Sunday, May 8, 2011

လောကဓံနှင့် လူသား၊၊ ၊၊





စာပေတွင် “လောကဓံ”ရှိ၍သာ “လူသား”သည် ဖြစ်ပေါ်လာရကြောင်း တင်ပြထားသကဲ့သို့၊ လူသားရှိ၍သာ လောကဓံများ ပေါ်ပေါက်လာရသည်ဟုလည်း ဆိုပြန်သည်၊၊ မည်သို့ဆိုစေ လူသားနှင့်လောကဓံသည် အဆက်အစပ်တစ်ခု ဖြစ်လေသည်၊၊

လောကဓံနှင့်ကင်းသော လူသားဟူ၍ဖြစ်စေ၊ လူသားနှင့်ကင်းသော လောကဓံဟူ၍ဖြစ်စေ ရှိနိုင်မည် မဟုက်ချေ၊၊ နေ၏အလင်းရောင်အောက်တွင် အရိပ်တစ်စုံတရာကို မြင်တွေ့ရသည်မှာ ထိုအရိပ်၏
အထည်ဒြပ်တည်ရှိနေ၍သာဖြစ်ကြောင်း ထင်ရှားသည်၊၊

လောကဓံနှင့် လူသားသည်လည်း နေရောင်တွင်ဖြစ်ပေါ်သော အရိပ်နှင့်ဒြပ်ပမာဖြစ်သည်၊၊ ဒြပ်မရှိဘဲ အရိပ်မပေါ်နိုင်သကဲ့သို့ အရိပ်ပေါ်နေခြင်းသည် အထည်ဒြပ်တည်ရှိနေခြင်းကြောင့် ဖြစ်ရသည်၊၊

နေရောင်၏အောက်တွင် အရိပ်ထင်ရာ၌ ဒြပ်ရှိ၍၊ ဒြပ်ရှိခြင်းကြောင့်အရိပ်ထင်ရသည်ဟု ပုံသေမမှတ်ယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် နေရောင်မရှိဘဲလည်း ဒြပ်မှအရိပ်ကို မရရှိနိုင်သောကြောင့် ဖြစ်သည်၊၊

ဤသို့ဆိုသော် နေရောင်၊ ဒြပ်၊ အရိပ်တို့သည် “အညမည”သဘောအားဖြင့် ဆက်စပ်နေသည့် အရည်အသွေး များ ဖြစ်ကြလေသည်၊၊ လူသားဟူ၍ ကမ္ဘာလောကအတွင်း ဖြစ်ပေါ်လာသောကြောင့် လောကဓံဟူသည့် အရိပ် ထင်ပေါ်လာရသည်၊၊

သို့သော် လူသားပေါ်ပေါက်မှုသက်သက်ဖြင့်လည်း လောကဓံသည် ဖြစ်ပေါ်ရောက်ရှိမလာတတ်ပြန်၊ လောကဓံများ လူသားထံသို့ရောက်လာစေရန် ထူးခြားသည့်လူသား၏ အပြုအမူများလည်း လိုအပ် လာပြန်သည်၊၊

ဤအပြုအမူများအပေါ်တည်မှီ၍ အကောင်းနှင့်အဆိုးလောကဓံများ လူသားထံရောက်ရှိလာသည်ကို သဘာဝသက်သေများက ဖော်ညွှန်းလျက်ရှိလေသည်၊၊ လူသားတို့၏ ဘ၀တစ်သက်တာတွင် မလွဲမသွေကြုံ တွေ့ရမည့် “လောကဓံရှစ်မျိုး”ကို စာပေတွင်ဖော်ပြထားသည်၊၊

လောကဓံအကြောင်းကို လူတိုင်းပါးစပ်ဖျားတွင် နေစဉ်လိုလိုပြောတတ်ကြသည်၊၊ လောကဓံရှစ်မျိုးကို မည်သူက ဖော်ထုတ်ပြသခဲ့သည်၊ မည်သည့်ကျမ်းတွင် အသေးစိတ်လေ့လာရရှိနိုင်သည်ကို သိသူနည်းပါးမည်ဟု ထင်မိပါသည်၊၊

လောကဓံကို စာလုံးဖြင့်ရေးသားသည့်အခါ “လောကဓမ်”ဟုဖြစ်စေ၊ “လောကဓံ”ဟုဖြစ်စေ ရေးသားနိုင်
ပါသည်၊၊ “လောကဒဏ်”ဟု မရေးသားနိုင်ပါ၊၊ အကြောင်းမှာ “လောကဓံ”စကားလုံးသည် “လောကဓမ္မ”
ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာသည့် ပါဠိသက်မြန်မာ စကားလုံးဖြစ်သောကြောင့် ဖြစ်ပါသည်၊၊

“လောကဒဏ်”ဆိုသည်မှာ လောကကြီးက လူသားတို့ကိုပေးသော ပြစ်ဒဏ်များဖြစ်သည်ဟု ရေးသားထားသော စာအုပ်နှင့်အရေးအသားများကိုလည်း တွေ့ရဘူးပါသည်၊၊ လုံးဝမှားယွင်းသည့် အရေးအသား ဖြစ်ပါသည်၊၊ ဤသို့ရေးသားခြင်းမှာ မူလ “လောကဓံ”ဝေါဟာရကို “လောကဒဏ်”ဟု မှားယွင်းရေးသားရာက ဖြစ်လောက်မည်ထင်သည့် အနက်အဓိပ္ပါယ်ကို ရေးသားလိုက်ရာက စာပေ အမှားတစ်ခုကို ကျူးလွန်လိုက်မိခြင်းဖြစ်တန်သည်၊၊

လောကဓံရှစ်မျိုးကို ဗုဒ္ဓရှင်တော်သည် ပထမလောကဓမ္မသုတ်၊ ဒုတိယလောကဓမ္မသုတ်ဟု သုတ်နှစ်မျိုးခွဲခြား၍၊ အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင် အသေးစိတ်သင်ကြား၊ ဟောပြောထားပါသည်၊၊ လောကဓံရှစ်မျိုးကို သာဓကပုံပြင်များစွာဖြင့် သင်ပြထားသည့် အခြားပါဠိစာပေများစွာလည်း ရှိပါသေးသည်၊၊

လောကဓမ္မ=လောကဓံဟူသည်မှာ လောကတွင်ဖြစ်ပေါ်လေ့ရှိသည့် အခြေအနေရှစ်မျိုး၊ လောကတွင် ကြုံတွေ့ရမည့် အခြေအနေရှစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ဆို ရပါမည်၊၊ လောကထဲတွင် လူသားဟူ၍ မွေးဖွားလာသူတိုင်း လောကဓံရှစ်မျိုးလုံးကိုဖြစ်စေ၊ တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ၊ ဧကန်ကြုံတွေ့ရမည် ဖြစ်ပါသည်၊၊

လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံက အကောင်း၊ မည်သည့်လောကဓံကအဆိုးဟူ၍ ပုံသေ
သတ်မှတ်၍ မရနိုင်ပါ၊၊ လူသား၏ လောကဓံကိုခံယူပုံစိတ်အခြေအနေပေါ်တွင်မူတည်၍ လောကဓံအဆိုးနှင့် အကောင်းဟူ၍ ဖြစ်ပေါ်လာရသည်၊၊

လောကဓမ္မ=လောကဓံရှစ်မျိုး-
(၁) ရရှိမှု၊
(၂) မရရှိမှု၊
(၃) အသိုင်းအ၀ိုင်းရှိမှု၊
(၄) အထီးကျန်ဆန်မှု၊
(၅) ချီးမွှန်းခံရမှု၊
(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊
(၇) ချမ်းသာမှု၊
(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊

“ရရှိမှု”
ရရှိမှုဟုဆိုရာတွင် လူသား၏ဘ၀တွင် လိုချင်သည်များ၊ လိုအပ်သည်များ အလွယ်တကူ ရှာဖွေရရှိမှုကို ဆိုလိုပါသည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်မှုဘ၀ သာယာစိုပြေရေးတို့ ပါဝင်ပါသည်၊၊

“မရရှိမှု”
ရရှိမှု၏ဆန့်ကျင်ဘက်သည် မရရှိမှုဖြစ်ပါသည်၊၊ လူတို့၏ဘ၀တွင် လိုအပ်သည်များ လိုချင်သည်များမှာ တခါတရံအလွယ်တကူ ရှာဖွေမရရှိသည့်အခါများလည်း ရှိနေတတ်ပါသည်၊၊ စီးပွားဥစ္စာနှင့်၊ကျန်းမာရေး၊ ပညာရေး၊အိမ်ထောင်မှုဘ၀သာယာစိုပြေရေးတို့ပင် ဖြစ်ပါသည်၊၊

ဤသို့ဖြစ်ရသည်မှာ လောကကြီးဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်ဒဏ်ပေးသည်မဟုက်ဘဲ၊ လောကအတွင်း ဖြစ်လေ့ရှိသည့်အခြေအနေတစ်ရပ်အနေဖြင့် မှတ်ယူရမည်ဖြစ်ပါသည်၊၊

“အသိုင်းအ၀ိုင်းရရှိမှု”
ချစ်သူ၊ ခင်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ရယ်မော နေထိုင်ခွင့်ရသည်ကို အသိုင်းအ၀ိုင်းရရှိမှု လောကဓံဟု ခေါ်ပါသည်၊၊ ဤသို့အသိုင်းဝိုင်းကောင်းကို ရရှိသည့်အတွက် ကူညီသူ၊ အားပေးသူ၊ ချစ်ခင်ယုသူ၊ ထောက်ပံ့ဖေးမသူများသဖြင့် ဘ၀သည် ချမ်းမြေ့ဖွယ် သာယာစိုပြေရတော့သည်၊၊

ထနောင်းပင်ရိပ်တွင် ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် ခဲစားနေရသည့်တိုင် ချစ်သူ၊ ခင်သူ၊ မိတ်တွေ၊ သူငယ်ချင်းများနှင့် ထွေထွေလီလီ အနှီနှီဖြင့်စကားဖောင်ဖွဲ့ရင်း စားသောက်ရဖြင့် နတ်ဘုံနတ်နန်းတမျှ သာယာပျော်ရွှင်ရတတ်သည်ကို သိရသည်၊၊

လူသားသည် ပင်လယ်နှင့် ကန္တာရများတွင် ဖြစ်ပေါ်လေ့ရှိသော ကျွမ်းတစ်ခု မဟုက်ကြောင်း Man is not Island.ဟု ပညာရှင်တို့ဆိုခဲ့ကြသည်၊၊ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ခုနှစ်ထောင်ကျော်မျှရှိနေသော်လည်း၊ မိမိနှင့် အတွေးအခေါ်တူသူ၊ နှစ်သက်မှုတူသူ၊ ရည်ရွယ်ချက်တူသူ၊ မိမိကိုနှစ်သက်သူ၊ မိမိကနှစ်သက်သူမရှိသည်ကို အသိုင်းအ၀ိုင်းမရှိမှုလောကဓံဟု ခေါ်ရပါသည်၊၊

ဤအခြေအနေတွင် လူသားသည်အ၀ိုင်းအ၀ိုင်းကို ရှာဖွေမရရှိတော့ဘဲ ဖြစ်ရတော့သည်၊၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ ခင်သူမှကင်းဆိတ်သည့်ဘ၀တွင် ပြင်းရိ၊ငြီးငွေ့ဖွယ်ရပ်တည်ရတော့သည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေးအဆင်ပြေသည့်တိုင် မိတ်ဆွေအသိုင်းအ၀ိုင်း၊ ချစ်သူ၊ ခင်သူ၊ ခံစားချက်ကို မျှဝေမည့်သူမရှိဘဲ ရပ်တည်ရသည့် အခြေအနေတွင် ဘ၀သည်သာယာဖွယ် မဖြစ်တော့ပေ၊၊

အသိုင်းအ၀ိုင်းမရှိမှုလောကဓံကို ရင်ဆိုင်ရပြီဆိုလျင် လူသားသည် ရွှေဘုံပေါ်တွင် ရွှေအသီးများကို စားသုံး နေရသည့်တိုင် အရသာကိုရှာဖွေတွေ့ရှိလိမ့်မည် မဟုက်ပါချေ၊၊

“ပြစ်တင်ဝေဖန်ခံရမှု”
လူသားသည် ရပ်တည်မှုတစ်ခုအတွက် ဥစ္စာပစ္စည်းကို ရှာဖွေရသည်၊၊ အတတ်ပညာကို သင်ယူရသည်၊ ကျန်းမာရေးကို ဆောက်တည်ရသည်၊ အိမ်ထောင်မှုဘ၀ကို ထူထောင်ရသည်၊၊ ဤဆောင်ရွက်ချက်များမှာ စကားလုံးဝေါဟာရအားဖြင့် မများလှသော်လည်း လက်တွေ့အကောင် အထည်ဖော်ရာတွင် လွယ်ကူသောတာဝန်များ မဟုက်ချေ၊၊

မိမိဘ၀ရပ်တည်မှုအတွက် မိမိကြိုးစားနေစဉ်အတွင်း လူသားသည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်၊ ကဲ့ရဲ့မှုများကို မရှောင်မလွှဲသာ တွေ့ကြုံကြရသည်၊၊ ပြစ်တင်မှုဝေဖန်ခံရမှုလောကဓံဟု စာပေကဆိုပါသည်၊၊ “လောကတွင် ကဲ့ရဲ့ပြစ်တင်ဝေဖန်ခံရမှုမှ လွတ်သူမရှိ”ကြောင်း ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဆုံးမထားပါသည်၊၊

များစွာသောလူတို့သည် အခြားသူ၏အပြစ်ကို အချိန်ယူ၍ မြိန်ရေ ယှက်ရေပြောဆို နေတတ်ကြသည်မှာ ထူးဆန်းသည့် လုပ်ရပ်ဖြစ်သည်၊၊ ကဲ့ဝေဖန်ခံရသူသည် မိမိမှာ တကယ်အပြစ်ပြောဖွယ်ရှိနေပါက ပြုပြင်သင့်ပြီး၊ အကယ်၍ အမှားတစ်စုံတရာမရှိက မိမိကိုအများက စိတ်ဝင်တစားရှိ၍သာ သူတို့၏ တန်ဖိုးရှိသော အချိန်များထဲမှ အချိန်တစ်ခုကိုယူ၍ မိမိအကြောင်းကို ပြောဆိုနေကြသည်ဟု ၀မ်းမြောက်သင့်လှသည်၊၊

လူတို့၏သဘာဝမှာ သူတို့အလေးမထားသော၊ စိတ်မ၀င်စားသောအကြောင်းအရာကို အချိန်ယူပြော ဆိုတတ်သည့် သဘာဝမရှိကြရကား၊ မိမိအကြောင်းကို အဆိုးဘက်မှဖြစ်စေကာမူ ပြောဆိုနေဦးတော့ မိမိသည်လူအများ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရရှိနေပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊

“ထင်ရှားသူတိုင်း၊ ပေါ်လွင်သူတိုင်း၊ နာမည်ရသူတိုင်း၊ အောင်မြင်သူတိုင်း၊ ချမ်းသာသူတိုင်းသည် အများ၏ပါးစပ်ဖျား၊ အသဲနှလုံးကြားတွင် အဆိုးဘက်မှရော အကောင်းဘက်မှပါ ပြောဆို၍အရသာရှိဖွယ် ကိတ်မုန့်တစ်လုံးဖြစ်နေသည်ကို ဂုဏ်ယူရမည်”ဟု ဒေးကာနယ်ဂီ၏ မိတ္တဗလဋီကာတွင် ဖော်ပြထားသည်၊၊

သို့သော်“မိမိမှာ တကယ်အမှားရှိ၍ ပြစ်တင်ပြောဆိုလာလျင်မူကား ထိုသူကိုရွှေးအိုးကို ဖော်ဆောင်ပေးသော သူကဲ့သို့သဘောထားပြီး ဆရာတင်ရမည်”ဟု ဗုဒ္ဓရှင်တော်က ညွန်ကြားပါသည်၊၊

“ချီးမွှန်းထောပနာပြုခံရမှု”
လူသည် မိမိ၏ရပ်တည်မှုအလုပ်ကို ပုံမှန်လုပ်နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အလိုမကျသည့် အခါတွင် ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး၊ သဘောတွေ့သည့်အခါတွင်လည်း ချီးမွှန်းပြောဆိုတတ်ကြ ပြန်သည်၊၊ ဤသည်ကို ချီးမွန်းခံရမှုလောကဓံဟု ခေါ်ပါသည်၊၊ အမှန်မှာ မိမိကိုယ်တိုင်သည် ပတ်ဝန်းကျင်၏ ချီးမွှန်းမှု၊ ကဲ့ရဲ့မှုကိုလက်ခံရယူရန်တမင် ပြုလုပ်နေသည်မဟုက်သည်ကို သိရှိပြီးဖြစ်သည်၊၊

ထို့ကြောင့် လူသားသည် မိမိကိုပတ်ဝန်းကျင်က ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ၊ သတိထား ဆင်ခြင်သင့်သည်ကလွဲပြီး များစွာအာရုံပြု၊ ဂရုထားနေရင် မလိုအပ်ချေ၊၊ ဗုဒ္ဓနှင့် အခြားသောနိုင်ငံအာ ဇာနည်များစွာတို့မှာ လူသားတစ်ရပ်လုံးအတွက် အနင့်နာခံ ကောင်းကျိုးပြုကြသူများဖြစ်သည်ကို သိရှိကြသည်၊၊ သို့သော် အပြစ်မြင်စိတ်အားကြီးသောသူများမှာ အလွတ်ပေးသည်မရှိဘဲ အပြစ်ဆိုကြသေးသည်ကို တွေ့ရမည်ဖြစ်သည်၊၊

ထို့ကြောင့် ပြစ်တင်ဝေဖန်မှုလောကဓံကိုခံရသည့်အခါ စာဖတ်သူအနေဖြင့် လောက၏သဘာဝတစ်ခု အနေဖြင့်သာ လက်ခံသင့်ပြီး၊ များစွာမတုန်လှုပ်သင့်ပေ၊၊ မင်္ဂလသုတ်တွင် “လောကဓံရှစ်မျိုးကြောင့် မတုန်၊ မလှုပ်နေနိုင်ခြင်းကို မင်္ဂလာတစ်ခု၊ ကောင်းခြင်းတစ်ခု”ဟု ဆိုထားပါသည်၊၊ ဆိုလိုသည်မှာ လောကဓံကို ရင်ဆိုင်ရဲခြင်းကို မင်္ဂလာဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊ စာရေးသူအနေဖြင့်မူ “လောကဓံကို ရင်ဆိုင်ရဲခြင်း၊ ကြုံတွေ့လာရသမျှလောကဓံများကြောင့် မတုန်၊ မလှုပ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းကို သတ္တိရှိခြင်း”ဟု မြင်မိပါသည်၊၊

“ချမ်းသာမှု”
လူ့လောကတွင် ချမ်းသာမှုပုံစံ (၄)မျိုးရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊ ချမ်းသာမှုသည်လည်း လောကတွင်ကြုံရတတ်သည့် လောကဓံတစ်ခုမျှသာ ဖြစ်သည်၊၊ အခြားလောကဓံများနှင့် မကွာခြားသည့် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်၊၊

(၁) ဥစ္စာပစ္စည်းရှိ၍ ချမ်းသာမှု၊
(၂) အသုံးပြုခွင့်ရသဖြင့် ချမ်းသာမှု၊
(၃) အကြွေးကင်းသဖြင့် ချမ်းသာမှု၊
(၄) ဘ၀တွင်အပြစ်ကင်းသဖြင့် ချမ်းသာမှုတို့ ဖြစ်သည်၊၊

“ဆင်းရဲမှု”
လောကဓံရှစ်မျိုးတွင် နောက်ဆုံးဖော်ပြထားသည့် လောကဓံသည် “ဆင်းရဲမှုလောကဓံ”ဖြစ်သည်၊၊ ဤလောကဓံကို အဆိုးဝါးဆုံးလောကဓံဖြစ်သဖြင့် နောက်ဆုံးမှဖော်ပြသည်ဟု မမှတ်ယူနိုင်ချေ၊၊
ဆင်းရဲမှုလောကဓံသည်လည်း အခြားလောကဓံများနည်းတူ လောကတွင်တွေ့ကြုံရတတ်သည့် အခြေ
အနေတစ်ခုမျှ ဖြစ်သည်၊ ထို့ထက်ဘာမျှ ထူးခြားသည်မဟုက်ပါ၊၊

လောကဓံရှစ်မျိုးကို သရုပ်အားဖြင့်တင်ပြခဲ့ပြီ ဖြစ်ပါသည်၊၊ ယ္ခုအခါ လောကဓံများပေါ် သဘောထားပုံများကို တင်ပြမည်ဖြစ်ပါသည်၊၊ လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံသည် အဆိုးဖြစ်သည်ဟု ပုံသေမမှတ်ရကြောင်းအထက်တွင် ဖော်ပြခဲ့ပြီဖြစ်သည်၊၊

မှန်သည်၊၊ လူသား၏ စိတ်ထားအပေါ်တွင်မူတည်၍ လောကဓံ၏ဖိအားသည် သက်ရောက်ပါသည်၊ ဆိုလိုသည်မှာ လောကဓံရှစ်မျိုးကို ဘာသာများစွာ၏ ဘုရားများစွာနှင့်အတူ၊ ဘုရင်များရော၊ အစိုးရများ၊ လူများ၊ ဘာသာအသီးသီးမှ သံဃာများပါ မလွဲမသွေတွေ့ကြုံကြရသည်၊၊

မိမိသည်စိတ်စွမ်းအား ပျော့ညံ့သူဖြစ်လျင် လောကဓံ၏ဖိအားသည် မိမိအပေါ်များစွာ သက်ရောက်တတ်ပြီး၊ မိမိကအင်အားရှိသူ၊ စိတ်စွမ်းအားရှိသူ၊ သတ္တိနှင့်ပြည့်စုံသူဖြစ်လျင် လောကဓံသည် တစ်စုံတရာဖိအားကို ပေးနိုင်မည်မဟုက်ကြောင်း မှတ်ယူရမည်၊၊

လောကဓံများတွင် သာယာဖွယ်လောကဓံနှင့် မနှစ်မြို့ဖွယ်လောကဓံနှစ်မျိုးရောနေသည်ကို သတိပြုမိမည် ဖြစ်သည်၊၊ သတိပြုဖွယ်အနေဖြင့် သာယာဖွယ်လောကဓံကို သာယာလွန်းသူ၊ မနှစ်မြို့ဖွယ်လောကဓံကို မုန်းတီးလွန်းသူများသည် စိတ်အားသတ္တိနည်းသူများဖြစ်ပြီး၊ သေခြာပေါက် ထိုသူများကို လောကဓံက နင်းခြေတတ်သည်ကို သတိပြုရပါမည်၊၊

မိမိထံရောက်ရှိလာသည့် သာယာဖွယ်လောကဓံကိုဖြစ်စေ၊ မနှစ်မြို့ဖွယ်လောကဓံကိုဖြစ်စေ စိတ်ဓာတ် ခိုင်ခိုင်၊ တည်ကြည်စွာဖြင့် ထိမ်းမတ်တတ်သူကို လောကဓံများက ဖိစီးနှိပ်စက်ကလူ မပြုနိုင်သည်ကို စာပေသာဓက၊ လက်တွေ့ဘ၀သာဓကများစွာတွင် တွေ့ရှိနိုင်သည်၊၊ ပညာရှိတို့ကမူ “လောကဓံဟူသည် လူသားကို ရွှေစစ် မစစ်ပေတင်သကဲ့သို့၊ လူသား၏စိတ်ဓာတ်မည်မျှ ခိုင်မာသည်ကို စမ်းသတ်သည့်၊ စစ်ဆေးသည့်မှတ်ကျောက်” များအဖြစ် ရေးသားကြသည်၊၊

“ရွှေစစ်လျင် ပေတင်ခံနိုင်သည်၊ ရွှေမစစ်လျင် ပေပေါ်တွင် ကွဲရသည်၊၊ စိတ်ဓာတ်သတ္တိအားမကောင်းလျင် လောကဓံနှင့်တွေ့သောအခါ ကွဲသည်၊ စိတ်ဓာတ်သတ္တိအားကောင်းလျင် လောကဓံများကလူသားကို ပို၍ထူးချွန်ပြောင်မြောက်အောင် မြေတောင်မြှောက်ပေးသည်”ဟု အဆုံးစွန်ဆိုလိုပါသည်၊၊

“လောကဓံနှင့်လူသား” ခေါင်းစဉ်ဖြင့် အရှင်၏တင်ပြဆွေးနွေးချက် ဤတွင်ပြည့်စုံပြီဟု ယူဆပါသည်၊၊ လောကဓံ၏ စမ်းသတ်မှုအောက်တွင် ထူးချွန်သူများ၊ ပို၍ပို၍တောက်ပြောင်သူများ၊ ကြီးပွားတိုးတက်သူများ၊ သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ရရှိသူများ ဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းလိုက် ပါသည်၊၊ ၊၊



မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ၊
(၈.၅.၂၀၁၁)

အပြည့်အစုံသို့....

Thursday, April 21, 2011

ထေရ၀ါဒ+မဟာယာနတို့ကို သမိုင်းအမြင်ဖြင့် လေ့လာသုံးသပ်ခြင်း၊၊ ၊၊




ဗုဒ္ဓသာသနာတော် အစဦးပိုင်းက “ထေရ၀ါဒနှင့် မဟာယာန”ဟူ၍ မရှိခဲ့ပေ၊၊ ဗုဒ္ဓရှင်တော်၏ သင်ပြ၊ ဟောပြောချက်များကို “ဓမ္မ”နှင့်၊ “၀ိနယ”ဟူ၍သာ ခေါ်တွင်ခဲ့လေသည်၊၊

“ဓမ္မ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ လောကအပေါ်ရှုမြင်သုံးသပ်၊ ယူဆချက်များဖြစ်ပြီး၊ “၀ိနယ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ အယူအဆနှင့် ဟောပြော၊ သင်ပြချက်များကို ယုံကြည်လက်ခံ၍၊ ဗုဒ္ဓဘာသာဝင်အဖြစ် ၀န်ခံသူများအတွက်လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “ဓမ္မ”ဖြင့် သူ၏လောကအပေါ် ရှုမြင်သုံးသပ်ပုံ၊ အယူအဆကိုတင်ပြခဲ့ပြီး၊ ဗုဒ္ဓဘာသာဟု အမည်ခေါ်ဆိုနိုင်သော ဘာသာကြီးတစ်ခုကို တည်ထောင်ခဲ့ပါသည်၊၊ “၀ိနယ”ဖြင့် သူ၏ဘာ သာဝင်တို့လိုက်နာရမည့် ဥပဒေများကို ညွှန်ပြထားပါသည်၊၊

ဗုဒ္ဓရှင်တော် တည်ထောင်သော ဗုဒ္ဓဘာသာသည် အောင်မြင်သည်ဟု သုံးသပ်ရပါမည်၊ အဘယ့်ကြောင့်ဆို သော် အိန္ဒိယတိုက်ကြီးအတွင်းရှိ၊ တိုင်းနိုင်ငံအများစုက ဗုဒ္ဓဘာသာကို နှစ်သက်၊ သဘောကျ၊ ယုံကြည်၊ လက်ခံကြသည့်အပြင်၊ ရှေးရိုးစွဲအယူအဆဟောင်းများစွာကိုလည်းပယ်ဖျက်ကာ “ဗုဒ္ဓ ဘာသာ”အမည်ခံလာသောကြောင့် ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်ကို(B.C.563)တွင် သာမန်လူသားကလေးငယ်အဖြစ် ဖွားမြင်ခဲ့ပြီး၊ သူသည် သာမန်လူ သားအဖြစ်ဖြင့် (၇)နှစ်ခန့်၊ ကျင့်ကြံအားထုတ်ပြီး၊ (B.C.528 century)တွင် ဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် သက်တော်(၃၅)နှစ်တွင် လူသားဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ သက်တော် (၈၀)၊ (B.C.583 century)တွင် လူသားတို့ထုံးစံအတိုင်း ဘ၀ကို အဆုံးသတ်ခဲ့ရပါသည်၊၊

ဗုဒ္ဓရှင်တော် သက်ရှိထင်ရှား (၄၅)နှစ် အချိန်အတွင်း ဒေသအမျိုးမျိုး၊ လူမျိုးမျိုးအသီးသီးသို့ အကြောင်းအရာအလိုက် ဟောပြော၊ သင်ပြ၊ လမ်းညွှန်ခဲ့သမျှကို ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကတ်သုံးပုံ ပါဠိစာပေဟု ခေါ်တွင်ပါသည်၊၊

“ပထမသင်္ဂါယနာ”
(5th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ (၃)လ၊ (၄)ရက်လွန်သောအခါ၊ အကြောင်းအရာအမျိုး မျိုး၊ ခေါင်းစဉ်အသီးသီး ကွဲပြားလျက်ရှိသော ဗုဒ္ဓ၏သင်ကြားချက်များကို အမျိုးတူညီရာစုစည်း၍၊ ဟောပြောချက်များကိုစုစည်းမှု အစည်းအဝေးကြီးကို ဗုဒ္ဓ၏တပည့်ကြီးများ(၅၀၀)စည်းဝေး၍၊ အတည်ပြု၊ သတ်မှတ်ခဲ့ကြပါသည်၊၊

ဤကဲ့သို့သော စည်းဝေးပွဲမျိုးကို ပါဠိအမည်အားဖြင့် “သင်္ဂါယနာတင်ပွဲ”ဟု ခေါ်ဆိုကြပါသည်၊၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ ပထမဆုံးအကြိမ် ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပါဠိစာပေကျွမ်းကျင်သည့် သံဃာတော်များ ပြင်ဆင်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အတည်ပြု၊ ရွတ်ဆိုသောကြောင့် “ပထမသင်္ဂါယနာ”ဟု ပါဠိစာပေနှင့် ဗုဒ္ဓဘာသာသမိုင်းတွင် လေ့လာရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် သဘောထားမတိုက်ဆိုင်သည့် အရှင်ပုရာဏဦးဆောင်သည့် သံဃာ တော်(၅၀၀)ခန့်ရှိခဲ့သော်လည်း သီးခြားဂိုဏ်းခွဲ၍၊ သင်္ဂါယနာတင်မှုမျိုး မရှိခဲ့ကြောင်းတွေ့ရသည်၊၊ ပထမသင်္ဂါ ယနာတွင် ဗုဒ္ဓစာပေတစ်ရပ်လုံးကို ဓမ္မနှင့်၊ ၀ိနယဟူ၍သာ အပိုင်းနှစ်မျိုးခွဲ၍၊ သတ်မှတ်အတည်ပြုခဲ့ကြပြီး၊ “တိပိဋက=ပိဋကတ်သုံးပုံ”ဟူ၍ မခွဲခြားခဲ့သေးကြောင်း သိရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် အရှင်အာနန္ဒာသည် ဓမ္မနှင့်ပတ်သတ်၍ အဓိကဆွေးနွေး၊ တင်ပြ သူဖြစ်ပြီး၊ အရှင်ဥပါလိသည် ၀ိနယနှင့်ဆက်စပ်၍ ဆွေးနွေး၊ တင်ပြသူဖြစ်သည်၊၊ အရှင်မဟာကဿပသည် စည်းဝေးပွဲကြီး၏ သဘာပတိဖြစ်ခဲ့ပါသည်၊၊

အရှင်နှစ်ပါး၏ ဆွေးနွေးတင်ပြချက်များကို သဘာပတိဖြစ်သူ အရှင်မဟာကဿပက စစ်ဆေးအတည်ပြုပြီး၊ အစည်းဝေးသို့တက်ရောက်ကြသည့် သံဃာတော်တို့က သဘောတူကြောင်း “သာဒု”ခေါ်ခဲ့ကြပါသည်၊၊ ပထမသင်္ဂါယနာစည်းဝေး ဆုံးဖြတ်ချက်များအဖြစ် ဆုံးဖြတ်ချက်သုံးမျိုးကို အဓိကအနေ အားဖြင့် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်၊၊

(၁) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေအတွင်းသို့ အသစ်ထပ်မံ မထည့်ရန်၊၊
(၂) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေမှအတွင်းမှ တစ်စုံတစ်ရာကို မနှုတ်ပယ်ရန်၊၊
(၃) ပထမသင်္ဂါယနာတွင် အတည်ပြုထားသည့်အတိုင်း အစဉ်အဆက်လိုက်နာ ကျင့်သုံးကြရန်၊ တို့ ဖြစ်ပါသည်၊၊


ပထမသင်္ဂါယနာ စည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်ရခြင်း၏အကြောင်းကို တောထွက်ရဟန်းအိုကြီး “သုဘဒ္ဒ”၏စကားများကြောင့်ဟု အချို့ကဆိုသော်လည်း၊ လုံးဝပြည့်စုံသည့်အကြောင်းပြချက် မဟုက်ကြောင်း ပါဠိစာပေပညာရှင်တို့ ဆိုပါသည်၊၊

အမှန်မှာ ဗုဒ္ဓရှင်တော်လွန်ပြီးစအချိန်မျိုးတွင် ဘာသာကြီးကိုတည်ထောင်သူ ခေါင်းဆောင်အတိအကျ မရှိတော့သည့်အတွက် မဖြစ်မနေစည်းဝေးခေါ်ရမည့် အခြေအနေဖြစ်နေ၍သာ ပထမသင်္ဂါယနာစည်း ဝေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါဠိပညာရှင်အများစုက ထောက်ပြကြပါသည်၊၊

အခြားအရေးပါသော အကြောင်းတစ်ခုမှာ ဗုဒ္ဓရှင်တော်လွန်တော်မူခါနီးတွင် အရှင်အာနန္ဒာအား “အာနန္ဒာ, ၀ိနယကဏ္ဍကြီးမှ သေးငယ်သောပညတ်ချက်အချို့ကို လိုအပ်ပါကပယ်ဖြုတ်နိုင်ကြောင်း မိန့်တော်မူခဲ့သည်၊၊”

ဗုဒ္ဓရှင်တော် မမာမကျန်းဖြစ်နေချိန်ဖြစ်သည့်အတွက် အရှင်အာနန္ဒာမှ “မည်သည့်ပညတ်ချက်များသည် သေးငယ်သည့်ပညတ်ချက်များ ဖြစ်သည်”ဆိုသည်ကို မေးမြန်းရန်ပျက်ကွက်ခဲ့ရသည်၊၊ ထို့ကြောင့် ၀ိနည်း
သိက္ခာပုဒ်များကို စီစစ်ဆွေးနွေးရန်လိုအပ်သောကြောင့် ပထမသင်္ဂါယနာကို စည်းဝေးကျင်းပရခြင်း ဖြစ်ပါသည်၊၊

စည်းဝေးပွဲကြီးကို (၇)လကြာအောင် ပြုလုပ်ခဲ့ရပါသည်၊၊ ရာဇဂဟပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလှိုင်ဂူ အနီးတွင် မဏ္ဍပ်ဆောက်၍ကျင်းပခဲ့ပြီး၊ အဇာတသတ်ဘုရင်မှ လိုအပ်ရာရာကိုပံပိုး ကူညီခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရပါသည်၊၊

ပထမသင်္ဂါယနာကို သုံးသပ်ကြည့်လျင် တစ်စုံတယောက်ကို ကွယ်လွန်ပြီးသော ဗုဒ္ဓရှင်တော်၏နေရာတွင် ထား၍ ခေါင်းဆောင်တင်မြှောက်မှု မရှိခဲ့ကြောင်းတွေ့ရသည်၊၊ စည်းဝေးမှအတည်ပြုထားသော “ဗုဒ္ဓရှင်တော်၏ ဟောပြော၊ သင်ပြ၊ လမ်းညွှန်ချက်များကိုသာ ဗုဒ္ဓကိုယ်စားခေါင်းဆောင် ဆရာအဖြစ်အသိ မှတ်ပြုပြီး၊ လိုက်နာကြရန် သဘောတူထားခဲ့ကြကြောင်း”ကိုလည်း တွေ့ရသည်၊၊ စည်းဝေးပွဲတွင် ဗုဒ္ဓ၏ဟော ပြောချက်များကို စုစည်းရုံသာစုစည်းခဲ့ကြသော်လည်း စာပေအရေးအသား (အက္ခရာ)ဖြင့် မှတ်တမ်းမတင်ခဲ့ ကြောင်း တွေ့ရသည်၊၊

“ဒုတိယသင်္ဂါယနာ”
(4th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ နှစ်(၁၀၀)ကြာသောအခါ ဒုတိယအကြိမ်သံဃာ့အစည်း အဝေး ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ကြပါသည်၊၊ ကျင်းပရခြင်း၏အကြောင်းမှာ ၀ိနယကဏ္ဍအတွင်းသို့ ၀ဇ္ဇီတိုင်းပြည်သား ရဟန်းသံဃာတော်များမှ ဥပဒေအသစ်(၁၀)မျိုးကို ထည့်သွင်းဖို့ကြိုး စားလာသောကြောင့် ဖြစ်ပါသည်၊၊

ဒုတိယသင်္ဂါယနာကို ဝေသာလီပြည်၊ ဝေဠုကာရာမကျောင်းတိုက်ကြီးတွင် အရှင်မဟာယဿ၊ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိတို့က ဦးစီးကျင်းပခဲ့ပါသည်၊၊ ကာလာသောကမင်းမှ လိုအပ်သည်များကို လှုဒါန်းကူညီခဲ့ပါသည်၊၊ သင်္ဂါယနာစည်းဝေးပွဲကြီးသို့ သံဃာတော်(၇၀၀)တက်ရောက်ကြောင်း တွေ့ရပါသည်၊၊

ဒုတိယသင်္ဂါယနာတွင် ဗုဒ္ဓစာပေအတွင်း ဓမ္မနှင့်၊ ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်မှ ၀ိနယသက်သက်ကို ဆွေးနွေး ခဲ့ကြပါသည်၊၊ “ဓမ္မ”နှင့်ဆက်စပ်၍ ဆွေးနွေးမှုတစ်စုံတရာမရှိခဲ့ကြောင်း မှတ်တမ်းတင်ပါသည်၊၊ စည်းဝေးကြီး၏ ဆုံးဖြတ်ချက်များအဖြစ် အသစ်တင်ပြလာသည့် ဥပဒေသစ်များကိုလက်ခံအတည်မပြုကြောင်း ပယ်ချရုံတွင်မ ကဘဲ၊ ၀ဇ္ဇီပြည်သားရဟန်းသံဃာ(၁၀၀၀၀)ကို သံဃာ့အဖွဲ့အစည်းမှ နှင်ထုတ်ခဲ့ပါသည်၊၊

သံဃာတော်များအား ဤကဲ့သိုသာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းနှင့်စပ်၍ များစွာစဉ်းစား၊ ဆင်ခြင်သင့်
လှသည်၊၊ ဗုဒ္ဓကိုယ်တော်တိုင်သော်မှ သံဃာကိုသာသနာတော်မှ အကြောင်းတစ်စုံတရာကြောင့် နှင်ထုတ်ခဲ့
ဘူးခြင်းမရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊

အကျိုးရလာဘ်အဖြစ် ဒုတိယသင်္ဂါယနာမှ နှင်ထုတ်ခြင်းခံခဲ့ရသော သံဃာတော် (၁၀၀၀၀)တို့သည် ကောသမ္ဘီပြည့်ရှင် ဘုရင်အားအမှီယူ၍ “မဟာသံဃိကဂိုဏ်း”အမည်ယူကာ သီးခြားသံဃာ့အစည်းဝေး “စင်ပြိုင်သင်္ဂါယနာ”တစ်ခုကို ကျင်းပခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်ပြီး ဗုဒ္ဓဘုရားရှင်၏ သာသနာတော်
အတွင်း “မူလသာသနာဂိုဏ်း”ကြီးနှင့် “မဟာသံဃိကဂိုဏ်း”ဟူ၍ ကွဲပြားခဲ့ရပါသည်၊၊

အမှန်စင်စစ် ဖြစ်သင့်သည်မှာ ဒုတိယသင်္ဂါယနာအစည်းဝေး စတင်ကျင်းပစဉ်က နှစ်ဘက်တင်ပြကြသော အယူအဆများကို ဖြစ်နိုင်သမျှသဘောတူ ညှိနှိုင်းနိုင်ခဲ့ကြလျင် ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ပဋိပက္ခ ဖြစ်ပြီး၊ ဂိုဏ်းကွဲစရာမကြောင်းမရှိပေ၊၊

ဝဇ္ဇီတိုင်းပြည်ဖွား ရဟန်းသံဃာများ တင်ပြဆွေးနွေးလာသော ဥပဒေအသစ်များမှ အချို့ဥပဒေများသည် သီရိလင်္ကာနှင့် မြန်မာတို့ကဲ့သို့နိုင်ငံများအတွက် များစွာမထူးခြားသော်လည်း ထိုခေတ်အိန္ဒိယနိုင်ငံ၏ ရာသီ ဥတုနှင့် အခြေအနေအရ သင့်တော်သောဥပဒေသများဖြစ်ကြောင်း မျက်မှောက်ခေတ် ပါဠိစာပေပညာရှင်တို့ သုတေသနပြုပြီး၊ အသိမှတ်ပြုရေးသားကြသည်၊၊

ဝဇ္ဇီရဟန်းတော်တို့တင်ပြခဲ့သည်များကိုသာ ပထမသင်္ဂါယနာစည်းမျည်းနှင့် မညီညွတ်၍ပယ်ချရုံမက၊ သာသနာကပါနှင်ထုတ်ခဲ့သော်လည်း နောင်တွင် ဗုဒ္ဓစာပေအတွင်းသို့ ကျမ်းအသစ်ပေါင်းများစွာကို ထည့် သွင်းခဲ့ကြသည်ကို တွေ့ရသည်၊၊ ဤအခါတွင်မူ အသစ်အသစ်အယူအဆနှင့်ကျမ်းများကို ထည့်သွင်းရုံမျှမက ထို“ကျမ်းများမှာ ဘုရားအလိုတော်ကျသည်ဟုပင် ထောက်ခံခဲ့သည်”ကို တွေ့ရပြန်သည်၊၊

ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ဂိုဏ်းပေါင်းများစွာကွဲပြီး၊ ဂိုဏ်းတစ်ခုနှင့် အခြားဂိုဏ်းတစ်ခုတို့အကြား “သူ့ဂိုဏ်းက ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓစာပေသာ သာသနာစစ်သည်၊ အခြားဂိုဏ်းက မစစ်၊၊”ဟူ၍ တိုက်ခိုက်ငြင်းခုံ၊ ရေးသားပြောဆိုနေကြခြင်းမှာ အထက်တွင်ဖော်ပြခဲ့သော ဘက်လိုက်သည့်လုပ်ရပ်နှင့် ဆုံးဖြတ်ချက်များကြောင့်ဖြစ်ကြောင်း ထင်ရှားသည်၊၊

ဝဇ္ဇီတိုင်းပြည်ဖွား သံဃာတော်များ၏ သိက္ခာပုဒ်ပြင်ဆင်၊ ဖြည့်စွက်ချက် (၁၀) မျိုး-
(၁) သင်္ဂီလောဏကပ္ပ=သားချို၌ထည့်၍ သိမ်းဆည်းထားသောဆားကို နေ့စဉ်ဆွမ်းစားတိုင်း ရောနှော
စားနိုင်သည်။ (မူလဥပဒေတွင် သံဃာတော်များ အစားအသောက်ကို နေ့ဖို့ညစာသိမ်းဆည်း၍ မစားရဟူ၍ ဖြစ်သည်၊၊)

(၂) ဒွင်္ဂုလကပ္ပ=မွန်းလွဲပြီးနောက် နေအရိပ် လက်နှစ်သစ်လွန်သည်အထိ ရဟန်းများ ဆွမ်းစားနိုင်ခွင့်ရှိ၏။ (မူလဥပဒေမှာ သံဃာတော်များ မွန်းလွဲပြီးနောက် ဆွမ်းမစားရ၊၊)

(၃) အာဝါသကပ္ပ=အလွန်ကျယ်ဝန်းသော မဟာသိမ်ကြီးတစ်ခုအတွင်း ကျောင်းအဆောက်အအုံများစွာရှိရာ တစ်ချိန်တည်း၌ တစ်ကျောင်းစီတွင် သံဃာစည်းဝေး၍ ဥပုသ်ကံစသော သံဃာ့ကံများကို ပြုနိုင်သည်။ (မူလဥပဒေမှာ သံဃာစည်းဝေးရာတွင် သံဃာညီညွတ်မှုကိုပြရန် ရဟန်းတစ်ပါးနှင့်တစ်ပါး တစ်တောင်ခန့် နီးကပ်အောင်ထိုင်ကြရ၏။ တစ်ကျောင်းစီစည်းဝေးပါက သံဃာမညီညွတ်ကွဲပြား နေသောကြောင့် အာပတ်သင့်၏။)

(၄) အနုမတိကပ္ပ=သံဃာ့အစည်းအဝေး၌ သံဃာစုံလင်အောင် အချိန်မစောင့်ဘဲ နောက်မှရောက်လာသော သံဃာများထံမှာ သဘောတူညီချက်ကို နောက်မှရယူမည်ဟုကြံရွယ်၍ အလျင်ရောက်နှင့် သောသံဃာများက ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်နိုင်သည်။ သံဃာ့ကံပြုနိုင်သည်။

(မူလဥပဒေမှာ သံဃာ့အစည်းအဝေးသို့ မတက်ရောက်နိုင်သောရဟန်းများသည် အစည်းအဝေးက ဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ကြိုတင်ဆန္ဒပေးကြရ၏။ အစည်အဝေးပြီး နောက်ကျမှပေးသော
ဆန္ဒသည် တရားမ၀င်ချေ။ သံဃာမညီညွတ်သောကြောင့် ဆုံးဖြတ်ပြုလုပ်ချက်သည် ထမြောက် အောင်မြင်ခြင်းမရှိ။)

(၅) အာစိဏ္ဏကပ္ပ=မိမိဆရာသမားပြုလုပ်ခဲ့သော အစဉ်အလာထုံးစံမှန်သမျှကို ပြုလုပ်ခွင့်ရှိသည်။ ထိုသို့ ဆရာသမားအတုလိုက်ခြင်းကြောင့် အာပတ်မသင့်နိုင်။ (အမှန်စစ်စစ် ဆရာသမားတို့ ပြုလုပ်ခဲ့သော အစဉ်အလာထုံးစံများသည် ၀ိနည်းနှင့်ညီလျှင် အာပတ်မသင့်ချေ။ ၀ိနည်းနှင့်မညီပါက အာပတ် သင့်မည်သာဖြစ်၏။)

(၆) ဂါမန္တရကပ္ပ=တခြားရွာသို့သွားရန် ကိစ္စရှိပါက ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုသောဆွမ်းကို စားနိုင်သည်ဟု ဆို၏။ (မူလဥပဒေမှာ ဆွမ်းစားနေစဉ် တော်ပြီဟု နှုတ်မြွက်၍ဖြစ်စေ လက်ကာ၍ဖြစ်စေ ထုတ်ဖော်ပြောကြားလျှင် ပ၀ါရိတ်သင့်သည်။ မစားတော့ပါဟု ငြင်းပယ်ခြင်းကို ပ၀ါရိတ်သင့်သည်ဟု ခေါ်သည်။ ထို့သို့ငြင်းပယ်မိသော ရဟန်းသည် ထိုနေ့နံနက်ပိုင်းတွင် တစ်စုံတစ် ခုမျှစားသောက်ခွင့်မရှိတော့ချေ။

အကယ်၍ စားသောက်လိုပြန်ပါက အခြားရဟန်းတစ်ပါးအား ခဲဖွယ်ဘောဇဉ်များကို ပေးစွန့်လိုက်ရ၏။ ထိုဒုတိယရဟန်းက ဤခဲဖွယ်ဘောဇဉ်များကို တော်ပြီငါမစားလို အပိုအလျှံဖြစ်သည်ဟု နှုတ်မြွက်၍ပြန်ပေးမှ စားခွင့်ရှိ၏။ ထိုသို့ အခြားရဟန်းတစ်ပါးက တော်ပြီဟုဆို၍ပြန်ပေးခြင်းကို အတိရိတ်ဝိနည်းကံပြုသည်ဟု ဆိုရ၏။ ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ ခဲဖွယ်ဘောဇဉ်တစ်ခုခုကိုစားပါက ပါစိတ်အာပတ်သင့်သည်ဟူသော သိက္ခာပုဒ်ကိလျှော့ပေါ့အောင် ပြင်ဆင်ခြင်းဖြစ်သည်။)

(၇) အမထိကကပ္ပ=ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ နို့ရည်အဖြစ်ကိုလွန်၍ ဒိန်ချဉ်အဖြစ်သို့ မရောက်သေးသောနို့ချဉ်ကို သောက်ခွင့်ရှိသည်။ (မူလဥပဒေမှာ နို့ရည်ကိုလည်းကောင်း၊ ဒိန်ချဉ်ကိုလည်းကောင်း ဘောဇဉ် (စားစရာ)၌ ရေတွက်ပြထားရာ၊ နို့ရည်နှင့် ဒိန်ချဉ်စပ်ကူး၊ မပ်ကူး နို့ချဉ်ရည်သည် ဘုရားပေးသောဘောဇဉ်မှအလွတ် ဖြစ်သည်ဟုကြံဆ၍ အထက်ပါ သိက္ခာပုဒ်ကို ခြွင်းချက်ဖြင့် လျှော့ပေါ့အောင် ပြင်ဆင်ချက်ပြုလုပ် ခြင်းဖြစ်၏။)

(၈) ဇဠောတိ=ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာစသည်တို့ကို စိမ်ရည်ဖြစ်အောင်ဖော်စပ် ရာ၌(စိမ်ရည်၊ ခေါင်ရည်)အဖြစ်သို့ မရောက်သေးသော သေရည်အနုစား၊ စိမ်ရည်အနုစားကို ရဟန်း တော်များ သောက်သုံးနိုင်သည်။ (မူလဥပဒေမှာ ရဟန်တော်များသည် စိမ်ရည် ခေါင်ရည် ထန်းရည် ခါးစသော သေရည်သေရက် မူးယစ်ဆေးဝါးကို သုံးဆောင်ခွင့်မရှိ။ သုံးဆောင်ပါက ပါစိတ်အာပတ် သင့်၏။)

(၉) အဒသကံနိသီဒနံ=အမြိတ်အဆာမပါသော နေရာထိုင်ခင်း နိသီဒိုင်သည် အပ်၏။ (မူလ၀ိနည်း ဥပဒေမှာ အမြိတ်အဆာမပါသော နိသီဒိုင်သည် သံဃာတော်များအတွက် မအပ်၊၊)

(၁၀) ဇာတရူပရဇတ= ရွှေငွေအသပြာကို အလှူခံနိုင်၏။ (မူလ၀ိနယ ဥပဒေမှာ ရဟန်းသံဃာများ ရွှေငွေကို အလှုမခံရ၊၊)

“တတိယသင်္ဂါယနာ”
(3rd century B.C)၊ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုအပြီး၊ နှစ်သုံးရာအကြာတွင် တတိယအကြိမ်မြောက် သံဃာ့ အစည်းအဝေး သင်္ဂါယနာပွဲကို ကျင်းပခဲ့ပါသည်၊၊ စည်းဝေးကြီးကို သီရိဓမ္မာသောကဘုရင်က ထောက်ပံ့ခဲ့ပါသည်၊၊

“တတိယသင်္ဂါယနာ”တွင် “ဓမ္မ”နှင့် “၀ိနယ”နှစ်ရပ်လုံးကို ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြု၊ ရွက်ဆိုခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာမှ ဆုံးဖြတ်အတည်ပြုချက်များကို သဘောတူလက်ခံ၍ လိုက်နာသူများကို “ထေရ၀ါဒ”ဟုအမည် စတင်သုံးစွဲလာခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော သံဃာတော်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နိုင်ငံကိုးနိုင်ငံသို့ နိုင်ငံခြားသာသနာပြုများ စေလွှတ်ခဲ့ပါသည်၊၊ ဤနိုင်ငံခြားသာသနာပြုသည်မှစတင်ပြီး အိန္ဒိယအင်ပါယာအတွင်းမှစတည်ခဲ့သော
ဗုဒ္ဓဘာသာသည် သီရိလင်္ကာ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာသို့ပြန့်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရပါသည်၊၊

တတိယသင်္ဂါယနာတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမှ “ကထာဝတ္ထု”အမည်ရှိ ကျမ်းတစ်ကျမ်းကို အသစ်ရေးသားထည့်သွင်းပြီး၊ “ဓမ္မနှင့် ၀ိနယ”အပြင် “အဘိဓမ္မာ”ဟူသောကဏ္ဍကြီးတခုကို အသစ်ထည့် သွင်း၍ စည်းဝေးကြီးမှအတည်ပြုလိုက်ပါသည်၊၊ ဤအချိန်မှစတင်၍ တိပိဋက=ပိဋကတ်သုံးပုံဟု ပါဠိစာပေသမိုင်းတွင် ပေါ်ပေါက်လာရပါသည်၊၊ ဤသင်္ဂါယနာမှ အသစ်ထည့်သွင်းသော အခြားကျမ်းများစွာလည်း ရှိပါသေးသည်၊၊

မူလက ဓမ္မနှင့် ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်သာရှိခဲ့သော ဗုဒ္ဓစာပေသည် တတိယသင်္ဂါယနာမှစတင်ပြီး၊ သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကဟူ၍ ပိဋကတ်သုံးပုံအမည်သို့ ပြောင်းလဲလာခဲ့ပါသည်၊၊

ပါဠိပညာရှင်အများ၏အဆိုအရ အဘိဓမ္မာပိဋကတ်သည် ဓမ္မနှင့် ၀ိနယကဏ္ဍကြီးတို့ကဲ့သို့ ဘုရားဟောစင်စစ် ကား မဟုက်ပေ၊ သို့သော် ဘုရားဟောသုတ်များစွာထဲမှ ခက်ရာခဲဆစ်များကို တသီးတခြားစု စည်းမှု=Systematization ပြုထားသည်ဟု အသိအမှတ်ပြုကြပါသည်၊၊

ဤအဆိုကို သုံးသပ်သော် အဘိဓမ္မာပိဋကတ်သည် အချို့သောပါဠိဆရာတို့ဝေဖန်သကဲ့သို့ “ဘုရားဟောမဟုက်ဟု ယတိပြတ်ပြောဆိုရန် မဖြစ်နိုင်တော့ချေ၊၊" ဘုရားဟောစင်စစ် အစိတ်အပိုင်းများနှင့် တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော ရဟန်းသံဃာတော်များ၏ မွန်းမံမှုအစိတ်အပိုင်းများ ပေါင်းစပ်ထားသည်ဟုဆိုလျင် သင့်တော်သောအဆိုဖြစ်ပါသည်၊၊

ယ္ခင် ဒုတိယသင်္ဂါယနာတွင် မဟာသံဃိကဂိုဏ်းဟူ၍ ဂိုဏ်းတစ်ဂိုဏ်းကွဲခဲ့ပြီးဖြစ်၍၊ ယ္ခုတတိယသင်္ဂါယနာတွင် အမည်သတ်မှတ်သော ထေရာဝါဒဂိုဏ်းနှင့်ဆိုလျင် သာသနာတော်တွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဂိုဏ်းနာမည်မတူညီသည့်အလျောက် ဗုဒ္ဓရှင်တော်တစ်ပါးတည်း၏ ဟောကြား၊ သင်ကြားချက်များအပေါ် လက်ခံပုံ၊ ယူဆပုံများလည်းများစွာပင် ကွာဟခဲ့ပါသည်၊၊

သစ္စာလေးပါး၊ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်၊ ပါရမီ၊ ပဋိစ္စသမုပ္ပါဒ်တရားအပါအ၀င် ဗောဓိပက္ခိ ယတရားများအားလုံးအပေါ် အပြင်ပိုင်းနာမည်ကို လက်ခံပုံတူညီနေကြသည့်တိုင် အနှစ်သာရကို ယူဆပုံနှင့်၊ အဓိပ္ပါယ်ဖွင့်ဆိုပုံများမှာ ဆက်စပ်၍မဖြစ်နိုင်လောက်အောင် ကွာဟခဲ့ပါသည်၊၊ ဗောဓိသတ္တ=ဘုရားအလောင်း အယူအဆများမှာ နားလည်ရခက်လောက်အောင်ပင် ကွာဟခဲ့ပါသည်၊၊

ဗုဒ္ဓဘာသာ၏ပန်းတိုင်များဖြစ်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဆင့်များနှင့် နိဗ္ဗာန်ကို ဖော်ပြသရုပ်ဖော်ပုံများမှာ ဒဏ္ဍာရီဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်၊ နတ်ဘုံနတ်နန်းများပမာ ဖြစ်လာရပါသည်၊၊

တတိယသင်္ဂါယနာတင်အပြီး နှစ်ကြာသောအခါ ထေရ၀ါဒဂိုဏ်းကြီးမှ ဂိုဏ်း(၈)ဂိုဏ်းကွဲထွက်ပြီး၊ မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်း(၅)ထပ်မံကွဲခဲ့ပါသည်၊၊ မူလဂိုဏ်းကြီးနှစ်ဂိုဏ်းအပါအ၀င် မူလဗုဒ္ဓ သာသနာမှ မတူညီသည့်ဂိုဏ်း(၁၈)ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဤအချိန်တွင်မူ ဗုဒ္ဓသာသနာတော် အတွင်း ဂိုဏ်းပေါင်းများစွာ ကွဲသည့်အလျောက် ဗုဒ္ဓရှင်တော်၏ဟောပြောချက်များကို ထပ်ဆင့် ဟောပြောကြပုံ၊ သင်ပြကြပုံများမှာလည်း အမျိုးမျိုးအဖုံဖုံဖြစ်ခဲ့ရပါသည်၊၊

(B.C.309)တွင် တတိယသင်္ဂါယနာ၏ ယှဉ်ပြိုင်သံင်္ဂါယနာအဖြစ် ထေရ၀ါဒဂိုဏ်းကွဲတစ်ခုဖြစ်သည့် သဗ္ဗတ္ထိက၀ါဒီဂုဏ်းမှဦးစီး၍ ရာဇဂဟပြည်နယ်၊ နာလန္ဒာကျောင်းတိုက်ကြီးတွင် စင်ပြိုင်တတိယသင်္ဂါ ယနာကို တင်ခဲ့ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးအပြီး ကွဲထွက်လာသော ဗုဒ္ဓသာသနာဂိုဏ်းများကို တင်ပြဆွေးနွေးပါမည်၊၊
(၁)ထေရ၀ါဒဂိုဏ်း၊
(၂)မဟာသံဃိကဂိုဏ်း၊


ထေရ၀ါဒဂိုဏ်းမှ ကွဲထွက်လာသောဂိုဏ်းများ-
(၃) မဟိသာသကဂိုဏ်း၊
(၄) ၀ဇ္ဇီပုတ္တကဂိုဏ်း၊
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်း၊
(၆) ကဿပိယဂိုဏ်း၊
(၇) သကန္တိကဂိုဏ်း၊
(၈) သုတ္တ၀ါဒီ(သုတ္တန္တိက၀ါဒီ)ဂိုဏ်း၊
(၉) ဓမ္မဂုတ္တိကဂိုဏ်း၊
(၁၀) ဓမ္မုတ္တရိကဂိုဏ်း၊
(၁၁) ဘဒ္ဒယာနကဂိုဏ်း၊
(၁၂) ဆန္ဒဂါရိကဂိုဏ်း၊
(၁၃) ဓမ္မိတိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

မဟာသံဃိကဂိုဏ်းမှကွဲထွက်လာသော ဂိုဏ်းများ-
(၁၄) ဂေါကုလိကဂိုဏ်း၊
(၁၅) ဗဇာပတိဂိုဏ်း၊
(၁၆) ဗာဟုလိကဂိုဏ်း၊
(၁၇) ဗာဟုသုတိဂိုဏ်း၊
(၁၈) မကဗျာဝဟာရိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

တတိယသင်္ဂါယနာစည်းဝေးကြီးတွင် စေလွှတ်ခဲ့သည့် နိုင်ငံခြားသာသနာပြု ရဟန်းတော်များနှင့် နိုင်ငံများ ကိုတင်ပြအပ်ပါသည်၊၊

(၁) ကသ္မီရ ဂန္ဓာရတိုင်းနိုင်ငံ(ပါကစ္စတန်၊အာဖဂန်နစ္စတန်)သို့ အရှင်မဇ္ဈမိကမထေရ်၊
(၂) မဟိသာသကတိုင်းနိုင်ငံသို့ အရှင်မဟာဒေ၀မထေရ်၊
(၃) ၀န၀ါသီတိုင်းနိုင်ငံသို့ အရှင်ရက္ခိတမထေရ်၊
(၄) အပရန္တတိုင်းနိုင်ငံသို့ အရှင်ယောနဓမ္မရက္ခိတမထေရ်၊
(၅) မဟာရဋ္ဌတိုင်းနိုင်ငံသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်၊
(၆) ယောနတိုင်းနိုင်ငံသို့ အရှင်မဟာရက္ခိတမထေရ်၊
(၇) ဟိမ၀န္တတိုင်းနိုင်ငံသို့ အရှင်မဇ္ဈိမမထေရ်၊
(၈) သုဝဏ္ဏဘုမ္မိတိုင်းနိုင်ငံ(မြန်မာ)သို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်၊
(၉) လင်္ကာဒီပတိုင်းနိုင်ငံ(သီရိလင်္ကာ)သို့ အရှင်မဟာမဟိန္ဓမထေရ်၊ တို့အသီးသီး ဖြစ်ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးကို ကျင်းပရခြင်း၏အကြောင်းမှာ ထေရ၀ါဒဂိုဏ်းကြီးအတွင်း မသန့် ရှင်းသည့် ရဟန်းများ၊ ရဟန်းအတုများဝင်ရောက်လာမှုကြောင့် ထိုရဟန်းများကိုနှိမ်နင်းရန်နှင့် ထေရ ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကြီး သန့်ရှင်းစင်ကြယ်စေရန် အသောကမင်းကြီးမှ အာဏာဖြင့်မေးမြန်းစီးစစ်ပြီး၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့မှ ထေရ၀ါဒဓမ္မကို စနစ်တကျအတည်ပြုရန် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်၊၊

“စတုတ္ထသင်္ဂါယနာ”
(B.C.93/94)၊ ဗုဒ္ဓလွန်တော်မူအပြီး၊ အနှစ်လေးရာ့ငါးဆယ်ခန့်ကြာသောအခါ သီရိလင်္ကာနိုင်ငံ၊ မလယဒေသ၊ အာလုဝိဟာရတွင်၊ ၀ဋ္ဋဂါမဏိမင်း၏အထောက်အပံ့ကိုယူ၍ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ကြပါသည်၊၊ မဟာဓမ္မရက္ခိတမထေရ်က သင်္ဂါယနာကိုဦးဆောင်ပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၅၀၀)တက်ရောက်ခဲ့ကြပြီး၊ (၁)နှစ်ကြာစည်းဝေးခဲ့ရပါသည်၊၊

ဤသင်္ဂါယနာတွင် ဗုဒ္ဓရှင်တော်၏ ပါဠိစာပေများကို နှုတ်ဆောင်အဆင့်မှ သီဟဠဘာသာသို့ ပေထက် အက္ခရာအရေးအသားအဆင့်သို့ ရေးသားမှတ်တမ်းတင်ခဲ့ကြပါသည်၊၊ ဤသင်္ဂါယနာအရင်က ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို သံဃာတော်တို့အစဉ်အဆက် နှုတ်ဖြင့်သာ ဆောင်ထားခဲ့ကြပါသည်၊၊ စာပေဖြင့်အရေးအသားဖြင့် မှတ်တမ်းမတင်ခဲ့ကြသေးပါ၊၊

(A.D.120)၊ ဗုဒ္ဓလွန်အပြီး နှစ်(၆၅၀)ခန့်အကြာတွင် စတုတ္ထသင်္ဂါယနာ၏ စင်ပြိုင်စတုတ္ထသင်္ဂါယနာကို ပသျှဝါပြည်နယ်၊ ကသ္မီရတိုင်း၊ ဇလန္ဒာမြို့၌၊ အသျှင်ဝသုမိတ္တမထေရ်နှင့်၊ အသျင်အဿဃောသမထေရ် တို့ဦးစီး၍ တင်ခဲ့ကြပါသည်၊၊ ကနိသျှကမင်းက သံင်္ဂါယနာကိုကူညီထောက်ပံပေးခဲ့ပါသည်၊၊ သံဃာ တော်(၅၀၀) စည်းဝေးသို့တက်ရောက်ကြောင်း ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓစာပေကို သက္ကဋ (သင်္သကရိုက်)အရေးအသားဖြင့် အစောဆုံးစာပေအရေးအသား အက္ခရာတင်ခဲ့ကြပါသည်၊၊

စတုတ္ထသင်္ဂါယနာစင်ပြိုင်ပွဲကြီးမှစတင်၍ ထိုသင်္ဂါယနာတွင်ပါဝင်သော ရဟန်းသံဃာတော်တို့သည် မိမိတို့၏ဂိုဏ်းအား “မဟာယာန”ဟူ၍၄င်း၊ မူလသာသနာတော်ဂိုဏ်းကို “ဟီနယာန”ဟူ၍၄င်း၊ ကျမ်းစာ များတွင် ထည့်သွင်း၍ အသုံးပြုရေးသားလာခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓရှင်တော်၏ သာသ နာတော်တွင် “မဟာယာန”နှင့် “ဟီနယာန”ဟူသော ဂိုဏ်းဝေါဟာရနှစ်ရပ် စတင်ပေါ်ပေါက်ခဲ့ရပါသည်၊၊

“ဟီနယာန”ဟူသော အမည်ဝေါဟာရကိုများစွာ မနှစ်သက်သောမူလသာသနာဂိုဏ်းဝင် အရှင်မြတ်တို့သည် မဟာယာနအရှင်တို့ခေါ်ဝေါ်သော “ဟီနယာန”ဟူသောအမည်ကိုမခံယူဘဲ “ထေရ၀ါဒ”ဟူ သောအမည်ကိုသာ ဆက်လက်သုံးစွဲလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာငါးနိုင်ငံပါဝင်သော ထေရာဝါဒနိုင်ငံတို့သည် (၁၉၅၀)ခုနှစ်တွင် “ဟီနယာန”ဟူသောအမည်ကို လက်ခံအသုံးမပြုကြောင်း၊ “ထေရ၀ါဒ”ဟူ၍သာ လက်ခံအသုံးပြုမည်ဖြစ်ကြောင်း World Fellowship of Buddhist (WFB)အစည်းဝေးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်တွင် ငါးနိုင်ငံစုံညီ၍ဆွေးနွေး၊ အတည်ပြုခဲ့ကြပါသည်၊၊

“မဟာယာနဗုဒ္ဓဘာသာဂိုဏ်း”သည် မဟာသံဃိကဂိုဏ်းကြီးမှ စည်ပင်တိုးတက်လာခဲ့သောဂိုဏ်း ဖြစ်ပါ သည်၊၊ မဟာယာနအရှင်တို့စည်းဝေးသော “စတုတ္ထစင်ပြိုင်သင်္ဂါယနာ”မှစတင်ပြီး ထက်မြက်သည့် အရှင်နာဂဇုန၊ အရှင်အဿဃောသ၊ အရှင်ဝသုမိတ္တစသည့် အရှင်မြတ်များပေါ်ပေါက်ခဲ့ပြီး၊ အသစ် အသစ်သော မဟာယာနသုတ္တန်များ၊ သင်ကြားချက်၊ ဟောပြောချက်များကို ဗုဒ္ဓစာပေများအဖြစ်ဖန် တီးပြီး၊ ကမ္ဘာသို့ပြန့်စေခဲ့ကြပါသည်၊၊

ထို့အပြင် ဗုဒ္ဓဘာသာတွင်လည်း “မဟာယာနဗုဒ္ဓဘာသာသည်သာ အမွန်ဆုံးဖြစ်ပြီး၊ အခြားဂိုဏ်းများမှာ ဂိုဏ်း အသေးအမွှားများသာဖြစ်ကြောင်း တင်ပြသည့်အနေဖြင့် ‘ဟီနယာနဗုဒ္ဓဘာသာ’များဟု ‘သဒ္ဓမ္မပုဏ္ဍရိကာ’စ သောကျမ်းများတွင် ထည့်သွင်းရေးသားခဲ့ကြပါသည်၊၊” အမှန်စင်စစ် “ထေရ၀ါဒ”နှင့် “မဟာယာန”ဟူသော စကားလုံးသည်မူလ ဗုဒ္ဓရှင်တော်ဟောကြားသည့် ပါဠိစာပေကျမ်းများထဲတွင် မပါရှိချေ၊ မဟာယာနဆရာ အစဉ်အဆက်ရေးသားခဲ့သည့် ကျမ်းများတွင်သာ ထိုအသုံးများကို တွေ့ရသည်၊၊

(2century.A.D)ရာစု၊ ဗုဒ္ဒရှင်တော်လွန်တော်မူအပြီး နှစ်(၇၀၀)ခန့်တွင် “မဟာယာန”ဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကိုတွေ့ရပြီး မဟာယာနဟု တိကျစွာဖြစ်တည်လာသည်ဟုလည်း ဆိုရပါမည်။ အသျှင်နာဂဇုနမထေရ်သည် ‘မဓယာမိကကာရိကာ’ကျမ်းငယ်တွင် “လောကအတွင်းရှိ အရာရာတိုင်းသည် ‘သုညတ’ဖြစ်သည်”ဟူသော အတွေးအခေါ်အယူအဆသစ်ကို တိုးတက်ပြန့်ပွား အောင် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

“အာနန္ဒာ,လောကမှာ “အတ္တ”လို့ခေါ်တဲ့ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ အသက်၊ လိပ်ပြာ ဆိုတာမရှိဘူး၊ အတ္တဆိုတာမရှိတဲ့အတွက် “အတ္တနိယ”လို့ခေါ်တဲ့ ငါပိုင်တဲ့ပစ္စည်းဥစ္စာဆိုတာလည်း မရှိဘူး၊၊ ဒီသဘောတရားကို “သုညတ”လို့ ငါဟောကြားခြင်း ဖြစ်တယ်၊၊”

အသျှင်နာဂဇုနမထေရ်သည် အထက်ပါဗုဒ္ဓရှင်တော်၏ “သုညတ” နှင့်စပ်သော ဟောပြောချက်ကိုအခြေခံ၍ သူ၏ “Emptiness=သုညတ၀ါဒ”ကို ကမ္ဘာ့စိတ် ပညာအတွေးအခေါ် Philosophy တစ်ရပ်အနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်၊၊

သို့သော် အသျှင်နာဂဇုနတင်ပြသော သုညတ၀ါဒသည် ဗုဒ္ဓရှင်တော်၏ဟောပြောချက်ကို အခြေခံ၍တင်ပြသည် ဖြစ်သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာတို့ လက်ခံယူဆသော သုညတအယူအဆနှင့် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်ပမာကွာခြားလှပါသည်၊၊

(4th century.A.D)တွင် အသျှင်အာသင်္ဂနှင့် အသျှင်ဝသုဗန္ဓု၊ အသျှင်ဓမ္မကိတ္တိ၊ အသျှင်အယဒေ၀၊ အသျှင်ဒိန္နာဂတို့သည် မဟာယာနစာပေကျမ်းဂန် မြောက်များစွာကို အသစ်ဖြည့်စွက် ရေးသားခဲ့ကြသည်။ မဟာယာနဗုဒ္ဓဘာသာဟု ထင်ရှားစွာပေါ်လာသည့်(1st century.A.D)တွင် မဟာယာနနှင့် “ဟီနယာန”ဟူသောအသုံးအနှုံးနှစ်ခုကို အကျယ်တ၀င့် စတင်သုံးစွဲ လာကြပါသည်။

မဟာယာနကျမ်းများစွာတွင် “လူတိုင်းသည် ဘုရားဖြစ်နိုင်သည်၊ ဘုရားဖြစ်ရမည်ဟု ဖော်ပြပါသည်၊၊ ထို့ကြောင့် လူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊” ဤအယူအဆနှင့်ပတ် သက်၍ ပညာရှင်တို့ဝေဖန်ကြသည်မှာ “လူတိုင်းဘုရားဖြစ်မည်ဆိုလျင် ဘယ်သူ့ကို ကယ်တင်နေဖို့ လို သေးသနည်း၊ အားလုံးပင် ဘုရားများဖြစ်နေပြီ၊”ဟု ဖြစ်ပါသည်၊၊ မည်သို့ဆိုစေ ယနေ့အထိ “မဟာယာန ဗုဒ္ဓဘာသာ”သည် ကမ္ဘာ့ဘာသာကြီးတစ်ရပ်အနေဖြင့် နိုင်ငံများစွာက လက်ခံယုံကြည်သော “ဘာသာ ကြီး”တစ်ခုပင် ဖြစ်ပါသည်၊၊

“ပဉ္စမသင်္ဂါယနာ”
သာသနာတော်နှစ် ၂၄၁၂ခု၊ (A.D.1872)တွင်၊ မြန်မာနိုင်ငံ၊ မန္တလေးမြို့၌၊ အရှင်ဇာဂရာဘိဝံသ၊ နရိန္ဒာ ဘိဓဇသီရိသဒ္ဓမ္မ ဇောတိပါလ၊ အရှင်သုမင်္ဂလသာမိတို့ကဦးစီးပြီး၊ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ကြပါသည်။

မင်းတုန်းမင်းကြီးက သင်္ဂါယနာစည်းဝေးပွဲကြီးကို ထောက်ပံခဲ့ပါသည်၊၊ သံဃာတော် (၂၄၀၀)တက်ရောက်ပြီး၊ (၇နှစ်၊ ၆လ၊ ၁၅)ရက်မျှကြာအောင် စည်းဝေးရသည်ဟု ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို ကျောက်ပြားများပေါ်တွင်ထွင်း၍၊ မြန်မာအက္ခရာအရေးအသားဖြင့် ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါသည်၊၊

တိပိဋကကျမ်းစာများကို ထွင်းထု၍ကျောက်အက္ခရာတင်သော ကျောက်ပြားကြီးများမှာ အမြင့်(၅၂)ပေစီနှင့်၊ အကြယ် (၃၁)ပေစီမျှရှိပြီး၊ အထူ(၅)လက်မစီ ဖြစ်ကြပါသည်၊၊

ပဉ္စမသင်္ဂါယနာတွင် ကျောက်ထက်အက္ခရာတင်ထားခဲ့သော ကျောက်ချပ်ရေ (၇၂၉)ချက်ကို ယနေ့တိုင် မန္တလေးမြို့၊ မန်းတောင်ခြေ၊ ကုသိုလ်တော်ဘုရားဝိုင်းအတွင်းတွင် စေတီငယ်(၇၂၉)ဆူထဲတွင် ထည့်သွင်း၍ထားသည်ကို ယနေ့တိုင်ဖတ်ရှု လေ့လာနိုင်ပါသည်၊၊

“ဆဋ္ဌသင်္ဂါယနာ”
သာသနာတော်နှစ်-၂၄၉၈တွင်၊ (A.D.1954)တွင် ညောင်ရမ်းဆရာတော်ဘဒ္ဒန္တရေ၀တဦးစီး၍၊ ဆဋ္ဌသင်္ဂါယနာ ကို မြန်မာပြည်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလှိုဏ်ဂူအတွင်း တင်ခဲ့ကြပါသည်၊၊

မဟာစည်ဆရာတော်နှင့် ဦးဝိစိတ္တသာရာဘိဝံသတို့က သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၂၅၀၀)တက်ရောက်ခဲ့သည်ဟု ဆိုပါသည်၊၊ နိုင်ငံတော်သမ္မတ ဦးဘဦး၊ ၀န်ကြီး ချုပ်ဦးနုနှင့် ဆာဦးသွင်တို့က စည်းဝေးပွဲကြီးကို ထောက်ပံ့ကူညီလှုဒါန်းခဲ့သည်ဟု လေ့လာရပါသည်၊၊

ဆဋ္ဌသင်္ဂါယနာစည်းဝေးပွဲကြီးသို့ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား ထေရ၀ါဒလေးနိုင်ငံတို့မှ ပါဠိပညာရှင်များ တက်ရောက်ကြောင်း မှတ်တမ်းများအရ သိရသည်၊၊ ဤသင်္ဂါယနာမှစတင်၍ ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပေစာ၊ ကျောက်စာအရေးအသားအဖြစ်မှ စာအုပ်အရေးအသားသို့ အက္ခရာအစဆုံးတင်ခဲ့ကြပါသည်၊၊

ဆဋ္ဌသင်္ဂါယနာပွဲကြီးအပြီးတွင် ထေရ၀ါဒငါးနိုင်ငံတို့က ပါဠိပညာရှင်တို့သည် ဗုဒ္ဓစာပေတစ်ရပ်လုံးအား မိမိတို့ နိုင်ငံသုံးဘာသာစကား အရေးအသားဖြင့် စတင်ပြီးစာအုပ်များရိုက်နှိပ်ဖြန့်ဝေကာ ကျောင်းများ၊ တက္ကသိုလ် များတွင် ထည့်သွင်း၍သင်ကြား စေကြပါသည်၊၊ ဤသည်ကိုသုံးသပ်သော် ဗုဒ္ဓရှင်တော်လွန်တော်မူအပြီး နှစ်ပေါင်း (၂၅၀၀)ကျော်မှ ဗုဒ္ဓရှင်တော်၏ဟောပြော သင်ကြားချက်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ကြ သည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊

ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများမှာ-ပိဋကအားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့်ငါးရပ်၊ စုစုပေါင်း (၅၂)ကျမ်းရှိသည်။ ဆဋ္ဌသင်္ဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း (၄၀) ရှိသည်။ စာမျက်နှာပေါင်း (၈၀၂၅)ရှိ ပါသည်၊၊

ဆဋ္ဌသင်္ဂါယနာတွင် ပါဠိတော်အုပ်ရေ(၄၀)၊ အဋ္ဌကထာအုပ်ရေ(၅၁)၊နှင့် ဋီကာအုပ်ရေ(၂၆)တို့ကို ကဏ္ဍများခွဲ၍ တည်းဖြတ်၊ သုတ်သင်၊ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြသည်ဟု သင်္ဂါယနာတင် မှတ်တမ်းအရ သိရပါသည်၊၊

ယ္ခုအခါ ဗုဒ္ဓရှင်တော် လွန်တော်မူသည့်နေ့မှစ၍ရေတွက်လျင် နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သည်၊၊ နှစ်ပေါင်း (၂၅၀၀)ကျော်ကျော်အတွင်း ဖြတ်သန်းခဲ့ရသည့် ဗုဒ္ဓဘာသာကြီးသည် အခက်ခဲပေါင်းများစွာ၊ ပြိုကွဲမှုပေါင်းများစွာ၊ ပြုပြင်မှုပေါင်းများစွာတို့ဖြင့် ရပ်တည်ခဲ့ရလေသည်၊၊

အမှန်စင်စစ် ဗုဒ္ဓစာပေနှင့် ကျင့်စဉ်များသည် တကယ်စနစ်တကျလေ့လာပြီး၊ အသုံးချ ကျင့်ကြံကြည့်မည်ဆို လျင် လက်တွေ့လူနေမှုဘ၀နှင့်၊ အနာဂတ်ဘ၀များအတွက်ပါ အထက်တန်းကျကျ ကောင်းစားပြီး၊ အကျိုးရှိမည်မှာ မလွဲပါ၊၊ ကမ္ဘာ့ဘာသာစာပေပေါင်းများစွာကို လေ့လာကြသော ဘာသာရေးပညာရှင်များ ကလည်း ဗုဒ္ဓစာပေနှင့် အလေ့အကျင့်များသည် လက်တွေ့ကျပြီး၊ ဘ၀ငြိမ်းချမ်းမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းမှုကို ဖော်ဆောင်ရာတွင် အမှန်တကယ်အသုံးဝင်ကြောင်း ပြောဆိုသည်ကို တွေ့ရပါသည်၊၊

အထူးအားဖြင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ဘာသာကြီးများအထဲတွင် စာပေအကြွယ်ဝဆုံးနှင့်၊ နူးညံ့မှုအရှိဆုံးဖြစ် ကြောင်း ထောက်ခံပြောဆိုကြပါသည်၊၊ သင်္ဂါယနာခြောက်ကြိမ်စီစစ်ထားသော ဗုဒ္ဓစာပေများအထဲတွင် နယ်ပယ်မျိုးစုံအတွက်အသုံးချနိုင်သော လမ်းညွန်ချက်များစွာပါရှိသည်ကို တွေ့ရသည်၊၊

ဗုဒ္ဓဘာသာအတွင်း ဂိုဏ်းကြီးများအဆင့်ဆင့် ကွားပြားသွားကြပုံကို လေ့လာသောအားဖြင့် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးတွင်သာမက၊ ဘာသာရေးတွင်ပါ အတွင်းပိုင်းအားဖြင့် မညီမျှမှုများ၊ အခြေအတင်အငြင်း အခုံများ ရှိနေတတ်ကြောင်းကို လေ့လာမိမည်ဖြစ်သည်၊၊ ဤသို့သောဖြစ်စဉ်များမှာလည်း ဘာသာတိုင်းတွင် ရှိနေမည်မှာ မလွဲပါချေ၊၊

ဤတွင် အရှင်ရေးသားတင်ပြအပ်သည့် “ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများ ပေါ် ပေါက်လာပုံကို သင်္ဂါယနာသမိုင်းရှုဒေါင့်ဖြင့်သုံးသပ်မှု” အတိုင်းအတာတစ်ခုအထိပြည့်စုံပြီဟု ယူဆပါသည်၊၊ လုံးဝပြည့်စုံသည်ဟုကား မဆိုလိုပါ၊၊ “လိုအပ်သူများအတွက် လမ်းစပေးရုံမျှ ပေးစွမ်းနိုင်သည်ဆိုလျင်ပင် အရှင်၏အားထုတ်ရကျိုးနပ်ပြီဟု ကျေနပ်ရပါမည်၊၊”

စင်စစ် ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများအကြောင်းကို သင်္ဂါယနာသမိုင်းကို မလေ့လာဘဲ သိရှိရန်မဖြစ်နိုင်ချေ၊၊ ထို့ကြောင့် သင်္ဂါယနာသမိုင်းကို ကျောရိုးသဖွယ်ပြု၍ အရှင် တင်ပြလိုက်ရပါသည်၊၊

အမှန်မှာ သင်္ဂါယနာသမိုင်းကို လေ့လာသိရှိခြင်းသည် ဗုဒ္ဓဘာသာကို လေ့လာသိရှိခြင်းပင် ဖြစ်ပါသည်၊၊ သင်္ဂါယနာသမိုင်းမသိဘဲ ဗုဒ္ဓဘာသာကို သိရှိရန်လည်း မဖြစ်နိုင်သော အခြေအနေပင်ဖြစ်ပါသည်၊၊ ဤသို့သော ဟာကွက်များကို ဖြည့်ဆည်းသောအားဖြင့် အရှင် ဤစာတမ်းကိုရေး သားလိုက်ရခြင်း ဖြစ်ပါသည်၊၊

အရှင်၏ရေးသားချက်များထဲတွင် အမှားများ၊ လိုအပ်မှုများ ရှိနေခဲ့သော် စာဖတ်သူများအနေဖြင့် ပြင် ဆင်အကြံပေးကြမည်ဆိုလျင် အရှင်မှ ၀မ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်ပါသည်၊၊ သမိုင်းကိုတင်ပြ သည့်အခါ အရှိကိုအရှိအတိုင်းတင်ပြရသည့်အတွက် ပျော့ကွက်ဟာကွက်များကို တင်ပြမိသည့်အခါ များရှိကြောင်းကို ၀န်ခံရပါမည်၊၊

“အလင်းစက်”သို့ စာဖတ်သူများကို အရှင့်အနေဖြင့် “ရွှေနှင်းဆီဘယ်မည်ပေး၊ မွှေးမပျက်ရှိမည်သာ၊ မည်နာမာလိုရာရွေး၊ ရေးမကြီးပါ၊၊”ဟူသည့် ကဗျာဆောင်ပုဒ်တွင် ပါဝင်သည့်အတိုင်း “ဂိုဏ်းအမည်များကိုဖျောက်ဖြက်၍ စစ်မှန်သောဗုဒ္ဓရှင်တော်၏ ဟောပြောသင်ကြားချက်များကို ကိုယ်တိုင်ကိုယ်ကြ လေ့လာ၊ ဆည်းပူး၊ သင်ယူကြပြီး၊ လိုအပ်သည့် ဘ၀ငြိမ်းချမ်းမှု၊ သံသရာချမ်းသာမှုများကို ရရှိကြပါစေကြောင်း “အလင်းစက်အရှင်” ဆန္ဒပြုလိုက်ပါသည်၊၊”


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရီလင်္ကာနိုင်ငံ
(၁၅.၄.၂၀၁၁)


(မှတ်ချက်/ စူဠ၀ဂ္ဂပါဠိ-ပဉ္စသတိကခန္ဓက၊သတ္တသတိကခန္ဓက၊ The Hertigate of the Bhikkhu,by Dr.Walpola Rahula. What the Buddha Taught, by Rahula. သင်္ဂါယနာသမိုင်းစုံ၊ 250 Journey of Buddhism.The Spectrum of Buddhism,by Piyadassi. တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားပါ သည်၊၊)

အပြည့်အစုံသို့....

Monday, April 18, 2011

သီရီလင်္ကာနိုင်ငံ မြန်မာသံဃာတော်များ၏ နှစ်သစ်ကူး

















သီရိလင်္ကာနိုင်ငံ တက္တသိုလ်အသီးသီးတွင်တက်ရောက်လျက် ပညာသင်ကြားလျက်ရှိသော အလင်းစက်အရှင်နှင့်အတူ ညီတော်နောင်တော်သံဃာတော်များ ၁၃၇၃ခုနှစ်၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်များ၊ ဘူးသီးကျော်၊ မြင်းခွာရွက်ကျော်များကို သံဃာတော်များကိုယ်တိုင်ကျော်၍၊ မြတ်စွာဘုရားရှင်အား ဆက်ကပ်ခြင်း၊ သံဃာတော်၂၀၀ ကျော်အားလှူဒါန်းခြင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား ရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းကုသိုလ်များကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ပုံများကို အလင်းစက်စာဖတ်သူများသို့ ကြည်နူးပီတိဖြစ်စေရန် တင်ပေးလိုက်ပါသည်၊၊

အပြည့်အစုံသို့....

Saturday, April 2, 2011

ဘ၀အောင်မြင်နည်း(၄)မျိုး





၁၃၇၃ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အမှတ်တရအဖြစ် အရှင် ယ္ခုစာတမ်းလေးကို ရေးသားတင်ပြအပ်ပါတယ်၊၊ နှစ်သစ်မှာ အောင်မြင်မှုအပေါင်း၊ စိတ်ချမ်းသာမှုအပေါင်း၊ ပျော်ရွှင်မှုများစွာတို့နှင့် ပြည့်စုံကြပါစေလို့ အရှင် မေတ္တာပြုလိုက်ပါတယ်၊၊

ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊
တို့ဖြစ်ကြပါတယ်၊၊

"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့စွမ်းရည်လို့ ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ် ကြီးနှင့်အတူ၊ဒေ၀ဒတ်ရဲ့လုပ်ကြံမှု၊ဆင်ကြမ်းကြီးရဲ့ရန်ကနေလွတ်ခဲ့တာပါ၊၊

"ကိုယ်ကျင့်တရားဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည် လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့စကားတခုဖြစ် ပါတယ်၊၊

စဉ်းစားဖို့ကောင်းတာက "ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက်
မကောင်းဘူး"
ဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလို လုပ်တတ်သူတွေဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊

ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့လက်နက် တစ် မျိုးဆိုတာကိုယုံရမှာဖြစ်ပါတယ်၊၊

"ပေးကမ်းရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ "သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီး အတွက်ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊"

ဒီလိုဆိုရင်"လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊" စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ဆိုရမှာပါ၊၊ ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့ အကြွေးကိုပြန်လည် ပေးဆပ်ရာ
ရောက်ပါတယ်၊၊

နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊)၊၊ လောကကြီးမှာက လည်း ကြည့်လိုက်ရင် နှမျောတတ်၊ တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာရက်ရော ပေးကမ်း တတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှရနိုင်ပါတယ်၊၊

ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့်နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော် ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများကချစ်လျင် သူတော်ကောင်း များ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊

"အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊ လူတယောက်စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊

တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့
အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊

ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြား ထားပါတယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာ ဘုရားရှင် မိန့်တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊ အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊

အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာ ပညာတတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလိုအလေးထား တာကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့
တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊

ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီး ဆိုပါတော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် တွေနဲ့ နှီးနှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါပါတယ်၊၊

ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအ ရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊

မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိကလေးလေးနက်နက် အမှန်ကို ပြောဆိုခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေး ပါကြောင်းကို ပါဠိစာပေနေရာများစွာမှာ လေ့လာရပါတယ်၊၊

သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကိုမဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့အလေ့ကို သစ္စာပါရမီလို့နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲ ကြောင်းပြောနေဖို့ မလိုပါဘူး၊၊

ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်စေတယ် ဆိုတာလောက်ကို စကားအရာပင် ပြောနေဖို့မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊

အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာတို့ဖြစ်ပါတယ်၊၊

ဒီလေးမျိုးသာ မိမိမှာရှိမယ်ဆိုရင် လိုချင်တာကိုရပါတယ်၊၊ ဘုရားတောင်မှဖြစ်စေတဲ့နည်းတွေ ဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများလောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊

ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်တတ်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှရေရေရာရာ မပြည့်စုံသေးလို့ဆို တာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊

စာဖတ်သူများ မင်္ဂလာရှိတဲ့ ၁၃၇၃၊ခုနှစ်သစ်ရဲ့၊ နှစ်သစ်ကူးမှာ ဘုရားရှင်ပေးတဲ့ အောင်မြင်နည်းလေးမျိုးကို လေ့လာသိမှတ်၊ ကျင့်ကြံသောအားဖြင့် ဘ၀မှာအောင်မြင်ပြည့်စုံသူများ ဖြစ်ကြပါစေ၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂.၄.၂၀၁၁)

အပြည့်အစုံသို့....

Friday, March 25, 2011

စေတနာ၊၊ ၊၊



ဗုဒ္ဓအဘိဓမ္မာတွင် ပရမတ္တတရားလေးမျိုးဟူ၍ ရှိသည်၊၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါသည်၊၊ စိတ်သည် အမျိုးအစား အားဖြင့်(၁၂၁)မျိုးရှိပြီး၊ စေတသိက်သည် အမျိုးအစား(၅၂)မျိုးမျှ ရှိပါသည်၊၊ ရုပ်သည်အရေအတွက်မှာမူ(၂၈)မျိုး ဖြစ်ပါသည်၊၊ နိဗ္ဗာန်သည် အနှစ်သာရအားဖြင့် တစ်မျိုးတည်းသာ ရှိပါသည်၊၊

“စေတနာ”သည် စေတသိက်ငါးဆယ့်နှစ်မျိုးတွင် အပါအ၀င်ဖြစ်သော စေတသိက်အမျိုးအစား ဖြစ်ပါသည်၊၊ “စေတနာ”ကို မြန်မာလို စေ့ဆော်တတ်သည့် သဘော၊ တိုက်တွန်းတတ်သည့် သဘော၊ သဘာဝရှိသောစေတသိက်ဟု မှတ်သားရပါမည်၊၊

စေ့ဆော်မှု၊ တိုက်တွန်းမှု၊ နှိုးဆွမှု၊ လှုံ့ဆော်မှုကို “စေတနာ”ဟု အဘိဓမ္မာသဘောအရ သိမှတ်နိုင်ပါသည်၊၊ အလုပ်တစ်ခု၊ အပြုအမူတစ်ခုလို ပြုလုပ်တော့မည်ဆိုလျင် မပြုလုပ်ခင်လူ၏စိတ်တွင် ပြုလုပ်စေရန် စေ့ဆော်မှုသဘော၊ တိုက်တွန်းမှုသဘော ပေါ်ပေါက်လာသည်ဟု ဆိုပါသည်၊၊ စေ့ဆော်မှု၊ တိုက်တွန်းမှုသဘောမပေါ်ပေါက်ဘဲ တစ်စုံတရာကို လူသည်ပြုလုပ်လေ့မရှိကြောင်း ပြဆိုပါသည်၊၊

စေ့ဆော်မှု တိုက်တွန်းမှုကို အဘိဓမ္မာနာမည်ဝေါဟာရဖြင့် “စေတနာ”ဟု ခေါ်တွင်ပြီး၊ စေ့ဆော်မှု တိုက်တွန်းမှုကြောင့် အကောင်အထည်ဖော် ပြုလုပ်မှုကို “ကံ”ဟု ခေါ်ပါသည်၊၊ “ကံ”ဟူသော မြန်မာစ ကားလုံးသည် “ကမ္မ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရ ဖြစ်ပါသည်၊၊ “ကမ္မ”ကို “ပြုလုပ်မှု၊ အပြုအမူ”ဟူ၍ အဓိပ္ပါယ်ဖော်ဆောင်ရပါသည်၊၊

ထို့ကြောင့် ကံဆိုသည်မှာ အလုပ်၊ အပြုအမူ၊ လုပ်ဆောင်ချက်ကို ခေါ်ပါသည်၊၊ အရပ်စကားတွင် “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ၊ ကံကိုယုံ၍ မီးပုံမတိုးရာ”စသည်အားဖြင့် “ကံ”ဟူသောဝေါ ဟာရကို လွဲမှားစွာအဓိပ္ပါယ်ကောက်ယူကြသည်ကို တွေ့ရသည်၊၊

စာပေအလိုအရ “ကံ”၏အဓိပ္ပါယ်မှာ “စေတနာပါသော လုပ်ဆောင်ချက်”ဟူ၍ ဖြစ်ပါသည်၊၊ စေတနာပါဝင်သော အပြုအမူအားလုံးသည် “ကံ”ဖြစ်သွားသောကြောင့် ကောင်းကျိုး၊ သို့မဟုက် ဆိုးကျိုးကိုလည်း သေခြာပေါက်ပေးမည် ဖြစ်ပါသည်၊၊

စေတနာပါသော လုပ်ဆောင်ချက်မှန်သမျှကို “ကံ”ဟုဆိုလိုက်သောကြောင့် စေတနာမပါသော လုပ်ဆောင်ချက်ဟူသည် ရှိသေး၏လောဟု မေးမြန်းဖွယ်ရှိပါသည်၊၊ အမှန်မှာ အဘိဓမ္မာသဘောအရ စေတနာမပါသော လုပ်ဆောင်ချက်ဟူ၍ မရှိပါ၊၊ စိတ်ပါဝင်စားစွာလုပ်ဆောင်သော လုပ်ငန်းမှန်သမျှတွင် စေတနာပါဝင်သည်မှာ သေခြာပါသည်၊၊

စေတသိက်ငါးဆယ့်နှစ်မျိုးကို သဘောတူရာအုပ်စုဖွဲ့လိုက်သောအခါ “စေတနာ”စေတသိက်သည် ပါဠိအမည်အားဖြင့် “သဗ္ဗစိတ္တသာဓာရဏစေတသိက်”အမျိုးအစားထဲတွင် ပါဝင်ပါသည်၊၊ “သဗ္ဗစိတ္တသာဓာရဏစေတသိက်”ဟူသည်မှာ စိတ်အားလုံးနှင့်အတူဖြစ်တတ်သော အလေ့အထရှိသော စေတသိက်မျိုးဖြစ်သည့်အတွက် စိတ်ဖြစ်နေသမျှ လုပ်ဆောင်မှုမှန်သမျှတွင်လည်း စေတနာပါဝင်နေမည် ဖြစ်ပါသည်၊၊

သို့သော် မရည်ရွယ်ဘဲဖြစ်သွားသော အပြုအမူနှင့် လုပ်ဆောင်ချက်များတွင်မူ စေတနာပါသည်ဟုဆုံးဖြတ်ရန် မဖြစ်နိုင်ပါ၊၊ သာဓကအားဖြင့် မြက်စေ့နှစ်ဘက်လုံးအလင်းမရသော ရဟန္တာအရှင်တစ်ပါး သွားလာသောအခါ ပုရွက်ဆိပ်များကို နင်းမိသဖြင့်သေဆုံးကုန်ကြရပါသည်၊၊ ထိုကဲ့သို့သော နေရာများတွင်မူ စေတနာမပါဝင်သည့်အတွက် ကံအဖြစ်သို့မရောက်၊ ကံမမြောက်ဟု မှတ်ယူရမည် ဖြစ်ပါသည်၊၊

အကောင်း+အဆိုးပြုမူမှုများတွင် စေတနာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်၊၊ စေတနာအနည်း၊ အများအလိုက် အကျိုးပေးတတ်သောကြောင့် ဖြစ်ပါသည်၊၊ တစ်ခါတရံတွင် လုံးဝမလုပ်ချင်ဘဲလျက် ပြုလုပ်လိုက်ရသည်များ ရှိနေတတ်ပါသည်၊၊ ထိုအခါများတွင် စေတနာကလှုံ့ဆော်သဖြင့် ပြုမူရသည်မဟုက်ဘဲ အခြေအနေအမျိုးမျိုးကသာ စေ့ဆော်တိုက်တွန်း၍ဖြစ်ရသည့်အတွက် ကြီးမားသည့်အကျိုးကိုဖြစ်စေ၊ အဆိုးကိုဖြစ်စေ မရတတ်ပါ၊၊

“စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဟုလည်း အရပ်စကားရှိပါသေးသည်၊၊ မမှန်ပါ၊၊ ဗုဒ္ဓအဘိဓမ္မာအလိုအရ စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည့် သဘောတရားတစ်ခု ဖြစ်ပါသည်၊၊ မှတ်သားရန်မှာ မိမိသည် တရားအဆင့်အရ လုံးဝပြည့်စုံနေသူမဖြစ်သေးသည့်အတွက် လူတိုင်းအပေါ်တွင် စေတနာမထားနိုင်သေးခြင်းသာ ဖြစ်ရပါသည်၊၊

“ငါသည် သားအရင်း ရာဟုလာအပေဖါ်၌စ်ြစေ၊ ငါ့အားသတ်ရန်လာသည့် နာဠာဂိရိဆင်အပေါ်၌ ဖြစ်စေ၊ ငါ့အားအကြိမ်ကြိမ် သေကြောင်းကြံသည့် ဒေ၀ဒတ်အပေါ်၌ဖြစ်စေ၊ ထားသည့်မေတ္တာမှာ တန်းတူညီမျှ အတူတူပင်ဖြစ်သည်၊၊

အထက်ဖော်ပြပါစကားရပ်မှာ တရားအဆင့်အရ ပြည့်စုံပြီးသူဖြစ်၍ လူတိုင်းအပေါ် စေတနာနှင့် မေတ္တာထားနိုင်ပုံကို သိသာစေသည့် သာဓကဖြစ်ပါသည်၊၊ သာမန်လူများအတွက်မူ စေတနာလူတိုင်းအပေါ် ထားနိုင်ရန်ခက်ခဲလှပါသည်၊၊ ဆိုလိုသည်မှာ စေတနာကို လူတိုင်းအပေါ်မထားနိုင်ကြခြင်းသာ ဖြစ်ပြီး၊ စေတနာသည် လူတိုင်းနှင့်မတန်ခြင်း မဟုက်ဟူ၍ဖြစ်ပါသည်၊၊

ညီမျှသော စေတနာ၊ သန့်ရှင်းသောစေတနာဖြင့် အကောင်းကိုပြုသောအခါ၊ သေးငယ်သည့်ပြုမူချက် လေးမျှပင်ဖြစ်သော်လည်း အကျိုးကြီးရသည်ဟု အဘိဓမ္မာရှုဒေါင့်မှ တွေ့ရပါသည်၊၊ ဤသဘောကိုပင် မြန်မာဆိုရိုးတစ်ခုတွင် “ညောင်စေ့လောက်လှူသော်လည်း၊ ညောင်ပင်ပမာဏမျှ အကျိုးရသည်၊၊”ဟု ဆို လိုဟန်ရှိပါသည်၊၊

စေတနာသည် အကောင်းဘက်တွင်မှ စေ့ဆော်သည်မဟုက်ဘဲ အဆိုးဘက်တွင်လည်း စေ့ဆော် တတ်သည့် သဘာဝရှိပါသည်၊၊ ထို့ကြောင့် ပြုလုပ်မိသည့်အပြစ်က သေးငယ်သော်လည်း စေတနာ များများထည့်ပြီး၊ ပျော်ပျော်ကြီးပြုလိုက်မိသည့်အတွက် “Misfortune never comes single.”ဟူ သော အင်္ဂလိပ်ဆိုးရိုးများနှင့်၊ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဟူသော မြန်မာဆိုးရိုးများ ပေါ်ပေါက် လာဟန်ရှိပါသည်၊၊

လူ၏ပင်ကိုယ်သဘာဝမှာ အကောင်းအပြုအမူများမှာထက် အဆိုးအပြုအမူများထဲတွင် ပျော်ဝင်နေ တတ်သည်ဟု ဆိုပါသည်၊၊ ထို့ကြောင့်လည်း လူ၏ဘ၀တစ်သက်တာတွင် “အသက်တစ်ရာမနေရ၊ အမှုတစ်ရာကို ရင်ဆိုင်နေကြရသည်”ဟု အဘိဓမ္မာသဘာဝများက မီးမောင်းထိုးပြနေပါသည်၊၊

အမှန်ဖြစ်သင့်သည်မှာ အခြေအနေအရ အဆိုးလုပ်ရပ်တစ်ခုကို မလွှဲသာ၍ပြုရသည့်တိုင် စေတနာပါပါ၊ ပျော်ပျော်ကြီး မပြုမိရန်အရေးကြီးသည်ဟု ယူဆရပါသည်၊၊ အဆိုးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်လျင်ကား အကောင်းဆုံးဖြစ်ပါသည်၊၊

“အလင်းစက်” စာဖတ်သူများ စေတနာကောင်းသဖြင့် ကံကောင်းသူများဖြစ်ပြီး၊ ပြည့်စုံသည့်ဘ၀များစွာကို ပိုင်ဆိုင်ကြပါစေ၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၃.၃.၂၀၁၁)

အပြည့်အစုံသို့....

Friday, March 11, 2011

အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘ၀၊၊ ၊၊



လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊

ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင်ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာဖြစ်သည်၊ လူသားသည်သာ ဘ၀ကိုစိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊

လူသား၏ ပုံဖော်မှုအပေါ်တည်မှီ၍ ဘ၀သည်အမျိုးမျိုး၊ အဖုံဖုံဖြစ်ရသည်၊၊ ရိုးစင်းသောဘ၀၊ ဆန်းပြား သောဘ၀၊ ရှင်းလင်းသော ဘ၀၊ ရှုပ်ထွေးသော ဘ၀၊ အဆင့်ရှိသော ဘ၀၊ အောက်ကျသော ဘ၀၊ စသည် စသည်တို့သည် လူသား၏တည်ဆောက် ပုံဖော်မှုအပေါ်တည်မှီ၍ ဖြစ်ပေါ်လာသော ဘ၀မျိုးစုံတို့ ဖြစ်သည်၊၊

အဆိုးမြင်စိတ်နှင့် ဆန်းပြားသော ဘ၀၊
အကောင်းမြင်စိတ်နှင့် ရိုးစင်းသော ဘ၀၊
ရိုးအေးမှုနှင့် ရှင်းလင်းသော ဘ၀၊
ကောက်ကျစ်မှုနှင့် ရှုပ်ထွေးသော ဘ၀၊
ထက်မြက်မှုနှင့် အဆင့်ရှိသော ဘ၀၊
သိမ်ငယ်စိတ်နှင့် အောက်ကျသော ဘ၀၊ ဟူ၍ ဘ၀အသီးသီးကို စိတ်ပိုင်းဆိုင်ရာနှင့်တွဲစပ်ပြီး သိမှတ်နိုင်သည်၊၊

လောကတွင် လူများစွာနှင့် သူတို့ပိုင်ဆိုင်ထားရသော ဘ၀များကိုကြည့်ပြီး ထိုသူများ၏စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို လေ့လာအကဲခပ်နိုင်သည်၊၊ လူအချို့သည် ထူးထွေဆန်းပြားသည့် ဘ၀ကိုခုံမင်ပြီး၊ ကျော်ကြားမှု၊ နာမည်တပ်မှုခံရတတ်သည့် လုပ်ဆောင်မှုများ၊ ဖော်ပြမှုများကို စိတ်ပါပါလုပ်ဆောင် တတ်ကြသည်၊၊ သို့သော် ထိုသူများ၏စိတ်သည် သဘာဝအားဖြင့် အဆိုးမြင်တတ်ရကား ငြိမ်းချမ်းမှုကို များစွာရခဲလှသည်၊၊

ရိုးစင်းသောဘ၀ကို နှစ်သက်သဘောကျ၍ အရာရာတွင်နောက်ဆုံးမှနေရာယူပြီး၊ နေရာထူးကိုရှောင်လေ့ရှိ သောလူများစွာတို့လည်း များစွာပင်ရှိသည်၊၊ ထိုသူများသည် ရိုးစင်းသည့်စိတ်ပိုင်းဆိုင်ရာနှင့် ရသမျှကိုကျေနပ်တတ်သည့် သဘာဝအခြေခံရှိထားကြရကား ငြိမ်းအေးသည့်ဘ၀ကို ရရှိကြသည်၊၊
ဓမ္မပဒတွင် စိတ်အခြေခံနှစ်မျိုးနှင့် အကျိုးသက်ရောက်ပုံနှစ်မျိုးကို ဖော်ပြထားသည်ကို လေ့လာရမိသည်၊၊

(၁) အပြစ်မြင်စိတ်၊
(၂) အပြစ်ပြောလိုစိတ်၊ တို့သည် စိတ်အခြေခံနှစ်မျိုးဖြစ်ပြီး၊
(၁) စိတ်ချမ်းသာမှုကို မရနိုင်၊
(၂) စိတ်ချမ်းသာမှုမှ ဝေးကွာသည်၊၊ ဤနှစ်မျိုးသည် အကျိုးဆက်နှစ်မျိုး ဖြစ်သည်၊၊

အပြစ်မြင်စိတ်သည် ထိုစိတ်ရှိသူကို စိတ်မချမ်းသာအောင် ပြုသည့်စိတ်ပင် ဖြစ်သည်၊၊ လူပေါင်းများစွာ၏ စိတ်ဆင်းရဲရမှုများသည် အသေအခြာစီစစ်လျင် အပြစ်မြင်စိတ်မှ စတင်ခဲ့ရသည်၊၊ “အရင်းစစ်သော် အမြစ်မြေက”ဆိုသကဲ့သို့ပင် ဖြစ်သည်၊၊ ဘ၀မငြိမ်းချမ်းသူများတွင် အပြစ်မြင်တတ်သည့် စိတ်ခို အောင်းနေသည်ကို တွေ့ရတတ်သည်၊၊

ထိုကဲ့သို့သောသူများသည် မည်သည့်အရာကိုကြည့်ကြည့် အပြစ်မြင်လိုသည့်ဘက်ကသာ ကြည့်လေ့၊ မြင်လေ့ရှိကြသည်၊၊ စိတ်ကိုက အပြစ်မြင်တတ်နေရကား ကြည့်လိုက်သည့်အရာတိုင်းသည်လည်း အပြစ်ပြောစရာချည်းပင် ဖြစ်နေပြန်သည်၊၊ အဆိုးကိုအမြဲမြင်နေရသည့် စိတ်မျိုးဖြစ်သည့်အတွက် စိတ်ချမ်း သာ၊ ငြိမ်းချမ်းမှုကိုလည်း ဘယ်သောအခါမှပင် ရရှိသည်မရှိတော့ပေ၊၊

အပြစ်မြင်စိတ်ရှိသူတိုင်းသည် အပြစ်ပြောလေ့မရှိတတ်၊၊ တချို့သူများမှာမူ အပြစ်ကိုမြင်တတ်ရုံမက နှုတ်မှလည်း ထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သည့်အတွက် စိတ်ချမ်းသာမှုမှ ပို၍ပင်ဝေးကွာသူများ ဖြစ်ရတော့သည်၊၊

စိတ်ချမ်းသာမှုမရသူသည် ပြုပြင်လိုက်လျင် စိတ်ချမ်းသာမှု၊ အေးချမ်းမှုကို တနေ့တွင်ရရှိလာနိုင်သေးသည်၊၊ အပြစ်ဆိုဖို့ဝန်မလေးသူ ဖြစ်နေပါမူကား စိတ်ချမ်းသာမှုနှင့် လုံးဝကင်းဝေးသွားသူ ဖြစ် သည့်အတွက် ဘယ်သောအခါမှပင် စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို မမျှော်လင့်နိုင်တော့ချေ၊၊

နောက်ဆက်တွဲအကျိုးဆက်အဖြစ် လူများစွာ၏မုန်းတီးမှု၊ ရှောင်ရှားမှုတို့ကိုလည်း ရရှိတတ်ပြန်သည်၊၊ ဤအခြေအနေတွင် အထီးကျန်မှုဖြင့် စိတ်ရောဂါများပင် ရရှိလာတတ်သည်ဟုဆိုထားသည်ကို လေ့ လာရသည်၊၊

အပြစ်မြင်တတ်ပြီး၊ အပြစ်ကိုထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သူသည် မည်သည့်အရာကိုမဆို အပြစ်တင်နေလေ့ရှိသည်၊ "ဗုဒ္ဓဘုရားရှင်ကိုပင် နားရွက်ရှည်လွန်းသည်ဟု၎င်း၊ ထာဝရဘုရားရှင်ကို တရားမျှတသည့် ဖန်ဆင်းရှင်မဟုက်ဟူ၍၄င်း၊" ဘုရားများကိုပင် အပြစ်ရှာပြောတတ်တော့သည်၊၊ သာမန်လူတို့အပေါ်တွင်ကား ဆိုဖွယ်မရှိ၊ အဆုံးမရှိအပြစ်ပြောနေတတ်သည်၊၊

အပြစ်မြင်စိတ်နှင့် အပြစ်ပြောလိုစိတ်ပင်ကိုယ်ကပင် ရှိနေသူအဖို့ အပြစ်လွတ်သော ကြည့်စရာ၊ မြင်စရာဟူ၍ မရှိပေ၊ အရာအားလုံးပင် သူ့အတွက်အပြစ်ပြောဖို့ချည်း ဖြစ်နေတော့သည်၊၊ ထို့စိတ်ရှိသူကိုယ်တိုင်လည်း စိတ်ချမ်းသာ၊ ပျော်ရွှင်ကြည်နူးမှုကို မရရှိတတ်ပေ၊၊

အပြစ်ပြောလိုသည့်စိတ်နှင့် ပြစ်တင်ပြောဆိုမှုကို ခုံမင်သည့်အလျောက် မြင်နေရ၊ ပြောနေရသည်ကို ကျေနပ်သော်လည်း ထိုသူများ၏စိတ်ပိုင်းရာသည် ငြိမ်းချမ်းသည့်စိတ်များ၊ ချမ်းသာသည့်စိတ်များ မဟုက်သည်ကို သတိပြုရမည်၊၊ အပြစ်ကိုကြည့်လေ့ရှိသူ၊ ပြောလေ့ရှိသူများမှာ သူတို့ကိုယ်တိုင် ပူလောင်နေသူများ ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုပါသည်၊၊

မြန်မာစာပေလောကတွင် ထင်ရှားသော "ဆရာကြီး ဦးခင်မောင်လတ်”သည် “သူတစ်ပါး၏အပြစ်ကို ကြည့်တတ်၊ မြင်တတ်သူ မဖြစ်ရပါစေနှင့်”ဟု ဆုတောင်းကြောင်း သိရသည်၊၊ အတုယူထိုက်သည့် ဆုတောင်းပင် ဖြစ်သည်၊၊

မြန်မာစကားတွင် “ပျက်အစဉ် ပြင်ခဏ”ဟူ၍ရှိသည်၊၊ ထို့အပြင် "လူသားသည် မိမိနှင့် မိမိပတ်ဝန်းကျင်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အမြဲမပျတ်လေ့လာ အကဲခပ်နေရမည်"ဟူ၍ ဗုဒ္ဓရှင်တော်ဆုံးမထားသည်ကို သတိပြုလျက်၊ မိမိ၏အပြစ်မြင်တတ်သည့်စိတ်နှင့်၊ အပြစ်ပြောလိုစိတ်ကို အကောင်းမြင်စိတ်နှင့်၊ ချီးမွှန်းတတ်သည့်အဖြစ်သို့ ပြုပြင်ယူလျင် အမှန်ပင် ငြိမ်းအေးသည့်ဘ၀နှင့် ချမ်းသာသည့်ဘ၀ကို ရရှိနိုင်သည်၊၊

ဓမ္မပဒတွင် ဇာတ်လမ်းတစ်ခုကို ဗုဒ္ဓကသင်ပြထားပါသည်၊၊ ထိုဇာတ်လမ်းတွင် နတ်သားတစ်ယောက်က ဗုဒ္ဓအားမေးခွန်းအချို့ကို မေးခဲ့သည်၊ မေးခွန်းမှာ-
"ဗုဒ္ဓ,လူသားတို့၏ဘ၀ပုံစံတွေ ဘာလို့မတူညီကြတာလဲ၊
နတ်သား, စိတ်မတူသည့်အတွက် ဘ၀ပုံစံမတူညီကြခြင်း ဖြစ်တယ်၊၊"


မှန်သည်၊၊ လူသား၏ဘ၀တွင် စိတ်ကအရာရာကို ပဲ့ကိုင်လေ့ရှိသည်၊၊ စိတ်၏အရေးပါပုံကို ဓမ္မပဒတွင် များစွာဖော်ပြပါရှိသည်၊၊ လူသားတွင် စိတ်ဓာတ်ဆန်းကြယ်လျင် အတွေးအခေါ်များ ဆန်းကြယ်လာသည်၊ အတွေးအခေါ်ဆန်းကြယ်လာလျင် လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသည်၊ လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသောအခါ အကျိုးရလာဘ်များလည်း အမှန်ပင်ဆန်းကြယ်လာရတော့သည်၊၊

သူဌေးအဖြစ်နှင့် စည်းစိမ်ပေါ်တွင်နေလိုသူများသည် သူဌေးဖြစ်စေတတ်သည့် အလုပ်မျိုးစုံကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ လုပ်ဆောင်သဖြင့် သူဌေးအဖြစ်ကို ရရှိသည်၊၊ ဘ၀တွင်ထင်ပေါ်စေလိုသူများသည် ထင်ပေါ်စေတတ်သည့် အလုပ်မျိုးစုံကိုလုပ်သဖြင့် ထင်ပေါ်သူများ ဖြစ်လာရသည်၊၊ အေးငြိမ်းသောဘ၀ကို အလိုရှိသဖြင့် အရာရာနောက်ကွယ်မှနေရာယူပြီး၊ ပေါ့ပါးသည့်အလုပ်ကိုသာ လုပ်သူများသည်အေးငြိမ်း သောဘ၀ကို ရရှိရသည်၊၊ နာမည်ပေါ်လွင်မှုနှင့်၊ ချမ်းသာမှုကား သူတကာထက် အားနဲနေတတ်သည်၊၊

အရှင် မြန်မာပြည်အထက်ပိုင်း အညာဒေသသို့ရောက်စဉ်က ကြီးမားသော တမာပင်အရိပ်၊ မန်ကျည်း ပင်အရိပ်တို့တွင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲကို အရသာရှိရှိ၊ မြိန်ရေယှက်ရေ သောက်စားပြီး၊ ကျေးရွာ အရေးအပါအ၀င် နိုင်ငံတကာအရေးများ၊ သာသနာရေးများကို ပြောဆိုဆွေးနွေးနေကြသော တောင်သူ လယ်သမားများကို တွေ့ခဲ့ရသည်၊၊ သူတို့၏ဘ၀သည် စိတ်အားဖြင့် အမှန်ပင်အေးငြိမ်းသော ဘ၀များဖြစ်သည်ကိုလည်း လေ့လာမိခဲ့သည်၊၊

ရိုးစင်း၍ အကောင်းမြင်တတ်သောဘ၀ဟူသည် ထိုကဲ့သို့သောဘ၀များ ဖြစ်လေသည်ဟုလည်း ကောက်ချက်ချမိသည်၊၊ အစစအရာရာတွင် အကောင်းဘက်မှ ရှုမြင်သုံးသပ်ပြီး၊ အဖြစ်ကိုသာတွေး လေ့ရှိသူများ၊ ကြံလေ့ရှိသူများ၊ ပြုမူလေ့ရှိသူများသည် ဘ၀တွင်စစ်မှန်သည့် အေးငြိမ်းမှု၊ ချမ်းသာမှုကို ရရှိကြသည်၊၊

နေရာတိုင်းတွင် အရှေ့ဆုံးမှနေရာယူလျက် ထင်ပေါ်လိုသူများ၊ ကျော်ကြားလိုသူများမှာ အမြင်လှသော်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် များစွာပူလောင်ကြရသည်ကို နေ့စဉ်ဘ၀ပတ်ဝန်းကျင်တွင် လေ့လာအကဲခပ် ရမိသည်၊၊

ဘ၀ဟူသည်ကလည်း ရွေးချယ်မှုတွင် တစ်ခုတည်းကိုသာ ရွေးချယ်ခွင့်ပေးတတ်သည့် အရာဖြစ်နေသည်၊၊ ချမ်းသာမှုစည်းစိမ်နှင့်၊ အေးချမ်းသည့်စိတ်အစဉ်-မည်သည်ကို ရွေးချယ်မည်နည်း၊၊ ချမ်းသာမှုကိုရွေးချယ်လျင် အေးချမ်းသည့်စိတ်အစဉ်ကို လက်လွှတ်ရပေမည်၊ အေးချမ်းသည့် စိတ်အစဉ်ကိုရွေးချယ်လျင် ချမ်းသာမှုကို အနဲနှင့်အများဆိုသလို လက်လွှတ်ရသည်၊၊

မည်သို့ဆိုစေ လူသားသည် မိမိ၏မူလစိတ်အခြေခံအလျောက် မိမိရွေးချယ်သည်ကို မိမိရရှိသည်၊ အချိန်တစ်ခုကိုတော့ စောင့်ရန်လိုသည်၊၊

အရှင်တင်ပြခဲ့သည့် စာတမ်းကို အနှစ်ချုပ်ဆွေးနွေးလျင်-
(1) အပြစ်မြင်စိတ်၊
(2) အပြစ်ပြောလိုစိတ်၊
(3) ဘ၀တွင်ရွေးချယ်မှု၊ ဤသုံးမျိုးကိုတွေ့ရမည် ဖြစ်သည်၊၊ စိတ်အခြေခံအလျောက်ရလာသည့် အကျိုးသက် ရောက်မှုနှင့်၊ ရွေးချယ်မှုအလျောက် ရရှိသည့်ဘ၀ပုံစံများကိုလည်း စာတမ်းတွင် တွေ့ရမည်ဖြစ်သည်၊၊

အပြစ်မြင်စိတ်ကို အကောင်းမြင်စိတ်အဖြစ်၊ အပြစ်ပြောလိုစိတ်ကို ချီးမွှန်းပြောလိုစိတ်များအဖြစ် ပြောင်းလဲ ရယူနိုင်ပြီး၊ ရိုးရှင်းသောဘ၀များကို တည်ဆောက်နိုင်ကြမည်ဆိုလျင် လူသားတိုင်း၏ဘ၀တွင် ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်၊၊

“အလင်းစက်”သို့ စာဖတ်သူများ အကောင်းမြင်စိတ်၊ ချီးမွှန်းပြောဆိုလိုစိတ်များဖြင့် အေးငြိမ်းသော ဘ၀၊ ရိုးစင်းသောဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ အလင်းစက်အရှင် ဆုတောင်းပေးလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၁.၃.၂၀၁၁)



(မှတ်ချက်/ ဓမ္မပဒဂါထာ၂၅၃၊ နှင့် အံ-၃၊ ဒေ၀ဒတ္တ၀ိပတ္တိသုတ်တို့ကို ကိုးကား၍ ဤစာတမ်းကို ရေးသားအပ် ပါသည်၊၊)

အပြည့်အစုံသို့....

Tuesday, March 1, 2011

သာသနာပြု စစ်တမ်း၊၊ ၊၊






ယနေ့ခေတ်တွင် “သာသနာပြု”ဟူသော ဝေါဟာရစကားလုံးကို အတော်များများက အသုံးပြုနေကြသည်ကို သတိပြုမိရသည်၊၊ မည်သည့်အပြုအမူနှင့်၊ လုပ်ရပ်ကို”သာသနာပြု”ဟု ခေါ်ဆိုသည်နှင့် “သာသနာပြု”လိုသူ၌ ရှိသင့်သောစိတ်ထားများ၊ စွမ်းရည်များကို စာပေရှုဒေါင့်မှ ဆွေးနွေးတင်ပြလိုက် ပါသည်၊၊

စစ်မှန်သည့် “သာသနာပြု”ဟူသည်ကို နားလည်သဘောပေါက်စေရန် “သာသနာပြု” ဝေါဟာရ၏ မူလအရင်းအမြစ်ကို လေ့လာသင့်ပါသည်၊၊ သို့မှသာ “သာသနာပြု” သဘောအဓိပ္ပါယ်နှင့်၊ မှန်ကန်သည့် “သာသနာပြု”နည်းကို ရရှိမည်ဖြစ်သည်၊၊

သာသနာပြုဟူသော ဝေါဟာရတွင် “သာသနာ”နှင့် “ပြု”ဟူ၍ ပုဒ်နှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားသည်ကို တွေ့ရသည်၊၊ “သာသနာ”ပုဒ်သည် ပါဠိစကားလုံးဖြစ်ပြီး၊ “ပြု”သည် နာမသတ်မြန်မာကြိယာပုဒ် ဖြစ်ပါသည်၊၊

ပုဂံခေတ်အစောပိုင်းဆီက မြန်မာစာပေသည် လုံးဝပြည့်စုံသည့် စာပေတစ်ခု မဟုက်သေးကြောင်း မြန်မာစာပေသမိုင်းတွင် ဖော်ပြထားသည်၊၊ အနော်ရထာခေတ် ပါဠိစာပေပုဂံသို့ ရောက်လာသည်မှ စတင်ပြီး၊ မူလမြန်မာစာပေအတွင်းသို့ ပါဠိသက်ဝေါဟာရများ ဆင်းသက်လာပြီး၊ ကြွယ်ဝသည့် စာပေပုံစံတစ်ခုကို ယနေ့မြင်တွေ့နေရသလို ရရှိခဲ့သည်၊၊

အထက်ပါ “သာသနာပြု”ဆိုသောစကားလုံးတွင် ပါဠိပုဒ်တစ်ခုနှင့် မြန်မာပုဒ်တစ်ခုတို့တွဲစပ်ပြီး အသုံး ပြုထားသည်ကို တွေ့ရသည်၊၊ ဤကဲ့သို့ တွဲပြီးသုံးပြုသည့်ပုဒ်ပေါင်း မြန်မာစကားနှင်၊့ မြန်မာစာပေတွင် မရေ မတွက်နိုင်အောင် များသည်၊၊ တချို့နေရာများတွင်မူ တွဲစပ်၍ပင်မဟုက်ဘဲ ပါဠိပုဒ်ပင်ကိုယ်အတိုင်း မြန်မာမှုပြု၍ အသုံးပြုသည်ကိုပင် တွေ့ရသေးသည်၊၊

ဥပမာအားဖြင့် မေတ္တာ၊ သစ္စာ၊ ဥပေက္ခာ၊ စသော ပါဠိစကားလုံးများ၊ လောဘ၊ ဒေါသ၊ မောဟ၊ စသော စကားလုံးများဖြစ်သည်၊၊ တချို့နေရာများတွင် ပါဠိပုဒ်ကို ပုံစံပြောင်း၍အသုံးပြုထားသည်ကိုလည်း တွေ့ရ ပြန်သည်၊ ဥပမာအားဖြင့် သံယောဇဉ်၊ စိတ်၊ ရုပ်၊ စသည်တို့ဖြစ်သည်၊၊

“သံယောဇဉ်”စကားလုံးသည် “သံယောဇန” ပါဠိပုဒ်ကို မြန်မာမှုပြုထားသည် ဖြစ်ပြီး၊ “စိတ်”သည် “စိတ္တ”မှ၊ “ရုပ်”သည် “ရူပ”မှဆင်းသက်၊ မြန်မာမှုပြုထားသည်ကို လေ့လာရသည်၊၊ “သာသနာပြု” ဝေါဟာရသည်လည်း နည်းတူပါဠိတွဲစပ် အသုံးပြုသည့် မြန်မာစကားလုံးတစ်ခု ဖြစ်ပါသည်၊၊

“သာသနာ”ပုဒ်ကို အဆုံးအမ၊ ဆုံးမချက်၊ သွန်သင်ချက်၊ ညွှန်ကြားချက်၊ သင်ကြားချက်ဟူ၍ မြန်မာ ပြန်နိုင်ပါသည်၊၊ ဗုဒ္ဓရှင်တော် အသက်ထင်ရှားရှိစဉ်(၄၅)နှစ်တာအတွင်း ဆုံးမခဲ့သည်များ၊ ညွန်ကြားခဲ့ သည်များ၊ သင်ကြားခဲ့သည်များကို “သာသနာ”ဟု ခေါ်ဆိုပါသည်၊၊

ဤသင်ကြားချက်များ၊ ဆုံးမချက်များ၊ ဟောပြောချက်များကိုပင် ပါဠိစာပေတွင် “တိပိဋက=ပိဋကတ်သုံးပုံ”ဟု ခေါ်ပါသည်၊၊ ပိဋကတ်သုံးပုံသည် စာအုပ်အရေအတွက်အားဖြင့် အုပ်ရေ(၄၀) ရှိပါသည်၊၊

ဤမျှများပြားသည့် သင်ကြားချက်များကို ဗုဒ္ဓသည် နေရာဒေသအလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ အခြေအနေ အကြောင်းအရာအလိုက် သင့်တော်ရာ တရားဒေသနာများကို ဟောပြောသင်ပြ၊ ဆုံးမသွန်သင်ခဲ့သော်လည်း၊ ထိုဟောပြော၊ သင်ပြချက်များကို အသေးစိတ်အနှစ်ချုပ်ကြည့်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးကို ပုံစံအမျိုးမျိုး၊ ၀တ္ထုဇာတ်လမ်းအမျိုးမျိုး၊ သာဓကအမျိုးမျိုးဖြင့် ဟောပြော၊ သင်ပြခဲ့သည်ကို တွေ့ရသည်၊၊

ပိဋကတ်သုံးပုံစာပေဆိုသည်မှာ ဗောဓိပက္ခိယတရား(၃၇)မျိုး သင်ပြချက်ဟူ၍ မှတ်ယူရပါမည်၊၊ အဆုံးစွန် ဗုဒ္ဓ၏သင်ပြချက်အားလုံးကို အနှစ်ချုပ်သောအခါ ဗောဓိပက္ခိယတရား(၃၇)မျိုးမှ သစ္စာ(၄)ပါး အဖြစ်သာ တွေ့ရတော့သည်၊၊ ဆိုလိုသည်မှာ သစ္စာလေးပါးကိုသာ သဘောပေါက်သိမြင်လျင် ပိဋကတ်သုံးပုံကို သိမြင်သဘောပေါက်သည်ဟု ဆိုလိုပါသည်၊၊

ဗုဒ္ဓရှင်တော်သည် အထက်ပါဆွေးနွေးတင်ပြချက်ကို “စတုသစ္စ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ”ဟု ညွန်ပြ ထားသည်ကို တွေ့ရပါသည်၊၊ သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြောချက်ဟူ၍မရှိဟု အဓိပ္ပါယ်ရပါသည်၊၊

ဗုဒ္ဓအရှင် လွန်တော်မူပြီး (5-century.A.D)တွင်ရေးသော ၀ိသုဒ္ဓိမဂ်ကျမ်းနှင့်၊ အခြားပါဠိကျမ်းအချို့တွင် ပိဋကတ်သုံးပုံကိုအနှစ်ချုပ်လျင် သီလ+သမာဓိ+ပညာ၊ သုံးမျိုးကိုသာ တွေ့ရသည်ဟုဆိုသော်လည်း ဗုဒ္ဓရှင်တော်၏ တိုက်ရိုက်ဟောကြားချက် အထောက်အထားမရှိဟု ပါဠိပညာရှင်များက ဆိုပါသည်၊၊

ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကမူ “သစ္စာလေးပါးမှလွတ်သော ငါ၏ဟောပြော သင်ပြချက်ဟူ၍ မရှိ”ဟု ပါဠိ စာပေမှတ်တမ်းတွင် မိန့်တော်မူသည်ကို တွေ့ရှိရသည်၊၊ ဤသို့ဆိုလျင် ကျယ်ဝန်းလှသည့် ပိဋကတ်သုံးပုံကို အနှစ်ချုပ်လျင် သစ္စာလေးပါးကိုသာ ရရှိတော့သည်ဟု နောက်ဆုံးကောက်ချက်ကို ရရှိမည် ဖြစ်ပါသည်၊၊

အထက်တွင်တင်ပြချက်များကို ခြုံငုံသုံးသပ်လျင် “သာသနာ”ဟူသည်မှာ သစ္စာလေးပါးဟု မှတ်သားရပါမည်၊၊ စာဖတ်သူအနေဖြင့် ဤမျှဆွေးနွေးတင်ပြလိုက်လျင် သာသနာဟူသည်ကို နားလည်သဘောကျပြီဟု ယုံကြည်ပါသည်၊၊

“ပြု”ဆိုသည်မှာ သစ္စာလေးပါးသင်ပြချက်၊ ဟောပြောချက်၊ ဆုံးမချက်ကို တည်တန့်အောင်၊ ပြန့်ပွားအောင်၊ နားလည်သဘောပေါက်မှု၊ အဓိပ္ပါယ်ယူဆမှုမလွဲအောင်၊ ကြိုးစားသည့်လုပ်ရပ်ကို ခေါ်ပါသည်၊၊ “သာသနာ”နှင့် “ပြု”နှစ်ပုဒ်ကိုပေါင်းစပ်၍ အဓိပ္ပါယ်ဖွင့်ဆိုလျင် ဗုဒ္ဓရှင်တော်ညွှန်ကြားသည့် သစ္စာလေးပါး အနှစ်တရားကို တည်တန့်၊ ပြန့်ပွား၊ အနက်အဓိပ္ပါယ်ကောက်ယူမှုမလွဲအောင် ကြိုးစားမှုဟူ၍ မှတ်သားရပါမည်၊၊

ဤကြိုးစားမှုသည် လွယ်ကူသည်ကား မဟုက်ပါ၊၊ ဗုဒ္ဓဘာသာဆိုသည်မှာလည်း သစ္စာလေးပါး ထိမ်းသိမ်း လိုက်နာ၊ ကျင့်ကြံအားထုတ်မှုပင်ဖြစ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာလေးပါးသင်ပြချက်ကို တည်တန့်၊ ပြန့်ပွား၊ သဘောအဓိပ္ပါယ်မလွဲအောင် ထိမ်းသိမ်းမှုမပြုနိုင်၍ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အခြားဘာသာခြား နိုင်ငံများအဖြစ်သို့ကျရောက်သွားသော နိုင်ငံများစွာရှိသည်၊၊

သစ္စာလေးပါး သင်ပြချက်အနှစ်သာရကို မပြည့်အ၀မရှိ၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဘာသာခြားဘာသာများသို့ ကူးပြောင်းသွားသည်များလည်း များစွာပင်ရှိသည်၊၊ ထို့ကြောင့် စစ်မှန်သည့် သာသနာပြုလုပ် ငန်းများ များစွာပင်လိုအပ်ပါသည်၊၊ ဗုဒ္ဓရှင်တော်၏ဟောပြောချက် ပိဋကတ်စာပေသင်တန်းများ လွန်စွာလို အပ်ပါသည်၊၊

ပိဋကတ်စာပေသင်ကြားမှုများ၊ ဟောပြောမှုများ၊ ကျောင်းကန်၊ စေတီပုထိုးသာသနိကအဆောက်အ အုံများကို ထိမ်းသိမ်းခြင်းများ၊ အသစ်တည်ဆောက်မှုများအားလုံးသည် သစ္စာလေးပါးသင်ပြချက်ကို တစ်ဘက်တစ်လမ်းက ထောက်ပံ့ရာရောက်သည့်အတွက် သာသနာပြုအစစ် အမှန်ဖြစ်သည်ဟုပင် မှတ်ယူရပါမည်၊၊

ဗုဒ္ဓဘာသာကွယ်ပျောက်မှု၊ တည်ရှိမှုသည် ဗုဒ္ဓရှင်တော်သင်ပြ ဟောပြောခဲ့သည့် စတုအရိယသစ္စဟုခေါ်သော သစ္စာလေးပါးတည်ရှိနေမှု၊ ပျောက်ကွယ်သွားမှုအပေါ်တွင် မူတည်ပေသည်၊၊ ဗုဒ္ဓ၏ သစ္စာသင်ကြားချက် တည်ရှိသောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဟု ခေါ်ဆိုနိုင်သည်၊ သစ္စာတရားပျောက်ကွယ်နေသောနိုင်ငံသည် ဗုဒ္ဓဘာသာပျောက်ကွယ်သောနိုင်ငံဟု ခေါ်ဆိုရပေတော့မည်၊၊

ယနေ့မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံခြားများတွင် ဗုဒ္ဓဘာသာတည်ရှိနေသလား ပျောက်ကွယ်နေပြီလား ဆိုသည့် မေးခွန်းကိုလည်း သစ္စာတရားပေတံဖြင့်တိုင်းတာပြီး ဆုံးဖြတ်အဖြေ ပေးရပါမည်၊၊

သာသနာပြုဆိုင်းဘုတ် ကိုယ်စီတပ်ထားသော်လည်း စစ်မှန်သည့်သာသနာပြု ဟုက်သည်၊ မဟုက်သည်ကို သစ္စာလေးပါးတည်ရှိ ပြန့်ပွားစေသည့်လုပ်ရပ်၊ ကြိုးစားအားထုတ်မှုပါ မပါအပေါ်တွင်အခြေခံပြီး ဆုံးဖြတ်ရပါမည်၊၊ အဆုံးစွန်အားဖြင့်မူ သစ္စာကွယ်သောအရပ်ဒေသနိုင်ငံသည် ဗုဒ္ဓဘာသာကွယ်သော အရပ် ဒေသနိုင်ငံဖြစ်သည်၊ သစ္စာတရားထွန်းလင်းသောနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းလင်းသော နိုင်ငံဖြစ်သည်၊၊

အာဖဂန်နစ်တန်နိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင်တို့တည်ထားကိုးကွယ်ခဲ့သော ကမ္ဘာ့ ရုပ်တုတော်ကြီများ ယနေ့တိုင်တည်ရှိနေသည်၊ သို့သော်မြတ်စွာဘုရားရှင်၏အဆုံးအမ၊ သစ္စာလေးပါး ကိုနားလည်သူ၊ တည်တန့်အောင်ကျိုးစားသူ၊ ပြန့်ပွားအောင်ကြိုးစားသူ မရှိတော့သည့်အတွက် ထိုဒေသမှ ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ရသည်၊၊

အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကမ္ဘာ့အကြီးဆုံးဟု မှတ်တမ်းတင်ထားသော ဗောရောဗုဓောစေတီတော်ကြီး ရှိသည်၊၊ သို့သော်ထိုဒေသတွင် သစ္စာတရားကို ပြန့်ပွားတည်ရှိနေအောင် မထိမ်းသိမ်းနိုင်ခဲ့သည့်အတွက် ရာစုနှစ်ပေါင်းများစွာ မူစလင်ဘာသာနိုင်ငံအဖြစ်သို့ ကျဆင်းသွားသည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ အခြားနိုင်ငံများစွာလည်း ရှိပါသေးသည်၊၊

အဋ္ဌကထာကျမ်းပေါင်းများစွာကို ရေးသားသည့် သီရိလင်္ကာနိုင်ငံတွင် သံဃာတော်နှင့် ရဟန်းမဘိက္ခူနီများ သိန်းနှင့်ချီ၍နေထိုင်ခဲ့သော ကျောင်းတိုက်ကြီးများကို ယနေ့တိုင်တွေ့ရသေးသည်၊ သို့သော် နှစ်ရာချီ၍ ဗုဒ္ဓသာသနာတော် ကွယ်ခဲ့ရဘူးသည်၊၊ ယနေ့မြင်တွေ့နေရသော သီရိလင်္ကာဗုဒ္ဓသာသနာမှာ မြန်မာတို့ဆီမှ မျိုးပွားထားသည့် သာသနာတော်ဖြစ်သည်၊၊ သစ္စာတရားပျက်သုဉ်းသဖြင့် သာသနာတော် ပျက်သုဉ်းခဲ့ရသည့် အဖြစ်အပျက်များပင် ဖြစ်ပါသည်၊၊

ဤသာဓကများကိုထောက်ဆ၍ ဗုဒ္ဓသာသနာတော် တည်တန့်ရေးမှာ ရုပ်ပြအဆောက်အဦးများ၊ စေတီပုထိုးများ မဟုက်ဘဲ၊ အနှစ်သာရဖြစ်သည့် သစ္စာလေးပါးတရားကို အစဉ်တည်တန့်ပြန့်ပွားစေရန် အားထုတ်ကြိုးစားမှုဖြစ်ကြောင်း အသိမှတ်ပြုရပါမည်၊၊ ဗုဒ္ဓရှင်တော်၏ သစ္စာတရားများ ရှင်သန်အောင် ပြုသည်ကို သာသနာပြုဟု ခေါ်ဆိုကြောင်း စာဖတ်သူတို့ သဘောကျလောက်ပြီဟု အရှင် ထင်မြင်မိပါသည်၊၊
ယ္ခုအခါ သာသနာပြုသူတို့ ထားသင့်သောစိတ်ဓာတ်များနှင့် ရှိသင့်သည့်အရည်အသွေးများကို ဆွေးနွေးပါမည်၊၊

(၁) စေတနာ၊
(၂) သဒ္ဓါ၊
(၃) ခန္တီ၊
(၄) ပညာ၊
(၅) သတ္တိ၊

ဤအရည်အသွေးငါးမျိုးကို အပြည့်အ၀ရရှိထားလျင် သာသနာပြုရာတွင် အောင်မြင်ပြီဟု ယူဆမိပါသည်၊၊ သာသနာပြုသောအခါ မိမိသာသနာပြုသော အရပ်ဒေသရှိလူများစွာတို့အပေါ်တွင် စစ်မှန်သည့် ငြိမ်းအေးစေလိုစိတ်၊ ဗုဒ္ဓဘာသာကျင့်စဉ်အလိုအရ တိုးတက်စေလိုစိတ်ဓာတ်ထားရှိမှုကို စေတနာဟု ရည်ညွှန်းပါသည်၊၊

သဒ္ဓါဆိုသည်မှာ သာသနာပြုရာတွင် လိုအပ်လျင် လိုအပ်သလို ပေးကမ်းဝေငှရဲသည့်စိတ်မျိုးကို ခေါ်ပါသည်၊၊ သာသနာပြုရာတွင် ယူ၍သာသနာပြုသည်ထက်၊ မိမိက တတ်အားသမျှပေး၍ သာသနာပြုနည်းမှာ အောင်မြင်သည့်သာသနာပြုနည်းဖြစ်ကြောင်း သာဓကများစွာက ပြသနေပါသည်၊၊

သာသနာပြုရာတွင် သည်းခံနိုင်မှုသည် အထူးအရေးပါသော အရည်အသွေးတစ်ခု ဖြစ်ပါသည်၊၊ ပုဏ္ဏောဝါဒသုတ္တန်တွင် သည်းခံခြင်းဖြင့် သာသနာပြုအောင်မြင်နိုင်ကြောင်းကို အသေးစိတ်လေ့လာ ရရှိနိုင်ပါသည်၊၊

အောင်မြင်သော သာသနာပြုကောင်းတဦးဖြစ်ရန် ပညာထက်မြက်ဖို့လည်း လိုအပ်ပါသည်၊၊ ပညာ တတ်သည်ဆိုရာတွင် မိမိသာသနာပြုမည့် ဒေသသုံးဘာသာစကား ကျွမ်းကျင်မှု၊ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု များကို နားလည်မှုများလည်း ပါဝင်ပါသည်၊၊

မည့်သည့်လုပ်ငန်းတွင်မဆို အစဦးလုပ်ဆောင်ရသူသည် သတ္တိမရှိ မဖြစ်လိုအပ်ပါသည်၊၊ ရဲဝံ့သည့် စိတ်ဓာတ်ကို ဆိုလိုပါသည်၊၊ အတိုက်ခိုက်များကိုလည်း ရင်ဆိုင်ရဲရန်၊ လိုအပ်လျင် လိုအပ်သလို စွန့်စားမှုများပြုရန်၊ ရုပ်ပိုင်းဆိုင်ရာ ရဲဝံမှု၊ စိတ်ပိုင်းဆိုင်ရာထက်မြက်မှုများ လိုအပ်ပါသည်၊၊

သာသနာ မရောက်ရှိသေးသော ဒေသ၊ မပြန့်ပွားသေးသောဒေသများတွင် သာသနာပြုသောအခါ အခက်ခဲများစွာ မလွဲမသွေရင်ဆိုင်ရပါမည်၊ မည်သည့်အခက်ခဲကိုမဆို သတ္တိရှိသူဖြစ်လျင် အောင်မြင်စွာ ကျော်လွှားနိုင်ပါသည်၊၊ ဤကဲ့သို့ တင်ပြဆွေးနွေးခဲ့သည့် အရည်အသွေးစိတ်ဓာတ်များ ရရှိပိုင်ဆိုင်ထားလျင် မည်သည့်ဒေသတွင်မဆို အောင်မြင်သော သာသနာပြုကောင်းတယောက် ဖြစ်လာနိုင်ပါမည်၊၊ ငါးမျိုးသော သာသနာပြုသူတို့လိုအပ်သည့် အရည်အသွေးများသည် သာသနာပြုစိတ်ဓာတ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်၊၊

စာဖတ်သူများအားလုံး စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ သတ္တိရှိရှိဖြင့် ကမ္ဘာကိုဗုဒ္ဓရှင်တော်၏ သစ္စာ တရားများဖြင့် ငြိမ်းချမ်း အေးမြစေသူများ၊ သာသနာပြုကောင်းများဖြစ်လာပါစေလို့ ဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊



အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၂.၂၀၁၁)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP