Sunday, June 24, 2012

“ပရဟိတ”လေ့လာချက်၊၊ ၊၊




ယနေ့ခေတ်တွင်“ပရဟိတ”ဟူသောစကားလုံးဝေါဟာရကို နေရာများစွာတွင်အသုံးပြုနေကြသည်ကို တွေ့ရ သည်၊၊ မည်သို့သောလုပ်ငန်းမျိုးသည် ပရဟိတအစစ်အမှန်ဖြစ်သည်နှင့်၊ ပရဟိတဝေါဟာရ၏မူလရင်းမြစ်အ ဓိပ္ပါယ်ကို စာဖတ်သူသို့တင်ပြဆွေးနွေးလိုက်ရပါသည်၊၊

မြန်မာစာပေနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုအခြေပြုထားသည့်အတွက် ဗုဒ္ဓဘာသာ၏မူလစာပေဖြစ်သည့် ပါဠိစာပေမှဝေါဟာရစကားလုံးများစွာကို နေ့စဉ်ဘ၀လုပ်ငန်းစဉ်များတွင်အသုံးပြုထားသည်ကို တွေ့ရနိုင်ပါ သည်၊၊

“ပရဟိတ”ဟူသောဝေါဟာရသည် မူလအားဖြင့် ပါဠိစာပေဝေါဟာရတစ်ခုဖြစ်သည်၊၊ သို့သော် ဗုဒ္ဓဘာသာဝင် တို့သည် မြန်မာဝေါဟာရကိုထက် ပါဠိစကားလုံးကိုပို၍နှစ်သက်စွာအသုံးပြုခဲ့ကြရာမှ“ပရဟိတ”ဟုကြားလိုက် လျင် ‘အများအကျိုးပြုလုပ်ငန်း’ဟူ၍ ကလေးသူငယ်များအထိပင် နားလည်သဘောပေါက်လာခဲ့ကြသည်၊၊

ပါဠိဝေါဟာရစကားလုံးများကို မြန်မာတို့ကသာအလေးအနက်တန်ဖိုးထားပြီး နေ့စဉ်သုံးစကားများတွင်ထည့် သွင်း၍ပြောဆိုကြသည်ဟု အထင်ရှိခဲ့ဖူးသည်၊၊ သီရိလင်္ကာနိုင်ငံသို့ရောက်သောအခါတွင်မှ မြန်မာတို့ထက်သီရိ လင်္ကာလူမျိုးတို့က ပါဠိစာပေဝေါဟာရများကိုပိုမို၍နှစ်သစ်ပြီး၊ အလေးအနက်ထား အသုံးပြုသည်ကို သတိပြု မိတော့သည်၊၊

သို့သော် သီရိလင်္ကာလူမျိုးတို့သည် ပါဠိဝေါဟာရများကိုအသုံးပြုရာတွင် မြန်မာတို့ကဲ့သို့စကားလုံးတိုက်ရိုက်အ သုံးမပြုဘဲ ဒေသအသံထွက်များနှင့်ရောနှောပြီး အသုံးပြုကြလေသည်၊၊ ဥပမာ-မြန်မာတို့သည် တစ်စုံတစ် ခုသောအကြောင်းကြောင့် အဆင်မပြေဖြစ်လျင်“ဒုက္ခ,ဒုက္ခ”ဟုဆိုကြသည်၊၊ သီရိလင်္ကာတို့ကမူ“ဒုက္ခိုက်, ဒုက္ခိုက်”ဟု ဆိုကြလေသည်၊၊

ပါဠိစကားလုံးဝေါဟာရအားဖြင့်“တစ်နံပတ်=ဧက”ကို‘ဧကိုက်’၊“နှစ်နံပတ်=ဒွေ”ကို‘ဒေကိုက်’၊“သုံးနံပတ်=တေ” ကို‘တူနိုက်’စသည်အားဖြင့် ဂဏန်းဝေါဟာရများတွင်လည်း ပါဠိဝေါဟာရကိုပင် ဒေသသံရောလျက်အသုံးပြု ကြလေသည်၊၊

ထို့ပြင် ထမင်းစားသည်ကို ပါဠိဝေါဟာရအားဖြင့် ‘ခါဒတိ’ဟုခေါ်သည်ကို သီရိလင်္ကာတို့သည်ထမင်းစား ရန်ပြောသောအခါ‘ခါန၀’ဟု၎င်း၊ ရေသောက်သည်ကို‘ဘောန၀’ဟု၎င်း၊ အိပ်သည်ကို‘နိတိ’ဟု၎င်း၊ သွား သည်ကို‘ယာန၀’၊ လာသည်ကို‘ဧန၀’ဟု၎င်း၊ ပါဠိစကားလုံးများကိုချည်းအသုံးပြုထားကြသည်ကို လေ့လာရ သည်၊၊ 

လူနာမည်များကိုလည်း ပါဠိလိုအမည်မှည့်ခေါ်ကြသည်ကို တွေ့ရသည်၊၊ မြန်မာတို့သည် ပါဠိစကားလုံးဆိုလျင် ဘုရားစကားတော်များဖြစ်သည်ဟု တချို့ဝေါဟာရများကို မသုံးရဲကြပေ၊၊ သီရိလင်္ကာတို့ကမူ ပါဠိစကားလုံးတိုင်း ကိုရဲရဲဝံ့ဝံ့ အသုံးပြုကြလေသည်၊၊

သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတွင်ကပ်နေသည့် အရက်သမားကပ္ပိယကြီး၏ အမည်သည်“တဏှ င်္ကရ”ဟူ၍မှည့်ထားပါသည်၊၊ မြန်မာစာသင်သားသံဃာတော်တို့ ဘုရားဖူးနှင့်ဟိုဟိုသည်သည်သွားရာတွင် အသုံးပြုငှားရန်းသည့်ကားသမားလေး၏အမည်သည်“ဇနက”ဟူ၍ခေါ်ပါသည်၊၊

အခြား “သိဒ္ဓတ္ထ”ဟူ၍နာမည်မှည့်ထားသူ၊ “ရာဟုလ”အမည်မှည့်ထားသူများကိုလည်းတွေ့ရသည်၊၊ ထိုအမည် များအားလုံးပင် နှစ်ကျိပ်ရှစ်ဆူဘုရားအမည်နှင့် ရဟန္တာသာဝကကြီးများ၏အမည်များဖြစ်ပါသည်၊၊ အမျိုးသ္မီး အမည်များသည်လည်း ပါဠိအမည်များဖြစ်ပါသည်၊၊

သီရိလင်္ကာ ဘာသာဗေဒပညာရှင်တို့၏အဆိုအရ သီရိလင်္ကာ၏နေ့စဉ်သုံးဝေါဟာရစကားလုံးတစ်ရာမှ ရှစ်ဆယ် ရာခိုင်နှုံးသည် ပါဠိသက်ဝေါဟာရများချည်းသာဖြစ်ကြောင်း သိရပါသည်၊၊ ကျန်နှစ်ဆယ်ရာခိုင်နှုံးသည် “တမီးလ်”နှင့်၊ “သက္ကတ”ဝေါဟာရများဖြစ်ကြောင်း လေ့လာသိရှိရပါသည်၊၊

သမိုင်းအထောက်အထားများအရ မြန်မာတို့သည်ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာများအထံမှ ရရှိထားသည် ဖြစ်ရကား သီရိလင်္ကာလူမျိုးတို့၏အတုကိုလိုက်၍ ပါဠိဝေါဟာရစကားလုံးများကိုအလေးထားပြီး၊ အသုံးပြုခဲ့ကြ ဟန်ရှိကြောင်း အကဲခပ်ရပါသည်၊၊

“အလင်းစက်အရှင်”နှင့်ခင်မင်သည့် သီရိလင်္ကာလှပျိုဖြူလေး၏အမည်သည်“အဘယရတနာ”ဟုခေါ်ပါသည်၊၊ ပုဂံရာဇ၀င်အဆိုအရ မြန်မာတို့ချစ်မငြီးသည့်“ကျန်စစ်သားမင်းကြီး”တွင် မိဗုရားအချောအလှလေးယောက် မျှရှိသည်ဟု ဆိုပါသည်၊၊

အကြီးဆုံးမိဗုရားခေါင်ကြီးကို“အပါယ်ရတနာ”ဟုခေါ်ပါသည်၊၊ မြန်မာသမိုင်းပညာရှင်တစ်ဦးမှ“အပါယ်ရတ နာမိဖုရားကြီး”နှင့်ပတ်သက်၍ မြုပ်ကွယ်နေသည့်သမိုင်းအချက်အလက်တစ်ခုကိုဆွေးနွေးထားသည်ကို မဂ္ဂ ဇင်းတစ်စောင်တွင်ဖတ်ရဖူးပါသည်၊၊

အပါယ်ရတနာသည် မြန်မာလူမျိုးမဟုတ်ဘဲ၊ သီရိလင်္ကာနိုင်ငံဟုယ္ခုအခါခေါ်သည့်၊ ရှေးခေတ်အခေါ်“တမ္ဗဒီပ”နိုင်ငံတော်မှ သီရိလင်္ကာတို့အခေါ်အားဖြင့်“ရာမညဘုရင်-ကျင်စွတ်သား”အားဆက်သထားသည့်“တမ္ဗ ဒီပ”လှပျိုဖြူတစ်ပါးသာဖြစ်ကြောင်း၊ အမည်စင်စစ်မှာ “အဘယရတနာ”ဟုခေါ်တွင်ကြောင်း ဆွေးနွေးတင်ပြ ထားပါသည်၊၊

အကြောင်းပြချက်အနေအားဖြင့် အကုသိုလ်များသဖြင့် ကျရောက်ခံစားရမည့်အပါယ်လေးမျိုးကို မည်သူကမှ
“ရတနာ”တပ်၍ ခေါ်ဆိုမည်မဟုတ်ဘဲ၊ “အဘယရတနာ”ဟူသောအမည်ကသာ ခေတ်များစွာပြောင်းလဲပြီး၊ သဒ္ဒဗေဒပိုင်းဆိုင်ရာအသံပြောင်းလဲရာမှ “အဘယ်ရတနာ”(သို့မဟုတ်)“အပါယ်ရတနာ”ဟုခေါ်တွင်ခဲ့ကြ ဟန် ရှိကြောင်း ဆိုပါသည်၊၊

သမိုင်းကြောင်းအရ အနော်ရထာခေတ်တွင် သီရိလင်္ကာတို့သည် မြန်မာတို့အထံမှစစ်ရေးအကူအညီ များစွာကို အကူအညီတောင်းခဲ့ရသောကြောင့်၎င်း၊ ရှေးခေတ်ဘုရင်များသည်သ္မီးဆက်သ၍ အင်အားကြီးသည့်တိုင်းခြား ဘုရင်များကိုမိတ်ဖွဲ့သော အစဉ်အလာရှိခဲ့သောကြောင့်၎င်း ဖြစ်နိုင်ခြေရှိသည်ဟုဆိုပါသည်၊၊

ပါဠိဝေါဟာရများကို နေ့စဉ်သုံးစကားတွင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့အသုံးပြုကြပုံခြင်းတူပုံကို ထင်သာ သည့်အကြောင်းကိုတင်ပြခြင်းဖြစ်ပါသည်၊၊ 

“အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့်“ပရဟိတ”ဟူ၍ပါဠိဝေါဟာရကိုအ သုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာလူမျိုးတို့ယူဆပြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ခေါ်ဆိုလေ့ရှိကြပါ သည်၊၊

“အလင်းစက်ဝက်ဆိုက်”၏ စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊ 

အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြဆွေးနွေး ပါမည်၊၊ “ပရဟိတ”ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့်နှိုင်းယှဉ်၍ လေ့လာရပါ မည်၊၊

အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်းပါဠိ ပုဒ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တဟိတ”ကို မိမိ၏ ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊

(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂလိပ်လိုမှတ် လိုသူများ မှတ်သားနိုင်ပါသည်၊၊)

“ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်နိုင်ကြောင်းလေ့ လာရပါသည်၊၊

ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့်ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူး လိုအပ်ပါသည်၊၊”

သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြထား သည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကို လုပ်သင့်ကြောင်း ဆိုထားပါသည်၊၊

ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကိုမတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့် ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည် ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊

အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုးစားသင့် သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ“အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေ လှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြဿနာများစွာ ဖြစ်ပေါ်ပြီး အဖွဲ့အစည်းရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိပြဿနာကြီးများဖြစ်လေ့ ရှိကြသည်ကို တွေ့ရပါသည်၊၊

ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတပါရမီရှင်များအထဲတွင် ဗုဒ္ဓရှင်တော်သည် စံနမူနာပြုရန် အကောင်းဆုံးပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကိုအကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်းကျိုးစားပြီးမှ အဆုံး စွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊

အထက်ပါဆွေးနွေးတင်ပြချက်နှင့်သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင် လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့်ဆည်း သင့်ကြောင်း မှတ်သားရပါမည်၊၊

မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့်ကြောင်းနှင့်၊ သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူအားကျရလောက်သည့် ဖြောင့်မတ်မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊   
                   
ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေးတင်ပြ ထားသည့်အတိုင်း တွေ့ရပါသည်၊၊

ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတ သုတ်တွင် အကျဉ်းမျှဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အကျယ်ဖွင့်ဆို ထားသည်ကို လေ့လာရပါသည်၊၊

“လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၍၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိတတစ်ခု တည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊ 

အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက် တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊

အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင်စိတ်ဝင်စားသည့် “အလင်းစက်” စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊

မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်း သည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့အချိုးကျဖွဲ့စည်း တည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာသဖြင့် ထမင်းစားသည် ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊

အခြားသောမိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home. ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”

ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ်ဆွဲပြီး လုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်းများအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊

ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများ တွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောကတာဝန်ကျေပွန်သူ၊ လူလိမ္မာဟူ၍ခေါ် ဆိုထိုက်ပါတော့သည်၊၊

ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည်မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက်ကျိုးစား သင့်လှပါသည်၊၊ 

ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ်သင့်သည် ဟုယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါး ဖြင့်အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊

“အလင်းစက်”ရေးသားသမျှစာတမ်းများသည် ပညာရပ်သုတေသနဆန်စွာ ပညာရေးရှုဒေါင့်ဖြင့်ချည်းကပ်တင် ပြသည့်အတွက် ဘာသာရေးနှင့်ဘာသာရေးစာပေများအပေါ်တွင်  ရိုးရာအစွဲရှိသူများအနေဖြင့် ကြမ်းရှသည့်ရေး သားဟန်များအဖြစ် မြင်ရတတ်ပါသည်၊၊

ထို့အပြင် ရေးသားမှုတွင် အမှားပြုပြင်ဖွယ်ရာများနှင့်၊ မူလစာပေ၏အာဘော်နှင့်လွဲချော်သည့်ရေးသားချက် များတွေ့ရှိလျင် အကြံပြုဆွေးနွေးကြဖို့ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်အပ်ပါသည်၊၊ 

“အလင်းစက်”၀က်ဆိုက်တွင် ဗုဒ္ဓစာပေနှင့်အတွေးအခေါ်များကို လေ့လာဖတ်ရှုကြသူများအားလုံးတို့သည် ဗုဒ္ဓစာပေဖြင့်မိမိတို့၏ဘ၀ကို အလင်းပေးနိုင်သူများဖြစ်ကြပြီး၊ ကမ္ဘာ့လူအများကိုလည်း စာပေအလင်း၊ ဘ၀အ လင်းပေးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊        ၊၊



                                                                       အရှင်ကေ၀လ(အလင်းစက်) 
                                                                          {မဟာဝိဇ္ဇာ-သီရိလင်္ကာ} 
                                                                      မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                        ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊



{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊ ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊ အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်တို့ကိုကိုးကားလျက် ဤစာတမ်းကိုရေးသားအပ်ပါသည်၊၊}

2 comments:

phung bella June 25, 2012 at 5:28 AM  

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Teresa Lwin December 3, 2012 at 7:39 AM  

Noted.
Nice post especially for those who want to go for social welfare.
thank u bar phayar.

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP