Thursday, August 11, 2022

သူမ

 


 

အလွန်တရာလှပသည့် မိဖုရားတစ်ပါးရှိသည်၊ ဘုရင်မင်းမြတ်၏ချစ်ခင် ယုယမှုကိုလည်း အ ပြည့်အ၀ ရရှိထားသဖြင့်အမြဲပျော်ရွှင်နေခဲ့ရသည်။ အချိန်တို့သည် တရွေ့ ရွေ့ ကုန်ဆုံးလာခဲ့သည်။

တစ်နေ့တွင် ကျေးလက်ဒေသမှ အဆို၊ အကကျွမ်းကျင်ရုံမျှမက၊ နတ်သမီးကဲ့သို့လှပပြီး၊ ဆွဲ ဆောင်မှုရှိသော မိန်းမငယ်လေးတစ်ယောက်ကို အမတ်ကြီးများက ခေါ်ဆောင်လာပြီး၊ ရှင်ဘုရင်အား ဆက်သကြသည်။ မြေးအရွယ်တမျှငယ်ရွယ်သည့် မိန်းကလေးအပေါ် ဘုရင်ကြီးသည် စေတနာပိုမို ကျရောက်ခဲ့သည်။ နန်းတွင်းကခြေသည်အဖြစ် တင်မြောက်ထားလိုက်သည်။

မိဖုရားကြီးကို မေ့လျော့သည်အထိဖြစ်နေခဲ့ပြီး၊ မောင်းမအသစ်ကလေးအပေါ်တွင်သာ တွယ် တာနေသည်။ အဆိုအကနှင့် အတွေ့အထိတွင် သာယာခြင်းဖြင့်အချိန်တို့ကို ကုန်လွန်စေလေသည်။ မိ ဖုရားကြီးသည် သတင်းရင်းမြစ်ကိုစုံစမ်းသိရှိသွားသောအခါ ဒေါသပုန်ထတော့သည်၊ ဿာ မစ္ဆရိယ စိတ်များလည်း ပွားများတော့သည်။

ဒေါသအလျှောက် မောင်းမအသစ်ကလေးကို သတ်ဖျတ်၍မဖြစ်နိုင်၊ သိသွားလျင် အပြစ်ကြီး သွားမည်။ ထို့ကြောင့်ပင် ယားယံစေသည့်အသီးများကို ရှာစေပြီး၊ နံ့သာမှုန့်အသွင်ဖြစ်အောင် ပြုပြင် သည်။ နံ့သာမှုန့်အစစ်နှင့်မခြားအောင် ပြုပြင်သည်။

မောင်းမကလေး၏အကကို မင်းမြတ်နှင့်အတူ ကြည့်ရှုလိုပါကြောင်း အကြောင်းကြားလိုက် သည်။ ဘုရင်ကြီးက သဘောကျသွားသည်၊ ယခင်က မောင်းမကလေးကို မိဖုရားကြီး သဘောမတွေ့ မှာကို စိုးရိမ်နေခဲ့ရသည်မဟုတ်ပါလား၊ ယ္ခုလို မိဖုရားကြီးပါ မောင်းမကလေး၏ဖျော်ဖြေမှုကို ရှုစားမည် ဟုသံတော်ဦးတင်လာခြင်းသည် နှစ်သက်ကြည်ဖြူသည့်သဘောကို ပြသရာရောက်သောကြောင့် မင်း ကြီးက နှလုံးပီတိဝါဂွမ်းဆီထည့်မိခြင်း ဖြစ်လေဟန်ရှိသည်။

နန်းတော်အတွင်းဆောင်ထဲတွင် ဘုရင်နှင့်မိဖုရားတို့အား ဖျော်ဖြေသည့်ကပွဲ စတင်နေသည်။ မောင်းကငယ်ကလေး၏အလှနှင့် အဆို၊ အကတို့တွင် လူတိုင်းရှုမငြီးဖြစ်နေကြရသည်။ စနစ်တကျစီ မံပြီးယူ ဆောင်လာသည့် မိဖုရားကြီးလက်သပ်မွေးထားသည့် ကိုယ်လုပ်တော်တစ်ဦးမှ ကခြေသည် မောင်းမကလေးအပေါ်သို့ နံ့သာမှုန့်များကိုမသိမသာ ဖြန့်ကျဲလိုက်သည်။ ကတ္တိပါကော်ဇော်ကြီးများ နှင့်၊ မောင်းမက လေး၏အိပ်စက်ကုတင်ပါမကျန် နံ့သာမှုန့်များကျဲထားလိုက်သည်။

မင်းပရိသတ်အလယ်တွင် ဟန်ဆောင်၍ကပြသီဆိုနေရသော်လည်း ကခြေသည်ကလေးသည် ခန္ဓာကိုယ်အနှံ့မှ အလွန်အမင်းယားယံနေပြီ ဖြစ်သည်။ သူမထိုင်လိုက်သည့်နေရာတိုင်းတွင် ပိုမို၍ ယားယံခြင်း ဖြစ်ပေါ်လာနေသည်ဟု ထင်မိသည်။ ကုတင်ပေါ်တက်လိုက်ချိန်တွင် အဆိုးဝါးဆုံးယားယံ သည့်ဝေဒနာကိုခံစားရရာမှ၊ လက်သဲရှည်များဖြင့်ကုပ်ခြစ်မိသည်ထိ ဖြစ်ရတော့သည်။

နောင်တနေ့မိုးသောက်အလင်းရောက်ချိန်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံး နီရဲနေပြီး၊ အဖုအပိန့်များ၊ သွေးစများပြည့်နှက်နေသည့် ကခြေသည်မကလေးကို တွေ့ကြရတော့သည်။ အလှအပတို့လည်း မရှိ ကြတော့ပြီ၊ အလွန်အမင်းအရုပ်ဆိုး အကျည်းတန်သူအဖြစ်သို့ ရုပ်ချည်းကူးပြောင်းသွားတော့သည်။ အဆင်းရူပါကင်းမဲ့သည့် ကခြေသည်မကလေးကို ဘုရင်ကြိးကလည်း မနှစ်သက်တော့ပြီ။ ဘ၀ပျက်မ ကလေးအဖြစ်သို့ ကျရောက်သွားရသည်။ လက်သည်ကို အများကမသိလိုက်ကြသော်လည်း၊ မိဖုရား ကြီး၏လက်ချက် ဖြစ်သည်။

သာကီဝင်မင်းအနွယ်ဝင်ဖြစ်သော သုက္ကောဒနမင်းကြီးတွင် သားတော်နှစ်ပါးနှင့်၊ သ္မီးတော် တစ်ပါး ရှိသည်။ မဟာနာမမင်းသား၊ အနုရုဒ္ဓမင်းသားနှင့်၊ ရောဟိနီမင်းသ္မီးတို့ ဖြစ်ကြသည်။ သားသ္မီး သုံးယောက်စလုံးပင် ရုပ်ရည်အဆင်းအသွင် အလွန်လှပပြီးအရွယ်ရောက်ခဲ့ကြသည်။

ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီး၊ ကပိလ၀တ်နန်းတော်သို့ ကြွရောက်တော်မူလာခဲ့သည်။ အနုရုဒ္ဓမင်းသားသည် ၀မ်းကွဲညီအစ်ကိုများ ဖြစ်ကြသည့် ဘဒ္ဒိယမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေ၀ဒတ်မင်းသား၊ ဥပါလိတို့နှင့်အတူ ရဟန်းဝတ်ခဲ့သည်။ နှမတော်ရောဟိနီမင်းသ္မီးသည် အစ်ကိုတော်အနုရုဒ္ဓါရဟန်း ၀တ်သွားချိန်တွင် တပင်တိုင်မင်းသ္မီးတစ်ပါးအဖြစ် ကျန်ရစ်ခဲ့သည်။ အချိန်တို့သည် ရာသီအလီလီ ကူးပြောင်းလာခဲ့ပြီး၊ အရှင်အနုရုဒ္ဓါသည်ပင် ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ကြမ္မာဝိပါက်၊ ရှေးကံစနက်ကြောင့် နှမတော်ရောဟိနီမင်းသ္မီးသည် ခန္ဓာကိုယ်အနှံ့အနီဖူးကြီး များပေါက်ပြီး၊ ကိုယ်ရေပြားရောဂါတစ်မျိုး စွဲကပ်လာသည်။ တစ်ပင်တိုင်နန်းဆောင်အတွင်းမှ ပြင်ပသို့ မထွက်ဝံ့သည့်အခြေအနေသို့ ဆိုက်ရောက်ရသည်။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မိသားစုတည်ရှိရာ ကပ္ပိလ၀တ်နန်းတော်သို့ မရောက်သည်မှာ နှစ်အတန်ကြာခဲ့ပြီ၊ ခမည်းတော်၊ မယ်တော်၊ အစ်ကိုတော်နှင့်၊ နှမတော်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးရန် မွေးဖွားရာနန်းတော်သို့ ကြွရောက်တော်မူလာခဲ့သည်။ ဆွေတော်မျိုးများအားလုံးကို တွေ့ရသော်လည်း နှမတော်ရောဟိနီမင်းသ္မီးကို မတွေ့ရပေ။ အကျိုးအကြောင်းကို မေးမြန်းသောအခါ နှမတော်မှာ ကိုယ်ရေပြားရောဂါတစ်မျိုး ဖြစ်ပေါ်နေသဖြင့် ပြင်ပသို့မထွက်ဝံ့ကြောင်း လျှောက်တင် ကြသည်။

အရှင်အနုရုဒ္ဓါသည် နှမတော်စံမြန်းရာ တစ်ပင်တိုင်မြနန်းသို့ ကိုယ်တော်တိုင် ကြွတော်မူခဲ့ သည်။ ခန္ဓာကိုယ်နေရာအနှံ့တွင် အနီရောင်အဖု၊ အပိန့်ကြီးများပေါက်နေသည်ကို တွေ့လိုက်ရသည်။ ‘ဆ၀ိရောဂါ’ဟုခေါ်သော ကိုယ်ရေပြားပေါ်တွင်ဖြစ်ပေါ်သည့် အဖုအကျိပ်များ ပေါက်ရောက်နေခြင်း ဖြစ် သည်။ အနုရုဒ္ဓအစ်ကိုတော်ကို တွေ့မြင်လိုက်သောအခါ ရောဟိနီမင်းသ္မီးသည် ၀မ်းနည်းလွန်းသဖြင့် သည်းထန်စွာငိုကြွေး  မြည်တမ်းတော့သည်။

နှမတော်အားနှစ်သိမ့်စကား ပြောဆိုပြီး၊ ကျောင်းဆောက်၍လှူဒါန်းရန် အကြံပြုတော်မူလိုက် သည်။ ရောဟိနီမင်းသ္မီးသည် လည်ဆွဲရတနာအားရောင်းချပြီး၊ ကျောင်းဆောက်၍လှူဒါန်းပါမည်ဟု အစ်ကိုတော်အား ကတိပြုလိုက်သည်။ ကျောင်းတည်ဆောက်နေစဉ်ကာလအတွင်း ရောဟိနီမင်းသ္မီး အား ကျောင်းဝိုင်းသန့်ရှင်းရေးပြုရန် သောက်သုံးရေလှူဒါန်းရန် မိန့်တော်မူထားသည့်အတွက် ရောဟိ နီမင်းသ္မီးသည် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးနှင့်၊ ရေအလှူကိုပေးလှူခဲ့သည်။

ထိုအချိန်မှာပင် ရောဟိနီမင်းသ္မီး၏ခန္ဓာကိုယ်မှ အဖုအပိန့်များသည် ခြောက်လာခြဲ့ပီး၊ အလျင်း ပပျောက်လုနီးအမျှ သက်သာလာခဲ့သည်။ ကျောင်းတိုက်တည်ဆောက်မှုပြီးဆုံးချိန်တွင် မြတ်စွာဘုရား ကိုယ်တော်တိုင် ရေစက်ချတရားဟောတော်မူသည်။ ကျောင်းအစ်မကို လာရန်မိန့်တော်မူသဖြင့် မြတ် စွာဘုရားရှေ့ တော်မှောက်သို့ ရောက်ခဲ့ရသည်။ မြတ်စွာဘုရားရှင်က ရောဟိနီမင်းသ္မီးအား အတိတ် ဘ၀က မိဖုရားဖြစ်ခဲ့ပုံနှင့်၊ ကခြေသည်မကလေးကို ဖျက်ဆီးခဲ့ပုံတို့ကို ပြန်လည်၍ဟောတော်မူပြီး၊ အောက်ပါဂါထာကို ဟောတော်မူသည်။ ချစ်သ္မီးရောဟိနီ သင်သည် -

“ဒေါသကို စွန့်ပယ်ရာ၏၊

မာနကို စွန့်ပယ်ရာ၏၊

သံယောဇဉ်ကို ပယ်စွန့်ရာ၏၊

နာမ်ရုပ်အပေါ်၌မတွယ်တာသူကို၊

ဒုက္ခသည် မကပ်ရောက်နိုင်”။ 

          မြတ်စွာဘုရားရှင်၏တရားတော်အဆုံးတွင် ရောဟိနီမင်းသ္မီးသည် သောတာပတ္တိဖိုလ်တည်ပြီး၊ ခန္ဓာကိုယ်မှ အဖုအပိန့်ရောဂါများလည်း အလျင်းပျောက်ကင်းသွားရုံမက ရွှေအဆင်းကဲ့သို့ဝင်းဝါသော မူလအဆင်းလှပတင့်တယ်မှုကို ပြန်လည်ရရှိခဲ့တော့သည်။

          ကျောင်းအစ်မကြီး ရောဟိနီသည် အသက်ထက်ဆုံးနေထိုင်ပြီးနောက် စုတေပြီးချိန်တွင်၊ တာ ၀တိံသာနတ်ပြည်တွင် အလွန်အကျူးအဆင်းလှသည့်နတ်သ္မီးတစ်ပါး ဖြစ်ခွင့်ရသည်။ ရောဟိနီ နတ် သ္မီးသည် နတ်ပြည်၌ဖြစ်ချိန်တွင် ထူးခြားစွာမင်းသား(၄)ယောက်တို့၏ နယ်မြေပိုင်နက်အကြား တွင် ဖြစ်သည်။ နတ်ပြည်၏ထုံးစံမှာ မိမိပရ၀ုဏ်အတွင်းလာရောက်ဖြစ်သူကို ပိုင်စတမ်းဖြစ်သည်။ ရောဟိနီ နတ်သ္မီးသည် နတ်သား(၄)ဦးတို့ပိုင်နက်အလယ်တွင်ဖြစ်သောကြောင့် နတ်သားလေးပါးစလုံးက ပိုင် ဆိုင်ခွင့်လုကြရတော့သည်။

          နတ်ပြည်ပြဿနာဖြစ်သည့်အတွက် ဖြေရှင်းရန်အတွက် သိကြားမင်းအထံသို့ (၅)ဦးသား သ တင်းပို့ကြရသည်။ သိကြားမင်းသည် ပြဿနာကိုဖြေရှင်းရန်အတွက် ကိုယ်တိုင်နတ်စစ်သူကြီးများနှင့်၊ နတ်စစ်တပ်ကြီးများခြံရံပြီး လာရောက်ခဲ့သည်။ ပိုင်နက်တံတိုင်းရိုးနှင့်အနီးဆုံးနတ်သားသို့ ရောဟိနီ နတ်သ္မီးကို ပေးအပ်ရမည်ဖြစ်သောကြောင့် ပေတိုင်းကြည့်သောအခါတွင်လည်း ညီတူညီမျှဖြစ်နေ သည်ကို တွေ့လိုက်ရသည်။ သြဇာကြီးသည့်နတ်သားများဖြစ်ကြသော နတ်သားလေးယောက်က လည်း အလျော့ပေးမည်သူမရှိ ဖြစ်နေသည်။

          ထို့ကြောင့် သိကြားမင်းသည် နီးသူကိုပေးအပ်ခြင်းစည်းကမ်းဖြင့် ပေးအပ်ရန်မဖြစ်နိုင်တော့ သောကြောင့် စိတ်အခြေအနေဖြင့်အဆုံးအဖြတ်ပေးရန် အကြံဖြစ်ပေါ်သည်။ နတ်သား(၄)ဦးကို ရောဟိနီနတ်သ္မီးအပေါ်ထားရှိသည့် စိတ်အခြေအနေများကို တစ်ဦးချင်းစီပြောကြရန် အမိန့်ပေးလိုက် သည်။ နတ်သားတို့သည် ရောဟိနီနတ်သ္မီးအပေါ်ထားကြသည့် ချစ်ခြင်းမေတ္တာကို အသီးသီးထုတ် ဖော်ကြသည်။

ပထမနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

အရှင်သိကြားမင်း, ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် စစ်ပွဲများတွင်တီးခပ် လေ့ရှိသည့် စစ်စည်ကြီးမြည်ဟီးသကဲ့သို့ တုန်ဟီးမြည်ခါလျှက် ရှိကြပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

ဒုတိယနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

အရှင်သိကြားမင်း, ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် အလွန်တရာမြင့်မတ် သည့်တောင်ပေါ်မှ တသွင်သွင်ဆင်းကျနေသည့် ရေတံခွန် ကြီးကဲ့သို့၊ အရှိန်ပြင်းထန်စွာဖြင့် နှလုံးသွေးတို့ စီးဆင်းနေပါ သည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

တတိယနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

          အရှင်သိကြားမင်း, ပုဇွန်မျက်လုံးတို့သည် ပြင်ပသို့ပြူး ကျယ်ထွက်နေဘိသကဲ့သို့ ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် ပေါက်ကွဲထွက်မတတ် ဖြစ်နေပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။ 

စတုတ္ထနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

          အရှင်သိကြားမင်း, ကောင်းကင်အမြင့်သို့ ၀ါးတိုင်ဖြင့် လွှင့်ထားသော အလံတံခွန်သည် တလက်စပ်ယိမ်းခါနေသကဲ့ သို့၊ ရောဟိနီနတ်သ္မီးကို မြင်လျင်မြင်ချင်း ကျွန်ုပ်၏နှလုံးသား အစုံတို့သည် အငြိမ်နေ၍မရတော့ဘဲ ယိမ်းခါနေရပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

သိကြားမင်းသည် နတ်သား(၄)ယောက်တို့၏ ခံစားချက်ကို အသေးစိတ်မှတ်တမ်း တင်စေ သည်။ သိကြားမင်းသည် နတ်သား(၄)ပါးကို စူးစိုက်ကြည့်ပြီးလျင်- “နတ်သားတို့ သင်တို့၏ ခံစားချက် များသည် အမှန်ပင် ပြင်းထန်ကြပါပေသည်။”ဟု မှတ်ချက်ပေးလိုက်သည်။ သိကြားမင်းသည် သူ၏ ခံစားချက်ကိုလည်း၊ ဤကဲ့သို့ထုတ်ဖော် ပြောကြားလိုက်သည်။

“နတ်သားတို့ ငါသိကြားမင်းသည် ရောဟိနီနတ်သ္မီးကို မြင်လျင်မြင်ချင်း ချစ်ခြင်းမေတ္တာ သက်ဝင်မိပါသည်။ ရောဟိ နီနတ်သ္မီးကို အပိုင်ရမှာသာ အသက်ရှင်နိုင်ပါတော့မည်၊ မရ လျင်မူဧကန်မုချ သေပွဲဝင်ရပါတော့မည်။”

သိကြားမင်း၏ခံစားချက်သည် နတ်သားများထက်ပိုမိုပြင်းထန်သည်ကို ကြားသိရသောအခါ နတ်သား(၄)ပါးတို့သည် “အရှင်သိကြားမင်း စုတေ၍မဖြစ်ပါ၊ ရောဟိနီနတ်သ္မီးကို အရှင်သိကြားမင်း ယူတော်မူပါ”ဟု လျှောက်တင်ကြလေသည်။ ဤသို့ဖြင့် ရောဟိနီနတ်သ္မီးသည် သိကြားမင်းကတော်၊ နတ်မိဖုရားကြီးတစ်ပါး ဖြစ်ခဲ့ရသည်။

ဤဇာတ်လမ်းတွင် ရောဟိနီမင်းသမီးသည် သံသရာဝဋ်ကျွေးကို ကျောင်းဆောက်လှူခြင်းဖြင့် ချေဖျက်လိုက်သည်ကို၎င်း၊ ကျရောက်ဆဲရောဂါကြီးတစ်မျိုးကို ကျောင်းဆောက်လှူခြင်းဖြင့် ကာကွယ် ပျောက်ကင်းစေသည်ကို၎င်း၊ အမျိုးသ္မီးတို့၏ဘ၀တွင် အမြင့်ဆုံးအဆင့်အတန်းဖြစ်သော သိကြားမင်း ကတော်၊ နတ်မိဖုရားကြီးဘ၀ကို ကျောင်းဆောက်လှူခြင်းဖြင့် အရယူသွားသည်ကို၎င်း၊ သောတာပန် အရိယာအဖြစ်ကို ကျောင်းဆောက်လှူခြင်းဖြင့် ယူဆောင်သွားသည်ကို၎င်း တွေ့ရသည်။

မြတ်စွာဘုရားရှင်ကလည်း “၀ိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ”ဟု ဟောတော်မူပါ သည်။ အဓိပ္ပါယ်မှာ “သံဃာတော်များသီတင်းသုံးရန်၊ ကျောင်းဆောက်အလှူဒါနပြုခြင်းကို၊ ဘုရားအ ဆူဆူတိုင်းက၊ အမြတ်ဆုံးဟုချီးမွှမ်းတော်မူကြသည်”ဟု ဖြစ်ပါသည်။

ရောဟိနီမင်းသ္မီးအကြောင်းကို “သူမ”လို့အမည်ပေးပြီး ရေးသားသောစာတမ်း ပြီးဆုံးပါပြီ။ စာရေးသူအပါအ၀င်၊ စာရှုသူများလူတိုင်းတွင် သံသရာဝဋ်တစ်မျိုးမျိုးပါလာကြမည်မှာ အသေအခြာဖြစ် ပါသည်။ “၀ဋ်”ဟူသည်မှာ မဖြေဖျောက်နိုင်ပါက သံသရာလည်သမျှလိုက်ပါပြီး ဆင်းရဲဒုက္ခပေးနေမှာ ဖြစ်ပါတယ်။ ကျောင်းအလှူသည် ၀ဋ်ကိုဖြေပေးနိုင်သောကုသိုလ်ဖြစ်ကြောင်းကို ဤဇာတ်လမ်းတွင် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူပါသည်။ ၀ဋ်ကြွေးများကို ဖြေဖျောက်နိုင်ပြီး၊ အဆင့်အ တန်း အမြင့်ဆုံးဘ၀များကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ခြွေလိုက်ပါတယ်။ 

 

(Ref: ရောဟိနီခတ္တိယကညာဝတ္ထု၊ ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ နှာ-၁၉၄။)

 

 

 

မေတ္တာဖြင့် -

ဒေါက်တာအရှင်ကေ၀လ Ph.D (သီရိလင်္ကာ)

(24/12/2020)

 

{မှတ်ချက်/ နတ်သား(၄)ပါးနှင့်၊ သိကြားမင်းတို့၏ ရင်တွင်းကဗျာ(၅)ပုဒ်ကို ပါဠိလိုမူရင်းအ တိုင်းသိလိုသူများအတွက် ဖော်ပြပေးလိုက်ပါသည်။

၁. မမ တာဝ ဥပ္ပန္နစိတ္တံ သင်္ဂါမဘေရိ

    ၀ိယ သန္နိသီဒိတုံ နာသက္ခိ။

၂. မမ စိတ္တံ ပဗ္ဗတနဒီဝိယ သီဃံ ပ၀တ္တတိယေ၀။

၃. မမ အိမိဿာ ဒိကာလတော ပဌာယ

   ကက္ကဋဿ ၀ိယ အက္ခီနိ နိက္ခမိံသု။

၎. မမ စိတ္တံ စေတိယေ ဥဿာပိတဓဇော

   ၀ိယ နိစ္စကာလံ ဌာတုံ နာသက္ခိ။

၅. တာတ တုမှာကံ တာဝ စိတ္တာနိ ပသယှရူပါနိ။

   အဟံ ပန မံ အလဘန္တော ဇီဝိဿာမိ၊

   အလဘန္တဿ မေ မရဏံ ဘ၀ိဿာမိ။

(Ref: ရောဟိနီခတ္တိယကညာဝတ္ထု၊ ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ နှာ-၁၉၄။)  

 

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP