Thursday, August 26, 2010

(B.P.U)တက္ကသိုလ်( သီရိလင်္ကာ)




သီရိလင်္ကာနိုင်ငံတွင် မြန်မာသံဃာတော် အများစုတက်ရောက် ပညာသင်ကြားနေသော တက္ကသိုလ်ကြီးလေး ခု ရှိပါသည်၊၊ ထိုတက္ကသိုလ်ကြီးများမှာ ကေလနိယတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်၊ ကိုလမ်ဘို တက္ကသိုလ်နှင့်၊ (B.P.U)တက္ကသိုလ်တို့ ဖြစ်ပါသည်၊၊

တက္ကသိုလ်လေးခုဟုဆိုသော်လည်း ကေလနိယတက္ကသိုလ်နှင့်(B.P.U) တက္ကသိုလ်နှစ်ခုတွင် အများဆုံးတက်ရောက်နေကြခြင်း ဖြစ်သည်၊၊ ကေလနိယတက္ကသိုလ်တွင် နှစ်စဉ်မြန်မာကျောင်းသား (၈၀) ခန့်တက်ရောက်ကြပြီး၊ (B.P.U)တက္ကသိုလ်တွင် နှစ်စဉ်မြန်မာကျောင်းသား(၅၀)ခန့် တက်ရောက်ပညာသင်ယူကြပါသည်၊၊

ကေလနိယတက္ကသိုလ်ကြီး အကြောင်းကို မြန်မာကျောင်းသားတော်တော်များများ သိကြပြီးဖြစ်သော်လည်း (B.P.U)တက္ကသိုလ်ကြီး အကြောင်းကိုသိသောမြန်မာပြည်မှ ညီတော် နောင်တော်များ တော်တော်နည်းနေ သေးသည်ကို သတိပြုမိပါသည်၊၊

မြန်မာပြည်မှ သီရိလင်္ကာသို့ လာရောက်ပညာသင်ကြားလိုကြသော ညီတော်နောင်တော်များအတွက်(B.P.U) တက္ကသိုလ်ကြီးအကြောင်းဆောင်းပါးကို မိမိရေးသားလိုက်ပါသည်၊၊(B.P.U) တက္ကသိုလ်ကြီး၏ အရှည်စာလုံး ပေါင်းမှာ (BUDDHIST AND PALI UNIVERSITY OF SRI LANKA)ဟု ဖြစ်ပါသည်၊၊

(B.P.U)တက္ကသိုလ်ကြီးကို(22.4.1982)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်၊၊ B.P.U)တက္ကသိုလ် တည်ရှိသော နေရာမှာ ကိုလမ်ဘိုမြို့တော်နှင့်(28) ကီလိုမီတာကွာဝေးသော (Pitipana Village, Homagama Township) တွင်ဖြစ်သည်၊၊ ဝေါပိုလာရာဟုလာသည် ဤတက္ကသိုလ်ကြီးကို ကိုယ်တိုင်တည်ထောင်သော်လည်း အားလုံး ပြီးသွားသောအခါ တပည့်ဖြစ်သူ Kakkapalliye Anuruddha Nayaka Thera အား တက္ကသိုလ်၏ Chancellor တာဝန်ထမ်းဆောင်စေပြီး၊ ဆရာတော်ကမူ ပြင်ပမှပင် စောင့်ရှောက်ခဲ့ပါသည်၊၊

တက္ကသိုလ်ကြီးကို ဖွင့်လှစ်ရခြင်းအကြောင်းမှာ သီရိလင်္ကာသံဃာတော်များအတွက် (Traditional Education) မှ (Modern Educations) ပုံစံသစ်တခုကို ပုံဖော်ရန်ဖြစ်သည်၊၊ လူဦးရေသန်း (၂၀) ကျော်ကျော် လေးမျှသာ ရှိသော သီရိလင်္ကာနိုင်ငံတွင် ကမ္ဘာ့အဆင့်မှီတက္ကသိုလ်ကြီး (၁၅) အထိရှိပါသည်၊၊ ကောလိပ်ကျောင်းများမှာ များစွာပင်ရှိပါသည်၊၊

ထိုတက္ကသိုလ်ကြီးများတွင် လေ့လာရန်နယ်ပယ်အလွန်ကျယ်ဝန်းသော ပါဠိစာပေကို Departmentတစ်ခု၊ ဌာန တစ်ခုတည်းဖြင့် သင်ကြားလေ့လာနေရသည်ကို လုံလောက်မှုမရှိသေးကြောင်း သီရိလင်္ကာ ပညာရှင်အများက သတိပြုလာကြပါသည်၊၊ ထို့ကြောင့်ပင် ကိုလမ်ဘိုမြို့တော်နှင့် ကီလိုမီတာ်(206)ဝေးသော အနုရာဒပူရမြို့ ဟောင်းတွင် ဗုဒ္ဓတက္ကသိုလ်တခုကို တည်ထောင်ဖွင့်လှစ်ပြီး ပိဋကတ်စာပေကို လေ့လာသင်ကြားခဲ့ကြပါသည်၊၊ နာမည်မှာ “ဗုဒ္ဓသာဝကတက္ကသိုလ်”ဟူ၍ ဖြစ်သည်၊၊

တက္ကသိုလ်အသစ်တစ်ခု ပေါ်ပေါက်လာသော်လည်း လိုအပ်သော ပါဠိစာပေကို အဆင့်မြင့်မြင့် လေ့လာသင် ကြားတတ်မြောက်ရေးနှင့်၊ ပါဠိစာပေကမ္ဘာသို့ ပြန့်ပွားရေးကိုကား များစွာအထောက်ကူ မပြုခဲ့ပါ၊၊ အကြောင်းမှာ အနုရာဒပူရတက္ကသိုလ်တွင် အသုံးပြုသော Language Medium မှာ သီရိလင်္ကာ ဘာသာဖြင့် သင်ကြားသော တက္ကသိုလ်ဖြစ်နေခြင်းပင်ဖြစ်သည်၊၊

ထို့ကြောင့် အနုရာဒပူရတက္ကသိုလ်ကို English Medium အဖြစ်ပြောင်းလွှဲရန် တက္ကသိုလ်ကြီးအတွင်း စည်း ဝေးပွဲများစွာပြုလုပ်ခဲ့သော်လည်း မအောင်မြင်ကြခဲ့ပါ၊၊ အကြောင်းမှာပါဠိစာပေတခုတည်းကိုသာမြင့်မြတ်သော အရိယဘာသာ၊ အင်္ဂလိပ်စာပေနှင့် အခြားစာပေများကို ယုပ်နိမ့်သော တိစ္ဆာနကထာဖြစ်သည်ဟု အစွဲကြီးလှ သော သီဟဠဆရာတော်ကြီးအချို့၏ တယူသန်အစွဲကြောင့် ဖြစ်သည်၊၊

အစွဲအလန်းကြီးသော သီရိလင်္ကာဆရာတော်ကြီးအချို့၏လက်ထဲတွင်ရောက်ရှိနေသော သီရိလင်္ကာ သံဃာ့ပညာရေးသည် မိရိုးဖလာ (ပါဠိ+သီဟဠ) အဖြစ်မှ ခေါင်းမမော့နိုင် မတက်နိုင်ဘဲ ဆယ်စုနှစ်များစွာ ကြာ လာခဲ့ပါသည်၊၊ ပညာရေးပုံစံသစ်တခုကို ဖော်ဆောင်ရာတွင် အခက်ခဲများစွာရှိကြောင်း အထောက်ထားတခု ပင် ဖြစ်သည်၊၊

အင်္ဂလိပ်စာနှင့်၊ ခေတ်သိပ္ပံပညာရပ်များကို “တိရစ္ဆာန၀ိဇ္ဇာ”အတတ်များဟု ဆရာတော်ကြီးအချို့၏ ဖိနှိပ်မှုကြား မှပင် ခေတ်ပညာကို ကျားကုပ်ကျားခဲ ကျိုးစားတတ်မြောက်လာသော ရဟန်းငယ်များစွာ ပေါ်ထွက် လာခဲ့ ပါသည်၊၊ ထိုရဟန်းငယ်များအထဲတွင် ဝေါပိုလာရွယ်ငယ်လေးမှ “အရှင်ရာဟုလာ”သည် တစ်ပါးအပါအ၀င် ဖြစ်သည်၊၊

အရှင်သည် ခေတ်ပညာများကို သင်ကြားတတ်မြောက်ပြီး (20) ရာစု သီရိလင်္ကာ၏ အထင်ရှားဆုံးနှင့်၊ အတော် ဆုံးပညာရှင် ဖြစ်လာပါသည်၊၊ ဝေါပိုလာရာဟုလာသည် ခေတ်သစ် B.A, M.A, Ph. D ဘွဲ့များရသည်အထိ ခေတ်ပညာရပ်များကို သင်ကြားခဲ့ပါသည်၊၊ (1982)နှစ်တွင် ဝေါပိုလာရာဟုလာသည် Buddhist and Pali University of Sri Lanka(B.P.U) ကိုတည်ထောင်ခဲ့ပါသည်၊၊

 တက္ကသိုလ်ကြီးသည် English Language Medium ဖြစ်သည်၊၊ သီရိလင်္ကာသံဃာ့ Traditional Education မှ Modern Education အဖြစ်သို့ အသွင် ပြောင်းလွှဲပေးသော Modern Educational Pioneer အဖြစ် ဝေါပိုလာရာဟုလာကို သီရိလင်္ကာသံဃာတရပ် လုံးက အသိမှတ်ပြုခဲ့ကြပါသည်၊၊

ဝေါပိုလာရာဟုလာတည်ထောင်သော ထိုတက္ကသိုလ်ကြီး၏အမည်ကို Buddhist and Pali University of Sri Lanka (B.P.U) ဟုအမည်တပ်ခဲ့ပါသည်၊၊ ယ္ခုအခါ(B.P.U) တက္ကသိုလ်ကြီးသည် နှစ်သက်တမ်း (28) နှစ်သက် တမ်းသို့ ချည်းနင်း ၀င်ရောက်ခဲ့ပြီဖြစ်သည်၊၊ တည်ထောင်စတွင် ပါဠိ+အင်္ဂလိပ် Certificate တမ်းမှ စတင်ခဲ့ သော ဤတက္ကသိုလ်ကြီးမှာ ယ္ခုအချိန်တွင်(B.A, M.A, M.Phil, Ph. D) တန်းများအထိ သင်ကြားလျှက်ရှိပေပြီ၊၊

(B.P.U)တက္ကသိုလ်ကြီးတွင် (Mediums) သုံးမျိုးအထိ ကျောင်းသားတဦးသည် စိတ်ကြိုက်ယူခွင့် ရှိပါသည်၊၊ English medium, Sinhalese medium, Korea medium တို့ဖြစ်ပါသည်၊၊ (B.P.U)တက္ကသိုလ်ကြီးတွင် Main Departmentsကြီးနှစ်ခုရှိပါသည်-
(1) Faculty of Buddhist Study နှင့်
(2) Faculty of Language တို့ဖြစ်ပါသည်၊၊

Faculty of Buddhist Study တွင်
(1) Buddhist Philosophy
(2) Inter religious and comparative Philosophy
(3) Buddhist Culture
(4) Buddhist Arts and Archaeology
(5) Buddhist Cosmology
(6) Buddhist Epistemology
(7) Buddhist Ethics
(8) Buddhist Psychology
(9) Buddhist Aesthetics
(10)Buddhist Logic
(11) Buddhist Legal Philosophy
(12)Buddhist Social Philosophy
(13)Buddhist Metaphysics
(14) History of Buddhism တို့ကိုနှစ်သက်ရာရွေးချယ်၍ သင်ယူနိုင်ပါသည်၊၊

Faculty of Language- တွင်
(1) Pali Language and Literature
(2) Sinhala Language and Literature
(3) English Language and Literature
(4) Sanskrit Language and Literature
(5) Korean Language and Literature တို့ကိုနှစ်သက်ရာရွေးချယ်၍ သင်ယူနိုင်ပါသည်၊၊

(B.P.U)တက္ကသိုလ်ကြီးတွင် အတန်း(6)မျိုးကို ဤတက္ကသိုလ်ကြီးတွင် တက်ရောက် ပညာသင်ကြားနိုင်ပါသည်၊၊
(1) B.A Diploma class (one year)
(2) B.A degree class (three years)
(3) M.A Diploma class (one year)
(4) M.A Degree class (one year)
(5) M.Phil (two years)
(6) Ph.D (three years) တို့ဖြစ်ပါသည်၊၊

B.A Diploma Class one year အတွက် ကျောင်းဝင်ကျေးမှာ နိုင်ငံခြားသားအတွက် US ဒေါ်လာ (100)ဖြစ်သည်၊၊ B.A Degree Class three years အတွက် စုစုပေါင်း US ဒေါ်လာ(500)ဖြစ်ပါသည်၊၊ M.A Diploma Class one year အတွက် US ဒေါ်လာ(100)ဖြစ်ပါသည်၊၊ M.A Degree Class one year အတွက် US ဒေါ်လာ (100)ဖြစ်သည်၊၊ M.Phil two years အတွက် သီရိလင်္ကာရူပီး(27000)ဖြစ်ပါသည်၊၊ Ph.D three years အတွက် သီရိလင်္ကာရူပီး(42000)ခန့်ဖြစ်သည်၊၊

နှစ်စဉ် January လတွင် ကျောင်းသားသစ်များကို လက်ခံပါသည်၊၊ မြန်မာပြည်မှလာရောက် ကျောင်း တက် လိုသော ကျောင်းသားတဦးသည် ဤတက္ကသိုလ် Register ဌာနတွင် ဓမ္မာစရိယမူရင်းနှင့် English Translation (သို့မဟုက်)မထမကြီး အောင်လက်မှတ်မူရင်းနှင့် English Translation တခုခုကို ပြသရပါသည်၊၊

ယ္ခင်ကမြန်မာကျောင်းသားများအတွက် ဤအောင်လက်မှတ်နှစ်မျိုးတည်းကိုသာ လက်ခံသော (B.P.U) တက္က သိုလ်သည် ယ္ခုအခါ (2007)ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင်ကျဉ်းပခဲ့သော ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ကြီး များ စည်းဝေးပွဲ (International Association of Buddhist Universities (IABU)၏ အကျိုးသက်ရောက် မှုဖြင့် မြန်မာပြည်တက္ကသိုလ်ငါးခုမှ ဘွဲ့လက်မှတ်များကိုပါ လက်ခံနေပြီ ဖြစ်သည်၊၊ ၄င်းဘွဲ့လက်မှတ်များမှာ---
(1) ရန်ကုန်သာသနာ့တက္ကသိုလ် ဘွဲ့လက်မှတ်၊
(2) မန္တလေးသာသနာ့တက္ကသိုလ် ဘွဲ့လက်မှတ်၊
(3) ထေရာဝါဒကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘွဲ့လက်မှတ်၊
(4) သီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ် ဘွဲ့လက်မှတ်၊
(5)ဆရာကြီး ဦးမြင့်ဆွေ တည်ထောင်သော ရန်ကုန်/မန္တလေး ဗုဒ္ဓတက္ကသိုလ် ဘွဲ့လက်မှတ်တို့ဖြစ်ပါသည်၊၊

(မှတ်ချက်/ သီရိလင်္ကာနိုင်ငံရှိ အခြားတက္ကသိုလ်များတွင်လည်း ဤဘွဲ့ငါးမျိုးလုံးကို လက္ခံနေပြီ ဖြစ်ပါသည်)

သီရိလင်္ကာနိုင်ငံတက္ကသိုလ်များ Systems နှင့် မြန်မာပြည် Buddhist Universities များ၏ Systems မှာများ စွာကွာခြားပါသည်၊၊ သီရိလင်္ကာတက္ကသိုလ်များတွင် အတန်းတိုင်းအတွက် (Subjects) များစွာထားရှိပါသည်၊၊ ထိုအထဲကမှ မိမိနှစ်သက်ရာဘာသာရပ် ရှစ်ခုခန့်ကို စိတ်ကြိုက်ရွေးချယ်ပြီး ကျောင်းသားအနေဖြင့် တက် ရောက် ရခြင်းဖြစ်ပါသည်၊၊ စာမေးပွဲဖြေသောအခါတွင်လည်း အတန်းအလိုက် လုံးဝကျရှုံးသည်ဟူ၍မရှိပါ၊ အောင်မြင်သော ဘာသာကို Result Paper တွင်ကြေငြာပြီး၊ အောင်မှတ်မမှီသော ဘာသာရပ်ကို ဂေဇတ်တွင် ထည့်မကြေငြာဘဲ ချန်ထားခဲ့ပါသည်၊၊ ထိုဘာသာကို နောင်နှစ်တွင် ဒုတိယနှစ် တတိယနှစ်စသည်တို့နှင့်အတူ ထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်၊၊

တချို့ကျောင်းသားများမှာ သုံးနှစ်ပြည့်၍ (B.A) တန်းပြီးသွားသည့်တိုင် လက်ကျန်ဘာသာရပ်များစွာ ကျန်နေ တတ်ပါသည်၊၊ ထိုကျန်နေသော ဘာသာရပ်အားလုံးအတွက် နောက်ထပ်(၂)နှစ်ထပ်ပြီး အခွင့်ရေးပေးထား ပါသည်၊၊ ကျောင်းသားအနေဖြင့် ဘီအေတန်းကို (၅)နှစ်အတွင်းဘာသာရပ်အားလုံး ပြီးပြတ်အောင် ဖြေဆိုရ မည် ဖြစ်ပါသည်၊၊

 ငါးနှစ်နှစ်ပြည့်သည့်တိုင် ဘာသာရပ်အားလုံး ပြီးဆုံးအောင် မဖြေဆိုနိုင်သော ကျောင်းသား အား တက္ကသိုလ်မှ အလိုလျောက်ပယ်လိုက်ပြီး ဖြစ်ပါသည်၊၊ ဆိုလိုသည်မှာ ဘီအေတန်းပြီးသွားသော်လည်း ဘီအေဘွဲ့လက်မှတ် မရဟုဖြစ်ပါသည်၊၊ ဤစနှစ်မှာ မြန်မာပြည်ပညာရေးပုံစံနှင့်မတူသော သီရိလင်္ကာပညာ ရေး စနှစ်တခုဖြစ်ပါသည်၊၊

မြန်မာပြည်မှ သီရိလင်္ကာသို့ကြွရောက်၍ ကျောင်းတက်လိုသော ညီတော် နောင်တော်များအတွက် ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါသည်၊၊ လုံးဝပြည့်စုံသည်ဟုကား မဆိုနိုင်သေးပါ၊၊ ညီတော် နောင်တော်များ စိတ်ရှည် ဇွဲသန် သည်းညည်းခံ သတ္တိရှိရှိဖြင့်၊ သီရိလင်္ကာကို ကြွရောက် ပညာသင်တော်မူကြပါရန် ဖိတ်ခေါ်ရင်း တပည့်တော်ရဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်၊၊


အရှင်ကေ၀လ
( 3.6.2010 )

အပြည့်အစုံသို့....

Saturday, August 21, 2010

လိုလားနှစ်သက် အရခက်၊၊ ၊၊










၁၃၇၃-၀ါခေါင်လဆန်း(၉)ရက်နေ့မှာ အရှင့်ထံသို့ မကုဋာရာမ မြန်မာကျောင်း သူငယ်ချင်းထံမှ online ဖြင့် ဆက်သွယ်လာပါသည်၊၊ သူငယ်ချင်းဖြစ်သူက “ဦးဇင်းရေ, (11.8.2010) အင်္ဂါနေ့မှာ မြန်မာနိုင်ငံ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် ဒေါက်တာကုမာရာဘိဝံသ (ဗန်းမော်)ဆရာတော်ကြီးနဲ့ မန္တလေး ပေါက်မြိုင်ဆရာတော်ကြီးတို့ ဦးစီးပြီး၊ တပည့်ဒါယကာ ဒါယိကာမများ(၆၃)ယောက်အဖွဲ့ သီရိလင်္ကာနိုင်ငံ စွယ်တော်ဘုရားဖူး လာကြမယ်တဲ့၊၊

 တပတ်ခန့် သီဟိုဠ်ကျွန်းအနှံ့ ဘုရားဖူးနှင့် လေ့လာရေးခရီးစဉ်အပြီး၊ (၂၀.၈.၂၀၁၀)သောကြာနေ့မှာ သီရိလင်္ကာရောက် ပညာဆည်းပူးနေကြတဲ့ မြန်မာစာသင်သား သံဃာငယ်တွေကို ဆရာတော်ကြီး နှစ်ပါးက သြ၀ါဒချီးမျှင့်မည်ဟု သတင်းပေးလာပါသည်၊၊”

စပ်မိလာ၍ သီရိလင်္ကာနိုင်ငံ မြန်မာစာသင်သား သံဃာတော်လေးများ၏ သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး ပညာရှာမှီးကြရပုံကို အတိုင်းအတာတခုအထိ ထင်ဟပ်နိုင်သော ဤအရှင်၏ သီရိလင်္ကာနိုင်ငံတွင်နေထိုင်ပြီး၊ တက္ကသိုလ်ပညာ သင်ယူရပုံ တစိတ်တပိုင်းကို တင်ပြလိုပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သောဆယ်စုနှစ်သုံးခုခန့်က မြန်မာပြည်မှ ကြွရောက်၍ ပညာသင်ယူ ကြသော သံဃာအရေအတွက်မှာ ဆယ်ဂဏန်းအနည်းငယ်မျှသာ ရှိခဲ့ပါသည်၊၊ ယ္ခုအခါနှစ်များတွင်မူ မြန်မာသံဃာငယ်များ၏ ပညာရေးနိုးကြားလာမှု၊ ဗုဒ္ဓရှင်တော်၏ ပါဠိစာပေကို ခေတ်စနှစ်နှင့်အညီ ရင်ပေါင်တန်းပြီး၊ သင်ကြား ဖြန့်ဝေ လိုမှုများကြောင့် စာသင်သားသံဃာအရေအတွက်မှာ သုံးရာနီးပါးမျှအထိပင် တိုက်းတက်လာပါသည်၊၊ မြန်မာသဃာ့ပညာရေး ထွင်းလင်းလာမှု တစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် မြန်မာတိုင်းရင်းသား သံဃာတော်အစုံ စုပေါင်း၍ ဗဟိုပြု၊ အမှီပြုနေထိုင်၊ သီတင်းသုံးရာဌာနကြီးမှာ သီရိမကုဋာရာမကျောင်းတိုက် ဖြစ်ပါသည်၊၊ ဤကျောင်းတိုက်ကြီးကို (၁၂၈၆)နှစ်က ဘဒ္ဒန္တ၀ိနယာလင်္ကာရမြန်မာ ဆရာတော်ကြီး တည်ထောင်ခဲ့သော ကျောင်းတိုက် ဖြစ်ပါသည်၊၊ ကျောင်းတိုက်ကြီးမှာ နှစ်သက်တမ်း(၈၇)ကျော်လာပြီ ဖြစ်သည်၊၊

 ယ္ခင်စာသင်သား သံဃာအရေအတွက် နည်းစဉ်က မြန်ပြည်ဖွား သံဃာတော်တို့ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးတွင် တစုတဝေးတည်း နေထိုင် သီတင်းသုံးကြ၍၊ ပညာသင်ကြားနိုင်သော်လည်း ယ္ခုအခါ စာသင်သား သဃာအရေတွက် များလာမှုကြောင့် တချို့စာသင်သား သံဃာတော်များမှာ တက္ကသိုလ်နှင့်နီးစပ်ရာ အိမ်ငှား၍ ဖြစ်စေ၊ သီရိလင်္ကာ ဘုန်းတော်ကြီး ကျောင်းတိုက်များတွင် ဖြစ်စေ၊ လျောက်ထား၍၊ နေထိုင်၊ ကျောင်းတက် ကြရပါသည်၊၊

 ဤအရှင် သီရိလင်္ကာနိုင်ငံသို့ ပညာသင်ရောက်ခဲ့သည်မှာ နှစ်နှစ်ပြည့်လုပါပြီ၊ ရောက်စနှစ်က အရှင်တက်လိုသော ကေလနိယတက္ကသိုလ်နှင့် နီးသည့် ဟောရဏနယ်၊ ၀ယသရဂါမရွာ၊ သုသဒ္ဓမ္မရာမယကျောင်းတိုက်တွင် သီရိလင်္ကာဘုန်းတော်ကြီးကို နေထိုင်ခွင့် လျောက်ထား၍၊ တက္ကသိုလ်တက်ခဲ့ပါသည်၊၊ ယ္ခုနှစ်တွင်လည်း အရှင်၏ရှေ့ဆက်ရန် ကျန်နေသေးသည့် ပညာရေးခရီးတွင် လိုအပ်နေသေးသည့် English အရည်အသွေးနှင့်၊ အထွေထွေ Academic Knowledge များဖြည့်ဆည်းရန် B.P.U တက္ကသိုလ်တွင် English Literature အထူးပြုဖြင့် အားဖြည့် တက်ရပါသည်၊၊

ထိုတက္ကသိုလ်သို့တက်ရောက် ပညာသင်ကြားရင် တက္ကသိုလ်နှင့်နီးသော ဟောမဂါမနယ် ဂလ၀ိလာဝတ္တရွာ၊ ဘာဝနာပံစာလ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းတွင် လျောက်ထား၍၊ နေထိုင် ကျောင်းတက်ရပါသည်၊၊ B.P.U တက္ကသိုလ်တည်ရှိသော ဟောမဂါမနယ်မှာ၊ မကုဋာရာမ မြန်မာကျောင်းတိုက်တည်ရှိသော ကိုလမ်ဘိုမြို့တော်နှင့် ကီလိုမီတာ(၂၀) ကျော်ဝေး၍ ယ္ခုနှစ်တွင် မြန်မာကျောင်းသို့ အရောက်နည်းသွားပါသည်၊၊ မြန်မာကျောင်းတွင် နေထိုင်သော သူငယ်ချင်းမှားမှတဆင့်သာ မြန်မာကျောင်းမှ သတင်းလေးများကို နားစွင့်၊ အကူညီတောင်းရပါသည်၊၊

သူငယ်ချင်းများထံမှ မြန်မာဆရာတော်ကြီးနှစ်ပါး ဦးဆောင်၍ဘုရားဖူးအဖွဲ့ကြီး လာရောက်ကြမည်ဟု သတင်းပေးလာသောအခါ အတိုင်းမသိပင် ၀မ်းသာမိပါသည်၊၊ ဤဆရာတော်နှစ်ပါးမှာ မိမိအနေဖြင့် ဆရာတော်ကြီးများ လက်ရှိရထားသည့် ရာထူးများကြောင့် မဟုက်ဘဲ၊ ဆရာတော်ကြီးနှစ်ပါး၏ ပညာဂုဏ် သီလဂုဏ် သမာဓိဂုဏ်များကြောင့် အထူးပင် လေးစား မြတ်နိုး၊ တန်းဖိုးထား ကြည်ညိုသော စံပြုဆရာတော်ကြီးနှစ်ပါး ဖြစ်ပါသည်၊၊

ဆရာတော်ကြီးနှစ်ပါးတို့က သီရိလင်္ကာရောက် မြန်မာသံဃာတော်များအား အခန်းအနားဖြင့် သြ၀ါဒပေးမည်ဟု သိရသောအခါ ပို၍ပင် ၀မ်းသာကြည်နူးမိပါသည်၊၊ အရှင်တို့(၂၀.၈.၂၀၁၀) သောကြာနေ့တွင် စောစောထပြီး၊ နေထိုင်ရာ သီရိလင်္ကာဘုန်းကြီးကျောင်းတိုက်မှ မကုဋာရာမ မြန်မာကျောင်းတော်တော်ကြီးသို့ ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန်နှင့်၊ ဘုရားဖူးအဖွဲ့မှ ဆက်ကပ်သော စားရတောင့် စားရခဲ၊ မြန်မာဆွမ်း မြန်မာဟင်းလျာများကို အပီအပြင် ဘုန်းပေးရန် ချီတက်ခဲ့ပါသည်၊၊

ထိုနေ့မှာပင် ဆရာတော်ကြီးများနှင့် အတူတကွသီရိလင်္ကာရောက် မြန်မာရဟန်းငယ်များအားလုံး၊ ဘုရားဖူးအဖွဲ့ ဒါယကာ ဒါယိကာမများဆက်ကပ်သည့် အာရုဏ်မုန့်ဟင်းခါး နှင့်အတူ နေ့ဆွမ်းများ ဘုန်းပေးကြအပြီး၊ နေ့လယ်နှစ်နာရီတိတိတွင် ဆရာတော်ကြီးနှစ်ပါးထံမှ သြ၀ါဒခံယူပွဲကို စတင်ပါသည်၊၊
သြ၀ါဒခံယူကြရာတွင် ဗန်းမော်ဆရာတော်ကြီးထက် သက်တော်တစ်နှစ်ကြီးသော ပေါက်မြိုင်ဆရာ တော်ကြီးထံမှ အလျင်ခံယူကြရပါသည်၊၊

 ပေါက်မြိုင်ဆရာတော်ကြီးမှာ သက်တော်(၈၃)နှစ်ရှိပြီ ဖြစ်သော်လည်း ရေခြားမြေခြား တိုင်းတပါးသို့ သတ္တိရှိရှိ၊ ဇွဲရှိရှိဖြင့်၊ ဆင်းရဲပင်ပမ်းခံပြီး သာသနာတော် ကမ္ဘာ့အဆင့်မှီတိုးတက် ပြန့်ပွားရေးအတွက်၊ ပညာလာရောက် သင်ယူနေကြသော မြေးတပည့် သံဃာငယ်များကိုတွေ့ရ၍၊ အထူးရွင်လန်း တက်ကြွ၊ ၀မ်းမြောက်နေသည်ကို တွေ့ရပါသည်၊၊

ဤသီရိလင်္ကာ ဘုရားဖူးခရီးစဉ်ကို စတင်စီစဉ်သူမှာ ပေါက်မြိုင်ဆရာတော်ကြီးက သူဖြစ်ကြောင်း၊ ဗန်းမော်ဆရာတော်ကြီးကို ဆရာတော်ကြီးမှ သီရိလင်္ကာသို့ ဘုရားဖူးသွားမည်ဟု အသိပေးရာမှ ဗန်းမော်ဆရာတော်က သူလည်းလိုက်လိုပါကြောင်း ပြောလာသည့်အတွက် “ကိုယ်တော်သာလိုက်ရင် ပိုကောင်းတာပေါ့၊ ကိုယ်တော်က အသစ်စက်စက် နိုင်ငံတော်သံဃာ့မဟာနာယကဆိုတော့ တို့ဆင်ဖြူတော်မှီပြီး ကြံစုပ်ရတာပေါ့ဗျာ”၊ “မျောက်ပြ ဆန်တောင်းတယ်”လို့တော့ ဒီနေရာမှာ မပြောလိုပါကြောင်း စသည်ဖြင့် ကျီစားကလူ ဟာသများဖြင့် သြ၀ါဒကိုစတင် မိန့်ကြားတော်မူပါသည်၊၊


သီရိလင်္ကာရောက် မြန်မာသံဃာတော်များမှာ ပေါက်မြိုင်ဆရာတော်ကြီး၏ အောင်မြင်ပြီး၊ ပညာရည်ပြည့်ဝသော Masterful voice=အသံတော်ကြီးကို နာယူရင်း မျက်ရည်လည်သည်အထိပင် ၀မ်းသာနေကြရသည်၊ ဆရာတော်ကြီးက သူငယ်စဉ်ကပင် သီရိလင်္ကာစွယ်တော်ကို လာရောက် ဖူးချင်ခဲ့ကြောင်း၊ ယ္ခုအသက်(၈၀)ကျော်မှ ဆန္ဒပြည့်ဝကြောင်း အားရပါးရမိန့်ကြားတော်မူပါသည်၊၊

သြ၀ါဒခံယူကြသည့် ညီတော် နောင်တော်သံဃာများမှာ မိမိတို့၏အဘိုးအရင်း လာရောက်ပြီး အဆုံးအမစကား ပြောနေသည်ဟုပင် အထင်ရောက်နေကြဟန် ငြိမ်သက်နာယူကြပါသည်၊၊ သီရိလင်္ကာတွင် အနေကြာနေကြသည့် တချို့စာသင်သံဃာများမှာ အမိမြန်မာပြည်ကိုပင် အလွမ်းများ ပြေပျောက်ကြရပါသည်၊၊

ဆရာတော်ကြီးက အရွှန်း အဝေ သာရဏီယ,ပဋိသာရဏီယ စကားများမြင့် သြ၀ါဒကို အားပါးတရ စတင်မိန့်ကြားအပြီး၊ သီရိလင်္ကာရောက် စာသင်သံဃာတော်လေးတွေ အခြင်းခြင်း ညီညွတ်ကြဖို့၊ ကြီးစဉ်ငယ်လိုက် လေးစားကြဖို့ အကြောင်းများကို၊ ဇာတကပါဠိတော် တိတ္တိယဇာတ်တွင်ပါသော ခါ၊ မျောက်၊ ဆင် တိရစ္ဆာန် သုံးမျိုးတို၏ သာဓကဖြင့် သြ၀ါဒမိန့်တော်မူပါသည်၊၊

ဆက်လက်ပြီး ပေါက်မြိုင်ဆရာတော်ကြီးမှ အဝေးရောက်မြေးတပည့်များအတွက်ရော၊ မြေးတပည့် တွေကလည်း တပည့်ဒကာ ဒါယိကာမများအားလည်း ပြန်လည်ဝေငှဖို့ဟု မိန့်တော်မူပြီး၊ “လိုချင်ပေမဲ့ ရရန်ခက်သော ဆုလာဘ်(၄)မျိုး”ကိုမိန့်တော်မူပါသည်၊၊

 ဆရာတော်ဘုရားကြီးမှာ Born teacher ဖြစ်တော်မူသည့်အတိုင်း သက်တမ်းတလျောက်လုံး စာချလာသည့်အလျှောက် နိုင်ငံခြားတွင် ပညာသင်ယူနေကြသည့် မြေးတပည့်များကို စာချသည့်ဟန်များဖြင့် သြ၀ါဒများကို မာန်ပါပါမိန့်ကြားနေပုံမှာ မိမိတို့ ငယ်စဉ်က စာသင်တိုက်အသီးသီးတွင် စာချဆရာတော်များ၏ ခြေအစုံရှေ့တွင် နေ့ဝါ ည၀ါ၊ စာဝါများလိုက်ခဲ့ရသည့် မဝေးသေးသည့် အတိတ်မှပုံရိပ်များကိုပင် မြင် ယောင်လာမိကြပါသည်၊၊

ဆရာတော်ကြီး မိန့်တော်မူသော လိုချင်ပေမဲ့ ရဖို့ခက်ခဲသော ဆုလာဘ်လေးမျိုးဆိုသည်မှာ ---
(၁) ပစ္စည်းဥစ္စာ ဆုလာဘ်
(၂) အခြွေအရံ ဆုလာဘ်
(၃) အသက်ရှည်မှု ဆုလာဘ်
(၄) တမလွန်ဘ၀ အာမခံချက် ဆုလာဘ်၊၊ တို့ဖြစ်ပါသည်၊၊

မှန်ပါသည်၊၊ ပစ္စည်းဥစ္စာဆိုသည်ကို မနှစ်သက်၊ မကြိုက်၊ မလိုချင်သော သူဟူ၍၊ မရှိနိုင်ပါ၊၊ သို့သော် လိုချင်ပေမဲ့ အလွယ်တကူရတတ်သလားဆိုတော့လဲ မရတတ်ကြပါ၊၊ တချို့တချို့ ကျိုးစားသလောက် စီးပွားဖြစ်ပြီး၊ တချို့တချို့မှာ ကျိုးစားလေလေ ဆင်းရဲလေလေ ဖြစ်နေသူများကိုလည်း တွေ့မြင် နိုင်ပါသည်၊၊

တချို့မှာ “ကံမခိုင်တော့ သံတိုင်နဲ့ အိမ်ဆောက်တာတောင် လဲပြိုတယ်”ဆိုတာမျိုး၊ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသော မြန်မာဆိုရိုးစကားမှာ ဤသည်ကိုရည်၍ ဆိုလိုဟန်ရှိ ပါသည်၊၊

အခြွေအရံဆိုသည်မှာလည်း ရရန်ခက်ခဲသော ဆုလာဘ်တခုပင်၊၊ တချို့မှာ စီးပွားတော့ ကျိကျိတက်ချမ်းသာပါ၏၊ အမွေခံသား၊ သ္မီးဟူ၍ မထွန်းကား၊၊ အထီးကျန်လွန်းသည့် ဒဏ်ကိုမခံနိုင် တော့သည့်အဆုံး သူတပါး သား၊ သ္မီးကို ကိတ္တိမသားအဖြစ် မွေးစားမိရာက “၀မ်းနဲ့ မလွယ် သားမမယ်”ဆိုသည့်အတိုင်း ကိုယ်မွေးသည့်မြောက်က ကိုယ့်ပြန်အချောက်ခံကြရသော သူများကို လည်း ပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်ပါသည်၊၊

စီးပွားလည်း ချမ်းသာ၊ အခြွေအရံလည်း ပေါနေပေမဲ့ ရောဂါမျိုးစုံ ခံစားနေရပြီး၊ တနေ့တနေ့ အင်္ဂလိပ်ဆေး၊ မြန်မာဆေး လက်တစ်ဖက် တစ်ဆုပ်စီသောက်နေကြရသော အနာသည် သူဌေးသူကြွယ်များလည်း ရှိသည်၊၊ ထို့ကြောင့် ကျန်းကျန်း မာမာဖြင့် အသက်ရှည်ရှည် နေနိုင်ရေးမှာ လူတိုင်းလူတိုင်း လိုချင်ပေမဲ့ ရခဲသော ဆုလာဘ်တစ်ခုပင် ဖြစ်ပါသည်၊၊

တချို့တချို့ကြပြန်တော့လည်း စီးပွားလည်း ပြည့်စုံ၊ အခြွေအရံလည်း ပေါများ၊ ဒီဘ၀မှာ သက်တမ်းစေ့ လည်း ကျန်းကျန်း မာမာနေရပါ၏၊၊ သက်တမ်းစေ့၍ ဘ၀တစ်ခုဆုံးသည့်အခါ၊ သေဆုံးသည့်အခါတွင် မိမိအိမ်တွင် ပြန်လည်၍၊ ခွေးနွားစသော နိမ့်ကျသည့်၊ တိရစ္ဆာန်ပြန်ဖြစ်ကြရသူများလည်း ရှိပါသည်၊၊ ထို့ကြောင့် သေလွန်ပြီး၊ သုဂတိဟုခေါ်သော ဘ၀ကောင်းကောင်း ပြည်လင် ရရှိရေးနှင့် မြတ်နိဗ္ဗာန်သို့ ဦးတည်ရေးဟာလည်း အလွန်လိုချင်ကြပေမဲ့ အလှန်းဝေးသောအရာတစ်ခုပင် ဖြစ်သည်၊၊

ဒီနေရာမှာ ဆရာတော်ကြီးရဲ့ သြ၀ါဒ ပထမပိုင်းကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် “လူတို့ရဲ့ဘ၀မှာ အခြေခံ လိုအပ်ချက်ကလေးကအစ အလွယ်တကူ ရရှိတတ်တာမဟုက်ဘူး”ဆိုတဲ့ အသိကိုရရှိနိုင် ပါတယ်၊၊ “လိုချင်ပေမဲ့ ရရန်ခက်သော ဆုလာဘ်လေးမျိုး” ထဲမှာ စီးပွားဥစ္စာဆိုတဲ့ ပထမအနေနဲ့ ရရန်ခက်သော ဆုလာဘ်ဆိုတာ နေ့စဉ်ဘ၀ “စားရေး”ကို ကိုယ်စားပြုပါတယ်၊၊

 ဒုတိယအချက် အခြွေအရံဆိုတာက “မိသားစုဘ၀အောင် မြင်မှု”ကို ကိုယ်စားပြုပါတယ်၊ တတိယအချက်ဖြစ်တဲ့ အသက်ရှည်ရှည်နေနိုင်ရေး ဆိုတာက“ကျန်းမာရေးပြည့်စုံမှု”ကို ကိုယ်စားပြုပါတယ်၊ နောက်ဆုံးဖြစ်တဲ့ တမလွန်ဘ၀အာမခံချက် ဆုလာဘ်ဆိုတာကတော့ အရမ်းကိုလေးနက်သွားပါတယ်၊ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဘာသာရေး အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် ဖြစ်ပါတယ်၊၊

ဟုက်ပါတယ်၊ ကမ္ဘာမှာ Religion လို့အများနားလည်တဲ့ ဘာသာရေးပေါင်း များစွာရှိပါတယ်၊ ထင်ရှားတဲ့ ဘာသာကြီးတွေကတော့ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူစလင်ဘာသာတို့ ဖြစ်ကြပါတယ်၊၊ ဘယ်ဘာသာတရားရဲ့ အဆုံးအမ သင်ပြချက်ကိုလိုက်နာရင် လက်ရှိဘ၀နဲ့ အနာဂတ်ဘ၀ ကောင်းစားပျော်ရွှင်ရမယ်ဆိုတာက လူတဦးချင်းဆီရဲ့ ဘာသာတရား ရွေးချယ် ကိုးကွယ်မှုအပေါ်မှာ မူတည်မှာဖြစ်ပါတယ်၊၊

 ဘာသာတရားတိုင်းမှာ အကောင်းအဆိုး၊ အားနည်းချက်၊ အားသာချက်၊ အသီးသီးရှိနေကြတာမို့ ဘယ်ဘာသာတရားက အကောင်းဆုံးလို ဤအရှင့် အသိညာဏ်နဲ့ မပြောဝံ့သေးပါဘူး၊၊ စာဖတ်သူကိုယ်တိုင် စနှစ်တကျလေ့လာပြီး ကိုးကွယ်ဆည်းကပ်ကြဖို့ ဖြစ်ပါတယ်၊၊

ပုဂ္ဂလိကသာဖြစ်တဲ့ အရှင်၏အမြင်အရပြောရလျင် ဗုဒ္ဓဘာသာသည် ဘာသာတရားအားလုံးထဲမှာ နူးညံ့မှု အရှိဆုံးနဲ့၊ စာပေအထောက် အထား၊ သမိုင်းအထောက်ထား ခိုင်မာတယ်ဆိုတာကိုတော့ လေ့လာမှု့အရ ရဲရဲပြောဝံ့ပါတယ်၊၊ ကျင့်စဉ်အရလည်း အနာဂတ်ဘ၀ လုံခြုံစိတ်ချမှု သေခြာပေါက် ပေးနိုင်တဲ့ဘာသာတစ်ခု ဖြစ်ပါတယ်၊၊ ပေါက်မြိုင်ဆရာတော်ကြီးက “လိုချင်ပေမဲ့ ရရန်ခက်သော အရာလေးမျိုး”ကို မိန့်တော်မူအပြီး၊ မောပမ်းသည့်ဟန် အလျင်းမပြတော်မူဘဲ ခက်တဲ့အရာကို ရရှိ အောင် ယူနည်းကို ဆက်လက်မိန့်တော်မူပါတယ်၊၊ ရရှိနည်းဆိုတာကတော့ ---

(၁) သဒ္ဓါ
(၂) စာဂ
(၃) သီလ
(၄) ပညာ၊ တို့ဖြစ်ကြပါတယ်၊၊
ပါဠိစာပေမှာ သဒ္ဓါ, စာရ, သီလ, ပညာ ဆိုတဲ့ Qualities=အရည်အချင်းတွေကို နေရာများစွာမှာ တွေရပါတယ်၊၊

 ဒီသဘောတရားတွေ ရင့်ကျက်မှု တိုးတက်မှုအလျောက် အကျိုးဆက် တိုးတက်မှု၊ ဆုပ်ယုတ်မှုရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်၊၊
ပါဠိစာပေမှာ အသုံးပြုတဲ့ ယထာက္ကမနည်းအရ “သဒ္ဓါ”အဆင့် အတိုင်းအတာတခုအထိ တိုးတက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် စီးပွားဥစ္စာ တိုးတက်ပါတယ်၊၊

 ပတ်ဝန်းကျင်အဆင့်အတန်း အမျိုးမျိုးနဲ့ ဆက်ဆံလုပ်ကိုင်နေကြတရတဲ့အခါတွေမှာလည်း “ကိုယ့်ဘက်က ပေးဆပ်မှုတခုမှ မပြုဘဲ သူများဆီကချည်း မျှော်လင့်လို့မရတတ်ပါဘူး၊၊” စီးပွားရေးလောကမှာတော့ “ထောင်မြင် ရာစွန့်”ဆိုတဲ့ မြန်မာဆိုရိုး စကားအတိုင်း၊ များများရင်းနှီးနိုင်သူတွေဟာ သန်းကြွယ်သူဌေးအမည်ကို ရကြပါတယ်၊၊ ဒါတွေက လောကီဘ၀အတွက် သဒ္ဓါတရားရဲ့ သဘောတွေ ဖြစ်ပါတယ်၊၊ ဒါကြောင့် “သဒ္ဓါ”သည် စီးပွားဥစ္စာတိုးတက်ဖို့ နည်းလမ်းဖြစ်ပါတယ်၊၊

စာဂအဆင့် လိုအပ်တဲ့အတိုင်းတာ တခုအထိ တိုးတက်အောင်လေ့ကျင့်နိုင်မယ်ဆိုရင် အခြွေအရံပေါ ပါတယ်၊၊ မိတ်ဆွေ သူငယ်ချင်း ပေါပါတယ်၊ သား သ္မီးရတာနာလည်း ထွန်းကားပါတယ်၊၊ ဒီလိုအကျိုးဆက်တွေဟာ ဘုရားရှေ့မှာပဲ ဖြစ်ဖြစ်၊ ဘုရားပွင့်တဲ့ ညောင်ပင်ရှေ့မှာပဲ ဖြစ်ဖြစ်၊ (၃၇)မင်း နတ်တွေဆီမှာပဲ ဖြစ်ဖြစ်၊ ဆုတောင်း ယတြာချေယူလို့ ရတတ်တာတွေ မဟုက်ပါဘူး၊ ကိုယ်တိုင်လေ့ ကျင့်တဲ့ သဘောတရားအလိုက်သာ အကျိုးသက်ရောက်တာတွေ ဖြစ်ပါတယ်၊၊

 “ခြွေမှ ရံတယ်” ဆိုတဲ့ မြန်မာ စကားပုံရှိပါတယ်၊ “စာဂ”ဆိုတာ စွန့်ဝန့်တာ၊ စွန့်ရဲတာကို ခေါ်တာပါ၊၊ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးကတော့ “တစ တစစွန့်ဝံ့မှလျင် ဘ၀နောင်နှောင်း ဆက်တိုင်းကောင်း၏” လို့ စပ်ဆိုတော့မူပါတယ်၊၊ အခြွေအရံ ပေါများလိုတယ်ဆိုရင် “စာဂ”သည် အခြွေအရံပေါများနည်း ဖြစ်ပါတယ်၊ သား သ္မီးရတနာ ရရှိနည်းလည်း ဖြစ်ပါတယ်၊၊

“သီလ”လိုအပ်တဲ့အဆင့်တခုအထိ တိုးတက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် အသက်ရှည်ပါတယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ်၊၊ အရှင်၏အတွေ့အကြုံအရ “သားသတ်သမားတွေဟာ နောက်ဆုံး သူတို့သတ်ခဲ့တဲ့ တိရိစ္ဆာန်တွေလို အောင်မြည်ပြီး အသေဆိုးတတ်တာကို အကြိမ်များစွာ တွေ့ဘူးပါတယ်၊၊ ရပ်ကွက်တကာ လှည့်ပတ်ခိုးယူနေသူတွေဟာလည်း အိမ်ကြို အိမ်ကြား၊ လမ်းကြို လမ်းကြား၊ မြောင်းကြို မြောင်းကြားမှာ သက်တမ်း မစေ့ဘဲ၊ အသက်ပျောက်ရတာကို တွေ့ရပါတယ်၊၊”

ဒီအဖြစ် အပျက်တွေကို ရည်ရွယ်ပြီး “သီလ”ကို အသက်ရှည်ကြောင်း ကျန်းမာကြောင်း နည်းလမ်းအဖြစ် ဆရာတော်ကြီးက သြ၀ါဒမိန့်တာဖြစ်ပါတယ်၊၊

နောက်ဆုံးဖြစ်တဲ့ အနာဂတ်ဘ၀လုံခြုံစိတ်ချရအောင် လေ့ကျင့်ယူရမှာကတော့ “ပညာ”ဖြစ်ပါတယ်၊၊ ပညာဆိုတာမှာလည်း နိုင်ငံမျိုးစုံ၊ ကျောင်းမျိုးစုံက ဒီဂရီအမျိုးမျိုး ပညာရပ်သက်သက်တွေကို ဆိုလိုတာ မဟုက်ပါဘူး၊၊

 သတ္တ၀ါတွေ နင့်နာပျက်စီးစေလောက်တဲ့ လိုချင်လွန်းမှု(လောဘ)တွေကို သတ္တ၀ါတွေ အကျိုးပွားတိုးစေတဲ့၊ ပျော်ရွှင်ကြည်နူးစေတဲ့ အပြုသဘောဖြစ်အောင် ပြုပြင်ပြောင်းလဲပေးတဲ့ အသိပညာ အတတ်ပညာမျိုး၊ ဒီဂရီမျိုး၊၊ သတ္တ၀ါတွေ အတုံးလိုက် အတစ်လိုက် သေကျေ ပျက်စီးစေတတ်တဲ့ မုန်းတီးမှု “ဒေါသ”ကို သတ္တ၀ါတွေ သက်တမ်းစေ့ နေနိုင်ရေး ကျန်းမာပျော်ရွှင်ရေးကို ဖန်တီးပေးတတ်တဲ့ ပညာရပ် ဒီဂရီမျိုး၊၊ သတ္တ၀ါတွေ အသိပညာ အတတ်ပညာ တုံးသွားအောင်၊ အကန်းကမ္ဘာ အကန်းလောကကို ဖြစ်စေတတ်တဲ့ “မောဟ”ကနေ အသိပညာ အတတ် ပညာပွင့်လင်းပြီး၊ အလင်းရောင်ကမ္ဘာ အလင်းရောင်လောကကို ယူလာပေးတတ်တဲ့ ပညာရပ်မျိုးကိုသာ ပညာလို့ခေါ်ရမှာ ဖြစ်ပါတယ်၊၊


ဒီသဘောမျိုးပါဝင်တဲ့ပညာသည်သာ လက်ရှိဘ၀နဲ့ အနာဂတ်ဘ၀ကို လုံခြုံစိတ်ချမှုပေးမှာ ဖြစ်ပါတယ်၊၊(ဆရာတော်ကြီးကတော့ “ပညာ”လို့ တလုံးတည်းပြောတာပါ၊ စာရေးသူက အဲဒါကို ပရော်ဖက်ဆာ သုမနပါလပြောတဲ့ သင်ခန်းစာထဲကနေ မှီငြမ်းပြီး အကြယ်ရေးတာ ဖြစ်ပါတယ်) ဒါကြောင့် ပညာကိုအတိုင်းအတာ တခုထိတိုးတက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် အနာဂတ်ဘ၀ ဗရန်းဗတာ မဖြစ်တော့ဘဲ၊ အထက်တန်းကြတဲ့ ဘ၀၊ သေသပ်လှပတဲ့ ဘ၀ကို ရမှာအမှန်ဖြစ်ပါတယ်၊၊ ဗုဒ္ဓဘာသာတရားတော် အလိုအရကတော့ ပညာကို အထွဋ်ရောက်အောင် လေ့ကျင့်ပွားများ နိုင်မယ်ဆိုရင် စစ်မှန်တဲ့ ဘ၀ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိမှာဖြစ်ပါတယ်၊၊
 
မန္တလေးမြို့ ပေါက်မြိုင်ဆရာတော်ကြီး သီရိလင်္ကာနိုင်ငံ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး အတွင်းက ဆွမ်းစားခန်းမကြီးထဲမှာ သီရိလင်္ကာနိုင်ငံတက္ကသိုလ်အသီးသီးမှာ ပညာသင်ယူနေကြတဲ့ မြန်မာပြည်ဖွား စာသင်သံဃာတော် မြေးတပည့်များကို သြ၀ါဒမိန့်ကြားတဲ့ “ရခဲတဲ့အရာလေးမျိုး”ကို “ရယူပိုင်ဆိုင်နည်း” ဖြစ်ပါတယ်၊၊

သြ၀ါဒနှစ်ရပ်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ---
“စီးပွးဥစ္စာ”ကို “သဒ္ဓါ”ဖြင့် ရယူနိုင်ပါတယ်၊
“အခြွေအရံ”ကို “စာဂ”ဖြင့် ရယူနိုင်ပါတယ်၊
“အသက်ရှည်မှု”ကို “သီလ”ဖြင့်ရယူနိုင်ပါတယ်၊
သုတိဘ၀လို့ခေါ်တဲ့ “အနာဂတ်ဘ၀ ကောင်းကောင်း”ကိုတော့ “ပညာ”ဖြင့် ရယူနိုင်ပါတယ်၊၊

သဒ္ဓါ, စာဂ, သီလ,ပ ညာ,တို့ဖြင့် ဘ၀နှင့် သံသရာကို အလှဆင်နိုင်ကြပါစေကြောင်း အကျိုးလိုလားတဲ့ မေတ္တာစိတ်ဖြင့် ဆန္ဒပြုပြီး ပေါက်မြိုင်ဆရာတော်ကြီးရဲ့ အဆုံးအမ ပြန်လည်ဖွဲ့သီမှု စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊ ဤအရှင်၏ စာကိုဖတ်ရသူ မဖတ်ရသူ၊အားလုံး ဘ၀နဲ့ သံသရာကို လှသထက် လှ၊ ယဉ်သထက် ယဉ်၊ တင့်သထက် တင့်အောင်၊ အလှဆင် ချယ်မှုန်းနိုင်ကြပါစေ၊၊ ၊၊

အလင်းစက်
(၂၁.၈.၂၀၁၀)

အပြည့်အစုံသို့....

Wednesday, August 4, 2010

သစ်လွင်ဆဲခေါင်းလောင်းသံ (သို့) သီရိလင်္ကာ(သီဟိုဠ် )ဗုဒ္ဓစာပေအဆင့်မြင့်သင်ကြားမှု

နိုင်ငံတစ်နိုင်ငံ၏ ပညာရေး စီးပွားရေး လူမှုရေး ယဉ်ကျေးမှုစသည်တို့သည် မိမိတို့ကိုးကွယ်ရာ သက်ဆိုင်ရာဘာသာအသီးသီးနှင့် အပြန်အလှန်မှီခိုကာ ရှင်သန်ကြစမြဲ ဖြစ်ပါသည်။ ဘာသာတရားသည် လူသားတို့အား မျော်လင့်ချက်ကိုရှင်သန်စေပြီး ကိုယ်ကျင့်စာရိတ္တကို တန်ဖိုးမြှင့်တင်ပေးသည်။

အလုပ်လုပ်ရာတွင် ရဲရင့်ပြတ်သားစေပြီး ဘ၀၏အဓိပ္ပါယ်ကို ပိုပြီးလေးနက်စေပါသည်။ ယခုတင်ပြမည့် အကြောင်းအရာသည် သီရိလင်္ကာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကတည်းကနေ ယနေ့ထိတိုင်အောင် ခေတ်စနစ်နှင့်အညီ ဟန်ချက်ညီညီ အသက်ဝင်နေဆဲဖြစ်သော ဆန်းဒေးစကူးခေါ် ဘကပညာရေးဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူ၏တရားတော်များကို ခရာစ်တော်မပေါ်မှီ နှစ်ပေါင်းခြောက်ရာ တွင် အိန္ဒိယနိုင်ငံ နေရာအနှံ့တွင် (၄၅)နှစ်တိုင် ဟောကြားခဲ့သည်၊၊ မြတ်ဗုဒ္ဓ၏ ဟောကြားချက်များကို တရားတော်များအဖြစ်သာမက စာပေများအဖြစ်ပါသိမှတ်ရပါမည်။

မြတ်ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုပြီးနောက် သံင်္ဂါယနာခြောက်တန်တင်ပြီး ဗုဒ္ဓ၏ဟောကြားချက်များကို ထိမ်းသိမ်းခဲ့ကြရသည်၊၊ သင်္ဂါယနာဆိုသည်မှာ ယခုခေတ် စာပေညီလာခံ ပုံစံမျိုးနှင့် ဆင်ဆင်မျှ တူပါသည်။ လုံးဝတူသည်ဟုကား မဆိုနိုင်ပါ၊၊

ဗုဒ္ဓ၏ နေနည်းထိုင်နည်းများ (the arts of living) ပြောနည်းဆိုနည်းများ (the arts of speaking or talking) စားနည်းသောက်နည်းများ(the arts of management) စီးပွားရေး(businesses) ဆိုင်ရာဟောကြားချက်များ၊ လူမှုရေးဆိုင်ရာ(social) ဟောကြားချက်များ၊ နိုင်ငံရေးအယူအဆ(political sciences)နှင့်တကွ သံသရာမှလွတ်အောင်ကျင့်ကြံနည်း (The practices that overcome Samsara) များကို ဟောကြားထားရာ စာပေကို ပါဠိစာပေ၊ သို့မဟုက် ပိဋကတ်သုံးပုံဟု ခေါ်ရလေသည်၊၊ ပိဋကတ်စာပေများကို ဗုဒ္ဓလွန်တော်မူပြီးနောက် ခြောက်ကြိမ် သံင်္ဂါယနာတင် ညှိနှိုင်း ဆွေးနွေး၊ တည်းဖြတ်၊ သုတ်သင်ကာ ထိမ်းသိမ်းလာသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊

ဗုဒ္ဓစာပေများသည် ခရာစ်တော်မပေါ်မှီ နှစ်ပေါင်းသုံးရာ (B.C.3) ရာစု တတိယ သင်္ဂါယနာအပြီးတွင် သီရိလင်္ကာနိုင်ငံသို့ သီရိဓမ္မာသောကမင်း၏ သားတော် သ္မီးတော်များဖြစ်သော အရှင်မဟာမဟိန္ဒနှင့် ညီမအရင်းတော်စပ်သူ သင်္ဃမိတ္တာ ဘိက္ခုနီတို့၏ သယ်ဆောင် သာသနာပြုမှုဖြင့် ရောက်ရှိခဲ့သည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေနှင့် ပညာရေးသည် အရှင်မဟာမဟိန္ဒမထေရ်နှင့် နှမတော် သင်္ဃမိတ္တာဘိက္ခုနီတို့ ဟောသောတရားများမှစတင်ပါသည်၊၊ ဆိုလိုသည်မှာ တရားဟောရာမှ စတင်လာသော ပညာရေးဖြစ်သည်၊၊

မထေရ်နှင့် နှမတော်တို့သည် နိုင်ငံတ၀ှန်းလုံးသို့ နေရာအနှံ့တရားပွဲများပြုလုပ်ပြီး ဟောကြားရာက သီရိလင်္ကာဗုဒ္ဓစာပေ သင်ကြားရေးပုံစံတစ်မျိုးကို ပုံဖော်ခဲ့ကြပါသည်၊၊

မထေရ်မောင်နှမတို့၏ ကြိုးစားမှုကြောင့် သီရိလင်္ကာနိုင်ငံတွင် သာသနာ့တော်သို့ ၀င်ရောက်ရဟန်းပြုသူ၊ ရဟန်းမ,ပြုသူများပါ များပြားလာသောအခါ အရှင်မဟာမဟိန္ဒမထေရ်သည် သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့တော်ကြီးတွင် ကျောင်းတိုက်ကြီးတခုကို တည်ထောင်လိုက်ပါသည်၊ ကျောင်းတိုက်ကြီး၏ အမည်မှာ မဟာဝိဟာရကျောင်းတိုက် ဖြစ်ပါသည်။ သံဃာတော်ငါးထောင်ကြော်မျှသီတင်းသုံးပြီး၊ ဗုဒ္ဓစာပေသင် အံ၊ ပို့ချသော ပညာရေးအဓိက နေရာကြီးတခုလည်းဖြစ်ခဲ့သည်၊၊

အခြားကျောင်းတိုက်ကြီးများမှာ ဇေတ၀န၀ိဟာရကျောင်းတိုက်နှင့် အဘယဂိရိဝိဟာရ ကျောင်းတိုက်ကြီးတို့ဖြစ်သည်၊၊ ဘုန်းကြီးကျောင်းဟုခေါ်ဆိုရန်ထက် (Buddhist Educational Institution) ကြီးများဟုခေါ်က ပိုမိုသင့်လျော်ပါမည်၊၊

မဟာဝိဟာရကျောင်းတိုက်ကြီးကို ဒေ၀ါနံပီယတိဿမင်းက အရှင်မဟာမဟိန္ဒမထေရ်၏ လမ်းညွှန်မှုဖြင့် တည်ဆောက်လှုဒါန်းခဲ့ပါသည်၊၊ (International Buddhist Educational Centre) ဟု ကဗျည်းထိုးထားသည်ကို အင်တာနက်မှတ်တမ်းများအရ သိရသည်၊၊

ထိုကျောင်းတိုက်ကြီးများမှ ထွက်ပေါ်ခဲ့သော ပါဠိပညာတတ် ကျောင်းသားကြီးများမှာ အဋ္ဌကထာဆရာများဖြစ်ကြသော အရှင် ဗုဒ္ဓဒတ္တ၊ အရှင်မဟာဗုဒ္ဓဃောသ၊ အဋ္ဌကထာနှင့် ဋီကာများစွာကိုရေးခဲ့သော အရှင်ဗုဒ္ဓပိယနှင့် အခြားအကျော်မော်ပေါင်းများစွာကို ထိုကျောင်းတိုက်ကြီးများမှ မွေးထုတ်ပေးခဲ့ပါသည်၊၊

အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီဟိုဠ်ဘာဘာသာဖြင့် ရေးသားထားသော သီဟဠအဋ္ဌ ကထာကြီးများကို မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးလျှက် မာဂဓီဘာသာ (သို့) ပါဠိဘာသာသို့ ပြန်ဆိုခဲ့ပါသည်၊၊ ဗုဒ္ဓစာပေတွင် များစွာနေရာယူထားသော ၀ိသုဒ္ဓိမင်္ဂကျမ်းကြီးကိုလည်း မဟာဝိဟာရကျောင်းတိုက်ကြီးမှာပင် ဗုဒ္ဓဃောသအရှင် ရေးသားခဲ့ပါသည်၊၊

သီရိလင်္ကာ chronicle record များအရ ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာတို့တွင့် ပါဠိတော်များကို ပေထက်အက္ခရာတင်မှုမရှိသေးဘဲ တတိယသင်္ဂါပွဲကြီးအပြီးတွင် ပါဠိတော်များကို ထိုမဟာဝိဟာရ ကျောင်းတိုက်ကြီး အတွင်းတွင် ပါဠိပညာရှင် ဆရာတော်အကျော်အမော်များက မြတ်စွာဘုရား လေးဆယ့်ငါးဝါတိုင်တိုင် ဟောကြား ပို့ချခဲ့သော ပါဠိတော် စာပေများကို အစဆုံးနှင့် အစောဆုံး ပေထက်အက္ခရာတင်ခဲ့ကြပါသည်၊၊ (1.century B.C.) Alu-Vihara in Matale အရပ်တွင် ပေထက်အက္ခရာတင်သော စတုတ္ထသင်္ဂါယနာနှင့် သီးခြားဖြစ်ပါသည်)။

ပိဋကတ်တော်များကို နှုတ်ဖြင့်ဆောင်ယူလာသော နှုတ်ဆောင်အဆင့်မှ စာပေအဆင့်သို့ မြှင့်တင်ပေးခဲ့ဖြစ်သည်၊၊ မြတ်စွာဘုရား၏ တပည့်စဉ်ဆက် နှုတ်သက်သက်ဖြင့် ထိမ်းသိမ်းစောင့်ရှောက်လာသော ပါဠိစာပေများကို အစဆုံး အက္ခရာအသွင်သို့ပြောင်းရာ ကျောင်းတိုက်ကြီး ဖြစ်သည်၊၊ ပါဠိစာပေသမိုင်းမော်ကွန်း တင်ရမည့် ကျောင်းတိုက် ကြီးဖြစ်သည်၊၊

ယနေ့သာသနာတော်ကမ္ဘာသို့ ပြန့်သည်မှာ ထိုကျောင်းတိုက်ကြီးများ၏ ကျေးဇူးပင် ဖြစ်သည်၊၊ ဤသို့ဖြင့် သီရိလင်္ကာ ဗုဒ္ဓစာပေအဆင့်သည် (A.D.16)ရာစုတွင် သမိုင်းမှတ်တမ်းများအရ ရွှေခေတ်ဖြစ်သည်ဟု ဆိုရပါမည်၊၊ ပါဠိကျမ်းပေါင်းများစွာ အဋ္ဌကထာကျမ်းပေါင်းများစွာ၊ ဋီကာကျမ်းပေါင်းများစွာနှင့် အနုဋီကာကျမ်းပေါင်းများစွာ ပေါ်ထွက်ခဲ့ပါသည်၊၊

ယနေ့တိုင် သီရိလင်္ကာဗုဒ္ဓစာပေကို ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအားလုံးက အလေးပြုနေရဆဲ ဖြစ်သည်၊၊ ကမ္ဘာ့ဗုဒ္ဓဘာသာ conferences ကြီးများတွင် သီရိလင်္ကာနိုင်ငံ ပါဠိပညာရှင်အများစုကသာ ဦးဆောင်နေသည်ကို သတိပြုနိုင်ပါသည်၊၊

“ဖြစ်ခြင်းသည် ပျက်ခြင်းအဆုံးရှိရသည်” ဆိုသည့်အတိုင်း သီရိလင်္ကာ ဗုဒ္ဓစာပေနှင့် ပညာရေးရွှေခေတ်သည် (A.D.1505)တွင် ပေါ်တူဂီလူမျိုးများ၏ ၀င်ရောက် ကျူးကျော် တိုက်ခိုက်၊ ဖြက်ဆီးမှုများကြောင့် နေ၀င်ခဲ့ရသည်၊၊

ပေါ်တူဂီတို့သည် သီရိလင်္ကာကို အနိုင်ရသိမ်းပိုက်ပြီးသောအခါ သူတို့၏ဘာသာဖြစ်သော ခရာစ်ယန်ဘာသာကို နိုင်ငံဘာသာဖြစ်စေခဲ့ကြသည်၊၊ ပေါ်တူဂီများအုပ်ချုပ်ပြီးနောက် (၁၆၃၈)တွင်ဒတ်ခ်ျလူမျိုးများအုပ်ချုပ်ခဲ့သည်၊ ဒတ်ခ်ျများအုပ်ချုပ်ပြီးသောအခါ (၁၈၇၆ မှ ၁၉၈၄)အထိ ဗြိတိသျှတို့က အပြောင်းလွဲများစွာဖြင့် ကျူးကျော်အုပ်ချုပ်အပြီး သီရိလင်္ကာနိုင်ငံသည် ခရာစ်ယန်ဘာသာ ဖြစ်လုနီးနီးအထိဖြစ်ခဲ့ရသည်၊၊

ဗြိတိသျှတို့ကျူးကျော်မှုပြီးဆုံးပြီး လွပ်လပ်ရေးရပြီးသော (1948.A.D)ခုနှစ် ရောက် လာသောအခါ သာသနာစိတ်အားကြီးသော သီရိလင်္ကာ အမျိုးသား/အမျိုးသ္မီးတို့သည် ဗုဒ္ဓသာသနာနှင့် ရိုးရာယဉ်ကျေးမှုများကို အားသွန်ခွန်စိုက်ပြန်လည်စုစည်းခဲ့ကြရသည်၊၊

မျိုးချစ်စိတ်အပြည့်ရှိသော အရှင်ဂုဏနန္ဒမထေရ်သည် နိုင်ငံအနှံ့အပြားသို့ ၀ံသာနုရက္ခိတ တရားများ ပြန်လည်ရှင်သန်လာအောင် ဟောပြောပွဲများ၊ စကားရည်လုပွဲများကို ဦးဆောင်ကျဉ်းပ ပေးသောအားဖြင့် သီရိလင်္ကာယဉ်ကျေးမှုနှင့် သာသနာတော်ကို အသက်သွင်းခဲ့ပါသည်၊၊

ထိုမထေရ်မြတ်၏သာသနာပြုလုပ်ငန်းကို အမေရိကန်လူမျိုး (Free Thinker ,Steel Henry Olcott) ဆိုသူက ကိုယ်အား၊ ညာဏ်အားအကုန်သုံးပြီး ကူညီခဲ့သည်၊၊ ကာနယ်သည် (ပနဒူရ) စကားရေလုပွဲအကြောင်းစာအုပ်ကို ဖတ်မိရာက ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သူဖြစ်သည်၊၊

မြန်မာပြည် ကျောက်ကွင်း အရေးတော်ပုံစာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာနှင့် ခရစ်ယန်တို့ စကားရည်လုသော စာအုပ်ဖြစ်သည်၊၊ ကာနယ် အောလ်ကော့သည် (1880 A.D)တွင် သီရိလင်္ကာနိုင်ငံ ဂေါနယ် (Galle town) ၀ိဇယနန္ဒကျောင်းတိုက်တွင် ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့ပါသည်၊၊

ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများတွင် လက်ရှိအသုံးပြုနေသော သာသနာ့အလံကိုလည်း အင်္ဂလိပ်လူမျိုး ဤပုဂ္ဂိုလ်ကြီးမှပင် (၁၈၈၅)ခုတွင် တီထွင်ခဲ့ပါသည်၊၊ ကာနယ်အော်လကော့၏ သာသနာပြုမှုဖြင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသော သီဟိုဠ်သာသနာတော်သည် ရောင်ချည်တဖန်သန်း လာပါ တော့သည်၊၊

ကာနယ်အောလ်ကော့အား သီရိလင်္ကာ၏ သူတော်စင်တဦးဖြစ်သော အနာဂါရိက ဓမ္မပါလဆိုသူက သာသနာပြုလုပ်ငန်းများအတွက် ငွေကြေးအထောက်ပံ့မှုကအစ လိုလေသေးမရှိ ကူညီသာသနာပြုခဲ့ပါသည်၊၊ သိန်းပေါင်းများစွာသော သီရိလင်္ကာတို့သည် အောလ်ကော့၏ ဦးဆောင်သာသနာပြုမှုတွင် ပါဝင်လာကြပါသည်၊၊ သီဟိုဠ်မြေတွင် ဗုဒ္ဓသာသနာတော် အခြေပြန်ချခဲ့ပြီဖြစ်သည်၊၊

ကာနယ်အောလ်ကော့၏ ထင်ရှားသော လှုပ်ရှားမှုတခုမှာ (Parama Vijnanatha Buddhist Society) ကိုခေါင်းဆောင်ပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်၊၊ ထိုအဖွဲ့စည်းကြီးအောင်မြင်လာမှုသည် သီရိလင်္ကာသာသနာတော် ပြန်လည်ထွန်းပလာခြင်း၏ ရှေ့ပြေးဖြစ်ပါသည်၊၊

အဖွဲ့ကြီးတည်ရှိခဲ့သောနေရာမှာ (54, Maliban Street, Colombo) ဖြစ်ပြီး အေဒီ (၁၈၈၀)ခုနှစ်တွင် တည်ထောင်ခဲ့သည်၊၊ ဤအချိန်တွင် သီရိလင်္ကာဗုဒ္ဓစာပေနှင့် သာသနာတော်သည် လုံးဝမူမှန်အခြေနေထိ ပြန်လည်ရောက်ခဲ့ပြီဖြစ်သည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေကို လူကြီးများ၏လက်ထဲတွင်မက ကလေးလူငယ်များ၏ လက်သေးသေးလေးများထဲအထိ ထည့်ပေးလိုသောစိတ်များ အောလ်ကော့၏ စိတ်ထဲတွင်ဖြစ်ပေါ်လာသည်၊၊

သူ၏ဒိုင်ယာယီစာအုပ် အတွဲ(၃) စာမျက်နှာ(၁၄၃)တွင် ဤသို့ရေးထားသည်ကို တွေ့ရှိရသည်။ “I had an important idea that all Buddhist children should spend at least several hours at their temples in order to learn Buddhism”. (Olcott Diary — Vol. III — Sinhalese Translation, p. 143). (ဗုဒ္ဓဘာသာဝင်ကလေးလေးတွေဟာ ဗုဒ္ဓစာပေကို အချိန်များများသင်ယူပြီး ဘုန်းတော်ကြီးကျောင်းများထဲမှာ သူတို့ဘ၀ရဲ့ အချိန်အစိတ်ပိုင်းတချို့တ၀က်ကို ကုန်စေပြီးယဉ်ကျေးစေရမူ ကောင်း၏)။

အတွေးအခေါ်တခုကို အတွေးအခေါ်အဆင့်တွင်မထားဘဲ လက်တွေ့အကောင်ထည်ဖော်တတ်သော လူမျိုးကြီးများ၏ အလေ့အကျင့်အတိုင်း အောလ်ကော့သည်(1895A.D)တွင်ကလေး ဗုဒ္ဓစာပေ သင်ကျောင်းအဖြစ် ဓမ္မကျောင်း (Dharma School) ကို ဂေါဒေသအနီး ၀ိဇယာနန္ဒကျောင်းတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်၊၊ သီဟဠဘသာသာဖြင့် (Dha ham pasala)ဟုခေါ်ပါသည်၊ အင်္ဂလိပ်လို (Sunday school) ဟုခေါ်ပါသည်၊၊

ခက်ခဲသော ဗုဒ္ဓစာပေများကို ကလေးငယ်များလက်ထဲသို့ ပုံစံမျိုးစုံဖြင့်ထည့်ပေးခဲ့သည့် လုပ်ရပ်ပင်ဖြစ်သည်၊၊ (၁၈၉၅)တွင် ဘုန်းကြီးကျောင်းထဲတွင် အောလ်ကော့ တည်ထောင်သော ကလေးဓမ္မကျောင်းသည် အလွန်အောင်မြင်လာပြီး သီရိလင်္ကာ ဘုန်းကြီးကျောင်းတိုင်းတွင် ကလေးသင်ဓမ္မကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်အထိဖြစ်ပါသည်၊၊

ဗုဒ္ဓတရားတော်နှင့် စာပေကို အသက်အရွယ်ကြီးရင့်၍ မှတ်ဥာဏ်ထက်မြတ်သည့် အရွယ်ကိုလွန်ကာမှ လိုက်စားဖို့ပြင်ဆင်သော ဗုဒ္ဓဘာသာအမည်ခံ အချို့သောသူများ၏စိတ်ဓာတ်နှင့် နည်းနည်းကွာခြား နေသည်ကို သတိထားမိသည်၊၊ ကံမွဲညာဏ်မွဲသည့် အသက်အရွယ်အိုကာမှ တရားလိုက်စားသူများ သတိပြုဖွယ်ပင် ဖြစ်သည်၊၊

အောလ်ကော့စတင်သော ဗုဒ္ဓစာပေသင်ယူမှုသည် နိုင်ငံတ၀ှန်းလုံးအနှံ့ တိုးတက်လာသောအခါ သီရိလင်္ကာသမ္မတ (Bhandaranayaka)မှ သူသမ္မတ ဖြစ်လာသော(၁၉၅၆)တွင် အစိုးရကျောင်းများတွင်လည်း ဗုဒ္ဓစာပေကို (compulsory subject) မသင်မနေရ ဘာသာတစ်ခု အဖြစ် ကြေငြာခဲ့သည်၊၊

ထိုနှစ်မှာပင်(Sunday school)များကို သာသနာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အစိုးရကျောင်းများအဖြစ် တရားဝင်(legally) ခွင့်ပြုအသိမှတ်ပြုခဲ့ပါသည်၊၊ အတန်းအလိုက် ပြဌာန်းစာအုပ်များကိုလဲ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး အခမဲ့စနှစ်ဖြင့် ကျောင်းတိုင်းကို ဝေငှခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အတန်းအလိုက် စာမေးပွဲများကိုလည်း အစိုးရမှပင်တာဝန်ယူပြီး ကျဉ်းပခဲ့ပါသည်၊၊

သီရိလင်္ကာဗုဒ္ဓစာပေသင်ကြားမှုကို ပုံစံဖော် ခေါင်းဆောင်မှုပြုပေးခဲ့သော အင်္ဂလိပ်လူမျိုးကာနယ် အောလ်ကော့အား ကျေးဇူးတင် အမှတ်ရ ဂုဏ်ပြုသောအားဖြင့် သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့တော် (၇)တွင် ကာနယ်အောလ်ကော့ရုပ်တုကြီး စိုက်ထူခဲ့ထားသည်ကိုခန့်ငြားစွာ ယနေ့တိုင် တွေ့မြင် နိုင်ပါသည်၊၊

ဘုန်းတော်ကြီးကျောင်းများတွင် တည်ရှိသော ဓမ္မကျောင်းများသို့ သီဟိုဠ်ကလေးငယ်တိုင်း မတက်မနေရအမိန့်ကို အစိုးရမှအမိန့်ထုတ်ခဲ့သည်၊၊ နှစ်စဉ် သြဂုတ်လ (3) ရက်နေ့ကို (the day of Dharma schools) အဖြစ် သတ်မှတ်ခဲ့ပါသည်၊၊ ကျောင်းသားပွဲတော်များ ကျဉ်းပေးခြင်းဖြင့် ကလေးငယ်များ၏ ဗုဒ္ဓစာပေစိတ်ဓာတ်ကို တနည်းအားဖြင့် ဆွဲယူခဲ့ပါသည်၊၊

ဓမ္မကျောင်းများကို ကလေးငယ်များသည် အခမဲ့စနှစ်ဖြင့် တက်ရောက်ကြရသည်၊၊ စာအုပ်စာတမ်းမှစ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးပါသည်၊၊ ဓမ္မကျောင်းများတွင် သင်ကြားခွင့်ရရန် ဆရာ ဆရာမများအနေဖြင့် အစိုးရအစီအစဉ်ဖြင့် ခေတ်ပညာတတ်ဘုန်းတော်ကြီးများထံတွင် (Dharma School Diploma) ဘွဲ့သင်တန်းကို တက်ရောက်ကြရပါသည်၊၊ ဓမ္မကျောင်းတွင် ဆရာ/ဆရာမများ တာဝန်ထမ်းဆောင်ကြသည်မှာ ဗုဒ္ဓစာပေကုသိုလ်ဖြစ် သင်ပေးရခြင်းမျှသာဖြစ်သည်။ လခ တစုံတရာ ရရှိခြင်းမရှိပါ၊၊

ဓမ္မကျောင်းနှစ်မျိုးရှိသည်-
(1) သီဟိုဠ်ဘာသာဖြင့်သင်သော ဓမ္မကျောင်း (Sinhalese Medium Dharma School)
(2) အင်္ဂလိပ်လိုသင်သော ဓမ္မကျောင်း (English Medium Dharma School) တို့ဖြစ်သည်၊၊

ဓမ္မကျောင်းတွင်သင်ပေးသော ဘာသာရပ်များမှာ -
(1) ပါဠိစာပေ =Pali language
(2) ဗုဒ္ဓဘာသာ သမိုင်း =History of Buddhism
(3) ဗုဒ္ဓ၀င် =Biography of the Buddha
(4) ထင်ရှားသော ဗုဒ္ဓရှင်တော်၏ သာဝကကြီးများအကြောင်း= Biographies of very famous Buddhist monks, nuns and lay people
(5)ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များ =Fundamental doctrines of Buddhism
(6) ဗုဒ္ဓစာပေအသံထွက်ရွက်ဆိုနည်း =Recitation of Pali passages and stanzas
(7) ဗုဒ္ဓအဘိဓမ္မာ =Abhidhamma (Buddhist Philosophy)
(8) ဗုဒ္ဓကမ္မဌာန်းဘာဝနာအားထုတ်နည်း = (Buddhist meditation) တို့ဖြစ်ပါသည်၊၊

Dharma School တွင် အတန်း first standard မှ ten standard အထိ (10) တန်းရှိပါသည်၊၊ Tenth standard final ပြီးလျှင် အစိုးရကျောင်း 0,level နှင့် ညီမျှသည်ဟု အစိုးရမှသတ်မှတ်ပေးထားပြီး အစိုးရကျောင်း A, level တန်းသို့တက်လိုက ပြောင်းပြီး တက်ခွင့်ရပါသည်၊၊

Final tenth standard တွင် Avasana ဟူသောအမည်ဖြင့် Level နှစ်မျိုးရှိကာ အောင်မြင်ပြီးဆုံးပါက Dhahampasala Dharmacariya degree ဟူသောဘွဲ့ကို နိုင်ငံတော်မှပင် ချီးမြှင့်ပါသည်၊၊

Dharma School မှ Ten standard ပြီးသော ကျောင်းသားသည် အစိုးရအထက်တန်းဖြစ်သော A, Level ကိုပြောင်းကာ အစိုးရအထက်တန်းတွင် ဆက်လက်၍တက်လိုက တက်ခွင့်ရပါသည်၊၊

အစိုးရကျောင်းမတက်ဘဲ Dharma School တွင်ဆက်တက်လိုကလည်း Parachina ဟူသော ဓမ္မကျောင်း တက္ကသိုလ်တန်းကို တက်ခွင့်ရပါသည်၊၊

Dhahampasala Parachina university level တွင် သုံးနှစ်သတ်မှတ်ထားပြီး အတန်းသုံးမျိုးတက်ရမည်ဖြစ်ပါသည်၊၊
(1) Pararamba First year
(2) Madhyama Second year
(3) Pandhita Third year တို့ဖြစ်ပါသည်၊၊
ဓမ္မတက္ကသိုလ်တန်းတွင် ဘာသာရပ်(3)မျိုးကို အဓိကအနေဖြင့် ကျောင်းသားများ သင်ယူကြရပါသည်၊၊

(1) Pali language and literature
(2) Sanskrit language and literature
(3) Sinhala language and literature တို့ဖြစ်ပါသည်၊၊
ယင်းအတန်းများကို အင်္ဂလိပ်စာကို ကြားခံဘာသာ(medium-language) အနေဖြင့်ယူသော ကျောင်းသားအနေဖြင့် ဘာသာသုံးမျိုးလုံးကို အင်္ဂလိပ်လိုသင်ယူကြရမည် ဖြစ်ပါသည်။

ဓမ္မတက္ကသိုလ်အဖြစ်သင်ကြားသော ကျောင်းသားများမှာ သီရိလင်္ကာသာမန် ဘုန်းတော်ကြီး ကျောင်းများတွင် မဟုက်တော့ဘဲ အဆင့်မြင့်ဘုန်းတော်ကြီးကျောင်း (Temple) ကြီးများတွင် စနှစ်တကျတက်ရောက်ပြီး ပညာရေနို့သောက်စို့ကြရမည် ဖြစ်ပါသည်၊၊

Dharma University level သုံးမျိုးလုံးကို အောင်မြင်ပြီးစီးသော ဓမ္မတက္ကသိုလ်ကျောင်းသားများကို အစိုးရမှ (Tipitakacariya degree) ဘွဲ့ကို ထိုက်ထိုက်တန်တန်အပ်နှင်းပေးပါသည်၊၊ ဓမ္မကျောင်းသို့ စတင်တက်နိုင်သော ကျောင်းသား၏အရွယ်မှာ ငါးနှစ်ဖြစ်သည်၊၊ သီရိလင်္ကာတွင် ထူးခြားချက်တစ်ခုမှာ မိမိရသောဘွဲ့နှင့် သင့်တော်သော အလုပ်တခုကို ဆိုင်ရာဌာနတွင် ကျောင်းသားမှ တောင်းဆိုခွင့်ရှိခြင်းဖြစ်သည်၊၊

ဓမ္မကျောင်းတက်ချိန်မှာ - တနင်္ဂနွေနေ့တိုင်း နံနက် (၆)နာရီမှစပြီး နေ့ (၁၂)တွင် ပြီးပါသည်၊၊ တစ်ပတ်မှတစ်ရက်တသည်းသာ တက်ရန်ဖြစ်သည်၊၊ ဓမ္မကျောင်းသား/ကျောင်းသူလေးများ ကျောင်းသို့လာသောအခါ ဘုရားပန်းများ၊ အမွှေးတိုင်များ၊ ဆီမီးပူဇော်သည့် ဆီများ ယူဆောင်လာကြရပါသည်၊၊

ဆီမီးတိုင်သည် အမိုက်အမှောင် မောဟကို ဓမ္မဖြင့်ပယ်ဖြောက်သည့် သင်္ကေတဖြစ်ပါသည်။ ဘုရားရှင်ကို ပန်းဖြင့်ပူဇော်ခြင်းမှာ ရိုသေကိုင်းရှိုင်းတတ်သည့် လူမျိုး၏သဘာဝကိုပြပါသည်။ တဖန်ပန်းကလေးများ လန်းဆန်းလှပရာကနေ တဖြည်းဖြည်းနွမ်း ခြောက်သွားသောအားဖြင့် အနိစ္စသဘောကိုလည်း ပြသည်ဟုဆိုပါသည်။

ဓမ္မကျောင်းတွင်နေ့စဉ်ပြုရသည့် ၀တ်တရားများမှာ -
(1) ကျောင်းသို့လာသောအခါ ပန်းစသည်များယူလာရန်၊
(2) ဘုရားရှင်အားပန်းစဖြင့်ညီညီညာညာပူဇော်ကြရန်၊
(3) ငါးပါးသီလ ဆရာတော်ထံမှဆောက်တည်ရန်၊
(4) ဓမ္မကျောင်းတေးသံသာလေးများနှင့် သင့်လျော်သည့် ပါဠိဂါထာလေးများ ညီညာသံပြိုင်သီဆိုရန်၊
(5) မိနစ်အနည်းငယ်မျှတရားမှတ်ရန်၊
(6) အတန်းအလိုက်သင်္ခန်းစာများသင်ကြားကြရန်၊

ကလေးများအနေဖြင့် နှစ်စဉ်ဓမ္မကျောင်းစာမေးပွဲများကို ဖြေဆိုကြရပါသည်၊၊ စာမေးပွဲကို အစိုးရမှ ကျဉ်းပပေးခြင်းဖြစ်သည်၊၊ ဓမ္မကျောင်းမှ (final level) သည် အစိုးရကျောင်းမှ (final level Grade-12)နှင့်ညီမျှပါသည်ဟု သတ်မှတ်ထားပါသည်၊၊ ဓမ္မကျောင်းမှဆရာ/ဆရာများကို အစိုးရ တက္ကသိုလ်တခုမှ မွန်းမံသင်တန်းများနှင့် ဒီပလိုမာတန်းများကို နှစ်စဉ်သင်ကြားပေးလေ့ ရှိ ပါသည်၊၊

ဓမ္မကျောင်းမှ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများသည် တူညီဝတ်စုံ (School Uniforms) များကိုဝတ်ဆင်ကြရပါသည်၊၊ ဓမ္မကျောင်းဝတ်စုံမှာ အဖြူရောင်ဝမ်းဆက်လေးများ ဖြစ်ပါသည်၊၊ အဖြူရောင်ကျောင်းသား ၀တ်စုံလေးများကလည်း ကိုယ့်ကိုယ်ကိုထိမ်းသိမ်းနိုင်မှု၊ တည်ကြည်မှုနှင့် သန့်စဉ်မှုကို ကိုယ်စားပြုသည်ဟုဆိုပါသည်၊၊

စာသင်ကြားသောအခါ စာသက်သက်သင်ကြားမှုမျိုးမဟုက်ဘဲ လက်တွေ့ သင်နည်းစနှစ်များကိုပါ အသုံးပြုသည်ကိုတွေ့မြင်ရပါသည်၊၊ အတန်းအလိုက်ကျောင်းသားများကို အုပ်စုဖွဲ့စေ၍ စကားရေလုပွဲ (Debate)များကို ဆွေးနွေးပွဲပုံစံ (meeting system)နှင့် ဟောပြောပွဲများ (Presentation and Talk Show) များကိုလည်း အရွယ်နှင့်မလိုက် ပြုလုပ်တတ်အောင်သင်ကြားပေးပါသည်၊၊

ဗုဒ္ဓ၀င်ဇာတ်လမ်းများကို သင်ကြားသောအခါ ကျောင်းသားလေးများကို နေရာအလိုက် လက်တွေ့ သရုပ်ဆောင်စေသည်ကိုလည်း စာရေးသူကိုယ်တိုင် တွေ့မြင်ခဲ့ရပါသည်၊၊ နှစ်စဉ်ဧပြီလတစ်လလုံးကို ကျောင်းပိတ်ရက် (Dha ham pasala holidays) အဖြစ်သက်မှတ်ပါသည်၊၊

ဇာတကပါဠိတော်လာ ဇာတ်လမ်းများကို သင်သောအခါတွင်လည်းအလားတူ ကျောင်းသားများကို ဇာတ်ကောင်အဖြစ် သရုပ်ဆောင်စေသည်ကို တအံ့တသြပင် ကြည့်ရှုခဲ့ရပါသည်၊၊ ဗုဒ္ဓစာပေ(ခေါ်) ပါဠိစာပေကို ကမ္ဘာ့အဆင့်မှီ အဆင့်မြင့်မြင့် သင်ကြားပေးလိုသော မြန်မာရဟန်းတော် ညီတော် နောင်တော်များအတွက် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးပါသည်၊၊

အရှင်ရေးသော ဤဆောင်းပါးပါ အချက်အလက် (information) များကို အသုံးပြုပြီး အမိမြန်မာပြည်တွင်လည်း သီရိလင်္ကာနိုင်ငံကဲ့သို့(Sunday School) များတည်ထောင်ကာ ပါဠိစာပေ(သို့)ဗုဒ္ဓစာပေကို ကလေးငယ်များ (new generations) ၏ရင်ထဲ နှလုံးသားထဲသို့အရောက် ပို့ပေးနိုင်မည်ဆိုပါက မြန်မာသာသနာ မြန်မာဗုဒ္ဓစာပေသည်လည်း ဆယ်စုနှစ်တခုအတွင်း ကမ္ဘာကျော်လာမှာ အမှန်ဖြစ်ပါတော့သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုက ပိုပြီးအဓိပ္ပါယ်လေးနက်ပါလိမ့်မည်။

သာသနာပြုဟုဆိုရာဝယ် ဆရာဒကာ ညီညွတ်ရမည့်အရာဖြစ်သည်ကို အားလုံးသပေါက်ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဦး၏အကျိုးကို အခြားတစ်ဦးက အပြန်အလှန်သယ်ပိုးရမည့် သဘောဖြစ်ပါသည်။ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေကြသော ဒကာဒကာမများကို သံသရာအကျိုးသာမက လက်ငင်းမျက်မှောက်အကျိုးကိုလည်း ဖြစ်ထွန်စေရန်အားထုတ်သင့်သည်။

 ယင်းမှာ လမ်သစ်ထွင်ခြင်းမျိုးမဟုတ်ပဲ ရှိပြီးသားလမ်းဟောင်းကို ဆက်လျှောက်ခြင်းမျိုးသာဖြစ်သည်။ သို့ရာတွင် ဆွေးမြည့်နေသော လမ်းကြောင်းကိုပယ်ကာ သစ်လွင်သောလမ်းကြောင်းဖြင့် အနှစ်သာရမပျက်အောင် ဆောင်ရွက်လိုသူအရှင်တို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပင် အထောက်ကူရပါစေတော့ဟု တင်ပြလိုက်ရပါသည်၊၊

အရှင်ကေ၀လ(မြင်းမူ)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
ကေလနိယ တက္ကသိုလ်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
(21.3.2010)

အပြည့်အစုံသို့....

Tuesday, August 3, 2010

အချစ်ကို ဘယ်လိုပြောရမယ်၊၊ ၊၊


ဘာသာစကားတိုင်းမှာ အများဆုံးနှစ်သက် သဘောကျကြတဲ့ ဝေါဟာရလေးတွေ ရှိကြပါတယ်၊၊ အင်္ဂလိပ်စာမှာ ဆိုရင် “love”ဆိုတဲ့ စကားလုံးဝေါဟာရလေးပေါ့၊ မြန်မာစကားမှာတော့ “အချစ်,ချစ်တယ်”ဆိုတဲ့ စကားလုံးဝေါ ဟာရလေးပါ၊၊ သီဟဠဘာသာစကားမှာတော့ “အာသရေ”ပါတဲ့၊၊

Love ဆိုတဲ့ဝေါဟာရကို အဘိဓာန်တစ်အုပ်မှာ တမျိုးဘာသာပြန်ထားတာမို့ တစ်ခုတည်း တိကျတဲ့ အဓိပ္ပါယ် ကိုပြောဖို့ မဖြစ်နိုင်လောက်အောင်ပါဘဲ၊၊ သေခြာတာတစ်ခုကတော့ Emotional Feeling=စိတ်တွင်း နှလုံး သားတွင်းမှာ ဖြစ်တည်နေတဲ့ love ကိုဘာသာစကားလုံးနဲ့ သရုပ်ဖော်လို့ မရဘူးဆိုတာပါပဲ၊၊ နောက်တစ်ခုက love ရဲ့ Funtional Actions=ဘယ်လိုချစ်တယ်၊ ဘယ်လောက် ချစ်တယ်၊ ဘာကြောင့် ချစ်တယ်၊ ဘယ်အထိ ချစ်မယ်၊ ဘယ်ပုံစံ ချစ်မယ်၊ ဘယ်အခြေအနေနဲ့ ချစ်တယ်ဆိုတာတွေကလည်း ဘာသာစကားနယ်ပယ်ကို ကျော်လွန်ပါတယ်၊၊

အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊
ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း၊၊
ဆားငန်ရေနောက် ငတ်တိုင်းသောက်က၊
သောက်လေ သောက်လေ ငတ်မပြေသို့၊
ပေမအရာ တဏှာဖွဲ့ရစ် ထိုအချစ်လဲ
အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊
ချစ်လျင် ပျော်နိုး၊ ချစ်စပျိုးသည်၊
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း၊၊

ကဗျာလေးက အရှင်ဇနကာဘိဝံသရဲ့ စာအုပ်ထဲမှာ ဖတ်မိတာပါ၊၊ ရှေးအမည်မသိစာဆိုတစ်ဦး ဖွဲ့သီခဲ့တာလို့ ဆိုပါတယ်၊၊ မြန်မာဝေါဟာရ အချစ်ဆိုတာကို နေရာများစွာမှာ မေတ္တာလို့ နားလည်ထားသူတွေ ရှိပါတယ်၊၊ ချစ်တယ် (သို့) မေတ္တာရှိတယ်ဆိုတဲ့ ဝေါဟာရနှစ်ခု အဓိပ္ပါယ်တူတယ်လို့ ဆိုလိုတာပါ၊၊ ဥပမာ--မိမိချစ်နေသူကို မေတ္တာရှိတယ်လို့ ပြောလိုက်ရင် ချစ်တယ်လို့ ပြောတယ်ဆိုတာကို အပြောခံရသူက အလိုလိုနားလည်သွားပါတယ်၊၊

တကယ်တော့ မေတ္တာဆိုတဲ့ ဝေါဟာရက မြန်မာဝေါဟာရ စစ်စစ်မဟုက်ပါဘူး၊၊ ပါဠိစာပေကနေ ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာ ဝေါဟာရတစ်ခုပါ၊၊ ပါဠိစာပေမှာသုံးတဲ့ မေတ္တာဆိုတာရဲ့ အနက်အဓိပ္ပါယ်က အကျိုးလိုလားတာကို ပြောတာပါ၊၊ ပါဠိသက် မြန်မာဝေါဟာရ မေတ္တာ ဆိုတာကတော့ အကျိုးလိုလားမှုအပြင် လောကီဆန်တဲ့ တွယ်တာမှု၊ မြတ်နိုးမှု၊ သံယောဇဉ်၊ အချစ်ဆိုတဲ့ သဘောများပါ သက်ဝင်နေပါတယ်၊၊

ဒီအချစ်တွေ မေတ္တာတွေ ဘယ်ကစလဲဆိုတဲ့ မေးခွန်းလေးကိုလည်း လူတိုင်းနီးနီးပင် ငယ်ရွယ်မှုနှင့် အတူ အဖြေရှာခဲ့ဘူးသည်ပင်၊၊ တချို့က ချစ်ခြင်းအစ မျက်စိကလို့ ဆိုသူတွေ ရှိသလို၊ တချို့ကလည်း ချစ်ခြင်းအစ နှလုံးသားကလို့ ဆိုသူတွေလည်း ရှိနေပြန်သည်၊၊ တချို့ကမူ ချစ်ခြင်းအစ “အာဒံနှင့် ဧ၀” ကဟုပင် ဆိုကြပြန်သေးသည်၊၊ စပ်မိ၍ ကဗျာလေးတစ်ပုဒ်ကို သတိရမိလာသည်၊ ဘယ်သူ ရေးသည် ဟုတော့ မမှတ်မိတော့ပါ၊၊

ချစ်ခြင်း အစ၊ မျက်စိကလို့
များလှက၀ိ၊ မိန့်ဆိုရှိလည်း၊
မျက်စိမမြင်၊ သံစဉ်မကြား၊
ထိုသူများဝယ်၊ ချစ်ခြင်း ဘယ်ကစပါလိမ့်၊၊ ၊၊

ဤမျှအပြောကျယ်တဲ့ အချစ်ဆိုတာကို လောကီနယ်ပယ်က လူသားတွေပင် မကဘဲ လောကုတ္တရာ နယ်ပယ်က ရဟန်းတော်အချို့ပင် အဖြေရှာခဲ့ကြဘူးကြောင်း အင်းဝခေတ် စာဆိုတော်ရှင်များ ဖြစ်ကြသည့်  အရှင်မဟာရဌသာရ၊ အရှင်မဟာသီလ၀ံသနှင့် အရှင်တေဇောသာရ တို့၏ စာပေများကို မြန်မာစာပေ သမိုင်းတွင် အလွယ်တကူ လေ့လာနိုင်ပါသည်၊၊

ဝန္နပဘာ
ကလျာနုသစ်…..စသည်ဖြင့် တမျိုး၊
ချုပ်ညရီတွင်
ဖြုပ်ချည်းမြင်သည်
ရှင်သာ ရခိုင့်တန်ဆောင်လော……စသည်ဖြင့် တဖုံ၊ ရဟန်းစာဆိုတော်အရှင်တို့၏ လျို့ဝှက် ရင်ခုံသံများကို တိတ်တဆိတ် ကြားယောင်မိပါသည်၊၊

ဤအရေးအရာကို ရဟန်းသံဃာတော်များတွင်သာမက ဖခင်ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်သည်ပင် အချစ်ရေး အချစ်ရာကို ဥပေက္ခာပြု၊ မျက်နှာလွှဲတော်မမူ၊၊ အချစ်နှင့်ဆက်စပ်၍ ဝေနေယျသတ္တ၀ါတို့ သိသင့် သိဖွယ်ရာများကို သင်ကြားပြသ ဟောကြားတော်မူခဲ့ကြောင်း ပါဠိစာပေမှတ်တမ်းများတွင် လေ့လာရရှိနိုင်ပါသည်၊၊

တချို့တချို့က မြတ်စွာဘုရား တရားဟောသည်ဟု ဆိုလိုက်လျင် အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့်၊ သစ္စာလေးပါး၊ မဂွင်ရှစ်ပါး၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် တရားများဟုသာ ထင်နေတတ်ကြပါသည်၊၊ ဗုဒ္ဓရှင်တော်သည် လောကုတ္တရာအတွက်သာ တာဝန်ကျေသူ မဟုက်ပါ၊ လောကအတွက်လည်း တာဝန်ကျေခဲ့ပါသည်၊၊

 အဘယ်ကြောင့်ဆိုသော် လောကီနယ်သား လူသားသာမန်တို့နှင့်သာ စပ်ဆိုင်သော စီးပွားရေး၊ ကြီးပွားရေးနှင့် လူမှုရေး၊ ပညာရေး၊ ချစ်ရေး ချစ်ရာတို့ပါမကျန်၊ သင်ပြ ဟောကြားတော်မူ၍ ဖြစ်ပါသည်၊၊

ချစ်ခြင်းအစ မျက်စိက, ချစ်မြင်းအစ နှလုံးသားက, ချစ်ခြင်းအစ အာဒံနှင့် ဧ၀က၊ ဟုထွေပြားစွာ ဆိုနေသူတို့ကြားတွင် မြတ်ဗုဒ္ဓရှင်တော်က တကယ်စစ်မှန်တိကျသည့် ချစ်ခြင်း၏အစကို ရှာဖွေ ပြသခဲ့ပါသည်၊၊ မြတ်စွာဘုရား ရှာဖွေပြသည့် ချစ်ခြင်းအစကို လေ့လာကြည့်ရအောင်ပါ----------
ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ၀ါ၊၊
ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ၊၊
(ဒုကနိပါတ ပါဠိ၊သာကေတဇာတက)

ဒီပါဠိစာပိုဒ်လေးမှာ အချစ်တခုရဲ့ အစ၊ အချစ်တစ်ခု ဖြစ်တည်လာဖို့ အကြောင်းနှစ်မျိုးကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊၊ အကြောင်းနှစ်မျိုးက-----
(၁) ရှေးရေစက်၊
(၂) အကျိုးလိုလားမှု၊ လုပ်ဆောင်ပေးမှု၊

သမိုင်းစာပေတွေကို လေ့လာကြည့်လိုက်ရင် ဘုရင့်သ္မီးတော်တွေနဲ့ အစေခံကျွန်ယောကျာင်္းတွေ ချစ်ကြိုက်မိကြပြီး စည်းစိမ်တွေစွန့်၊ အချစ်တစ်ခုတည်းကို ကိုးကွယ်သွားကြတာဟာ ရှေးဘ၀ရေစက်ကြောင့်ပါ၊၊ တပြည်သူ မုဆိုးမကို ချစ်မိပြီး ထီးနန်းစည်းစိမ်ကို စွန့်ရဲတာလဲ ရှေးဘ၀ရေ စက်ပါ၊၊ ရှေးရေစက်သာ ရှိလာရင် ဘယ်လောက်ဝေးဝေး၊ အဆင့်အတန်းတွေ ဘယ်လောက်ကွာကွာ၊ ဂုဏ်တွေ ဘယ်လိုပဲ ခြားခြား မစဉ်းစားနိုင်တော့ပါဘူး၊ ချစ်လို့ကို ချစ်တာလို့ ပြောရတော့မှာပါ၊၊

မိန်းကလေးတစ်ဦးနှင့် ယောကျာင်္းလေးတစ်ဦး ချစ်တာပဲ ဖြစ်ဖြစ်၊ မိန်းကလေးခြင်း ယောကျာင်္းလေးခြင်း ချစ်တာပဲ ဖြစ်ဖြစ်၊ မိဘနှင့် သားသ္မီး ချစ်တာပဲဖြစ်ဖြစ်၊ ညီကို မောင်နှစ်မခြင်း ချစ်တာပဲဖြစ်ဖြစ်၊ အချစ်တိုင်းမှာ ရှေးရေစက်ရှိရပါတယ်၊၊ ရှေးရေစက်သာ မရှိခဲ့ကြရင် တယောက်ကို တယောက် မချစ်တတ်ကြပါဘူး၊၊ တစ်မိသားစုထဲမှာတောင် အရမ်းစိမ်းတာတွေကို ရှိပါတယ်၊၊ ရှေးရေစက် နည်းခဲ့လို့ပါ၊၊

မိဘသဘောတူလို့ အကြင် လင်မယား အဖြစ်ယူထားကြပေမဲ့ တယောက်ကို တယောက် တသက်လုံး ချစ်မသွားကြသူတွေကို ပတ်ဝန်းကျင်မှာ တွေ့နိုင်ပါတယ်၊၊ ကိုယ်တစ်ခါမှ မမြင်ဘူးပဲ အသံလေးကြားရရုံနဲ့ မေတ္တာသက်ဝင်နေတာ၊ သံယောဇဉ်ကြီးမား နေတာတွေဟာ ရှေးဘ၀ အဆက်ဆက် ပြုခဲ့ဘူးတဲ့ ရေစက်ကြောင့်ပါပဲ၊၊ တစ်ခါလေးတွေ့လိုက်ရုံနဲ့ At first sight လို့ခေါ်တဲ့ မြင်မြင်ခြင်း အချစ်တွေ၊ သံယောဇဉ်တွယ်တာမိကြတာတွေဟာ ရှေးဘ၀ရေစက်ကြောင့်ပါပဲ၊၊ ဗုဒ္ဓရှင်တော်က ချစ်ခြင်းရဲ့အစကို ဤသို့သင်ပြတော် မူပါတယ်၊၊

နောက်တစ်ခု ချစ်ခြင်းအစကတော့ တဦးအကျိုးကို တဦးကလိုလားပြီး၊ အခြင်းခြင်း အကျိုးပြုရာကနေ စတာပါတဲ့၊၊ ဟုက်ပါတယ်၊၊ လူတွေဟာ ကိုယ့်အကျိုးကို လိုလားသူ၊ ကိုယ့်ကို အကျိုးပြုသူကို ချစ်တတ်တာ သဘာဝတစ်ခုပါပဲ၊၊ ကိုယ့်ဘ၀တိုးတက်အောင် ပြုပေးသူကို ချစ်တာဟာ ဘုရားအလိုကြတယ်လို့တောင် ဆိုရမှာပါ၊၊ သင်ကြားချက်နှစ်ခုကို သုံးသပ်ကြည့်ရင်---

(၁) ချစ်ခြင်းအစ ရှေးရေစက်က၊
(၂)ချစ်ခြင်းအစ အကျိုးပြုမှုကလို့ အချက်နှစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်၊၊

စာဖတ်သူရော တစ်စုံတစ်ယောက်ကို ချစ်ဖူးပါသလား၊ အဲဒီအချစ် ဘယ်က စတယ်လို့ထင်ပါသလဲ၊ တစိမ့်စိမ့်တွေးကြည့်ပါ….၊၊ ဆိုခဲ့ပြီးတဲ့ အကြောင်းနှစ်မျိုးက စခဲ့တဲ့အချစ်ကို ကြာရှည်တည်အောင် ထိမ်းထားသင့်ပါတယ်၊၊ ဘာလို့လဲဆိုတော့ အချစ်ကြီး ချစ်လာပြီးမှ ကျွမ်းအသဲတွေနဲ့ လမ်းခွဲရပြီး၊ မျက်ရည်ကျရတဲ့ ချစ်သူတွေကို များစွာတွေ့နေရလို့ပါ၊၊

ဗုဒ္ဓအရှင်က ဖြစ်ပေါ်လာပြီးတဲ့ အချစ်စစ်၊ အချစ်မှန်တွေ ရေရှည်တည်စေဖို့နဲ့၊ ဘ၀အဆက်ဆက်တိုင်း၊ ငှက်ဖြစ်လည်း တစ်ကိုင်းထဲ နားနိုင်ကြဖို့၊ အညီအမျှထားသင့်တဲ့ အချက်လက်လေးမျိုးကို မဟာကရုဏာတော်နဲ့ ညွှန်ပြတော်မူပါတယ်၊၊ လေးမျိုးဆိုတာက-------

(၁) သမ သဒ္ဓါ=ယုံကြည်ချက်တူညီမှု ရှိရမယ်၊၊
(၂) သမ သီလာ=ကိုယ်ကျင့် စရိုက်တူရမယ်၊၊
(၃) သမ စာဂါ=စီမံခန့်ခွဲမှု အပိုင်းမှာ အခွင့်ရေး တန်းတူရှိရမယ်၊၊
(၄) သမ ပညာ=ညာဏ်ပညာ အဆင့်တူရမယ်၊၊
(ပထမ/ဒုတိယ သမဇီဝိတ သုတ်၊အံ.၄၊)

ယုံကြည်ချက်၊ စရိုက်၊ အခွင့်ရေးမျှတမှု၊ အသိဉာဏ်အဆင့်-- လေးမျိုးတူမှသာ အချစ်ကနေ ဘ၀တစ်ခုကို အောင်အောင် မြင်မြင် တည်ဆောက်နိုင်ပါတယ်၊၊ ယုံကြည်ချက်မတူရင် ချစ်ပေမဲ့ ဘ၀တစ်ခုလက်တွဲဖို့ မဖြစ်နိုင်ပါဘူး၊၊ စီးပွားရေးဆိုင်ရာ ယုံကြည်ချက်၊ လူမှုရေးဆိုင်ရာ ယုံကြည်ချက်၊ ပညာရေးဆိုင်ရာ ယုံကြည်ချက်နှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ချက် အားလုံးဟာ တန်းတူ မဟုက်တောင် အတိုင်းအတာတစ်ခုထိ တူညီနေမှ လူနှစ်ယောက် ဘ၀တစ်ခုကို အတူလက်တွဲပြီး လျှောက်လှမ်းနိုင်တာပါ၊၊

ယုံကြည်ချက် မတူဘဲလက်တွဲမိခဲ့ကြသူတွေဟာ တနေ့မှာ စာချုပ်တစ်ခုမှာ လက်မှတ်ရေးထိုးတတ်ကြရပါတယ်၊၊ အဲဒီစာချုပ်ကတော့ “ကွာရှင်းပြတ်စဲခြင်း”ဆိုတဲ့ စာချုပ်ပါပဲ၊၊ ဒါကြောင့် အချစ်ကနေ ဘ၀တစ်ခုကို အောင်အောင်မြင်မြင်လက်တွဲနိုင်ဖို့ ယုံကြည်ချက်တူရပါတယ်၊၊ ဒါကို “သမ သဒ္ဓါ”လို့ခေါ်ရပါတယ်၊၊

အကျင့်စရိုက်ဆိုတာ အရမ်းအရေးပါ ပါတယ်၊၊ ချစ်သူတွေဘ၀မှာ အရမ်းချစ်ကြပေမဲ့ နှစ်သက်တမ်းလေး ရှည်လာတာနဲ့အမျှ တယောက်စရိုက်ကို တယောက်က စုံစမ်းမှန်းမသိ စုံစမ်းအကဲခပ် နေတတ်ကြပါတယ်၊၊ သူ့စရိုက်နဲ့ ကိုယ့်စရိုက်လုံးဝ ခြားနားနေပြီဆိုရင် ဘ၀တစ်ခုလုံးလက်တွဲဖို့ မဖြစ်နိုင်မှန်း ဦးနှောက်က အလိုလိုလက်ခံလာပါတယ်၊၊ “အသွင် မတူ၊ အိမ်သူ မဖြစ်”ဆိုတာ မြန်မာဆိုရိုးစကား ရှိပါတယ်၊၊

လူနှစ်ယောက် စရိုက်လုံးဝ မတူတော့ဘူးဆိုရင် တယောက်နဲ့ တယောက် သည်းခံလို့မရတော့ပါဘူး၊ အလိုလို ကိုယ်ပေါင်း စိတ်ခွာဖြစ်လာပြီး၊ မုန်းတဲ့အထိ၊ မတွေ့ချင် မမြင်ချင်တော့တဲ့အထိ ဖြစ်လာတတ်ပါတယ်၊၊ အချစ်စစ်မှသည် မိသားစုဘ၀နှင့်၊ သံသရာတိုင် အတူဆုံတွေ့လို ချစ်သက်ရှည်စေလိုတယ်ဆိုရင် ဒုတိယလိုအပ်ချက်က စရိုက်ဝါသနာ တူဖို့ဖြစ်ပါတယ်၊၊ ဒါကိုတော့ “သမ သီလာ”လို့ပါဠိစာပေမှာ ခေါ်ပါတယ်၊၊

ဗုဒ္ဓရှင်တော်က အကြင်နာကြီး၍ ချစ်မငြီးသူတို့အတွက် အချစ်သက်တမ်း ကြာရှည်စေဖို့ နောက်တစ်ခု သင်ပြချက်ကတော့--တန်းတူညီမျှတဲ့ အခွင့်ရေး ရရှိရေးပါတဲ့၊၊ သေခြာပါတယ်၊၊ လူဆိုတာ အတ္တသားကောင်တွေပါ၊ နှစ်ယောက်ယှဉ်လာရင် မိမိက အသာလိုချင်စမြဲပါ၊၊ ဆိုပါစို့၊ ချစ်သူဘ၀မှာ အပေးအယူမျှကြပြီး မိသားစုဘ၀ရောက်ပြီပဲထားကြပါစို့၊ ဒီအချိန်မှာ ချစ်သူဘ၀တုန်းကလို နှစ်ယောက် တစ်ကမ္ဘာ၊ နှစ်ယောက် တစ်အိမ်မက် မဟုက်တော့ပါဘူး၊ နှစ်ဘက် မိဘဆွေမျိုး ဆိုတာတွေပါ ပါလာပါပြီ၊၊

ဒီတော့ တိုးပွားလာတဲ့ စီးပွားရေးကနေ သူ့မိဘဆွေမျိုး ကိုယ့်မိဘဆွေမျိုးတွေကို ဝေငှပေးချင်လာပါတယ်၊၊ ထောက်ပံ့ချင်တယ်ဆိုပါတော့၊၊ တကယ်လဲ ထောက်ပံ့သင့်ပါတယ်၊ အကြောင်းက မိမိငယ်စဉ်ဘ၀တစ်လျောက်လုံးကို ချစ်သူက တာဝန်ယူခဲ့တာမဟုက်ဘဲ မိသားစုဆွေမျိုးတွေက ပညာရေးမှအစ တာဝန်ယူခဲ့ကြရလို့ပါ၊၊ မိဘဆွေမျိုးတွေက တာဝန်ကျေခဲ့လို့ ကိုယ့်မှာ မိသားစုလေးနဲ့ လူတလုံး သူတလုံးဖြစ်လာတဲ့အချိန်မှာ မိမိကလည်း မိဘဆွေမျိုးတွေအပေါ် ပြန်ပြီးတာဝန်ကျေချင်တာ သဘာဝကျပါတယ်၊၊

ဒါပေမဲ့ ပြဿနာက အိမ်ထောင်ရှင်ဖြစ်လာတော့ ကိုယ့်မှာတင် အသိုင်းအ၀န်း ရှိတာမဟုက်ဘဲ၊ မိမိဘ၀ကြင်ဖော်မှာလဲ အသိုင်းဝန်းရှိတယ်ဆိုတာကို မေ့လျော့နေတတ်ပြီး၊ ကိုယ့်မိဘကိုတော့ အိမ်ပေါ်ခေါင်းရင်းခန်းမှာ ခေါ်တင်ထားချင်ပြီး၊ တဘက် မိဘအသိုင်းဝန်းကိုတော့ အသိမှတ်မပြု၊ ဖြစ်နေတတ်ပါတယ်၊၊ အိမ်ထောင်တခုမှာ ဇနီးသည်နှင့် ခင်ပွန်းသည်တို့ တန်းတူအခွင့်ရေး ရရှိသင့်ပါတယ်၊၊

ဇနီးသည်က ဖြစ်စေ၊ ခင်ပွန်းသည်က ဖြစ်စေ၊ အိမ်ရဲ့စီမံ ခန့်ခွဲမှုအပိုင်းကို တစ်ဦးတည်း ဆုပ်ကိုင်ထားပြီဆိုရင် မကြာပါဘူး၊ အိမ်ထောင်ရေးမှာ ကသိ ကအောက်ဖြစ်လာပါတယ်၊၊ ဒီအခြေအနေမှာ နှစ်ဘက်သွေးထိုးစကား တွေကလည်း မခေါ်ဘဲ ရောက်လာတတ်တဲ့အတွက် မိသားစုဘ၀ မချမ်းမြေ့၊ မပျော်ရွှင်ရဘဲ လမ်းခွဲကြရတဲ့ အဆင့်ထိ ရောက်သူတွေကိုလည်း ပတ်ဝန်းကျင်မှာ တွေ့ရမြင်ရပါတယ်၊၊

ဒါကြောင့် ချစ်သူဘ၀မှာ နှစ်ယောက်တည်း သစ္စာရှိရှိ ချစ်ကြရင်ပြီးပေမဲ့ မိသားစုဘ၀ရောက်လာတဲ့အခါမှာ နှစ်ဘက်မိဘဆွေမျိုး အညီအမျှထောက်ပံ့ပေးကမ်း မှုဟာ အရေးကြီးပါတယ်၊၊ သူ့မိဘကိုတော့ ငှက်ပျောသီးလောက်နဲ့ ကန်တော့ပြီး၊ ကိုယ့်မိဘကိုတော့ ပန်းသီးခြင်းလှလှကြီးနဲ့ ကန်တော့နေတတ်တဲ့သူတွေ သတိထားစရာပါ၊၊

 မြတ်ဗုဒ္ဓရှင်တော်ရဲ့ မိသားစုဘ၀ စိုပြေရေး တန်ဖိုးရှိတဲ့ သင်ပြချက်လေးတွေပါ၊၊ အကျဉ်းချုပ်ကြည့်ရင် အချစ်သက်တမ်းရှည်စေဖို့ တတိယလိုအပ်ချက်က အိမ်ထောင်စံမံခန့်ခွဲရေးမှာ လင်နှင့်မယား အခွင့်ရေး တန်းတူရရှိရေး ဖြစ်ပါတယ်၊၊ ဒါလေးကိုတော့ “သမ စာဂါ” လို့ပါဠိစာပေမှာ မှတ်တမ်း တင်ထားပါတယ်၊၊

သမ ပညာ=ဆိုတာ ပညာအဆင့်တူတာကို ပြောတာပါ၊၊ သူဒေါက်တာဘွဲ့ရလို့ ကိုယ်လဲဒေါက်တာဘွဲ့ ရရမယ်လို့ ဆိုလိုတာ မဟုက်ပါဘူး၊ သူအင်ဂျင်နီယာဖြစ်လို့ ကိုယ်လည်း အင်ဂျင်နီယာဖြစ်ရမယ် ပြောတာ မဟုက်ပါဘူး၊၊ လူတွေမှာ ပင်ကိုအသိညာဏ်ဆိုတာ ရှိပါတယ်၊၊ အသိဉာဏ်အဆင့် အရမ်းကွာနေရင်လည်း အချစ်ကနေ အောင်မြင်တဲ့ အိမ်ထောင်ရေးကို မတည်ဆောက်နိုင်ပါဘူး၊၊ သံသာလေ ကမ်းတိုင် တူပြိုင်ကူးဖို့တော့ ဝေးတာပေါ့၊၊ ဘုရင့်သ္မီးတော်နဲ့ သစ်ခုတ်သမားဆိုတာလည်း ပုံပြင်ထဲမှာပဲ ရှိတာပါ၊၊

တကယ့်လက်တွေ့ဘ၀မှာတော့ လူတွေဟာ ကိုယ့်အဆင့်နဲ့ တူရာတူရာတွေမှာပဲ ဆက်ဆံပေါင်းသင်းလို့ရကြတာပါ၊၊ ရှေးရေစက်နဲ့ အကျိုးလိုလားမှုကနေစလာတဲ့ အချစ်စစ်မှာ ပညာရေးအဆင့်အတန်းက မလိုအပ်သေးပေမဲ့ ဘ၀တစ်ခုကို တယောက်လက် တယောက်အပ်ပြီး တည်ဆောက်ကြဖို့ ပြင်ဆင်တဲ့အခါမှာတော့ အသိညာဏ်မြင့်မားဖို့ အတွေးအခေါ်က မိမိအားကိုးလောက်တဲ့ အခြေအနေမှာ ရှိနေဖို့ဆိုတာတွေဟာ အရေးပါလာပါပြီ၊၊

စကားလုံး အနုအလှလေးတွေနဲ့ ချစ်ရုံသာ ချစ်တတ်ပြီး၊ ဘ၀တစ်ခုကို Management=မစီမံနိုင်တဲ့ အသိဉာဏ်နုံခြာနေသူမျိုးကို တဘ၀လုံးလက်တွဲဖို့ ဘယ်သူမှ သတ္တိရှိကြမှာ မဟုက်ပါဘူး၊၊ ကိုယ်အားကိုးလောက်တဲ့ အသိဉာဏ်လုံလောက်သူကိုသာ ဘ၀ကြင်ဖော်အဖြစ် လက်တွဲလို ကြပါတယ်၊၊

အားကိုးလောက်တဲ့ အသိဉာဏ်ပညာအဆင့်တော့ ရှိနေပါရဲ့၊ ကိုနဲ့ အရမ်းကွာလွန်းပြန်ရင်လည်း အဆင်မပြေပါဘူး၊၊ ဒီအခြေအနေမျိုးမှာတော့ အသိဉာဏ်အဆင့် မတူတော့ အတွေးအခေါ် မတူတတ်ပါဘူး၊ အတွေးအခေါ် မတူရင် ဆုံးဖြတ်ချက်လဲ ခြားနားလာပါတယ်၊ အညိဉာဏ် အဆင့်အတန်း မတူဘဲ လက်တွဲမိထားပြန်ရင်လဲ ကိုယ်ကတစ်ခုခုကို လုပ်မယ်ကြံလိုက်တိုင်း သူကသဘောမတူ တားမြစ်၊ သူတစ်ခုခုလုပ်မယ် ကြံတိုင်းလည်း ကိုယ်က သဘောမတူနိုင် တားမြစ်၊ ဒီလိုနဲ့ သဘောထားကွဲလွဲတာတွေ များလာပါတော့တယ်၊၊

ကြာလာတော့ သူ့ကို ကိုယ်ကစိတ်ပျက်၊ ကိုယ့်ကို သူကစိတ်ပျက်ဖြစ်ပြီး ချမ်းမြေ့ဖွယ် မသားစုဘ၀ကို မရတော့ဘဲ အောင်မြင်တဲ့ အိမ်ထောင်ရေး ဖြစ်မလာပြန်ပါဘူး၊၊ စိတ်တူ ကိုယ်တူ၊ ဘုရားသွား အတူ၊ ကျောင်းသွားလည်း အတူဆိုတာ အသိဉာဏ်အဆင့်တူမှ ဖြစ်တာပါ၊၊ အသိဉာဏ်အဆင့် မတူ၊ ကွာဟလွန်းနေရင် တစ်စထက်တစ်စ စိတ်ကွဲ၊ ကိုယ်ခွဲ၊ သဘောထားကွဲပြီး မိသားစုဘ၀ချစ်ဆိုတာ ပျြိကွဲပါတော့တယ်၊၊

ဒါကြောင့် သမ ပညာ=အသိဉာဏ်ပညာ အဆင့်တူညီမှုကို အချစ်တခုရဲ့ တည်မြဲကြောင်းလို့ ဗုဒ္ဓကသင်ပြ တော်မူတာပါ၊၊ အသိဉာဏ်ပညာ အဆင့်အတန်း တူညီမကြတဲ့ အိမ်ထောင် ရှင်တွေမှာဆိုရင် သူ့ဆုံးဖြတ်ချက်လဲ ကိုယ်က ထောက်ခံအတည်ပြု၊ ကိုယ့်ဆုံးဖြတ်ချက်လည်း သူကထောက်ခံ အတည်ပြုနဲ့ စီးပွားရေးတွေလဲ တိုးတက်ပြီး ချမ်းသာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြရပါတယ်၊၊

 မိသားစုတွေမှာ နေ့စဉ် မြင်တွေ့နေရတဲ့ ငြင်းခုံမှုတွေ၊ ခိုက်ရန်ဖြစ်မှု တွေဆိုတာတွေဟာ လင်နှင့် မယား အတွေးအခေါ် အယူအဆ မတူရာကနေ စတာပါ၊၊ မိဘတွေက တကျက်ကျက် ရန်ဖြစ်နေတော့ သားသ္မီးတွေကလည်း အိမ်မှာ မပျော်မွေ့တော့ပါဘူး၊၊ အဲဒါနဲ့ အပြင်ထွက် အပျော်ရှာရာက အပျော်ထက် အပျက်ကိုတွေ့ပြီး၊ရုံးရောက် ဂါတ်ရောက် ရောက်ကြရတာတွေကလည်း အရင်းစစ်ရင် မိဘတွေ အသိညာဏ်မတူရာက စကြောင်း သတိထားစရာပါ၊၊

စာတမ်းကို အနှစ်ချုပ် ကြည့်ကြည့်ကြပါစို့၊
အချစ်ဘယ်ကစလဲဆိုရင် ရှေးရေစက်နဲ့ အကျိုးလိုလားမှုကနေ စပါတယ်၊၊ ဒီအချစ် ထာဝစဉ်တည်မြဲဖို့၊ ဘ၀ဆက်တိုင် ဘ၀ခြင်းဆုံတွေ့ဖို့ ယုံကြည်ချက်၊ စရိုက်ဝါသနာ၊ အခွင့်အရေး၊ အသိဉာဏ်အဆင့် တူရပါတယ်၊၊ သိပ်အများကြီး မဟုက်တဲ့ အချက်လေးမျိုးတူမယ်ဆိုရင် ရေကိုဓားနဲ့ ခုတ်ဖြတ်လို့ မရသလို အချစ်စစ်တွေ ကမ္ဘာတည်သရွေ့ တည်မြဲမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
( ၂၈.၇.၂၀၁၀ )

အပြည့်အစုံသို့....

စွယ်တော်လေးဆူ၊၊ ၊၊




ဒကာမကြီး မင်္ဂလာပါ!
ဦးဇင်း ဒကာမကြီးကို မြတ်စွာဘုရား စွယ်တော်တွေအကြောင်းကို ရေးပေးမယ်လို့ တလောက ပြောမိတယ်၊၊ အဲဒါအခု ကျောင်းပိတ်ထားတော့ အချိန်နည်းနည်းအားလို့ ရေးပေးလိုက်ပါတယ်၊၊ မြတ်စွာဘုရား အလောင်းတော်ကို မီးပူဇော်တာကနေ စပြောရအောင်ပါ ဒကာမကြီး၊၊

 မြတ်စွာဘုရား ခန္ဓာတော်ကို မီးပူဇော်အပြီးမှာ စွယ်တော်လေးဆူနဲ့ ဓာတ်တော်ရှစ်စိတ်၊ ရှစ်ပြည်ကြွင်းကျန်ရစ်တယ်လို့ ပိဋကတ်စာပေမှတ်တမ်းမှာ တွေ့ရပါတယ်၊၊ စွယ်တော်လေးဆူဆိုတာက:

(၁) အထက်လက်ယာ စွယ်တော်
(၂) အထက်လက်ဝဲ စွယ်တော်
(၃) အောက်လက်ယာ စွယ်တော်
(၄) အောက်လက်ဝဲ စွယ်တော် …..လို့ စွယ်တော်လေးဆူရှိပါတယ်၊၊

စွယ်တော်များကို အတိုင်းတိုင်း အပြည်ပြည်က မင်းတွေက စစ်ပြုပြီး လုယူကြမယ်လုပ်နေတုန်းမှာ အဲ့ဒီမင်းတွေကို ငယ်စဉ်က ပညာသင်ပေးဘူးတဲ့၊ အားလုံးက လေးစားကြောက်ရွံ့ ရိုသေရတဲ့ ဒေါဏ အမည်ရှိတဲ့ ပညာရှိအမတ်ကြီးက ဓာတ်တော်များကို ဝေငှဖို့အားလုံးက သဘောတူကြ ပါတယ်တဲ့ ဒကာမကြီး၊၊

ဒေါဏအမတ်ပညာရှိကြီးဟာ ဓာတ်တွေများကို ဝေငှတဲ့အခါမှာ စွယ်တော်များကို မဝေပေးဘဲ ၀ှက်ထားပါတယ်တဲ့ ဒကာမကြီး၊၊ ဓာတ်တော်တွေကို ဝေတဲ့အခါမှာ ရွှေပြည်တောင်းနဲ့ ချင့်ပြီး ဝေတယ်လို့လဲ မှတ်တမ်းမှာ လေ့လာရပါတယ်၊၊

အဲဒီတော့ အတိုင်းတိုင်း အပြည်ပြည်က မင်းတွေကလလည်း ဘယ်သူ့အထဲ စွယ်တော်တွေပါသွားလဲ မသိတော့ဘူးဆိုပါတော့ ဒကာမကြီး၊၊ အဲဒီလျို့ဝှက်ချက်ကို သိတဲ့ သိကြားမင်းက အထက်လက်ယာ စွယ်တော်တို့ တန်ခိုးနဲ့ ယူပြီး တာဝတိံသာ နတ်ပြည်က စူဠာမဏိစေတီတော်ကြီးမှာ ဌာပနာလိုက်ပါတယ်တဲ့ ဒကာမကြီး၊၊

အထက်လက်ဝဲစွယ်တော်ကိုလည်း ရဟန္တာမထေရ်တစ်ပါးက တန်ခိုးတော်နဲ့ ပင့်ပြီး၊ သူ့တိုင်း ပြည်ဖြစ်တဲ့ ဂန္ဓာရတိုင်းဘုရင်လက်ထဲကို အပ်လိုက်ပါတယ်တဲ့ ဒကာမကြီး၊၊ ဂန္ဓာရတိုင်းဆိုတာ အခုလက်ရှိ ပါကစ္စတန်ကို ပြောတာပါ၊၊ ပါကစ္စတန်နဲ့ တရုပ်ပြည်က ပြည်နယ်ချင်း စပ်နေတာပါ၊၊

 အဲဒါကြောင့် သူမြေကိုယ်က လုလိုက်၊ ကိုယ့်မြေသူကလုလိုက်နဲ့ နှစ်တွေထောင်ချီကြာလာတဲ့အခါမှာ အထက် လက်ဝဲ စွယ်တော်ကို ဌာပနာထားတဲ့ စေတီကြီးတည်ရှိတဲ့ စစ်ကိုင်းတောင်လို တောင်ကြောကြီးဟာ တရုပ်နယ်မြေထဲကို ရောက်လာပါတယ်တဲ့ ဒကာမကြီး၊၊ ဒါပေမဲ့ အဲဒီစေတီကြီးထဲမှာ စွယ်တော်အစစ်ရှိတယ်ဆိုတာတော့ မသိကြဘူးပေါ့၊၊

 စစ်ဘေး စစ်ဒဏ် တွေခံခဲ့ရတာရော၊ နှစ်ပေါင်း ကြာလာတာရောကြောင့် တနေ့မှာ အဲဒီစေတီကြီးဟာ ပြိုကြလာပါတယ်တဲ့ ဒကာမကြီး၊၊ စေတီကြီး ပြိုကလာတဲ့အထဲမှာ ရှာကြဖွေကြတော့ ဌာပနာကြုပ်ကြီးတခုကို တွေ့ကြပါတယ်တဲ့၊၊

ဌာပနာကြုပ်ကြီးကို ဘုရင်လက်ဆက်သပြီး ဖွင့်ကြည့်တဲ့အခါမှာ ဘာသာစကား သုံးမျိုးနဲ့ရေးထားတဲ့ ကမ္ဗည်စားတမ်းကို တွေ့ရပါတယ်တဲ့၊၊ အဲဒီစာတမ်းအရ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်ကြောင်း သိရှိရပြီး ယနေ့အထိ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ကိုးကွယ်နေကြပါတယ် ဒကာမကြီး၊၊

မြန်မာနိုင်ငံကိုတောင် အပူဇော်ကြွဘူးတာကို ဒကာမကြီး သိမှာပါ၊၊ အဲဒါ မြတ်စွာဘုရားရဲ့ အထက် လက်ဝဲ စွယ်တော်ပေါ့ မယ်တော်ကြီး၊၊ အဲဒီစွယ်တော်ကို အင်္ဂလိပ်လူမျိုး အရိုးပညာရှင်တွေရော၊ ဂျာမန်ပညာရှင်တွေရော အကြိမ်ကြိမ်စစ်ဆေးတာ တကယ့် လူသားတယောက်အရဲ့ အရိုးဓာတ်တော် ဖြစ်ကြောင်း၊ နှစ်ပေါင်းလဲ နှစ်ထောင်ကျော်ပြီး ဖြစ်ကြောင်း အတည်ပြုကြပါတယ်တဲ့ ဒကာမကြီး၊၊ စွယ်တော်ပုံကို အနီးကပ်ရိုက်ထားတဲ့ ပုံကို ဒကာမကြီးဆီ ဦးဇင်းပို့ထားပြီးပါပြီ၊ ထပ်ဖူးလိုက်ပါအုံး မယ်တော်ကြီး၊၊

နောက်ထပ် အောက်ပိုင်းလက်ယာ စွယ်တော်ကိုတော့ ဒေါဏအမတ်ကြီး ၀ှက်ထားတဲ့နေရာကနေ နဂါးပြည်က နဂါးမင်းက တန်ခိုးနဲ့ယူပြီး နဂါးပြည်မှာ ရတနာစေတီတည်ပြီး ကိုးကွယ်ပါတယ်တဲ့ ဒကာမကြီး၊၊
နောက်ဆုံးကျန်နေသေးတဲ့ အောက်ပိုင်း လက်ဝဲစွယ်တော်ကိုတော့ အရှင်သာရိပုတ္တရာရဲ့ တပည့် အရှင်ခေမာလို့ ခေါ်တဲ့ ရဟန္တာမထေရ်မြတ်က ဒေါဏအမတ်ကြီး ၀ှက်ထားရာကနေ တန်ခိုးတော် နဲ့ယူပြီး သူနေတဲ့တိုင်းပြည်က ဘုရင်ဗြမ္မဒတ္တကို ပေးအပ်လိုက်ပါတယ်တဲ့ ဒကာမကြီး၊၊

 အဲဒီတိုင်းပြည်နာမည်က ကလိင်္ဂတိုင်း ဒန္တပူရပြည်နယ်လို့ စာပေမှတ်တန်းမှာတွေ့ရပါတယ်၊၊ လက်ရှိ အန္ဒိယနိုင်ငံ သြဒိဿပြည်လို့ ဆိုပါတယ်၊၊ မင်းအဆက်ဆက် ပြည်သူအဆက်ဆက် ကိုးကွယ်ကြပြီး နှစ်ပေါင်း (၆၃၀)ကြာလာတဲ့အခါမှာ ကလိင်္ဂတိုင်းကို ဂူဟသီဝဆိုတဲ့ ဘုရင်အုပ်ချုပ်ပါတယ်တဲ့ ဒကာမကြီး၊၊

အဲဒီဘုရင်လက်ထက်မှာ စစ်တွေအကြီးကြယ်ဖြစ်တဲ့အတွက် စွယ်တော်ကို တိုင်းတပါးသားတွေ လက်ထဲရောက်မဲ့ ဘေးမျိုးအထိဆိုက်လာပါတယ်တဲ့ မယ်တော်ကြီး၊၊ အဲဒါကြောင့် မင်းကြီးက သူ့သမီးတော် ဟေမမာလာနဲ့ မားမက်တော်ကို စွယ်တော်ကိုပင့်ပြီး တိုင်းပြည်ကထွက်ဖို့ မိန့်တော် မူပါတယ်တဲ့ မယ်တော်ကြီး၊၊

 စွယ်တော်ကိုပင့်ပြီး လင်္ကာဒီပ သီဟိုဠ်ကျွန်းကို ထွက်ပြေးဖို့၊ သီဟိုဠ် ကျွန်းရောက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်း မဟာသေနမင်းကို အကျိုး အကြောင်းလျောက်တင်ပြီး စွယ်တော်ကို အပ်နှံဖို့ သမီးတော်နဲ့ သားတော်ကို မှာလိုက်ပါတယ်တဲ့၊၊

 သားတော်နဲ့ သမီးတော်တို့ဟာ ကုန်းအတန်တန် ရေအတန်တန်ဖြတ်ကျော်ပြီး သီဟိုဠ်ပြည်ကို ထွက်ပြေးလာကြပါတယ်တဲ့ ဒကာမကြီး၊၊ ကံမကောင်း အကြောင်းမလှချင်တော့ သီဟိုဠ်ပြည်လဲ ရောက်ရော သူတို့ခမည်းတော် ကြီးမှာလိုက်တဲ့ မဟာသေနမင်းကြီး နတ်ရွာစံကံတော်ကုန်တာနဲ့ တွေ့ရပါတယ်တဲ့၊၊

ဒါပေမဲ့ မဟာသေနဘုရင်ကြီးရဲ့အရိုက်အရာကို ဆက်ခံတဲ့ သားတော် သီရိမေဃ၀ဏ်ဏ ရှင်ဘုရင်ဟာလည်း သာသနာတော်ကို ကြည်ညိုလေးမြတ်သူ ဖြစ်တာကြောင့် စွယ်တော်ကို သူ့ဆီအပ်နှံပြီး သီရိလင်္ကာ=သိဟိုဠ် မင်းအဆက်ဆက၊် ပြည်သူအဆက်ဆက် ကိုးကွယ်လာတာ အခုထက်ထိ ဆိုပါတော့ ဒကာမကြီး၊၊

ဒါကြောင့် စွယ်တော်လေးဆူမှာ တာဝတိံသာ နတ်ပြည်ရောက်သွားတဲ့ စွယ်တော်တစ်ဆူနဲ့၊ နဂါးပြည်ရောက်သွားတဲ့ စွယ်တော်တစ်ဆူကတော့ ဦးဇင်းတို့ မယ်တော်ကြီးတို့ ဖူးခွင့်ရဖို့ မဖြစ်နိုင် ဘူးဆိုပါတော့ဗျာ၊၊

လူ့ပြည်မှာ ကျန်နေတဲ့ တရုပ်ပြည်က စွယ်တော်နဲ့ သီရိလင်္ကာနိုင်ငံက စွယ်တော်ကတော့ ကျိုးစားရင် ဖူးခွင့်ရဖို့ မခက်ဘူးဆိုပါတော့ ဒကာမကြီး၊၊ သီရိလင်္ကာနိုင်ငံကို စွယ်တော်လာဖူးတဲ့ ကမ္ဘာက ဗုဒ္ဓဘာသာ ဟုက်သူတွေရော၊ မဟုက်သူတွေရော အမြဲစည်ကား နေတာကို ဦးဇင်းတို့ တွေ့နေရပါတယ်၊၊

စွယ်တော်ကြုပ်ကိုတော့ နေ့စဉ် တနေ့ကို နှစ်ကြိမ်ဖွင့်ပါတယ်၊၊ စွယ်တော်ကိုတော့ လေးနှစ်မှ တစ်ကြိမ်ဖွင့်ပါတယ် ဒကာမကြီး၊၊ အဲဒါကြောင့် စွယ်တော်ဖွင့်တဲ့ နှစ်ကြရင် မြန်မာပြည်ကလည်း စွယ်တော်ကိုလာဖူးကြပါတယ်၊၊

 ဒကာမကြီးလဲ မြတ်စွာဘုရား စွယ်တော်ကို ဖူးခွင့်ရအောင် ဆုတောင်းပြီး ကျိုးစားပေါ့ဗျာ၊၊ ဦးဇင်းတော့ ဒီနိုင်ငံကိုရောက်ပြီး လပိုင်းလောက်မှာပဲ စွယ်တော်ကြုပ်ဖွင့်ပြတဲ့ လေးနှစ်ပြည့်နဲ့ ကြုံတာကြောင့် စွယ်တော်ကို အနီးကပ်ဖူးခွင့်ရပါတယ်၊၊ ဘ၀မှာလူဖြစ်ကျိုးနပ်တယ်လို့ကို ကြည်နူးမိတာ အမှန်ပါ ဒကာမကြီး၊၊

ဒကာမကြီး စွယ်တော်လေးဆူအကြောင်း စာတမ်း ဒါဆိုပြည့်စုံပါပြီ၊၊ အခုလောက်ရေးဖို့ စွယ်တော်နဲ့ပတ်သက်တဲ့ ကျမ်းများစွာကို လေ့လာရပါတယ် ဒကာမကြီး၊၊ ဦးဇင်းအထင်နဲ့ ရေးတာ မဟုက်ပါဘူး၊၊

 နီးစပ်တဲ့ သူငယ်ချင်းတွေရော၊ အင်္ဂလိပ်လိုရော မြန်မာလိုရော ရေးထားတဲ့ စွယ်တော်လေးဆူနဲ့ ပတ်သက်တဲ့ စာအုပ်တွေကနေမှ အဖြစ်နိုင်ဆုံးတွေကို ယူပြီး ဒီစာတမ်းလေးကို ရေးပေးလိုက်တာပါ၊၊ စွယ်တော်နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာတွေက အများကြီးပါ၊၊

 သူ့စွယ်တော်က စစ်တယ်၊ ငါ့စွယ်တော်က စစ်တယ်ဆိုပြီး ငြင်းနေကြတာဆိုပါတော့ ဒကာမကြီး၊၊ အခု ဦးဇင်း ရေးပေးလိုက်တဲ့ စွယ်တော်လေးဆူကတော့ ကမ္ဘာကလက်ခံတဲ့ စာပေမှတ်တမ်းများမှာလဲ တကယ်ပါတဲ့ စွယ်တော်လေးဆူပါ၊၊

မယ်တော်ကြီး စွယ်တော်အကြောင်းကို လေ့လာဖတ်ရှုပြီး၊ စွယ်တော်တွေကို ဖူးခွင့်ရပြီး ကျန်းမာ ချမ်းသာ ဘေးရန်ကင်းပြီး၊ နိဗ္ဗာန်ရပါစေ………………

အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
(သီရိလင်္ကာနိုင်ငံ)

အပြည့်အစုံသို့....

မယ်တော်မွေးနေ့ တရားလက်ဆောင်၊၊ ၊၊

မယ်တော်ကြီး ဒေါ်ခင်စောရွှေရဲ့ နှစ်(၅၀)ဆယ်ပြည့်မွေးနေ့မှာ ဦးဇင်း တရားလက်ဆောင်လေး ရေးပေး လိုက် ပါတယ်၊၊

ပါဠိစာပေမှာ သပ္ပုရိသ သုတ်ဆိုတာရှိပါတယ် ဒကာမကြီး၊၊ အဲဒီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာက လူတစ်ယောက်မှာ အရည်ချင်း(၇)မျိုး ရှိတယ်ဆိုရင် သူဟာ ဘွဲ့ဒီဂရီတွေမရပေမဲ့ ပညာမတတ်သူ မဟုက်ပါဘူး၊၊

 စိမ်ရွှေငွေတွေ ဘီလီယမ်နဲ့ချီမရှိပေမဲ့ ဆင်းရဲသူလဲ မဟုက်ပါဘူးတဲ့ ဒကာမကြီး၊၊ နောက်တခါ ဒီထက်ပိုတာက သူဟာ လောကကြီးမှာ အလကားလူ၊ အသုံးမကြတဲ့သူလည်း မဟုက်ပါဘူးတဲ့၊၊

 ဘ၀မှာ လူဖြစ်ရကျိုးနပ်တဲ့သူ၊ တန်ဖိုးရှိတဲ့သူလို့ ဆိုလိုတာပေါ့ ဒကာမကြီး၊၊ သာသနာအတွင်းမှာ လူဖြစ်ရကျိုးနပ်တဲ့ လူပေါ့ဒကာမကြီး၊၊

 မြတ်စွာဘုရားပြောတဲ့ အရည်ချင်း(၇)မျိုးဆိုတာ---------
(၁) သဒ္ဓါ = ယုံကြည်ချက်ကောင်းချင်း
(၂) သီလ = ကိုယ်ကျင့်တရားကောင်းချင်း
(၃) သုတ = သိသင့်တာကို သိတတ်နားလည်ချင်း
(၄) စာဂ = ပေးရဲချင်း (လှုတတ်တာ)
(၅) ပညာ = အမှန်အမှားကို ခွဲခြားသိချင်း
(၆) ဟိရိ = မသင့်တော်တဲ့အလုပ်မှာ ရှက်တတ်ချင်း
(၇) သြတ္တပ္ပ = မသင့်တော်တဲ့အလုပ်မှာ လုပ်ရမှာကြောက်တတ်ချင်း

ဒီ(၇)မျိုးကို သူတော်ကောင်းဥစ္စာ ရတနာလို့ မြန်မာစာပေမှာ ခေါ်ကြပါတယ် ဒကာမကြီး၊၊ လူတစ်ယောက်ရဲ့ ဘ၀အတွက်ဖြစ်ဖြစ် သံသရာအတွက်ဖြစ်ဖြစ် သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်ချက်ဟာ မရမ်းအရေးကြီးပါတယ်၊၊

ယုံကြည်ချက်မပါဘဲ လုပ်တဲ့လုပ်ရပ်ဟာ စီးပွားရေးမှာဖြစ်စေ သံသရာရေးမှာဖြစ်စေ အောင်မြင်ဖို့ခက်ပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက သဒ္ဓါကို လူတစ်ယောက်ရဲ့ဘ၀ တိုးတက်ဖို့အတွက် လူ့အရည်ချင်းလို့ ဟောတော်မူပါတယ်၊၊

သီလဆိုတာ ကိုယ်ကျင့်တရားကို ခေါ်တာပါ ဒကာမကြီး၊၊ လူမှာ အ၀တ်တစ်ရာ ထပ်ဝတ်လို့မလုံခြုံပါဘူး၊၊ ကိုယ်ကျင့်တရား ကောင်းမှသာ ပတ်ဝန်းကျင်မှာ ကိုယ့်သတင်းကောင်းမွှေးပြီး လုံခြုံတာပါ၊၊ စီးပွားရေးနယ် လူမှုရေးနယ်ပယ်မှာလဲ ကိုယ်ကျင့်တရား ဖြောင့်မတ်သူတွေသာ အများကယုံကြည်တဲ့အတွက် အောင်မြင်တာပါ၊၊

 သံသရာမှာလဲ ကိုယ်ကျင့်တရား ကောင်းသူတွေ ချမ်းသာရတာပါ၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သီလကို လူ့ဘ၀သံသရာအတွက် မရှိမဖြစ်တဲ့ လူ့အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊

သုတဆိုတာ သိသင့်တာကို သိတတ်နားလည်ချင်းပါ ဒကာမကြီး၊၊ စာတတ်တာတစ်ခုတည်းကို သုတခေါ်တာလို့ဆိုရင် မှားပါတယ်၊၊ တကယ်ကြ ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါ အလိုက်သိတတ်တာ၊ ပါးရေ နားရေ ရှိတာလဲ သုတလို့ပြောလို့ရပါတယ်၊၊

 မြန်မာစာပေမှာတော့ သုတဆိုတဲ့ ပါဠိစကားလုံးကို ဗဟုသုတလို့ ပါဠိချင်း ဘာသာပြန်တာကိုတွေ့ရပါတယ် ဒကာမကြီး၊၊ အများနဲ့ အလုပ်အတူလုပ်၊ ဆက်ဆံ ပေါင်းသင်းတဲ့ နေရာမှာ အလိုက်မသိတတ်တာ အခြေနေကို နားမလည်တတ်တာဟာ အတော်ကိုဆိုးတဲ့ အဖြစ်ပါ၊၊

 အထွေထွေ ဗဟုသုတမရှိတာလဲ ဆိုးတာပေါ့ ဒကာမကြီး၊၊ ဒါကြောင့် မြတ်စွာဘုရားရှင်က သုတကို လူ့ဘ၀ သံသရာတိုးတက်ဖို့အတွက် လိုအပ်တဲ့အရည်ချင်းတခုအဖြစ် ဟောတော်မူပါတယ်၊၊

စာဂဆိုတာ ပေးရဲတာကို ဆိုလိုပါတယ်၊၊ လူတွေမှာ ယူသူတွေသာ များပါတယ်၊၊ ပေးသူကနည်းပါတယ်၊၊ လောကကြီးဆီက ရသလောက်ညှစ်ထုပ်ယူနေကြတာပါ၊၊ ဒါကြောင့်လဲ တခါတခါ လောကကြီးက လူတွေဆီက ပြန်ယူတတ်ပါတယ်၊၊

အဲဒါကတော့ သဘာဝဘေးတွေ ဖြစ်တာ၊ မီးတွေလောင်တာ ရေတွေကြီးတာတို့ပေါ့ ဒကာမကြီး၊၊ လောဘတွေများလာရင် လူဟာ ဘာကိုမှမပေးရဲတော့ပါဘူး၊ ရသလောက် ယူနိုင်သလောက် ယူတော့တာပါ၊၊

 အဲဒီအခါ လူသားဟာ ဖိစီးမှုတွေ၊ စိတ်တွေ မွန်းကျပ်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတော့တာပါ၊၊ ဒါကြောင့် တခါတလေ ပေးတယ်ဆိုတာ ယူတာပါပဲ၊၊ ဘာကိုယူတာလဲဆိုရင် စိတ်ချမ်းသာမှုကိုပါ၊၊ ဒါကိုပဲ ဗုဒ္ဓဘာသာဝင်တွေက လှုတယ်လို့ဆိုကြပါတယ်၊၊

ကိုယူတဲ့အခါဖြစ်တဲ့ စိတ်နဲ့ ကိုယ်ကပေးတဲ့အခါ လှုလိုက်ရတဲ့အခါ ဖြစ်တဲ့စိတ်မတူပါဘူး၊၊ စေတနာပါပါနဲ့ ပေးလိုက် လှုလိုက်ရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ စိတ်ဟာ အရမ်းကို အေးချမ်းပါတယ်၊၊ ဒါကြောင့် မြတ်စွာဘုရားက စာဂ=ပေးရဲချင်းကို လူ့အရည်ချင်း တခုအဖြစ် ဟောတော်မူပါတယ်၊၊

ပညာဆိုတာ အမှားလုပ်ရပ်နဲ့ အမှန်လုပ်ရပ်ကို ခွဲခြားတတ်တာကို ခေါ်ပါတယ်၊၊ ဒါကဘ၀အတွက်ပေါ့ ဒကာမကြီး၊၊ သံသရာအတွက်ဆိုရင်တော့ ၀ိပဿနာပညာကို ဒီနေရာမှာ ပညာလို့ခေါ်မှာပါ၊၊ ဘ၀တစ်ခု တိုးတက်အောင်မြင်ကြီးပွားဖို့ အသိပညာမပါဘဲ မရဘူးဆိုတာ အများပင် သိကြပါတယ် ဒကာမကြီး၊၊

ပညာမပါဘဲ ရမ်းလုပ်တဲ့အလုပ်ဟာလဲ ကောင်းတဲ့အကျိုးရမှာ မဟုက်ပါဘူး၊၊ ကိုယ့်ကိုယ်ကို ဖြစ်ဖြစ် အများကိုဖြစ်ဖြစ် ဒုက္ခဖြစ်စေမှာ အမှန်ပါ၊၊ ပညာသားပါပါ လုပ်တဲ့အလုပ်ကတော့ လုပ်သူကိုရော ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ချမ်းသာစေပါတယ်၊၊ ဒါကြောင့်လဲ ဘုရားရှင်က ပညာကို လူ့တစ်ယောက်ရဲ့ ဘ၀ သံသရာတိုးတက်ဖို့ အရည်ချည်းတစ်ခုအနေနဲ့ ဟောတော်မူပါတယ်၊၊

ဟိရီဆိုတာ မသင့်တော်တဲ့ လုပ်ရပ်၊ အပြုအမူ အပြောအဆို၊ အနေအထိုင်မှာ ရှက်တတ်တာကို ခေါ်ပါတယ်၊၊ ဒါအရမ်းကို အရေးကြီးပါတယ် ဒကာမကြီး၊၊ လောကကြီးမှာ ဒီအရည်ချင်းမရှိရင် မသားစုဆိုတာတောင် ရှိတော့မှာ မဟုက်ပါဘူး၊၊ အားလုံးဟာ တိရစ္ဆာန်တွေလို ဖြစ်ကုန်တော့မှာပါ၊၊ ပတ်ဝန်းကျင်ကလည်း လေးစားတော့မှာ မဟုက်ပါဘူး၊၊

ပတ်ဝန်းကျင်က နေရာပေးမခံရတဲ့သူဆိုတာလည်း ချမ်းသာဖို့ မရှိတော့ပါဘူး၊၊ သံသရာမှာလည်း မကောင်းနိုင်ဘူးပေါ့ ဒကာမကြီး၊၊ ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့၊ ပိပိရိရိ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်၊ လုပ်တတ် ကိုင်တတ်သူကိုတော့ အများကပင် လေးစားရတဲ့ အတွက် ဘ၀မှာ ချမ်းသာရတော့တာပါ၊၊

 ဒါကြောင့် ဘုရားရှင်က ဟိရီ=ရှက်တတ်တာကို လူ့ဘ၀အရေအချင်းတခုလို့ ဟောတော်မူပါတယ်၊၊
သြတ္တပ္ပဆိုတာ မသင့်တော်တဲ့ အလုပ်ကို လုပ်ရမှာ၊ မသင့်တော်တဲ့ အပြောကို ပြောရမှာ၊ မသင့်တော်တဲ့ နေထိုင်နည်းနဲ့ နေရမှာကို ကြောက်တတ်တာကို ခေါ်ပါတယ် ဒကာမကြီး၊၊

ဒီကနေ့ခေတ်မှာ လူတွေဟာ ရုပ်ဝတ္ထုရဲ့ ဆွဲဆောင်မှုကို များစွာခံကြရပါတယ်၊ အဲဒါကြောင့်လဲ လိုချင်တာရဖို့ မလုပ်ရဲတာ၊ မပြောရဲဆိုတာ မရှိသလောက်ပါပဲ၊၊ ဒါပေမဲ့ လောကနဲ့ သံသရာဆိုတာကလဲ ဒီလိုလူမျိုးတွေကို ကြာရှည်မျက်နှာသာ မပေးတတ်ပါဘူး၊၊

 စိုင်ကော်လို့ ခြုံပေါ်ရောက်တတ်ပေမဲ့ မကြာခင် ဒုက္ခတွေ့ရတတ်တာကို ငါးရာ့ ငါးဆယ်ဇာတ်တော်တွေမှာ ကြည့်ကြည့်၊ မြန်မာသမိုင်း ကမ္ဘာ့သမိုင်းတွေမှာပဲ ကြည့်ကြည့် တွေ့ရပါတယ်၊၊ တည်ကြည် ဖြောင့်မတ်စွာ လုပ်တတ်၊ ပြောတတ်၊ နေတတ်ထိုင်တတ်တဲ့ သူတွေကိုတော့ နယ်ပယ်အသီးသီးက ချစ်ကြောက် ရိုသေ၊ လေးစားတဲ့အတွက် အောင်မြင် ကြီးပွား ချမ်းသာရပါတယ် ဒကာမကြီး၊၊

 ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က သြတ္တပ္ပ=ကြောက်တတ်တာကို လူ့ဘ၀အရည်အချင်းတခုလို့ ဟောတော်မူပါတယ်၊၊
ဒကာမကြီး ပြောပြလို့ ဦးဇင်း သိရသလောက်ဆိုရင် ဒကာမကြီးတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးတွေဟာ ဒီအရည်အချင်း(၇)ရှိနေတာကို တွေ့ရပါတယ်၊၊

ဒကာမကြီးတို့ မိသားစုတွေ ဒီဘ၀မှာရော သံသရာမှာပါ မျက်နှာလှကြရမှာပါ၊၊ တရားတော်နဲ့ ညီနေတာကို ပြောပြတာပါ ဒကာမကြီး၊၊ ဒီလိုမိသားစုမျိုးနဲ့တွေ့ခွင့်ရတာလဲ ဦးဇင်း ၀မ်းသာပါတယ်၊၊

ယဿ ဧတေ ဓနံ အတ္ထိ၊ ဣတ္ထိယာ ပုရသဿ ၀ါ၊၊
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ၊၊

ဒီပါဠိဂါထာလေးက ဦးဇင်းရေးပြခဲ့တာရဲ့ အချုပ်ပါ၊၊

 မြတ်စွာဟောတော်မူတဲ့ အရည်အချင်း (၇)မျိုးကို ပိုင်ဆိုင်ရရှိထားကြတဲ့ မယ်တော်ကြီး ဒေါ်ခင်စောရွှေတို့ မိသားစုများ သက်ရှည် ကျန်းမာ၊ ချမ်းသာ ဘေးကင်းစွာဖြင့် သာသနာတော်အကျိုး တိုးပြီးဆောင်ရွက်၊ ကူညီအားပေးနိုင်စေကြောင်း ဆုတောင်းပေးရင် မယ်တော်ကြီးရဲ့ မွေးနေ့ဓမ္မလက်ဆောင် စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်းစက်)
 {မဟာဝိဇ္ဇာ-သီရိလင်္ကာ}

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP