Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Friday, May 8, 2009

ရွှေခဲကျက်တူရွေး

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။

ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊
ရွှေခဲ ကြက်တူရွေး။ ။


ဘ၀မှာ
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ၊၊

လူတွေမှာ မတူညီတဲ့ စွမ်းရည်၊အတတ်ပညာ၊အရည်အချင်းတွေရှိနေပါတယ်၊၊

သူများမှာ ရှိတာ ကိုယ့်မှာ မရှိလို့ဆိုပြီး၊ စိတ်အားငယ်စရာ မလိုသလို၊ကိုယ့်မှာ ရှိတာ သူများမှာ မရှိလို့လဲ

ဘ၀င်မြင့်စရာ မလိုဘူးဆိုတာကို ပြောတဲ့ ကဗျာလေးပါ၊၊ပေါ့ပေါ့ ပါးပါးလေး ရေးစပ်ထားပေမဲ့ အဓိပ္ပါယ်လေး

နက်လှပါတယ်၊၊ ရွှေခဲလေးနဲ့ ညီပုလေးဆိုပြီး ဇာတ်ကောင်ပြထားတာက Symbolism လို့ခေါ်ပါတယ်၊၊

ကလေးကဗျာဆိုပြီး နိမ့်တယ်ထင်ရင်တော့ မှားမှာပါ၊၊တခါတလေ သူတတ်တာ ကိုယ်မတတ်၊

သူ့မှာရှိတာ ကိုယ့်မရှိ၊ အခြေအနေမျိုးတွေ ဇြစ်နေတတ်ပါတယ်၊၊ဒါကို ရည်ရွယ်ပြီး ဆရာကြီးက ဒီကဗျာလေးကို

ရေးသားစပ်ဆိုခဲ့တာ ဖြစ်ပါတယ်၊၊

(ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)

အပြည့်အစုံသို့....

Tuesday, May 5, 2009

ပျဉ်းမ ငုတ်တို

ဖုထစ်ရွက်တွ၊ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊သက်ကျားအိုသည်
ကုန်းမိုထက်တွင်၊တစ်ပင်တည်း၊၊

ခွဆုံအကွေး၊သစ်ခေါက်ဆွေးလည်း
အဖေးတက်လာ၊အိုင်းအမာသို့
ကျယ်စွာဟက်ပက်၊ခြအိမ်ပျက်၊၊

ကုန်းမိုကမ်းပါး၊မြေပပ်ကြားတွင်
စစ်သားခမောက်၊ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း၊လက်ပြညွှန်း၊၊

ထိုပင်ငုတ်တို၊ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊
မငိုက်ဦးခေါင်း၊နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ရွက်သစ်ဝေ၍၊
လေပြည်ထဲတွင်၊ငယ်ရုပ်ဆင်သည်
အသင်ယောကျာင်္းကောင်းတကား၊၊ ၊၊

ဘဝတွင် ကြီးမားသော တိုက်ခိုက်ခံရမှု့တို့နှင့် တွေ့ကြုံရသော အခါများတွင် အားမာန်အသစ် အသစ်တို့ကို
မွေးဖွားပေးသော ဆရာကြီး မင်းသုဝဏ်၏ ကဗျာကြီးကို တင်ပြပေးလိုက်ပါတယ်ဗျာ၊၊ ၊၊

အပြည့်အစုံသို့....

Monday, May 4, 2009

အင်းလျားကန်သို့ အိုကူးတို့

မိုးပေါက်ကျ၍၊
ထသည့်ဂယက်၊ဝိုင်းစက်စက်သည်
ဝကွက်ခင်းနှီးနှယ်တကား၊၊

ခဏချင်းတွင်၊မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ခုန်ပေါက်ကြလျှက်
ကြက်ဖချင်းထိုး၊ခေါင်းဖြူမိုး၍
ရေရိုးရှုပ်ပွေ၊မိုးသီးကြွေသည်
စွေစွေစောင်းစောင်း၊ရွာသွန်းလောင်း၊၊

ဘယ်ယိမ်းညာယိမ်း၊တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့၊ကမ်းယံမို့တွင်
မှိုင်းညို့မိုးသား၊နောက်ခံကား၊၊

ပိုးဖျင်ဇာပါး၊ဝတ်ရုံလွှားလျှက်
မော်ကြွားသည့်ဟန်၊ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ကျွန်းညိုကြား၌
လူးလားချင်လို၊ငါတောင်းဆိုသည်
လှေကိုပြင်ပါ့၊ ကူးတို့မှူး၊၊ ၊၊

(မင်းသုဝဏ် . ၁၉၈၄)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP