Saturday, September 24, 2011

ဆုတောင်းခြင်း၊၊ ၊၊



ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊



ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊



“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊



ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊



ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့် သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟု ပြန်လည်မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊



“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည် တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင်ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊



ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့နှလုံးသားတွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊



“အရှင်မဟာသီလ၀ံသ”“ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက်သည့်သာဓကလည်း ဖြစ်ပါသည်၊၊



အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊



သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊



ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်”များတွင် လေ့လာရရှိနိုင်သည်၊၊



ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊



မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေအထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊



လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိကြောင်းကို တွေ့ရသည်၊၊



“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်းပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်၊၊




အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊



ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည်ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊



(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊



(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊



(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊



(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊



(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊



(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊




ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆုများနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊



“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော်လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊



ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊



ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊



ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊



(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊



(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊



(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရ

စေ၊၊



(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊



(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊



(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊



(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊



(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊



(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊



(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊




အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲရင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့် ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊



ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါသည်၊၊



“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊



အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -



(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊



(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊



(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊



(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊



(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊



(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊



(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊



(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊



(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊



(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊



(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊



(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊



(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊



(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊



(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊



(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊



(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊



(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊



အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ်ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊



ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊



ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊ မိမိဘ၀တွင် ဖြစ်ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွားများကိုအလေးပေး ဆုတောင်းတတ်ကြည်သည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည် အရှင်ထင်မြင်မိပါသည်၊၊



ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများစွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုပ်သည့် ဆုတောင်းများ ဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်၊၊



ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့် မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေးချမ်းသာသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊



မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါသည်၊၊ စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊



(မှတ်ချက်/ ကဏှဇာတက၊၊ အကိတ္တိဇာတက၊ ဇာတကပါဠိတော်နှင့် အကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ရွှေကျင်နိကာယသာသနာဝင်၊ ဥပရိပဏ္ဏာသအကထာ၊ အနုပဒ၀ဂ်၊ သင်္ခါရူပပတ္တိသုတ္တ၀ဏ္ဏာနာ၊တို့ကို ကိုးကားပါသည်၊၊)



မေတ္တာဖြင့် - - -



အရှင်ကေ၀လ(အလင်းစက်)



မကုဋာရာမ-မြန်မာကျောင်းတိုက်၊



ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊



( ၁၁.၉.၂၀၁၁ )

အပြည့်အစုံသို့....

Sunday, September 4, 2011

တက်လူ၊၊ ၊၊




မြန်မာစာတွင် “တက်လူ၊ ကျလူ”ဟူ၍ စကားလုံးဝေါဟာရနှစ်ခုကို တွေ့ရသည်၊၊ မည်သို့စံချိန် စံညွှန်း များနှင့်ပြည့်စုံသူကို “တက်လူ”ဟူ၍ခေါ်ဆိုပြီး၊ မည်သည့်စံချိန်စံညွှန်းမျိုးရှိနေသူကို “ကျလူ”ဟူ၍ခေါ် သည်ကိုမူ တိတိကျကျသိနိုင်ခဲသည်၊၊



အများအားဖြင့် အသက်အရွယ်ငယ်ရွယ်နုပျိုသူများကို “တက်လူ”ဟူ၍ သတ်မှတ်ကြသည်၊၊ အသက်အ ရွယ်ကြီးပြီးသောသူများကိုမူ “ကျလူ”ဟူ၍ လွယ်လွယ်ပင်သတ်မှတ်လိုက်ကြသည်၊၊



ငယ်ရွယ်သူများကို “တက်လူ”ဟုခေါ်ဆိုသည်မှာ ယေဘုယျအားဖြင့်မူ မှန်ကန်သည်ဟုဆိုနိုင်သည်၊၊ အခါခပ်သိမ်းအားဖြင့်မူ မှန်ကန်သည်ဟု မဆိုနိုင်၊၊ အသက်အရွယ်အားဖြင့် ကြီးပြီးသောသူများကို ယေဘုယျအားဖြင့် “ကျလူ”ဟူ၍ခေါ်ဆိုသည်မှာလည်း ဖြစ်နိုင်ခြေရှိသည်၊ အခါခပ်သိမ်းတွင်မူ မဖြစ်နိုင်ပေ၊၊



တစ်ချို့လူငယ်များသည် အရာရာတွင် စိတ်အားထက်သန်ပြီး၊ လုပ်ချင်၊ ကိုင်ချင်စိတ်ရှိသည်၊ ရည်မှန်း ချက်ကြီးမားသည်၊ သတ္တိရှိသည်၊ စွန့်စားလုပ်ကိုင်တတ်သည်၊ သည်သို့သောလူငယ်များကို ချွင်းချက် မရှိ “တက်လူ”ဟူ၍ ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊



တစ်ချို့အသက်အရွယ်ကြီးပြီးသောသူတို့သည် အစစတွင်လေးလံထိုင်းမှိုင်းပြီး၊ စိတ်အားထက်သန်မှု မရှိတော့ဘဲ၊ ချောင်ကြိုချောင်ကြားတွင်သာ ဘ၀ကိုမြှုပ်နှံလိုက်ချင်တော့သည်၊ ဤသို့သောလူကြီး များကို “ကျလူ”ဟူ၍လွယ်ကူစွာပင် သတ်မှတ်ရရှိနိုင်သည်၊၊



သို့သော် နေ့စဉ်ဘ၀ကိုရုန်းကန်နေကြသောလူများစွာကို လေ့လာအကဲခပ်ကြည့်သောအခါ လူငယ်တိုင်း တက်လူမဟုတ်ကြသလို၊ လူကြီးတိုင်း ကျလူမဖြစ်သေးသည်ကို သတိပြုမိသည်၊၊ ငယ်ရွယ်သူ အချို့သည် ဘ၀ကိုတက်တက်ကြွကြွဖြင့် လျောက်လှမ်းပြီးပန်းတိုင်ကို မြဲမြဲဖမ်းကိုင်ရမည့်အစား၊ ပျင်းရိ လေးတွဲလျက်၊ ပေါ့ဆလွန်းသည်များကို များစွာတွေ့ရသည်၊၊




ဤသို့သော လူငယ်များကို “တက်လူ”ဟုမခေါ်ဆိုနိုင်ရုံမျှမက “ကျလူ”ဟူ၍ပင်ခေါ်ဆိုရမည် ဖြစ်သည်၊ ဘ၀တက်လမ်း မရှိတော့သောကြောင့် ဖြစ်ပါသည်၊၊ တချို့လူငယ်တို့သည်လည်း မိမိ၏ရုန်းကန်မှုအ ပေါ်တွင် ဖြစ်ပေါ်လာသောကိုယ်ပိုင်နှင့်၊ မိဘပိုင်ပစ္စည်းကို မခွဲခြားတတ်ဖြစ်နေပြန်သည်၊၊ ထို့ကြောင့်ပင် မိဘ၏ပိုင်ဆိုင်မှုချွေးနှဲစာကို သောက်ကာ၊ စားကာ နှင့်ဖြုန်းတီးနေသည်များကိုလည်း တွေ့ရသည်၊၊ အားကိုးရာမိဘပစ္စည်းကုန်သောအခါနှင့်၊ မိဘတို့မရှိ တော့သောအခါ အားကိုးရာမဲ့ ဘ၀ပျက်ရတော့သည်၊၊



အရွယ်ရှိပြီးသောလူကြီးအချို့သည် အသက်အရွယ်နှင့်မမျှအောင် တက်ကြွလျက်ရှိသည်ကို အံ့သြ ဖွယ်တွေ့ရသည်၊၊ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန် တက်တက်ကြွကြွ၊ ရွှင်ရွှင်လန်းလန်းဖြင့် အားမာန်အပြည့်ဖြစ်လျက် ရှိသည်၊၊



လုပ်သမျှအလုပ်တို့သည်လည်း အတွေ့အကြုံတွင်အခြေခံထားသည့်အတွက် သေခြာသည်၊ စနစ်ရှိ သည်၊ သပ်ရပ်သည်၊ ထို့ကြောင့်ပင် အောင်မြင်သည်ထက် အောင်မြင်ရသည်၊ တိုးတက်သည်ထက် တိုးတက်ရသည်၊၊



ထို့ကြောင့် ဘ၀တစ်ခုတွင် တက်လူနှင့် ကျလူဟူသည်ကို အသက်အရွယ်ဖြင့် တိုင်းတာသတ်မှတ်ခြင်း သည် လုံးဝမှားယွင်းသည့် စံတစ်ခုဖြစ်သည်၊၊ အမှန်မှာ တက်ကြွမှု၊ အလုပ်၊ သတ္တိတို့ဖြင့်သာ “တက်လူ နှင့်၊ ကျလူ”ဟူသည်ကို သုံးသပ်ရမည်၊၊



လူတစ်ယောက်သည် မည်မျှငယ်ရွယ်သူ၊ နုပျိုသူဖြစ်စေကာမူ တက်ကြွမှု မရှိ၊ အလုပ်မလုပ်၊ သတ္တိညံ့ ဖြင်းလျင် ကျလူပင်ဖြစ်သည်၊၊ အသက်ပင်ကြီးစေကာမူ တက်ကြွမှု ရှိသည်၊ အလုပ်လုပ်သည်၊ သတ္တိရှိ သည်ဆိုလျင် ဧကန်တက်လူပင်ဖြစ်ပါသည်၊၊



ခြုံငုံသုံးသပ်ရလျင် “တက်လူ”ဟူသည်မှာ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန်၊ တိုးတက် သည်ထက် တိုးတက်စေရန် အားမာန်အပြည့်၊ စိတ်ဓာတ်ပြင်းပြင်းဖြင့် ချီတက်နေသူများကို ခေါ်ဆို သည်၊၊ ဘ၀တွင်လေးနက်မှု မရှိ၊ ရည်မှန်းချက်မပါ၊ အတွေ့အကြုံမရှိ၊ စိတ်ဓာတ်လေးကန်သူများကို “ကျလူ”ဟူ၍ ခေါ်ဆိုရပါမည်၊၊



များစွာသောလူငယ်တို့သည် အသက်ငယ်ရွယ်နုပျိုသူဖြစ်ပါလျက် တက်ကြွမှုနည်းလွန်းသည်၊ အလုပ် တွင်လေးလံထိုင်မှိုင်းလွန်းသည်၊ “အေးအေးလေးသာ နေချင်လှသည်”ဟုလည်း လက်တွေ့အလုပ် မပါ ဘဲ ပြောဆိုတတ်သည်၊၊ လူငယ်ဟူသည်မှာ အေးအေးတစ်ယောက်တည်းနေသည်ထက် ပတ်ဝန်းကျင် အလယ်တွင် နေသင့်သည်ကို ရှောင်ဖယ်ချင်သည်၊၊



အမှန်မှာ ငယ်ရွယ်သူဖြစ်လျက် ဤသို့ဖြစ်နေခြင်းသည် အခက်ခဲနှင့်၊ ဘ၀ကိုရင်မဆိုင်ရဲခြင်း ဖြစ်သည်၊ ပြင်းရိခြင်းတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်၊၊ အေးချမ်းသည့်ဘ၀ဟူသည်မှာ ပြင်းရိသူအတွက် မဟုက်၊ အခက်ခဲနှင့်ဘ၀ကို ရင်မဆိုင်ဝံ့သူအတွက် မဟုတ်၊ လက်တွေ့အကျပ်အတည်း၊ ပြဿနာများမှ ထွက် ပြေးတတ်သူများအတွက် မဟုတ်ဟူသည်ကို မသိတတ်ခြင်းဖြစ်သည်၊၊



“Fortune favours the brave.=ဘ၀ဟူသည် သတ္တိရှိရှိစွန့်စားဝံ့သူများကို ဆုလာဘ်ပိုပေးလေ့ရှိ ကြောင်း”သတိပြုရမည်၊၊ ဆန့်ကျင်ဘက်အားဖြင့် တွေးခေါ်ယူဆကြည့်လျင်“ဘ၀ကိုရေသာခိုလျင် အများသနားမှ စားရသည့်ဘ၀သို့ရောက်ရတတ်သည်”ဟု မှတ်သားရမည်၊၊



ဘ၀တွင် တက်လူအဖြစ်၊ ကျလူအဖြစ်ကို အဆုံးအဖြတ်ပေးသောစံတစ်ခုကို နိုဘယ်ဆုရ စာရေးဆရာ “ဟဲမင်းဝေ”ရေးသည့် “ပင်လယ်ပြာနှင့် တံငါအို”စာအုပ်တွင်လည်း တွေ့ရသည်၊၊ ဟဲမင်းဝေက ဤသို့ တင်ပြထားသည်၊၊



“လူသည် ဘ၀တွင်တစ်စုံတစ်ခုသောကြောင်းကြောင့်ဖြစ်စေ၊ အကြောင်းပေါင်းများစွာကြောင့်ဖြစ်စေ ရှုံး နိမ့်မှုကို ခံရနိုင်သည်၊(defeat and destroy)” အရှုံးကြောင့်ဘ၀ပျက်ခံလျင် အမှန်တကယ်ရှုံးနိမ့် သွားသူဖြစ်ပြီး၊ ကျလူဟူ၍ ခေါ်ဆိုရသည်၊၊




ရှုံးနိမ့်မှုကြောင့် ဘ၀ပျက်မခံဘဲ အရှုံးကိုစနစ်တကျသုံးသပ်ပြီး၊ ဘာကြောင့်ရှုံးတယ်၊ ဘယ်သူ့ကြောင့် ရှုံးတယ်စသည်တို့ကို သင်္ခန်းစာယူပြုပြင်ပြီး၊ အတွေးသစ်၊ အကြံသစ်တို့ဖြင့် တဖန်ပြန်စတတ်လျင် တစ် ကြိမ်တစ်ခါ ရှုံးနိမ့်သွားသော်လည်း အမှန်တကယ်ရှုံးနိမ့်သူမဖြစ်တော့ဘဲ အရှုံးသည်ပင် အောင်မြင်မှု အတွက် ထောက်တိုင်ဖြစ်ရတော့သည်၊၊



အရှင် ငယ်စဉ်ကပင်အလွတ်ရနေသည့် မြန်မာကဗျာလေး တစ်ပုဒ်သည်လည်း တက်လူနှင့် ကျလူကို အဆုံးအဖြတ်ပေးသည့် ကဗျာလေးဖြစ်နေမှန်း သတိထားလိုက်မိသည်၊၊



“လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းတွေ၊ ကျန်မည်နည်း၊


လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှာမြေကြီး၊ ကျန်မည်နည်း၊


ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည်၊ ကျန်မည်နည်း၊


အမှောင်တစ်ဝက်၊ လင်းတစ်ဝက်နဲ့၊ တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည်း၊၊


အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ၊ မျက်လှည့်ပမာ၊ တွေ့မြဲသာတည်း၊၊


ဘ၀သည်ကား၊ တိုက်ပွဲများပင်၊


လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊


လင်းသော-မှောင်သော၊


အောင်သော-ရှုံးသော၊


မုန်းသော-ချစ်သော၊


သစ်သော-ဟောင်းသော၊


ပူသော-အေးသော၊


နုသော-ကြမ်းသော၊


စောကြောစိတ်ဖြာ၊ မနေသာပေ၊၊


လဲရာက ထ၊ ကျရာက တက်၊


ပျက်ရာက ဆောက်၊ ရှေ့သို့လျောက်၍၊


ရောက်ရာဘ၀၊ အားမာန်ပြရင်း၊ ရုန်းရကန်ရမည်တကား၊၊”



မှန်သည်၊၊ ဘ၀ဟူသည် အချိုသီးသန့်ကို ခံစားခွင့်ရသည့်နေရာတစ်ခု မဟုတ်ဘဲ၊ ခါးသက်သည့်အရ သာကိုလည်း အကြိမ်များစွာခံစားရသည့် နေရာတစ်ခုဖြစ်သည်၊၊ မည်သို့ဆိုစေ ရလာသည့်အခြေအ နေကို လက်ခံနိုင်ပြီး၊ အကောင်းဆုံးအဖြစ်ဖန်တီးနိုင်သူများသည် “ဘ၀တက်လူ”များ ဖြစ်ရသည်၊၊



လူသည် ရံခါများစွာတွင် “သတ္တိ”ဟူသည်ကို အဓိပ္ပါယ်မပြည့်မစုံ ကောက်ယူတတ်ကြသည်၊၊ အသာစံဝံ့ သည်ကိုသာ“သတ္တိ”ဟုအထင်ရှိတတ်ကြပြီး၊ ဘ၀လောကဓံများ၏ အထုအထောင်းခံနိုင်သည်ကို လည်း“သတ္တိ”ဟု ခေါ်တွင်ရမည်ကို မေ့လျော့တတ်ကြသည်၊၊



လောကဓံများအထုအထောင်းများကို ပေတေခံနိုင်ခြင်းသည် ဘ၀အောင်မြင်သူ တက်လူအဖြစ်ကို ရရှိရန်အကြောင်းတစ်ခုဖြစ်သည်၊၊ ရွှေစစ် မစစ်ပေတင်သည့်သဘောပင် ဖြစ်သည်၊၊ အနှစ်ချုပ်သုံးသပ် လျင် ဘ၀တွင်တက်လူအဖြစ်ကို- -



(၁) အလုပ်လုပ်မှု၊

(၂) စိတ်ဓာတ်တက်ကြွမှု၊

(၃) သတ္တိရှိမှု၊ အခြေခံလိုအပ်ချက် သုံးမျိုးတို့ဖြင့် ရရှိနိုင်ကြောင်း၊ အသက်ငယ်မှု၊ ကြီးမှုသည်အဓိက လိုအပ်ချက်မဟုတ်ကြောင်းကို သုံးသပ်နိုင်သည်၊၊



အလင်းစက် စာဖတ်သူများ တက်လူအဖြစ်ကို “အလုပ်၊ စိတ်ဓာတ်တက်ကြွမှု၊ သတ္တိ”တို့ဖြင့် ရရှိကြပါ စေကြောင်း၊ အောင်မြင်သူများ၊ တိုးတက်သူများ၊ ဘ၀ကိုအလှပဆုံးပုံဖော်နိုင်သူများ ဖြစ်ကြပါစေ ကြောင်းဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊





မေတ္တာဖြင့်- - -



အရှင်ကေ၀လ(အလင်းစက်)


မကုဋာရာမ-မြန်မာကျောင်းတိုက်၊


သီရိလင်္ကာနိုင်ငံ၊၊ (၂၁.၈.၂၀၁၁)၊၊

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP