Sunday, December 26, 2010

လမ်းလျှောက် တရားရှုမှတ်ပုံ၊၊ ၊၊





အရှင် “အလင်း စက်”ဆိုက်တွင် အာနာပါနသတိနှင့်စပ်၍ စာတမ်းနှစ်ခုကို တင်ပြခဲ့ပါသည်၊ (၁) သတိပဋ္ဌာန်မိတ်ဆက်၊ (၂) အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံတို့ ဖြစ်ပါသည်၊၊ စာဖတ်သူများထံမှ အားပေးစကားများကို ကြားသိရသည့်အတွက် အရှင် ကျေနပ်မိပါသည်၊၊ စာဖတ်သူများကိုလည်း အထူး လေးစားမိပါသည်၊၊ ယ္ခုတခါ လိုနေသေးသည့် လမ်းလျှောက်၍ တရားရှုမှတ်ပုံကို စာဖတ်သူသို့ တင်ပြလိုက်ပါ သည်၊၊ စာဖတ်သူများ လိုအပ်သည့်အခါ ဆရာလွတ်အားထုတ်နိုင်စေရန် ရည်ရွယ်၍ တင်ပြခဲ့ခြင်းများ ဖြစ်ပါ သည်၊၊ အရှင် အထက်ပါစာကြောင်းတွင် “လိုအပ်သည့်အခါ”ဆိုသည့် စကားလုံးကို သုံးလိုက်သည်ကို စာဖတ် သူ သတိပြုမိမည်ထင်ပါသည်၊၊ မှန်ပါသည်၊၊

လူတို့သည် တရားနှင့်ပျော်သည်ထက် အဆင်သင့်သလို ပျော်ပျော်ပါးပါးနေသည်က များသည်၊၊ အပျော်များချည်း သက်သက်သီးသန့် ခံစားခွင့်ရသည့်နေရာမှာ လူတို့နေရာမဟုက်ပေ၊ လူသားတို့၏နေရာ ဤကပ္ပါတွင် အပျော်ရော အပျင်းရော၊ သုခရော ဒုက္ခရော၊ အချစ်ရော အမုန်းရော၊ နှစ်သက်စရာရော မနှစ်မြို့စရာရော၊ ရောပေါင်းများစွာ စုပြုံနေသည့်နေရာ ဖြစ်သည်၊၊ တခါတရံလူတို့အတွက် ရွှေငွေများစုပုံ ရှိနေ လျှက်ပင် အားကိုးရာမရှိ ဖြစ်နေတတ်သည်၊၊ ရှိနေသည့် ပိုင်ဆိုင်မှုများက ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်သည့် အခြေနေများစွာကို လူတိုင်းကြုံဘူးကြရပေမည်၊ ထိုအခါမျိုးတွင် ဘာသာရေး တခုခု၏ အဆုံးအမများ ကျင့်စဉ်များက အံ့သြဖွယ်ရာ ကိုယ့်အတွက်အားကိုးဖွယ်ရာ ဖြစ်နေတတ်သည်၊၊

အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်မှုသည် ဗုဒ္ဓ၏ဟောကြားချက်ဖြစ်သော်လည်း ဘာသာမရွေး၊ လူမျိုးမရွေး ကျင့်ကြံအားထုတ်ပြီး၊ အကျိုးကျေးဇူးကို ခံစားနိုင်သော ပညာရပ်တခုဖြစ်သည်၊၊ ဘ၀အားကိုးရာ မဲ့နေသော လူတို့အတွက် အရှင် ကြိုးစားပြီး ဤစာတမ်းသုံးခုကို တင်ပြပေးပါသည်၊၊
…………………………………………………………..

အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရာတွင် ဣရိယာပုထ်(၄)မျိုးဖြင့် ရှုမှတ်နိုင်ပါသည်၊၊ ဣရိယာပုထ် (၄)မျိုးဆိုတာ--
(၁) သွားလျှက် အားထုတ်ရှုမှတ်မှု၊
(၂) ရပ်လျှက် အားထုတ်ရှုမှတ်မှု၊
(၃) ထိုင်လျှက် အားထုတ်ရှုမှတ်မှု၊
(၄) လျောင်းလျှက် အားထုတ်ရှုမှတ်မှုတို့ ဖြစ်ပါသည်၊၊

ရပ်လျှက် အားထုတ်ရှုမှတ်ပုံနှင့် လျောင်းလျှက် ရှုမှတ်ပုံများမှာ ထိုင်လျှက်အားထုတ် ရှုမှတ်ပုံနှင့် များစွာ မကွာခြားပါ၊၊ နည်းတူ အားထုတ်နိုင်ပါသည်၊၊ သွားလျှက်(လမ်းလျှေက်) အားထုတ်ရှုမှတ်ပုံမှာကား ထိုင်လျှက် အားထုတ် ရှုမှတ်ပုံနှင့် များစွာကွာခြားပါသည်၊၊ သွားလျှက် အာနာပါနသတိရှုမှတ်ပုံကို စင်္ကြံကမ္မဋ္ဌာန်းဟုလည်း ခေါ်ကြပါသည်၊၊

စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ရာတွင် အဆင့်လေးဆင့်ရှိပါသည်၊ အဆင့်လေးဆင့်ကို စနစ်တကျအားထုတ် ရှုမှတ်မည်ဆိုလျင် သတိအား အမြန်ဆုံးကောင်းလာတတ်ပြီး၊ တရားအားထုတ်ရသည်ကိုလည်း ပျော်လာတတ် ပါသည်၊၊ ထိုင်လျှက်အားထုတ်ခြင်းသည် အချိန်ကြာလာသောအခါ ဝေဒနာဖိစီးလွန်းပြီး ငြီးငွေ့လာတတ်သည်ဟု အတွေ့အကြုံများစွာရှိသည့် ဆရာတော်တပါး မိန့်ဘူးသည်ကို သတိရမိပါသည်၊၊

ထို့ကြောင့် အာနာပါနသတိ=ထွက်လေ+၀င်လေကို အားထုတ်သောအခါ ထိုင်၍အားထုတ် ရှုမှတ်နည်း တမျိုး တည်းကိုမပြုဘဲ စင်္ကြံကမ္မဋ္ဌာန်းနှင့်တွဲပြီး၊ ထိုင်၍ နာရီဝတ်၊ လမ်းလျှောက်၍ နာရီဝက်စသည်အားဖြင့် အားထုတ် ရှုမှတ်မည်ဆိုလျင် ပို၍အကျိုးသက်ရောက်မည် ဖြစ်ပါသည်၊ ခန္ဓာကိုယ်ပင်ပမ်းမှုလည်း များစွာသက်သာမည် ဖြစ်ပါသည်၊၊

လမ်းလျှောက်၍ မှတ်ပုံအဆင့်(၄)မျိုး--
(၁) လှမ်းတယ်၊
(၂) လှမ်းတယ်၊ ချတယ်၊
(၃) မတယ်၊ ရွှေ့တယ်၊ ချတယ်၊
(၄) မတယ်၊ ကြွတယ်၊ ချတယ်၊ ထိတယ်၊

စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်မည့်သူသည် ခြေအလှမ်းနှစ်ဆယ်ခန့် လျှောက်လှမ်းစာမျှ မြေနေရာတခုကို ရွေးချယ်ရပါ မည်၊ ညီညာသည့် မြေနေရာဖြစ်လျင် ပိုကောင်းပါသည်၊၊ မတ်တတ်ရပ်သောအခါတွင်လည်း ခန္ဓာကိုယ်ကို တည့်မတ်အောင် ရပ်ရပါမည်၊ စိတ်ကိုခြေဖမိုးပေါ်တွင် ထားရပါမည်၊၊ ပထမဆုံးစလှန်းသည့် ခြေလှမ်းကို ညာဘက်က စလှမ်းသည်ဖြစ်လျင် “ညာလှမ်းတယ်”၊ ဘယ်ဘက်ကစလှမ်းသည်ဖြစ်လျင် “ဘယ်လှမ်းတယ်” ဟုမှတ် ရမည် ဖြစ်ပါသည်၊၊ မိမိစတင်၍ ခြေလှမ်းသည့်ဘက်မှစတင်ပြီး “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊” “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟု မှတ်သည်ကို စင်္ကြံကမ္မဋ္ဌာန်းပထမအဆင့် မှတ်နည်းဟု ခေါ်ပါသည်၊၊ တရားအမှတ်ဖြင့် ခြေလှမ်းသောအခါတွင် သာမာန်မနှေးလွန်း၊ မမြန်လွန်းသောခြေလှမ်းဖြင့် သတိမှတ်သင့် ပါသည်၊၊

စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်သောအခါတွင်လည်း ထိုင်လျှက်ရှုမှတ်စဉ်ကကဲ့သို့ပင် နာကျင်မှုအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး၊ ဝေဒနာအမျိုးမျိုးနှင့် အာရုံအမျိုးမျိုးတို့ ၀င်ရောက်လာမည်ဖြစ်ပါသည်၊၊ စိတ်အပြင်သို့လွင့်ခြင်းများ၊ အတိတ်က အဖြစ်အပျက်များကို ပြန်လည်သတိရနေခြင်းများလည်း ဖြစ်ပေါ်လာမည်ပင် ဖြစ်ပါသည်၊၊ ဖြစ်ပေါ်လာသမျှကို သတိမလွတ်ဘဲ မှတ်နေရမည်ဖြစ်ပါသည်၊၊ ပေါ်လာသမျှကို မှတ်နေရင်းက ထိုအဖြစ်အပျက်များနှင့် အာရုံများ အလိုလို ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ ရပ်တန့်သွားသောအခါ မူလရှုမှတ်နေသည့် ခြေလှမ်းမှု “ဘယ်လှမ်း တယ်၊ ညာလှမ်းတယ်”ကို ပြန်လည် ရှုမှတ် ရမည်ဖြစ်ပါသည်၊၊

“ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟုဆိုသော ပထမဆင့်ကို ရှုမှတ်သဖြင့် သတိခိုင်လာပြီ၊ ခြေလှမ်းတိုင်းကို သတိကပ်လာပြီဆိုလျင် “ခြေတစ်လှမ်း ကုဋေတသန်း”ဆိုသကဲ့သို့ ပထမဆင့်ကို အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ ဤပထမအဆင့်သည် မှတ်ရလွယ်ကူလွန်း၍ တရားမှတ်တာ ဒီလောက်လွယ်ရသလားဟုပင် မေးသူများ ရှိပါသည်၊၊ လွယ်သည်ဟု ထင်ရပေသည့် ကိုယ့်ခြေလှမ်းကို သတိထားသူအလွန်နည်းလွန်းသောကြောင့် တသက်တာ ခလုတ်တိုက်ပြီး ခြေမကွဲဘူးသူ မရှိသလောက်ရှားလှသည်၊၊ ငယ်စဉ်ကတည်းကသာ သတိပဋ္ဌာန်ဗဟုသုတရှိသူဖြစ်ပါက လူတိုင်းသတိကောင်းပြီး၊ ပညာရေးဘက်တွင်လည်း တော်သူချည်းဖြစ် မည်မှာ မလွဲပါချေ၊၊

စင်္ကြံကမ္မဋ္ဌာန်း ပထမအဆင့်ကို အောင်မြင်ပြီး ခြေလှမ်းတိုင်းကို သတိခိုင်မာလာပြီးသူသည် ဒုတိယအဆင့်သို့ တဆင့်တက်ပြီး ရှုမှတ်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ဒုတိယအဆင့်တွင် ခြေလှမ်းရာတွင် ခြေလှမ်းမှုနှင့် ခြေ မြေသို့ချမှုကို မှတ်ရမည်ဖြစ်ပါသည်၊၊ ခြေထောက်စလှမ်းသည်ကို ‘လှမ်းတယ်’ဟု မှတ်ရပါမည်၊ မြေသို့ခြေချလိုက် သည်ကို ‘ချတယ်’ဟု မှတ်ရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းတိုင်းကို မှတ်နေရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် အဆင့်နှစ်မျိုးဖြစ်နေသည်ကို ရှုမှတ်သူအနေဖြင့် သိရမည်ဖြစ်ပါသည်၊၊ လှမ်းတယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊

ဒုတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် တတိယအဆင့်သို့ တဆင့်တက်ပြီး အားထုတ်ရှုမှတ်ရမည် ဖြစ်ပါသည်၊ တတိယအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန်အတွက် ခြေထောက်မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’၊ ခြေမြေသို့ချလိုက်သည်ကို ‘ချတယ်’ဟု သုံးဆင့် မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်း၏ အမူအရာသုံးမျိုးကို မှတ်သားနေရ သည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊

တတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် စတုတ္ထအဆင့်ကို နောက်ဆုံးအဆင့်အဖြစ် တဆင့်တက်ပြီး အားထုတ် ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ စတုတ္ထအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန် ခြေထောက်ကို မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေထောက်ရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’ဟု မှတ်ရပါသည်၊ မြေသို့ ခြေထောက် ချလိုက်သည်ကို ‘ချတယ်’ ဟု မှတ်ရပါသည်၊ မြေနှင့် ခြေဖ၀ါးတို့ထိသည်ကို ‘ထိတယ်’ဟု အဆင့်လေးဆင့်ခွဲပြီး မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူအနေဖြင့် ခြေလှန်း၏ အမူအရာ လေးမျိုးကို သတိကပ်ပြီး ရှုမှတ်နေရသည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ ချတယ်+ထိ တယ်၊ ဟုအဆင့်လေးမျိုး ဖြစ်ပါသည်၊၊

လမ်းလျှောက်ကမ္မဌာန်းတွင်လည်း အမှတ်သတိနှင့် သမာဓိတို့ အားကောင်းလာသောအခါ၊ နိမိတ်သုံးမျိုးနှင့်၊ အသိဉာဏ်အမျိုးမျိုးတို့ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ လိုအပ်သည့်အဆင့်တွင် ၀ိပဿနာသို့ကူးရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့ကူးသောအခါ ခြေလှမ်းသောအခါ လှမ်းသောအမူအရာများသည် ရုပ်ဖြစ်သည်၊ အမှတ်သတိများ သည် နာမ်ဖြစ်သည်ဟု ခြေလှမ်းတိုင်းကို ရုပ်+နာမ်ကွဲအောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းအမူအရာ များကို ရုပ်+နာမ်ကွဲပြီဆိုလျင်၊ ရုပ်သည်လည်း မမြဲ၊ ဆင်းရဲမှု၊ အစိုးမရမှုသက်သက်မျှသာ ဖြစ်သည်ဟု လက္ခဏာရေး သုံးမျိုးထင်အောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ နာမ်သည်လည်း မမြဲ၊ ဆင်းရဲ၊ အစိုးမရသက်သက် မျှသာ ဖြစ်သည်ဟု လက္ခဏာရေးသုံးပါး ထင်အောင်ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်၊၊

ဤကဲ့သို့ရှုမှတ်ခြင်းဖြင့် အကျိုး+အကြောင်းဆပ်စပ်ပုံများ၊ ရုပ်+နာမ်တို့သည် အကြောင်းတခုခုကြောင့် အကျိုး အဖြစ် ဖြစ်ပေါ်လာနေပုံများကို သဘောပေါက်လာမည် ဖြစ်ပါသည်၊၊ ရုပ်သည် ရုပ်၏သက်တမ်းရှိသမျှသာ ရပ် တည်ပြီး ပျက်စီးသွားရပုံ၊ နာမ်သည်လည်း နာမ်သက်ရှိသမျှသာ ရပ်တည် အသက်ရှည်ပြီး ပျက်စီးပုံများကို ၀ိပဿနာအမြင်ဖြင့် သဘောပေါက်လာသောအခါ ရုပ်ကိုစွဲလန်းမှု၊ နာမ်ကိုစွဲလန်းမှုများလျော့ပါးလာမည် ဖြစ်ပါသည်၊၊ လူနှင့်အခြားသက်ရှိအရာများ၊ သက်မဲ့ အရာဝတ္ထုများအားလုံးသည် ရုပ်နာမ်နှစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားသည်ဖြစ်ရကား၊ ရုပ်နှင့်နာမ်ကို စွဲလန်းမှု နဲလာသောအခါ၊ လုံးဝမစွဲလန်းတော့သောအခါတွင် အခြား ကိလေသာစိတ်များပါ ကုန်ခမ်းသွားမည် ဖြစ်ပါသည်၊၊

ဤအဆင့်များသည် နေ့ခြင်းညခြင်းရောက်နိုင်သောအဆင့်များကား မဟုက်ပါ၊၊ ပါရမီပြည့်ဝသူဖြစ်က လွယ် လွယ်ပင် ရရှိတတ်ပြီး၊ ပါရမီနည်းသူများဖြစ်ပါက သက်တမ်းနှင့်ချီပြီးကြိုးစားရတတ်ပါသည်၊၊ မှတ်သားသင့် သည်မှာ ဤအဆင့်များအထိမရောက်သည့်တိုင် အာနာပါနသတိနှင့် ၀ိပဿနာ၏အကျိုးသည် လက်ရှိဘ၀တွင် ရသည်များ ရှိပါသည်၊၊ ထိုအကျိုးများမှာ စိတ်ဖိစီးမှုမရှိခြင်း၊ ပူပင်မှုများလျော့ကျခြင်း၊ စိတ်သက်သာကြည်လင် ခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ စီးပွားရေးလုပ်ရာတွင် အတွေးကောင်း များရခြင်း၊ စသည်တို့ဖြစ်ပါသည်၊၊

အရှင် လမ်းလျှောက်၍ တရားရှုမှတ်ပုံကိုတင်ပြခဲ့သည်မှာ ဤတွင်အခြေခံအဆင့် ပြည့်စုံပြီဟု ယူဆပါသည်၊၊ ဆက်လက်လေ့လာပြီး ကြိုးစား အားထုတ်ရန်ဖြစ်ပါသည်၊၊ တရားအားထုတ်သဖြင့် ဉာဏ်ထူးများကို ရရှိပြီး၊ မဂ်အဆင့် ဖိုလ်အဆင့် ရသွားကြသော သူတော်စဉ်တို့သည် ထိုင်လျှက်တရားမှတ်ရင်း ရသွားကြသူများရှိသလို ရပ်လျှက်၊ သွားလျှက်၊ လျောင်းလျှက်တရားထူး ရရှိသွားသူများလည်း ရှိပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိသမာဓိအရဆုံးပုံစံဖြင့် တရားအားထုတ် ရှုမှတ်ရန်ဖြစ်ပါသ်ည၊၊

သမာဓိရသည်ဆိုသည်မှာ စိတ်ငြိမ်သက်သည်ကို ဆိုလိုပါသည်၊၊ သမာဓိမရသည့်ပုံစံဖြင့် ဇွတ်အားထုတ်နေ ပြန်လျင်လည်း တရားမတက်ဘဲဖြစ်နေတတ်ပါသည်၊၊ ထို့ကြောင့် မိမိ ရှုမှတ်၍အကောင်းဆုံးပုံစံဖြင့် အာနာပါန သတိကို ရှုမှတ်ကြရန်ဖြစ်ပါသည်၊၊ “အလင်း စက်”စာဖတ်သူများ အာနာပါနသတိကို ရှုမှတ်သဖြင့် လောကီဘ၀ ငြိမ်းချမ်း သာယာပြီး၊ လောကုတ္တရာသုခဖြစ်သည့် ဈာန်ချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ရကြပါစေ………..၊၊ ၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၆.၁၂.၂၀၁၀)



(မှတ်ချက်/ ဤစာတမ်းငယ်ကို ဆရာတော် ဦးသီလာနန္ဒ၏ “The Benefits of Walking Meditation” စာအုပ်နှင့် အရှင်ကိုယ်တိုင် အားထုတ်ခဲ့သည့် အတွေ့အကြုံများကို ကိုးကားပြီး ရေးပါသည်၊၊)

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP