Saturday, April 13, 2013

သာသနာ့အံ့ဖွယ်(၈)ဖြာ၊၊ ၊၊




“သာသနာ”ဟူသည့်ဝေါဟာရကို ယနေ့ခေတ်တွင် အဖွဲ့အစည်းပေါင်းများစွာမှ အသုံးပြုနေကြသည် ကို တွေ့ရပါသည်၊၊ 

အမှန်စင်စစ်“သာသနာ”သည် ပါဠိဝေါဟာရဖြစ်ပါသည်၊၊ “မြတ်စွာဘုရားရှင်၏ ဆုံးမသင်ကြားချက် ပိဋကတ်စာပေတည်ရှိရာနေရာကို သာသနာဟုခေါ်ပါသည်၊၊”

  ထူးထူးခြားခြားအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ခရာစ်ယာန်နှင့်၊ မွတ်စလင်တို့ကလည်း “သာသနာပြုအဖွဲ့များ”ဟူ၍ပင် နာမည်မှည့်ထားကြသည်ကို လေ့လာရပါသည်၊၊

ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့်ဝေါဟာရကိုယူ၍ အသုံးပြုခြင်းအားဖြင့် ၄င်းတို့၏ဘာသာရေးလုပ် ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်သည်ဟုတွက်ဆပြီး အသုံးပြုဟန်တူပါသည်၊၊ သို့သော် “ဗုဒ္ဓရှင်တော်၏ ဆုံးမသင်ကြားချက်များ မတည်ရှိရာဘာသာများကို သာသနာဟူ၍ခေါ်နိုင်ခြင်းမရှိ”သည်ကို ပါဠိစာပေနှင့်အလှန်းဝေးသည့် ဘာသာခြားတို့သိကြဟန် မတူပါချေ၊၊

မြတ်စွာဘုရားရှင်၏ ဆိုဆုံးမသင်ကြားချက်တို့ တည်ရှိရာသာသနာတော်မြတ်တွင် ထူးခြားချက်(၈)မျိုး ရှိပါသည်၊၊ ထူးခြားသည့်ဖြစ်စဉ်(၈)မျိုးဟုလည်း ခေါ်နိုင်ပါသည်၊၊ မြန်မာစာပေတွင်မူ “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ဟူ၍ အသိများပါသည်၊၊

ဗုဒ္ဓသာသနာတော်တွင်မှ မဟုတ်၊ အခြားသောဘာသာရေး အဖွဲ့အစည်းများတွင်လည်း “အစစ်အမှန်နှင့်၊ အတုအယောင်”ဟူ၍ ရှိပါသည်၊၊ ဘာသာရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးလုပ်ခြင်းများနှင့်၊ ဘာသာ ရေးကို အကာအကွယ်ယူ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကြခြင်းများစွာတို့ ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် သင်ကြားတော်မူထားသည့် အံ့ဖွယ်ရှစ်ဖျာသာသနာ(ခေါ်)အဖွဲ့အစည်းကြီးများ၏ ထူးခြားချက်(၈)မျိုးသည် လူလေးယောက်ထက်ပို၍ စုပေါင်းအလုပ် လုပ်ကြသည့်အဖွဲ့စည်းတိုင်းတွင် ရှိနိုင်သည်ဟု သုံးသပ်မိပါသည်၊၊

အကြောင်းမှာ အဖွဲ့အစည်းတိုင်းတွင် မူမမှန်သူများ၊ ယုတ်မာသူများ၊ အလိုဆိုးရှိသူများသည် ထိုထိုအဖွဲ့ အစည်းများတွင် အခိုက်အတန့်မျှတည်နေနိုင်ပြီး၊ တစ်နည်းနည်းဖြင့်အဖွဲ့အစည်းမှ လွင့်ပျောက်ထွက်ခွါ ရတတ်သောကြောင့် ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် သာသနာတော်၏ထူးခြားဖြစ်စဉ် အံ့သြဖွယ်ရာအခြေအနေ(၈)မျိုးကို သမုဒ္ဒရာနှင့်ဥပမာပြု၍ သင်ကြားထားခဲ့ပါသည်၊၊ သမုဒ္ဒရာ၏ဖြစ်တည်ပုံ(၈)မျိုးကို အောက်ပါအတိုင်းလေ့လာရပါသည်၊၊

(၁) အစဉ်အတိုင်းနက်ခြင်း၊
(၂) ကမ်းကိုရေမကျော်ခြင်း၊
(၃) ရွံ့ဖွယ်ရာများကို လက်မခံခြင်း၊
(၄) အမည်တစ်မျိုးသာ ထားရှိခြင်း၊
(၅) အတိုးအလျော့မရှိခြင်း၊
(၆) ရတနာတို့ဖြင့် ပြည့်နေခြင်း၊
(၇) အရသာတစ်မျိုးတည်း ရှိခြင်း၊
(၈) ငါးအကြီးစားများ၏ နေရာဖြစ်ခြင်း၊၊

သမုဒ္ဒရာကြီးများ၏ ထူးခြားချက်(၈)မျိုးကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်ဆွေးနွေး တင်ပြလိုက်ရပါသည်၊၊

မဟာသမုဒ္ဒရာကြီးများသည် မြစ်ချောင်းအိုင်တို့နှင့် မတူပါ၊၊ မြစ်ချောင်းအင်းအိုင်တို့သည် ရေတိမ်ရေ နက်ခန့်မှန်းရန် အလွန်ခက်ခဲပါသည်၊၊ အချို့မြစ်နှင့်ချောင်းတို့သည် ဆိပ်ကမ်းတွင်အလွန်နက်ပြီး၊ ရေ လယ်ခေါင်တွင်မူ တိမ်နေတတ်ပါသည်၊၊ အချို့မြစ်ချောင်းများကမူ ကမ်းတွင်သာမန်မျှနက်ပြီး၊ ရေအ လယ်တွင်မူ အလွန်နက်ပါသည်၊၊

ထိုသို့ရေတိမ်ရေနက်ကို မသိရသောကြောင့် ရေသို့ဆင်းမိသူများသည် ရေနစ်ခြင်းစသည့်အန္တရာယ်များကို ရင်ဆိုင်ကြရပါသည်၊၊ သမုဒ္ဒရာကြီးများသည်ကမ်းတစ်ဘက်မှ အခြားကမ်းတစ်ဘက်ကို မမြင် သာလောက်အောင် ကြီးမားကြသော်လည်း ရေတိမ်ရေနက်တွင်မူ ကမ်းစပ်တွင်ရေတိမ်ပြီး၊ ဖြည်းဖြည်းခြင်းသာ အစဉ်အတိုင်းနက်သွားကြပုံမှာ အတူတူဖြစ်ပါသည်၊၊

မြစ်ချောင်းတို့သည် မိုးများလျင်များသမျှ ကမ်းကိုရေကျော်လေ့ရှိပြီး၊ အနီးနေသူတို့ အန္တရာယ်ဖြစ် ကြရပါသည်၊၊ သမုဒ္ဒရာကြီးများသည် မိုးမည်မျှများစေကာမူ ကမ်းပေါ်သို့ရေကျော်တက်ခြင်း မရှိကြပါ၊၊

သမုဒ္ဒရာရေသည် အလွန်သန့်ရှင်းကြည်လင်ပါသည်၊ အကြောင်းမှာ သမုဒ္ဒရာသည် ရေထဲတွင်အပုတ် ကောင်များနှင့်၊ အမှိုက်အညစ်အကြေးများကိုလက်ခံလေ့မရှိဘဲ ပြင်ပသို့ရောက်အောင် လှိုင်းဖြင့်ပုပ်ပြစ်လေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊

သမုဒ္ဒရာတွင်းသို့ မြစ်ပေါင်းများစွာ၊ ချောင်းပေါင်းများနှင့် အင်းအိုင်ပေါင်းများစွာတို့မှ ရေအမျိုးမျိုးတို့ စီးဝင်လေ့ရှိကြပါသည်၊၊ သမုဒ္ဒရာတွင်းသို့ရောက်ပြီးချိန်တွင် မြစ်အမျိုးနှင့်၊ ချောင်းအမျိုးမျိုးတို့မှ ၀င်ရောက်လာသောရေများသည် “သမုဒ္ဒရာရေ”ဟူ၍သာလျင် နာမည်တစ်မျိုးတည်း ခံယူရပါသည်၊၊

မြစ်ချောင်းတို့သည် မိုးများလျင်ရေလျှံတက်ပြီး၊ ပတ်ဝန်းကျင်ရှိသက်ရှိသတ္တ၀ါတို့ ရေဘေးတွေ့ကြရပါ သည်၊၊ မိုးနည်းသည့်နှစ်များတွင်မူ ရေခမ်းသဖြင့် မြစ်ချောင်းကိုမှီခိုနေရသည့် သက်ရှိတို့ရေငတ်ဘေးဖြင့် ဆင်းရဲကြရပါသည်၊၊

သမုဒ္ဒရာကြီးများသည် မိုးများသဖြင့်ရေလျှံခြင်း၊ မိုးနည်းသဖြင့်ရေခမ်းခြောက်ခြင်း မရှိဘဲ၊ ရေပြင်အ တိုးအလျော့မရှိ တည်ငြိမ်လှပါသည်၊၊

သမုဒ္ဒရာကြီးများအထဲတွင် သဘာဝအလျောက်ဖြစ်တည်နေသည့် စိန်ရွှေငွေ၊ ကျောက်၊ နီလာ၊ သန္တာ၊ ပတ္တမြားစသည့် ရတနာအမျိုးမျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ 

သမုဒ္ဒရာကြီးများတွင်တည်ရှိနေသည့် ရေများသည် ဆားငန်အရသာတစ်မျိုးတည်းသာ ဖြစ်ကြပါသည်၊၊
သမုဒ္ဒရာကြီးများထဲတွင် ဧရာမကြီးမားသည့် ငါးကြီးများနှင့်၊ ရေသတ္တ၀ါအကြီးစားများသာ တည်ရှိရှင် သန်နိုင်ပါသည်၊၊ ဆွေးနွေးတင်ပြပြီးသည့် သမုဒ္ဒရာ၏ထူးခြားချက် အံ့ဖွယ်ရှစ်မျိုးကို စာရှုသူလေ့လာ သိမှတ်နိုင်ပြီဟု ယူဆပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြချက်များမှာ မဟာသမုဒ္ဒရာကြီးများ၏ ထူးခြားသည့်အင်္ဂါရှစ်မျိုး ဖြစ်ပါသည်၊၊ ယ္ခုအခါ သမုဒ္ဒရာနှင့်အလားတူ ဗုဒ္ဓမြတ်စွာသာသနာတော်၏ ထူးခြားသည့်အခြေအနေရှစ်မျိုး ကိုတင်ပြ ဆွေးနွေးအပ်ပါသည်၊၊

သာသနာတော်၏ ထူးခြားချက်ရှစ်မျိုးကို ကဗျာပညာရှင်များမှ မြန်မာကဗျာများရေးစပ်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်၊၊ စာရှုသူများအလွယ်တကူ လေ့လာရရှိနိုင်စေရန် ထင်ရှားသည့် “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊

“အစဉ်နက်ဝှန်း၊
ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊
တစ်မည်ဖြစ်ခြင်း၊
မယွင်းမတိုး၊
ဆယ်မျိုးရတနာ၊
ရသာဆားတူ၊
ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊”

“အစဉ်နက်ဝှန်း”
သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊ 

“ကမ်းကိုမလွန်”
သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊

“ရွံဖွယ်ဆယ်ပြစ်”
အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊

ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊

“တစ်မည်ဖြစ်ခြင်း”
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊

“မယွင်း၊ မတိုး”
နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊

“ဆယ်မျိုးရတနာ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊

“ရသာ ဆားတူ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊

“ကြီးသူနေရာ”
မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊

2013-ခုနှစ်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး အထူးဆောင်းပါးအဖြစ် “အလင်းစက်”စာဖတ်သူ များသို့ သာသနာတော်၏ထူးခြားချက်(၈)မျိုး၊ “အံ့ဖွယ်ရှစ်ဖြာသာသနာ”စာတမ်းကို တင်ပြဆွေးနွေး လိုက်ရပါသည်၊၊

“ပန်းပိတောက်ခိုင်ဝါတို့ ရွှေရည်လူးသည့် မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးမှသည် နှစ်ပေါင်းများစွာ ပျော်ရွင်ချမ်းမြေ့ကြပါစေ”ကြောင်း “အလင်းစက်အရှင်”မှ နှစ်ဦးဆုမွန်ချွေလျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊                ၊၊




အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP