ်စွာဘုရားရှင် သီရိလင်္ကာနိုင်ငံသို့ တတိယအကြိမ်ကြွသော နေ့လည်းဖြစ်သည်၊၊ ဤသို့ နေ့ထူး နေ့မြတ်များနှင့် တိုက်ဆိုင်သည့်အတွက် မေလပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော် ရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလဆောက် တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက်အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊

(၂) ဂျွန်လ(နယုန်လပြည့်)နေ့ကို ဖိုဆွန်-ပေါယ(Posson Masse)နေ့ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သီရိ လင်္ကာနိုင်ငံသို့ (B.C 247)က အရှင်မဟာမဟိန္ဒမထေရ် သာသနာပြုရောက်လာပြီး သီရိလင်္ကာသားတို့ ဗုဒ္ဓဘာသာ စဖြစ်သည့်နေ့ ဖြစ်ပါသည်၊၊

(၃) ဂျူလိုင်(၀ါဆိုလပြည့်)နေ့ကို ဧစလ-ပေါယနေ့(Essela Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် မယ်တော်မာ ယာသည် ဘုရားအလောင်းတော်ကိုဖွားမြင်မည့် ဆင်ဖြူတော်နိမိတ်ကို အိပ်မက်မြင်မက်သောနေ့ ဖြစ်သည်၊၊ ဘုရားအလောင်းတော် တောထွက်သည်မှာလည်း ဤနေ့တွင်ဖြစ်သည်၊၊ ဘုရား ဖြစ်တော်မူအပြီး နှစ်လအကြာ တရားဦးဓမ္မစင်္ကြာကို ဟောတော်မူသည်မှာလည်း ယနေ့တွင်ဖြစ် သည်၊၊ သံဃာတော်များ ၀ါဆိုဝါကပ် သည့် နေ့လည်း ဖြစ်ပါသည်၊၊

(၄) သြဂုတ်(၀ါခေါင်လပြည့်)နေ့ကို နိကိနိ-ပေါယနေ့(Nikini Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
သံဃာတော်တို့ ဒုတိယ၀ါဆိုဝါကပ်ကြရပါသည်၊၊ သံင်္ဂါယနာနှစ်တန် တင်သည့်နေ့ဟုလည်း ဆိုကြပါသည်၊၊

(၅) စက်တင်ဘာ(တော်သလင်းလပြည့်)နေ့ကို ဗိန်နာရေ-ပေါယနေ့(Binnere Masse)ဟု ခေါ်ပါသည်၊၊
သံဃာတော်များအတွက် ပ၀ါရဏာနေ့ဖြစ်ပါသည်၊၊ ကထိန်သင်္ကန်းလှူခွင့်ရသောနေ့လည်း ဖြစ်ပါသည်၊၊

(၆) အောက်တိုဘာ(သီတင်းကျွတ်လပြည့်)နေ့ကို ၀ပ်-ပေါယနေ့(Wap Masse)ဟု ခေါ်ပါသည်၊၊ မဟာပ၀ါရ ဏာနေ့ ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် တပည့်သံဃာတော်တို့အား ဒေသအနှံ့သို့ နိုင်ငံခြားသာသနာပြု အစဆုံးစေလွှတ်သည့်နေ့လည်း ဖြစ်ပါသည်၊၊ အသောကမင်းကြီးမှ အရိဋ္ဌမင်းသားအား သီရိလင်္ကာသို့ စေ လွှတ်၍ ဗောဓိပင်ကို ပင့်စေသောနေ့လည်း ဖြစ်ပါသည်၊၊ အရှင်မဟာမဟိန္ဒ ပရိနိဗ္ဗာန် ပြုသည့်နေ့လည်း ဖြစ်ပါ သည်၊၊

(၇) နိုဝင်ဘာ(တန်ဆောင်မုန်းလပြည့်)နေ့ကို အီလ်-ပေါယနေ့(Ill Masse)ဟု ခေါ်ပါသည်၊၊
တတိယသင်္ဂါယနာအပြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် သံဃာတော်တို့အားအုပ်စုခွဲ၍ ကိုးတိုင်း ကိုးနိုင်ငံသို့ ပြည်ပသာသနာပြုများ စေလွှတ်သောနေ့ ဖြစ်ပါသည်၊၊ သီရိလင်္ကာသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော်များ စတင်ဆိုက်ရောက်သော နေ့လည်းဖြစ်ပါသည်၊၊

(၈) ဒီဇင်ဘာ(နတ်တော်လပြည့်)နေ့ကို ဥန်ဒုဝပ်-ပေါယနေ့(Undu Wap Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်မှ တောင်ဘက်ကိုင်းကို ကူးယူလာသည့် နေ့ ဖြစ်သည်၊၊ သီရိလင်္ကာသို့ ဘိက္ခုနီသာသနာ စတင်ဆိုက်ရောက်သောနေ့လည်း ဖြစ်ပါသည်၊၊

(၉) ဂျန္န၀ါရီ(ပြာသိုလပြည့်)နေ့ကို ဒုရုသု-ပေါယနေ့(Duruthu Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘရားရှင် သက်တော်ထင်ရှားရှိစဉ်က ပထမဆုံးမကြိမ် သီရိလင်္ကာသို့ သာသနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင် နာဂဒီပကျွန်းသားတို့အား သာသနာစတင်ပြုသောနေ့ ဖြစ်ပါ သည်၊၊

(၁၀) ဖေဖ၀ါရီ(တပိုတွဲလပြည့်)နေ့ကို န၀န်-ပေါယနေ့(Navan Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန်တို့ သာသနာတော်သို့ဝင်ရောက်ပြီး၊ ရဟန်းပြုသည့်နေ့ ဖြစ်ပါသည်၊၊

(၁၁) မတ်(တပေါင်းလပြည့်)နေ့ကို မေဒင်-ပေါယနေ့(Meding Masse)ဟု ခေါ်ပါသည်၊၊ ထို့နေ့တွင်
မြတ်စွာဘုရားရှင်၏ လက်ယာဘက် အောက်စွယ်တော်မြတ်ကို သီရိလင်္ကာသို့ ဆောင်ယူလာခဲ့ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊

(၁၂) ဧပရယ်(တန်ခူးလပြည့်)နေ့ကို ဘတ်-ပေါယနေ့(Buck Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘုရားရှင် သီရိ လင်္ကာသို့ ဒုတိယအကြိမ်မြောက် သာသာနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ ဤနေ့ ထူးနေ့မြတ်နှင့် တိုက် ဆိုင်သည့်အတွက် ဧပရယ်လပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော်ရုံးများ၊ ကျောင်းများ၊ ဈေး ဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက် အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊

ပေါယနေ့များတွင် အရက်သေစာနှင့် အသားမရောင်းရ အမိန့်ကို သီရိလင်္ကာအစိုးရမှ ထုတ်ပြန်ထားပါသည်၊၊ ပေါယနေ့ရောက်ပြီဆိုလျင် သီရိလင်္ကာပြည်သူတို့သည် မိမိတို့ကိုးကွယ်သည့် ဘုန်းတော်ကြီး
ကျောင်းတိုက်များသို့ မနက်စောစော(၆)ခန့်တွင် အရောက်လာကြရပါသည်၊၊ အဖြူရောင်တူညီဝတ်စုံ များကိုလည်း အမျိုးသမီးရော အမျိုးသားများပါ ၀တ်ဆင်ကြရပါသည်၊၊ ပေါယနေ့ သီလဆောက်တည် ရန်လာကြသော ဥပုသ်သည်များသည် ပန်းများ၊ ဆီးမီးများ၊ သစ်သီးများ၊ လှုဖွယ်ပစ္စည်းများ၊ စသည်များကို ယူလာလေ့ ရှိကြပါသည်၊၊

ပေါယနေ့များတွင် မြို့တွင်း၌ လူအလွန်တိတ်ဆိပ်သည်ကို သတိထားမိပါသည်၊၊ ကလေးရော လူကြီးများပါ နီးရာကျောင်းတိုက်များတွင် သီလဆောက်တည်ရန်သွားကြသဖြင့် လမ်းများနှင့် ဈေးများတွင် လူမရှိသလောက် ရှားလှပါသည်၊ လိုင်းကားများပေါ်တွင်လည်း စီးနင်းသူမရှိသလောက် နည်းပါးသည့် နေ့ ဖြစ်ပါသည်၊၊ အရှင်တို့ ခရီးသွားလိုသောအခါ ထိုပေါယနေ့များကိုရွေး၍ သွားလေ့ရှိပါသည်၊၊
------------------------------------------

တနေ့တာ ပေါယနေ့ အစီအစဉ်မှာ အောက်ပါအချိန်ဇယားအတိုင်း ဖြစ်ပါသည်---

(၁) နံနက်(၆)ခွဲတွင် ပေါယနေ့တနေ့တာအစီအစဉ်ကို စပါသည်၊၊

(၂) နံနက်(၆)နာရီခွဲ-ဆရာတော်တိုင်ပေးသည့် ဘုရားရှိခိုးစာဖြင့် တညီတညွတ် ရှိခိုးပြီး၊ ဆွမ်းတော် ဆက်ကပ်ကြရသည်၊၊

(၃) နံနက်(၇)နာရီတွင် နံနက်စာ အစားအသောက်ကို အလှုရှင်တဦးမှ လှုသည်ကို စားကြရပါသည်၊၊

(၄) နံနက်(၈)နာရီတွင် ဆရာတော်ထံမှ သီလဆောက်တည်ပြီး၊ တရားနာယူရပါသည်၊၊

(၅) နံနက်(၉)နာရီတွင် ဆရာတော်ထံမှ ပါဠိစာပေသင်ကြားမှုကို တက်ရောက် သင်ကြားကြရပါသည်၊၊

(၆) နံနက်(၁၀)တွင် ပါဠိစာပေကျွမ်းကျင်သည့် အထူးဖိတ်ခေါ်ထားသော လူပညာရှိတဦးထံမှ ပိဋ ကတ်တော်မှ ခေါင်းစဉ်တခုကို ဆွေးနွေးတင်ပြသည်ကို တက်ရောက်ကြရပါသည်၊၊ ပိဋကသင်ကြား ချိန်ဖြစ်ပါသည်၊၊

(၇) နံနက်(၁၁)နာရီတွင် ဥပုသ်သည်များအားလုံး စုပေါင်း၍ ဘုရားဆွမ်းကပ်ကြရပါသည်၊၊ ဘုရား ဆွမ်းကပ် စာပိုဒ်များကို ဆရာတော်မှ တိုင်ပေးသည်ကို လိုက်ဆိုကြပါသည်၊၊

(၈) နံနက်(၁၂)နာရီတွင် အလှုရှင်တဦးမှ လှူဒါန်းသော နေ့လယ်စာအာဟာကို စားသုံးကြရပါသည်၊၊
နေ့လယ်စာအာဟာရကို စားသုံးနေစဉ်မှာလည်း ပါဠိဆရာတဦးမှ ဆွမ်းနှင့်ဆက်စပ်သော ပစ္စဝေက္ခဏာ ဆင်ခြင်ပုံအကြောင်းအရာများကို ရှင်းလင်းရွတ်ဆိုပြနေပါသည်၊၊ ဥပုသ်သည်များအနေဖြင့် သတိလက်လွတ် အစာအာဟာရကို မစားသုံးစေဘဲ ဆင်ခြင်၍စားသောက်ကြရန် ဤသို့ပြုလုပ်ခြင်း ဖြစ်ပါသည်၊၊ နေ့လယ်စာစားသုံးအပြီးတွင် တစ်နာရီခန့် အနားပေးပါသည်၊၊

(၉) နေ့လယ်(၁)နာရီတွင် ၀ိပဿနာနှင့်စပ်သော တရားတော်ကို ဟောကြားပါသည်၊၊ တရားတော်ကိုနာယူ အပြီး တစ်နာရီခန့် တရားအားထုတ်ကြရပါသည်၊၊

(၁၀) နေ့လယ်(၂)နာရီတွင် လမ်းလျောက်၍ တရားမှတ်ကြရပါသည်၊၊ ထိုအချိန်တွင် အနားယူမည်ဆိုက ယူနိုင်ပါသည်၊၊

(၁၁) ညနေ(၃)နာရီတွင် အထူးပင့်ဖိတ်ထားသော ဓမ္မကထိကဆရာတော်တပါးမှ အထူးတရားပွဲဟောကြား သည်ကို နာယူကြရပါသည်၊၊ တရားပွဲပြီးဆုံးလျင် မိမိမေးလိုရာကို ဓမ္မကထိကဆရာတော်အထံတွင် မေးမြန်းနိုင်ပါသည်၊၊

(၁၂) ညနေ(၅)နာရီတွင် ဆရာတော်ထံမှ ဥပုသ်သည်များအားလုံး ပရိတ်တရား နာယူကြရပါသည်၊၊

(၁၃) ညနေ(၆)နာရီတွင် ဆရာတော်အထံမှ သြ၀ါဒအဆုံးအမများကို နာယူကြရပါသည်၊၊ ဆရာတော် ဆုံးမသည်ကို နာယူအပြီး၊ ညနေ(၇)နာရီခန့်တွင် ပေါယနေ့ တနေ့တာ သီလဆောက်တည်မှု၊ အလှုဒါန ပြုမှုများအတွက် ရေစက်ချ၊ အမျှဝေတရားတော်နာယူပြီး၊ ပေါယနေ့အစီအစဉ်များ အဆုံးသတ်ပါသည်၊၊

သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့၏ ပေါယနေ့ သီလဆောက်တည်ပွဲသည် နံနက်(၆)နာရီမှစတင်ပြီး၊ ညနေ (၇)နာရီခန့်တွင် ပြီးပါသည်၊၊ တချို့ကျောင်းတိုက်များတွင် ညပိုင်းအထူးတရားပွဲများပါ ကျဉ်းပလေ့ရှိသည်၊၊

တနေ့တာလုံးကို တရားဖြင့်နေသည်ဟုပင် ထင်မိပါသည်၊၊ တူညီဝတ်စုံ အဖြူရောင်လေးများကို အမျိုးသမီးရော၊ အမျိုးသားများပါဆင်တူ ၀တ်ဆင်ထားကြသည်ကလည်း ငြိမ်းအေးသည့် သဘောကို ပြသနေသယောင် မြင်ရသူကို အေးမြစေပါသည်၊၊

ထူးခြားမှုလေးတခုကိုလည်း တင်ပြချင်ပါသေးသည်၊၊ သီရိလင်္ကာတို့ ဆရာတော်များရှေ့တွင် တရားနာ ထိုင်သည့်အခါတွင် ဖြစ်စေ၊ ဆွမ်းကပ်သည့်အခါတွင်ဖြစ်စေ ထိုင်သောအခါ သံဃာတော်များဘက်သို့ ခြေဆင်းပြီး ထိုင်လေ့ရှိပါသည်၊၊ အရှင်တို့ သီရိလင်္ကာရောက်စကဆိုလျင် ကိုယ့်ဘက်ကို ခြေဆင်းထား သော အမျိုးသမီး၊ အမျိုးသားများကို တွေ့ရသောအခါ ရိုင်းသည်ဟု ထင်ခဲ့ပါသည်၊၊ နောင်ကြာလာ သောအခါတွင်မှ ဤထိုင်နည်းသည် သူတို့ယဉ်ကျေးမှုအရ ယဉ်ကျေးသည့် ထိုင်ပုံဖြစ်သည်ဟု သိလာ ရပါသည်၊၊

မြန်မာရှေးစကားထဲတွင် “မိန်းမပြင်း ခြေဆင်း၊ ယောကျာင်္းပြင်း ကျောခင်း”ဟု အဆိုတခုရှိပါသည်၊၊ သီရိလင်္ကာတို့ အလှုဒါနပွဲ၊ တရားပွဲ၊ အခြားမင်္ဂလာရှိအခန်းအနားများတွင် ခြေဆင်းပြီး ထိုင်လေ့ရှိသောကြောင့် အရှင်တို့ မြန်မာယဉ်ကျေးမှုနှင့် မတူသည့် ထိုင်ပုံယဉ်ကျေးမှုတခုကို သင်ယူရရှိသည်ဟုသာ သဘောထားရပါ တော့သည်၊၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုပုံစံသည် အခြားလူမျိုးတခုအတွက် ရိုင်းစိုင်းသည့် အပြုအမူတခု ဖြစ်တတ်သည်ဆိုသည့်စကားမှာ ဤနေရာတွင် တကယ်မှန်လေသည်၊၊

ပေါယနေ့ တနေ့တာ လုပ်ငန်းစဉ်များကို သုံးသပ်ကြည့်သောအခါ သာမာန်အားဖြင့် သီလဆောက် တည်သည်ဟု ဆိုသော်လည်း၊ ပါဠိစာပေသင်ကြားချိန်၊ တရားဆွေးနွေးချိန်၊ တရားထိုင်ချိန်၊ တရားနာ ယူချိန်၊ စသည်အားဖြင့် တစ်နေ့တည်းဖြင့် တော်တော်စုံလင်အောင် အလုပ် လုပ်ကြသည်ကို သတိပြုမိသည်၊၊

သီရိလင်္ကာတို့သည် တစ်လလျင် တကြိမ်တည်းသာ ဥပုသ်နေ့အဖြစ်သတ်မှတ်၍၊ သီလဆောက်တည်ကြ သော်လည်း တနေ့တည်းကို စနစ်တကျအချိန်ဆွဲ၍ အကျိုးရှိအောင် သီလဆောက်တည်ကြသည်ကို တွေ့နိုင် သည်၊၊ ဥပုသ်နေ့ သီလဆောက်တည်ပွဲဆိုသည်ထက် မြန်မာနိုင်ငံ ရိပ်သာ တရားစခန်းပွဲနှင့်ပင် ဆင်ဆင်တူ နေပါသည်၊၊ ပေါယနေ့အစီအစဉ်များအားလုံး ပြီးဆုံးသောအခါ ပေါယဥပုသ်သည်တို့ မိမိတို့အိမ်သို့အသီးသီး ပြန်ကြပြီး၊ အိမ်ရှေ့တွင် ပရိတ်ရွတ်ဖတ်ခြင်းများ၊ တရားဆွေးနွေးခြင်းများကို ပြုလုပ်လေ့ရှိကြသည်ဟု ဆိုပါသည်၊၊

တနှစ်တာအတွက် ပေါယနေ့(၁၂)ရက်ရှိသည်၊ ထို(၁၂)ရက်ထဲမှ ဖိုဆွန်-ပေါယနေ့နှင့်၊ ဝေဆခ်-ပေါယ နေ့ကို သီရိလင်္ကာ၏ ဘာသာရေးပွဲတော်ကြီးအဖြစ် သတ်မှတ်၍ တနိုင်ငံလုံးပွဲတော်များကျင်းပလေ့ ရှိပါသည်၊၊ မြန်မာနိုင်ငံ ဘုရားပွဲကြီးများကျင်းပသကဲ့သို့ ဖြစ်ပါသည်၊၊ ပြပွဲအမျိုးမျိုး၊ အတီးအမှုတ်၊ ရိုးရာ အကအခုန်များ၊ ဇာတ်ပွဲများ၊ ဆီမီးထွန်းပွဲများစသည်တို့ ကျင်းပခြင်းဖြစ်ပါသည်၊၊

ပေါယနေ့တနေ့တည်းတွင် ဒါနကုသိုလ်အလုပ်ဖြစ်သည့် ဥပုသ်သည်များအား ဆွမ်းနှင့်၊ ဆေး၊ အဖျော် ရည်လှူဒါန်းမှု ဒါနကုသိုလ်၊ သီဆောက်တည်မှု သီလကုသိုလ်၊ တရားမှတ်ရှုမှု ဘာဝနာကုသိုလ်၊ ပါဠိစာပေ သင်ယူမှု ဓမ္မကုသိုလ်၊ တရားဟောမှု ဓမ္မကုသိုလ်၊ တရားနာယူမှု ဓမ္မကုသိုလ်၊ ဝေယျာဝစ္စ အလှူ၊ စသည့်ကုသိုလ်များကို စေတနာပါပါ လုပ်နေကြသည်ကို တွေ့မြင်ရသည့်အတွက် အရှင့်အနေဖြင့် ပေါယနေ့ကို ဘ၀အတွက် အကောင်းဆုံးအဆီအနှစ်ကို ထုတ်ယူသည့်နေ့ဟူ၍ပင် သဘောပေါက်မိပါသည်၊၊

ဤသို့ဖြင့် သီရီလကာပြည်သူတို့သည် သူတို့၏ဘ၀ကို ဘာသာရေးဖြင့် ပုံသွင်းယူတတ်ကြသည်ကို နည်းယူဖွယ် တင်ပြလိုက်ရပါသည်၊၊ အရှင်တို့တွေ့ရသလောက်ဆိုလျင် သီရိလင်္ကာနိုင်ငံကို ခေတ်ပေါ် ရုပ်ဝတ္ထုက များစွာဆွဲ ဆောင်မှု မပြုနိုင်သေးသည်ကို တွေ့ရသည်၊၊ အနေအထိုင် အစားအသောက် အလွန်ရိုးသော လူမျိုးအဖြစ် ကျန် ရှိနေသေးသည်ကို တွေ့ရပါသည်၊၊ ဘာသာရေးကို နိုင်ငံတော်ပညာ ရေးအဖြစ်နှင့် ယဉ်ကျေးမှုဓလေ့များအဖြစ် ပါ အသိမှတ်ပြုထားကြသော သီရိလင်္ကာတို့၏ နေ့စဉ်ဘ၀သည် လွန်စွာအေးချမ်းသည်ကို တွေ့ရပါသည်၊၊

ပေါယနေ့ဆောင်းပါးကို ဖတ်ရသော “အလင်း စက်” စာဖတ်သူများအားလုံး မိမိတို့၏ ရှည်လျားလှ သော နေ့-ညများထဲမှ အနှစ်ရှိသောနေ့များ ညများကို အတိအကျသတ်မှတ်ပြီး၊ ဘ၀အတွက် အဆီအ နှစ်ဖြစ်သော ကောင်းမှုကုသိုလ်များကို ထုတ်ယူနိုင်ကြပါစေလို့ မေတ္တာဖြင့် ဆန္ဒပြုလိုက်ပါတယ်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၁.၂၀၁၁)

1 comments:

Unknown April 1, 2011 at 5:12 PM  

ဗဟုသုတများစွာ ရရှိပါသည် အရှင်ဘုရား။ အတုယူဖွယ်အလေ့အထကောင်းများကို မြန်မာပြည်တွင်လည်း ပြန့် ပွားစေလိုပါသည်။ မြန်မာပြည်တွင် ဥပုသ်နေ့ သည် သီရိလင်္ကာထက် လေးဆပိုမိုသည်မှာ အခွင့်ကောင်းဖြစ်ပါသည် အရှင်ဘုရား။

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP