Wednesday, October 27, 2010

သတိပဋ္ဌာန် မိတ်ဆက်၊၊ ၊၊



မိုးလင်း လာတယ်၊ မျက်နှာသစ်၊ နံနက်က်စာ စား၊ အလုပ်သွား၊ လုပ်ငန်းခွင် ၀င်၊ ညနေစာ စား၊ ည အိပ်၊ ………………….......၊
မိုးလင်း လာတယ်၊ မျက်နှစ်သစ်၊ နံနက်က်စာ စား၊ အလုပ်သွား၊ လုပ်ငန်းခွင် ၀င်၊ ညနေစာ စား၊ ည အိပ်၊ …………………ဒါက နေ့စဉ် ဘ၀သံသရာ၊၊

ကလေးတစ်ယောက် မွေးဖွားလာတယ်၊ အသက်ရှင်ဖို့ အပြု အစုကို ခံယူရတယ်၊ ကျောင်းတက်တယ်၊ မိသားစုဘ၀ကို တည်ထောင်တယ်၊ သေဆုံးတယ်၊…………………၊
ကလေးတစ်ယောက် မွေးဖွားလာတယ်၊ အသက်ရှင်ဖို့ အပြု အစုကို ခံယူရတယ်၊ ကျောင်းတက်တယ်၊ မိသားစုဘ၀ကို တည်ထောင်တယ်၊ သေဆုံးတယ်၊ ဒါက ဘ၀တစ်ခုတိုင်းရဲ့ သံသရာ၊၊

နေ့စဉ်ဘ၀နှင့် ဘ၀တစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ လူတို့၏ဘ၀သည် ထူး၍မခြားနားသည်ကို သိနိုင်သည်၊၊ ရိုးစင်းသည့် ဤဘ၀လေးထဲမှာပင် ရှုပ်ထွေးလှသည့် အခက်အခဲများကို လူတို့နေ့စဉ် ရင်ဆိုင်နေကြရသည်၊၊ အကျပ်အတည်းများကို ကျော်လွန်နိုင်၍ ဘ၀အောင်မြင်သူများ ရှိသလို၊ အခက် အခဲ အကျပ်အတည်းများ အကြားတွင် မရုံးသာ မဖယ်သာဘဲ ဘ၀ကိုအရှုံးနှင့် အဆုံးသတ် သွားရသူများလည်း ရှိသည်၊၊

စာသင်ကျောင်းနှင့် တက္ကသိုလ်သို့ တက်ရောက်သဖြင့် အောင်လက်မှတ်နှင့် ဘွဲ့ဒီဂရီတို့ ရသည်၊ ပညာတတ်ဟု အသိအမှတ်ပြု ခံလာရသည်၊၊ အလုပ် လုပ်သဖြင့် ငွေကြေး အမြတ်အစွန်းကို ရသည်၊ ချမ်းသာသူအဖြစ် အသိအမှတ်ပြုခံလာရသည်၊ ဘ၀နေသာ ထိုင်သာရှိလာသည်၊၊ ခက်သည်က ရလာသည့် အောင်လက်မှတ်နှင့် ဘွဲ့ဒီဂရီတို့သည် ရံခါများစွာတွင် လိုချင်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ ကွက်လပ်ကို ဖြည့်ဆည်း မပေးနိုင်ခြင်း ဖြစ်သည်၊၊ ရလာသည့် စီးပွားဥစ္စာကလည်း ထိုးနည်း လည်းကောင်းပင်၊ လိုချင်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများကို ဖြည့်ဆည်းမပေးနိုင်၊၊

ဤသို့ဆိုလျင် အများတကာ ထင်မြင်ယူဆနေကြသည့် ဘွဲ့ဒီဂရီနှင့် စီးပွားဥစ္စာတို့သည် ဘ၀၏လိုအပ် ချက်အားလုံးကို အပြည့်အစုံ အဖြေမပေးနိုင်ကြောင်း ထင်ရှားသည်၊၊ ပညာတတ်ဟု အသိအမှတ်ပြု ထားသည့် ဘွဲ့ဒီဂရီနှင့်၊ စီးပွားဥစ္စာဆိုသည်ကလည်း ဘ၀တွင်မရှိ၍ မဖြစ်ပြန်၊၊ ဤသို့ဆိုလျင် ဘ၀ပြဿနာကို အပြည့်အ၀အဖြေပေးနိုင်ဖို့ နောက်ထပ်တစ်စုံတရာကို ရှာကြည့်သင့်သေးသည်၊၊

အရှင်အနေဖြင့် သတိပဌာန်ကျင့်စဉ်ကို လူ့ဘ၀၏ စိတ်ပိုင်းဆိုင်ရာ ဟာကွက်များကို အဖြေရှာရန် အကောင်းဆုံး ကျင့်စဉ်တစ်ခုဟု မြင်သည်၊၊ စိတ်ပိုင်းဆိုင်ရာ ဟာကွက်ဆိုရာတွင် အထီးကျန်မှု၊ စိတ်ရှုပ်ထွေး နောက်ကျိမှု၊ မကျေနပ်မှု၊ မတင်းတိမ်နိုင်မှု၊ အလိုစိတ်များ များပြားလာမှု၊ စိတ်ကျဉ်းကျပ်မှု၊ မနှစ်သက်မှု၊ မုန်းတီးမှု၊ နာကျဉ်းမှုစသည်တို့ ပါဝင်သည်၊၊ ဤသတိပဌာန်ကျင့်စဉ်ကို မြတ်စွာဘုရားရှင်သည် ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတွင် မဟာသတိပဌာနသုတ် အမည်ဖြင့် ဟောကြား ထားပါသည်၊၊ ဘုရားရှင်သည် သတိပဌာန်ကျင့်စဉ်ကို မသင်ပြမှီ သတိပဌာန်ကျင့်စဉ်ကို ကျင့်သုံး သောအားဖြင့် အကျိုး(၅)မျိုးကို အရင်ညွန်ပြထားသည်၊၊

(၁) သန့်ရှင်းသည့် စိတ်အစဉ်ကို ရစေတတ်သည်၊၊
(၂) ပူဆွေးမှု၊ ငိုကြွေးမှုကို ပြီးဆုံးစေတတ်သည်၊
(၃) ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုကို ရပ်တန့်စေတတ်သည်၊
(၄) မှန်ကန် တိကျသည့် ပညာကို ရစေတတ်သည်၊
(၅) နိဗ္ဗာန်ကို ရစေတတ်သည်၊


အထက်တွင် ဖော်ပြခဲ့သည့် အကျိုးငါးမျိုးကို အသေးစိတ် ကြည့်ကြရအောင်ပါ၊၊ လူတို့၏စိတ်သည် ပင်ကိုယ်မူလအားဖြင့် ပုဝါအဖြူလေးများနှင့် တူသည်၊ အလွန်ဖြူစင်သည်ဟု ဆိုပါသည်၊၊ အဖြူရောင်၏ သဘာဝအတိုင်း အညစ်အကြေးစွန်းထင်းရန် လွယ်ကူသည်၊၊ လူတို့၏စိတ်သည်လည်း အမှားတစ်ခုမှ စတင်ပြီး၊ များစွာမရေတွက်နိုင်သော အမှားများကို သိ၍ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ ကျူးလွန်နေတတ်သည်၊ ဤအမှားများကပင် လူသား၏စိတ်ပိုင်းဆိုင်ရာကို အရောင်မျိုးစုံအောင် ရေးချယ်သွားတော့သည်၊၊

အဖြူရောင် စိတ်အဖြစ်မှ အရောင်မျိုးစုံစွန်းထင်းသည့် ဘ၀ကိုပိုင်ဆိုင်လာရသော လူသားသည် မိမိ၏ မဖြူစင်တော့သည့် အဖြစ်ကို မိမိဘာသာသိနေပြီး၊ ကိုယ့်ဘ၀ကို မသတီတော့သည့် အခြေအနေများ ဖြစ်လာသည်၊၊ သတိပဌာန်ကျင့်စဉ်သည် အညစ်အကြေး စွန်းထင်းနေသည့် လူသား၏ စိတ်အစဉ်ကို သန့်ရှင်းစေတတ်သည်ဟု ပါဠိမှတ်တမ်းတွင် လေ့လာရသည်၊၊ ပါဠိစာပေတွင် ဤဖော်ပြချက်ကို “သတ္တာနံ ၀ိသုဒ္ဓိယာ”ဟု တွေ့ရသည်၊၊

မြန်မာစကားတွင်“အပူရုပ်ကို ဟန်လုပ်နေရသည်”ဟူသော စကားတစ်ခုရှိသည်၊ မှန်သည်၊၊ လူတို့၏ နေ့စဉ် ဘ၀တွင် အပျော်ဆိုသည်ထက် ပူပင်စရာများကသာ တနေ့ထက် တနေ့ တိုးလာနေသည်၊၊ စိတ်နှလုံးတွင် ပူလွန်းသည့် ဒဏ်ကို မခံမရက်နိုင်သည့်အခါ မျက်ဝန်းအိမ်မှ မျက်ရေစများအဖြစ် ကျလာရတော့သည်၊၊ လူရှေ့သူရှေ့ ချမပြရဲသည့် ထိုမျက်ရေစများတို့သည် အိပ်စက်ရာ ခေါင်းအုံး ထက်တွင် စုပုံကုန်တော့သည်၊၊
တချို့က အပူရုပ်ကို ဟန်လုပ်ပြီး ပြရဲသေးသည်၊ အပူရုပ်ကို ဟန်သော်မှ လုပ်၍ မပြရဲသောသူတို့သည် မိမိအပူရုပ်ကို လူမြင်မခံဝံ့တော့ဘဲ အခန်းအောင်းသမားဘ၀သို့ပင် ရောက်နေကြရပြန်သည်၊၊ သတိ ပဌာန်ကျင့်စဉ်သည် ထိုအပူရုပ်များကို ကြည်လင်လာစေတတ်ပြီး၊ သုတ်ပေးမည့်သူမရှိသည့် မျက်ရေစ များကိုလည်း ထာဝရခမ်းခြောက်သွားစေတတ်သည်ဟု မဟာသတိပဌာနသုတ် ပါဠိမူရင်း တွင် လေ့ လာရပါသည်၊၊ ဤဖော်ပြချက်ကို “သောက ပရိဒေ၀ါနံ သမတိက္ကမာယ”ဟု မူရင်းပါဠိတွင် လေ့လာ နိုင်သည်၊၊

လူတို့၏ဘ၀တွင် ချမ်းချမ်းသာသာ နေရသောအချိန်ထက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရသော အချိန်က ပိုများကြောင်း နေ့စဉ်ဘ၀ဖြတ်သန်းမှုများက သက်သေပြုနေသည်၊၊ ဆင်းရဲဆိုရာတွင် တခါတရံ မရှိ၍ ဆင်းရဲသည်၊ တခါတရံ ရှိ၍ ဆင်းရဲသည်၊ မည်သည့် ဆင်းရဲမျှ ချိုသည်မရှိ၊ ခါးသက် သည်သာ၊၊ မရှိသည့် ဆင်းရဲဒဏ်ကို ကျော်လွန်ချင်လွန်း၍ မရိုးမသား စီးပွားရှာမိရာမှ နာမည်ပျက်၊ ဂုဏ်သိက္ခာကျရုံမျှမက ထောင်တွင်ဘ၀ဆုံးရသူများလည်း ရှိသည်၊၊ ရှိသည့်ဒဏ်ကို မခံနိုင်၍ အိပ်ဆေး များစွာသောက်ပြီး ဘ၀အဆုံးသတ်ကြသည့် ဘီလျံနာ၊ မီလျံနာသူဌေးကြီးများအကြောင်းနှင့် suicide လုပ်ကြသော ဓနရှင်ကြီးအကြောင်းကိုလည်း မကြာခဏ ကြားသိနေရပြန်သည်၊၊ သို့ဆိုလျင် ရှိခြင်းရော မရှိခြင်းပါ ဆင်းရဲများသာ ဖြစ်ကြောင်း သိသာသည်၊၊
သတိပဌာန်ကျင့်စဉ်သည် ရှိဆင်းရဲနှင့် မရှိဆင်းရဲနှစ်မျိုးမှ ကျော်လွန်စေတတ်ပြီး ပကတိချမ်းသာ အစစ်ကို ရစေတတ်သည်ဟု ဆိုပါသည်၊၊ ဤဖော်ပြချက်ကို ပါဠိမူရင်းတွင်“ဒုက္ခ သမတိက္ကမာယ”ဟု တွေ့ရပါသည်၊၊

လူဟူသည် ဘ၀တွင် အသက်နှင့်လူလုပ်သည်ဆိုသည်ထက် အချိန်များစွာတွင် ဂုဏ်သိက္ခာဖြင့် လူလုပ်နေကြရသည်၊၊ မိမိဂုဏ်သိက္ခာကို ပျက်စီးစေသည့် အပြောအဆို အပြုအမူများကို ထိပ်တိုက်ခံရ သောအခါ အမျက်ထွက်ခြင်း၊ စိတ်အတွင်း မခံမရက်နိုင်ဖြစ်ခြင်းများ ဖြစ်လာရသည်၊၊ လက်စားချေသည့် အဆင့်အထိ ရောက်သော အမျက်ထွက်မှု၊ လက်စားချေခွင့်မရသော စိတ်အတွင်းတွင် တနုံ့နုံ့ခံ စားရမှုများသည်လည်း လူသားတို့တွင် ခံစားနေကြရသည်၊၊ ဤစိတ်အခြေအနေများသည် တဘက်သူကိုထက် ခံစားနေရသည့် မိမိကို အရင်လောင်ကျွမ်းစေသည်၊၊ သတိပဌာန်ကျင့်စဉ်သည် ထိုစိတ်မခံ မရက်နိုင်ဖြစ်မှု များကို ငြိမ်းအေးစေတတ်သည်ဟု ဆိုပါသည်၊၊ ဤဖော်ပြချက်ကို “ဒေါမနဿာနံ သမတိက္ကမာယ” ဟုတွေ့ရ ပါသည်၊၊

တကယ် စစ်မှန်သည့် ပညာကို တတ်သွားကြသည့် အရိယာများမှာ သူတို့၏ဘ၀ကို နှိမ်ချသည်ထက် နှိမ်ချပြီး နေသွားကြသည်ကို ပါဠိစာပေနေရာများစွာတွင် လေ့လာရသည်၊၊ လောဘ ဒေါသ မောဟတို့လည်း အလွန်နည်းသွားကြသည်ကို တွေ့ရသည်၊၊ ယနေ့ခေတ် ပညာတတ်ဆိုသူများသည် သူတို့၏ဘ၀ကို ထည်ဝါသည်ထက် ထည်ဝါအောင် နေပြတတ်ကြသည်၊၊ လောဘ ဒေါသ မောဟတို့လည်း သာမာန်လူတို့ထက် ပိုများနေဟန် တွေ့ရပြန်သည်၊၊ ဤအခြေအနေတွင် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ မဖြစ်တော့ဘဲ အထီးကျန်ဆန်လွန်းသည့် ဘ၀သို့ရောက်ကြရသော ပညာတတ်ဆိုသူများစွာကို လည်း တွေ့ရသေးသည်၊၊ မှန်ကန်သည့် ပညာတတ်တို့၏ သဘောထားကို မပိုင်ဆိုင်သေးကြောင်း သက်သေပြုသော အခြေအနေ တစ်ရပ်ဖြစ်သည်၊၊
သတိပဌာန်ကျင့်စဉ်သည် မာန်မာနကင်းပြီး၊ လောဘ ဒေါသ မောဟတို့နည်းပါးသော ပညာကို တတ်စေတတ်သည့် သတ္တိရှိသည်ဟုလည်း ဆိုပါသည်၊၊ ဤဖော်ပြချက်ကို ပါဠိမူရင်းတွင်“ဉာယဿ အဓိဂမာယ”ဟုတွေ့ရသည်၊၊

ဘာသာတရား(Religion)တိုင်းတွင် ပန်းတိုင်ရှိကြသည်၊ ဗုဒ္ဓဘာသာ၏ ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်၊၊ နိဗ္ဗာန် မည်မျှ ချမ်းသာသည်၊ အေးချမ်းသည်၊ မည်မျှကောင်းသည့် အရသာဖြစ်သည်ဟု ဂုဏ်တင်နေရလျင် ရွှေဖလားကို ငွေအနားကွပ်သကဲ့သို့သာ ဖြစ်ချေတော့မည်၊၊ သာမန်ဘ၀ ပန်းတိုင်လေးများပင် ရရှိသူကို မည်မျှချမ်းသာစေကြောင်း ကျေနပ်အားရစေကြောင်း ရဖူးသူတိုင်း သိကြသည်၊၊ နိဗ္ဗာန်၏ ဂုဏ်ထူးများစွာကို အက္ခရာဝေါဟာရဖြင့် ဖော်ပြ၍ မဖြစ်နိုင်ချေ၊၊ ဤမျှ ပြည့်စုံသည့် နိဗ္ဗာန်ဟူသော ဘ၀ပန်းတိုင်ကိုလည်း သတိပဌာန်ကျင့်စဉ်ကို ကျင့်သုံးခြင်းက ပေးစွမ်းနိုင်ကြောင်း ဆိုပါသည်၊၊ ဤဖော်ပြချက်ကို “နိဗ္ဗာနဿ သစ္ဆိကရိယာယ”ဟု သင်ပြထားပါ သည်၊၊

အရှင် သတိပဌာန်ကျင့်စဉ်အကျိုးများကို ဤမျှအလေးအနက် တင်ပြလာသည်မှာ လူတိုင်း သတိ ပဌာန်အကျင့်ကို ကျင့်သုံးစေချင်၍ ဖြစ်သည်၊၊ ဘာသာအယူ ပြောင်းနေစရာ မလိုဘဲ ဘာသာတိုင်း ကျင့်သုံးနိုင်သော ကျင့်စဉ်ဖြစ်ပြီး၊ အကျိုးခံစားနိုင်သော အကျင့်ဖြစ်သည်၊၊ သတိပဌာန်အလေ့အကျင့် ရှိသောသူများသည် ပြဿနာအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာတွင်လည်း သာမန်လူတို့ထက် တည်ငြိမ်၊ အေးဆေးသည်ကို အတွေ့အကြုံအရ သိရပါသည်၊၊

လူတို့၏ ဘ၀တွင် စီးပွားဥစ္စာလိုအပ်သည်၊
ပညာတတ်ဟု အသိမှတ်ပြုသည့် ဘွဲ့ဒီဂရီတို့ လိုအပ်သည်၊
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက် သတိပဌာန် လိုအပ်သည်၊၊

သတိပဌာန်အကျင့်ဟု ဆိုသဖြင့် လူသူမနီးသည့် တောကြီး မြက်မည်းထဲတွင် တစ်ယောက်တည်း သစ်ပင်အောက်တွင် ကျင့်သုံးရသည့် ကျင့်စဉ်တစ်ခုဟု မထင်စေလိုပါ၊ လူအသွင်ကို ခွာပြီး ရသေ့ ရဟန်းအသွင်ပြောင်းပြီးမှ ကျင့်လို့ရသည့် အကျင့်ဟုလည်း မထင်မှတ်စေလိုပါ၊ ယ္ခုလက်ရှိအသွင်ဖြင့် နေ့စဉ် အလုပ်များကို လုပ်ကိုင်နေရင်း ကျင့်သုံး၍ရသော အကျင့်ဖြစ်ပါသည်၊၊

သတိပဌာန် မိတ်ဆက်သည် ဤမျှဖြင့် ပြည့်စုံပြီဟု ထင်ပါသည်၊၊ အရှင်၏ ဤစာတမ်းမှာ သတိပဌာန် အကျင့်ကို စာဖတ်သူတို့ ကျင့်သုံးစေချင်၍ မိတ်ဆက်ရုံမျှ ဖြစ်ပါသည်၊ သတိပဌာန်ကျင့်သုံးနည်း အပြည့်အစုံကို တင်ပြရန် မဟုက်ပါ၊၊ ကျင့်သုံးနည်းများကို ဖော်ပြထားသည့် အင်္ဂလိပ် ဘာသာပြန် စာအုပ်၊ မြန်မာ စာအုပ်များစွာ ရှိပါသည်၊ ထိုထို ဆရာပေါင်းများစွာတို့ သင်ပြထားသည့် ရုပ်/သံဖိုင် များစွာလည်း ရှိပါသည်၊၊ ရှာဖွေ လေ့လာပြီး ကျင့်သုံးကြရန် ဖြစ်ပါသည်၊၊

သတိပဌာန်အကျင့်၏ အကျိုးအားလုံးကို စကားတစ်လုံးတည်းဖြင့် အကျဉ်းချုပ်ရလျင် “စိတ်ပိုင်းဆိုင်ရာ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်သည်”ဟူ၍ ဖြစ်ပါသည်၊၊ ဘ၀ဟူသည်ကလည်း ကိုယ်ကာယ ချမ်းသာ နေကာမျှဖြင့် မပြည့်စုံ၊ စိတ်ပိုင်းဆိုင်ရာများပါ ချမ်းသာ အေးချမ်းနေကာမှ အပြီးတိုင် ပြည့်စုံသည်၊၊ ကိုယ်ကာယ ချမ်းသာမှုအတွက် စီးပွားဥစ္စာနှင့် ပညာတတ် အသိမှတ်ပြု ဘွဲ့ဒီဂရီများက တာဝန်ယူကြပေမည်၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက်မူ သတိပဌာန်အကျင့်က အာမခံပေးနိုင်ကြောင်း တင်ပြလိုက်ပါသည်၊၊

“အလင်း စက်”စာဖတ်သူများရော“အလင်း စက်”စာကို မဖတ်သူများပါ၊ ကိုယ်ကာယရော စိတ်ပိုင်းဆိုင်ရာပါ ချမ်းသာကြပါစေ…………..၊၊

အလင်း စက်
(၂၇.၁၀.၂၀၁၀)

အပြည့်အစုံသို့....

Wednesday, October 20, 2010

ဘ၀မှ အနှစ်ကို ရှာဖွေခြင်း၊၊ ၊၊



တနေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေကြမ်းများပါ တိုက်ခတ်သည်၊၊ အရှင် အခန်းပြတင်းမှနေပြီး ပတ်ဝန်းကျင်ကို အကဲခပ်နေမိသည်၊၊ လေဒဏ်ကို မခံနိုင်ဘဲ သစ်ပင်ကြီးငယ်များစွာ ပြိုလဲကုန်သည်၊၊ တချို့သစ်ပင်ကြီးများမှာ အမြစ်မှပြိုလဲပြီး၊ တချို့သစ်ပင်များမှာ အကိုင်းမှ ပျတ်ကျိုးကုန်သည်၊၊
နာရီအတန်ကြာ မိုးနှင့်လေကြမ်းများ တိုက်ခတ်အပြီး ပြန်လည်၍ ရာသီဥတုသာယာ ကြည်လင်လာ သောအခါ လဲပြိုနေသော သစ်ပင်များနှင့် ကျိုးကျနေသော သစ်ကိုင်းများကို အရှင်သွားကြည့်မိသည်၊၊ လဲကျနေသော အချို့သစ်ပင်များမှာ ပင်စည်အတော်ကြီးသည်ကို သတိပြုမိသည်၊ ဤမျှလေဒဏ်လေး ကို သည်အပင်ကြီး ဘာလို့မခံနိုင်ပါလိမ့်….၊၊ ယိုင်နဲ့နဲ့ လဲမယောင်နှင့် ကျန်ရှိနေသော သစ်ပင်များကို တဖန်ကြည့်မိပြန်သည်၊၊ ပင်စည်သိပ်မကြီးသည့် သည်အပင်တွေကြတော့ ဘာလို့လေဒဏ်တွင် မလဲပြိုပါလိမ့်….၊၊ အတွေးလေးများ ၀င်လာမိသည်၊၊

ခဏကြာသောအခါ သစ်ပင်အလဲ အပြို၊ အကျိုး၊ အပဲ့များကို သန့်ရှင်းရေးလုပ်ရန် လူအများရောက် လာပြီး၊ ခုပ်သူ ခုတ်၊ လွှဖြင့် ဖြတ်သူ ဖြတ်၊ စတင်လုပ်ဆောင်ကြသည်၊၊ လဲကျနေသည့် အပင်အကြီး တစ်ပင်ကို လူနှစ်ယောက်က အပေါ်မှဖိထိုင်ပြီး နှစ်ယောက်က ဟိုဘက်သည်ဘက် လွှအကြီးစားဖြင့် တိုက်ဖြတ် နေကြသည်၊၊ အရှင်ကြည့်လိုက်သောအခါ သစ်တုံးကြီးအတွင်းမှ လွှစာများ တဖွားဖွား ထွက်ကျလာနေသည်ကို တွေ့ရသည်၊၊

လွှစာများကို လက်ဖြင့်ယူပြီး စမ်းသပ်ကြည့်သောအခါ လွှစာများမှာ မာကျောနေသည့် အတွေ့ကို မပြဘဲ၊ ဖွာနေသည့်အတွေ့ကိုသာ ပြသည်၊၊ လွှဆွဲနေသည့် သီရိလင်္ကာသား ဒကာလေးက “ဦးဇင်း ဒီအပင်ကြီးက သစ်ပွပင်ကြီးဖြစ်ကြောင်း၊ အနှစ်မပါကြောင်း၊ ထို့ကြောင့် လွှဆွဲရတာလွယ်ကူကြောင်း ပြောပြသည်၊၊”
သစ်ပင်အလဲများနှင့် အကြိုးအပဲ့များကို သန့်ရှင်း၍ ပြီးသွားသည်၊၊ ယိုင်နဲ့နဲ့ လဲမယောင်နှင့် မလဲဘဲကျန်နေသည့် အပင်ခပ်လတ်လတ်များကို လူနှစ်ယောက် သုံးယောက်ခန့်က ၀ိုင်းပြီးမတ်ထူ နေကြပြီး အလုပ်သမားများ အနားယူကြတော့သည်၊၊ “ဒကာလေး ဒီအပင်တွေကလည်း ယိုင်နေတာဆိုတော့ ကြည့်လို့မကောင်းတော့ပါဘူး၊ လွှနဲ့မဖြတ်ကြဘူးလားဗျ”လို့ အရှင်က မေးလိုက်သည်၊၊ “အရှင်ဘုရား မလုပ်နဲ့၊ ဒီအပင်တွေက ယိုင်သာ ယိုင်တာ ဘယ်တော့မှ မလဲဘူး၊ သူတို့ရဲ့ အခွံပါးပါး လေးတွေကလွဲရင် တပင်လုံးက အနှစ်တွေချည်းပဲ ဘုရား၊၊”

အရှင် အခန်းတွင်းပြန်ဝင်ပြီး စာရေးစားပွဲတွင် ထိုင်လိုက်သည်၊ အနှစ်နဲ့ပတ်သက်တဲ့ စာတမ်း တစ်ပုဒ်ရေး ချင်နေတာ Sources ရှာမရ ဖြစ်နေတာ၊ အခုမှရသည်၊၊ သုံးဆယ်မပြည့်သေးသည့် အရှင့်အသက် အရွယ်မှာ သိပ်ကြီးလှသည် မဟုက်သေး၊ အရှင်နှင့် ငယ်စဉ်က အတူကစားခဲ့သည့် ကစားဖော် သူငယ်ချင်းများကို မျက်စိထဲပြန်မြင်ကြည့်မိသည်၊ ဤမျှတိုတောင်းသည့် နှစ်များအတွင်းမှာပင်တချို့က လူလောကမှ အပြီးအပိုင် ထွက်ခွာသွားကြပြီ၊ တချို့က မိသားစုဘ၀တွင် ရောက်နေကြပြီ၊ တချို့လည်း ယောင်လည်လည် ဖြစ်နေကြပြန်သည်၊၊

ဘ၀တစ်ခုကို ရေရှည် မားမားမတ်မတ် ရပ်တည်နိုင်ရန် အရေးကြီးကြောင်း အတွေ့အကြုံများက သင်ပြ ထားသည်၊၊ ဘ၀ကို ထိပ်တန်းကျကျ ရပ်တည်နိုင်ရန် ဘာတွေလိုအပ်ပါလိမ့်…၊၊ အဖြေက သိပ်အခက် ကြီး မဟုက်၊ “အနှစ်ရှိဖို့ လိုအပ်သည်”ဟုဖြစ်သည်၊၊ ဟုတ်သည်၊၊ ဘ၀တစ်ခုခိုင်မာဖို့ တည်တည် ကြည်ကြည်ရှိဖို့ အနှစ်လိုအပ်သည်၊၊ အနှစ်မပါသော ဘ၀သည် အနှစ်မပါသည့် သစ်ပင်ပမာ သဘာဝ၏ဒဏ်၊ လောက၏ဒဏ်ကို မခံနိုင်ဘဲ အလွယ်တကူ လဲပြိုနိုင်သည်၊၊

ဟင်းကောင်းတစ်ခွက် စားရဖို့အတွက် ဟင်းအနှစ်ကျအောင် ချက်ပြုတ်တတ်ဖို့ အရေးကြီးကြောင်း အိမ်ရှင်မများ သိကြသည်၊၊ မှန်သည်၊ ဘ၀တစ်ခု တည်တည်ကြည်ကြည် လေးလေးနက်နက် ဖြစ်ဖို့လည်း အနှစ်လိုအပ်သည်၊၊ ပါဠိစာပေတွင် ဘ၀၏အနှစ် ခုနှစ်မျိုးရှိကြောင်း လေ့လာရသည်၊၊ ဘုရားဟော စာပေဖြစ်၍ မှန်သည်ဟုပင် ပြောရတော့မည်၊၊ အရှင်၏ အမြင်အရ ဘ၀အနှစ်ကို သုံးမျိုးရှိသည်ဟု သုံးသပ်မိသည်၊၊ ဤသုံးမျိုး ပိုင်ဆိုင်ထားလျင် အနှစ်ပြည့်ဝသူ၊ ဘ၀တစ်ခု အခြေကျသူဟု ခေါ်ဆိုနိုင်သည်ဟု မြင်မိသည်၊၊ အရှင်သုံးသပ်မိသည့် ဘ၀အနှစ် သုံးမျိုးမှာ---
(၁) ပညာ၊
(၂) ကိုယ်ကျင့်တရား၊
(၃) ငြိမ်းအေးမှု၊ တို့ဖြစ်သည်၊၊

ဘ၀တစ်ခု လူတစ်လုံး သူတစ်လုံးဖြင့် ရပ်တည်နိုင်ရန် ပညာရေး အဓိကလိုအပ်သည်၊၊ နယ်ပယ်တစ် ခုခုမှ ပညာတခုခုကို နှံ့စပ်ကျွမ်းကျင်ထားလျင် ဘ၀တစ်ခု ခိုင်မာပြီ၊ အနှစ်တမျိုးရှိပြီဟု ဆိုနိုင်သည်၊၊ မည်သည့်နယ်ပယ်ကမှ ပညာတခုခုကို မတတ်မြောက်ထားဘူးဆိုလျင် ထိုသူ၏ဘ၀ ခိုင်မာမှု မရှိတော့ပြီ၊ အနှစ်ရှိသော ဘ၀မဖြစ်နိုင်တော့ချေ၊၊ ပညာတခုကို တတ်မြောက်ထားသူနှင့် ပညာရပ် ဘာကိုမျှရေရေ ရာရာ မတတ်သူတို့မှာ အမူအရာအရပင် ကွာခြားသည်၊၊ စိတ်ပိုင်းဆိုင်ရာဖွင့်ဖြိုးမှုများတွင်လည်း အလိုအလျောက် ကွာခြားလာတော့သည်၊၊ ထို့ကြောင့် ပညာတခုခုကို အချိန်အတိုင်းအတာ တစ်ခုအတွင့် တတ်ကို တတ်မြောက်အောင် သင်ကြားသင့်သည်၊၊

ဆင်ခြေမျိုးစုံပြပြီး အချိန်အတိုင်းတာတခုကို ကုန်လွန်စေပြီး၊ ပညာမတတ်သူများသည် ဘ၀အနှစ်မရှိ သူများ ဖြစ်လာတော့သည်၊၊ ဘ၀တွင် ကျေနပ်ဖွယ် အဆင့်တစ်ခုကိုလည်း လက်လွှတ် လိုက်ရပြီဖြစ်မှန်း အရွယ်ကသက်သေ ပြုလာတတ်သည်၊၊ ဤသူမျိုးများမှာ စိတ်ကြိုက်နေရာတစ်ခုကို ပုံမဖော်နိုင်တော့ဘဲ ကံပေးသမျှဖြင့်သာ ဘ၀တစ်ခုကို ကျေနပ်လိုက်ရတော့သည်၊၊ ကိုယ့်ဘ၀ အနှစ်မရှိတော့ပြီ ဖြစ်မှန်းကိုလည်း လက်မခံလိုသည်ကြားကပင် လက်ခံလိုက်ရသည်၊၊ အောင်မြင်နေသည့် သူငယ်ချင်း များကို ငေးကြည့်နေရသည့် ဤအချိန်မျိုးတွင် နောင်တရရုံမှ အခြားလုပ်စရာလည်း မရှိတော့ပြီ၊၊

ယနေ့ခေတ်သည် ပညာရေးတိုးတက်သည့် ခေတ်ဖြစ်သည်၊၊ သင်ကြားလို၊ တတ်မြောက်လိုသည့် စိတ်ရှိဖို့သာလိုသည်၊ မတတ်မြောက်နိုင်သော ပညာရပ်ဟူ၍ကား မရှိတော့ပေ၊၊ မိမိဘ၀ကို အနှစ်ရှိရှိ တည်ဆောက်လိုလျင် ပညာတခုကို လုံးဝသေချာ တတ်မြောက်အောင်၊ ပြီးဆုံးအောင် ကြိုးစားရမည်၊၊
အချိန်အတိုင်းအတာ တစ်ခုအတွင်း ပညာတစ်ခုကို သင်ကြားတတ်မြောက်ပြီဆိုလျင် လိုအပ်သည့် ဘ၀အနှစ်တစ်ခုကို ရပြီဟု ဆိုနိုင်သည်၊၊ သို့သော် လုံးဝပြည့်စုံသွားပြီဟုကား မဆိုသာသေးချေ၊ အဘယ်ကြောင့်ဆိုသော်“ကိုယ်ကျင့်တရား အနားမပါသော ပညာရေးသည် ကောက်ကျစ်မှု သက်သက်သာ ဖြစ်သည်”ဟု ဆိုထားသောကြောင့် ဖြစ်သည်၊၊ ထို့ကြောင့် ပညာရေးအပြင် ကိုယ်ကျင့် တရားသည်လည်း ဘ၀၏ မရှိမဖြစ် အနှစ်တခုဖြစ်လာပြန်သည်၊၊ ပညာတတ်ပြီး ဘ၀ကို ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ရန် ကိုယ်ကျင့်တရား ရှိဖို့လည်း လိုလာပြန်သည်၊၊ ကိုယ်ကျင့်တရား ကောင်းကောင်း ရရှိရေးကိုမူ သက်ဆိုင်ရာ ဘာသာအယူများက သင်ကြားပေးတတ်ပါသည်၊၊

ယနေ့ခေတ်သည် ပညာရေး တိုးတက်သော ခေတ်ဖြစ်သည်ဟု ဆိုနိုင်သည်၊၊ ပညာရေးဘက်တွင် တိုးတက်သည့် ပညာတတ်များလည်းများသည်၊၊ သို့သော် ကိုယ်ကျင့်တရားပိုင်းတွင်မူ တိုးတက်မှု နည်းသည်၊၊ ပညာရေးနှင့် ဘာသာရေး ဟန်ချက်မညီမှုကို ပြသမှုတစ်ရပ်လည်း ဖြစ်သည်၊၊ ကျောင်းပညာတတ်ပြီး မိဘကျေးဇူး၊ ဆရာကျေးဇူး၊ မိသားစုကျေးဇူးနှင့် ပတ်ဝန်းကျင်ကျေးဇူး မသိတတ်လျင် ထို ပညာတတ်သူများကို အနှစ်ရှိသူများဟုခေါ်ဆိုရန် ခက်သည်၊၊ ကိုယ်ကျင့်တရားသည် နယ်ပယ်ကျယ် ၀န်းလှသည်၊၊ စစ်မှန်သော ပညာရေး၏ ပန်းတိုင်မှာ ပညာတတ်လေလေ ကိုယ်ကျင့်တရား တိုးတက် လေလေ၊ ဖြူစင်လေလေ ဖြစ်ရမည်ဖြစ်သည်၊၊

ကိုယ်ကျင့်တရား ဘောင်မရှိသော ပညာရေးသည် မျောက်လက်ထဲ မီးစရောက်သည်နှင့် တူသည်ဟု ဟိန္ဒူဘာသာရေး ကျမ်းများကဆိုသည်၊၊ ကိုယ်ကျင့်တရားကို စံမပြုသည့် ပညာတတ်မိသားစုဝင် တစ်ဦးရှိသော မိသားစုမှာ ထိုပညာတတ်ဆိုသူ၏ အမျိုးမျိုးပညာပြမှုကို ရင်စည်းခံကြရတော့သည်၊၊ ထို့ကြောင့် ပညာရေးဟူသည် ကိုယ်ကျင့်တရားဖြင့် ဘောင်ခတ်နိုင်မှ လိုရာပန်းတိုင်ရောက်ပြီး အများအကျိုးကိုလည်း သယ်ပိုးနိုင်သည်၊၊ သို့မဟုက်လျင်မူ အများကို ဒုက္ခပေးသည့် ပညာတတ်များ ဖြစ်လာတတ်သည်၊၊ ဤကဲ့သို့သော ပညာတတ်များကို ယနေ့ကမ္ဘာတွင် များစွာတွေ့နိုင်သည်၊၊

ပညာတတ်ပြီး ကိုယ်ကျင့်တရားလည်း ကောင်းမွန်သည့်သူတစ်ယောက် မိသားစုနှင့် ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာပြီဆိုလျင် ထိုမိသားစု ပတ်ဝန်းကျင်တခုလုံး ချမ်းသာကြရတော့သည်၊၊ “သူတော် ကောင်း” ဆိုသည်မှာ ဤကဲ့သို့သော သူမျိုးများကို ဆိုလိုဟန်ရှိသည်၊၊ ပညာတော်ပြီး ကိုယ်ကျင့်တရား ကောင်းသည့် သူများဟု ဆိုရမည်၊၊ ပါဠိစာပေတွင် “ပညာတတ်ပြီး ကိုယ်ကျင့်တရား ကောင်းသူတစ်ယောက် ပေါ်ပေါက်လာလျင် ထိုအရပ်ဒေသ ချမ်းသာ၊ တိုးတက်ရကြောင်း” ဖော်ပြထားသည်၊၊

ပညာနှင့် ကိုယ်ကျင့်တရား ပြည့်စုံလာပြီဆိုလျင် ဘ၀တွင် အနှစ်ပြည့်လုလု ဖြစ်လာပြီ ဖြစ်သည်၊၊ ပညာဖြင့် ဘ၀ကို စနစ်တကျတည်ဆောက်နိုင်ပြီး၊ ကိုယ်ကျင့်တရားဖြင့် ဘ၀တွင် အပြစ်အနာအဆာ ကင်းလာမည် ဖြစ်သည်၊၊ အတော်အတန် ဘ၀မုန်တိုင်း တိုက်ခတ်ရုံဖြင့် မရှုံးနိမ့်နိုင်တော့ချေ၊၊ လောကဓံကို ခံနိုင်လာပြီဟု ဆိုလိုသည်၊၊ သို့သော် ပညာနှင့် ကိုယ်ကျင့်တရားသည် ဘ၀၏ ပန်းတိုင်ဟု မခေါ်နိုင်၊၊ ပညာရေးနှင့် ကိုယ်ကျင့်တရားတို့၏ ပန်းတိုင်မှာ ဘ၀ငြိမ်းအေးမှု ဖြစ်သည်၊၊

ကိုယ်တတ်ထားသည့် ပညာနှင့် ကိုယ်ကျင့်နေသည့် ကိုယ်ကျင့်တရားသည် ကိုယ့်အတွက် မျောက်လက် မီးခဲရထားသလို ပူလောင်နေရလျင် ထိုပညာနှင့် ကိုယ်ကျင့်တရားသည် အဓိပ္ပါယ်မရှိ၊ ကိုယ် သင်ထားသည့် ပညာသည် ကိုယ့်ဘ၀ကို ငြိမ်းအေးစေရမည်၊၊ ကိုယ့် ကိုယ်ကျင့်တရားသည် လည်း ကိုယ့်ဘ၀ကို ငြိမ်းအေးစေသင့်သည်၊၊ မိမိတတ်မြောက်ထားသည့် ပညာသည် မိမိဘ၀ကို ငြိမ်းအေးမှုပေး၊ မပေးကိုလည်း ဆင်ခြင်သုံးသပ်သင့်သည်၊၊

ပညာလည်းတတ် ကိုယ်ကျင့်တရားလည်း တိုးတက်ပြီး၊ ငြိမ်းအေးသည့် ဘ၀ကိုလည်းရလာပြီဆိုလျင် ဘ၀တစ်ခု လုံးဝအနှစ်ပြည့်သွားပြီ ဖြစ်သည်၊၊ အဓိပ္ပါယ်ရှိသောဘ၀၊ အနှစ်ပြည့်သော ဘ၀ဟု ခေါ်နိုင်ပြီ ဖြစ်သည်၊၊ အနှစ်ဖြင့် ပြည့်ဝနေသည့် သစ်ပင်ကို လေဒဏ် မိုးဒဏ်တို့ မလဲပြိုစေနိုင်သလို၊ အနှစ်ဖြင့် ပြည့်ဝနေသည့် လူတစ်ယောက်၏ ဘ၀ကိုလည်း ပတ်ဝန်းကျင် အခြေအနေ အကျပ်အတည်းများက ရှုံးနိမ့်သွားအောင် မပြုနိုင်တော့ချေ၊၊ ဘ၀သည် တိုးတက်သည်ထက် တိုးတက်ပြီး ငြိမ်းအေးလာသည်၊၊ အနှစ်ရှိသော ဘ၀ဟူသည်ကို အကောင်းဆုံး ပုံဖော်လာနိုင်ပြီ ဖြစ်သည်၊၊ ပညာ၊ ကိုယ်ကျင့်တရား၊ ငြိမ်းအေးမှု၊ သုံးမျိုး ညီမျှလာသောအခါ ဘ၀အနှစ်ပြည့်သည်ဟု မှတ်ယူရမည် ဖြစ်သည်၊၊ “အလင်း စက်” စာဖတ်သူများအားလုံး ဘ၀ကို အနှစ်အသား ပြည့်ပြည့်ဖြင့် ပုံဖော်နိုင်ပါစေလို့ ဆန္ဒပြုလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အလင်း စက်
(၂၀.၁၀.၂၀၁၀)

အပြည့်အစုံသို့....

Friday, October 8, 2010

မေတ္တာ စာတမ်း၊၊ ၊၊



အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊

‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊

သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊

မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏ သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊

မေတ္တာပို့လိုသူသည် မေတ္တာမပို့ခင် မိမိမေတ္တာပို့မည့်သူ၏ ရုပ်အသွင်ကို အာရုံတွင် ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါမည်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ မေတ္တာပို့ရမည် ဖြစ်ကြောင်း ပါဠိစာပေက ဆိုထားပါသည်၊၊ မေတ္တာပို့သောအခါတွင် ဘယ်သူကစ၍ မေတ္တာပို့ရမည်ကို သိရန်လိုအပ် ပါသည်၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်၍ မေတ္တာပို့ရပါသည်၊၊ မိမိကိုယ်ကို မေတ္တာပို့သည့် အခါတွင် လည်း မိမိရုပ်အသွင်ကို မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ မေတ္တာပို့ရပါသည်၊၊

များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်၊ မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင် မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊

ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊ သေပြီးသူကို မေတ္တာပို့၍ မရကြောင်း သတိပြုရပါမည်၊၊ မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့် သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့် အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို မေတ္တာအရင်ပို့မိလျင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက ရှင်းပြပါသည်၊၊

မေတ္တာကို ပထမဆုံး---
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊

သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင် ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊

ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊ ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော သူများ၏နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊ ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ စင်္ကြာဝဠာရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊ (ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)


ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊ အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ် ပါသလဲဆိုလျင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ လွပ်လပ်သူဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊

မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင် အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊ မေတ္တာစိတ်ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ တစ်ယောက်တည်းနေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို ဒေါသအကျဉ်းစံများဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊

မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင် မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊

ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊ မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊

မိမိကိုယ်ကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊

မိဘနှစ်ပါးကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊

ချစ်ခင်သူကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)

ဒေသအလိုက် မေတ္တာပို့ပုံ---
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
အမေရီးကားတွင်နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊(စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)

အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)

မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့အတိုင်းတာ တခုအထိလုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊ ဒီထပ်ပို၍ အသေးစိတ်သိလိုသူများ အရှင့်Gmail မှဆက်သွယ်၍ မေးမြန်းနိုင်ပါသည်၊ စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့် သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)ရေးသော မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊

“အလင်း စက်” စာဖတ်ပရိတ်သတ်များ မေတ္တာပြည့်ဝသူများဖြစ်ပြီး၊ မေတ္တာများဖြင့် ဘ၀အခက်ခဲ၊ သံသရာ ဆင်းရဲများကို ကျော်နိုင်သောသူများ ဖြစ်ပါစေကြောင်း မေတ္တာပို့သလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၈.၁၀.၂၀၁၀)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP