Saturday, December 24, 2011

အမျိုးသ္မီးရဟန်း = ဘိက္ခုနီသံဃာ၊၊ ၊၊




ကမ္ဘာပေါ်တွင် အသိအမှတ်ပြုဘာသာကြီးလေးခုရှိပါသည်၊၊ ဟိန္ဒူဘာသာ၊ ခရာစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူစလင်ဘာသာတို့ ဖြစ်ပါသည်၊၊ ဘာသာအသီးသီးတွင် တည်ထောင်သူတို့ရှိကြပါ သည်၊၊ ဗုဒ္ဓဘာသာသည် ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော ဘာသာကြီးတစ်ခုဖြစ်ပါသည်၊၊


ဗုဒ္ဓရှင်တော် တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာတွင် သံဃာအဖွဲ့အစည်းကြီးနှစ်ခု တည်ရှိပါသည်၊၊ ဘိက္ခုသံဃာနှင့်၊ ဘိက္ခုနီသံဃာတို့ ဖြစ်ကြပါသည်၊၊ ဘိက္ခုသံဃာဟူသည်မှာ အမျိုးသားရဟန်း အဖွဲ့အစည်းကိုခေါ်တွင်ပြီး၊ ဘိက္ခုနီသံဃာဟူသည်မှာ အမျိုးသမီးရဟန်းအဖွဲ့အစည်းကို ခေါ်ပါသည်၊၊



ပါဠိတော်အထောက်အထားများအရ ဘိက္ခုသံဃာအဖွဲ့အစည်း၏အစသည် ပဉ္စ၀ဂ္ဂီငါးပါးတို့တွင် တစ်ဦး အပါအ၀င်ဖြစ်သည့် အရှင်ကောဏ္ဍညမှ စခဲ့ပါသည်၊၊ ဘိက္ခုနီသံဃာအဖွဲ့အစည်း၏အစသည် မြတ်စွာ ဘုရားရှင်၏ အဒေါ်အရင်းတော်စပ်သူ မိထွေးတော်ဂေါတမီမှ စခဲ့ပါသည်၊၊ အရှင်၏ယ္ခုစာတမ်းတွင် ဘိက္ခုနီသံဃာ မည်သို့မည်ပုံစတင်ခဲ့သည်ကို ပါဠိတော်၊ အဌကထာ အထောက်များနှင့်အညီတင်ပြ ပါမည်၊၊




မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားရှင်၏မယ်တော် မဟာမာယာ၏ ညီမအရင်းဖြစ်ပါသည်၊ မဟာမာယာဒေ၀ီသည် မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်အပြီး၊ ခုနှစ်ရက် အကြာတွင် ကွယ်လွန်ခဲ့ပါသည်၊၊ ထိုအချိန်မှစတင်၍ ညီမအငယ်ဖြစ်သည့် မဟာပဇာပတိ ဂေါတမီ သည် ဘုရားအလောင်းတော်ကို နို့ချိုတိုက်ကျွေးလျက် မွေးမြူစောက်ရှောက်ခဲ့သည်၊၊



သိဒ္ဓတ္တမင်းသားသည် ဖခင်သုဒ္ဓေါဒနမင်းကြီး၏ ထီးနန်းအရိုက်အရာကို မဆက်ခံဘဲ၊ တောထွက် တရားကျင့်တော်မူကာ ဘုရားအဖြစ်သို့ဆိုက်ရောက်တော်မူပြီး၊ ရှေးခေတ်အိန္ဒိယဒေသကြီးတွင် ဗုဒ္ဓဘာသာဟူ၍ ကမ္ဘာ့ဘာသာကြီးတစ်ခုကို တည်ထောင်လိုက်ပါသည်၊၊ ထိုခေတ်ထိုအခါက အိန္ဒိယတိုက်ကြီးထဲတွင် ဗုဒ္ဓဘာသာအလျင် ဘာသာပေါင်းများစွာပင် တည်ရှိနေပြီး၊ ဆိုင်ရာဘာသာအလိုက် ဘုရားများစွာလည်း တည်ရှိနေပြီးဖြစ်သည်ကို ဤနေရာတွင်မှတ်သားရပါမည်၊၊



ဗုဒ္ဓရှင်တော်တည်ထောင်သော ဗုဒ္ဓဘာသာသည် ရှိနှင့်ပြီးဖြစ်သည့်ဘာသာ အယူဝါဒမျာနှင့်မတူ၊ ထူးခြားသည့် လက်တွေ့သဘောဆန်သော ဘာသာအယူအဆဖြစ်ရကား ရှေးခေတ် အိန္ဒိယတိုက်ကြီးအတွင်းရှိ လူများစွာတို့၏ သဘောကျနှစ်သက်မှုကိုလျင်မြန်စွာရရှိပြီး၊ သာသနာတော်အတွင်းသို့ အမျိုးသားများစွာ ရဟန်းပြုလာခဲ့ကြ ပါသည်၊၊ နှစ်အနည်းငယ်အတွင်း အမျိုးသားများစွာ သာသနာတော်အတွင်းသို့ဝင်ရောက်ပြီး ရဟန်းပြုလာခဲ့သည်ဖြစ် ရကား သာသနာတော်တွင် ဘိက္ခုသာသနာတော် အခြေခိုင်မာခဲ့ပြီဟု ဆိုရပါမည်၊၊



ရှေးခေတ်အိန္ဒိယအခေါ်အားဖြင့် သက္ကတိုင်း၊ ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတိုက်ကြီးအတွင်း ဗုဒ္ဓရှင်တော် သီတင်းသုံးနေစဉ်က ဖြစ်ပါသည်၊၊ မိထွေးတော် ဂေါတမီသည် ဗုဒ္ဓရှင်တော်အား သာသနာတော်အတွင်း ၀င်ရောက်၍ရဟန်းပြုလိုပါကြောင်း လျောက်ထားခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်မှ လက်မခံကြောင်း မိထွေးတော်ဂေါတမီသုံးကြိမ်လျောက်တင်သည်ကို သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊



အိန္ဒိယ၏ ဂင်္ဂါမြစ်ရေအလျင်နှင့်အတူ အချိန်တို့သည်တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ ဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် အသက်အရွယ်အားဖြင့် ခြောက်ဆယ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်၊၊ ကပိလ၀တ် နေပြည်တော်ကြီးအတွင်းတွင် အားကိုးရာ သုဒ္ဓေါဒနမင်းကြီးလည်း မရှိတော့ပြီ၊ မြေးတော်ရာဟုလာ၊ သားတော်နန္ဒမင်းသားတို့မှာလည်း ရဟန်းပြုသွားကြပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဗုရင်မ ကြီးဘ၀ဖြင့် ရှုပ်ထွေးလှသည့် တိုင်းပြည်အရေးအရာများကို နေ့ညဆောင်ရွက်နေရသည်ကို ငြီးငွေ့လှ ပြီဖြစ်သည်၊၊



သူမအနေဖြင့် သာသနာတော်အတွင်းဝင်ရောက်၍ “လောကုတ္တရာ တရားဓမ္မ”များ၏ အဆီအနှစ်ကိုစံ စားလိုလှပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ခယ်မတော် ယသောဓရာ မင်းသ္မီးနှင့်အတူတိုင် ပင်ဆွေးနွေးပြီး၊ ကိုယ်တိုင်ပင် ဆံပင်များကိုရိပ်ဖြတ်၊ ဖန်ရည်ဆိုးအ၀တ်များကို ၀တ်ဆင်ပြီး၊ လိုက်ပါ လိုသော အမျိုးသ္မီးအားလုံးကို ဦးဆောင်ကာ၊ မြတ်စွာဘုရားနေတော်မူသည့် ဝေသာလီပြည်၊ မဟာ ၀ုန်တော၊ ပြာသာဒ်ကျောင်းတိုက်ကြီးသို့ ကပိလ၀တ်ပြည်မှ ယူဇနာ(၅၀)၊ မိုင်အားဖြင့် (၄၀၀)ခရီးကို ခြေလျင်ခရီးဖြင့် ချီတက်ခဲ့ကြပါသည်၊၊




ယ္ခုခေတ်ကဲ့သို့ လမ်းချောများမရှိသေးသည့် ရှေးခေတ်အိန္ဒိယတိုက်၊ တိုင်းပြည်တစ်ခုမှ တိုင်းပြည်တစ် ခုသို့ ဖိနပ်မပါဘဲ ချေလျင်ခရီးဆက်ခဲ့ကြသည့် အမျိုးသမီးတန်းကြီးကို စာဖတ်သူများ အာရုံတွင်မြင် ကြည့်နိုင်ပါသည်၊၊ ပါဠိတော်မှတ်တမ်းတွင် မြတ်စွာဘုရားအထံသို့ အမျိုးသမီးတန်းကြီး ရောက်သော အခါ နုနယ်သည့်အမျိုးသ္မီးများ၏ ခြေဖ၀ါးတို့မှသွေးအလိမ်းလိမ်းထွက်လျက်နေသည်ဟု ပါရှိသည်ကို တွေ့ရသည်၊၊



ဤခရီးနှင့်ပတ်သက်၍ သီရိလင်္ကာပညာရှင် “Prof. Mohan Wijayaratna”က၊ သူ၏“Buddhist Nuns” စာအုပ်တွင် “မဟာပဇာပတိ ဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောဤခရီးသည် ကမ္ဘာ့အဦးဆုံး အမျိုးသမီးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုခရီးစဉ်ကြီး တစ်ခုဖြစ်ကြောင်း”မှတ်တမ်းတင် ထားပါသည်၊၊



မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောအမျိုးသမီးတန်းကြီးသည် ပြာသာဒ် ကျောင်းတိုက်ကြီး၏ မုခ်ဝသို့ရောက်သောအခါ၊ ကျောင်းတိုက်ကြီးအတွင်းဝင်ရောက်၍ ဘုရားရှင်နှင့် မတွေ့ဝန့်ကြဘဲ၊ မုခ်ဦးအ၀တွင်ငိုကြွေးလျက် ရပ်တည်နေကြပါသည်၊၊ အရှင်အာနန္ဒာသည် အမျိုးသ္မီး များတန်းစီငိုကြွေးနေရာသို့လာရောက်ပြီး အကျိုးအကြောင်းကို မေးမြန်းသောအခါ မဟာပဇာပတိ ဂေါတမီမှ ရဟန်းပြုလို၍ ကပိလ၀တ်နေပြည်တော်မှ ခြေလျင်လာခဲ့ရပါကြောင်း လျောက်တင်လေ သည်၊၊




အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ပြန်လာခဲ့ပြီး၊ အရှင်ဘုရား အမျိုးသ္မီးများကို ရဟန်းပြုခွင့်ပေးစေ ချင်ပါသည်ဟု သုံးကြိမ်တိုင်လျောက်တင်သည်ကို မြတ်စွာဘုရားရှင်မှ သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊ ထိုအခါ အရှင်အာနန္ဒာသည် “မြတ်စွာဘုရား, အမျိုးသ္မီးများသည် သာသနာတော်အတွင်း ရဟန်း ဘ၀ဖြင့်နေသည်ရှိသော် လောကုတ္တရာ တရားဓမ္မအနှစ်ကို ရရှိနိုင်ပါသလော၊” ဟုမေးမြန်းလိုက် ပါသည်၊၊



မြတ်စွာဘုရားရှင်မှ “အာနန္ဒာ, အမျိုးသ္မီးများသည် ရဟန်းဘ၀ဖြင့် လောကုတ္တတရာ ချမ်းသာအစစ်ကို ခံယူစံစားနိုင်သည့် စွမ်းရည်အပြည့်ပင်ရှိကြောင်း၊” မိန့်တော်မူပါသည်၊၊ ထိုအခါအရှင်အာနန္ဒာမှ “မြတ်စွာဘုရား ဤသို့ဆိုလျင် အမျိုးသ္မီးများကို သာသနာတော်တွင် ရဟန်းပြုခွင့်ပေးသင့်ပါကြောင်း၊” အခိုင်အမာ လျောက်တင်လေသည်၊၊ ထိုအခါ မြတ်စွာဘုရားရှင်မှ အမျိုးသ္မီးများသည် အကယ်၍ ဂရုဓံ ဆယ်ပါးကိုလိုက်နာနိုင်ပါမူ သာသနာတော်တွင် “ဘိက္ခုနီသံဃာ”အမည်ဖြင့် အမျိုးသ္မီးရဟန်းအဖွဲ့ အစည်းကို တည်ထောင်ခွင့်ပြုကြောင်း မိန့်တော်မူလိုက်ပါသည်၊၊



မဟာပဇာပတိဂေါတမီနှင့် ယသောဓရာဒေ၀ီတို့ဦးဆောင်သော အမျိုးသ္မီးများသည် ထိုအချိန်မှစတင် ၍ မြတ်စွာဘုရားအထံတော်တွင် “ဂရုဓံရှစ်မျိုး”ကိုဝန်ခံကြ၍ ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးများ ဖြစ်လာ ခဲ့ကြပါသည်၊၊ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပြီးသော မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဦးဆောင် သော အမျိုးသ္မီးများသည် ဘုရားရှင်ညွန်ပြတော်မူသည့် တရားတော်များအတိုင်း ကျင့်ကြံ၊ ကြိုးစား အားထုတ်ကြ၍၊ ရဟန္တာထေရီမကြီးများ ဖြစ်လာခဲ့ကြပါသည်၊၊



{မှတ်ချက်/ ပါဠိတော်မူရင်းတွင် မဟာပဇာပတိ ဂေါတမီဦးဆောင်သောအမျိုးသ္မီး (၅၀၀)တို့ မြတ်စွာ ဘုရားအထံခွင့်ပန်ကြရာ မဟာပဇာပတိဂေါတမီသည် အဂရုဓမ္မ=ဂရုဓံရှစ်မျိုးကို ကျင့်သုံးလိုက်နာ ပါမည်ဟုဝန်ခံလိုက်ကာမျှဖြင့် အလိုအလျောက်ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးအဖြစ်ကို ရရှိသည်၊၊ ယ သောဓရာနှင့် ကျန်အမျိုးသ္မီးများကို မြတ်စွာဘုရားရှင်မှ သံဃာတော်တို့အား ရဟန်းခံပေးစေသည်ဟု တိုက်ရိုက်လာရှိပါသည်၊၊}



“ဂရုဓံ (၈)မျိုး”



(၁) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ပါးသည် အသက်တစ်ရာပင်ဖြစ်သော်လည်း ယနေ့မှရဟန်းဖြစ်လာ သော ဘိက္ခု=အမျိုးသားရဟန်းကို အရိုအသေပေးရမည်၊၊



(၂) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ရဟန်းအမျိုးသားရှိသောကျောင်း၌သာ ၀ါဆိုရမည်၊၊



(၃) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် လခွဲတိုင်း ရဟန်းအမျိုးသား=ဘိက္ခုသံဃာ၌ ဥပုသ်မေး ခြင်း၊ အဆုံးအမခံယူခြင်းနှစ်မျိုးကို လိုလားခံယူရမည်၊၊



(၄) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ၀ါကျွတ်သောအခါ အမျိုးသား=ဘိက္ခုသံဃာအထံ၌ သံသ ယရှိခဲ့သော် ဆုံးမရန် လျောက်ထားရမည်၊၊



(၅) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် သံဃာဒိသေသ်အာပတ်သင့်ခဲ့သော် ဘိက္ခုသံဃာ၊ ဘိက္ခုနီ သံဃာနှစ်မျိုးအထံ၌ ပက္ခမာနတ်ကို ကျင့်သုံးရမည်၊၊



(၆) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးဖြစ်လိုသူ အမျိုးသ္မီးတစ်ဦးသည် (၂)နှစ်တိုင် တရားခြောက်မျိုးကို ကျင့် သုံးပြီးလျင် ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာနှစ်မျိုးအထံ၌ ရဟန်းခံရမည်၊၊



(၇) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=ရဟန်းအမျိုးသားကို ကြမ်းတမ်းသောစကားကို မ ပြောဆိုရ၊၊



(၈) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=အမျိုးသားရဟန်းကို ဆုံးမသြ၀ါဒ မပေးရ၊၊



အထက်တွင် ဆွေးနွေးဖော်ပြသည့် ဂရုဓံရှစ်မျိုးတို့သည် ဘိက္ခုနီသာသနာ စည်ပင်တိုးတက်စေရန်၊ ဘိက္ခုနီသာသနာတော် အစတည်ထောင်ရန် မြတ်စွာဘုရားရှင် ချမှတ်ပေးသည့် ဘိက္ခုနီသာသနာ တော်၏ ရေသောက်မြစ်စည်းကမ်း ရှစ်မျိုးပင်ဖြစ်ပါသည်၊၊



ဖော်ပြခဲ့ပြီးသည့် မဟာပဇာပတိ ဂေါတမီနှင့် ယသောဓရာဒေ၀ီတို၏ ကြိုးစားမှုဖြင့် ဘိက္ခုနီသာသနာ တော်ကြီးသည် ဘိက္ခုသာသနာတော်နည်းတူ မြတ်စွာဘုရားရှင်လက်ထက်တော်က အိန္ဒိယတိုက်ကြီး အတွင်းတွင် နေလပမာစည်ပင် ပြန့်ပွားခဲ့ပါသည်၊၊ အရဟန်းအမျိုးသ္မီးတို့သည် မြတ်စွာဘုရားရှင် ပညတ်တော်မူသည့် သိက္ခာပုဒ်ပေါင်း(၃၃၁)ပုဒ်ကို မကြိုးမပေါက်အောင် စောင်င့်ထိမ်းကြရပါသည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဘိက္ခုသာသနာတော်၏ အစအမျိုးသ္မီးရဟန်းဖြစ်သကဲ့သို့ ဘိက္ခုနီ သာသနာ၏မိခင်ကြီးဟုလည်း ခေါ်တွင်ရပါမည်၊၊



နောင်သောအခါ ဘိက္ခုနီသာသနာတော်အတွင်းသို့ အဆင့်မျိုးစုံမှအမျိုးသ္မီးများစွာ ၀င်ရောက်ရဟန်း ပြုလာခဲ့ကြသည်ကို ပါဠိတော်မှတ်တမ်းများအရ လေ့လာရပါသည်၊၊ ဗုရင်မကြီး တည်ထောင်သော ဘိက္ခုနီသာသနာတော်အတွင်းသို့ ဗုရင့်သ္မီးတော်များ၊ သူဌေးသူကြွယ်သ္မီးများ၊ ကုန်သည်သ္မီးများ၊ ဆင်းရဲသားသ္မီးများ၊ သူတောင်းစားအမျိုးသ္မီးများအထိဘ၀အလွှာ အသီးသီးတို့မှဝင်ရောက်၍ ရဟန်း ပြုလာကြသည်ကို တွေ့ရပါသည်၊၊



ဘာသာဝါဒမတူသည့် အခြားဘာသာများမှအမျိုးသမီးများစွာလည်း ဘိက္ခုနီသာသနာတော်အတွင်း သို့ဝင်ရောက်လျက် ရဟန်းပြုလာကြသည်ကို ထူးခြားစွာတွေ့ရပါသေးသည်၊၊ ပါဠိတော်ကျမ်းများတွင် ထေရီအပါဒါန် ပါဠိတော်ကျမ်းကြီးသည် ထူးချွန်သည့် ဘိက္ခုနီ=အမျိုးသ္မီးများအကြောင်း မှတ်တမ်းပြု ထားသည့် ကျမ်းကြီးဖြစ်ပါသည်၊၊



ဗုဒ္ဓရှင်တော်လက်ထက်က အမျိုးသားရဟန်းများနည်းတူ အမျိုးသ္မီးရဟန်းများသည်လည်း များစွာသာ သနာတော်အတွက် အကျိုးပြုကြသည်ကို ပါဠိတော်များတွင် မှတ်တမ်းတင်ထားပါသည်၊၊ မြတ်စွာ ဘုရားရှင်သည် သာသနာတွေအတွက် ထူးချွန်သူများကို ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်လေ့ရှိရာ ဘိက္ခုနီ=အမျိုးသ္မီးရဟန်း (၁၃)ပါးတို့သည်လည်း ဧတဒဂ်ဘွဲ့ထူးကို မြတ်စွာဘုရား၏အထံမှ ရရှိခဲ့ကြ ပါသည်၊၊



ဘိက္ခုနီသာသနာတော်ကို တစတင်တည်ထောင်သူ မဟာပဇာပတိဂေါတမီသည် သက်တော်(၁၂၀) တွင် ပရိနိဗ္ဗာန်စံဝင်ခဲ့ပါသည်၊၊ သူမတည်ထောင်ခဲ့သော ဘိက္ခုနီသာသနာတော်ကြီးသည်လည်း နေ ရောင်၊ လရောင်ပမာထွန်းတောက်ခဲ့ပြီး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူအပြီး နှစ်ပေါင်း(၅၀၀) ကျော်တိုင် အိန္ဒိယတိုက်ကြီးအတွင်း တည်တန့်ပြန့်ပွားခဲ့ပြီး၊ “လောကုတ္တရာ ဗောဓိပက္ခိယတရား”များ ကို ဘ၀နှစ်၍ကြိုးစားလိုသူ အမျိုးသမီးများ၊ လူ့ဘ၀လူအသွင်ဖြင့် အားကိုးရာမဲ့နေသည့် အမျိုးသ္မီးများ စွာတို့၏မှီခိုရာ ညောင်ညိုပင် အေးရိပ်သာကြီးတစ်ခုဖြစ်ခဲ့ပါသည်၊၊



ဘိက္ခုနီသာသနာတော်သည် အိန္ဒိယတိုက်ကြီးမှ သာသနာတော်နှစ် (၃၀၄)၊ B.C 240,တွင် အာ သောကဘုရင်မင်းကြီး၏ တတိယသံင်္ဂါယနာပွဲကြီးမှစတင်ပြီး သီရိလင်္ကာနိုင်ငံသို့ ပြန့်ပွားခဲ့ပါသည်၊၊ ပြန့်ပွားပုံမှာ တတိတယသင်္ဂါယနာစည်းဝေးပွဲကြီး၏ဆုံးဖြတ်အရ အာသောကမင်းကြီး၏သားတော် “အရှင်မဟာမဟိန္ဒ”သည် ထိုအချိန်က “နာဂဒီပ၊ လင်္ကာဒီပ၊”ဟုခေါ်တွင်သော သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွရန် တာဝန်ပေးအပ်ခံရပါသည်၊၊



အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာသို့သာသနာပြုကြွတော်မူရာ များစွာအောင်မြင်သဖြင့် သီရိက လင်္ကာမှ အမျိုးသားများစွာပင် သာသနာတော်အတွင်းသို့ ရဟန်းအဖြစ်ဝင်ရောက်ခဲ့ကြပါသည်၊၊ ထိုအ ချိန်တွင် နာဂဒီပကျွန်းအရှင် “ဒေ၀ါနံပီယတိဿ ရှင်ဘုရင်”၏နှမတော်အရင်း “အနုလာဒေ၀ီ”မင်းသ္မီး သည် သာသနာတော်အတွင်း ဘိက္ခုနီဝတ်လိုသဖြင့် အရှင်မဟာမဟိန္ဒမထေရ်သည် နှမတော်အရင်း ဖြစ်သူ ဘိက္ခုနီ“သင်္ဃမိတ္တာထေရီ”အား ပင့်ခေါ်စေပါသည်၊၊



ရဟန်းမ သင်္ဃမိတ္တာထေရီသည် နာဂဒီပကျွန်းသို့ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓရှင်တော်ပွင့်တော်မူရာ မဟာဗောဓိ ပင်ကြီး၏ တောင်ဘက်ကိုင်းပွားနှင့်အတူ ရောက်ရှိလာခဲ့ပါသည်၊၊ ထိုဗောဓိပင်ကို အနုရာဓပူရမြို့ တော်၌ စိုက်ထားသည်မှာယနေ့တိုင် မြင်တွေ့နိုင်ပါသေးသည်၊၊ ဤသို့ဖြင့် သင်္ဃမိတ္တာထေရီသည် အနုလာမင်းသ္မီးအမှူးပြုသော နာဂဒီပကျွန်းသူအများအပြားတို့အား ရဟန်းခံပေးခြင်းဖြင့် သီရိလင်္ကာ နိုင်ငံ၏ ဘိက္ခုနီသာသနာကိုအစပြိုးပေးခဲ့ပါသည်၊၊



အနုလာဒေ၀ီမှစတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသနာတော်သည် ဒေ၀ါနံပီယတိဿမင်းလက် ထက်မှ “၀လဂမ္ဗမင်း”လက်ထက်တိုင် နှစ်ပေါင်း(1200)ခန့် တည်ရှိခဲ့သည်ဟု သီရိလင်္ကာနိုင်ငံ၊ ဘိက္ခုနီ သာသနာတော်မှတ်တမ်းများအရ သိရပါသည်၊၊ ထိုခေတ်အခါက ဘိက္ခုနီသာသနာ မည်မျှတိုးတက် စည်ကားခဲ့သည်ကို အနုလာမင်းသ္မီးမှ အနုလာဘိက္ခုနီဖြစ်လာသူ သီရိလင်္ကာဘိက္ခုနီမိခင်ကြီး သီ တင်းသုံးရာကျောင်းတိုက်ကြီးတစ်ခုတည်းတွင်ပင် ဘိက္ခုနီ (၉၀၀၀၀)ကျော်မျှရှိကြောင်းကို မှတ်တမ်း တင်ထားပါသည်၊၊ အခြားဘိက္ခုနီကျောင်းတိုက်ပေါင်းများစွာလည်း ရှိပါသေးသည်၊၊



သင်္ဃမိတ္တာထေရီကို ဆရာအရာထားလျက် အနုလာဒေ၀ီမှ စတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသ နာတော်သည် နှစ်တစ်ထောင်နီးပါး စည်ပင်ပြီးတည်တန့်ခဲ့ပြီး၊ နောင်သောအခါ သီရိလင်္ကာကျွန်းတွင် စစ်ပွဲကြီးများ၊ ကပ်ဘေးကြီးများပေါ်ပေါက်လာသောကြောင့် ပျက်စီးခဲ့ရပြန်ပါပါသည်၊၊ ယ္ခုအခါ ထို ကွယ်ပခဲ့သော ဘိက္ခုနီသာသနာကို သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ ဆွေးနွေးညှိနှိုင်ပြီး ဘိက္ခုနီသာသနာကိုပြန်လည် တည်ထောင်ထားသည်ကို တွေ့မြင်ရပါသည်၊၊ ထိုဘိက္ခုနီရဟန်းခံပွဲ ကြီးကို အိန္ဒိယတွင်ကျင်းပခဲ့ပြီး၊ “ကုသုမ”အမည်ရှိ သီရိလင်္ကာပညာတတ် အမျိုးသ္မီးတစ်ဦးသည် ရဟန်းခံခဲ့ပြီး၊ သီရိလင်္ကာသို့ပြန်လာကာ ဘိက္ခုနီသာသနာကိုပြန့်ပွားအောင် ကြိုးစားအားထုတ်ခဲ့ပါ သည်၊၊ သူမသည် “ဘိက္ခုနီသာသနာတော်လေ့လာချက်စာတမ်း”ဖြင့် (Ph.D=ပါရဂူဘွဲ့)ကိုရယူနိုင်ခဲ့ပါ သည်၊၊ ယ္ခုအခါသီရိလင်္ကာတွင် မျိုးဆက်သစ်ဘိက္ခုနီ (၃၀၀၀)ကျော်မျှရှိကြောင်းသိရ ပါသည်၊၊



ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော သာသနာတော်သက်တမ်း အနှစ် (၂၅၀၀)ကျော်ခဲ့ပြီးသည့် ယနေ့ မျက်မှောက်ကာလတွင်မူ ဘိက္ခု=အမျိုးသားသံဃာ၊ သာသနာတော်ကြီးတစ်ခုသာ မူလအတိုင်းကျန် ရှိနေပြီး၊ မူလဘိက္ခုနီ သာသနာတော်ကြီးမှာ အမျိုးမျိုးသောအကြောင်းများကြောင့် ကွယ်ပခဲ့ပြီဖြစ် ပါသည်၊၊ မဟာ ယာနဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည့်အချို့နိုင်ငံများတွင် ဘိက္ခုနီသာသနာတော်ကို ပြန်လည် တည်ထောင်ထားကြသော်လည်း မြတ်စွာဘုရားရှင်လက်ထက်တော်က ဘိက္ခုနီသာသနာ တော်နှင့် အနှစ်သာရအားဖြင့်များစွာ ကွာခြားသည်ဟု သိရှိရပါသည်၊၊



ထေရ၀ါဒဗုဒ္ဓဘာသာသည် သီရိလင်္ကာမှ မြန်မာနိုင်ငံသို့ ပြန့်ပွားခဲ့ရာတွင် ထေရာဝါဒ ပါဠိပိဋတ်တော် များနှင့်၊ ဘိက္ခုသံဃာသာရောက်ရှိပြန့်ပွားခဲ့ပြီး၊ ဘိက္ခုနီသာသနာတော် မြန်မာနိုင်ငံသို့ ရှေးခေတ်က ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းမရှိသည်ဖြစ်ရကား၊ ဘိက္ခုနီသာသနာတော်သည် မြန်မာနိုင်ငံတွင် မည်သည့်ခေတ်ကမှ ရောက်ဖူးခြင်းမရှိကြောင်း လေ့လာရပါသည်၊၊



အရှင်တို့၏မြန်မာနိုင်ငံတော်တွင် ဘိက္ခုနီသာသနာတော်ကို ထေရာဝါဒ၀ိနည်းတော်နှင့်အညီ တည် ထောင်ရန် အချို့ဆရာတော်ကြီးများ အကြိမ်ကြိမ်ကြိုးစားဖူးကြသော်လည်း ယနေ့တိုင်အောင်မြင်မှု မရရှိသေးသည်ကို တွေ့မြင်ရပါသည်၊၊ သာသနာတော်အတွက် အလွန်ကျေးဇူးများသည့် ကျမ်းပေါင်း (၂၂)ကျမ်းကျော်နှင့်၊ မိလိန္ဒပဌှာအကထာ၊ မန်းကွန်းရိပ်သာကြီးကို တည်ထောင်တော်မူသည့် “သထုံ ဇေတ၀န် ဆရာတော်ကြီး”ကမူ ဘိက္ခုနီသာသနာကို တည်ထောင်လိုက တည်ထောင်နိုင်ကြောင်း၊ ပါဠိတော်၊ အကထာ၊ ဋီကာတို့တွင် တည်ထောင်နိုင်လောက်သည့် ဖော်ပြချက်များစွာ အထင်ကရရှိ ကြောင်းကို မိန့်ဆိုတော်မူပါသည်၊၊



အရှင်တို့၏ မြန်မာနိုင်ငံတော်တွင် ဘိက္ခုသာသနာပြန်လည်တည်ထောင်မှုနှင့်ဆက်စပ်၍ အကြီး အကျယ် ဆရာတော်ကြီးများ အကြိမ်ကြိမ်အငြင်းပွားလျက် ရှိခဲ့ကြ၊ ရှိနေကြဆဲဖြစ်ပါသည်၊၊ ဘိက္ခုနီ သာသနာတော် တည်ထောင်သင့်သည်ဟု အယူအဆရှိသောဆရာတော်ကြီးများမှလည်း ပါဠိတော်၊ အကထာ၊ ဋီကာအထောက်အထားအခိုင်အမာဖြင့် ပြောဆိုသည့်အနည်းတူ၊ ဘိက္ခုနီသာသနာတော် ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်ကြောင်း သုံးသပ်သည့် ဆရာတော်ကြီးများမှလည်း အခိုင် အမာအထောက်အထားပြဆိုသည်ကို လေ့လာရပါသည်၊၊



သို့သော် ဘိက္ခုနီသာသနာတော်ကို ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်တော့ဟူ၍ သုံးသပ်ယူဆ တော်မူကြသော ဆရာတော်ကြီးများသည်လည်း ပါဠိပိဋကတ်အရာတွင် အမှန်တကယ်တတ်ကျွမ်း တော်မူကြသည့် ဆရာတော်ကြီးများပင်ဖြစ်ကြရကား သာမန်အသိညာဏ်အတွေးမျှဖြင့် ဝေဖန်ရန်ခက် ခဲလှတော့သည်၊၊



အရှင်၏ သေးနုလှသည့် အတွေးအထင်အရကိုလည်း တင်ပြလိုပါသည်၊ ထေရ၀ါဒဗုဒ္ဓဘာသာတွင် ဆယ်ပါးသီလမျှဆောက်တည်သည့် “သီလရှင် အမျိုးသ္မီး”များကိုပင် အသိအမှတ်ပြုနိုင်လျင် ဘိက္ခုနီ သာ သနာတည်ထောင်သည်ကို ခွင့်မပြုနိုင်ဖွယ်ရာမရှိဟု အမြင်ရှိပါသည်၊၊ မည်သို့ဆိုစေ ဘိက္ခုနီသာ သနာတော်သည် “ဖြစ်ပျက်အစဉ်၏ နှိပ်စက်မှုအောက်တွင် အခြားသင်္ခါရတရားများနည်းတူ ကွယ်ပခဲ့ပြီ ဖြစ်သည်၊၊” သို့သော်“မရှိခြင်းသည် ရှိလာဖို့အကြောင်း ဖြစ်သည်”ဟူသည့် နတ္ထိပစ္စည်း၏သဘော တရား အတွေးအခေါ်များကို မမေ့အပ်ချေ၊၊



အခြေအနေ အချိန်အခါရ အမှန်တကယ်လိုအပ်လာပြီး၊ ဘိက္ခုနီသာသာတော်တည်ထောင်ရန် အစွမ်း အစရှိသောအမျိုးသ္မီးများ ဗုဒ္ဓဘာသာအတွင်းပေါ်ပေါက်လာသော တစ်နေ့တွင်ဘိက္ခုနီ သာသနာ တော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီးအတွင်း ပြန်လည်ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ရပါ သည်၊၊ ဤအတွင် ဘိက္ခုသာသနာတော်အကြောင်းစာတမ်း အတော်အတန်မျှ ပြည့်စုံပြီဟုယူဆပါ သည်၊၊ ဤစာတမ်းကိုဖတ်ရှု၊ လေ့လာသူများအထဲတွင် “အလင်းစက် အရှင်”ထက် ဘိက္ခုနီသာသနာ တော် သမိုင်းတတ်သိ သူများအနေဖြင့် မှားယွင်းချွတ်ချော်မှုများတွေ့ရှိခဲ့သော် ဆွေးနွေးပြုပြင်ပေးရန် ခွင့်ပန် အပ်ပါသည်၊၊



စာဖတ်သူများအားလုံး အသိညာဏ်၊ ပညာဖြင့် မိမိဘ၀နှင့်၊ လောကတိုးတက်၊ ငြိမ်းချမ်းရေးကို ပြုနိုင်သူများဖြစ်ပါစေကြောင်း “အလင်းစက် အရှင်”ဆန္ဒပြုလိုက်ပါသည်၊၊



အရှင်ကေ၀လ (အလင်းစက်)



(www.ko-thitsar.blogspot.com)



မကုဋာရာမ မြန်မာကျောင်းတိုက်၊



ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊



(24.12.2011)

အပြည့်အစုံသို့....

Monday, December 5, 2011

အမျိုးသ္မီးများ၏ နေရာ၊၊ ၊၊



အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရားအလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊



ဟိန္ဒူဘာသာ၊


ခရာစ်ယာန်ဘာသာ၊


ဗုဒ္ဓဘာသာ၊


မူစလင်ဘာသာ၊ အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာ ကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ်မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့ မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့်သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာ ပေ အထောက်အထားများဖြင့် ဖော်ပြမည်ဖြစ်ပါသည်၊၊



ကောသလမင်းကြီးသည် တစ်နေ့သောအခါ ဗုဒ္ဓရှင်တော်အထံသို့ ရောက်လာခဲ့သည်၊၊ ဗုဒ္ဓနှင့် စကားပြောနေစဉ် အမတ်တစ်ဦးရောက်လာပြီး၊ ကောသလရှင်ဘုရင်ကို နားနားကပ်၍တီးတိုး လျောက် တင်လိုက်သည်၊၊ မင်းကြီးသည် သတင်းစကားကို ကြားလိုက်ရသောအခါ မျက်နှာမသာမယာဖြစ် သွားသည်၊၊ ဗုဒ္ဓရှင်တော်မှ မင်းကြီးဘယ်လိုကြောင့် မျက်နှာမသာ မယာဖြစ်သွားရသနည်းဟု မေးသောအခါ၊ မိဗုရားခေါင်ကြီး မလ္လိကာဒေ၀ီမှ သ္မီးမိန်းကလေး ဖွား မြင်ကြောင်း သိလိုက်ရသောကြောင့် စိတ်နှလုံးမသယာမယာ ဖြစ်ရပါသည်ဟု လျောက်တင်လေသည်၊၊



မင်းကြီး အင်္ဂါ(၄)မျိုးနှင့်ပြည့်စုံလျင် အမျိုးသ္မီးသည်အမျိုးသားနှင့်တန်းတူ မြင့်မြတ်သူဖြစ်သည်ဟု ညွှန်ပြ လိုက်ပါသည်၊၊ မြင့်မြတ်သည့် အမျိုးသ္မီးတို့၌ရှိသည့် အင်္ဂါလေးမျိုးမှာ--



(၁) ပညာတတ်ခြင်း၊


(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊


(၃) နှစ်ဘက်မိဘကို ရိုသေတတ်ခြင်း၊


(၄) လင်သားအပေါ် အမျိုးသမီးတာဝန်ကျေပွန်ခြင်း၊ တို့ဖြစ်သည်၊၊ ဤအင်္ဂါလေးမျိုးတိုးတက်အောင် ညွန်ပြသွန်သင်ပြီး၊ သမီးမိန်းကလေးများကို ကောင်းစွာနေရာပေးသင့်သည်ဟု ဗုဒ္ဓရှင်တော်မှ ကောသလ မင်းကြီးအား မိန့်တော်မူပါသည်၊၊



ဖော်ပြသည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင် ဗုဒ္ဓဘာသာ၌ အမျိုးသ္မီးအမျိုးသား ခွဲခြားမှုမရှိ၊ ကိုယ်ကျင့်တရားနှင့် အသိညာဏ်အပေါ်အခြေခံ၍ အမျိုးသ္မီးများကို ကောင်းမွန်စွာဆက်ဆံ၊ နေရာပေးထားသည်ကို လေ့လာရရှိနိုင်သည်၊၊



အခြားဟောပြောချက် တစ်နေရာတွင်မူ အနုစိတ်လွန်းသည့် ပြဿနာများကို အဖြေရှာရာတွင် အမျိုးသ္မီးများ၏ အသိညာဏ်ပါးနပ်မှုသည် အမျိုးသားများထက်သာလွန်ကြောင်း ဖော်ပြထားပါသည်၊၊ ဤဖော်ပြချက်မှာ အမျိုးသ္မီးတို့၏ ညာဏ်ပညာထက်မြက်မှုကို ထင်ဟပ်စေပါသည်၊၊



ကိစ္စတသီး၊ အရေးကြီး၍၊



မပြီးနိုင်က၊ ကြံမရသော်၊


မိန်းမကိုသာတိုင်ပင်ရာဟု၊


ပညာရှိများ၊ အစဉ်ကြားလျက်၊


ထင်ရှားမိန့်မှာ၊ ဥဒါန်းလာ၏၊၊ (မဃဒေ၀ လင်္ကာ)



ဗုဒ္ဓကိုယ်တိုင် ဟောပြောထားသည့် အခြားဇာတ်လမ်းတစ်ခုတွင်မူ “ဘုန်းကံမရှိသောအမျိုးသားသည် ဘုန်းကံကြီး သည့် အမျိုးသ္မီးကိုမရရှိနိုင်ကြောင်း”ပါရှိလေသည်၊၊ သို့ဆိုလျင် အချို့အမျိုးသ္မီးများသည် အမျိုးသားများထက်ပင် ဘုန်းကံကြီးကြောင်း တွေ့ရမည်ဖြစ်သည်၊၊



ဟိန္ဒူ-ဗြဟ္မဏ၀ါဒတွင် အမျိုးသ္မီးများသည် သေလွန်သွားကြသည့် ဆွေမျိုးမိဘများအတွက် ကုသိုလ်ပြု၍ အမျှဝေ ခွင့်ကို မရရှိပေ၊ အကြောင်းမှာ အမျိုးသ္မီးတို့ပေးဝေသော အမျှကိုသေလွန်ပြီး သူများက “သာဓု”မခေါ်ဆိုနိုင်သော ကြာင့်ဟု ဆိုသည်၊၊ ဤ၀ါဒကိုလက်မခံလို၍ ဗုဒ္ဓရှင်တော်မှ “နန္ဒနီသုတ်” တွင် သေလွန်သူ ဆွေမျိုး၊ မိဘ၊ မိတ်ဆွေများ အတွက် အမျိုးသားဖြစ်စေ၊ အမျိုးသ္မီးဖြစ်စေ အမျှဝေနိုင်ကြောင်း၊ သေလွန်ပြီးသူများသည်လည်း ပေးဝေသည့် အမျှကို ဧကန်ရရှိပါကြောင်း သင်ပြထားပါသည်၊၊



ဘာသာရေးကျင့်ဝတ်များ၊ ကုသိုလ်လုပ်ငန်းများကို အမျိုးသ္မီးတို့ကိုယ်တိုင်ပြုလုပ်ခွင့်မရသော ကမ္ဘာ့ဘာသာပေါင်း များစွာရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင်မူ အမျိုးသ္မီးများသည် သက်တော်ထင်ရှား ဗုဒ္ဓကိုယ်တော်တိုင်ကိုပင်လျင် ဆွမ်းဆက်ကပ်ခွင့်၊ ရင်းနှီးစွာနေထိုင်ခွင့်ကို ရရှိပါသည်၊၊ ၀ိသာခါကျောင်း အမကြီးနှင့် ဗုဒ္ဓရှင်တော်တို့သည် အမျိုးသ္မီးတို့၏အတွင်းရေးများကို အခါအားလျော်စွာ ဆွေးနွေးလေ့ရှိကြောင်း “၀ိနယပိဋက”တွင် ဖော်ပြပါသည်၊၊ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှု၊ ပြုကြသည်ဟု ဖော်ပြထားပါ သည်၊၊



ထိုဇနီးမောင်နှံကို မြတ်စွာဘုရားရှင်မှ အပြစ်တစ်စုံတရာ မတင်သည့်အပြင် “ဤဇနီးမောင်နှံသည် ငါဘုရားရှင်နှင့် ရင်းနှီးသူများအထဲတွင် အရင်းနှီးဆုံးသူများဖြစ်သည်ဟု ဧတဒဂ်ဘွဲ့ထူး”ကိုပင် ပေးအပ်တော်မူပါသည်၊၊ ဤသာဓက ကိုထောက်ဆ၍ ယနေ့ခေတ်အခါတွင် တချို့သောစေတီ၊ သိမ်၊ ကျောင်း၊ ဘုရား များအပေါ်သို့ အမျိုးသမီးမတက်ရ၊ မကိုင်တွယ်ရ၊ မထိရ၊ မတက်ရဆိုသောအယူအဆများမှာ ဘုရားရှင်လက်ထက်က မရှိခဲ့ဘဲ၊ နှောင်းခေတ်များမှ ဖြစ်ပေါ်လာသောအယူအဆများသာ ဖြစ်နိုင်လေသည်၊၊



ရှေးခေတ် အိန္ဒိယအယူအဆ တစ်ခုတွင်လည်း အရွယ်ရောက်ပြီး အိမ်ထောင်မပြုသော(အပျိုကြီး) အမျိုးသ္မီးများကို “အမျိုးကို ယုတ်နိမ့်စေသူ”ဟု သဘောထားသတ်မှတ်ကြသည်၊၊ မိသားစုတွင် ကျွန်တစ်ဦးကဲ့သို့ဆက်ဆံ သည်ဟု လေ့လာတွေ့ရှိရသည်၊၊ မြတ်စွာဘုရားရှင်သည် မမှန်ကန်သည့် ဤအယူအဆကို ပယ်လှန်သည့်အနေဖြင့် “မဟာဝစ္ဆဂေါတ္တသုတ်”တွင် အမျိုးသ္မီးတစ်ဦးအနေဖြင့် အိမ်ထောင်မပြုလိုလျင် နေခွင့်ရှိကြောင်း၊ အမျိုးကို ယုတ်ညံ့စေသူ မဖြစ်ကြောင်းနှင့်၊ အပျိုကြီးဘ၀ ဖြင့်နေသဖြင့် “ဗြဟ္မစရိယ”ဟုခေါ်သော မြင့်မြတ်သည့်အကျင့်ကို အိမ်ထောင်သည်အမျိုးသ္မီးများထက် ကျင့်ကြံရန် လွယ်ကူသူများဖြစ်ကြောင်း ချီးမွှန်းတော်မူပါသည်၊၊



ဤအထောက်အထားမှာ ဗုဒ္ဓဘာသာ၏ သာမန်အမျိုးသ္မီးများအတွက်တင်မက အိမ်ထောင်မပြု လိုသည့်အမျိုးသ္မီးများ၊ အိမ်ထောင်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ထားသော အမျိုးသ္မီးများအတွက်ကိုပါ ထည့်သွင်း စဉ်းစား၊ အလေးထားသည်ကို လေးနက်စွာတွေ့ရပါသည်၊၊ ဤသင်ကြားချက်များကို လေ့လာသောအားဖြင့် ဗုဒ္ဓ၀ါဒ သည် ဘာသာရေးသီးသန့်ဝါဒ သက်သက်မဟုတ်ဘဲ၊ လူမှုရေးကဏ္ဍများကိုလည်း အလေးထားဟောပြောသည့် ဘာသာဝါဒဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်၊၊



မှန်သည်၊၊ အိမ်ထောင်မပြုသော အမျိုးသ္မီးနှင့်၊ အိမ်ထောင်ကျပြီး ကွာရှင်းထားသောအမျိုးသ္မီးများသည် သာသနာဘောင်သို့၍၀င်၍ လောကကုတ္တရာတရားများကိုလည်း လွတ်လပ်စွာကျင့်ခွင့်ရသည်၊ လူသာ မန်ဘ၀ဖြင့် တရားဘာဝနာလိုက်စားမည်ဆိုကလည်း လွတ်လပ်စွာလိုက်စားခွင့်ကို အိမ်ထောင်ရှင် အမျိုးသ္မီးများထက် ပို၍လွယ်ကူစွာရသည်မှာ ငြင်းရန်မရှိသောလွတ်လပ်မှု ဖြစ်ပါသည်၊၊



ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားများနှင့် တန်းရည်တူအရည်အသွေး (၅)မျိုးရှိကြောင်းကို “စိတ္တပရိယာဒါယ ၀ဂ္ဂ၊ အဂုင်္တ္တရပါဠိ”တွင် ညွှန်ပြထားပါသည်၊၊ အမျိုးသ္မီးတို့၏ အမျိုးသားများနည်းတူ အရည်အသွေး ငါးမျိုးမှာ--



(၁) အမျိုးသ္မီးတို့၏ အဆင်း၊


(၂) အမျိုးသ္မီးတို့၏ အသံ၊


(၃) အမျိုးသ္မီးတို့၏ အနံ့၊


(၄) အမျိုးသ္မီးတို့၏ အနှစ်၊


(၅) အမျိုးသ္မီးတို့၏ အတွေ့၊ တို့ဖြစ်ပါသည်၊၊



ယောကျာင်္းတစ်ဦးသည် မည်မျှစွမ်းရည်ပြည့်ဝသည်၊ အင်အားကြီးသည်ဆိုစေကာမူ အမျိုးသ္မီးတို့၏ အထက်ပါ စွမ်းရည်များအောက်တွင် ဆွဲဆောင်မှုကိုခံကြရကြောင်း၊ ကျရှုံးကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူ ထားပါသည်၊၊ မျက်မှောက်ခေတ်နှင့်၊ ထိုထိုနိုင်ငံသမိုင်းများတွင်လည်း အထက်ပါ အမျိုးသ္မီးတို့၏ စွမ်းရည်အောက်တွင် အများသားခေါင်းဆောင်များစွာတို့ ဆွဲဆောင်မှုခံကြရ၊ ကျရှုံးကြရသည်ကို လေ့လာသောအားဖြင့် အထင်သေးအပ် သည့် စွမ်းရည်များမဟုတ်သည်ကို သတိချပ်အပ်သည်၊၊ အထက်ဖော်ပြပါစွမ်းရည်ငါးမျိုးမှာ အမျိုးသားများတွင်လည်း နည်းတူတည်ရှိပါသည်၊၊



ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားနည်းတူ တည်ရှိသောအခြားစွမ်းရည်ရှစ်မျိုးကိုလည်း ဗုဒ္ဓရှင်တော်သည် “ဣတ္ထိဗန္ဓနသုတ်”တွင် ဟောတော်မူထားပါသေးသည်၊၊ စွမ်းရည်ရှစ်မျိုးမှာ--



(၁) အမျိုးသ္မီးတို့၏ အဆင်း၊


(၂) အမျိုးသ္မီးတို့၏ ပြုံးရယ်မှု၊


(၃) အမျိုးသ္မီးတို့၏ အပြောအဆို၊


(၄) အမျိုးသ္မီးတို့၏ တေးသီချင်း၊


(၅) အမျိုးသ္မီးတို့၏ မျက်ရည်၊


(၆) အမျိုးသ္မီးတို့၏ အတွင်းသဘောထား၊


(၇) အမျိုးသ္မီးတို့၏ ပန်းနံ့သာပန်ဆင်မှု၊


(၈) အမျိုးသ္မီးတို့၏ အတွေ့အထိ၊ တို့ဖြစ်ကြသည်၊၊



အထက်တွင်တင်ပြထားသည့် စွမ်းရည်ရှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသ္မီးတွင် တန်းရည်တူရှိသော စွမ်းရည်များ ဖြစ်ပါသည်၊၊ ဖော်ပြထားသည့်စွမ်းရည်များမှာ အမျိုးသ္မီးနှင့် အမျိုးသားတို့၏ သဘာဝစွမ်းရည်များဖြစ်ကြောင်းနှင့်၊ အမှန်တကယ်လည်း စွမ်းရည်ပြည့် အသုံးဝင်သောစွမ်းရည်များဖြစ် ကြောင်း လေ့လာသိရှိရသည်၊၊



လူ့အသိုင်းအ၀ိုင်းကြီးသည် မိဘများကြောင့် ပေါ်ထွန်းလာခြင်းဖြစ်သည်၊၊ အမျိုးသားချည်း လူ့အသိုင်းအ၀န်းကြီး မဖြစ်ပေါ်နိုင်သကဲ့သို့၊ အမျိုးသ္မီးချည်းလည်း လူလောကကို တည်ဆောက်ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသ္မီးတို့မှာ အဆင့်တူအရေးပါသော လူသားအရင်းအမြစ် ဖြစ်သည်ဟုဆိုက သင့်တော်သည့်အဆိုဖြစ်သည်၊၊ အမျိုးသ္မီးများသည် အမျိုးသားလောက် အရေးပါမှုမရှိ၊ မြင့်မြတ်မှုမရှိဟုဆိုလျင် ဘက်လိုက်သောအဆိုသာ ဖြစ်တော့သည်၊၊



ဗုဒ္ဓရှင်တော်သည် “သုဗြဟ္မသုတ်၊ အဂုင်္တ္တရနိကာယ်”တွင် မိသားစုတစ်ခုတွင် မိခင်နှင့် ဖခင်တို့မှာ သား/သမီးများ အတွက် တန်းတူအဆင့်ရှိသည်ဟု ဟောပြောထားသည်ကို တွေ့ရသည်၊၊ ဤသုတ်တွင် “မိသားစုတွင် မိဘနှစ်ဦး လုံးကိုပင် မြင့်မြတ်သူများဖြစ်၍ ရှေးဦးဆရာဟူ၍၄င်း၊ ဗြဟ္မာကြီးများ ဟူ၍၄င်း၊ သား/သမီးတို့၏အပူဇော်ကို ခံယူ ထိုက်သူများဟူ၍၄င်း” အထူးအဆင့်ရှိနေရာများတွင် တန်းတူထား၍ ဗုဒ္ဓရှင်တော် ဟောကြားတော်မူထားပါသည်၊၊



မိသားစုတစ်ခုတွင် အမျိုးသားထမ်းဆောင်ရသောတာဝန်နှင့် အမျိုးသ္မီးထမ်းဆောင်ရသော တာဝန်များ သည် လေးနက်မှုအားဖြင့် တူညီသည်ကိုတွေ့ရသည်၊၊ အမျိုးသားသည် စီးပွားရှာရသကဲ့သို့ အမျိုးသ္မီး၏အိမ်တွင်း တာဝန်များသည်လည်း ပေါ့ပါးလှသည်မဟုတ်ပေ၊၊ ၀မ်းနည်းဖွယ်ကောင်းသည်မှာ အမျိုးသ္မီးများ၏ အိမ်တွင်း အလုပ်များသည် လေးနက်သည်မှန်သော်လည်း အမည်တပ်၍ပြစရာ မရှိဖြစ်နေတတ်ခြင်း ဖြစ်သည်၊၊ မည်သို့ဆိုစေ အမျိုးသ္မီးများသည် အိမ်ထောင်တစ်ခုတွင် အမျိုးသားနည်းတူ အဆင့်ရှိ၊ အရေးပါသောသူများ ဖြစ်တော့သည်၊၊



“ဒုတိယလောက ၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်”တွင် အမျိုးသ္မီးများမဖြစ်မနေ ထမ်းဆောင်နေရသည့် အိမ်ထောင်ရေး တာဝန် ရှစ်မျိုးကိုဖော်ပြထားသည်၊၊ “သိင်္ဂါလောက၀ါဒသုတ်”တွင်မူ အမျိုးသမီး၊ အမျိုးသားနှစ်ဦးလုံးတို့၏ အိမ်ထောင်ရေးတာဝန်ငါးမျိုးစီကို ဖော်ပြထားသည်၊၊ အမျိုးသားများမခံစား ရဘဲ၊ အမျိုးသမီးများသီးသန့် အိမ်ထောင်ရေးတွင် ခံစားကြရသောဒုက္ခငါးမျိုးကို “အာဝေနိက ဒုက္ခသုတ်”တွင် ဖော်ပြထားပါသည်၊၊



(၁) အိမ်ထောင်ပြုပြီးသော အမျိုးသ္မီးသည် မိဘကိုစွန့်ခွာ၍ အမျိုးသားအိမ်သို့လိုက်ပါရခြင်း၊


(၂) လစဉ်ဓမ္မတာ သွေးဆင်းရခြင်း၊


(၃) ကိုယ်ဝန်ဆောင်ရခြင်း၊


(၄) သား၊ သ္မီးမွေးဖွားရခြင်း၊


(၅) လင်ယောကျာင်္းအား ပြုစုရခြင်း၊ တို့ဖြစ်သည်၊၊



အာဝေနိက ဒုက္ခငါးမျိုးမှာ အမျိုးသ္မီးတစ်ယောက်အတွက် ဘ၀တစ်သက်တာ ခံစားရသောအဆုံး မသတ်သည့် ဆင်းရဲခြင်းများဖြစ်ပါသည်၊၊ အမျိုးသားများသည် အာဝေနိက-ဒုက္ခမှအခန့်သားကင်း လွတ်ခွင့်ရသူများပင် ဖြစ်သည်၊၊ အာဝေနိက ဒုက္ခမည်မျှအထိ ပင်ပမ်းဆင်းရဲသည်ကို အမျိုးသ္မီးများသာ သိနိုင်သည်၊၊ သို့သော် “ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် တစ်နေ့ကိုသုဿာန်သို့ မျက်စောင်းသုံးကြိမ်ထိုးသည်”ဟု မြန်မာရှေးရိုးစကားရှိသောကြောင့် ခန့်မှန်း၍ကားအမျိုးသားများပင် သိရှိနိုင်လေသည်၊၊



ဤမျှ ဘ၀တာဝန်အကြီးများကို ထမ်းဆောင်နေရသော အမျိုးသ္မီးများကို ဗုဒ္ဓရှင်တော်မှ အမျိုးသားများနှင့် အခွင့်အရေးတန်းတူ ပေးသနားတော်မူသည်မှာ လွန်စွာတရားမျှတသည်ဟု ဆိုရပါမည်၊၊ သို့သော် အမျိုးသ္မီးများ အတွက် ၀မ်းနဲဖွယ်အကြောင်းတစ်ရပ်မှာ မည်သို့ပင်ဗုဒ္ဓရှင်တော်မှ နေရာပေး စေကာမူ ယေဘုယျအမျိုးသ္မီးတို့၏ လူမှုအသိုင်းအ၀န်း အံဝင်ခွင်ကျမဖြစ်မှု၊ ခန္ဓာဗေဒဆိုင်ရာ မသင့်တော်မှုအချို့ကြောင့် အမျိုးသားနည်းတူ အဆင့် တစ်ခုကို အပီအပြင်ရရှိရန်ကား ဖြစ်နိုင်ခြေမရှိသော အကျိုးတစ်ရပ်ပင် ဖြစ်ပါသည်၊၊



သဘာဝအားဖြင့် အမျိုးသ္မီးများသည် အမျိုးသားများထက် အလှအပကို ပို၍ခံစားတတ်သူ၊ မိမိအလှ အပကိုလည်း ပြတတ်သူများဖြစ်ပါသည်၊၊ သို့ပါလျက် မိမိအလှအပကိုလည်း ပြခွင့်မရ၊ သူတစ်းပါး အလှအပကိုလည်း လွတ်လပ်စွာခံစားခွင့်မရသော၊ တစ်ကိုယ်လုံးခြုံထားရသည့် အမျိုးသ္မီးများလည်း ယနေ့ခေတ်တိုင် ရှိနေပါသေးသည်၊၊



ဗုဒ္ဓဘာသာတွင် အမျိုးသ္မီးများအတွက် အမြင့်ဆုံးအဆင့်တစ်ခုကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ပေးတော်မူခဲ့ပါသည်၊၊ ထိုအခွင့်အရေးမှာ အမျိုးသ္မီးများသည် အမျိုးသားများကဲ့သို့ သာသနာဘောင်တွင် ရဟန်းပြုခွင့်ရနိုင်ပါသည်၊၊ ဗုဒ္ဓဘာ သာ၏ ပန်းတိုင်ဖြစ်သည့် ဈာန်၊ မဂ်၊ ဖိုလ်နှင့်၊ နိဗ္ဗာန်ချမ်းသာကိုလည်း အမျိုးသ္မီးများ ရရှိစံစားနိုင်ပါသည်၊၊ မြတ်စွာ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သာသနာဘောင်တွင် အမျိုးသ္မီးများသည် “ဘိက္ခုနီ”ဟူသောအမည်ဖြင့် ရဟန်းပြုကြပြီး၊ ရဟန္တာမကြီးများဖြစ်သွားကြသည့် အမျိုးသ္မီးပေါင်းများစွာပင် ဘုရားရှင်လက်ထက်တော်က ရှိခဲ့ပါသည်၊၊



သီရိလင်္ကာနိုင်ငံနှင့် အခြားထေရာဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ယနေ့တိုင် “ဘိက္ခုနီသာသနာ”တည်ရှိနေပါသေး သည်၊၊ မြန်မာနိုင်ငံတွင်မူ ဘိက္ခုနီသာသနာ ကွယ်ပျောက်ခဲ့ပြီး၊ အမျိုးသ္မီးများသည် သာသနာတော်တွင် “သီလရှင်” အမည်ဖြင့်သာ ကျန်ရှိနေပါတော့သည်၊၊ မည်သို့ဆိုစေ အမည်နာမ သည် အရေးကြီးလှသည် မဟုတ်ပါ၊ အကျင့် သိက္ခာများကို ကျင့်သုံးမှုသည်သာ ပဓာနဖြစ်ပါသည်၊၊



မြတ်စွာဘုရားရှင်လက်ထက်တော်က အမျိုးသားများသည် အမျိုးသ္မီးရဟန်း ဘိက္ခုနီများကို အထင်သေးကြပါသည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်မှ ရဟန္တာဖြစ်ပြီးသော “မဟာပဇာပတိ ဂေါတမီဘိက္ခုနီ” အား ရဟန်းအမျိုးသ္မီးများကို အထင်သေးကြသည့်သူများအတွက် တန်ခိုးအမျိုးမျိုးကို ပြစေပါသည်၊၊ ‘ဂေါတမီ ဘိက္ခုနီ’သည် ကောင်းကင်သို့ဈာန် အဘိညာဉ်ဖြင့်တက်၍ ရေ-မီး-အစုံအစုံ တန်ခိုးအမျိုးမျိုး ကို ဖန်ဆင်းပြပါသည်၊၊ ထိုအခါကြမှသာ အမျိုးသားများသည် အမျိုးသ္မီးရဟန်းများကို ရှိခိုး၊ ဦးချရိုသေ လာခဲ့ကြပါသည်၊၊



တင်ပြခဲ့ပြီး အထက်ပါ သာဓက၊ ယုတ္တိ၊ သဘာဝများကိုထောက်ဆ၍ လေ့လာသုံးသပ်လျင် ဗုဒ္ဓဘာသာသည် အမျိုးသ္မီးများကို အလေးထားဆက်ဆံသော ဘာသာတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်၊၊ ထို့အပြင် အမျိုးသ္မီးများ အတွက် အခွင့်အရေး၊ အဆင့်၊ နေရာအကောင်းဆုံးပေးသော ဘာသာတစ် ခုဖြစ်သည်မှာလည်း လက်တွေ့ပင် ဖြစ်ပါသည်၊၊ မိမိရသည်အခွင့်အရေးကို အကောင်းဆုံးအသုံးချရန် သည်ကား အမျိုးသ္မီးများ၏တာဝန်သာ ဖြစ်ပါသည်၊၊



ယနေ့ခေတ်အခါတွင်မူ အမျိုးသ္မီး၊ အမျိုးသားခွဲခြားမှုသည် မရှိသလောက်ပပျောက်ခဲ့ပြီ ဖြစ်ပါသည်၊၊ နိုင်ငံအများတွင် အမျိုးသ္မီးခေါင်းဆောင်များပေါ်ထွက်လျက်ရှိပြီး၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အမျိုးသ္မီးများသည် အမျိုးသားနည်းတူ စွမ်းရည်ပြကြလျက်၊ အခွင့်အရေးတန်းတူရရှိနေကြပြီ ဖြစ်ပါသည်၊၊ အမျိုးသ္မီး များအနေဖြင့် သည့်ထက်ပို၍တိုးတက်အောင် ကြိုးစားနိုင်ကြမည်ဆိုလျင် ပို၍ဘ၀မျက်နှာပန်းလှ ကြမည် ဖြစ်ပါသည်၊၊



အရှင်တင်ပြခဲ့သော ဗုဒ္ဓဘာသာအတွင်း အမျိုးသ္မီးများအတွက် နေရာပေးမှုစာတမ်း အတိုင်းအတာ တစ်ခုအထိ ပြည့်စုံပြီဖြစ်ပါသည်၊၊ ရခဲလှသည့်လူ့ဘ၀တွင် အမျိုးသား၊ အမျိုးသ္မီးမရွေး ကိုယ်တိုင်ကြိုး စားမှုမြင့် ပြီးပြည့်စုံသည့် ဘ၀အဆင့်အတန်းကို ရရှိနိုင်ကြပါစေကြောင်း အာသီသပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊



အရှင်ကေ၀လ (အလင်းစက်)


(www.ko-thitsar.blogspot.com)


မကုဋာရာမ-မြန်မာကျောင်းတိုက်၊


ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊




{ကျမ်းကိုး/ ဓီတုသုတ်၊ ကောသလသံယုတ်၊၊ နန္ဒနီသုတ်၊ သံယုတ္တနိကာယ်၊၊ မဟာဝစ္ဆဂေါတ္တသုတ်၊ မဇ္ဈိမနိကာယ်၊၊ စိတ္တပရိယာဒါယ၀ဂ်၊ အင်္ဂုတ္တရနိကာယ်၊၊ အိတ္ထိဗန္ဓနသုတ်၊ ပုရိသဗန္ဓနသုတ်၊ အဂုင်္တ္တရ နိကာယ်၊ သဗြဟ္မကသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ ဒုတိယ လောက၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ အာဝေနိကဒုက္ခသုတ်၊ သံယုတ္တနိကာယ်နှင့်၊ အမျိုးသမီးဆိုင်ရာ ဆောင်းပါးများစွာကို ကိုးကားလျက် ဤစာတမ်းကို ရေးသားပါသည်၊၊ အချက်အလက်များကို တင်ပြရာတွင် ဆဌသင်္ဂါယာနာမူနှင့်၊ PTSမူမှာ ကွဲလွဲချက်များရှိပါသည်၊၊}

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP