Wednesday, April 18, 2012

ကိုဖြိုးအေကျော်နှင့် မသဉ္ဇာဝင်းတို့၏ မင်္ဂလာဆွမ်းအလှူ









ခေတ္တ-စင်္ကာပူနိုင်ငံ၊ ကိုဖြိုးအေကျော်+မသဉ္ဇာဝင်းတို့၏ (၃)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့ဆွမ်းအလှူတော်မှတ်တမ်း ဓာတ်ပုံများကိုအလင်းစက် စာဖတ်သူတို့ကြည်နူးပီတိဖြစ်စေရန် တင်ပြအပ်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် "ကိုးဆယ့်တစ်ကမ္ဘာအတွင်းတွင် သဗ္ဗေညုတာရွှေညာဏ်တော်ဖြင့် ဆင်ခြင်သုံးသပ်ကြည့်သော်လည်း အလှူဒါနပြုသဖြင့်ဆင်းရဲမွဲတေသွားသူဟူ၍ မရှိ"ကြောင်းမိန့်တော်မူထားသည်ကို ပါဠိနိကာယ်ကျမ်းကြီးများတွင် လေ့လာရသည်၊၊

ထို့ပြင် အခြားပါဠိတော်တစ်ခုတွင်လည်း "လူတိုင်းလူတိုင်းသည် ဒါနကုသိုလ်စေတနာ၏အကျိုးကြီးမားပုံကို ငါဘုရားရှင်သိသလောက်သာသိကြမည်ဆိုလျင် ထမင်းတစ်လုပ်ကိုမလှူတန်းရသေးဘဲ စားကြတော့မည်မဟုတ်ကြောင်း" လမ်းညွှန်ထားသည်ကို တွေ့ရပါသည်၊၊

(၁၃၇၄)ခု၏ နှစ်ဦးနှစ်ဆန်းနေ့တွင် ရေခြားမြေခြား၌ပညာသင်ယူနေကြသည့် သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းလှူဒါန်းကြသော အလှူရှင်ဇနီးမောင်နှံတို့သည် ဘေးအန္တရာယ်များကင်းဝေးပြီး၊ စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်းနှင့်၊ ကျန်းမာ၊ချမ်းသာကြပါစေကြောင်း၊ သာသနာတော်အကျိုးကို တိုး၍ထမ်းဆောင်လျက် နိဗ္ဗာန်ချမ်းသာကိုရရှိကြပါစေကြောင်း သံဃာတော်အရှင်မြတ်များ၏ကိုယ်စား "အလင်းစက်အရှင်"မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊ ၊၊

မင်္ဂလာဆွမ်းအလှူသို့ကြွရောက်ဂုဏ်ပြုတော်မူကြသည့် သံဃာတော်အရှင်မြတ်များသည် နှစ်ဦးမင်္ဂလာဆွမ်းကို ဘုန်းပေးတော်မူကြပြီး ပညာရေးအောင်ပန်းများကိုရရှိကြပါစေကြောင်း အလှူရှင်တို့၏ကိုယ်စား ဘုရားတပည့်တော်မှ ဆုတောင်းအပ်ပါသည်၊၊

မင်္ဂလာဆွမ်းဆက်ကပ်ရာတွင် ပါဝင်ကူညီကြသောလေးစားရသည့် နောင်တော်ကြီးများ၊ ညီတော်ငယ်များကိုလည်း အထူးလေးစားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်၊၊


(မှတ်ချတ်/https://picasaweb.google.com/100920125144730752714/KoPhyoAKyawAndMaThinZarWinSWeddingThreeYearsAnniversaryLunchDonationToSriLanka?authuser=0&authkey=Gv1sRgCMyCl6jV4v6GoQE&feat=directlink တွင် အပြည့်အစုံကြည့်ရှုနိုင်ပါသည်၊၊)

အပြည့်အစုံသို့....

Friday, April 13, 2012

"အခြေခံလူ့ကိုယ်ကျင့်တရား" အပိုင်း(၂)


“ဒုတိယအခြေခံ လူ့ကိုယ်ကျင့်”




မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်ဖြစ် အခြေခံလူ့ကိုကျင့်များအကြောင်းကို နှစ်ပိုင်းခွဲ၍တင်ပြဆွေးနွေးခဲ့ရာ ယ္ခုဒုတိယ ပိုင်းကို တင်ပြဆွေးနွေးအပ်ပါသည်၊၊ အခြေခံလူ့ကိုယ်ကျင့်တရားတွင် ဒုတိယမြောက်ကိုယ်ကျင့်တရားသည် အခြားသူ များ၏ပစ္စည်းဥစ္စာကိုမခိုးယူရန် ဖြစ်ပါသည်၊၊




ပါဠိဝေါဟာရဖြင့်“အဒိန္နာဒါန”ဟု ခေါ်ပါသည်၊၊ အဒိန္နာဒါနပုဒ်ကို“အဒိန္န+အာဒါန”ဟုပါဠိသဒ္ဒါနည်းအားဖြင့်ခွဲချမ်းစိတ် ဖြာ၍ မြန်မာပြန်ဆိုရပါသည်၊၊ အဒိန္န=မပေးသောအရာကို၊အာဒါန=ယူခြင်း၊၊ ပိုင်ရှင်မှမပေးသောအရာဝတ္ထုသက်ရှိ သက်မဲ့ကိုယူခြင်းကို ဒုယတိယမြောက်ကိုယ်ကျင့်ကို ကျူးလွန်ခြင်းဟုမှတ်ယူရပါသည်၊၊




ဤအခြေခံလူ့ကိုယ်ကျင့်တွင် အခြားသူများ၏ဥစ္စာကို မယူရုံနှင့်ကိုယ်ကျင့်ကောင်းသူဟူ၍ မခေါ်ဆိုနိုင်သေးပေ၊၊ အဘယ့်ကြောင့်ဆိုသော် အခြားသူများ၏ဥစ္စာကို ကူညီစောင့်ရှောက်ပေးရန်ကျန်ရှိနေသေး သောကြောင့်ဖြစ်ပါသည်၊၊ အခြားသူများ၏ပစ္စည်းဥစ္စာကို ကိုယ်တိုင်လည်းမယူ၊ အခြားသူများမှမယူနိုင်အောင်လည်း ကူညီစောင့်ရှောက်ပေးနိုင် မည်ဆိုလျင် ဒုတိယမြောက်ကိုယ်ကျင့်တရားနှင့်ပြည့်စုံသူဟု ခေါ်ဆိုနိုင်ပါသည်၊၊




ဖော်ပြပြီးသည့်အတိုင်းသာ လူတို့သည်ဒုတိယမြောက်ကိုယ်ကျင့်တရားကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြလျင် လူ တိုင်းလူတိုင်းသည်မိမိတို့၏ပိုင်ဆိုင်မှုများအတွက် စိတ်အေးချမ်းသာနိုင်ပြီး၊ လူသားခြင်းယုံကြည်မှု ချစ်ခင်မှုလေးစားမှု များလည်းတိုးတက်လာမည်ဖြစ်သည့်အပြင်၊ အခြင်းခြင်းတန်ဖိုးထားမှု များလည်း တိုးတက်လာမည်ဖြစ်ပါသည်၊၊




ဓားပြတိုက်ခြင်း၊လုခြင်း၊ လှည့်ပတ်လိမ်လည်၍ယူခြင်းအမျိုးမျိုးသည် အခြေခံလူကိုယ်ကျင့်တရားကို ဖောက်ဖျက် ရာရောက်သည့်အတွက် ဈေးရောင်းရာတွင်အမြတ်များများလိုချင်၍ အလေးခိုးခြင်း၊ ဈေးကိုတန်သည်ထက်ပို၍ တင်ထားခြင်း၊ လိမ်လည်ခြင်းအမျိုးမျိုးသည် ဒုတိယမြောက်ကိုယ်ကျင့်ကို ဖောက်ဖျက်ခြင်းပင် ဖစ်ပါသည်၊၊




သတိပြုရန်မှာ အလုပ်သမားများအနေဖြင့် အလုပ်ကိုလုပ်သင့်သည်ထက်လျော့ပေါ၍လုပ်ခြင်း၊ အလုပ်ရှင်များအနေ ဖြင့်အလုပ်သမားကို တန်ရာတန်ကြေးမပေးခြင်းများမှာ အဒိန္ဒာဒါနကိုယ်ကျင့်ကိုလွန်ကျူးခြင်းပင်ဖြစ်၍ ထိုကံကိုလွန် ကျူးခြင်း၏အပြစ်ကို ခံယူရမည်ဖြစ်ပါသည်၊၊




ဒုတိယမြောက်အခြေခံလူ့ကိုယ်ကျင့်ကို ကျူးလွန်ဖောက်ဖျက်ရာတွင် အင်္ဂါ(၅)မျိုးစုံညီမှသာလျင်အမှန်တ ကယ်ဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဟု ပါဠိကျမ်းမူရင်းတွင်ဖော်ပြထားပါသည်၊၊




(၁) အခြားသူပိုင်သောဥစ္စာဖြစ်ခြင်း၊



(၂) အခြားသူပိုင်ဆိုင်သည့်ဥစ္စာဟု သိထားခြင်း၊



(၃) ခိုးယူလိုစိတ်အမှန်တကယ်ရှိခြင်း၊



(၄) ခိုးယူရန်လုံ့လပြုခြင်း၊



(၅) ခိုးယူခြင်း၊




အထက်တွင် ဆွေးနွေးတင်ပြထားသည့် အင်္ဂါငါးမျိုးစုံညီလျက် သူတပါး၏ပစ္စည်းဥစ္စာကိုယူမိလျင် ခိုးယူ သောကံမြောက်သည်ဟု ဆိုပါသည်၊၊ ထိုအင်္ဂါငါးမျိုးထဲမှအင်္ဂါရပ်တစ်ခုခုလိုနေခဲ့လျင် ကံမမြောက် သည့်အတွက် ထိုကံ၏ဆိုးကျိုးအပြစ်ကို မခံစားရတော့ပါ၊၊





ထို့ကြောင့် သူငယ်ချင်း၏ပစ္စည်းကိုခဏယူမိခြင်း၊ ခင်မင်သဖြင့်ယူခြင်း၊ မိသားစုအခြင်းခြင်း၏ပစ္စည်းကိုယူခြင်း၊ ပစ္စည်း ခြင်းမှား၍ယူမိခြင်း၊ ပိုင်ရှင်မရှိသည့်ပစ္စည်းဟုထင်သဖြင့်ယူခြင်း၊ မိမိ၏ပိုင်နက်အတွင်းသို့ရောက်နေသည့်ပစ္စည်းကို ယူခြင်း၊ ပြန်ပေးမည်ဟုစိတ်ထားလျက် အခြားသူများ၏ပစ္စည်းများကိုယူမိရာတွင် ကံမမြောက်သဖြင့်အပြစ်မရှိတော့ ဟု မှတ်ယူရပါမည်၊၊





အခြေခံလူ့ကိုယ်ကျင့်ကို ကျူးလွန်သဖြင့်ခံစားရမည့် အကျိုးဆက်များကို အောက်ပါအတိုင်းလေ့လာ ရပါသည်၊၊




(၁) ဆင်းရဲနွမ်းပါးခြင်း၊



(၂) ကိုယ်စိတ်မချမ်းသာရခြင်း၊



(၃) ဆာလောင်ငတ်မွတ်ခြင်း၊



(၄) လိုအပ်ချိန်တွင် လိုအပ်သည်ကို မရတတ်ခြင်း၊



(၅) ရှိသည့်ပစ္စည်းတို့ ပျက်စီးဆုံးရှုံးတတ်ခြင်း၊



(၆) ရန်သူတို့၏ဖျက်ဆီးမှုကို ခံရတတ်ခြင်းတို့ဖြစ်ပါသည်၊၊




ဆန့်ကျင်ဘက်အားဖြင့် ဒုတိယအခြေခံလူ့ကိုယ်ကျင့်ကိုစောင့်ထိမ်းလျင် အထက်တွင်ဆွေးနွေးတင်ပြထားသည့်ဆိုး ကျိုးများ၏ဆန့်ကျင်ဘက် ကောင်းကျိုးအများကိုရရှိတတ်သည်ဟု လေ့လာရပါသည်၊၊ စာရေးသူ၏အမြင်အရဒုတိ ယမြောက်အခြေခံလူ့ကိုယ်ကျင့်သည် လူသားအခြင်းခြင်းယုံကြည်မှုကို တည်ဆောက်ပေးသည်ဟု မြင်ပါသည်၊၊




အဒိန္နာဒါနကိုယ်ကျင့်ကို ချိုးဖောက်ခြင်းသည် လောဘ၊ ဒေါသ၊ မောဟစေတသိက်သုံးတို့တွင် တစ်မျိုးမျိုးကြောင့် ဖြစ်လေ့ရှိသည်ဟု ဖွင့်ဆိုထားပါသည်၊၊ ထို့ကြောင့် တွေ့သမျှလိုချင်မှု၊ ဒေါသရှေ့ထားမှု၊ တွေဝေမှုတို့ကိုထိမ်းသိမ်းနိုင်ရန် အထူးရေးကြီးပါသည်၊၊




ဖော်ပြလျက်ရှိသည့်ကိုယ်ကျင့်တရားအမျိုးမျိုးတွင် ဒုတိယအခြေခံကိုယ်ကျင့်တရားသည် အထူးအaရးပါသည်ဟု ဆိုရပါမည်၊၊ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာဦးလူသားတို့သည် ကိုယ်ကျင့်တရားပျက်စီးကြရာတွင် ဒုတိယမြောက် ကိုယ်ကျင့်တရားသည် အစဆုံးလွန်ကျူးခဲ့ကြ၍ ဖြစ်ပါသည်၊၊




ထို့ကြောင့် အခြားသူ၏ပစ္စည်းဥစ္စာကိုမယူခြင်း၊ လုံခြုံအောင်ထိမ်းသိမ်းစောင့်ရှောက်ပေးခြင်းများသည် အခြေခံလူ့ ကိုယ်ကျင့်ကို စောင့်ထိမ်းရာရောက်သဖြင့် လောကငြိမ်းချမ်းရေးနှင့် ကမ္ဘာ့လုံခြုံစိတ်ချရေးအတွက်အထူးလိုအပ်သည့် ကိုယ်ကျင့်တရားတစ်ခုဖြစ်ကြောင်း တင်ပြအပ်ပါသည်၊၊





“တတိယအခြေခံလူ့ကိုယ်ကျင့်”



မရှိမဖြစ်လိုအပ်သော အခြေလူ့ကိုယ်ကျင့်အခြားတစ်ခုသည် လိင်ပိုင်းဆိုင်ရာစောင့်ထိမ်းမှု ဖြစ်ပါသည်၊၊ လိင်ပိုင်းဆိုင် ရာစောင့်ထိမ်းမှုသည် လူတို့၏အရှက်သိက္ခာကိုများစွာ အထောက်အပံ့ပေးသောကိုယ် ကျင့်တရားဖြစ်သည့်အတွက် မထားရှိမစောင့်ထိမ်းလျင် မဖြစ်သောအရာဖြစ်ပါသည်၊၊




ပါဠိဝေါဟာရအားဖြင့် “ကာမေသုမိစ္ဆာစာရ”ဟု ခေါ်ပါသည်၊၊ “ကာမ+မိစ္ဆာစာရ”ဟု ပါဠိသဒ္ဒါနည်းဖြင့်ခွဲချမ်းစိတ်ဖြာ၍ မြန်မာအဓိပ္ပါယ်ဖွင့်ဆိုရပါသည်၊၊ ကာမ=ကာမ/လိင်ပိုင်းဆိုင်ရာ၊ မိစ္ဆာစာရ=မှားယွင်းကျင့်သုံးမှုဟု နားလည်သိမှတ်ရပါ မည်၊၊




“အသက်နှင့် လူလုပ်သည်မဟုတ်၊ အရှက်နှင့် လူလုပ်သည်၊၊”ဟု ရှေးဟောင်းပညာရှိစကားကို လူတိုင်းကြားဖူးကြ မည်ဖြစ်ပါသည်၊၊ မှန်ပါသည်၊၊ လူလောကတွင် လိင်ပိုင်းဆိုင်ရာအခြေခံကိုယ်ကျင့်တရားကိုမလိုက်နာကြလျင် လူ့ဂုဏ် သိက္ခာဟူ၍ရှိတော့မည် မဟုတ်ချေ၊၊ လူသားနှင့်တိရစ္ဆာန်ဟုလည်း ခွဲခြားရန်မဖြစ်နိုင်တော့ပေ၊၊




စောင့်ရှောက်သူဖြစ်စေ၊ ပိုင်ရှင်ဖြစ်စေရှိသော မိန်းကလေး/ယောကျာင်္းလေးအား လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြု ချက်မရဘဲလွန်ကျူးခြင်းကို ကာမေသုမိစ္ဆာစာရ=လိင်မှုဆိုင်ရာ ကိုယ်ကျင့်တရားချိုးဖောက်ခြင်းဟုခေါ်ပါသည်၊၊ တတိ ယမြောက်အခြေခံလူ့ကိုယ်ကျင့်တွင် အခြားသူများ၏သား/သ္မီးကို လိင်ပိုင်းဆိုင်ရာလွန်ကျူးမှုကိုရှောင်ကြဉ်ရုံဖြင့် အခြေခံကိုယ်ကျင့်ပြည့်စုံသူဟု မခေါ်ဆိုနိုင်ပါချေ၊၊




မိန်းကလေးအားလုံးနှင့် ယောကျာင်္းလေးအားလုံးတို့အပေါ်တွင် ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် နှောက်ယှက်ဖြက် ဆီးခံရမှုများမှကင်းဝေးစေရန် စောင့်ရှောက်မှုသည် တတိယမြောက်အခြေခံလူ့ကိုယ်ကျင့်တွင် အရေးပါသောလို အပ်မှုဖြစ်ပါသည်၊၊ မိမိကိုယ်တိုင် လိင်မှုဆိုင်ရာလွန်ကျူးမှုလည်းမရှိ၊ တပါးသူများလည်းလွန်ကျူးခွင့် မရအောင် စောင့်ရှောက်ပေးနိုင်သူကို ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံသူဟု ဆိုရပါသည်၊၊




ပါဠိစာပေမူရင်းတွင် ပြည့်တန်ဆာမတစ်ဦးကို မိမိအလျင်အခြားသူမှ အခကြေးငွေပေး၍ငှားရန်းထားပြီးလျင် လိင်ပိုင်း ဆိုင်ရာပိုင်ရှင်ရှိပြီးသူဟု ဆိုထားပါသည်၊၊ ထိုမိန်းကလေးမျိုး၌လွန်ကျူးလျင်လည်း ကာမေသုမိစ္ဆာရကိုယ်ကျင့်ကို ကျူးလွန်ရာရောက်သဖြင့် သက်ဆိုင်ရာဆိုးကျိုးကို ခံစားရမည်ဖြစ်ပါသည်၊၊




အခြားသောမိဘ ညီကိုမောင်နှမတို့ကစောင့်ရှောက်ထားသည့် မိန်းကလေးများ၌လွန်ကျူးလျင် လိင်ပိုင်းဆိုင်ရာ အခြေခံလူ့ကိုယ်ကျင့်ကို ချိုးဖောက်ရာရောက်သည်မှာ သေခြာပါတော့သည်၊၊ ဤနေရာတွင် မိခင်စောင့်ရှောက် ထားသောမိန်းကလေး၊ သူငယ်ချင်းများမှစောင့်ရှောက်ထားသောမိန်းကလေးစသည်အားဖြင့် လိင်ပိုင်းဆိုင်ရာမလွန် ကျူးအပ်သည့် မိန်းကလေးအမျိုးအစားပေါင်း(၂၀)မျှရှိသည်ဟု ပါဠိစာပေတွင်ဖော်ပြထားပါသည်၊၊




(၁) မိခင်စောင့်ရှောက်ထားသော မိန်းမ၊



(၂) ဖခင်စောင့်ရှောက်ထားသောမိန်းမ၊



(၃) မိဘစောင့်ရှောက်ထားသောမိန်းမ၊



(၄) အကိုနှင့်မောင်တို့မှစောင့်ရှောက်ထားသောမိန်းမ၊



(၅) ညီမ၊အမတို့မှစောင့်ရှောက်ထားသောမိန်းမ၊



(၆) ဆွေမျိုးတို့မှစောင့်ရှောက်ထားသောမိန်းမ၊



(၇) မျိုးနွယ်တူတို့မှစောင့်ရှောက်ထားသောမိန်းမ၊



(၈) သူငယ်ချင်းများမှစောင့်ရှောက်ထားသောမိန်းမ၊



(၉) ၀မ်းတွင်းမှာကတည်းက ပိုင်ရှင်ရှိပြီးမိန်းမ၊



(၁၀) မင်းမှတားမြစ်ထားသောမိန်းမ၊



(၁၁) အခြားသူဝယ်ထားပြီးမိန်းမ၊



(၁၂) အလိုတူ၍ အတူနေသောမိန်းမ၊


(၁၃) ငွေကြေးကြောင့်အမျိုးသားတစ်ဦးအိမ်သို့နေထိုင်သောမိန်းမ၊



(၁၄) အ၀တ်စားဆင်၍ ပေါင်းသင်းထားသောမိန်းမ၊



(၁၅) လက်ထပ်ထားပြီးမိန်းမ၊


(၁၆) အလုပ်နှင့်လူကိုလဲလှယ်၍ အမျိုးသားတစ်ဦးနှင့် အတူနေထိုင်သောမိန်းမ၊



(၁၇) သိမ်းပိုက်ခံထားရပြီးမိန်းမ၊



(၁၈) သိမ်းပိုက်ခံထားရသောအလုပ်သမားမိန်းမ၊


(၁၉) စစ်သုံ့ပန်းမိန်းမ၊


(၂၀) အခပေး၍ငှားရန်းထားသောမိန်းမ၊




အထက်တွင်ဖော်ပြထားသည့်အမျိုးသ္မီး(၂၀)တို့သည် လိင်ပိုင်းဆိုင်ရာမလွန်ကျူးအပ်သည့် အမျိုးသ္မီးများဖြစ်ပါသည်၊၊ လွန်ကျူးမိလျင် ဆိုင်ရာဆိုးကျိုးကိုခံယူရမည်ဖြစ်ပါသည်၊၊ နံပတ်စဉ်(၁)မှ(၈)အထိအမျိုးသ္မီးများသည် မိမိတို့၏လိင် ပိုင်းဆိုင်ရာကို ကိုယ်တိုင်ပိုင်ကြတော့သောကြောင့်နှစ်ဦးအလိုတူလျင် ပျော်ပါးခွင့်ရှိပါသည်၊၊




ကျန်သည့်အမျိုးသ္မီးများသည် မိမိတို့၏လိင်ပိုင်းဆိုင်ရာကို ကိုယ်တိုင်ပင်မပိုင်ကြတော့သောကြောင့် အလိုတူသည့်တိုင် လွန်ကျူးကြလျင် ကာမေသုမိစ္ဆာစာရကိုယ်ကျင့်တရားကိုဖောက်ဖျက်ရာ ရောက်ပါသည်၊၊




လိင်ပိုင်းဆိုင်ရာအခြေခံလူ့ကိုယ်ကျင့်ကို ဖောက်ဖျက်ကျူးလွန်မိလျင် အောက်တွင်ဆွေးနွေးတင်ပြမည့်ဆိုးကျိုးများကို ခံယူရတတ်ကြောင်း လေ့လာရပါသည်၊၊




(၁) အပါယ်ကျတတ်ခြင်း၊



(၂) ဘေးဆိုးကြုံရတတ်ခြင်း၊



(၃) လူမုန်းများခြင်း၊



(၄) ရန်သူများခြင်း၊



(၅) လာဘ်နည်းခြင်း၊



(၆) ဆင်းရဲခြင်း၊



(၇) အမသတ္တ၀ါဖြစ်ရတတ်ခြင်း(female)



(၈) ကျား/မ မပီမသဖြစ်ရခြင်း၊



(၉) ယုတ်ညံ့သည့်အမျိုး၌ဖြစ်ရခြင်း၊



(၁၀) အရှက်ကွဲရခြင်း၊



(၁၁) ခန္ဓာကိုယ်အင်္ဂါချို့ယွင်း သေးသိမ်ရခြင်း၊



(၁၂) စိုးရိမ်ပူပန်မှုအားကြီးခြင်း၊



(၁၃) ချစ်သူခင်သူများနှင့် ဝေးကွာရခြင်းစသည်တို့ဖြစ်ပါသည်၊၊




လိင်ပိုင်းဆိုင်ရာအခြေခံကိုယ်ကျင့်တရားကျူးလွန်ရာတွင် အမှန်တကယ်ကျူးလွန်ရာ၌ပြည့်စုံညီညွတ်ရမည့် အင်္ဂါရပ် များရှိပါသည်၊၊




(၁) မလွန်ကျူးသင့်သည့်မိန်းမဖြစ်ခြင်း၊



(၂) လိင်ပိုင်းဆိုင်ရာစော်ကားလိုစိတ်ရှိခြင်း၊



(၃) လွန်ကျူးရန်လုံ့လပြုခြင်း၊



(၄) လွန်ကျူးရာတွင်သာယာခြင်း၊၊




အထက်ပါအင်္ဂါရပ်လေးမျိုးကို သုံးသပ်ဆင်ခြင်ကြည့်လျင် ပိုင်ရှင်ရှိသည်ဟုမသိ၍ပျော်ပါးမိလျင် ပျော်ပါးသူမိမိတွင် အပြစ်မရှိတော့ဘဲ ပျော်ပါးမှုကိုလက်ခံသဘောတူသည့်မိန်းကလေးတွင်သာ အပြစ်ရရှိပါသည်၊၊




လိင်ပိုင်းဆိုင်ရာလွန်ကျူးရာတွင် အထက်တွင်ဆွေးနွေးတင်ပြထားသည့် အင်္ဂါလေးမျိုးလုံးပြည့်စုံမှ လွန်ကျူး ရာရောက်ပါသည်၊၊ အင်္ဂါတစ်ခုခုမပြည့်စုံလျင် လွန်ကျူးဖောက်ဖျက်ရာမရောက်တော့ဘဲ သက်ဆိုင်ရာဆိုးကျိုးကိုလည်း မခံယူရတော့ကြောင်းမှတ်သားရပါမည်၊၊




လူတို့အနေဖြင့် လိင်ပိုင်းဆိုင်ရာစောင့်ရှောက်ထိမ်းသိမ်းမှု အခြေခံလူ့ကိုယ်ကျင့်တရားကို စောင့်ထိမ်းနိုင်ကြပါလျင် လူ့ပတ်ဝန်းကျင်အတွင်း မြင့်မြတ်သည့်စိတ်ထားများနှင့် သစ္စာတရားတို့ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်၊၊ အမျိုးသ္မီး အမျိုးသားအခြင်းခြင်း၏ အရှက်သိက္ခာကိုလေးစားခြင်းဖြင့် လေးစားမှုများ၊ မြတ်နိုးတန်ဖိုးထားမှုများဖြင့် လူတို့အခြင်း ခြင်းချစ်ခင်ပျူငှာသည့်မျက်ဝန်းအစုံတို့ဖြင့် ကြည့်နိုင်လာကြမည်ဖြစ်ပါသည်၊၊





"စတုတ္ထအခြေခံ လူ့ကိုယ်ကျင့်"




စကားတည်ကြည်ဖြောင့်မတ်စွာပြောဆိုခြင်းသည် စတုတ္ထလူ့အခြေခံကိုယ်ကျင့် ဖြစ်ပါသည်၊၊ မှန်ကန်သည့်စကားကိုေ ပြာရခြင်းနှင့် လိမ်ညာစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကိုဆိုလိုပါသည်၊၊




ပါဠိစာပေဝေါဟာရအားဖြင့်“မုသာဝါဒ”ဟု ခေါ်ပါသည်၊၊ “မုသာ+၀ါဒ”ဟု ပါဠိသဒ္ဒါနည်းအားဖြင့်ခွဲချမ်းစိတ်ဖြာပြီး မြန်မာပြန်ဆိုရပါသည်၊၊ မုသာ=မှားယွင်းမှု၊ ၀ါဒ=ပြောဆိုခြင်းဟုအဓိပ္ပါယ်ကို လေ့လာသိမှတ်ရပါသည်၊၊




မုသာဝါဒကိုယ်ကျင့်ကို ဖောက်ဖျက်သည်ဆိုရာတွင် အမှားကိုအမှန်ဟုပြောဆိုခြင်း၊ အမှန်ကိုအမှားဟု ပြောဆိုခြင်းကို ပါဠိဝေါဟာရဖြင့် “မုသာဝါဒ”ဟုခေါ်တွင်ပြီး၊ မြန်မာဝေါဟာရဖြင့် “လိမ်ညာ”ခြင်းဟု ခေါ် ပါသည်၊၊




အကျိုးကိုပျက်ပြားစေတတ်ပြီး အလွဲအမှားသို့ဦးတည်စေတတ်သော စကားအမျိုးအစားကိုပြောဆိုခြင်းကို မုသာဝါဒ ဟုခေါ်ဆိုကြောင်း ပါဠိစာပေတွင်ဖွင့်ဆိုပါသည်၊၊ မုသာဝါဒကိုယ်ကျင့်တရားသည် ကိုယ်နှင့်နှုတ်တို့တွင်ဖြစ်ပေါ်တတ် သည်ဟု ဆိုပါသည်၊၊




လိမ်ညာပြောဆိုခြင်းသည် လောဘစေတသိက်ကြောင့်ဖြစ်ရသည့်အတွက် မိမိအကျိုးဖြစ်ထွန်းပြီး လိမ်ညာခံရသူ၏ အကျိုးပျက်စီးမှသာလျင် အခြေခံလူ့ကိုယ်ကျင့်ကို ကျူးလွန်ရာရောက်ပါသည်၊၊ လိမ်ညာခံရသူ၏အကျိုးကို မထိခိုက် လျင်ကိုယ်ကျင့်တရားချိုးဖောက်ရာမရောက်ဘဲ၊ ဆိုးကျိုးကိုမခံယူရဟုလေ့လာရပါသည်၊၊




“မုသားမပါလင်္ကာမချော”ဟု မြန်မာရှေးရိုးစကားပုံရှိပါသည်၊၊ အမှန်ကိုအမှန်တိုင်းပြောရန် မသင့်တော်သည့်နေရာနှင့် အခြေအနေများစွာပင် ရှိပါသည်၊၊ ထိုကဲ့သို့နေရာနှင့်အခြေအနေများတွင် မှန်သည်၊မှားသည်ကို အဓိကမကြည့်သင့် ဘဲသင့်တော်သည်ကိုသာ ပြောဆိုရပါမည်၊၊




ထိုကဲ့သို့ သင့်တော်အောင်ပြောဆိုသဖြင့် နားထောင်ရသူတွင်အကျိုးမဆုတ်ယုတ်သည့်အပြင် စိတ်ချမ်းသာမှု၊၀မ်းသာ အားရကျေနပ်မှုစသည့်အကျိုးများပင်ဖြစ်ပေါ်လာတတ်သည်ကို နေ့စဉ်ဘ၀အတွေ့အကြုံများတွင် စာဖတ်သူတို့ကိုယ် တိုင်မြင်တွေ့ဘူးမည်ဖြစ်ပါသည်၊၊




အင်္ဂလိပ်စာပေတွင်white lieဟုရှိပါသည်၊၊ “အဖြူရောင်လိမ်ညာမှု”ဟု ဘာသာပြန်ရမည်ထင်ပါသည်၊၊ ဤလိမ်ညာမှု မျိုးသည် လိမ်ညာခံရသူတွင် အကျိုးဖြစ်ပေါ်စေသည့်လိမ်ညာမှုဖြစ်သည့်အတွက် အပြစ်ကင်းစင်သည်ဟု ယူဆကြပါ သည်၊၊




လူတို့၏ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးတွင် ပါးစပ်ကိုအများဆုံးအလုပ်ပေးကြရသောကြောင့် စကားလုံးသန်းနှင့်ချီ မျှနေ့စဉ် ပြောဆိုနေကြရပါသည်၊၊ ထိုစကားများအထဲတွင် အမှန်ချည်းမဟုတ်သကဲ့သို့၊ အမှားချည်းသက်သက် လည်းမဟုတ်ကြပါ၊၊




မိမိမှ မမှန်သည့်စကားကိုပြောလိုက်သော်လည်း နားထောင်သူတွင်အကျိုးမပျက်စီးလျင် အခြေခံလူ့ကိုယ်ကျင့်တရား ကို လွန်ကျူးရာမရောက်ရုံမျှမက ပတ်ဝန်းကျင်နှင့်ဆက်ဆံရာတွင် အလိုက်သိရာပင်ရောက်စေတတ်သဖြင့်၊ စကားပြောလိမ္မာပါးနပ်သည်ဟု ဆိုရပါသည်၊၊




ထိုသို့မဟုတ်မူဘဲ“ငါအမှန်ကိုပြောနေတာပဲ”ဟု အများနားမခံသာစေလောက်သည့် အကျိုးကိုမဖြစ်ပေါ်စေသော စကားလုံးသီးသန့်အမှန်များကိုပြောဆိုနေသူဖြစ်လျင် ပတ်ဝန်းကျင်၏စက်ဆုပ်မုန်းတီးခြင်း၊ ၀ိုင်းပယ်ခြင်းများကိုခံရ တတ်လေသည်၊၊




အမှန်ကိုပြောသည်ဆိုရာတွင် နေရာနှင့်အခြေအနေ အရိပ်အကဲကိုကြည့်တတ်ရန်အထူးလိုအပ်ကြောင်း သတိပြု ရမည်၊၊ နေရာမကျ အခြေအနေနှင့်မသင်လျော်၊ အရိပ်အကဲနားမလည်ဘဲ ပြောလိုက်မိသောအမှန်စကားများသည် နားထောင်ရသူကိုနားတွင်းသို့ သံရည်ပူနှင့်လောင်းသကဲ့ဖြစ်စေတတ် ကြောင်း ဆင်ခြင်ရန်အထူးလိုအပ်သည်၊၊




အမှန်စကားပင်ဖြစ်စေကာမူ အခြေအနေ၊ နေရာ၊ အရိပ်အကဲကိုစနစ်တကျ ကြည့်မြင်သုံးသပ်ပြီးမှပြောဆိုရန် အထူး လိုအပ်လှပေသည်၊၊ ပညာတတ်၊သဘောကောင်း၊ကိုယ်ကျင့်ဖြူစဉ်ပါလျက် စကားကိုနေရာအလျောက်မပြောဆိုမ သုံးနှုံးတတ်သဖြင့် ၀ိုင်းပယ်ခံရသူများစွာကို ပတ်ဝန်းကျင်တွင်များစွာတွေ့ရသည်၊၊




အထက်တွင်ဆွေးနွေးတင်ပြထားသည်များမှာ မုသာဝါဒအခြေခံလူ့ကိုယ်ကျင့်ကိုချိုးဖောက်ကြသည် မဟုတ်သော် လည်း စကားပြောမှုနှင့်ပတ်သက်၍သတိပြု ဆင်ခြင်ဖွယ်ရာများဖြစ်ပါသည်၊၊ လိင်ညာပြောဆိုရာတွင်အင်္ဂါရပ်များ ကိုလေ့လာသင့်ပါသေးသည်၊၊




(၁) မှားယွင်းသောစကားဖြစ်ခြင်း၊



(၂) မှားယွင်းစေလိုစိတ်ရှိခြင်း၊



(၃) အမှားကိုဖွင့်ဟပြောဆိုခြင်း၊



(၄) နားထောင်သူမှ အမှားကိုမှန်ဟုယုံကြည်ခြင်း၊၊




လိမ်ညာစကားကိုပြောလိုက်သော်လည်း လိမ်ညာခံရသူတွင်အကျိုးမပျက်စီးလျင် မုသာဝါဒကိုယ်ကျင့်တရားကို ချိုးဖောက်ရာမမြောက်၊ ကံမမြောက်ဟုမူရင်းပါဠိတွင် ဖော်ပြထားပါသည်၊၊ ကံမမြောက်လျင်ထိုကံ၏ဆိုးကျိုးကိုလည်း မခံစားရကြောင်းမှတ်ယူရပါမည်၊၊




မုသာဝါဒအခြေခံလူ့ကိုယ်ကျင့်တွင် အင်္ဂါရပ်လေးမျိုးပြည့်စုံပြီး၊ မိမိလိမ်ညာသူ၏အကျိုးပါပျက်စီးခဲ့လျင် ကိုယ်ကျင့် တရားကိုလွန်ကျူးရာရောက်ပြီး သက်ဆိုင်ရာဆိုးကျိုးများကိုလည်း ခံယူရမည်ဖြစ်ပါသည်၊၊ အင်္ဂါရပ်ငါးမျိုးမှတစ်ခုခု မပြည့်စုံခဲ့လျင် သာမန်စကားပြောကာမတ္တသာဖြစ်ပြီး ကိုယ်ကျင့်တရားကိုချိုးဖောက်ရာမရောက်တော့ပါ၊၊




အသက်အန္တရာယ်စသည်အကြောင်းများစွာတို့ကြောင့် လိမ်လည်ရာတွင် အလိမ်ခံရသူအကျိုးပျက်သည်ဖြစ်စေ၊ အကျိုးမပျက်သည်ဖြစ်စေ လိမ်ညာသူတွင်ကိုယ်ကျင့်မပျက်ကြောင်းကိုလည်း သီးခြားမှတ်သားသင့်ပါသေးသည်၊၊




လိမ်ညာပြောဆိုခြင်းအခြေခံလူ့ကိုယ်ကျင့်ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ခံစားရနိုင်သောဆိုးကျိုးများကိုဖော် ပြဆွေးနွေးအပ်ပါသည်၊၊




(၁) အသံသာယာမှု/အသံပီသမှု မရှိခြင်း၊



(၂) သွားမညီညာခြင်း၊



(၃) အာခံတွင်းအနံ့မသန့်ခြင်း၊



(၄) အသားမလှခြင်း၊



(၅) လက်ခြေ၊ မျက်စိ၊ နားစသည်တို့ မကြည်လင်ခြင်း၊



(၆) ကိုယ်အမူအရာမသန့်ရှင်းခြင်း၊



(၇) သြဇာမရှိခြင်း၊



(၈) နှုတ်ကြမ်းခြင်း၊



(၉) တည်ကြည်မှုမရှိခြင်း၊၊




ဤအခြေခံလူ့ကိုယ်ကျင့်တွင်လည်း အခြားကိုယ်ကျင့်များကဲ့သို့ပင် လိမ်ညာပြောဆိုမှုကိုရှောင်ကြဉ်ရုံမျှဖြင့် ကိုယ် ကျင့်ကောင်းသူဟုမခေါ်ဆိုနိုင်သေးပါ၊၊ မှန်ကန်သည့်စကားကို နေရာနှင့်အခြေအနေ၊အရိပ်အကဲကိုကြည့်၍ပြောဆိုမှု လိမ္မာရေးခြားရှိမှသာလျင် ကိုယ်ကျင့်ပြည့်စုံသူဟု ခေါ်ဆိုနိုင်ပါသည်၊၊




မှန်ကန်ခြင်းကိုယ်ကျင့်ကို ပြည့်စုံလုံခြုံစွာထိမ်းသိမ်းနိုင်လျင် ဆိုးကျိုးများ၏ဆန့်ကျင်ဘက်ဖြစ်သည့် အသံသာယာခြင်း အသားအရေလှပခြင်းစသော ကောင်းကျိုးများစွာကိုရရှိနိုင်ပါသည်၊၊ မုသာဝါဒကိုယ်ကျင့်ကိုချိုးဖောက်ခြင်း သည် လောဘ၊ဒေါသ၊မောဟစေတသိက်သုံးတို့တွင်တစ်မျိုးမျိုးကြောင့် ဖြစ်လေ့ရှိသည်ဟုဖွင့်ဆိုထားပါသည်၊၊




အမြဲတစေအကျိုးရှိ၍ဖြစ်စေ၊အကျိုးမရှိဘဲဖြစ်စေ အမှားကိုချည်းပြောဆိုတတ်သည့်လူများစွာကို တွေ့ရဖူးပါသည်၊၊ အပြစ်ကြီးမားလှသည်မဟုတ်သော်လည်း ထိုကဲ့သို့သူမျိုးနှင့် လုပ်ငန်းကြီးများကိုလက်တွဲရန်ခက်ခဲလှကြောင်း သတိ ပြုမိသည်၊၊ ထို့ကြောင့်မှန်သည်ကိုသာ အကျင့်တစ်ခုအနေဖြင့် ပြုစုပျိုးထောင်၍ပြောဆိုသင့်ကြောင်း ဆွေးနွေးအကြံပြု ရပါသည်၊၊





“ပဉ္စမအခြေခံ လူ့ကိုယ်ကျင့်”




အခြေခံလူ့ကိုယ်ကျင့်တွင် ငါးခုမြောက်ကိုယ်ကျင့်သည် မူးယစ်စေတတ်သည့်အရည်အမျိုးမျိုးကို သောက်သုံးမှု မှရှောင်ကြဉ်ခြင်း ဖြစ်ပါသည်၊၊ ပါဠိဝေါဟာရအားဖြင့် သုရာမေရယဟုခေါ်ဆိုပါသည်၊၊ သုရာ+မေရယဟုနှစ်ပုဒ်ခွဲချမ်းရ ပါသည်၊၊




လူ၏ပင်ကိုယ်မူလစိတ်အခြေအနေမှ အခြားသောစိတ်အခြေအနေ တစ်မျိုးတစ်ဖုံသို့ပြောင်းလွဲဖြစ်ပေါ်စေ တတ်သော ဆေးဝါးဖြစ်စေ၊ အရည်တစ်မျိုးမျိုးကိုဖြစ်စေ“သုရာမေရယ”ဟုခေါ်ဆိုရပါသည်၊၊ ယနေ့ခေတွင် အရက် အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ဆေးဝါးအမျိုးမျိုးတို့ရှိကြပါသည်၊၊




ဘီယာအပျော့စား အပြင်းစား၊ အရက်အပျော့စား အပြင်းစား၊ ဆေးခြောက်အမျိုးမျိုး၊ ဘိန်းအမျိုးမျိုး၊ ဆေးဝါးအမျိုးမျိုး တို့တွင် မည်သည်ကိုသောက်သုံးသည်ဖြစ်စေ မူလစိတ်အခြေအနေပျက်ပြားပြီး ပတ်ဝန်းကျင်ကိုအနှောက်အ ယှက်ပေးရာရောက်လျင် လူ့အခြေခံကိုယ်ကျင့်ကိုကျိုးလွန်သည်ဟု ခေါ်ပါသည်၊၊ သက်ဆိုင်ရာကိုယ်ကျင့်ပျက်စီး ခြင်း၏ဆိုးကျိုးများကိုလည်း ခံယူရမည်ဖြစ်ပါသည်၊၊




ပါဠိစာပေတွင် သုရာအမျိုးအစားများစွာနှင့် မေရယအမျိုးအစားများစွာကို ဖော်ပြထားပါသည်၊၊ အမျိုးအစားနာမည်မျှ ကွာသောလည်း အဓိပ္ပါယ်သက်ရောက်ပုံမှာနည်းတူချည်းပင်ဖြစ်၍ အမျိုးအစားများကို သီးခြားမတင်ပြတော့ပါ၊၊




(၁) သုရာမေရယဖြစ်ခြင်း၊



(၂) မူးယစ်ပျော်ပါးလိုစိတ်ရှိခြင်း၊



(၃) သောက်သုံးရန်လုံ့လပြုခြင်း၊



(၄) သောက်သုံးမူးယစ်ပျော်ပါးခြင်းတို့သည် ပဉ္စမအခြေခံလူ့ကိုယ်ကျင့်ကိုဖာက်ဖျက်လွန်ကျူးလွန်ရာတွင် ပြည့်စုံရ မည့်အင်္ဂါရပ်များ ဖြစ်ပါသည်၊၊




အထက်တွင်တင်ပြထားသည့် အင်္ဂါလေးမျိုးတွင်တစ်မျိုးမျိုးမပြည့်စုံခဲ့လျင် သောက်သုံးသော်လည်း ကိုယ်ကျင့် ကိုဖောက်ဖျက်ရာမရောက်ဟု မှတ်ယူရပါမည်၊၊ မှန်ပါသည်၊၊ ဆေးအဖြစ်သောက်သုံးခြင်း၊ ကျန်းမာရေးအ တွက် ဆေးနှင့်ရောစပ်၍သောက်သုံးခြင်းများမှာ ကိုယ်ကျင့်သိက္ခာကိုမပျက်ပြားစေသည့်နည်းများ ဖြစ်ပါသည်၊၊




ယနေ့ခေတ်တွင် အမျိုးသားအများစုသည် စီးပွားရေးနယ်တွင် မိတ်ဖြစ်ဆွေဖြစ်သောက်သုံးသည်များ၊ အမျိုးသ္မီးများ သည်လည်း အပျော့စားဘီယာအရက်များကိုသောက်သုံးသည်များ ရှိပါသည်၊၊ သုရာမရယကိုယ်ကျင့်ကို ကျူးလွန် ရာကိုရောက်ပါသည်၊၊ သက်ဆိုင်ရာဆိုးကျိုးကိုလည်းခံယူရမည်ဖြစ်၍ သတိပြုဆင်ခြင်သင့်လှသည်၊၊




သုရာမေရယအခြေခံလူ့ကိုယ်ကျင့်ကို ဖောက်ဖျက်ကျူးလွန်သူများသည် အောက်ပါဆွေးနွေးတင်ပြထားသည့် ဆိုးကျိုး များကိုခံရယူပါသည်၊၊




(၁) စီးပွားပျက်ခြင်း၊



(၂) ရန်များခြင်း၊



(၃) ရောဂါများခြင်း၊



(၄) မကောင်းသတင်းပြန့်ခြင်း၊



(၅) အရှက်အကြောက်ကင်းပျက်ခြင်း၊



(၆) အသိပညာထုံထိုင်းခြင်း၊



(၇) အပါယ်သို့ကျတတ်ခြင်း၊



(၈) ဆင်ခြင်မှုမရှိခြင်း၊


(၉) ပျင်းရိခြင်း၊



(၁၀) မေ့တတ်ခြင်း၊



(၁၁) ကျေးဇူးမသိတတ်ခြင်း၊



(၁၂) အရှက်မရှိခြင်း၊



(၁၃) အမှားကိုပြုလွယ်ခြင်း၊၊




လူသည်ပင်ကိုယ်စိတ်ဖြင့် အမှားကိုပြုရန်သတိထားနိုင်ကြသည်ကများပါသည်၊၊ မူးယစ်စေတတ်သည့်အရာတစ်ခုခု ကိုသောက်သုံးပြီးလျင် ပင်ကိုယ်ကမပြုရဲ၊မပြုတတ်သည်များကို ပြုရန်ဝံ့ရဲသွားတတ်ပါသည်၊၊




အမျိုးသမီးများအတွက်မူ အရှက်သိက္ခာမဲ့၊ ဘ၀ပျက်ရသည်အထိနင့်နာစေနိုင်သောကြောင့် ပျော်ရွှင်လို၍ဖြစ်စေ၊ မိတ်ဖြစ်ဆွေဖြစ်ပင်ဖြစ်စေ မည်သည့်အကြောင်းကြောင့်မျှ မသောက်သုံးသင့်ကြောင်း ဆင်ခြင်သင့်ပါသည်၊၊




ပါဠိစာပေတွင် ဤကိုယ်ကျင့်ကိုလွန်ကျူးပြီး အမှားကြီးများကိုပြုကြသည့်သူများ၏အတ္ထုပ္ပတ္တိများစွာကို ဖော်ပြထား ပါသည်၊၊ မြန်မာသမိုင်းရာဇ၀င်တွင်လည်း အရက်သေစာကိုအလွန်အကျွန်စွဲလန်းမိရာမှ သမိုင်းတွင်ကျန်ရစ်မည့် အမှားကြီးများကို ပြုခဲ့ကြသည့်ဘုရင်များ၊ မင်းများ၏သမိုင်းကြောင်းများကို လေ့လာရပါသည်၊၊




ဖခင် (သို့မဟုတ်)အကိုနှင့်မောင်များမူးယစ်တတ်၍ ဂုဏ်သရေရှိမိတ်ဆွေ၊ သူငယ်ချင်းများကို မိမိအိမ်သို့အလည် မျှမခေါ်ဝံ့ကြသော အမျိုးသမီးများစွာတို့ကို များစွာရှုငဲ့သင့်ပါသည်၊၊ အထူးသတိပြုသင့်သည်မှာ ဖခင်များအနေဖြင့် အရက်စသည်သောက်စားလေ့ရှိလျင် မိသားစုတွင်အရှိန်အ၀ါမရှိတော့ဘဲ၊ သားသမီးများတွင်လည်း အတုယူမှား တတ်၊ ပြောဆိုဆုံးမသည်ကို နားမထောင်တတ်သည်ကို သတိပြုရမည်၊၊




ဤတွင် အခြေခံလူ့ကိုယ်ကျင့်တရားများအကြောင်း ဆွေးနွေးတင်ပြမှုအတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါ သည်၊၊ ဆွေးနွေးတင်ပြခဲ့သည်များမှာ ဘာသာမရွေးလူတိုင်းတွင်ရှိသင့်သော အခြေခံလူ့ကိုယ်ကျင့်ငါးမျိုးဖြစ်ပါသည်၊၊




“အခြေခံလူ့ကိုယ့်ကျင့်ငါးမျိုးတွင် မည်သည့်ကိုယ်ကျင့်တရားသည် အရေးပါဆုံးဖြစ်သနည်း”ဟု အကြိမ်များစွာမေးခံ ရဖူးပါသည်၊၊ ပါဠိစာပေတွင် မည့်သည့်အခြေခံကိုယ်ကျင့်သည် အရေးအပါဆုံးဖြစ်သည်ဟု ဖော်ပြထားသည်ကိုမတွေ့ ရပါ၊၊




တချို့သောဇာတ်လမ်းများတွင်မူ “မုသာဝါဒကိုလွန်ကျူးရဲသူတွင် မပြုလုပ်ဝံ့သောအကုသိုလ်မရှိ”ဟု ဖော်ပြထားသည် များရှိပါသည်၊၊ ထိုဖော်ပြချက်မှာလည်း“မုသာဝါဒ”သည် အခြားသောကိုယ်ကျင့်တရားများထက်ပို၍ အရေးပါသည်ဟု ဆိုလိုသည်မဟုတ်ပါ၊၊ အခြေခံလူ့ကိုယ်ကျင့်တရားအားလုံးသည် ညီတူညီမျှအရေးပါကြသည်ဟုသာ မှတ်ယူရပါမည်၊၊




“တချို့ကလည်း သုရာမေရယသည် အရေးအပါဆုံးဖြစ်သည်ဟုဆိုကြပြန်ပါသည်၊၊”မမှန်ပါ၊၊ ကိုယ်ကျင့်တရားငါးမျိုးလုံး သည်ပင် လူတွင်မကျင့်သုံးလျင် လူဟူ၍ခေါ်ဆိုရန်မဖြစ်နိုင်လောက်အောင် အရေးပါကြသည်ချည်းဖြစ်ပါသည်၊၊




“ငါးပါးသီလ”ဟုမြန်မာတို့ခေါ်တွင်သော အခြေခံလူ့ကိုယ်ကျင့်တရားများသည် လူသားအခြင်းခြင်းအပြန်အလှန်လေး စားမှုများ၊ရိုသေမှုများ၊ချစ်ခင်ရင်းနှီးမှုများ၊ယုံကြည်စိတ်ချမှုများ၊တန်ဖိုးထားမှုများကို ဖြစ်ပေါ်လာစေပါသည်၊၊ ထို့အပြင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ရောဂါဆိုးများမှကာကွယ်ရေး၊လူသားတန်ဖိုးမြှင့်တင်ရေးသည်တို့ကိုလည်းဖော်ဆောင်ပေး ပါသည်၊၊




အခြေခံလူ့ကိုယ်ကျင့်များပြည့်စုံလျင် အခြားသောကောင်းခြင်းများ၊ ကောင်းသောအပြုမူများ၊ လိုလားဖွယ်အကျိုး ဆက်များဖြင့် မိသားစုဘ၀များသာယာငြိမ်းအေးပြီး ပျော်ရွှင်ဖွယ်ပတ်ဝန်းကျင့်နှင့်၊ ဘ၀များကိုတည်ဆောက်နိုင်ကြ မည်ဟုယုံကြည်ပါသည်၊၊




အိန္ဒိယနိုင်ငံသမိုင်း၊ မြန်မာသမိုင်းနှင့် သီရိလင်္ကာသမိုင်းများတွင် ဤစာတမ်းတွင်ဆွေးနွေးတင်ပြထားသည့် အခြေခံ လူ့ကိုယ်ကျင့်ငါးမျိုးဖြင့် တိုင်းပြည်နိုင်ငံများကိုအုပ်ချုပ်သွားကြသည့် မင်းများရှိခဲ့ဖူးကြောင်းကို သမိုင်းစာပေသာဓက အခိုင်အမာဖြင့် လေ့လာရပါသည်၊၊




အခြေံလူ့ကိုယ်ကျင့်များကို လူတိုင်းနှင့် နိုင်ငံတိုင်းသာကျင့်သုံးနိုင်ကြလျင် နိုင်ငံရေးစစ်ပွဲကြီးများ၊ နယ်မြေလုစစ်ပွဲများ၊ အနိုင်ကျင့်စစ်ပွဲများ ဘာသာရေးစစ်ပွဲစသည့် မတရားစစ်ပွဲများစွာတို့သည်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ်ဘဲ ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြောမည်ဟု ယုံကြည်ရပါသည်၊၊




ထို့ကြောင့် အခြေခံကိုယ်ကျင့်တရားငါးမျိုးကို စနစ်တကျလေ့လာသုံးသပ်၍လိုက်နာကျင့်ကြံပြီး၊ တိုးတက်သည့်ဘ၀ များ၊ နိုင်ငံသားကောင်း၊ သမီးမြတ်များ၊ မိသားစုများ၊ အများမှလေးစားသည့် ပုဂ္ဂိုလ်ရေးကိုယ်ကျင့်သိက္ခာများကို တည်ဆောက်နိုင်ကြပါစေကြောင်း “အလင်းစက်အရှင်”မှဆန္ဒပြုလျက် စာတမ်းကိုအဆုံးသတ်လိုက်ရပါသည်၊၊ ၊၊






(Reference/ ခုဒ္ဒကပါဌအကထာ၊သိက္ခာပဒအဖွင့်နှင့်၊ ပါရာဇိကဏ်အကထာတို့ကိုကိုးကားလျက် ဤစာတမ်း ကိုရေးသားတင်ပြ၊ ဆွေးနွေးအပ်ပါသည်၊၊ မှားယွင်းမှုများတွေ့ရှိခဲ့ပါလျင် အကြံပြုဆွေးနွေးရန်တောင်းပန်အပ်ပါ သည်၊၊)






အရှင်ကေ၀လ(အလင်းစက်)


{မဟာဝိဇ္ဇာ၊ သီရိလင်္ကာ}


မကုဋာရာမမြန်မာကျောင်းတိုက်၊


ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊


(12/04/2012)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP