Friday, March 25, 2011

စေတနာ၊၊ ၊၊



ဗုဒ္ဓအဘိဓမ္မာတွင် ပရမတ္တတရားလေးမျိုးဟူ၍ ရှိသည်၊၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါသည်၊၊ စိတ်သည် အမျိုးအစား အားဖြင့်(၁၂၁)မျိုးရှိပြီး၊ စေတသိက်သည် အမျိုးအစား(၅၂)မျိုးမျှ ရှိပါသည်၊၊ ရုပ်သည်အရေအတွက်မှာမူ(၂၈)မျိုး ဖြစ်ပါသည်၊၊ နိဗ္ဗာန်သည် အနှစ်သာရအားဖြင့် တစ်မျိုးတည်းသာ ရှိပါသည်၊၊

“စေတနာ”သည် စေတသိက်ငါးဆယ့်နှစ်မျိုးတွင် အပါအ၀င်ဖြစ်သော စေတသိက်အမျိုးအစား ဖြစ်ပါသည်၊၊ “စေတနာ”ကို မြန်မာလို စေ့ဆော်တတ်သည့် သဘော၊ တိုက်တွန်းတတ်သည့် သဘော၊ သဘာဝရှိသောစေတသိက်ဟု မှတ်သားရပါမည်၊၊

စေ့ဆော်မှု၊ တိုက်တွန်းမှု၊ နှိုးဆွမှု၊ လှုံ့ဆော်မှုကို “စေတနာ”ဟု အဘိဓမ္မာသဘောအရ သိမှတ်နိုင်ပါသည်၊၊ အလုပ်တစ်ခု၊ အပြုအမူတစ်ခုလို ပြုလုပ်တော့မည်ဆိုလျင် မပြုလုပ်ခင်လူ၏စိတ်တွင် ပြုလုပ်စေရန် စေ့ဆော်မှုသဘော၊ တိုက်တွန်းမှုသဘော ပေါ်ပေါက်လာသည်ဟု ဆိုပါသည်၊၊ စေ့ဆော်မှု၊ တိုက်တွန်းမှုသဘောမပေါ်ပေါက်ဘဲ တစ်စုံတရာကို လူသည်ပြုလုပ်လေ့မရှိကြောင်း ပြဆိုပါသည်၊၊

စေ့ဆော်မှု တိုက်တွန်းမှုကို အဘိဓမ္မာနာမည်ဝေါဟာရဖြင့် “စေတနာ”ဟု ခေါ်တွင်ပြီး၊ စေ့ဆော်မှု တိုက်တွန်းမှုကြောင့် အကောင်အထည်ဖော် ပြုလုပ်မှုကို “ကံ”ဟု ခေါ်ပါသည်၊၊ “ကံ”ဟူသော မြန်မာစ ကားလုံးသည် “ကမ္မ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရ ဖြစ်ပါသည်၊၊ “ကမ္မ”ကို “ပြုလုပ်မှု၊ အပြုအမူ”ဟူ၍ အဓိပ္ပါယ်ဖော်ဆောင်ရပါသည်၊၊

ထို့ကြောင့် ကံဆိုသည်မှာ အလုပ်၊ အပြုအမူ၊ လုပ်ဆောင်ချက်ကို ခေါ်ပါသည်၊၊ အရပ်စကားတွင် “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ၊ ကံကိုယုံ၍ မီးပုံမတိုးရာ”စသည်အားဖြင့် “ကံ”ဟူသောဝေါ ဟာရကို လွဲမှားစွာအဓိပ္ပါယ်ကောက်ယူကြသည်ကို တွေ့ရသည်၊၊

စာပေအလိုအရ “ကံ”၏အဓိပ္ပါယ်မှာ “စေတနာပါသော လုပ်ဆောင်ချက်”ဟူ၍ ဖြစ်ပါသည်၊၊ စေတနာပါဝင်သော အပြုအမူအားလုံးသည် “ကံ”ဖြစ်သွားသောကြောင့် ကောင်းကျိုး၊ သို့မဟုက် ဆိုးကျိုးကိုလည်း သေခြာပေါက်ပေးမည် ဖြစ်ပါသည်၊၊

စေတနာပါသော လုပ်ဆောင်ချက်မှန်သမျှကို “ကံ”ဟုဆိုလိုက်သောကြောင့် စေတနာမပါသော လုပ်ဆောင်ချက်ဟူသည် ရှိသေး၏လောဟု မေးမြန်းဖွယ်ရှိပါသည်၊၊ အမှန်မှာ အဘိဓမ္မာသဘောအရ စေတနာမပါသော လုပ်ဆောင်ချက်ဟူ၍ မရှိပါ၊၊ စိတ်ပါဝင်စားစွာလုပ်ဆောင်သော လုပ်ငန်းမှန်သမျှတွင် စေတနာပါဝင်သည်မှာ သေခြာပါသည်၊၊

စေတသိက်ငါးဆယ့်နှစ်မျိုးကို သဘောတူရာအုပ်စုဖွဲ့လိုက်သောအခါ “စေတနာ”စေတသိက်သည် ပါဠိအမည်အားဖြင့် “သဗ္ဗစိတ္တသာဓာရဏစေတသိက်”အမျိုးအစားထဲတွင် ပါဝင်ပါသည်၊၊ “သဗ္ဗစိတ္တသာဓာရဏစေတသိက်”ဟူသည်မှာ စိတ်အားလုံးနှင့်အတူဖြစ်တတ်သော အလေ့အထရှိသော စေတသိက်မျိုးဖြစ်သည့်အတွက် စိတ်ဖြစ်နေသမျှ လုပ်ဆောင်မှုမှန်သမျှတွင်လည်း စေတနာပါဝင်နေမည် ဖြစ်ပါသည်၊၊

သို့သော် မရည်ရွယ်ဘဲဖြစ်သွားသော အပြုအမူနှင့် လုပ်ဆောင်ချက်များတွင်မူ စေတနာပါသည်ဟုဆုံးဖြတ်ရန် မဖြစ်နိုင်ပါ၊၊ သာဓကအားဖြင့် မြက်စေ့နှစ်ဘက်လုံးအလင်းမရသော ရဟန္တာအရှင်တစ်ပါး သွားလာသောအခါ ပုရွက်ဆိပ်များကို နင်းမိသဖြင့်သေဆုံးကုန်ကြရပါသည်၊၊ ထိုကဲ့သို့သော နေရာများတွင်မူ စေတနာမပါဝင်သည့်အတွက် ကံအဖြစ်သို့မရောက်၊ ကံမမြောက်ဟု မှတ်ယူရမည် ဖြစ်ပါသည်၊၊

အကောင်း+အဆိုးပြုမူမှုများတွင် စေတနာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်၊၊ စေတနာအနည်း၊ အများအလိုက် အကျိုးပေးတတ်သောကြောင့် ဖြစ်ပါသည်၊၊ တစ်ခါတရံတွင် လုံးဝမလုပ်ချင်ဘဲလျက် ပြုလုပ်လိုက်ရသည်များ ရှိနေတတ်ပါသည်၊၊ ထိုအခါများတွင် စေတနာကလှုံ့ဆော်သဖြင့် ပြုမူရသည်မဟုက်ဘဲ အခြေအနေအမျိုးမျိုးကသာ စေ့ဆော်တိုက်တွန်း၍ဖြစ်ရသည့်အတွက် ကြီးမားသည့်အကျိုးကိုဖြစ်စေ၊ အဆိုးကိုဖြစ်စေ မရတတ်ပါ၊၊

“စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဟုလည်း အရပ်စကားရှိပါသေးသည်၊၊ မမှန်ပါ၊၊ ဗုဒ္ဓအဘိဓမ္မာအလိုအရ စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည့် သဘောတရားတစ်ခု ဖြစ်ပါသည်၊၊ မှတ်သားရန်မှာ မိမိသည် တရားအဆင့်အရ လုံးဝပြည့်စုံနေသူမဖြစ်သေးသည့်အတွက် လူတိုင်းအပေါ်တွင် စေတနာမထားနိုင်သေးခြင်းသာ ဖြစ်ရပါသည်၊၊

“ငါသည် သားအရင်း ရာဟုလာအပေဖါ်၌စ်ြစေ၊ ငါ့အားသတ်ရန်လာသည့် နာဠာဂိရိဆင်အပေါ်၌ ဖြစ်စေ၊ ငါ့အားအကြိမ်ကြိမ် သေကြောင်းကြံသည့် ဒေ၀ဒတ်အပေါ်၌ဖြစ်စေ၊ ထားသည့်မေတ္တာမှာ တန်းတူညီမျှ အတူတူပင်ဖြစ်သည်၊၊

အထက်ဖော်ပြပါစကားရပ်မှာ တရားအဆင့်အရ ပြည့်စုံပြီးသူဖြစ်၍ လူတိုင်းအပေါ် စေတနာနှင့် မေတ္တာထားနိုင်ပုံကို သိသာစေသည့် သာဓကဖြစ်ပါသည်၊၊ သာမန်လူများအတွက်မူ စေတနာလူတိုင်းအပေါ် ထားနိုင်ရန်ခက်ခဲလှပါသည်၊၊ ဆိုလိုသည်မှာ စေတနာကို လူတိုင်းအပေါ်မထားနိုင်ကြခြင်းသာ ဖြစ်ပြီး၊ စေတနာသည် လူတိုင်းနှင့်မတန်ခြင်း မဟုက်ဟူ၍ဖြစ်ပါသည်၊၊

ညီမျှသော စေတနာ၊ သန့်ရှင်းသောစေတနာဖြင့် အကောင်းကိုပြုသောအခါ၊ သေးငယ်သည့်ပြုမူချက် လေးမျှပင်ဖြစ်သော်လည်း အကျိုးကြီးရသည်ဟု အဘိဓမ္မာရှုဒေါင့်မှ တွေ့ရပါသည်၊၊ ဤသဘောကိုပင် မြန်မာဆိုရိုးတစ်ခုတွင် “ညောင်စေ့လောက်လှူသော်လည်း၊ ညောင်ပင်ပမာဏမျှ အကျိုးရသည်၊၊”ဟု ဆို လိုဟန်ရှိပါသည်၊၊

စေတနာသည် အကောင်းဘက်တွင်မှ စေ့ဆော်သည်မဟုက်ဘဲ အဆိုးဘက်တွင်လည်း စေ့ဆော် တတ်သည့် သဘာဝရှိပါသည်၊၊ ထို့ကြောင့် ပြုလုပ်မိသည့်အပြစ်က သေးငယ်သော်လည်း စေတနာ များများထည့်ပြီး၊ ပျော်ပျော်ကြီးပြုလိုက်မိသည့်အတွက် “Misfortune never comes single.”ဟူ သော အင်္ဂလိပ်ဆိုးရိုးများနှင့်၊ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဟူသော မြန်မာဆိုးရိုးများ ပေါ်ပေါက် လာဟန်ရှိပါသည်၊၊

လူ၏ပင်ကိုယ်သဘာဝမှာ အကောင်းအပြုအမူများမှာထက် အဆိုးအပြုအမူများထဲတွင် ပျော်ဝင်နေ တတ်သည်ဟု ဆိုပါသည်၊၊ ထို့ကြောင့်လည်း လူ၏ဘ၀တစ်သက်တာတွင် “အသက်တစ်ရာမနေရ၊ အမှုတစ်ရာကို ရင်ဆိုင်နေကြရသည်”ဟု အဘိဓမ္မာသဘာဝများက မီးမောင်းထိုးပြနေပါသည်၊၊

အမှန်ဖြစ်သင့်သည်မှာ အခြေအနေအရ အဆိုးလုပ်ရပ်တစ်ခုကို မလွှဲသာ၍ပြုရသည့်တိုင် စေတနာပါပါ၊ ပျော်ပျော်ကြီး မပြုမိရန်အရေးကြီးသည်ဟု ယူဆရပါသည်၊၊ အဆိုးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်လျင်ကား အကောင်းဆုံးဖြစ်ပါသည်၊၊

“အလင်းစက်” စာဖတ်သူများ စေတနာကောင်းသဖြင့် ကံကောင်းသူများဖြစ်ပြီး၊ ပြည့်စုံသည့်ဘ၀များစွာကို ပိုင်ဆိုင်ကြပါစေ၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၃.၃.၂၀၁၁)

အပြည့်အစုံသို့....

Friday, March 11, 2011

အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘ၀၊၊ ၊၊



လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊

ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင်ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာဖြစ်သည်၊ လူသားသည်သာ ဘ၀ကိုစိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊

လူသား၏ ပုံဖော်မှုအပေါ်တည်မှီ၍ ဘ၀သည်အမျိုးမျိုး၊ အဖုံဖုံဖြစ်ရသည်၊၊ ရိုးစင်းသောဘ၀၊ ဆန်းပြား သောဘ၀၊ ရှင်းလင်းသော ဘ၀၊ ရှုပ်ထွေးသော ဘ၀၊ အဆင့်ရှိသော ဘ၀၊ အောက်ကျသော ဘ၀၊ စသည် စသည်တို့သည် လူသား၏တည်ဆောက် ပုံဖော်မှုအပေါ်တည်မှီ၍ ဖြစ်ပေါ်လာသော ဘ၀မျိုးစုံတို့ ဖြစ်သည်၊၊

အဆိုးမြင်စိတ်နှင့် ဆန်းပြားသော ဘ၀၊
အကောင်းမြင်စိတ်နှင့် ရိုးစင်းသော ဘ၀၊
ရိုးအေးမှုနှင့် ရှင်းလင်းသော ဘ၀၊
ကောက်ကျစ်မှုနှင့် ရှုပ်ထွေးသော ဘ၀၊
ထက်မြက်မှုနှင့် အဆင့်ရှိသော ဘ၀၊
သိမ်ငယ်စိတ်နှင့် အောက်ကျသော ဘ၀၊ ဟူ၍ ဘ၀အသီးသီးကို စိတ်ပိုင်းဆိုင်ရာနှင့်တွဲစပ်ပြီး သိမှတ်နိုင်သည်၊၊

လောကတွင် လူများစွာနှင့် သူတို့ပိုင်ဆိုင်ထားရသော ဘ၀များကိုကြည့်ပြီး ထိုသူများ၏စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို လေ့လာအကဲခပ်နိုင်သည်၊၊ လူအချို့သည် ထူးထွေဆန်းပြားသည့် ဘ၀ကိုခုံမင်ပြီး၊ ကျော်ကြားမှု၊ နာမည်တပ်မှုခံရတတ်သည့် လုပ်ဆောင်မှုများ၊ ဖော်ပြမှုများကို စိတ်ပါပါလုပ်ဆောင် တတ်ကြသည်၊၊ သို့သော် ထိုသူများ၏စိတ်သည် သဘာဝအားဖြင့် အဆိုးမြင်တတ်ရကား ငြိမ်းချမ်းမှုကို များစွာရခဲလှသည်၊၊

ရိုးစင်းသောဘ၀ကို နှစ်သက်သဘောကျ၍ အရာရာတွင်နောက်ဆုံးမှနေရာယူပြီး၊ နေရာထူးကိုရှောင်လေ့ရှိ သောလူများစွာတို့လည်း များစွာပင်ရှိသည်၊၊ ထိုသူများသည် ရိုးစင်းသည့်စိတ်ပိုင်းဆိုင်ရာနှင့် ရသမျှကိုကျေနပ်တတ်သည့် သဘာဝအခြေခံရှိထားကြရကား ငြိမ်းအေးသည့်ဘ၀ကို ရရှိကြသည်၊၊
ဓမ္မပဒတွင် စိတ်အခြေခံနှစ်မျိုးနှင့် အကျိုးသက်ရောက်ပုံနှစ်မျိုးကို ဖော်ပြထားသည်ကို လေ့လာရမိသည်၊၊

(၁) အပြစ်မြင်စိတ်၊
(၂) အပြစ်ပြောလိုစိတ်၊ တို့သည် စိတ်အခြေခံနှစ်မျိုးဖြစ်ပြီး၊
(၁) စိတ်ချမ်းသာမှုကို မရနိုင်၊
(၂) စိတ်ချမ်းသာမှုမှ ဝေးကွာသည်၊၊ ဤနှစ်မျိုးသည် အကျိုးဆက်နှစ်မျိုး ဖြစ်သည်၊၊

အပြစ်မြင်စိတ်သည် ထိုစိတ်ရှိသူကို စိတ်မချမ်းသာအောင် ပြုသည့်စိတ်ပင် ဖြစ်သည်၊၊ လူပေါင်းများစွာ၏ စိတ်ဆင်းရဲရမှုများသည် အသေအခြာစီစစ်လျင် အပြစ်မြင်စိတ်မှ စတင်ခဲ့ရသည်၊၊ “အရင်းစစ်သော် အမြစ်မြေက”ဆိုသကဲ့သို့ပင် ဖြစ်သည်၊၊ ဘ၀မငြိမ်းချမ်းသူများတွင် အပြစ်မြင်တတ်သည့် စိတ်ခို အောင်းနေသည်ကို တွေ့ရတတ်သည်၊၊

ထိုကဲ့သို့သောသူများသည် မည်သည့်အရာကိုကြည့်ကြည့် အပြစ်မြင်လိုသည့်ဘက်ကသာ ကြည့်လေ့၊ မြင်လေ့ရှိကြသည်၊၊ စိတ်ကိုက အပြစ်မြင်တတ်နေရကား ကြည့်လိုက်သည့်အရာတိုင်းသည်လည်း အပြစ်ပြောစရာချည်းပင် ဖြစ်နေပြန်သည်၊၊ အဆိုးကိုအမြဲမြင်နေရသည့် စိတ်မျိုးဖြစ်သည့်အတွက် စိတ်ချမ်း သာ၊ ငြိမ်းချမ်းမှုကိုလည်း ဘယ်သောအခါမှပင် ရရှိသည်မရှိတော့ပေ၊၊

အပြစ်မြင်စိတ်ရှိသူတိုင်းသည် အပြစ်ပြောလေ့မရှိတတ်၊၊ တချို့သူများမှာမူ အပြစ်ကိုမြင်တတ်ရုံမက နှုတ်မှလည်း ထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သည့်အတွက် စိတ်ချမ်းသာမှုမှ ပို၍ပင်ဝေးကွာသူများ ဖြစ်ရတော့သည်၊၊

စိတ်ချမ်းသာမှုမရသူသည် ပြုပြင်လိုက်လျင် စိတ်ချမ်းသာမှု၊ အေးချမ်းမှုကို တနေ့တွင်ရရှိလာနိုင်သေးသည်၊၊ အပြစ်ဆိုဖို့ဝန်မလေးသူ ဖြစ်နေပါမူကား စိတ်ချမ်းသာမှုနှင့် လုံးဝကင်းဝေးသွားသူ ဖြစ် သည့်အတွက် ဘယ်သောအခါမှပင် စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို မမျှော်လင့်နိုင်တော့ချေ၊၊

နောက်ဆက်တွဲအကျိုးဆက်အဖြစ် လူများစွာ၏မုန်းတီးမှု၊ ရှောင်ရှားမှုတို့ကိုလည်း ရရှိတတ်ပြန်သည်၊၊ ဤအခြေအနေတွင် အထီးကျန်မှုဖြင့် စိတ်ရောဂါများပင် ရရှိလာတတ်သည်ဟုဆိုထားသည်ကို လေ့ လာရသည်၊၊

အပြစ်မြင်တတ်ပြီး၊ အပြစ်ကိုထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သူသည် မည်သည့်အရာကိုမဆို အပြစ်တင်နေလေ့ရှိသည်၊ "ဗုဒ္ဓဘုရားရှင်ကိုပင် နားရွက်ရှည်လွန်းသည်ဟု၎င်း၊ ထာဝရဘုရားရှင်ကို တရားမျှတသည့် ဖန်ဆင်းရှင်မဟုက်ဟူ၍၄င်း၊" ဘုရားများကိုပင် အပြစ်ရှာပြောတတ်တော့သည်၊၊ သာမန်လူတို့အပေါ်တွင်ကား ဆိုဖွယ်မရှိ၊ အဆုံးမရှိအပြစ်ပြောနေတတ်သည်၊၊

အပြစ်မြင်စိတ်နှင့် အပြစ်ပြောလိုစိတ်ပင်ကိုယ်ကပင် ရှိနေသူအဖို့ အပြစ်လွတ်သော ကြည့်စရာ၊ မြင်စရာဟူ၍ မရှိပေ၊ အရာအားလုံးပင် သူ့အတွက်အပြစ်ပြောဖို့ချည်း ဖြစ်နေတော့သည်၊၊ ထို့စိတ်ရှိသူကိုယ်တိုင်လည်း စိတ်ချမ်းသာ၊ ပျော်ရွှင်ကြည်နူးမှုကို မရရှိတတ်ပေ၊၊

အပြစ်ပြောလိုသည့်စိတ်နှင့် ပြစ်တင်ပြောဆိုမှုကို ခုံမင်သည့်အလျောက် မြင်နေရ၊ ပြောနေရသည်ကို ကျေနပ်သော်လည်း ထိုသူများ၏စိတ်ပိုင်းရာသည် ငြိမ်းချမ်းသည့်စိတ်များ၊ ချမ်းသာသည့်စိတ်များ မဟုက်သည်ကို သတိပြုရမည်၊၊ အပြစ်ကိုကြည့်လေ့ရှိသူ၊ ပြောလေ့ရှိသူများမှာ သူတို့ကိုယ်တိုင် ပူလောင်နေသူများ ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုပါသည်၊၊

မြန်မာစာပေလောကတွင် ထင်ရှားသော "ဆရာကြီး ဦးခင်မောင်လတ်”သည် “သူတစ်ပါး၏အပြစ်ကို ကြည့်တတ်၊ မြင်တတ်သူ မဖြစ်ရပါစေနှင့်”ဟု ဆုတောင်းကြောင်း သိရသည်၊၊ အတုယူထိုက်သည့် ဆုတောင်းပင် ဖြစ်သည်၊၊

မြန်မာစကားတွင် “ပျက်အစဉ် ပြင်ခဏ”ဟူ၍ရှိသည်၊၊ ထို့အပြင် "လူသားသည် မိမိနှင့် မိမိပတ်ဝန်းကျင်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အမြဲမပျတ်လေ့လာ အကဲခပ်နေရမည်"ဟူ၍ ဗုဒ္ဓရှင်တော်ဆုံးမထားသည်ကို သတိပြုလျက်၊ မိမိ၏အပြစ်မြင်တတ်သည့်စိတ်နှင့်၊ အပြစ်ပြောလိုစိတ်ကို အကောင်းမြင်စိတ်နှင့်၊ ချီးမွှန်းတတ်သည့်အဖြစ်သို့ ပြုပြင်ယူလျင် အမှန်ပင် ငြိမ်းအေးသည့်ဘ၀နှင့် ချမ်းသာသည့်ဘ၀ကို ရရှိနိုင်သည်၊၊

ဓမ္မပဒတွင် ဇာတ်လမ်းတစ်ခုကို ဗုဒ္ဓကသင်ပြထားပါသည်၊၊ ထိုဇာတ်လမ်းတွင် နတ်သားတစ်ယောက်က ဗုဒ္ဓအားမေးခွန်းအချို့ကို မေးခဲ့သည်၊ မေးခွန်းမှာ-
"ဗုဒ္ဓ,လူသားတို့၏ဘ၀ပုံစံတွေ ဘာလို့မတူညီကြတာလဲ၊
နတ်သား, စိတ်မတူသည့်အတွက် ဘ၀ပုံစံမတူညီကြခြင်း ဖြစ်တယ်၊၊"


မှန်သည်၊၊ လူသား၏ဘ၀တွင် စိတ်ကအရာရာကို ပဲ့ကိုင်လေ့ရှိသည်၊၊ စိတ်၏အရေးပါပုံကို ဓမ္မပဒတွင် များစွာဖော်ပြပါရှိသည်၊၊ လူသားတွင် စိတ်ဓာတ်ဆန်းကြယ်လျင် အတွေးအခေါ်များ ဆန်းကြယ်လာသည်၊ အတွေးအခေါ်ဆန်းကြယ်လာလျင် လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသည်၊ လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသောအခါ အကျိုးရလာဘ်များလည်း အမှန်ပင်ဆန်းကြယ်လာရတော့သည်၊၊

သူဌေးအဖြစ်နှင့် စည်းစိမ်ပေါ်တွင်နေလိုသူများသည် သူဌေးဖြစ်စေတတ်သည့် အလုပ်မျိုးစုံကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ လုပ်ဆောင်သဖြင့် သူဌေးအဖြစ်ကို ရရှိသည်၊၊ ဘ၀တွင်ထင်ပေါ်စေလိုသူများသည် ထင်ပေါ်စေတတ်သည့် အလုပ်မျိုးစုံကိုလုပ်သဖြင့် ထင်ပေါ်သူများ ဖြစ်လာရသည်၊၊ အေးငြိမ်းသောဘ၀ကို အလိုရှိသဖြင့် အရာရာနောက်ကွယ်မှနေရာယူပြီး၊ ပေါ့ပါးသည့်အလုပ်ကိုသာ လုပ်သူများသည်အေးငြိမ်း သောဘ၀ကို ရရှိရသည်၊၊ နာမည်ပေါ်လွင်မှုနှင့်၊ ချမ်းသာမှုကား သူတကာထက် အားနဲနေတတ်သည်၊၊

အရှင် မြန်မာပြည်အထက်ပိုင်း အညာဒေသသို့ရောက်စဉ်က ကြီးမားသော တမာပင်အရိပ်၊ မန်ကျည်း ပင်အရိပ်တို့တွင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲကို အရသာရှိရှိ၊ မြိန်ရေယှက်ရေ သောက်စားပြီး၊ ကျေးရွာ အရေးအပါအ၀င် နိုင်ငံတကာအရေးများ၊ သာသနာရေးများကို ပြောဆိုဆွေးနွေးနေကြသော တောင်သူ လယ်သမားများကို တွေ့ခဲ့ရသည်၊၊ သူတို့၏ဘ၀သည် စိတ်အားဖြင့် အမှန်ပင်အေးငြိမ်းသော ဘ၀များဖြစ်သည်ကိုလည်း လေ့လာမိခဲ့သည်၊၊

ရိုးစင်း၍ အကောင်းမြင်တတ်သောဘ၀ဟူသည် ထိုကဲ့သို့သောဘ၀များ ဖြစ်လေသည်ဟုလည်း ကောက်ချက်ချမိသည်၊၊ အစစအရာရာတွင် အကောင်းဘက်မှ ရှုမြင်သုံးသပ်ပြီး၊ အဖြစ်ကိုသာတွေး လေ့ရှိသူများ၊ ကြံလေ့ရှိသူများ၊ ပြုမူလေ့ရှိသူများသည် ဘ၀တွင်စစ်မှန်သည့် အေးငြိမ်းမှု၊ ချမ်းသာမှုကို ရရှိကြသည်၊၊

နေရာတိုင်းတွင် အရှေ့ဆုံးမှနေရာယူလျက် ထင်ပေါ်လိုသူများ၊ ကျော်ကြားလိုသူများမှာ အမြင်လှသော်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် များစွာပူလောင်ကြရသည်ကို နေ့စဉ်ဘ၀ပတ်ဝန်းကျင်တွင် လေ့လာအကဲခပ် ရမိသည်၊၊

ဘ၀ဟူသည်ကလည်း ရွေးချယ်မှုတွင် တစ်ခုတည်းကိုသာ ရွေးချယ်ခွင့်ပေးတတ်သည့် အရာဖြစ်နေသည်၊၊ ချမ်းသာမှုစည်းစိမ်နှင့်၊ အေးချမ်းသည့်စိတ်အစဉ်-မည်သည်ကို ရွေးချယ်မည်နည်း၊၊ ချမ်းသာမှုကိုရွေးချယ်လျင် အေးချမ်းသည့်စိတ်အစဉ်ကို လက်လွှတ်ရပေမည်၊ အေးချမ်းသည့် စိတ်အစဉ်ကိုရွေးချယ်လျင် ချမ်းသာမှုကို အနဲနှင့်အများဆိုသလို လက်လွှတ်ရသည်၊၊

မည်သို့ဆိုစေ လူသားသည် မိမိ၏မူလစိတ်အခြေခံအလျောက် မိမိရွေးချယ်သည်ကို မိမိရရှိသည်၊ အချိန်တစ်ခုကိုတော့ စောင့်ရန်လိုသည်၊၊

အရှင်တင်ပြခဲ့သည့် စာတမ်းကို အနှစ်ချုပ်ဆွေးနွေးလျင်-
(1) အပြစ်မြင်စိတ်၊
(2) အပြစ်ပြောလိုစိတ်၊
(3) ဘ၀တွင်ရွေးချယ်မှု၊ ဤသုံးမျိုးကိုတွေ့ရမည် ဖြစ်သည်၊၊ စိတ်အခြေခံအလျောက်ရလာသည့် အကျိုးသက် ရောက်မှုနှင့်၊ ရွေးချယ်မှုအလျောက် ရရှိသည့်ဘ၀ပုံစံများကိုလည်း စာတမ်းတွင် တွေ့ရမည်ဖြစ်သည်၊၊

အပြစ်မြင်စိတ်ကို အကောင်းမြင်စိတ်အဖြစ်၊ အပြစ်ပြောလိုစိတ်ကို ချီးမွှန်းပြောလိုစိတ်များအဖြစ် ပြောင်းလဲ ရယူနိုင်ပြီး၊ ရိုးရှင်းသောဘ၀များကို တည်ဆောက်နိုင်ကြမည်ဆိုလျင် လူသားတိုင်း၏ဘ၀တွင် ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်၊၊

“အလင်းစက်”သို့ စာဖတ်သူများ အကောင်းမြင်စိတ်၊ ချီးမွှန်းပြောဆိုလိုစိတ်များဖြင့် အေးငြိမ်းသော ဘ၀၊ ရိုးစင်းသောဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ အလင်းစက်အရှင် ဆုတောင်းပေးလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၁.၃.၂၀၁၁)



(မှတ်ချက်/ ဓမ္မပဒဂါထာ၂၅၃၊ နှင့် အံ-၃၊ ဒေ၀ဒတ္တ၀ိပတ္တိသုတ်တို့ကို ကိုးကား၍ ဤစာတမ်းကို ရေးသားအပ် ပါသည်၊၊)

အပြည့်အစုံသို့....

Tuesday, March 1, 2011

သာသနာပြု စစ်တမ်း၊၊ ၊၊






ယနေ့ခေတ်တွင် “သာသနာပြု”ဟူသော ဝေါဟာရစကားလုံးကို အတော်များများက အသုံးပြုနေကြသည်ကို သတိပြုမိရသည်၊၊ မည်သည့်အပြုအမူနှင့်၊ လုပ်ရပ်ကို”သာသနာပြု”ဟု ခေါ်ဆိုသည်နှင့် “သာသနာပြု”လိုသူ၌ ရှိသင့်သောစိတ်ထားများ၊ စွမ်းရည်များကို စာပေရှုဒေါင့်မှ ဆွေးနွေးတင်ပြလိုက် ပါသည်၊၊

စစ်မှန်သည့် “သာသနာပြု”ဟူသည်ကို နားလည်သဘောပေါက်စေရန် “သာသနာပြု” ဝေါဟာရ၏ မူလအရင်းအမြစ်ကို လေ့လာသင့်ပါသည်၊၊ သို့မှသာ “သာသနာပြု” သဘောအဓိပ္ပါယ်နှင့်၊ မှန်ကန်သည့် “သာသနာပြု”နည်းကို ရရှိမည်ဖြစ်သည်၊၊

သာသနာပြုဟူသော ဝေါဟာရတွင် “သာသနာ”နှင့် “ပြု”ဟူ၍ ပုဒ်နှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့ရသည်၊၊ “သာသနာ”ပုဒ်သည် ပါဠိစကားလုံးဖြစ်ပြီး၊ “ပြု”သည် နာမသတ်မြန်မာကြိယာပုဒ် ဖြစ်ပါသည်၊၊

ပုဂံခေတ်အစောပိုင်းဆီက မြန်မာစာပေသည် လုံးဝပြည့်စုံသည့် စာပေတစ်ခု မဟုက်သေးကြောင်း မြန်မာစာပေသမိုင်းတွင် ဖော်ပြထားသည်၊၊ အနော်ရထာခေတ် ပါဠိစာပေပုဂံသို့ ရောက်လာသည်မှ စတင်ပြီး၊ မူလမြန်မာစာပေအတွင်းသို့ ပါဠိသက်ဝေါဟာရများ ဆင်းသက်လာပြီး၊ ကြွယ်ဝသည့် စာပေပုံစံတစ်ခုကို ယနေ့မြင်တွေ့နေရသလို ရရှိခဲ့သည်၊၊

အထက်ပါ “သာသနာပြု”ဆိုသောစကားလုံးတွင် ပါဠိပုဒ်တစ်ခုနှင့် မြန်မာပုဒ်တစ်ခုတို့တွဲစပ်ပြီး အသုံး ပြုထားသည်ကို တွေ့ရသည်၊၊ ဤကဲ့သို့ တွဲပြီးသုံးပြုသည့်ပုဒ်ပေါင်း မြန်မာစကားနှင်၊့ မြန်မာစာပေတွင် မရေ မတွက်နိုင်အောင် များသည်၊၊ တချို့နေရာများတွင်မူ တွဲစပ်၍ပင်မဟုက်ဘဲ ပါဠိပုဒ်ပင်ကိုယ်အတိုင်း မြန်မာမှုပြု၍ အသုံးပြုသည်ကိုပင် တွေ့ရသေးသည်၊၊

ဥပမာအားဖြင့် မေတ္တာ၊ သစ္စာ၊ ဥပေက္ခာ၊ စသော ပါဠိစကားလုံးများ၊ လောဘ၊ ဒေါသ၊ မောဟ၊ စသော စကားလုံးများဖြစ်သည်၊၊ တချို့နေရာများတွင် ပါဠိပုဒ်ကို ပုံစံပြောင်း၍အသုံးပြုထားသည်ကိုလည်း တွေ့ရ ပြန်သည်၊ ဥပမာအားဖြင့် သံယောဇဉ်၊ စိတ်၊ ရုပ်၊ စသည်တို့ဖြစ်သည်၊၊

“သံယောဇဉ်”စကားလုံးသည် “သံယောဇန” ပါဠိပုဒ်ကို မြန်မာမှုပြုထားသည် ဖြစ်ပြီး၊ “စိတ်”သည် “စိတ္တ”မှ၊ “ရုပ်”သည် “ရူပ”မှဆင်းသက်၊ မြန်မာမှုပြုထားသည်ကို လေ့လာရသည်၊၊ “သာသနာပြု” ဝေါဟာရသည်လည်း နည်းတူပါဠိတွဲစပ် အသုံးပြုသည့် မြန်မာစကားလုံးတစ်ခု ဖြစ်ပါသည်၊၊

“သာသနာ”ပုဒ်ကို အဆုံးအမ၊ ဆုံးမချက်၊ သွန်သင်ချက်၊ ညွှန်ကြားချက်၊ သင်ကြားချက်ဟူ၍ မြန်မာ ပြန်နိုင်ပါသည်၊၊ ဗုဒ္ဓရှင်တော် အသက်ထင်ရှားရှိစဉ်(၄၅)နှစ်တာအတွင်း ဆုံးမခဲ့သည်များ၊ ညွန်ကြားခဲ့ သည်များ၊ သင်ကြားခဲ့သည်များကို “သာသနာ”ဟု ခေါ်ဆိုပါသည်၊၊

ဤသင်ကြားချက်များ၊ ဆုံးမချက်များ၊ ဟောပြောချက်များကိုပင် ပါဠိစာပေတွင် “တိပိဋက=ပိဋကတ်သုံးပုံ”ဟု ခေါ်ပါသည်၊၊ ပိဋကတ်သုံးပုံသည် စာအုပ်အရေအတွက်အားဖြင့် အုပ်ရေ(၄၀) ရှိပါသည်၊၊

ဤမျှများပြားသည့် သင်ကြားချက်များကို ဗုဒ္ဓသည် နေရာဒေသအလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ အခြေအနေ အကြောင်းအရာအလိုက် သင့်တော်ရာ တရားဒေသနာများကို ဟောပြောသင်ပြ၊ ဆုံးမသွန်သင်ခဲ့သော်လည်း၊ ထိုဟောပြော၊ သင်ပြချက်များကို အသေးစိတ်အနှစ်ချုပ်ကြည့်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးကို ပုံစံအမျိုးမျိုး၊ ၀တ္ထုဇာတ်လမ်းအမျိုးမျိုး၊ သာဓကအမျိုးမျိုးဖြင့် ဟောပြော၊ သင်ပြခဲ့သည်ကို တွေ့ရသည်၊၊

ပိဋကတ်သုံးပုံစာပေဆိုသည်မှာ ဗောဓိပက္ခိယတရား(၃၇)မျိုး သင်ပြချက်ဟူ၍ မှတ်ယူရပါမည်၊၊ အဆုံးစွန် ဗုဒ္ဓ၏သင်ပြချက်အားလုံးကို အနှစ်ချုပ်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးမှ သစ္စာ(၄)ပါး အဖြစ်သာ တွေ့ရတော့သည်၊၊ ဆိုလိုသည်မှာ သစ္စာလေးပါးကိုသာ သဘောပေါက်သိမြင်လျင် ပိဋကတ်သုံးပုံကို သိမြင်သဘောပေါက်သည်ဟု ဆိုလိုပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အထက်ပါဆွေးနွေးတင်ပြချက်ကို “စတုသစ္စ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ”ဟု ညွန်ပြ ထားသည်ကို တွေ့ရပါသည်၊၊ သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြောချက်ဟူ၍မရှိဟု အဓိပ္ပါယ်ရပါသည်၊၊

ဗုဒ္ဓအရှင် လွန်တော်မူပြီး (5-century.A.D)တွင်ရေးသော ၀ိသုဒ္ဓိမဂ်ကျမ်းနှင့်၊ အခြားပါဠိကျမ်းအချို့တွင် ပိဋကတ်သုံးပုံကိုအနှစ်ချုပ်လျင် သီလ+သမာဓိ+ပညာ၊ သုံးမျိုးကိုသာ တွေ့ရသည်ဟုဆိုသော်လည်း ဗုဒ္ဓရှင်တော်၏ တိုက်ရိုက်ဟောကြားချက် အထောက်အထားမရှိဟု ပါဠိပညာရှင်များက ဆိုပါသည်၊၊

ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကမူ “သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြော သင်ပြချက်ဟူ၍ မရှိ”ဟု ပါဠိ စာပေမှတ်တမ်းတွင် မိန့်တော်မူသည်ကို တွေ့ရှိရသည်၊၊ ဤသို့ဆိုလျင် ကျယ်ဝန်းလှသည့် ပိဋကတ်သုံးပုံကို အနှစ်ချုပ်လျင် သစ္စာလေးပါးကိုသာ ရရှိတော့သည်ဟု နောက်ဆုံးကောက်ချက်ကို ရရှိမည် ဖြစ်ပါသည်၊၊

အထက်တွင်တင်ပြချက်များကို ခြုံငုံသုံးသပ်လျင် “သာသနာ”ဟူသည်မှာ သစ္စာလေးပါးဟု မှတ်သားရပါမည်၊၊ စာဖတ်သူအနေဖြင့် ဤမျှဆွေးနွေးတင်ပြလိုက်လျင် သာသနာဟူသည်ကို နားလည်သဘောကျပြီဟု ယုံကြည်ပါသည်၊၊

“ပြု”ဆိုသည်မှာ သစ္စာလေးပါးသင်ပြချက်၊ ဟောပြောချက်၊ ဆုံးမချက်ကို တည်တန့်အောင်၊ ပြန့်ပွားအောင်၊ နားလည်သဘောပေါက်မှု၊ အဓိပ္ပါယ်ယူဆမှုမလွဲအောင်၊ ကြိုးစားသည့်လုပ်ရပ်ကို ခေါ်ပါသည်၊၊ “သာသနာ”နှင့် “ပြု”နှစ်ပုဒ်ကိုပေါင်းစပ်၍ အဓိပ္ပါယ်ဖွင့်ဆိုလျင် ဗုဒ္ဓရှင်တော်ညွှန်ကြားသည့် သစ္စာလေးပါး အနှစ်တရားကို တည်တန့်၊ ပြန့်ပွား၊ အနက်အဓိပ္ပါယ်ကောက်ယူမှုမလွဲအောင် ကြိုးစားမှုဟူ၍ မှတ်သားရပါမည်၊၊

ဤကြိုးစားမှုသည် လွယ်ကူသည်ကား မဟုက်ပါ၊၊ ဗုဒ္ဓဘာသာဆိုသည်မှာလည်း သစ္စာလေးပါး ထိမ်းသိမ်း လိုက်နာ၊ ကျင့်ကြံအားထုတ်မှုပင်ဖြစ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာလေးပါးသင်ပြချက်ကို တည်တန့်၊ ပြန့်ပွား၊ သဘောအဓိပ္ပါယ်မလွဲအောင် ထိမ်းသိမ်းမှုမပြုနိုင်၍ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အခြားဘာသာခြား နိုင်ငံများအဖြစ်သို့ကျရောက်သွားသော နိုင်ငံများစွာရှိသည်၊၊

သစ္စာလေးပါး သင်ပြချက်အနှစ်သာရကို မပြည့်အ၀မရှိ၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဘာသာခြားဘာသာများသို့ ကူးပြောင်းသွားသည်များလည်း များစွာပင်ရှိသည်၊၊ ထို့ကြောင့် စစ်မှန်သည့် သာသနာပြုလုပ် ငန်းများ များစွာပင်လိုအပ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ဟောပြောချက် ပိဋကတ်စာပေသင်တန်းများ လွန်စွာလို အပ်ပါသည်၊၊

ပိဋကတ်စာပေသင်ကြားမှုများ၊ ဟောပြောမှုများ၊ ကျောင်းကန်၊ စေတီပုထိုးသာသနိကအဆောက်အ အုံများကို ထိမ်းသိမ်းခြင်းများ၊ အသစ်တည်ဆောက်မှုများအားလုံးသည် သစ္စာလေးပါးသင်ပြချက်ကို တစ်ဘက်တစ်လမ်းက ထောက်ပံ့ရာရောက်သည့်အတွက် သာသနာပြုအစစ် အမှန်ဖြစ်သည်ဟုပင် မှတ်ယူရပါမည်၊၊

ဗုဒ္ဓဘာသာကွယ်ပျောက်မှု၊ တည်ရှိမှုသည် ဗုဒ္ဓရှင်တော်သင်ပြ ဟောပြောခဲ့သည့် စတုအရိယသစ္စဟုခေါ်သော သစ္စာလေးပါးတည်ရှိနေမှု၊ ပျောက်ကွယ်သွားမှုအပေါ်တွင် မူတည်ပေသည်၊၊ ဗုဒ္ဓ၏ သစ္စာသင်ကြားချက် တည်ရှိသောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဟု ခေါ်ဆိုနိုင်သည်၊ သစ္စာတရားပျောက်ကွယ်နေသောနိုင်ငံသည် ဗုဒ္ဓဘာသာပျောက်ကွယ်သောနိုင်ငံဟု ခေါ်ဆိုရပေတော့မည်၊၊

ယနေ့မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံခြားများတွင် ဗုဒ္ဓဘာသာတည်ရှိနေသလား ပျောက်ကွယ်နေပြီလား ဆိုသည့် မေးခွန်းကိုလည်း သစ္စာတရားပေတံဖြင့်တိုင်းတာပြီး ဆုံးဖြတ်အဖြေ ပေးရပါမည်၊၊

သာသနာပြုဆိုင်းဘုတ် ကိုယ်စီတပ်ထားသော်လည်း စစ်မှန်သည့်သာသနာပြု ဟုက်သည်၊ မဟုက်သည်ကို သစ္စာလေးပါးတည်ရှိ ပြန့်ပွားစေသည့်လုပ်ရပ်၊ ကြိုးစားအားထုတ်မှုပါ မပါအပေါ်တွင်အခြေခံပြီး ဆုံးဖြတ်ရပါမည်၊၊ အဆုံးစွန်အားဖြင့်မူ သစ္စာကွယ်သောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာကွယ်သော အရပ် ဒေသနိုင်ငံဖြစ်သည်၊ သစ္စာတရားထွန်းလင်းသောနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းလင်းသော နိုင်ငံဖြစ်သည်၊၊

အာဖဂန်နစ်တန်နိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင်တို့တည်ထားကိုးကွယ်ခဲ့သော ကမ္ဘာ့ ရုပ်တုတော်ကြီများ ယနေ့တိုင်တည်ရှိနေသည်၊ သို့သော်မြတ်စွာဘုရားရှင်၏အဆုံးအမ၊ သစ္စာလေးပါး ကိုနားလည်သူ၊ တည်တန့်အောင်ကျိုးစားသူ၊ ပြန့်ပွားအောင်ကြိုးစားသူ မရှိတော့သည့်အတွက် ထိုဒေသမှ ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ရသည်၊၊

အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကမ္ဘာ့အကြီးဆုံးဟု မှတ်တမ်းတင်ထားသော ဗောရောဗုဓောစေတီတော်ကြီး ရှိသည်၊၊ သို့သော်ထိုဒေသတွင် သစ္စာတရားကို ပြန့်ပွားတည်ရှိနေအောင် မထိမ်းသိမ်းနိုင်ခဲ့သည့်အတွက် ရာစုနှစ်ပေါင်းများစွာ မူစလင်ဘာသာနိုင်ငံအဖြစ်သို့ ကျဆင်းသွားသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အခြားနိုင်ငံများစွာလည်း ရှိပါသေးသည်၊၊

အဋ္ဌကထာကျမ်းပေါင်းများစွာကို ရေးသားသည့် သီရိလင်္ကာနိုင်ငံတွင် သံဃာတော်နှင့် ရဟန်းမဘိက္ခူနီများ သိန်းနှင့်ချီ၍နေထိုင်ခဲ့သော ကျောင်းတိုက်ကြီးများကို ယနေ့တိုင်တွေ့ရသေးသည်၊ သို့သော် နှစ်ရာချီ၍ ဗုဒ္ဓသာသနာတော် ကွယ်ခဲ့ရဘူးသည်၊၊ ယနေ့မြင်တွေ့နေရသော သီရိလင်္ကာဗုဒ္ဓသာသနာမှာ မြန်မာတို့ဆီမှ မျိုးပွားထားသည့် သာသနာတော်ဖြစ်သည်၊၊ သစ္စာတရားပျက်သုဉ်းသဖြင့် သာသနာတော် ပျက်သုဉ်းခဲ့ရသည့် အဖြစ်အပျက်များပင် ဖြစ်ပါသည်၊၊

ဤသာဓကများကိုထောက်ဆ၍ ဗုဒ္ဓသာသနာတော် တည်တန့်ရေးမှာ ရုပ်ပြအဆောက်အဦးများ၊ စေတီပုထိုးများ မဟုက်ဘဲ၊ အနှစ်သာရဖြစ်သည့် သစ္စာလေးပါးတရားကို အစဉ်တည်တန့်ပြန့်ပွားစေရန် အားထုတ်ကြိုးစားမှုဖြစ်ကြောင်း အသိမှတ်ပြုရပါမည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာတရားများ ရှင်သန်အောင် ပြုသည်ကို သာသနာပြုဟု ခေါ်ဆိုကြောင်း စာဖတ်သူတို့ သဘောကျလောက်ပြီဟု အရှင် ထင်မြင်မိပါသည်၊၊
ယ္ခုအခါ သာသနာပြုသူတို့ ထားသင့်သောစိတ်ဓာတ်များနှင့် ရှိသင့်သည့်အရည်အသွေးများကို ဆွေးနွေးပါမည်၊၊

(၁) စေတနာ၊
(၂) သဒ္ဓါ၊
(၃) ခန္တီ၊
(၄) ပညာ၊
(၅) သတ္တိ၊

ဤအရည်အသွေးငါးမျိုးကို အပြည့်အ၀ရရှိထားလျင် သာသနာပြုရာတွင် အောင်မြင်ပြီဟု ယူဆမိပါသည်၊၊ သာသနာပြုသောအခါ မိမိသာသနာပြုသော အရပ်ဒေသရှိလူများစွာတို့အပေါ်တွင် စစ်မှန်သည့် ငြိမ်းအေးစေလိုစိတ်၊ ဗုဒ္ဓဘာသာကျင့်စဉ်အလိုအရ တိုးတက်စေလိုစိတ်ဓာတ်ထားရှိမှုကို စေတနာဟု ရည်ညွှန်းပါသည်၊၊

သဒ္ဓါဆိုသည်မှာ သာသနာပြုရာတွင် လိုအပ်လျင် လိုအပ်သလို ပေးကမ်းဝေငှရဲသည့်စိတ်မျိုးကို ခေါ်ပါသည်၊၊ သာသနာပြုရာတွင် ယူ၍သာသနာပြုသည်ထက်၊ မိမိက တတ်အားသမျှပေး၍ သာသနာပြုနည်းမှာ အောင်မြင်သည့်သာသနာပြုနည်းဖြစ်ကြောင်း သာဓကများစွာက ပြသနေပါသည်၊၊

သာသနာပြုရာတွင် သည်းခံနိုင်မှုသည် အထူးအရေးပါသော အရည်အသွေးတစ်ခု ဖြစ်ပါသည်၊၊ ပုဏ္ဏောဝါဒသုတ္တန်တွင် သည်းခံခြင်းဖြင့် သာသနာပြုအောင်မြင်နိုင်ကြောင်းကို အသေးစိတ်လေ့လာ ရရှိနိုင်ပါသည်၊၊

အောင်မြင်သော သာသနာပြုကောင်းတဦးဖြစ်ရန် ပညာထက်မြက်ဖို့လည်း လိုအပ်ပါသည်၊၊ ပညာ တတ်သည်ဆိုရာတွင် မိမိသာသနာပြုမည့် ဒေသသုံးဘာသာစကား ကျွမ်းကျင်မှု၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု များကို နားလည်မှုများလည်း ပါဝင်ပါသည်၊၊

မည့်သည့်လုပ်ငန်းတွင်မဆို အစဦးလုပ်ဆောင်ရသူသည် သတ္တိမရှိ မဖြစ်လိုအပ်ပါသည်၊၊ ရဲဝံ့သည့် စိတ်ဓာတ်ကို ဆိုလိုပါသည်၊၊ အတိုက်ခိုက်များကိုလည်း ရင်ဆိုင်ရဲရန်၊ လိုအပ်လျင် လိုအပ်သလို စွန့်စားမှုများပြုရန်၊ ရုပ်ပိုင်းဆိုင်ရာ ရဲဝံမှု၊ စိတ်ပိုင်းဆိုင်ရာထက်မြက်မှုများ လိုအပ်ပါသည်၊၊

သာသနာ မရောက်ရှိသေးသော ဒေသ၊ မပြန့်ပွားသေးသောဒေသများတွင် သာသနာပြုသောအခါ အခက်ခဲများစွာ မလွဲမသွေရင်ဆိုင်ရပါမည်၊ မည်သည့်အခက်ခဲကိုမဆို သတ္တိရှိသူဖြစ်လျင် အောင်မြင်စွာ ကျော်လွှားနိုင်ပါသည်၊၊ ဤကဲ့သို့ တင်ပြဆွေးနွေးခဲ့သည့် အရည်အသွေးစိတ်ဓာတ်များ ရရှိပိုင်ဆိုင်ထားလျင် မည်သည့်ဒေသတွင်မဆို အောင်မြင်သော သာသနာပြုကောင်းတယောက် ဖြစ်လာနိုင်ပါမည်၊၊ ငါးမျိုးသော သာသနာပြုသူတို့လိုအပ်သည့် အရည်အသွေးများသည် သာသနာပြုစိတ်ဓာတ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်၊၊

စာဖတ်သူများအားလုံး စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ သတ္တိရှိရှိဖြင့် ကမ္ဘာကိုဗုဒ္ဓရှင်တော်၏ သစ္စာ တရားများဖြင့် ငြိမ်းချမ်း အေးမြစေသူများ၊ သာသနာပြုကောင်းများဖြစ်လာပါစေလို့ ဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊



အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၂.၂၀၁၁)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP