Thursday, April 21, 2011

ထေရ၀ါဒ+မဟာယာနတို့ကို သမိုင်းအမြင်ဖြင့် လေ့လာသုံးသပ်ခြင်း၊၊ ၊၊




ဗုဒ္ဓသာသနာတော် အစဦးပိုင်းက “ထေရ၀ါဒနှင့် မဟာယာန”ဟူ၍ မရှိခဲ့ပေ၊၊ ဗုဒ္ဓရှင်တော်၏ သင်ပြ၊ ဟောပြောချက်များကို “ဓမ္မ”နှင့်၊ “၀ိနယ”ဟူ၍သာ ခေါ်တွင်ခဲ့လေသည်၊၊

“ဓမ္မ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ လောကအပေါ်ရှုမြင်သုံးသပ်၊ ယူဆချက်များဖြစ်ပြီး၊ “၀ိနယ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ အယူအဆနှင့် ဟောပြော၊ သင်ပြချက်များကို ယုံကြည်လက်ခံ၍၊ ဗုဒ္ဓဘာသာဝင်အဖြစ် ၀န်ခံသူများအတွက်လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “ဓမ္မ”ဖြင့် သူ၏လောကအပေါ် ရှုမြင်သုံးသပ်ပုံ၊ အယူအဆကိုတင်ပြခဲ့ပြီး၊ ဗုဒ္ဓဘာသာဟု အမည်ခေါ်ဆိုနိုင်သော ဘာသာကြီးတစ်ခုကို တည်ထောင်ခဲ့ပါသည်၊၊ “၀ိနယ”ဖြင့် သူ၏ဘာ သာဝင်တို့လိုက်နာရမည့် ဥပဒေများကို ညွှန်ပြထားပါသည်၊၊

ဗုဒ္ဓရှင်တော် တည်ထောင်သော ဗုဒ္ဓဘာသာသည် အောင်မြင်သည်ဟု သုံးသပ်ရပါမည်၊ အဘယ့်ကြောင့်ဆို သော် အိန္ဒိယတိုက်ကြီးအတွင်းရှိ၊ တိုင်းနိုင်ငံအများစုက ဗုဒ္ဓဘာသာကို နှစ်သက်၊ သဘောကျ၊ ယုံကြည်၊ လက်ခံကြသည့်အပြင်၊ ရှေးရိုးစွဲအယူအဆဟောင်းများစွာကိုလည်းပယ်ဖျက်ကာ “ဗုဒ္ဓ ဘာသာ”အမည်ခံလာသောကြောင့် ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်ကို(B.C.563)တွင် သာမန်လူသားကလေးငယ်အဖြစ် ဖွားမြင်ခဲ့ပြီး၊ သူသည် သာမန်လူ သားအဖြစ်ဖြင့် (၇)နှစ်ခန့်၊ ကျင့်ကြံအားထုတ်ပြီး၊ (B.C.528 century)တွင် ဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် သက်တော်(၃၅)နှစ်တွင် လူသားဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ သက်တော် (၈၀)၊ (B.C.583 century)တွင် လူသားတို့ထုံးစံအတိုင်း ဘ၀ကို အဆုံးသတ်ခဲ့ရပါသည်၊၊

ဗုဒ္ဓရှင်တော် သက်ရှိထင်ရှား (၄၅)နှစ် အချိန်အတွင်း ဒေသအမျိုးမျိုး၊ လူမျိုးမျိုးအသီးသီးသို့ အကြောင်းအရာအလိုက် ဟောပြော၊ သင်ပြ၊ လမ်းညွှန်ခဲ့သမျှကို ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကတ်သုံးပုံ ပါဠိစာပေဟု ခေါ်တွင်ပါသည်၊၊

“ပထမသင်္ဂါယနာ”
(5th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ (၃)လ၊ (၄)ရက်လွန်သောအခါ၊ အကြောင်းအရာအမျိုး မျိုး၊ ခေါင်းစဉ်အသီးသီး ကွဲပြားလျက်ရှိသော ဗုဒ္ဓ၏သင်ကြားချက်များကို အမျိုးတူညီရာစုစည်း၍၊ ဟောပြောချက်များကိုစုစည်းမှု အစည်းအဝေးကြီးကို ဗုဒ္ဓ၏တပည့်ကြီးများ(၅၀၀)စည်းဝေး၍၊ အတည်ပြု၊ သတ်မှတ်ခဲ့ကြပါသည်၊၊

ဤကဲ့သို့သော စည်းဝေးပွဲမျိုးကို ပါဠိအမည်အားဖြင့် “သင်္ဂါယနာတင်ပွဲ”ဟု ခေါ်ဆိုကြပါသည်၊၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ ပထမဆုံးအကြိမ် ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပါဠိစာပေကျွမ်းကျင်သည့် သံဃာတော်များ ပြင်ဆင်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အတည်ပြု၊ ရွတ်ဆိုသောကြောင့် “ပထမသင်္ဂါယနာ”ဟု ပါဠိစာပေနှင့် ဗုဒ္ဓဘာသာသမိုင်းတွင် လေ့လာရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် သဘောထားမတိုက်ဆိုင်သည့် အရှင်ပုရာဏဦးဆောင်သည့် သံဃာ တော်(၅၀၀)ခန့်ရှိခဲ့သော်လည်း သီးခြားဂိုဏ်းခွဲ၍၊ သင်္ဂါယနာတင်မှုမျိုး မရှိခဲ့ကြောင်းတွေ့ရသည်၊၊ ပထမသင်္ဂါ ယနာတွင် ဗုဒ္ဓစာပေတစ်ရပ်လုံးကို ဓမ္မနှင့်၊ ၀ိနယဟူ၍သာ အပိုင်းနှစ်မျိုးခွဲ၍၊ သတ်မှတ်အတည်ပြုခဲ့ကြပြီး၊ “တိပိဋက=ပိဋကတ်သုံးပုံ”ဟူ၍ မခွဲခြားခဲ့သေးကြောင်း သိရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် အရှင်အာနန္ဒာသည် ဓမ္မနှင့်ပတ်သတ်၍ အဓိကဆွေးနွေး၊ တင်ပြ သူဖြစ်ပြီး၊ အရှင်ဥပါလိသည် ၀ိနယနှင့်ဆက်စပ်၍ ဆွေးနွေး၊ တင်ပြသူဖြစ်သည်၊၊ အရှင်မဟာကဿပသည် စည်းဝေးပွဲကြီး၏ သဘာပတိဖြစ်ခဲ့ပါသည်၊၊

အရှင်နှစ်ပါး၏ ဆွေးနွေးတင်ပြချက်များကို သဘာပတိဖြစ်သူ အရှင်မဟာကဿပက စစ်ဆေးအတည်ပြုပြီး၊ အစည်းဝေးသို့တက်ရောက်ကြသည့် သံဃာတော်တို့က သဘောတူကြောင်း “သာဒု”ခေါ်ခဲ့ကြပါသည်၊၊ ပထမသင်္ဂါယနာစည်းဝေး ဆုံးဖြတ်ချက်များအဖြစ် ဆုံးဖြတ်ချက်သုံးမျိုးကို အဓိကအနေ အားဖြင့် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်၊၊

(၁) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေအတွင်းသို့ အသစ်ထပ်မံ မထည့်ရန်၊၊
(၂) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေမှအတွင်းမှ တစ်စုံတစ်ရာကို မနှုတ်ပယ်ရန်၊၊
(၃) ပထမသင်္ဂါယနာတွင် အတည်ပြုထားသည့်အတိုင်း အစဉ်အဆက်လိုက်နာ ကျင့်သုံးကြရန်၊ တို့ ဖြစ်ပါသည်၊၊


ပထမသင်္ဂါယနာ စည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်ရခြင်း၏အကြောင်းကို တောထွက်ရဟန်းအိုကြီး “သုဘဒ္ဒ”၏စကားများကြောင့်ဟု အချို့ကဆိုသော်လည်း၊ လုံးဝပြည့်စုံသည့်အကြောင်းပြချက် မဟုက်ကြောင်း ပါဠိစာပေပညာရှင်တို့ ဆိုပါသည်၊၊

အမှန်မှာ ဗုဒ္ဓရှင်တော်လွန်ပြီးစအချိန်မျိုးတွင် ဘာသာကြီးကိုတည်ထောင်သူ ခေါင်းဆောင်အတိအကျ မရှိတော့သည့်အတွက် မဖြစ်မနေစည်းဝေးခေါ်ရမည့် အခြေအနေဖြစ်နေ၍သာ ပထမသင်္ဂါယနာစည်း ဝေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါဠိပညာရှင်အများစုက ထောက်ပြကြပါသည်၊၊

အခြားအရေးပါသော အကြောင်းတစ်ခုမှာ ဗုဒ္ဓရှင်တော်လွန်တော်မူခါနီးတွင် အရှင်အာနန္ဒာအား “အာနန္ဒာ, ၀ိနယကဏ္ဍကြီးမှ သေးငယ်သောပညတ်ချက်အချို့ကို လိုအပ်ပါကပယ်ဖြုတ်နိုင်ကြောင်း မိန့်တော်မူခဲ့သည်၊၊”

ဗုဒ္ဓရှင်တော် မမာမကျန်းဖြစ်နေချိန်ဖြစ်သည့်အတွက် အရှင်အာနန္ဒာမှ “မည်သည့်ပညတ်ချက်များသည် သေးငယ်သည့်ပညတ်ချက်များ ဖြစ်သည်”ဆိုသည်ကို မေးမြန်းရန်ပျက်ကွက်ခဲ့ရသည်၊၊ ထို့ကြောင့် ၀ိနည်း
သိက္ခာပုဒ်များကို စီစစ်ဆွေးနွေးရန်လိုအပ်သောကြောင့် ပထမသင်္ဂါယနာကို စည်းဝေးကျင်းပရခြင်း ဖြစ်ပါသည်၊၊

စည်းဝေးပွဲကြီးကို (၇)လကြာအောင် ပြုလုပ်ခဲ့ရပါသည်၊၊ ရာဇဂဟပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလှိုင်ဂူ အနီးတွင် မဏ္ဍပ်ဆောက်၍ကျင်းပခဲ့ပြီး၊ အဇာတသတ်ဘုရင်မှ လိုအပ်ရာရာကိုပံပိုး ကူညီခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရပါသည်၊၊

ပထမသင်္ဂါယနာကို သုံးသပ်ကြည့်လျင် တစ်စုံတယောက်ကို ကွယ်လွန်ပြီးသော ဗုဒ္ဓရှင်တော်၏နေရာတွင် ထား၍ ခေါင်းဆောင်တင်မြှောက်မှု မရှိခဲ့ကြောင်းတွေ့ရသည်၊၊ စည်းဝေးမှအတည်ပြုထားသော “ဗုဒ္ဓရှင်တော်၏ ဟောပြော၊ သင်ပြ၊ လမ်းညွှန်ချက်များကိုသာ ဗုဒ္ဓကိုယ်စားခေါင်းဆောင် ဆရာအဖြစ်အသိ မှတ်ပြုပြီး၊ လိုက်နာကြရန် သဘောတူထားခဲ့ကြကြောင်း”ကိုလည်း တွေ့ရသည်၊၊ စည်းဝေးပွဲတွင် ဗုဒ္ဓ၏ဟော ပြောချက်များကို စုစည်းရုံသာစုစည်းခဲ့ကြသော်လည်း စာပေအရေးအသား (အက္ခရာ)ဖြင့် မှတ်တမ်းမတင်ခဲ့ ကြောင်း တွေ့ရသည်၊၊

“ဒုတိယသင်္ဂါယနာ”
(4th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ နှစ်(၁၀၀)ကြာသောအခါ ဒုတိယအကြိမ်သံဃာ့အစည်း အဝေး ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ကြပါသည်၊၊ ကျင်းပရခြင်း၏အကြောင်းမှာ ၀ိနယကဏ္ဍအတွင်းသို့ ၀ဇ္ဇီတိုင်းပြည်သား ရဟန်းသံဃာတော်များမှ ဥပဒေအသစ်(၁၀)မျိုးကို ထည့်သွင်းဖို့ကြိုး စားလာသောကြောင့် ဖြစ်ပါသည်၊၊

ဒုတိယသင်္ဂါယနာကို ဝေသာလီပြည်၊ ဝေဠုကာရာမကျောင်းတိုက်ကြီးတွင် အရှင်မဟာယဿ၊ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိတို့က ဦးစီးကျင်းပခဲ့ပါသည်၊၊ ကာလာသောကမင်းမှ လိုအပ်သည်များကို လှုဒါန်းကူညီခဲ့ပါသည်၊၊ သင်္ဂါယနာစည်းဝေးပွဲကြီးသို့ သံဃာတော်(၇၀၀)တက်ရောက်ကြောင်း တွေ့ရပါသည်၊၊

ဒုတိယသင်္ဂါယနာတွင် ဗုဒ္ဓစာပေအတွင်း ဓမ္မနှင့်၊ ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်မှ ၀ိနယသက်သက်ကို ဆွေးနွေး ခဲ့ကြပါသည်၊၊ “ဓမ္မ”နှင့်ဆက်စပ်၍ ဆွေးနွေးမှုတစ်စုံတရာမရှိခဲ့ကြောင်း မှတ်တမ်းတင်ပါသည်၊၊ စည်းဝေးကြီး၏ ဆုံးဖြတ်ချက်များအဖြစ် အသစ်တင်ပြလာသည့် ဥပဒေသစ်များကိုလက်ခံအတည်မပြုကြောင်း ပယ်ချရုံတွင်မ ကဘဲ၊ ၀ဇ္ဇီပြည်သားရဟန်းသံဃာ(၁၀၀၀၀)ကို သံဃာ့အဖွဲ့အစည်းမှ နှင်ထုတ်ခဲ့ပါသည်၊၊

သံဃာတော်များအား ဤကဲ့သိုသာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းနှင့်စပ်၍ များစွာစဉ်းစား၊ ဆင်ခြင်သင့်
လှသည်၊၊ ဗုဒ္ဓကိုယ်တော်တိုင်သော်မှ သံဃာကိုသာသနာတော်မှ အကြောင်းတစ်စုံတရာကြောင့် နှင်ထုတ်ခဲ့
ဘူးခြင်းမရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊

အကျိုးရလာဘ်အဖြစ် ဒုတိယသင်္ဂါယနာမှ နှင်ထုတ်ခြင်းခံခဲ့ရသော သံဃာတော် (၁၀၀၀၀)တို့သည် ကောသမ္ဘီပြည့်ရှင် ဘုရင်အားအမှီယူ၍ “မဟာသံဃိကဂိုဏ်း”အမည်ယူကာ သီးခြားသံဃာ့အစည်းဝေး “စင်ပြိုင်သင်္ဂါယနာ”တစ်ခုကို ကျင်းပခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်ပြီး ဗုဒ္ဓဘုရားရှင်၏ သာသနာတော်
အတွင်း “မူလသာသနာဂိုဏ်း”ကြီးနှင့် “မဟာသံဃိကဂိုဏ်း”ဟူ၍ ကွဲပြားခဲ့ရပါသည်၊၊

အမှန်စင်စစ် ဖြစ်သင့်သည်မှာ ဒုတိယသင်္ဂါယနာအစည်းဝေး စတင်ကျင်းပစဉ်က နှစ်ဘက်တင်ပြကြသော အယူအဆများကို ဖြစ်နိုင်သမျှသဘောတူ ညှိနှိုင်းနိုင်ခဲ့ကြလျင် ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ပဋိပက္ခ ဖြစ်ပြီး၊ ဂိုဏ်းကွဲစရာမကြောင်းမရှိပေ၊၊

ဝဇ္ဇီတိုင်းပြည်ဖွား ရဟန်းသံဃာများ တင်ပြဆွေးနွေးလာသော ဥပဒေအသစ်များမှ အချို့ဥပဒေများသည် သီရိလင်္ကာနှင့် မြန်မာတို့ကဲ့သို့နိုင်ငံများအတွက် များစွာမထူးခြားသော်လည်း ထိုခေတ်အိန္ဒိယနိုင်ငံ၏ ရာသီ ဥတုနှင့် အခြေအနေအရ သင့်တော်သောဥပဒေသများဖြစ်ကြောင်း မျက်မှောက်ခေတ် ပါဠိစာပေပညာရှင်တို့ သုတေသနပြုပြီး၊ အသိမှတ်ပြုရေးသားကြသည်၊၊

ဝဇ္ဇီရဟန်းတော်တို့တင်ပြခဲ့သည်များကိုသာ ပထမသင်္ဂါယနာစည်းမျည်းနှင့် မညီညွတ်၍ပယ်ချရုံမက၊ သာသနာကပါနှင်ထုတ်ခဲ့သော်လည်း နောင်တွင် ဗုဒ္ဓစာပေအတွင်းသို့ ကျမ်းအသစ်ပေါင်းများစွာကို ထည့် သွင်းခဲ့ကြသည်ကို တွေ့ရသည်၊၊ ဤအခါတွင်မူ အသစ်အသစ်အယူအဆနှင့်ကျမ်းများကို ထည့်သွင်းရုံမျှမက ထို“ကျမ်းများမှာ ဘုရားအလိုတော်ကျသည်ဟုပင် ထောက်ခံခဲ့သည်”ကို တွေ့ရပြန်သည်၊၊

ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ဂိုဏ်းပေါင်းများစွာကွဲပြီး၊ ဂိုဏ်းတစ်ခုနှင့် အခြားဂိုဏ်းတစ်ခုတို့အကြား “သူ့ဂိုဏ်းက ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓစာပေသာ သာသနာစစ်သည်၊ အခြားဂိုဏ်းက မစစ်၊၊”ဟူ၍ တိုက်ခိုက်ငြင်းခုံ၊ ရေးသားပြောဆိုနေကြခြင်းမှာ အထက်တွင်ဖော်ပြခဲ့သော ဘက်လိုက်သည့်လုပ်ရပ်နှင့် ဆုံးဖြတ်ချက်များကြောင့်ဖြစ်ကြောင်း ထင်ရှားသည်၊၊

ဝဇ္ဇီတိုင်းပြည်ဖွား သံဃာတော်များ၏ သိက္ခာပုဒ်ပြင်ဆင်၊ ဖြည့်စွက်ချက် (၁၀) မျိုး-
(၁) သင်္ဂီလောဏကပ္ပ=သားချို၌ထည့်၍ သိမ်းဆည်းထားသောဆားကို နေ့စဉ်ဆွမ်းစားတိုင်း ရောနှော
စားနိုင်သည်။ (မူလဥပဒေတွင် သံဃာတော်များ အစားအသောက်ကို နေ့ဖို့ညစာသိမ်းဆည်း၍ မစားရဟူ၍ ဖြစ်သည်၊၊)

(၂) ဒွင်္ဂုလကပ္ပ=မွန်းလွဲပြီးနောက် နေအရိပ် လက်နှစ်သစ်လွန်သည်အထိ ရဟန်းများ ဆွမ်းစားနိုင်ခွင့်ရှိ၏။ (မူလဥပဒေမှာ သံဃာတော်များ မွန်းလွဲပြီးနောက် ဆွမ်းမစားရ၊၊)

(၃) အာဝါသကပ္ပ=အလွန်ကျယ်ဝန်းသော မဟာသိမ်ကြီးတစ်ခုအတွင်း ကျောင်းအဆောက်အအုံများစွာရှိရာ တစ်ချိန်တည်း၌ တစ်ကျောင်းစီတွင် သံဃာစည်းဝေး၍ ဥပုသ်ကံစသော သံဃာ့ကံများကို ပြုနိုင်သည်။ (မူလဥပဒေမှာ သံဃာစည်းဝေးရာတွင် သံဃာညီညွတ်မှုကိုပြရန် ရဟန်းတစ်ပါးနှင့်တစ်ပါး တစ်တောင်ခန့် နီးကပ်အောင်ထိုင်ကြရ၏။ တစ်ကျောင်းစီစည်းဝေးပါက သံဃာမညီညွတ်ကွဲပြား နေသောကြောင့် အာပတ်သင့်၏။)

(၄) အနုမတိကပ္ပ=သံဃာ့အစည်းအဝေး၌ သံဃာစုံလင်အောင် အချိန်မစောင့်ဘဲ နောက်မှရောက်လာသော သံဃာများထံမှာ သဘောတူညီချက်ကို နောက်မှရယူမည်ဟုကြံရွယ်၍ အလျင်ရောက်နှင့် သောသံဃာများက ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်နိုင်သည်။ သံဃာ့ကံပြုနိုင်သည်။

(မူလဥပဒေမှာ သံဃာ့အစည်းအဝေးသို့ မတက်ရောက်နိုင်သောရဟန်းများသည် အစည်းအဝေးက ဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ကြိုတင်ဆန္ဒပေးကြရ၏။ အစည်အဝေးပြီး နောက်ကျမှပေးသော
ဆန္ဒသည် တရားမ၀င်ချေ။ သံဃာမညီညွတ်သောကြောင့် ဆုံးဖြတ်ပြုလုပ်ချက်သည် ထမြောက် အောင်မြင်ခြင်းမရှိ။)

(၅) အာစိဏ္ဏကပ္ပ=မိမိဆရာသမားပြုလုပ်ခဲ့သော အစဉ်အလာထုံးစံမှန်သမျှကို ပြုလုပ်ခွင့်ရှိသည်။ ထိုသို့ ဆရာသမားအတုလိုက်ခြင်းကြောင့် အာပတ်မသင့်နိုင်။ (အမှန်စစ်စစ် ဆရာသမားတို့ ပြုလုပ်ခဲ့သော အစဉ်အလာထုံးစံများသည် ၀ိနည်းနှင့်ညီလျှင် အာပတ်မသင့်ချေ။ ၀ိနည်းနှင့်မညီပါက အာပတ် သင့်မည်သာဖြစ်၏။)

(၆) ဂါမန္တရကပ္ပ=တခြားရွာသို့သွားရန် ကိစ္စရှိပါက ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုသောဆွမ်းကို စားနိုင်သည်ဟု ဆို၏။ (မူလဥပဒေမှာ ဆွမ်းစားနေစဉ် တော်ပြီဟု နှုတ်မြွက်၍ဖြစ်စေ လက်ကာ၍ဖြစ်စေ ထုတ်ဖော်ပြောကြားလျှင် ပ၀ါရိတ်သင့်သည်။ မစားတော့ပါဟု ငြင်းပယ်ခြင်းကို ပ၀ါရိတ်သင့်သည်ဟု ခေါ်သည်။ ထို့သို့ငြင်းပယ်မိသော ရဟန်းသည် ထိုနေ့နံနက်ပိုင်းတွင် တစ်စုံတစ် ခုမျှစားသောက်ခွင့်မရှိတော့ချေ။

အကယ်၍ စားသောက်လိုပြန်ပါက အခြားရဟန်းတစ်ပါးအား ခဲဖွယ်ဘောဇဉ်များကို ပေးစွန့်လိုက်ရ၏။ ထိုဒုတိယရဟန်းက ဤခဲဖွယ်ဘောဇဉ်များကို တော်ပြီငါမစားလို အပိုအလျှံဖြစ်သည်ဟု နှုတ်မြွက်၍ပြန်ပေးမှ စားခွင့်ရှိ၏။ ထိုသို့ အခြားရဟန်းတစ်ပါးက တော်ပြီဟုဆို၍ပြန်ပေးခြင်းကို အတိရိတ်ဝိနည်းကံပြုသည်ဟု ဆိုရ၏။ ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ ခဲဖွယ်ဘောဇဉ်တစ်ခုခုကိုစားပါက ပါစိတ်အာပတ်သင့်သည်ဟူသော သိက္ခာပုဒ်ကိလျှော့ပေါ့အောင် ပြင်ဆင်ခြင်းဖြစ်သည်။)

(၇) အမထိကကပ္ပ=ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ နို့ရည်အဖြစ်ကိုလွန်၍ ဒိန်ချဉ်အဖြစ်သို့ မရောက်သေးသောနို့ချဉ်ကို သောက်ခွင့်ရှိသည်။ (မူလဥပဒေမှာ နို့ရည်ကိုလည်းကောင်း၊ ဒိန်ချဉ်ကိုလည်းကောင်း ဘောဇဉ် (စားစရာ)၌ ရေတွက်ပြထားရာ၊ နို့ရည်နှင့် ဒိန်ချဉ်စပ်ကူး၊ မပ်ကူး နို့ချဉ်ရည်သည် ဘုရားပေးသောဘောဇဉ်မှအလွတ် ဖြစ်သည်ဟုကြံဆ၍ အထက်ပါ သိက္ခာပုဒ်ကို ခြွင်းချက်ဖြင့် လျှော့ပေါ့အောင် ပြင်ဆင်ချက်ပြုလုပ် ခြင်းဖြစ်၏။)

(၈) ဇဠောတိ=ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာစသည်တို့ကို စိမ်ရည်ဖြစ်အောင်ဖော်စပ် ရာ၌(စိမ်ရည်၊ ခေါင်ရည်)အဖြစ်သို့ မရောက်သေးသော သေရည်အနုစား၊ စိမ်ရည်အနုစားကို ရဟန်း တော်များ သောက်သုံးနိုင်သည်။ (မူလဥပဒေမှာ ရဟန်တော်များသည် စိမ်ရည် ခေါင်ရည် ထန်းရည် ခါးစသော သေရည်သေရက် မူးယစ်ဆေးဝါးကို သုံးဆောင်ခွင့်မရှိ။ သုံးဆောင်ပါက ပါစိတ်အာပတ် သင့်၏။)

(၉) အဒသကံနိသီဒနံ=အမြိတ်အဆာမပါသော နေရာထိုင်ခင်း နိသီဒိုင်သည် အပ်၏။ (မူလ၀ိနည်း ဥပဒေမှာ အမြိတ်အဆာမပါသော နိသီဒိုင်သည် သံဃာတော်များအတွက် မအပ်၊၊)

(၁၀) ဇာတရူပရဇတ= ရွှေငွေအသပြာကို အလှူခံနိုင်၏။ (မူလ၀ိနယ ဥပဒေမှာ ရဟန်းသံဃာများ ရွှေငွေကို အလှုမခံရ၊၊)

“တတိယသင်္ဂါယနာ”
(3rd century B.C)၊ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုအပြီး၊ နှစ်သုံးရာအကြာတွင် တတိယအကြိမ်မြောက် သံဃာ့ အစည်းအဝေး သင်္ဂါယနာပွဲကို ကျင်းပခဲ့ပါသည်၊၊ စည်းဝေးကြီးကို သီရိဓမ္မာသောကဘုရင်က ထောက်ပံ့ခဲ့ပါသည်၊၊

“တတိယသင်္ဂါယနာ”တွင် “ဓမ္မ”နှင့် “၀ိနယ”နှစ်ရပ်လုံးကို ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြု၊ ရွက်ဆိုခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာမှ ဆုံးဖြတ်အတည်ပြုချက်များကို သဘောတူလက်ခံ၍ လိုက်နာသူများကို “ထေရ၀ါဒ”ဟုအမည် စတင်သုံးစွဲလာခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော သံဃာတော်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နိုင်ငံကိုးနိုင်ငံသို့ နိုင်ငံခြားသာသနာပြုများ စေလွှတ်ခဲ့ပါသည်၊၊ ဤနိုင်ငံခြားသာသနာပြုသည်မှစတင်ပြီး အိန္ဒိယအင်ပါယာအတွင်းမှစတည်ခဲ့သော
ဗုဒ္ဓဘာသာသည် သီရိလင်္ကာ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာသို့ပြန့်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရပါသည်၊၊

တတိယသင်္ဂါယနာတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမှ “ကထာဝတ္ထု”အမည်ရှိ ကျမ်းတစ်ကျမ်းကို အသစ်ရေးသားထည့်သွင်းပြီး၊ “ဓမ္မနှင့် ၀ိနယ”အပြင် “အဘိဓမ္မာ”ဟူသောကဏ္ဍကြီးတခုကို အသစ်ထည့် သွင်း၍ စည်းဝေးကြီးမှအတည်ပြုလိုက်ပါသည်၊၊ ဤအချိန်မှစတင်၍ တိပိဋက=ပိဋကတ်သုံးပုံဟု ပါဠိစာပေသမိုင်းတွင် ပေါ်ပေါက်လာရပါသည်၊၊ ဤသင်္ဂါယနာမှ အသစ်ထည့်သွင်းသော အခြားကျမ်းများစွာလည်း ရှိပါသေးသည်၊၊

မူလက ဓမ္မနှင့် ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်သာရှိခဲ့သော ဗုဒ္ဓစာပေသည် တတိယသင်္ဂါယနာမှစတင်ပြီး၊ သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကဟူ၍ ပိဋကတ်သုံးပုံအမည်သို့ ပြောင်းလဲလာခဲ့ပါသည်၊၊

ပါဠိပညာရှင်အများ၏အဆိုအရ အဘိဓမ္မာပိဋကတ်သည် ဓမ္မနှင့် ၀ိနယကဏ္ဍကြီးတို့ကဲ့သို့ ဘုရားဟောစင်စစ် ကား မဟုက်ပေ၊ သို့သော် ဘုရားဟောသုတ်များစွာထဲမှ ခက်ရာခဲဆစ်များကို တသီးတခြားစု စည်းမှု=Systematization ပြုထားသည်ဟု အသိအမှတ်ပြုကြပါသည်၊၊

ဤအဆိုကို သုံးသပ်သော် အဘိဓမ္မာပိဋကတ်သည် အချို့သောပါဠိဆရာတို့ဝေဖန်သကဲ့သို့ “ဘုရားဟောမဟုက်ဟု ယတိပြတ်ပြောဆိုရန် မဖြစ်နိုင်တော့ချေ၊၊" ဘုရားဟောစင်စစ် အစိတ်အပိုင်းများနှင့် တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော ရဟန်းသံဃာတော်များ၏ မွန်းမံမှုအစိတ်အပိုင်းများ ပေါင်းစပ်ထားသည်ဟုဆိုလျင် သင့်တော်သောအဆိုဖြစ်ပါသည်၊၊

ယ္ခင် ဒုတိယသင်္ဂါယနာတွင် မဟာသံဃိကဂိုဏ်းဟူ၍ ဂိုဏ်းတစ်ဂိုဏ်းကွဲခဲ့ပြီးဖြစ်၍၊ ယ္ခုတတိယသင်္ဂါယနာတွင် အမည်သတ်မှတ်သော ထေရာဝါဒဂိုဏ်းနှင့်ဆိုလျင် သာသနာတော်တွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဂိုဏ်းနာမည်မတူညီသည့်အလျောက် ဗုဒ္ဓရှင်တော်တစ်ပါးတည်း၏ ဟောကြား၊ သင်ကြားချက်များအပေါ် လက်ခံပုံ၊ ယူဆပုံများလည်းများစွာပင် ကွာဟခဲ့ပါသည်၊၊

သစ္စာလေးပါး၊ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်၊ ပါရမီ၊ ပဋိစ္စသမုပ္ပါဒ်တရားအပါအ၀င် ဗောဓိပက္ခိ ယတရားများအားလုံးအပေါ် အပြင်ပိုင်းနာမည်ကို လက်ခံပုံတူညီနေကြသည့်တိုင် အနှစ်သာရကို ယူဆပုံနှင့်၊ အဓိပ္ပါယ်ဖွင့်ဆိုပုံများမှာ ဆက်စပ်၍မဖြစ်နိုင်လောက်အောင် ကွာဟခဲ့ပါသည်၊၊ ဗောဓိသတ္တ=ဘုရားအလောင်း အယူအဆများမှာ နားလည်ရခက်လောက်အောင်ပင် ကွာဟခဲ့ပါသည်၊၊

ဗုဒ္ဓဘာသာ၏ပန်းတိုင်များဖြစ်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဆင့်များနှင့် နိဗ္ဗာန်ကို ဖော်ပြသရုပ်ဖော်ပုံများမှာ ဒဏ္ဍာရီဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်၊ နတ်ဘုံနတ်နန်းများပမာ ဖြစ်လာရပါသည်၊၊

တတိယသင်္ဂါယနာတင်အပြီး နှစ်ကြာသောအခါ ထေရ၀ါဒဂိုဏ်းကြီးမှ ဂိုဏ်း(၈)ဂိုဏ်းကွဲထွက်ပြီး၊ မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်း(၅)ထပ်မံကွဲခဲ့ပါသည်၊၊ မူလဂိုဏ်းကြီးနှစ်ဂိုဏ်းအပါအ၀င် မူလဗုဒ္ဓ သာသနာမှ မတူညီသည့်ဂိုဏ်း(၁၈)ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဤအချိန်တွင်မူ ဗုဒ္ဓသာသနာတော် အတွင်း ဂိုဏ်းပေါင်းများစွာ ကွဲသည့်အလျောက် ဗုဒ္ဓရှင်တော်၏ဟောပြောချက်များကို ထပ်ဆင့် ဟောပြောကြပုံ၊ သင်ပြကြပုံများမှာလည်း အမျိုးမျိုးအဖုံဖုံဖြစ်ခဲ့ရပါသည်၊၊

(B.C.309)တွင် တတိယသင်္ဂါယနာ၏ ယှဉ်ပြိုင်သံင်္ဂါယနာအဖြစ် ထေရ၀ါဒဂိုဏ်းကွဲတစ်ခုဖြစ်သည့် သဗ္ဗတ္ထိက၀ါဒီဂုဏ်းမှဦးစီး၍ ရာဇဂဟပြည်နယ်၊ နာလန္ဒာကျောင်းတိုက်ကြီးတွင် စင်ပြိုင်တတိယသင်္ဂါ ယနာကို တင်ခဲ့ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးအပြီး ကွဲထွက်လာသော ဗုဒ္ဓသာသနာဂိုဏ်းများကို တင်ပြဆွေးနွေးပါမည်၊၊
(၁)ထေရ၀ါဒဂိုဏ်း၊
(၂)မဟာသံဃိကဂိုဏ်း၊


ထေရ၀ါဒဂိုဏ်းမှ ကွဲထွက်လာသောဂိုဏ်းများ-
(၃) မဟိသာသကဂိုဏ်း၊
(၄) ၀ဇ္ဇီပုတ္တကဂိုဏ်း၊
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်း၊
(၆) ကဿပိယဂိုဏ်း၊
(၇) သကန္တိကဂိုဏ်း၊
(၈) သုတ္တ၀ါဒီ(သုတ္တန္တိက၀ါဒီ)ဂိုဏ်း၊
(၉) ဓမ္မဂုတ္တိကဂိုဏ်း၊
(၁၀) ဓမ္မုတ္တရိကဂိုဏ်း၊
(၁၁) ဘဒ္ဒယာနကဂိုဏ်း၊
(၁၂) ဆန္ဒဂါရိကဂိုဏ်း၊
(၁၃) ဓမ္မိတိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

မဟာသံဃိကဂိုဏ်းမှကွဲထွက်လာသော ဂိုဏ်းများ-
(၁၄) ဂေါကုလိကဂိုဏ်း၊
(၁၅) ဗဇာပတိဂိုဏ်း၊
(၁၆) ဗာဟုလိကဂိုဏ်း၊
(၁၇) ဗာဟုသုတိဂိုဏ်း၊
(၁၈) မကဗျာဝဟာရိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

တတိယသင်္ဂါယနာစည်းဝေးကြီးတွင် စေလွှတ်ခဲ့သည့် နိုင်ငံခြားသာသနာပြု ရဟန်းတော်များနှင့် နိုင်ငံများ ကိုတင်ပြအပ်ပါသည်၊၊

(၁) ကသ္မီရ ဂန္ဓာရတိုင်းနိုင်ငံ(ပါကစ္စတန်၊အာဖဂန်နစ္စတန်)သို့ အရှင်မဇ္ဈမိကမထေရ်၊
(၂) မဟိသာသကတိုင်းနိုင်ငံသို့ အရှင်မဟာဒေ၀မထေရ်၊
(၃) ၀န၀ါသီတိုင်းနိုင်ငံသို့ အရှင်ရက္ခိတမထေရ်၊
(၄) အပရန္တတိုင်းနိုင်ငံသို့ အရှင်ယောနဓမ္မရက္ခိတမထေရ်၊
(၅) မဟာရဋ္ဌတိုင်းနိုင်ငံသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်၊
(၆) ယောနတိုင်းနိုင်ငံသို့ အရှင်မဟာရက္ခိတမထေရ်၊
(၇) ဟိမ၀န္တတိုင်းနိုင်ငံသို့ အရှင်မဇ္ဈိမမထေရ်၊
(၈) သုဝဏ္ဏဘုမ္မိတိုင်းနိုင်ငံ(မြန်မာ)သို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်၊
(၉) လင်္ကာဒီပတိုင်းနိုင်ငံ(သီရိလင်္ကာ)သို့ အရှင်မဟာမဟိန္ဓမထေရ်၊ တို့အသီးသီး ဖြစ်ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးကို ကျင်းပရခြင်း၏အကြောင်းမှာ ထေရ၀ါဒဂိုဏ်းကြီးအတွင်း မသန့် ရှင်းသည့် ရဟန်းများ၊ ရဟန်းအတုများဝင်ရောက်လာမှုကြောင့် ထိုရဟန်းများကိုနှိမ်နင်းရန်နှင့် ထေရ ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကြီး သန့်ရှင်းစင်ကြယ်စေရန် အသောကမင်းကြီးမှ အာဏာဖြင့်မေးမြန်းစီးစစ်ပြီး၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့မှ ထေရ၀ါဒဓမ္မကို စနစ်တကျအတည်ပြုရန် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်၊၊

“စတုတ္ထသင်္ဂါယနာ”
(B.C.93/94)၊ ဗုဒ္ဓလွန်တော်မူအပြီး၊ အနှစ်လေးရာ့ငါးဆယ်ခန့်ကြာသောအခါ သီရိလင်္ကာနိုင်ငံ၊ မလယဒေသ၊ အာလုဝိဟာရတွင်၊ ၀ဋ္ဋဂါမဏိမင်း၏အထောက်အပံ့ကိုယူ၍ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ကြပါသည်၊၊ မဟာဓမ္မရက္ခိတမထေရ်က သင်္ဂါယနာကိုဦးဆောင်ပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၅၀၀)တက်ရောက်ခဲ့ကြပြီး၊ (၁)နှစ်ကြာစည်းဝေးခဲ့ရပါသည်၊၊

ဤသင်္ဂါယနာတွင် ဗုဒ္ဓရှင်တော်၏ ပါဠိစာပေများကို နှုတ်ဆောင်အဆင့်မှ သီဟဠဘာသာသို့ ပေထက် အက္ခရာအရေးအသားအဆင့်သို့ ရေးသားမှတ်တမ်းတင်ခဲ့ကြပါသည်၊၊ ဤသင်္ဂါယနာအရင်က ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို သံဃာတော်တို့အစဉ်အဆက် နှုတ်ဖြင့်သာ ဆောင်ထားခဲ့ကြပါသည်၊၊ စာပေဖြင့်အရေးအသားဖြင့် မှတ်တမ်းမတင်ခဲ့ကြသေးပါ၊၊

(A.D.120)၊ ဗုဒ္ဓလွန်အပြီး နှစ်(၆၅၀)ခန့်အကြာတွင် စတုတ္ထသင်္ဂါယနာ၏ စင်ပြိုင်စတုတ္ထသင်္ဂါယနာကို ပသျှဝါပြည်နယ်၊ ကသ္မီရတိုင်း၊ ဇလန္ဒာမြို့၌၊ အသျှင်ဝသုမိတ္တမထေရ်နှင့်၊ အသျင်အဿဃောသမထေရ် တို့ဦးစီး၍ တင်ခဲ့ကြပါသည်၊၊ ကနိသျှကမင်းက သံင်္ဂါယနာကိုကူညီထောက်ပံပေးခဲ့ပါသည်၊၊ သံဃာ တော်(၅၀၀) စည်းဝေးသို့တက်ရောက်ကြောင်း ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓစာပေကို သက္ကဋ (သင်္သကရိုက်)အရေးအသားဖြင့် အစောဆုံးစာပေအရေးအသား အက္ခရာတင်ခဲ့ကြပါသည်၊၊

စတုတ္ထသင်္ဂါယနာစင်ပြိုင်ပွဲကြီးမှစတင်၍ ထိုသင်္ဂါယနာတွင်ပါဝင်သော ရဟန်းသံဃာတော်တို့သည် မိမိတို့၏ဂိုဏ်းအား “မဟာယာန”ဟူ၍၄င်း၊ မူလသာသနာတော်ဂိုဏ်းကို “ဟီနယာန”ဟူ၍၄င်း၊ ကျမ်းစာ များတွင် ထည့်သွင်း၍ အသုံးပြုရေးသားလာခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓရှင်တော်၏ သာသ နာတော်တွင် “မဟာယာန”နှင့် “ဟီနယာန”ဟူသော ဂိုဏ်းဝေါဟာရနှစ်ရပ် စတင်ပေါ်ပေါက်ခဲ့ရပါသည်၊၊

“ဟီနယာန”ဟူသော အမည်ဝေါဟာရကိုများစွာ မနှစ်သက်သောမူလသာသနာဂိုဏ်းဝင် အရှင်မြတ်တို့သည် မဟာယာနအရှင်တို့ခေါ်ဝေါ်သော “ဟီနယာန”ဟူသောအမည်ကိုမခံယူဘဲ “ထေရ၀ါဒ”ဟူ သောအမည်ကိုသာ ဆက်လက်သုံးစွဲလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာငါးနိုင်ငံပါဝင်သော ထေရာဝါဒနိုင်ငံတို့သည် (၁၉၅၀)ခုနှစ်တွင် “ဟီနယာန”ဟူသောအမည်ကို လက်ခံအသုံးမပြုကြောင်း၊ “ထေရ၀ါဒ”ဟူ၍သာ လက်ခံအသုံးပြုမည်ဖြစ်ကြောင်း World Fellowship of Buddhist (WFB)အစည်းဝေးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်တွင် ငါးနိုင်ငံစုံညီ၍ဆွေးနွေး၊ အတည်ပြုခဲ့ကြပါသည်၊၊

“မဟာယာနဗုဒ္ဓဘာသာဂိုဏ်း”သည် မဟာသံဃိကဂိုဏ်းကြီးမှ စည်ပင်တိုးတက်လာခဲ့သောဂိုဏ်း ဖြစ်ပါ သည်၊၊ မဟာယာနအရှင်တို့စည်းဝေးသော “စတုတ္ထစင်ပြိုင်သင်္ဂါယနာ”မှစတင်ပြီး ထက်မြက်သည့် အရှင်နာဂဇုန၊ အရှင်အဿဃောသ၊ အရှင်ဝသုမိတ္တစသည့် အရှင်မြတ်များပေါ်ပေါက်ခဲ့ပြီး၊ အသစ် အသစ်သော မဟာယာနသုတ္တန်များ၊ သင်ကြားချက်၊ ဟောပြောချက်များကို ဗုဒ္ဓစာပေများအဖြစ်ဖန် တီးပြီး၊ ကမ္ဘာသို့ပြန့်စေခဲ့ကြပါသည်၊၊

ထို့အပြင် ဗုဒ္ဓဘာသာတွင်လည်း “မဟာယာနဗုဒ္ဓဘာသာသည်သာ အမွန်ဆုံးဖြစ်ပြီး၊ အခြားဂိုဏ်းများမှာ ဂိုဏ်း အသေးအမွှားများသာဖြစ်ကြောင်း တင်ပြသည့်အနေဖြင့် ‘ဟီနယာနဗုဒ္ဓဘာသာ’များဟု ‘သဒ္ဓမ္မပုဏ္ဍရိကာ’စ သောကျမ်းများတွင် ထည့်သွင်းရေးသားခဲ့ကြပါသည်၊၊” အမှန်စင်စစ် “ထေရ၀ါဒ”နှင့် “မဟာယာန”ဟူသော စကားလုံးသည်မူလ ဗုဒ္ဓရှင်တော်ဟောကြားသည့် ပါဠိစာပေကျမ်းများထဲတွင် မပါရှိချေ၊ မဟာယာနဆရာ အစဉ်အဆက်ရေးသားခဲ့သည့် ကျမ်းများတွင်သာ ထိုအသုံးများကို တွေ့ရသည်၊၊

(2century.A.D)ရာစု၊ ဗုဒ္ဒရှင်တော်လွန်တော်မူအပြီး နှစ်(၇၀၀)ခန့်တွင် “မဟာယာန”ဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကိုတွေ့ရပြီး မဟာယာနဟု တိကျစွာဖြစ်တည်လာသည်ဟုလည်း ဆိုရပါမည်။ အသျှင်နာဂဇုနမထေရ်သည် ‘မဓယာမိကကာရိကာ’ကျမ်းငယ်တွင် “လောကအတွင်းရှိ အရာရာတိုင်းသည် ‘သုညတ’ဖြစ်သည်”ဟူသော အတွေးအခေါ်အယူအဆသစ်ကို တိုးတက်ပြန့်ပွား အောင် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

“အာနန္ဒာ,လောကမှာ “အတ္တ”လို့ခေါ်တဲ့ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ အသက်၊ လိပ်ပြာ ဆိုတာမရှိဘူး၊ အတ္တဆိုတာမရှိတဲ့အတွက် “အတ္တနိယ”လို့ခေါ်တဲ့ ငါပိုင်တဲ့ပစ္စည်းဥစ္စာဆိုတာလည်း မရှိဘူး၊၊ ဒီသဘောတရားကို “သုညတ”လို့ ငါဟောကြားခြင်း ဖြစ်တယ်၊၊”

အသျှင်နာဂဇုနမထေရ်သည် အထက်ပါဗုဒ္ဓရှင်တော်၏ “သုညတ” နှင့်စပ်သော ဟောပြောချက်ကိုအခြေခံ၍ သူ၏ “Emptiness=သုညတ၀ါဒ”ကို ကမ္ဘာ့စိတ် ပညာအတွေးအခေါ် Philosophy တစ်ရပ်အနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်၊၊

သို့သော် အသျှင်နာဂဇုနတင်ပြသော သုညတ၀ါဒသည် ဗုဒ္ဓရှင်တော်၏ဟောပြောချက်ကို အခြေခံ၍တင်ပြသည် ဖြစ်သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာတို့ လက်ခံယူဆသော သုညတအယူအဆနှင့် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်ပမာကွာခြားလှပါသည်၊၊

(4th century.A.D)တွင် အသျှင်အာသင်္ဂနှင့် အသျှင်ဝသုဗန္ဓု၊ အသျှင်ဓမ္မကိတ္တိ၊ အသျှင်အယဒေ၀၊ အသျှင်ဒိန္နာဂတို့သည် မဟာယာနစာပေကျမ်းဂန် မြောက်များစွာကို အသစ်ဖြည့်စွက် ရေးသားခဲ့ကြသည်။ မဟာယာနဗုဒ္ဓဘာသာဟု ထင်ရှားစွာပေါ်လာသည့်(1st century.A.D)တွင် မဟာယာနနှင့် “ဟီနယာန”ဟူသောအသုံးအနှုံးနှစ်ခုကို အကျယ်တ၀င့် စတင်သုံးစွဲ လာကြပါသည်။

မဟာယာနကျမ်းများစွာတွင် “လူတိုင်းသည် ဘုရားဖြစ်နိုင်သည်၊ ဘုရားဖြစ်ရမည်ဟု ဖော်ပြပါသည်၊၊ ထို့ကြောင့် လူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊” ဤအယူအဆနှင့်ပတ် သက်၍ ပညာရှင်တို့ဝေဖန်ကြသည်မှာ “လူတိုင်းဘုရားဖြစ်မည်ဆိုလျင် ဘယ်သူ့ကို ကယ်တင်နေဖို့ လို သေးသနည်း၊ အားလုံးပင် ဘုရားများဖြစ်နေပြီ၊”ဟု ဖြစ်ပါသည်၊၊ မည်သို့ဆိုစေ ယနေ့အထိ “မဟာယာန ဗုဒ္ဓဘာသာ”သည် ကမ္ဘာ့ဘာသာကြီးတစ်ရပ်အနေဖြင့် နိုင်ငံများစွာက လက်ခံယုံကြည်သော “ဘာသာ ကြီး”တစ်ခုပင် ဖြစ်ပါသည်၊၊

“ပဉ္စမသင်္ဂါယနာ”
သာသနာတော်နှစ် ၂၄၁၂ခု၊ (A.D.1872)တွင်၊ မြန်မာနိုင်ငံ၊ မန္တလေးမြို့၌၊ အရှင်ဇာဂရာဘိဝံသ၊ နရိန္ဒာ ဘိဓဇသီရိသဒ္ဓမ္မ ဇောတိပါလ၊ အရှင်သုမင်္ဂလသာမိတို့ကဦးစီးပြီး၊ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ကြပါသည်။

မင်းတုန်းမင်းကြီးက သင်္ဂါယနာစည်းဝေးပွဲကြီးကို ထောက်ပံခဲ့ပါသည်၊၊ သံဃာတော် (၂၄၀၀)တက်ရောက်ပြီး၊ (၇နှစ်၊ ၆လ၊ ၁၅)ရက်မျှကြာအောင် စည်းဝေးရသည်ဟု ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို ကျောက်ပြားများပေါ်တွင်ထွင်း၍၊ မြန်မာအက္ခရာအရေးအသားဖြင့် ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါသည်၊၊

တိပိဋကကျမ်းစာများကို ထွင်းထု၍ကျောက်အက္ခရာတင်သော ကျောက်ပြားကြီးများမှာ အမြင့်(၅၂)ပေစီနှင့်၊ အကြယ် (၃၁)ပေစီမျှရှိပြီး၊ အထူ(၅)လက်မစီ ဖြစ်ကြပါသည်၊၊

ပဉ္စမသင်္ဂါယနာတွင် ကျောက်ထက်အက္ခရာတင်ထားခဲ့သော ကျောက်ချပ်ရေ (၇၂၉)ချက်ကို ယနေ့တိုင် မန္တလေးမြို့၊ မန်းတောင်ခြေ၊ ကုသိုလ်တော်ဘုရားဝိုင်းအတွင်းတွင် စေတီငယ်(၇၂၉)ဆူထဲတွင် ထည့်သွင်း၍ထားသည်ကို ယနေ့တိုင်ဖတ်ရှု လေ့လာနိုင်ပါသည်၊၊

“ဆဋ္ဌသင်္ဂါယနာ”
သာသနာတော်နှစ်-၂၄၉၈တွင်၊ (A.D.1954)တွင် ညောင်ရမ်းဆရာတော်ဘဒ္ဒန္တရေ၀တဦးစီး၍၊ ဆဋ္ဌသင်္ဂါယနာ ကို မြန်မာပြည်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလှိုဏ်ဂူအတွင်း တင်ခဲ့ကြပါသည်၊၊

မဟာစည်ဆရာတော်နှင့် ဦးဝိစိတ္တသာရာဘိဝံသတို့က သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၂၅၀၀)တက်ရောက်ခဲ့သည်ဟု ဆိုပါသည်၊၊ နိုင်ငံတော်သမ္မတ ဦးဘဦး၊ ၀န်ကြီး ချုပ်ဦးနုနှင့် ဆာဦးသွင်တို့က စည်းဝေးပွဲကြီးကို ထောက်ပံ့ကူညီလှုဒါန်းခဲ့သည်ဟု လေ့လာရပါသည်၊၊

ဆဋ္ဌသင်္ဂါယနာစည်းဝေးပွဲကြီးသို့ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား ထေရ၀ါဒလေးနိုင်ငံတို့မှ ပါဠိပညာရှင်များ တက်ရောက်ကြောင်း မှတ်တမ်းများအရ သိရသည်၊၊ ဤသင်္ဂါယနာမှစတင်၍ ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပေစာ၊ ကျောက်စာအရေးအသားအဖြစ်မှ စာအုပ်အရေးအသားသို့ အက္ခရာအစဆုံးတင်ခဲ့ကြပါသည်၊၊

ဆဋ္ဌသင်္ဂါယနာပွဲကြီးအပြီးတွင် ထေရ၀ါဒငါးနိုင်ငံတို့က ပါဠိပညာရှင်တို့သည် ဗုဒ္ဓစာပေတစ်ရပ်လုံးအား မိမိတို့ နိုင်ငံသုံးဘာသာစကား အရေးအသားဖြင့် စတင်ပြီးစာအုပ်များရိုက်နှိပ်ဖြန့်ဝေကာ ကျောင်းများ၊ တက္ကသိုလ် များတွင် ထည့်သွင်း၍သင်ကြား စေကြပါသည်၊၊ ဤသည်ကိုသုံးသပ်သော် ဗုဒ္ဓရှင်တော်လွန်တော်မူအပြီး နှစ်ပေါင်း (၂၅၀၀)ကျော်မှ ဗုဒ္ဓရှင်တော်၏ဟောပြော သင်ကြားချက်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ကြ သည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊

ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများမှာ-ပိဋကအားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့်ငါးရပ်၊ စုစုပေါင်း (၅၂)ကျမ်းရှိသည်။ ဆဋ္ဌသင်္ဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း (၄၀) ရှိသည်။ စာမျက်နှာပေါင်း (၈၀၂၅)ရှိ ပါသည်၊၊

ဆဋ္ဌသင်္ဂါယနာတွင် ပါဠိတော်အုပ်ရေ(၄၀)၊ အဋ္ဌကထာအုပ်ရေ(၅၁)၊နှင့် ဋီကာအုပ်ရေ(၂၆)တို့ကို ကဏ္ဍများခွဲ၍ တည်းဖြတ်၊ သုတ်သင်၊ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြသည်ဟု သင်္ဂါယနာတင် မှတ်တမ်းအရ သိရပါသည်၊၊

ယ္ခုအခါ ဗုဒ္ဓရှင်တော် လွန်တော်မူသည့်နေ့မှစ၍ရေတွက်လျင် နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သည်၊၊ နှစ်ပေါင်း (၂၅၀၀)ကျော်ကျော်အတွင်း ဖြတ်သန်းခဲ့ရသည့် ဗုဒ္ဓဘာသာကြီးသည် အခက်ခဲပေါင်းများစွာ၊ ပြိုကွဲမှုပေါင်းများစွာ၊ ပြုပြင်မှုပေါင်းများစွာတို့ဖြင့် ရပ်တည်ခဲ့ရလေသည်၊၊

အမှန်စင်စစ် ဗုဒ္ဓစာပေနှင့် ကျင့်စဉ်များသည် တကယ်စနစ်တကျလေ့လာပြီး၊ အသုံးချ ကျင့်ကြံကြည့်မည်ဆို လျင် လက်တွေ့လူနေမှုဘ၀နှင့်၊ အနာဂတ်ဘ၀များအတွက်ပါ အထက်တန်းကျကျ ကောင်းစားပြီး၊ အကျိုးရှိမည်မှာ မလွဲပါ၊၊ ကမ္ဘာ့ဘာသာစာပေပေါင်းများစွာကို လေ့လာကြသော ဘာသာရေးပညာရှင်များ ကလည်း ဗုဒ္ဓစာပေနှင့် အလေ့အကျင့်များသည် လက်တွေ့ကျပြီး၊ ဘ၀ငြိမ်းချမ်းမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းမှုကို ဖော်ဆောင်ရာတွင် အမှန်တကယ်အသုံးဝင်ကြောင်း ပြောဆိုသည်ကို တွေ့ရပါသည်၊၊

အထူးအားဖြင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ဘာသာကြီးများအထဲတွင် စာပေအကြွယ်ဝဆုံးနှင့်၊ နူးညံ့မှုအရှိဆုံးဖြစ် ကြောင်း ထောက်ခံပြောဆိုကြပါသည်၊၊ သင်္ဂါယနာခြောက်ကြိမ်စီစစ်ထားသော ဗုဒ္ဓစာပေများအထဲတွင် နယ်ပယ်မျိုးစုံအတွက်အသုံးချနိုင်သော လမ်းညွန်ချက်များစွာပါရှိသည်ကို တွေ့ရသည်၊၊

ဗုဒ္ဓဘာသာအတွင်း ဂိုဏ်းကြီးများအဆင့်ဆင့် ကွားပြားသွားကြပုံကို လေ့လာသောအားဖြင့် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးတွင်သာမက၊ ဘာသာရေးတွင်ပါ အတွင်းပိုင်းအားဖြင့် မညီမျှမှုများ၊ အခြေအတင်အငြင်း အခုံများ ရှိနေတတ်ကြောင်းကို လေ့လာမိမည်ဖြစ်သည်၊၊ ဤသို့သောဖြစ်စဉ်များမှာလည်း ဘာသာတိုင်းတွင် ရှိနေမည်မှာ မလွဲပါချေ၊၊

ဤတွင် အရှင်ရေးသားတင်ပြအပ်သည့် “ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများ ပေါ် ပေါက်လာပုံကို သင်္ဂါယနာသမိုင်းရှုဒေါင့်ဖြင့်သုံးသပ်မှု” အတိုင်းအတာတစ်ခုအထိပြည့်စုံပြီဟု ယူဆပါသည်၊၊ လုံးဝပြည့်စုံသည်ဟုကား မဆိုလိုပါ၊၊ “လိုအပ်သူများအတွက် လမ်းစပေးရုံမျှ ပေးစွမ်းနိုင်သည်ဆိုလျင်ပင် အရှင်၏အားထုတ်ရကျိုးနပ်ပြီဟု ကျေနပ်ရပါမည်၊၊”

စင်စစ် ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများအကြောင်းကို သင်္ဂါယနာသမိုင်းကို မလေ့လာဘဲ သိရှိရန်မဖြစ်နိုင်ချေ၊၊ ထို့ကြောင့် သင်္ဂါယနာသမိုင်းကို ကျောရိုးသဖွယ်ပြု၍ အရှင် တင်ပြလိုက်ရပါသည်၊၊

အမှန်မှာ သင်္ဂါယနာသမိုင်းကို လေ့လာသိရှိခြင်းသည် ဗုဒ္ဓဘာသာကို လေ့လာသိရှိခြင်းပင် ဖြစ်ပါသည်၊၊ သင်္ဂါယနာသမိုင်းမသိဘဲ ဗုဒ္ဓဘာသာကို သိရှိရန်လည်း မဖြစ်နိုင်သော အခြေအနေပင်ဖြစ်ပါသည်၊၊ ဤသို့သော ဟာကွက်များကို ဖြည့်ဆည်းသောအားဖြင့် အရှင် ဤစာတမ်းကိုရေး သားလိုက်ရခြင်း ဖြစ်ပါသည်၊၊

အရှင်၏ရေးသားချက်များထဲတွင် အမှားများ၊ လိုအပ်မှုများ ရှိနေခဲ့သော် စာဖတ်သူများအနေဖြင့် ပြင် ဆင်အကြံပေးကြမည်ဆိုလျင် အရှင်မှ ၀မ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်ပါသည်၊၊ သမိုင်းကိုတင်ပြ သည့်အခါ အရှိကိုအရှိအတိုင်းတင်ပြရသည့်အတွက် ပျော့ကွက်ဟာကွက်များကို တင်ပြမိသည့်အခါ များရှိကြောင်းကို ၀န်ခံရပါမည်၊၊

“အလင်းစက်”သို့ စာဖတ်သူများကို အရှင့်အနေဖြင့် “ရွှေနှင်းဆီဘယ်မည်ပေး၊ မွှေးမပျက်ရှိမည်သာ၊ မည်နာမာလိုရာရွေး၊ ရေးမကြီးပါ၊၊”ဟူသည့် ကဗျာဆောင်ပုဒ်တွင် ပါဝင်သည့်အတိုင်း “ဂိုဏ်းအမည်များကိုဖျောက်ဖြက်၍ စစ်မှန်သောဗုဒ္ဓရှင်တော်၏ ဟောပြောသင်ကြားချက်များကို ကိုယ်တိုင်ကိုယ်ကြ လေ့လာ၊ ဆည်းပူး၊ သင်ယူကြပြီး၊ လိုအပ်သည့် ဘ၀ငြိမ်းချမ်းမှု၊ သံသရာချမ်းသာမှုများကို ရရှိကြပါစေကြောင်း “အလင်းစက်အရှင်” ဆန္ဒပြုလိုက်ပါသည်၊၊”


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရီလင်္ကာနိုင်ငံ
(၁၅.၄.၂၀၁၁)


(မှတ်ချက်/ စူဠ၀ဂ္ဂပါဠိ-ပဉ္စသတိကခန္ဓက၊သတ္တသတိကခန္ဓက၊ The Hertigate of the Bhikkhu,by Dr.Walpola Rahula. What the Buddha Taught, by Rahula. သင်္ဂါယနာသမိုင်းစုံ၊ 250 Journey of Buddhism.The Spectrum of Buddhism,by Piyadassi. တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားပါ သည်၊၊)

3 comments:

အလင်း စက် April 25, 2011 at 9:14 AM  

good

vepula May 4, 2011 at 8:06 AM  

ကျေးဇူးတင်ပါသည်.....အရှင်ဘုရား။
တပည့်တော် Assignment ရေးဖို့အတွက်လိုက်ရှာရင်း အရှင်ဘုရား post လေးကိုတွေ့လို ၀င်ဖတ်သွားပါတယ်....ဘုရား။

Unknown August 23, 2019 at 10:53 PM  

ပထမသင်္ဂါယနာမှာဦးဆောင်တာအရှင်မဟာကဿ
ပပါဘုရား။

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP