Tuesday, February 21, 2012

“ပဋ္ဌာန်းနည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လေ့လာခြင်း”



"အလင်းစက်"ဆိုက်တွင် ပဋိစ္စသမုပ္ပါဒဒေသနာ လေ့လာချက်အပိုင်း(၁)ကိုတင်ပြခဲ့ပြီး ဖြစ်ပါသည်၊၊
ယ္ခုအခါ “အ၀ိဇ္ဇာကြောင့် သင်္ခါရ”စသည်တို့ဖြစ်ပေါ်လာကြပုံ၊ အ၀ိဇ္ဇာနှင့်သင်္ခါရဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ဖော်ပြထားသည်များနှင့်အညီ ဆွေးနွေးတင်ပြပါမည်၊၊

အထူးမှတ်သားသင့်သည်မှာ ‘အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်’ဟုဆိုရာတွင် အ၀ိဇ္ဇာတစ်ခုတည်းကြောင့်သင်္ခါရ ဖြစ်ရ သည်ဟု မဆိုလိုပါ၊ သင်္ခါရဖြစ်ပေါ်ရန်အခြားအကြောင်းများစွာပင် ရှိပါသေးသည်၊ ထင်ရှားသည့်အကြောင်းကို သာ ဖော်ပြထားခြင်းဖြစ်ပါသည်၊၊ ဥပမာ“သင်္ခါရအရ” ကံ-စေတနာကိုယူ ရပါသည်၊ စေတနာသည် စေတသိက်ဖြစ် ရကား စေတသိက်သည် ‘စိတ်’နှင့်ကင်း၍ မဖြစ်နိုင်၊ စိတ်သည်လည်း‘အာရုံ’နှင့်ကင်း၍မဖြစ်ပေါ်နိုင်၊ အာရုံသည် လည်း‘မှီရာဝတ္ထု’နှင့်ကင်း၍ မဖြစ်နိုင်၊ ထို့ကြောင့် သင်္ခါရဖြစ်ပေါ်စေရန် ‘စိတ်၊ အာရုံ၊ ၀တ္ထု’တို့သည်လည်း အကြောင်း များပင် ဖြစ်ပါသည်၊၊

ယ္ခုအခါ အကြောင်းကြောင့် အကျိုးဖြစ်ရာတွင် မည်သို့မည်ပုံအကြောင်းက အကျိုးကိုကျေးဇူးပြုသည် အသေး စိတ်ဆွေးနွေးတင်ပြပါမည်၊၊ “အ၀ိဇ္ဇာပစ္စယာသင်္ခါရာ”တွင် အ၀ိဇ္ဇာသည် သင်္ခါရအားမည်သို့ မည်ပုံကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကြောင့် မည်သို့မည်ပုံသင်္ခါရဖြစ်သည်ကို ဆွေးနွေးတင်ပြပါမည်၊၊

အ၀ိဇ္ဇာကို အဘိဓမ္မာသဘောနှင့်အညီအရကောက်လျင် “မောဟစေတသိက်”ကို ရပါသည်၊၊ သင်္ခါရကို အရကောက် လျင် “စေတနာ(ကံ)”ကို ရပါသည်၊၊ ဤနေရာတွင် သင်္ခါရ(၃)မျိုးကို မှတ်သားရပါမည်၊၊

(၁) ပုညာဘိသင်္ခါရ၊ (ကာမာဝစရကုသိုလ်၊ ရူပါဝစရကု-၁၃)
(၂) အပုညာဘိသင်္ခါရ၊ (အကုသိုလ်-၁၂)
(၃) အာနေဉ္စာဘိသင်္ခါရ၊ (အရူပါဝစရကုသိုလ်-၄)တို့ ဖြစ်ကြပါသည်၊၊

အ၀ိဇ္ဇာပစ္စယာသင်္ခါရာ=အ၀ိဇ္ဇာသည် သင်္ခါရအားကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကိုအကြောင်းပြု၍ သင်္ခါရဖြစ်သည်ဟုဆို ရာတွင် မောဟစေတသိက်သည် (ကံ)စေတနာစေတသိက်ကို “အာရမ္မဏသတ္တိ၊ ဥပနိဿယသတ္တိ”နှစ်မျိုးဖြင့် ကျေး ဇူးပြုသည်ကို ဆိုလိုပါသည်၊၊

တရားရှုမှတ်သူတို့သည် အ၀ိဇ္ဇာကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုရှုမှတ်သည်ရှိသော် မှတ်သိစိတ်တို့သည် ကာမာဝစရ ကုသိုလ်စိတ်များဖြစ်ရသည့်အတွက် အ၀ိဇ္ဇာသည် ရှုမှတ်သူတို့အားအာရုံအဖြစ်ဖြင့် ကျေးဇူးပြုရာရောက်သည့် အတွက် ‘အာရမ္မဏသတ္တိ’ဖြင့်ကျေးဇူးပြုသည်ဟု ဆိုရပါသည်၊၊ (ကာကု.ပုညာဘိ သင်္ခါရ)

ပဉ္စမဈာန်၏အာရုံအထူးဖြစ်သော အဘိညာဏ်ဖြင့် မိမိသန္တာန်၊ သူတစ်ပါးသန္တာန်၌ရှိသောအ၀ိဇ္ဇာကို ဆင်ခြင်သုံး သပ်သောခါ ရူပါဝစရပုညာဘိသင်္ခါရကုသိုလ်တို့ဖြစ်သောကြောင့် အ၀ိဇ္ဇာသည် ရူပါဝစရပဉ္စဈာန်စိတ်ကို အာရုံအဖြစ် ဖြင့် ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ (ရူ.ပုညာဘိသင်္ခါရ)

အ၀ိဇ္ဇာ၏အပြစ်ကိုမြင်၍ အ၀ိဇ္ဇာကင်းစေရန် နိဗ္ဗာန်စသည်ကိုရည်သန်တောင့်တ၍ ကာမာဝစရပုညကု သိုလ်ပြုသော သူတို့အားဖြစ်စေ၊ ရူပါဝစရဈာန်တို့ကိုဖြစ်စေသောသူတို့အားဖြစ်စေ ‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာဖုံးလွှမ်းထားသောကြောင့် ဘ၀တို့၏အပြစ်ကိုမမြင်ဘဲ ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်များကိုပြုသော သူတို့အား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊

အ၀ိဇ္ဇာကို အာရုံပြု၍ရာဂစသည်တို့ဖြစ်သောအခါ အ၀ိဇ္ဇာသည် လောဘစေတသိက်နှင့်အတူတကွ ဖြစ်သောသင်္ခါရ တို့အား ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာကို အလေးအမြတ်ပြု၍သာယာသောအခါ အ၀ိဇ္ဇာ သည် လောဘနှင့်တကွဖြစ်သော အကုသိုလ်သင်္ခါရအား “အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿသတ္တိ”တို့ဖြင့် ကျေး ဇူးပြုပါသည်၊၊

အ၀ိဇ္ဇာဖုံးလွှမ်းသဖြင့် အကုသိုလ်၏အပြစ်ကိုမမြင်ဘဲ သူ့အသက်သတ်ခြင်းစသည်ကိုပြုသောသူအား အ၀ိဇ္ဇာသည် ပါဏာတိပါတစသည့်အကုသိုလ်စေတနာကို ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုသည်၊၊

ပထမဇော၌ရှိသော မောဟစေတသိက်သည် ဒုတိယဇောနှင့်အတူတကဖြစ်သော အကုသိုလ်သင်္ခါရစသည်တို့အား “အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေ၀န၊ နတ္ထိ၊ ၀ိဂတသတ္တိ”တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ ဒုတိယဇော၌ရှိသော အ၀ိဇ္ဇာသည်လည်း အကုသိုလ်သင်္ခါရအား ကျေးဇူးပြုသည်၊၊ ဆဋ္ဌမဇော၌ရှိသော အ၀ိဇ္ဇာသည် သတ္တမဇောနှင့်အတူတကွဖြစ်သော သင်္ခါရအားကျေးဇူးပြုသည်၊၊

အကုသိုလ်တစ်ခုခုကိုပြုသောသူအား ‘ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိ’ တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ နောက်ဆုံးဖြစ်ကုန်သော (အာနေဉ္စာဘိသင်္ခါရ=အရူပါဝစရ ကုစေတနာ)အဘိသင်္ခါရ တို့အား အ၀ိဇ္ဇာသည် ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ ဆိုလိုသည်မှာ အ၀ိဇ္ဇာကိုလွန်မြောက်ချင်၍ အရူပဈာန်တရားကိုအားထုတ်သဖြင့် အရူပဈာန်ရသူအား အ၀ိဇ္ဇာသည် အရူပဈာန်အား‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုသည်ဟုဆိုလိုပါသည်၊၊ အရူပဘုံတွင်ဖြစ်ချင်၍ ဈာန်တရားကိုအားထုတ်သောအခါ ထိုဘုံတွင်ဖြစ်ရသူ တို့အားလည်း အ၀ိဇ္ဇာသည် အရူပါဝစရကုသိုလ်သင်္ခါရအား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြခဲ့သည်များမှာ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် ဖော်ပြခြင်းဖြစ်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ် သည် ပဋ္ဌာန်းနည်းဖြင့်နားလည်မှုမရှိပါက ပြည့်ဝစွာနားလည်ရာ မရောက်နိုင်သဖြင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် အထက် ပါအတိုင်းဖွင့်ဆိုထားခြင်း ဖြစ်ပါသည်၊၊

အ၀ိဇ္ဇာစသည့်ကြောင့် သင်္ခါရစသည်တို့ဖြစ်သည်ဟုဆိုရာတွင် အာရုံအနေဖြင့်ကျေးဇူးပြုမှု၊ တိုက်ရိုက်ဖြစ်စေသော အားဖြင့်ကျေးဇူးပြုမှု၊ မှီရာအနေဖြင့်ကျေးဇူးပြုမှု၊ အထောက်အပံ့ပေးသောအားဖြင့်ကျေးဇူးပြုမှု၊ တခါတရံအတူတကွ ဖြစ်မှုသက်သက်၊ လွှမ်းမိုးမှုဖြင့်ကျေးဇူးပြုမှုစသည်အားဖြင့်များစွာရှိသည်ကို လေ့လာမှတ်သားရပါမည်၊၊ အ၀ိဇ္ဇာကြောင့်သင်္ခါရဖြစ်ရာတွင် တစ်ကြိမ်တည်းတွင်အတူဖြစ်သည်လည်းရှိသည်၊ သီးခြားတစ်ကြိမ်ဆီဖြစ်ကြ သည်လည်းရှိသည်များကိုလည်း မှတ်သားရမည်၊၊

(“အ၀ိဇ္ဇာကြောင့် သင်္ခါရ”ဖြစ်ရာတွင် မည်သို့မည်ပုံဖြစ်သည်၊ မည်သည့်သတ္တိဖြင့် ကျေးဇူးပြုသည်၊ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ မည်သိုမည်ပုံဆက်စပ်သည်ကိုအထက်တွင် ဆွေးနွေးတင်ပြအပ်ပါသည်၊၊ ကျန်သည့် “သင်္ခါရကြောင့် ၀ိညာဏ်”စသည်တို့ဖြစ်ပုံ၊ အခြင်းခြင်းဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို အကျဉ်းမျှ သာဖော်ပြမည် ဖြစ်ပါသည်၊၊)

သင်္ခါရပစ္စယာဝိညာဏံ=သင်္ခါရမှ ၀ိညာဏ်ကိုဖြစ်စေရာတွင် တိုက်ရိုက်ဖြစ်စေခြင်းဖြင့် နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့်ကျေးဇူးပြုကြပါသည်၊၊

ဝိညာဏပစ္စယာနာမရူပံ=၀ိညာဏ်မှနာမ်ရုပ်ကို ကျေးဇူးပြုရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊

နာမရူပပစ္စယာသဠာယတနံ=နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတု၊ အာဟာရသတ္တိ၊ ပစ္ဆာဇာတ၊ ၀ိပ္ပယုတ္တသတ္တိ၊ ဣန္ဒြိယတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊

သဠာယတနပစ္စယာဖေဿာ=သဠာယတနကြောင့် ဖဿဖြစ်ရာတွင် နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ၀ိပ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ သဟဇာတ၊ အညမည၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊

ဖဿပစ္စယာဝေဒနာ=ဖဿကြောင့် ဝေဒနာဖြစ်စေရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဥပနိဿယသတ္တိတို့ဖြင့်ကျေးဇူးပြုသည်၊၊

ဝေဒနာပစ္စယာတဏှာ=ဝေဒနာကြောင့် တဏှာဖြစ်ရာတွင် ဝေဒနာကိုအကြောင်းပြု၍ တဏှာဖြစ်ရ သောကြောင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၊၊

တဏှာပစ္စယာဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်သည်ဆိုရာတွင် အားသေးသောလောဘကြောင့် အားကြီးသော လောဘဖြစ်ရသည့်အတွက် ဥပနိဿယသတ္တိ၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊

ဥပါဒါနပစ္စယာဘဝေါ=ဥပါဒါန်ကြောင့် ဘ၀ဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကို ယူရပါသည်၊၊ ဥပနိဿယ သတ္တိဖြင့်ကျေး ဇူးပြုပါသည်၊၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတုသတ္တိတို့ ဖြင့် ကျေးဇူးပြုသည်၊၊

ဘ၀ပစ္စယာဇာတိ=ဘ၀ကြောင့် ဇာတိဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကိုယူ၍ နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့် ကျေးဇူးပြုပါသည်၊၊

ဇာတိပစ္စယာဇရာ၊ မရဏ သောက ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿုပါယာ=ဇာတိရှိသောကြောင့် ဇရာမဏစသည်တို့ဖြစ် ရာတွင် ဥပနိဿယသတ္တိဖြင့်ကျေးဇူးပြုသည်၊၊

ဤတွင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် လေ့လာချက်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ များ တစ်ခုကြောင့်တစ်ခုဖြစ်ပေါ်နေမှုသည် လူသားတို့အတွက် ဆင်းရဲမှုသက်သက် သာဖြစ်နေသည်ကို သိမှတ်ရပါ မည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များဆက်စပ်၊ လည်ပတ်ဖြစ်တည်နေမှုကို ၀ိပဿနာညာဏ်အမြင်ဖြင့် ရှုမြင်သုံးသပ်နိုင်မှ သာလျင် ဘ၀တွင်မည်သည့်အရာမျှ ထာဝရတည်မြဲ နေသည်ဟူ၍ မရှိဘဲ၊ အကြောင်းတရားများကြောင့်သာ အကျိုး တရားများဖြစ်ပေါ်နေမှုသက်သက်မျှဖြစ်သည်ကို နားလည်သဘောပေါက်လာမည် ဖြစ်ပါသည်၊၊

ဘ၀တွင် “ရွှေလင်ဗန်းနှင့်အခြင်းဆေး၊ မင်းမွေးသည့် လူသားများဖြစ်စေ၊ တဲကုပ်ထဲတွင် နုံခြာလှသည့်ဘ၀အသွင် ဖြင့် ကောက်ရိုးဗန်းတွင် ကြီးပြင်းရသူများဖြစ်စေ၊” ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်ပတ်နေမှုကို ရပ်တန့်အောင်မကြိုး စားနိုင်လျင် ရွှေမုံ့စားရသည့်ဘ၀မှ မစင်စားရသည့်ဘ၀များသို့၎င်း၊ တဲကုပ်လေးထဲမှ ရွှေနန်းပြသာဒ်ကြီးများအပေါ် သို့၎င်း၊ အတည်အမြဲမရှိဘ၀များစွာသို့ လည်ပတ်ဖြစ်နေရပါမည်၊၊

ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို စာပေရှုဒေါင့်မှ အသေးစိတ်လေ့လာသိမှတ်ပြီး၊ လက်တွေ့ကျင့် သုံးသောအားဖြင့် ဘ၀မှလွန်မြောက်၍၊ ချမ်းသာစင်စစ်ဟု ဗုဒ္ဓရှင်တော်အများ မှတ်ချက်ပြု တော်မူကြသည့် မြတ်နိဗ္ဗာန်သို့ စာပေအသိ၊ ဘ၀အသိ၊ ၀ိပဿနာညာဏ်အသိများဖြင့် ရောက်ရှိကြပါစေကြောင်း “အလင်းစက် အရှင်” ပထ္ထနာပြုအပ်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
(http://ko-thitsar.blogspot.com/)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(28/01/2012)


(ကျမ်းကိုး/ ပဋိစ္စသမုပ္ပါတရားတော်ကြီး-ပ.ဒု (မဟာစည်ဆရာတော်)၊၊ အဘိဓမ္မာသင်တန်းအသံဖိုင် များ(ဦးသီလာနန္ဒာဘိဝံသ)၊၊ ပါချုပ်ဆရာတော်ကြီး ဦးနန္ဒမာလာဘိဝံသ၊ ပဋ္ဌာန်းတရားတော်များ အသံဖိုင်၊၊ ၀ိသုဒ္ဓိမဂ်ပါဠိ-အဋ္ဌကထာ၊၊ ပဋိစ္စသမုပ္ပါဒ်အခြေခံ(မိုးကုတ်ဆရာတော်ကြီး) Bhikkhu Nyanatilo ka’s Paticcasamuppada Lectures တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)

အပြည့်အစုံသို့....

Monday, February 13, 2012

ကြောင်း+ကျိုးဖြစ်စဉ်=ပဋိစ္စသမုပ္ပါဒဒေသနာ လေ့လာချက်၊၊ ၊၊



ဗုဒ္ဓအဘိဓမ္မာတွင် ပဋ္ဌာန်းဒေသနာတော်ပြီးလျင် ‘ပဋိစ္စသမုပ္ပါဒဒေသနာတော်’သည် အခက်ခဲဆုံးဖြစ်ကြောင်း မှတ်သားရပါသည်၊၊ ပဋိစ္စသမုပ္ပါဒအကြောင်းအရာများကို နိကာယ်ငါးရပ်လုံးတွင် သုတ်ပေါင်းများစွာဖြင့် မှတ်တမ်းတင်ထားသည်ကို လေ့လာရသည်၊၊

ဗုဒ္ဓဘသာအလိုအရ လူသားနှင့် အခြားသက်ရှိများ၊ သဘာဝတရားတည်ရှိဖြစ်ပေါ်နေမှုသည် ကြောင်း+ကျိုးဆက်၍ ဖြစ်နေပေါ်တည်ရှိနေခြင်းဖြစ်သည်ဟု ပဋိစ္စသမုပ္ပါဒဒေသနာတွင် ဖော်ပြပါရှိသည့်အတွက် အခြားသောဘာသာဝါဒများကဲ့သို့ လူသားနှင့်သသာဝတရားများကို “ဖန်ဆင်းရှင်”မှ ဖန်ဆင်းထားသည့်မဟုတ်ဟု “ဖန်ဆင်းရှင်အယူအဆ”ကိုလက်မခံပုံကိုလည်း ဤသုတ်တွင်လေ့လာရပါမည်၊၊ ပဋိစ္စသမုပ္ပါဒဒေသနာသည် ဗုဒ္ဓအဘိဓမ္မာအလိုအရ ဘ၀နှင့်ပဋိသန္ဓေဖြစ်ပေါ်ပုံများကို ဖော်ပြထားသည့်ဒေသနာဖြစ်သည့်အတွက် အရေးပါသောဟောပြောချက်တစ်ခုလည်း ဖြစ်ပါသည်၊၊

ဗုဒ္ဓအဘိဓမ္မာကို အကျဉ်းချုပ်တင်ပြထားသည့် ကျမ်းတစ်ကျမ်းဖြစ်သည့် “သီရိလင်္ကာနိုင်ငံ”မှရေးသားသော “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”တွင် ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အနှစ်ချုပ်တင်ပြဆွေးနွေးထားပါသည်၊၊ “၀ိသုဒ္ဓိမဂ်အဋ္ဌကထာ”တွင် ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အကျယ်ဝန်းဆုံးမှတ်တမ်းပြု ဖွင့်ဆိုထားကြောင်း သိရပါသည်၊၊ “၀ိသုဒ္ဓမဂ်ကျမ်း”တွင် ပဋိစ္စသမုပ္ပါဒ်ကိုဖွင့်ဆိုသောအခန်းသည် တစ်ကျမ်းလုံးတွင် အခက်ခဲဆုံး ဖြစ်ကြောင်း ရှေးဆရာတော်ကြီးများမိန့်ဆိုကြပါသည်၊၊ အဘိဓမ္မာသရုပ်များ၊ ပဋ္ဌာန်းနည်းများကိုပါဆက်စပ်၍ ဖွင့်ဆိုသောကြောင့် ခက်ခဲရခြင်းဖြစ်ကြောင်း မှတ်သားရသည်၊၊

သရီလင်္ကာဗုဒ္ဓစာပေပညာရှင်များသည် ပဋိစ္စသမုပ္ပါဒ်ကို သာမန်ဝိပဿနာတရားတစ်ခုထက်ပိုပြီး၊ Philosophyတစ်ခုအဖြစ်၊ Psychologyတစ်ခုအဖြစ် တင်ပြထားသည့်ကျမ်းများစွာကိုရေးသား၍ ကမ္ဘာသို့ "Buddhist Philosophy, Buddhist Psychology, Buddhist Ethic"အဖြစ်တင်ပြထားသည်ကို တွေ့ရပါသည်၊၊

ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အလွန်ခက်ခဲကြောင်း မြတ်စွာဘုရားရှင်၏ ပါဠိတော်များစွာကို အဖွင့်ကျမ်းများအဖြစ် အဋ္ဌကထာကျမ်းများစွာကို ရေးသားခဲ့သည့် “အရှင်မဟာဗုဒ္ဓဃောသ”ကိုယ်တိုင်ပင်ငြီးတွားခဲ့ဘူးကြောင်း မှတ်တမ်း တင်ထားပါသည်၊၊ အရှင်မဟာဗုဒ္ဓဃောသသည် ခုဒ္ဒကနိကာယ်မှအချို့ကျမ်းများကိုအဖွင့် မရေးခဲ့သည်မှတစ်ပါး အခြားနိကာယ်ကြီးလေးရပ်အတွက် အဖွင့်ကျမ်းအများဆုံးကိုရေးသားခဲ့သည့် “အဋ္ဌကထာဆရာကြီး”ဖြစ်ပါသည်၊၊

သူသည် အခြားကျမ်းအဖွင့်များကိုရေးသားရာတွင် လွယ်ကူစွာပင်ရေးသားပြီးစီးနိုင်ခဲ့သော်လည်း “ပဋိစ္စသမုပ္ပါဒ အကြောင်းအရာကို ရေးသားမည်ဟုပြင်ဆင်သောအခါ လွန်စွာခက်ခဲလွန်းသဖြင့် သူ၏အသိဉာဏ်ဖြင့် မမှီကြောင်း၊ သမုဒ္ဒရာရေအနက်ကို တိုင်းတာရန်မမှီနိုင်သကဲ့ပင်ဖြစ်ရပါကြောင်း” ငြီးငြူခဲ့ရပါသည်၊၊

အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှေ့တွင် သူ့အတွက်ပဋိစ္စသမုပ္ပါဒ်သည် အလွန်လွယ်ကူပါကြောင်း ပြောဆိုလေ သည်၊၊ “မြတ်စွာဘုရားရှင်မှ အာနန္ဒာ, ပဋိစ္စသမုပ္ပါဒ်ကိုလွယ်ကူသည်ဟု မပြောဆိုသင့်ကြောင်း၊ ခက်ခဲနက်နဲ သည့်ဒေသနာတော်ဖြစ်ကြောင်း သတိပေးတော်မူသည်၊၊” ပဋိစ္စသမုပ္ပါဒ်တွင် အခြေခံအဘိဓမ္မာသဘောတရားများစွာ ပါဝင်နေသောကြောင့်ခက်ခဲနက်နဲခြင်း ဖြစ်သည်၊၊

ပဋိစ္စသမုပ္ပါဒ်တရားတော်သည်---
(၁) အကြောင်းတရားများ၏ နက်နဲခြင်း=အတ္ထဂမ္ဘီရ၊
(၂) အကျိုးတရားများ၏ နက်နဲခြင်း=ဓမ္မဂမ္ဘီရ၊
(၃) ဒေသနာ၏ နက်နဲခြင်း=ဒေသနာဂမ္ဘီရ၊
(၄) သိရန်နက်နဲခြင်း=ပဋိဝေဒဂမ္ဘီရ၊ဟူသော နက်နဲမှုလေးမျိုးတို့ဖြင့် ခက်ခဲနက်နဲသည့်ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်ကိုယ်တိုင်သည် ပဋိစ္စသမုပ္ပါဒဒေသနာတော်ကိုဆင်ခြင်သုံးသပ်ရင်း ၀ိပဿနာကိုပွားတော်မူရာမှ ဘုရားအဖြစ်သို့ရောက်ခဲ့ရသည့်အတွက် ပဋိစ္စသမုပ္ပါဒ်သည် “ဗုဒ္ဓ၀ိပဿနာ”မည်ကြောင်း၊ ဘုရားအလောင်းတော်တို့ ကျင့်ရိုးကျင့်စဉ်ဖြစ်သည့် “၀ိပဿနာတစ်ခု”ဖြစ်ကြောင်း လေ့လာရပါသည်၊၊

အရှင်တို့ မြန်မာနိုင်ငံတွင် ပဋိစ္စသမုပ္ပါဒ်ကို ရှေးခေတ်ဆရာတော်ကြီးများ စက်ဝိုင်းများတီထွင်၍ဟော ပြောကြပါ သည်၊၊ လေ့လာ၍ရသလောက် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအမျိုးအစားပေါင်း ဆယ်ခုကျော်မျှရှိသည်ဟု သိရပါသည်၊၊ စက်ဝိုင်းတစ်ခုနှင့်တစ်ခုသည်လည်း ပုံစံခြင်းများစွာကွာခြားသည်ကို တွေ့ရသည်၊၊

ထိုစက်ဝိုင်းအမျိုးမျိုးကိုတီထွင်ကြသည့် ဆရာတော်ကြီးများအထဲတွင် မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းသည် အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံးဖြစ်ပါသည်၊၊ ထေရာဝါဒဗုဒ္ဓစာပေအထွန်းကားဆုံးဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင်လည်း ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအမျိုးမျိုးပင် တီထွင်ထားသည်ကို တွေ့ရပါသည်၊၊

“အကြောင်းတစ်စုံတရာကြောင့် အကျိုးတစ်စုံတရာဖြစ်ပေါ်လာရသည်ကို ပြဆိုသည်ကို ‘ပဋိစ္စသမုပ္ပါဒ်’ ဟုခေါ်ပါသည်၊၊” သို့သော် ပဋိစ္စသမုပ္ပါဒ်တွင် အကြောင်းတစ်ခုခုကြောင့် အကျိုးတစ်ခုခုဖြစ်ပေါ်သည်ဟုသာပြဆိုပြီး၊ “မည်သို့မည်ပုံဖြစ်ပေါ်သည်၊ မည်သည့်သတ္တိဖြင့်ကျေးဇူးပြုသည်”ဟု ပြဆိုမထားသောကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုပြည့်စုံစွာနား လည်သဘောပေါက်စေရန် ပဋ္ဌာန်းဒေသနာတော်ကို လေ့လာရမည်ဖြစ်ကြောင်း ပါဠိစာပေပညာရှင်များက ဆိုပါသည်၊၊ (အကြောင်း+အကျိုး)၊၊

ဗုဒ္ဓရှင်တော်၏ တရားတော်များအထဲတွင် “ပဋိစ္စသမုပ္ပါဒ်”သည် အရေးကြီးသည့်တရားတော်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် လောက၌ဖြစ်ပေါ်သမျှ သတ္တ၀ါအများ အရာဝတ္ထုအများသည် အကြောင်းတစ်စုံတစ်ရာကြောင့်သာ ဖြစ်နေတာဖြစ်သည်၊ အကြောင်းအကျိုးဆက်စပ်၍ ဖြစ်ပေါ်နေသည်လို့ ဖွင့်ပြထားသောကြောင့် ဖန်ဆင်းရှင်ရှိတယ်ဆိုသည့်အယူအဆမှားကို ပယ်ဖြောက်ပေးပါသည်၊၊ ထို့ကြောင့် အရေးကြီးသည့် တရားဟုဆိုရပါသည်၊၊

"ပဋ္ဌာန်း"ဟူသောအမည်သည် "ပဋ္ဌာန"ဟူသောပါဠိကို မြန်မာမှုပြုထားသည့် ပါဠိသက်ဝေါဟာရတစ်ခု ဖြစ်ပါသည်၊၊ “ပဋ္ဌာန”ကို ‘အကြောင်း’ဟု ဘာသာပြန်ရပါသည်၊၊ အမျိုးမျိုးသောအကြောင်းတရားများမှ အကျိုးတရားအမျိုးမျိုးကို ထုတ်လုပ်ပေးပုံကိုဖော်ပြသည့်ကျမ်း၊ အကြောင်းအမျိုးမျိုးကို ရှင်းလင်းဖော်ပြသည့် ဟောပြောချက်ဒေသနာကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်ပါသည်၊၊

အခြားသော ပဋ္ဌာနပုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း”ဟူ၍ ဖြစ်ပါသည်၊၊ သက်ရှိ၊ သက်မဲ့အရာ အားလုံးကို ဗုဒ္ဓအဘိဓမ္မာအမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ပဋ္ဌာန်းကျမ်းတွင် ဖော်ပြထားသည့်အတွက် "ပဋ္ဌာန"ပုဒ်ကို ဖော်ပြ ပြီး အဓိပ္ပါယ်ဖြင့်လည်း မှတ်သားရပါမည်၊၊

ပဋ္ဌာန်းတွင် အကြောင်း(၂၄)မျိုးကို ဖော်ပြထားပြီး၊ ပဋိစ္စသမုပ္ပါဒ်တွင် အကြောင်း(၁၂)မျိုးကို ဖော်ပြထားပါသည်၊၊ ထို့ကြောင့် ပဋ္ဌာန်းနှင့်ပဋိစ္စသမုပ္ပါဒ်တို့သည် အကြောင်းကြောင့်အကျိုးဖြစ်ပုံကိုဖော်ပြထားသည့် ဟောပြောချက်ဒေ သနာနှစ်ခု ဖြစ်ပါသည်၊၊

ဟောပြောချက်နှစ်ခု၏ထူးခြားချက်မှာ ပဋိစ္စသမုပ္ပါဒ်တွင် “အကြောင်းကြောင့်အကျိုးဖြစ်သည်”ဟုသာ ဖော်ပြထားပြီး၊ အကြောင်းနှင့်အကျိုးဆက်စပ်ပုံ၊ အကြောင်းမှအကျိုးကိုကျေးဇူးပြုပုံ၊ မည်သည့်သတ္တိတို့ဖြင့်ကျေးဇူးပြုသည် ကို ဖော်ပြထားခြင်းမရှိသည့်အတွက် ပဋိစ္စသမုပ္ပါဒ်၏အားနဲချက်များကို ပဋ္ဌာန်းတွင်လေ့လာရရှိနိုင်ပါသည်၊၊

ပါဠိစာပေ၏ အဘိဓမ္မာတွင် အခက်ခဲဆုံးဖြစ်သည့် ပဋ္ဌာန်းဒေသနာတော်တွင် “အကြောင်းတစ်စုံတစ်ခုကြောင့် အကျိုးဖြစ်ပေါ်လာပုံအပြင်၊ မည်သို့မည်ပုံအကြောင်းနှင့် အကျိုးဆက်စပ်နေပုံ”တို့ကိုပါ ထပ်ဆင့်ဖွင့်ဆို ထားသောကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုလေ့လာသူသည် ပဋ္ဌာန်းဒေသနာကိုနားမလည်၍ မဖြစ်နိုင်တော့ပေ၊၊ (အကြောင်း+အကျိုး+ဖြစ်ပေါ်ပုံ+ပစ္စယသတ္တိ)၊၊

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူမည့်ညတွင် ဆင်ခြင်သုံးသပ်တော်မူပါသည်၊၊ ထိုနေ့ နေ့ဆွမ်းကိုသုဇာတာ သူဌေးသ္မီးလှူသည်ကို မြတ်စွာဘုရားအလောင်းတော် ဘုန်းပေးတော်မူပါသည်၊၊ ညပိုင်းသို့ရောက်သောအခါ မဟာဗောဓိပင်အရင်းတွင် ထိုင်တော်မူလျက် “ငါသည်ဘုရားမဖြစ်သမျှ ဤနေရာမှမထတော့ဟု အဓိဋ္ဌာန်ပြု”ပြီးရှေးဦးစွာ အာနာပါနဿတိကို ဆင်ခြင်တော်မူပါသည်၊၊

အာနာပါနဿတိကို အားထုတ်တော်မူသဖြင့် မြတ်စွာဘုရားအလောင်းတော်သည် “ပထမဈာန်မှ စတုတ္ထဈာန်”အထိ ဈာန်လေးမျိုးကိုရရှိတော်မူပါသည်၊၊ ဈာန်လေးမျိုးကိုရရှိပြီးနောက် “ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊ ဒိဗ္ဗစက္ခုအဘိဉာဏ်”နှစ်မျိုး ကိုရရှိတော်မူပါသည်၊၊ ထိုအဘိညာဉ်နှစ်မျိုးကိုရရှိပြီးနောက် ဘုရားအလောင်းတော်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဆင်ခြင်သုံးသပ်တော်မူပါသည်၊၊ ထိုသို့ ပဋိစ္စသမုပ္ပါဒ်ကိုဆင်ခြင်တော်မူရင်း ၀ိပဿနာပွားတော်မူသောအခါ မြတ်စွာဘုရားအလောင်းတော်သည် “အာသ၀က္ခယဉာဏ်တော်”ကိုရရှိတော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်၊၊

ထို့နောက် ဘုရားဖြစ်တော်မူပြီးသောအခါတွင်လည်း မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူရာ ဗောဓိပင်အောက် မှာပင် တင်ပလ္လင်ခွေထိုင်နေတော်မူရာမှ ထတော်မမူသေးဘဲခုနှစ်ရက်တိတိ ထိုင်နေတော်မူပါသည်၊၊ ထိုသို့ထိုင်တော် မူရင်း ညဘက်သို့ရောက်လျင် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်မိုးလင်းသည့်တိုင် သုံးသပ်ဆင်ခြင်တော်မူပါသည်၊၊

ထို့ကြောင့် “ပဋိစ္စသမုပ္ပါဒ်သည် ဘုရားအလောင်းတော်ဘ၀ နှင့်နောက်ဆုံး ဆင်ချင်သည့်တရားဖြစ်ပြီး၊ ဘုရားအဖြစ်သို့ရောက်ပြီးသည့်အခါတွင်လည်း အဦးဆုံး ဆင်ခြင်သုံးသပ်သည့်တရားဦး ဖြစ်ပါသည်၊၊”

မြတ်စွာဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ကိုအကြိမ်ကြိမ်ဟောတော်မူထားသည်ကို ပါဠိတော်နေရာအနှံ့တွင် တွေ့ရသည်၊၊ အများဆုံးတွေ့ရသည့် ပဋိစ္စသမုပ္ပါဒ်ဟောပြောချက်များမှာ “နိဒါန၀ဂ္ဂသံယုဂ် ပါဠိတော်”တွင် ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားရှင်ဟောပြောတော်မူရာတွင် နည်း(၄)မျိုး ဖြင့် ဟောတော်မူသည်ကို တွေ့ရသည်၊၊

(၁) အစမှ အဆုံးကိုဟောသောနည်း၊
(၂) အလယ်မှ အဆုံးကိုဟောသောနည်း၊
(၃) အဆုံးမှ အစသို့ဟောသောနည်း၊
(၄) အလယ်မှ အစသို့ဟောသောနည်းတို့ ဖြစ်ပါသည်၊၊

{1} အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ= အ၀ိဇ္ဇာဟူသောအကြောင်းကြောင့် သင်္ခါရဖြစ်သည်၊၊ ဤသို့ဆိုရာတွင် အ၀ိဇ္ဇာကို အမှီပြု၍ သင်္ခါရတို့ဖြစ်သည်ဟု ဆိုလိုသည်၊၊ အ၀ိဇ္ဇာသည် ‘သင်္ခါရ’ကိုထုတ်လုပ်ပေးသည်ဟု မဆိုလိုပါ၊၊ “အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်”ဟုဆိုထားသော်လည်း ‘အ၀ိဇ္ဇာ’မှ ‘သင်္ခါရ’ကိုဖြစ်စေသည်ဟုမယူဆဘဲ “အ၀ိဇ္ဇာရှိသည့်အတွက် သင်္ခါရဖြစ်သည်”ဟုသာ မှတ်ယူရပါသည်၊၊

(မှတ်ချက်/ ဤနေရာ၌ အကြောင်း+အကျိုးဟုဆိုရာတွင် တချို့အကြောင်းများသည် အကျိုးကိုတိုက်ရိုက် ဖြစ်စေသည့်ဂုဏ်သတ္တိရှိသည်၊ တချို့သည် အမှီပြု၍ဖြစ်ရုံမျှဖြစ်ရသည်ကို အကြောင်းဟုဆိုသည်၊ တချို့ကအတူတူဖြစ်ပြီး အားပေးရုံမျှအထောက်အပံ့ဖြစ်ရုံမျှကို အကြောင်းဟုဆိုသည်၊၊)

‘အ၀ိဇ္ဇာ’ဟူသည် ‘မောဟစေတသိက်’ကို ခေါ်ပါသည်၊၊ ရုပ်နာမ်တို့၏သဘောအမှန်ကို မသိအောင်ဖုံး လွှမ်းတတ်သောကြောင့် ‘မောဟ’ဟုခေါ်ပါသည်၊၊ အမှန်အတိုင်း မသိခြင်း၊ အလွဲအမှားသိခြင်းများကို ‘အ၀ိဇ္ဇာ’ဟု ခေါ်ရပါသည်၊၊ အ၀ိဇ္ဇာရှိနေသည့်အတွက် သင်္ခါရတို့ဖြစ်ပေါ်လာကြရသည်၊၊

“သင်္ခါရ”ဟူသည် “ကံ”ကိုဆိုလိုပါသည်၊၊ ကံဆိုသည်မှာ “စေတနာ စေတသိက်”ကို ဆိုလိုသည်၊ စိတ် (၈၉)ပါးလုံးတွင် ယှဉ်သောစေတနာကိုမဆိုလိုဘဲ၊ လောကီကုသိုလ်၊ အကုသိုလ်စိတ်(၂၉)ပါးတွင်ယှဉ်သောစေတနာကိုသာ ဤနေရာ၌သင်္ခါရဟု ဆိုလိုပါသည်၊၊

သင်္ခါရသည် (၃)မျိုးရှိပါသည်၊၊
(၁) ပုညာဘိသင်္ခရ=ကုသိုလ်များ၊ (မဟာကု-၈၊ ရူပါဝစရကု-၅)
(၂) အပုညာဘိသင်္ခါရ=အကုသိုလ်များ၊ (အကုစေတနာ-၁၂)
(၃) အာနေဉ္စာဘိသင်္ခါရ=အရူပကုသိုလ်၊ (အရူပကု-၄)

{၂} သင်္ခါရပစ္စယာ ၀ိဉာဏံ=သင်္ခါရကြောင့် ၀ိဉာဏ်ဖြစ်သည်၊၊ ၀ိဉာဏ်အရ လောကီဝိပါက်စိတ် (၃၂)ပါး ၀ိဉာဏ်များကို ယူရပါသည်၊၊

{၃} ၀ိဉာဏပစ္စယာ နာမရူပံ=၀ိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊၊ ၀ိဉာဏ်မှ နာမ်ရုပ်ကိုကျေးဇူးပြု သည်ကိုဤနေရာ၌ ၀ိဉာဏ်ကြောင့်နာမ်ရုပ်ဖြစ်သည်ဟု ဆိုလိုပါသည်၊၊ ‘နာမ’အရ စေတသိက် (၅၂) ပါးဟူသော နာမ်ခန္ဓာလေးပါးကို ယူရပါသည်၊၊ ‘ရူပ’အရ ကမ္မဇရုပ်ကိုယူရပါသည်၊၊ ၀ိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟုဆိုရာတွင် တခါတရံ ‘နာမ်’သာဖြစ်သည်၊ တစ်ခါတရံ ‘ရုပ်’သာဖြစ်သည်၊ တစ်တခါ တရံနှစ်မျိုးလုံးဖြစ်သည်ကို မှတ်သားရပါမည်၊၊

အရူပဘုံတွင် ရုပ်သာရှိ၍နာမ်မရှိသောကြောင့် နာမ်သာဖြစ်ရသည်၊ အသညသတ်ဘုံတွင် ရုပ်သာရှိ၍ နာမ်မရှိသောကြောင့် ရုပ်သာဖြစ်သည်၊၊ အခြားပဉ္စဝေါကာရဘုံဟုဆိုသည့် လူဘုံ၊ နတ်ဘုံများတွင်သာ နှစ်မျိုးလုံးဖြစ်နိုင်သည်၊၊

{၄} နာမရူပပစ္စယာ သဠာယတနံ=နာမ်ရုပ်ကြောင့် အာယတနခြောက်မျိုးဖြစ်သည်၊၊ ‘နာမ’အရ နာမ် ခန္ဓာလေးပါးကိုယူရသည်၊ ‘ရူပ’အရ မဟာဘုတ်လေးပါး၊ ၀တ္ထုရုပ်ခြောက်ပါး၊ ဇီဝိတရုပ်တစ်ပါး၊ ပေါင်း ဆယ့်တစ်ပါးကိုယူရသည်၊၊ ‘သဠာယတန’အရ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနဆိုသည့် အတွင်းအာယတနခြောက်မျိုးကို ယူရပါသည်၊၊

နာမ်ရုပ်က အာယတနခြောက်မျိုးကို ကျေးဇူးပြုသည်ဆိုရာတွင် နာမ်သက်သက်က အာယတနကိုကျေးဇူးပြုသည့်အခါ ပြုသည်၊ ရုပ်သက်သက်က ကျေးဇူးပြုသည့်အခါပြုသည်၊၊ နှစ်မျိုးလုံးကကျေးဇူးပြုသည့်အခါ ပြုသည်ကိုလည်း မှတ်သားရပါမည်၊၊

နာမ်ရုပ်ကြောင့် အာယတနခြောက်မျိုးတို့ဖြစ်သည်ဟု ဤနေရာတွင်ဆိုထားသော်လည်း တစ်ခါတရံ အရူပဘုံ၌ဖြစ်သောအခါ ခြောက်ခုမြောက်စိတ်(၈၉)မျိုးဟူသည် “မနာယတန”တစ်ခုတည်းကိုသာ ကျေးဇူးပြုသည်၊ ဖြစ်စေသည်၊၊ တစ်ခါတရံ ရှေ့အာယတနများကို ဖြစ်စေသည်ဟု မှတ်သားရပါမည်၊၊ ထို့ကြောင့် ‘သဠာယတနံ’အရ အတွင်းအာယတနခြောက်မျိုးလုံးကို ယူသည့်အခါယူသည်၊ ခြောက်ခုမြောက် ‘မနာယတန’တစ်ခုတည်းကိုယူသည့် အခါလည်း ယူရသည်ကိုသိမှတ်ရမည်၊၊

{၅} သဠာယတနပစ္စယာ ဖေဿာ= အာယတနခြောက်မျိုးကြောင့် ဖဿဖြစ်သည်၊၊ ဆိုလိုသည်မှာ အာယတနခြောက်မျိုးကိုအမှီပြု၍ ဖဿဖြစ်သည်ဟုဤနေရာတွင် ဆိုလိုပါသည်၊၊ အာယတနခြောက် မျိုးကို အမှီရသဖြင့်ဖဿဖြစ်ခွင့်ရသည်ကိုပင် သဠာယတနကြောင့်ဖဿဖြစ်သည် ဟုဆိုလိုပါသည်၊၊ ဖဿဖြစ်သွားအောင် သဠာယတနကပြုလုပ်ပေးလိုက်သည်မဟုတ်ဘဲ ဖြစ်ခွင့်ရအောင်ကျေးဇူးပြုပေးလိုက်သည်ဟု ယူဆရမည်။

ဖဿအရ ‘ဖဿစေတသိက်’ကို ယူရပါသည်၊၊ ဖဿဟုဆိုရာတွင် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿတို့ကို ဆိုပါသည်၊၊ စက္ခုသမ္ဖဿဟူသည် စက္ခုပသာဒကိုအမှီပြု၍ ဖြစ်သော စက္ခုဝိညာဏ်စိတ်ကို ခေါ်ပါသည်၊၊ ထိုစက္ခုဝိဉာဏ်စိတ်နှင့်ယှဉ်သော ဖဿစေတသိက်ကို ဤနေရာ၌ စက္ခုသမ္ဖဿဟုခေါ်ခြင်းဖြစ်ပါသည်၊၊ မနောသမ္ဖဿဟူသည် လောကီဝိပါက် (၃၂)ပါးတွင်ယှဉ်သော ဖဿစေတသိက်ကို ယူရပါသည်၊၊

{၆} ဖဿပစ္စယာ ဝေဒနာ=ဖဿရှိသည့်အတွက်ကြောင့် ဝေဒနာဖြစ်ပေါ်လာသည်၊၊ ဝေဒနာအရ စက္ခု ၀ိညာဏ်စိတ်နှင့်ယှဉ်သော ဖဿစေတသိက်၊ ဖဿစေတသိက်နှင့်ယှဉ်သော ဝေဒနာစေတသိက်ဟု ဆိုသည့် လောကီဝိပါက်စိတ်(၃၂)မျိုးကိုကို ဝေဒနာဟုခေါ်ရပါသည်၊၊

{၇} ဝေဒနာပစ္စယာ တဏှာ=ဝေဒနာကိုအကြောင်းပြုပြီး တဏှာဖြစ်ပေါ်သည်၊၊ ဝေဒနာသည် (၅)မျိုး ရှိသည်၊၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ ဖြစ်သည်၊၊ ထိုဝေဒနာငါးမျိုးကြောင့် တဏှာဖြစ်ပေါ်သည်၊၊

{၈} တဏှာပစ္စယာ ဥပါဒါနံ=တဏှာကြောင့်၊ တဏှာကိုအစွဲပြု၍ ဥပါဒါန်ဖြစ်သည်၊၊ တဏှာအရ ‘လောဘ စေတသိက်’ကို ယူရသည်၊ ဥပါဒါန်အရလည်း ‘လောဘစေတသိက်’ကိုပင် ယူရသည်၊၊ ထူးခြားချက်မှာ အားသေးသောလောဘစေတသိက်ကို တဏှာဟုခေါ်၍၊ အားကြီးသော ‘လောဘစေတသိက်’ကို ဥပါဒါန်ဟု ခေါ်ရပါသည်၊၊ ပစ္စည်းတစ်ခုကို မရခင်ဖြစ်သောလိုချင်မှုကို တဏှာ၊ ရရှိပြီးနောက်ကပ်ငြိတွယ်တာမှုကို ‘ဥပါဒါန်’ဟုခေါ်သည်ဟုလည်း ဆိုကြပါသေးသည်၊၊

{၉} ဥပါဒါနပစ္စယာ ဘဝေါ=ဥပါဒါန်ကြောင့် ဘ၀ဖြစ်သည်၊၊ ဘ၀သည် ကမ္မဘ၀၊ ဥပပတ္တိဘ၀ဟု နှစ် မျိုးရှိသည်၊၊ ကမ္မဘ၀ဟူသည် လူဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန်ဘ၀စသည် ဘ၀သီးသန့်ကိုခေါ်ပါသည်၊၊ ထိုဘ၀တို့၌ စိတ်၊ စေတသိက်၊ ကမ္မဇရုပ်နှင့် အကျိုးဝိပါက်စိတ်တို့ဖြစ်သည်ကို ဥပပတ္တိဘ၀ဟုခေါ်ရပါသည်၊၊

ဆိုလိုသည်မှာ အကုသိုလ်ကံတစ်ခုခုကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေရသည်၊ ထိုပဋိသန္ဓေနှင့် စိတ်၊ စေတသိက်၊ ရုပ်တို့ဖြစ်ပေါ်သည်ကို ဥပပတ္တိဘ၀ဟုခေါ်သည်၊ အပါယ်ဘုံတွင် ပဋိသန္ဓေနေစေသည့် ‘ကံ’ကို ကမ္မဘ၀ဟုမှတ်သားရမည်၊၊

ကမ္မဘ၀သည် (ကံ)စေတနာကိုယူ၍၊ ဥပပတ္တိဘ၀အရ ထိုစေတနာကြောင့်ဖြစ်သည့် လူနတ်စသည့် ခန္ဓာများကို ယူသည်ဟုလည်းဆိုပါသေးသည်၊၊ ဆိုလိုသည်မှာ ဥပပတ္တိဘ၀ဟူသည် ဟိုဘ၀သည်ဘ၀ စသည်ဖြစ်ရခြင်း ဇာတိပင်ဖြစ်သည်၊၊

{၁၀} ဘ၀ပစ္စယာ ဇာတိ=ဘ၀ကြောင့် ဇာတိဖြစ်သည်၊၊ ဘ၀ပစ္စယာတွင်ဘ၀အရ ဥပပတ္တိဘ၀နှင့် ဇာတိသည် အတူတူပင်ဖြစ်သောကြောင့် ကမ္မဘ၀တစ်ခုတည်းကိုသာ ယူရတော့သည်၊၊

{၁၁} ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာ=ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာတို့ဖြစ်ကြသည်၊၊ ဤတွင်ဒုက္ခအရ ကာယိကဒုက္ခကို ယူရသည့်အတွက်၊ ကာယ၀ိညာဏ်၌ရှိသော ဝေဒနာကိုယူရပါသည်၊၊ ဗြဟ္မာပြည်တွင် ဇာတိကြောင့် သောကပရိဒေ၀စသည်တို့ မဖြစ်နိုင်သည့်အတွက် ဇရာမဏမှတစ်ပါး သောကစသည့်အကျိုးဆက်များသည် အချို့ဘုံဘ၀များ၌ မဖြစ်နိုင်ပါ၊၊

စိုးရိမ်ကြောင့်ကြမှုကို ‘သောက’ဟု ခေါ်ပါသည်၊ ဒေါမနဿဝေဒနာကို သောကအရယူရသည်၊၊ ငိုကြွေးသည်ကို ‘ပရိဒေ၀’ဟုခေါ်သည်၊၊ တစ်စုံတစ်ခုသောအကြောင်းကြောင့် ငိုသောအခါအသံထွက်သည်၊ ထိုအသံကို ‘စိတ္တဇ၀ိပလ္လာသသဒ္ဒ’ဟု ခေါ်ပါသည်၊၊ ထို့ကြောင့် ပရိဒေ၀အရ ‘သဒ္ဒရုပ်’ကိုယူရပါသည်၊၊

ကိုယ်ဆင်းရဲသည်ကို ဒုက္ခဟု ခေါ်ပါသည်၊၊ စိတ်ဆင်းရဲသည်ကို ဒေါမနဿဟု ခေါ်ပါသည်၊၊ ဒေါမနဿသည် ‘ဒေါသမူဒွေး’ဟုခေါ်သော အကုသိုလ်စိတ်ဖြစ်ရကား စိတ်ဖိစီးမှုများပြီး ကိုယ်စိတ်ဆင်းရဲနေသူများသည် အကုသိုလ်ကြောင့်ဖြစ်ရသည်၊ တနည်းအားဖြင့် အကုသိုလ်ရှိလျင် စိတ်ဖိစီးမှုနှင့်၊ ကိုယ်ဆင်းရဲမှုတို့ဖြစ်ပေါ်နိုင် သည်ဟု ဆိုရာရောက်ပါသည်၊၊

ကိုယ်စိတ်ဆင်းရဲမှုကြောင့် ပြင်းစွာပင်ပမ်းဆင်းရဲမှုကို ‘ဥပါယာသ’ဟုခေါ်ပါသည်၊ ‘ဒေါသစေတသိက်’ကို အရကောက်ရပါသည်၊၊ ဇာတိဟူသော ပဋိသန္ဓေဖြစ်ခြင်းကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်းစသည် များဖြစ်ရသည့်အတွက် ဆွေးနွေးခဲ့ပြီးကြောင်းကျိုးဆက်အစဉ်သည် ဆင်းရဲမှုသက်သက်သာ ဖြစ်ပါသည်၊၊

ပဋိစ္စသမုပ္ပါဒ်တွင် ‘အ၀ိဇ္ဇာ’မှစထားသည်ကို တွေ့ရပါမည်၊၊ သို့သော် ‘အ၀ိဇ္ဇာ’သည် ပဋိစ္စသမုပ္ပါဒ်၏အစ မဟုတ်ပါ၊ မြတ်စွာဘုရားရှင်သည် ဟောပြောသည့်အစဉ်အားဖြင့်သာ ‘အ၀ိဇ္ဇာ’ကိုအစထားဟောပြောထားသော်လည်း အမှန်စင်စစ် ပဋိစ္စသမုပ္ပါဒ်တွင်အစ၊ အဆုံးဟူ၍မရှိပါ၊၊ လှည်းဘီးကဲ့သို့ အစအဆုံးမရှိ၊၊ လှည်းဘီး၏အကန့်များ တစ်ကန့်ပြီးတစ်ကန့် လည်ပတ်နေသကဲ့သို့ အကြောင်းတရားနှင့် အကျိုးတရားတို့လည်ပတ်ဖြစ်နေသည်ကို ‘ပဋိစ္စသမုပ္ပါဒ်စက်လည်သည်’ဟု ခေါ်ရပါသည်၊၊

မြတ်စွာဘုရားရှင်သည် ဟောပြောသည့်အစဉ်အားဖြင့်သာ အ၀ိဇ္ဇာကိုအစထားဟောသော်လည်း လူတို့ သန္တာတွင်ဖြစ်သောအခါတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါဆယ့်နှစ်မျိုးတွင် မည်သည့်အင်္ဂါမှစဖြစ်သည်ဟုပြောဆို ရန်မဖြစ်နိုင်ပါ၊၊ ‘အ၀ိဇ္ဇာ’မှ စဖြစ်သည့်အခါတွင်ဖြစ်၍၊ အခြားအင်္ဂါများမှစသည့်အခါတွင်လည်း စဖြစ်သည်ဟုမှတ်ယူရပါမည်၊၊

ပဋိစ္စသမုပ္ပါဒ်တွင် အ၀ိဇ္ဇာသည်ဟောပြောသည့်ပုံစံအားဖြင့် အစဆုံးထားသည့်အတွက် အ၀ိဇ္ဇာ၏အကြောင်းကို ဖော်ပြထားသည်ကို မတွေ့ရပါ၊၊ ထို့ကြောင့် အ၀ိဇ္ဇာ၏အကြောင်းကိုသိရန် လိုအပ်ပါသည်၊၊ ‘အာသ၀တရားလေးမျိုး’တို့သည် အ၀ိဇ္ဇာ၏အကြောင်းဖြစ်ပါသည်၊၊ အာသ၀လေးမျိုးကြောင့် အ၀ိဇ္ဇာဖြစ်ပါသည်၊၊

(၁) ကာမာသ၀=ကာမဂုဏ်၌ လိုချင်တပ်မက်မှု၊
(၂) ဘ၀ါသ၀=ဘ၀တို့၌ လိုချင်တပ်မက်မှု၊
(၃) ဒိဋ္ဌာသ၀=အယူအဆတို့၌ လိုချင်တပ်မက်မှု၊
(၄) အ၀ိဇ္ဇာသ၀=အ၀ိဇ္ဇာ၌လိုချင်တပ်မက်မှု၊ တို့သည် အာသ၀လေးမျိုးဖြစ်ပါသည်၊၊

ဖော်ပြဆွေးနွေးခဲ့ပြီးသည်များမှာ ပဋိစ္စသမုပ္ပါဒ်၏အသေးစိတ် သဘောအဓိပ္ပါယ်များဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားရှင်သည် “ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ၀ဋ်၊ မူလ”တို့ဖြင့်လည်း ခွဲခြမ်းစိတ်ဖြာ၍ ဟောပြော သင်ပြထားပါသည်၊၊

ကာလ(၃) မျိုး
(၁) အတိတ်ဘ၀၊
(၂) ပစ္စုပ္ပန်ဘ၀၊
(၃) အနာဂတ်ဘ၀၊

ပဋိစ္စသမုပ္ပါဒ်သဘောတရားများသည် တစ်ဘ၀တည်းကိုရည်ရွယ်၍ ဟောပြောထားသည့်ဒေသနာ မဟုတ်ဘဲ၊ ဘ၀သုံးမျိုးတွင်ဖြစ်နိုင်ခြေရှိသော သဘောတရားများကို ဟောပြောထားသည့်အတွက် ကာလသုံးခု(ဘ၀သုံးခု)နှင့် ခွဲချမ်းစိတ်ဖြာ၍သိရန် လိုအပ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်သည် ဘ၀သုံးခုကို ခြုံငုံ၍ဟောပြောသင်ပြထားသည့် ဒေသနာ ဖြစ်သည်ဟု မှတ်ရပါမည်၊၊

(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရတို့သည် အတိတ်ဘ၀၌ ဖြစ်သည့်သဘောတရားတို့ ဖြစ်သည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊
(၄) ဖဿ၊ (၅)ဝေဒနာ (၆)တဏှာ (၇)ဥပါဒါန (၈)ဘ၀တို့သည် ပစ္စုပ္ပန်ဘ၀တွင် ဖြစ်ကြပါသည်၊၊
(၁) ဇာတိ (၂)မရဏတို့သည် အနာဂတ်ဘ၀တွင် ဖြစ်ကြပါသည်၊ အနာဂတ်ဘ၀တွင် ဖြစ်ပါသည်၊၊

ပဋိစ္စသမုပ္ပါဒ်တွင် အင်္ဂါဆယ့်နှစ်မျိုး၊ (သို့မဟုတ်) အကြောင်းဆယ့်နှစ်မျိုးရှိသည်ကို အသေးစိတ်လေ့လာရန် အထူးလိုအပ်ပါသည်၊၊

(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)၀ိဉာဏ၊ (၄)နာမရူပ၊
(၅) သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာ၊ (၈)တဏှာ၊
(၉) ဥပါဒါန၊ (၁၀)ဘ၀၊ (၁၁)ဇာတိ (၁၂)ဇရာ၊ မရဏ၊ တို့ဖြစ်ပါသည်၊၊


ဝဋ်(၃)မျိုး
(၁) ကိလေသ၀တ်၊
(၂) ကမ္မ၀ဋ်၊
(၃) ၀ိပါက၀ဋ်၊

(၁) အ၀ိဇ္ဇာ၊ (၂)တဏှာ၊ (၃)ဥပါဒါန၊ ကိလေသ၀ဋ်တို့ဖြစ်သည်၊၊
(၁) ကမ္မဘ၀၊ (၂)သင်္ခါရ၊တို့သည် ကမ္မ၀ဋ်ဖြစ်သည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာ၊ (၆)ဇာတိ၊ (၇)ဇရာ၊ မရဏ၊ ၀ိပါက၀ဋ်ဖြစ်သည်၊၊

{အလွှာ(၄)မျိုး}
(၁) အတိတ်အကြောင်းတစ်လွှာ၊
(၂) ပစ္စုပ္ပန်အကျိုးတစ်လွှာ၊
(၃) ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊
(၄) အနာဂတ်အကျိုးတစ်လွှာ၊

“အလွှာ”ဟူသည်မှာ လိမ်မော်သီးလေးများကို အခွံခွါလိုက်သောအခါ၊ အတွင်းထဲတွင် လိမ်မ္မော်အသားများ အလွှာလိုက်၊ အကန့်လိုက်ဖြစ်နေသကဲ့သို့ ဘ၀တို့တစ်ဘ၀နှင့်တစ်ဘ၀အလွှာပါးပါးလေးမျှသာ ခြားနားထား သည့်သဘောနှင့်၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ အလွှာပါးပါးလေးမျှသာ ခြားနားထားသည့်သဘောကို ‘အလွှာ’ ဟုခေါ်ရပါသည်၊၊

(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)တဏှာ၊ (၄)ဥပါဒါန၊ (၅)ကမ္မဘ၀၊တို့သည် အတိတ်အကြောင်းအလွှာ ဖြစ်ပါသည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာ၊တို့သည် ပစ္စုပ္ပန်အကျိုးအလွှာ ဖြစ်ပါသည်၊၊
(၁) တဏှာ၊ (၂)ဥပါဒါန၊ (၃)ကမ္မဘ၀၊ (၄)အ၀ိဇ္ဇာ၊ (၅)သင်္ခါရ၊တို့သည် ပစ္စုပ္ပန်အကြောင်းအလွှာ ဖြစ်ပါသည်၊၊
(၁) ဇာတိ၊ (၂)ဇရာ-မရဏ၊ (၃)၀ိညာဏ၊ (၄)နာမရူပ၊ (၅)သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာ၊ တို့သည် အနာဂတ်အကျိုးအလွှာဖြစ်ပါသည်၊၊

အခြင်းအရာ(၂၀)
(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)တဏှာ၊ (၄)ဥပါဒါန၊ (၅)ကမ္မဘ၀၊တို့သည် အတိတ်အကြောင်း အခြင်းအရာဖြစ်ပါသည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာတို့သည် ပစ္စုပ္ပန်အကျိုးအခြင်းအရာ ဖြစ်ပါသည်၊၊
(၁) တဏှာ၊ (၃)ဥပါဒါန၊ (၁)ကမ္မဘ၀၊ (၁)အ၀ိဇ္ဇာ၊ (၂)သင်္ခါရတို့သည် ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ဖြစ်ပါသည်၊၊
(၁) ဇာတိ၊ (၂)ဇရာ-မရဏ၊ (၃)၀ိဉာဏ၊ (၄)နာမရူပ၊ (၅)သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာတို့သည် အနာဂတ်အကျိုးအခြင်းအရာဖြစ်ပါသည်၊၊

အစပ်(၃)မျိုး၊
(၁) သင်္ခါရနှင့် ၀ိဉာဏ်အကြားတွင် တစ်စပ်၊
(၂) ဝေဒနာနှင့် တဏှာအကြားတွင် တစ်စပ်၊
(၃) ကမ္မဘ၀နှင့် ဇာတိအကြားတွင် တစ်စပ်၊

အစပ်သုံးမျိုးတွင် ‘သင်္ခါရ’ဖြစ်သည်နှင့် ‘၀ိညာဏ်’ဖြစ်တော့မည်ဖြစ်သောကြောင့် တစ်စုံတစ်ရာပြုနိုင်ဖွယ်ရာ မရှိပါ၊ ‘ကမ္မဘ၀’ဖြစ်လျင်လည်း ‘ဇာတိ’ဖြစ်တော့မည်ဖြစ်သောကြောင့် ပြုနိုင်ဖွယ်ရာမရှိပါ၊၊ သို့သော် “ဝေဒနာဖြစ်ပေါ် လာသည်ကို တဏှာမဖြစ်ပေါ်အောင်ကြိုးစားနိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကျိုးပျက်ရပါသည်၊၊” ဆိုလိုသည်မှာ ဝေဒ နာအဆင့်မှ တဏှာအဆင့်သို့မကူးအောင် ၀ိပဿနာရှုမှတ် နိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ရဟပ် ကျိုးပျတ်သည်ဟုဆို လိုပါသည်၊၊

တရားထိုင်သောအခါ ဝေဒနာအမျိုးမျိုးတို့ ဖြစ်ပေါ်လာကြသည်၊ ထိုဝေဒနာများအပေါ်တွင် တဏှာ မဖြစ်ပေါ်လာအောင်ရှုမှတ်နိုင်လျင် “သံသရာစက်ရဟပ်”ဟုခေါ်တွင်သည့် ပဋိစ္စသမုပ္ပါဒ်စက်ရဟပ် ပျတ်ရပါတော့သည်၊၊ ပဋိစ္စသမုပ္ပါဒ်တွင် ‘ဝေဒနာနှင့်တဏှာအကြားဆက်စပ်မှု’ကို ဖြတ်တောက်နိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းလည်ပတ်မှုကို ဖြတ်တောက်နိုင်ပြီဖြစ်သည်၊၊ အခြားနေရာများမှဖြတ်တောက်၍ မရနိုင်ပါ၊၊ ထို့ကြောင့် တရားထိုင်သူများသည် အမှတ်သတိအားကောင်း၍ “ဝေဒနာနောင် တဏှာမစပ်နိုင်အောင် ကြိုးစားနေကြ ခြင်းကို သံသရာစက်ကိုဖြတ်တောက်နိုင်ရန် ကြိုးစားနေကြခြင်း”ဟု ခေါ်နိုင်ပါသည်၊၊

ပဋိစ္စသမုပ္ပါဒ်တွင် ပဓာနကြသောအင်္ဂါနှစ်မျိုးကို “မူလ”ဟုခေါ်ပါသည်၊၊ မူလအင်္ဂါနှစ်မျိုးရှိပါသည်၊၊ အ၀ိဇ္ဇာနှင့် တဏှာတို့ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ဝဋ်၏အခြေအမြစ်ဖြစ်သော အင်္ဂါနှစ်ခုဖြစ်ပါသည်၊၊ ဤအင်္ဂါနှစ်မျိုးမှပင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ ရဟပ်ပမာလည်ပတ်နေခြင်းဖြစ်ပါသည်၊၊

အထက်ပါဆွေးနွေးတင်ပြချက်များသည် ပဋိစ္စသမုပ္ပါဒဒေသနာတော်၏ အနုလုံဖြစ်စဉ်များ ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒဒေသနာတွင် အနုလုံနှင့် ပဋိလုံဟုရှိပါသည်၊၊ ‘အ၀ိဇ္ဇာ’မှစ၍ ‘ဇရာ-မရဏ’အဆုံးအထိ အစဉ်အတိုင်းဖြစ်စဉ်ကိုဖော်ပြသည်ကို “အနုလုံ”ဟူ၍ခေါ်ပါသည်၊၊ အ၀ိဇ္ဇာမဖြစ်တော့ခြင်းကြောင့် သင်္ခါရစသည်များလည်း မဖြစ်တော့ခြင်းကိုဖော်ပြသည်ကို “ပဋိစ္စသမုပ္ပါဒ်ပဋိလုံ”ဟုခေါ်ပါသည်၊၊

(ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများအစဉ်မပျတ်ဖြစ်ပေါ်နေသည်ကို အနုလုံဟုခေါ်ဆိုပြီး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ အချုပ်(အပျက်)ကိုပဋိလုံဟု ခေါ်ပါသည်၊၊)

ပဋိစ္စသမုပ္ပါဒဒေသနာကို “နည်း(၄)မျိုး”ဖြင့် နားလည်သဘောပေါက်ရမှ အမှန်တကယ်နားလည်၊ သဘောပေါက် သည်ဟု သတ်မှတ်နိုင်ပါသည်၊၊ (ပစ္စည်းပိုင်း ဘာသာဋီကာ-နှာ-၆၂၄)

နည်း(၄)မျိုး
(၁) ဧကတ္တနည်း၊
(၂) နာနတ္တနည်း၊
(၃) အဗျာပါဒနည်း၊
(၄) ဧ၀ံဓမ္မတာ၊ နည်းတို့ ဖြစ်ပါသည်၊၊

သန္တာန်အစဉ် အစဉ်မပျတ်၊ တစ်စပ်တည်းဟု သိရသောနည်းသည် ‘ဧကတ္တနည်း’ဖြစ်ပါသည်၊၊ ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အကြောင်းအကျိုးအဖြစ်ဖြင့် တစ်စပ်တည်းဖြစ်ပေါ်နေကြသည်ကို ဧကတ္တနည်းဟု ခေါ်ရပါသည်၊၊

သန္တာန်အစဉ် အစဉ်မပျတ်သော်လည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ (အကြောင်းနှင့်အကျိုး)တစ်ခုနှင့် တစ်ခုမတူသည်ကို ‘နာနတ္တနည်း’ဟု ခေါ်ပါသည်၊၊

အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည့်နေရာတွင် ‘အ၀ိဇ္ဇာ’သည် ‘သင်္ခါရ’ကိုဖြစ်ပေါ်စေရန် စေခိုင်းသည်၊ အမိန့်ပေးသည်မဟုတ်၊ ‘အ၀ိဇ္ဇာ’ရှိနေသည့်အတွက် ‘သင်္ခါရ’သည်သူ့သဘာဝအလျောက် ဖြစ်ပေါ်လာရသည်ကို ‘အဗျာပါဒနည်း’ဟု ခေါ်ပါသည်၊၊

‘အ၀ိဇ္ဇာ’စသော အင်္ဂါရပ်များကြောင့် ‘သင်္ခါရ’စသည်တို့ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာသာဖြစ်သည်၊ လောကသဘာဝသာဖြစ်သည်၊ တစ်စုံတစ်ယောက်က ပြုလုပ်သည်မဟုတ်ဟု ဖော်ပြသောနည်းသည် ‘ဧ၀ံဓမ္မတာနည်း’ဖြစ်ပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြခဲ့သည်များမှာ ပဋိစ္စသမုပ္ပါဒ်ကို သီးသန့်တင်ပြဆွေးနွေးထားခြင်း ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားများသည် အခြားတွင်ဖြစ်တည်နေသည်မဟုတ်ဘဲ၊ လူသား၏ ခန္ဓာကိုယ်ထဲတွင် နေ့စဉ်ဖြစ်ပေါ်နေသည့်သဘာဝတရားများ ဖြစ်ပါသည်၊၊ လူသားတို့သည် မိမိတို့၏ အတွင်းသန္တာန်တွင် စက္ကန့်မလပ်ဖြစ်ပေါ်နေသည့် ထိုသဘာဝတရားများကို သတိမပြုမိ၍သာမမြင်နိုင်ကြခြင်း ဖြစ်ပါသည်၊၊ ဤသဘာဝတရားများ၏ ကြောင်းကျိုးဆက်၍ဖြစ်ပေါ်နေခြင်းကိုပင် ပညာရပ်နာမည်အမျိုးမျိုးတပ်၍ ကမ္ဘာ့ပညာရှင်တို့လေ့လာတင်ပြခဲ့ကြသည်ကို တွေ့ရသည်၊၊

ဗုဒ္ဓရှင်တော်သည် ပဋိစ္စသမုပ္ပါဒ်သင်ကြားချက်ကို အလေးအနက်သဘောထား၍ သင်ကြားခဲ့ပြီး၊ သဘာဝတရားတို့၏ ဖြစ်ပေါ်မှု၊ တည်ရှိမှု၊ ပျက်သုဉ်းမှုများကို စီစစ်ဝေဖန်သုံးသပ်တတ်သည့်အသိဉာဏ်ကို လူသားတို့ရရှိစေရန် ဟောပြောထားခဲ့ခြင်းဖြစ်ပါသည်၊၊ ဘ၀တွင်ဖြစ်ပေါ်နေသည့် သဘာဝတရားများနှင့် အကြောင်းတရားများကိုလေ့လာသိရှိသဖြင့် သဘာဝအဆိုးများကို ပယ်ဖြောက်ပြီး၊ သဘာဝအမှန်များကိုသိမြင်ကာ ဉာဏ်အမြင်မှန်ကိုရရှိစေတတ်သည့် ဒေသနာဟောပြောချက်တစ်ခုပင် ဖြစ်ပါသည်၊၊

ဘ၀တွင် “ရွှေလင်ဗန်းနှင့်အခြင်းဆေး၊ မင်းမွေးသည့် လူသားများဖြစ်စေ၊ တဲကုပ်ထဲတွင် နုံခြာလှသည့် ဘ၀အသွင်ဖြင့် ကောက်ရိုးဗန်းအထက်တွင် ကြီးပြင်းရသူများဖြစ်စေ၊” ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ လည်ပတ်နေမှုကို ရပ်တန့်အောင်မကြိုးစားနိုင်လျင် ရွှေမုံ့စားရသည့်ဘ၀မှ မစင်စားရသည့်ဘ၀များသို့၎င်း၊ တဲကုပ်လေးထဲမှ ရွှေနန်း ပြသာဒ်ကြီးများအပေါ်သို့၎င်း၊ အတည်အမြဲမရှိဘ၀များစွာသို့ လည်ပတ်ဖြစ်နေကြရပါမည်၊၊

အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ရခြင်းမှစ၍၊ ဇာတိကြောင့် ဇရာ၊ မရဏတို့ဖြစ်ရသည့်တိုင်အောင် မည်သည့် သဘာဝတရားမှ ကောင်းသည်မရှိ၊ ဒုက္ခ=ဆင်းရဲမှုသက်သက်သာဖြစ်သည်ကို နားလည်သဘောပေါက်ပြီး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်ပတ်ဖြစ်တည်နေမှုကို ၀ိပဿနာအသိဖြင့် ဖြတ်တောက်နိုင်မှသာလျင် ဆင်းရဲငြိမ်း၍၊ ချမ်းသာရာအစစ်ကိုရရှိမည် အမှန်ဖြစ်ပါသည်၊၊

ဤတွင် ပဋိစ္စသမုပ္ပါဒ်လေ့လာမှု အပိုင်း(၁)ပြီးပါပြီ၊၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ပဋ္ဌာန်းနည်းဖြင့်လေ့လာ မှုအပိုင်း(၂)ကို ဆက်လက်ဆွေးနွေး တင်ပြပါမည်၊၊ “အလင်းစက်”စာဖတ်သူများ သံသရာစက်ဟပ် မှ လွန်မြောက်၍၊ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ပဋိစ္စသမုပ္ပါဒ်အသိဖြင့် ရရှိနိုင်ကြပါစေကြောင်း “အလင်း စက်အရှင်” သမ္မာဆန္ဒပြုအပ်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(11/02/2012)


(ကျမ်းကိုး/ ပဋိစ္စသမုပ္ပါတရားတော်ကြီး-ပ.ဒု (မဟာစည်ဆရာတော်)၊၊ အဘိဓမ္မာသင်တန်းအသံဖိုင် များ(ဦးသီလာနန္ဒာဘိဝံသ)၊၊ ပါချုပ်ဆရာတော်ကြီး ဦးနန္ဒမာလာဘိဝံသ၊ ပဋ္ဌာန်းတရားတော်များအသံဖိုင်၊၊ ၀ိသုဒ္ဓိမဂ်ပါဠိ-အဋ္ဌကထာ၊၊ ပဋိစ္စသမုပ္ပါဒ်အခြေခံ(မိုးကုတ်ဆရာတော်ကြီး) Bhikkhu Nyanatiloka’s Paticcasamuppada Lectures တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP