Tuesday, November 8, 2011

အနာဂါရိက ဓမ္မပါလ၊၊ ၊၊




“ငါသည် နှစ်ဆယ့်ငါးကြိမ်တိုင်

ဗုဒ္ဓမြတ်စွာဘုရား၏သာသနာ

ကမ္ဘာသို့လွှမ်းအောင်ပြုရန်

လူလောကတွင် ပြန်လည်မွေးဖွားပါရစေ၊”

(သီရိ ဒေ၀မိတ္တ ဓမ္မပါလ)



လူတို့သည် ဘ၀တွင်အဆင်ပြေပြေနေနိုင်ရေးအတွက် ဆုအမျိုးမျိုးကို ဘုရားအသီးသီးထံတွင် တောင်းလေ့ရှိ ကြသည်၊၊ အများနှင့်မတူသောအထက်ပါဆုကို တောင်းဆိုခဲ့သူမှာ သီရိလင်္ကာနိုင်ငံ၏ မျိုးချစ်အာဇာနည် “အနာ ဂါရိကဓမ္မပါလ”ဟုအများသိကြသော “အရှင်သီရိဝေဒမိတ္တဓမ္မပါလ” ဖြစ်ပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ အာဇာနည်ဟုခေါ်တွင်ထိုက်သည့် အတ္တုပ္ပတ္တိတစ်စိတ်တပိုင်းကို “လင်္ကာတမန်” စာဖတ်သူများသို့ တင်ပြလိုက်ရပါသည်၊၊



အနာဂါရိကဓမ္မပါလကို ကိုလံဘိုမြို့၊ မြေပိုင်ရှင်သူဌေး “၀ိဇ္ဇောဒယပရိဝေန”ကျောင်းဒကာ ဖခင် “ဒွန်-ကာရိုလစ်-ဟေ၀၀ိထနေ၊နှင့် မိခင် မလ္လိကာ” တို့မှ (၁၈၆၄)ခုနှစ်၊ စက်တင်ဘာ(၁၇)ရက်တွင်မွေးဖွားသည့် အကြီးဆုံးသား ဖြစ်ပါသည်၊၊ ငယ်မည်မှာ“ဒွန်-ဒေးဗစ်”ဖြစ်ပါသည်၊၊



(၁၈၁၅)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသည် ဗြိတိရှတို့၏ ကိုလိုနီဘ၀သို့ကျရောက်ခဲ့ပြီးဖြစ်သဖြင့် သီရိလင်္ကာစာ သင်ကျောင်းဟူ၍ မရှိတော့ရကား “ဒွန်-ဒေးဗစ်”သည် ငါးနှစ်အရွယ်မှ (၁၉)နှစ်အရွယ်အထိ C.M.S Boy-School, Kotte, St. Benedict’s College, Kotahene’s St. Thomas’s College, Mt. Lavinia and Colombo Academy တို့တွင် ပညာသင်ယူခဲ့ရသည်၊၊ ကိုလိုနီခေတ်ဖြစ်သဖြင့် ဤကျောင်းအားလုံးမှာ အင်္ဂလိပ်သာသနာပြု ခရစ်ယာန်ကျောင်းများ ဖြစ်ပါသည်၊၊



(၁၈၈၀)ခုနှစ်တွင် သီအိုဆိုဖီအသင်းကြီးကို တည်ထောင်သူများဖြစ်သည့် “ကာနယ်-အောလ်ကော့နှင့်၊ မဒမ်-ဘလာဗတ်စတီး”တို့သည် သီရိလင်္ကာသို့ရောက်လာခဲ့ကြပါသည်၊၊ ကာနယ်သည် သီရိလင်္ကာနိုင်ငံအတွင်း ဘာသာရေးနှင့် ပညာရေးဟောပြောပွဲပေါင်းများစွာကို နေရာအနှံ့တွင်ဟောပြောခဲ့ပါသည်၊၊



ဒွန်-ဒေးဗစ်သည် ကာနယ်၏ အတွေးအခေါ်အယူအဆနှင့် သီအိုဆိုဖီအသင်းကြီး၏ လုပ်ဆောင်ချက်များကို နှစ်သက်သဖြင့် အသင်းသားအဖြစ် အဖွဲ့ဝင်ခဲ့ပါသည်၊၊ ကာနယ်နှင့် ဘလာဗတ်စတီးတို့သည် (၁၈၈၁)ခုနှစ်တွင်၊ အရှင်ဂုဏနန္ဒမထေရ်အထံ၌ သရဏဂုဏ်ခံယူပြီး၊ ဗုဒ္ဓဘာသာခံယူခဲ့ကြပါသည်၊၊




ဒွန်-ဒေးဗစ်သည် ကာနယ်တို့နှင့်အတူ သီရလင်္ကာကျေးလက်ဒေသများသို့ လေ့လာရေးများစွာကို သွားရောက် ခဲ့သဖြင့် သီရိလင်္ကာကျေးလက်သားတို့၏ ဘ၀အစစ်အမှန်ကိုသိရှိခဲ့ရပြီး စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရ သည်၊၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ဒတ်ခ်ျလူမျိုးတို့၏လက်အောက်တွင် နှစ်ပေါင်းများစွာ ကိုလိုနီအဖြစ်တည်ရှိနေသော သီရိလင်္ကာကျေးလက် အောက်ခြေလူတန်းစားများမှာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုအဆင့်များစွာအောက် ကျနေခဲ့သည်ကို ဒွန်-ဒေးဗစ်ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်၊၊



ဒွန်-ဒေးဗစ်သည် ကာနယ်အော်ကော့တို့နှင့်အတူ အိန္ဒိယနိုင်ငံ၊ အက်ဒယာမြို့သို့ သာသနာပြုလိုက်ပါခွင့်ရခဲ့ သည်၊၊ အိန္ဒိယမှပြန်လာပြီးသော ဒွန်-ဒေးဗစ်သည် မိဘတို့၏အိမ်တွင် မနေထိုင်တော့ဘဲ သီအိုဆိုဖီ အသင်းရုံး တွင်နေထိုင်ပြီး၊ အသင်းကြီး၏လုပ်ငန်းတာဝန်များကို မနားမနေလုပ်ကိုင်ခဲ့ပါသည်၊၊ သူ၏အမည်ကိုလည်း “အနာဂါရိကဓမ္မပါလ”ဟူ၍ ပြောင်းခဲ့ပါသည်၊၊



(၁၈၉၁)ခုတွင် အနာဂါရိကဓမ္မပါလသည် ကာနယ်နှင့်အတူ မြန်မာပြည်သို့ သာသနာပြု လာခဲ့ပါသည်၊၊ မြန်မာပြည်မှ ပြန်လာပြီးသောအခါ ဓမ္မပါလသည် (၁၈၉၁)ခု၊ မေလ(၃၁)ရက်တွင် “မဟာဗောဓိအသင်း”ကြီးကို ကိုလံဘိုမြို့တွင် တည်ထောင်ခဲ့ပါသည်၊၊ အသင်းအမှုဆောင် ဒါရိုက်တာ ကာနယ်-အော်ကော့၊ ဥက္က-အရှင် သီရိသုမန၊ အတွင်းရေးမှုး-အနာဂါရိကဓမ္မပါလ ဖြစ်ပါသည်၊၊



(၁၈၉၁)ခု၊ ဂျူလိုင်လတွင် အနာဂါရိကဓမ္မပါလသည် အရှင်ဆန္ဒဇောတိ၊ အရှင်သုဒဿန၊ အရှင်သုမင်္ဂလတို့ နှင့်အတူ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ခဲ့သည်၊၊ ဗုဒ္ဓဂယာသို့ရောက်သောအခါ မြတ်စွာဘုရားရှင်၏ အထိမ်း အမှတ်အောင်မြေများကို ဟိန္ဒူ၊ မဟန့်များကလက်ဝါးကြီးအုပ်ထားသည်ကို တွေ့မြင်ရသည့်အပြင်၊ မဟာဗောဓိ စေတီတော်ကြီးအတွင်းတွင် ဟိန္ဒူတို့ကိုးကွယ်သော သျှီဝ၏လိင်အင်္ဂါကြီးကို ပူဇော်ပသထားသည်ကိုတွေ့မြင်ရ ၍၊ ဗုဒ္ဓဘာသာတို့လက်ဝယ်သို့ ပြန်လည်ရအောင်ကြိုးစားမည်ဟု အဓိာန်ချလိုက်သည်၊၊



အနာဂါရိကဓမ္မပါလသည် (၁၈၉၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား၌ သူ၏အစဆုံးပွဲဦးထွက် အင်္ဂလိပ်ဘာ သာဖြင့် ဟောပြောပွဲကြီးကို “ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဆက်နွယ်မှု” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး များစွာသောအိန္ဒိယ သူဌေးသူကြွယ်တို့က အနာဂါရိကဓမ္မပါလကို လေးစားလာခဲ့သည်၊၊ “နီးကမတ်မူ လာဂျီ ဘာဘူ”အမည်ရှိ သူဌေး ကြီးမှ ဓမ္မပါလ၏သာသနာပြုလုပ်ငန်းကို ပစ္စည်းလေးပါးလိုသလောက်ထောက်ပံ့ပေးပါမည်ဟု ကတိပြုခဲ့သည်၊၊



(၁၈၉၂)ခုနှစ်၊ ဂျန္န၀ါရီလတွင် မဟာဗောဓိဂျာနယ်ကို အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေသည်၊၊ ဂျပန်၊ တရုပ်၊ ယိုးဒယား၊ ထိုင်း၊ အမေရီးကားအထိဂျာနယ်ကို ဖြန့်ဝေခဲ့ပါသည်၊၊ အနာဂါရိက ဓမ္မပါလသည် (၁၈၉၃)ခုနှစ်တွင်၊ အမေရီးကားနိုင်ငံ၊ ချီကာဂိုမြို့တွင်ကျင်းပသော ကမ္ဘာ့ဘာသာကြီးများညီလာခံ “The World Parliament of Religions in the Chicago”သို့ တောင်ပိုင်းဗုဒ္ဓဘာသာနိုင်ငံ များ၏ကိုယ်စား ဖိတ်ကြားခံခဲ့ရသည်၊၊



စည်းဝေးပွဲကြီးကျင်းပရာ ချီကာဂို၊ ကိုလမ်ဘတ်ခန်းမကြီးအတွင်း နိုင်ငံတကာဘာသာရေးပညာရှင်ကြီးများ၏ ရှေ့တွင် အနာဂါရိကဓမ္မပါလသည် “The World debt to the Buddha=ဗုဒ္ဓသို့ ကမ္ဘာမှတင်ရှိနေသည့် ကျေးဇူး” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ရာ များစွာသောအာရှတိုက်၊ အမေရီးကားတိုက်၊ ဥရောပတိုက်မှ၊ ဘာသာရေး ပညာရှင်တို့၏ ချီးမွှန်းမှုကိုရရှိခဲ့ပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓဘာသာကို ကမ္ဘာကအသိမှတ်ပြုလာခဲ့သည်၊၊



စည်းဝေးပွဲကြီးအလာတွင် လန်ဒန်သို့ဝင်ရောက်ပြီး၊ “ဆာ-အက်ဒ်ဝင်-အာနိုး”နှင့်တွေ့ဆုံပြီး၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓ စာပေ အကြောင်းများကို ဆွေးနွေးခဲ့ပါသည်၊၊ စည်းဝေးမှအပြန် “ဟိုနိုလူလူဆိပ်ကမ်း”တွင် “မေရီ-ဖော်စတာ”အ မည်ရှိ ဘီလျံနာသူဌေးမကြီးနှင့်တွေ့ဆုံပြီး၊ ဗုဒ္ဓဘာသာနှင့် ကျင့်စဉ်များအကြောင်းရှင်းလင်းပြောပြရာ “မေရီဖော် စတာ”မှနှစ်သက်အားရပြီး၊ သာသနာပြုလုပ်ငန်းတွင် လိုအပ်သမျှလှူဒါန်းပါမည်ဟု ကတိပြုလိုက်ပြီး၊ အလှူငွေ များစွာကိုလည်း ထည့်ဝင်လိုက်ပါသည်၊၊ အနာဂါရိကဓမ္မပါလတစ်သက်တာ လုပ်ဆောင်သမျှတိုင်းတွင် မေရီ ဖော်စတာ၏ အလှူငွေအများဆုံးပါဝင်သည်အထိ ဖြစ်ခဲ့ရပါသည်၊၊



ခရီးစဉ်တလျောက် ဂျပန်၊ ရှန်ဟိုင်း၊ ဘန်ကောက်တို့သို့ဝင်ပြီး၊ ဗုဒ္ဓဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံဆွေး နွေးကာ၊ သူ၏သာသနာပြုလုပ်ငန်းများကို တင်ပြခဲ့ပြီး၊ ဟောပြောပွဲပေါင်းများစွာကိုလည်း ဟောပြောခဲ့ပါသည်၊၊ သီရိလင်္ကာသို့ ပြန်လည်ရောက်သောအခါ “မေရီ”၏အလှူငွေများနှင့် မြန်မာနိုင်ငံအပါအ၀င်၊ နိုင်ငံများစွာတို့မှ အလှူငွေများကိုအသုံးပြုပြီး၊ သီရိလင်္ကာနိုင်ငံတလျောက် ဗုဒ္ဓဘာသာကျောင်းများနှင့်အတူ ဆေးရုံများကို အခမဲ့စနစ်ဖြင့် တည်ထောင်ခဲ့ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် သီရိလင်္ကာနိုင်ငံတလျောက် ကျေးလက်ဒေသများသို့ အကြိမ်များစွာသွားရောက်ပြီး အမျိုးသားရေးပညာပေး ဟောပြောပွဲများ၊ ကျန်းမာရေးဟောပြောပွဲများ၊ ခရစ်ယာန်ဘာသာ တစ်ဝက်ရောနေပြီ ဖြစ်သည့် သီရိလင်္ကာကျေးလက်သားတို့အား ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်အစစ်များကိုပြသပြီး၊ ဗုဒ္ဓဘာသာရေးတ ရားပွဲများစွာကိုလည်း မနေမနားကြိုးစားလုပ်ဆောင်ခဲ့ပါသည်၊၊



“ကာနယ်-အော်လ်ကော့”သည် သီရိလင်္ကာနိုင်ငံ၏အဓိကကျသော မြို့ကြီးများတွင်ကောလိပ်ကြီး(၅)ခုကို တည်ထောင်လိုက်ပြီး၊ များမကြာမှီမှာပင် “မိဂေတ္တုဝတ္တေ-ဂုဏနန္ဒမထေရ်”မှလည်း “ဒဟံပါစလ (ခေါ်) Sunday School” များကိုတည်ထောင်လိုက်သဖြင့် သီရိလင်္ကာတို့၏ ပညာရေးသည်အရှိန်အဟုန်သည် ထိုအချိန်မှစ တင်ပြီး အင်အားကောင်းလာပါတော့သည်၊၊ ကာနယ်-အော်လ်ကော့၏ ကောလိပ်ကြီးများမှာ ယနေ့တိုင်အမည် မပြောင်းလဲဘဲ တည်ရှိနေပါသေးသည်၊၊ ကိုလံဘိုမြို့၊ အာနန္ဒာကောလိပ်စသည်တို့ ဖြစ်ပါသည်၊၊



အင်္ဂလိပ်လိုသင်ကြားသည့် ခရစ်ယာန်သာသနာပြုကျောင်းသာရှိသော ကိုလိုနီခေတ်တွင် အနာဂါရိကဓမ္မပါလ တည်ထောင်သောကျောင်းများသည် အစောဆုံးသီရိလင်္ကာစာသင်ကျောင်းနှင့် ဆေးရုံများဖြစ်ပါသည်၊၊ သီရိ လင်္ကာလူမျိုးတို့အတွက် ပညာရေးမျက်စိဖွင့်ကျောင်းများဟု ခေါ်ဆိုရမည်ဖြစ်သည်၊၊ စာသင်ကျောင်း (၃၀၀) ကျော်ကို ဖွင့်လှစ်ခဲ့ပါသည်၊၊ တစ်ချို့ကျောင်းများမှာ ယနေ့တိုင်တည်ရှိနေပါသေးသည်၊၊ သီရိလင်္ကာတို့ လွပ်လပ် ရေးရပြီးသောအခါ အနာဂါရိကဓမ္မပါလ၏ကျောင်းများကိုပင် အစိုးရကျောင်းမူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းများအဖြစ် အမည်ပြောင်းခဲ့ပါသည်၊၊



ကာလကတ္တားတွင်လည်း မဟာဗောဓိအသင်းရုံးကြီးနှင့်၊ သံဃာတော်များနေထိုင် သီတင်းသုံးရန်“ဓမ္မရာဇိက၀ိ ဟာရ ကျောင်းတိုက်”ကျောင်းတိုက်ကြီးတစ်ခုကို အောင်မြင်စွာတည်ထောင်ခဲ့ပါသည်၊၊ (၁၉၂၆)ခုနှစ်တွင် လန်ဒန်သို့ သာသနာပြုဖိတ်ကြားခံရပြီး၊ လန်ဒန်တွင် သံဃာတော်များသီတင်းသုံးရန် “Landon Buddha Vihara” ကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး သာသနာပြုစေခဲ့ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် အမေရီကား၊ လန်ဒန်၊ လစ်ဗာပူး၊ ဟောလန်၊ ဒိန်းမာ့၊ အီတလီနိုင်ငံများသို့လည်း သာသနာပြုသွားရောက်ပြီး၊ ဟောပြောပွဲများပြုလုပ်ခဲ့ပါသည်၊၊ မဟာဗောဓိအသင်းခွဲများကိုလည်း နိုင်ငံများစွာ တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်၊၊ ယနေ့တိုင် မဟာဗောဓိအသင်းကြီးသည် တည်ရှိလျက်ရှိပါသေးသည်၊၊



သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးနေ့များကိုလည်း အင်္ဂလိပ်အရေးပိုင်များထံမှ ဘာသာရေးနေ့အဖြစ်သတ်မှတ်ပြီး၊ ရုံးများပိတ်ပေးရန်နှင့်၊ ဘာသာရေးအခန်းအနားများကျင်းပခွင့်ရရန်တို့ကို မဟာဗောဓိအသင်းကြီးမှ အရေးဆို အောင်မြင်ခဲ့ပါသည်၊၊



(၁၉၃၁)ခုနှစ်၊နိုဝင်ဘာ(၁၁)ရက်တွင် အနာဂါရိကဓမ္မပါလသည် ဗာရဏသီခရိုင်၊ မိဂဒါဝုန်တွင်၊ ဂန္ဓကုဋိတိုက် ကြီးကို ခန့်ငြားစွာတည် ဆောက်၊ အောင်မြင်ခဲ့ပါသည်၊၊ ဂန္ဓကုဋိတိုက်ကြီးဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ ငါး ထပ်ကြီး ဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးဇဋိလနှင့်၊ ဒါယကာ၊ ဒါယိကာမများ၊ သီရိလင်္ကာ၊ ယိုးဒယား၊ ထိုင်းနိုင် ငံတို့မှထေရ၀ါဒ၊ မဟာယာနဆရာတော်ကြီးများ၊ အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘုရင်ခံများစွာတို့ဖြင့်ခမ်းနားစွာ ဖွင့်ခဲ့ ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် (၁၉၃၁)ခုနှစ်၊ ဂျူလိုင် (၁၃)ရက်နေ့တွင် ငယ်စဉ်ကတည်းကဆန္ဒရှိခဲ့သည့်အတိုင်း ရှင်သာမဏအဖြစ်ကိုခံယူခဲ့ပြီး၊ (၁၉၃၃)ခုနှစ်၊ ဂျန္န၀ါရီလ (၁၆)ရက်နေ့တွင် မြင့်မြတ်သည့် ရဟန်းဘ၀သို့ကူး ပြောင်းခဲ့ပါသည်၊၊ အနာဂါရိကဓမ္မပါလ၏ ရဟန်းဘွဲ့တော်မှာ “သီရိဒေ၀မိတ္တဓမ္မပါလ” ဖြစ်ပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလသည် သက်တော် (၆၉)နှစ်၊ (၁၉၃၃)ခုနှစ်၊ ဧပြီလ(၂၉)ရက်၊ နံနက်(၃)နာရီတွင် အိန္ဒိယနိုင်ငံ၊ ဗာရဏသီခရိုင်၊ မိဂဒါဝုန်ဂန္ဓကုဋိတိုက်တော်ကြီးအနီး၊ သူ၏ကျောင်းငယ်လေး၌ ရဟန်းဝတ်ဖြင့် ဘ၀နတ်ထံပြန်လွန်တော်မူပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ ဘ၀ပုံရိပ်အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင်၊ ဗုဒ္ဓရှင်တော်ပွင့်တော်မူခဲ့သည့် မြေမြတ်မဟာဖြစ်ပါလျက် ဗုဒ္ဓနာမည်မျှမကျန်အောင် ကွယ်ပနေခဲ့သည့် ဗုဒ္ဓဂယာမြေကို ဟိန္ဒူ-မဟန့်တို့လက်မှ ခက်ခက်ခဲခဲဗုဒ္ဓဘာသာတို့လက်သို့ ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပုံများ၊၊



ကိုလိုနီခေတ်တွင် ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် ကိုယ်ကျင့်တရားအားလုံး ဆုပ်ယုတ်ခဲ့ရ သည့် သီရိလင်္ကာတစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရားများကို ပြန်လည်လန်းဆန်းလာအောင် ကြိုးစားခဲ့ပုံများ၊၊ သီရိလင်္ကာလူမျိုးတို့အား မေတ္တာဝါဒပြန့်စေရေး သားငါးမစား စေရန် လှူံ့ဆော်ခဲ့ပုံများ၊၊



အိန္ဒိယ၊ အမေရီကား၊ လန်ဒန်နှင့် ဥရောပတိုက်များသို့ ဗုဒ္ဓဘာသာကျောင်းတိုက်ကြီးများတည်ထောင်၍ သာသ နာပြုခဲ့ပုံများ၊၊ အထူးသဖြင့် စာပေနှင့်၊ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာကွယ်ပလုနီးနီးဖြစ်နေသည့် သီရိလင်္ကာလူမျိုး တို့အတွက် စာသင်ကျောင်းများတည်ထောင်ဖွင့်လှစ ကြိုးစားခဲ့ပုံများမှာ လေးစားအတုယူဖွယ်၊ အားကျ၊ ဂုဏ်ယူ ဖွယ်ရာဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်၊၊



“အရပ်ဒေသတစ်ခုတွင် အာဇာနည်တစ်ဦးပေါ်ပေါက်လာပါက ထိုအရပ်ဒေသတစ်ခုလုံး ချမ်းသာရကြောင်း” ဗုဒ္ဓရှင်တော် မိန့်တော်မူခဲ့သည့်အတိုင်း “သီရိဒေ၀မိတ္တဓမ္မပါလအရှင်”ကဲ့သို့ အာဇာနည်တစ်ဦးပေါ်ထွန်းလာခြင်း ကြောင့် သီရိလင်္ကာတစ်မျိုးသားလုံး ကိုလိုနီဘ၀မှ လွတ်ခဲ့ရပြီး၊ ယနေ့တွင် ကမ္ဘာ့အလယ်တင့်တယ်နေပုံများကို မျက်မြင်တွေ့မြင်နေရပါသည်၊၊



ဒေသတိုင်းတွင် အရှင်ဒေ၀မိတ္တဓမ္မပါလကဲ့သို့ ဘာသာရေး၊ လူမျိုးရေး၊ ပညာရေးတွင် လူသားအကျိုးပြုသည့် အာဇာနည်သူရဲကောင်းများ ပေါ်ထွန်းလာပါစေဟု ဆုတောင်းပထ္ထနာပြုလျက် မျိုးချစ်အာဇာနည် အနာဂါရိက ဓမ္မပါလ(ခေါ်)အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ လေးစား၊ ဂုဏ်ယူဖွယ်၊ အတုယူ၊ အားကျဖွယ်အတ္တုပ္ပတ္တိ မှတ်တမ်း ကို အဆုံးသတ်လိုက်ရပါသည်၊၊



{ကျမ်းကိုး/ အနာဂါရိကဓမ္မပါလ(ရွှေဘိုမိမိကြီး)၊ Anagarika Dharmapala: Return to Righteousness (Dr.Ananda Guruge), Anagarika Dharmapala: A biographical Sketch (Bhikkhu Sangharakshita-B.P.S)}





မေတ္တာဖြင့်- - -

အရှင်ကေ၀လ (အလင်းစက်)

Ashinkevala01@gmail.com

Ph: +94757199820

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP