Wednesday, October 20, 2010

ဘ၀မှ အနှစ်ကို ရှာဖွေခြင်း၊၊ ၊၊



တနေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေကြမ်းများပါ တိုက်ခတ်သည်၊၊ အရှင် အခန်းပြတင်းမှနေပြီး ပတ်ဝန်းကျင်ကို အကဲခပ်နေမိသည်၊၊ လေဒဏ်ကို မခံနိုင်ဘဲ သစ်ပင်ကြီးငယ်များစွာ ပြိုလဲကုန်သည်၊၊ တချို့သစ်ပင်ကြီးများမှာ အမြစ်မှပြိုလဲပြီး၊ တချို့သစ်ပင်များမှာ အကိုင်းမှ ပျတ်ကျိုးကုန်သည်၊၊
နာရီအတန်ကြာ မိုးနှင့်လေကြမ်းများ တိုက်ခတ်အပြီး ပြန်လည်၍ ရာသီဥတုသာယာ ကြည်လင်လာ သောအခါ လဲပြိုနေသော သစ်ပင်များနှင့် ကျိုးကျနေသော သစ်ကိုင်းများကို အရှင်သွားကြည့်မိသည်၊၊ လဲကျနေသော အချို့သစ်ပင်များမှာ ပင်စည်အတော်ကြီးသည်ကို သတိပြုမိသည်၊ ဤမျှလေဒဏ်လေး ကို သည်အပင်ကြီး ဘာလို့မခံနိုင်ပါလိမ့်….၊၊ ယိုင်နဲ့နဲ့ လဲမယောင်နှင့် ကျန်ရှိနေသော သစ်ပင်များကို တဖန်ကြည့်မိပြန်သည်၊၊ ပင်စည်သိပ်မကြီးသည့် သည်အပင်တွေကြတော့ ဘာလို့လေဒဏ်တွင် မလဲပြိုပါလိမ့်….၊၊ အတွေးလေးများ ၀င်လာမိသည်၊၊

ခဏကြာသောအခါ သစ်ပင်အလဲ အပြို၊ အကျိုး၊ အပဲ့များကို သန့်ရှင်းရေးလုပ်ရန် လူအများရောက် လာပြီး၊ ခုပ်သူ ခုတ်၊ လွှဖြင့် ဖြတ်သူ ဖြတ်၊ စတင်လုပ်ဆောင်ကြသည်၊၊ လဲကျနေသည့် အပင်အကြီး တစ်ပင်ကို လူနှစ်ယောက်က အပေါ်မှဖိထိုင်ပြီး နှစ်ယောက်က ဟိုဘက်သည်ဘက် လွှအကြီးစားဖြင့် တိုက်ဖြတ် နေကြသည်၊၊ အရှင်ကြည့်လိုက်သောအခါ သစ်တုံးကြီးအတွင်းမှ လွှစာများ တဖွားဖွား ထွက်ကျလာနေသည်ကို တွေ့ရသည်၊၊

လွှစာများကို လက်ဖြင့်ယူပြီး စမ်းသပ်ကြည့်သောအခါ လွှစာများမှာ မာကျောနေသည့် အတွေ့ကို မပြဘဲ၊ ဖွာနေသည့်အတွေ့ကိုသာ ပြသည်၊၊ လွှဆွဲနေသည့် သီရိလင်္ကာသား ဒကာလေးက “ဦးဇင်း ဒီအပင်ကြီးက သစ်ပွပင်ကြီးဖြစ်ကြောင်း၊ အနှစ်မပါကြောင်း၊ ထို့ကြောင့် လွှဆွဲရတာလွယ်ကူကြောင်း ပြောပြသည်၊၊”
သစ်ပင်အလဲများနှင့် အကြိုးအပဲ့များကို သန့်ရှင်း၍ ပြီးသွားသည်၊၊ ယိုင်နဲ့နဲ့ လဲမယောင်နှင့် မလဲဘဲကျန်နေသည့် အပင်ခပ်လတ်လတ်များကို လူနှစ်ယောက် သုံးယောက်ခန့်က ၀ိုင်းပြီးမတ်ထူ နေကြပြီး အလုပ်သမားများ အနားယူကြတော့သည်၊၊ “ဒကာလေး ဒီအပင်တွေကလည်း ယိုင်နေတာဆိုတော့ ကြည့်လို့မကောင်းတော့ပါဘူး၊ လွှနဲ့မဖြတ်ကြဘူးလားဗျ”လို့ အရှင်က မေးလိုက်သည်၊၊ “အရှင်ဘုရား မလုပ်နဲ့၊ ဒီအပင်တွေက ယိုင်သာ ယိုင်တာ ဘယ်တော့မှ မလဲဘူး၊ သူတို့ရဲ့ အခွံပါးပါး လေးတွေကလွဲရင် တပင်လုံးက အနှစ်တွေချည်းပဲ ဘုရား၊၊”

အရှင် အခန်းတွင်းပြန်ဝင်ပြီး စာရေးစားပွဲတွင် ထိုင်လိုက်သည်၊ အနှစ်နဲ့ပတ်သက်တဲ့ စာတမ်း တစ်ပုဒ်ရေး ချင်နေတာ Sources ရှာမရ ဖြစ်နေတာ၊ အခုမှရသည်၊၊ သုံးဆယ်မပြည့်သေးသည့် အရှင့်အသက် အရွယ်မှာ သိပ်ကြီးလှသည် မဟုက်သေး၊ အရှင်နှင့် ငယ်စဉ်က အတူကစားခဲ့သည့် ကစားဖော် သူငယ်ချင်းများကို မျက်စိထဲပြန်မြင်ကြည့်မိသည်၊ ဤမျှတိုတောင်းသည့် နှစ်များအတွင်းမှာပင်တချို့က လူလောကမှ အပြီးအပိုင် ထွက်ခွာသွားကြပြီ၊ တချို့က မိသားစုဘ၀တွင် ရောက်နေကြပြီ၊ တချို့လည်း ယောင်လည်လည် ဖြစ်နေကြပြန်သည်၊၊

ဘ၀တစ်ခုကို ရေရှည် မားမားမတ်မတ် ရပ်တည်နိုင်ရန် အရေးကြီးကြောင်း အတွေ့အကြုံများက သင်ပြ ထားသည်၊၊ ဘ၀ကို ထိပ်တန်းကျကျ ရပ်တည်နိုင်ရန် ဘာတွေလိုအပ်ပါလိမ့်…၊၊ အဖြေက သိပ်အခက် ကြီး မဟုက်၊ “အနှစ်ရှိဖို့ လိုအပ်သည်”ဟုဖြစ်သည်၊၊ ဟုတ်သည်၊၊ ဘ၀တစ်ခုခိုင်မာဖို့ တည်တည် ကြည်ကြည်ရှိဖို့ အနှစ်လိုအပ်သည်၊၊ အနှစ်မပါသော ဘ၀သည် အနှစ်မပါသည့် သစ်ပင်ပမာ သဘာဝ၏ဒဏ်၊ လောက၏ဒဏ်ကို မခံနိုင်ဘဲ အလွယ်တကူ လဲပြိုနိုင်သည်၊၊

ဟင်းကောင်းတစ်ခွက် စားရဖို့အတွက် ဟင်းအနှစ်ကျအောင် ချက်ပြုတ်တတ်ဖို့ အရေးကြီးကြောင်း အိမ်ရှင်မများ သိကြသည်၊၊ မှန်သည်၊ ဘ၀တစ်ခု တည်တည်ကြည်ကြည် လေးလေးနက်နက် ဖြစ်ဖို့လည်း အနှစ်လိုအပ်သည်၊၊ ပါဠိစာပေတွင် ဘ၀၏အနှစ် ခုနှစ်မျိုးရှိကြောင်း လေ့လာရသည်၊၊ ဘုရားဟော စာပေဖြစ်၍ မှန်သည်ဟုပင် ပြောရတော့မည်၊၊ အရှင်၏ အမြင်အရ ဘ၀အနှစ်ကို သုံးမျိုးရှိသည်ဟု သုံးသပ်မိသည်၊၊ ဤသုံးမျိုး ပိုင်ဆိုင်ထားလျင် အနှစ်ပြည့်ဝသူ၊ ဘ၀တစ်ခု အခြေကျသူဟု ခေါ်ဆိုနိုင်သည်ဟု မြင်မိသည်၊၊ အရှင်သုံးသပ်မိသည့် ဘ၀အနှစ် သုံးမျိုးမှာ---
(၁) ပညာ၊
(၂) ကိုယ်ကျင့်တရား၊
(၃) ငြိမ်းအေးမှု၊ တို့ဖြစ်သည်၊၊

ဘ၀တစ်ခု လူတစ်လုံး သူတစ်လုံးဖြင့် ရပ်တည်နိုင်ရန် ပညာရေး အဓိကလိုအပ်သည်၊၊ နယ်ပယ်တစ် ခုခုမှ ပညာတခုခုကို နှံ့စပ်ကျွမ်းကျင်ထားလျင် ဘ၀တစ်ခု ခိုင်မာပြီ၊ အနှစ်တမျိုးရှိပြီဟု ဆိုနိုင်သည်၊၊ မည်သည့်နယ်ပယ်ကမှ ပညာတခုခုကို မတတ်မြောက်ထားဘူးဆိုလျင် ထိုသူ၏ဘ၀ ခိုင်မာမှု မရှိတော့ပြီ၊ အနှစ်ရှိသော ဘ၀မဖြစ်နိုင်တော့ချေ၊၊ ပညာတခုကို တတ်မြောက်ထားသူနှင့် ပညာရပ် ဘာကိုမျှရေရေ ရာရာ မတတ်သူတို့မှာ အမူအရာအရပင် ကွာခြားသည်၊၊ စိတ်ပိုင်းဆိုင်ရာဖွင့်ဖြိုးမှုများတွင်လည်း အလိုအလျောက် ကွာခြားလာတော့သည်၊၊ ထို့ကြောင့် ပညာတခုခုကို အချိန်အတိုင်းအတာ တစ်ခုအတွင့် တတ်ကို တတ်မြောက်အောင် သင်ကြားသင့်သည်၊၊

ဆင်ခြေမျိုးစုံပြပြီး အချိန်အတိုင်းတာတခုကို ကုန်လွန်စေပြီး၊ ပညာမတတ်သူများသည် ဘ၀အနှစ်မရှိ သူများ ဖြစ်လာတော့သည်၊၊ ဘ၀တွင် ကျေနပ်ဖွယ် အဆင့်တစ်ခုကိုလည်း လက်လွှတ် လိုက်ရပြီဖြစ်မှန်း အရွယ်ကသက်သေ ပြုလာတတ်သည်၊၊ ဤသူမျိုးများမှာ စိတ်ကြိုက်နေရာတစ်ခုကို ပုံမဖော်နိုင်တော့ဘဲ ကံပေးသမျှဖြင့်သာ ဘ၀တစ်ခုကို ကျေနပ်လိုက်ရတော့သည်၊၊ ကိုယ့်ဘ၀ အနှစ်မရှိတော့ပြီ ဖြစ်မှန်းကိုလည်း လက်မခံလိုသည်ကြားကပင် လက်ခံလိုက်ရသည်၊၊ အောင်မြင်နေသည့် သူငယ်ချင်း များကို ငေးကြည့်နေရသည့် ဤအချိန်မျိုးတွင် နောင်တရရုံမှ အခြားလုပ်စရာလည်း မရှိတော့ပြီ၊၊

ယနေ့ခေတ်သည် ပညာရေးတိုးတက်သည့် ခေတ်ဖြစ်သည်၊၊ သင်ကြားလို၊ တတ်မြောက်လိုသည့် စိတ်ရှိဖို့သာလိုသည်၊ မတတ်မြောက်နိုင်သော ပညာရပ်ဟူ၍ကား မရှိတော့ပေ၊၊ မိမိဘ၀ကို အနှစ်ရှိရှိ တည်ဆောက်လိုလျင် ပညာတခုကို လုံးဝသေချာ တတ်မြောက်အောင်၊ ပြီးဆုံးအောင် ကြိုးစားရမည်၊၊
အချိန်အတိုင်းအတာ တစ်ခုအတွင်း ပညာတစ်ခုကို သင်ကြားတတ်မြောက်ပြီဆိုလျင် လိုအပ်သည့် ဘ၀အနှစ်တစ်ခုကို ရပြီဟု ဆိုနိုင်သည်၊၊ သို့သော် လုံးဝပြည့်စုံသွားပြီဟုကား မဆိုသာသေးချေ၊ အဘယ်ကြောင့်ဆိုသော်“ကိုယ်ကျင့်တရား အနားမပါသော ပညာရေးသည် ကောက်ကျစ်မှု သက်သက်သာ ဖြစ်သည်”ဟု ဆိုထားသောကြောင့် ဖြစ်သည်၊၊ ထို့ကြောင့် ပညာရေးအပြင် ကိုယ်ကျင့် တရားသည်လည်း ဘ၀၏ မရှိမဖြစ် အနှစ်တခုဖြစ်လာပြန်သည်၊၊ ပညာတတ်ပြီး ဘ၀ကို ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ရန် ကိုယ်ကျင့်တရား ရှိဖို့လည်း လိုလာပြန်သည်၊၊ ကိုယ်ကျင့်တရား ကောင်းကောင်း ရရှိရေးကိုမူ သက်ဆိုင်ရာ ဘာသာအယူများက သင်ကြားပေးတတ်ပါသည်၊၊

ယနေ့ခေတ်သည် ပညာရေး တိုးတက်သော ခေတ်ဖြစ်သည်ဟု ဆိုနိုင်သည်၊၊ ပညာရေးဘက်တွင် တိုးတက်သည့် ပညာတတ်များလည်းများသည်၊၊ သို့သော် ကိုယ်ကျင့်တရားပိုင်းတွင်မူ တိုးတက်မှု နည်းသည်၊၊ ပညာရေးနှင့် ဘာသာရေး ဟန်ချက်မညီမှုကို ပြသမှုတစ်ရပ်လည်း ဖြစ်သည်၊၊ ကျောင်းပညာတတ်ပြီး မိဘကျေးဇူး၊ ဆရာကျေးဇူး၊ မိသားစုကျေးဇူးနှင့် ပတ်ဝန်းကျင်ကျေးဇူး မသိတတ်လျင် ထို ပညာတတ်သူများကို အနှစ်ရှိသူများဟုခေါ်ဆိုရန် ခက်သည်၊၊ ကိုယ်ကျင့်တရားသည် နယ်ပယ်ကျယ် ၀န်းလှသည်၊၊ စစ်မှန်သော ပညာရေး၏ ပန်းတိုင်မှာ ပညာတတ်လေလေ ကိုယ်ကျင့်တရား တိုးတက် လေလေ၊ ဖြူစင်လေလေ ဖြစ်ရမည်ဖြစ်သည်၊၊

ကိုယ်ကျင့်တရား ဘောင်မရှိသော ပညာရေးသည် မျောက်လက်ထဲ မီးစရောက်သည်နှင့် တူသည်ဟု ဟိန္ဒူဘာသာရေး ကျမ်းများကဆိုသည်၊၊ ကိုယ်ကျင့်တရားကို စံမပြုသည့် ပညာတတ်မိသားစုဝင် တစ်ဦးရှိသော မိသားစုမှာ ထိုပညာတတ်ဆိုသူ၏ အမျိုးမျိုးပညာပြမှုကို ရင်စည်းခံကြရတော့သည်၊၊ ထို့ကြောင့် ပညာရေးဟူသည် ကိုယ်ကျင့်တရားဖြင့် ဘောင်ခတ်နိုင်မှ လိုရာပန်းတိုင်ရောက်ပြီး အများအကျိုးကိုလည်း သယ်ပိုးနိုင်သည်၊၊ သို့မဟုက်လျင်မူ အများကို ဒုက္ခပေးသည့် ပညာတတ်များ ဖြစ်လာတတ်သည်၊၊ ဤကဲ့သို့သော ပညာတတ်များကို ယနေ့ကမ္ဘာတွင် များစွာတွေ့နိုင်သည်၊၊

ပညာတတ်ပြီး ကိုယ်ကျင့်တရားလည်း ကောင်းမွန်သည့်သူတစ်ယောက် မိသားစုနှင့် ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာပြီဆိုလျင် ထိုမိသားစု ပတ်ဝန်းကျင်တခုလုံး ချမ်းသာကြရတော့သည်၊၊ “သူတော် ကောင်း” ဆိုသည်မှာ ဤကဲ့သို့သော သူမျိုးများကို ဆိုလိုဟန်ရှိသည်၊၊ ပညာတော်ပြီး ကိုယ်ကျင့်တရား ကောင်းသည့် သူများဟု ဆိုရမည်၊၊ ပါဠိစာပေတွင် “ပညာတတ်ပြီး ကိုယ်ကျင့်တရား ကောင်းသူတစ်ယောက် ပေါ်ပေါက်လာလျင် ထိုအရပ်ဒေသ ချမ်းသာ၊ တိုးတက်ရကြောင်း” ဖော်ပြထားသည်၊၊

ပညာနှင့် ကိုယ်ကျင့်တရား ပြည့်စုံလာပြီဆိုလျင် ဘ၀တွင် အနှစ်ပြည့်လုလု ဖြစ်လာပြီ ဖြစ်သည်၊၊ ပညာဖြင့် ဘ၀ကို စနစ်တကျတည်ဆောက်နိုင်ပြီး၊ ကိုယ်ကျင့်တရားဖြင့် ဘ၀တွင် အပြစ်အနာအဆာ ကင်းလာမည် ဖြစ်သည်၊၊ အတော်အတန် ဘ၀မုန်တိုင်း တိုက်ခတ်ရုံဖြင့် မရှုံးနိမ့်နိုင်တော့ချေ၊၊ လောကဓံကို ခံနိုင်လာပြီဟု ဆိုလိုသည်၊၊ သို့သော် ပညာနှင့် ကိုယ်ကျင့်တရားသည် ဘ၀၏ ပန်းတိုင်ဟု မခေါ်နိုင်၊၊ ပညာရေးနှင့် ကိုယ်ကျင့်တရားတို့၏ ပန်းတိုင်မှာ ဘ၀ငြိမ်းအေးမှု ဖြစ်သည်၊၊

ကိုယ်တတ်ထားသည့် ပညာနှင့် ကိုယ်ကျင့်နေသည့် ကိုယ်ကျင့်တရားသည် ကိုယ့်အတွက် မျောက်လက် မီးခဲရထားသလို ပူလောင်နေရလျင် ထိုပညာနှင့် ကိုယ်ကျင့်တရားသည် အဓိပ္ပါယ်မရှိ၊ ကိုယ် သင်ထားသည့် ပညာသည် ကိုယ့်ဘ၀ကို ငြိမ်းအေးစေရမည်၊၊ ကိုယ့် ကိုယ်ကျင့်တရားသည် လည်း ကိုယ့်ဘ၀ကို ငြိမ်းအေးစေသင့်သည်၊၊ မိမိတတ်မြောက်ထားသည့် ပညာသည် မိမိဘ၀ကို ငြိမ်းအေးမှုပေး၊ မပေးကိုလည်း ဆင်ခြင်သုံးသပ်သင့်သည်၊၊

ပညာလည်းတတ် ကိုယ်ကျင့်တရားလည်း တိုးတက်ပြီး၊ ငြိမ်းအေးသည့် ဘ၀ကိုလည်းရလာပြီဆိုလျင် ဘ၀တစ်ခု လုံးဝအနှစ်ပြည့်သွားပြီ ဖြစ်သည်၊၊ အဓိပ္ပါယ်ရှိသောဘ၀၊ အနှစ်ပြည့်သော ဘ၀ဟု ခေါ်နိုင်ပြီ ဖြစ်သည်၊၊ အနှစ်ဖြင့် ပြည့်ဝနေသည့် သစ်ပင်ကို လေဒဏ် မိုးဒဏ်တို့ မလဲပြိုစေနိုင်သလို၊ အနှစ်ဖြင့် ပြည့်ဝနေသည့် လူတစ်ယောက်၏ ဘ၀ကိုလည်း ပတ်ဝန်းကျင် အခြေအနေ အကျပ်အတည်းများက ရှုံးနိမ့်သွားအောင် မပြုနိုင်တော့ချေ၊၊ ဘ၀သည် တိုးတက်သည်ထက် တိုးတက်ပြီး ငြိမ်းအေးလာသည်၊၊ အနှစ်ရှိသော ဘ၀ဟူသည်ကို အကောင်းဆုံး ပုံဖော်လာနိုင်ပြီ ဖြစ်သည်၊၊ ပညာ၊ ကိုယ်ကျင့်တရား၊ ငြိမ်းအေးမှု၊ သုံးမျိုး ညီမျှလာသောအခါ ဘ၀အနှစ်ပြည့်သည်ဟု မှတ်ယူရမည် ဖြစ်သည်၊၊ “အလင်း စက်” စာဖတ်သူများအားလုံး ဘ၀ကို အနှစ်အသား ပြည့်ပြည့်ဖြင့် ပုံဖော်နိုင်ပါစေလို့ ဆန္ဒပြုလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အလင်း စက်
(၂၀.၁၀.၂၀၁၀)

2 comments:

Anonymous October 25, 2010 at 5:40 AM  

အပြန်ပြန် အလှန်လှန်ဖတ်ရင်းးးး အားကျမှုများနှင့်အတူ
အနှစ်သာရနှင့် ပြည့်စုံသော ဘဝတစ်ခု ထူထောင်နိုင်ထား
ပြီလားဟု ကိုယ့်ဘာသာ ပြန်မေးရင်းးး
တပည့်တော် အများကြီး ကြိုးစားသွားရပါအုန်းမည်။
အရမ်းကို သဘောကျမိတဲ့ Post လေးတစ်ခုပါ။
ရိုသေလေးစားခြင်းများစွာနှင့်.....ခင်မာလာအောင်....:)

Crystal November 3, 2010 at 2:20 AM  

တကယ့်ကို အဆီအနှစ်ပြည့်ဝတဲ့ စာပါဘုရား။ တပည့်တော်လည်း ကြိုးစားသွားပါဦးမယ်ဘုရား။

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP