လူတို့သည် ဘ၀၏ပထမအရွယ်တွင်
ပညာသင်ယူလေ့ရှိပါသည်၊၊ ဒုတိယအရွယ်တွင် မိသားစုတည် ဆောက်လေ့ရှိပြီး၊ တတိယအရွယ်တွင် တရားဘာဝနာကျင့်သုံးလေ့ရှိကြပါသည်၊၊
ဤသို့ဆိုလိုက်သဖြင့် “လူဘ၀တွင် ပညာသင်ယူခြင်း၊ အိမ်ယာတည်ထောင်ခြင်းနှင့်၊
တရားဘာဝနာ ကျင့်သုံးခြင်းကို မလိုက်နာမနေရ အချိန်စည်းကမ်းချမှတ်ထားသည်ဟူ၍ မမှတ်ယူနိုင်ပေ၊”
အကြောင်း မှာ ပညာဟူသည်ကို အသက်ရှင်နေသမျှအားထုတ်နေရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်၊၊
တရားဘာဝနာကျင့်သုံးမှုသည်လည်း
သိတတ်စအရွယ်မှစတင်ပြီး အသက်ရှင်နေထိုင်သမျှ ကျင့်သုံး ရန် လိုအပ်ပါသည်၊၊ အကြောင်းမှာ
လူသည် ဘ၀တစ်ခုမည်သည့်နေ့တွင် အဆုံးသတ်ရမည်ဟူ၍ မသိ နိုင်ဘဲ၊ ကောင်းမှုမရှိဘဲလည်း အနာဂတ်ဘဝ
မကောင်းစားနိုင်သောကြောင့် ဖြစ်ပါသည်၊၊
အရွယ်လွန်မှ အိမ်ထောင်ပြုသူများကို
ပတ်ဝန်းကျင်မှလူအများတို့ ကဲ့ရဲ့အတင်းဆိုလေ့ရှိပါသည်၊ အမှန်စင်စစ် လူတိုင်းနီးပါးမျှ
အိမ်ထောင်ပြုလေ့ရှိပြီး မည်သည့်ကျမ်းတွင်မှ “ငယ်ရွယ်သည့်အချိန်တွင်
သာ အိမ်ထောင်ပြု၊ အသက်ကြီးကာမှ အိမ်ထောင်မပြုရ”ဟု တားမြစ်ကန့်သတ်ထားခြင်း မရှိပေ၊၊
မည်သည့်အရွယ်တွင် အိမ်ယာတည်ထောင်သည်ဖြစ်စေ
လူသားဆန်သည့်အပြုအမူတစ်ခုကို ပြုသည် ဟုပင် မှတ်ယူသင့်ပါသည်၊၊ ကဲ့ရဲ့အတင်းဆိုခြင်းကို
ရှောင်ရှားသင့်ပါသည်၊၊ သို့သော် မိမိတည်ဆောက် သည့်အိမ်ယာကိုမူ ရှုထောင့်စုံမှစည်ပင်သာယာစေရန်
အထူးလိုအပ်ပါသည်၊၊
သို့သော်“တစ်တခါတရံ လူသားနှစ်ယောက်၏ဘ၀သည် ဝေးစဉ်ကချစ်ကြည်လျက်ရှိပြီး၊
အတူနီးလိုက် ကာမှ သူ့ဘ၀လည်းပျက်၊ ကိုယ့်ဘ၀လည်းမလှ ဖြစ်တတ်ပါသေးသည်၊၊” အဆိပ်မိသည့်
ချစ်ခြင်းများ သည် ပျိုးထောင်မိသည့်ဥယျာဉ်မှူးကို လောင်မြိုက်စေတတ်ပါသည်၊၊
အနှစ်ချုပ် မှတ်သားသင့်သည်မှာ
ဘ၀၏အရေးအပါဆုံးလုပ်ငန်းတာဝန်ကြီး(၃)ခုကို မည်သည့်အချိန် တွင်မဆို ပြုနိုင်ခွင့်ရှိပြီး၊
ကြီးပွားတိုးတက်စေရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်းကို အထူးသတိပြုရန် ဖြစ်ပါသည်၊၊
ပညာသင်ယူခြင်းနှင့်ပတ်သက်ပြီး
စာရေးသူကိုယ်တိုင် ငတ်မွတ်လွန်းသူဖြစ်သောကြောင့် အရွယ်ကိုဂရု မပြုမိဘဲ ဖြစ်ရပါသည်၊၊
များစွာသောပညာရေးသမားတို့သည်လည်း နည်းတူဖြစ်မည်ဟု မှန်းဆရပါ သည်၊၊
စာရေးသူ၏ အကိုဆရာတစ်ယောက်
နှစ်အနည်းငယ်ခန့်က စာပေပါရဂူဘွဲ့ကို ထိုက်ထိုက်တန်တန်ရ ရှိသွားပါသည်၊၊ အသက်(၅၀)၀န်းကျင်ဖြစ်ပါသည်၊၊
ပညာသင်ယူမှုနှင့်ဆက်စပ်ပြီး သူ၏စကားသည် အားတက်ဖွယ်ဖြစ်ပါသည်၊၊
“ကျုပ်ကို ဒီအရွယ်အထိစာသင်နေတာ၊
အလုပ် မလုပ်တော့ဘူးလားလို့ လူတွေအများကြီးက ခဏ ခဏမေးတာ ခံရတယ်ဗျ၊ မေးခံရတဲ့အခါတိုင်း
ကျုပ်ပြန်ဖြေလိုက်တာကတော့- စာသင်နေခြင်းသည်ပင်
ငါ့ အလုပ်ပဲ၊”လို့ ပြန်ဖြေလိုက်တယ်၊၊
မှန်ပါသည်၊ လူအတော်များများသည်
ခါးတောင်းကြိုက်ပြီး တစ်စုံတရာကိုလုပ်ကိုင်မှ အလုပ်ဟု ထင်မြင် နေတတ်ကြပါသည်၊၊ အမှန်စင်စစ်
ပညာသင်ယူခြင်းသည် ဘ၀၏အရေးအပါဆုံး တာဝန်ကြီး သုံးခုထဲက ပို၍အရေးအပါဆုံးအလုပ်ကို ပြုလုပ်နေခြင်းဖြစ်ပါသည်၊၊
ပညာသင်ယူနေရင်း အကယ်၍သေဆုံးသွားလျင်ပင်
အလုပ်မလုပ်လိုက်ရဘဲ သေဆုံးခြင်းမျိုးမဟုတ်ဘဲ အထူးအရေးပါသည့်အလုပ်ကို ပြုလုပ်ရင်းဘ၀တစ်ခု
အဆုံးသတ်သွားသည်ဟု မှတ်သားရပါမည်၊၊ သင်ယူခြင်းသည် ဘ၀၏အရေးအပါဆုံးအလုပ်ဟု တိတိကျကျဆိုရမည်
ဖြစ်ပါသည်၊၊
သင်ယူမှုမရှိတော့သည့် ဘ၀တစ်ခုသည်
အသက်ရှင်လျက်သေဆုံးနေခြင်းဖြစ်ကြောင်း သတိထားမိသူ အလွန်နည်းပါသည်၊၊ တက္ကသိုလ်နှင့် ကျောင်းအမျိုးမျိုးသို့တက်ရောက်ပြီးပညာသင်ယူမှ
သင်ယူသည် ဟု ခေါ်ဆိုသည်မဟုတ်ဘဲ၊ နေ့စဉ်ဘ၀အတွေ့အကြုံများကို မှတ်သားနေခြင်းသည်ပင် ပညာသင်ယူ
ခြင်း ဖြစ်ပါသည်၊၊
လူသည် အခြားသတ္တ၀ါများနှင့်စာလျင်
ပညာကိုအားကိုးရသည့် အမျိုးအစားဖြစ်ပါသည်၊၊ အခြားသတ္တ ၀ါမျိုးစိတ်များတွင် ဘ၀ရပ်တည်မှုအတွက်
အင်အားဆိုင်ရာအစွမ်းတစ်မျိုးစီရှိသောကြောင့် ပညာမလို အပ်ချေ၊ လူတွင်မူ ပညာမတတ်လျင်
စားနေ၀တ်အတွက်အခြားအားကိုးဖွယ်ရာမရှိ၍ အထူးလိုအပ်လှ ပါသည်၊၊
ထို့အပြင် ပညာမရှိသူများဦးဆောင်သည့်
အဖွဲ့အစည်းနှင့်၊ နေရာဒေသ၊ အခြေအနေများသည် တိုးတက်မှုတစ်စုံတရာကို လုံးဝမျှော်လင့်ရန်မဖြစ်နိုင်ဘဲ၊
ပြဿနာမျိုးစုံသာတစ်နေ့ထက်တစ်နေ့ တိုးလာသည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊
သဘောထားအလွန်ကောင်းသူများသည်ပင်
ပညာရေးအခြေခံမရှိပါက ကောင်းသမျှစိတ်သဘောထား များသည် အဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်ကို
ဆိုးကျိုးပေးဖို့ဖန်တီးတည်ဆောက်နေခြင်းတစ်မျိုး ဖြစ်နေ တတ်ပါသည်၊၊
ပညာရေးသည် သည်မျှအထိအရေးပါလှ
ပါသည်၊၊ မိတ်ဆွေကြီးတစ်ယောက်သည် မဟာဝိဇ္ဇာဘွဲ့ရပြီး၊ မိသားစုနှင့်စီးပွားရေးပြေလည်နေသူ
ဖြစ်ပါသည်၊၊ တစ်နေ့တွင် စာတစ်စောင်ရောက်လာပြီး ဖတ်ကြည့် သောအခါ Ph.D တန်းအကြို၊
M.Phil တန်းတက်ရန်တက္ကသိုလ်မှ အကြောင်းကြားသည့်စာ ဖြစ်နေပါ သည်၊၊
အသက်(၅၆)၀န်းကျင်ဖြစ်ပါသည်၊
ကျွန်တော် M.Phil တန်းဆက်လုပ်မယ်ဟု ဆိုပါသည်၊၊“ခများ ဒီအ ရွယ်ရောက်နေတာ ဆက်သင်ယူအုံးမလိုလား”ဟု မေးလိုက်သောအခါ မျက်နှာတည်သွားပြီး၊
“ကျွန် တော်တို့ဘာအတွက် အသက်ရှင်နေကြတာလဲ”ဟု
မေးခွန်းပြန်ထုတ်သည်ကို ခံရဘူးပါသည်၊၊
မိတ်ဆွေကြီးကို မည်ကဲ့သို့
အဖြေပြန်ပေးရမည်ကိုမသိတော့ဘဲ သူ၏မေးခွန်းကို အကြိမ်ကြိမ်ဆင်ခြင် နေမိပါသည်၊၊ ဖြစ်နိုင်ပါသည်၊
လူဘ၀သည်ပညာသင်ယူရန် အသက်ရှင်နေခြင်း ဖြစ်ပါသည်၊၊ ပညာ တစ်ခုခုကို မသင်ယူတော့သည့်နေ့သည်
သေဆုံးသွားသည့်နေ့တစ်နေ့ပင် ဖြစ်ပါသည်၊၊
ရန်ကုန်မြို့မှ အထူးထင်ရှားသည့်
အင်္ဂလိပ်စာဆရာကြီး ဦးမြကြိုင်သည် ကျောင်းသား(၁၀၀၀)ခန့်တက် သည့် သူ၏သင်တန်းခန်းထိပ်တည့်တည့်တွင်
စာတမ်းတစ်ခုကိုရေးသား ချိပ်ဆွဲထားသည်ကို တွေ့ခဲ့ ရပါသည်၊၊
“သင်,
အစာမစားလျင်
ရုပ်ခန္ဓာသေမည်၊
စာမသင်တော့လျင်
အတွေးအခေါ်
သေမည်၊၊”
“ဆရာကြီး၏
အတွေးအခေါ်ကို သင်တန်းတက်နေခဲ့စဉ်က ကောင်းကောင်းသဘောမပေါက်ခဲ့”ဟု
ဝန်ခံရပါမည်၊၊ မိမိကိုယ်တိုင် ဘ၀အတွေ့အကြုံများစွာကို ဖြတ်သန်းနေရခြင်းနှင့်အတူ၊ ပညာရေးလမ်း
ကြောင်းပေါ်တွင်အတော်အတန်မျှ အခြေချမိလာပြီးသည့်အချိန်တွင်မူ ဆရာကြီးကို အထူးလေးစား
နေမိပါတော့သည်၊၊
အစားမစားသဖြင့် ရုပ်ခန္ဓာသေဆုံးခြင်းသည်
ဘ၀တစ်ခုကိုအဆုံးသတ်ခြင်းဖြစ်သောကြောင့် အနာဂတ် ဘ၀သစ်တစ်ခုကို စတင်လိုက်ရုံပင်ဖြစ်ပါသည်၊
ထူးခြားဖြစ်စဉ်ဟု မခေါ်နိုင်ပေ၊၊
စာမသင်တော့သခြင့် အတွေးအခေါ်သေလျင်မူ
ဘ၀ပြဿနာအကြီးစား ဖြစ်ပါသည်၊၊ အကြောင်းမှာ လူသည် တစ်ဦးတစ်ယောက်တည်းနေသည်မဟုတ်ဘဲ၊ အရွယ်ရှိလာသည့်လူတိုင်းသည်
ပတ်ဝန်းကျင် တစ်ခုခုကို ခေါင်းဆောင်နေကြခြင်းကြောင့် ဖြစ်ပါသည်၊၊
ခေါင်းဆောင်လုပ်သူကိုယ်တိုင်က
အတွေးအခေါ်သေနေသူဖြစ်လျင် အဖွဲ့အစည်းတစ်ခုလုံး အမှားပင် လယ်၊ အမှားသမုဒ္ဒရာတွင် မျောရုံသာဖြစ်ပါတော့သည်၊၊
တိုးတက်မှုတစ်စုံတရာလည်း ရှိနိုင်တော့မည် မဟုတ်ဘဲ ပြဿနာများသာတိုးပွားနေပါတော့သည်၊၊
ပညာသည် ခေါင်းဆောင်တွင်မှလိုအပ်သည်မဟုတ်ဘဲ၊
နောက်လိုက်များတွင်လည်း အထူးလိုအပ် ပါသည်၊၊ မိဘတွင်မှလိုအပ်သည်မဟုတ်ဘဲ သားသ္မီးများတွင်လည်း
အထူးလိုအပ်ပါသည်၊၊ ပညာမရှိ သည့်မိသားစုသည် ခဏပိုင်းအဆင်ပြေနေသည့်တိုင် မျိုးဆက်တစ်ခုကုန်လွန်ပြီးသောအခါ
မွဲပြာကျ သည့်ဘ၀သို့ ရောက်ကြရပါသည်၊၊
တစ်ခေတ်တခါက မြန်မာနိုင်ငံတွင်
သူဌေးကြီး “ဆာဦးသွင်နှင့်၊ ဗြိတိသျှ-ဗားမား ဦးညွန့်”ဟူ၍ နိုင်ငံ တော်မှပင် ငွေချေးရလောက်အောင်ချမ်းသာကြွယ်ဝသည့်
သူဌေးကြီးနှစ်ဦး ရှိခဲ့ဖူးပါသည်၊၊ သူဌေးကြီး နှစ်ဦးထဲမှတစ်ယောက်သည် သူ၏မျိုးဆက်ကို
ပညာအမွေမပေးနိုင်ခဲ့ပေ၊၊
သူ၏မြစ်များလက်ထက်သို့ရောက်သောအခါ
အဘိုးအဘွားများပိုင်ခဲ့သည့် ဧရာမတိုက်နှင့်ခြံကို အခြား သူထံအပ်နှံခဲ့ရပြီး၊ အလုပ်သမားတန်းလျားတွင်
အစေခံဘ၀ဖြင့်နေနေရသည်ကို စာရေးသူ၏အရင်း နှီးဆုံးသူငယ်ချင်းကိုယ်တိုင် သွားရောက်လေ့လာခဲ့သဖြင့်
သိခဲ့ရပါသည်၊၊
“သူဌေးကြီး၏မျိုးဆက်များသည်
လူလိမ်ခံရသောကြောင့် ယ္ခုကဲ့သို့ဆင်းရဲသွားကြရသည်”ဟု
အချို့က ပြောဆိုကြသော်လည်း ပညာအမွေမရလိုက်သောကြောင့် ဘိုးဘွားအမွေကို မစံစားရခြင်းဖြစ်ကြောင်း
ကိုမည်သူမှ မပြောကြချေ၊၊
တစ်ကိုယ်ရေ ဆင်းရဲခြင်း၊
မိသားစုဆင်းရဲခြင်း၊ ကျေးရွာဆင်းရဲခြင်း၊ မြို့နယ်ဆင်းရဲခြင်း၊ တိုင်းပြည် ဆင်းရဲခြင်းများမှာ
“အရင်းစစ်လျင် အမြစ်မြေမှ”ဆိုသကဲ့သို့
ပညာမတတ်ခြင်းကြောင့် ဖြစ်ကြောင်းကို ရဲရဲဝံ့ဝံ့ဝန်ခံကြရန် လိုအပ်ပါသည်၊၊
“ဒေသတစ်ခုတွင်
ပညာရှိတစ်ယောက်ရှိလျင်ပင်၊ ထိုဒေသ ချမ်းသာကြွယ်ဝနိုင်ကြောင်း”ကို
ဓမ္မပဒ ကျမ်းတွင်ဖော်ပြထားပြီး၊ အခြားသော ပညာရှိများစွာကလည်း ထောက်ခံ၍နည်းတူပင် ပြောဆိုရေး
သားကြပါသည်၊၊
မြန်မာနောက်ဆုံးမင်းနှင့်၊
သီရိလင်္ကာ နောက်ဆုံးမင်းအကြောင်းကို လေ့လာကြည့်သောအခါ တူညီ သည့်အချက်ကို တွေ့ရပါသည်၊
ပညာမတတ်တာခြင်း ဖြစ်ပါသည်၊၊ ပညာမတတ်သောကြောင့်ပင် အမတ်များကို အားကိုးခဲ့ရပြီး၊ နောက်ဆုံးတွင်
သူ့ကျွန်ဘ၀သို့နှစ်နိုင်ငံစလုံး ကျရောက်ခဲ့ကြရပါတော့ သည်၊၊
ပို၍ဆိုးသည်မှာ ပညာမတတ်သောမိဘများဖြစ်သည့်
နန်းကျဘုရင်များသည် သားတော် သ္မီးတော်များ ကိုလည်း မည်သို့မည်ပုံသင်ပြရမှန်းမသိခဲ့ကြသောကြောင့်
မြန်မာ့ထီးသွေး နန်းသွေးများသည် အိန္ဒိယ ကုလား၊ မုတ်ဆိပ်ကြီးများနှင့် အကြောင်းပါခဲ့ကြရပါတော့သည်၊၊
ဇာတ်နာစေရန်ရည်ရွယ်၍ သည်မျှအထိရေးသားသည်
မဟုတ်ပါ၊ ပညာသည် လူ့ဘ၀ လူ့အဖွဲ့အစည်း အတွက် မည်မျှအရေးပါသည်ကိုသတိပြုကြစေရန် ထင်ရှားသည့်သာဓကများကို
ဖော်ပြရခြင်းမျှသာ ဖြစ်ပါသည်၊၊
ယနေ့ခေတ် မြန်မာနိုင်ငံတော်ကြီးသည်
ပြုပြင်တည်ဆောက်မှုကို အကြီးမားဆုံးပြုနေသည့် အချိန်ဖြစ် ပါသည်၊၊ အမိမြန်မာနိုင်ငံသူ/
မြန်မာနိုင်ငံသားတို့ ပညာတတ်ကြလျင် ပြုပြင်တည်ဆောက်မှု အောင် မြင်နိုင်ပြီး၊ ပညာမဲ့သည့်အလျောက်
လူမိုက်တို့လမ်းကြောင်းကို လျောက်ကြလျင်မူ ဧကန်မုချ “ရေနက် နစ်ကြမည်” ဖြစ်ပါသည်၊၊
မြန်မာစကားပုံတွင် “ရေတိမ် နစ်သည်”ဟူ၍သာ အဆိုရှိပြီး၊ “ရေနက် နစ်သည်”ဟု အဆိုမရှိပါ၊၊ အမှန် စင်စစ်
ရေတိမ်တွင်ပင် နစ်နိုင်သေးလျင်၊ ရေနက်တွင် ဆိုဖွယ်ရာမရှိတော့သောကြောင့် ဆိုရိုးမပြုခဲ့ကြ
ခြင်း ဖြစ်နိုင်ပါသည်၊၊
ပညာမတတ်လျင် လူ့ဘ၀တွင် ရေနက်နက်တွင်နစ်သကဲ့သို့
ဆင်းရဲတွင်းနစ်ပြီး၊ ဘ၀မြုပ်ကွယ်သွား ကြမည်ဖြစ်ကြောင်းကို အထူးသတိပြု မှတ်သားကြရန်လိုပါသည်၊၊
စာရေးသူ၏ဘ၀တွင် ရေနက်တွင် နစ်လုနီးနီး အချိန်တစ်ခုရှိခဲ့ဖူးပါသည်၊၊
ထိုအချိန်က အားမာန်များဖြစ်ပေါ်လာရန်
တွင်းအားပေးခဲ့သည့်ကဗျာလေးတစ်ပုဒ်ကို တင်ပြလျက်စာ တမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊
“သမိုင်းရုပ်တု ကဗျာ”
လူတိုင်းလူတိုင်း
သမိုင်းရုပ်တု၊
ကိုယ်တိုင်ထုသည့်
ပန်းပုဆရာများချည်းသာ၊၊
လူတိုင်းလူတိုင်း
သမိုင်းရုပ်တု၊
ကိုယ်တိုင်ထုမှ၊
သမိုင်းရုပ်လုံး၊
ကိုယ်တိုင်မှုန်းမှ၊
သမိုင်းရုပ်ကြွ၊
ကိုယ်တိုင်သမှ၊၊
ကိုယ့်သမိုင်းရုပ်၊
ကိုယ်မလုပ်ဘဲ၊
မျက်နှာလွှဲထား၊
သူတစ်ပါးကို၊ ငှား၍မရ၊၊ ၊၊
(အမည်မသိ စာရေးဆရာ)
(မှတ်ချက်/ 26/07/2014-နေ့တွင်ကျရောက်မည့်
စာရေးသူ၏မွေးနေ့ အထူးဆောင်းပါးအဖြစ် ယ္ခု စာတမ်းကို ရေးသားတင်ပြလိုက်ရပါသည်၊၊)
အရှင်ကေ၀လ(အလင်းစက်)
M.Phil (Thesis)
{မဟာဝိဇ္ဇာ၊ သီရိလင်္ကာ}
www.ko-thitsar.blogspot.com