Friday, July 1, 2011

‘သုဇာတာ’လို မိန်းကလေး၊၊ ၊၊




သည်စာတမ်းကို မေးမြန်းသူများသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်၊၊ “အလင်းစက်”စာဖတ်သူများအထဲမှာ အမျိုးသမီးများစွာလည်း ပါဝင်နေတာမို့ ငါတို့အကြောင်း “အလင်းစက်”က အတင်းတုတ်တော့မည်ထင်သည်ဟု အတွေးဝင်လေမည်လား စိုးရိမ်မိသည်၊၊

ပိဋကတ်သုံးပုံပါဠိစာပေတွင် အမျိုးသမီးများနှင့်ဆက်စပ်၍ နေရာများစွာအထူးပြု ဟောပြောထားသည်ကို လေ့လာရသည်၊ “ထေရီအပါဒါန်ပါဠိတော်ကျမ်းကြီး”တစ်ခုလုံးသည် အမျိုးသမီးများအကြောင်းကိုချည်း ဟောပြောသင်ပြသည့် ကျမ်းကြီးဖြစ်နေရကား ဗုဒ္ဓရှင်တော်သည် အမျိုးသမီးများကိုမည်မျှအလေးပေး၍ နေရာထားခဲ့သည်ကို သိရှိနိုင်သည်၊၊

မဃဒေ၀လင်္ကာကျမ်းပြု မန်လည်ဆရာတော်ဘုရားကြီးသည်လည်း အမျိုးသမီးတို့လိုက်နာကြစေရန် မေတ္တာရှေ့ထားပြီး “မဃဒေ၀လင်္ကာကျမ်း”ကြီးအထဲတွင် အမျိုးသမီးတို့ သတိပြုဆင်ခြင်ဖွယ်ရာများကို မြတ်စွာဘုရားရှင် ဟောပြောသွန်သင်ဆုံးမထားသော ပါဠိတော်များအထဲမှ ပါဠိစာသားများကို လင်္ကာများစီကုံး၍ ကျမ်းကြီး၏အဓိကကျောရိုးသဖွယ် ဆုံးမထားသည်ကို လေ့လာရပါသည်၊၊ အခြားသော ကျမ်းများစွာတွင်လည်း အမျိုးသမီးများအကြောင်းကို များစွာပင်ဟောကြား၊ သင်ပြထားသည်ကို လေ့လာရသည်၊၊

လူသည် ဘ၀တွင်တစ်ဦးတည်း ရပ်တည်ရန်လွယ်ကူသည် မဟုက်သည်ကတစ်ကြောင်း၊ အခြားသော ချစ်ခြင်း တရားနှင့် သံယောဇဉ်နွယ်ကို ခုံမင်ကြသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် “အိမ်ထောင်”ဟူ၍ ပြုကြရသည်၊၊

ချစ်ခြင်းနှင့် သံယောဇဉ်နွယ်ကို တိုး၍ရစ်ပတ်လို၍ဖြစ်စေ၊ တစ်ဦးအကျိုးကို တစ်ဦးကပို၍ဖေးမကူညီ လို၍ဖြစ်စေ၊ ချစ်သူဘ၀မှ အိမ်ထောင်သည်များဘ၀သို့ အဆင့်တိုးမြှင့်လိုက်ကြသော်လည်း တကယ်တမ်း အိမ်ထောင်သည်ဘ၀များသို့ လက်တွေ့မျက်တွေ့ ကျရောက်ကြသောအခါတွင် များစွာသောအဆင်ပြေမှု၊ အဆင်မပြေမှုများစွာကို ရင်ဆိုင်ကြရသည်၊၊

ချစ်သူဘ၀တွင် တစ်ဦးကိုတစ်ဦး ချစ်သောမျက်စိသက်သက်ဖြင့်သာ ကြည့်၍မ၀ဖြစ်ခဲ့သည့်အတွက် အပြစ်တစ်စုံတရာကို မတွေ့မမြင်နိုင်ခဲ့သော်လည်း တကယ်တန်းတစ်အိုးတစ်အိမ်တည်ထောင်၍ လင်နှင့်မယားဟူ၍ ဖြစ်လာသောအခါတွင် တစ်ဦးကိုတစ်ကိုက အလိုကျသည်များ၊ အလိုမကျသည်များကို ရင်ဆိုင်တွေ့ကြုံလာရတော့သည်၊၊

လူနှစ်ယောက်သည် အလုံးစုံတွင်အကျင့်စရိုက်နှင့် ၀ါသနာထပ်တူ၊ ညီတူကျရန်အလွန်ခက်ခဲလှသည်၊ လင်နှင့်မယားတို့သည်လည်း “အရင်းနှီးဆုံး သူစိမ်း”များသာဖြစ်သည့်အလျောက် အကျင့်စရိုက်နှင့် ၀ါသနာများ မတူညီသည့်နေရာများစွာ ရှိနေနိုင်သည်၊၊

ထိုသို့သော မတူညီသည့်အကျင့်စရိုက်နှင့်ဝါသနာများကို ညှိယူနိုင်သောအိမ်ထောင်တစ်ခုသည် သာယာစိုပြေပြီး၊ မိမိဝါသနာနှင့်အကျင့်စရိုက်ကိုသာဦးစားပေးပြီး တခြားသူ၏အမူအကျင့်ကို သဘောမတွေ့နိုင်ပါမူ အောင်မြင်သည့်အိမ်ထောင်မှုကို မတည်ဆောက်နိုင်တော့ချေ၊၊

ဤသို့ဖြင့် များစွာသောအိမ်ထောင်မှုများသည် “ကွာရှင်းပြတ်စဲခြင်း”ဟူသော ခေါင်းစဉ်အောက်သို့ ကျရောက်ရတော့သည်၊၊ ဘ၀အဆက်ဆက်ချခဲ့ကြသည့် မေတ္တာပန္နက်များသည်လည်း ညှိုးနွမ်းခြောက်သွေ့သွားရတော့သည်၊၊

အရှင့်အနေဖြင့် သာယာသည့်မိသားစုဘ၀ကို လူသားတို့တည်ဆောက်နိုင်ကြပြီး၊ ပျော်ရွှင်ဖွယ်မိသား စုများဖြစ်လာကြစေရန်ရည်သန်လျက်၊ အရှင့်ဆိုက်တွင် မေးမြန်းသူများ၏အမေးတို့ကိုလည်း ပုဂ္ဂလိက သဘောဖြင့် မဖြေကြားလိုသည်ကြောင့် ‘သုဇာတာ’လို မိန်းကလေးစာတမ်းကို ရေးသားတင်ပြလိုက်ရပါသည်၊၊

စာဖတ်သူများအနေဖြင့် အရှင်၏တင်ပြချက်များထဲမှ ရှောင်သင့်သည်များ၊ ဆောင်ထားသင့်သည်များကို လေ့လာမှတ်သားပြီး အောင်မြင်သည့် ပျော်ရွှင်ဖွယ်မိသားစုဘ၀ကို တည်ဆောက်နိုင်ကြမည်ဟု အရှင် မျှော်လင့်မိပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “သုဇာတာ”အမည်ရှိအမျိုးသမီးအား ဇနီး(၇)မျိုးရှိကြောင်းကို ဟောပြောသင်ပြခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် အနာထပိဏ်သူဌေးအိမ်သို့ကြွတော်မူချိန် အိမ်အတွင်းတွင် ဆူပူအော်ဟစ်၊ ကျိန်းမောင်း၊
ဆဲဆိုသံများကို ကြားရ၍အကြောင်းကိုမေးသောအခါ အနာထပိဏ်သူဌေးကြီးမှ တပည့်တော်၏ချွေးမ “သုဇာတာ”၏အသံဖြစ်ပါကြောင်း၊ လင်သားနှင့်ယောက္ခမ၊မိဘများကို ရှိသည်ဟုပင်မှတ်ထင်ပုံမရကြောင်းကို လျောက်ထား ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် သုဇာတာအားခေါ်စေလျက် ဇနီး(၇)မျိုးအကြောင်းကို အသေးစိတ်သင်ပြ၊ ညွန်ပြခဲ့ပါသည်၊၊

(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3) အရှင်နှင့်တူသော ဇနီး၊
(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊တို့ ဖြစ်ပါသည်၊၊


(1) အမျက်ဒေါသကြီးမားသော ဇနီးသည်များသည် ခင်ပွန်းသည်ကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ များတွင်ထိခိုက်၊ နာကျင်၊ သေစေတတ်သောကြောင့် “သူသတ်နှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(2) မိသားစု၏စီးပွားဥစ္စာကို လွဲမှားသောနည်းဖြင့် အသုံးပြုလေ့ရှိသောဇနီးများသည် “ခိုးသူနှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(3) ခင်ပွန်းသည်ကို အရာရာတွင်ဦးဆောင်လေ့ရှိပြီး၊ ခင်ပွန်းသည်ကို ကျွန်ကိုကဲ့သို့စေခိုင်းတတ်သော ဇနီးသည်များသည် “အရှင်နှင့်တူသော ဇနီး”ဟု ခေါ်ဆိုရပါသည်၊၊

(4) ခင်ပွန်းသည်အပေါ်တွင် မေတ္တာအားကြီးပြီး၊ မိခင်များကဲ့သို့ဆက်ဆံသော ဇနီးသည်များသည် “အမိနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(5) ခင်ပွန်းသည်ကို အစ်ကိုကြီးတစ်ဦးကဲ့သို့သဘောထားပြီး၊ ရိုသေလေးစားလျက်၊ အစစအရာရာတွင်
အားကိုး၊ အားထားလေ့ရှိသော ဇနီးသည်များသည် “နှမနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(6) ခင်ပွန်းသည်နှင့်အတူ “မောင်တစ်ထမ်း၊ မယ်တစ်ရွက်”စီးပွားအတူပြုလုပ်တတ်ပြီး၊ ကူညီရိုင်းပင်းတတ် သောဇနီးသည်များသည် “မိတ်ဆွေနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(7) ခင်ပွန်းသည်ကို “သားကို သခင်၊ လင်ကို ဘုရား”သဘောထား၍ လေးစားတတ်သောဇနီးသည်များသည် “ကျွန်နှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊


အထက်တွင်ဆွေးနွေးတင်ပြခဲ့သည်များမှာ ဗုဒ္ဓရှင်တော်ကိုယ်တိုင် ညွန်ပြထားသည့်ဇနီးသည်များအကြောင်း ဖြစ်ပါသည်၊၊ ထိုဇနီး(၇)မျိုးတွင်-

“(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3)အရှင်နှင့်တူသော ဇနီး”
သုံးမျိုးတို့သည် သေလွန်သည့်အခါတွင် အပါယ်ငရဲသို့ကျရောက်တတ်ရုံမျှမက၊ မျက်မှောက်ဘ၀တွင်လည်း ချမ်းသာမှုကိုမခံစားရဟု သုဇာတာအမျိုးသမီးအား ဗုဒ္ဓရှင်တော်က ဟောပြောပါသည်၊၊

ပို၍သတိပြုသင့်သည်မှာ ဤဇနီးသုံးမျိုးတို့သည် သံသရာတွင်ကျင်လည်ရသောဘ၀များတွင်လည်း အမသတ္တ၀ါများချည်းသာဖြစ်ရသည်ဟု အဓိပ္ပါယ်ယူ၍ရနိုင်သည့် ဗုဒ္ဓရှင်တော်၏ဟောပြော၊ သတိပေး ချက်ဖြစ်ပါသည်၊၊

“(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊”
လေးမျိုးတို့သည် သေလွန်သည့်အခါ အဆင့်မြင့်ဘ၀များသို့လားရောက်ရတတ်ပြီး၊ မျက်မှောက်ဘ၀တွင်လည်း အိမ်ထောင်မှုချမ်းသာကို ခံစားရသည်ဟု ဗုဒ္ဓရှင်တော်က မိန့်တော်မူပါသည်၊၊

ဤလေးမျိုးသော သဘာဝအမူအကျင့်ရှိကြသည့်ဇနီးတို့သည် ဘ၀သံသရာတွင်ကျင်လည်ရသည့် အခါတွင်လည်း အဖိုသတ္တ၀ါအဖြစ်/အမျိုးသားအဖြစ် ဘ၀များကိုရရှိဆုတောင်းနိုင်သည်ဟု မိန့်တော်မူ ထားပါသည်၊၊

ဗုဒ္ဓရှင်တော်သည် ဇနီးခုနှစ်မျိုးကို အသေးစိတ်ရှင်းလင်းဟောပြောပြီးသောအခါ သုဇာတာအမျိုးသမီးအား “သင်သည် ညွှန်ပြပြီးသော ဇနီးခုနှစ်မျိုးတွင် မည်သည့်အမျိုးအစားတွင် ပါဝင်မည်နည်း”ဟု မေးမြန်းသောအခါ သုဇာတာအမျိုးသမီးမှ “ဘုရားတပည့်တော်သည် ယနေ့မှအစပြုပြီး၊ ကျွန်ကဲ့သို့သော ဇနီးဖြစ်ပါတော့မည်ဟု လျောက်ထားခဲ့ပါသည်၊၊”

မှန်သည်၊ အမျိုးသမီးနှင့်အမျိုးသားတို့သည် မည်မျှတူညီအောင်ညှိကြသော်လည်း သဘာဝအားဖြင့်ပင် တူညီသည်မဟုက်ကြ၊ ထို့ကြောင့် ခင်ပွန်းသည်နှင့်ဇနီးသည်ဟု ဖြစ်လာသောအခါတွင် မိမိခင်ပွန်းသည်ကို တလေးတစားဆက်ဆံသင့်သည်မှာ မြတ်စွာဘုရားရှင်၏အဆုံးအမဖြစ်ပါသည်၊၊

သို့သော်နေရာတိုင်းနှင့် အခြေအနေတိုင်းတွင် “ခြွင်းချက်”များ အသီးသီးရှိနေတတ်သည့်သဘာဝရ
ဇနီးသည်များအနေဖြင့် “လင်ကို ဘုရား”သဘောထား၍ ဆက်ဆံရန်မဖြစ်နိုင်သော အခြေအနေများလည်း ရှိနေတတ်ပါသေးသည်၊၊

ဤသည်မှာ ကံကြမ္မာမျက်နှသာ မပေးခြင်းမျှဖြစ်၍ ပြုပြင်ရန်လွန်စွာခက်ခဲလှသည်၊၊ ထို့ကြောင့်ပင် မြန်မာဆိုရိုးစကားတွင် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုပ်ထိုး၊ ဤသုံးမျိုးအစ မပိုင်လျင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး၊”ဟု ဆိုထားခြင်းဖြစ်ပါသည်၊၊

ပြင်ဆင်ပြောင်းလဲရန်ခက်ခဲသည့်အရာကို ဖန်တီးတည်ဆောက်ထားမိသူများအနေဖြင့် အကောင်းဆုံးလိုချင် နှစ်သက်သည့်အခြေအနေနှင့် ပုံစံကိုမရရှိခဲ့လျင် ရရှိလာသည့်အခြေအနေနှင့်ပုံစံကို အကောင်းဆုံးအခြေ အနေဖြစ်ပေါ်လာအောင် ကြိုးစားခွင့်ရှိသည်ကို မမေ့သင့်ပါချေ၊၊

ထိုသို့မဟုက်မူဘဲ “ပေါက်တဲ့နှဖူး မထူးပါဘူး”ဟု စိတ်ကိုပြုပြင်မယူတတ်လျင် ဘ၀သည် အဆိုးဘက်သို့သာဦးတည်တော့မည် အသေအခြာဖြစ်ပါသည်၊၊ မည်မျှဆိုးဝါးသည့်အခြေအနေဖြစ်စေကာမူ
အကောင်းသို့ပြုပြင်၍ လုံးဝမရတော့သော အခြေအနေဟူသည်မရှိကြောင်း စာပေသာဓကများစွာရှိပါသည်၊၊

ဗုဒ္ဓလက်ထက်တော်က သူဌေးသမီးတစ်ဦးသည် ပညာရေးမပြီးဆုံးခင် နွမ်းပါးသည့်အမျိုးသားတစ် ယောက်အပေါ် သံယောဇဉ်ပိုမိရာမှ၊ ထားမိသည့်သံယောဇဉ်အမျှင်တန်းကို ရှင်ခမ်းမဖြတ်နိုင်တော့၍ ခေါ်ရာနောက်သို့ လိုက်သွားခဲ့သည်၊၊

ဝေးလံသည့်တောအရပ်တွင် သားနှစ်ဦးရသည်၊၊ ခင်ပွန်းသည်မှာ ပိုးထိ၍သေဆုံးသွားသည်၊ သားနှစ် ယောက်မှ တစ်ယောက်သည် ရေတွင်နစ်၍သေဆုံးသည်၊ ကျန်တစ်ယောက်မှာ ငှက်ကြီးတစ်ကောင်မှ သားတစ်ထင်မှတ်၍ သုတ်ချီသွားသဖြင့် သေဆုံးသွားပြန်သည်၊၊ သူဌေးသမီးလေးမှာ မိဘများရှိရာ သို့ပြန်လာခဲ့သည်၊ ဇာတိမြို့သို့ရောက်သောအခါ မိဘများမှာမီးလောင်၍ သေဆုံးသွားကြောင်း သိလိုက် ရသည်၊၊

ဤမျှဆိုးဝါးသောအဖြစ်ကို စာဖတ်သူ မတွေ့ကြုံရသည်မှာ သေခြာပါသည်၊၊ “မှောင်မိုက်ဆုံးအချိန်သည် မိုးလင်းခါနီး ဖြစ်နေတတ်သည်”ကို မမေ့အပ်ပေ၊ သူဌေးသမီးလေးမှာ ခါးသီးသောဘ၀လှိုင်းဒဏ်များ အောက်တွင် နစ်မြုပ်မသွားဘဲ၊ ဗုဒ္ဓသာသနာတော်တွင် ဧတဒတ်ဘွဲ့ထူးရ ရဟန္တာဘိက္ခူနီမကြီး ဖြစ်လာခဲ့ပါသည်၊၊

ဘ၀နာလွန်းသူများသည် အများတကာထက် "အသိ၊ သတိ" သာလာတတ်သည်ကို အခွင့်ထူးအနေဖြင့် သိသင့်သည်၊၊

ဖော်ပြပြီးသည့် သာဓကကိုထောက်ဆခြင်းဖြင့် မည်သည့်အခြေအနေတွင်မဆို ကြိုးစားခွင့်ရှိနေသေး သည်ဆိုသည်မှာ သိသာထင်ရှားသည်၊၊ ပြုပြင်ယူလိုစိတ်ရှိဖို့ရန်ကား ဘုရားပေး၍မရသော မိမိ၏စိတ် ထားအပေါ်တွင် တည်မှီပေတော့မည်၊၊

တင်ပြပြီးသည်များကို အနှစ်ချုပ်ဆွေးနွေးတင်ပြရလျင် ဗုဒ္ဓရှင်တော်ချီးမွှန်းသည့် ဇနီးလေးမျိုးထဲမှ တစ်မျိုးမျိုးဖြစ်အောင် ကြိုးစားသင့်လှပါသည်၊၊ အကယ်၍ တစ်စုံတရာလွဲချော်ခဲ့သော် ပြုပြင်ယူလိုစိတ်ကို စနစ်တကျတည်ဆောက်ပြီး ဘ၀ကိုအကောင်းဆုံးဖြောင့်မတ်၍ ရယူရန်ဖြစ်ပါသည်၊၊

အိမ်ထောင်မှုတွင် အမျိုးသမီးများသည် အဓိကအခန်းကဏ္ဍမှပါဝင်ရသူများဖြစ်၍ သာယာစိုပြေပြီး၊ ချစ်မငြီးသည့် ဇနီးမောင်နှံ၊ မိသားစုဘ၀များဖြင့် လောကကိုတန်ဆာဆင်နိုင်ကြစေရန် “အလင်းစက် အရှင်” ဤစာတမ်းကိုတင်ပြ ဆွေးနွေးအပ်ပါသည်၊၊

“အလင်းစက်”သို့ လာရောက်လေ့လာသူများ အောင်မြင်သည့် မိသားစုဘ၀များဖြင့် ဘ၀နှင့်လောကကို လှပစေသူများ၊ လောကီဘ၀တွင် အကောင်းဆုံးမိသားစုဘ၀ချမ်းသာကို ဆောင်သင့်သည်များကို ဆောင်၊ ရှောင်ရှားသင့်သည်ကိုများကိုရှောင်ရှားပြီး တည်ဆောက်အောင်မြင်ကြပါစေကြောင်း စေတနာဆန္ဒ ပြုလိုက်ရပါသည်၊၊

ချစ်ကြိုးမပြတ်၊
ဆင့်ဆင့်ပတ်၍၊
ကြင်မြတ်လေးကြ၊ စေသတည်း။ ၊၊


(ဘလ္လာတိယပျို့)


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်း၊ သီရိလင်္ကာနိုင်ငံ၊၊
(၂၉.၆.၂၀၁၁)

2 comments:

punnya July 5, 2011 at 6:39 AM  

very good Bhante ! thz for share!

mstint July 5, 2011 at 8:59 PM  

ဗုဒ္ဓရှင်တော်ဟောကြားခဲ့တဲ့ ဇနီး(၇)မျိုးအကြောင်းကို အမျိုးသမီးတိုင်းသိသင့် သိထိုက်သော အကြောင်းအရာလေးပါ ဘုရား။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP