Thursday, September 30, 2010

သူငယ်ချင်း၊၊ ၊၊



“သူငယ်ချင်း”ဆိုတဲ့ မြန်မာဝေါဟာရကို ပါဠိစာပေမှာ‘သဟာယက’လို့ခေါ်ပြီး၊ အင်္ဂလိပ်မှာတော့ Friend, သီရိလင်္ကာလို ‘ယာလုဝ’လို့ခေါ်ပါတယ်၊၊ လူတိုင်းအတွက် အပေါင်းသင်း သူငယ်ချင်းဆိုတာ အရမ်းအရေးကြီးသလို ရှိဖို့လည်း လိုအပ်ပါတယ်၊၊
အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေမရှိတာဟာ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ဝင်ဆံမှု နည်းတာကို ပြရာလည်းရောက်ပါတယ်၊၊ လူတစ်ယောက်မှာ မိသားစုအသိုင်းအ၀ိုင်းကောင်းရှိဖို့ လိုအပ်သလို သူငယ်ချင်း မိတ်ဆွေကောင်းရှိခြင်းသည်လည်း တိုးတက်ဖို့ လမ်းကောင်း ဖြစ်ပါတယ်၊၊

နေ့စဉ်ဘ၀ နေထိုင် လှုပ်ရှားမှုတွေမှာလည်း သူငယ်ချင်း မိတ်ဆွေကောင်းရှိသူတွေဟာ တကိုယ်တည်း သမားတွေထက် ပိုအောင်မြင်တတ်ပါတယ်၊၊ ဘ၀ပျော်ရွှင်မှု အပိုင်းကဏ္ဍတွေမှာဆိုရင် သူငယ်ချင်း မိတ်ဆွေ ကောင်းရှိသူများမှာ သူတကာထက် ပိုပျော်ရွှင်ရတတ်ပါသေးတယ်၊၊ တစ်ကိုယ်တည်းသမား တွေ အတွက်တော့ အဆိုးအကောင်းခံစားချက်ကို မျှဝေစရာလည်း မရှိ၊ တိုင်ပင်စရာလည်း မရှိနဲ့ အ တော်ကို ခြောက်သွေ့တဲ့ဘ၀မျိုးပါ၊၊

အောင်မြင်တဲ့ ဘ၀၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်လိုသူဟာ သူငယ်ချင်းကောင်း ရှိကို ရှိရပါမယ်၊၊ စီးပွားရေးလောကမှာတော့ Social ကောင်းသူဟာ အရင်းနှီးငွေကြေးမလိုဘဲကို အောင်မြင် တတ်တာကို တွေ့ရပါတယ်၊၊ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဟာ ဘ၀အတွက်တင် လိုအပ်တာ မဟုက်ပါဘူး၊ သံသရာအတွက်လည်း အရေးပါ ပါတယ်၊၊

ပါဠိစာပေမှာ “သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အမှီရသူဟာ ဘ၀လိုအပ်ချက် အားလုံးကို ပြီးစေတယ်”လို့ ဆိုထားပါတယ်၊၊ တခါက အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျောက်ပါတယ်-- “မြတ်စွာဘုရား သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို ပေါင်းသင်းခွင့်ရသူဟာ ဘ၀ရဲ့အကျိုး တ၀က်ကို ပြီးစေပါတယ်”လို့လျောက်တင်ပါတယ်၊၊
မြတ်စွာဘုရားက အရှင်အာနန္ဒာရဲ့လျောက်တင်ချက်ကို မမှန်သေးဘူးလို့ ပယ်ချပါတယ်၊ “အာနန္ဒာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို ပေါင်းသင်းခွင့် ရသူဟာ ဘ၀ရဲ့ အကျိုးတ၀က်ကို ပြီးစေတာ မဟုက်ဘူး၊ ဘ၀ရဲ့ အကျိုးအားလုံးကို ပြီးစေတယ်”လို့ ပြောပြပါတယ်၊၊

အရှင့်ရဲ့ဘ၀မှာတော့ သူငယ်ချင်းကောင်းကို ပေါင်းသင်းရတဲ့အတွက် ‘ရွှံဖွက်’သာသာ ဘ၀ကနေ နိုင်ငံခြားမှာ ပညာသင်နိုင်တဲ့အထိ မြင့်တက်လာတာကို ကိုယ်တွေ့ခံစား နေရပါတယ်၊၊ သူငယ်ချင်း မိတ်ဆွေဟာ အကောင်းအတွက်တင် မဟုတ်ပါဘူး၊ အဆိုးဘက်မှာလည်း နည်းတူ ကြည့်တတ်ရမှာ ဖြစ်ပါတယ်၊၊ ပါဠိစာပေမှာတော့ ဒါနဲ့ပတ်သက်ပြီး “အပေါင်းအသင်းမှာ အလွန်ပျော်မွေ့သူသည် ပျက်စီးဖို့လွယ်သူ ဖြစ်သည်”လို့ ဆိုထားပြန်ပါတယ်၊၊

သတိထားစရာပါ၊ တခါတရံ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇ မိသားစုနောက်ခံသမိုင်း အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ မကောင်းတဲ့ သူငယ်ချင်းကို ပေါင်းမိရာက ဘ၀ပျက်သွားသူတွေလည်း အများကြီးပါ၊၊ ရှေ့မှာတင်ပြခဲ့တဲ့ အဆိုတွေကို ပြောင်းပြန်စဉ်းစားကြည့်ရင်---“သူငယ်ချင်း အပေါင်းမှားသူဟာ ဘ၀တိုးတက်မှု အကျိုးအားလုံးကို ဆုတ်ယုတ်ပျက်ပြားစေတတ်တယ်”ဆိုတဲ့ အတွေးအခေါ် တစ်ခုကိုရရှိနိုင်ပါတယ်၊၊

ပုဂံရာဇ၀င်မှာတော့ အပေါင်းအသင်းမှားလို့ ပျက်စီးရသူအဖြစ် “မဏိစန္ဒာရဲ့ဘ၀ရှင် စောလူးမင်း”ကို သမိုင်းစာမျက်နှာမှာ လေ့လာနိုင်ပါတယ်၊၊ မိသားစုကိုယ်စီရှိကြတဲ့ ကိုယ့်တိုင်း ကိုယ့်ပြည်မှာနေစဉ်က သူငယ်ချင်း အစစ်၊ အတုဆိုတာကို စာထဲမှာလောက်ပဲ သတိထားမိတာပါ၊ ရေခြားမြေခြား နိုင်ငံခြား လိုနေရာမျိုးကို ရောက်လာတော့မှ သူငယ်ချင်း အစစ်နဲ့ အတုဆိုတာကို ပိုပြီးသိလာရပါတယ်၊၊ နိုင်ငံ ခြားမှာ ရောက်နေသူတွေအတွက် သူငယ်ချင်း အရေးပါမှုက ပိုပြီးသိသာပါတယ်၊၊

ကိုယ့်အရင်ရောက်နေတဲ့ Senior သူငယ်ချင်း မိတ်ဆွေကောင်းကောင်းရဲ့ လမ်းညွှန်မှု၊ ကူညီမှုကို ရသူတွေဟာ အကုန်ကျသက်သာပြီး၊ လိုချင်တဲ့ စီးပွားရေး ပညာရေးနှင့် ဗဟုသုတပိုရပါတယ်၊၊ သူငယ်ချင်းအတု အယောင်ကို အားကိုးမိရင်တော့ ပါသမျှကုန်ပြီး လိုချင်တဲ့ စီးပွားရေး ပညာရေးကို မရရုံမျှမက ဘ၀ပါပျက်ပြီး၊ အိမ်ပြန်တပ်ခေါက်ရတဲ့ သူတွေလည်း များလှပါတယ်၊၊

ဒါကြောင့် မိမိဘ၀အတွက် ဤမျှအရေးပါတဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းကို ရွေးချယ်ပေါင်း သင်းတတ်ဖို့ လိုအပ်ပါတယ်၊၊ တကယ်ကျ---လူတစ်ယောက်ကို အချိန်အတိုင်းအတာ တခုအထိ ပေါင်း သင်းဆက်ဆံကြည့်လိုက်ရင် ရေရှည်မှာ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာနိုင် မလာနိုင် သိ သာပါတယ်၊၊
တချို့နေရာနဲ့ အခြေအနေတွေမှာဆိုရင် ကိုယ်နဲ့စိတ်တူ အတွေးခေါ်တူ ညာဏ်ရည် ညာဏ်သွေးတူတဲ့ ယုံကြည်ရလောက်တဲ့ သူငယ်ချင်းကောင်းမျိုးကို ရှာမရဖြစ်နေတတ်ပါတယ်၊ အဲလိုအခါမျိုးမှာတော့ တစ်ယောက်တည်းနေတာ အကောင်းဆုံးပါပဲ၊၊ မြတ်စွာဘုရားက သူငယ်ချင်း ပေါင်းသင်းမှုနဲ့ ပတ်သက်ပြီး ဒီလိုသင်ပြထားပါတယ်၊ “အကယ်၍ ယုံကြည် စိတ်ချရမှု၊ ကိုယ်ကျင့်တရား ကောင်းမှု၊ လေးနက်တည်ကြည်မှုရှိတဲ့ သူငယ်ချင်းမျိုးကို ရှာတွေ့ခဲ့မယ်ဆိုရင် စိတ်ရော ကိုယ်ပါနှစ်ပြီး ပေါင်းသင်း သင့်တယ်၊ အခက်ခဲအားလုံးက ကျော်နိုင်ပြီး၊ ဘ၀တိုးတက်လာပါလိမ့်မယ်”တဲ့၊၊

“အကယ်၍ ယုံကြည်စိတ်ချလို့လည်းမရ၊ ကိုယ်ကျင့်တရားလည်း မကောင်း၊ ပေါ့ရှပ်ရှပ်လည်းနိုင်တဲ့ သူတွေကိုချည်း တွေ့နေမယ်ဆိုရင်တော့ တစ်ယောက်တည်းနေတာ အကောင်းဆုံးပါ”တဲ့၊၊ ဘုရားစကားမို့ မှန်တယ်ဆိုတာထက် အတွေ့အကြုံအရကိုမှန်တဲ့ သင်ပြချက်ဖြစ်တယ်ဆိုတာကို စာဖတ်သူ ခံစားမိမယ် ထင်ပါတယ်၊၊

ငါးပိစိမ်းထုပ်ထားတဲ့ အ၀တ်နဲ့ စံပယ်ပန်းထုပ်ကြည့်ပါ၊ စံပယ်ရဲ့ သင်းပြန့်တဲ့ အမွေးနံ့ လုံးဝပျောက်သွားတာကို တွေ့ရပါလိမ့်မယ်၊၊ ဘ၀မှာလည်း ဒီလိုပါပဲ၊ ပင်ကိုယ်ဗီဇမည်မျှ ဖြူစင်စေကာမူ ဟိတ်ဟန်ကောင်းပြီး ယုံကြည်လောက်တဲ့ သူမျိုးကို ပေါင်းသင်းမိသူတွေဟာ တိုးတက်မှုရ မလာတတ်ပါဘူး၊၊ ဘ၀အတွက်ရော သံသရာအတွက်ပါ အရေးပါတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းကို ရွေးချယ်စီစစ်ပြီး ပေါင်းသင်းစေလို့တဲ့ စေတနာနဲ့ ဒီစာတမ်းကို ရေးဖြစ်တာပါ၊၊

အရှင့်ရဲ့ သူငယ်ချင်း ဒေါက်တာဦးဇင်းတပါး ပြောဘူးတဲ့ စကားလေးကိုလည်း ဝေငှချင်ပါသေးတယ်၊ သူက ဒီလိုပြောပြပါတယ်-- “ လူတစ်ယောက်ကို ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ပေါင်းသင်းဆက် ဆံလို့ ရသလောက်သာ ပေါင်းသင်းသင့်ပြီး၊ မရတော့တဲ့အခါ လုံးဝကင်းအောင် နေလိုက်တာ အကောင်းဆုံးပါ”တဲ့၊၊ ဆိုလိုတာက လူနှစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကြာလာရင် အတွေးခေါ်တွေ၊ အယူအဆတွေ ကွဲလွဲလာတတ်ပါတယ်၊ အဲဒီအခါမှာဆိုရင် အယူအဆ၊ အတွေးခေါ် မတူတော့တဲ့အတွက် ပေါင်းသင်း ဆက်ဆံနေရတာ အဆင်အပြေတော့ပါဘူး၊ ဒီလိုအခြေနေမျိုးမှာ ကျိတ်မှိတ်သည်းခံပြီး ပေါင်းသင်းနေရတာထက် လုံးဝကင်းသွားအောင် နေလိုက်ကြတာက ပိုကောင်းပါသတဲ့၊၊

ဒါလည်း မှန်ပါတယ်၊ တခါတရံ သူငယ်ချင်းဆိုတာ အခြေအနေနဲ့ အချိန်အခါ၊ နေရာဒေသကိုလိုက်ပြီး လုံးဝပြောင်းလဲသွားတတ်တာကို တွေ့ရပါသေးတယ်၊၊ ဒီလိုအခါမျိုးမှာတော့ သူရောကိုယ်ပါ စိတ်ဆင်းရဲခံ၊ အောင့်အည်းပြီး၊ သည်းခံပေါင်းသင်းနေတာထက် ကင်းအောင်နေလိုက်တာက ပိုကောင်းတယ်လို့ ဆိုလိုတာပါ၊၊ စာတမ်းကို အနှစ်ချုပ် ကြည့်ရအောင်ပါ----
=ဘ၀မှာ သူငယ်ချင်း အရေးကြီးပါတယ်၊၊
=သူငယ်ချင်းကောင်းရွေးချယ်တတ်ဖို့ ပိုအရေးကြီးပါတယ်၊၊
=သူငယ်ချင်းကောင်း ရှာမရရင် တစ်ယောက်တည်း နေတတ်တဲ့ သတ္တိမျိုးရှိဖို့က ပို၍ ပို၍အရေးကြီးပါတယ်၊၊
“အလင်း စက်”ရဲ့ စာဖတ်သူများ သူငယ်ချင်းကောင်းကို ရွေးချယ်တွေ့ရှိပြီး ဘ၀မှာရော သံသရာမှာပါ အောင်မြင် တိုးတက်တဲ့သူများ ဖြစ်ကြပါစေလို့ အာသီသပြုပြီး စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အလင်း စက်
(၂၇.၉.၂၀၁၀)


(မဇ္ဈိမနိကာယ်နှင်၊့ ဓမ္မပဒပါဠိတော်မျာကို ကိုးကား၍ ဤစာတမ်းကို ရေးသားပါသည်၊၊)

အပြည့်အစုံသို့....

Monday, September 27, 2010

ဆုတောင်းခြင်း ယဉ်ကျေးမှု၊၊ ၊၊



ဗုဒ္ဓရှင်တော် သက်တော်ထင်ရှားရှိစဉ်က သာသနာတော်အတွက် ကျေးဇူးအလွန်များသော သာသနာ့ ဒါယကာ သာသနာ့ဒါယိကာမ များစွာရှိသည်၊၊ ၀ိသာခါကျောင်းအမကြီးသည် ထိုအထဲမှ တစ်ယောက် အပါအ၀င်ဖြစ်သည်၊၊ အနာထပိဏ်သူဌေးနှင့် ၀ိသာခါတို့၏ အကြောင်းများကို ဗုဒ္ဓဘာသာဝင်တိုင်းပင် တရင်းတနှီး သိနေတတ်ကြသည်၊၊

အရှင် စာတမ်းအတွက် အထောက်အကူဖြစ်စေရန် “The life of the Buddha according to the Pali canon” စာအုပ်ကို လေ့လာရာက ၀ိသာခါကျောင်းအမကြီး၏ ဆုတောင်းများအကြောင်းကို ဖော်ပြထားသည်ကို ထပ်မံလေ့လာရသောအခါ ဆုတောင်းနှင့် ဆက်စပ်၍ အရှင်၏ဆိုက်ကို အားပေး ကြသည့် စာဖတ်ပရိတ်သတ်ကို သိစေလိုတဲ့စိတ်ကူး ဖြစ်ပေါ်လာတာကြောင့် ဒီစာတမ်းလေးကို ရေး ဖြစ်တာပါ၊၊ ယ္ခုစာတမ်းလေးက ကျောင်းအမကြီး ၀ိသာခါရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို သိစေမှာဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဆုတောင်းနှင့် ပတ်သက်တဲ့ ဗဟုသုတကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်၊၊

ဝိသာခါကျောင်းအမကြီးသည် ဗုဒ္ဓရှင်တော် သက်တော်(၅၆)နှစ်၊ ၀ါတော်(၃၁)၀ါအရမှာ ဆုရှစ်မျိုးကို မြတ်စွာဘုရား အထံတော်မှတောင်းဆိုပါတယ်၊၊ တနေ့မြတ်စွာဘုရားရှင်နှင့် သံဃာတော်များကို ၀ိသာခါကျောင်းအမကြီးက သူအိမ်ဂေဟာမှာ ဆွမ်းစားကြွဖို့ လျောက်ထားပါတယ်၊၊ မြတ်စွာဘုရားက လက်ခံပြီး၊ နောင်နေ့ဆွမ်းချိန်ကျရောက်တဲ့အခါမှာ သံဃာတော်များနှင့်အတူ ၀ိသာခါကျောင်းအမ ကြီးရဲ့ အိမ်ဂေဟာကို ကြွတော်မူပြီး ဆွမ်းစားတော်မူပါတယ်၊၊

မြတ်စွာဘုရားရှင် ဆွမ်းစားလို့အပြီးမှာ ၀ိသာခါကျောင်းအမကြီးက မြတ်စွာဘုရားထံက ဆုရှစ်မျိုးကို တောင်းဆိုပါတယ်၊၊ မြတ်စွာဘုရားက သင့်တော်တဲ့ဆုများဟုက် မဟုက်သိချင်တာကြောင့် လိုချင် သောဆုများကို အရင်လျောက်ထားဖို့ မိန့်တော်မူပါတယ်၊၊ ၀ိသာခါကျောင်းအမကြီးက ဆုရှစ်မျိုးကို တစ်ခုခြင်းဆီလျောက်ပြပါတယ်၊၊

(၁) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်နေသမျှ သံဃာတော်များ ရေချိုးသည့်အခါ အသုံးပြုသည့်(မိုးရေခံ)သင်္ကန်း လှုခွင့်ရပါရစေ၊၊
(၂) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်နေသမျှ ခရီးအဝေးမှ မြတ်စွာဘုရားအထံသို့ ဘုရားဖူးရန်ကြွလာသည့် သံဃာတော်များကို ဆွမ်းလှုခွင့်ရပါရစေ၊၊
(၃) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်သမျှ ခရီးသွားသံဃာတော်များကို ဆွမ်းလှုခွင့်ရ ပါရစေ၊၊
(၄) မြတ်စွာဘုရား တပည့်တော်မှ အသက်ရှင်သမျှ မကျန်းမာသည့်(ဂိလာန)သံဃာတော်များကို ဆွမ်းလှုခွင့် ရပါရစေ၊၊
(၅) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်သမျှ မကျန်းမာသည့် သံဃာတော်များကို ပြုစုသည့် သူနာပြု သံဃာတော်များကို ဆွမ်းလှုခွင့် ရပါရစေ၊၊
(၆) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်နေသမျှ မကျန်းမာသည့် သံဃာတော်များကို ဆေး ပစ္စည်း လှုခွင့်ရပါရစေ၊၊
(၇) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်နေသမျှ သံဃာတော်များကို နို့ဆွမ်းလှုခွင့် ရပါရစေ၊၊
(၈) မြတ်စွာဘုရား တပည့်တော်မ အသက်ရှင်နေသမျှ ဘိက္ခုနီသံဃာ(ရဟန်းမ)များကို ရေချိုးသည့်အခါ အသုံးပြုသည့် (မိုးရေချိုးခံ)သင်္ကန်းလှုတန်းခွင့် ရပါရစေ၊၊

ဝိသာခါကျောင်းအမကြီးက သူမရလိုသည့် ဆုများကို မြတ်စွာဘုရားကို လျောက်ထားပြီးသွားပြီ၊ မြတ်စွာဘုရားရှင်က ဆုများကို ခွင့်မပြုသေးဘဲ၊ ဘယ်လိုအကြောင်းကြောင့် ဤဆုရှစ်မျိုးကို လိုချင်ရတာလဲဟု ထပ်မံမေးမြန်းပါတယ်၊၊ ၀ိသာခါကျောင်းအမကြီးက ဘယ်လိုအကြောင်းများကြောင့် ဤဆုများကို ရလိုပါကြောင်းကို ထပ်မံရှင်းလင်း လျေက်ထားရပြန်ပါတယ်၊၊

(၁) မြတ်စွာဘုရား ရေချိုးသည့်အခါ ၀တ်ရုံသည့် သီးခြားသင်္ကန်း မရှိကြသေးသည့် သံဃာတော်များမှာ အကာကွယ်မပါဘဲ ရေချိုးကြသည်ကို တွေ့မြင်ရပါသည်၊၊ သံဃာတော်များ အနေမြင့် အကာကွယ်မဲ့ ရေချိုးသည်မှာ အလွန်မှပင် မသင့်တော်သည့် အခြေနေဖြစ်ပါသည်၊၊ ထို့ကြောင့် တပည့်တော်မ ရဟန်းသံဃာတော်များအတွက် ရေချိုးသည့်အခါ အသုံးပြုသည့် သင်္ကန်းလှုတန်းခွင့်ကို လျောက်တင်ခြင်း ဖြစ်ပါသည်၊၊

(၂) မြတ်စွာဘုရား ခရီးအဝေးမှ မြတ်စွာဘုရားအထံသို့ ဘုရားဖူးရန်လာရောက်ကြသည့် သံဃာတော်များမှာ သာဝတ္ထိပြည်သို့ ရောက်သောအခါ ဆွမ်းစားရန် အသိမိတ်ဆွေ မရှိကြသည့် အတွက် ဆွမ်းအတွက် ပင်ပမ်းဆင်းရဲကြရပါသည်၊ ထို့ကြောင့် ခရီးအဝေးမှ ဘုရားဖူးကြွလာသည့် သံဃာတော်များကို ဆွမ်းလှုခွင့် ရလိုကြောင်း လျောက်ထားရခြင်း ဖြစ်ပါသည်၊၊

(၃) မြတ်စွာဘုရား ခရီးသွားသံဃာတော်များမှာ ခရီးသွားရင်း ရောက်ရာအရပ်ဒေသတွင် ဆွမ်းအချိန် ကျတိုင်း အိမ်စဉ်လှည့် ဆွမ်းအလှုခံ၍ ဆွမ်းစားကြရပါသည်၊၊ ထို့ကြောင့် ခရီးအတူသွားသည့် အုပ်စုများမှ ကွဲကျန်ခဲ့ပြီး၊ လမ်းခရီးတွင် အန္တရာယ်များခြင်း၊ လိုသည့်ခရီးသို့ လျင်မြန်စွာ မရောက်နိုင် ခြင်း အခက်အခဲများ တွေ့ကြရပါသည်၊၊ ထို့ကြောင့် ခရီးသွားသည့် သံဃာတော်များကို ဆွမ်းလှုခွင့် လျောက်ရခြင်း ဖြစ်ပါသည်၊၊

(၄) မြတ်စွာဘုရား မကျန်းမာသည့် သံဃာတော်များအတွက် အားဖြစ်စေသည့် အစာအာဟာရကို မရရှိလျင် ရောဂါ၏နှိပ်စက်သည့် ဒဏ်ကိုမခုခံနိုင်ဘဲ ပင်ပမ်းဆင်းရဲရ၊ သေဆုံးရတတ်ပါသည်၊၊ ထို့ကြောင့် မကျန်းမာသည့် သံဃာတော်များကို ဆွမ်းလှုခွင့် လျောက်ရခြင်း ဖြစ်ပါသည်၊၊

(၅) မြတ်စွာဘုရား မကျန်းမာသည့် သံဃာတော်များကို ပြုစုသည့် သူနာပြုသံဃာတော်များမှာ ဆွမ်းခံကြွ၍ ဆွမ်းစားနေရလျင် မကျန်းမာသည့် သံဃာကို အချိန်ပြည့် ပြုစု စောင့်ရှောက်နိုင်မည် မဟုက်ပါ၊၊ သင့်တော်သည့် အစောင့်ရှောက်ကို မရသည့် ဂိလာနရဟန်းမှာလည်း ဆင်းရဲရပါလိမ့်မည်၊ ထို့ကြောင့် သူနာပြုသံဃာတော်များကို ဆွမ်းလှုခွင့် ရလိုခြင်း ဖြစ်ပါသည်၊၊

(၆) မြတ်စွာဘုရား နို့ဆွမ်းကို စားသုံးခြင်းဖြင့် အကျိုးဆယ်မျိုးရနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားထားပြီး ဖြစ်သည်၊၊ ထိုအကျိုးဆယ်မျိုးကိုမြင်သဖြင့် သံဃာတော်များကို နို့ဆွမ်းလှုခွင့်ရလိုခြင်း ဖြစ် ပါသည်၊၊

(၇) မြတ်စွာဘုရား မကျန်းမာသည့် သံဃာတော်များသည် သင့်တော်သည့် ဆေးပစ္စည်းကို မရရှိလျင် အနာရောဂါ တိုးသည်ထက်တိုးပြီး၊ ဆင်းရဲရ၊ သေဆုံးရတတ်ပါသည်၊၊ ထို့ကြောင့် မကျန်းမာသည့် သံဃာတော်များကို ဆေးနှင့် ဆေးပစ္စည်း လှုခွင့်တောင်းရပါသည်၊၊

(၈) မြတ်စွာဘုရား ဘိက္ခုနီ(ရဟန်းမ)များသည် ရေချိုးသည့်အခါ အသုံးပြုသည့် သင်္ကန်းသီးခြား မရှိကြသေးသည့် အတွက် ကိုယ်ဝတ်ဗလာဖြင့် ရေချိုးကြရပါသည်၊၊ ရဟန်းမများ ကိုယ်ဝတ်ဗလာဖြင့် ရေချိုးကြရသည်မှာ မသင့်တော်သော မြင်ကွင်းတခုဖြစ်ပါသည်၊၊ ထို့ကြောင့် ရဟန်းမများကို ရေချိုးသင်္ကန်း လှုခွင့်ရလိုခြင်း ဖြစ်ပါသည်၊၊

ဝိသာခါကျောင်းအမကြီးက ဆုရှစ်မျိုးတောင်းရခြင်း၏ အကြောင်းပြချက်ကို မြတ်စွာဘုရားအား အသေးစိတ် လျောက်ထားခြင်း ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် ၀ိသာခါ၏ဆုများနှင့်၊ ထိုဆုများကို တောင်းရခြင်း၏ အကြောင်းပြချက်ကို သိပြီးသည့်တိုင် ခွင့်ပြုလိုသည့် အရိပ်ယောင်ကို မပြသေးပါဘူး၊၊ ထိုဆုရှစ်မျိုးတောင်းခြင်း၌ ၀ိသာခါကျောင်းအမကြီးရဲ့အကျိုးကို ထပ်ပြီးမေးမြန်းပါတယ်၊၊

မြတ်စွာဘုရား တပည့်တော်မ ခွင့်တောင်းသဖြင့် ဆွမ်း ဆေးစသည် အလှုခံရရှိပြီး၊ သုံးဆောင်ရသဖြင့် ရဟန်းသံဃာတော်များ ၀မ်းသာကြရပါမည်၊ သံဃာတော်များ ၀မ်းသာသည်ကို အမှတ်ရသော တပည့်တော်မသည်လည်း ၀မ်းသာရပါမည်၊၊ ၀မ်းသာရသောအခါ တပည့်တော်မ နှစ်သက်ရပါမည်၊၊ နှစ်သက်ရသည့်အခါ တပည့်တော်မ၏စိတ် ပျော်ရွှင်ရပါမည်၊၊ စိတ်ပျော်ရွှင်ရသည့်အခါ တပည့်တော်မ ၏ ကိုယ်ခန္ဓာတစ်ခုလုံး တည်ငြိမ်ရပါမည်၊၊ ကိုယ်ခန္ဓာတည်ငြိမ်သည့်အခါ တပည့်တော်မ ချမ်းသာမှုကို ခံစားရပါမည်၊၊ ချမ်းသာမှုကို ခံစားရသည့်အခါ တပည့်တော်မ၏စိတ်များ တည်ငြိမ်လာပါမည်၊၊ ဤစိတ်တည်ငြိမ်မှုသည် တပည့်တော်မ၏ စိတ်ပိုင်းဆိုင်ရာ အရာဌာနများကို ထိမ်းသိမ်းပေးပါမည်၊၊ ဤအခါ တပည့်တော်မအား ကာယအား ညာဏအားအစွမ်းများနှင့်အတူ မဂ်ဖိုလ်အကျိုးများပါ ရရှိလာ နိုင်ပါသည်၊၊ ဤအကျိုးတရားများကို တောင့်တသဖြင့် မြတ်စွာဘုရားထံမှ ဆုရှစ်မျိုးကို တောင်းဆိုရ ခြင်း ဖြစ်ပါသည်၊၊

ထပ်ဆွေးနွေးရရင်--ကုသိုလ်တစ်ခုကို အမှတ်ရသည့်အခါ နှစ်သက်ရပါတယ်၊ နှစ်သက်ရရင် ပျော်ရွှင်ရပါတယ်၊ ပျော်ရွှင်ရရင် ကိုယ်တည်ငြိမ်လာပါတယ်၊ ကိုယ်တည်ငြိမ်ရရင် ချမ်းသာမှုကို ခံစားရပါတယ်၊ ချမ်းသာရရင် စိတ်တည်ငြိမ်လာပါတယ်၊၊ ကိုယ်လည်းတည်ငြိမ်၊ စိတ်လည်းတည်ငြိမ်ပြီး ချမ်းသာမှုကို ခံစားရပြီဆိုရင် ကုသိုလ်ရှင်ရဲ့ အာရုံများကြည်လင်လာပြီး စိတ်စွမ်းအင် ကိုယ်စွမ်းများ ပေါ်လာပါတယ်၊ အဲဒီအခါမှာ မဂ်ဖိုလ်အကျိုးဆက်တွေ အလိုလျောက်ဖြစ်ပေါ်လာပါတယ်၊၊

ဝိသာခါ၏ ရှင်းလင်းလျောက်ထားချက်များ ပြည့်စုံသွားသောအခါ မြတ်စွာဘုရားမှ ဆုရှစ်မျိုးကို ယူစေကြောင်း မိန့်တော်မူပါတယ်၊၊ ၀ိသာခါကျောင်းအမကြီး လိုချင်သည့်ဆုများကို မြတ်စွာဘုရားက ခွင့်ပြုသဖြင့် အတိုင်းမသိ ၀မ်းသာသွားပါတယ်၊၊

အချက်လက်ခိုင်မာမှုကို တင်ပြလိုတာကြောင့် စာအရှိတိုင်း တင်ပြနေတာနဲ့တင် စာတမ်းက တော်တော်လေး ရှည်သွားပါပြီ၊၊ အရှင်ရဲ့ သုံးသပ်ချက်ကို မဆွေးနွေးရသေးပါဘူး၊၊ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်အတူ စာရေးသူ“အလင်း စက်”အပါဝင် ကုသိုလ်တခုပြုပြီးတိုင်း ဆုတွေတလှေကြီးတောင်း တတ်တာ အလေ့ကျင့်တစ်ခု၊ ယဉ်ကျေးမှုတစ်ခုတောင် ဖြစ်နေပါပြီ၊၊ တင်ပြခဲ့ပြီးတဲ့ ဇာတ်လမ်းကို လေ့လာကြည့်မည်ဆိုရင် ဆုဆိုတာ လွယ်လွယ်နဲ့ တောင်းတိုင်းရတတ်တာများ မဟုက်ကြောင်း စာဖတ်သူ သဘောပေါက်ပြီး ဖြစ်လောက်ပါပြီ၊၊

ဆုတစ်ခုကို မြတ်စွာဘုရားထံမှာ တောင်းတော့မယ်ဆိုရင် လိုချင်တဲ့ဆုတစ်ခုကို ပထမဆုံး တင်ပြရပါတယ်၊ ပြီးရင် ဘယ်လိုအကြောင်းများကြောင့် ဆုတစ်ခုကို လိုချင်တယ်ဆိုတာ ရှင်းပြရပါတယ်၊ နောက်ဆုံးမှ ဆုကိုရရှိခြင်းဖြင့် အကျိုးဆက်ကို တင်ပြရပြန်ပါတယ်၊၊ ယနေ့မျက်မှောက်မှာတော့ တော်တော်များများက စနှစ်မရှိတဲ့ ဆုပေါင်းများစွာကို ဘုရားရှေ့မှာတောင်းနေကြတာပါ၊၊ ဆုတောင်းတွေ တကယ်ပြည့် မပြည့်ဆိုတာ စဉ်းစားစရာပါ၊၊ အရှင့်ကို သီရိလင်္ကာနိုင်ငံ ပေရာဒနီယတက္ကသိုလ် ကျောင်းသားတစ်ဦးက ဆုတောင်းတာ ပြည့်တတ်သလားလို့ မေးတာခံရဘူးပါတယ်၊၊

'ဆု'ဆိုတဲ့နေရာမှာလည်း ဘုရားရှင်လက်ထက်က တောင်းတတ်ကြတဲ့ဆုတွေက ယနေ့လူအများ တောင်းနေကြတဲ့ ဆုတွေနဲ့ အတော်အတန်ကွာတာကို လေ့လာမိပါတယ်၊၊ ဘုရားရှင် လက်ထက်တော်က ဆုတောင်းတွေကို လေ့လာကြည့်တော့ ကိုယ့်အတွက်ကို ဗဟိုပြုတဲ့ဆုမျိုး အတောင်းနည်း ပြီး၊ တဘက်သူ ချမ်းသာစေတဲ့ဆုတွေဖြစ်နေတာကို တွေ့ရပါတယ်၊၊ ၀ိသာခါတောင်းဆိုတဲ့ ဆုရှစ်မျိုး ကိုလေ့လာကြည့်ပါ၊ သူကိုယ်တိုင်အတွက် ဗဟိုအပြုနည်းတာကို သတိပြုမိမှာပါ၊၊ ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ယဉ်ကျေးမှုတစ်ခုဖြစ်နေတဲ့ ဆုတောင်းမှုကို စနှစ်တကြပြုနိုင်မယ်ဆိုရင် ကိုယ်စိတ် ငြိမ်းချမ်းပြီး ချမ်းသာသုခကို ရရှိမှာဖြစ်ပါတယ်၊၊ တောင်းတဲ့ဆုတွေလည်း ပြည့်ဝလာမှာဖြစ်ပါတယ်၊၊

အရှင့်ရဲ့ စာဖတ်ပရိတ်သတ်များ ဤစာတမ်းလေးကို ဖတ်ပြီး သင့်တော်သည့် ဆုများကိုရွေးချယ် တောင်းတတ်ပြီး၊ ဆုတောင်းပြည့်ဝတဲ့ ဘ၀အမောပြေသူများ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၂၇.၉.၂၀၁၀)

အပြည့်အစုံသို့....

Friday, September 17, 2010

သားသ္မီးကြောင့်.....!



“ရှိတာ ဒုက္ခလား၊ မရှိတာ ဒုက္ခလား၊
အများက မရှိတာ ဒုက္ခတဲ့၊
ပညာရှင်တွေကတော့ ရှိတာ ဒုက္ခလို့ဆိုပါတယ်”၊၊

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မှာနေစဉ် ညတစ်ညတွင် နတ်သားတစ်ယောက် ရောက်လာပြီး၊ ဘုရား ရှင်ကို လူ့ဘ၀ လူတစ်ယောက်အတွက် နှစ်သက်ရခြင်း၏ အကြောင်း၊ ချမ်းသာရခြင်း၏ အကြောင်း များကို လျှောက်ထားလေသည်၊၊

မြတ်စွာဘုရား လောကမှာ “သားသ္မီးများများ ရှိသူဟာ သားသ္မီးကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရ ပါတယ်၊၊ ကျွဲနွားများများ ရှိသူဟာလည်း ကျွဲနွားတို့ကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရပါတယ်၊၊ လူသားတို့မှာ ချမ်းသာ၏တည်ရာ“ဥပဓိ”ဆိုတာ ရှိရပါတယ်၊“ဥပဓိ”မရှိတဲ့သူဟာ မနှစ်သက်ရ၊ မချမ်း သာပါဘူး”

ဒီနေရာမှာ “ဥပဓိ”ဆိုတဲ့ ပါဠိစကားလုံးလေးရဲ့ အနက်အဓိပ္ပါယ်က“တည်ရာ”လို့ အဓိပ္ပါယ်ရပါတယ်၊ ဘာရဲ့တည်ရာလဲဆိုတော့ ချမ်းသာရဲ့တည်ရာပါ၊၊ ချမ်းသာခြင်းဟာ ဘယ်မှာတည်တာလဲဆိုတော့ သားသ္မီးများမှာ တည်ပါတယ်၊၊ ကျွဲနွားများမှာလည်း တည်ပါတယ်၊ ရတနာရွှေငွေ ပစ္စည်းများမှာလည်း တည်ပါတယ်၊၊

ရှေးခေတ်က စက်မှုမထွန်းကားသေးတော့ လယ်ယာလုပ်ကိုင်ကြတဲ့နေရာနဲ့၊ တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားတဲ့အခါမှာ ကျွဲနွားနဲ့ ကထားတဲ့ လှည်းစသည်တွေနဲ့ သွားကြရပါတယ်၊၊ ဒါကြောင့် ကျွဲနွားများများ ရှိသူဟာ လယ်ယာလုပ်ကိုင်စားလို့ရတဲ့အတွက် ချမ်းသာရတယ်၊ လှည်းစတဲ့ယဉ်အ ဖြစ် သုံးလို့ရတဲ့အတွက်လည်း ချမ်းသာရတယ်ပေါ့၊၊ ဒီနေ့ခေတ်မှာတော့ စက်မှုထွန်းကားလာ တော့ ကားကောင်းကောင်း ရှိတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းတခုလို့ ဆိုရမှာပါ၊၊

နတ်သားတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ထားတဲ့ သူရဲ့အမြင်အရ ချမ်းသာခြင်းရဲ့အကြောင်း များဖြစ်ပါတယ်၊၊ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင်လည်း ဒီနတ်သားလျှောက်တာလေးဟာ အမှန်ပါ ပဲ၊၊ သားသ္မီးမရှိတဲ့ မိသားစုဆိုတာ ခြောက်ခြောက် ကပ်ကပ်နဲ့ တကယ်ကိုပျင်းစရာ ကောင်းပါတယ်၊ ပျော်စရာ မရှိဘူးပေါ့၊၊ ကားလေးမှ မရှိပြန်ရင်လည်း ဘယ်မှသွားမဖြစ်နဲ့ ပျော်စရာနည်းပါး ပါတယ်၊၊ ရ တနာ ရွှေငွေစတဲ့ ပစ္စည်းဥစ္စာမရှိတဲ့သူများသည်လည်း မချမ်းသာကြရပါဘူး၊၊

နတ်သားပြောတဲ့ ချမ်းသာခြင်းရဲ့ အကြောင်းများကို အနှစ်ချုပ်ကြည့်ရင် လောကမှာ ဥပဓိရှိသူများသည် ချမ်းသာကြရတယ်၊၊ ဥပဓိမရှိသူဟာ မချမ်းသာသူလို့ ကောက်ချက်ချနိုင်ပါတယ်၊၊ ဥပဓိဆိုတာ--ချမ်းသာခြင်းအားလုံးရဲ့ တည်ရာဖြစ်တဲ့ သားသ္မီး၊ ကားစတဲ့ အသုံးပြုစရာ ယဉ်နှင့်၊ ရတနာ ရွှေငွေ တို့ကိုခေါ်ပါတယ်၊၊ ထပ်ပြီး အသေးစိတ်ကြည့်ရ ရင်--သားသ္မီးကြောင့် မိဘတွေချမ်းသာ ကြရတယ်၊ ကား ကောင်းကောင်းရှိလို့ ကားပိုင်ရှင်တွေ ချမ်းသာ ကြရတယ်၊ ရတနာ ရွှေငွေပေါတဲ့ သူဌေးတွေ ချမ်းသာကြရတယ်လို့ ဆိုလိုတာပါ၊၊

နတ်သားက မြတ်စွာဘုရားကို Theory တစ်ခုကို တင်ပြ ဆွေးနွေးနေတာ ဖြစ်ပါတယ်၊၊ နတ်သား ဆွေးနွေးတင်ပြနေစဉ်မှာ မြတ်စွာဘုရားက တစ်စုံတစ်ရာ မထောက်ခံသလို ငြင်းပယ်ခြင်းလည်း မပြုပါဘူး၊၊ အလေးအနက် နတ်သားရဲ့ တင်ပြချက်ကို သုံးသပ်နေခဲ့ပါတယ်၊၊ နတ်သား ဆွေးနွေး တင်ပြအပြီးမှာတော့ မြတ်စွာဘုရားရှင်က ဤကဲ့သို့ တဖန်ပြန်ပြီး ဆွေးနွေးတော်မူပါတယ်၊၊

နတ်သား လောကမှာ“သားသ္မီးများများရှိသူဟာ သားသ္မီးကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ ကျွဲနွား များများ ရှိသူဟာလည်း ကျွဲနွားကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ လူသားတို့မှာ ဆင်းရဲခြင်းရဲ့ တည် ရာ“ဥပဓိ”ဆိုတာရှိတယ်၊၊ အဲဒီ“ဥပဓိ”ရှိနေသူဟာ ပူပန်ရတယ်၊ ဆင်းရဲ ရတယ်၊၊”

အယူအဆနှစ်ခုက လုံးဝဆန့်ကျင်နေတာကို တွေ့ရမှာဖြစ်ပါတယ်၊၊ နတ်သား ယူဆတာက သားသ္မီးနှင့် ကျွဲနွား(ကား)၊ ရွှေငွေရတနာဥစ္စာရှိမှ လောကမှာ ချမ်းသာသူဖြစ်ပြီး၊ ဘုရားရှင် ယူဆတာက သားသ္မီး နှင့်ကျွဲနွား (ကား)၊ ဥစ္စာမရှိသူသာ လောကမှာ ချမ်းသာသူလို့ ဖြစ်နေပါတယ်၊၊

လက်ရှိနေ့စဉ်ဘ၀မှာ တကယ်ဖြစ်နေတာနဲ့ ယှဉ်ကြည့်ရင် ဘယ်အယူအဆက မှန်တယ်ဆိုတာကို သိရမှာ ဖြစ်ပါတယ်၊၊ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ချမ်းသာမှုနဲ့ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ဆင်းရဲမှု ဘယ်ဟာပိုများလဲဆိုတာကို မိဘဖြစ်သူများအားလုံး သိကြမှာပါ၊၊

 မြန်မာစကားမှာတော့ သားယောကျာင်္းရှိတဲ့ မိဘများအတွက် “ငယ်စဉ်က သား၊ ကြီးသော် ကျား”လို့ ဆိုထားတာက သတိပေးနေပါတယ်၊၊ သ္မီးမိန်းကလေးရှိတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ မီး”လို့ ဆို ထား ပြန်ပါတယ်၊၊ ယနေ့ခေတ်မှာပေါ်နေတဲ့ စကားတစ်ခုကလည်း သားသ္မီးနှင့် ပတ်သက်တဲ့ မိဘတွေရဲ့ ခံစားမှုကို ထင်ဟပ်ဖော်ပြနေပါသေးတယ်၊ “သားသ္မီး ရတနာ မဟုက်ဘူး၊ သားသ္မီးရတာ နာ”ပါတဲ့၊(ရတာ- နာ)၊၊

ရှေးခေတ်က ပေါ်ခဲ့တဲ့ သားသ္မီးနဲ့ ဆက်စပ်တဲ့ မိဘများခံစားချက် ဆိုရိုးစကားများရော၊ ယနေ့ခေတ်မှာ ပေါ်နေတဲ့ ဆိုရိုးစကားများကိုရော ကောက်ချက်ချကြည့်ရင် သားသ္မီးကြောင့် မိဘများစိတ်ချမ်းသာရ သည်ထက် စိတ်ဆင်းရဲကြရသည်က ပိုများကြောင်း တွေ့နိုင်ပါတယ်၊၊ တကယ်ကြ မိဘများဟာ သားတစ်ယောက် သ္မီးတစ်ယောက် လူလောကထဲရောက်လာဖို့အတွက် အသက်နဲ့ရင်းခဲ့ကြတာပါ၊၊

 မိဘများရဲ့ တခြားကျေးဇူးတွေကတော့ ပြောနေရင်-“ရွှေဖလားပေါ် ငွေအနားကွတ် ”ဆိုသလိုဖြစ်နေ မှာပါ၊၊ မိဘများကျေးဇူးကို အပြည့်စုံပြောနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊၊ ဒါကြောင့်လည်း မိဘကျေးဇူးကို မြင်းမိုရ်တောင်နဲ့ တင်စားတာတို့၊ မဟာပထ၀ီမြေကြီးနဲ့ တင်စားတာတို့ကို စာပေများမှာတွေ့ရပါတယ်၊၊

ဤမျှကျေးဇူးရှိခဲ့တဲ့ မိဘများသည် သားသ္မီးကြောင့် သူတို့ဘ၀အရွယ်ရင့်မှာ ထပ်ပြီး စိတ်ဆင်းရဲကြရ အုံးမယ်ဆိုရင် အရပ်စကားတစ်ခုလိုပဲ “မတန်ဘူး” လို့ပြောရမလိုပါပဲ၊၊ ဒီလိုသားသ္မီးမျိုးများ ရှိထားတဲ့ မိဘများဟာ ဒုက္ခအသီး သီးတတ်တဲ့ သစ်ပင်ကို စိုက်ထားမိသလို ဖြစ်နေမလားပါ၊၊

ကျွဲနွားကြောင့် မည်မျှစိတ်ဆင်းရဲ ရတယ်ဆိုတာကိုတော့ မြို့ကြီးသားတို့ သိကြမှာမဟုက်ပါဘူး၊ ကျေး တောအရပ်က လယ်သမား ယာသမားကြီးတွေတော့ သိကြပါတယ်၊၊ ကျွဲနွားနေရာမှာ အစားဝင် လာတဲ့ ကားကြောင့် ဒုက္ခဖြစ်ကြရတာကိုတော့ ကားရှိသူတိုင်း အသိပါ၊၊

ကားရှိလို့ သွားချင်ရာ အလွယ်တကူ သွားလာနိုင် အဆင်ပြေပေမဲ့ ဒီကားကြောင့်ပဲ အချုတ်ရောက်ရ ဂတ်ရောက်ရ၊ အဆင်မသင့်ရင် ထောင်ထဲအထိ စံကြရတဲ့ ဒုက္ခအကြီးစားများကို ကားပိုင်ရှင်တို့ လက်တွေ့သိ နေကြပါတယ်၊၊

ရတနာ ရွှေငွေကြောင့် ပိုင်ရှင်များ ချမ်းသာရသည်ထက် စိတ်ဆင်းရဲရပုံများကတော့ ပတ်ဝန်းကျင်မှာ မကြားချင် မမြင်ချင်မှ အဆုံးပါပဲ၊၊ တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းရှိလေ ဒုက္ခများလေပါပဲ၊၊ စိန်ထည်ပစ္စည်း များကို တစိမ်းလက်ထဲအပ်မိလို့ စိတ်ဆင်းရဲရရုံမက အသက်ကိုပါ ရန်ရှာခံရတာကို အရှင် အင်တာနက် သတင်းများမှာ ဖတ်လိုက်ရပါတယ်၊၊

 ဒါတွေဟာ အများထင်နေကြတဲ့ “ပစ္စည်းဥစ္စာကြောင့် ဘ၀ ချမ်းသာတယ်”ဆိုတဲ့ အယူအဆကို မမှန်ကန်ကြောင်း သက်သေပြချက်တွေ ဖြစ်နေပါတယ်၊၊
အနှစ်ချုပ်ကြည့်ရရင် ဘ၀တစ်ခုမှာ ချမ်းသာတယ်ဆိုတာ သားသ္မီးကြောင့် မဟုက်သလို၊ ပစ္စည်းဥစ္စာ ရတနာကြောင့်လည်း မဟုက်ဘူးဆိုတဲ့ အဖြေကိုရပါတယ်၊၊

 ဒီလိုသာဆိုရင် သားသ္မီးဆိုတာ မိဘအ တွက် ဒုက္ခသက်သက်လားလို့ မေးရမလိုဖြစ်နေပါတယ်၊ အဲလိုလည်း မဟုက်ပါဘူး၊၊ သိင်္ဂါလသုတ်မှာ မြတ်စွာဘုရားရှင်က မိဘတာဝန်ငါးမျိုးနှင့် သားသ္မီးများ တာဝန်ငါးမျိုးဆိုတာကို သင်ပြပေးထားပါ တယ်၊၊

သားသ္မီးများသည် မိမိတို့ရဲ့ မိဘအပေါ်မှာ ကျေရမဲ့တာဝန်ငါးမျိုးကို ကျေအောင်ကြိုးစား ကြမယ်ဆိုရင် မိဘများအမှန်တကယ် စိတ်ချမ်းသာကြရမှာပါ၊၊

သားသ္မီးများရဲ့ တာဝန်ငါးမျိုးကို လေ့လာကြည့်ရ အောင်ပါ---

(၁) ကျွေးမွေးစောင့်ရှောက်ရခြင်း (ဘတော နေ ဘရိဿာမိ)
(၂) ၀တ်ကြီး၊ ၀တ်ငယ်ပြုပေးရခြင်း ( ကိစ္စံ နေသံ ကရိဿာမိ)
(၃) အမျိုးကို စောင့်စည်းရခြင်း (ကုလ၀ံသံ ဌပေဿာမိ)
(၄) အမွေခံထိုက်တဲ့ သားသ္မီးဖြစ်အောင် နေတတ်ရခြင်း ( ဒါယဇ္ဇံ ပဋိပဇ္ဇာမိ)
(၅) မိဘများ ကွယ်လွန်ပြီးသောအခါ ကုသိုလ်ပြု၍ အမျှပေးဝေရခြင်း (ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမိ)


အထက်မှာ တင်ပြထားတဲ့ သားသ္မီးတာဝန်ငါးမျိုးကို ရှေးခေတ်ပညာရှင်များက မြန်မာကဗျာလေး ဖွဲ့သီထားတာကို မြန်မာကလေးတိုင်းပင် အလွတ်ရနေကြပါတယ်---
ကျွေးမွေး မပြက်၊
ဆောင်ရွက် စီမံ၊
မွေခံထိုက်စေ၊
လှုမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ၊၊

သားသ္မီးတာဝန်ငါးမျိုးကိုသာ သားသ္မီးတိုင်း ကျေအောင်ကြိုးစားကြမယ်ဆိုရင် အပေါ်မှာတုန်းက တင်ပြထားခဲ့ စာဆိုများကို ဤကဲ့သို့ ပြောင်းလွဲရမှာ ဖြစ်ပါတယ်--
သားယောကျာင်္းလေးရှိတဲ့ မိဘများအတွက် “ငယ်က သား၊ ကြီးတော့ အား”လို့ ဂုဏ်ယူနိုင်ပြီး၊ သ္မီးမိန်းကလေး ရှိကြတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ ထီး”လို့ အားကိုးကြရမှာ ဖြစ်ပါတယ်၊၊

သားသ္မီးများ အနေဖြင့် မိမိတိုရဲ့ တကယ့်လက်ဦးကျေးဇူးရှင် မိဘများကို မိမိကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေဘဲ၊ မိမိကို အကြောင်းပြုပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေနိုင်ကြမယ်ဆိုရင် တကယ်ကို မင်္ဂလာရှိတဲ့ သားသ္မီးအလိမ္မာများ ဖြစ်လာမှာ အသေအခြာပါ၊၊

 တကယ်ကြ သားသ္မီးဖြစ်ကြတဲ့ မိမိကိုယ်တိုင်လည်း တနေ့မှာ မိဘနေရာရောက်လာမှာကို သတိပြုကြရမှာ ဖြစ်ပါတယ်၊၊ မိမိကို မိမိမွေးဖွားသန့်စင်မည့် သားသ္မီးက ဒုက္ခပေးမှာကို သားသ္မီး မမွေးဖွားသေးတဲ့ အပျို လူပျိုများပင် သဘောကြနိုင်ကြမယ် မဟုက်ပါဘူး၊၊


အရှင့်ရဲ့ စာဖတ်ညီကို မောင်နှစ်မများအားလုံး မိဘကို အားဖြစ်စေတဲ့ သားရတနာများ၊ မိဘကို အရိပ်မိုးပေးတဲ့ သ္မီးအလိမ္မာ ရတနာလေးများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်း၊ ဆုတောင်းရင်း “သားသ္မီးကြောင့်…”ဆိုတဲ့ စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊          ၊၊

အရှင်ကေ၀လ(အလင်း စက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
(၁၇.၉.၂၀၁၀)

(မှတ်ချက်/ နန္ဒတိသုတ်၊ သံ၊၊ သိင်္ဂါလသုတ်၊ ပါထိက၀င်္ဂ ပါဠိ၊ ဒီ၊၊ တို့ကို ကိုးကား၍ ဤစာတမ်းကို ရေး သားပါသည်၊၊)

အပြည့်အစုံသို့....

Saturday, September 11, 2010

စိဂီရိယတောင်၊၊ ၊၊






သီရိလင်္ကာနိုင်ငံမှာ အရမ်းထင်ရှားတဲ့ စေတီပါဒတောင်နှင့်၊ စိဂီရိယတောင်ဆိုတာ ရှိပါတယ်၊၊ စေတီပါဒတောင်က ဘာသာရေးနှင့် ဆက်စပ်ပြီး ထင်ရှားတဲ့တောင်ဖြစ်ပြီး၊ စိဂီရိယတောင်ကတော့ သီရိလင်္ကာနိုင်ငံရဲ့ ရှေးခေတ်နိုင်ငံရေးကြောင့် ထင်ရှားတာပါ၊၊

စိဂီရိယတောင်ကိုတက်ရတာ အရမ်းပျော်စရာကောင်းပြီး အရမ်းလဲ အသဲထိပ်စရာကောင်းလှပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ တောင်ကြီးတစ်ခုလုံးက ကျောက်တောင်အတိဖြစ်ပြီး၊ ၀ါးလုံးကိုထောင်သလား မှတ်ရအောင်ကို မတ်နေတဲ့တောင်ကြီးဖြစ်တဲ့ အတွက်ပါ၊၊

 မတ်စောက်လှတဲ့ ကျောက်နံရံမှာ သံလှေခါးသေးသေးလေးနဲ့ တွယ်ကပ်တက်ကြရပါတယ်၊၊ လှေခါးလေးကလည်း သေးလိုက်တာ လူနှစ်ယောက်တောင်မှ လွပ်လွပ်လပ်လပ် မရှောင်သာပါဘူး၊ စိဂီရိယတောင်ကို သီရိလင်္ကာမြင်းမိုရ် တောင်လို့ တင်စားပြီးခေါ်ကြတာကိုလဲ တွေ့ရပါတယ်၊ lion mountain= ခြင်္သေ့ တောင်လို့လဲ ခေါ်ကြပါတယ်၊၊

ပိုပြီး အသဲထိပ်စရာဖြစ်စေတာက သေးကွေးလှတဲ့ သံလှေခါးလေးက လုံးဝအခိုင်အခန့်ကြီး မဟုက်တဲ့ အတွက်ပါ၊၊ အောက်များပြုပ်ကျလို့ကတော့ မတွေးရဲစရာပါ၊၊

 မြေစိုက်တောင်ပေါ်မှာမှ ကျောက်တောင် သီးသန့်ဆင့်ပြီး ဖြစ်တည်နေတာဆိုတော့ တောင်ကြီးရဲ့ တ၀က်လောက်ရောက်တယ်ဆိုရင်ကိုပဲ တိမ်တိုက်တွေက ကိုယ့်နံဘေးက ပြေးနေသလို၊ ကိုယ်တိုင်လဲ တိမ်တိုက်ထဲရောက်နေသလို ထင်မှတ် ရပါတယ်၊၊ အောက်ကိုလည်း ရဲရဲငုံ့မကြည့်ရဲကြပါဘူး၊ သံလှေခါးသေးသေးလေးကနေ အပေါ်ရောက် အောင်သာ ဇွတ်တက်ကြရတာပါ၊၊

လှေခါးလေးက သေးလွန်းပါတယ်ဆိုမှ ဆင်းနေ တက်နေကြတဲ့သူတွေက အောက်ဆုံးကနေ အပေါ်ထိပ်အထိ အပြည့်ပါ၊၊

 တောင်တက်နေသူတွေအထဲမှာ ဒေသခံသီရိလင်္ကာတွေထက် နိုင်ငံခြား တွေကပိုများပါတယ်၊၊
အရှင် သီရိလင်္ကာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝတွေအကြောင်း ရေးလာတာ အတော်များနေပါ ပြီ၊ စိဂီရိယတောင်အကြောင်း ရေးဖို့စိတ်ကူးမပေါ်ခဲ့ပါဘူး၊၊

 တနေ့ညကတော့ မြန်မာနိုင်ငံ အရှင့်ရဲ့ဆရာဖြစ်တဲ့ ဓမ္မကထိကနှင့်၊ စာရေး စာချအကျော်၊ ဓမ္မဘေရီဆရာတော်ကြီးနဲ့ အင်တာ နက်ကနေ စကားပြောရာက ဆရာတော်ကြီးမှ “သီရိလင်္ကာနိုင်ငံကို လေ့လာရေး လာလိုကြောင်း၊ စိဂီရိယတောင်ကို ရောက်ဖူးသူတွေ ပြောပြလို့၊ စိတ်ဝင်စားမိကြောင်း၊ တက်ကြည့်လိုကြောင်း” အမိန့် ရှိရာက အရှင်ယ္ခုလို စိဂီရိယတောင် စာတမ်းကို ရေးဖြစ်တာဖြစ်ပါတယ်၊၊

အရှင်သိသလောက် မြန်မာပြည်ကနေ သီရိလင်္ကာကို ငွေအကုန်အကျခံပြီး၊ ဘုရားဖူးလာ၊ စိဂီရိယ တောင်ကို ကိုယ်တိုင်တက်သွားဖူးကြသည့်တိုင် ဒီတောင်ကြီးရဲ့ သမိုင်းကို ဟုတ်တိပတ်တိ သိသွားသူ မရှိသလောက်ရှားပါတယ်၊၊

စိဂီရိယတောင် သမိုင်းကိုသာတိတိကျကျ သိပြီးမှလေ့လာရေးပုံစံမျိုးနဲ့ တက်ကြမယ်ဆိုရင် ပိုပြီးအဓိပ္ပါယ်ရှိ၊ ပိုပြီးလည်း အရာသာရှိမှာ သေခြာပါတယ်၊၊ ဒီလိုအပ်ချက်ကို ဖြည့်တဲ့အနေနဲ့ အရှင် သီရိလင်္ကာနိုင်ငံ သမိုင်းအထောက်အထားများ ရနိုင်သမျှစုဆောင်းပြီး၊ အခုလိုကျိုးစားကြည့်တာ ဖြစ်ပါတယ်၊၊

 အထူးအားဖြင့် စိဂီရီယတောင်အကြောင်းကို ပေရာဒနိယတက္ကသိုလ် သမိုင်းဌာနမှာ M.Phil စာတမ်းတင်ပြီး၊ စာအုပ်အဖြစ် ထုပ်ဝေထားတဲ့ သမိုင်းသုတေသနစာတမ်းများမှ အချက်လက်များကို လေ့လာပြီး၊ ယ္ခုစာတမ်းကို ရေးသားပါတယ်၊၊ ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံများကိုလည်း အခြေခံထားပါတယ်၊၊

 အတူနေ သီရိလင်္ကာနိုင်ငံသား ရဟန်းတော် Rev.Punnaji Hamuthru၏ သီဟိုဠ်ဘာသာမှ အင်္ဂလိပ်လို ဘာသာပြန်ရှင်းပြပေးတာတွေကိုလဲ ဤစာတမ်းမှာ အသုံးပြုဖော်ပြထားပါတယ်၊၊

460-477 A.D မှာ သီရိလင်္ကာနိုင်ငံကို ဓာတုသေနမင်း အုပ်ချုပ်မင်းပြုခဲ့ပါတယ်၊ ဓာတုသေနမင်းမှာ မိဗုရားခေါင်ကြီးကဖွားတဲ့ မောဂ္ဂလာနမင်းသားနဲ့၊ မိဗုရားငယ်က ဖွားတဲ့ ကဿပမင်းသားဆိုတဲ့ သားတော်နှစ်ပါး ရှိပါတယ်၊၊ ဓာတုသေနမင်းရဲ့ ညီမတော်ကဖွားတဲ့ တူတော် မိဃာရမင်းသားကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ထားပါတယ်၊၊

ဓာတုသေနမင်းမှာ အရမ်းလှပချောမောတဲ့ သ္မီးတော်တပါးလည်း ရှိပါတယ်၊ ထိုသ္မီးတော် အရွယ်ရောက်လာတဲ့အခါမှာ မောင်နှစ်မတစ်ဝမ်းကွဲ တော်စပ်တဲ့ စစ်သေနာပတိချုပ် မိဃာရနဲ့ ထိမ်းမြားလက်ထပ်ပါတယ်၊၊

ဓာတုသေနမင်းဟာ အနုရာဒပူရမြို့တော်မှာ နန်းစိုက်ပြီး၊ နိုင်ငံကိုအုပ်ချုပ်ပါတယ်၊၊ မင်းကြီးရဲ့ ထက်မြက်မှုကြောင့် နိုင်ငံတော်တိုးတက်ပြီး၊ ပြည်သူတွေလည်း ၀မ်းသာကြရပါတယ်၊ ပညာရေးနှင့်၊ ပန်းချီ၊ ပန်းပုပညာရပ်များ အလွန်ထွန်းကားပါတယ်၊၊

အနုရာဒပူရမြို့တော်မှာ နန်းစိုက်တဲ့အတွက် ထိုခေတ်ကိုလည်း အနုရာဒပူရခေတ်ဟုပင် မော်ကွန်းတွင်စေပါတယ်၊၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး တိုးတက်တဲ့အတွက် သီရိလင်္ကာနိုင်ငံရဲ့ ရွှေခေတ်ဟုပင် တင်စားမှတ်တမ်းတင်ကြပါတယ်၊၊

ဤမျှသာယာ ၀ပြောတဲ့နိုင်ငံတစ်ခုမှာ “အမှိုက်ကစ ပြဿဒ်မီးလောင်”ဆိုသလို ပြည်သူတို့ သွေးချောင်းစီးစေမည့် သေးငယ်လှသော အဖြစ်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊၊

 အဲဒါကတော့--- စစ်သေနာပတိချုပ် မိဃာရနဲ့၊ ကြင်ယာတော်မင်းသ္မီးတို့ တနေ့မှာ မိသားစုရန်ဖြစ်ကြတာပါ၊ လုံးထွေး ပုပ်ခတ်ကြရာက မင်းသ္မီးရဲ့ပေါင်မှာ ထိခိုက်ပြီး၊ သွေးအနည်းငယ် ယိုစီးကျလာပါတယ်၊ ဒီနေရာမှာ သွေးထွက် သည်အထိ အထိအပါးခံလိုက်ရတဲ့ မင်းသ္မီးဟာ ဘုရင့်သ္မီးတော်ဆိုတာကို မမေ့သင့်ပါဘူး၊၊

 မင်းသ္မီးက စိတ်ဆိုး အမျက်ပွားပြီး၊ ဖခင်ဖြစ်တဲ့ ဓာတုသေနဘုရင်ကို သွားရောက်တိုင်တန်းပါတယ်၊ သ္မီးတော်ရဲ့ ကိုယ်ခန္ဓာမှာ သွေးခတာကို မြင်ရတဲ့ ဓာတုသေနရှင်ဘုရင်ဟာ အမျက်ဒေါသထွက်ပြီး၊ စစ်သေနာပတိချုပ် မိဃာရရဲ့မိခင်ကို အရှင်လတ်လတ် မီးရှို့ပြီး၊ မိဃာရစစ်သူကြီးရဲ့ရှေ့ မှောက်မှာတင် သတ်စေပါတယ်၊၊ ဓာတုသေနရှင်ဘုရင် ယ္ခုမီးရှို့သတ်စေတဲ့ မိဃာရစစ်သေနာပတိရဲ့ မိခင်ဆိုတာ တကယ်တော့ တခြားသူမဟုက်ပါဘူး၊ ဓာတုသေနဘုရင်ရဲ့ နှမတော်အရင်းဖြစ်ပါတယ်၊၊

ကောဓော အတ္ထံ နဇာနာတိ= အမျက်ဒေါသ ဖြစ်လာရင် အကျိုး အကြောင်းကို မဆင်ခြင်၊ မစဉ်းစား၊ မသိတတ်တော့ဘူးဆိုတာ တကယ်ကိုမှန်လွန်းပါတယ်၊၊ အခုပဲကြည့်ပါ၊ တူတော်ကို မနိုင်တာနဲ့ မိခင်ကို အရှင်မီးရှို့သတ်တဲ့ လုပ်ရပ်ပါ၊၊ အသတ်ခံလိုက်ရတဲ့ သူကိုကြည့်တော့လဲ တစိမ်းမဟုက်ပါဘူး၊ ညီမအရင်းတော်စပ်ပါတယ်၊၊

 “ကြွက်မနိုင် ကျည်မီးနဲ့ရှို့” ဆိုတဲ့ မြန်မာစကားပုံကိုပင် သတိရလာမိပါ တယ်၊၊ မျက်စေ့ရှေ့မှာတင် မိခင်ကိုအရှင်လတ်လတ် မီးတင်ရှို့တာကို မြင်ရတဲ့ စစ်သေနာပတိချုပ် မိဃာရဟာ ဦးရီးတော် ဓာတုသေနဘုရင်ကို အသေမုန်းပါတော့တယ်၊၊ တနေ့ ငါ့မိခင်သေသလို နင်လဲသေစေရ မယ်ပေါ့၊၊

ဒီလိုနဲ့ပဲ နေ့ကိုလ စား၊ လကို နှစ်က၀ါးမြို့နဲ့ သားတော်နှစ်ပါး အရွယ်ရောက်လာကြပါတယ်၊၊
ဓာတုသေနရှင်ဘုရင်လဲ သက်တော်ကြီးရင့်လာပါပြီ၊၊ အကွက်ကောင်းကို အမြဲသတိပြုနေတဲ့ မိဃာရစစ်သေနာပတိဟာ သားတော်အကြီးဖြစ်တဲ့ ကဿပမင်းသားကို ငယ်စဉ်ကပင် စစ်ပညာသင် ပေးပြီး၊ အပိုင်စည်းရုံးနိုင်ခဲ့ပါတယ်၊၊

 ကဿပမင်းသားဟာ သားတော်အကြီးဆိုပေမဲ့ မိဗုရားခေါင်ကြီးက မွေးဖွားတာ မဟုက်တဲ့အတွက် ဓာတုသေနဘုရင်ကြီး နတ်ရွာစံရင် နန်းစည်းကမ်းအရ မိဗုရားခေါင် ကြီးက မွေးဖွားတဲ့ သားတော်အငယ် မောဂ္ဂလာနမင်းသားလေးကသာ နန်းစီးစိမ်ကို ဆက်ခံရမှာဖြစ် ပါတယ်၊၊

ဒါကိုသိတဲ့ စစ်သေနာပတိချုပ် “မိဃာရ”ဟာ ကဿပမင်းသားကို သွေးထိုးစည်းရုံးပြီး၊ မင်းသားရဲ့စစ် တပ်နှင့် စစ်သေနာပတိချုပ်ဖြစ်တဲ့ သူကိုယ်တိုင်ရဲ့ စစ်တပ်များကို အသုံးပြုပြီး၊ ဓာတုသေနဘုရင်ကို ပုန်ကန်လိုက်ပါတယ်၊၊

ဘုရင့်စစ်တပ်နဲ့ သားတော်ကဿပမင်းသားနဲ့ စစ်သူကြီးတို့ နှစ်တပ်ပေါင်းဟာ စစ်ပွဲအကြီးကျယ်ဖြစ်ပြီး၊ ဓာတုသေနဘုရင်ကြီးကို အရှင်လက်ရဖမ်း မိပါတယ်၊၊ အနုရာဒပူရနန်း တော်တစ်ခုလုံးဟာ ကဿပမင်းသားရဲ့ လက်အောက်ကိုကျလာပါတယ်၊၊

ကဿပမင်းသားရဲ့ ငယ် ဆရာဖြစ်တဲ့ စစ်သေနာပတိ ချုပ်မိဃာရဟာလည်း စစ်သေနာပတိ ရာထူး အပြင် မင်းဆရာရာထူးကိုပါ ရရှိလိုက်ပါပြီ၊၊
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ပြည်သူတွေလည်း သိန်းနဲ့ချီပြီး သေဆုံးကြရတယ်လို့ဆိုပါတယ်၊၊ ညီငယ်ဖြစ်တဲ့ မောဂ္ဂလာနမင်းသားလေးလည်း စစ်သူကြီးရန်၊ နောင်တော်ရဲ့ရန်မှဝေးအောင် အန္ဒိယပြည် တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်လိုက်ရပါတယ်၊၊

နန်းလုစစ်ပွဲအကြီးအကျယ် ဖြစ်ပေမဲ့ အနုရာဒပူရရဲ့ စီးပွားရေးဟာ ကျမသွားပါဘူး၊ တိုးတက်မြဲတိုးတက်တယ်လို့ မှတ်တမ်းများက ဆိုပါတယ်၊ ဓာတုသေနဘုရင်ကြီး လက်ထက်ကထက်တောင် ပိုပြီးတိုးတက်လာတယ်လို့ဆိုပါတယ်၊၊

မိခင်ကို မျက်စေ့ရှေ့မှာတင် မီးရှို့သတ်မိထားတဲ့ ဓာတုသေနဘုရင်ကြီးဟာ အခုအချိန်မှာ မိဃာရစစ် သူကြီးရဲ့ လက်ထဲကိုရောက်နေပါပြီ၊၊ မိဃာရစစ်သူကြီးက ဘုရင်ဟောင်း ဖခင်ဓာတုသေနကို သတ် မိန့်ပေးဖို့ ကဿပဘုရင်အသစ်ကို အကြိမ်ကြိမ်တိုက်တွန်းပေမဲ့ မအောင်မြင်ခဲ့ပါဘူး၊၊

အသေဆိုးနဲ့သေရဖို့ အကြောင်းပါလာတဲ့ ဓာတုသေနရှင်ဘုရင်ကြီးဟာ မိဃာရစစ်သေနာပတိရဲ့ လက်က မလွတ်ခဲ့ပါဘူး၊၊ ဖခင်ကို သတ်မိန့်ပေးဖို့ တိုက်ရိုက်တိုက်တွန်းလို့ မရတဲ့အခါ စစ်သူကြီးက အကောက်ညာဏ်နဲ့ဆင်ပါတယ်၊၊

“ဓာတုသေန အကျဉ်းစံဘုရင်ကြီးမှာ လျို့ဝှက်သိမ်းဆည်းထားတဲ့ ရတနာတော် ဘဏ္ဍာတိုက်ကြီး များရှိကြောင်း၊ မည်သည့်နေရာတွင် တည်ရှိကြောင်း မသိရသေးကြောင်း”များကို ကဿပဘုရင်ကို သွေးထိုးပါတယ်၊၊ ရာဇာပရိယာယ်၊နန်းပရိယာယ် ဘာမှမပြည့်စုံ မကြွယ်ဝသေးတဲ့ ကဿပဘုရင် ပေါက်စဟာ ဆရာဖြစ်တဲ့ စစ်သေနာပတိရဲ့ စကားကိုအကြွင်းမဲ့ ယုံကြည်မိပါတယ်၊၊

အကျဉ်းချခံထားရတဲ့ ဖခင်ဘုရင်ကြီးဆီမှာ ရတနာတိုက်များ ဘယ်နေရာတွင်ရှိတယ်ဆိုတာကို ညွှန်ပြဖို့ အတင်းကျပ် တောင်းဆိုပါတော့တယ်၊၊ သားဖြစ်သူရဲ့ စစ်ဆေးမေးမြန်းမှုဒဏ်ကို မခံနိုင်တော့သည့်အဆုံး ဓာတုသေနဘုရင်ကြီးဟာ ဘဏ္ဍာတော်တိုက်များ ရှိသည့်နေရာကို ကိုယ်တိုင်လိုက်လံ ပြသမည်ဟုဆိုကာ သားတော်ဘုရင်ကို နန်းမြို့အထွက် ကျုံးကြီးများရှိရာဆီသို့ ခေါ်ဆောင်လာပါတယ်၊၊

ကျုံးတော်ကြီးများရှေ့သို့ရောက်သောအခါ “သားတော်ဘုရင် ဖခင်ပြောတဲ့ ရတနာတိုက်ကြီးဆိုတာ ဤရေများကို ဆိုလိုပါသည်”ဟု ရေကိုလက်ညှိုးညွှန်ပြီး ပြောလိုက်ပါသည်၊၊ ဘုရင်သစ်ကဿပဟာ သူ့ကို မထေမဲ့မြင်ပြုမည်လားဟု ဒေါသထွက်ပြီး၊ ဖခင်ဘုရင်ကြီးကို ကျုံးရေလွှဲပေါက်အတွင်းမှာ ရွှံ့ပိတ်ပြီး သတ်စေပါတယ်၊၊

မိဃာရစစ်သေနာပတိရဲ့မိခင်ကို အရှင်မီးရှို့သတ်စေခဲ့တဲ့ ဓာတုသေန ဘုရင်ကြီး သားတော်အရင်းရဲ့လက်ချက်နဲ့ ရေလွှဲပေါက်ထဲမှာ အသက်ပျောက်ခဲ့ရပါပြီ၊၊ မိဃာစစ်သူ ကြီးအတွက်တော့ မဟာအောင်ပွဲပေါ့၊၊

ခမည်းတော်ဆီက နန်းလုရုံတင်မက၊ ခမည်းတော်ကို သတ်ခဲ့မိတဲ့ ကဿပဘုရင်ဟာလည်း အိပ် ကောင်းတိုင်း မအိပ်ခဲ့ရပါဘူး၊၊ ထွက်ပြေးလွတ်မြောက်သွားတဲ့ ညီတော် မောဂ္ဂလာနက ဘယ်နေ့လာ ပြီး၊ ဖခင်အတွက်လက်စားခြေမလဲ၊ နန်းလုမလဲ ကြောက်လန့်နေရတာပါ၊၊

 ကြောက်သူတို့ရဲ့ သဘာ ၀အတိုင်း ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်၊၊ ကျိုးစားပုံက---အနုရာဒပူရမြို့ တော်မှာ နန်းစိုက်ထား ရာကနေ သီရိလင်္ကာနိုင်ငံရဲ့ အမြင့်ဆုံးကျောက်တောင်ဖြစ်တဲ့ စိဂီရိယတောင် ကြီးပေါ်မှာ နန်းတော် ကြီးတခုကို အသဲသန်ဆောက်တော့တာပါ၊၊

ဤမျှမြင့်မတ်တဲ့ ကျောက်တောင်ကြီးပေါ် နန်းတော်အသစ် ဆောက်ပေးဖို့မပြောနဲ့၊ လူချည်းတောင်မှ နာရီများစွာကြာအောင် တက်ကြရတာပါ၊၊ ဒါပေမဲ့ ငြင်းဆန်တဲ့ လက်သမား၊ ပန်းရံ၊ အလုပ် သမားတွေကို သေမိန့်ဆိုပြီး၊ နန်းတော်မဆောက်ခင်ကတည်းက စိဂီရိယတောင်ခြေမှာ ထောင်ကြီး ဆောက်ပါတယ်၊၊

 သေမိန့်ကိုကြောက်ကြတာကြောင့် တိုင်းသူပြည်သားတွေဟာ ပင်ပင်ပမ်းပမ်းနဲ့ စိဂီရိယတောင်ထိပ်မှာ နန်းတော်အသစ်ကြီးကို ဆောက်ကြရပါတယ်၊၊ နန်းတော်တ ည်ဆောက်ရာမှာ အပူဒဏ်၊ ပင်ပမ်းဒဏ်ထိပြီး အသက်စွန့်သွားရသူတွေလည်း မနည်းပါဘူးတဲ့၊၊

 နှစ်အနည်းငယ် အတွင်း မှာပဲ စိဂီရိယနန်းတော်သစ်ကြီး ဆောက်လုပ်ပြီးစီးပါတယ်၊၊ 477-495 A.Dမှာ ကဿပမင်း စိဂီရိယနန်းကို တည်ဆောက်တာ ဖြစ်ပါတယ်၊၊
စိဂီရိယနန်းတော်ကြီးသည် အရှေ့ အနောက်၊ တောင် မြောက် (100)မီတာဆီ ကျယ်တယ်လို့ မှတ်တမ်းမှာ လေ့လာရပါတယ်၊၊

 တောင်အတက်လမ်းမှာလည်း ဂိတ်နန်းသုံးဆင့်ထားပြီး၊ လုံခြုံရေးကို စနှစ်တကျ ပြုလုပ်ထားပါတယ်၊၊ သာမာန်အားဖြင့်ဆိုရင် ရန်သူလာတိုက်ဖို့ လုံးဝကိုမဖြစ်နိုင်တဲ့ ကျောက်တောင်ကြီးတစ်ခု ဖြစ်ပါတယ်၊ တောင်ပေါ်ကို ပြေးတက်ဖို့မဆိုထားနဲ့ မော်ကြည့်လျင်ပင် ပက်လက်လန် လဲကျလောက်အောင် မြင့်မတ်တဲ့ ကျောက်တောင်ပါ၊၊ သို့ပေမဲ့ “ကံမခိုင်ရင် သံတိုင်နဲ့ အိမ်ဆောက်တာတောင် ပြိုတတ်တယ် ”ဆိုတဲ့ စကားကို သတိမူသင့်ပါတယ်၊၊

ကဿပဘုရင်ဟာ မင်းနေပြည်တော်ကို အနုရာဒပူရကနေ စိဂီရိယနန်းတော်အသစ်ကြီးဆီသို့ ပြောင်း ရွှေ့လိုက်ပါတယ်၊၊ စိဂီရိယတောင်ပေါ်မှာ နန်းတော်မဆောက်ခင်က ထိုတောင်ပေါ်တွင် တောနေ ရသေ့ ရဟန်းတို့ တရားအားထုတ်တဲ့ သန့်စဉ်တဲ့နေရာ တစ်ခုဖြစ်တယ်လို့လည်း သမိုင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်၊၊ တရားအားထုပ်တဲ့ ကျောင်းသင်္ခန်းများစွာ တည်ရှိခဲ့ပါတယ်တယ်တဲ့၊၊

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ပါပြီ၊ ကဿပဘုရင် စိဂီရိယနန်းတော်မှာစံပြီး၊ တိုင်းပြည်အုပ်ချုပ်လာ တာ နှစ်(22)ပြည့်ပါပြီ၊၊ တိုင်းပြည်လဲ စည်ကားပါတယ်၊၊ မမျှော်လင့်ဘဲ ညီတော်မောဂ္ဂလာနက စစ်တပ်အလုံးအရင်းနဲ့ စိဂိရိယနန်းတော်ကျောက်တောင်ကြီးကို ၀ိုင်းဝန်းတိုက်ခိုက်ပါတယ်၊ ကျုံးသုံးတန် ကာဆီးထားတာကို မရမကဖြတ်ကျော်ပြီး တိုက်ခိုက်တာပါ၊၊

 ပထမအကြိမ်စစ်ပွဲမှာ ညီတော်ဘက်မှ စစ်ရှုံးပြီး၊ အသက်လုပြေးကြရတယ်လို့ မှတ်တမ်းတင်ပါတယ်၊၊ နောက်တစ်ကြိမ် ထပ် မံလာရောက် တိုက်ခိုက်တဲ့အခါမှာတော့ ကဿပဘုရင်ရဲ့ စိဂီရိယခံတပ်ကြီးပျက်ပြီး၊ ညီတော် ၏တပ်များက တောင်ပေါ်အထိ တက်တိုက်ခိုက်ကြပါတယ်တဲ့၊၊

စိဂီရိယတပ်မကြီး ပျက်ပြီး ညီတော် ရဲ့ တပ်များက နန်းတစ်ခုလုံးကို သိမ်းပိုက်လိုက်တဲ့ အချိန်မှာတော့ နောင်တော် ကဿပ ဘုရင်ဟာ အရှင်လက်ရ အဖမ်းမခံတော့ဘဲ လက်သုံးတော်သန်လျှက်နဲ့ ကိုယ့်ကိုယ်ကို စီရင်သွားပါတယ်၊၊

စိဂီရိယ ကျောက်တောင်နန်းတော်ကြီးကို ညီတော် “မောဂ္ဂလာန”မင်းသားက သိမ်းပိုက်လိုက်ပြီ ဖြစ်ပါ တယ်၊၊ အညှိုး အတေးကြီးလှတဲ့ မိဃာရစစ်သေနာပတိကြီးလဲ တိုက်ပွဲမှာ ကျဆုံးသွားပါတယ်၊၊ အမုန်းတွေ၊ အညှိုးအတေးတွေ၊ ကြောက်ရွံ့မှုတွေနဲ့ တည်ဆောက်ထားတဲ့ စိဂီရိယနန်းတော်ကြီးမှာ ဘုရင်အသစ် ညီတော်မောဂ္ဂလာနအနေဖြင့် နေလိုဟန်မရှိပါဘူး၊၊

 ဖခင်ကြီး ဓာတုသေနနန်းစိုက်ခဲ့တဲ့ အနုရာဒပူရမြို့တော်မှာပဲ ပြန်ပြီးနန်းစံပါတယ်၊၊ နောင်တော်လူမိုက်ကြီး တည်ဆောက်သွားတဲ့ စိဂီရိယနန်းတော်ကြီးကိုလည်း အသစ်ထပ်မံပြုပြင် ထိမ်းသိမ်းထားပါတယ်၊၊ နန်းတော် မဆောက်ခင် ကလိုပဲ ရသေ့ ရဟန်းများကို စိဂီရိယနန်းတော်နံဘေးတွေမှာ နေထိုင်ခွင့်ပေးပြီး၊ တရားအားထုတ်ရန် ခွင့်ပြုပါတယ်၊၊

စိဂီရိယတောင်ကြီးရဲ့ ပထမဂိတ်အရောက်မှာ အတွင်းသို့ တူးထားတဲ့ လှိုင်ခေါင်းလေးများရှိပြီး၊ ထိုလှိုင်ခေါင်းလေးများ၏ နံရံတွင် ပန်းချီပုံများ ရေးဆွဲထားပြီး၊ ပုံအရေအတွက်(500)ကျော်တယ်လို့ သမိုင်းမှတ်တမ်းမှာ ဖော်ပြပါတယ်၊၊

ယ္ခုအခါ ပန်းချီပုံ(21)ပုံခန့်သာ ထင်ထင်ရှားရှား တွေ့ရပါတော့တယ်၊၊ ကျောက်နံရံတွင်ရေးဆွဲထားတဲ့ ထိုပန်းချီကားများသည် ကမ္ဘာလှည့်ခရီးသည် များကို အဓိကဆွဲဆောင်ထားပါတယ်၊၊ မြင်ရသူကို ရင်သပ်ရှုမောစေတဲ့ ရှေးဟောင်း ပန်းချီအနုပညာ လက်ရာများ ဖြစ်ပါတယ်၊၊ ပန်းချီပုံများမှာ မိန်းကလေးများ ပန်းမျိုးမျိုးကို ကိုယ်နေဟန် အမျိုးမျိုးဖြင့် ကိုင်ထားဟန်ပုံများ ဖြစ်ပါတယ်၊၊

 နှစ်(1500)ကျော်က ရေးဆွဲခဲ့တဲ့ ထိုပန်းချီကားချပ်များမှာ ယနေ့တိုင် ဆေးရောင် အကောင်းပကတိဖြင့် တွေ့ရမှာဖြစ်ပါတယ်၊၊ သီရိလင်္ကာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သလို၊ ရှေးခေတ်သီရိလင်္ကာသားတို့ရဲ့ အနုပညာစွမ်းရည်ကို ပြသနေတာလဲ ဖြစ်ပါတယ်၊၊

 ကျောက်နံရံတွင် ရေးဆွဲထားသော ထိုပန်းချီကားများကို သီရိလင်္ကာဘာသာဖြင့် Sigiri Lalanavan ဟု နာမည်ပေးထားပါတယ်၊ မြန်မာလိုဘာသာပြန်ရင် စိဂီရိလှပျိုဖြူလေးများဟု ဖြစ်ပါ တယ်၊၊








သီရိလင်္ကာနိုင်ငံမှာ ခေတ်(၁၀)ခေတ်ရှိတယ်လို့ သိရပါတယ်:
(1) အနုရာဒပူရခေတ်
(2) ပေါလန္နရုဝခေတ်
(3) ဓမ္မဒေနိယခေတ်
(4) ယကဟုဝခေတ်
(5) ကုရုနေဂလခေတ်
(6) ဂမ်ပေါလခေတ်
(7) ကောတ္တေခေတ်
(8) သိတ၀ကခေတ်
(9) ကန်ဒီခေတ်
(10) ကိုလမ်ဘိုခေတ်၊တို့ဖြစ်ကြပါတယ်၊၊

သီရိလင်္ကာသမိုင်းခေတ်ဦးဖြစ်တဲ့ အနုရာဒပူရခေတ်မှာ စိဂီရိယကျောက်တောင် နန်းတော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ နှစ်ပေါင်း(1500)ကျော်လာပြီ ဖြစ်ပါတယ်၊၊

 မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ တော်မူတဲ့ တစ်နေ့တည်းမှာပဲ ၀ိဇယမင်းသား လင်္ကာဒီပကျွန်းသို့ ရောက်ပြီး၊ အနုရာဒပူရ မြို့တော်ကို တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သီရိလင်္ကာသမိုင်းနှင့် မဟာဝံသမှာ မှတ်သားရပါတယ်၊၊

အနုရာဒပူရခေတ်သည် အနှစ်(1589)ရှည်ကြာပြီး၊ မင်းပေါင်း(136)ယောက်ခန့် မင်းပြုခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ်၊၊ စိဂီရိယနန်းတော်ကို တည်ထောင်သူ ကဿပမင်းဟာ အနှစ်(22)သာ မင်းစည်းစိမ်ခံစားရပြီး၊ ညီတော်မောဂ္ဂလာနမင်းက နန်းစည်းစိမ်နှစ်(18)စိုးစံပါတယ်၊၊

 မောဂ္ဂလာနမင်းရဲ့ သားတော်ကုမာရဓာတုသေနမင်းမှစပြီး ဆွေစဉ်မျိုးတော်ဆက်တို့ အနုရာဒပူရ ခေတ်ကို စိုးမိုးခဲ့ကြပါတယ်၊၊
အနုရာဒပူရခေတ်နှောင်းပိုင်းတွင် စိဂီရီယနန်းတော်ဟောင်းကို ပြုပြင်မှုမပြုတော့သောကြောင့် နန်းတော် အဆောက်အဦးများ ပြိုပျက်ကုန်ပြီး၊ ထူထပ်သည့်တောကြီး အဖြစ်သို့ရောက်ရှိသွားပါတယ်၊၊

(13)century နှင့် (14)century အထိ စိဂီရိယနန်းတော်ဟောင်းများတွင် ရသေ့ ရဟန်းတို့ တရားအား ထုတ်လျှက်ရှိနေသေးပြီး၊ နောက်ပိုင်းတွင် လူအရောက်အပေါက်လုံးဝ ပျတ်တောက်သွားပြီး၊ သမိုင်း မှတ်တမ်းတစုံတရာကိုလဲ မတွေ့ရတော့ဟု သုတေသနပညာရှင်တွေက ဆိုပါတယ်၊၊

A.D 1831နှစ်များမှာ သီရိလင်္ကာကို British တို့က ကိုလိုနီပြုထားတာ ဖြစ်ပါတယ်၊၊ အင်္ဂလိပ်စစ်ဗိုလ် Jona than forbes ဦးဆောင်တဲ့ စစ်တပ်ကြီး၊ ပေါလန္နရုဝဒေသမှ တောနင်းဖြတ်ကျော်ရာမှ ခြုံနွယ်များ ဖုံးအုပ်နေသည့် စိဂီရိယနန်းတော်ဟောင်း အပြိုအပျက်များကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊၊

 ထိုအချိန်မှ စတင်ပြီး စိဂီရိယနန်းတော်ဟောင်းကြီးသည် သီရိလင်္ကာသမိုင်းမှာ ပြန်လည် အသက်ဝင် လာခဲ့ပါတယ်၊၊ British သမိုင်းသုတေသနပညာရှင်များ၏ ကြိုးစားဖော်ထုပ်မှုဖြင့် စိဂီရိယကျောက်တောင် နန်းတော်ဟောင်းသမိုင်းကို သီရိလင်္ကာဒေသခံလူမျိုးတို့ သိခွင့်ရလာကြပါ တယ်၊၊

သီရိလင်္ကာနိုင်ငံမှာ ကမ္ဘာ့အသိအမှတ်ပြုအမွေ World Heritage နေရာခုနှစ်ခု ရှိတဲ့အထဲမှာ စိဂီရိယတောင်ဟာ တခုအဖြစ်ပါဝင်ပါတယ်၊ စိဂီရိယကျောက်တောင်ကြီးဟာ ပင်လယ် ရေမျက်နှာ ပြင်မှ(379,m) မြင့်ပြီး၊ (200)meter ကောင်းကင်သို့ ပတ်ဝန်းကျင်အထက် ပေါ်ထွက်နေတယ်လို့ မှတ်တမ်းပြုထားပါတယ်၊၊

 မြို့တော်ကိုလမ်ဘိုမှ (180)ကီလိုမီတာဝေးသော မာတလေခရိုင်၊ ဓမ္ဗူလမြို့တွင် တည်ရှိပါတယ်၊၊ နိုင်ငံခြားခရီးသည် အများဆုံးလာရောက်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်၊၊ (မှတ်ချက်/ စိဂီရိယတောင် သမိုင်းများမှာ မူကွဲများစွာ ရှိကြောင်း သိရပါသည်၊၊)

စိဂီရိယတောင် စာတမ်းကို အရှင်လက်လှန်းမှီသမျှ ကျိုးစားမှု ဒီမှာတင် ရပ်နားလိုက်ပါတယ်၊၊ စိဂီရိယ ကျောက်တောင်ကြီးဟာ တည်ငြိမ်ရင့်ကျက်လှပေမဲ့ မတည်ငြိမ်သော လူသားတို့၏ စိတ်ရိုင်းများ ကြောင့် သူတော်စဉ်တို့ တရားရှာသောနေရာအဖြစ်မှ လူ့သွေးတို့ဖြင့်လိမ်းကျံသော နေရာတစ်ခုအ ဖြစ်သို့ ရောက်ခဲ့ရပုံကို စာဖတ်သူတွေ့ရမှာ ဖြစ်ပါတယ်၊၊


လူသားသည် ယဉ်ကျေးဟန်ရှိသော်လည်း တခါတရံ မည်သည့်အမှုကိုမဆို ပြုလုပ်ရန်လက်ရဲသော ရိုင်းစိုင်းသည့် သတ္တ၀ါတစ်မျိုး ဖြစ်ကြောင်းကိုလည်း စိဂီရိယသမိုင်းမှ သက်သေပြုနေပါတယ်၊၊ ဤရွေ့ ဤမျှ ကြမ်းကြုပ် ရက်စက်သည့် လူသားများအကြားမှပင် Sirigi Palalanavan ကဲ့သို့သော နူးညံ့ပြောင်မြောက်သည့် အနုပညာတစ်ရပ်ကို ဖန်တီးနိုင်သော ယဉ်ကျေးသည့် လူသားများလည်း ရှိသေးကြောင်းများကို စိဂီရိယဒဏ္ဍာရီက ပြောပြနေပါတယ်၊၊

ချစ်ကြည်မှု၊ မုန်းတီးမှု၊ ယဉ်ကျေးပျူငှာမှု၊ ကြမ်းကြုပ်ရက်စက်မှု၊ တို့ဖြင့် ရှုပ်ထွေးပွေလီလှသည့် ဤကမ္ဘာလောကကြီးအတွင်းမှာ စိဂီရိယနန်းတော်ဟောင်းသမိုင်းက စာဖတ်သူကို အတုယူစရာများ စွာနှင့်၊ သင်္ခန်းစာယူဖွယ်ရာများစွာကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်၊၊

အရှင်၏ စာဖတ်သူအနေဖြင့် ယူသင့်ရာနှင့် ရှောင်ရှားသင့်ရာများကို ကိုယ်တိုင်ရွေးချယ်ပြီး၊ မိမိတို့ရဲ့ဘ၀သမိုင်းကို အလှ ဆုံးဖြစ် အောင် ပုံဖော်နိုင်စေကြောင်း အကောင်းသို့ညွှတ်သော ဆန္ဒဖြင့် ဤစာတမ်းကို အဆုံးသတ်လိုက် ပါတယ်၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
(၁၁.၉.၂၀၁၀)

အပြည့်အစုံသို့....

Tuesday, September 7, 2010

ပါဠိ ကဗျာ (သို့) တမ်းတသည့် တေး ၊၊ ၊၊

တနေ့သော နံနက်အရုဏ်တက်အချိန်၊ ကပိလ၀တ်နန်းတော်ဝင်းထဲသို့ မင်းသားတစ်ဦး မြင်းစီးလျှက် နန်းတော်လမ်းမကြီးအတိုင်း ၀င်ရောက်လာနေသည်၊၊

 မင်းသား၏မျက်နှာမှာ အထူးတည်ကြည် လေးနက်နေလျှက်၊ အေးချမ်းသောအသွင်ကိုပါ ဆောင်နေသည်၊၊ ယောကျာင်္းကောင်းတစ်ယောက်၏ ခန့်ညား ချောမောမှုနှင့်အတူ၊ ထူးခြားသည့် သတ္တိ၊ ဗျတ္တိများကိုလည်း ပိုင်ဆိုင်ထား သူဖြစ်ကြောင်း သူ၏လှုပ်ရှားမှုများက သက်သေပြုနေသည်၊၊

မလှန်းမကမ်းလမ်းဘေးမှ ခုနှစ်ဆောင်တိုက်ခန်း၏ လေသာပြတင်းမှ မင်းသ္မီးလေးတစ်ဦးသည်လည်း မြင်းစီးလာသည့် မင်းသားလေးကို မမှိတ်မသုန်ငေး ကြည့်နေသည်၊ သူမ၏အကြည့်များထဲတွင် နှမျော တ-သသည့် အရိပ်ယောင်များပင် လွှမ်းနေဟန်ရှိသည်၊၊ သူမ ဘာကိုများ တ-သနေပါလိမ့်?၊၊

သူမ၏ကိုယ်ဟန်လေးက သေးသေးသွယ်သွယ်၊ လက်ချောင်းလေးတွေက သာမာန်ထက်ပိုပြီး ရှည်လျားနေသည်၊၊ အနုပညာညာဏ်ရှိသူများ၏ အမှတ်သင်္ကေတ တစ်ခုဟုပင်ဆိုရတော့မည်၊၊ အတွေးနယ်၊ အလွမ်းနယ်ချဲ့တတ်သူများ၏ အမှတ်သားဟုကား မဆိုရက်၊၊

လမ်းမတစ်လျောက် မြင်းစီးလာနေသည့် မင်းသားကိုကြည့်နေရင်းက အလိုအလျှောက် သူမ၏ပါးစပ်မှ ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်မိသည်---

ဒီသားမျိုးကို မွေးဖွားရတဲ့ မိခင်ဟာ
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီသားမျိုးကို ကျွေးမွေးပြုစုရတဲ့ ဖခင်ဟာ
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီယောကျာင်္းမျိုးကို ပါရမီဖြည့်ခွင့်ရတဲ့ မိန်းမသားဟာလဲ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊၊ ၊၊

ဟုက်ပါတယ်၊၊ အထက်မှာ သရုပ်ဖော်ခဲ့တဲ့ ဇာတ်လမ်းလေးက မဟာဗုဒ္ဓ၀ံသ ပါဠိတော်မှာလာတာပါ၊၊ မြင်းစီးလာတဲ့ မင်းသားလေးဆိုတာ “သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်”ကို ရည်ညွှန်းတာပါ၊၊ လေသာပြတင်းမှ ကဗျာစပ်ဆိုတဲ့ မင်းသ္မီးလေးဆိုတာက “ကိသာဂေါတမီ”လို့ခေါ်တဲ့ သာကီဝင်မင်းသ္မီး လေးကို ရည်ညွှန်းပါတယ်၊၊ ဇာတ်လမ်းလေးရဲ့အစက ဒီလိုပါ---

ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဓနမင်းကြီးနှင့် မိဗုရားခေါင်ကြီး မာယာဒေ၀ီတို့မှာ “သိဒ္ဓတ္ထ”ဆိုတဲ့ သားတော်လေးကို ဖွားသန့်စဉ်ခဲ့ပါတယ်၊၊ များမကြာခင်မှာပဲ ဆွေတော်မျိုးတော် မိသားစု တစ်စုမှာလဲ “ကိသာဂေါတမီ”ဆိုတဲ့ သ္မီးတော်လေးကို ဖွားမြင်လာပါတယ်၊၊

အရွယ်ခြင်း မတိမ်းမယိမ်းဖြစ်ကြတဲ့ မင်းသားလေးနဲ့ မင်းသ္မီးလေးတို့ဟာ ငယ်ဖော်ကစားဖက်များ ဖြစ်ကြသလို၊ အထိမ်းတော်များထံမှာ ပညာသင်ယူဖက်များလည်း ဖြစ်ခဲ့ကြမှာပါ၊၊

တစတစ အရွယ်လေးတွေ ရလာတာနဲ့အမျှ မင်းသ္မီးလေး ကိသာဂေါတမီရဲ့ရင်ထဲမှာ မင်းသားလေးအ ပေါ် သံယောဇဉ်တွေ ပိုမိလာပါတယ်၊၊ သူ့မှာ အတွေးလေးတစ်ခုလဲ ရှိပါတယ်၊ တနေ့မှာ မင်းသားလေးကို သူမ-ပိုင်ဆိုင်ရမယ်ပေါ့၊၊

 ဟုက်တယ်လေ၊ နန်းတော်ကြီးတစ်ခုလုံးထဲမှာ မင်းသားလေးနဲ့ အရွယ်ခြင်းတူတာရော၊ ရင်းနှီးမှုရှိတာရော သူမတစ်ယောက်တည်းရှိတာဆိုတော့ ဒီလို အပိုင်တွက်ထားတာနေမှာပါ၊၊

သိဒ္ဓတ္ထမင်းသားလေး အရွယ်ရောက်လာပါပြီ၊ ဆယ့်ကိုးနှစ်တိတိပြည့်တာပါ၊၊ ယောကျာင်္းတို့ တတ်သင့် တဲ့ပညာ ရပ်များလည်း ပြည့်စုံလာပါပြီ၊၊ ကြင်ယာတော်တောင်မှ ရွေးတော့မယ်တဲ့၊၊ ဒီသတင်းစပြီးကြားကတည်းက မင်း သ္မီးလေးကိသာဂေါတမီတစ်ယောက် နေမထိထိုင်မသာ ရင်ခုံမိနေတာပါ၊၊ သူ့ကိုများ မင်းသားလေးက ကြင် ယာတော်ရွေးလေမလားပေါ့၊၊

သီတင်းတစ်ပတ်ခန့်ကြာသွားသည်၊ သိဒ္ဓတ္ထမင်းသား ကြင်ယာတော်ရွေးပွဲ ပြီးသွားပြီတဲ့၊ ရွေးလိုက်တဲ့ ကြင်ယာ တော်ရဲ့နာမည်က တပြည်သူ“ယသောဓရာဗိမ္ဗာဒေ၀ီ”ပါတဲ့၊၊ ကိသာဂေါတမီတစ်ယောက် “ခဲလေသမျှ သဲရေကျရပြီ”၊၊“ခုဖြစ် တဲ့မှုပုံကို……ပြိုင်ငိုချင်စမ်းပါဘိလေး”ဟုသာချုံးပွဲချ ငိုလိုက်ချင်တော့သည်၊၊ ခက်သည်က မျက်ရေကလည်း ထွက်လို့မရပြန်၊၊

 ပွင့်နေပါလျှက် ပန်သူမလာသည့် သူမ၏မေတ္တာပန်းမှာ သည်အတိုင်းပင် နွမ်းရတော့မည် ထင်၊၊ မဖွင့်သာ ပြောမထွက်ခဲ့သည့် ရင်တွင်းခံစားချက်များကို ကဗျာလေးများအဖြစ်သာ သီကုံးနေမိတော့ သည်၊၊

ကပိလ၀တ်နန်းတော်အတွင်းမှာ သူမ၏ “သောကခြေရာ ကဗျာ”လေးများ ရေပမ်းစားလာသည်၊၊ နန်းတွင်းသူ နန်းတွင်းသားတွေက ပြောကြသည်၊ “မင်းသ္မီးကိသာဂေါတမီ ရေးစပ်တဲ့ ကဗျာတွေက ကောင်းသည်၊ အသက်ဝင်သည်တဲ့လေ”၊၊ အခုတော့လည်း ကဗျာဆရာမ လေး ကိသာဂေါတမီပေါ့လေ၊၊ နန်းတွင်းမှာ နာမည်များပင်ရလာတော့သည်၊၊


ဒီနေ့လည်း ဘာရယ်မဟုက်၊ အဓိပ္ပါယ်မဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း အတွေးနယ်ချဲ့ချင်တိုင်း ချဲ့နေမိသည်၊၊ မြင်းခွါသံတစ်သံက သူမ၏အတွေးကို ရပ်တန့်သွားစေသည်၊၊

အသံလာရာ လမ်းမဆီသို့ စောင်းငဲ့ကြည့်လိုက်တော့--- မကြာခင်လလေးများဆီကမှ တပါးသူနှင့် လက်ထပ်သွားသည့် သူမ၏ငယ်ကျွမ်းဆွေ-----
တည်လိုက်တာ၊
ခန့်လိုက်တာ၊
ချောလိုက်တာ၊
ယောကျာ်းပီသလိုက်တာ၊
အားကိုးချင်စရာ ကောင်းလိုက်တာ၊ စိတ်အတွင်းမှာ အတွေးများ တလစပ်ဝင်လာပြီး၊ ပါးစပ်မှ အလိုလျှောက် ကဗျာတစ်ပုဒ်ကို ရုပ်တရက် စပ်ဆိုလိုက်မိသည်---

နိဗ္ဗုတာနူန သာ မာတာ၊
နိဗ္ဗုတာနူန သော ပိတာ၊၊
နိဗ္ဗုတာနူန သာ နာရီ၊
ယဿာယံ ဤဒိသော ပတိ၊၊

ဒီသားမျိုးကို မွေးဖွားရတဲ့ မိခင်ဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီသားမျိုးကို ကျွေးမွေးပြုစုရတဲ့ ဖခင်ဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီယောကျာင်္းမျိုးကို ပါရမီဖြည့်ခွင့်ရတဲ့ မိန်းမသားဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊၊ ၊၊

ဤအရှင် ဒီစာပန်းချီလေးကို ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်ကို အဆုံးသတ်အဖြစ် ပြောချင်ပါတယ်၊၊ လူအားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ သား၊ ဒါမှမဟုက် သ္မီးတွေချည်းပါ၊၊ ဒါပေမဲ့ ကိုယ့်ကိုမွေးရတဲ့ မိခင် ကိုယ့်ကြောင့် ပျော်ရွှင်ခွင့်ရရဲ့လား၊ ကိုယ့်ကိုကျွေးမွေးပြုခဲ့ရတဲ့ ဖခင်ရော ပျော်ရွှင်ခွင့်ရရဲ့လား၊၊

မိမိနဲ့ဘ၀တစ်တသက်တာ လက်တွဲရမဲ့ ပါရမီဖြည့်ဘက်ရော ပျော်ရွှင်ရဲ့လား၊ တွေးသင့်တာလေးတွေ ပါပဲ၊၊
မိခင်နှင့်ဖခင်တို့ ပျော်ရွင်ရလောက်တဲ့ သား/သ္မီးဖြစ်သင့်သလို၊ ဘ၀တစ်သက်တာ လက်တွဲရမဲ့ ပါရမီဖြည့်ဘက်လဲ ပျော်ရွင်ရလောက်တဲ့ ခင်ပွန်းမျိုး/ဇနီးမျိုးလည်း ဖြစ်သင့်တယ်လို့ ဤအရှင် မြင်မိပါ တယ်၊၊ သား/သ္မီးတာဝန်ကျေရင် မိဘများ ပျော်ရွှင်ရပါတယ်၊၊

 အိမ်ထောင်ဘက် တာဝန်ကျေရင် မိမိရဲ့ ကောင်းတူ ဆိုးဘက်ဘ၀လက်တွဲဖော် ပျော်ရွှင်ရပါတယ်၊၊
ဇာတ်လမ်းထဲမှာတော့ ---
“ ဒီသားမျိုးကို မွေးဖွားရတဲ့ မိခင်ဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ” လို့ သားယောကျာင်္းလေး အတွက်ပဲပါ ပါတယ်၊၊ သ္မီးမိန်းကလေးများအတွက်ဆိုရင်တော့---

“ဒီသ္မီးမျိုးကို မွေးဖွားရတဲ့ မိခင်ဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီသ္မီးမျိုးကို ကျွေးမွေးပြုစုရတဲ့ ဖခင်ဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ၊
ဒီမိန်းကလေးမျိုးကို ပါရမီဖြည့်ခွင့်ရတဲ့ ယောကျာင်္းသားဟာ-
ဘယ်မှာ မပျော်ရွှင်ဘဲ ရှိပါ့မလဲ”၊၊လို့ပြင်ဆင်ပြီး နားလည်ရမှာဖြစ်ပါတယ်၊၊

အရှင့်စာပန်းချီကို ဖတ်ပြီး၊ အမေ အဖေကို ပျော်ရွှင်စေတတ်တဲ့ သား/သ္မီးများ၊၊ ခင်ပွန်း/ဇနီးသည်ကို ပျော်ရွှင်စေတတ်တဲ့ တာဝန်ကျေတဲ့၊ ဇနီးကောင်း/ခင်ပွန်းမြတ်များ ဖြစ်ပါစေကြောင်း ရည်သန်လျှက် စာပန်းချီကို အဆုံးသတ်လိုက်ပါတယ်၊၊ ၊၊


အလင်း စက်
(၇.၉.၂၀၁၀)

အပြည့်အစုံသို့....

Thursday, September 2, 2010

သီဟိုဠ်ပြည်သို့၊၊ ၊၊

ဤအရှင် ငယ်စဉ်ကပင် သီဟိုဠ်ပြည်ဆိုတဲ့ နာမည်တစ်ခုကို ပုံပြင်စာအုပ်များနှင့်၊ သမိုင်းစာအုပ်များထဲ တွင် မကြာခဏတွေ့ခဲ့ရဘူးသည်၊၊ သီဟိုဠ်ပြည် ဘယ်မှာရှိသည်ကိုတော့ မသိခဲ့၊ နာမည်က ပါဠိလိုလို မြန်မာလိုလို ဟင်ဒီလိုလို ထူးခြားနေတော့ သမိုင်းပုံပြင်များထဲက တိုင်းပြည်တစ်ခုသာ ဖြစ်ရမည်၊ အပြင်မှာ တကယ်ရှိသော တိုင်းပြည်တစ်ခုမဟုက်ဟု အထင်ရှိခဲ့သည်၊၊

ဟုတ်တော့ ဟုတ်သည်၊ သီဟိုဠ်ဆိုတဲ့နာမည်က ကျွန်းနိုင်ငံလေးတစ်ခုကို မြန်မာမှုပြုထားတဲ့ နာမည်လေး ဖြစ်နေတယ်ဆိုတာကို အတော်ကြာမှသိခဲ့ရသည်၊၊ မြတ်စွာဘုရားလက်ထက်တော်က သည်တိုင်းပြည်ကို နာဂဒီပ=နဂါးပြည်၊ ယက္ခဒီပ=ဘီလူးများနေသော တိုင်းပြည်၊စသည်ဖြင့် အသုံးပြုပါသတဲ့၊၊

 နောင်တော့ တမ္ပဒီပ၊ လင်္ကာဒီပ၊ စတဲ့နာမည်တွေကိုလည်း အသုံးပြုခဲ့ကြောင်း စာဟောင်းမှတ်တမ်းများတွင် လေ့လာရမိသည်၊၊ ယ္ခုလွပ်လပ်ရေး ရပြီးသောအခါတွင် သီရိလင်္ကာနိုင်ငံဟု ကမ္ဘာကိုကြေငြာခဲ့ပါသည်၊၊ ဤမျှနာမည်တွေ များသော နိုင်ငံလေးသည် လင်္ကာဒီပဟူသော နာမည်ဖြင့် မြန်မာစာပေထဲတွင် အတိုင်းတစ်ခုအထိ နေရာယူထားသည်ကို သမိုင်းလေ့လာသူတိုင်း သိကြပါသည်၊၊

 အဘယ့်ကြောင့်ဆိုသော် မြန်မာ့အမျိုးသားယဉ်ကျေးမှု ပြဇာတ်ကြီးဖြစ်သော ရာမာယဏဇာတ်တော်ကြီးသည် လင်္ကာဒီပဟု ဟိုရှေးတချိန်ကခေါ်တွင်ခဲ့သော သီရိလင်္ကာနိုင်ငံတွင် အထင်ကရဖြစ်ပွားခဲ့သော ဇာတ်လမ်းကြီးတစ်ခုဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်၊၊

ထိုဇာတ်လမ်းကြီးထဲတွင် ပါဝင်သောနေရာဖြစ်သည့် သိန်းဃိုကျွန်း၊ ဒဿဂီရိဘီလူးမင်း၏ နန်းတော်နေရာ၊ စသည်များသို့ ဤအရှင်လေ့လာရေး ရောက်ခဲ့ဘူးသည်၊၊ Sithaeliya ဒေသဟု ခေါ်ပါသည်၊၊

ယ္ခုအခါအမှတ်အသား ဘုရားကျောင်းလေးတစ်ခုမှအပ အဆောက်အဦ တစ်စုံတစ်ရာကိုမတွေ့ရတော့ဘဲ၊ ထူထပ်သည့် တောတောင်ကြီးများအဖြစ်သာ တွေ့ရတော့သည်၊၊ သီဟိုဠ်ပြည်ဆိုသည်ကို မသိစဉ်က မသိခဲ့သော်လည်း၊ သိမည် သိတော့ ကိုယ်တိုင်နေထိုင်ပြီး၊ ပညာသင်ခွင့်ရသည်အထိပင် ဖြစ်သည်၊၊

အံ့သြစရာပါ၊၊ သီရိလင်္ကာနိုင်ငံသည် သေးငယ်သောကျွန်းနိုင်ငံလေး တစ်ခုမျှသာဖြစ်ပါသည်၊၊ အိန္ဒိယပင်လယ်ထဲတွင် တည်ရှိပြီး၊ လူဦးရေးသန်း(၂၀)မျှသာရှိပါသည်၊၊ အကျယ်အ၀န်းအလျားမိုင်(၂၇၀)နှင့်၊ အနံမိုင်(၁၄၀)ဖြစ်ပြီး၊ အကျယ်မိုင်(၂၅၃၃၂)သာကျယ်ဝန်းပါသည်၊၊ မြေပြင်ဆိုသည်ထက် မတ်စောက်သော တောင်များက ပိုများသော ကျွန်းတခုဖြစ်သည်၊၊

ဒေသခံလူမျိုးများမှာ ယဉ်ကျေးပျူငှာပြီး၊ သည်းခံစိတ်အားကြီးသော၊ မေတ္တာစိတ်ကောင်းသော လူမျိုးများလည်း ဖြစ်ပါသည်၊၊ ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသော နိုင်ငံလေးတခုအဖြစ် ကမ္ဘာ့လှည့်ခရီးသည်များနှင့် နေရာအနှံ့တွင် စည်ကားနေတတ်ပါသည်၊၊

 ရာသီဥတုမှာ မပူလွန်း၊ မအေးလွန်းဘဲ၊ သာယာလှပ စိမ်းလန်းစိုပြေနေသည့် နိုင်ငံတစ်ခုအဖြစ် အင်တာနက်မှတ်တမ်းများတွင် ဖော်ပြကြပါသည်၊၊ သီဟိုဠ်လူမျိုးတို့သည် ထေရာဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး၊ ဒေသခံနတ်ဒေ၀တာများကိုလည်း ပူဇော်ပသလေ့ရှိပါသည်၊၊

 သီရိလင်္ကာနိုင်ငံ၏ ပညာရေးမှာ ပါဠိအခြေခံသော Religious Education ဖြစ်ပြီး၊ ရုံးသုံးဘာသာ စကားအဖြစ် သီဟဠဘာသာစကားကို အသုံးပြုကြပါသည်၊၊ သီဟဠဘာသာစကားထဲတွင် ပါဠိစကားလုံးက ရှစ်ဆယ်ရာခိုင်နှုံးပါဝင်ကြောင်း လည်း လေ့လာသိရှိရပါသည်၊၊

 ထို့ကြောင့်ပင် “ပါဠိစာပေအစ သီရိလင်္ကာ က”ဟု ဒေါက်တာဝေါပိုလာရာဟုလာ၏ “Humour in Pali Literature And other Essays” စာအုပ်ထဲတွင် ရေးသားထားပါသည်၊၊ မြတ်စွာဘုရားရှင်၏ စကားတော်များကို ပါဠိစာပေ အက္ခရာအရေးအသားဖြင့် အစဆုံးဤကျွန်းနိုင်ငံလေးမှာပင် စတုတ္ထသင်္ဂါယနာ တင်ခဲ့ကြရပါသည်၊၊

 မြတ်စွာဘုရားရှင်သည် သီရိလင်္ကာနိုင်ငံသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင်ကြွရောက်၍၊ သာသနာမျိုးစေ့ချတော် မူခဲ့ကြောင်း ပါဠိစာပေမှတ်တမ်းများတွင် လေ့လာရပါသည်၊၊



+ပထမအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး ကိုးလအကြာ မဟာသက္ကရာဇ်(၁၀၃) ခု ပြာသိုလပြည့်နေ့တွင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ နာဂဒီပခေါ် သီဟိုဠ်ကျွန်း၊ သီရိလင်္ကာသို့ ကြွတော်မူခဲ့ပါသည်၊၊

 ထိုအချိန်က ဤကျွန်းတွင် လူသားတို့မနေထိုင်ကြသေးဘဲ “ယက္ခ”ဟုခေါ်သော ဘီလူးများ နေထိုင်သည်ဟု မှတ်တမ်းများက ဆိုပါသည်၊၊ နာဂဒီပကျွန်း၏ အလယ်တွင် မဟာနာဂါဟုခေါ်တွင်သော ပန်းဥယျာဉ်ကြီးတခုရှိပါသည်၊၊

 ဘီလူးတို့စုပေါင်း ပျော်ရွှင်ရာနေရာလည်း ဖြစ်သည်၊၊ တနေ့ ထိုပန်းခြံကြီးအတွင်း များစွာသော ဘီလူးတို့ပျော်ပွဲဆင်နွှဲနေစဉ် သည်းထန်သော မိုးကြီးနှင့်၊ မုန်တိုင်းများကျရောက်ပြီး၊ ၀န်းကျင်တစ်ခုလုံး ပိန်းပိတ်မှောင်အတိဖြစ်သွားပါသည်၊၊

ဘီလူးများအားလုံး ကြောက်လန့်တကြားပြေးသူပြေး၊ အော်ဟစ်ငိုယိုသူက ငိုယိုကြပြီး၊ အားကိုးရာမဲ့ ကြောက်လန့်ကုန်ကြပါသည်၊၊
ထိုအချိန်တွင် အမှောင်ထဲမှ အသံတစ်ခုပေါ်လာပါသည်၊၊

“အို..ဘီလူးအပေါင်းတို့…ငါ့အားထိုင်စရာ နေရာတစ်ခု ပြင်ဆင်ပေးမည်ဆိုလျင် သင်တို့အပေါ်ကျရောက်နေသော ဤဒုက္ခမှ ငါကယ်တင်ပေးမည်”၊၊ အသံကိုကြားရသောအခါ ဘီလူးများဝမ်းသားပြီး၊ ဤဒုက္ခမှ ကယ်တင်ပေးလျင် ထိုင်စရာနေရာ တခုတင်မက နာဂဒီပတစ်ကျွန်းလုံးကိုပင် ပေးပါကြောင်း ပြန်လည်ဖြေကြလေသည်၊၊

 မိုးလေများအားလုံး ရပ်တန့်သွားပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်ဖြင့် ပြန်လည်သာယာလာ ပါသည်၊၊ ဘီလူးများ မြတ်စွာဘုရားရှင် အေးဆေးတည်ငြိမ်စွာ သီတင်းသုံးထိုင်နေတော်မူသည်ကို ဖူးတွေ့ကြရပါသည်၊၊

 မြတ်စွာဘုရားရှင်သည် ဘီလူးများအား သရဏဂုံသုံးပါး၌ တည်စေပြီး၊ တရားတော်များကို ဟောကြားပြသတော်မူပါသည်၊၊ ထိုဘီလူးများအထဲတွင် မဏိအက္ခိကအမည်ရှိ နဂါးမင်းနှင့်၊ သုမနနတ်သားတို့သည် သောတာပန်တည်ခဲ့ကြလေသည်၊၊

 သုမနနတ်သားအား မြတ်စွာဘုရားမှ ဆံတော်တစ်ဆုပ် ချီးမျှင့်တော်မူခဲ့ပါသည်၊၊ ဘုရားရှင်ပြန်လည် ကြွချီသွားသောအခါ ထိုဆံတော်တစ်ဆုပ်နှင့် နဂါးတို့အားတရားဟောစဉ်က ထိုင်တော်မူခဲ့သော ပလ္လင်တော်ကိုဌာပနာပြီး စေတီတစ်ဆူကို တည်ခဲ့ကြပါသည်၊၊

 ထိုစေတီကိုယ္ခုအခါ “ရာဇာယတန မဟိယင်္ဂဏစေတီ” ဟုခေါ်ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ဤစေတီ တော်ကြီးအတွင်း လက်ဝဲညှတ်ရိုးဓာတ်တော်ကို ဌာပနာထားကြောင်းလည်း သမိုင်းမှတ်တမ်းအရ သိရ ပါသည်၊၊



+ဒုတိယအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+

မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး၊ (၅)၀ါအရတွင် နာဂဒီပကျွန်းသို့ ဒုတိယအကြိမ် ကြွတော်မူခဲ့ပါသည်၊၊ ထိုအချိန်က နာဂဒီပတွင် မဟာဒရမင်း နတ်ရွာစံပြီး၊ သားတော် စူဠဒရမင်း သားနှင့်၊ ဦးရီးတော် မဟောဒရတို့ ပတ္တမြားနန်းပလ္လင်လုရာက ပြည်တွင်းစစ်ဖြစ်နေသော အချိန်ဖြစ်သည်၊၊

မြတ်စွာဘုရားရှင်သည် နှစ်ဘက်စစ်ပွဲ၏ အလယ်တည့်တည့်ကောင်းကင်ယံတွင် ရပ်တန့်တော်မူပြီး၊ တရားတော် ဟောကြားတော်မူပါသည်၊၊ နှစ်ဘက်စစ်သည်တို့ လက်နက်များကိုယ်စီချပြီး၊ တရားတော်နာယူကာ၊ စစ်ပြေငြိမ်းကြရပါသည်၊၊

 စစ်သည်အပေါင်းနှင့် ပရိသတ်တို့အား သရဏဂုံ သီလ၌ တည်စေပြီး၊ သာသနာမျိုးစေ့ကို ချတော်မူခဲ့ပါသည်၊၊ ထိုနေရာတွင် ယ္ခုအခါစေတီငယ်တစ်ဆူ တည်ရှိပြီး၊ စေတီတော်၏အမည်မှာ “နာဂဒီပစေတီ”ဟုဖြစ်ပါသည်၊ ဂျဖနာ=Jaffnaအရပ်တွင် တည်ရှိပြီး၊ ကိုလမ်ဘိုမြို့တော်မှ ကီလိုမီတာ(၄၀၀)ခန့်ဝေးပါသည်၊၊

 ထိုစေတီအထဲတွင် ဘုရားရှင်က နှစ်ဘက်စစ်သည်တို့ကို စစ်ပြေငြိမ်းစေပြီးရာ၊ မြေထက်ပလ္လင်ပေါ်တွင် ထိုင်တော်မူပြီး တရားတော်ဟောစဉ်က ထိုင်တော်မူခဲ့သော ပတ္တမြားပလ္လင်တော်နှင့်၊ နာဂဒီပသို့ကြွလာစဉ်က သမိဒ္ဓိမည်သော နတ်သားသည် မြတ်စွာဘုရားရှင်အား လင်လွန်းပင်ကို ထီးတော်အဖြစ် မိုးလာရာက ပါလာသော လင်လွန်းပင်ကိုဌာပနာထားသည်ဟု မှတ်သားရပါသည်၊၊




+တတိယအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+

မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး (၈)၀ါအရတွင် နာဂဒီပကျွန်းရှင် မဏိအက္ခိက နဂါးမင်း၏ ဖိတ်မံချက်ဖြင့် နာဂဒီပကျွန်း ကလျာဏီမြစ်ကမ်းသို့ နောက်ပါသံဃာတော် ငါးရာနှင့်အတူ ကြွတော်မူခဲ့ပါသည်၊၊

မဟာသက္ကရာဇ်(၁၁၁)ခု၊ ကဆုန်လပြည့် ၀ိသာခါနက္ခတ်နှင့် စန်းမြတ်ယှဉ်သော နေ့ဖြစ်ပါသည်၊၊ (ကဆုန်လပြည့်ကျော်(၂)ရက်နေ့ဟုလည်း မူကွဲရှိပါသည်၊၊) ကလျာဏီမြစ်ကမ်းအနီး တောင်ပူစာတွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူပြီး၊ တရားတော်များကို ဟောကြားတော်မူပါ သည်၊၊

မြတ်စွာဘုရားရှင်နှင့် သံဃာတော်များပြန်လည်ကြွသွားသောအခါ မဏိအက္ခိက နဂါးမင်းသည် ဘုရားရှင်ထိုင်တော်မူခဲ့သော ပလ္လင်တော်နှင့် အသုံးအဆောင်များကို ဌာပနာပြီး စေတီတော်ကြီး တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါသည်၊၊ စေတီတော်၏အမည်မှာ “ကလျာဏီစေတီ”ဟုဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် ကလျာဏီမြစ်အရပ်မှတဖန် သုမနနတ်မင်း၏တောင်းပန်မှုကြောင့် သမန္တကူဋတောင်သို့ကြွတော်မူပြီး၊ ခြေတော်ရာတစ်ဆူကို ချတော်မူခဲ့ပါသည်၊၊ ယ္ခုအခါ “စရိပါဒ”တောင်ဟု ခေါ်တွင်ပါသည်၊၊ ခြေတော်ရာကိုလည်း ယနေ့တိုင်ဖူးတွေ့နိုင်ပါသည်၊၊

ကိုလမ်ဘိုမြို့တော်နှင့် ကီလိုမီတာ(၁၅၀)ခန့်ဝေးပါသည်၊၊ မြန်မာနိုင်ငံကျိုက်ထီးရိုးတောင်နှစ်ဆနီးနီး တက်ရသော တောင်ဖြစ်သည်၊၊

ဤမျှပင်ပမ်းသော စရိပါဒတောင်နှင့် ပတ်သက်၍သီရိလင်္ကာတွင် စကားတစ်ခုရှိပါသည် “စရိပါဒကို မတက်ဘူးရင် အ- ရာရောက်တယ်၊ နှစ်ခေါက်တက်ပြန်ရင်လည်း အ- ရာရောက်တယ်” ဟုဖြစ်သည်၊၊( အ.ရာရောက်သည်၊ ဖျင်းရာရောက်သည်)
သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)သို့ မြတ်စွာဘုရား သုံကြိမ်တိုင်ကြွရောက်တော်မူ၍ သာသနာမျိုးစေ့ ချခဲ့ပုံကို ဤအရှင်၏ဆိုက်ကို ကြည့်ကြတဲ့ စာဖတ်သူများအတွက် များစွာသော အထောက် အထားကျမ်းများကို ကိုးကားရှာဖွေ၍ ရေးသားတင်ပြလိုက်ပါသည်၊၊

 အရှင်ကိုယ်တိုင် သွားရောက်လေ့လာမှု မှတ်တမ်းများကိုလဲ အသုံးပြုရေးသားပါသည်၊၊ အမှားတစ်စုံတစ်ရာ တွေ့ရှိလျင် ဤအရှင်၏(u.zin.kay.wa.la@gmail.com)မှ ဆက်သွယ်ထောက်ပြပေးဖို့ တောင်းပန်လိုပါသည်၊၊ စေတနာအရင်းခံ၍ ရေးသားခြင်းသက်သက်သာ ဖြစ်ပါသည်၊ သိလွန်း၊တတ်လွန်း၍ ရေးသားခြင်း မဟုက်ကြောင်း ၀န်ခံပါသည်၊၊

စာဖတ်မိတ်ဆွေများအားလုံး ဘ၀နှင့်ဆန္ဒ တစ်ထပ်တည်းဖြစ် ကြပါစေ………………!

အရှင်ကေ၀လ(အလင်း စက်)
(၂.၉.၂၀၁၀)

အပြည့်အစုံသို့....

Wednesday, September 1, 2010

ဘယ်သူပြိုင်၍ နိုင်ပါ့မယ်၊၊ ၊၊

စာဖတ်သူကို ကျေးဇူးတင်ကြောင်း၊ လေးစားကြောင်း စတင်ပြောပါရစေဗျာ၊၊ ဤအရှင် ၀ါသနာပါတာရော၊ သိတာလေးတွေ စာဖတ်သူများရင်ထဲ “စာပေအလင်း စက်”တစ်ခု ချ ပေးချင်တာရောကြောင့် ဆိုက်လေးတစ်ခုကို ဖန်တီးထားတာပါ၊၊

 ဆိုက်လေးရဲ့ သတ်တမ်း ယ္ခုနှစ်ပါဆို နှစ်နှစ်သားသက်တမ်းလေးတောင်မှ ရှိလာပြီပေါ့၊၊ ကျောင်းတဖက်နဲ့ ဆိုက်တစ်ခုဖန်တီးထားရတာ လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုက်ပါဘူး၊ သူများရေးထား တာတွေချည်း (Copy) လုပ်ပြီး တင်မယ် ဆိုရင်တော့ Very a piece of cake ပေါ့ဗျာ၊ လွယ်မှာ့ လွယ်ပေါ့၊၊

မနှစ်တုန်းကလဲ စာမေးပွဲကြောင့် လေးငါးလလောက် ဆိုက်လေးကို ပြစ်ထားရတာ၊ အခုလဲ စာမေးပွဲက နီးလာပြန်ပြီ၊၊ Post တစ်ခုဆိုတာကလည်း စာဖတ်သူဘက်ကသာ လွယ်တာ၊ ရေးရတဲ့သူဘက်ကြတော့ Difficult Task တစ်ခုပါ၊ ခက်တာပေါ့၊၊

 “ဘယ်သူပြိုင်၍ နိုင်ပါ့မယ်” စာတမ်းလေးကို ဤအရှင် စာမေးပွဲအတွက် Topics အဟောင်းတွေ ရှာဖွေလေ့လာရာက Pali Chronical and Literature ဘာသာရပ်အတွက် နှစ်ဟောင်းတုန်းက သင်ထားတဲ့ Topics အဟောင်းပုံထဲက ရတာပါ၊ ဒီဇာတ်လမ်းလေးကို အရင်လည်း သိထားပြီးသားပါ၊ အခုစာမေးပွဲအတွက် လေ့လာရာက တခါထပ်တွေ့တော့ အရင်နဲ့မတူတဲ့ လေးစားမှု၊ အားကျမှုများ ပိုမိုဖြစ်မိလာတာကြောင့် မူအရင်းအတိုင်းလေးပဲ စာဖတ်သူကို တင်ပြပေးလိုက်ပါတယ်၊၊

“သူနာကို လုပ်ကြွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင်သုပ္ပိယာဥပါသိ ကာမသည်ရှိ၏၊၊ ထိုသုပ္ပိယာ ဥပါသိကာမသည် အမြတ်ဆုံးပေတည်း”၊၊

ဒီစကားရပ်လေးက မြတ်စွာဘုရားရှင် ပရိသတ်အလယ်မှာ အမျိုးသမီးတစ်ဦးကို ဧတဒတ်ဘွဲ့ပေးတဲ့ စကားလေးပါ၊၊ မြတ်စွာဘုရားရှင် ဗာရဏသီပြည်မှာ သတင်းသုံးစဉ်ကပါ၊ ဣသိပတန မိဂဒါဝုန်ကျောင်းတိုက်မှာ ဘုရားရှင်သီတင်းသုံးတော်မူပါတယ်၊၊

ဗာရဏီမြို့တော်မှာ သုပ္ပိယဆိုတဲ့ အမျိုးသားနဲ့ သုပ္ပိယာဆိုတဲ့ ဇနီးမောင်နှံတို့ ရှိကြပါတယ်၊၊ တနေ့တော့ ဇနီးသည်ဖြစ်တဲ့ သုပ္ပိယာအမျိုးသ္မီးဟာ မိဂဒါဝုန်ကျောင်းတိုက်ကို ဘုရားဖူးလာပါတယ်၊၊

 ကျောင်းတိုက်ကြီးထဲ တစ်ကျောင်းဝင် တစ်ကျောင်းထွက် သဃာတော်တွေကို လိုက်လံဖူးပါတယ်၊၊ ဒေါင့်ကျကျကျောင်း တစ်ကျောင်းမှာတော့ သံဃာတော်လေးတပါး အပြင်းအထန် ဖျားနေတာကို သွားတွေ့ပါတယ်၊၊

ဂိလာနရဟန်းကို ဘာများအလိုရှိပါသလဲလို့ သုပ္ပိယာဒါယိကာမလေးက မေးလိုက်ပါတယ်၊၊ အသားဆွမ်း အလိုရှိကြောင်း ရဟန်းတော်က မိန့်တော်မူပါတယ်၊ အသားစွပ်ပြုပ်ဖြစ်မှာပါ၊၊ ရ ရပါစေ မယ်လို့ ရဟန်းလေးကို ပြန်လျောက်လိုက်ပါတယ်၊၊ ပို့လိုက်ပါမယ်ပေါ့၊၊
အိမ်ကိုပြန်လာပြီး အခိုင်းအစေကို မြို့ထဲဈေးသွားပြီး အသားဝယ်ဖို့ ခိုင်းလိုက်ပါတယ်၊၊

ညနေပိုင်းရောက်လာတဲ့အခါ အစေခံပြန်ရောက်လာပြီး၊ ဗာရဏသီမြို့အနှံ့ရှာတာ အသားတစ်စုံတစ် ရာ မတွေ့ခဲ့ကြောင်း ပြန်လည်ပြောပါတယ်၊၊ သုပ္ပိယာဒကာမကြီး အခက်တွေ့တာပေါ့၊ သူ ဂိလာန ရဟန်းတော်လေးကို မကြာခင်ပို့လိုက်ပါ့မယ်လို့ ဂတိပြုခဲ့ ပြီးပြီ၊ အသားကလည်း ၀ယ်မရဖြစ်နေတယ်၊၊

အား အရမ်းနည်းနေတဲ့ ဂိလာနရဟန်းတော်လေးအတွက် စိုးရိမ်လာမိတယ်၊၊ ဒီနေ့မှအသား ဆွမ်းမရရင် ဆေးဆရာက ရဟန်းတော်လေးရဲ့ အသက်အန္တရယ်စိုးရိမ်ရ အကြောင်းပြောထားပုံပါပဲ၊၊
သုပ္ပိယာဒကာမကြီး အခန်းတွင်းကိုဝင်သွားပါတယ်၊ ပြန်ထွက်လာတဲ့အခါ လက်ထဲမှာအသားတုံး ခပ်လပ်လပ်တတုံးပါလာပါတယ်၊၊

အစေခံကို လက်ထဲကအသားကို ချက်ပြုပ်ပြီး၊ ဂိလာနရဟန်းဆီပို့ ပေးဖို့ ခိုင်းလိုက်ပါတယ်၊၊ အစေခံလေးလည်း သူ့အရှင်မပြော စကားကို နာခံပြီး၊ အသားကိုချက်ပြုပ်ပြီး၊ ရဟန်းတော်လေးဆီပို့လိုက်ပါတယ်၊ ရဟန်းတော်လေးက အသားဆွမ်းအလှုရှင် ဒါယိကာမကြီး ပါမလာဘူးလား မေးတဲ့အခါ ကျန်းမာရေး အနည်းငယ်မကောင်းလို့ မလာနိုင်ကြောင်း၊ သူ့ကိုအပို့ခိုင်း လိုက်ကြောင်း ဂိလာနရဟန်းတော်လေးကို လျှောက်လိုက်ပါတယ်၊၊

ညဘက်ရောက်တဲ့အခါ ခင်ပွန်းဖြစ်တဲ့ သုပ္ပိယဒကာကြီး အိမ်ပြန်ရောက်လာပါတယ်၊၊ ဇနီးဖြစ်သူကို ကျန်းမာရေးအကြောင်း မေးလာပါတယ်၊ လင်သားဖြစ်သူကိုဆိုတော့ အမှန်တိုင်းပြောလိုက်ပါတယ်၊ ဂိလာနရဟန်းတော်လေးအတွက် အသားလိုအပ်လို့ သူ့ပေါင်သားကို ဖြတ်လှုလိုက်ကြောင်း ပြောလိုက်တာပါ၊၊

 စိတ်တူ သဒ္ဓါတူဖြစ်တဲ့ ခင်ပွန်းဖြစ်သူကလည်း သူ့ဇနီးသည်ရဲ့လုပ်ရပ်ကို အရမ်းကို ဂုဏ်ယူမိသွားပါတယ်၊၊ အစိမ်းသက်သက် လှီးဖြတ်ထားတဲ့ ပေါင်သားနေရာကို လိုအပ်တဲ့ဆေးဝါးများ အသုံးပြုအပြီး၊ တနေ့တာ ကုန်သွားပါတယ်၊၊

 နောက်နေ့ သုပ္ပိယဒကာကြီး မြတ်စွာ ဘုရားထံ သွားပြီး၊ ဇနီးသည်ရဲ့ ဂိလာနရဟန်းအတွက် ပေါင်သားကိုဖြတ်လှုကြောင်းကို လျှောက်ထားပါတယ်၊၊ မြတ်စွာ ဘုရားရှင်က စကားတစ်စုံတစ်ရာ ပြန်လည်မပြောဘဲ ဆိတ်ဆိတ်နေတော်မူပါတယ်၊၊

နေ့လယ်ပိုင်းမှာ မြတ်စွာဘုရားရှင် သုပ္ပိယာဒကာမကြီးရဲ့အိမ်ကို ကိုယ်တော်တိုင် ကြွတော်မူပါတယ်၊၊ သုပ္ပိယာဒကာမကြီးနဲ့တွေ့ချင်ကြောင်း မြတ်စွာဘုရားက မိန့်တော်မူပါတယ်၊၊ မြတ်စွာဘုရားကို ကျန်းမာရေးမကောင်းတဲ့အချိန်တွေ့ဖို့ ခက်နေတဲ့ပုံပါ၊ ဒါပေမဲ့ မြတ်စွာဘုရားက အခန်းထဲကထွက်လာဖို့ မိန့်ပါတယ်၊၊

အဲဒါကြောင့် သုပ္ပိယာဒါယိကာမကြီး အားယူပြီးအခန်းထဲကနေ ထွက်လာပါတယ်၊၊ မြတ်စွာဘုရားက ဒကာမကြီးကို တရားစကားပြောတော်မူပါတယ်၊၊


အဲဒီအချိန်မှာပဲ ထူးထူးဆန်းဆန်း အသားဖြတ်လှီးထားတဲ့ ဒဏ်ရာဟာပျောက်ကင်း သွားပါတယ်၊၊ အနာနေရာမှာ အမာရွက်တစ်စုံတရာမကျန်ဘဲ၊ ရွှေရောင်အဆင်းလို ၀င်းနေပါတယ်တဲ့၊၊ မြတ်စွာ ဘုရားရှင်ရဲ့ ဘုန်းတော်ကြောင့်လည်း ဖြစ်နိုင်သလို၊

သူကိုယ်တိုင်ရဲ့ သဒ္ဓါစွမ်းအားကြောင့်လည်း ဖြစ် နိုင်ပါတယ်၊၊ မြတ်စွာဘုရားရှင်က တရားစကားများဟောကြားအပြီး ကျောင်းတော်ကိုပြန်ကြွတော်မူပါ တယ်၊၊ ကျောင်းတော်ကိုရောက်လို့ ဓမ္မသဘင်မှာတရားတော် ဟောကြားတဲ့အခါမှာ သုပ္ပိယာဥပါသိ ကာမကြီးရဲ့အကြောင်းကို ဟောကြားတော်မူပြီး၊ ဧတဒတ်အရာမှာ ထားတော်မူပါ တယ်၊၊

ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဥပါသိကာနံ၊
ဂိလာနုပဋ္ဌာကီနံ ယဒိဒံ သုပ္ပိယာ ဥပါသိကာ၊၊
“သူနာကို လုပ်ကြွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင်သုပ္ပိယာဥပါသိ ကာမသည် ရှိ၏၊၊ ထိုသုပ္ပိယာ ဥပါသိကာမသည် အမြတ်ဆုံးပေတည်း”၊၊

ဒီဇာတ်လမ်းလေးက အင်္ဂုတ္တရနိကာယ်၊ ဧတဒဂ္ဂ၀ဂ်မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူပါတယ်၊၊ ဇာတ်လမ်းကို လေ့လာရတဲ့အခါ မှတ်သားစရာအချက်ပေါင်းများစွာကို တွေ့ရှိရပြီး၊ အတုယူစရာတွေ ကိုလည်း တွေ့ရပါတယ်၊၊ ဥပမာ=လေးနက်တဲ့ ဘာသာတရား ယုံကြည်မှု၊ သတ္တိရှိမှု၊ ကိုယ်ပြောမိတဲ့ စကားကို တာဝန်ယူရဲတဲ့စိတ်ဓာတ်၊စတာတွေပါ၊၊

 မိန်းကလေးပေမဲ့ အတုယူပြိုင်ဆိုင်ဖို့ခက်တဲ့ ရဲရင့်မှုကို အဓိကအနေနဲ့ ဤအရှင် မှတ်တမ်းတင်လိုတဲ့အတွက် ဒီစာတမ်းလေးကို ရေးမိတာပါ၊၊ စာဖတ်သူများလဲ နေရာတခုခုမှာတော့ ဘယ်သူပြိုင်၍မှ မနိုင်နိုင်သော လုပ်ရပ်တစ်ခုကို လုပ်သင့်တယ်လို့အကြံပြုရင်း စာတမ်းကို နိဂုံးချုပ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၁.၉.၂၀၁၀)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP