Sunday, June 7, 2009

ဓမ္မစကူး (မကေတုမာလာ)

သာသနာ့သမိုင်းမှာအလွန်ထင်ရှားခဲ
့တဲ့ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာရဟန္တာပုဂ္ဂိုလ်အများအပြား သီတင်း သုံးနေထိုင်ခဲ့ရာ အိန္ဒိယနိုင်ငံတောင်ဘက် အိန္ဒိယပင်လယ်အတွင်းမှာ တည်ရှိတဲ့ သီရိလင်္ကာနိုင်ငံသို့ ၂၀၀၇ ခု နှစ်ရဲ့ နောက်ဆုံးရက်တရက်မှာ ရောက်ရှိလာခဲ့ပါတယ်။

 ယခင်က သီဟိုဠ်ကျွန်းလို့ခေါ်ဆိုကြပြီး ပါဠိစာပေတွေ ထဲမှာတော့ သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဒီနိုင်ငံကိုရောက်တော့ မထင်မှတ်တဲ့ အတွေ့ အကြုံလေးတချို့က ကိုယ့်အတွက် မှတ်တမ်းလေးတွေ ဖြစ်ခဲ့ပါတယ်။

 သေချာတာတစ်ခုက အဲဒါဟာ ဘုရားဖူး မှတ်တမ်း မဟုတ်သလို၊ ခရီးသွားလမ်းညွှန် မှတ်တမ်းတစောင်လည်း မဟုတ်ခဲ့ပါဘူး။ ပြောနိုင်တာကတော့ ကိုယ့်အတွေ့အကြုံလေးတချို့နဲ့ ခံစားချက်လေးတွေထည့်ထားတဲ့ မှတ်တမ်းလေးတခုပါပဲ။

ဒီနိုင်ငံကိုရောက်တော့ ကိုယ့်အတွက် ပထမဦးဆုံး စိတ်ဝင်စားစရာ အလွန်ကောင်းခဲ့တဲ့ အကြောင်းအရာက ပန်းကလေးတွေနဲ့တူတဲ့ ကလေးလေးတွေနဲ့ ပတ်သက်နေခဲ့ပါတယ်။ တကယ်တော့ ကိုယ်နေတဲ့ကျောင်းက တရားရိပ်သာ(Meditation Centre)တခုပါ။ 


ဒါကြောင့်လည်း တရားလာအားထုတ်တဲ့ ယောဂီတွေကိုသာ အ ထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ကိုယ်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆွမ်းစားကျောင်းအပြင်ဘက်က ခုံတန်း တွေပေါ်မှာ အဖြူရောင်တူညီဝတ်စုံတွေ ၀တ်ထားတဲ့ ကလေးလေးတွေကို မိခင်ဖြစ်သူတွေနဲ့အတူ စပြီးတွေ့ခဲ့ ရတယ်။
 သူတို့လေးတွေကလည်း ဒီနိုင်ငံသားမဟုတ်တဲ့ကိုယ့်ကို စူးစမ်းနေတဲ့မျက်ဝန်းနဲ့ အမြဲတမ်းလိုက်ကြည့် လေ့ရှိကြတယ်။

 ဒါတွေက ကိုယ့်အတွက် သိပ်မဆန်းတော့ပေမယ့် တွေ့လိုက်တိုင်းလည်း ဒီလိုအချိန် ဒီအဖြူ ရောင်ဝတ်စုံလေးတွေနဲ့ ကလေးလေးတွေကို ဒီလိုနေရာမျိုးမှာ တွေ့တွေ့နေရတာကတော့ နည်းနည်းဆန်းနေ သလိုပါပဲ။ ဒီကလေးတွေ ဒီကျောင်းကို ဘာလာလုပ်တာလဲပေါ့လို့ ကိုယ့်ဘာသာကိုယ်တွေးနေမိတယ်။

ပြီးတော့ သူတို့က နေ့တိုင်းလာတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို တွေ့လိုက်ရင်လည်း ကိုယ်ဆွမ်းစား ကျောင်းက ပြန်လာတဲ့အချိန် ၇း၃၀ လောက်မှာ အဲဒါက ပုံမှန်အချိန်ပဲ။ ဒီလိုနဲ့ … တရက်မှာတော့ အပြုံးချိုချို လေးနဲ့ မိခင်ဖြစ်သူအမျိုးသမီးက ကိုယ့်ကိုလာပြီးမိတ်ဆက်ပါတယ်။ သူနဲ့ကပ်လျက်မှာတော့ ကိုယ့်ကိုစူးစမ်းနေ တဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြလေ့ရှိတဲ့ ကလေးလေးနှစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ 


အဲဒီနောက် မိခင် ဖြစ်သူက သူ့သားနဲ့ သမီးအကြောင်းကို ပြောပြရင်း ကလေးတွေနဲ့ ကိုယ့်ကို မိတ်ဆက်ပေးပါတယ်။ ရှစ်နှစ်အ ရွယ်သားငယ်နဲ့ ဆယ်နှစ်အရွယ်သမီးလေးကလည်း သူတို့ရဲ့မိခင်လိုပဲ ယဉ်ကျေးသိမ့်မွေ့ကြပါတယ်။ အင်္ဂလိပ် စကားကိုလည်း ပြောနိုင်ကြပါတယ်။

 ကလေးတွေကို Sunday School လိုက်ပို့ပေးတာဖြစ်ကြောင်း အဲဒီအမျိုး သမီးက ပြောပြတော့မှပဲ သူတို့ဒီကိုလာရတဲ့အကြောင်းရင်းကို အပြည့်အစုံ သိလိုက်ရပါတယ်။ တကယ်တော့ သူတို့အဓိကလာတဲ့နေရာက ကိုယ်နေတဲ့ တရားရိပ်သာကို မဟုတ်ပါဘူး။

 ဒီကျောင်းဝင်းရဲ့ကပ်လျက် ဘုန်း တော်ကြီးကျောင်းက Sunday School ကိုလာတာဖြစ်ပြီး ဟိုဘက်မှာ လူအရမ်းများနေလို့ ကျောင်းချိန်မစခင် ဒီမှာခဏ၀င်ပြီး ကလေးတွေကို မနက်စာမုန့်ကျွေးရင်း လာဝင်နားတာပါလို့ရှင်းပြတော့မှ ကိုယ်လည်း သဘော ပေါက်တော့တယ်။

ဟုတ်ပါတယ် … ကိုယ်နေတဲ့ကျောင်းဝင်းရဲ့ ဘယ်ဘက်ကပ်လျက်မှာ ဒီနိုင်ငံရဲ့သမ္မတကိုးကွယ်တဲ့ ဘုန်းတော် ကြီးကျောင်းရှိပါတယ်။ အဲဒီကျောင်းကို လေးငါးခေါက်လောက်ရောက်ဖူးပြီး ကျောင်းထိုင်ဆရာတော်နဲ့လည်း စကားပြောဖူးပါတယ်။ Buddhist Channel ဆိုပြီး ဗုဒ္ဓဘာသာဆိုင်ရာ အ ကြောင်းအရာများကို ရိုက်ကူးထုတ် လွှင့်တဲ့ TV အစီအစဉ်တွေလည်း အဲဒီကျောင်းထဲမှာ ရှိပါတယ်။

 ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေကဏ္ဍတွေကို လည်း ရိုက်ကူးတဲ့ အသံလွှင့် Studio-ခန်းထဲကို ကိုယ်တို့ကို လိုက်ပြပေးဖူးပါတယ်။ ဒါပေမယ့် အဲဒီကျောင်းမှာ ကလေး ၅၀၀ ကျော်လောက်ကို သင်ကြားပေးနေတဲ့ (သူတို့ဘာသာစကားနဲ့ ဆိုရင်) Daham Pasala လို့ခေါ် တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School အစီအစဉ်ရှိတယ်ဆိုတာကို ကိုယ်တကယ်မသိခဲ့ပါဘူး။ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးကျောင်းကဖွင့်တဲ့ Sunday School ဆိုတာကိုလည်း အဲဒီအမျိုးသမီးနဲ့ စကားပြောတော့မှပဲ ပထမဦးဆုံး ကြားဖူးခဲ့ရတာပါ။ 

အလွန်လည်း စိတ်ဝင်းစားခဲ့ပါတယ်။ ဒါနဲ့ပဲ ကိုယ်လည်း ဒီအကြောင်းနဲ့ ပတ် သက်ပြီး လေ့လာကြည့်မိပါတယ်။ ဒီတော့မှ Sunday School ဆိုတဲ့စနစ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံ တ၀ှမ်းလုံးက ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူ အားလုံးနီးပါး တက်ရောက်သင်ကြားကြတယ်ဆိုတာကို အံ့ သြစွာနဲ့ သိခွင့်ရခဲ့ပါတယ်။

အမှန်တော့
ဒီသင်ကြားရေးစနစ်ကို စတင်ခဲ့တာက ၁၈၉၅-ခုနှစ်ကတည်းကပါ။ သီရိလင်္ကာနိုင်ငံဟာ ၁၅၀၅- ခုနှစ်ကတည်းက ပေါ်တူဂီနယ်ချဲ့အစိုးရလက်အောက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး၊ ၁၆၃၈ မှာတော့ ဒတ်ခ်ျနယ် ချဲ့အစိုးရကလည်း ၀င်ရောက်သိမ်းပိုက်ခဲ့ပါသေးတယ်။ နောက်ပိုင်း ၁၈၇၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိတော့ ဗြိ တိသျှအစိုးရ လက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။

 နယ်ချဲ့အစိုးရတွေရဲ့ လက်အောက် ကျရောက်ခဲ့ပြီး နောက်ပိုင်း ဘာသာရေးနဲ့ပညာရေးနယ်ပယ်မှာ ခရစ်ယာန်ဘာသာ ကြီးစိုးလာခဲ့ပါတယ်။ နယ်ချဲ့အစိုးရလက် အောက်မှာ မှေးမှိန်လာခဲ့တဲ့ ဗုဒ္ဓဘာသာစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဗုဒ္ဓဘာသာ သံဃာတော်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုများ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အထင်ရှားဆုံးလည်းဖြစ် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင်တည်ထောင်ခဲ့ သူလည်းဖြစ်တဲ့ ဆရာတော်ကတော့ Ven. Migettuwatte Gunananda ဖြစ်ပါတယ်။ ဆရာတော်ဟာ အခက် အခဲမျိုးစုံ၊ အဖိနှိပ်မျိုးစုံကို ကျော်လွှားပြီး ၁၈၉၅ ခုနှစ်မှာ Galle မြို့၊ ၀ိဇယနန္ဒာကျောင်း (Vijayananda Temple) တွင် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 

 ဒီသင်ကြားရေးစနစ် ကို တနိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်တွေ တညီတညွတ်တည်း ပူးပေါင်းပါဝင်လာအောင် ဆရာတော်သံဃာတော် များနှင့်အတူ ဒကာ၊ ဒကာမများကလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ဦးဆောင် လှုပ်ရှားသူ လူပုဂ္ဂိုလ်တစ်ဦးကတော့ အမေရိကန်နိုင်ငံသား အတွေးအခေါ်ပညာရှင် Colonel Steel Henry Olcott ဖြစ်ပါတယ်။

Colonel Olcott ဟာ ၁၈၈၀ ခုနှစ်မှာ ဒီနိုင်ငံကိုရောက်ရှိလာပြီး မကြာခင်မှာပဲ ၀ိဇယနန္ဒာကျောင်း ဆရာတော် Ven. Migettuwatte Gunananda ကို အကြောင်းပြုကာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာရာမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။


 နောက်ပိုင်းမှာတော့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ ဘာသာရေး ဆိုင်ရာသင်တန်းတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာ အများအပြားပေါ်ပေါက်လာအောင် ဦးဆောင်လှုပ်ရှားခဲ့သူအဖြစ် လည်း ဒီနိုင်ငံရဲ့သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။

 သူ့ရဲ့မှတ်စု အတွဲ (၃) စာမျက်နှာ ၁၄၃ မှာ ရေးသားခဲ့သော “ငါ့ မှာ အရေးကြီးသော အကြံအစည်တခုရှိသည်။ ဤသည်ကား ဗုဒ္ဓဘာသာအတွက် အထူးသဖြင့် က လေးများအတွက် ဗုဒ္ဓဘာသာပညာရေးကို စတင်ရန်” ဟူသော စာသားဟာ ဗုဒ္ဓဘာသာဝင်များအကြား တွင်ထင်ရှားခဲ့တယ်။
၁၈၉၅ ခုနှစ်က Galle မြို့ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းကနေ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ စတင်ခဲ့တဲ့ ဓမ္မ ကျောင်းတွေဟာ ဆယ်စုတစ်ခုအတွင်းမှာပဲ တနိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ သွားခဲ့ပါတယ်။ နယ်ချဲ့အစိုးရ လက်အောက်ကျရောက်နေစဉ် လွတ်လပ်ရေးမရခင် အစောပိုင်းနှစ်တွေကတည်းက ဓမ္မကျောင်းလို့ ခေါ်ကြ တဲ့ Sunday School စနစ်ဟာ ဒီနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့ပါပြီ။

 ဘာသာခြား တိုင်းတပါးသားအစိုးရ လက်အောက်အတွင်း အဖိနှိပ်အချုပ်ခြယ်ကြားထဲမှာ Private ကျောင်းအသွင်နဲ့ တနိုင်ငံလုံးမှာ အမြစ်တွယ် သွားအောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စရပ်တခုမဟုတ်တာတော့ သေချာပါတယ်။ ဒီနေရာမှာ ကိုယ်တို့အထူးသတိထားရမယ့် အချက် ၂-ချက် ရှိပါတယ်။

 ပထမအချက်က ဒီနိုင်ငံကိုကြည့်မယ်ဆိုရင် ကိုလိုနီ နယ်ချဲ့အစိုးရလက်အောက်ကို နှစ်ပေါင်း ၄၀၀ ကျော်ကြာအောင် ကျရောက်ခဲ့ပြီးတဲ့အချိန်မှာတောင်မှ ဗုဒ္ဓဘာ သာပညာရေးစနစ်တခုကို ခိုင်ခိုင်မာမာနဲ့ ဦးမော့လာနိုင်အောင် လုပ်နိုင်စွမ်းရှိခဲ့ကြတယ်။

 တချိန်တည်းမှာပဲ ကိုယ်တို့နိုင်ငံကိုကြည့်မယ်ဆိုရင် ကိုလိုနီအစိုးရလက်အောက်ကို မကျရောက်ခင်ကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဟာ နိုင်ငံရဲ့အဓိကပညာရေး အခန်းကဏ္ဍတရပ်အနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ။

 ဒါပေမယ့် ကို လိုနီခေတ်လည်းရောက်ရော ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်း အညွန့်ချိုးခံလိုက်ရတာ ပြန်ပြီးနလံမထူ နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ (ဒီနိုင်ငံနဲ့ ကိုယ်တို့နိုင်ငံလွတ်လပ်ရေးရတာ တနှစ်ထဲဖြစ်သလို၊ အဲဒီအချိန် တုန်းက အုပ်ချုပ်ခဲ့တဲ့ ကိုလီုနီအစိုးရဟာလည်း တခုတည်းရယ်ပါ။)

နောက်ဒုတိယအချက်ကတော့ လူမျိုးခြား Colonel Olcott ပါပဲ။ ဗုဒ္ဓဘာသာဟာ သူရဲ့ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်ခဲ့တဲ့ ဘာသာမဟုတ်သလို၊ သူရဲ့နိုင်ငံတော်ဘာသာလည်း မဟုတ်ပါဘူး။ 

ဒါပေမယ့် သူက ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်တောင် ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကို သူတည်ထောင်ခဲ့တဲ့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ သူ့ကိုအမှတ်ရကြလို့ ဂုဏ်ပြုကာထုလုပ်ထားတဲ့ ကိုလံဘိုမြို့လယ်ရှိ သူ့ရဲ့ရုပ်တုကြီးက သက် သေပြနေဆဲပါ။ သူသေဆုံးသွားပေမယ့် သူပျိုးထောင်ပေးခဲ့တဲ့ အရာတွေကတော့ ရှင်သန်ကြီးထွားနေဆဲပါ။

 ဒီ လိုဆိုရင် ကိုယ်တို့ကျတော့ရော … ဗုဒ္ဓဘာသာဟာ ကိုယ်တို့ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ဘာသာ၊ ပြီး တော့ “အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါ” ဆိုတဲ့ သြ၀ါဒကို သိတတ်နား လည်စအရွယ်ကတည်းက ကြားနေခဲ့ရတာ ယနေ့အထိ အကြိမ်ပေါင်းမနည်းတော့ပါဘူး။

 ကြားခဲ့ရတဲ့ အချိန် တိုင်းမှာလည်း ကိုယ်တို့ကတော့ ခေါင်းလေးတညိတ်ညိတ်နဲ့ပေါ့။ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်ခဲ့သေး တဲ့ ကိုယ့်အဖြစ်ကို တကယ်လို့ Colonel Olcott သာတွေ့ရင် ကိုယ့်ကို ဟားတိုက်မှာ သေချာပါတယ်။

ဒါ့အပြင် သူက သူ့နိုင်ငံသားမဟုတ်တဲ့ ကလေးတွေအတွက် ဒီလောက်တောင် စေတနာထား လုပ်ဆောင်နိုင်ခဲ့တယ်ဆို ရင် ကိုယ်တို့ကတော့ရော ကိုယ်တို့နိုင်ငံက ကလေးတွေအတွက် ဘာတွေလုပ်ပေးခဲ့ကြပြီးပြီလဲ..။ အင်း ... ဒီအ ချက်ကတော့ ကိုယ့်အတွက် အလေးအနက်ထားစရာ အချက်တခုပါပဲ။

ဒီလိုနဲ့ အခက်အခဲတွေကြားက ရုန်းထွက်ဦးမော့ခဲ့တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School စနစ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ သမိုင်းမှာထင်ရှားတဲ့ သမ္မတ-Bandranaike ကြောင့် ပိုပြီးအရောင်တောက် ပခဲ့ပါတယ်။ သူ သမ္မတဖြစ်တဲ့ ၁၉၅၆ ခုနှစ်တွင် ဒီ Sunday School လို့ခေါ်တဲ့ ဓမ္မကျောင်းတွေကို သာသနာ ရေးဝန်ကြီးဌာနလက်အောက်ကဖွင့်တဲ့ အစိုးရကျောင်းတွေအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။

 အတန်းတိုင်းအတွက် သင်ရိုးပြဌာန်းစာအုပ်တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး တနိုင်ငံလုံးရှိဓမ္မကျောင်းမှ ကျောင်းသားကျောင်းသူများအားလုံးကို အခမဲ့ဖြန့်ဝေပေးပါတယ်။ စာမေးပွဲတွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး စာမေးပွဲနဲ့ပတ်သတ်တာမှန်သမျှကိုလည်း တာဝန်ယူပြီး စီစဉ်ပေးပါတယ်။

 ပြီးတော့ ဓမ္မကျောင်း သို့မဟုတ် Sunday School ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးခဲ့သေးတယ်။ ယောင်္ကျားလေးတွေအတွက်က ဒီနိုင်ငံရဲ့ အမျိုးသားဝတ်စုံ နဲ့ဆင်တူတဲ့ လည်ကတုံး ရှပ်အင်္ကျီ လက်ရှည်အဖြူနဲ့ လုံချည်အဖြူဖြစ်ပြီး မိန်းကလေးတွေ အတွက်ကတော့ ဒီနိုင်ငံရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ Kandy ဆာရီနဲ့ အနည်းငယ်ဆင်တဲ့ (သူတို့အခေါ်) Half ဆာရီဆိုတဲ့ အထက်အောက် အဖြူရောင်ဝတ်စုံလေးဖြစ်ပါ တယ်။ ဒါ့အပြင် အစိုးရက အထက်တန်းကျောင်းအောင်လက်မှတ်များလိုပဲ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း ချီးမြှင့်ခဲ့ ကြပါတယ်။

ဒီလိုစနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်လာတဲ့ Sunday School စနစ်ဟာ ယခု သမ္မတ Mahinda Rajapaksha လက်ထက်မှာတော့ ပံ့ပိုးမှုတွေ အားပေးမှုတွေ ပိုပြီး အားကောင်းလာခဲ့ပါတယ်။

  သမ္မတကိုယ်တိုင်ကလည်း ကလေးတွေကို Sunday School တက်ဖို့ သူ့မိန့်ခွန်းတွေထဲကနေရော အပြင်မှာဆုံတွေ့တဲ့အခါမှာရော အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ သာမန်အောင်လက်မှတ် အဆင့်သာရှိတဲ့ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း အဆင့်အတန်းမြှင့်တင်ပေးခဲ့ပါတယ်

 အစိုးရဌာနဆိုင်ရာ အလုပ်ခန့်အပ်မှုမှာ ဒီ Sunday School အောင်လက်မှတ်ဟာ အရေးပါတဲ့ ကန့်သတ်ချက်တခုအနေနဲ့ လိုအပ်နေပြီး အဲဒါကိုလည်း အစိုးရက တရားဝင်ထုတ်ပြန်ထားကြောင်း ကျောင်းသားမိဘတွေကပြောပြကြပါတယ်(ဒီနေရာမှာ.. တခြားဘာသာခြားတွေအတွက်ဆိုရင် တော့ သက်ဆိုင်ရာဘာသာရဲ့ အောင်လက်မှတ်ကို ဆိုလိုပါတယ်လို့ ရှင်းပြကြပါတယ်။)

 “ အခုဆိုရင် Sunday School အောင်လက်မှတ်ဟာ တက္ကသိုလ်ဆက်တက်မယ့် ဗုဒ္ဓဘာသာကျောင်းသား ကျောင်းသူတွေအတွက် အရေးပါတဲ့ လက်မှတ်တခု ဖြစ်နေပါပြီ” လို့ အဲဒီမှာ စာသင်ပေးနေတဲ့ သီလရှင်ကြီးတပါးက ဂုဏ်ယူစွာနဲ့ ပြောတုန်းက ကိုယ့်မှာတော့ သူနဲ့အတူရောပြီး (သူတို့အတွက်) ၀မ်းသာဂုဏ်ယူနေမိတယ်။

ဒီနိုင်ငံကိုရောက်ပြီးနောက်ပို
င်း အပြင်သွားစရာကိစ္စပေါ်ရင် အမြဲလိုလို လိုက်ပို့ပေးတတ်တဲ့ ဒကာမကြီးက တချို့သော သူ့ရုံးပိတ်ရက်တွေမှာ တခြားမြို့တွေက ဘုရားတွေဆီ လိုက်ပို့ပေးလေ့ရှိပါတယ်။ ကိုယ်တို့ ခရီးထွက်ချိန် တနင်္ဂနွေမနက်စောစောတွေမှာဆိုရင် ဖြတ်ကျော်သွားနေတဲ့ မြို့တွေ ရွာတွေရဲ့ လမ်းဘေးတလျှောက် မှာတော့ ဓမ္မကျောင်းက ကလေးများရဲ့ဝတ်စုံအဖြူရောင်တွေ လွှမ်းနေတော့တာပေါ့ ..။

အဖြူရောင်တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေရဲ့ ခြေလှမ်းတွေက လန်းဆန်းတက်ကြွစွာ ဘုန်းတော်ကြီးကျောင်းဆီ ဦးတည်လို့ ...၊ သူတို့လေးတွေရဲ့မျက်နှာမှာတော့ အပြုံးပန်းတွေဝေလို့ ...၊ သူတို့အာရုံထဲမှာတော့ သူတို့သွားနေတဲ့ ဘုန်းတော်ကြီးကျောင်းဟာ သူတို့အတွက် စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တတွေ အရောင်မြှင့်တင်ပေးတဲ့ နေရာ စံပြပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာခွင့်ရမယ့်နေရာဆိုပြီး ယုံကြည်မှုတွေပြည့်လို့ ...။

 ကားပေါ်ကနေ လှမ်းမြင် နေရတဲ့ ဒီမြင်ကွင်းတွေကတော့ ကိုယ့်အတွက် ကျက်သရေရှိလွန်းလှပါတယ်။ မြို့တွေ၊ ရွာတွေဖြတ်သွားတိုင်း အဲဒီလိုမြင်ကွင်းမျိုးကို ကိုယ်က မရိုးနိုင်အောင် လိုက်ငေးနေတော့တာပဲ။

 ကားက မြို့တွေရွာတွေကို ကျော်လွန် သွားပေမယ့်လည်း ကိုယ့်အာရုံထဲမှာတော့ အတွေးတွေက တ၀ဲလည်လည်ပါပဲ။ အင်း .. ဒီလိုအချိန်မျိုးမှာ ကိုယ်တို့နိုင်ငံက ကလေးတွေရော ဘယ်ဆီကိုများ ဦးတည်သွားနေကြမလဲ ...၊ သူတို့တွေကရော ဘုန်းတော် ကြီးကျောင်းတွေကိုဘယ်လိုသဘောထားကြမလဲ...။

တခါမှာတော့ ရှေးဟောင်းဆင်းတုတော်တွေ ဖူးဖို့နဲ့ ရှေးဟောင်းအဆောက်အဦလေးတခုကို လေ့လာဖို့ နယ်မြို့တမြို့ရဲ့ ဘုန်းတော်ကြီးကျောင်းတကျောင်းကို မိတ်ဆွေတွေကခေါ်သွားပါတယ်။ ဖြစ်ချင်တော့ ကိုယ်တို့ ရောက်သွားတဲ့အချိန်က Sunday School စာသင်ချိန်ဖြစ်နေပါတယ်။

 ဒါနဲ့ ကိုယ်တို့လလည်း စာသင်နေတဲ့နေရာကို အရင်သွားပြီး လိုက်ကြည့်ကြပါတယ်။ အဲဒီမှာတွေ့ရတာကတော့ အသက်အရွယ်လိုက် အတန်းတွေ ခွဲခြားထားပါတယ်။ (၁) တန်းကနေ (၁၀) တန်းအထိရှိတယ်လို့ ဆိုပါတယ်။ ဒီဓမ္မကျောင်း သို့မဟုတ် Sunday School အတွက် သင်ရိုးပြဌာန်းထားတာတွေကတော့ ...


1.Pāli language (ပါဠိဘာသာ)၊
2. History of Buddhism (ဗုဒ္ဓဘာသာသမိုင်းကြောင်း)၊
3. Biography of the Buddha (ဗုဒ္ဓ၀င်)၊
4. Biographies of very famous Buddhist monks, nuns and lay people (ဗုဒ္ဓခေတ် သာဝကကြီးများရဲ့ အတ္ထုပ္ပတ္တိများ)၊
5. Fundamental doctrines of Buddhism (ဗုဒ္ဓဘာသာရဲ့ အခြေခံတရားတော်များ)၊
6. Recitation of Pāli passages and stanzas (ပါဠိတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း)၊
7. Abhidhamma (အဘိဓဓ္မာ)၊
8. Buddhist meditation (ဘာဝနာ တရားပွားများခြင်း)တို့ဖြစ်ကြပါ

တယ်။

ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေအပြင် ဆရာ၊ ဆရာမတွေကလည်း ၀ိုင်းဝန်းကူညီသင်ကြား ပေးကြတာ တွေ့ ရပါတယ်။ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ပြီး သိရှိရတာ နောက်တစ်ခုကတော့ ၁၉၆၀မှာ ဖွဲ့စည်းတည်ထောင် လိုက်တဲ့ Buddhist Theosophical Society (BTS) ဆိုတာပါပဲ။ အဲဒီအဖွဲ့က သင်ကြားမှုနည်းစနစ် ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ဆရာဖြစ်သင်တန်းဖွင့်လှစ်ရေးအတွ
က် ရည်ရွယ်တာပါ။

 နောက်ပိုင်းမှာ Sunday School ကျောင်း သားဟောင်းများကိုလည်း ဆရာများအ ဖြစ် ထိုသင်တန်းများမှမွေးထုတ်ပေးခဲ့ပါတယ်။ အစိုးရစာမေးပွဲများမှ တဆင့် စဉ်ဆက်မပြတ်အကဲဖြတ် ခြင်းဟာ အရည်အချင်းပြည့်ဝတဲ့ ဓမ္မကျောင်းဆရာများ မွေးထုတ်ပေးခြင်း အတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်လို့ ရှင်းပြကြပါတယ်။

သတိထားကြည့်မိသလောက်တော့ ဒီ Sunday School စနစ်ကို ဒီနိုင်ငံက ပညာတတ်လူတန်းစားတွေ အထူးအားပေးကြတာတွေ့ရပါတယ်။ အဲဒါအချက်တွေဟာကိုယ့်အတွက်တော့မှတ်တမ်းလေးတွေဖြစ်လို့ပေါ့။

ဒီလိုနဲ့ ... နိုဝင်ဘာလရဲ့ ရက်တရက်မှာတော့ မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ကန္ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာ၊ ဒီနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန္ဒီ(Kandy)မြို့ကနေ ကီလိုမီတာ ၂၀လောက်ဝေးတဲ့ နေရာက ခြံကြီးတခြံကို ရောက်ရှိခဲ့ပါတယ်။

 အဲဒီခြံကြီးထဲမှာ ကိုယ်နဲ့ အလွန်ရင်းနှီးတဲ့ မိသားစုတစု နေထိုင်ကြပါတယ်။ သူတို့မိသားစု က စီစဉ်ပြုလုပ်တဲ့ အလှူအတွက် လာဖိတ်ကြတာနဲ့ ကိုယ်လဲ အဲဒီကိုရောက်ဖြစ်သွားရတော့တယ်။ လာကြိုတဲ့ ကားက အလှူလုပ်တဲ့အိမ်ကိုရောက်တော့ မနက် ၉နာရီခွဲလောက်ရှိပါပြီ။ အဲဒီနေ့က တနင်္ဂနွေနေ့ပါ။ ကိုယ်တို့ ရောက်တော့ အိမ်ရှင်တွေက ထွက်ကြိုနှုတ်ဆက်ကြပါတယ်။

 အဲဒီအိမ်မှာက သားသမီးဆိုလို့ ၁၃နှစ်အရွယ် သမီးလေးတယောက်ပဲရှိပြီး ကိုယ်နဲ့လဲ အလွန်ရင်းနှီးပါတယ်။ ကိုယ်ရောက်တော့ အဲဒီကလေးမလေးရဲ့ မိဘတွေကို နှုတ်ဆက်ရင်း သူ့ကိုမတွေ့တာနဲ့ မေးကြည့်လိုက်တော့ “ဒီနေ့ Sunday School ရှိတယ်လေ ...၊ အဲဒီမှာ အစမ်းစာမေးပွဲလေးလည်းရှိလို့ပါ ...၊ ၁၁နာရီ မထိုးခင် တရားပွဲအမီပြန်လာပါလိမ့်မယ်”လို့ပြန်ဖြေပါတယ်။

ပုံမှန်အချိန်ဆိုရင်တော့ ဒါက မထူးဆန်းပေမယ့် အခုလိုအချိန်မျိုးမှာ ဒီစကားကို ကြားရတော့ ကိုယ့်အတွက် နည်းနည်းဆန်းနေသလိုပါပဲ။ တကယ်တော့ ဒီအလှူက သူတို့မိသားစုအတွက် အလွန်ကြီးကြီးကျယ်ကျယ်နဲ့ ပြုလုပ်ထားတဲ့အလှူပါ။

ကိုလံဘိုက ဆရာတော်တွေနဲ့ လူတွေတချို့ကိုတောင် ဖိတ်ကြားထားတာပါ။ ပြီးတော့ သူတို့မိသားစုအတွက် ၀မ်းနည်းစရာအကောင်းဆုံးဖြစ်ခဲ့တဲ့နေ့ကို အမှတ်တရပြုလုပ်တဲ့ အခမ်းအနားလေးပါ။ ဒီ လိုနေ့မျိုးမှာတောင် အိမ်ရှင်ဖြစ်တဲ့ ကလေးမလေးက Sunday School ကို သွားဖို့ မပျက်ကွက်ခဲ့ဘူး။

မိဘတွေ ဘက်ကလည်း အားပေးတိုက်တွန်းပြီး ကြည်ကြည်ဖြူဖြူနဲ့လိုက်ပို့ပေးတာပဲ။ ကိုယ်ကတော့ ဒီအခြေအနေလေးတွေကိုကြည့်ပြီး မိဘတွေဘက်ကရော ကလေးတွေဘက်ကပါ Sunday School အပေါ်ထားတဲ့ လေးနက်မှု တွေကို သိလိုက်ရတော့တယ်။

 တကယ်တော့ သင်ကြားရေးစနစ်တခုမှာ သင်ကြားပြသပေးတဲ့သူတွေသာမက တက်ရောက်သင်ကြားကြတဲ့ သူတွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သင်ကြားရေးစနစ်တခု အောင်မြင်ဖို့ အတွက် ကလေးတွေဘက်က စိတ်ပါဝင်စားမှု အလေးအနက်ထားမှုတွေ လိုအပ်သလို မိဘတွေဘက်လည်း တိုက်တွန်းအားပေးမှု၊ ပံ့ပိုးမှုတွေလုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။

ကိုယ်ရောက်ရောက်ချင်း သူ့ကိုမတွေ့လိုက်ရပေမယ့် ဓမ္မကျောင်းကို လေးလေးစားစားနဲ့ မပျက်မကွက်သွားခဲ့ တဲ့ သူ့အတွက် ကျေနပ်နေမိတယ်။ ပီတိလည်း ဖြစ်ရတယ်။ အခမ်းအနား စခါနီးမှာပဲ အဲဒီကလေးမလေး ပြန် ရောက်လာပြီး Sunday School ၀တ်စုံလေးနဲ့ တရားဝင်နာနေတာ တွေ့လိုက်ရပါတယ်။

 ဒီလိုနဲ့အခမ်းအနားပြီး တော့ ကိုလံဘိုလိုက်ပြန်မယ့် ဆရာတော်တပါးက ခဏလောက်နားချင်သေးတယ်ဆိုတာနဲ့ ချက်ချင်းမပြန်ဖြစ် သေးဘဲ ခေတ္တနားဖြစ်ကြပါတယ်။ ကိုယ်ကတော့ ကိုယ်နားဖို့အတွက်ပေးထားတဲ့ အခန်းထဲမှာပဲ ပြန်နားရင်း တက္ကသိုလ် သင်ရိုးညွှန်းတမ်းထဲက စာတချို့ကို ဖတ်နေလိုက်ပါတယ်။

 ဒီလိုနေရင်း တအောင့်လောက်ကြာတော့ အလှူကိုလာတဲ့ (အသက် ၁၃ နှစ်အရွယ်) ဒီအိမ်ရှင်ရဲ့ တူမလေးက အခန်းထဲဝင်လာပြီး ကိုယ်ဘေးနားကို ရောက်လာပါတော့တယ်။ ကလေးတွေကလည်း ကိုယ်နဲ့ဆို အတော်ဓာတ်တည့်ကြပါတယ်။

 တော်တော်လည်း ခင်ကြတယ်။ (ဒီက ကလေးတွေ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ်။ တချို့ဆို ကိုယ့်ထက်တောင် သာသေး..) အခုလည်း ကိုယ့်အနားကိုကပ်လာတဲ့ ကလေးမလေးကလည်း ကိုယ်ဘာစာတွေ ဖတ်နေတယ်ဆို တာ စပ်စုချင်လို့လေ၊ သူက ကိုယ့်ဘေးနားကနေ စာရွက်ထိပ်က ခေါင်းစဉ်တစ်ခုကိုကြည့်ပြီး Mahasanghika Sect (မဟာသံဃိကဂိုဏ်း) ဆိုပြီး အသံထွက်ဖတ်လိုက်တယ်။

ဒါနဲ့ ကိုယ်က လက်ထဲကဖိုင်ကိုပိတ်ပြီး သူ့ကို နောက်ချင်တာနဲ့ အဲဒါဘာလဲ .. သိလားဟင်လို့ မေးလိုက်ပါတယ်။ ကလေးမလေးကလည်း ချက်ချင်းပဲ သိတာပေါ့လို့ပြန်ဖြေတယ်။ ဒါဆိုရင် နည်းနည်းလောက်ပြောပြပါလားလို့ဆိုတော့ ကလေးမလေးကလည်း အဲဒီဂိုဏ်း နဲ့ပတ်သက်တဲ့ အဓိကအကြောင်းအရာတချို့ကို တခါတည်းတတွတ်တွတ်နဲ့ ကိုယ့်ကိုပြောပြပါလေတော့တယ်။

ဒီလိုပြန်ကြားရလိမ့်မယ်လို့ လုံးဝမထင်ထားပါဘူး။ အမှန်တကယ်တော့ အဲဒီကလေးမလေးကို နောက်လိုက်တာပါ။ ဒီဂိုဏ်းအကြောင်း သူဒီလောက်အထိ သိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

ကိုယ်ဆိုရင်လေ သူ့အသက်အရွယ်လောက်တုန်းက မဟာသံဃိကဂိုဏ်းအကြောင်းမပြောနဲ့ အဲဒီနာမည်ကို ကြားတောင် မကြားခဲ့ဖူးဘူး။ မဟာယာန ဆိုတာကိုတောင် ဖားအောက်တောရရောက်တော့မှ စပြီးကြားဖူးတာ။ အော် ... ဒီလိုလည်းရှိပါလားပေါ့။

 ဒါတောင် အဲဒီတုန်းက မဟာယာနဂိုဏ်းအကြောင်း သေချာမသိခဲ့ဘူး။ (ကိုယ်ကတော့ အဲဒီလောက်ထိကို ညံ့ခဲ့တာပါ။ အင်း ... ခုနေများ ကိုယ်တို့နိုင်ငံက သူ့အရွယ်ကလေးတွေကို အဲဒီလိုမေးကြည့်ရင် ဘယ်လိုဖြေကြမလဲမသိဘူး…)

အခု ကိုယ့်ရှေ့က ကလေးမလေးက မြို့ကြီးတွေ ကျောင်းကောင်းကောင်းကြီးတွေမှာ နေခဲ့ ရသူတဦးလည်း မဟုတ်ပါဘူး။ ကန္ဒီအလွန် ရွာမြို့လေးတစ်ခုကနေ ကြီးပြင်းလာတဲ့ သာမန်အရပ်သူလေးတစ်ဦးပါ။ ဒါနဲ့ကိုယ်ကလည်း သူ့ကို ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာတွေကို သိနေရတာလဲလို့ မေးလိုက်တော့ .. ကလေးမလေးက “Sunday School မှာသင်ပေးတာလေ” ဆိုပြီး ပြန်ဖြေပါတယ်။

 အဲဒီစကားကတော့ ကိုယ့်ရင်ဘတ်ထဲကို တည့်တည့်ကြီး ၀င်သွားသလိုပါပဲ။ ကြည့်ပါဦးလေ ... ဒီလိုသာမန်ကလေးတယောက်ရဲ့ အသိဉာဏ်ထဲကို ဘာသာ ရေးဗဟုသုတတွေ စွဲနေအောင် အများကြီး ထည့်သွင်းပေးနိုင်တဲ့ သူတို့ရွာကျောင်း Sunday School က ဘုန်း တော်ကြီးတွေရဲ့ အရည်အချင်းတွေကို အလွန်လေးစားမိပါတယ်။ ဒီကလေးတွေအတွက် သူတို့ရပ်ရွာက ဘုန်းကြီးတွေ အလွန်တာဝန်ကျေကြတယ်လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားရလိုက်ရတယ်။

မွန်းလွဲ ၂ နာရီကျော်လောက်မှာတော့ ကိုယ်တို့လည်း အဲဒီခြံကြီးကနေ ကိုလံဘိုကို ပြန်လာခဲ့ပါတယ်။ ခြံထဲက မထွက်မီ ကားပေါ်မတက်ခင်လေးမှာတော့ အိမ်ရှင်သမီးလေးက ခြံထဲကပန်းတွေခူးပြီး ပန်းလေးတွေနဲ့ နှုတ်ဆက်ကန်တော့ပါတယ်။

အပြန်လမ်းမှာတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းလေးတွေကိုငေးရင်း နေ့ခင်းကတွေ့ခဲ့တဲ့ စကားပြောခဲ့တဲ့ ပန်းလေးတွေအကြောင်း သတိရနေမိတယ်။ ဒီကပန်းလေးတွေကတော့ လောကကြီးအတွက် အလှဆုံးဖူးပွင့်ကြဖို့ တာစူနေကြပါပြီ။ ကိုယ်တို့နိုင်ငံက ပန်းကလေးတွေကရော …။

 “နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ မျိုးဆက်သစ်တွေလက်ထဲမှာ ရှိနေပါတယ်” ဆိုတဲ့စကားကို စာအုပ်တွေထဲ မှာ မကြာခဏ ဖတ်ခဲ့ရဖူးပါတယ်။ မျိုးဆက်သစ်ပန်းပွင့်လေးတွေ ခွန်အားအပြည့်နဲ့ လန်းဆန်းမှုအပြည့်နဲ့ ဖူးပွင့်နေတာတွေ့ရရင် တကယ်ကြည်နူးရတယ်။

တခါတုန်းကတော့ နယ်က ကလေးမလေးတယောက် သူ့မိသားစုနဲ့အတူ ကိုလံဘိုကိုလာရင်း ကိုယ့်ဆီ အလည် ၀င်လာပါတယ်။ သူလည်း အသက် ၁၃ နှစ်လောက်ရှိပါပြီ။ (ဒီနိုင်ငံက ကိုယ်ရင်းနှီးတဲ့ ကလေးတွေ ၁၀ယောက် ကျော်ကျော်လောက်ထဲမှာ အသက် ၁၃ နှစ်အရွယ်က ၄ ယောက်ပါတယ်။) ဖြစ်ချင်တော့ အဲဒီကောင်မလေး ကိုယ့်ဆီလာလည်တဲ့အချိန်ကလည်း အမေရိကန်သမ္မတလောင်း Barack Obama ရဲ့ ဓာတ်ပုံတွေက သတင်းစာတွေ၊ ဂျာနယ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပလူပျံနေတဲ့အချိန်ပေါ့။

အဲဒါတွေကိုတွေ့တော့ ကလေးမလေးက ကိုယ့်ကိုဘာပြောသလဲဆိုတော့ သူက “ Obamaကို မကြိုက်ဘူး ” တဲ့။ Obama ကို ထောက်ခံသံ တွေ ကျွက်ကျွက်ညံနေတဲ့အချိန်မှာ ဒီကလေးမလေးက မကြိုက်ဘူးလို့ ပြောလိုက်တော့ ကိုယ့်မှာ စိတ်ထဲဇဝေဇ၀ါဖြစ်သွားတယ်။

 ဒါနဲ့ ဘာဖြစ်လို့မကြိုက်တာလဲလို့ သူ့ကိုမေးတော့ သူက “ Hillary Clinton ကို ပိုကြိုက်လို့ပေါ့” တဲ့။ ပြီးတော့ သူက Hillary Clinton စကားပြောတဲ့ ပုံစံကို သူအလွန် သဘောကျကြောင်း ကိုယ့်ကိုပြော ပြပါသေးတယ်။

အဲဒီလို သူပြောနေတဲ့ ပုံစံကလေးကိုကြည့်ပြီး ကိုယ်ကတော့ ပြုံးနေမိတယ်။ ဒါပေမယ့် သူဆက်ပြောတဲ့ စကား တွေကြောင့် ကိုယ့်မှာတော့ အားရပါးရ ရယ်လိုက်မိတယ်။ အဲဒါကတော့ သူက Dr. Kondoliza Rice စကား ပြောဟန်ကို ကြိုက်ပါတယ်တဲ့ ..၊ ဒါပေမယ့် Dr. Rice က နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ခြေထောက်ကို အမြင့်ကြီး ချိတ်ထိုင်တာကိုတော့ သူက မကြိုက်ဘူးတဲ့။ အဲဒီစကားကိုကြားတော့ ကိုယ့်မှာဖြင့် သဘောကျလိုက်တာ။

 စဉ်းစားကြည့်လေ ကလေးမလေးတယောက် (သို့မဟုတ်) လူငယ်လေးတယောက်ဟာ TV အစီအစဉ်တွေထဲက ကြော်ငြာမင်းသမီးတွေကို စိတ်ဝင်စားတာထက် လူထုကို ဦးဆောင်နေတဲ့ ပြဿနာ တွေဖြေရှင်းပေးနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား ...။

 ရုပ်ရှင်ထဲက မင်းသ မီးတွေပြောတဲ့ စကားလုံးတွေထက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေပြောတဲ့ မိန့်ခွန်းတွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား …။ စတိတ်ပေါ်က မော်ဒယ်လ်လေးတွေရဲ့ လှုပ်ရှားပုံကို စိတ်ဝင်စားတာထက် ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေရဲ့ လှုပ်ရှားပြုမူပုံကို စိတ်ဝင်စားတာ ပိုမကောင်းပေဘူးလား။

 ကိုယ့်တူလေး၊ တူမလေး တွေက TV ဇာတ်လမ်းတွဲတွေထဲက မင်းသား၊ မင်းသမီးတွေကို သဘောကျနေချိန်မှာ ကိုယ့်ရှေ့ကကောင်မလေးကတော့ ကမ္ဘာ့ခေါင်းဆောင် အမျိုးသမီးကြီးတွေကို အားကျလို့နေတယ်။

 ဝေတောင် ဝေဖန်လိုက်သေး။ ကိုယ့်မှာတော့ သူတို့နဲ့တွေ့လိုက်ရင် စဉ်းစားစရာတွေက ပေါ်ပေါ်လာတော့တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ... သူ တို့လေးတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာကောင်းခဲ့ပါတယ်။

ဒီနိုင်ငံရဲ့ လူဦးရေ ၆၉% က ဗုဒ္ဓဘာသာဝင်၊ ၁၅% က ဟိန္ဒူဘာသာဝင်၊ ၈% က ခရစ်ယာန်ဘာသာဝင်၊ ၇% က မွတ်စလင်ဘာသာဝင်တွေဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ဒီနိုင်ငံမှာက လပြည့်နေ့တိုင်းကို အစိုးရရုံး ပိတ်ရက်အဖြစ် သတ်မှတ်ထားပေးပြီး အဲဒီနေ့ဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ရိပ်သာတွေမှာ ဥပုသ်သီတင်း စောင့်တည်သူတွေ ပြည့်လို့ပေါ့။ 

ကိုယ်နေတဲ့ ရိပ်သာမှာတော့ ပုံမှန်လပြည့်နေ့ဆိုရင် ဥပုသ်စောင့်တည်သူ ၁၀၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး Wesak Poya Day လို့ခေါ်တဲ့ ကဆုန်လပြည့်နေလိုမျိုးမှာဆိုရင်တော့ ၂၅၀၀ လောက်ရှိတတ်ပါတယ်။

မနက် ၆ နာရီလောက်ကတည်းက ရောက်လာကြပြီး ညနေ ၅ နာရီလောက်မှ ပြန်ကြတာပါ။ တရားပွဲတွေကလည်း ဆက်တိုက်ပါပဲ။ နာမည်ကြီးဆရာတော်တွေကိုလည်း တရားပွဲအတွက် ပင့်ထား လေ့ရှိပါတယ်။ အဓိကကတော့ သီလယူပြီး တရားနာကြပါတယ်။

 အဲဒီသူတွေထဲမှာလည်း ကလေးတွေက အမြဲ ပါလေ့ရှိပါတယ်။ ဧည့်သည်လာတာ အလွန်ရှားတဲ့ ကိုယ့်အခန်းထဲမှာတော့ လပြည့်နေ့တွေဆိုရင် အထူးဧည့်သည်အဖြစ်နဲ့ ကလေးတွေကို တွေ့ရပါလိမ့်မယ်။ တဘက်ကလေးတွေ ပတ်ထားပြီး အထက်အောက် အဖြူ ရောင်ဝတ်စုံလေးတွေနဲ့ပေါ့။

လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ပြောခဲ့ဖူးတဲ့ ကိုယ့်မိတ်ဆွေရဲ့ စကားလေးတခွန်းကို ပြန်ကြားယောင်နေမိတယ် ...

ဗုဒ္ဓဘာသာကို ဘာသာရေးတခုလိုပုံစံမျိုးနဲ့ ကလေးတွေကို သင်ပေးနေလို့ ဘယ်လိုမှမဖြစ်ဘူး။ ဘာသာရပ်တခုလို သင်ပေးရမှာ”လို့ သူအားရပါးရနဲ့ပြောတုန်းက ကိုယ့်မှာတော့ အဲဒီစကားကို အလွန်သဘောကျ ပြီး အပြည့်အ၀ထောက်ခံခဲ့ဖူးတယ်။ အခု ဒီနိုင်ငံကိုရောက်ပြီး ဒီကသင်ကြားရေးစနစ် အခြေအနေတွေကို တွေ့ လိုက်ရတော့မှ ကိုယ့်ကိုယ်ကိုလည်း အတော်ရှက်မိပါရဲ့။ 

ကိုယ်တို့မှာတော့ ထောက်ခံလို့ကောင်းတုန်း၊ ဆွေး နွေးလို့ကောင်းတုန်းဖြစ်နေတဲ့ အကြောင်းအရာကို ဒီနိုင်ငံက ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ လောက်ကတည်းက လက်တွေ့လုပ်ပြ ခဲ့ကြတာပါ။

 ကိုယ်ကတော့ အဲဒီပုဂ္ဂိုလ် တွေကို ဦးညွှတ်ရင်း စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားလေးတခွန်းကို ကြားယောင်နေမိတယ် ... “လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက် တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ

ဒေါ်ကေတုမာလာ
(ကမ္ဘာအေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းအတွက် အမှတ်တရ ...)

ကျမ်းကိုး -
၁။ “Buddhism in Sri Lanka a Short History” By H.R. Perera
၂။ “Educating Buddhist Children in Sri Lanka” Ven. R. Gnanaseeha
၃။ http:// www.localhistories.org/

srilanka.html
၎။ http:// www.law.emory.edu/ifl/legal/ srilanka.html
၅။ http:// www.wbf.net.cn/english/BuddhistStudies/844.html

1 comments:

Teresa Lwin December 3, 2012 at 7:21 AM  

Ashin Phayar, Thank u for inviting me to your page.
I just picked this article first because I want Dhamma Schools to be well established in our country. I am not good reader to comment your writing. I will visit frequently here and try to leave my comments later on. (Sorry that I cannot type Myanmar at all)

with regards,
Teresa Kyaw Lwin

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP