Saturday, February 23, 2013

မလေးရှားနိုင်ငံသို့ ၊၊ ၊၊


အရှင်သည်  တစ်ခေတ်တခါကဗုဒ္ဓဘာသာဖြစ်ခဲ့ဘူးသည့် မလေးရှားနိုင်ငံသို့ လေ့လာရေးနှင့်အလည်အပတ် ခရီးစဉ်အဖြစ် (23/11/2012)မှ (21/02/2013)အထိသုံးလတာ သွားရောက်ခဲ့ပါသည်၊၊ 

အရှင် တည်းခိုခဲ့သည့် Dhamma Garden Center-မှ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ကြောင်းမှတ်တမ်း တင်အပ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် လေးနှစ်တာပညာသင်အပြီး၊ ပင်ပမ်းမှုများပြေပျောက်စေရန်နှင့် ဒေသန္တရဗဟုသုတအ တွက် ခရီးစဉ်ဖြစ်မြောက်အောင်မြင်စေရန် လေယဉ်စရိပ်နှင့်အခြားလိုအပ်သည်များကို တာဝန်ယူလှူဒါန်းကြ သူများကိုလည်းအထူးပင်ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်၊၊

မလေးရှားနိုင်ငံတွင် နေထိုင်စဉ်အတွင်း လေ့လာလည်ပတ်ခဲ့သည့်နေရာများနှင့်၊ တွေ့ခဲ့ရသည့်လူများအကြောင်း၊ မြန်မာအလုပ်သမားတို့၏ဘ၀တစိတ်တဒေသအကြောင်းအရာများမှာ အကျိုးများသည့် ဗဟုသုတဖြစ်ဖွယ်ရာများ၊ သင်္ခန်းစာယူဖွယ်ရာများပင် ဖြစ်ပါသည်၊၊

မလေးရှားနိုင်ငံမှ Twin Towers=အမွှာအဆောက်အဦးချွန်ကြီးမှာ မလေးရှားတို့၏ အင်ဂျင်နီယာပညာအစွမ်း နှင့်၊ ဗသုကာလက်ရာပြောင်မြောက်ပုံကို အထူးပြသရာအဆောက်အဦးကြီးအဖြစ် တွေ့ခဲ့ရပါသည်၊၊

 ရိုးရာကို ထိမ်းသိမ်းသည့်အနေဖြင့် ဘုရင့်နန်းတော်ဟောင်းကြီးကို ပြထားပုံနှင့်၊ မာဒေးကားကွင်း=လွပ်လပ်ရေးကျောက် တိုင်ပန်းခြံကြီးကို ပြသထားပုံမှာလည်းအဆင့်မှီပြီး၊ သမိုင်းပြကွက်ကို ကမ္ဘာမှအလွယ်တကူ သိသာစေပါသည်၊၊
Batu Cave=ကမ္ဘာ့အကြီးဆုံး ဟိန္ဒီနတ်ဘုရားရုပ်တုတော်ကြီးနှင့်၊ သဘာဝကျောက်တောင်တန်းကြီးများအတွင်းထဲတွင် လှိုင်ခေါင်းကြီးများဖြစ်တည်နေပုံမှာလည်း များစွာပင်လှပပြီး နိုင်ငံခြားခရီးသွားများဖြင့် အမြဲစည်းကားနေပါသည်၊၊ 

Genting Highland=စိန်းလန်းတောင်ပေါ်သို့ သွားရောက်ခဲ့ရာတွင် မလေးရှားတရုပ်လူမျိုးများ ချမ်းသာကြွယ်ဝပုံနှင့်၊ ဘ၀တခုတွင် ပျော်ရွှင်လွပ်လပ်မှုဆိုသည်ကို နားလည်ခဲ့ရပါသည်၊၊ စိန်းလန်းတောင်မြင့်ကြီးပေါ်တွင် ပေ(၃၀၀)ခန့်၊ အခန်း(၁၀၀)ဆီပါသည့်အဆောက်ဦးကြီး(၆)ခုနှင့်၊ Sky walk=ကြိုးတန်းယဉ်၊ ကလေးကစားကွင်းမျိုးစုံတို့ ရှိပါသည်၊၊

လူကြီးများအတွက်မူ မလေးရှားနိုင်ငံတွင်တစ်နေရာတည်းတွင်သာရှိသည့် ဥပဒေဖြင့်ခွင့်ပြုထားသည့် ကက်စီနိုကစားနည်းများ၊ ဖဲကစားရုံများ၊ မြင်းကစားရုံများ၊ ဂျင်၊ ထီမျိုးစုံကစားနည်းများအပြင်၊ အနှိပ်ခမ်းများ၊ အပျော်မိန်းကလေးများကို အလွယ်တကူရရှိနိုင်သည့် ဟော်တယ်၊ မော်တယ်စသည်များစွာတို့ဖြင့် နိုင်ငံတကာခရီး သွားတို့အကြိုက်ဆုံးနေရာတစ်ခုအဖြစ် ဆွဲဆောင်ထားပါသည်၊၊

စိန်းလန်းစိုပြေတောင်တန်းကြီးကို သူဌေးကြီးတစ်ဦးတည်းမှပိုင်ဆိုင်ထားသည်ဟု သိရပါသည်၊၊ မြင့်မားလွန်းသည့် ကျောက်တောင်ကြီးများအပေါ်တွင် မိုးထိမြင့်အဆောက်အဦးကြီးများကိုအတန်းလိုက် မြင်ရသည်မှာ အံ့သြဖွယ် ဖြစ်နေပါသည်၊၊ နှင်းမိုးများအဆက်မပျက်ရွာသွန်းနေသဖြင့် အေးချမ်းပြီး၊ သစ်ပင်မျိုးစုံတို့ အရောင်အသွေးစုံဖြစ်နေသည်မှာလည်း သဘာဝပန်းချီးကားတစ်ချပ်ပမာ ဖြစ်ပါသည်၊၊ 

နေ့ညမခြား လျပ်စစ်မီးများပေးထားပြီး၊ မလေးရှားတရုပ်လူမျိုးနှင့်၊ တရုပ်ပြည်မကြီးမှ တရုပ်လူမျိုးများ၊ အခြားသောနိုင်ငံတကာဧည့်သည်များဖြင့် ပြားပမ်းခပ်မျှစည်ကားလှပါသည်၊၊ တောင်နံရံကြီးများအပေါ်တွင် ကားလမ်းများတည်ဆောက်ထားပုံမှာလည်း နည်းယူဖွယ်အလွန်ကောင်းပြီး၊ အန္တရာယ်ကင်းလှသည့်တောင်တက်ကား လမ်းတည်ဆောက်နည်းများအဖြစ် လေ့လာရပါသည်၊၊ 

ကွာလာလမ်ပူမြို့တော်အလယ်မှ မာဒေကားကွင်းရှေးဟောင်း အဆောက်အဦးများရှေ့တွင် မိုးလင်းမိုးချုပ်နိုင်ငံ တကာ ခရီးသွားများဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းရိုက်နေကြသည်ကို တွေ့ရပါသည်၊၊ နှစ်ပေါင်းရာကျော် အဆောက်ဦးများနှင့် အထိမ်းအမှတ်များကို ဆေးသစ်၊ ကွန်ကရစ်အသစ်မလုပ်ဘဲ မူရင်းအတိုင်းထိမ်းသိမ်းထားပြီး၊ နိုင်ငံခြားခရီးသွားများအထံမှ နိုင်ငံခြားငွေရှာဖွေထားပုံမှာလည်း မလေးရှားတို့၏ပါးနပ်ပုံနှင့်၊ ရှေးဟောင်းအမွေနှစ် များကိုထိမ်းသိမ်းတတ်ပုံ ဖြစ်ပါသည်၊၊

စမုန်ညှင်းဒေသသို့ မလေးရှားမှပြန်လည်ထွက်ခွါနီးရက်တွင် လေ့လာရေးသွားခဲ့ရပါသည်၊၊ ကပုန်းစင်တာမှ ကား(၁)နာရီခွဲခန့် မောင်းရပါသည်၊၊ တောင်ဇောင်းကြီးတခုတွင် တရုပ်လူမျိုးများမှမြေ(၃)ဧက ၀ယ်ယူထားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်မှဆရာတော်တပါးကို မြန်မာလျောင်းတော်မူရုပ်ထုတော်ကြီးတစ်ဆူနှင့်၊ ရွှေတိဂုံပုံတူစေတီတော်တည်ထားစေသည်ဟု လေ့လာခဲ့ရပါသည်၊၊
သဘာသတောင်ကျောက်တုံးကြီးတစ်တုံးကို လျောင်းတော်မူစေတီတော်ကြီး ထွင်းထုထားသည်မှာမြင်သူတကာ ကြည်နူးဖွယ်ဖြစ်ပါသည်၊၊

 ရုပ်ပွားတော်ကြီးမှာအလျားပေ (၅၀)ကျော်ရှိပြီး၊ လုံးပတ်(၃၀)၀န်းကျင်ဖြစ်မည်ဟု ခန့်မှန်းရပါသည်၊၊ မျက်နှာတော်နှင့်၊ ကိုယ်လုံးတော်တည်ထားပုံမှာအချိုးကြပြီး၊ အလွန်သပ္ပါယ်လှပါသည်၊၊

တောင်နံရံတွင်တည်ရှိပြီး နေရာအလွန်ကောင်းသည့် ကျောက်တောင်ကြီးဖြစ်ပါသည်၊၊ အရှင်တို့ စမုန်ညှင်းသို့ လေ့လာရေးသွားသည့်နေ့မှာပင် မြန်မာသံဃာကို (၂)နှစ်ခန့်ဖူးတွေ့ခွင့်မရသည့် မလေးရှားကျေးရွာများတွင် အလုပ် လုပ်သည့်မြန်မာ (၅၀)ခန့် ကားကြီးများကိုစင်းလုံးငှားပြီး ဘုရားဖူးလာကြသည်ကိုတွေ့ဆုံရပြီး၊ မြန်မာလူမျိုးများ၏ တောင်းပန်လျောက်ထားချက်အရ ပါရမီတော်ဆယ်ပါးနှင့်၊ မဟာကပိဇာတ်တော်ကို (၁)နာရီခွဲခန့် ဟောပြောခဲ့ရပါသည်၊၊ 

တရားပွဲပြီးဆုံးသောအခါ မြန်မာညီငယ်၊ ညီမငယ်အချို့မျက်ရည်ကျလျက် ၀မ်းသာနေကြသည်ကိုတွေ့ရသောအခါ မလေးရှားရောက်မြန်မာလုပ်သားတို့၏ဘ၀ကို အထူးပင်သနားကရုဏာသက်မိပါသည်၊၊ မြန်မာလူမျိုးများသည် သံဃာနှင့်စေတီတော်တွေ့လျင် စီးပွားပျက်မတတ်အလှူစေတနာ ထားတတ်ကြပုံကိုလည်း တွေ့ခဲ့ရပါသေးသည်၊၊

ကပုန်းစင်တာတွင် တရုပ်နှစ်သစ်ကူးဒုလ္လဘရဟန်းခံပွဲမှ ဒုလ္လလရဟန်းတော်အသစ်(၃၄)ပါးနှင့်၊ ပရိသတ်များကို ညဦးပိုင်းဓမ္မစကားတစ်နာရီခန့်ဟောပြောပြီး၊ သိလိုသည်များကို အဖြေပြုလုပ်ခဲ့ရသည်မှာလည်း ပျော်ရွှင်ဖွယ်ဖြစ်ပါသည်၊၊ ကပုန်းဒုလ္လရဟန်းများအား “အမြစ်များကို လေ့လာခြင်း၊ ကာလာမသုတ်၊ အံ့ဖွယ်ရှစ်ဖြာသာ သနာနှင့်၊ အပရိဟာနိယတရားခုနှစ်ပါး” ခေါင်းစဉ်များဖြင့် ဓမ္မစာပေဖြန့်ဝေခဲ့ပါသည်၊၊

“ကိုကျော်သူ၊ မရွှေဇီးကွက်”ဦးဆောင်သည့် ရန်ကုန်နာရေးအသင်းအဖွဲ့သားများနှင့်အတူ မလေးရှားနိုင်ငံမှ “ကလမ်မတူးသုဿာန်”ကြီးသို့လေ့လာရေးသွားရောက်ခဲ့ရသည်မှာ အလွန်ပျော်စရာဖြစ်ခဲ့ရပါသည်၊၊ သုဿာန်ဆိုသည်ထက် အလှပဆုံးနားနေရာ ဥယျာဉ်ကြီးတစ်ခုဟုဆိုလျင် ပိုမှန်ပါသည်၊၊ အမှိုက်မရှိ၊ အနံ့အသက်မရှိဘဲပန်းအလှများ၊ ရုပ်တုပန်းချီအလှများဖြင့် တန်ဆာဆင်ထားသည်ကို လေ့လာခဲ့ရပါသည်၊၊

“ကိုကျော်သူ”၏ပြောပြချက်အရ “သည်မျှခန်းနားလှပသည့် သုဿာန်အကြီးစားမျိုးကို အနောက်နိုင်ငံကြီးများ တွင်ပင် မတွေ့ခဲ့ရဘူးကြောင်း” သိရပါသည်၊၊ ခရီးတလျောက်“မရွှေဇီးကွက်”ကလေးငယ်ပမာ ပြေးလွှားပျော် ပါးတတ်ပုံကိုကြည့်ပြီး “နတ်ထီးဆောင်းသည့်ဇနီးမောင်နှံအဖြစ်” ညီငယ်၊ ညီမငယ်များကိုအတုယူစေချင်စိတ် ဖြစ်မိခဲ့ရသည်၊၊

မလေးရှားရောက် အမိမြန်မာလုပ်သားများကိုတွေ့ရလျက် ၀မ်းသာဝမ်းနည်းဖြစ်စရာ များစွာပင်ဖြစ်ခဲ့ရပါသည်၊၊  မြန်မာလုပ်သားတို့၏ အများစုနေ့စဉ်ဝင်ငွေမှာ ရင်းဂစ်(၅၀)ခန့်မျှဖြစ်၍၊ သံဃာတော်များနှင့်၊ စေတီပုထိုးများ၊ ပရဟိတအသင်းများကိုလှူဒါန်းကြရာတွင် အတိုင်းအတာတစ်ခုအတွင်းမှသာ ဖြစ်သင့်သည်ကို သတိပေးလိုပါသည်၊၊
 
မလေးရှားတွင် မြန်မာပြည်လုပ်သားတို့ ဆင်ခြင်ရန်အသင့်ဆုံးအရာမှာ အရက်သောက်ခြင်းနှင့် ဆေးဝါးသုံးခြင်းဖြစ်ကြောင်း တွေ့လာခဲ့ရပါသည်၊၊ မလေးရှားတွင်နေစဉ် လူငယ်နာရေးဆယ်ခုခန့်ကိုသုံးလအတွင်း တွေ့ခဲ့ရပါသည်၊၊ အားလုံးနီးနီးမှာ အရက်သောက်လွန်ရာမှ သေဆုံးခြင်းဖြစ်ပါသည်၊၊ အရက်သောက်လွန်ကဲပြီး စိတ်ဖောက်ပြန်၊ လူတကာသို့လိုက်လံတောင်းစားနေသည့် မြန်မာလူငယ်များကိုလည်း တွေ့ခဲ့ရပါသည်၊၊ 

အခြားဆင်ခြင်သင့်သည်အရာမှာ အမျိုးသမီး၊ အမျိုးသားဆက်ဆံမှု သစ္စာထားရှိရေးဖြစ်ပါသည်၊၊ ထိုမှတဆင့် ပြဿနာမျိုးစုံဖြစ်ကြသည်မှာလည်း အခြင်းခြင်းအသေသတ်သည်အထိ ဖြစ်ပါသည်၊၊  မလေးရှားရောက် ညီအ ကိုများကို သတိပေးလိုသည်မှာ မြန်မာပြည်တွင်ကျန်ခဲ့သည့် ဇနီးနှင့်ချစ်သူမိန်းကလေးများကို ငွေအားလုံးပို့မပေးရန်ဖြစ်ပါသည်၊၊ 

အရှင်သိခဲ့ရသည့် အကြောင်းအရာများစွာထဲမှ တစ်ခုသောချစ်ရေးချစ်ရာ ဇာတ်လမ်းတစ်ခုကို တင်ပြပေးလိုက်ပါသည်၊၊ “ကောင်လေးတစ်ယောက်သည် မလေးရှားတွင်နှစ်ပေါင်းများစွာနေလျက် မြန်မာပြည်မှအမျိုးသမီးထံ သို့ရသမျှအကုန် ပေးပို့သည်ဟုဆိုပါသည်၊၊

အမျိုးသမီးသည် မြန်မာပြည်တွင်နောက်အမျိုးသားတစ်ဦးနှင့် နေထိုင်နေပါသည်၊၊ မလေးရှားမှအမျိုးသား မြန်မာပြည်သို့ အပြီးပြန်လာမည့်နေ့ကိုအကြောင်းကြားသောအခါ အမျိုးသမီးမှ နေရပ်သို့မပြန်သေးဘဲ မင်္ဂလာဒုံလေယဉ်ကွင်းအနီးမှ ဟော်တယ်တွင်နေလျက် ရန်ကုန်တွင်လည်ပတ်ကြမည်ဟု ဆိုပါသည်၊၊ 

မလေးရှားမှပြန်လာသည့်အမျိုးသားသည် ခရီးပင်ပမ်းသဖြင့်ညဦးပိုင်းစောစော အိပ်ပျော်သွားစဉ် အမျိုးသမီးသည် ဟော်တယ်၏အခြားတစ်ခန်းတွင်ရှိနေသည့် အငယ်အမျိုးသားနှင့် အိပ်ပျော်နေသည့်အမျိုးသား၏ပါလာသမျှ ပစ္စည်း၊ အ၀တ်အစားအားလုံးယူလျက် ထွက်ပြေးသွားပါတော့သည်၊၊

မလေးရှားပြန်အမျိုးသားသည် ဒေါသအိုးပေါက်ကွဲပြီး ဇနီးနေထိုင်သည့်အိမ်ကိုမီးသွားရှိသဖြင့် ယ္ခုအခါအလုပ်ကြမ်းနှင့် ထောင်ကျနေသည်ဟု သိရပါသည်၊၊” တင်ပြထားသည့်ဖြစ်ရပ်ကို သုံးသပ်ဆင်ခြင်ပြီး၊ မလေးရှား ရောက်အမျိုးသားတို့သတိပြုမိစေရန် လိုအပ်လှပါသည်၊၊ 

မလေးရှားနိုင်ငံသည် ရာသီဥတုမငြိမ်သည့်နိုင်ငံ ဖြစ်ပါသည်၊၊ ထို့ကြောင့် ပူလွန်းသဖြင့်ပန်ကာဖွင့်ပြီး၊ ကျောက်ပြားအခင်းပေါ်အိပ်ပျော်သဖြင့် မိုးလင်းသောအခါအသက်ပျောက်နေသည့် နာရေးများစွာကိုလည်း တွေ့ခဲ့ရပါသည်၊၊ ဆင်ခြင်သင့်သည့်ကျန်းမာရေးဆိုင်ရာ သတိပြုဖွယ်တခုပင် ဖြစ်ပါသည်၊၊

မလေးရှားနိုင်ငံတွင် လွပ်လပ်လွန်းပြီး၊ နိုင်ငံခြားသားများအတွက် ကာကွယ်ပေးထားသည့် ဥပဒေလုံးဝမရှိသည်ကို တွေ့ခဲ့ရပါသည်၊၊ မြန်မာအမျိုးသမီးငယ်များ နိုင်ငံခြားသားမျိုးစုံနှင့်နေပြီး၊ ဒုက္ခပင်လယ်ဝေနေသည်များ၊ ဘာသာအယူပြောင်းရသည်များကိုလည်း များစွာပင်တွေ့ခဲ့ရပါသည်၊၊ 

ယနေ့ခေတ်သည် ပရဟိတလုပ်သူနှင့် နိုင်ငံရေးသမား ခေတ်ကောင်းသည့်အချိန်ဖြစ်နေကြောင်းကို မလေးရှားတွင် လေ့လာရုံမျှနှင့်သိသာလှပါသည်၊ မြန်မာပြည်တွင်မူ ပို၍မြင်သာမည်ဖြစ်ပါသည်၊၊ အလုပ်ထွက်ပြီး နိုင်ငံရေးလုပ်နေသူများနှင့်၊ ပရဟိတလုပ်နေသူများစွာကို တွေ့ခဲ့ရပါသည်၊၊

အလုပ်ထွက်ပြီး ပရဟိတလုပ်နေသည်ဆိုသဖြင့် မည်သည့်ငွေများဖြင့် မလေးရှားတွင်ရပ်တည်ပြီး၊ မည်သို့မည်ပုံ မြန်မာပြည်မှမိဘ၊ မိသားစုများကိုထောက်ပံ့နိုင်ကြသည်ကိုမူ နားမလည်နိုင်အောင်ဖြစ်ရပါသည်၊၊ ပရဟိတထဲမှ အတ္တဟိတလုပ်ယူနေကြသည်ဟုမူ အရှင် မဆိုလိုပါ၊၊ 

ပီနန်မြို့သို့ လေ့လာရေးဖြစ်သုံးညအိပ် သွားဖြစ်ခဲ့ပါသည်၊၊ Penang Hill=ပီနန်တောင်ပေါ်မှကြည့်လျင် ပီနန်မြို့တော်လေးကို ပန်းချီကားတချပ်ကြည့်ရသလို မြင်ရပါသည်၊၊ တောင်ထိပ်ပေါ်သို့ မတ်စောက်သည့်လမ်းကြောင်းကို ဓာတ်ရထားငယ်ဖြင့်တက်ရသည်မှာ အသဲယားစဖွယ်ဖြစ်ပါသည်၊၊

ပီနန်မြို့မှ ကွမ်ရင်မယ်တော်ကြီးရုပ်ကြီးမှာလည်း ကမ္ဘာ့ကြေးသွန်းရုပ်တုများထဲတွင် မှတ်တမ်းဝင်ဖြစ်ကြောင်း သိရပါသည်၊၊ ပီနန်မြို့တော်နှင့် ကွာလာလမ်ပူကိုဆက်စပ်ပေးထားသည့် မြစ်ကူးတံတားကြီးမှာ အလွန်လှပါသည်၊၊ မလေးရှားမှ တံတားများသည်အပေါ်ခုံးများမပါသဖြင့် အကုန်ကျသက်သာမည် ဖြစ်ပါသည်၊၊

ထို့ပြင် တံတား၏အလေးချိန်သိသိသာသာ ပေါ့ပါးပြီး၊ ယာဉ်ကြီးများသွားလာသည့်အခါတွင် တုန်ခါမှုသက်သာ သဖြင့် တံတားတည်ဆောက်ပုံပညာ အတုယူသင့်လှပါသည်၊၊ မူလတံတားကြီးမှာ သက်တမ်းစေ့နေပြီဖြစ်၍ ယ္ခုအခါ တံတားအသစ်ကြီးတစ်စင်းတည်ဆောက်နေသည်မှာ ပြီးလုနီးပါးဖြစ်နေပါသည်၊၊

မလေးရှားနိုင်ငံတွင် လက်ရှိလူဦးရေ(၂၈)သန်းမျှ ရှိသည်ဟု သိရပါသည်၊၊ Citizenရပြီးသည့် တရုပ်လူမျိုးများနှင့်၊ ဗီယနမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖီလပိုင်၊ ဗမာများကိုနှုတ်ပယ်လိုက်လျင် မလေးရှားသည် သာမန်မြို့ကြီးတစ်ခုမျှသာ ဖြစ်နိုင်ပါသည်၊၊

မလေးရှားတွင် စီးပွားရေးကြီးစိုးသူများအဖြစ် တရုပ်လူမျိးများကသာ ဦးဆောင်နေပါသည်၊၊ မလေးရှားတို့သည် အစိုးရမှထောက်ပံ့သည့် အမတော်ကြေးများဖြင့်သာ ရပ်တည်သည့်လူမျိုးဖြစ်ပါသည်၊၊ အမာခံလုပ်သားများမှာ ဗမာများဖြစ်ပြီး၊ အခြားသောနိုင်ငံသားများမှလည်း နေရာအလိုက်လုပ်ကိုင်ကြသည်ကို တွေ့ခဲ့ရပါသည်၊၊

မြန်မာလုပ်သားတို့သည် မလေးရှားနိုင်ငံတွင် အမေရီးကား၊ စင်္ကာပူထက်ပိုမိုပျော်ရွှင်ကြပြီး၊ (၂၆)နှစ်အထိနေကြသူများစွာကိုပင် တွေ့ခဲ့ရပါသည်၊ အင်္ဂလန်၊ အမေရီးကားစသည့်နိုင်ငံကြီးများသို့ရောက်ပြီးကာမှ မလေးရှား တွင်ပိုပျော်သဖြင့် ပြန်လာသူများကိုလည်း တွေ့ခဲ့ရပါသည်၊၊ အမှန်တကယ် ပျော်စရာကောင်းကြောင်းကိုလည်း တွေ့ခဲ့ရပါသည်၊၊

မလေးရှားတွင် မြန်မာအမျိုးသ္မီးများ အခြားနိုင်ငံသားများနှင့် လက်ထပ်သည်များရှိသကဲ့သို့၊ မြန်မာအမျိုးသားများမှ မလေးအမျိုးသမီးအချို့နှင့် ရယူထားကြသည်ကိုလည်း တွေ့ခဲ့ရပါသည်၊၊ မွတ်စလင်၊ မလေးအမျိုးသ္မီးများသည် သိမ်ဆင်းလောင်းခြင်း၊ သင်္ကန်းကပ်ခြင်းစသည့်ကုသိုလ်များကို လုပ်ကြသည်ကိုလည်း တွေ့ခဲ့ရပါသည်၊၊

ယ္ခုအခါ မလေးရှားနိုင်ငံတွင် တရားဝင်မြန်မာလုပ်သားပေါင်း တစ်သန်းခွဲခန့်ရှိပြီး၊ တရားမ၀င်လုပ်ကိုင်သူပေါင်း တစ်သန်းခွဲခန့်ပင်ရှိသည်ဟု သိရပါသည်၊၊ လုပ်အားခတစ်နေ့လျင် (၆၀)ခန့်မျှဖြစ်၍ ကြီးပွားတိုးတက်သည်အထိအောင်မြင်ရန် ခက်ခဲလှပါသည်၊၊ လူတိုင်းကိုအလုပ်မပေးနိုင်သည့်နိုင်ငံနှင့်နှိုင်းစာလျင်မူ သင့်တော်သဖြင့် မြန်မာတို့ သည်မျှများပြားနေခြင်း ဖြစ်ပါသည်၊၊

(မှတ်ချက်/ မလေးတစ်ရင်းဂစ်ကို မြန်မာငွေကျပ် ၃၀၀-၀န်းကျင်ဖြစ်ပါသည်၊၊)

မလေးရှားနိုင်ငံသို့ရောက်ခိုက် မြန်မာပြည်မှ “ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်” နာရေးကူညီမှုအသင်းသားများနှင့် မလေးရှားရောက် မြန်မာပရဟိတအဖွဲ့အစည်းများ တွေ့ဆုံပွဲကိုတက်ရောက်ခွင့်ရသဖြင့် မလေးရှားတွင် ပရဟိတအဖွဲ့ပေါင်း (၄၁)ဖွဲ့ရှိသည်ကို သိခဲ့ရပါသည်၊၊ ပရဟိတလုပ်သူခြင်း သဘောထားမတူသဖြင့် အဖွဲ့များကွဲနေခြင်းဟု သိခဲ့ရပါသည်၊၊

အရှင် သီရိလင်္ကာနိုင်ငံတွင် လေးနှစ်တာပညာသင်ယူမှုအပြီး မလေးရှားနိုင်ငံသို့ လေ့လာရေးနှင်၊့ အလည်အပတ်ရောက်ရှိခိုက် တွေ့မြင်ခဲ့ရသည်များကို “အလင်းစက်”စာဖတ်သူများသို့ မျှဝေခြင်းဖြစ်ပါသည်၊၊ မလေးရှားရောက် မြန်မာလုပ်သားများ၏ ဘ၀တစ်စိတ်တပိုင်းကိုဖော်ပြလိုသည်ကလည်း ယ္ခုစာတမ်းရေးခြင်း၏ ရည်ရွယ်ချက်တစ်ခုပင် ဖြစ်ပါသည်၊၊

“အလင်းစက်”စာပေလေ့လာသူများနှင့်၊ မလေးရှားနိုင်ငံရောက် ညီအကိုမောင်နှမများအားလုံး ရည်မှန်းချက် များအမြန်ဆုံး အောင်မြင်ကြပါစေကြောင်းဆန္ဒပြုလျက် စာတမ်းကိုအဆုံးသတ်လိုက်ရပါသည်၊၊   ၊၊          

အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil- Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(23/02/2013)          

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP