Monday, February 14, 2011

ဗုဒ္ဓနှင့် ၀ဇ္ဇီစစ်ပွဲ၊၊ ၊၊





ပါဠိစာပေမှာ ဘ၀အတွက် တိုးတက်လိုသူများအတွက် တိုးတက်ကြောင်းကျင့်စဉ်များ၊ မတိုးတက်လို သူများအတွက် ပျက်စီးကြောင်းကျင့်စဉ်များ၊ ဘ၀ကြင်ဖော် ရှာဖွေလိုသူများအတွက် ချစ်သူရည်းစား စကားပြောနည်းများ၊ အိမ်ထောင်တစ်ခုကို တည်ဆောက်နည်းများ၊ အဖွဲ့အစည်းကြီးများကို
ဖွဲ့စည်းတည်ထောင်နည်းများ၊ စီမံခန့်ခွဲ၊ကိုင်တွယ်နည်းများကို လေ့လာရရှိနိုင်သည်၊၊

စာရေး၊ စာဖတ်ဝါသနာပါသူများအတွက် စာရေးနည်း၊ စာဖတ်နည်းများ၊ စစ်ဝါသနာပါသူများအတွက် စစ်တိုက်နည်းများ၊ ဘ၀နှင့်သံသရာကို ငြီးငွေ့သူများအတွက် သံသရာမှလွတ်ရာလွတ်ကြောင်း နည်းလမ်းများ အပြင်၊ တိုင်းပြည်အုပ်ချုပ်ပုံ နည်းလမ်းများ၊ တိုင်းပြည်တစ်ခု၏ တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်း
ကျင့်စဉ်များကို လက်တွေ့ကျကျ လေ့လာသိမြင်နိုင်သည်၊၊

ပါဠိစာပေတွင် ဖော်ပြထားသော Theory and method များကို အသေးစိတ်လေ့လာ၊ သုတေသနပြုပြီး ကျင့်သုံးလိုက်နာမည်ဆိုလျင် အလိုရှိရာပန်းတိုင်များသို့ ရောက်ရှိ၊ ရရှိမှာဖြစ်သည်၊၊ “အလင်း စက်”စာဖတ်သူ များသို့ “တိုးတက်ကြောင်း”ဟု အမည်ပေးထားသည့် “အပရိဟာနိယဓမ္မ”ကို အရှင် တင်ပြလိုက်ပါသည်၊၊

ပါဠိစာပေတွင် အပရိဟာနိယဓမ္မ(ခေါ်) တိုးတက်ကြောင်းတရား စုစုပေါင်း(၄၂)ပါးရှိသည်၊၊ ဤ(၄၂)မျိုးသော အရိဟာနိယဓမ္မများကို မဟာဝဂ္ဂပါဠိတော်တွင် ဗုဒ္ဓရှင်တော် သင်ပြထားပါသည်၊၊ အပရိဟာနိယဓမ္မ(၄၂)မျိုး တွင် ဗုဒ္ဓရှင်တော်သည် ရဟန်းတော်များအတွက် (၃၅)မျိုး ပါဝင်ပြီး၊ တိုင်းပြည်တစ်ခု တိုးတက်ဖို့အတွက် (၇)မျိုး ပါဝင်ပါသည်၊၊

တိုင်းပြည်တိုးတက်ကြောင်း(၇)မျိုးဟု စာပေတွင်တိုက်ရိုက်ဆိုထားသော်လည်း အရှင့်အနေဖြင့် ဘ၀တိုးတက် ကြောင်းဟု ပိုလွန်ပြီးသုံးသပ်မိပါသည်၊၊ မှန်ပါသည်၊ စာဖတ်သူလည်း ယ္ခုတင်ပြမည့် တိုး တက်ကြာင်း(၇)မျိုးကို လေ့လာပြီးလျင် “အပရိဟာနိယဓမ္မ”ခုနှစ်မျိုးသည် နိုင်ငံတစ်ခု တိုးတက်ရေးတွင်မကဘဲ၊ ဘ၀တိုးတက်ကြောင်း အခြေခံလိုအပ်ချက်များဖြစ်သည်ကို သိမြင်သဘောပေါက်လာမည် ဖြစ်ပါသည်၊၊

မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ အစဉ်သဖြင့် တိုးတက်လာစေရန် မရှိမဖြစ်လိုအပ်သည့် အခြေခံ သဘောတရားများကို ဗုဒ္ဓရှင်တော်သည် အခြားသောဟောကြားချက်၊ သင်ပြချက်များထက် ထူးခြားပြီး၊ လိုအပ်ချက်အတွက် ညွန်ပြထားခဲ့ပါသည်၊၊ ဤခုနှစ်မျိုးသော တိုးတက်ကြောင်း အခြေခံလိုအပ်ချက်များကို လိုက်နာကျင့်သုံးနိုင်လျင် မိသားစုတစ်စု၊ တိုင်းပြည့်တစ်ခု၊ အဖွဲ့အစည်းတစ်ခု တိုးတက်မှာဖြစ်ပြီး၊ ဤအခြေခံလိုအပ်ချက်များကို သွေဖီလွဲချော် ကျင့်သုံးမိကြလျင် မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုသည် မြေကြီးလက်ခပ်မလွဲ ပျက်စီးရမှာဖြစ်ပါသည်၊၊

“အပရိဟာနိယ” ကို မဆုတ်ယုတ်ကြောင်း အခြေခံလိုအပ်ချက်ဟု တိုက်ရိုက်ပါဠိစာပေ ဘာသာဗေဒနည်းဖြင့် ဘာသာပြန်ဆိုနိုင်ပါသည်၊၊ အရှင့်အနေဖြင့် တိုးတက်ကြောင်းအခြေခံလိုအပ်ချက်ဟူ၍ အတည့်ဘာသာ ပြန်လိုက်ပါသည်၊၊

ရှင်းလင်းသုံးသပ်ချက်များကို မတင်ပြမှီ အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံကျင့်စဉ်ကို ဗုဒ္ဓရှင်တော် သင်ပြရခြင်း၏ နောက်ခံသမိုင်းကြောင်းကို တင်ပြပါမည်၊ ဗုဒ္ဓခေတ်က အိန္ဒိယတိုက်ကြီးတွင် Statesပေါင်းများစွာရှိသည့်အနက် “မဂဓတိုင်း”နှင့် “၀ဇ္ဇီတိုင်း”တို့သည် အပါအ၀င်ဖြစ်သည်၊၊(၀တ်ဇီ-ဟုဖတ်ရန်)

“မဂဓတိုင်း”ကို “အဇာတသတ်မဟာရာဇာ” အုပ်ချုပ်မင်းပြုပြီး၊ “၀ဇ္ဇီတိုင်း”ကို “၀ဇ္ဇီမင်း”ကပင် အုပ်ချုပ်သည်၊၊ ရှေးခေတ်အိန္ဒိယမြေပုံအရ မဂဓတိုင်းနှင့် ၀ဇ္ဇီတိုင်းတို့သည် အိမ်နီးခြင်းနိုင်ငံနှစ်ခု ဖြစ်သည်၊၊ “တိုင်း”ဟု
ခေါ်သော်လည်း ကိုယ်ပိုင်မင်းများဖြင့် “ဂဏစနစ်”ကို တည်ထောင်ပြီး အုပ်ချုပ်ကြသည့် နိုင်ငံများပင်ဖြစ်သည်၊၊ “ဂဏစနစ်”ကို “ဒီမိုကရေစီစနစ်”ဟုလည်း ဆိုကြပါသည်၊၊

စာပေအထောက်ထားများအရ ၀ဇ္ဇီတိုင်းသည် သာယာပြီး၊ ချမ်းသာ၊ ၀ပြောသည့် နိုင်ငံဖြစ်သည်၊၊ ရေ မြေသဘာဝ အခြေခံကောင်းသောနိုင်ငံလည်း ဖြစ်သည်၊ ရုပ်ရေအဆင်းလည်း အလွန်လှပသော လူမျိုးများ နေထိုင်သည့်နိုင်ငံ ဖြစ်ကြောင်းဆိုပါသည်၊၊ တစ်ခါက မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များအား “ချစ်သားရဟန်းတို့ တာဝတိံသာနတ်ပြည်က နတ်သား နတ်သမီးများကိုမမြင်ဘူးလျင် ၀ဇ္ဇီလူမျိုးများကို ကြည့်ကြကုန်လော”ဟု မိန့်တော်မူဘူးပါသည်၊၊ မြတ်စွာဘုရားပင် ချီးမွှန်းလောက်အောင် ချောမော၊ လှပသောလူမျိုးများ ဖြစ်သည်၊၊

ဤသို့စသည်ကြွယ်ဝမှု၊ ဂုဏ်ရည်တို့နှင့်ပြည့်စုံသောဝဇ္ဇီနိုင်ငံကို အိမ်နီးခြင်းမဂဓနိုင်ငံပြည့်ရှင် အဇာတသတ်မင်း လိုချင်နေသည်မှာ မဆန်းပေ၊ အဇာတသတ်ဘုရင်သည် ၀ဇ္ဇီနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန်အရေးကို ပညာရှိအမတ်ကြီးဖြစ်သည့် “၀ဿကာရ”အား မြတ်စွာဘုရားထံသို့ စေလွှတ်ပြီး အကြံဉာဏ်ရယူစေသည်၊၊

ဝဿကာရအမတ်သည် မြတ်စွာဘုရားရှင်နေတော်မူရာ ဂိဇ္ဈကုတ်တောင်သို့လာရောက်ပြီး၊ မြတ်စွာဘုရားကို အရိုသေပြုအပြီးတွင် သူ၏လာရင်းကိစ္စဖြစ်သည့် ၀ဇ္ဇီနိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ရေးကို ဆွေးနွေးပါသည်၊၊
ထိုအချိန်တွင် မြတ်စွာဘုရား၏အနီးတွင် ညီတော်အာနန္ဒာရဟန်း ရှိနေပါသည်၊၊ မြတ်စွာ ဘုရားရှင်သည် ၀ဿကာရ၏ လျောက်တင်ချက်ကို တစ်စုံတရာဖြေကြားခြင်း မပြုဘဲ၊ အရှင်အာနန္ဒာအား မေးခွန်းခုနှစ်မျိုးကို မေးတော်မူပါသည်၊၊ ဤမေးခွန်း ခုနှစ်မျိုးသည်ပင် “အပရိဟာနိယဓမ္မ” ခုနှစ်မျိုး ဖြစ်ပါ သည်၊၊

(၁) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးပွဲလုပ်ကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးပွဲများ ပြု လုပ်ကြကုန်၏လော၊၊

(၂) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးပွဲများ ပြုလုပ်ကုန်၏လော၊ စည်းဝေးပွဲများပြီးဆုံးသည့် အချိန်တွင် တညီတညွတ်တည်း စည်းဝေးရာစားပွဲမှ ထကုန်၏လော၊ ၀ဇ္ဇီတိုင်းပြည်ရေးရာ ကိစ္စရပ်များကို
ညီညီညွတ်ညွတ် လုပ်ကြကုန်၏လော၊၊

(၃) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် ရှေးကမရှိဘူးသော ပညတ်ချက်အသစ် အသစ်များကိုမညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ခဲ့ပြီးသော ကျင့်ထုံးများကိုလည်း လိုက်နာကျင့်သုံးကုန်၏လော၊၊

(၄) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အသက်အရွယ်ကြီးကုန်သော လူအိုများကို အရိုအသေပေးကုန်၏လော၊ အလေးအမြတ်ပြုကုန်၏လော၊ ပူဇော်မှုပြုကုန်၏လော၊ ကြီးသူတို့၏စကားကို လိုက်နာသင့်သည်ဟု ထင်မှတ်ကြ ကုန်သလော၊၊

(၅) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး/ငယ်များကို အနိုင်အထက် ပြုကြကုန်သလော၊၊

(၆) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မြို့အတွင်းအပြင်ရှိ နတ်ကွန်းစေတီများကို အရိုအသေပြုကြကုန်သလော၊ အလေးအမြတ်ပြုကြကုန်သလော၊ မြတ်နိုးပူဇော်ကြကုန်သလော၊ ထိုနတ်ကွန်း စေတီတို့အား ရှေးကပြုမြဲ
ဖြစ်သည့်ဗလိနတ်စာကို ပေးကုန်၏လော၊၊

(၇) အာနန္ဒာ,၀ဇ္ဇီတိုင်းသို့ မလာရောက်သေးသော ရဟန္တာတို့သည်လာခြင်းငှာ၊ လာပြီးသောရဟန္တာတို့သည် ၀ဇ္ဇီတိုင်းအတွင်းတွင် ချမ်းသာစွာနေခြင်းငှာ တရားနှင့်အညီစောင့်ရှောက် ကာကွယ်မှုပေးလျက်၊ လုံခြုံမှုကို ကောင်းကောင်းစီမံပေး၏လော၊၊

ဤမေးခွန်းခုနှစ်မျိုးအတွက် အဖြေကို အရှင်အာနန္ဒာသည် “မှန်ပါ,အရှင်”ဟူသော အဖြေတစ်ခုတည်းကို ပေးခဲ့ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အရှင်အာနန္ဒာအား မေးခွန်းများကို မေးပြီး၊ အရှင်အာနန္ဒာ၏ အဖြေစကားကို ကြားရ ပြီးသောအခါ၊ ၀ဿကာရ ပညာရှိအမတ်၏ဘက်လှည့်လျက် “ငါသည် ၀ဇ္ဇီမင်းတို့အား အပရိဟာနိယဓမ္မ= တိုင်းပြည်တိုးတက်ကြောင်း အခြေခံလိုအပ်ချက်ခုနှစ်မျိုးကို သင်ပြခဲ့ပြီးဖြစ်သည်၊ အကယ်၍ ၀ဇ္ဇီတို့သည် တိုးတက်ကြောင်းခုနှစ်မျိုးကို လိုက်နာနေသေးသည်ဆိုလျင် ၀ဇ္ဇီတို့အတွက် တိုးတက်မှုသာဖြစ်နိုင်သည်၊ မဆုတ်ယုတ်နိုင်”ဟု မိန့်တော်မူသည်၊၊

ဆိုလိုသည်မှာ ဘုရားရှင်သင်ပြထားသည့် “အပရိဟာနိယဓမ္မ” ခုနှစ်မျိုးကိုသာ လိုက်နာနေသေးလျင် ၀ဇ္ဇီမင်းတို့အား မဂဓတိုင်းသခင်အဇာတသက် စစ်တိုက်၍ မအောင်မြင်နိုင်ဟု ဖြစ်ပါသည်၊၊ အပေါ်တွင် ဖော်ပြပြီးသည့် တိုးတက်ကြောင်း အခြေခံလိုအပ်ချက် ခုနှစ်မျိုးကို တစ်ခုခြင်းရေတွက်လျင်--

(၁) မကြာခဏ စည်းဝေးခြင်း၊
(၂) အညီအညွတ် စည်းဝေးပြီး၊ ညီညီညွတ်အကောင်ထည်ဖော်ခြင်း၊
(၃) စည်းဝေးပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်း၊၊
(၄) ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်း၊၊
(၅) အမျိုးသမီးများကို လေးစား တန်ဖိုးထားခြင်း၊
(၆) ရိုးရာကိုးကွယ်မှုကို မမေ့တတ်ခြင်း၊
(၇) ဘာသာရေးနယ်ပယ်မှ သူတော်စင်များကို စောင့်ရှောက်ခြင်း၊၊

မြတ်စွာဘုရားဆွေးနွေးသည့် တိုးတက်ကြောင်းအခြေခံလိုအပ်ချက်ခုနှစ်မျိုးကို မဂဓ၏ပညာရှိအမတ်ကြီး ကြားသိလိုက်သောအခါ “အရှင်ဘုရား အပရိဟာနိယဓမ္မခုနှစ်မျိုးလုံးကိုမဆိုထားဘိ တစ်မျိုးတည်းကို လိုက်နာနေလျင်ပင် တိုးတက်ကြောင်း၊ မရှုံးနိမ့်ကြောင်းဖြစ်ပါသည်”ဟု လျောက်တင်ပြီး၊ ၀ဿကာရအမတ်သည် မြတ်စွာဘုရားအားနှုတ်ဆက်လျက် ပြန်လည်ထွက်ခွာခဲ့ပါသည်၊၊

အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံလုပ်ငန်းစဉ်ကို ဗုဒ္ဓရှင်တော် သင်ပြဟောကြားရခြင်း၏ အထက်ပါ အကြောင်းအတ္ထုပ္ပတ္တိတွင် ထူးဆန်းသည့်အတွေးနယ်ချဲ့စရာများစွာ ပါဝင်နေသည်၊၊ ပါဠိစာပေ ပညာရှင်များစွာ တို့သည် ဤအကြောင်းအရာများနှင့်ဆက်စပ်၍ မေးခွန်းများစွာကို မေးခွန်းထုတ်ခဲ့ကြသည်၊၊

အဇာတသတ်ရှင်ဘုရင်သည် တိုင်းပြည်တစ်ခုကို စစ်တိုက်ပြီး
သိမ်းယူမည့်အရေး ဗုဒ္ဓအားအဘယ့်ကြောင့် ဆွေးနွေးစေရပါသနည်း……..၊၊


မြတ်စွာဘုရားရှင်သည် စစ်ရေးနိုင်ငံရေး ပရိယာယ်ကျွမ်းကျင်လှသည့် ၀ဿကာရပညာရှင်အမတ်ကြီး နည်းရသွားစေလောက်သည့် အရိပ်အမြွက်စကားကို အဘယ့်ကြောင့် မိန့်တော်မူခဲ့ပါသနည်း……..၊၊

အကြမ်းဖတ်မှုကို မလိုလားသော ဗုဒ္ဓရှင်တော်သည် လူပေါင်းသန်းနှင့်ချီ သေဆုံးရမည့်စစ်ပွဲကြီးကိုဆင်နွှဲရန် လာရောက်တိုင်ပင်သည်ကို ဗုဒ္ဓရှင်တော် အဘယ့်ကြောင့်မတားမြစ်ခဲ့ပါသ နည်း………..၊၊
ဗုဒ္ဓရှင်တော်၌ အဇာတသတ်ရှင်ဘုရင်အား ကူညီရန်ဆန္ဒရှိခဲ့ပါသလား………၊စသည်တို့သည် ပါဠိစာပေ ပညာရှင်တို့အတွက် အတွေးနက်စေသည့် မွေးခွန်းများ ဖြစ်နေခဲ့သည်၊၊ ဤအကြောင်းအရာများကိုပင် ကမ္ဘာ့ပါဠိစာပေ ပညာရှင်တို့ Research ပြုရန် ခံတွင်းတွေ့စေသည့် Problemsများလည်း ဖြစ်နေခဲ့ သည်၊၊ Deegalle Mahindaသည် ဤပြဿနာကိုပင် (Norms of War in Theravada Buddhism)အမည်ဖြင့် စာတမ်းပြုစုပြီး (United Nations University)မှ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်၊၊

စစ်ရေး သို့မဟုက် နိုင်ငံရေးဟု ခေါ်ဆိုနိုင်သော အရေးအရာသို့ ဗုဒ္ဓရှင်တော်သည် သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်မျှဝင်ရောက် ပတ်သက်ခဲ့ဘူးသည်ကို ပါဠိစာပေမှတ်တမ်းတွင် တွေ့ရသည်၊၊

ပထမအကြိမ်မှာ-သကျစစ်တပ်နှင့် ကောလိယစစ်တပ်တို့ နှစ်ပြည်ထောင်အလယ်ရှိ“ရောဟိနီမြစ်ရေ”ကို သူပိုင်သည်၊ ငါပိုင်သည်ဟု ရေပိုင်နက်လုကြရာမှ၊ ဆွေမျိုးတော်စပ်သည့် တိုင်းပြည်နှစ်ခု စစ်တိုက်ပြီး၊ ရေလုကြမည့်ဆဲဆဲတွင် ဗုဒ္ဓရှင်တော်သည် စစ်တပ်ကြီးနှစ်တပ်၏အလယ် ကောင်းကင်ယမ်တွင် တန်ခိုးဖြင့်ရပ်ပြီး၊ နှစ်ဘက်စစ်သည်တို့အား စစ်ပြေငြိမ်းရေးတရားတော်များကို ဟောကြားပြီး၊ စစ်ပွဲကို ဖြန်ဖြေခဲ့ရသည်၊၊

ဒုတိယအကြိမ်မှာ-ကောသလတိုင်း၏မဟာရာဇာ “၀ိဋဒူပ”သည် ဗုဒ္ဓ၏ဆွေတော်မျိုးတော်တို့နေထိုင်ရာ“သကျ”တိုင်းပြည်အား စစ်တိုက်၍ဖြက်ဆီးမည်ကို ဗုဒ္ဓရှင်တော်သည် ၀ိဋဒူပရှင်ဘုရင်အားတွေ့ဆုံ၍ စစ်မပြုရန် ငြိမ်းချမ်းရေးတရားဟောခဲ့ရသည်၊ သို့သော် ၀ိဋဒူပသည် မြတ်စွာဘုရား၏စကားကိုမနာယူဘဲ စစ်ပြုသဖြင့် သကျတစ်ပြည်လုံး ပျက်စီးပြီး၊ ပြာပုံဖြစ်ခဲ့ရသည်၊၊

တတိယအကြိမ်မှာ-ဤစာတမ်းတွင် တင်ပြလျှက်ရှိသည့် မဂဓတိုင်းနှင့် ၀ဇ္ဇီတိုင်းတို့၏ စစ်ပွဲဖြစ်သည်၊၊

ဗုဒ္ဓရှင်တော် ပါဝင်ပတ်သက်ခဲ့ရသော စစ်ပွဲများကို သုံးသပ်သောအခါ စစ်ပွဲနှစ်ပွဲသည် ဗုဒ္ဓကိုယ်တော်တိုင်၏ ဆွေတော်မျိုးတော်ခြင်း ဖြစ်ကြသည့် စစ်ပွဲများဖြစ်သည်၊၊ “မဂဓ”နှင့် “၀ဇ္ဇီ”စစ်ပွဲမှာမူ ဆွေမျိုးတော်စပ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးယုံကြည်ချက်ဖြင့် လာရောက်တိုင်ပင်သည့် စစ်ပွဲဖြစ်သည်၊၊ ဆွေမျိုးခြင်း ဖြစ်ကြမည့် စစ်ပွဲနှစ်ပွဲကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် သံဃာ့ကိုယ်စားမဟုက်ဘဲ ပုဂ္ဂလိကသဘောဖြင့် သွားရောက်တားမြစ်ခဲ့သည်၊၊ “မဂဓ”နှင့် “၀ဇ္ဇီ”စစ်ပွဲအတွက် “၀ဿကာရအမတ်”နှင့် ဆွေးနွေးသောအခါတွင်မူ ဗုဒ္ဓ၏အနားတွင် အရှင်အာနန္ဒာရှိနေပြီး၊ သံဃာ့ကိုယ်စားလှယ်အဖြစ်ဖြင့် “အပရိဟာနိယဓမ္မ”ကို ဆွေးနွေးခဲ့သည်ကို တွေ့ရသည်၊၊

တိုးတက်ကြောင်း အခြေခံကျင့်စဉ်=အပရိဟာနိယဓမ္မကို အသေးစိတ်လေ့လာကြည့်လျင်-

(၁) မကြာခဏ စည်းဝေးခြင်း၊
မကြာခဏစည်းဝေးခြင်းဟူသည်မှာ အဖွဲ့အစည်းတခုအတွက် အလွန်အရေးပါသည်ကို သိနိုင်သည်၊၊ စည်းဝေးညှိနှိုင်းမှု မရှိသောအဖွဲ့အစည်းသည် အထက်ကလုပ်သည်ကို အောက်ပိုင်းအဖွဲ့သားများက မသိ၊ အောက်လက်ငယ်သားတို့ ဘာလုပ်နေသည်ကိုလည်း အထက်ပိုင်းလူကြီးများက သိခွင့်မရဘဲ၊ နောက်ဆုံး စိတ်ဝမ်းကွဲပြီး၊ အဖွဲ့အစည်းပျက်သည့်အခြေသို့ ရောက်ရတော့သည်၊၊

မျက်နှာခြင်းဆိုင် ဆွေးနွေးခြင်းဖြင့် အဖွဲ့သားခြင်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှု၊ ပို၍ကောင်းမွန်သည့် အကြံဉာဏ်များကိုရရှိပြီး၊ အဖွဲ့အစည်းတိုးတက်ရသည်၊၊ မိသားစုတွင်လည်း ဤသဘောပင်ဖြစ်သည်၊ နိုင်ငံတွင်လည်း နည်းတူပင်ဖြစ်သည်၊၊


(၂) အညီအညွတ် စည်းဝေးပြီး၊ အညီညွတ်အကောင်ထည်ဖော်ခြင်း၊
အညီအညွတ် စည်းဝေးပြီး၊ ညီညီညွတ်ညွတ်အကောင်ထည်ဖော် ပြုလုပ်ခြင်းဖြင့် အဖွဲ့အစည်းတွင် စည်းလုံးမှုကို ရနိုင်သည်၊၊ “အညီအညွတ်”ဆိုသည့်စကားလုံးကို သတိပြုရမှာဖြစ်ပါသည်၊၊ အဖွဲ့အစည်းတစ်ခုအတွင်း စည်းဝေးသည့်အခါ အညီအညွတ်တက်ရောက်ဖို့ အထူးလိုအပ်သည်၊၊ တစ်ယောက် အကြောင်းတစ်ခုပြပြီး၊ တက်ရောက်ရန်ပျက်ကွက်မည်ဆိုလျင် အစည်းဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာ၊ ဆုံးဖြတ်ချက်နှင့် အတည်ပြုချက်ကို မသိတော့ဘဲ၊ ကိုယ့်သဘောအလျောက် ထင်ရာလုပ်ပြီး၊ အဖွဲ့အစည်းအတွင်း စကားဖြစ်ကာ စိတ်ဝမ်းကွဲရတော့သည်၊၊

စည်းဝေးသည့်အခါတွင်လည်း သဘောတူညီချက်ဆုံးဖြတ်တစ်ခုကို မရမခြင်းဆွေးနွေးရမည်၊ အဖွဲ့ဝင်အားလုံး သဘောတူညီသည့် အတည်ပြုချက်များကို ချနိုင်ပြီဆိုမှ ဆွေးနွေးမှုကို အဆုံးသတ်ရမည်၊၊

ထိုစည်းဝေးပွဲဆုံးဖြတ် အတည်ပြုချက်ကိုလည်း မဖြစ်မနေ တညီတညွတ်တည်း အကောင်အထည် ဖော်ရမည်၊၊ ဤသို့ ညီညီညွတ်ညွတ်စည်းဝေးမှု၊ လုပ်ဆောင်မှုတို့သည်လည်း အဖွဲ့အစည်းတစ်ခုအတွင်း တိုးတက်ဖို့အရေးပါသော အခြေခံအကြောင်းတစ်ခု ဖြစ်သည်၊၊ မိသားစုတစ်ခုတွင်လည်း လိုက် နာရမည့် နည်းတစ်ခုဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံတွင်လည်း အထူးလိုက်နာသင့်သည်၊၊ သို့မှသာ တိုးတက် သည့် မိသားစု၊ တိုးတက်သည့်အဖွဲ့အစည်း၊ တိုးတက်သည့်နိုင်ငံများ ဖြစ်လာမည် ဖြစ်သည်၊၊

(၃) စည်းဝေးပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်း၊၊
စည်းဝေးပွဲပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်းသည် အဖွဲ့အစည်းတစ်ခုအတွင်း၊ မိသားစု တစ်စုအတွင်း၊ နိုင်ငံတစ်ခုအတွင်း အလွန်အရေးပါသည့် လိုအပ်ချက်ဖြစ်သည်၊၊ များစွာသောအဖွဲ့အစည်းများ၏ “အက်ကြောင်း”များသည် ဤစည်းကမ်းကို မလိုက်နာကြရာက စတင်ခဲ့ရသည်၊၊

ဆိုလိုသည်မှာ စည်းဝေးပွဲပြီးဆုံးလျင် တစ်စုံတစ်ယောက်မှ စည်းဝေးခန်းမအတွင်း မကျန်ရစ်ဘဲ ထွက်ခွာကြရမည်၊ အဘယ့်ကြောင့်ဆိုသော် တစ်ယောက် နှစ်ယောက်က ချန်နေခဲ့ပြီး တီးတိုးစကား ဆက်ပြီး ပြောနေရစ်ခဲ့မည်ဆိုလျင် အခြင်းခြင်းသံသယ၀င်လာတတ်ပြီး၊ မယုံကြည်မှု၊ စိတ်မချမှုများမှ အဖွဲ့အစည်းကြီးအတွင်းတွင် အုပ်စုငယ်ဖွဲ့မှုများ၊ အားပြိုင်မှုများ ဖြစ်ပေါ်လာတတ်ပြီး အဖွဲ့စည်းပျက်စီး ရတော့သည်၊၊


(၄) ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်း၊၊
ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်းမည်မျှအရေးပါသည်ကို ထူး၍ တင်ပြရန်မလိုဟု အရှင် ယုံကြည်ပါသည်၊၊ ခေတ်ပညာဘွဲ့ဒီဂရီများနှင့်၊ ထက်မြက်မှုခြင်း တူညီနေသည့်တိုင် ဘ၀အတွေ့အကြုံပိုင်းတွင် လူငယ်သည် လူကြီးလောက် မပြည့်စုံနိုင်သည်မှာ သေခြာသည်၊ ထို့ ကြောင့် အဖွဲ့အစည်းအတွင်း ကြီးသူများကိုလေးစားမှု၊ နေရာပေးမှုသည် တိုးတက်မှုအတွက် လိုအပ် သောအကြောင်းတစ်ခုပင် ဖြစ်သည်၊၊ လူငယ်များချည်း နေရာယူထားသည့် အဖွဲ့အစည်းတစ်ခုသည် ပြဿပေါင်း တန်းစီနေတတ်သည်ကို တွေ့ရသည်၊၊

(၅) အမျိုးသမီးများကို လေးစား တန်ဖိုးထားခြင်း၊
သဘာဝအရ အမျိုးသမီးများသည် အမျိုးသားများထက် အားနည်းနေတတ်သည်၊ ပျော့ကွက်၊ဟာ ကွက်များလည်း ရှိနေတတ်သည်၊ သို့သော် ပါးနပ်မှု၊ ရှုပ်ထွေးသည့် အရေးအရာများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် အမျိုးသားသည် အမျိုးသမီးများထက် အားသာမှုမရှိကြောင်း သာဓကပေါင်းများစွာက သက်သေပြုလျက်ရှိသည်၊၊ သတိပြုသင့်သည့်အချက်တစ်ခုမှာလည်း အမျိုးသမီးများသည် သီးသန့် ရပ်တည်သူများ မဟုက်ကြဘဲ သူတို့၏နောက်တွင် မိသားစုအပါအ၀င် အမျိုးသားများရှိနေတတ်သည်၊၊ အမျိုးသမီးတစ်ဦးကို အထင်သေးစော်ကားမိရာမှ နောက်တွင်ရှိနေသည့် အခြံရံများ၏ အင်အားကိုရင်ဆိုင်ရပြီး၊ ပျက်စီးရသည့် အဖွဲ့အစည်း၊ နိုင်ငံများစွာရှိသည်၊၊

ကမ္ဘာ့သမိုင်းစာမျက်နှာတို့တွင် အမျိုးသမီးများကိုထိပါးရာက စတင်ဖြစ်ပွားသည့် စစ်ပွဲပေါင်းများစွာ ရှိခဲ့ သည်၊၊ မြန်မာသမိုင်းတွင်လည်း အမျိုးသမီးများကို မလေးမစားဆက်ဆံရာမှ ဖြစ်ခဲ့သည့် စစ်ပွဲများစွာရှိ ခဲ့သည်ကို ပုဂံသမိုင်းတလျောက် များစွာရှိသည်၊၊ ထို့ကြောင့် လူသားခြင်းအတူတူဖြစ်သည့် အမျိုး သမီးများကို တလေးတစားဆက်ဆံမှုသည်လည်းတိုးတက်ဖို့ အခြေခံကျသည့်အကြောင်းပင် ဖြစ်သည်၊၊

(၆) ရိုးရာကိုးကွယ်မှုကို မထီလေးစားမပြုတတ်ခြင်း၊
လူမျိုးအသီးသီးတွင် ရိုးရာအရ ကိုးကွယ်ဆည်းကပ်သော အရာများစွာရှိသည်၊ “နတ်”များလည်း ဖြစ်နိုင်သည်၊ “ဘိုးတော်”၊ “ဘွားတော်”၊ “ထွက်ရပ်ပေါက်”စသည်များလည်း ဖြစ်နိုင်သည်၊ “ဘုရားအဆူဆူ”လည်း ဖြစ်နိုင်သည်၊၊ “သစ်ပင်”၊ “တော”၊ “တောင်”များလည်း ဖြစ်နိုင်သည်၊၊ ကိုးကွယ်ရာဟု အသိမှတ်ပြုထားသည့် “ရုပ်တု”၊ “ရုပ်ပုံကားချပ်”များလည်း ဖြစ်နိုင်သည်၊ “စေတီ”၊ “ပုထိုး”၊ “နတ်ကွန်း”၊ “နတ်နန်း”များလည်း ဖြစ်နိုင်သည်၊၊

အိန္ဒိယ၏ရှေးဟောင်း ကိုးကွယ်မှုသမိုင်းကို လေ့လာကြည့်သောအခါ ရိုးရာကိုးကွယ်သော “နတ်” အမျိုးပေါင်း သုံးကုဋေကျော်ကျော်ရှိသည်ကို သိရသည်၊၊ ကမ္ဘာတစ်လွှား ပွင့်ပေါ်ခဲ့ကြသည့် ဘာသာအသီးသီးမှ ကိုးကွယ်ရာ “ဘုရား”ဆိုသူများသည်လည်း အိန္ဒိယမြေပေါ်တွင် ပေါ်ထွန်းခဲ့ကြသည်ကို တွေ့ရသည်၊၊ မြန်မာနိုင်ငံတွင် အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းဟု ရိုးရာကိုးကွယ်မှု ရှိသည်၊၊ မည်သို့ဆိုစေ ရိုးရာကိုးကွယ်မှုကို မလေးမစားမပြုသင့်ချေ၊၊ ကိုးကွယ်မှုတွင် ကြောင်း+ကျိုးဆီလျော်မှုမရှိ ဖြစ်ကောင်း ဖြစ်နေတတ်သည်၊၊

အစဉ်အလာအရ ကိုးကွယ်ဆည်းကပ်မှုဟူသည်ကို academic study သဘောအရ အကျိုး+အကြောင်း၊ ယုတ္တိတန်၊ မတန်စစ်ဆေး၍ ရသည်မဟုက်၊၊ ကမ္ဘာပေါ်တွင် ကိုးကွယ်မှုတွင်မှမဟုက် အခြား နေရာများစွာတွင်လည်း ယုတ္တိဗေဒဖြင့် စမ်းသတ်၍မရသည်များ ရှိသည်၊၊ လူတို့သည် တစ်ခါတရံ ပညာအတော်အတန် သင်ကြားပြီးလျင် ရိုးရာကိုးကွယ်မှုများကို ရန်ရှာတတ်ကြသည်၊၊ ရိုးရာကိုးကွယ်မှုကို ပြစ်ပယ်သောအားဖြင့် အကျိုးထက်၊ အဆိုးကိုသာရတတ်ကြောင်း သာဓကများစွာက သက်သေ ပြလျက်ရှိသည်၊၊

တချို့ရိုးရာအစဉ်အလာရ ကိုးကွယ်နေသောအရာများမှာ ရှိချင် ရှိမည်၊ မရှိချင်လည်း မရှိဖြစ်နိုင်သည်၊၊ မှန်ချင် မှန်မည်၊ မမှန်လိုကလည်း မမှန်ဖြစ်နိုင်ပြန်သည်၊၊ မည်သို့ဆိုစေ ရိုးရာကိုပြစ်ပယ်ကောင်းသည် မဟုက်၊၊ ဘိုးဘွားစဉ်ဆက် ကိုးကွယ်၊ ပူဇော်ဆည်းကပ် ခဲ့သည်များကို အစဉ်အလာမပျက် ပူဇော်ပသရန် လိုအပ်သည်သာ၊၊ မြတ်စွာဘုရားရှင်သည် ရိုးရာကိုမမေ့ရန် နေရာများစွာတွင် သတိပေးလေ့ရှိသည်၊၊ ရိုးရာကိုမမေ့ခြင်းသည် မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံတို့၏ တိုးတက်ဖို့ အကြောင်းခံကျသော အကြောင်းတစ်ခုပင် ဖြစ်ပါသည်၊၊

(၇) ဘာသာရေးနယ်ပယ်မှ သူတော်စင်များကို စောင့်ရှောက်ခြင်း၊၊
ဘာသာရေး နယ်ပယ်အသီးသီးမှ သူတော်စင်ဟု သမုတ်ခံရသူများကို စောင့်ရှောက်ခြင်းသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများ၏ လုပ်ရပ်ဖြစ်သည်၊၊ ဘာသာရေးနယ်ပယ်အမျိုးမျိုးမှ “ဘုန်းတော်ကြီး”များ၊ “သံဃာတော်”များ၊ “လူပုဂ္ဂိုလ်များ”ကို အနိုင်အထက်မပြုမိစေရန် အထူးသတိထားသင့်သည်၊၊ ဤသူတော်စင်များ၏နောက်တွင် အခြံအရံပရိတ်သတ်များစွာ ရှိနေတတ်သည်ကို သတိပြုရမည်၊၊ မည်သည့် ဘာသာကိုးကွယ်သူမှ မိမိဘာသာ၏ ခေါင်းဆောင်များကို ရိုင်းပြစော်ကားသည်ကို နှစ်သက်နိုင်ကြမည် မဟုက်ချေ၊၊

ဤစည်းကမ်းကို မလိုက်နာမိရာမှ ဘာသာရေးစစ်ပွဲများစွာ ဖြစ်ရသည်ကိုလည်း သမိုင်းတလျောက် တွေ့ရသည်၊၊ ထို့ကြောင့် ဘာသာအလိုက် “ဘုန်းတော်ကြီး”များ၊ “သံဃာတော်”များ၊ “လူပုဂ္ဂိုလ်”များကို လေးလေးစားစား ဆက်ဆံရုံမျှမက အထူးစောင့်ရှောက်သင့်သည်၊၊ ဤသို့ဖြင့် ဘာသာခြင်းလေးစားယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိပြီး၊ တိုးတက်အောင်မြင်သည့် နိုင်ငံ၊ မိသားစု၊ အဖွဲ့စည်း ဖြစ်လာနိုင်သည်၊၊

(မှတ်ချက်/ ဤရှင်းလင်းချက်များသည် အရှင်၏ သေးငယ်လွန်းသည့် အသိဉာဏ်လေးမှ ထွက်သမျှ သာဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်၏ “အပရိဟာနိယဓမ္မ”သင်ကြားချက်သည် အရှင် တင်ပြနိုင်သည် ထက် အဆများစွာသာလွန်ကြောင်း ရိုးသားစွာဝန်ခံလိုပါသည်၊၊)

အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံကျင့်စဉ်ခုနှစ်မျိုးသည် တမျိုးခြင်းသီးသန့်စီမဟုက်ဘဲ၊ တမျိုးနှင့်တစ်မျိုး ဆက်စပ်နေပါသည်၊ ထို့ကြောင့်ပင် ၀ဿကာရအမတ်ကြီးက မြတ်စွာဘုရားရှင်အား “တိုးတက်ကြောင်း ခုနှစ်မျိုးလုံးကိုမဆိုထားဘိ တစ်ပါးတည်းကို ကျင့်သုံးလျင်ပင် ဧကန်မုချတိုးတက်မှု ရနိုင်ကြောင်း”လျောက်ထားခဲ့သည်ကို သတိပြုရမည်၊၊

“၀ဿကာရ ပညာရှင်အမတ်”ကြီးသည် မြတ်စွာဘုရားအထံမှ “အပရိဟာနိယဓမ္မခုနှစ်မျိုး”ကို ကြားနာ ဆွေးနွေးပြီး၍၊ သူ၏အရှင်ဖြစ်သူ “အဇာတသတ်မင်း”ထံရောက်သောအခါ မြတ်စွာဘုရား ဆွေးနွေးသ မျှအလုံးစုံကို ပြန်လည်တင်ပြခဲ့သည်၊၊ ဤသို့ဖြင့် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းပြီးသောအခါ “အဇာတသတ်မင်း”နှင့် “၀ဿကာရအမတ်”တို့သည် ကြီးကျယ်သည့် လျို့ဝှက်အစီအမံကြီးတစ်ခုကို ပြုလုပ် လိုက်ကြပါတော့သည်၊၊

ထိုလျို့ဝှက်ချက်ကြီးမှာ-အဇာတသတ်သည် အမတ်ကြီးဝဿကာရအား ညီလာခံအလယ်တွင် အမျက် ဒေါသ အကြီးအကျယ်ထွက်ပြီး၊ ၀ဿကာရအမတ်ကြီးအား ဦးခေါင်းမှ ဆံပင်များကို တစ်ပင်မကျန်ရိပ်စေလျက်၊ ထုထောင်းရိုက်နှိက်ပြီး၊ သူ၏မဂဓနိုင်ငံတော်မှ နှင်ထုတ်လိုက်လေသည်၊၊

ဝဿကာရအမတ်ကြီးသည် ကြီးကြယ်သည့်ရာထူးမှ လျောကျရုံမျှမက ပြည်နှင်ဒဏ်၊ ထုထောင်းရိုက် နှက်ဒဏ်များကို ခံထားရ၍ သေလုမျောပါးမျှ ဝေဒနာခံစားရသည်၊၊ မဂဓတိုင်းအပြင် နယ်စပ်ဒေသ၊ လမ်းကြိုလမ်းကြား တောင်းရမ်းစားသောက်ရသည့် သူတောင်းစားကြီးအသွင်သို့ ကျရောက်သွား တော့သည်၊၊

ဤသို့ဤပုံအဆင့်သို့ကျရောက်နေသော သူတောင်းစားတဖြစ်လဲ မဂဓ၏အမတ်ပညာရှင်ကြီး ၀ဿကာရကို ၀ဇ္ဇီမင်းသားတို့တွေ့ရှိသွားပြီး၊ နန်းတော်သို့ခေါ်ကာ အကျိုးအကြောင်းကို စုံစမ်းမေးမြန်းကြလေသည်၊၊ ဖြစ်ပုံအကြောင်းအရာအစုံအလင်ကို ၀ဿကာရအမတ်ကြီးမှ သနားစဖွယ် ပြောပြသောအခါ ၀ဇ္ဇီမင်းသားတို့သည် ၀ဿကာရအမတ်ကြီးအား သူတို့ထံတွင်ခစားစေပြီး၊ တိုင်းပြည်ရေးရာ အကြံဉာဏ်များကို ပေးစေလေသည်၊၊

မဂဓဘုရင် အဇာတသတ်ကို စိတ်နာလှသော ၀ဿကာရအမတ်ကြီးသည် ၀ဇ္ဇီမင်းများထံတွင် တာဝန်ကို အထူးကြိုးစားလုပ်ကိုင်ပြပြီး၊ ၀ဇ္ဇီမင်းတို့၏ ယုံကြည်မှုကို ရယူနိုင်ခဲ့လေသည်၊၊ တစတစ ၀ဿကာရ အမတ်ကြီးသည် ၀ဇ္ဇီမင်းတို့၏အတွင်းလူအဖြစ်သို့ ရောက်ရှိယုံမျှမက တချို့မင်းသားငယ်များကို စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်နိုင်သူအဆင့်အထိ ရောက်လာသည်၊၊

အထူးလျို့ဝှက်ကြံစည်ထားသော ၀ဿကာရအမတ်ကြီးသည် ၀ဇ္ဇီ၏၀င်ပေါက်၊ ထွက်ပေါက်မှအစ၊ အ တွင်းရေးများအားလုံးကို သူ၏သခင်အဇာတသတ်အား လျို့ဝှက်သတင်းပေးပို့နေသည်ကို ၀ဇ္ဇီမင်းသားတို့ မသိပါလေ၊၊ ၀ဿကာရအမတ်သည် ၀ဇ္ဇီမင်းသားငယ်များကိုလည်း အခြင်းခြင်းစိတ်ဝမ်းကွဲအောင် အမျိုးမျိုးကြံဆောင်လေသည်၊၊

ဝဿကာရ၏လှည့်ဖျားမှုအောက်တွင် ၀ဇ္ဇီမင်းသားတို့သည် အခြင်းခြင်းယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးမှုများ မရှိကြတော့ဘဲ၊ အခြင်းခြင်းတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရှိခဲ့တော့သည်၊၊ ၀ဿကာရနှင့် အဇာတသတ်ဘုရင် အသုံးပြုသော စစ်ပရိယာယ်ကို ပါဠိစာပေတွင် “မိထုဘေဒ”ဟု အထူးစကားလုံးဝေါဟာ ရဖြင့် မှတ်တမ်းပြု ဖော်ပြထားပါသည်၊၊ ဤအချိန်တွင် အဇာတသက်ရှင်ဘုရင်၏ စစ်တပ်ကြီးများသည် ၀ဿကာရ၏ လျို့ဝှက်လမ်းညွှန်မှုဖြင့် ၀ဇ္ဇီပြည်အတွင်းသို့ ၀င်ရောက်လာပြီး၊ နတ်ပြည်တမျှ သာယာဝပြော၊ စည်ကား၊ လှပသည့် ၀ဇ္ဇီတိုင်းပြည်ကြီးကို အလွယ်တကူ တိုက်ခိုက်သိမ်း ယူလိုက်ပါတော့သည်၊၊

ဝဇ္ဇီတို့ တပ်ပျက်ပြီး၊ စစ်ရှုံး၊ တိုင်းပြည်ကို သူ့ကျွန်အပြုခံလိုက်ရသည်မှာ သူတို့၏စစ်ရေးနှင့်၊ ရဲစွမ်းသတ္တိ ညံ့ဖျင်း၍ မဟုက်ဘဲ၊ “အပရိဟာနိယဓမ္မ” မရှိတော့ခြင်းကြောင့်ဖြစ်ရသည်ကို စာဖတ်သူ သတိပြုမိမည်ဟု ယုံကြည်ပါသည်၊၊ အပရိဟာနိယဓမ္မ(ခေါ်)တိုးတက်ကြောင်းအခြေခံကျင့်စင်ခုနှစ်မျိုးကိုသာ ၀ဇ္ဇီမင်းတို့ မမေ့လျော့လိုက်နာကြလျင် မဂဓစစ်တပ်ကို ရှုံးနိမ့်ဖွယ် အကြောင်းမရှိပါချေ၊၊

တိုးတက်ကြောင်းကျင့်စင်ကိုမေ့လျော့မိ၍သာ စစ်ရှုံးပြီး၊ သူ့ကျွန်ဘ၀သို့ ၀ဇ္ဇီမင်းတို့ကျရောက်ပြီး၊ ဘ၀ပျက်၊ နိုင်ငံပျက်ကြရသည်ကို စာဖတ်သူတို့ သတိထား၊ အတုယူပြီး၊ တိုးတက်ကြောင်း အခြေခံကျင့်စင် (ခေါ်)အပရိဟာနိယဓမ္မကို လေ့လာ၊ အသုံးချ၊ လိုက်နာကျင့်ကြံခြင်းဖြင့် တိုးတက်သောမိသားစုဘ၀၊ နိုင်ငံ၊ နိုင်ငံသားဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ အရှင် ဆန္ဒပြုလိုက်ပါသည်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၄.၂.၂၀၁၁)


(မှတ်ချက်/ ဤစာတမ်းကို မဟာ၀၀္ဂပါဠိ၊ မဟာပိရိနိဗ္ဗာနသုတ်၊၊ အင်္ဂုတ္တရနိကာယ်၊ သာရန္ဒဒသုတ်၊၊ ဝေသာလီ(ပါရဂူ)၊၊ Paper on “The Buddha and the Magadha and Vajji War”. “The norms of War in Theravada Buddhism” တို့ကို ကိုးကား၍ ရေးသားအပ်ပါသည်၊၊)

1 comments:

Crystal February 17, 2011 at 6:46 PM  

ပိုစ့်အတွက် သာဓုခေါ်ပါတယ်ဘုရား။
ရိုသေစွာဖြင့် ဦးတင်လျှက်
ခရစ္စတလ်

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP