မြန်မာလူမျိုးတို့သည် ပါဠိဘာသာစကားမှ
ဝေါဟာရပုဒ်များကိုမြန်မာမှုပြု၍ အသုံးပြုလေ့ရှိကြပါသည်၊၊
“၀ိပါက”ပုဒ်မှ က-အက္ခရာပေါ်တွင်‘အသတ်’ထည့်၍ “၀ိပါက်”ဟု မြန်မာမှုပြုပြီး၊ “တော်”ဆိုသည့်
အဆုံးသတ်စကားလုံးထည့်၍ “၀ိပါက်တော်”ဟု
မြန်မာဝေါဟာရအသစ်တစ်လုံး မြန်မာစာပေတွင် ပေါ်ထွက်လာသည်ကို ဘာသာဗေဒရှုဒေါင့်မှ လေ့လာရရှိနိုင်ပါသည်၊၊
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ပြီးမှ
ဝဋ်ကြွေး(၁၂)မျိုးကို ခံစားခဲ့ရပါသည်၊၊ (၁၂)မျိုး- သောဝဋ်ကြွေးများကိုပင် ၀ိပါက်တော်(၁၂)ပါးဟု
ခေါ်ခဲ့ကြပါသည်၊၊
ပါဠိဝေါဟာရ“၀ိပါက”ပုဒ်သည်
မြန်မာအဓိပ္ပါယ်“အကျိုး”ဟု မှတ်သားနိုင်ပါသည်၊၊
မကောင်းသည့် အကျိုး(၁၂)မျိုးတို့ကို မြတ်စွာဘု- ရားရှင်ခံစားခဲ့ရသည်ကို ၀ိပါက်တော်(၁၂)ပါးဟု
ဆိုလိုပါသည်၊၊
ဝဋ်ကြွေး(၁၂)မျိုးကို မြတ်စွာဘုရားရှင်သည်
ဘုရားမဖြစ်မှီ (၃၅)နှစ်လုံးလုံးမခံစားခဲ့ရဘဲ၊ ဘုရားအဖြစ် သို့ရောက်ပြီးမှ (၁၂)မျိုးစလုံးကိုခံစားရသည်မှာ
လေ့လာသင့်သည့်အခြေအနေ ဖြစ်ပါသည်၊၊
(1) ဒုက္ကရစရိယ(၆)နှစ်ကျင့်ရခြင်း
ဆင်းရဲခံစားရခြင်း၊
(2) မုဒိန်းမှု၊ လူသတ်မှု စွပ်စွဲခံရခြင်း၊
(3) အသရေဖြက်ခံရခြင်း၊
(4) လေးဖြင့် လုပ်ကြံခံရခြင်း၊
(5) ဆင်ဖြင့် လုပ်ကြံခံရခြင်း၊
(6) ကျောက်တုန်းဖြင့် လုပ်ကြံခံရခြင်း၊
(7) ခွဲစိပ်ခံရခြင်း၊
(8) တိရစ္ဆာန်အစာကို စားရခြင်း၊
(9) ခါးကိုက်သည့်ရောဂါ ခံစားရခြင်း၊
(10) ဗိုက်အောင့်သည့်ရောဂါ ခံစားရခြင်း၊
(11) ခေါင်းကိုက်ရောဂါ ခံစားရခြင်း၊
(12) ၀မ်းလျောရောဂါ ခံစားရခြင်း၊၊
ဝဋ်ကြွေး(၁၂)မျိုးကို အသေးစိတ် လေ့လာသုံးသပ်ကြည့်လျင်-
(1)
မုဒိန်းမှု၊ လူသတ်မှုဖြင့်စွပ်စွဲခံရသည့်ဝဋ်ကြွေး(၂)ခု၊
(2)
လုပ်ကြံခံရသည့်ဝဋ်ကြွေး(၃)ခု၊
(3) ရောဂါခံစားရသည့်ဝဋ်ကြွေး(၄)ခု၊
(4)
အကျင့်မှားခြင့်ဆင်းရဲခြင်းဝဋ်ကြွေး(၁)ခု၊
(5)
အနေအစားဆင်းရဲခြင်းဝဋ်ကြွေး(၁)ခုနှင့်၊
(6)
ခွဲစိပ်ကုသခံရသည့်ဝဋ်ကြွေး(၁)ခု၊ ဖြစ်ကြောင်းကို
တွေ့နိုင်ပါသည်၊၊
ဆေးဘက်ဆိုင်ရာဝဋ်ကြွေးဟုဆိုနိုင်သည့်
ဝဋ်ကြွေး(၅)ခုမှာ လူတိုင်းနီးပါးမျှခံစားရလေ့ ရှိသောကြောင့် ၀ိပါက်တော်တစ်ပါးဟုခေါ်ရန်ပင်
ခက်ခဲသယောက်ဖြစ်နေပါသည်၊၊ အစားဆင်းရဲခြင်းမှာလည်း လူတိုင်း ၏ဘ၀တွင် တစ်ကြိမ်တစ်ခါခံစားရလေ့ရှိသည့်
သာမန်ဆင်းရဲတစ်မျိုးမျှသာ ဖြစ်ပါသည်၊၊
အသက်ကိုလုပ်ကြံခံရသည့်ဝဋ်ကြွေး(၃)မျိုးနှင့်၊
မုဒိန်းမှု၊ လူသတ်မှုတို့ဖြင့်စွပ်စွဲခံရသည့် ၀ဋ်ကြွေး (၂)မျိုးမှာမူ သိသာထင်ရှားသည့်
ဝဋ်ကြွေးအဆိုးများဟု ဆိုနိုင်ပါသည်၊၊
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးသည့်တိုင်
ဖော်ပြခဲ့သည့်ဝဋ်ကြွေးများကို ခံစားနေရသေးသည်ကို လေ့လာမှတ်သားပြီး၊ သာမန်လူတို့အတွက်မူ
မိမိလုပ်ခဲ့ဘူးသမျှ မကောင်းသည့်အကျိုးပေးများကို ဘ၀တစ်ခုခုတွင် ဧကန်မုချခံစားကြရမည်ဖြစ်ကြောင်း
သုံးသပ်ဆင်ခြင်သင့်လှပါသည်၊၊
“ဒုက္ကရစရိယ(၆)နှစ်
ကျင့်ရခြင်းဆင်းရဲ”
မြတ်စွာဘုရားအလောင်းတော်သည်
ကဿပဘုရားရှင်လက်ထက်က ဗေဒင်ပညာကို တစ်ဖက်ကမ်း ခပ်တတ်ကျွမ်းသည့်ပုဏာလူမျိုး “ဇောတိပါလ”လူငယ် ဖြစ်ခဲ့ပါသည်၊၊
ပညာတတ်သည့်အလျောက်
မာန်မာနအလွန်ကြီးပြီး၊ ကဿပဘုရားရှင်ကို “ဒီလိုခဲယဉ်းတဲ့
အသိညာဏ်ကို ဒီလိုကတုံး တုံးထားတဲ့ ကိုယ်တော်က ရနိုင်ပါ့မလား”ဟု စကားတစ်ခွန်းပြောခဲ့ပါသည်၊၊
ဖြစ်စဉ်ကိုလေ့လာကြည့်လျင်
ဘုရားအလောင်းဖြစ်သည့်တိုင် ဘုရားစင်စစ်ကိုတွေ့နေပါလျက် မယုံကြည်၊ မကြည်ညိုနိုင်သည့်အခြေအနေဖြစ်ပါသည်၊၊
ဖော်ပြခဲ့သည့် စကားကြောင့်ပင်လျင် မြတ်စွာ ဘုရားအလောင်းတော်သည် ကိုယ်တိုင်ဘုရားဖြစ်ရန်ကျင့်သောအခါ
အကျင့်မှားကြီးတစ်ခုကို(၆)နှစ် ကြာကျင့်ရသည့်ဆင်းရဲခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာဝင်အတော်များများသည်
ဒုက္ကရစရိယ(၆)နှစ်ကျင့်ပြီးအောင်မြင်သဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဟု အသိမှားနေကြပါသည်၊၊
မဟုတ်ပါ၊ ဒုက္ကရစရိယအကျင့်သည်
“အတ္တကိလမထ”ဟုခေါ်သော ခန္ဓာကိုယ်ကိုနှိပ်စက်ညှင်းပမ်း
သောအကျင့်တစ်မျိုးမျှသည့်အတွက် အကျင့်ကောင်းမဟုတ်သကဲ့သို့ ဘုရားအဖြစ်သို့ရောက် တော်မူ
သည်မှာလည်း ဒုက္ကရစိယအကျင့်ကြောင့် မဟုတ်ဟု ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊
ဘုရားအလောင်းတော်သည် အချိန်ကြာမြင့်စွာ
ဒုက္ကစရိယကိုကျင့်ပြီးမှ ဒုက္ကစရိယအကျင့်သည် ဘုရား အဖြစ်သို့ပို့ဆောင်နိုင်သောလမ်းစဉ်မဟုတ်မှန်းသိရှိ၍၊
စွန့်လွှတ်ပြီး မစ္ဇျိမပဋိပါဒဟုခေါ်သော “မဂ္ဂင်
(၈)ပါး”အကျင့်ဖြင့်သာလျင် ဘုရားအဖြစ်သို့ရောက်တော်မူရပါသည်၊၊
အခြားအခြားသော ဘုရားရှင်အဆူဆူတို့သည်
ဒုက္ကရစရိယအကျင့်ကို ရက်ပိုင်းမျှကျင့်ရသော်လည်း ဂေါတမဗုဒ္ဓဘုရားရှင်မှာမူ လမ်းမှားကြီးတစ်ခုကိုအချိန်(၆)နှစ်ကြာသည်အထိ ဆင်းရဲပမ်းပမ်းစွာကျင့် သုံးရခြင်းမှာဝဋ်ကြွေးတစ်ခု ဖြစ်ပါတော့သည်၊၊
“မုဒိန်းမှု၊
လူသတ်မှု၊ အလောင်းဖြောက်ဖြက်မှုဖြင့် စွပ်စွဲခံရသည့်ဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်တွင်
နေစဉ်ကဖြစ်ပါသည်၊ ဘာသာခြားခေါင်းဆောင် များသည် ဘုရားရှင်အားကျရှုံးစေလိုသည့်အတွက် အမျိုး(ပရဗိုဇ်မ)တစ်ယောက်နှင့်
အများအထင်လွဲအောင်ပြုပြီး၊ ပရဗိုဇ်မကိုသတ်၍ အလောင်းကိုဇေတ၀န်ကျောင်းတိုက်အတွင်းမှ
အမှိုက်ပုံထဲတွင်မြှုပ်နှံ ထားကြပါသည်၊၊
ပရဗိုဇ်မတစ်ဦးပျောက်ဆုံးနေကြောင်း
ရှင်ဘုရင်အားတိုင်ကြားပြီး ရှာဖွေသောအခါ ဇေတ၀န်ကျောင်း အတွင်းမှတွေ့သဖြင့် မြတ်စွာဘုရားနှင့်တပည့်များမှ
ပရဗိုဇ်မကိုမုဒိန်းကျင့်ပြီး၊ သတ်ဖြတ်လျက်အလောင်းကို ဖြောက်ဖြက်ပြစ်သည်ဟု ပြည်သူအများသိအောင်
သတင်းလွှင့်ကြပါသည်၊၊
ပြည်သူအချို့ ဘာသာခြားများ၏သတင်းလွှင့်မှုကိုယုံကြည်ပြီး၊
ဘုရားရှင်နှင့်သံဃာတော်များအပေါ် အကြည်ညိုပျက် စွပ်စွဲကြသည့်ဝဋ်ကြွေးကို မြတ်စွာဘုရားရှင်သည်
ခံစားရပါသည်၊၊
ဖော်ပြပါဝဋ်ကြွေးကို ခံစားရသည်မှာ
ဘုရားလောင်းတော်သည် ဖုဿမြတ်စွာဘုရားလက်ထက်တော် က “မုနာလိ”အမည်ရသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီး၊ “ပစ္စေကဗုဒ္ဓါ”တစ်ပါးအား မဟုတ်မတရား စွပ်စွဲခဲ့သည့်ကံကြောင့် ၀ဋ်ကြွေးအဖြစ်ပြန်လည်
ခံစားရခြင်းဖြစ်ပါသည်၊၊
“အသရေဖြက်
စွပ်စွဲခံရသည့်ဝဋ်ကြွေး”
ဘာသာခြားခေါင်းဆောင်များသည်
အလွန်လှပသည့် “စိဉ္စမာဏ၀ိကာ”အမည်ရှိ အမျိုးသ္မီးကိုစေခိုင်းကြ
ပါသည်၊၊ စိဉ္စမာဏသည် မြတ်စွာဘုရားရှင်မှ တရားနာပရိသတ်အားတရားဟောနေစဉ် ကိုယ်ဝန်အရင့်
အမာကြီးဟန်ဆောင်လျက် “ဒီဗိုက်က ကိုယ်တော်နှင့်ရသည့်
ဗိုက်”ဟု လူလယ်ခေါင်တွင် အသရေဖြက်စွပ်စွဲသည့်ဘေးကို ခံစားရပါသည်၊၊
မြတ်စွာဘုရားအလောင်းတော်သည်
ဝေဿဘူဘုရားရှင်လက်တော်တုန်းက ရဟန္တာအရှင်မြတ်
“နန္ဒမထေရ်”ကို စွပ်စွဲခဲ့ခြင်းကြောင့် ယ္ခုကဲ့သို့ဘုရားဖြစ်ပြီးချိန်တွင် အသရေဖြက်စွပ်စွဲခံရသည့်ဝဋ်ကြွေးကို
ပြန်လည်ပေးဆပ်ရခြင်းဖြစ်ပါသည်၊၊
“ပထမအကြိမ်
လုပ်ကြံခံရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် တောရကျောင်းတွင်နေတော်မူစဉ်က
ဖြစ်သည်၊၊ အရှင်ဒေ၀ဒတ်သည် အဇာတ သတ်ရှင်ဘုရင်၏ အထောက်အပံ့ကိုရယူပြီး၊ လက်ဖြောင့်လေးသမားများကိုငှားရမ်း၍
မြတ်စွာဘုရား ရှင်အား သတ်ခိုင်းခြင်းဝဋ်ကြွေးကို ခံစားခဲ့ရပါသည်၊၊
ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင်
ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပါသည်၊၊ နားမလည် သေးသည့်အရွယ်ဖြစ်စေကာမူ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးအား
သေစေလိုသည့်စိတ်ဖြင့် ကျောက်စရစ်ခဲများဖြင့် ပြစ်ပေါက်ခဲ့ပါသည်၊၊
ထိုအပြစ်ကြောင့်ပင်
ဘုရားဖြစ်တော်မူပြီးသည့်အချိန်တွင် လက်ဖြောင့်လေးသမားငှား၍ လုပ်ကြံရခြင်းဝဋ်ကြွေးကို
ခံစားရခြင်းဖြစ်ပါသည်၊၊
“ဒုတိယအကြိမ်
လုပ်ကြံခံရခြင်းဝဋ်ကြွေး”
ပထမလုပ်ကြံမှု မအောင်မြင်သော
အရှင်ဒေ၀ဒတ်သည် ဒုတိယအစဉ်အဖြစ်ဖြင့် တိုင်းပြည်ဘုရင်နှင့် ပေါင်းပြီး၊ စစ်တိုက်ရာတွင်
အသုံးပြုသည့်ဆင်ဆိုးကြီးတစ်ကောင်ကို အရက်တိုက်၍မြတ်စွာဘုရားလာမည့်လမ်းတွင် လွှတ်ပေးပြီးလုပ်ကြံခဲ့ပါသည်၊၊
ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင်
ဆင်စီးသူရဲကောင်းဖြစ်ခဲ့ပါသည်၊၊ ထိုအချိန်က ပစ္စေက- ဗုဒ္ဓအရှင်မြတ်တစ်ပါးကို ဆင်ဖြင့်တိုက်ပြီးနှိပ်စက်ခဲ့သည့်အတွက်
ယ္ခုဘုရားဖြစ်တော်မူပြီးအချိန်တွင် ဆင်ဖြင့်လုပ်ကြံခံရခြင်းဝဋ်ကြွေး ပေးဆပ်ရခြင်းဖြစ်ပါသည်၊၊
“တတိယအကြိမ်
လုပ်ကြံခံရခြင်း”
အရှင်ဒေ၀ဒတ်သည် နှစ်ကြိမ်တိုင်တိုင်
စနစ်တကျစီမံအကွက်ချ၍လုပ်ကြံသော်လည်း မြတ်စွာဘုရား ရှင်သည် အသက်မသေဘဲလွတ်မြောက်နေသေးသည်ကို
မခံမရက်နိုင်ဖြစ်ပြီး၊ တတိယအကြိမ်တွင်မူ အခြားသူကိုမခိုင်းစေတော့ဘဲ ကိုယ်တိုင်လုပ်ကြံရန်
ကျိုးစားပါတော့သည်၊၊
မြတ်စွာဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်ခြေရင်းမှ
ကမ္မဌာန်းကျောင်းတွင် နေစဉ်ကဖြစ်ပါသည်၊၊ မြတ် စွာဘုရားရှင်သည် တောင်အောက်တွင်လမ်းလျောက်လျက် စင်္ကြန်ကမ္မဌာန်းရှုမှတ်နေစဉ်
တောင်ပေါ်မှ အလွန်ကြီးမားသည့်ကျောက်တုန်းကြီးကို မြတ်စွာဘုရားမရှောင်ရှားသာသည့်နေရာအရောက်တွင် လှိမ့်ချလိုက်ပါသည်၊၊
ကျောက်တုန်းကြီးသည် အခြားကျောက်ဆောင်တစ်ခုနှင့်တိုက်မိပြီး
ဘေးလမ်းလွဲသွားသောကြောင့် အသက်မသေသော်လည်း ပဲ့ထွက်လာသည့်ကျောက်ချွန်ဖြင့် ခြေထောက်ကိုထိသဖြင့်
မြတ်စွာဘုရား ရှင်သည် လဲကျပြီးထမ်းစင်ဖြင့်သယ်ယူရသည်အထိ ပြင်းထန်သည့်ဝေဒနာကို ခံစားခဲ့ရပါသည်၊၊
ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင်
ဖအေတူမအေကွဲ ညီအကိုတစ်ယောက်ကို အမွေလုပြဿနာဖြင့် ကျောက်တုန်းဖြင့်ထုသတ်ခဲ့သည့်အတွက်
ကြမ္မာဝဋ်ကြွေးကို ဘုရားဖြစ်ပြီးသည့်တိုင် မရှုမလှခံယူရခြင်းဖြစ်ပါသည်၊၊
“ခွဲစိပ်ကုသခံရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်အား အရှင်ဒေ၀ဒတ်လှိမ့်ချလိုက်သည့်
ကျောက်တုန်းကြီးမှ အစတစ်စဖြင့်ထိသဖြင့် ခြေထောက်ကို မှန်ခဲ့ပါသည်၊၊
ဒဏ်ရာကြောင့် ခြေထောက်တွင်အတွင်းကျေဒဏ်ရာဖြစ်ပြီး
ပြင်းထန် သည့်ဝေဒနာကို မြတ်စွာဘုရားရှင်ခံစားတော် မူရပါသည်၊၊
ခြေထောက်ကို သမားတော်ကြီးဆရာဇီဝကမှ
စမ်းသတ်ပြီး၊ ခွဲစိပ်ကုသမှပျောက်ကင်းနိုင်သဖြင့် ခြေ ထောက်ကို ခွဲစိပ်ကုသမှုခံယူခဲ့ရပါသည်၊၊
မြတ်စွာဘုရားရှင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာတွင် ယ္ခုကဲ့သို့ဓားထက်ထက်ဖြင့် ခွဲစိပ်ကုသမှုခံယူရခြင်းမှာလည်း
ဝဋ်ကြွေးတစ်ခုပင်ဖြစ်ပါသည်၊၊
ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင်
ပတ္ထိဝရှင်ဘုရင်တစ်ပါး ဖြစ်ခဲ့ဘူးပါသည်၊၊ ပြည်သူတစ် ယောက်ကို လှံဖြင့်ထိုးသတ်ခဲ့ဘူးသောကြောင့်
ဘုရားဖြစ်ပြီးသည့်အချိန်တွင် ခြေထောက်ကိုခွဲစိပ်ကုသခံရသည့်ဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊
“တိရစ္ဆာန်အစာကို
စားရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင် ဝေရဉ္စာမြို့တော်သို့ရောက်စဉ်က
ဆွမ်းမရရှိသဖြင့် မြင်းကျွေးသည့်ဂျုံကို ဖြစ်သလို ချက်ပြုပ်၍ စားသုံးခဲ့ရပါသည်၊၊
မြတ်စွာဘုရားအဖြစ်သို့ရောက်ပြီးသည့်တိုင်
အစားအသောက် အခက်အခဲဖြစ်နေသည်ကို မည်သူမှမ သိလိုက်ဘဲ ဆင်းဆင်းရဲရဲမြင်းကျွေးသည့် အစာကြမ်းကို(၃)လတိတိ
စားသုံးရခြင်းသည် ၀ဋ်ကြွေးတစ် ခုပင် ဖြစ်ပါသည်၊၊
ဘုရားအလောင်းတော်သည် ဖုဿဘုရားရှင်လက်ထက်တော်တုန်းက
လူငယ်တစ်ယောက်ဖြစ်ခဲ့ပါသည်၊၊ သံဃာတော်များ သလေးဆန်ကောင်းကောင်းကို ဘုန်းပေးကြသည်ကိုတွေ့မြင်ပြီး၊
“ဒီကိုတော် တွေ ဆန်ကောင်းကောင်းမစားကြနဲ့၊
မုယောဆန်(ဂျုံ)ကိုသာ စားကြ၊”ဟု ပြောဆိုပြောဆိုခဲ့သောကြောင့် ယ္ခုဘုရားဖြစ်ပြီးချိန်တွင်
မုယောဆန်ကြမ်းကိုစားရခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊
အစားအစာနှင့်ပတ်သက်၍ "စာရေးသူအရှင်"၏ဖြစ်စဉ်ကို
စကားစပ်မိသဖြင့် လှစ်ဟလိုပါသေးသည်၊ မြန်မာနိုင်ငံတွင်ရှိစဉ်က ဖြစ်ပါသည်၊ အင်္ဂလိပ်စာမြန်မြန်တတ်ချင်လွန်းသဖြင့်
ငွေမပေးဘဲအလကားတက်ခွင့်ရသည့် သင်တန်းငါးခုခန့်ကို တပြိုင်တည်း တက်နေခဲ့ပါသည်၊၊
ဆရာကြီးဦးမြကြိုင်၏ အင်္ဂလိပ်စာသင်တန်းသို့
မနက်ပိုင်းနှင့်နေ့လယ်ပိုင်းတက်ခဲ့ပါသည်၊ မနက်အစောပိုင်း အတန်းချိန်ပြီးဆုံးသောအခါ
နေ့လယ်စာထမင်းစားချိန်(၁)နာရီ ပေးပါသည်၊၊ ကျောင်းသား/ကျောင်းသူ(၁၀၀)ခန့် ရှိပါသည်၊၊
အများတကာထမင်းဘူးဖွင့်၍၄င်း၊
သင်တန်းတွင်းထမင်းဆိုင်မှ၎င်း၊ ထမင်းစားနေကြချိန်တွင် အရှင်သည် ထမင်းဘူးလဲမပါ၊ ၀ယ်စားစရာအနှီငွေစငွေနလည်းမပါသောကြောင့်၊
နေ့လည်ပိုင်းသင်တန်းမစမှီအထိ လှည်းတန်းအ၀ိုင်းပတ်ပတ်လည်မှ စာအုပ်ဆိုင်များတွင် စိတ်ပါလှသည်မဟုတ်ဘဲ
စာအုပ်မျိုးစုံကို ဟိုဟိုသည်သည်လှန်လှောနေခြင်းဖြင့် ထမင်းစားချိန်ကိုဖြတ်သန်းခဲ့ရသည်မှာ
ရပ်ပေါင်းများစွာ ဖြစ်ခဲ့ပါသည်၊၊
“ခေါင်းကိုက်ခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် ခါးမကြာခဏနာသည့်ရောဂါကို
ခံစားရလေ့ရှိပါသည်၊၊ ခေါင်းကိုက်၊ ခေါင်းမူး သည့်ဝေဒနာကို ခံစားရသည့်ဝဋ်ကြွေးဖြစ်ပါသည်၊၊
ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင်
တံငါသည်မိသားစုတွင် ဖြစ်ရပါသည်၊၊ မိဘများမှ ငါးကို ခေါင်းထုသည်ကို သဘောကျနှစ်သက်မိသောကြောင့်
ယ္ခုဘ၀တွင် ခေါင်းကိုက်သည့်ဝေဒနာကို ၀ဋ်ကြွေးအဖြစ်ဖြင့် ခံစားရခြင်းဖြစ်ပါသည်၊၊
“ခါးနာသည့်ဝဋ်ကြွေး”
မြတ်စွာဘုရားအလောင်းတော်သည်
ဘ၀တစ်ခုတွင် လက်ဝှေ့သမားဖြစ်ခဲ့ပါသည်၊၊ ပြိုင်ဘက်ကို ခါးချိုး ခဲ့သည့်ဝဋ်ကြွေးကြောင့်
မြတ်စွာဘုရားဖြစ်တော်မူပြီးသည့်အချိန်တွင် ခါးနာ ခါးကိုက်သည့်ဝေဒနာကို ခံစားရခြင်း
ဖြစ်ပါသည်၊၊
မြတ်စွာဘုရားရှင် တစ်ခါတရံ
သံဃာတော်များကို ညပိုင်းတရားဟောနေစဉ် ခါးကိုက်ဝေဒနာထလာ- သဖြင့် အရှင်သာရိပုတ္တရာအား
ဆက်လက်တရားဟောခိုင်းပြီး၊ ခါးနာသက်သာစေရန် လှဲနေရသည် ဟု ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊
“၀မ်းလျောခြင်း
ဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် အသက်(၈၀)ပြည့်လုနီးနီးအရွယ်တွင်
သွေးဝမ်းအကြီးအကျယ်သွားသည့်ဝေဒနာကို ခံစားခဲ့ရပါသည်၊၊
နွေရာသီနေပူပူအချိန်တွင်
ဝက်သားစားမိသောကြောင့် ၀မ်းသွားခြင်းဖြစ်သည်ဟု ကျမ်းအချို့တွင်ဆိုသော်လည်း အမှန်စင်စစ်
ဝဋ်ကြွေးကြောင့်ဖြစ်ကြောင်း ပါဠိစာပေပညာရှင်တို့မှ ဆုံးဖြတ်ကြပါသည်၊၊ ဘုရားအလောင်းတော်သည်
ဘ၀တစ်ခုတွင် ဆေးဆရာဖြစ်ခဲ့ပြီး၊ ဆေးဖိုးမပေးသည့် သူဌေးတစ်ဦးကို ၀မ်းနှုတ်ဆေးကို လိမ်လည်ကျွေးခဲ့သောကြောင့်
ယ္ခုဝဋ်ကြွေးကိုခံစားရခြင်း ဖြစ်ပါသည်၊၊
ဆွေးနွေးဖော်ပြခဲ့ပြီးသည့်
ဝဋ်ကြွေး(၁၂)မျိုးတွင် နံပတ်(၇)မှ(၁၂)အထိ ၀ဋ်ကြွေး(၇)မျိုးမှာ လူတိုင်းနီး- နီးတွင်မကြာခဏဖြစ်လေ့ရှိသည့်
သာမန်ဝဋ်ကြွေးများဟု ဆိုနိုင်ပါသည်၊၊ အခြားဝဋ်ကြွေးများမှာမူ အမှန်တကယ်ကြုံတွေ့လာလျင်
အသက်မသေသည့်တိုင် ပြင်းထန်လွန်းသည့်ဝဋ်ကြွေးများဖြစ်သဖြင့် ကြောက်ဖွယ် ကောင်းလှပါသည်၊၊
မြတ်စွာဘုရားရှင်သော်မှ ၀ဋ်ကြွေးအမျိုးမျိုးကို
ခံစားရသေးသည်ကို လေ့လာသိရှိခြင်းအားဖြင့် မိမိ တို့ဘ၀တွင်လည်း ဆိုးကျိုးများကိုခံစားရသည့်အခါ
“ဒီလိုဒုက္ခမျိုး ငါတို့မြတ်စွာဘုရားသော်မှ
မလွတ်၊ ငါတို့ကဲ့သို့သာမန်လူများအတွက်မူ မထူးဆန်းပါတကား”ဟု စိတ်ဖြေတတ်ခြင်းအကျိုးကို ရရှိနိုင်ပါသည်၊၊
မြတ်စွာဘုရားရှင်သည် ပါရမီတော်(၁၀)ပါးကိုကျင့်သုံးအောင်မြင်ပြီး၊
ဘုရားအဖြစ်သို့ရောက်ပြီးသည့်တိုင် ၀ိပါက်တော်(၁၂)ပါးဟု အများတကာသိနေကြသည့် ၀ဋ်ကြွေးများကိုခံစားနေရသေးသည်ကို
သတိပြုဆင်ခြင်ပြီး၊ ဘ၀တွင် အကုသိုလ်လုပ်ရပ်များ၏ကြောက်စရာကောင်းပုံနှင့် ရှောင်လွဲမရနိုင်ပုံကို သတိပြုသင့်လှပါသည်၊၊
“အဆိုးဝါးဆုံးဝဋ်ကြွေး(၃)မျိုးဖြင့်
မြတ်စွာဘုရားရှင်ကိုလုပ်ကြံဝံ့သူမှာ ဘာသာခြားတစ်ဦးမဟုတ်ဘဲ သင်္ကန်းဝတ်ထားသည့် သံဃာတစ်ပါးဖြစ်နေသောကြောင့်
ရဟန်းသံဃာဖြစ်လင့်ကစား သတိပြု ရှောင်ရှားသင့်လျင် ရှောင်ရှားသင့်ကြောင်းကိုလည်း ယနေ့ခေတ်နိုင်ငံရေးလောကမှ
သံဃာအချို့၏ အမူအရာများကိုလေ့လာသုံးသပ်ပြီး သင်္ခန်းစာရယူနိုင်ပါသည်၊၊”
ခံစားချက်ပြင်းထန်လွန်းပြီး
တစ်စုံတစ်ရာကိုဖြစ်စေ၊ တစ်စုံတစ်ယောက်ကိုဖြစ်စေ မုန်းတီးလွန်းသည့် စိတ်မျိုး(ရောဂါတစ်မျိုး)၀င်လာလျင်
လူသားသည်တိရစ္ဆာန်ရိုင်းထက် ကြောက်စရာကောင်းသည့် လုပ်ရပ်များကိုပြု လုပ်လေ့ရှိကြောင်းကို
သမိုင်းသင်္ခန်းစာများစွာတွင် တွေ့နိုင်ပါသည်၊၊
“အလင်းစက်”စာဖတ်သူများအတွက်
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ခံစားခဲ့ရသည့်ဝဋ်ကြွေး(၁၂)မျိုး အကြောင်းကို အသေးစိတ်တင်ပြလိုက်ရပါသည်၊၊
စာတမ်းအတွင်းမှ တစ်စုံတရာဗဟုသုတနှင့် သင်္ခန်း- စာတစ်မျိုးမျိုးကို စာရှုသူရရှိမည်ဟု မျှော်လင့်ရပါသည်၊၊
“အလင်းစက်”စာမျက်နှာမှ
စာပေချစ်သူများအားလုံး ၀ဋ်ကြွေး(၁၂)မျိုးမှ ကင်းဝေးပြီး၊ ဘ၀သံသရာတွင် ချမ်းသာကြပါစေကြောင်း
“အလင်းစက်အရှင်”မှ ဆုမွန်ခြွေလိုက်ရပါသည်၊၊ ၊၊
(ကျမ်းကိုး/ အပါဒါန်ပါဠိတော်၊
ပုဗ္ဗပိလောတိကကမ္မ ဗုဒ္ဓအပါဒါနကဏ္ဍ၊ အပါဒါနအဌကထာ၊ ပါချုပ်ဆ- ရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ၏
“၀ိပါက်တော်(၁၂)ပါး” Prof. Oliver
Abenayake’s 2013, Master of Philosophy’s University of BPU, Lectures, တို့ကိုကိုးကားပါသည်၊၊)
အရှင်ကေ၀လ(အလင်းစက်)
{B.A-English, M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (10/02/2014)
အပြည့်အစုံသို့....
ပြန်ခေါက်ထားပါ..