Tuesday, February 21, 2012

“ပဋ္ဌာန်းနည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လေ့လာခြင်း”



"အလင်းစက်"ဆိုက်တွင် ပဋိစ္စသမုပ္ပါဒဒေသနာ လေ့လာချက်အပိုင်း(၁)ကိုတင်ပြခဲ့ပြီး ဖြစ်ပါသည်၊၊
ယ္ခုအခါ “အ၀ိဇ္ဇာကြောင့် သင်္ခါရ”စသည်တို့ဖြစ်ပေါ်လာကြပုံ၊ အ၀ိဇ္ဇာနှင့်သင်္ခါရဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ဖော်ပြထားသည်များနှင့်အညီ ဆွေးနွေးတင်ပြပါမည်၊၊

အထူးမှတ်သားသင့်သည်မှာ ‘အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်’ဟုဆိုရာတွင် အ၀ိဇ္ဇာတစ်ခုတည်းကြောင့်သင်္ခါရ ဖြစ်ရ သည်ဟု မဆိုလိုပါ၊ သင်္ခါရဖြစ်ပေါ်ရန်အခြားအကြောင်းများစွာပင် ရှိပါသေးသည်၊ ထင်ရှားသည့်အကြောင်းကို သာ ဖော်ပြထားခြင်းဖြစ်ပါသည်၊၊ ဥပမာ“သင်္ခါရအရ” ကံ-စေတနာကိုယူ ရပါသည်၊ စေတနာသည် စေတသိက်ဖြစ် ရကား စေတသိက်သည် ‘စိတ်’နှင့်ကင်း၍ မဖြစ်နိုင်၊ စိတ်သည်လည်း‘အာရုံ’နှင့်ကင်း၍မဖြစ်ပေါ်နိုင်၊ အာရုံသည် လည်း‘မှီရာဝတ္ထု’နှင့်ကင်း၍ မဖြစ်နိုင်၊ ထို့ကြောင့် သင်္ခါရဖြစ်ပေါ်စေရန် ‘စိတ်၊ အာရုံ၊ ၀တ္ထု’တို့သည်လည်း အကြောင်း များပင် ဖြစ်ပါသည်၊၊

ယ္ခုအခါ အကြောင်းကြောင့် အကျိုးဖြစ်ရာတွင် မည်သို့မည်ပုံအကြောင်းက အကျိုးကိုကျေးဇူးပြုသည် အသေး စိတ်ဆွေးနွေးတင်ပြပါမည်၊၊ “အ၀ိဇ္ဇာပစ္စယာသင်္ခါရာ”တွင် အ၀ိဇ္ဇာသည် သင်္ခါရအားမည်သို့ မည်ပုံကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကြောင့် မည်သို့မည်ပုံသင်္ခါရဖြစ်သည်ကို ဆွေးနွေးတင်ပြပါမည်၊၊

အ၀ိဇ္ဇာကို အဘိဓမ္မာသဘောနှင့်အညီအရကောက်လျင် “မောဟစေတသိက်”ကို ရပါသည်၊၊ သင်္ခါရကို အရကောက် လျင် “စေတနာ(ကံ)”ကို ရပါသည်၊၊ ဤနေရာတွင် သင်္ခါရ(၃)မျိုးကို မှတ်သားရပါမည်၊၊

(၁) ပုညာဘိသင်္ခါရ၊ (ကာမာဝစရကုသိုလ်၊ ရူပါဝစရကု-၁၃)
(၂) အပုညာဘိသင်္ခါရ၊ (အကုသိုလ်-၁၂)
(၃) အာနေဉ္စာဘိသင်္ခါရ၊ (အရူပါဝစရကုသိုလ်-၄)တို့ ဖြစ်ကြပါသည်၊၊

အ၀ိဇ္ဇာပစ္စယာသင်္ခါရာ=အ၀ိဇ္ဇာသည် သင်္ခါရအားကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကိုအကြောင်းပြု၍ သင်္ခါရဖြစ်သည်ဟုဆို ရာတွင် မောဟစေတသိက်သည် (ကံ)စေတနာစေတသိက်ကို “အာရမ္မဏသတ္တိ၊ ဥပနိဿယသတ္တိ”နှစ်မျိုးဖြင့် ကျေး ဇူးပြုသည်ကို ဆိုလိုပါသည်၊၊

တရားရှုမှတ်သူတို့သည် အ၀ိဇ္ဇာကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုရှုမှတ်သည်ရှိသော် မှတ်သိစိတ်တို့သည် ကာမာဝစရ ကုသိုလ်စိတ်များဖြစ်ရသည့်အတွက် အ၀ိဇ္ဇာသည် ရှုမှတ်သူတို့အားအာရုံအဖြစ်ဖြင့် ကျေးဇူးပြုရာရောက်သည့် အတွက် ‘အာရမ္မဏသတ္တိ’ဖြင့်ကျေးဇူးပြုသည်ဟု ဆိုရပါသည်၊၊ (ကာကု.ပုညာဘိ သင်္ခါရ)

ပဉ္စမဈာန်၏အာရုံအထူးဖြစ်သော အဘိညာဏ်ဖြင့် မိမိသန္တာန်၊ သူတစ်ပါးသန္တာန်၌ရှိသောအ၀ိဇ္ဇာကို ဆင်ခြင်သုံး သပ်သောခါ ရူပါဝစရပုညာဘိသင်္ခါရကုသိုလ်တို့ဖြစ်သောကြောင့် အ၀ိဇ္ဇာသည် ရူပါဝစရပဉ္စဈာန်စိတ်ကို အာရုံအဖြစ် ဖြင့် ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ (ရူ.ပုညာဘိသင်္ခါရ)

အ၀ိဇ္ဇာ၏အပြစ်ကိုမြင်၍ အ၀ိဇ္ဇာကင်းစေရန် နိဗ္ဗာန်စသည်ကိုရည်သန်တောင့်တ၍ ကာမာဝစရပုညကု သိုလ်ပြုသော သူတို့အားဖြစ်စေ၊ ရူပါဝစရဈာန်တို့ကိုဖြစ်စေသောသူတို့အားဖြစ်စေ ‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာဖုံးလွှမ်းထားသောကြောင့် ဘ၀တို့၏အပြစ်ကိုမမြင်ဘဲ ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်များကိုပြုသော သူတို့အား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊

အ၀ိဇ္ဇာကို အာရုံပြု၍ရာဂစသည်တို့ဖြစ်သောအခါ အ၀ိဇ္ဇာသည် လောဘစေတသိက်နှင့်အတူတကွ ဖြစ်သောသင်္ခါရ တို့အား ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာကို အလေးအမြတ်ပြု၍သာယာသောအခါ အ၀ိဇ္ဇာ သည် လောဘနှင့်တကွဖြစ်သော အကုသိုလ်သင်္ခါရအား “အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿသတ္တိ”တို့ဖြင့် ကျေး ဇူးပြုပါသည်၊၊

အ၀ိဇ္ဇာဖုံးလွှမ်းသဖြင့် အကုသိုလ်၏အပြစ်ကိုမမြင်ဘဲ သူ့အသက်သတ်ခြင်းစသည်ကိုပြုသောသူအား အ၀ိဇ္ဇာသည် ပါဏာတိပါတစသည့်အကုသိုလ်စေတနာကို ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုသည်၊၊

ပထမဇော၌ရှိသော မောဟစေတသိက်သည် ဒုတိယဇောနှင့်အတူတကဖြစ်သော အကုသိုလ်သင်္ခါရစသည်တို့အား “အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေ၀န၊ နတ္ထိ၊ ၀ိဂတသတ္တိ”တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ ဒုတိယဇော၌ရှိသော အ၀ိဇ္ဇာသည်လည်း အကုသိုလ်သင်္ခါရအား ကျေးဇူးပြုသည်၊၊ ဆဋ္ဌမဇော၌ရှိသော အ၀ိဇ္ဇာသည် သတ္တမဇောနှင့်အတူတကွဖြစ်သော သင်္ခါရအားကျေးဇူးပြုသည်၊၊

အကုသိုလ်တစ်ခုခုကိုပြုသောသူအား ‘ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိ’ တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ နောက်ဆုံးဖြစ်ကုန်သော (အာနေဉ္စာဘိသင်္ခါရ=အရူပါဝစရ ကုစေတနာ)အဘိသင်္ခါရ တို့အား အ၀ိဇ္ဇာသည် ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ ဆိုလိုသည်မှာ အ၀ိဇ္ဇာကိုလွန်မြောက်ချင်၍ အရူပဈာန်တရားကိုအားထုတ်သဖြင့် အရူပဈာန်ရသူအား အ၀ိဇ္ဇာသည် အရူပဈာန်အား‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုသည်ဟုဆိုလိုပါသည်၊၊ အရူပဘုံတွင်ဖြစ်ချင်၍ ဈာန်တရားကိုအားထုတ်သောအခါ ထိုဘုံတွင်ဖြစ်ရသူ တို့အားလည်း အ၀ိဇ္ဇာသည် အရူပါဝစရကုသိုလ်သင်္ခါရအား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြခဲ့သည်များမှာ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် ဖော်ပြခြင်းဖြစ်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ် သည် ပဋ္ဌာန်းနည်းဖြင့်နားလည်မှုမရှိပါက ပြည့်ဝစွာနားလည်ရာ မရောက်နိုင်သဖြင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် အထက် ပါအတိုင်းဖွင့်ဆိုထားခြင်း ဖြစ်ပါသည်၊၊

အ၀ိဇ္ဇာစသည့်ကြောင့် သင်္ခါရစသည်တို့ဖြစ်သည်ဟုဆိုရာတွင် အာရုံအနေဖြင့်ကျေးဇူးပြုမှု၊ တိုက်ရိုက်ဖြစ်စေသော အားဖြင့်ကျေးဇူးပြုမှု၊ မှီရာအနေဖြင့်ကျေးဇူးပြုမှု၊ အထောက်အပံ့ပေးသောအားဖြင့်ကျေးဇူးပြုမှု၊ တခါတရံအတူတကွ ဖြစ်မှုသက်သက်၊ လွှမ်းမိုးမှုဖြင့်ကျေးဇူးပြုမှုစသည်အားဖြင့်များစွာရှိသည်ကို လေ့လာမှတ်သားရပါမည်၊၊ အ၀ိဇ္ဇာကြောင့်သင်္ခါရဖြစ်ရာတွင် တစ်ကြိမ်တည်းတွင်အတူဖြစ်သည်လည်းရှိသည်၊ သီးခြားတစ်ကြိမ်ဆီဖြစ်ကြ သည်လည်းရှိသည်များကိုလည်း မှတ်သားရမည်၊၊

(“အ၀ိဇ္ဇာကြောင့် သင်္ခါရ”ဖြစ်ရာတွင် မည်သို့မည်ပုံဖြစ်သည်၊ မည်သည့်သတ္တိဖြင့် ကျေးဇူးပြုသည်၊ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ မည်သိုမည်ပုံဆက်စပ်သည်ကိုအထက်တွင် ဆွေးနွေးတင်ပြအပ်ပါသည်၊၊ ကျန်သည့် “သင်္ခါရကြောင့် ၀ိညာဏ်”စသည်တို့ဖြစ်ပုံ၊ အခြင်းခြင်းဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို အကျဉ်းမျှ သာဖော်ပြမည် ဖြစ်ပါသည်၊၊)

သင်္ခါရပစ္စယာဝိညာဏံ=သင်္ခါရမှ ၀ိညာဏ်ကိုဖြစ်စေရာတွင် တိုက်ရိုက်ဖြစ်စေခြင်းဖြင့် နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့်ကျေးဇူးပြုကြပါသည်၊၊

ဝိညာဏပစ္စယာနာမရူပံ=၀ိညာဏ်မှနာမ်ရုပ်ကို ကျေးဇူးပြုရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊

နာမရူပပစ္စယာသဠာယတနံ=နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတု၊ အာဟာရသတ္တိ၊ ပစ္ဆာဇာတ၊ ၀ိပ္ပယုတ္တသတ္တိ၊ ဣန္ဒြိယတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊

သဠာယတနပစ္စယာဖေဿာ=သဠာယတနကြောင့် ဖဿဖြစ်ရာတွင် နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ၀ိပ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ သဟဇာတ၊ အညမည၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊

ဖဿပစ္စယာဝေဒနာ=ဖဿကြောင့် ဝေဒနာဖြစ်စေရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဥပနိဿယသတ္တိတို့ဖြင့်ကျေးဇူးပြုသည်၊၊

ဝေဒနာပစ္စယာတဏှာ=ဝေဒနာကြောင့် တဏှာဖြစ်ရာတွင် ဝေဒနာကိုအကြောင်းပြု၍ တဏှာဖြစ်ရ သောကြောင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၊၊

တဏှာပစ္စယာဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်သည်ဆိုရာတွင် အားသေးသောလောဘကြောင့် အားကြီးသော လောဘဖြစ်ရသည့်အတွက် ဥပနိဿယသတ္တိ၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊

ဥပါဒါနပစ္စယာဘဝေါ=ဥပါဒါန်ကြောင့် ဘ၀ဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကို ယူရပါသည်၊၊ ဥပနိဿယ သတ္တိဖြင့်ကျေး ဇူးပြုပါသည်၊၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတုသတ္တိတို့ ဖြင့် ကျေးဇူးပြုသည်၊၊

ဘ၀ပစ္စယာဇာတိ=ဘ၀ကြောင့် ဇာတိဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကိုယူ၍ နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့် ကျေးဇူးပြုပါသည်၊၊

ဇာတိပစ္စယာဇရာ၊ မရဏ သောက ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿုပါယာ=ဇာတိရှိသောကြောင့် ဇရာမဏစသည်တို့ဖြစ် ရာတွင် ဥပနိဿယသတ္တိဖြင့်ကျေးဇူးပြုသည်၊၊

ဤတွင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် လေ့လာချက်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ များ တစ်ခုကြောင့်တစ်ခုဖြစ်ပေါ်နေမှုသည် လူသားတို့အတွက် ဆင်းရဲမှုသက်သက် သာဖြစ်နေသည်ကို သိမှတ်ရပါ မည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များဆက်စပ်၊ လည်ပတ်ဖြစ်တည်နေမှုကို ၀ိပဿနာညာဏ်အမြင်ဖြင့် ရှုမြင်သုံးသပ်နိုင်မှ သာလျင် ဘ၀တွင်မည်သည့်အရာမျှ ထာဝရတည်မြဲ နေသည်ဟူ၍ မရှိဘဲ၊ အကြောင်းတရားများကြောင့်သာ အကျိုး တရားများဖြစ်ပေါ်နေမှုသက်သက်မျှဖြစ်သည်ကို နားလည်သဘောပေါက်လာမည် ဖြစ်ပါသည်၊၊

ဘ၀တွင် “ရွှေလင်ဗန်းနှင့်အခြင်းဆေး၊ မင်းမွေးသည့် လူသားများဖြစ်စေ၊ တဲကုပ်ထဲတွင် နုံခြာလှသည့်ဘ၀အသွင် ဖြင့် ကောက်ရိုးဗန်းတွင် ကြီးပြင်းရသူများဖြစ်စေ၊” ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်ပတ်နေမှုကို ရပ်တန့်အောင်မကြိုး စားနိုင်လျင် ရွှေမုံ့စားရသည့်ဘ၀မှ မစင်စားရသည့်ဘ၀များသို့၎င်း၊ တဲကုပ်လေးထဲမှ ရွှေနန်းပြသာဒ်ကြီးများအပေါ် သို့၎င်း၊ အတည်အမြဲမရှိဘ၀များစွာသို့ လည်ပတ်ဖြစ်နေရပါမည်၊၊

ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို စာပေရှုဒေါင့်မှ အသေးစိတ်လေ့လာသိမှတ်ပြီး၊ လက်တွေ့ကျင့် သုံးသောအားဖြင့် ဘ၀မှလွန်မြောက်၍၊ ချမ်းသာစင်စစ်ဟု ဗုဒ္ဓရှင်တော်အများ မှတ်ချက်ပြု တော်မူကြသည့် မြတ်နိဗ္ဗာန်သို့ စာပေအသိ၊ ဘ၀အသိ၊ ၀ိပဿနာညာဏ်အသိများဖြင့် ရောက်ရှိကြပါစေကြောင်း “အလင်းစက် အရှင်” ပထ္ထနာပြုအပ်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
(http://ko-thitsar.blogspot.com/)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(28/01/2012)


(ကျမ်းကိုး/ ပဋိစ္စသမုပ္ပါတရားတော်ကြီး-ပ.ဒု (မဟာစည်ဆရာတော်)၊၊ အဘိဓမ္မာသင်တန်းအသံဖိုင် များ(ဦးသီလာနန္ဒာဘိဝံသ)၊၊ ပါချုပ်ဆရာတော်ကြီး ဦးနန္ဒမာလာဘိဝံသ၊ ပဋ္ဌာန်းတရားတော်များ အသံဖိုင်၊၊ ၀ိသုဒ္ဓိမဂ်ပါဠိ-အဋ္ဌကထာ၊၊ ပဋိစ္စသမုပ္ပါဒ်အခြေခံ(မိုးကုတ်ဆရာတော်ကြီး) Bhikkhu Nyanatilo ka’s Paticcasamuppada Lectures တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP