Saturday, December 24, 2011

အမျိုးသ္မီးရဟန်း = ဘိက္ခုနီသံဃာ၊၊ ၊၊




ကမ္ဘာပေါ်တွင် အသိအမှတ်ပြုဘာသာကြီးလေးခုရှိပါသည်၊၊ ဟိန္ဒူဘာသာ၊ ခရာစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူစလင်ဘာသာတို့ ဖြစ်ပါသည်၊၊ ဘာသာအသီးသီးတွင် တည်ထောင်သူတို့ရှိကြပါ သည်၊၊ ဗုဒ္ဓဘာသာသည် ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော ဘာသာကြီးတစ်ခုဖြစ်ပါသည်၊၊


ဗုဒ္ဓရှင်တော် တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာတွင် သံဃာအဖွဲ့အစည်းကြီးနှစ်ခု တည်ရှိပါသည်၊၊ ဘိက္ခုသံဃာနှင့်၊ ဘိက္ခုနီသံဃာတို့ ဖြစ်ကြပါသည်၊၊ ဘိက္ခုသံဃာဟူသည်မှာ အမျိုးသားရဟန်း အဖွဲ့အစည်းကိုခေါ်တွင်ပြီး၊ ဘိက္ခုနီသံဃာဟူသည်မှာ အမျိုးသမီးရဟန်းအဖွဲ့အစည်းကို ခေါ်ပါသည်၊၊



ပါဠိတော်အထောက်အထားများအရ ဘိက္ခုသံဃာအဖွဲ့အစည်း၏အစသည် ပဉ္စ၀ဂ္ဂီငါးပါးတို့တွင် တစ်ဦး အပါအ၀င်ဖြစ်သည့် အရှင်ကောဏ္ဍညမှ စခဲ့ပါသည်၊၊ ဘိက္ခုနီသံဃာအဖွဲ့အစည်း၏အစသည် မြတ်စွာ ဘုရားရှင်၏ အဒေါ်အရင်းတော်စပ်သူ မိထွေးတော်ဂေါတမီမှ စခဲ့ပါသည်၊၊ အရှင်၏ယ္ခုစာတမ်းတွင် ဘိက္ခုနီသံဃာ မည်သို့မည်ပုံစတင်ခဲ့သည်ကို ပါဠိတော်၊ အဌကထာ အထောက်များနှင့်အညီတင်ပြ ပါမည်၊၊




မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားရှင်၏မယ်တော် မဟာမာယာ၏ ညီမအရင်းဖြစ်ပါသည်၊ မဟာမာယာဒေ၀ီသည် မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်အပြီး၊ ခုနှစ်ရက် အကြာတွင် ကွယ်လွန်ခဲ့ပါသည်၊၊ ထိုအချိန်မှစတင်၍ ညီမအငယ်ဖြစ်သည့် မဟာပဇာပတိ ဂေါတမီ သည် ဘုရားအလောင်းတော်ကို နို့ချိုတိုက်ကျွေးလျက် မွေးမြူစောက်ရှောက်ခဲ့သည်၊၊



သိဒ္ဓတ္တမင်းသားသည် ဖခင်သုဒ္ဓေါဒနမင်းကြီး၏ ထီးနန်းအရိုက်အရာကို မဆက်ခံဘဲ၊ တောထွက် တရားကျင့်တော်မူကာ ဘုရားအဖြစ်သို့ဆိုက်ရောက်တော်မူပြီး၊ ရှေးခေတ်အိန္ဒိယဒေသကြီးတွင် ဗုဒ္ဓဘာသာဟူ၍ ကမ္ဘာ့ဘာသာကြီးတစ်ခုကို တည်ထောင်လိုက်ပါသည်၊၊ ထိုခေတ်ထိုအခါက အိန္ဒိယတိုက်ကြီးထဲတွင် ဗုဒ္ဓဘာသာအလျင် ဘာသာပေါင်းများစွာပင် တည်ရှိနေပြီး၊ ဆိုင်ရာဘာသာအလိုက် ဘုရားများစွာလည်း တည်ရှိနေပြီးဖြစ်သည်ကို ဤနေရာတွင်မှတ်သားရပါမည်၊၊



ဗုဒ္ဓရှင်တော်တည်ထောင်သော ဗုဒ္ဓဘာသာသည် ရှိနှင့်ပြီးဖြစ်သည့်ဘာသာ အယူဝါဒမျာနှင့်မတူ၊ ထူးခြားသည့် လက်တွေ့သဘောဆန်သော ဘာသာအယူအဆဖြစ်ရကား ရှေးခေတ် အိန္ဒိယတိုက်ကြီးအတွင်းရှိ လူများစွာတို့၏ သဘောကျနှစ်သက်မှုကိုလျင်မြန်စွာရရှိပြီး၊ သာသနာတော်အတွင်းသို့ အမျိုးသားများစွာ ရဟန်းပြုလာခဲ့ကြ ပါသည်၊၊ နှစ်အနည်းငယ်အတွင်း အမျိုးသားများစွာ သာသနာတော်အတွင်းသို့ဝင်ရောက်ပြီး ရဟန်းပြုလာခဲ့သည်ဖြစ် ရကား သာသနာတော်တွင် ဘိက္ခုသာသနာတော် အခြေခိုင်မာခဲ့ပြီဟု ဆိုရပါမည်၊၊



ရှေးခေတ်အိန္ဒိယအခေါ်အားဖြင့် သက္ကတိုင်း၊ ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတိုက်ကြီးအတွင်း ဗုဒ္ဓရှင်တော် သီတင်းသုံးနေစဉ်က ဖြစ်ပါသည်၊၊ မိထွေးတော် ဂေါတမီသည် ဗုဒ္ဓရှင်တော်အား သာသနာတော်အတွင်း ၀င်ရောက်၍ရဟန်းပြုလိုပါကြောင်း လျောက်ထားခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်မှ လက်မခံကြောင်း မိထွေးတော်ဂေါတမီသုံးကြိမ်လျောက်တင်သည်ကို သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊



အိန္ဒိယ၏ ဂင်္ဂါမြစ်ရေအလျင်နှင့်အတူ အချိန်တို့သည်တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ ဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် အသက်အရွယ်အားဖြင့် ခြောက်ဆယ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်၊၊ ကပိလ၀တ် နေပြည်တော်ကြီးအတွင်းတွင် အားကိုးရာ သုဒ္ဓေါဒနမင်းကြီးလည်း မရှိတော့ပြီ၊ မြေးတော်ရာဟုလာ၊ သားတော်နန္ဒမင်းသားတို့မှာလည်း ရဟန်းပြုသွားကြပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဗုရင်မ ကြီးဘ၀ဖြင့် ရှုပ်ထွေးလှသည့် တိုင်းပြည်အရေးအရာများကို နေ့ညဆောင်ရွက်နေရသည်ကို ငြီးငွေ့လှ ပြီဖြစ်သည်၊၊



သူမအနေဖြင့် သာသနာတော်အတွင်းဝင်ရောက်၍ “လောကုတ္တရာ တရားဓမ္မ”များ၏ အဆီအနှစ်ကိုစံ စားလိုလှပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ခယ်မတော် ယသောဓရာ မင်းသ္မီးနှင့်အတူတိုင် ပင်ဆွေးနွေးပြီး၊ ကိုယ်တိုင်ပင် ဆံပင်များကိုရိပ်ဖြတ်၊ ဖန်ရည်ဆိုးအ၀တ်များကို ၀တ်ဆင်ပြီး၊ လိုက်ပါ လိုသော အမျိုးသ္မီးအားလုံးကို ဦးဆောင်ကာ၊ မြတ်စွာဘုရားနေတော်မူသည့် ဝေသာလီပြည်၊ မဟာ ၀ုန်တော၊ ပြာသာဒ်ကျောင်းတိုက်ကြီးသို့ ကပိလ၀တ်ပြည်မှ ယူဇနာ(၅၀)၊ မိုင်အားဖြင့် (၄၀၀)ခရီးကို ခြေလျင်ခရီးဖြင့် ချီတက်ခဲ့ကြပါသည်၊၊




ယ္ခုခေတ်ကဲ့သို့ လမ်းချောများမရှိသေးသည့် ရှေးခေတ်အိန္ဒိယတိုက်၊ တိုင်းပြည်တစ်ခုမှ တိုင်းပြည်တစ် ခုသို့ ဖိနပ်မပါဘဲ ချေလျင်ခရီးဆက်ခဲ့ကြသည့် အမျိုးသမီးတန်းကြီးကို စာဖတ်သူများ အာရုံတွင်မြင် ကြည့်နိုင်ပါသည်၊၊ ပါဠိတော်မှတ်တမ်းတွင် မြတ်စွာဘုရားအထံသို့ အမျိုးသမီးတန်းကြီး ရောက်သော အခါ နုနယ်သည့်အမျိုးသ္မီးများ၏ ခြေဖ၀ါးတို့မှသွေးအလိမ်းလိမ်းထွက်လျက်နေသည်ဟု ပါရှိသည်ကို တွေ့ရသည်၊၊



ဤခရီးနှင့်ပတ်သက်၍ သီရိလင်္ကာပညာရှင် “Prof. Mohan Wijayaratna”က၊ သူ၏“Buddhist Nuns” စာအုပ်တွင် “မဟာပဇာပတိ ဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောဤခရီးသည် ကမ္ဘာ့အဦးဆုံး အမျိုးသမီးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုခရီးစဉ်ကြီး တစ်ခုဖြစ်ကြောင်း”မှတ်တမ်းတင် ထားပါသည်၊၊



မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောအမျိုးသမီးတန်းကြီးသည် ပြာသာဒ် ကျောင်းတိုက်ကြီး၏ မုခ်ဝသို့ရောက်သောအခါ၊ ကျောင်းတိုက်ကြီးအတွင်းဝင်ရောက်၍ ဘုရားရှင်နှင့် မတွေ့ဝန့်ကြဘဲ၊ မုခ်ဦးအ၀တွင်ငိုကြွေးလျက် ရပ်တည်နေကြပါသည်၊၊ အရှင်အာနန္ဒာသည် အမျိုးသ္မီး များတန်းစီငိုကြွေးနေရာသို့လာရောက်ပြီး အကျိုးအကြောင်းကို မေးမြန်းသောအခါ မဟာပဇာပတိ ဂေါတမီမှ ရဟန်းပြုလို၍ ကပိလ၀တ်နေပြည်တော်မှ ခြေလျင်လာခဲ့ရပါကြောင်း လျောက်တင်လေ သည်၊၊




အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ပြန်လာခဲ့ပြီး၊ အရှင်ဘုရား အမျိုးသ္မီးများကို ရဟန်းပြုခွင့်ပေးစေ ချင်ပါသည်ဟု သုံးကြိမ်တိုင်လျောက်တင်သည်ကို မြတ်စွာဘုရားရှင်မှ သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊ ထိုအခါ အရှင်အာနန္ဒာသည် “မြတ်စွာဘုရား, အမျိုးသ္မီးများသည် သာသနာတော်အတွင်း ရဟန်း ဘ၀ဖြင့်နေသည်ရှိသော် လောကုတ္တရာ တရားဓမ္မအနှစ်ကို ရရှိနိုင်ပါသလော၊” ဟုမေးမြန်းလိုက် ပါသည်၊၊



မြတ်စွာဘုရားရှင်မှ “အာနန္ဒာ, အမျိုးသ္မီးများသည် ရဟန်းဘ၀ဖြင့် လောကုတ္တတရာ ချမ်းသာအစစ်ကို ခံယူစံစားနိုင်သည့် စွမ်းရည်အပြည့်ပင်ရှိကြောင်း၊” မိန့်တော်မူပါသည်၊၊ ထိုအခါအရှင်အာနန္ဒာမှ “မြတ်စွာဘုရား ဤသို့ဆိုလျင် အမျိုးသ္မီးများကို သာသနာတော်တွင် ရဟန်းပြုခွင့်ပေးသင့်ပါကြောင်း၊” အခိုင်အမာ လျောက်တင်လေသည်၊၊ ထိုအခါ မြတ်စွာဘုရားရှင်မှ အမျိုးသ္မီးများသည် အကယ်၍ ဂရုဓံ ဆယ်ပါးကိုလိုက်နာနိုင်ပါမူ သာသနာတော်တွင် “ဘိက္ခုနီသံဃာ”အမည်ဖြင့် အမျိုးသ္မီးရဟန်းအဖွဲ့ အစည်းကို တည်ထောင်ခွင့်ပြုကြောင်း မိန့်တော်မူလိုက်ပါသည်၊၊



မဟာပဇာပတိဂေါတမီနှင့် ယသောဓရာဒေ၀ီတို့ဦးဆောင်သော အမျိုးသ္မီးများသည် ထိုအချိန်မှစတင် ၍ မြတ်စွာဘုရားအထံတော်တွင် “ဂရုဓံရှစ်မျိုး”ကိုဝန်ခံကြ၍ ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးများ ဖြစ်လာ ခဲ့ကြပါသည်၊၊ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပြီးသော မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဦးဆောင် သော အမျိုးသ္မီးများသည် ဘုရားရှင်ညွန်ပြတော်မူသည့် တရားတော်များအတိုင်း ကျင့်ကြံ၊ ကြိုးစား အားထုတ်ကြ၍၊ ရဟန္တာထေရီမကြီးများ ဖြစ်လာခဲ့ကြပါသည်၊၊



{မှတ်ချက်/ ပါဠိတော်မူရင်းတွင် မဟာပဇာပတိ ဂေါတမီဦးဆောင်သောအမျိုးသ္မီး (၅၀၀)တို့ မြတ်စွာ ဘုရားအထံခွင့်ပန်ကြရာ မဟာပဇာပတိဂေါတမီသည် အဂရုဓမ္မ=ဂရုဓံရှစ်မျိုးကို ကျင့်သုံးလိုက်နာ ပါမည်ဟုဝန်ခံလိုက်ကာမျှဖြင့် အလိုအလျောက်ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးအဖြစ်ကို ရရှိသည်၊၊ ယ သောဓရာနှင့် ကျန်အမျိုးသ္မီးများကို မြတ်စွာဘုရားရှင်မှ သံဃာတော်တို့အား ရဟန်းခံပေးစေသည်ဟု တိုက်ရိုက်လာရှိပါသည်၊၊}



“ဂရုဓံ (၈)မျိုး”



(၁) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ပါးသည် အသက်တစ်ရာပင်ဖြစ်သော်လည်း ယနေ့မှရဟန်းဖြစ်လာ သော ဘိက္ခု=အမျိုးသားရဟန်းကို အရိုအသေပေးရမည်၊၊



(၂) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ရဟန်းအမျိုးသားရှိသောကျောင်း၌သာ ၀ါဆိုရမည်၊၊



(၃) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် လခွဲတိုင်း ရဟန်းအမျိုးသား=ဘိက္ခုသံဃာ၌ ဥပုသ်မေး ခြင်း၊ အဆုံးအမခံယူခြင်းနှစ်မျိုးကို လိုလားခံယူရမည်၊၊



(၄) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ၀ါကျွတ်သောအခါ အမျိုးသား=ဘိက္ခုသံဃာအထံ၌ သံသ ယရှိခဲ့သော် ဆုံးမရန် လျောက်ထားရမည်၊၊



(၅) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် သံဃာဒိသေသ်အာပတ်သင့်ခဲ့သော် ဘိက္ခုသံဃာ၊ ဘိက္ခုနီ သံဃာနှစ်မျိုးအထံ၌ ပက္ခမာနတ်ကို ကျင့်သုံးရမည်၊၊



(၆) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးဖြစ်လိုသူ အမျိုးသ္မီးတစ်ဦးသည် (၂)နှစ်တိုင် တရားခြောက်မျိုးကို ကျင့် သုံးပြီးလျင် ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာနှစ်မျိုးအထံ၌ ရဟန်းခံရမည်၊၊



(၇) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=ရဟန်းအမျိုးသားကို ကြမ်းတမ်းသောစကားကို မ ပြောဆိုရ၊၊



(၈) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=အမျိုးသားရဟန်းကို ဆုံးမသြ၀ါဒ မပေးရ၊၊



အထက်တွင် ဆွေးနွေးဖော်ပြသည့် ဂရုဓံရှစ်မျိုးတို့သည် ဘိက္ခုနီသာသနာ စည်ပင်တိုးတက်စေရန်၊ ဘိက္ခုနီသာသနာတော် အစတည်ထောင်ရန် မြတ်စွာဘုရားရှင် ချမှတ်ပေးသည့် ဘိက္ခုနီသာသနာ တော်၏ ရေသောက်မြစ်စည်းကမ်း ရှစ်မျိုးပင်ဖြစ်ပါသည်၊၊



ဖော်ပြခဲ့ပြီးသည့် မဟာပဇာပတိ ဂေါတမီနှင့် ယသောဓရာဒေ၀ီတို၏ ကြိုးစားမှုဖြင့် ဘိက္ခုနီသာသနာ တော်ကြီးသည် ဘိက္ခုသာသနာတော်နည်းတူ မြတ်စွာဘုရားရှင်လက်ထက်တော်က အိန္ဒိယတိုက်ကြီး အတွင်းတွင် နေလပမာစည်ပင် ပြန့်ပွားခဲ့ပါသည်၊၊ အရဟန်းအမျိုးသ္မီးတို့သည် မြတ်စွာဘုရားရှင် ပညတ်တော်မူသည့် သိက္ခာပုဒ်ပေါင်း(၃၃၁)ပုဒ်ကို မကြိုးမပေါက်အောင် စောင်င့်ထိမ်းကြရပါသည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဘိက္ခုသာသနာတော်၏ အစအမျိုးသ္မီးရဟန်းဖြစ်သကဲ့သို့ ဘိက္ခုနီ သာသနာ၏မိခင်ကြီးဟုလည်း ခေါ်တွင်ရပါမည်၊၊



နောင်သောအခါ ဘိက္ခုနီသာသနာတော်အတွင်းသို့ အဆင့်မျိုးစုံမှအမျိုးသ္မီးများစွာ ၀င်ရောက်ရဟန်း ပြုလာခဲ့ကြသည်ကို ပါဠိတော်မှတ်တမ်းများအရ လေ့လာရပါသည်၊၊ ဗုရင်မကြီး တည်ထောင်သော ဘိက္ခုနီသာသနာတော်အတွင်းသို့ ဗုရင့်သ္မီးတော်များ၊ သူဌေးသူကြွယ်သ္မီးများ၊ ကုန်သည်သ္မီးများ၊ ဆင်းရဲသားသ္မီးများ၊ သူတောင်းစားအမျိုးသ္မီးများအထိဘ၀အလွှာ အသီးသီးတို့မှဝင်ရောက်၍ ရဟန်း ပြုလာကြသည်ကို တွေ့ရပါသည်၊၊



ဘာသာဝါဒမတူသည့် အခြားဘာသာများမှအမျိုးသမီးများစွာလည်း ဘိက္ခုနီသာသနာတော်အတွင်း သို့ဝင်ရောက်လျက် ရဟန်းပြုလာကြသည်ကို ထူးခြားစွာတွေ့ရပါသေးသည်၊၊ ပါဠိတော်ကျမ်းများတွင် ထေရီအပါဒါန် ပါဠိတော်ကျမ်းကြီးသည် ထူးချွန်သည့် ဘိက္ခုနီ=အမျိုးသ္မီးများအကြောင်း မှတ်တမ်းပြု ထားသည့် ကျမ်းကြီးဖြစ်ပါသည်၊၊



ဗုဒ္ဓရှင်တော်လက်ထက်က အမျိုးသားရဟန်းများနည်းတူ အမျိုးသ္မီးရဟန်းများသည်လည်း များစွာသာ သနာတော်အတွက် အကျိုးပြုကြသည်ကို ပါဠိတော်များတွင် မှတ်တမ်းတင်ထားပါသည်၊၊ မြတ်စွာ ဘုရားရှင်သည် သာသနာတွေအတွက် ထူးချွန်သူများကို ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်လေ့ရှိရာ ဘိက္ခုနီ=အမျိုးသ္မီးရဟန်း (၁၃)ပါးတို့သည်လည်း ဧတဒဂ်ဘွဲ့ထူးကို မြတ်စွာဘုရား၏အထံမှ ရရှိခဲ့ကြ ပါသည်၊၊



ဘိက္ခုနီသာသနာတော်ကို တစတင်တည်ထောင်သူ မဟာပဇာပတိဂေါတမီသည် သက်တော်(၁၂၀) တွင် ပရိနိဗ္ဗာန်စံဝင်ခဲ့ပါသည်၊၊ သူမတည်ထောင်ခဲ့သော ဘိက္ခုနီသာသနာတော်ကြီးသည်လည်း နေ ရောင်၊ လရောင်ပမာထွန်းတောက်ခဲ့ပြီး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူအပြီး နှစ်ပေါင်း(၅၀၀) ကျော်တိုင် အိန္ဒိယတိုက်ကြီးအတွင်း တည်တန့်ပြန့်ပွားခဲ့ပြီး၊ “လောကုတ္တရာ ဗောဓိပက္ခိယတရား”များ ကို ဘ၀နှစ်၍ကြိုးစားလိုသူ အမျိုးသမီးများ၊ လူ့ဘ၀လူအသွင်ဖြင့် အားကိုးရာမဲ့နေသည့် အမျိုးသ္မီးများ စွာတို့၏မှီခိုရာ ညောင်ညိုပင် အေးရိပ်သာကြီးတစ်ခုဖြစ်ခဲ့ပါသည်၊၊



ဘိက္ခုနီသာသနာတော်သည် အိန္ဒိယတိုက်ကြီးမှ သာသနာတော်နှစ် (၃၀၄)၊ B.C 240,တွင် အာ သောကဘုရင်မင်းကြီး၏ တတိယသံင်္ဂါယနာပွဲကြီးမှစတင်ပြီး သီရိလင်္ကာနိုင်ငံသို့ ပြန့်ပွားခဲ့ပါသည်၊၊ ပြန့်ပွားပုံမှာ တတိတယသင်္ဂါယနာစည်းဝေးပွဲကြီး၏ဆုံးဖြတ်အရ အာသောကမင်းကြီး၏သားတော် “အရှင်မဟာမဟိန္ဒ”သည် ထိုအချိန်က “နာဂဒီပ၊ လင်္ကာဒီပ၊”ဟုခေါ်တွင်သော သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွရန် တာဝန်ပေးအပ်ခံရပါသည်၊၊



အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာသို့သာသနာပြုကြွတော်မူရာ များစွာအောင်မြင်သဖြင့် သီရိက လင်္ကာမှ အမျိုးသားများစွာပင် သာသနာတော်အတွင်းသို့ ရဟန်းအဖြစ်ဝင်ရောက်ခဲ့ကြပါသည်၊၊ ထိုအ ချိန်တွင် နာဂဒီပကျွန်းအရှင် “ဒေ၀ါနံပီယတိဿ ရှင်ဘုရင်”၏နှမတော်အရင်း “အနုလာဒေ၀ီ”မင်းသ္မီး သည် သာသနာတော်အတွင်း ဘိက္ခုနီဝတ်လိုသဖြင့် အရှင်မဟာမဟိန္ဒမထေရ်သည် နှမတော်အရင်း ဖြစ်သူ ဘိက္ခုနီ“သင်္ဃမိတ္တာထေရီ”အား ပင့်ခေါ်စေပါသည်၊၊



ရဟန်းမ သင်္ဃမိတ္တာထေရီသည် နာဂဒီပကျွန်းသို့ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓရှင်တော်ပွင့်တော်မူရာ မဟာဗောဓိ ပင်ကြီး၏ တောင်ဘက်ကိုင်းပွားနှင့်အတူ ရောက်ရှိလာခဲ့ပါသည်၊၊ ထိုဗောဓိပင်ကို အနုရာဓပူရမြို့ တော်၌ စိုက်ထားသည်မှာယနေ့တိုင် မြင်တွေ့နိုင်ပါသေးသည်၊၊ ဤသို့ဖြင့် သင်္ဃမိတ္တာထေရီသည် အနုလာမင်းသ္မီးအမှူးပြုသော နာဂဒီပကျွန်းသူအများအပြားတို့အား ရဟန်းခံပေးခြင်းဖြင့် သီရိလင်္ကာ နိုင်ငံ၏ ဘိက္ခုနီသာသနာကိုအစပြိုးပေးခဲ့ပါသည်၊၊



အနုလာဒေ၀ီမှစတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသနာတော်သည် ဒေ၀ါနံပီယတိဿမင်းလက် ထက်မှ “၀လဂမ္ဗမင်း”လက်ထက်တိုင် နှစ်ပေါင်း(1200)ခန့် တည်ရှိခဲ့သည်ဟု သီရိလင်္ကာနိုင်ငံ၊ ဘိက္ခုနီ သာသနာတော်မှတ်တမ်းများအရ သိရပါသည်၊၊ ထိုခေတ်အခါက ဘိက္ခုနီသာသနာ မည်မျှတိုးတက် စည်ကားခဲ့သည်ကို အနုလာမင်းသ္မီးမှ အနုလာဘိက္ခုနီဖြစ်လာသူ သီရိလင်္ကာဘိက္ခုနီမိခင်ကြီး သီ တင်းသုံးရာကျောင်းတိုက်ကြီးတစ်ခုတည်းတွင်ပင် ဘိက္ခုနီ (၉၀၀၀၀)ကျော်မျှရှိကြောင်းကို မှတ်တမ်း တင်ထားပါသည်၊၊ အခြားဘိက္ခုနီကျောင်းတိုက်ပေါင်းများစွာလည်း ရှိပါသေးသည်၊၊



သင်္ဃမိတ္တာထေရီကို ဆရာအရာထားလျက် အနုလာဒေ၀ီမှ စတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသ နာတော်သည် နှစ်တစ်ထောင်နီးပါး စည်ပင်ပြီးတည်တန့်ခဲ့ပြီး၊ နောင်သောအခါ သီရိလင်္ကာကျွန်းတွင် စစ်ပွဲကြီးများ၊ ကပ်ဘေးကြီးများပေါ်ပေါက်လာသောကြောင့် ပျက်စီးခဲ့ရပြန်ပါပါသည်၊၊ ယ္ခုအခါ ထို ကွယ်ပခဲ့သော ဘိက္ခုနီသာသနာကို သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ ဆွေးနွေးညှိနှိုင်ပြီး ဘိက္ခုနီသာသနာကိုပြန်လည် တည်ထောင်ထားသည်ကို တွေ့မြင်ရပါသည်၊၊ ထိုဘိက္ခုနီရဟန်းခံပွဲ ကြီးကို အိန္ဒိယတွင်ကျင်းပခဲ့ပြီး၊ “ကုသုမ”အမည်ရှိ သီရိလင်္ကာပညာတတ် အမျိုးသ္မီးတစ်ဦးသည် ရဟန်းခံခဲ့ပြီး၊ သီရိလင်္ကာသို့ပြန်လာကာ ဘိက္ခုနီသာသနာကိုပြန့်ပွားအောင် ကြိုးစားအားထုတ်ခဲ့ပါ သည်၊၊ သူမသည် “ဘိက္ခုနီသာသနာတော်လေ့လာချက်စာတမ်း”ဖြင့် (Ph.D=ပါရဂူဘွဲ့)ကိုရယူနိုင်ခဲ့ပါ သည်၊၊ ယ္ခုအခါသီရိလင်္ကာတွင် မျိုးဆက်သစ်ဘိက္ခုနီ (၃၀၀၀)ကျော်မျှရှိကြောင်းသိရ ပါသည်၊၊



ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော သာသနာတော်သက်တမ်း အနှစ် (၂၅၀၀)ကျော်ခဲ့ပြီးသည့် ယနေ့ မျက်မှောက်ကာလတွင်မူ ဘိက္ခု=အမျိုးသားသံဃာ၊ သာသနာတော်ကြီးတစ်ခုသာ မူလအတိုင်းကျန် ရှိနေပြီး၊ မူလဘိက္ခုနီ သာသနာတော်ကြီးမှာ အမျိုးမျိုးသောအကြောင်းများကြောင့် ကွယ်ပခဲ့ပြီဖြစ် ပါသည်၊၊ မဟာ ယာနဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည့်အချို့နိုင်ငံများတွင် ဘိက္ခုနီသာသနာတော်ကို ပြန်လည် တည်ထောင်ထားကြသော်လည်း မြတ်စွာဘုရားရှင်လက်ထက်တော်က ဘိက္ခုနီသာသနာ တော်နှင့် အနှစ်သာရအားဖြင့်များစွာ ကွာခြားသည်ဟု သိရှိရပါသည်၊၊



ထေရ၀ါဒဗုဒ္ဓဘာသာသည် သီရိလင်္ကာမှ မြန်မာနိုင်ငံသို့ ပြန့်ပွားခဲ့ရာတွင် ထေရာဝါဒ ပါဠိပိဋတ်တော် များနှင့်၊ ဘိက္ခုသံဃာသာရောက်ရှိပြန့်ပွားခဲ့ပြီး၊ ဘိက္ခုနီသာသနာတော် မြန်မာနိုင်ငံသို့ ရှေးခေတ်က ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းမရှိသည်ဖြစ်ရကား၊ ဘိက္ခုနီသာသနာတော်သည် မြန်မာနိုင်ငံတွင် မည်သည့်ခေတ်ကမှ ရောက်ဖူးခြင်းမရှိကြောင်း လေ့လာရပါသည်၊၊



အရှင်တို့၏မြန်မာနိုင်ငံတော်တွင် ဘိက္ခုနီသာသနာတော်ကို ထေရာဝါဒ၀ိနည်းတော်နှင့်အညီ တည် ထောင်ရန် အချို့ဆရာတော်ကြီးများ အကြိမ်ကြိမ်ကြိုးစားဖူးကြသော်လည်း ယနေ့တိုင်အောင်မြင်မှု မရရှိသေးသည်ကို တွေ့မြင်ရပါသည်၊၊ သာသနာတော်အတွက် အလွန်ကျေးဇူးများသည့် ကျမ်းပေါင်း (၂၂)ကျမ်းကျော်နှင့်၊ မိလိန္ဒပဌှာအကထာ၊ မန်းကွန်းရိပ်သာကြီးကို တည်ထောင်တော်မူသည့် “သထုံ ဇေတ၀န် ဆရာတော်ကြီး”ကမူ ဘိက္ခုနီသာသနာကို တည်ထောင်လိုက တည်ထောင်နိုင်ကြောင်း၊ ပါဠိတော်၊ အကထာ၊ ဋီကာတို့တွင် တည်ထောင်နိုင်လောက်သည့် ဖော်ပြချက်များစွာ အထင်ကရရှိ ကြောင်းကို မိန့်ဆိုတော်မူပါသည်၊၊



အရှင်တို့၏ မြန်မာနိုင်ငံတော်တွင် ဘိက္ခုသာသနာပြန်လည်တည်ထောင်မှုနှင့်ဆက်စပ်၍ အကြီး အကျယ် ဆရာတော်ကြီးများ အကြိမ်ကြိမ်အငြင်းပွားလျက် ရှိခဲ့ကြ၊ ရှိနေကြဆဲဖြစ်ပါသည်၊၊ ဘိက္ခုနီ သာသနာတော် တည်ထောင်သင့်သည်ဟု အယူအဆရှိသောဆရာတော်ကြီးများမှလည်း ပါဠိတော်၊ အကထာ၊ ဋီကာအထောက်အထားအခိုင်အမာဖြင့် ပြောဆိုသည့်အနည်းတူ၊ ဘိက္ခုနီသာသနာတော် ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်ကြောင်း သုံးသပ်သည့် ဆရာတော်ကြီးများမှလည်း အခိုင် အမာအထောက်အထားပြဆိုသည်ကို လေ့လာရပါသည်၊၊



သို့သော် ဘိက္ခုနီသာသနာတော်ကို ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်တော့ဟူ၍ သုံးသပ်ယူဆ တော်မူကြသော ဆရာတော်ကြီးများသည်လည်း ပါဠိပိဋကတ်အရာတွင် အမှန်တကယ်တတ်ကျွမ်း တော်မူကြသည့် ဆရာတော်ကြီးများပင်ဖြစ်ကြရကား သာမန်အသိညာဏ်အတွေးမျှဖြင့် ဝေဖန်ရန်ခက် ခဲလှတော့သည်၊၊



အရှင်၏ သေးနုလှသည့် အတွေးအထင်အရကိုလည်း တင်ပြလိုပါသည်၊ ထေရ၀ါဒဗုဒ္ဓဘာသာတွင် ဆယ်ပါးသီလမျှဆောက်တည်သည့် “သီလရှင် အမျိုးသ္မီး”များကိုပင် အသိအမှတ်ပြုနိုင်လျင် ဘိက္ခုနီ သာ သနာတည်ထောင်သည်ကို ခွင့်မပြုနိုင်ဖွယ်ရာမရှိဟု အမြင်ရှိပါသည်၊၊ မည်သို့ဆိုစေ ဘိက္ခုနီသာ သနာတော်သည် “ဖြစ်ပျက်အစဉ်၏ နှိပ်စက်မှုအောက်တွင် အခြားသင်္ခါရတရားများနည်းတူ ကွယ်ပခဲ့ပြီ ဖြစ်သည်၊၊” သို့သော်“မရှိခြင်းသည် ရှိလာဖို့အကြောင်း ဖြစ်သည်”ဟူသည့် နတ္ထိပစ္စည်း၏သဘော တရား အတွေးအခေါ်များကို မမေ့အပ်ချေ၊၊



အခြေအနေ အချိန်အခါရ အမှန်တကယ်လိုအပ်လာပြီး၊ ဘိက္ခုနီသာသာတော်တည်ထောင်ရန် အစွမ်း အစရှိသောအမျိုးသ္မီးများ ဗုဒ္ဓဘာသာအတွင်းပေါ်ပေါက်လာသော တစ်နေ့တွင်ဘိက္ခုနီ သာသနာ တော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီးအတွင်း ပြန်လည်ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ရပါ သည်၊၊ ဤအတွင် ဘိက္ခုသာသနာတော်အကြောင်းစာတမ်း အတော်အတန်မျှ ပြည့်စုံပြီဟုယူဆပါ သည်၊၊ ဤစာတမ်းကိုဖတ်ရှု၊ လေ့လာသူများအထဲတွင် “အလင်းစက် အရှင်”ထက် ဘိက္ခုနီသာသနာ တော် သမိုင်းတတ်သိ သူများအနေဖြင့် မှားယွင်းချွတ်ချော်မှုများတွေ့ရှိခဲ့သော် ဆွေးနွေးပြုပြင်ပေးရန် ခွင့်ပန် အပ်ပါသည်၊၊



စာဖတ်သူများအားလုံး အသိညာဏ်၊ ပညာဖြင့် မိမိဘ၀နှင့်၊ လောကတိုးတက်၊ ငြိမ်းချမ်းရေးကို ပြုနိုင်သူများဖြစ်ပါစေကြောင်း “အလင်းစက် အရှင်”ဆန္ဒပြုလိုက်ပါသည်၊၊



အရှင်ကေ၀လ (အလင်းစက်)



(www.ko-thitsar.blogspot.com)



မကုဋာရာမ မြန်မာကျောင်းတိုက်၊



ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊



(24.12.2011)

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP