Tuesday, March 1, 2011

သာသနာပြု စစ်တမ်း၊၊ ၊၊






ယနေ့ခေတ်တွင် “သာသနာပြု”ဟူသော ဝေါဟာရစကားလုံးကို အတော်များများက အသုံးပြုနေကြသည်ကို သတိပြုမိရသည်၊၊ မည်သည့်အပြုအမူနှင့်၊ လုပ်ရပ်ကို”သာသနာပြု”ဟု ခေါ်ဆိုသည်နှင့် “သာသနာပြု”လိုသူ၌ ရှိသင့်သောစိတ်ထားများ၊ စွမ်းရည်များကို စာပေရှုဒေါင့်မှ ဆွေးနွေးတင်ပြလိုက် ပါသည်၊၊

စစ်မှန်သည့် “သာသနာပြု”ဟူသည်ကို နားလည်သဘောပေါက်စေရန် “သာသနာပြု” ဝေါဟာရ၏ မူလအရင်းအမြစ်ကို လေ့လာသင့်ပါသည်၊၊ သို့မှသာ “သာသနာပြု” သဘောအဓိပ္ပါယ်နှင့်၊ မှန်ကန်သည့် “သာသနာပြု”နည်းကို ရရှိမည်ဖြစ်သည်၊၊

သာသနာပြုဟူသော ဝေါဟာရတွင် “သာသနာ”နှင့် “ပြု”ဟူ၍ ပုဒ်နှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့ရသည်၊၊ “သာသနာ”ပုဒ်သည် ပါဠိစကားလုံးဖြစ်ပြီး၊ “ပြု”သည် နာမသတ်မြန်မာကြိယာပုဒ် ဖြစ်ပါသည်၊၊

ပုဂံခေတ်အစောပိုင်းဆီက မြန်မာစာပေသည် လုံးဝပြည့်စုံသည့် စာပေတစ်ခု မဟုက်သေးကြောင်း မြန်မာစာပေသမိုင်းတွင် ဖော်ပြထားသည်၊၊ အနော်ရထာခေတ် ပါဠိစာပေပုဂံသို့ ရောက်လာသည်မှ စတင်ပြီး၊ မူလမြန်မာစာပေအတွင်းသို့ ပါဠိသက်ဝေါဟာရများ ဆင်းသက်လာပြီး၊ ကြွယ်ဝသည့် စာပေပုံစံတစ်ခုကို ယနေ့မြင်တွေ့နေရသလို ရရှိခဲ့သည်၊၊

အထက်ပါ “သာသနာပြု”ဆိုသောစကားလုံးတွင် ပါဠိပုဒ်တစ်ခုနှင့် မြန်မာပုဒ်တစ်ခုတို့တွဲစပ်ပြီး အသုံး ပြုထားသည်ကို တွေ့ရသည်၊၊ ဤကဲ့သို့ တွဲပြီးသုံးပြုသည့်ပုဒ်ပေါင်း မြန်မာစကားနှင်၊့ မြန်မာစာပေတွင် မရေ မတွက်နိုင်အောင် များသည်၊၊ တချို့နေရာများတွင်မူ တွဲစပ်၍ပင်မဟုက်ဘဲ ပါဠိပုဒ်ပင်ကိုယ်အတိုင်း မြန်မာမှုပြု၍ အသုံးပြုသည်ကိုပင် တွေ့ရသေးသည်၊၊

ဥပမာအားဖြင့် မေတ္တာ၊ သစ္စာ၊ ဥပေက္ခာ၊ စသော ပါဠိစကားလုံးများ၊ လောဘ၊ ဒေါသ၊ မောဟ၊ စသော စကားလုံးများဖြစ်သည်၊၊ တချို့နေရာများတွင် ပါဠိပုဒ်ကို ပုံစံပြောင်း၍အသုံးပြုထားသည်ကိုလည်း တွေ့ရ ပြန်သည်၊ ဥပမာအားဖြင့် သံယောဇဉ်၊ စိတ်၊ ရုပ်၊ စသည်တို့ဖြစ်သည်၊၊

“သံယောဇဉ်”စကားလုံးသည် “သံယောဇန” ပါဠိပုဒ်ကို မြန်မာမှုပြုထားသည် ဖြစ်ပြီး၊ “စိတ်”သည် “စိတ္တ”မှ၊ “ရုပ်”သည် “ရူပ”မှဆင်းသက်၊ မြန်မာမှုပြုထားသည်ကို လေ့လာရသည်၊၊ “သာသနာပြု” ဝေါဟာရသည်လည်း နည်းတူပါဠိတွဲစပ် အသုံးပြုသည့် မြန်မာစကားလုံးတစ်ခု ဖြစ်ပါသည်၊၊

“သာသနာ”ပုဒ်ကို အဆုံးအမ၊ ဆုံးမချက်၊ သွန်သင်ချက်၊ ညွှန်ကြားချက်၊ သင်ကြားချက်ဟူ၍ မြန်မာ ပြန်နိုင်ပါသည်၊၊ ဗုဒ္ဓရှင်တော် အသက်ထင်ရှားရှိစဉ်(၄၅)နှစ်တာအတွင်း ဆုံးမခဲ့သည်များ၊ ညွန်ကြားခဲ့ သည်များ၊ သင်ကြားခဲ့သည်များကို “သာသနာ”ဟု ခေါ်ဆိုပါသည်၊၊

ဤသင်ကြားချက်များ၊ ဆုံးမချက်များ၊ ဟောပြောချက်များကိုပင် ပါဠိစာပေတွင် “တိပိဋက=ပိဋကတ်သုံးပုံ”ဟု ခေါ်ပါသည်၊၊ ပိဋကတ်သုံးပုံသည် စာအုပ်အရေအတွက်အားဖြင့် အုပ်ရေ(၄၀) ရှိပါသည်၊၊

ဤမျှများပြားသည့် သင်ကြားချက်များကို ဗုဒ္ဓသည် နေရာဒေသအလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ အခြေအနေ အကြောင်းအရာအလိုက် သင့်တော်ရာ တရားဒေသနာများကို ဟောပြောသင်ပြ၊ ဆုံးမသွန်သင်ခဲ့သော်လည်း၊ ထိုဟောပြော၊ သင်ပြချက်များကို အသေးစိတ်အနှစ်ချုပ်ကြည့်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးကို ပုံစံအမျိုးမျိုး၊ ၀တ္ထုဇာတ်လမ်းအမျိုးမျိုး၊ သာဓကအမျိုးမျိုးဖြင့် ဟောပြော၊ သင်ပြခဲ့သည်ကို တွေ့ရသည်၊၊

ပိဋကတ်သုံးပုံစာပေဆိုသည်မှာ ဗောဓိပက္ခိယတရား(၃၇)မျိုး သင်ပြချက်ဟူ၍ မှတ်ယူရပါမည်၊၊ အဆုံးစွန် ဗုဒ္ဓ၏သင်ပြချက်အားလုံးကို အနှစ်ချုပ်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးမှ သစ္စာ(၄)ပါး အဖြစ်သာ တွေ့ရတော့သည်၊၊ ဆိုလိုသည်မှာ သစ္စာလေးပါးကိုသာ သဘောပေါက်သိမြင်လျင် ပိဋကတ်သုံးပုံကို သိမြင်သဘောပေါက်သည်ဟု ဆိုလိုပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အထက်ပါဆွေးနွေးတင်ပြချက်ကို “စတုသစ္စ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ”ဟု ညွန်ပြ ထားသည်ကို တွေ့ရပါသည်၊၊ သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြောချက်ဟူ၍မရှိဟု အဓိပ္ပါယ်ရပါသည်၊၊

ဗုဒ္ဓအရှင် လွန်တော်မူပြီး (5-century.A.D)တွင်ရေးသော ၀ိသုဒ္ဓိမဂ်ကျမ်းနှင့်၊ အခြားပါဠိကျမ်းအချို့တွင် ပိဋကတ်သုံးပုံကိုအနှစ်ချုပ်လျင် သီလ+သမာဓိ+ပညာ၊ သုံးမျိုးကိုသာ တွေ့ရသည်ဟုဆိုသော်လည်း ဗုဒ္ဓရှင်တော်၏ တိုက်ရိုက်ဟောကြားချက် အထောက်အထားမရှိဟု ပါဠိပညာရှင်များက ဆိုပါသည်၊၊

ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကမူ “သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြော သင်ပြချက်ဟူ၍ မရှိ”ဟု ပါဠိ စာပေမှတ်တမ်းတွင် မိန့်တော်မူသည်ကို တွေ့ရှိရသည်၊၊ ဤသို့ဆိုလျင် ကျယ်ဝန်းလှသည့် ပိဋကတ်သုံးပုံကို အနှစ်ချုပ်လျင် သစ္စာလေးပါးကိုသာ ရရှိတော့သည်ဟု နောက်ဆုံးကောက်ချက်ကို ရရှိမည် ဖြစ်ပါသည်၊၊

အထက်တွင်တင်ပြချက်များကို ခြုံငုံသုံးသပ်လျင် “သာသနာ”ဟူသည်မှာ သစ္စာလေးပါးဟု မှတ်သားရပါမည်၊၊ စာဖတ်သူအနေဖြင့် ဤမျှဆွေးနွေးတင်ပြလိုက်လျင် သာသနာဟူသည်ကို နားလည်သဘောကျပြီဟု ယုံကြည်ပါသည်၊၊

“ပြု”ဆိုသည်မှာ သစ္စာလေးပါးသင်ပြချက်၊ ဟောပြောချက်၊ ဆုံးမချက်ကို တည်တန့်အောင်၊ ပြန့်ပွားအောင်၊ နားလည်သဘောပေါက်မှု၊ အဓိပ္ပါယ်ယူဆမှုမလွဲအောင်၊ ကြိုးစားသည့်လုပ်ရပ်ကို ခေါ်ပါသည်၊၊ “သာသနာ”နှင့် “ပြု”နှစ်ပုဒ်ကိုပေါင်းစပ်၍ အဓိပ္ပါယ်ဖွင့်ဆိုလျင် ဗုဒ္ဓရှင်တော်ညွှန်ကြားသည့် သစ္စာလေးပါး အနှစ်တရားကို တည်တန့်၊ ပြန့်ပွား၊ အနက်အဓိပ္ပါယ်ကောက်ယူမှုမလွဲအောင် ကြိုးစားမှုဟူ၍ မှတ်သားရပါမည်၊၊

ဤကြိုးစားမှုသည် လွယ်ကူသည်ကား မဟုက်ပါ၊၊ ဗုဒ္ဓဘာသာဆိုသည်မှာလည်း သစ္စာလေးပါး ထိမ်းသိမ်း လိုက်နာ၊ ကျင့်ကြံအားထုတ်မှုပင်ဖြစ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာလေးပါးသင်ပြချက်ကို တည်တန့်၊ ပြန့်ပွား၊ သဘောအဓိပ္ပါယ်မလွဲအောင် ထိမ်းသိမ်းမှုမပြုနိုင်၍ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အခြားဘာသာခြား နိုင်ငံများအဖြစ်သို့ကျရောက်သွားသော နိုင်ငံများစွာရှိသည်၊၊

သစ္စာလေးပါး သင်ပြချက်အနှစ်သာရကို မပြည့်အ၀မရှိ၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဘာသာခြားဘာသာများသို့ ကူးပြောင်းသွားသည်များလည်း များစွာပင်ရှိသည်၊၊ ထို့ကြောင့် စစ်မှန်သည့် သာသနာပြုလုပ် ငန်းများ များစွာပင်လိုအပ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ဟောပြောချက် ပိဋကတ်စာပေသင်တန်းများ လွန်စွာလို အပ်ပါသည်၊၊

ပိဋကတ်စာပေသင်ကြားမှုများ၊ ဟောပြောမှုများ၊ ကျောင်းကန်၊ စေတီပုထိုးသာသနိကအဆောက်အ အုံများကို ထိမ်းသိမ်းခြင်းများ၊ အသစ်တည်ဆောက်မှုများအားလုံးသည် သစ္စာလေးပါးသင်ပြချက်ကို တစ်ဘက်တစ်လမ်းက ထောက်ပံ့ရာရောက်သည့်အတွက် သာသနာပြုအစစ် အမှန်ဖြစ်သည်ဟုပင် မှတ်ယူရပါမည်၊၊

ဗုဒ္ဓဘာသာကွယ်ပျောက်မှု၊ တည်ရှိမှုသည် ဗုဒ္ဓရှင်တော်သင်ပြ ဟောပြောခဲ့သည့် စတုအရိယသစ္စဟုခေါ်သော သစ္စာလေးပါးတည်ရှိနေမှု၊ ပျောက်ကွယ်သွားမှုအပေါ်တွင် မူတည်ပေသည်၊၊ ဗုဒ္ဓ၏ သစ္စာသင်ကြားချက် တည်ရှိသောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဟု ခေါ်ဆိုနိုင်သည်၊ သစ္စာတရားပျောက်ကွယ်နေသောနိုင်ငံသည် ဗုဒ္ဓဘာသာပျောက်ကွယ်သောနိုင်ငံဟု ခေါ်ဆိုရပေတော့မည်၊၊

ယနေ့မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံခြားများတွင် ဗုဒ္ဓဘာသာတည်ရှိနေသလား ပျောက်ကွယ်နေပြီလား ဆိုသည့် မေးခွန်းကိုလည်း သစ္စာတရားပေတံဖြင့်တိုင်းတာပြီး ဆုံးဖြတ်အဖြေ ပေးရပါမည်၊၊

သာသနာပြုဆိုင်းဘုတ် ကိုယ်စီတပ်ထားသော်လည်း စစ်မှန်သည့်သာသနာပြု ဟုက်သည်၊ မဟုက်သည်ကို သစ္စာလေးပါးတည်ရှိ ပြန့်ပွားစေသည့်လုပ်ရပ်၊ ကြိုးစားအားထုတ်မှုပါ မပါအပေါ်တွင်အခြေခံပြီး ဆုံးဖြတ်ရပါမည်၊၊ အဆုံးစွန်အားဖြင့်မူ သစ္စာကွယ်သောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာကွယ်သော အရပ် ဒေသနိုင်ငံဖြစ်သည်၊ သစ္စာတရားထွန်းလင်းသောနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းလင်းသော နိုင်ငံဖြစ်သည်၊၊

အာဖဂန်နစ်တန်နိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင်တို့တည်ထားကိုးကွယ်ခဲ့သော ကမ္ဘာ့ ရုပ်တုတော်ကြီများ ယနေ့တိုင်တည်ရှိနေသည်၊ သို့သော်မြတ်စွာဘုရားရှင်၏အဆုံးအမ၊ သစ္စာလေးပါး ကိုနားလည်သူ၊ တည်တန့်အောင်ကျိုးစားသူ၊ ပြန့်ပွားအောင်ကြိုးစားသူ မရှိတော့သည့်အတွက် ထိုဒေသမှ ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ရသည်၊၊

အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကမ္ဘာ့အကြီးဆုံးဟု မှတ်တမ်းတင်ထားသော ဗောရောဗုဓောစေတီတော်ကြီး ရှိသည်၊၊ သို့သော်ထိုဒေသတွင် သစ္စာတရားကို ပြန့်ပွားတည်ရှိနေအောင် မထိမ်းသိမ်းနိုင်ခဲ့သည့်အတွက် ရာစုနှစ်ပေါင်းများစွာ မူစလင်ဘာသာနိုင်ငံအဖြစ်သို့ ကျဆင်းသွားသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အခြားနိုင်ငံများစွာလည်း ရှိပါသေးသည်၊၊

အဋ္ဌကထာကျမ်းပေါင်းများစွာကို ရေးသားသည့် သီရိလင်္ကာနိုင်ငံတွင် သံဃာတော်နှင့် ရဟန်းမဘိက္ခူနီများ သိန်းနှင့်ချီ၍နေထိုင်ခဲ့သော ကျောင်းတိုက်ကြီးများကို ယနေ့တိုင်တွေ့ရသေးသည်၊ သို့သော် နှစ်ရာချီ၍ ဗုဒ္ဓသာသနာတော် ကွယ်ခဲ့ရဘူးသည်၊၊ ယနေ့မြင်တွေ့နေရသော သီရိလင်္ကာဗုဒ္ဓသာသနာမှာ မြန်မာတို့ဆီမှ မျိုးပွားထားသည့် သာသနာတော်ဖြစ်သည်၊၊ သစ္စာတရားပျက်သုဉ်းသဖြင့် သာသနာတော် ပျက်သုဉ်းခဲ့ရသည့် အဖြစ်အပျက်များပင် ဖြစ်ပါသည်၊၊

ဤသာဓကများကိုထောက်ဆ၍ ဗုဒ္ဓသာသနာတော် တည်တန့်ရေးမှာ ရုပ်ပြအဆောက်အဦးများ၊ စေတီပုထိုးများ မဟုက်ဘဲ၊ အနှစ်သာရဖြစ်သည့် သစ္စာလေးပါးတရားကို အစဉ်တည်တန့်ပြန့်ပွားစေရန် အားထုတ်ကြိုးစားမှုဖြစ်ကြောင်း အသိမှတ်ပြုရပါမည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာတရားများ ရှင်သန်အောင် ပြုသည်ကို သာသနာပြုဟု ခေါ်ဆိုကြောင်း စာဖတ်သူတို့ သဘောကျလောက်ပြီဟု အရှင် ထင်မြင်မိပါသည်၊၊
ယ္ခုအခါ သာသနာပြုသူတို့ ထားသင့်သောစိတ်ဓာတ်များနှင့် ရှိသင့်သည့်အရည်အသွေးများကို ဆွေးနွေးပါမည်၊၊

(၁) စေတနာ၊
(၂) သဒ္ဓါ၊
(၃) ခန္တီ၊
(၄) ပညာ၊
(၅) သတ္တိ၊

ဤအရည်အသွေးငါးမျိုးကို အပြည့်အ၀ရရှိထားလျင် သာသနာပြုရာတွင် အောင်မြင်ပြီဟု ယူဆမိပါသည်၊၊ သာသနာပြုသောအခါ မိမိသာသနာပြုသော အရပ်ဒေသရှိလူများစွာတို့အပေါ်တွင် စစ်မှန်သည့် ငြိမ်းအေးစေလိုစိတ်၊ ဗုဒ္ဓဘာသာကျင့်စဉ်အလိုအရ တိုးတက်စေလိုစိတ်ဓာတ်ထားရှိမှုကို စေတနာဟု ရည်ညွှန်းပါသည်၊၊

သဒ္ဓါဆိုသည်မှာ သာသနာပြုရာတွင် လိုအပ်လျင် လိုအပ်သလို ပေးကမ်းဝေငှရဲသည့်စိတ်မျိုးကို ခေါ်ပါသည်၊၊ သာသနာပြုရာတွင် ယူ၍သာသနာပြုသည်ထက်၊ မိမိက တတ်အားသမျှပေး၍ သာသနာပြုနည်းမှာ အောင်မြင်သည့်သာသနာပြုနည်းဖြစ်ကြောင်း သာဓကများစွာက ပြသနေပါသည်၊၊

သာသနာပြုရာတွင် သည်းခံနိုင်မှုသည် အထူးအရေးပါသော အရည်အသွေးတစ်ခု ဖြစ်ပါသည်၊၊ ပုဏ္ဏောဝါဒသုတ္တန်တွင် သည်းခံခြင်းဖြင့် သာသနာပြုအောင်မြင်နိုင်ကြောင်းကို အသေးစိတ်လေ့လာ ရရှိနိုင်ပါသည်၊၊

အောင်မြင်သော သာသနာပြုကောင်းတဦးဖြစ်ရန် ပညာထက်မြက်ဖို့လည်း လိုအပ်ပါသည်၊၊ ပညာ တတ်သည်ဆိုရာတွင် မိမိသာသနာပြုမည့် ဒေသသုံးဘာသာစကား ကျွမ်းကျင်မှု၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု များကို နားလည်မှုများလည်း ပါဝင်ပါသည်၊၊

မည့်သည့်လုပ်ငန်းတွင်မဆို အစဦးလုပ်ဆောင်ရသူသည် သတ္တိမရှိ မဖြစ်လိုအပ်ပါသည်၊၊ ရဲဝံ့သည့် စိတ်ဓာတ်ကို ဆိုလိုပါသည်၊၊ အတိုက်ခိုက်များကိုလည်း ရင်ဆိုင်ရဲရန်၊ လိုအပ်လျင် လိုအပ်သလို စွန့်စားမှုများပြုရန်၊ ရုပ်ပိုင်းဆိုင်ရာ ရဲဝံမှု၊ စိတ်ပိုင်းဆိုင်ရာထက်မြက်မှုများ လိုအပ်ပါသည်၊၊

သာသနာ မရောက်ရှိသေးသော ဒေသ၊ မပြန့်ပွားသေးသောဒေသများတွင် သာသနာပြုသောအခါ အခက်ခဲများစွာ မလွဲမသွေရင်ဆိုင်ရပါမည်၊ မည်သည့်အခက်ခဲကိုမဆို သတ္တိရှိသူဖြစ်လျင် အောင်မြင်စွာ ကျော်လွှားနိုင်ပါသည်၊၊ ဤကဲ့သို့ တင်ပြဆွေးနွေးခဲ့သည့် အရည်အသွေးစိတ်ဓာတ်များ ရရှိပိုင်ဆိုင်ထားလျင် မည်သည့်ဒေသတွင်မဆို အောင်မြင်သော သာသနာပြုကောင်းတယောက် ဖြစ်လာနိုင်ပါမည်၊၊ ငါးမျိုးသော သာသနာပြုသူတို့လိုအပ်သည့် အရည်အသွေးများသည် သာသနာပြုစိတ်ဓာတ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်၊၊

စာဖတ်သူများအားလုံး စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ သတ္တိရှိရှိဖြင့် ကမ္ဘာကိုဗုဒ္ဓရှင်တော်၏ သစ္စာ တရားများဖြင့် ငြိမ်းချမ်း အေးမြစေသူများ၊ သာသနာပြုကောင်းများဖြစ်လာပါစေလို့ ဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊



အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၂.၂၀၁၁)

1 comments:

Crystal March 3, 2011 at 7:53 PM  

အရင်က တပည့်တော် ဆိုဒ်တွေ အကုန်တွေ့ရာ လျှောက်ကြည့်တယ်ဘုရား။ ခုတော့ အရှင်ဘုရားတို့ ဆိုဒ်တွေကမှ ဗဟုသုတရော၊ ကုသိုလ်ရော အကုန်ပေးစွမ်းနိုင်တာတွေ့တယ်ဘုရား။ ကျေးဇူးကြီးပါတယ် အရှင်ဘုရား။

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP