Tuesday, August 3, 2010

အချစ်ကို ဘယ်လိုပြောရမယ်၊၊ ၊၊


ဘာသာစကားတိုင်းမှာ အများဆုံးနှစ်သက် သဘောကျကြတဲ့ ဝေါဟာရလေးတွေ ရှိကြပါတယ်၊၊ အင်္ဂလိပ်စာမှာ ဆိုရင် “love”ဆိုတဲ့ စကားလုံးဝေါဟာရလေးပေါ့၊ မြန်မာစကားမှာတော့ “အချစ်,ချစ်တယ်”ဆိုတဲ့ စကားလုံးဝေါ ဟာရလေးပါ၊၊ သီဟဠဘာသာစကားမှာတော့ “အာသရေ”ပါတဲ့၊၊

Love ဆိုတဲ့ဝေါဟာရကို အဘိဓာန်တစ်အုပ်မှာ တမျိုးဘာသာပြန်ထားတာမို့ တစ်ခုတည်း တိကျတဲ့ အဓိပ္ပါယ် ကိုပြောဖို့ မဖြစ်နိုင်လောက်အောင်ပါဘဲ၊၊ သေခြာတာတစ်ခုကတော့ Emotional Feeling=စိတ်တွင်း နှလုံး သားတွင်းမှာ ဖြစ်တည်နေတဲ့ love ကိုဘာသာစကားလုံးနဲ့ သရုပ်ဖော်လို့ မရဘူးဆိုတာပါပဲ၊၊ နောက်တစ်ခုက love ရဲ့ Funtional Actions=ဘယ်လိုချစ်တယ်၊ ဘယ်လောက် ချစ်တယ်၊ ဘာကြောင့် ချစ်တယ်၊ ဘယ်အထိ ချစ်မယ်၊ ဘယ်ပုံစံ ချစ်မယ်၊ ဘယ်အခြေအနေနဲ့ ချစ်တယ်ဆိုတာတွေကလည်း ဘာသာစကားနယ်ပယ်ကို ကျော်လွန်ပါတယ်၊၊

အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊
ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း၊၊
ဆားငန်ရေနောက် ငတ်တိုင်းသောက်က၊
သောက်လေ သောက်လေ ငတ်မပြေသို့၊
ပေမအရာ တဏှာဖွဲ့ရစ် ထိုအချစ်လဲ
အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊
ချစ်လျင် ပျော်နိုး၊ ချစ်စပျိုးသည်၊
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊၊

ကဗျာလေးက အရှင်ဇနကာဘိဝံသရဲ့ စာအုပ်ထဲမှာ ဖတ်မိတာပါ၊၊ ရှေးအမည်မသိစာဆိုတစ်ဦး ဖွဲ့သီခဲ့တာလို့ ဆိုပါတယ်၊၊ မြန်မာဝေါဟာရ အချစ်ဆိုတာကို နေရာများစွာမှာ မေတ္တာလို့ နားလည်ထားသူတွေ ရှိပါတယ်၊၊ ချစ်တယ် (သို့) မေတ္တာရှိတယ်ဆိုတဲ့ ဝေါဟာရနှစ်ခု အဓိပ္ပါယ်တူတယ်လို့ ဆိုလိုတာပါ၊၊ ဥပမာ--မိမိချစ်နေသူကို မေတ္တာရှိတယ်လို့ ပြောလိုက်ရင် ချစ်တယ်လို့ ပြောတယ်ဆိုတာကို အပြောခံရသူက အလိုလိုနားလည်သွားပါတယ်၊၊

တကယ်တော့ မေတ္တာဆိုတဲ့ ဝေါဟာရက မြန်မာဝေါဟာရ စစ်စစ်မဟုက်ပါဘူး၊၊ ပါဠိစာပေကနေ ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာ ဝေါဟာရတစ်ခုပါ၊၊ ပါဠိစာပေမှာသုံးတဲ့ မေတ္တာဆိုတာရဲ့ အနက်အဓိပ္ပါယ်က အကျိုးလိုလားတာကို ပြောတာပါ၊၊ ပါဠိသက် မြန်မာဝေါဟာရ မေတ္တာ ဆိုတာကတော့ အကျိုးလိုလားမှုအပြင် လောကီဆန်တဲ့ တွယ်တာမှု၊ မြတ်နိုးမှု၊ သံယောဇဉ်၊ အချစ်ဆိုတဲ့ သဘောများပါ သက်ဝင်နေပါတယ်၊၊

ဒီအချစ်တွေ မေတ္တာတွေ ဘယ်ကစလဲဆိုတဲ့ မေးခွန်းလေးကိုလည်း လူတိုင်းနီးနီးပင် ငယ်ရွယ်မှုနှင့် အတူ အဖြေရှာခဲ့ဘူးသည်ပင်၊၊ တချို့က ချစ်ခြင်းအစ မျက်စိကလို့ ဆိုသူတွေ ရှိသလို၊ တချို့ကလည်း ချစ်ခြင်းအစ နှလုံးသားကလို့ ဆိုသူတွေလည်း ရှိနေပြန်သည်၊၊ တချို့ကမူ ချစ်ခြင်းအစ “အာဒံနှင့် ဧ၀” ကဟုပင် ဆိုကြပြန်သေးသည်၊၊ စပ်မိ၍ ကဗျာလေးတစ်ပုဒ်ကို သတိရမိလာသည်၊ ဘယ်သူ ရေးသည် ဟုတော့ မမှတ်မိတော့ပါ၊၊

ချစ်ခြင်း အစ၊ မျက်စိကလို့
များလှက၀ိ၊ မိန့်ဆိုရှိလည်း၊
မျက်စိမမြင်၊ သံစဉ်မကြား၊
ထိုသူများဝယ်၊ ချစ်ခြင်း ဘယ်ကစပါလိမ့်၊၊ ၊၊

ဤမျှအပြောကျယ်တဲ့ အချစ်ဆိုတာကို လောကီနယ်ပယ်က လူသားတွေပင် မကဘဲ လောကုတ္တရာ နယ်ပယ်က ရဟန်းတော်အချို့ပင် အဖြေရှာခဲ့ကြဘူးကြောင်း အင်းဝခေတ် စာဆိုတော်ရှင်များ ဖြစ်ကြသည့်  အရှင်မဟာရဌသာရ၊ အရှင်မဟာသီလ၀ံသနှင့် အရှင်တေဇောသာရ တို့၏ စာပေများကို မြန်မာစာပေ သမိုင်းတွင် အလွယ်တကူ လေ့လာနိုင်ပါသည်၊၊

ဝန္နပဘာ
ကလျာနုသစ်…..စသည်ဖြင့် တမျိုး၊
ချုပ်ညရီတွင်
ဖြုပ်ချည်းမြင်သည်
ရှင်သာ ရခိုင့်တန်ဆောင်လော……စသည်ဖြင့် တဖုံ၊ ရဟန်းစာဆိုတော်အရှင်တို့၏ လျို့ဝှက် ရင်ခုံသံများကို တိတ်တဆိတ် ကြားယောင်မိပါသည်၊၊

ဤအရေးအရာကို ရဟန်းသံဃာတော်များတွင်သာမက ဖခင်ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်သည်ပင် အချစ်ရေး အချစ်ရာကို ဥပေက္ခာပြု၊ မျက်နှာလွှဲတော်မမူ၊၊ အချစ်နှင့်ဆက်စပ်၍ ဝေနေယျသတ္တ၀ါတို့ သိသင့် သိဖွယ်ရာများကို သင်ကြားပြသ ဟောကြားတော်မူခဲ့ကြောင်း ပါဠိစာပေမှတ်တမ်းများတွင် လေ့လာရရှိနိုင်ပါသည်၊၊

တချို့တချို့က မြတ်စွာဘုရား တရားဟောသည်ဟု ဆိုလိုက်လျင် အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့်၊ သစ္စာလေးပါး၊ မဂွင်ရှစ်ပါး၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် တရားများဟုသာ ထင်နေတတ်ကြပါသည်၊၊ ဗုဒ္ဓရှင်တော်သည် လောကုတ္တရာအတွက်သာ တာဝန်ကျေသူ မဟုက်ပါ၊ လောကအတွက်လည်း တာဝန်ကျေခဲ့ပါသည်၊၊

 အဘယ်ကြောင့်ဆိုသော် လောကီနယ်သား လူသားသာမန်တို့နှင့်သာ စပ်ဆိုင်သော စီးပွားရေး၊ ကြီးပွားရေးနှင့် လူမှုရေး၊ ပညာရေး၊ ချစ်ရေး ချစ်ရာတို့ပါမကျန်၊ သင်ပြ ဟောကြားတော်မူ၍ ဖြစ်ပါသည်၊၊

ချစ်ခြင်းအစ မျက်စိက, ချစ်မြင်းအစ နှလုံးသားက, ချစ်ခြင်းအစ အာဒံနှင့် ဧ၀က၊ ဟုထွေပြားစွာ ဆိုနေသူတို့ကြားတွင် မြတ်ဗုဒ္ဓရှင်တော်က တကယ်စစ်မှန်တိကျသည့် ချစ်ခြင်း၏အစကို ရှာဖွေ ပြသခဲ့ပါသည်၊၊ မြတ်စွာဘုရား ရှာဖွေပြသည့် ချစ်ခြင်းအစကို လေ့လာကြည့်ရအောင်ပါ----------
ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ၀ါ၊၊
ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ၊၊
(ဒုကနိပါတ ပါဠိ၊သာကေတဇာတက)

ဒီပါဠိစာပိုဒ်လေးမှာ အချစ်တခုရဲ့ အစ၊ အချစ်တစ်ခု ဖြစ်တည်လာဖို့ အကြောင်းနှစ်မျိုးကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊၊ အကြောင်းနှစ်မျိုးက-----
(၁) ရှေးရေစက်၊
(၂) အကျိုးလိုလားမှု၊ လုပ်ဆောင်ပေးမှု၊

သမိုင်းစာပေတွေကို လေ့လာကြည့်လိုက်ရင် ဘုရင့်သ္မီးတော်တွေနဲ့ အစေခံကျွန်ယောကျာင်္းတွေ ချစ်ကြိုက်မိကြပြီး စည်းစိမ်တွေစွန့်၊ အချစ်တစ်ခုတည်းကို ကိုးကွယ်သွားကြတာဟာ ရှေးဘ၀ရေစက်ကြောင့်ပါ၊၊ တပြည်သူ မုဆိုးမကို ချစ်မိပြီး ထီးနန်းစည်းစိမ်ကို စွန့်ရဲတာလဲ ရှေးဘ၀ရေ စက်ပါ၊၊ ရှေးရေစက်သာ ရှိလာရင် ဘယ်လောက်ဝေးဝေး၊ အဆင့်အတန်းတွေ ဘယ်လောက်ကွာကွာ၊ ဂုဏ်တွေ ဘယ်လိုပဲ ခြားခြား မစဉ်းစားနိုင်တော့ပါဘူး၊ ချစ်လို့ကို ချစ်တာလို့ ပြောရတော့မှာပါ၊၊

မိန်းကလေးတစ်ဦးနှင့် ယောကျာင်္းလေးတစ်ဦး ချစ်တာပဲ ဖြစ်ဖြစ်၊ မိန်းကလေးခြင်း ယောကျာင်္းလေးခြင်း ချစ်တာပဲ ဖြစ်ဖြစ်၊ မိဘနှင့် သားသ္မီး ချစ်တာပဲဖြစ်ဖြစ်၊ ညီကို မောင်နှစ်မခြင်း ချစ်တာပဲဖြစ်ဖြစ်၊ အချစ်တိုင်းမှာ ရှေးရေစက်ရှိရပါတယ်၊၊ ရှေးရေစက်သာ မရှိခဲ့ကြရင် တယောက်ကို တယောက် မချစ်တတ်ကြပါဘူး၊၊ တစ်မိသားစုထဲမှာတောင် အရမ်းစိမ်းတာတွေကို ရှိပါတယ်၊၊ ရှေးရေစက် နည်းခဲ့လို့ပါ၊၊

မိဘသဘောတူလို့ အကြင် လင်မယား အဖြစ်ယူထားကြပေမဲ့ တယောက်ကို တယောက် တသက်လုံး ချစ်မသွားကြသူတွေကို ပတ်ဝန်းကျင်မှာ တွေ့နိုင်ပါတယ်၊၊ ကိုယ်တစ်ခါမှ မမြင်ဘူးပဲ အသံလေးကြားရရုံနဲ့ မေတ္တာသက်ဝင်နေတာ၊ သံယောဇဉ်ကြီးမား နေတာတွေဟာ ရှေးဘ၀ အဆက်ဆက် ပြုခဲ့ဘူးတဲ့ ရေစက်ကြောင့်ပါပဲ၊၊ တစ်ခါလေးတွေ့လိုက်ရုံနဲ့ At first sight လို့ခေါ်တဲ့ မြင်မြင်ခြင်း အချစ်တွေ၊ သံယောဇဉ်တွယ်တာမိကြတာတွေဟာ ရှေးဘ၀ရေစက်ကြောင့်ပါပဲ၊၊ ဗုဒ္ဓရှင်တော်က ချစ်ခြင်းရဲ့အစကို ဤသို့သင်ပြတော် မူပါတယ်၊၊

နောက်တစ်ခု ချစ်ခြင်းအစကတော့ တဦးအကျိုးကို တဦးကလိုလားပြီး၊ အခြင်းခြင်း အကျိုးပြုရာကနေ စတာပါတဲ့၊၊ ဟုက်ပါတယ်၊၊ လူတွေဟာ ကိုယ့်အကျိုးကို လိုလားသူ၊ ကိုယ့်ကို အကျိုးပြုသူကို ချစ်တတ်တာ သဘာဝတစ်ခုပါပဲ၊၊ ကိုယ့်ဘ၀တိုးတက်အောင် ပြုပေးသူကို ချစ်တာဟာ ဘုရားအလိုကြတယ်လို့တောင် ဆိုရမှာပါ၊၊ သင်ကြားချက်နှစ်ခုကို သုံးသပ်ကြည့်ရင်---

(၁) ချစ်ခြင်းအစ ရှေးရေစက်က၊
(၂)ချစ်ခြင်းအစ အကျိုးပြုမှုကလို့ အချက်နှစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်၊၊

စာဖတ်သူရော တစ်စုံတစ်ယောက်ကို ချစ်ဖူးပါသလား၊ အဲဒီအချစ် ဘယ်က စတယ်လို့ထင်ပါသလဲ၊ တစိမ့်စိမ့်တွေးကြည့်ပါ….၊၊ ဆိုခဲ့ပြီးတဲ့ အကြောင်းနှစ်မျိုးက စခဲ့တဲ့အချစ်ကို ကြာရှည်တည်အောင် ထိမ်းထားသင့်ပါတယ်၊၊ ဘာလို့လဲဆိုတော့ အချစ်ကြီး ချစ်လာပြီးမှ ကျွမ်းအသဲတွေနဲ့ လမ်းခွဲရပြီး၊ မျက်ရည်ကျရတဲ့ ချစ်သူတွေကို များစွာတွေ့နေရလို့ပါ၊၊

ဗုဒ္ဓအရှင်က ဖြစ်ပေါ်လာပြီးတဲ့ အချစ်စစ်၊ အချစ်မှန်တွေ ရေရှည်တည်စေဖို့နဲ့၊ ဘ၀အဆက်ဆက်တိုင်း၊ ငှက်ဖြစ်လည်း တစ်ကိုင်းထဲ နားနိုင်ကြဖို့၊ အညီအမျှထားသင့်တဲ့ အချက်လက်လေးမျိုးကို မဟာကရုဏာတော်နဲ့ ညွှန်ပြတော်မူပါတယ်၊၊ လေးမျိုးဆိုတာက-------

(၁) သမ သဒ္ဓါ=ယုံကြည်ချက်တူညီမှု ရှိရမယ်၊၊
(၂) သမ သီလာ=ကိုယ်ကျင့် စရိုက်တူရမယ်၊၊
(၃) သမ စာဂါ=စီမံခန့်ခွဲမှု အပိုင်းမှာ အခွင့်ရေး တန်းတူရှိရမယ်၊၊
(၄) သမ ပညာ=ညာဏ်ပညာ အဆင့်တူရမယ်၊၊
(ပထမ/ဒုတိယ သမဇီဝိတ သုတ်၊အံ.၄၊)

ယုံကြည်ချက်၊ စရိုက်၊ အခွင့်ရေးမျှတမှု၊ အသိဉာဏ်အဆင့်-- လေးမျိုးတူမှသာ အချစ်ကနေ ဘ၀တစ်ခုကို အောင်အောင် မြင်မြင် တည်ဆောက်နိုင်ပါတယ်၊၊ ယုံကြည်ချက်မတူရင် ချစ်ပေမဲ့ ဘ၀တစ်ခုလက်တွဲဖို့ မဖြစ်နိုင်ပါဘူး၊၊ စီးပွားရေးဆိုင်ရာ ယုံကြည်ချက်၊ လူမှုရေးဆိုင်ရာ ယုံကြည်ချက်၊ ပညာရေးဆိုင်ရာ ယုံကြည်ချက်နှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ချက် အားလုံးဟာ တန်းတူ မဟုက်တောင် အတိုင်းအတာတစ်ခုထိ တူညီနေမှ လူနှစ်ယောက် ဘ၀တစ်ခုကို အတူလက်တွဲပြီး လျှောက်လှမ်းနိုင်တာပါ၊၊

ယုံကြည်ချက် မတူဘဲလက်တွဲမိခဲ့ကြသူတွေဟာ တနေ့မှာ စာချုပ်တစ်ခုမှာ လက်မှတ်ရေးထိုးတတ်ကြရပါတယ်၊၊ အဲဒီစာချုပ်ကတော့ “ကွာရှင်းပြတ်စဲခြင်း”ဆိုတဲ့ စာချုပ်ပါပဲ၊၊ ဒါကြောင့် အချစ်ကနေ ဘ၀တစ်ခုကို အောင်အောင်မြင်မြင်လက်တွဲနိုင်ဖို့ ယုံကြည်ချက်တူရပါတယ်၊၊ ဒါကို “သမ သဒ္ဓါ”လို့ခေါ်ရပါတယ်၊၊

အကျင့်စရိုက်ဆိုတာ အရမ်းအရေးပါ ပါတယ်၊၊ ချစ်သူတွေဘ၀မှာ အရမ်းချစ်ကြပေမဲ့ နှစ်သက်တမ်းလေး ရှည်လာတာနဲ့အမျှ တယောက်စရိုက်ကို တယောက်က စုံစမ်းမှန်းမသိ စုံစမ်းအကဲခပ် နေတတ်ကြပါတယ်၊၊ သူ့စရိုက်နဲ့ ကိုယ့်စရိုက်လုံးဝ ခြားနားနေပြီဆိုရင် ဘ၀တစ်ခုလုံးလက်တွဲဖို့ မဖြစ်နိုင်မှန်း ဦးနှောက်က အလိုလိုလက်ခံလာပါတယ်၊၊ “အသွင် မတူ၊ အိမ်သူ မဖြစ်”ဆိုတာ မြန်မာဆိုရိုးစကား ရှိပါတယ်၊၊

လူနှစ်ယောက် စရိုက်လုံးဝ မတူတော့ဘူးဆိုရင် တယောက်နဲ့ တယောက် သည်းခံလို့မရတော့ပါဘူး၊ အလိုလို ကိုယ်ပေါင်း စိတ်ခွာဖြစ်လာပြီး၊ မုန်းတဲ့အထိ၊ မတွေ့ချင် မမြင်ချင်တော့တဲ့အထိ ဖြစ်လာတတ်ပါတယ်၊၊ အချစ်စစ်မှသည် မိသားစုဘ၀နှင့်၊ သံသရာတိုင် အတူဆုံတွေ့လို ချစ်သက်ရှည်စေလိုတယ်ဆိုရင် ဒုတိယလိုအပ်ချက်က စရိုက်ဝါသနာ တူဖို့ဖြစ်ပါတယ်၊၊ ဒါကိုတော့ “သမ သီလာ”လို့ပါဠိစာပေမှာ ခေါ်ပါတယ်၊၊

ဗုဒ္ဓရှင်တော်က အကြင်နာကြီး၍ ချစ်မငြီးသူတို့အတွက် အချစ်သက်တမ်း ကြာရှည်စေဖို့ နောက်တစ်ခု သင်ပြချက်ကတော့--တန်းတူညီမျှတဲ့ အခွင့်ရေး ရရှိရေးပါတဲ့၊၊ သေခြာပါတယ်၊၊ လူဆိုတာ အတ္တသားကောင်တွေပါ၊ နှစ်ယောက်ယှဉ်လာရင် မိမိက အသာလိုချင်စမြဲပါ၊၊ ဆိုပါစို့၊ ချစ်သူဘ၀မှာ အပေးအယူမျှကြပြီး မိသားစုဘ၀ရောက်ပြီပဲထားကြပါစို့၊ ဒီအချိန်မှာ ချစ်သူဘ၀တုန်းကလို နှစ်ယောက် တစ်ကမ္ဘာ၊ နှစ်ယောက် တစ်အိမ်မက် မဟုက်တော့ပါဘူး၊ နှစ်ဘက် မိဘဆွေမျိုး ဆိုတာတွေပါ ပါလာပါပြီ၊၊

ဒီတော့ တိုးပွားလာတဲ့ စီးပွားရေးကနေ သူ့မိဘဆွေမျိုး ကိုယ့်မိဘဆွေမျိုးတွေကို ဝေငှပေးချင်လာပါတယ်၊၊ ထောက်ပံ့ချင်တယ်ဆိုပါတော့၊၊ တကယ်လဲ ထောက်ပံ့သင့်ပါတယ်၊ အကြောင်းက မိမိငယ်စဉ်ဘ၀တစ်လျောက်လုံးကို ချစ်သူက တာဝန်ယူခဲ့တာမဟုက်ဘဲ မိသားစုဆွေမျိုးတွေက ပညာရေးမှအစ တာဝန်ယူခဲ့ကြရလို့ပါ၊၊ မိဘဆွေမျိုးတွေက တာဝန်ကျေခဲ့လို့ ကိုယ့်မှာ မိသားစုလေးနဲ့ လူတလုံး သူတလုံးဖြစ်လာတဲ့အချိန်မှာ မိမိကလည်း မိဘဆွေမျိုးတွေအပေါ် ပြန်ပြီးတာဝန်ကျေချင်တာ သဘာဝကျပါတယ်၊၊

ဒါပေမဲ့ ပြဿနာက အိမ်ထောင်ရှင်ဖြစ်လာတော့ ကိုယ့်မှာတင် အသိုင်းအ၀န်း ရှိတာမဟုက်ဘဲ၊ မိမိဘ၀ကြင်ဖော်မှာလဲ အသိုင်းဝန်းရှိတယ်ဆိုတာကို မေ့လျော့နေတတ်ပြီး၊ ကိုယ့်မိဘကိုတော့ အိမ်ပေါ်ခေါင်းရင်းခန်းမှာ ခေါ်တင်ထားချင်ပြီး၊ တဘက် မိဘအသိုင်းဝန်းကိုတော့ အသိမှတ်မပြု၊ ဖြစ်နေတတ်ပါတယ်၊၊ အိမ်ထောင်တခုမှာ ဇနီးသည်နှင့် ခင်ပွန်းသည်တို့ တန်းတူအခွင့်ရေး ရရှိသင့်ပါတယ်၊၊

ဇနီးသည်က ဖြစ်စေ၊ ခင်ပွန်းသည်က ဖြစ်စေ၊ အိမ်ရဲ့စီမံ ခန့်ခွဲမှုအပိုင်းကို တစ်ဦးတည်း ဆုပ်ကိုင်ထားပြီဆိုရင် မကြာပါဘူး၊ အိမ်ထောင်ရေးမှာ ကသိ ကအောက်ဖြစ်လာပါတယ်၊၊ ဒီအခြေအနေမှာ နှစ်ဘက်သွေးထိုးစကား တွေကလည်း မခေါ်ဘဲ ရောက်လာတတ်တဲ့အတွက် မိသားစုဘ၀ မချမ်းမြေ့၊ မပျော်ရွှင်ရဘဲ လမ်းခွဲကြရတဲ့ အဆင့်ထိ ရောက်သူတွေကိုလည်း ပတ်ဝန်းကျင်မှာ တွေ့ရမြင်ရပါတယ်၊၊

ဒါကြောင့် ချစ်သူဘ၀မှာ နှစ်ယောက်တည်း သစ္စာရှိရှိ ချစ်ကြရင်ပြီးပေမဲ့ မိသားစုဘ၀ရောက်လာတဲ့အခါမှာ နှစ်ဘက်မိဘဆွေမျိုး အညီအမျှထောက်ပံ့ပေးကမ်း မှုဟာ အရေးကြီးပါတယ်၊၊ သူ့မိဘကိုတော့ ငှက်ပျောသီးလောက်နဲ့ ကန်တော့ပြီး၊ ကိုယ့်မိဘကိုတော့ ပန်းသီးခြင်းလှလှကြီးနဲ့ ကန်တော့နေတတ်တဲ့သူတွေ သတိထားစရာပါ၊၊

 မြတ်ဗုဒ္ဓရှင်တော်ရဲ့ မိသားစုဘ၀ စိုပြေရေး တန်ဖိုးရှိတဲ့ သင်ပြချက်လေးတွေပါ၊၊ အကျဉ်းချုပ်ကြည့်ရင် အချစ်သက်တမ်းရှည်စေဖို့ တတိယလိုအပ်ချက်က အိမ်ထောင်စံမံခန့်ခွဲရေးမှာ လင်နှင့်မယား အခွင့်ရေး တန်းတူရရှိရေး ဖြစ်ပါတယ်၊၊ ဒါလေးကိုတော့ “သမ စာဂါ” လို့ပါဠိစာပေမှာ မှတ်တမ်း တင်ထားပါတယ်၊၊

သမ ပညာ=ဆိုတာ ပညာအဆင့်တူတာကို ပြောတာပါ၊၊ သူဒေါက်တာဘွဲ့ရလို့ ကိုယ်လဲဒေါက်တာဘွဲ့ ရရမယ်လို့ ဆိုလိုတာ မဟုက်ပါဘူး၊ သူအင်ဂျင်နီယာဖြစ်လို့ ကိုယ်လည်း အင်ဂျင်နီယာဖြစ်ရမယ် ပြောတာ မဟုက်ပါဘူး၊၊ လူတွေမှာ ပင်ကိုအသိညာဏ်ဆိုတာ ရှိပါတယ်၊၊ အသိဉာဏ်အဆင့် အရမ်းကွာနေရင်လည်း အချစ်ကနေ အောင်မြင်တဲ့ အိမ်ထောင်ရေးကို မတည်ဆောက်နိုင်ပါဘူး၊၊ သံသာလေ ကမ်းတိုင် တူပြိုင်ကူးဖို့တော့ ဝေးတာပေါ့၊၊ ဘုရင့်သ္မီးတော်နဲ့ သစ်ခုတ်သမားဆိုတာလည်း ပုံပြင်ထဲမှာပဲ ရှိတာပါ၊၊

တကယ့်လက်တွေ့ဘ၀မှာတော့ လူတွေဟာ ကိုယ့်အဆင့်နဲ့ တူရာတူရာတွေမှာပဲ ဆက်ဆံပေါင်းသင်းလို့ရကြတာပါ၊၊ ရှေးရေစက်နဲ့ အကျိုးလိုလားမှုကနေစလာတဲ့ အချစ်စစ်မှာ ပညာရေးအဆင့်အတန်းက မလိုအပ်သေးပေမဲ့ ဘ၀တစ်ခုကို တယောက်လက် တယောက်အပ်ပြီး တည်ဆောက်ကြဖို့ ပြင်ဆင်တဲ့အခါမှာတော့ အသိညာဏ်မြင့်မားဖို့ အတွေးအခေါ်က မိမိအားကိုးလောက်တဲ့ အခြေအနေမှာ ရှိနေဖို့ဆိုတာတွေဟာ အရေးပါလာပါပြီ၊၊

စကားလုံး အနုအလှလေးတွေနဲ့ ချစ်ရုံသာ ချစ်တတ်ပြီး၊ ဘ၀တစ်ခုကို Management=မစီမံနိုင်တဲ့ အသိဉာဏ်နုံခြာနေသူမျိုးကို တဘ၀လုံးလက်တွဲဖို့ ဘယ်သူမှ သတ္တိရှိကြမှာ မဟုက်ပါဘူး၊၊ ကိုယ်အားကိုးလောက်တဲ့ အသိဉာဏ်လုံလောက်သူကိုသာ ဘ၀ကြင်ဖော်အဖြစ် လက်တွဲလို ကြပါတယ်၊၊

အားကိုးလောက်တဲ့ အသိဉာဏ်ပညာအဆင့်တော့ ရှိနေပါရဲ့၊ ကိုနဲ့ အရမ်းကွာလွန်းပြန်ရင်လည်း အဆင်မပြေပါဘူး၊၊ ဒီအခြေအနေမျိုးမှာတော့ အသိဉာဏ်အဆင့် မတူတော့ အတွေးအခေါ် မတူတတ်ပါဘူး၊ အတွေးအခေါ် မတူရင် ဆုံးဖြတ်ချက်လဲ ခြားနားလာပါတယ်၊ အညိဉာဏ် အဆင့်အတန်း မတူဘဲ လက်တွဲမိထားပြန်ရင်လဲ ကိုယ်ကတစ်ခုခုကို လုပ်မယ်ကြံလိုက်တိုင်း သူကသဘောမတူ တားမြစ်၊ သူတစ်ခုခုလုပ်မယ် ကြံတိုင်းလည်း ကိုယ်က သဘောမတူနိုင် တားမြစ်၊ ဒီလိုနဲ့ သဘောထားကွဲလွဲတာတွေ များလာပါတော့တယ်၊၊

ကြာလာတော့ သူ့ကို ကိုယ်ကစိတ်ပျက်၊ ကိုယ့်ကို သူကစိတ်ပျက်ဖြစ်ပြီး ချမ်းမြေ့ဖွယ် မသားစုဘ၀ကို မရတော့ဘဲ အောင်မြင်တဲ့ အိမ်ထောင်ရေး ဖြစ်မလာပြန်ပါဘူး၊၊ စိတ်တူ ကိုယ်တူ၊ ဘုရားသွား အတူ၊ ကျောင်းသွားလည်း အတူဆိုတာ အသိဉာဏ်အဆင့်တူမှ ဖြစ်တာပါ၊၊ အသိဉာဏ်အဆင့် မတူ၊ ကွာဟလွန်းနေရင် တစ်စထက်တစ်စ စိတ်ကွဲ၊ ကိုယ်ခွဲ၊ သဘောထားကွဲပြီး မိသားစုဘ၀ချစ်ဆိုတာ ပျြိကွဲပါတော့တယ်၊၊

ဒါကြောင့် သမ ပညာ=အသိဉာဏ်ပညာ အဆင့်တူညီမှုကို အချစ်တခုရဲ့ တည်မြဲကြောင်းလို့ ဗုဒ္ဓကသင်ပြ တော်မူတာပါ၊၊ အသိဉာဏ်ပညာ အဆင့်အတန်း တူညီမကြတဲ့ အိမ်ထောင် ရှင်တွေမှာဆိုရင် သူ့ဆုံးဖြတ်ချက်လဲ ကိုယ်က ထောက်ခံအတည်ပြု၊ ကိုယ့်ဆုံးဖြတ်ချက်လည်း သူကထောက်ခံ အတည်ပြုနဲ့ စီးပွားရေးတွေလဲ တိုးတက်ပြီး ချမ်းသာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြရပါတယ်၊၊

 မိသားစုတွေမှာ နေ့စဉ် မြင်တွေ့နေရတဲ့ ငြင်းခုံမှုတွေ၊ ခိုက်ရန်ဖြစ်မှု တွေဆိုတာတွေဟာ လင်နှင့် မယား အတွေးအခေါ် အယူအဆ မတူရာကနေ စတာပါ၊၊ မိဘတွေက တကျက်ကျက် ရန်ဖြစ်နေတော့ သားသ္မီးတွေကလည်း အိမ်မှာ မပျော်မွေ့တော့ပါဘူး၊၊ အဲဒါနဲ့ အပြင်ထွက် အပျော်ရှာရာက အပျော်ထက် အပျက်ကိုတွေ့ပြီး၊ရုံးရောက် ဂါတ်ရောက် ရောက်ကြရတာတွေကလည်း အရင်းစစ်ရင် မိဘတွေ အသိညာဏ်မတူရာက စကြောင်း သတိထားစရာပါ၊၊

စာတမ်းကို အနှစ်ချုပ် ကြည့်ကြည့်ကြပါစို့၊
အချစ်ဘယ်ကစလဲဆိုရင် ရှေးရေစက်နဲ့ အကျိုးလိုလားမှုကနေ စပါတယ်၊၊ ဒီအချစ် ထာဝစဉ်တည်မြဲဖို့၊ ဘ၀ဆက်တိုင် ဘ၀ခြင်းဆုံတွေ့ဖို့ ယုံကြည်ချက်၊ စရိုက်ဝါသနာ၊ အခွင့်အရေး၊ အသိဉာဏ်အဆင့် တူရပါတယ်၊၊ သိပ်အများကြီး မဟုက်တဲ့ အချက်လေးမျိုးတူမယ်ဆိုရင် ရေကိုဓားနဲ့ ခုတ်ဖြတ်လို့ မရသလို အချစ်စစ်တွေ ကမ္ဘာတည်သရွေ့ တည်မြဲမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
( ၂၈.၇.၂၀၁၀ )

1 comments:

Oakkar September 7, 2010 at 1:37 AM  

အရမ်း ကောင်းတဲ့ ဆောင်းပါးလေးပါ။ ဦးဇင်းကို အရမ်း ကျေးဇူးတင်ပါတယ်။ တခြား ဘလောက်တစ်ခုကို ဖတ်ရင်း မမျှော်လင့်ဘဲ link လေးတွေ့လို့ လာဖတ်ဖြစ်သွားတာပါ။ ဒါပေမယ့် ပြောမပြတက် အောင် ကျေနပ်မိပါတယ်။ ကျေးဇူးကမ္ဘာ ပါဘုရား။ :)

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP