

စစ်ပွဲတစ်ခုကို တိုက်ခိုက်ရသည်နှင့် ဘ၀တစ်ခုကိုရုန်းကန်ရသည်မှာ တူညီသည်ဟု ဆိုနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲတိုင်းတွင် အရှုံးနှင့်အနိုင်ဟုရှိနေပြီး၊ ဘ၀တွင်လည်းအရှုံးနှင့် အနိုင်ဟုနည်းတူရှိနေသောကြောင့် ဖြစ်သည်၊၊
လူတို့သည် ဘ၀တွင်အနိုင်ရမှုကို လွန်စွာမြတ်နိုးသည်၊ အရှုံးကိုမူ မုန်းတီးစက်ဆုပ်တတ်ကြပြန်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ လူသည်အရှုံးနှင့် အနိုင်ကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ တပ်မက်သောစိတ်ကြောင့် ဖြစ်ရသည်၊၊
အရှုံးနှင့်အနိုင်ကို နှစ်သက်သည့်စိတ်အခြေခံရှိနေရကား မည်သည့်နေရာတွင်မဆို မည်သည့်နည်းနှင့်ဖြစ်ဖြစ် အနိုင်ရသည်ကို ကြံစီတွေးတောနေတတ်ကြသည်၊၊ မိသားစုတွင်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ပေါင်းဖော်ရာတွင်ဖြစ်စေ၊ မိတ်ဆွေများနှင့်ဆက်ဆံရာတွင်ဖြစ်စေ မိမိအသာရသည်ကို ကျေနပ်လေ့ရှိသည်၊၊ အဆုံးစွန်အားဖြင့် မိဘနှင့်သားသမီးဆက်ဆံရာမှာပင် မိမိအနိုင်လိုချင်တတ်သည်၊၊ ညီကိုမောင်နှမ ဆက်ဆံရေးတွင်ကား ပြောဖွယ်ပင်မလိုတော့ပေ၊၊
အမှန်စင်စစ် အရှုံးနှင့်အနိုင်ကို တပ်မက်သောစိတ်ရှိနေသမျှ လူသား၏ဘ၀တွင် ငြိမ်းအေးမှုကို မမျှော်လင့်နိုင်ချေ၊၊ အနိုင်ရမှုကိုအလိုရှိသဖြင့် အနိုင်ရနိုင်မည့်နည်းမျိုးစုံကိုအသုံးပြုရင်း ကောက်ကျစ်သည့် အခြေအနေများသို့လည်း များစွာရောက်ရှိသွားတတ်သေးသည်၊၊ နည်းမှားကိုအသုံးပြုလိုက်ရစေကာမူ သံသရာနှင့်လောကကို သိတတ်သည့်စိတ်တပိုင်းတစ်စကလည်း မိမိတွင်ရှိနေသေး၍ နောင်တရနေ တတ်ပြန်သည်၊၊
အနိုင်ကိုတပ်မက်လွန်းသောစိတ်သည် မည်သည့်အရာကိုမဆို ပြုလုတ်ရန်ဝန်မလေးတတ်၊ ရက်စက်ဝံ့သည်၊ ယုတ်မာဝံ့သည်၊ ကြင်နာပြတတ်သည်၊ ချစ်ခင်ဟန်လည်းဆောင်တတ်သေးသည်၊၊ ဤသို့သောစိတ်အခြေခံများကို ရင်ထဲတွင်သိုလှောင်ထားသည့် အနိုင်ကိုတပ်မက်သူကိုယ်တိုင်၏ ရင်ထဲ၊ နှလုံးသားတွင်လည်း အေးချမ်းမှုမရှိ၊ အစဉ်ပူလောင်နေရတတ်သည်၊၊
မိမိဘ၀အတွက်အေးချမ်း၊ ငြိမ်သက်သည့် ဘ၀ထွက်ပေါက်ကိုရှာမှ ထွက်ပေါက်ပိတ်မိနေသူများပင် ဖြစ်ရတော့သည်၊၊ အရှုံးနှင့်အနိုင်ကိုတပ်မက်လွန်းသော အတ္တဗဟိုရ်ပြုသူ တစ်စုံတစ်ယောက်ရှိနေ သောပတ်ဝန်းကျင်သည်လည်း ငြိမ်းချမ်းမှုအရသာကို မခံစားရ၊ အမြဲရှုပ်ထွေးနေရသည်၊၊
“ဓမ္မပဒ”တွင် အနိုင်+အရှုံးနှင့်ဆက်စပ်၍ ဗုဒ္ဓရှင်တော်မိန့်ကြားသော အဆိုအမိန့်တစ်ခုမှာ လွန်စွာထိရောက်ပြီး၊ တန်ဖိုးရှိလှသည်၊၊ သိပ်ခက်ခဲသည့်ပါဠိစာသားမဟုက်၍ မူရင်းပါဠိစာသားကို တင်ပြလိုက်ပါသည်၊၊
(မှတ်ချက်/ ပါဠိစာသားကို ဖတ်ရန်ခက်ခဲလျင် ဤပါဠိစာသားကို ကျော်ဖတ်လျင်လည်း စာတမ်း၏ဆိုလိုချက်အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါသည်၊၊)
“ဇယံ ဝေရံ ပသoတိ၊ ဒုက္ခံ သေတိ ပရာဇိတော၊၊
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ၊၊”
ပါဠိဂါထာလေး၏ သဘောအဓိပ္ပါယ်ကို ဆွေးနွေးကြည့်ရအောင်ပါ၊၊ “စစ်ပွဲမှာ အနိုင်ရသူသည် နိုင်သည့်အတွက် ပျော်ရသည်၊ သို့သော် ရန်သူပိုများလာသည်၊ မုန်းတီးသူပိုများလာသည်၊၊ စစ်ပွဲတွင် ရှုံးနိမ့်သွားလျင် စိတ်ဆင်းရဲရသည်၊၊ အနိုင်အရှုံးကို မတပ်မက်သောစိတ်ထားသည်သာ စင်စစ်ငြိမ်းအေးပြီး၊ ချမ်းသာရသည်၊၊”
စစ်ပွဲတစ်ခုတွင် အနိုင်ရသောအခါ မိမိဘက်ကနိုင်သည့်အတွက် ပျော်ရသည်ကားမှန်သည်၊ သို့သော် အရင်ကထက် မိမိကိုမုန်းတီးသူပိုများလာသည်၊ ရန်သူပိုများလာသည်မှာလည်း အမှန်ပင်ဖြစ်သည်၊၊ မုန်းတီးသူ၊ ရန်သူပိုများလာသောအခါ မိမိဘ၀သည် လုံခြုံမှုမရှိတော့ပေ၊ မိမိအပေါ်မကောင်းမြင်၍ အမနာပပြောသူလည်း ပိုများလာသည်၊၊ အိပ်ကောင်းတိုင်း မအိပ်ရ၊ စားကောင်းတိုင်းမစားရဘဲ၊“ကျီး လန့်စာစားနေရသည့်ဘ၀”ဆိုသည်မှာ ဤဘ၀မျိုးဖြစ်သည်၊၊
ထိုသို့သောအခြေအနေတွင် မိမိသည်စိတ်ဓာတ်ရင့်ကျက်၍ ရပ်တည်နိုင်သူဖြစ်က အကြောင်းမဟုက်၊ စိတ်ဓာတ်ပျော့ညံ့သူဖြစ်နေပါမူ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားရမည်ဖြစ်ပါသည်၊၊ မိမိအပေါ်တွင် အပေါ်၊ အောက်၊ ဘေးဝဲယာဒေါင့်မျိုးစုံမှတိုက်ခိုက်သူ၊ ထိုးနှက်သူများလာမည် ဖြစ်သည်၊၊
အနိုင်+အရှုံးကိုမတပ်မက်သည့် စိတ်ထားနူးညံ့သောသူများမှာမူ မည်သူ့အပေါ်တွင်မှ အနိုင်မရသည့်အတွက် မုန်းတီးသူမရှိ၊ ရန်သူမရှိတော့ပေ၊၊ ငြိမ်းအေးသောဘ၀ကို နေရာတိုင်းတွင်အနိုင်လိုချင်ပြီး၊ ထက်မြက်သူများထက် ဤကဲ့သို့စိတ်ထားရှိသူများသာ ရရှိတတ်သည်ကို ဓမ္မပဒအဆိုအမိန့်က သင်ပြထားပါသည်၊၊
အရှုံးအနိုင်ကို ထည့်တွက်မစဉ်းစားခြင်းမှာ စိတ်သဘောထားနူးညံ့ခြင်းကို ပြသခြင်းဖြစ်သည်၊၊ ကြာလာသည်နှင့်အမျှ စိတ်ထားနူးညံ့သူကို ပတ်ဝန်းကျင်ကနေရာပေးလာပြီး၊ ငြိမ်းအေးသောဘ၀ကို ကိုယ်တိုင်မဖန်တီးရဘဲ ရလာတတ်သည်ကိုတွေ့ရသည်၊၊ စိတ်ထားနူးညံ့သူ၊ အေးဆေးတည်ငြိမ်သူရှိသော ပတ်ဝန်းကျင်သည်လည်း အေးချမ်းသည့်အခြေအနေကို ပိုင်ဆိုင်ရသည်၊၊
ဘ၀တွင်အေးအေးဆေးဆေးဖြင့်၊ အပူကိုမလိုချင်သောသူများစွာတို့သည် ထက်မြက်သူများထံမှာထက် နူးညံ့သူများအထံသို့ ချည်းကပ်လေ့ရှိကြသည်၊၊ ဤသို့ဖြင့် နူးညံ့သည့်စိတ်ထား နှလုံးသားပိုင်ရှင်များမှာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးလျက်သားဖြစ်သွားတော့သည်၊၊
သဘာဝအားဖြင့် နေရာတိုင်းတွင်အသာလိုချင်သူများမှာ ထက်မြက်သူများဖြစ်နေတတ်သည်၊ သို့သော် အများကကြောက်လန့်သဖြင့် အထီးကျန်သူများလည်း ဖြစ်ရပြန်သည်၊၊ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်”စာအုပ်ထဲတွင်“စိတ်ဓာတ်ကြီးသူများ၊ ထက်မြက်လွန်းသူများကို တစ်ခါ တရံ လောကကြီးက ပြောင်လှောင်တတ်ကြောင်း၊၊”ဖော်ပြထားသည်ကို လေ့လာရဘူးပါသည်၊၊
မှန်သည်၊၊ လောကကြီးတွင် လိုအပ်သမျှကို စိတ်ဓာတ်ကြီးကြီးဖြင့်ကြိုးစားသူများကို လောကကြီးက လွဲချော်မှုများ၊ ပျက်ရယ်ပြုမှုများဖြင့် နောင်ပြောင်ကြည်စားတတ်သည်ကို ပတ်ဝန်းကျင်အတွေ့အကြုံများမှ သင်္ခန်းစာရမိသည်၊၊ သို့သော်အစဉ်တစိုက်ကြိုးစားသူများအတွက် လောကကြီးသည် ကြာကြာ မနောက်ပြောင်တတ်သည်ကိုလည်း တွေ့ရသည်၊၊
အထက်တွင်ဆွေးနွေးခဲ့သည့် ဓမ္မပဒအဆိုအမိန့်လေး၏ နောက်ခံဇာတ်ကြောင်းကို ဤနေရာတွင် တင်ပြအပ်ပါသည်၊၊ ကောသလနှင့်၊ “ဝေဒေဟီ”တို့သည် မောင်နှမအရင်းဖြစ်သည်၊ အရွယ်ရောက် သောအခါ “ကောသလလုလင်”သည် ကောသလမင်းဟုဖြစ်လာပြီး၊ နှမတော်ဝေဒေဟီသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့်ထိမ်းများပြီး မိဗုရားဖြစ်လာခဲ့သည်၊၊
နှမတော်ဝေဒေဟီမှ “အဇာတသတ်မင်းသား”လေးကို ဖွားမြင်လာခဲ့သည်၊၊ အဇာတသတ်လုလင်သည် ငယ်စဉ်ကပင် သာမန်လူသားတို့ထက် ကာယအားကြီးမားသူဖြစ်သည်၊၊ ဖခင်ဗိမ္ဗိသာရမင်းကြီး နတ်ရွာ စံပြီးသောအခါ သူသည်ရာဇဂဟပြည့်ရှင် “အဇာတသတ်မင်း”ဟု ဖြစ်လာခဲ့သည်၊၊
အဇာတသတ်ရှင်ဘုရင်သည် အိမ်နီးခြင်းဖြစ်သော ဦးရီးတော် “ကောသလမင်း”၏နိုင်ငံကို အနိုင်သိမ်းပိုက်လိုသည်၊ ထို့ကြောင့် ဦးရီးတော်အားစစ်ကြေငြာပြီး စစ်တိုက်သည်၊ မြို့ငယ်များစွာကို စစ်နိုင်ပြီးသိမ်းပိုက်မိသည်၊၊ ဦးရီးတော်နန်းစိုက်သော ကောသလမြို့တော်ကလွဲလျင် မြို့တော်ကြီးများအားလုံး အဇာတသတ်လက်ထဲသို့ကျရောက်ကုန်သည်၊၊ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဦးရီးတော်ကို စစ်တိုက်နေသော အဇာတသတ်မှာအသက်အရွယ်အားဖြင့် နှစ်ဆယ်မျှမပြည့်သေးသော လုလင်အရွယ်မျှသာရှိသေးသည်၊၊
ကောသလမင်းကြီးသည် တူတော်နှင့်စစ်တိုက်တိုင်းရှုံးနိမ့်သဖြင့် လွန်စွာရှက်ပြီး၊ အစာမစား၊ ရေမသောက်ဘဲ အိပ်ရာတွင်အိပ်၍သာ အသေခံမည်ဟုဆုံးဖြတ်လေသည်၊၊ ကောသလဘုရင်ကြီးသည် အမိနို့နံ့မျှမစင်သေးသော တူတော်အားစစ်ရှုံးရသည်ထက် သေရသည်ကကောင်းသေးသည်ဟု တွက် ဆထားလိုက်သည်၊၊
ကောသလရှင်ဘုရင်ကြီး အစားမစားတော့ဘဲ အိပ်ရာထက်တွင်အသေခံတော့မည့်သတင်းကို ဗုဒ္ဓရှင်တော်သည် သံဃာတော်များမှတဆင့်ကြားသိရသောအခါ အထက်တွင်ဆွေးနွေးတင်ပြခဲ့သော ဓမ္မပဒဂါထာလေးကို မိန့်တော်မူခဲ့ခြင်းဖြစ်သည်၊၊
“ဘ၀တွင်အနိုင်ရလျင် ရန်သူများသည်၊ ရှုံးလျင် စိတ်ဆင်းရဲသည်၊၊ အနိုင်နှင့်အရှုံးကို မတောင့်တသော စိတ်ထားရှိသူများသာ ချမ်းသာရာရသည်၊၊”
ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ မြန်မာစစ်ပွဲကြီးများအကြောင်းကို အသေးစိတ်လေ့လာသောအခါ ထို စစ်ပွဲကြီးများသည် ကြီးမားသောပြဿနာကြီးများမှစသည်မဟုက်ခဲ့ကြဘဲ အသေးအမွှားပြဿနာ လေးများမှ “အမှိုက်ကစ ပြာသာဒ်မီးလောင်”ခဲ့ကြရသည်ကို တွေ့ရသည်၊၊ တစ်ဦးတယောက်၏ အတ္တဗဟိုရ်ပြု၊ အနိုင်ရလိုမှုအောက်တွင် လူများပေါင်းများစွာ ဒုက္ခရောက်ရသည်ကို တွေ့ရသည်၊၊
မိသားစုပြဿနာများတွင်လည်း အကြောင်းပြချက်ကြီးကြီးမားမားများမရှိဘဲ၊ အသေးအမွှားမိသားစုဝင် တစ်ယောက်ယောက်၏ လွှမ်းမိုးလိုမှုကြောင့်ဖြစ်ရသည်ကို သတိပြုမိသည်၊၊ အရာရာတွင်အနိုင်ရလိုစိတ်၊ အသာယူလိုစိတ်သည် မိသားစုဘ၀မငြိမ်းချမ်းမှု၊ အသိုင်းအ၀ိုင်းအဆင်မပြေမှုနှင့်၊ အိမ်ထောင်ရေးမသာယာမှုကို ပေးတတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်၊၊
အနိုင်နှင့် အရှုံးကိုထည့်သွင်းမစဉ်းစားဘဲ အများချမ်းသာဖို့ကို အလေးထားသောလူများများရှိသောပတ်ဝန်းကျင်နှင့် မိသားစုတို့သည် စင်စစ်အေးငြိမ်းချမ်းသာမှုကို ခံစားကြရသည်၊၊ ဤနေရာတွင် ဇာတ်လမ်းတစ်ခုကို အမှတ်ရမိပါသည်၊၊
တစ်ခါက ဂေါသိင်္ဂ=အင်းကြင်းဥယျာဉ်ထဲတွင် အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်းသုံးပါး အတူနေထိုင်ကြသည်၊၊ ထိုဥယျာဉ်သို့ တစ်နေ့သောအခါ ဗုဒ္ဓကြွလာပြီး အရှင်ကိမိလကို မေးသည်၊
“ကိမိလ, ဥယျာဉ်ထဲတွင် သုံးဦးအတူနေရသည်မှာ အဆင်ပြေကြသလား၊ တည့်မတ်ကြရဲ့လား၊”ဟုမေး မြန်းပါသည်၊ အရှင်ကိမိလမှ ဘုရားရှင်အားပြန်လည်ဖြေပုံမှာ စိတ်ဝင်စားဖွယ်ရှိသည်၊၊
“ဗုဒ္ဓအရှင်, တပည့်တော်သည် သုံးဦးအတူနေချိန်တွင် ကိုယ့်ဆန္ဒကိုထက် သူငယ်ချင်းနှစ်ပါး၏ ဆန္ဒကိုသာအမြဲကြည့်ရှုပြီး၊ ချစ်သောမျက်လုံးဖြင့်သာသူငယ်ချင်းများအပေါ်ကြည့်ရှုပြီးနေခဲ့သည့်အတွက် နေရသည်မှာအလွန်အဆင်ပြေပါကြောင်း၊ ငြိမ်းအေးမှုကိုရ ရှိပါကြောင်း”လျောက်ထားသည်၊၊ ချစ်သောမျက်လုံးဟူသည်ကို ပါဠိဝေါဟာရဖြင့် “ပိယစက္ခု”ဟု ခေါ်ပါသည်၊၊
ဗုဒ္ဓရှင်တော်က “ကိမိလ,သင့်အဖြေမှန်လှပေသည်”ဟုချီးမွှန်းပြီ၊ အခြားအရှင်နန္ဒိယနှင့် အရှင်အနုရုဒ္ဓါတို့ကို မေးသောအခါတွင်လည်း အရှင်ကိမိလနည်းတူ ဖြေကြလေသည်၊၊
လူတို့သည် နှစ်ယောက်ရှိလျင် မိမိကအသာလိုချင်သည်၊ မိမိဆန္ဒကိုသာ ဦးစားပေးသည်၊ အလွန်မှားယွင်းသော စိတ်ထားဖြစ်သည်ကို အထက်ပါဇာတ်လမ်းက သာဓကပြုနေပါသည်၊၊ သည်သို့သောစိတ်ထားမျိုးဖြင့် ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်တစ်ခုကို မတည်ဆောက်နိုင်ချေ၊၊ အမှန်မှာ မိမိဆန္ဒထက် သူတစ်ပါးဆန္ဒကိုဦးစားပေးတတ်လျင် ဆက်ဆံရေးအဆင်ပြေပြီး၊ အေးချမ်းသည့် မိသားစုဘ၀နှင့် ပတ်ဝန်းကျင်ကိုရရှိမည် ဖြစ်သည်၊၊
ထိုသို့မဟုက်ပါမူ မိသားစုခြင်း၊ သူငယ်ချင်းခြင်း၊ မိတ်ဆွေခြင်း၊ ချစ်သူခြင်း၊ ဇနီးမောင်နှံခြင်းအမြဲတမ်း တစ်ဦး၏ပျက်စီးမှုကိုတစ်ဦးက ရှေးရှုနေတတ်သည်ကို သတိမူသင့်သည်၊၊ မိမိက သူတပါးဆန္ဒကိုအလေးထားလာသောအခါ သူတစ်ပါးသည်လည်း အလိုအလျောက် မိမိကိုအလေးထားလာမည်ကို အတ္တဗဟိုရ်ပြုသူတို့မေ့လျော့နေသည်၊၊
တစ်ဦးအလိုဆန္ဒကို တစ်ဦးကလိုက်လျောလေးစားကြရာမှ အခြင်းခြင်းလေးစားမှု၊ တန်ဖိုးထားမှု၊ ခင်မင်တွယ်တာမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ဘ၀သည် အေးချမ်းပြီး၊ ငြိမ်းချမ်းသာယာလာရသည်ကို တွေ့ရမည်ဖြစ်သည်၊၊
စာတမ်းတွင်တင်ပြခဲ့သည်များကို အနှစ်ချုပ်လျင် ငြိမ်းချမ်းအေးမြသည့်ဘ၀နှင့် ပတ်ဝန်းကျင်ကိုတည် ဆောက်ရန်အတွက်-
= အနိုင်အရှုံးကို မတပ်မက်သောစိတ်ထား၊
= အနင့်နာခံစိတ်၊
= အခြင်းခြင်းလေးစားစိတ်၊
= သူတစ်ပါး၏ဆန္ဒကို အလေးထားစိတ်၊
= မိမိဘ၀နှင့် ပတ်ဝန်းကျင်ကို အမှန်တကယ် ငြိမ်းအေးစေလိုစိတ်တို့ရှိရန် အထူးလိုအပ်ကြောင်း သုံးသပ်ရပါသည်၊၊
“အလင်းစက်”သို့ စာဖတ်သူများ အေးငြိမ်းသောဘ၀၊ သာယာသောဘ၀နှင့်၊ အေးချမ်းသည့်ပတ်ဝန်းကျင်ကို မိမိကိုယ်တိုင်အကောင်းမြင်စိတ်များ၊ အများအကျိုးကိုလိုလားသည့်စိတ်ထားများဖြင့် တည်ဆောက်နိုင်ကြပါစေကြောင်း၊ စိတ်ဓာတ်အဆင့်မြင့်မြတ်သူများဖြစ်ပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းမေတ္တာပေးအပ်ပါသည်၊၊ ၊၊
မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာနိုင်ငံ၊
(၁၁.၆.၂၀၁၁)
"ဘ၀ကို အလင်းပေးတဲ့ အလင်းစက်"
Wednesday, June 15, 2011
ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း၊၊ ၊၊
Posted by အလင်း စက် at 11:26 AM 0 comments
Saturday, May 28, 2011
ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း၊၊ ၊၊


လူတိုင်းလူတိုင်းသည် အလုပ်ကိုယ်စီကို ပြုလုပ်နေကြသည်၊၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုကိုရရှိသည် ဟုကား မဆိုသာပေ၊၊ ထိုသို့ဖြစ်ရခြင်းတွင် အကြောင်းများစွာရှိမည်ဖြစ်သည်ကို သတိပြုရမည်၊၊
အလုပ်လုပ်သူတိုင်း ကြီးပွားတိုးတက်ကြမည်ဆိုလျင် ဘ၀တွင်ဆင်းရဲတွင်းနစ်နေသူဟူ၍ရှိမည် မဟုတ်ချေ၊၊ လုံးဝပျင်းရိပြီး ထိုင်နေသူပင်လျင် သူနှစ်သက်ရာအလုပ်တစ်ခုတော့ လုပ်နေတတ်သည်ကို တွေ့ရသည်၊၊
သို့သော် အလုပ်လုပ်တိုင်း၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မလာတတ်သည်ကား အံ့သြဖွယ်တစ်ခုပင် ဖြစ်နေသည်၊၊
စာပေနှင့် ထိုထိုပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိများကိုလေ့လာသဖြင့် သိရှိရသောအကြောင်းတစ်ခုမှာ “ရင့်ကျက်မှုမရှိဘဲ အလုပ်လုပ်လျင် အောင်မြင်မှုကို မရရှိနိုင်”ဟူ၍ဖြစ်သည်၊၊ ဖြစ်နိုင်ခြေများစွာရှိသော အဆိုဖြစ်သည်၊၊ အလုပ်လုပ်နေသူတိုင်း ရင့်ကျက်သူများ မဟုတ်ကြသည်ကို သတိပြုမိကြမည် ဖြစ်သည်၊၊
တချို့တချို့လူများသည် အလုပ်ကိုစမ်းတ၀ါးဝါးဖြင့် လုပ်နေကြသည်ကို တွေ့ရသည်၊ ရင့်ကျက်မှုမပါသော ထိုသူတို့၏ အလုပ်များသည်လည်း အောင်မြင်မှုပန်းတိုင်သို့ဦးမတည်၊ ခေါင်းမမော့ဘဲ လွဲချော်မှုများစွာဖြင့် အဆုံးသတ်ကြရသည်၊၊ ထိုအခါစိတ်ပိုင်းဆိုင်ရာ အင်အားများယုတ်လျော့လာပြီး လမ်းလွဲများကိုအသုံးပြုသည့် အခြေအနေသို့ရောက်ရသည်၊၊ ဤသို့ဖြင့် အမှားများစွာကိုပြုလုပ်မိပြီး ရုံးမထွက်နိုင် ဖြစ်ရပြန်သည်၊၊
အလုပ်နှင့် ရင့်ကျက်မှုသည် လူတိုင်းအတွက် အလွန်အရေးပါသော လိုအပ်ချက်ဖြစ်သည်၊၊ “အလုပ်ကို ရင့်ကျက်မှုဖြင့်ပြုလုပ်လျင် လိုချင်သည့်ပန်းတိုင်ကို သေခြာပေါက်ရရှိမည် ဖြစ်သည်၊၊” ပေါ့ပေါ့ရှပ်ရှပ်၊ မှန်းဆပြီးလုပ်ရသောအလုပ်သည် အောင်မြင်မှုပန်းတိုင်သို့ထက် အမှားသို့သာဦးတည်မည် ဖြစ်သည်၊၊
အနှစ်ချုပ်သော် “ရင့်ကျက်မှုဖြင့်လုပ်ငန်းကို အကောင်အထည်ဖော်လျင် အောင်မြင်ပြီး၊ ရင့်ကျက်မှုမရှိဘဲ အလုပ်ကိုသွေးတိုးစမ်းသည့်သဘောဖြင့် အကောင်အထည်ဖော်လျင် ကျရှုံးရမည်ဟူ၍ ဖြစ်သည်၊၊”
လိုအပ်သည့်ရင့်ကျက်မှုမရရှိသေးသော လူတို့သည် အလုပ်ပေါင်းများစွာကို ဟိုဟာအောင်မြင်လိမ့်နိုးနိုး၊ သည်ဟာအောင်မြင်လိမ်နိုးနိုးဖြင့် ဘယ်အရာကိုမှမဆုပ်ကိုင်မိဘဲ စိတ်ဓာတ်ကျ၊ ပျက်စီးသွားသည်များလည်း ရှိသည်၊၊
ရင့်ကျက်တည်ငြိမ်ပြီးသောသူများမှာမူ “အမှန်တကယ် မိမိလိုချင်သည့်အရာကို သေခြာခွဲခြားနားလည်ပြီး၊ ထိုအရာကိုပင် မရမနေကြိုးစားသဖြင့် အောင်မြင်မှုကို ရရှိကြရသည်၊၊” ရင့်ကျက်မှုသည် ပညာသင်ကြားရာတွင် ဖြစ်စေ၊ စီးပွားဥစ္စာရှာဖွေရာတွင် ဖြစ်စေ၊ အိမ်ထောင်ရေးကို စီစဉ်ရာတွင် ဖြစ်စေ၊ နေရာတိုင်းတွင် အရေးပါသည်၊၊
“ရင့်ကျက်မှုကို အရွယ်နှင့်အမျှ ရလာတတ်သည်ဟုလည်းကောင်း၊
ပညာတတ်ဘွဲ့ရ၍ ရလာတတ်သည်ဟုလည်းကောင်း၊
စီးပွားရှိလာပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
နေရာအခြေတကျရှိပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
အတွေ့အကြုံများမှ ရလာတတ်သည်ဟူ၍ လည်းကောင်း၊
ရာထူးအဆင့်ကြီးမှ ရလာတတ်သည်ဟူ၍လည်းကောင်း၊ ဆိုကြသည်၊၊ “
သို့သော် အရွယ်ကြီးသူတိုင်း ရင့်ကျက်သည်မဟုတ်၊ ပညာတတ်သူတိုင်း ရင့်ကျက်မှုရှိသည်မဟုတ်၊ ချမ်းသာသူတိုင်း ရင့်ကျက်သူများမဟုတ်၊ နေရာအခြေကျပြီးသူတိုင်း ရင့်ကျက်သည်မဟုတ်၊ အတွေ့ အကြုံများသူတိုင်း ရင့်ကျက်ကြသည်မဟုတ်၊ ရာထူးကြီးသူတိုင်း ရင့်ကျက်ကြသည် မဟုတ်သည်များကို စာဖတ်သူတို့ သိပြီးပင်ဖြစ်ပါမည်၊၊
မရင့်ကျက်၍ပင် အရွယ်ကြီးကာမှ ဆင်းရဲတွင်းနစ်ရသူများ၊ ပညာတတ်လျက် ကိုယ်ကျင့်တရားမဲ့နေသူများ၊ အခြေတကျနေရာများမှ လက်လွှတ်ရသူများ၊ သင်္ခန်းစာပေါင်းများစွာရထားပြီးလျက် ဆက်တိုက်အမှားကို ကျူးလွန်နေသူများ၊ ရာထူးကြီးကြီးမှနေပြီး မြုပ်ကွယ်သူသွားရသူများကို တွေ့နေရခြင်းဖြစ်သည်၊၊
ထိုသို့သောအကြောင်းများကြောင့်“ရင့်ကျက်မှု”သည် အလွန်အရေးပါကြောင်း ဆိုရခြင်းဖြစ်သည်၊၊ လူတွင် ရင့်ကျက်မှုအခြေခိုင်ပါက အရွယ်ကြီးလျင် လေးစားခံရသည်၊ ပညာတတ်လျင် ဂုဏ်ရှိသည်၊ နေရာအခြေ
ကျလျင် ဘ၀တင့်တယ်သည်၊ အတွေ့အကြုံများလျင် အများအားကိုးမှုခံရသည်၊ ရာထူးကြီးသူဖြစ်လျင် သမာဓိရှိသည်၊ စသည်စသည်များမှာ ရင့်ကျက်မှုစံမှ ပေါက်ဖွားလာရသည်များ ဖြစ်သည်၊၊
ရင့်ကျက်မှုသာ အခြေမခိုင်သူဖြစ်ပါက အရွယ်၊ ပညာ၊ စီးပွား၊ ရာထူးမည်မျှကြီးပွားစေကာမူ တစ်နေ့တွင်အမှန် လျောကျရမည် ဖြစ်သည်၊၊
ကိုအလင်းစက်ရေ “စိတ်ထဲရှိသမျှ ပြောနေတတ်သူများ၊ စိတ်ထင်ရာကို အထင်ရှိတိုင်း ပြုလုပ်တတ်သူများ၊ စကားအရ အကြီးအကျယ်တွေ ပြောနေသည့်တိုင် နောက်ကွယ်ကကြောက်နေတတ်သူများမှာ မရင့်ကျက်
သူများ ဖြစ်တယ်ဗျာ၊၊”ဤစာသားစုလေးမှာ အလင်းစက်၏သူငယ်ချင်း စာပေဒေါက်တာတစ်ဦးမှ မှတ်ချက်ပြုသည့်စာစုဖြစ်သည်၊၊
ရင့်ကျက်မှုသည် လောကစီးပွားရေးနှင့်၊ ဘ၀ရပ်တည်မှုတွင်မှ လိုအပ်သည်မဟုက်၊ လောကုတ္တရာနယ်ပယ် ဖြစ်သော ဓမ္မကိုရှာဖွေရာတွင်လည်း များစွာလိုအပ်ကြောင်း စာပေအထောက်အထားများက ဆိုပါသည်၊၊ ရင့်ကျက်မှုမရသေးဘဲ တရားမည်မျှအားထုတ်သော်လည်း တရားထူးကိုမရရှိနိုင်ကြောင်း “မေဃိယ၀တ္ထု”တွင် လေ့လာရပါသည်၊၊
တနေ့သောအခါ “မေဃိယ”အမည်ခေါ်သော ရဟန်းတစ်ပါးသည် ဗုဒ္ဓရှင်တော်နှင့် ဆွမ်းခံအတူကြွရာမှ သရက်ဥယျာဉ်တစ်ခုကို လမ်းဘေးတွင်တွေ့ရသည်၊၊ သရက်ဥယျာဉ်ဟုဆိုသော်လည်း ပန်းမျိုးစုံဖူးပွင့်နေပြီး၊ ကျေးငှက်တို့၏တေးသံ၊ စမ်းချောင်းလေး၏အေးမြမှု၊ ပန်းအလှကိုခုံမင်သည့် မိန်းမပျိုလေးများ၏ ချိုလွင်သည့်ရယ်မောသံလေးများဖြင့် ဥယျာဉ်ကြီးသည်
အလွန်လှပပြီး၊ သာယာနေသည့်အတွက် မေဃိယရဟန်းသည် ထိုဥယျာဉ်အတွင်းတွင် နေထိုင်ပြီးတရား အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာသည်၊၊
(မူရင်းဇာတ်လမ်းတွင်မူ မေဃိယရဟန်းသည် ထိုသရက်ဥယျာဉ်အတွင်းတွင် ထိုကျေးငှက်၊ ထိုပန်း၊ထိုမိန်း
မလှလေးများနှင့်အတူ ဘ၀ငါးရာတိတိ စမ်းရေအတူသောက်၊ ပန်းကြွေအတူကောက်ပြီး၊ ချစ်ခြင်းဖွဲ့သံစဉ် တေးအလှများကို စပ်ဆိုသီကျူးခဲ့သူဖြစ်ကြောင်း ပြဆိုထားပါသေးသည်၊၊)
မေဃိယရဟန်းတော်လေးကို ဗုဒ္ဓရှင်တော်မှ သရက်ဥယျာဉ်အတွင်း တရားအားမထုတ်ရန် သုံးကြိမ်တိုင်တား မြစ်သော်လည်း နာခံမှုမရှိဘဲ ဥယျာဉ်အတွင်းဝင်ရောက်ပြီး စမ်းချောင်းလေး၏နံဘေးတွင် အချိန်အတန်အသင့်
ကြာသည်အထိ တရားရှုမှတ်အားထုတ်ခဲ့သည်၊၊
တရားရှုမှတ်အားထုတ်နေစဉ်အတွင်း မေဃိယရဟန်းတော်လေး၏စိတ်ထဲတွင် ရာဂစိတ်များ၊ ဒေါသစိတ်များ၊ မောဟစိတ်များ ထကြွသောင်းကြမ်းလာခဲ့ပါသည်၊၊
အရှင်မေဃိယသည် “သရက်ဥယျာဉ်အတွင်း တရားအနည်းငယ်မျှအားထုတ်ရှုမှတ်လိုက်လျင် သူသည်ဧကန်မုချ တရားထူးများကိုရရှိမည်”ဟု မျှော်မှန်းထားသူဖြစ်သည်၊၊ ယ္ခုအခါတရားထူးများကို မရရုံမျှမက ရှိထားပြီး “သမာဓိ”များပါပျောက်ပျက်ပြီး အတွေးဆိုးအတွေးရိုင်းများ ၀င်ရောက်လာသည်ကို တွေ့ခဲ့ရလေသည်၊၊ မေဃိယရဟန်းတော်လေးသည် မိမိကိုယ်မိမိများစွာအံ့သြမှုဖြစ်ပြီး၊ ဗုဒ္ဓရှင်တော်အထံသို့ တစ်ဖန်ပြန်လာခဲ့ရသည်၊၊
အရှင်မေဃိယ၏ ဖြစ်ကြောင်းကုန်စင်ကို သိရှိပြီးဖြစ်သော ဗုဒ္ဓရှင်တော်သည် အရှင်မေဃိယအား “လူသည် ရင့်ကျက်မှုမရှိသေးဘဲ၊ ဘယ်အရာကိုမှ မရရှိ၊ မအောင်မြင်နိုင်၊၊”ဟု ဆုံးစကားပြောကြား၊ သင်ပြပြီး၊ လူသား၏ဘ၀တွင် ရင့်ကျက်မှုသို့ရောက်ရှိနိုင်သည့် အကြောင်းငါးမျိုးကို ညွန်ပြခဲ့ပါသည်၊၊
လူတစ်ယောက်ရင့်ကျက်သူဖြစ်ရန် လိုအပ်သောအကြောင်း (၅)မျိုး၊
(၁) သူငယ်ချင်းကောင်း ရှိခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) စကားတည်တည် တန့်တန့်ပြောဆိုတတ်ခြင်း၊
(၄) လုံလရှိခြင်း၊၊
(၅) ပညာတတ်ခြင်း၊ တို့ဖြစ်ပါသည်၊၊
အထက်ပါ အင်္ဂါငါးရပ်နှင့်ပြည့်စုံလျင် အသက်ငယ်သည် ကြီးသည်၊ ဘွဲ့ဒီဂရီများများရှိသည် မရှိသည်၊ ချမ်းသာသည် ဆင်းရဲသည်၊ နေရာအခြေကျသည် မကျသည်၊ အတွေ့မကြုံများသည် နည်းသည်၊ ရာထူး ကြီးသည် ငယ်သည်၊ မဓာနမဟုတ်တော့ဘဲ စင်စစ်ရင့်ကျက်သူ၊ တည်ကြည်သူ၊ လေးနက်သူဖြစ် လာရပါသည်၊၊ ထိုသူပြုလုပ်သော လုပ်ငန်းသည်လည်း အောင်မြင်တိုးတက် ကြီးပွားရပါသည်၊၊
စာပေအထောက်အထားများ၊ အောင်မြင်တိုးတက်ပြီးသူများ၊ ဘ၀တွင်ကျရှုံးသွားပြီးများစွာတို့၏ သမိုင်းဖြစ် ရပ်အစုံကို လေ့လာကြည့်ခြင်းအားဖြင့် ရင့်ကျက်မှုမရှိသေးသည့် စိတ်ဓာတ်ရေးရာဖြင့် ပညာရေးအောင်ပန်း၊ စီးပွားရေးတက်လမ်း၊ အိမ်ထောင်ရေးသာယာ ပျော်ရွှင်မှုကိုမရရှိနိုင်ကြောင်းထင်ရှားပြီး ဖြစ်ပါသည်၊၊၊၊
ရင့်ကျက်မှုသည် အကျိုးပြီးစီးမှုဟုခေါ်တွင်နိုင်သော အလုပ်အောင်မြင်မှုတွင် မည်မျှအရေးပါသည်ကို စာဖတ်သူ ဤမျှဖြင့်သဘောကျနိုင်ပြီဟု ထင်မြင်မိပါသည်၊၊ စာဖတ်သူများ ရင့်ကျက်မှုဖြင့် သာယာလှပ၊ တိုးတက်သောဘ၀များစွာကို တည်ဆောက်၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်း မေတ္တာပြုရင်း စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊
မေတ္တာဖြင့်-
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
Posted by အလင်း စက် at 4:08 AM 0 comments
Tuesday, May 17, 2011
စေတနာသည် ကံ၊ ကံသည်လည်း စေတနာ၊၊ ၊၊

“ကောင်းမှုရှိသူသည် လက်ရှိဘ၀တွင် ပျော်ရွှင်ကြည်နူးရ၏၊
တမလွန်ဘ၀တွင်လည်း ပျော်ရွှင်ကြည်နူးရ၏၊
‘ငါသည်ကောင်းမှုကို ပြုပြီးပြီဟုတွေး၍ ပျော်ရွှင်ကြည်နူးရ၏၊’
ကောင်းမှုကြောင့် မိမိဘ၀လှပသည်ကို တွေ့ရသောအခါ ပို၍ပို၍ပျော်ရွှင်ကြည်နူးရ၏၊၊”
မဟာသက္ကရာဇ်(၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ဗုဒ္ဓလောင်းလျာဖွားမြင်တော်မူသည်၊ မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာပင် ဘုရားဖြစ်တော်မူသည်၊ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူသည်၊၊ ဤသို့ထူးမြတ်သည့် နေ့ဖြစ်သည့်အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ်ကမ္ဘာ့ကုလသမဂ္ဂမှ တစ်ကမ္ဘာလုံးရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေငြာထားပါသည်၊၊
ယနေ့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်ကမ္ဘာ့နိုင်ငံများစွာတွင် ဗုဒ္ဓဘာသာအထိမ်းအမှတ်ပွဲတော် ကြီးများကို ပျော်ပျော်ပါးပါး၊ စေတနာပါပါ ပြုလုပ်ကြသည့်နေ့ ဖြစ်ပါသည်၊၊ လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀)ကျော်က ယနေ့တွင်ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္တမင်းသားငယ်လေးကို ဖခင်သုဒ္ဓေါဒနမင်းနှင့် မိခင်မာယာဒေ၀ီတို့မှ မီးရှူးသန့်စင်ဖွားမြင်သည့် နေ့မြတ်ဖြစ်သည်၊၊
သိဒ္ဓတ္ထမင်းသားသည် သက်တော်(၂၉)နှစ်တွင် တောထွက်ရဟန်းပြုပြီး၊ ဒုက္ကရစရိယအကျင့်ထူးများနှင့် မဇ္ဈိမပဋိပဒါကျင့်စဉ်များကို ခြောက်နှစ်တိုင်ကျင့်ကြံအားထုတ်၍၊ ယနေ့မှာပင် လောကသုံးပါးတွင် ဘုရားအဖြစ်သို့ ဆိုက်ရောက်ခဲ့သည့်နေ့လည်း ဖြစ်ပါသည်၊၊
တဖန်ယနေ့မှာပင် ဗုဒ္ဓရှင်တော်သည် သက်တော်(၈၀) ၀ါတော်(၄၅)၊ ဗုဒ္ဓဘာသာဟု ယနေ့တွင်အမည်တွင်လာမည့် ဘာသာကြီးတစ်ခုကို အောင်မြင်စွာတည်ထောင်တော်မူအပြီး၊ ဘ၀၏အဆုံးသတ်ပန်းတိုင် မြတ်နိဗ္ဗာန်သို့ဝင်စံတော်မူခဲ့သည့် နေ့မြတ်လည်းဖြစ်ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် ယနေ့တွင်ဖွားမြင်ခဲ့သည်၊ ဘုရားအဖြစ်သို့ရောက်ခဲ့သည်၊ မဟာပရိနိဗ္ဗာန်စံဝင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည်၊၊
ယနေ့တွင် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ဗုဒ္ဓနေ့အခင်းအနားကို နိုင်ငံတော်အခန်းအနားများအဖြစ် ဘုရင်များ၊ သမ္မတများ၊ အစိုးရများကိုယ်တိုင်တက်ရောက် ကျင်းပကြမည်ဖြစ်ပြီး၊ နိုင်ငံသူနိုင်ငံသားများမှလည်း လမ်းဘေးဝဲယာတစ်လျောက်တွင် စတုဒိသာမဏ္ဍပ်များဆောက်ပြီး၊ ထမင်း၊ မုန့်၊ အဖျော် ရေများနှင့်၊ ဗုဒ္ဓနေ့အထိမ်းမှတ်လက်ဆောင်များကို ရွှင်လန်းကြည်ဖြူ ပေးလှူကြသည်များမှာလည်း ကြည်နူးမဆုံးဖွယ် ဖြစ်ရပါသည်၊၊
အရှင်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း ဘုရားပုထိုးကျောင်းကန်များတွင် သီတင်းသီလ ဆောက်တည်သူ၊ အလှူဒါနပြုကြသူ၊ တရားနာကြားသူ၊ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်သူများ၊ သက်ကြီးရွယ်အိုများအား ပြုစုသူများဖြင့် ပြည့်နှက်စည်ကားနေမည်ကို စိတ်မှန်းဖြင့်လွမ်းရမိပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင်လည်း (May-17)ရက်၊ ကဆုန်လပြည့်နေ့ကို ဝေဆပ်ဗုဒ္ဓနေ့အဖြစ် ပွဲတော်ကြီးများကို မြို့ရွာအနှံ့နေရာတိုင်းတွင် ကျင်းပကြပြီး၊ လမ်းဘေးများတစ်လျောက်တွင်လည်း စတုဒိသာ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍၊ ထမင်း၊ အဖျော်၊ မုန့်ပဲသားရေစာနှင့် အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများကို လှူဒါန်းနေကြသည်ကို ကြည်နူးဖွယ်တွေ့မြင်နေရသည်၊၊
ဤနေ့ညတွင် သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓရှင်တော်အား လျပ်စစ်မီးပန်းရောင်စုံ ပန်းချီကား ချပ်ကြီးများဖြင့် သီရိလင်္ကာရူပီး သန်းနှင့်ချီအကုန်အကျခံ၍ လှူဒါန်းပူဇော်ကြမည် ဖြစ်သည်၊၊ ဘာသာ ရေးဆိုင်ရာ ယဉ်ကျေးမှုအတီး၊ အက၊ ဖျော်ဖြေတင်ဆက်မှုမျိုးစုံဖြင့် ဘ၀အမောများကို ဖြေဖျောက်ကြမည့်နေ့ ဖြစ်ပါသည်၊၊
အလင်းစက်အရှင်နှင့်အတူ နောင်တော်၊ ညီတော်(၂၅၀)ကျော်တို့ ပျော်ရွှင်မှီခိုပြီး၊ ယနေ့ခေတ်အ တတ်ပညာရပ်ပေါင်းများစွာနှင့်အတူ၊ ဗုဒ္ဓစာပေများကို အင်္ဂလိပ်ဘာသာဖြင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်သင်ကြားလျက်ရှိကြသော သံဃာတော်အရှင်မြတ်တို့အား၊ သီရိလင်္ကာနိုင်ငံ၊ မကုဋာရာ မမြန်မာကျောင်းတိုက်ကြီးတွင်၊ စေတနာရှင် ဘုန်းကံရှင်များဖြစ်ကြသည့် အမေရီးကားနိုင်ငံ၊ ဆန်ဖရန်စစ်စကိုမြို့တော်မှ ဆရာတော်ဦးသီရိန္ဒနှင့်၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ နေ့ဆွမ်းဆက်ကပ်သည့် မြင်ကွင်းများမှာလည်း ကြည်နူးအားကျဖွယ်အတိ ဖြစ်နေပါသည်၊၊
ဤနေ့ဆွမ်းကို ဆရာတော်ဦးသီရိန္ဒနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ အလင်းစက်အရှင်ထံသို့ Western Union မှ ငွေသားပေးပို့လှူဒါန်းခြင်းဖြစ်ပြီး၊ အလင်းစက်အရှင်နှင့် သူငယ်ချင်းသံဃာတော်များမှ လုပ်အားဝေယျာဝစ္စဒါနအဖြစ်ဖြင့် ချက်ပျုတ်ဆွမ်းဆက်ကပ် လှူဒါန်းကြခြင်းဖြစ်ပါသည်၊၊
မြန်မာလူမျိုးနည်းပါးပြီး၊ မြန်မာထမင်းစစ်စစ်ကို ဘုန်းပေးရန်ခက်ခဲသည့် သီရိလင်္ကာနိုင်ငံတွင် သံဃာ တော်များကိုယ်တိုင်ချက်ပြုပ်၍ ဆွမ်းဒါနပြုကြရသည့်မြင်ကွင်းများကို အလင်းစက်စာဖတ်သူများ ကြည် နူးပီတိဖြစ်စေရန် မှတ်တမ်းဓာတ်ပုံများကို တင်ပြပေးလိုက်ပါသည်၊၊
အလှူရှင်ဖြစ်ကြသည့် ဆရာတော်ဦးသီရိန္ဒနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှာလည်း ဆွမ်းလှူရသောကုသိုလ်စေတနာကြောင့် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်းခြင်း အကျိုးများနှင့်အတူ၊ နိဗ္ဗာန်ချမ်းသာကို ရရှိကြပါစေကြောင်း သံဃာတော်များ၏ကိုယ်စား အလင်းစက် အရှင်မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊
ဝေယျာဝစ္စအလှူရှင် သံဃာတော်များနှင့် ကြွရောက်ပြီး ဆွမ်းဒါနကို ချီးမြှောက်ကြသည့် သံဃာတော်များမှာလည်း အလိုရှိသည့်အတတ်ပညာပန်းတိုင်များသို့ ယနေ့လှူဒါန်းသည့် ဆွမ်းကိုဘုန်းပေးပြီး ရရှိကြပါစေကြောင်း အလှူရှင်များ၏ကိုယ်စား ဘုရားတပည့်တော်မှ ဆုတောင်းပေးရပါသည်၊၊
မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
Posted by အလင်း စက် at 1:16 AM 0 comments
Sunday, May 8, 2011
လောကဓံနှင့် လူသား၊၊ ၊၊


စာပေတွင် “လောကဓံ”ရှိ၍သာ “လူသား”သည် ဖြစ်ပေါ်လာရကြောင်း တင်ပြထားသကဲ့သို့၊ လူသားရှိ၍သာ လောကဓံများ ပေါ်ပေါက်လာရသည်ဟုလည်း ဆိုပြန်သည်၊၊ မည်သို့ဆိုစေ လူသားနှင့်လောကဓံသည် အဆက်အစပ်တစ်ခု ဖြစ်လေသည်၊၊
လောကဓံနှင့်ကင်းသော လူသားဟူ၍ဖြစ်စေ၊ လူသားနှင့်ကင်းသော လောကဓံဟူ၍ဖြစ်စေ ရှိနိုင်မည် မဟုက်ချေ၊၊ နေ၏အလင်းရောင်အောက်တွင် အရိပ်တစ်စုံတရာကို မြင်တွေ့ရသည်မှာ ထိုအရိပ်၏
အထည်ဒြပ်တည်ရှိနေ၍သာဖြစ်ကြောင်း ထင်ရှားသည်၊၊
လောကဓံနှင့် လူသားသည်လည်း နေရောင်တွင်ဖြစ်ပေါ်သော အရိပ်နှင့်ဒြပ်ပမာဖြစ်သည်၊၊ ဒြပ်မရှိဘဲ အရိပ်မပေါ်နိုင်သကဲ့သို့ အရိပ်ပေါ်နေခြင်းသည် အထည်ဒြပ်တည်ရှိနေခြင်းကြောင့် ဖြစ်ရသည်၊၊
နေရောင်၏အောက်တွင် အရိပ်ထင်ရာ၌ ဒြပ်ရှိ၍၊ ဒြပ်ရှိခြင်းကြောင့်အရိပ်ထင်ရသည်ဟု ပုံသေမမှတ်ယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် နေရောင်မရှိဘဲလည်း ဒြပ်မှအရိပ်ကို မရရှိနိုင်သောကြောင့် ဖြစ်သည်၊၊
ဤသို့ဆိုသော် နေရောင်၊ ဒြပ်၊ အရိပ်တို့သည် “အညမည”သဘောအားဖြင့် ဆက်စပ်နေသည့် အရည်အသွေး များ ဖြစ်ကြလေသည်၊၊ လူသားဟူ၍ ကမ္ဘာလောကအတွင်း ဖြစ်ပေါ်လာသောကြောင့် လောကဓံဟူသည့် အရိပ် ထင်ပေါ်လာရသည်၊၊
သို့သော် လူသားပေါ်ပေါက်မှုသက်သက်ဖြင့်လည်း လောကဓံသည် ဖြစ်ပေါ်ရောက်ရှိမလာတတ်ပြန်၊ လောကဓံများ လူသားထံသို့ရောက်လာစေရန် ထူးခြားသည့်လူသား၏ အပြုအမူများလည်း လိုအပ် လာပြန်သည်၊၊
ဤအပြုအမူများအပေါ်တည်မှီ၍ အကောင်းနှင့်အဆိုးလောကဓံများ လူသားထံရောက်ရှိလာသည်ကို သဘာဝသက်သေများက ဖော်ညွှန်းလျက်ရှိလေသည်၊၊ လူသားတို့၏ ဘ၀တစ်သက်တာတွင် မလွဲမသွေကြုံ တွေ့ရမည့် “လောကဓံရှစ်မျိုး”ကို စာပေတွင်ဖော်ပြထားသည်၊၊
လောကဓံအကြောင်းကို လူတိုင်းပါးစပ်ဖျားတွင် နေစဉ်လိုလိုပြောတတ်ကြသည်၊၊ လောကဓံရှစ်မျိုးကို မည်သူက ဖော်ထုတ်ပြသခဲ့သည်၊ မည်သည့်ကျမ်းတွင် အသေးစိတ်လေ့လာရရှိနိုင်သည်ကို သိသူနည်းပါးမည်ဟု ထင်မိပါသည်၊၊
လောကဓံကို စာလုံးဖြင့်ရေးသားသည့်အခါ “လောကဓမ်”ဟုဖြစ်စေ၊ “လောကဓံ”ဟုဖြစ်စေ ရေးသားနိုင်
ပါသည်၊၊ “လောကဒဏ်”ဟု မရေးသားနိုင်ပါ၊၊ အကြောင်းမှာ “လောကဓံ”စကားလုံးသည် “လောကဓမ္မ”
ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာသည့် ပါဠိသက်မြန်မာ စကားလုံးဖြစ်သောကြောင့် ဖြစ်ပါသည်၊၊
“လောကဒဏ်”ဆိုသည်မှာ လောကကြီးက လူသားတို့ကိုပေးသော ပြစ်ဒဏ်များဖြစ်သည်ဟု ရေးသားထားသော စာအုပ်နှင့်အရေးအသားများကိုလည်း တွေ့ရဘူးပါသည်၊၊ လုံးဝမှားယွင်းသည့် အရေးအသား ဖြစ်ပါသည်၊၊ ဤသို့ရေးသားခြင်းမှာ မူလ “လောကဓံ”ဝေါဟာရကို “လောကဒဏ်”ဟု မှားယွင်းရေးသားရာက ဖြစ်လောက်မည်ထင်သည့် အနက်အဓိပ္ပါယ်ကို ရေးသားလိုက်ရာက စာပေ အမှားတစ်ခုကို ကျူးလွန်လိုက်မိခြင်းဖြစ်တန်သည်၊၊
လောကဓံရှစ်မျိုးကို ဗုဒ္ဓရှင်တော်သည် ပထမလောကဓမ္မသုတ်၊ ဒုတိယလောကဓမ္မသုတ်ဟု သုတ်နှစ်မျိုးခွဲခြား၍၊ အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင် အသေးစိတ်သင်ကြား၊ ဟောပြောထားပါသည်၊၊ လောကဓံရှစ်မျိုးကို သာဓကပုံပြင်များစွာဖြင့် သင်ပြထားသည့် အခြားပါဠိစာပေများစွာလည်း ရှိပါသေးသည်၊၊
လောကဓမ္မ=လောကဓံဟူသည်မှာ လောကတွင်ဖြစ်ပေါ်လေ့ရှိသည့် အခြေအနေရှစ်မျိုး၊ လောကတွင် ကြုံတွေ့ရမည့် အခြေအနေရှစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ဆို ရပါမည်၊၊ လောကထဲတွင် လူသားဟူ၍ မွေးဖွားလာသူတိုင်း လောကဓံရှစ်မျိုးလုံးကိုဖြစ်စေ၊ တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ၊ ဧကန်ကြုံတွေ့ရမည် ဖြစ်ပါသည်၊၊
လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံက အကောင်း၊ မည်သည့်လောကဓံကအဆိုးဟူ၍ ပုံသေ
သတ်မှတ်၍ မရနိုင်ပါ၊၊ လူသား၏ လောကဓံကိုခံယူပုံစိတ်အခြေအနေပေါ်တွင်မူတည်၍ လောကဓံအဆိုးနှင့် အကောင်းဟူ၍ ဖြစ်ပေါ်လာရသည်၊၊
လောကဓမ္မ=လောကဓံရှစ်မျိုး-
(၁) ရရှိမှု၊
(၂) မရရှိမှု၊
(၃) အသိုင်းအ၀ိုင်းရှိမှု၊
(၄) အထီးကျန်ဆန်မှု၊
(၅) ချီးမွှန်းခံရမှု၊
(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊
(၇) ချမ်းသာမှု၊
(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊
“ရရှိမှု”
ရရှိမှုဟုဆိုရာတွင် လူသား၏ဘ၀တွင် လိုချင်သည်များ၊ လိုအပ်သည်များ အလွယ်တကူ ရှာဖွေရရှိမှုကို ဆိုလိုပါသည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်မှုဘ၀ သာယာစိုပြေရေးတို့ ပါဝင်ပါသည်၊၊
“မရရှိမှု”
ရရှိမှု၏ဆန့်ကျင်ဘက်သည် မရရှိမှုဖြစ်ပါသည်၊၊ လူတို့၏ဘ၀တွင် လိုအပ်သည်များ လိုချင်သည်များမှာ တခါတရံအလွယ်တကူ ရှာဖွေမရရှိသည့်အခါများလည်း ရှိနေတတ်ပါသည်၊၊ စီးပွားဥစ္စာနှင့်၊ကျန်းမာရေး၊ ပညာရေး၊အိမ်ထောင်မှုဘ၀သာယာစိုပြေရေးတို့ပင် ဖြစ်ပါသည်၊၊
ဤသို့ဖြစ်ရသည်မှာ လောကကြီးဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်ဒဏ်ပေးသည်မဟုက်ဘဲ၊ လောကအတွင်း ဖြစ်လေ့ရှိသည့်အခြေအနေတစ်ရပ်အနေဖြင့် မှတ်ယူရမည်ဖြစ်ပါသည်၊၊
“အသိုင်းအ၀ိုင်းရရှိမှု”
ချစ်သူ၊ ခင်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ရယ်မော နေထိုင်ခွင့်ရသည်ကို အသိုင်းအ၀ိုင်းရရှိမှု လောကဓံဟု ခေါ်ပါသည်၊၊ ဤသို့အသိုင်းဝိုင်းကောင်းကို ရရှိသည့်အတွက် ကူညီသူ၊ အားပေးသူ၊ ချစ်ခင်ယုသူ၊ ထောက်ပံ့ဖေးမသူများသဖြင့် ဘ၀သည် ချမ်းမြေ့ဖွယ် သာယာစိုပြေရတော့သည်၊၊
ထနောင်းပင်ရိပ်တွင် ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် ခဲစားနေရသည့်တိုင် ချစ်သူ၊ ခင်သူ၊ မိတ်တွေ၊ သူငယ်ချင်းများနှင့် ထွေထွေလီလီ အနှီနှီဖြင့်စကားဖောင်ဖွဲ့ရင်း စားသောက်ရဖြင့် နတ်ဘုံနတ်နန်းတမျှ သာယာပျော်ရွှင်ရတတ်သည်ကို သိရသည်၊၊
လူသားသည် ပင်လယ်နှင့် ကန္တာရများတွင် ဖြစ်ပေါ်လေ့ရှိသော ကျွမ်းတစ်ခု မဟုက်ကြောင်း Man is not Island.ဟု ပညာရှင်တို့ဆိုခဲ့ကြသည်၊၊ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ခုနှစ်ထောင်ကျော်မျှရှိနေသော်လည်း၊ မိမိနှင့် အတွေးအခေါ်တူသူ၊ နှစ်သက်မှုတူသူ၊ ရည်ရွယ်ချက်တူသူ၊ မိမိကိုနှစ်သက်သူ၊ မိမိကနှစ်သက်သူမရှိသည်ကို အသိုင်းအ၀ိုင်းမရှိမှုလောကဓံဟု ခေါ်ရပါသည်၊၊
ဤအခြေအနေတွင် လူသားသည်အ၀ိုင်းအ၀ိုင်းကို ရှာဖွေမရရှိတော့ဘဲ ဖြစ်ရတော့သည်၊၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ ခင်သူမှကင်းဆိတ်သည့်ဘ၀တွင် ပြင်းရိ၊ငြီးငွေ့ဖွယ်ရပ်တည်ရတော့သည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေးအဆင်ပြေသည့်တိုင် မိတ်ဆွေအသိုင်းအ၀ိုင်း၊ ချစ်သူ၊ ခင်သူ၊ ခံစားချက်ကို မျှဝေမည့်သူမရှိဘဲ ရပ်တည်ရသည့် အခြေအနေတွင် ဘ၀သည်သာယာဖွယ် မဖြစ်တော့ပေ၊၊
အသိုင်းအ၀ိုင်းမရှိမှုလောကဓံကို ရင်ဆိုင်ရပြီဆိုလျင် လူသားသည် ရွှေဘုံပေါ်တွင် ရွှေအသီးများကို စားသုံး နေရသည့်တိုင် အရသာကိုရှာဖွေတွေ့ရှိလိမ့်မည် မဟုက်ပါချေ၊၊
“ပြစ်တင်ဝေဖန်ခံရမှု”
လူသားသည် ရပ်တည်မှုတစ်ခုအတွက် ဥစ္စာပစ္စည်းကို ရှာဖွေရသည်၊၊ အတတ်ပညာကို သင်ယူရသည်၊ ကျန်းမာရေးကို ဆောက်တည်ရသည်၊ အိမ်ထောင်မှုဘ၀ကို ထူထောင်ရသည်၊၊ ဤဆောင်ရွက်ချက်များမှာ စကားလုံးဝေါဟာရအားဖြင့် မများလှသော်လည်း လက်တွေ့အကောင် အထည်ဖော်ရာတွင် လွယ်ကူသောတာဝန်များ မဟုက်ချေ၊၊
မိမိဘ၀ရပ်တည်မှုအတွက် မိမိကြိုးစားနေစဉ်အတွင်း လူသားသည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်၊ ကဲ့ရဲ့မှုများကို မရှောင်မလွှဲသာ တွေ့ကြုံကြရသည်၊၊ ပြစ်တင်မှုဝေဖန်ခံရမှုလောကဓံဟု စာပေကဆိုပါသည်၊၊ “လောကတွင် ကဲ့ရဲ့ပြစ်တင်ဝေဖန်ခံရမှုမှ လွတ်သူမရှိ”ကြောင်း ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဆုံးမထားပါသည်၊၊
များစွာသောလူတို့သည် အခြားသူ၏အပြစ်ကို အချိန်ယူ၍ မြိန်ရေ ယှက်ရေပြောဆို နေတတ်ကြသည်မှာ ထူးဆန်းသည့် လုပ်ရပ်ဖြစ်သည်၊၊ ကဲ့ဝေဖန်ခံရသူသည် မိမိမှာ တကယ်အပြစ်ပြောဖွယ်ရှိနေပါက ပြုပြင်သင့်ပြီး၊ အကယ်၍ အမှားတစ်စုံတရာမရှိက မိမိကိုအများက စိတ်ဝင်တစားရှိ၍သာ သူတို့၏ တန်ဖိုးရှိသော အချိန်များထဲမှ အချိန်တစ်ခုကိုယူ၍ မိမိအကြောင်းကို ပြောဆိုနေကြသည်ဟု ၀မ်းမြောက်သင့်လှသည်၊၊
လူတို့၏သဘာဝမှာ သူတို့အလေးမထားသော၊ စိတ်မ၀င်စားသောအကြောင်းအရာကို အချိန်ယူပြော ဆိုတတ်သည့် သဘာဝမရှိကြရကား၊ မိမိအကြောင်းကို အဆိုးဘက်မှဖြစ်စေကာမူ ပြောဆိုနေဦးတော့ မိမိသည်လူအများ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရရှိနေပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊
“ထင်ရှားသူတိုင်း၊ ပေါ်လွင်သူတိုင်း၊ နာမည်ရသူတိုင်း၊ အောင်မြင်သူတိုင်း၊ ချမ်းသာသူတိုင်းသည် အများ၏ပါးစပ်ဖျား၊ အသဲနှလုံးကြားတွင် အဆိုးဘက်မှရော အကောင်းဘက်မှပါ ပြောဆို၍အရသာရှိဖွယ် ကိတ်မုန့်တစ်လုံးဖြစ်နေသည်ကို ဂုဏ်ယူရမည်”ဟု ဒေးကာနယ်ဂီ၏ မိတ္တဗလဋီကာတွင် ဖော်ပြထားသည်၊၊
သို့သော်“မိမိမှာ တကယ်အမှားရှိ၍ ပြစ်တင်ပြောဆိုလာလျင်မူကား ထိုသူကိုရွှေးအိုးကို ဖော်ဆောင်ပေးသော သူကဲ့သို့သဘောထားပြီး ဆရာတင်ရမည်”ဟု ဗုဒ္ဓရှင်တော်က ညွန်ကြားပါသည်၊၊
“ချီးမွှန်းထောပနာပြုခံရမှု”
လူသည် မိမိ၏ရပ်တည်မှုအလုပ်ကို ပုံမှန်လုပ်နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အလိုမကျသည့် အခါတွင် ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး၊ သဘောတွေ့သည့်အခါတွင်လည်း ချီးမွှန်းပြောဆိုတတ်ကြ ပြန်သည်၊၊ ဤသည်ကို ချီးမွန်းခံရမှုလောကဓံဟု ခေါ်ပါသည်၊၊ အမှန်မှာ မိမိကိုယ်တိုင်သည် ပတ်ဝန်းကျင်၏ ချီးမွှန်းမှု၊ ကဲ့ရဲ့မှုကိုလက်ခံရယူရန်တမင် ပြုလုပ်နေသည်မဟုက်သည်ကို သိရှိပြီးဖြစ်သည်၊၊
ထို့ကြောင့် လူသားသည် မိမိကိုပတ်ဝန်းကျင်က ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ၊ သတိထား ဆင်ခြင်သင့်သည်ကလွဲပြီး များစွာအာရုံပြု၊ ဂရုထားနေရင် မလိုအပ်ချေ၊၊ ဗုဒ္ဓနှင့် အခြားသောနိုင်ငံအာ ဇာနည်များစွာတို့မှာ လူသားတစ်ရပ်လုံးအတွက် အနင့်နာခံ ကောင်းကျိုးပြုကြသူများဖြစ်သည်ကို သိရှိကြသည်၊၊ သို့သော် အပြစ်မြင်စိတ်အားကြီးသောသူများမှာ အလွတ်ပေးသည်မရှိဘဲ အပြစ်ဆိုကြသေးသည်ကို တွေ့ရမည်ဖြစ်သည်၊၊
ထို့ကြောင့် ပြစ်တင်ဝေဖန်မှုလောကဓံကိုခံရသည့်အခါ စာဖတ်သူအနေဖြင့် လောက၏သဘာဝတစ်ခု အနေဖြင့်သာ လက်ခံသင့်ပြီး၊ များစွာမတုန်လှုပ်သင့်ပေ၊၊ မင်္ဂလသုတ်တွင် “လောကဓံရှစ်မျိုးကြောင့် မတုန်၊ မလှုပ်နေနိုင်ခြင်းကို မင်္ဂလာတစ်ခု၊ ကောင်းခြင်းတစ်ခု”ဟု ဆိုထားပါသည်၊၊ ဆိုလိုသည်မှာ လောကဓံကို ရင်ဆိုင်ရဲခြင်းကို မင်္ဂလာဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊ စာရေးသူအနေဖြင့်မူ “လောကဓံကို ရင်ဆိုင်ရဲခြင်း၊ ကြုံတွေ့လာရသမျှလောကဓံများကြောင့် မတုန်၊ မလှုပ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းကို သတ္တိရှိခြင်း”ဟု မြင်မိပါသည်၊၊
“ချမ်းသာမှု”
လူ့လောကတွင် ချမ်းသာမှုပုံစံ (၄)မျိုးရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊ ချမ်းသာမှုသည်လည်း လောကတွင်ကြုံရတတ်သည့် လောကဓံတစ်ခုမျှသာ ဖြစ်သည်၊၊ အခြားလောကဓံများနှင့် မကွာခြားသည့် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်၊၊
(၁) ဥစ္စာပစ္စည်းရှိ၍ ချမ်းသာမှု၊
(၂) အသုံးပြုခွင့်ရသဖြင့် ချမ်းသာမှု၊
(၃) အကြွေးကင်းသဖြင့် ချမ်းသာမှု၊
(၄) ဘ၀တွင်အပြစ်ကင်းသဖြင့် ချမ်းသာမှုတို့ ဖြစ်သည်၊၊
“ဆင်းရဲမှု”
လောကဓံရှစ်မျိုးတွင် နောက်ဆုံးဖော်ပြထားသည့် လောကဓံသည် “ဆင်းရဲမှုလောကဓံ”ဖြစ်သည်၊၊ ဤလောကဓံကို အဆိုးဝါးဆုံးလောကဓံဖြစ်သဖြင့် နောက်ဆုံးမှဖော်ပြသည်ဟု မမှတ်ယူနိုင်ချေ၊၊
ဆင်းရဲမှုလောကဓံသည်လည်း အခြားလောကဓံများနည်းတူ လောကတွင်တွေ့ကြုံရတတ်သည့် အခြေ
အနေတစ်ခုမျှ ဖြစ်သည်၊ ထို့ထက်ဘာမျှ ထူးခြားသည်မဟုက်ပါ၊၊
လောကဓံရှစ်မျိုးကို သရုပ်အားဖြင့်တင်ပြခဲ့ပြီ ဖြစ်ပါသည်၊၊ ယ္ခုအခါ လောကဓံများပေါ် သဘောထားပုံများကို တင်ပြမည်ဖြစ်ပါသည်၊၊ လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံသည် အဆိုးဖြစ်သည်ဟု ပုံသေမမှတ်ရကြောင်းအထက်တွင် ဖော်ပြခဲ့ပြီဖြစ်သည်၊၊
မှန်သည်၊၊ လူသား၏ စိတ်ထားအပေါ်တွင်မူတည်၍ လောကဓံ၏ဖိအားသည် သက်ရောက်ပါသည်၊ ဆိုလိုသည်မှာ လောကဓံရှစ်မျိုးကို ဘာသာများစွာ၏ ဘုရားများစွာနှင့်အတူ၊ ဘုရင်များရော၊ အစိုးရများ၊ လူများ၊ ဘာသာအသီးသီးမှ သံဃာများပါ မလွဲမသွေတွေ့ကြုံကြရသည်၊၊
မိမိသည်စိတ်စွမ်းအား ပျော့ညံ့သူဖြစ်လျင် လောကဓံ၏ဖိအားသည် မိမိအပေါ်များစွာ သက်ရောက်တတ်ပြီး၊ မိမိကအင်အားရှိသူ၊ စိတ်စွမ်းအားရှိသူ၊ သတ္တိနှင့်ပြည့်စုံသူဖြစ်လျင် လောကဓံသည် တစ်စုံတရာဖိအားကို ပေးနိုင်မည်မဟုက်ကြောင်း မှတ်ယူရမည်၊၊
လောကဓံများတွင် သာယာဖွယ်လောကဓံနှင့် မနှစ်မြို့ဖွယ်လောကဓံနှစ်မျိုးရောနေသည်ကို သတိပြုမိမည် ဖြစ်သည်၊၊ သတိပြုဖွယ်အနေဖြင့် သာယာဖွယ်လောကဓံကို သာယာလွန်းသူ၊ မနှစ်မြို့ဖွယ်လောကဓံကို မုန်းတီးလွန်းသူများသည် စိတ်အားသတ္တိနည်းသူများဖြစ်ပြီး၊ သေခြာပေါက် ထိုသူများကို လောကဓံက နင်းခြေတတ်သည်ကို သတိပြုရပါမည်၊၊
မိမိထံရောက်ရှိလာသည့် သာယာဖွယ်လောကဓံကိုဖြစ်စေ၊ မနှစ်မြို့ဖွယ်လောကဓံကိုဖြစ်စေ စိတ်ဓာတ် ခိုင်ခိုင်၊ တည်ကြည်စွာဖြင့် ထိမ်းမတ်တတ်သူကို လောကဓံများက ဖိစီးနှိပ်စက်ကလူ မပြုနိုင်သည်ကို စာပေသာဓက၊ လက်တွေ့ဘ၀သာဓကများစွာတွင် တွေ့ရှိနိုင်သည်၊၊ ပညာရှိတို့ကမူ “လောကဓံဟူသည် လူသားကို ရွှေစစ် မစစ်ပေတင်သကဲ့သို့၊ လူသား၏စိတ်ဓာတ်မည်မျှ ခိုင်မာသည်ကို စမ်းသတ်သည့်၊ စစ်ဆေးသည့်မှတ်ကျောက်” များအဖြစ် ရေးသားကြသည်၊၊
“ရွှေစစ်လျင် ပေတင်ခံနိုင်သည်၊ ရွှေမစစ်လျင် ပေပေါ်တွင် ကွဲရသည်၊၊ စိတ်ဓာတ်သတ္တိအားမကောင်းလျင် လောကဓံနှင့်တွေ့သောအခါ ကွဲသည်၊ စိတ်ဓာတ်သတ္တိအားကောင်းလျင် လောကဓံများကလူသားကို ပို၍ထူးချွန်ပြောင်မြောက်အောင် မြေတောင်မြှောက်ပေးသည်”ဟု အဆုံးစွန်ဆိုလိုပါသည်၊၊
“လောကဓံနှင့်လူသား” ခေါင်းစဉ်ဖြင့် အရှင်၏တင်ပြဆွေးနွေးချက် ဤတွင်ပြည့်စုံပြီဟု ယူဆပါသည်၊၊ လောကဓံ၏ စမ်းသတ်မှုအောက်တွင် ထူးချွန်သူများ၊ ပို၍ပို၍တောက်ပြောင်သူများ၊ ကြီးပွားတိုးတက်သူများ၊ သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ရရှိသူများ ဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းလိုက် ပါသည်၊၊ ၊၊
မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ၊
(၈.၅.၂၀၁၁)
Posted by အလင်း စက် at 6:39 AM 1 comments
Thursday, April 21, 2011
ထေရ၀ါဒ+မဟာယာနတို့ကို သမိုင်းအမြင်ဖြင့် လေ့လာသုံးသပ်ခြင်း၊၊ ၊၊


ဗုဒ္ဓသာသနာတော် အစဦးပိုင်းက “ထေရ၀ါဒနှင့် မဟာယာန”ဟူ၍ မရှိခဲ့ပေ၊၊ ဗုဒ္ဓရှင်တော်၏ သင်ပြ၊ ဟောပြောချက်များကို “ဓမ္မ”နှင့်၊ “၀ိနယ”ဟူ၍သာ ခေါ်တွင်ခဲ့လေသည်၊၊
“ဓမ္မ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ လောကအပေါ်ရှုမြင်သုံးသပ်၊ ယူဆချက်များဖြစ်ပြီး၊ “၀ိနယ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ အယူအဆနှင့် ဟောပြော၊ သင်ပြချက်များကို ယုံကြည်လက်ခံ၍၊ ဗုဒ္ဓဘာသာဝင်အဖြစ် ၀န်ခံသူများအတွက်လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်သည် “ဓမ္မ”ဖြင့် သူ၏လောကအပေါ် ရှုမြင်သုံးသပ်ပုံ၊ အယူအဆကိုတင်ပြခဲ့ပြီး၊ ဗုဒ္ဓဘာသာဟု အမည်ခေါ်ဆိုနိုင်သော ဘာသာကြီးတစ်ခုကို တည်ထောင်ခဲ့ပါသည်၊၊ “၀ိနယ”ဖြင့် သူ၏ဘာ သာဝင်တို့လိုက်နာရမည့် ဥပဒေများကို ညွှန်ပြထားပါသည်၊၊
ဗုဒ္ဓရှင်တော် တည်ထောင်သော ဗုဒ္ဓဘာသာသည် အောင်မြင်သည်ဟု သုံးသပ်ရပါမည်၊ အဘယ့်ကြောင့်ဆို သော် အိန္ဒိယတိုက်ကြီးအတွင်းရှိ၊ တိုင်းနိုင်ငံအများစုက ဗုဒ္ဓဘာသာကို နှစ်သက်၊ သဘောကျ၊ ယုံကြည်၊ လက်ခံကြသည့်အပြင်၊ ရှေးရိုးစွဲအယူအဆဟောင်းများစွာကိုလည်းပယ်ဖျက်ကာ “ဗုဒ္ဓ ဘာသာ”အမည်ခံလာသောကြောင့် ဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်ကို(B.C.563)တွင် သာမန်လူသားကလေးငယ်အဖြစ် ဖွားမြင်ခဲ့ပြီး၊ သူသည် သာမန်လူ သားအဖြစ်ဖြင့် (၇)နှစ်ခန့်၊ ကျင့်ကြံအားထုတ်ပြီး၊ (B.C.528 century)တွင် ဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် သက်တော်(၃၅)နှစ်တွင် လူသားဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ သက်တော် (၈၀)၊ (B.C.583 century)တွင် လူသားတို့ထုံးစံအတိုင်း ဘ၀ကို အဆုံးသတ်ခဲ့ရပါသည်၊၊
ဗုဒ္ဓရှင်တော် သက်ရှိထင်ရှား (၄၅)နှစ် အချိန်အတွင်း ဒေသအမျိုးမျိုး၊ လူမျိုးမျိုးအသီးသီးသို့ အကြောင်းအရာအလိုက် ဟောပြော၊ သင်ပြ၊ လမ်းညွှန်ခဲ့သမျှကို ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကတ်သုံးပုံ ပါဠိစာပေဟု ခေါ်တွင်ပါသည်၊၊
“ပထမသင်္ဂါယနာ”
(5th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ (၃)လ၊ (၄)ရက်လွန်သောအခါ၊ အကြောင်းအရာအမျိုး မျိုး၊ ခေါင်းစဉ်အသီးသီး ကွဲပြားလျက်ရှိသော ဗုဒ္ဓ၏သင်ကြားချက်များကို အမျိုးတူညီရာစုစည်း၍၊ ဟောပြောချက်များကိုစုစည်းမှု အစည်းအဝေးကြီးကို ဗုဒ္ဓ၏တပည့်ကြီးများ(၅၀၀)စည်းဝေး၍၊ အတည်ပြု၊ သတ်မှတ်ခဲ့ကြပါသည်၊၊
ဤကဲ့သို့သော စည်းဝေးပွဲမျိုးကို ပါဠိအမည်အားဖြင့် “သင်္ဂါယနာတင်ပွဲ”ဟု ခေါ်ဆိုကြပါသည်၊၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ ပထမဆုံးအကြိမ် ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပါဠိစာပေကျွမ်းကျင်သည့် သံဃာတော်များ ပြင်ဆင်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အတည်ပြု၊ ရွတ်ဆိုသောကြောင့် “ပထမသင်္ဂါယနာ”ဟု ပါဠိစာပေနှင့် ဗုဒ္ဓဘာသာသမိုင်းတွင် လေ့လာရပါသည်၊၊
ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် သဘောထားမတိုက်ဆိုင်သည့် အရှင်ပုရာဏဦးဆောင်သည့် သံဃာ တော်(၅၀၀)ခန့်ရှိခဲ့သော်လည်း သီးခြားဂိုဏ်းခွဲ၍၊ သင်္ဂါယနာတင်မှုမျိုး မရှိခဲ့ကြောင်းတွေ့ရသည်၊၊ ပထမသင်္ဂါ ယနာတွင် ဗုဒ္ဓစာပေတစ်ရပ်လုံးကို ဓမ္မနှင့်၊ ၀ိနယဟူ၍သာ အပိုင်းနှစ်မျိုးခွဲ၍၊ သတ်မှတ်အတည်ပြုခဲ့ကြပြီး၊ “တိပိဋက=ပိဋကတ်သုံးပုံ”ဟူ၍ မခွဲခြားခဲ့သေးကြောင်း သိရပါသည်၊၊
ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် အရှင်အာနန္ဒာသည် ဓမ္မနှင့်ပတ်သတ်၍ အဓိကဆွေးနွေး၊ တင်ပြ သူဖြစ်ပြီး၊ အရှင်ဥပါလိသည် ၀ိနယနှင့်ဆက်စပ်၍ ဆွေးနွေး၊ တင်ပြသူဖြစ်သည်၊၊ အရှင်မဟာကဿပသည် စည်းဝေးပွဲကြီး၏ သဘာပတိဖြစ်ခဲ့ပါသည်၊၊
အရှင်နှစ်ပါး၏ ဆွေးနွေးတင်ပြချက်များကို သဘာပတိဖြစ်သူ အရှင်မဟာကဿပက စစ်ဆေးအတည်ပြုပြီး၊ အစည်းဝေးသို့တက်ရောက်ကြသည့် သံဃာတော်တို့က သဘောတူကြောင်း “သာဒု”ခေါ်ခဲ့ကြပါသည်၊၊ ပထမသင်္ဂါယနာစည်းဝေး ဆုံးဖြတ်ချက်များအဖြစ် ဆုံးဖြတ်ချက်သုံးမျိုးကို အဓိကအနေ အားဖြင့် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်၊၊
(၁) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေအတွင်းသို့ အသစ်ထပ်မံ မထည့်ရန်၊၊
(၂) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေမှအတွင်းမှ တစ်စုံတစ်ရာကို မနှုတ်ပယ်ရန်၊၊
(၃) ပထမသင်္ဂါယနာတွင် အတည်ပြုထားသည့်အတိုင်း အစဉ်အဆက်လိုက်နာ ကျင့်သုံးကြရန်၊ တို့ ဖြစ်ပါသည်၊၊
ပထမသင်္ဂါယနာ စည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်ရခြင်း၏အကြောင်းကို တောထွက်ရဟန်းအိုကြီး “သုဘဒ္ဒ”၏စကားများကြောင့်ဟု အချို့ကဆိုသော်လည်း၊ လုံးဝပြည့်စုံသည့်အကြောင်းပြချက် မဟုက်ကြောင်း ပါဠိစာပေပညာရှင်တို့ ဆိုပါသည်၊၊
အမှန်မှာ ဗုဒ္ဓရှင်တော်လွန်ပြီးစအချိန်မျိုးတွင် ဘာသာကြီးကိုတည်ထောင်သူ ခေါင်းဆောင်အတိအကျ မရှိတော့သည့်အတွက် မဖြစ်မနေစည်းဝေးခေါ်ရမည့် အခြေအနေဖြစ်နေ၍သာ ပထမသင်္ဂါယနာစည်း ဝေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါဠိပညာရှင်အများစုက ထောက်ပြကြပါသည်၊၊
အခြားအရေးပါသော အကြောင်းတစ်ခုမှာ ဗုဒ္ဓရှင်တော်လွန်တော်မူခါနီးတွင် အရှင်အာနန္ဒာအား “အာနန္ဒာ, ၀ိနယကဏ္ဍကြီးမှ သေးငယ်သောပညတ်ချက်အချို့ကို လိုအပ်ပါကပယ်ဖြုတ်နိုင်ကြောင်း မိန့်တော်မူခဲ့သည်၊၊”
ဗုဒ္ဓရှင်တော် မမာမကျန်းဖြစ်နေချိန်ဖြစ်သည့်အတွက် အရှင်အာနန္ဒာမှ “မည်သည့်ပညတ်ချက်များသည် သေးငယ်သည့်ပညတ်ချက်များ ဖြစ်သည်”ဆိုသည်ကို မေးမြန်းရန်ပျက်ကွက်ခဲ့ရသည်၊၊ ထို့ကြောင့် ၀ိနည်း
သိက္ခာပုဒ်များကို စီစစ်ဆွေးနွေးရန်လိုအပ်သောကြောင့် ပထမသင်္ဂါယနာကို စည်းဝေးကျင်းပရခြင်း ဖြစ်ပါသည်၊၊
စည်းဝေးပွဲကြီးကို (၇)လကြာအောင် ပြုလုပ်ခဲ့ရပါသည်၊၊ ရာဇဂဟပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလှိုင်ဂူ အနီးတွင် မဏ္ဍပ်ဆောက်၍ကျင်းပခဲ့ပြီး၊ အဇာတသတ်ဘုရင်မှ လိုအပ်ရာရာကိုပံပိုး ကူညီခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရပါသည်၊၊
ပထမသင်္ဂါယနာကို သုံးသပ်ကြည့်လျင် တစ်စုံတယောက်ကို ကွယ်လွန်ပြီးသော ဗုဒ္ဓရှင်တော်၏နေရာတွင် ထား၍ ခေါင်းဆောင်တင်မြှောက်မှု မရှိခဲ့ကြောင်းတွေ့ရသည်၊၊ စည်းဝေးမှအတည်ပြုထားသော “ဗုဒ္ဓရှင်တော်၏ ဟောပြော၊ သင်ပြ၊ လမ်းညွှန်ချက်များကိုသာ ဗုဒ္ဓကိုယ်စားခေါင်းဆောင် ဆရာအဖြစ်အသိ မှတ်ပြုပြီး၊ လိုက်နာကြရန် သဘောတူထားခဲ့ကြကြောင်း”ကိုလည်း တွေ့ရသည်၊၊ စည်းဝေးပွဲတွင် ဗုဒ္ဓ၏ဟော ပြောချက်များကို စုစည်းရုံသာစုစည်းခဲ့ကြသော်လည်း စာပေအရေးအသား (အက္ခရာ)ဖြင့် မှတ်တမ်းမတင်ခဲ့ ကြောင်း တွေ့ရသည်၊၊
“ဒုတိယသင်္ဂါယနာ”
(4th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ နှစ်(၁၀၀)ကြာသောအခါ ဒုတိယအကြိမ်သံဃာ့အစည်း အဝေး ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ကြပါသည်၊၊ ကျင်းပရခြင်း၏အကြောင်းမှာ ၀ိနယကဏ္ဍအတွင်းသို့ ၀ဇ္ဇီတိုင်းပြည်သား ရဟန်းသံဃာတော်များမှ ဥပဒေအသစ်(၁၀)မျိုးကို ထည့်သွင်းဖို့ကြိုး စားလာသောကြောင့် ဖြစ်ပါသည်၊၊
ဒုတိယသင်္ဂါယနာကို ဝေသာလီပြည်၊ ဝေဠုကာရာမကျောင်းတိုက်ကြီးတွင် အရှင်မဟာယဿ၊ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိတို့က ဦးစီးကျင်းပခဲ့ပါသည်၊၊ ကာလာသောကမင်းမှ လိုအပ်သည်များကို လှုဒါန်းကူညီခဲ့ပါသည်၊၊ သင်္ဂါယနာစည်းဝေးပွဲကြီးသို့ သံဃာတော်(၇၀၀)တက်ရောက်ကြောင်း တွေ့ရပါသည်၊၊
ဒုတိယသင်္ဂါယနာတွင် ဗုဒ္ဓစာပေအတွင်း ဓမ္မနှင့်၊ ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်မှ ၀ိနယသက်သက်ကို ဆွေးနွေး ခဲ့ကြပါသည်၊၊ “ဓမ္မ”နှင့်ဆက်စပ်၍ ဆွေးနွေးမှုတစ်စုံတရာမရှိခဲ့ကြောင်း မှတ်တမ်းတင်ပါသည်၊၊ စည်းဝေးကြီး၏ ဆုံးဖြတ်ချက်များအဖြစ် အသစ်တင်ပြလာသည့် ဥပဒေသစ်များကိုလက်ခံအတည်မပြုကြောင်း ပယ်ချရုံတွင်မ ကဘဲ၊ ၀ဇ္ဇီပြည်သားရဟန်းသံဃာ(၁၀၀၀၀)ကို သံဃာ့အဖွဲ့အစည်းမှ နှင်ထုတ်ခဲ့ပါသည်၊၊
သံဃာတော်များအား ဤကဲ့သိုသာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းနှင့်စပ်၍ များစွာစဉ်းစား၊ ဆင်ခြင်သင့်
လှသည်၊၊ ဗုဒ္ဓကိုယ်တော်တိုင်သော်မှ သံဃာကိုသာသနာတော်မှ အကြောင်းတစ်စုံတရာကြောင့် နှင်ထုတ်ခဲ့
ဘူးခြင်းမရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊
အကျိုးရလာဘ်အဖြစ် ဒုတိယသင်္ဂါယနာမှ နှင်ထုတ်ခြင်းခံခဲ့ရသော သံဃာတော် (၁၀၀၀၀)တို့သည် ကောသမ္ဘီပြည့်ရှင် ဘုရင်အားအမှီယူ၍ “မဟာသံဃိကဂိုဏ်း”အမည်ယူကာ သီးခြားသံဃာ့အစည်းဝေး “စင်ပြိုင်သင်္ဂါယနာ”တစ်ခုကို ကျင်းပခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်ပြီး ဗုဒ္ဓဘုရားရှင်၏ သာသနာတော်
အတွင်း “မူလသာသနာဂိုဏ်း”ကြီးနှင့် “မဟာသံဃိကဂိုဏ်း”ဟူ၍ ကွဲပြားခဲ့ရပါသည်၊၊
အမှန်စင်စစ် ဖြစ်သင့်သည်မှာ ဒုတိယသင်္ဂါယနာအစည်းဝေး စတင်ကျင်းပစဉ်က နှစ်ဘက်တင်ပြကြသော အယူအဆများကို ဖြစ်နိုင်သမျှသဘောတူ ညှိနှိုင်းနိုင်ခဲ့ကြလျင် ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ပဋိပက္ခ ဖြစ်ပြီး၊ ဂိုဏ်းကွဲစရာမကြောင်းမရှိပေ၊၊
ဝဇ္ဇီတိုင်းပြည်ဖွား ရဟန်းသံဃာများ တင်ပြဆွေးနွေးလာသော ဥပဒေအသစ်များမှ အချို့ဥပဒေများသည် သီရိလင်္ကာနှင့် မြန်မာတို့ကဲ့သို့နိုင်ငံများအတွက် များစွာမထူးခြားသော်လည်း ထိုခေတ်အိန္ဒိယနိုင်ငံ၏ ရာသီ ဥတုနှင့် အခြေအနေအရ သင့်တော်သောဥပဒေသများဖြစ်ကြောင်း မျက်မှောက်ခေတ် ပါဠိစာပေပညာရှင်တို့ သုတေသနပြုပြီး၊ အသိမှတ်ပြုရေးသားကြသည်၊၊
ဝဇ္ဇီရဟန်းတော်တို့တင်ပြခဲ့သည်များကိုသာ ပထမသင်္ဂါယနာစည်းမျည်းနှင့် မညီညွတ်၍ပယ်ချရုံမက၊ သာသနာကပါနှင်ထုတ်ခဲ့သော်လည်း နောင်တွင် ဗုဒ္ဓစာပေအတွင်းသို့ ကျမ်းအသစ်ပေါင်းများစွာကို ထည့် သွင်းခဲ့ကြသည်ကို တွေ့ရသည်၊၊ ဤအခါတွင်မူ အသစ်အသစ်အယူအဆနှင့်ကျမ်းများကို ထည့်သွင်းရုံမျှမက ထို“ကျမ်းများမှာ ဘုရားအလိုတော်ကျသည်ဟုပင် ထောက်ခံခဲ့သည်”ကို တွေ့ရပြန်သည်၊၊
ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ဂိုဏ်းပေါင်းများစွာကွဲပြီး၊ ဂိုဏ်းတစ်ခုနှင့် အခြားဂိုဏ်းတစ်ခုတို့အကြား “သူ့ဂိုဏ်းက ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓစာပေသာ သာသနာစစ်သည်၊ အခြားဂိုဏ်းက မစစ်၊၊”ဟူ၍ တိုက်ခိုက်ငြင်းခုံ၊ ရေးသားပြောဆိုနေကြခြင်းမှာ အထက်တွင်ဖော်ပြခဲ့သော ဘက်လိုက်သည့်လုပ်ရပ်နှင့် ဆုံးဖြတ်ချက်များကြောင့်ဖြစ်ကြောင်း ထင်ရှားသည်၊၊
ဝဇ္ဇီတိုင်းပြည်ဖွား သံဃာတော်များ၏ သိက္ခာပုဒ်ပြင်ဆင်၊ ဖြည့်စွက်ချက် (၁၀) မျိုး-
(၁) သင်္ဂီလောဏကပ္ပ=သားချို၌ထည့်၍ သိမ်းဆည်းထားသောဆားကို နေ့စဉ်ဆွမ်းစားတိုင်း ရောနှော
စားနိုင်သည်။ (မူလဥပဒေတွင် သံဃာတော်များ အစားအသောက်ကို နေ့ဖို့ညစာသိမ်းဆည်း၍ မစားရဟူ၍ ဖြစ်သည်၊၊)
(၂) ဒွင်္ဂုလကပ္ပ=မွန်းလွဲပြီးနောက် နေအရိပ် လက်နှစ်သစ်လွန်သည်အထိ ရဟန်းများ ဆွမ်းစားနိုင်ခွင့်ရှိ၏။ (မူလဥပဒေမှာ သံဃာတော်များ မွန်းလွဲပြီးနောက် ဆွမ်းမစားရ၊၊)
(၃) အာဝါသကပ္ပ=အလွန်ကျယ်ဝန်းသော မဟာသိမ်ကြီးတစ်ခုအတွင်း ကျောင်းအဆောက်အအုံများစွာရှိရာ တစ်ချိန်တည်း၌ တစ်ကျောင်းစီတွင် သံဃာစည်းဝေး၍ ဥပုသ်ကံစသော သံဃာ့ကံများကို ပြုနိုင်သည်။ (မူလဥပဒေမှာ သံဃာစည်းဝေးရာတွင် သံဃာညီညွတ်မှုကိုပြရန် ရဟန်းတစ်ပါးနှင့်တစ်ပါး တစ်တောင်ခန့် နီးကပ်အောင်ထိုင်ကြရ၏။ တစ်ကျောင်းစီစည်းဝေးပါက သံဃာမညီညွတ်ကွဲပြား နေသောကြောင့် အာပတ်သင့်၏။)
(၄) အနုမတိကပ္ပ=သံဃာ့အစည်းအဝေး၌ သံဃာစုံလင်အောင် အချိန်မစောင့်ဘဲ နောက်မှရောက်လာသော သံဃာများထံမှာ သဘောတူညီချက်ကို နောက်မှရယူမည်ဟုကြံရွယ်၍ အလျင်ရောက်နှင့် သောသံဃာများက ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်နိုင်သည်။ သံဃာ့ကံပြုနိုင်သည်။
(မူလဥပဒေမှာ သံဃာ့အစည်းအဝေးသို့ မတက်ရောက်နိုင်သောရဟန်းများသည် အစည်းအဝေးက ဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ကြိုတင်ဆန္ဒပေးကြရ၏။ အစည်အဝေးပြီး နောက်ကျမှပေးသော
ဆန္ဒသည် တရားမ၀င်ချေ။ သံဃာမညီညွတ်သောကြောင့် ဆုံးဖြတ်ပြုလုပ်ချက်သည် ထမြောက် အောင်မြင်ခြင်းမရှိ။)
(၅) အာစိဏ္ဏကပ္ပ=မိမိဆရာသမားပြုလုပ်ခဲ့သော အစဉ်အလာထုံးစံမှန်သမျှကို ပြုလုပ်ခွင့်ရှိသည်။ ထိုသို့ ဆရာသမားအတုလိုက်ခြင်းကြောင့် အာပတ်မသင့်နိုင်။ (အမှန်စစ်စစ် ဆရာသမားတို့ ပြုလုပ်ခဲ့သော အစဉ်အလာထုံးစံများသည် ၀ိနည်းနှင့်ညီလျှင် အာပတ်မသင့်ချေ။ ၀ိနည်းနှင့်မညီပါက အာပတ် သင့်မည်သာဖြစ်၏။)
(၆) ဂါမန္တရကပ္ပ=တခြားရွာသို့သွားရန် ကိစ္စရှိပါက ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုသောဆွမ်းကို စားနိုင်သည်ဟု ဆို၏။ (မူလဥပဒေမှာ ဆွမ်းစားနေစဉ် တော်ပြီဟု နှုတ်မြွက်၍ဖြစ်စေ လက်ကာ၍ဖြစ်စေ ထုတ်ဖော်ပြောကြားလျှင် ပ၀ါရိတ်သင့်သည်။ မစားတော့ပါဟု ငြင်းပယ်ခြင်းကို ပ၀ါရိတ်သင့်သည်ဟု ခေါ်သည်။ ထို့သို့ငြင်းပယ်မိသော ရဟန်းသည် ထိုနေ့နံနက်ပိုင်းတွင် တစ်စုံတစ် ခုမျှစားသောက်ခွင့်မရှိတော့ချေ။
အကယ်၍ စားသောက်လိုပြန်ပါက အခြားရဟန်းတစ်ပါးအား ခဲဖွယ်ဘောဇဉ်များကို ပေးစွန့်လိုက်ရ၏။ ထိုဒုတိယရဟန်းက ဤခဲဖွယ်ဘောဇဉ်များကို တော်ပြီငါမစားလို အပိုအလျှံဖြစ်သည်ဟု နှုတ်မြွက်၍ပြန်ပေးမှ စားခွင့်ရှိ၏။ ထိုသို့ အခြားရဟန်းတစ်ပါးက တော်ပြီဟုဆို၍ပြန်ပေးခြင်းကို အတိရိတ်ဝိနည်းကံပြုသည်ဟု ဆိုရ၏။ ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ ခဲဖွယ်ဘောဇဉ်တစ်ခုခုကိုစားပါက ပါစိတ်အာပတ်သင့်သည်ဟူသော သိက္ခာပုဒ်ကိလျှော့ပေါ့အောင် ပြင်ဆင်ခြင်းဖြစ်သည်။)
(၇) အမထိကကပ္ပ=ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ နို့ရည်အဖြစ်ကိုလွန်၍ ဒိန်ချဉ်အဖြစ်သို့ မရောက်သေးသောနို့ချဉ်ကို သောက်ခွင့်ရှိသည်။ (မူလဥပဒေမှာ နို့ရည်ကိုလည်းကောင်း၊ ဒိန်ချဉ်ကိုလည်းကောင်း ဘောဇဉ် (စားစရာ)၌ ရေတွက်ပြထားရာ၊ နို့ရည်နှင့် ဒိန်ချဉ်စပ်ကူး၊ မပ်ကူး နို့ချဉ်ရည်သည် ဘုရားပေးသောဘောဇဉ်မှအလွတ် ဖြစ်သည်ဟုကြံဆ၍ အထက်ပါ သိက္ခာပုဒ်ကို ခြွင်းချက်ဖြင့် လျှော့ပေါ့အောင် ပြင်ဆင်ချက်ပြုလုပ် ခြင်းဖြစ်၏။)
(၈) ဇဠောတိ=ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာစသည်တို့ကို စိမ်ရည်ဖြစ်အောင်ဖော်စပ် ရာ၌(စိမ်ရည်၊ ခေါင်ရည်)အဖြစ်သို့ မရောက်သေးသော သေရည်အနုစား၊ စိမ်ရည်အနုစားကို ရဟန်း တော်များ သောက်သုံးနိုင်သည်။ (မူလဥပဒေမှာ ရဟန်တော်များသည် စိမ်ရည် ခေါင်ရည် ထန်းရည် ခါးစသော သေရည်သေရက် မူးယစ်ဆေးဝါးကို သုံးဆောင်ခွင့်မရှိ။ သုံးဆောင်ပါက ပါစိတ်အာပတ် သင့်၏။)
(၉) အဒသကံနိသီဒနံ=အမြိတ်အဆာမပါသော နေရာထိုင်ခင်း နိသီဒိုင်သည် အပ်၏။ (မူလ၀ိနည်း ဥပဒေမှာ အမြိတ်အဆာမပါသော နိသီဒိုင်သည် သံဃာတော်များအတွက် မအပ်၊၊)
(၁၀) ဇာတရူပရဇတ= ရွှေငွေအသပြာကို အလှူခံနိုင်၏။ (မူလ၀ိနယ ဥပဒေမှာ ရဟန်းသံဃာများ ရွှေငွေကို အလှုမခံရ၊၊)
“တတိယသင်္ဂါယနာ”
(3rd century B.C)၊ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုအပြီး၊ နှစ်သုံးရာအကြာတွင် တတိယအကြိမ်မြောက် သံဃာ့ အစည်းအဝေး သင်္ဂါယနာပွဲကို ကျင်းပခဲ့ပါသည်၊၊ စည်းဝေးကြီးကို သီရိဓမ္မာသောကဘုရင်က ထောက်ပံ့ခဲ့ပါသည်၊၊
“တတိယသင်္ဂါယနာ”တွင် “ဓမ္မ”နှင့် “၀ိနယ”နှစ်ရပ်လုံးကို ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြု၊ ရွက်ဆိုခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာမှ ဆုံးဖြတ်အတည်ပြုချက်များကို သဘောတူလက်ခံ၍ လိုက်နာသူများကို “ထေရ၀ါဒ”ဟုအမည် စတင်သုံးစွဲလာခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော သံဃာတော်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နိုင်ငံကိုးနိုင်ငံသို့ နိုင်ငံခြားသာသနာပြုများ စေလွှတ်ခဲ့ပါသည်၊၊ ဤနိုင်ငံခြားသာသနာပြုသည်မှစတင်ပြီး အိန္ဒိယအင်ပါယာအတွင်းမှစတည်ခဲ့သော
ဗုဒ္ဓဘာသာသည် သီရိလင်္ကာ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာသို့ပြန့်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရပါသည်၊၊
တတိယသင်္ဂါယနာတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမှ “ကထာဝတ္ထု”အမည်ရှိ ကျမ်းတစ်ကျမ်းကို အသစ်ရေးသားထည့်သွင်းပြီး၊ “ဓမ္မနှင့် ၀ိနယ”အပြင် “အဘိဓမ္မာ”ဟူသောကဏ္ဍကြီးတခုကို အသစ်ထည့် သွင်း၍ စည်းဝေးကြီးမှအတည်ပြုလိုက်ပါသည်၊၊ ဤအချိန်မှစတင်၍ တိပိဋက=ပိဋကတ်သုံးပုံဟု ပါဠိစာပေသမိုင်းတွင် ပေါ်ပေါက်လာရပါသည်၊၊ ဤသင်္ဂါယနာမှ အသစ်ထည့်သွင်းသော အခြားကျမ်းများစွာလည်း ရှိပါသေးသည်၊၊
မူလက ဓမ္မနှင့် ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်သာရှိခဲ့သော ဗုဒ္ဓစာပေသည် တတိယသင်္ဂါယနာမှစတင်ပြီး၊ သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကဟူ၍ ပိဋကတ်သုံးပုံအမည်သို့ ပြောင်းလဲလာခဲ့ပါသည်၊၊
ပါဠိပညာရှင်အများ၏အဆိုအရ အဘိဓမ္မာပိဋကတ်သည် ဓမ္မနှင့် ၀ိနယကဏ္ဍကြီးတို့ကဲ့သို့ ဘုရားဟောစင်စစ် ကား မဟုက်ပေ၊ သို့သော် ဘုရားဟောသုတ်များစွာထဲမှ ခက်ရာခဲဆစ်များကို တသီးတခြားစု စည်းမှု=Systematization ပြုထားသည်ဟု အသိအမှတ်ပြုကြပါသည်၊၊
ဤအဆိုကို သုံးသပ်သော် အဘိဓမ္မာပိဋကတ်သည် အချို့သောပါဠိဆရာတို့ဝေဖန်သကဲ့သို့ “ဘုရားဟောမဟုက်ဟု ယတိပြတ်ပြောဆိုရန် မဖြစ်နိုင်တော့ချေ၊၊" ဘုရားဟောစင်စစ် အစိတ်အပိုင်းများနှင့် တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော ရဟန်းသံဃာတော်များ၏ မွန်းမံမှုအစိတ်အပိုင်းများ ပေါင်းစပ်ထားသည်ဟုဆိုလျင် သင့်တော်သောအဆိုဖြစ်ပါသည်၊၊
ယ္ခင် ဒုတိယသင်္ဂါယနာတွင် မဟာသံဃိကဂိုဏ်းဟူ၍ ဂိုဏ်းတစ်ဂိုဏ်းကွဲခဲ့ပြီးဖြစ်၍၊ ယ္ခုတတိယသင်္ဂါယနာတွင် အမည်သတ်မှတ်သော ထေရာဝါဒဂိုဏ်းနှင့်ဆိုလျင် သာသနာတော်တွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဂိုဏ်းနာမည်မတူညီသည့်အလျောက် ဗုဒ္ဓရှင်တော်တစ်ပါးတည်း၏ ဟောကြား၊ သင်ကြားချက်များအပေါ် လက်ခံပုံ၊ ယူဆပုံများလည်းများစွာပင် ကွာဟခဲ့ပါသည်၊၊
သစ္စာလေးပါး၊ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်၊ ပါရမီ၊ ပဋိစ္စသမုပ္ပါဒ်တရားအပါအ၀င် ဗောဓိပက္ခိ ယတရားများအားလုံးအပေါ် အပြင်ပိုင်းနာမည်ကို လက်ခံပုံတူညီနေကြသည့်တိုင် အနှစ်သာရကို ယူဆပုံနှင့်၊ အဓိပ္ပါယ်ဖွင့်ဆိုပုံများမှာ ဆက်စပ်၍မဖြစ်နိုင်လောက်အောင် ကွာဟခဲ့ပါသည်၊၊ ဗောဓိသတ္တ=ဘုရားအလောင်း အယူအဆများမှာ နားလည်ရခက်လောက်အောင်ပင် ကွာဟခဲ့ပါသည်၊၊
ဗုဒ္ဓဘာသာ၏ပန်းတိုင်များဖြစ်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဆင့်များနှင့် နိဗ္ဗာန်ကို ဖော်ပြသရုပ်ဖော်ပုံများမှာ ဒဏ္ဍာရီဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်၊ နတ်ဘုံနတ်နန်းများပမာ ဖြစ်လာရပါသည်၊၊
တတိယသင်္ဂါယနာတင်အပြီး နှစ်ကြာသောအခါ ထေရ၀ါဒဂိုဏ်းကြီးမှ ဂိုဏ်း(၈)ဂိုဏ်းကွဲထွက်ပြီး၊ မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်း(၅)ထပ်မံကွဲခဲ့ပါသည်၊၊ မူလဂိုဏ်းကြီးနှစ်ဂိုဏ်းအပါအ၀င် မူလဗုဒ္ဓ သာသနာမှ မတူညီသည့်ဂိုဏ်း(၁၈)ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဤအချိန်တွင်မူ ဗုဒ္ဓသာသနာတော် အတွင်း ဂိုဏ်းပေါင်းများစွာ ကွဲသည့်အလျောက် ဗုဒ္ဓရှင်တော်၏ဟောပြောချက်များကို ထပ်ဆင့် ဟောပြောကြပုံ၊ သင်ပြကြပုံများမှာလည်း အမျိုးမျိုးအဖုံဖုံဖြစ်ခဲ့ရပါသည်၊၊
(B.C.309)တွင် တတိယသင်္ဂါယနာ၏ ယှဉ်ပြိုင်သံင်္ဂါယနာအဖြစ် ထေရ၀ါဒဂိုဏ်းကွဲတစ်ခုဖြစ်သည့် သဗ္ဗတ္ထိက၀ါဒီဂုဏ်းမှဦးစီး၍ ရာဇဂဟပြည်နယ်၊ နာလန္ဒာကျောင်းတိုက်ကြီးတွင် စင်ပြိုင်တတိယသင်္ဂါ ယနာကို တင်ခဲ့ကြပါသည်၊၊
တတိယသင်္ဂါယနာစည်းဝေးပွဲကြီးအပြီး ကွဲထွက်လာသော ဗုဒ္ဓသာသနာဂိုဏ်းများကို တင်ပြဆွေးနွေးပါမည်၊၊
(၁)ထေရ၀ါဒဂိုဏ်း၊
(၂)မဟာသံဃိကဂိုဏ်း၊
ထေရ၀ါဒဂိုဏ်းမှ ကွဲထွက်လာသောဂိုဏ်းများ-
(၃) မဟိသာသကဂိုဏ်း၊
(၄) ၀ဇ္ဇီပုတ္တကဂိုဏ်း၊
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်း၊
(၆) ကဿပိယဂိုဏ်း၊
(၇) သကန္တိကဂိုဏ်း၊
(၈) သုတ္တ၀ါဒီ(သုတ္တန္တိက၀ါဒီ)ဂိုဏ်း၊
(၉) ဓမ္မဂုတ္တိကဂိုဏ်း၊
(၁၀) ဓမ္မုတ္တရိကဂိုဏ်း၊
(၁၁) ဘဒ္ဒယာနကဂိုဏ်း၊
(၁၂) ဆန္ဒဂါရိကဂိုဏ်း၊
(၁၃) ဓမ္မိတိကဂိုဏ်း၊ တို့ဖြစ်သည်၊၊
မဟာသံဃိကဂိုဏ်းမှကွဲထွက်လာသော ဂိုဏ်းများ-
(၁၄) ဂေါကုလိကဂိုဏ်း၊
(၁၅) ဗဇာပတိဂိုဏ်း၊
(၁၆) ဗာဟုလိကဂိုဏ်း၊
(၁၇) ဗာဟုသုတိဂိုဏ်း၊
(၁၈) မကဗျာဝဟာရိကဂိုဏ်း၊ တို့ဖြစ်သည်၊၊
တတိယသင်္ဂါယနာစည်းဝေးကြီးတွင် စေလွှတ်ခဲ့သည့် နိုင်ငံခြားသာသနာပြု ရဟန်းတော်များနှင့် နိုင်ငံများ ကိုတင်ပြအပ်ပါသည်၊၊
(၁) ကသ္မီရ ဂန္ဓာရတိုင်းနိုင်ငံ(ပါကစ္စတန်၊အာဖဂန်နစ္စတန်)သို့ အရှင်မဇ္ဈမိကမထေရ်၊
(၂) မဟိသာသကတိုင်းနိုင်ငံသို့ အရှင်မဟာဒေ၀မထေရ်၊
(၃) ၀န၀ါသီတိုင်းနိုင်ငံသို့ အရှင်ရက္ခိတမထေရ်၊
(၄) အပရန္တတိုင်းနိုင်ငံသို့ အရှင်ယောနဓမ္မရက္ခိတမထေရ်၊
(၅) မဟာရဋ္ဌတိုင်းနိုင်ငံသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်၊
(၆) ယောနတိုင်းနိုင်ငံသို့ အရှင်မဟာရက္ခိတမထေရ်၊
(၇) ဟိမ၀န္တတိုင်းနိုင်ငံသို့ အရှင်မဇ္ဈိမမထေရ်၊
(၈) သုဝဏ္ဏဘုမ္မိတိုင်းနိုင်ငံ(မြန်မာ)သို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်၊
(၉) လင်္ကာဒီပတိုင်းနိုင်ငံ(သီရိလင်္ကာ)သို့ အရှင်မဟာမဟိန္ဓမထေရ်၊ တို့အသီးသီး ဖြစ်ကြပါသည်၊၊
တတိယသင်္ဂါယနာစည်းဝေးပွဲကြီးကို ကျင်းပရခြင်း၏အကြောင်းမှာ ထေရ၀ါဒဂိုဏ်းကြီးအတွင်း မသန့် ရှင်းသည့် ရဟန်းများ၊ ရဟန်းအတုများဝင်ရောက်လာမှုကြောင့် ထိုရဟန်းများကိုနှိမ်နင်းရန်နှင့် ထေရ ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကြီး သန့်ရှင်းစင်ကြယ်စေရန် အသောကမင်းကြီးမှ အာဏာဖြင့်မေးမြန်းစီးစစ်ပြီး၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့မှ ထေရ၀ါဒဓမ္မကို စနစ်တကျအတည်ပြုရန် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်၊၊
“စတုတ္ထသင်္ဂါယနာ”
(B.C.93/94)၊ ဗုဒ္ဓလွန်တော်မူအပြီး၊ အနှစ်လေးရာ့ငါးဆယ်ခန့်ကြာသောအခါ သီရိလင်္ကာနိုင်ငံ၊ မလယဒေသ၊ အာလုဝိဟာရတွင်၊ ၀ဋ္ဋဂါမဏိမင်း၏အထောက်အပံ့ကိုယူ၍ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ကြပါသည်၊၊ မဟာဓမ္မရက္ခိတမထေရ်က သင်္ဂါယနာကိုဦးဆောင်ပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၅၀၀)တက်ရောက်ခဲ့ကြပြီး၊ (၁)နှစ်ကြာစည်းဝေးခဲ့ရပါသည်၊၊
ဤသင်္ဂါယနာတွင် ဗုဒ္ဓရှင်တော်၏ ပါဠိစာပေများကို နှုတ်ဆောင်အဆင့်မှ သီဟဠဘာသာသို့ ပေထက် အက္ခရာအရေးအသားအဆင့်သို့ ရေးသားမှတ်တမ်းတင်ခဲ့ကြပါသည်၊၊ ဤသင်္ဂါယနာအရင်က ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို သံဃာတော်တို့အစဉ်အဆက် နှုတ်ဖြင့်သာ ဆောင်ထားခဲ့ကြပါသည်၊၊ စာပေဖြင့်အရေးအသားဖြင့် မှတ်တမ်းမတင်ခဲ့ကြသေးပါ၊၊
(A.D.120)၊ ဗုဒ္ဓလွန်အပြီး နှစ်(၆၅၀)ခန့်အကြာတွင် စတုတ္ထသင်္ဂါယနာ၏ စင်ပြိုင်စတုတ္ထသင်္ဂါယနာကို ပသျှဝါပြည်နယ်၊ ကသ္မီရတိုင်း၊ ဇလန္ဒာမြို့၌၊ အသျှင်ဝသုမိတ္တမထေရ်နှင့်၊ အသျင်အဿဃောသမထေရ် တို့ဦးစီး၍ တင်ခဲ့ကြပါသည်၊၊ ကနိသျှကမင်းက သံင်္ဂါယနာကိုကူညီထောက်ပံပေးခဲ့ပါသည်၊၊ သံဃာ တော်(၅၀၀) စည်းဝေးသို့တက်ရောက်ကြောင်း ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓစာပေကို သက္ကဋ (သင်္သကရိုက်)အရေးအသားဖြင့် အစောဆုံးစာပေအရေးအသား အက္ခရာတင်ခဲ့ကြပါသည်၊၊
စတုတ္ထသင်္ဂါယနာစင်ပြိုင်ပွဲကြီးမှစတင်၍ ထိုသင်္ဂါယနာတွင်ပါဝင်သော ရဟန်းသံဃာတော်တို့သည် မိမိတို့၏ဂိုဏ်းအား “မဟာယာန”ဟူ၍၄င်း၊ မူလသာသနာတော်ဂိုဏ်းကို “ဟီနယာန”ဟူ၍၄င်း၊ ကျမ်းစာ များတွင် ထည့်သွင်း၍ အသုံးပြုရေးသားလာခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓရှင်တော်၏ သာသ နာတော်တွင် “မဟာယာန”နှင့် “ဟီနယာန”ဟူသော ဂိုဏ်းဝေါဟာရနှစ်ရပ် စတင်ပေါ်ပေါက်ခဲ့ရပါသည်၊၊
“ဟီနယာန”ဟူသော အမည်ဝေါဟာရကိုများစွာ မနှစ်သက်သောမူလသာသနာဂိုဏ်းဝင် အရှင်မြတ်တို့သည် မဟာယာနအရှင်တို့ခေါ်ဝေါ်သော “ဟီနယာန”ဟူသောအမည်ကိုမခံယူဘဲ “ထေရ၀ါဒ”ဟူ သောအမည်ကိုသာ ဆက်လက်သုံးစွဲလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာငါးနိုင်ငံပါဝင်သော ထေရာဝါဒနိုင်ငံတို့သည် (၁၉၅၀)ခုနှစ်တွင် “ဟီနယာန”ဟူသောအမည်ကို လက်ခံအသုံးမပြုကြောင်း၊ “ထေရ၀ါဒ”ဟူ၍သာ လက်ခံအသုံးပြုမည်ဖြစ်ကြောင်း World Fellowship of Buddhist (WFB)အစည်းဝေးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်တွင် ငါးနိုင်ငံစုံညီ၍ဆွေးနွေး၊ အတည်ပြုခဲ့ကြပါသည်၊၊
“မဟာယာနဗုဒ္ဓဘာသာဂိုဏ်း”သည် မဟာသံဃိကဂိုဏ်းကြီးမှ စည်ပင်တိုးတက်လာခဲ့သောဂိုဏ်း ဖြစ်ပါ သည်၊၊ မဟာယာနအရှင်တို့စည်းဝေးသော “စတုတ္ထစင်ပြိုင်သင်္ဂါယနာ”မှစတင်ပြီး ထက်မြက်သည့် အရှင်နာဂဇုန၊ အရှင်အဿဃောသ၊ အရှင်ဝသုမိတ္တစသည့် အရှင်မြတ်များပေါ်ပေါက်ခဲ့ပြီး၊ အသစ် အသစ်သော မဟာယာနသုတ္တန်များ၊ သင်ကြားချက်၊ ဟောပြောချက်များကို ဗုဒ္ဓစာပေများအဖြစ်ဖန် တီးပြီး၊ ကမ္ဘာသို့ပြန့်စေခဲ့ကြပါသည်၊၊
ထို့အပြင် ဗုဒ္ဓဘာသာတွင်လည်း “မဟာယာနဗုဒ္ဓဘာသာသည်သာ အမွန်ဆုံးဖြစ်ပြီး၊ အခြားဂိုဏ်းများမှာ ဂိုဏ်း အသေးအမွှားများသာဖြစ်ကြောင်း တင်ပြသည့်အနေဖြင့် ‘ဟီနယာနဗုဒ္ဓဘာသာ’များဟု ‘သဒ္ဓမ္မပုဏ္ဍရိကာ’စ သောကျမ်းများတွင် ထည့်သွင်းရေးသားခဲ့ကြပါသည်၊၊” အမှန်စင်စစ် “ထေရ၀ါဒ”နှင့် “မဟာယာန”ဟူသော စကားလုံးသည်မူလ ဗုဒ္ဓရှင်တော်ဟောကြားသည့် ပါဠိစာပေကျမ်းများထဲတွင် မပါရှိချေ၊ မဟာယာနဆရာ အစဉ်အဆက်ရေးသားခဲ့သည့် ကျမ်းများတွင်သာ ထိုအသုံးများကို တွေ့ရသည်၊၊
(2century.A.D)ရာစု၊ ဗုဒ္ဒရှင်တော်လွန်တော်မူအပြီး နှစ်(၇၀၀)ခန့်တွင် “မဟာယာန”ဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကိုတွေ့ရပြီး မဟာယာနဟု တိကျစွာဖြစ်တည်လာသည်ဟုလည်း ဆိုရပါမည်။ အသျှင်နာဂဇုနမထေရ်သည် ‘မဓယာမိကကာရိကာ’ကျမ်းငယ်တွင် “လောကအတွင်းရှိ အရာရာတိုင်းသည် ‘သုညတ’ဖြစ်သည်”ဟူသော အတွေးအခေါ်အယူအဆသစ်ကို တိုးတက်ပြန့်ပွား အောင် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။
“အာနန္ဒာ,လောကမှာ “အတ္တ”လို့ခေါ်တဲ့ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ အသက်၊ လိပ်ပြာ ဆိုတာမရှိဘူး၊ အတ္တဆိုတာမရှိတဲ့အတွက် “အတ္တနိယ”လို့ခေါ်တဲ့ ငါပိုင်တဲ့ပစ္စည်းဥစ္စာဆိုတာလည်း မရှိဘူး၊၊ ဒီသဘောတရားကို “သုညတ”လို့ ငါဟောကြားခြင်း ဖြစ်တယ်၊၊”
အသျှင်နာဂဇုနမထေရ်သည် အထက်ပါဗုဒ္ဓရှင်တော်၏ “သုညတ” နှင့်စပ်သော ဟောပြောချက်ကိုအခြေခံ၍ သူ၏ “Emptiness=သုညတ၀ါဒ”ကို ကမ္ဘာ့စိတ် ပညာအတွေးအခေါ် Philosophy တစ်ရပ်အနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်၊၊
သို့သော် အသျှင်နာဂဇုနတင်ပြသော သုညတ၀ါဒသည် ဗုဒ္ဓရှင်တော်၏ဟောပြောချက်ကို အခြေခံ၍တင်ပြသည် ဖြစ်သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာတို့ လက်ခံယူဆသော သုညတအယူအဆနှင့် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်ပမာကွာခြားလှပါသည်၊၊
(4th century.A.D)တွင် အသျှင်အာသင်္ဂနှင့် အသျှင်ဝသုဗန္ဓု၊ အသျှင်ဓမ္မကိတ္တိ၊ အသျှင်အယဒေ၀၊ အသျှင်ဒိန္နာဂတို့သည် မဟာယာနစာပေကျမ်းဂန် မြောက်များစွာကို အသစ်ဖြည့်စွက် ရေးသားခဲ့ကြသည်။ မဟာယာနဗုဒ္ဓဘာသာဟု ထင်ရှားစွာပေါ်လာသည့်(1st century.A.D)တွင် မဟာယာနနှင့် “ဟီနယာန”ဟူသောအသုံးအနှုံးနှစ်ခုကို အကျယ်တ၀င့် စတင်သုံးစွဲ လာကြပါသည်။
မဟာယာနကျမ်းများစွာတွင် “လူတိုင်းသည် ဘုရားဖြစ်နိုင်သည်၊ ဘုရားဖြစ်ရမည်ဟု ဖော်ပြပါသည်၊၊ ထို့ကြောင့် လူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊” ဤအယူအဆနှင့်ပတ် သက်၍ ပညာရှင်တို့ဝေဖန်ကြသည်မှာ “လူတိုင်းဘုရားဖြစ်မည်ဆိုလျင် ဘယ်သူ့ကို ကယ်တင်နေဖို့ လို သေးသနည်း၊ အားလုံးပင် ဘုရားများဖြစ်နေပြီ၊”ဟု ဖြစ်ပါသည်၊၊ မည်သို့ဆိုစေ ယနေ့အထိ “မဟာယာန ဗုဒ္ဓဘာသာ”သည် ကမ္ဘာ့ဘာသာကြီးတစ်ရပ်အနေဖြင့် နိုင်ငံများစွာက လက်ခံယုံကြည်သော “ဘာသာ ကြီး”တစ်ခုပင် ဖြစ်ပါသည်၊၊
“ပဉ္စမသင်္ဂါယနာ”
သာသနာတော်နှစ် ၂၄၁၂ခု၊ (A.D.1872)တွင်၊ မြန်မာနိုင်ငံ၊ မန္တလေးမြို့၌၊ အရှင်ဇာဂရာဘိဝံသ၊ နရိန္ဒာ ဘိဓဇသီရိသဒ္ဓမ္မ ဇောတိပါလ၊ အရှင်သုမင်္ဂလသာမိတို့ကဦးစီးပြီး၊ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ကြပါသည်။
မင်းတုန်းမင်းကြီးက သင်္ဂါယနာစည်းဝေးပွဲကြီးကို ထောက်ပံခဲ့ပါသည်၊၊ သံဃာတော် (၂၄၀၀)တက်ရောက်ပြီး၊ (၇နှစ်၊ ၆လ၊ ၁၅)ရက်မျှကြာအောင် စည်းဝေးရသည်ဟု ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို ကျောက်ပြားများပေါ်တွင်ထွင်း၍၊ မြန်မာအက္ခရာအရေးအသားဖြင့် ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါသည်၊၊
တိပိဋကကျမ်းစာများကို ထွင်းထု၍ကျောက်အက္ခရာတင်သော ကျောက်ပြားကြီးများမှာ အမြင့်(၅၂)ပေစီနှင့်၊ အကြယ် (၃၁)ပေစီမျှရှိပြီး၊ အထူ(၅)လက်မစီ ဖြစ်ကြပါသည်၊၊
ပဉ္စမသင်္ဂါယနာတွင် ကျောက်ထက်အက္ခရာတင်ထားခဲ့သော ကျောက်ချပ်ရေ (၇၂၉)ချက်ကို ယနေ့တိုင် မန္တလေးမြို့၊ မန်းတောင်ခြေ၊ ကုသိုလ်တော်ဘုရားဝိုင်းအတွင်းတွင် စေတီငယ်(၇၂၉)ဆူထဲတွင် ထည့်သွင်း၍ထားသည်ကို ယနေ့တိုင်ဖတ်ရှု လေ့လာနိုင်ပါသည်၊၊
“ဆဋ္ဌသင်္ဂါယနာ”
သာသနာတော်နှစ်-၂၄၉၈တွင်၊ (A.D.1954)တွင် ညောင်ရမ်းဆရာတော်ဘဒ္ဒန္တရေ၀တဦးစီး၍၊ ဆဋ္ဌသင်္ဂါယနာ ကို မြန်မာပြည်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလှိုဏ်ဂူအတွင်း တင်ခဲ့ကြပါသည်၊၊
မဟာစည်ဆရာတော်နှင့် ဦးဝိစိတ္တသာရာဘိဝံသတို့က သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၂၅၀၀)တက်ရောက်ခဲ့သည်ဟု ဆိုပါသည်၊၊ နိုင်ငံတော်သမ္မတ ဦးဘဦး၊ ၀န်ကြီး ချုပ်ဦးနုနှင့် ဆာဦးသွင်တို့က စည်းဝေးပွဲကြီးကို ထောက်ပံ့ကူညီလှုဒါန်းခဲ့သည်ဟု လေ့လာရပါသည်၊၊
ဆဋ္ဌသင်္ဂါယနာစည်းဝေးပွဲကြီးသို့ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား ထေရ၀ါဒလေးနိုင်ငံတို့မှ ပါဠိပညာရှင်များ တက်ရောက်ကြောင်း မှတ်တမ်းများအရ သိရသည်၊၊ ဤသင်္ဂါယနာမှစတင်၍ ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပေစာ၊ ကျောက်စာအရေးအသားအဖြစ်မှ စာအုပ်အရေးအသားသို့ အက္ခရာအစဆုံးတင်ခဲ့ကြပါသည်၊၊
ဆဋ္ဌသင်္ဂါယနာပွဲကြီးအပြီးတွင် ထေရ၀ါဒငါးနိုင်ငံတို့က ပါဠိပညာရှင်တို့သည် ဗုဒ္ဓစာပေတစ်ရပ်လုံးအား မိမိတို့ နိုင်ငံသုံးဘာသာစကား အရေးအသားဖြင့် စတင်ပြီးစာအုပ်များရိုက်နှိပ်ဖြန့်ဝေကာ ကျောင်းများ၊ တက္ကသိုလ် များတွင် ထည့်သွင်း၍သင်ကြား စေကြပါသည်၊၊ ဤသည်ကိုသုံးသပ်သော် ဗုဒ္ဓရှင်တော်လွန်တော်မူအပြီး နှစ်ပေါင်း (၂၅၀၀)ကျော်မှ ဗုဒ္ဓရှင်တော်၏ဟောပြော သင်ကြားချက်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ကြ သည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊
ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများမှာ-ပိဋကအားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့်ငါးရပ်၊ စုစုပေါင်း (၅၂)ကျမ်းရှိသည်။ ဆဋ္ဌသင်္ဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း (၄၀) ရှိသည်။ စာမျက်နှာပေါင်း (၈၀၂၅)ရှိ ပါသည်၊၊
ဆဋ္ဌသင်္ဂါယနာတွင် ပါဠိတော်အုပ်ရေ(၄၀)၊ အဋ္ဌကထာအုပ်ရေ(၅၁)၊နှင့် ဋီကာအုပ်ရေ(၂၆)တို့ကို ကဏ္ဍများခွဲ၍ တည်းဖြတ်၊ သုတ်သင်၊ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြသည်ဟု သင်္ဂါယနာတင် မှတ်တမ်းအရ သိရပါသည်၊၊
ယ္ခုအခါ ဗုဒ္ဓရှင်တော် လွန်တော်မူသည့်နေ့မှစ၍ရေတွက်လျင် နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သည်၊၊ နှစ်ပေါင်း (၂၅၀၀)ကျော်ကျော်အတွင်း ဖြတ်သန်းခဲ့ရသည့် ဗုဒ္ဓဘာသာကြီးသည် အခက်ခဲပေါင်းများစွာ၊ ပြိုကွဲမှုပေါင်းများစွာ၊ ပြုပြင်မှုပေါင်းများစွာတို့ဖြင့် ရပ်တည်ခဲ့ရလေသည်၊၊
အမှန်စင်စစ် ဗုဒ္ဓစာပေနှင့် ကျင့်စဉ်များသည် တကယ်စနစ်တကျလေ့လာပြီး၊ အသုံးချ ကျင့်ကြံကြည့်မည်ဆို လျင် လက်တွေ့လူနေမှုဘ၀နှင့်၊ အနာဂတ်ဘ၀များအတွက်ပါ အထက်တန်းကျကျ ကောင်းစားပြီး၊ အကျိုးရှိမည်မှာ မလွဲပါ၊၊ ကမ္ဘာ့ဘာသာစာပေပေါင်းများစွာကို လေ့လာကြသော ဘာသာရေးပညာရှင်များ ကလည်း ဗုဒ္ဓစာပေနှင့် အလေ့အကျင့်များသည် လက်တွေ့ကျပြီး၊ ဘ၀ငြိမ်းချမ်းမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းမှုကို ဖော်ဆောင်ရာတွင် အမှန်တကယ်အသုံးဝင်ကြောင်း ပြောဆိုသည်ကို တွေ့ရပါသည်၊၊
အထူးအားဖြင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ဘာသာကြီးများအထဲတွင် စာပေအကြွယ်ဝဆုံးနှင့်၊ နူးညံ့မှုအရှိဆုံးဖြစ် ကြောင်း ထောက်ခံပြောဆိုကြပါသည်၊၊ သင်္ဂါယနာခြောက်ကြိမ်စီစစ်ထားသော ဗုဒ္ဓစာပေများအထဲတွင် နယ်ပယ်မျိုးစုံအတွက်အသုံးချနိုင်သော လမ်းညွန်ချက်များစွာပါရှိသည်ကို တွေ့ရသည်၊၊
ဗုဒ္ဓဘာသာအတွင်း ဂိုဏ်းကြီးများအဆင့်ဆင့် ကွားပြားသွားကြပုံကို လေ့လာသောအားဖြင့် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးတွင်သာမက၊ ဘာသာရေးတွင်ပါ အတွင်းပိုင်းအားဖြင့် မညီမျှမှုများ၊ အခြေအတင်အငြင်း အခုံများ ရှိနေတတ်ကြောင်းကို လေ့လာမိမည်ဖြစ်သည်၊၊ ဤသို့သောဖြစ်စဉ်များမှာလည်း ဘာသာတိုင်းတွင် ရှိနေမည်မှာ မလွဲပါချေ၊၊
ဤတွင် အရှင်ရေးသားတင်ပြအပ်သည့် “ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများ ပေါ် ပေါက်လာပုံကို သင်္ဂါယနာသမိုင်းရှုဒေါင့်ဖြင့်သုံးသပ်မှု” အတိုင်းအတာတစ်ခုအထိပြည့်စုံပြီဟု ယူဆပါသည်၊၊ လုံးဝပြည့်စုံသည်ဟုကား မဆိုလိုပါ၊၊ “လိုအပ်သူများအတွက် လမ်းစပေးရုံမျှ ပေးစွမ်းနိုင်သည်ဆိုလျင်ပင် အရှင်၏အားထုတ်ရကျိုးနပ်ပြီဟု ကျေနပ်ရပါမည်၊၊”
စင်စစ် ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများအကြောင်းကို သင်္ဂါယနာသမိုင်းကို မလေ့လာဘဲ သိရှိရန်မဖြစ်နိုင်ချေ၊၊ ထို့ကြောင့် သင်္ဂါယနာသမိုင်းကို ကျောရိုးသဖွယ်ပြု၍ အရှင် တင်ပြလိုက်ရပါသည်၊၊
အမှန်မှာ သင်္ဂါယနာသမိုင်းကို လေ့လာသိရှိခြင်းသည် ဗုဒ္ဓဘာသာကို လေ့လာသိရှိခြင်းပင် ဖြစ်ပါသည်၊၊ သင်္ဂါယနာသမိုင်းမသိဘဲ ဗုဒ္ဓဘာသာကို သိရှိရန်လည်း မဖြစ်နိုင်သော အခြေအနေပင်ဖြစ်ပါသည်၊၊ ဤသို့သော ဟာကွက်များကို ဖြည့်ဆည်းသောအားဖြင့် အရှင် ဤစာတမ်းကိုရေး သားလိုက်ရခြင်း ဖြစ်ပါသည်၊၊
အရှင်၏ရေးသားချက်များထဲတွင် အမှားများ၊ လိုအပ်မှုများ ရှိနေခဲ့သော် စာဖတ်သူများအနေဖြင့် ပြင် ဆင်အကြံပေးကြမည်ဆိုလျင် အရှင်မှ ၀မ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်ပါသည်၊၊ သမိုင်းကိုတင်ပြ သည့်အခါ အရှိကိုအရှိအတိုင်းတင်ပြရသည့်အတွက် ပျော့ကွက်ဟာကွက်များကို တင်ပြမိသည့်အခါ များရှိကြောင်းကို ၀န်ခံရပါမည်၊၊
“အလင်းစက်”သို့ စာဖတ်သူများကို အရှင့်အနေဖြင့် “ရွှေနှင်းဆီဘယ်မည်ပေး၊ မွှေးမပျက်ရှိမည်သာ၊ မည်နာမာလိုရာရွေး၊ ရေးမကြီးပါ၊၊”ဟူသည့် ကဗျာဆောင်ပုဒ်တွင် ပါဝင်သည့်အတိုင်း “ဂိုဏ်းအမည်များကိုဖျောက်ဖြက်၍ စစ်မှန်သောဗုဒ္ဓရှင်တော်၏ ဟောပြောသင်ကြားချက်များကို ကိုယ်တိုင်ကိုယ်ကြ လေ့လာ၊ ဆည်းပူး၊ သင်ယူကြပြီး၊ လိုအပ်သည့် ဘ၀ငြိမ်းချမ်းမှု၊ သံသရာချမ်းသာမှုများကို ရရှိကြပါစေကြောင်း “အလင်းစက်အရှင်” ဆန္ဒပြုလိုက်ပါသည်၊၊”
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရီလင်္ကာနိုင်ငံ
(၁၅.၄.၂၀၁၁)
(မှတ်ချက်/ စူဠ၀ဂ္ဂပါဠိ-ပဉ္စသတိကခန္ဓက၊သတ္တသတိကခန္ဓက၊ The Hertigate of the Bhikkhu,by Dr.Walpola Rahula. What the Buddha Taught, by Rahula. သင်္ဂါယနာသမိုင်းစုံ၊ 250 Journey of Buddhism.The Spectrum of Buddhism,by Piyadassi. တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားပါ သည်၊၊)
Posted by အလင်း စက် at 3:41 AM 3 comments
Monday, April 18, 2011
သီရီလင်္ကာနိုင်ငံ မြန်မာသံဃာတော်များ၏ နှစ်သစ်ကူး
သီရိလင်္ကာနိုင်ငံ တက္တသိုလ်အသီးသီးတွင်တက်ရောက်လျက် ပညာသင်ကြားလျက်ရှိသော အလင်းစက်အရှင်နှင့်အတူ ညီတော်နောင်တော်သံဃာတော်များ ၁၃၇၃ခုနှစ်၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်များ၊ ဘူးသီးကျော်၊ မြင်းခွာရွက်ကျော်များကို သံဃာတော်များကိုယ်တိုင်ကျော်၍၊ မြတ်စွာဘုရားရှင်အား ဆက်ကပ်ခြင်း၊ သံဃာတော်၂၀၀ ကျော်အားလှူဒါန်းခြင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား ရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းကုသိုလ်များကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ပုံများကို အလင်းစက်စာဖတ်သူများသို့ ကြည်နူးပီတိဖြစ်စေရန် တင်ပေးလိုက်ပါသည်၊၊
Posted by အလင်း စက် at 8:10 AM 0 comments
Saturday, April 2, 2011
ဘ၀အောင်မြင်နည်း(၄)မျိုး


၁၃၇၃ခုနှစ်၊ နှစ်သစ်ကူးသင်္ကြန်အမှတ်တရအဖြစ် အရှင် ယ္ခုစာတမ်းလေးကို ရေးသားတင်ပြအပ်ပါတယ်၊၊ နှစ်သစ်မှာ အောင်မြင်မှုအပေါင်း၊ စိတ်ချမ်းသာမှုအပေါင်း၊ ပျော်ရွှင်မှုများစွာတို့နှင့် ပြည့်စုံကြပါစေလို့ အရှင် မေတ္တာပြုလိုက်ပါတယ်၊၊
ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊တို့ဖြစ်ကြပါတယ်၊၊
"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့စွမ်းရည်လို့ ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ် ကြီးနှင့်အတူ၊ဒေ၀ဒတ်ရဲ့လုပ်ကြံမှု၊ဆင်ကြမ်းကြီးရဲ့ရန်ကနေလွတ်ခဲ့တာပါ၊၊
"ကိုယ်ကျင့်တရားဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည် လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့စကားတခုဖြစ် ပါတယ်၊၊
စဉ်းစားဖို့ကောင်းတာက "ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက်
မကောင်းဘူး"ဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလို လုပ်တတ်သူတွေဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊
ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့လက်နက် တစ် မျိုးဆိုတာကိုယုံရမှာဖြစ်ပါတယ်၊၊
"ပေးကမ်းရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ "သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီး အတွက်ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊"
ဒီလိုဆိုရင်"လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊" စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ဆိုရမှာပါ၊၊ ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့ အကြွေးကိုပြန်လည် ပေးဆပ်ရာ
ရောက်ပါတယ်၊၊
နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊)၊၊ လောကကြီးမှာက လည်း ကြည့်လိုက်ရင် နှမျောတတ်၊ တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာရက်ရော ပေးကမ်း တတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှရနိုင်ပါတယ်၊၊
ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့်နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော် ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများကချစ်လျင် သူတော်ကောင်း များ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊
"အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊ လူတယောက်စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊
တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့
အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊
ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြား ထားပါတယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာ ဘုရားရှင် မိန့်တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊ အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊
အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာ ပညာတတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလိုအလေးထား တာကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့
တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊
ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီး ဆိုပါတော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် တွေနဲ့ နှီးနှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါပါတယ်၊၊
ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအ ရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊
မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိကလေးလေးနက်နက် အမှန်ကို ပြောဆိုခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေး ပါကြောင်းကို ပါဠိစာပေနေရာများစွာမှာ လေ့လာရပါတယ်၊၊
သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကိုမဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့အလေ့ကို သစ္စာပါရမီလို့နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲ ကြောင်းပြောနေဖို့ မလိုပါဘူး၊၊
ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်စေတယ် ဆိုတာလောက်ကို စကားအရာပင် ပြောနေဖို့မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊
အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာတို့ဖြစ်ပါတယ်၊၊
ဒီလေးမျိုးသာ မိမိမှာရှိမယ်ဆိုရင် လိုချင်တာကိုရပါတယ်၊၊ ဘုရားတောင်မှဖြစ်စေတဲ့နည်းတွေ ဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများလောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊
ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်တတ်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှရေရေရာရာ မပြည့်စုံသေးလို့ဆို တာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊
စာဖတ်သူများ မင်္ဂလာရှိတဲ့ ၁၃၇၃၊ခုနှစ်သစ်ရဲ့၊ နှစ်သစ်ကူးမှာ ဘုရားရှင်ပေးတဲ့ အောင်မြင်နည်းလေးမျိုးကို လေ့လာသိမှတ်၊ ကျင့်ကြံသောအားဖြင့် ဘ၀မှာအောင်မြင်ပြည့်စုံသူများ ဖြစ်ကြပါစေ၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂.၄.၂၀၁၁)
Posted by အလင်း စက် at 12:22 AM 0 comments
"အလင်းစက်"ဆိုက်တွင် လစဉ်အလိုက်တင်ခဲ့ပြီးသမျှ စာတမ်းနှင့်၊ဆောင်းပါးများ ဖတ်ရှုရန်--
မလေးရှား ရွှေမြန်မာများ၏ ပညာဒါန
မြန်မာ့အလှ ပုဂံဒေသ
ဆုတောင်း၊၊
|
|
မယ်တော်မာယာ အိပ်မက်ခန်း
ဘုရားအလောင်းတော်
ဂေါ-ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ
လေးတင်ခန်း
ယသောဓရာနှင့် ထိမ်းမြားခန်း
ဆံတော်ပယ်ခန်း
ဒုက္ကရစရိယကျင့်ခန်း
သုဇာတာ ဃနာနို့ဆွမ်း
ဘုရားဖြစ်ခန်း
Sri Lanka timezone
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရွှေတိုင်များ ထောက်ထားပုံ
ဓမ္မစင်္ကြာဟောခန်း
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
သမ္မတကြီး ပူဇော်နေစဉ်
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရာဟုလာအမွေတောင်းခန်း
moon stone
Alms contribution bowl for monks
Srilanka Arts
မဟာစေတီ၊ သီရိလင်္ကာ၊
B.C.4 century.
သီဟိုဠ်-စွယ်တော်
စွယ်တော်စစ် (သီရိလင်္ကာ)
မြန်မာ-ပြက္ခဒိန်
Srilanka Arts
Srilanka Arts
mountain inscription
Srilanka Arts
Srilanka Arts
Srilanka Pagoda Style
about 2000 years ago,Srilanka
To get Myanmar Font
ကလျာဏီကျောက်စာ(သီရိလင်္ကာ)
မဟာစေတီ၊ သီရိလင်္ကာနိုင်ငံ၊
B.C.4 ရာစု၊၊
My Motto
view
မြတ်စွာဘုရား ပွင့်တော်မူခဲ့သော မဟာဗောဓိပင်(အစစ်)
စွယ်တော်တိုက်
စွယ်တော်တိုက်ခန်း
Shwetigon Pagoda
Indonesia
borobudur in indonesia
8 century A.D.
THINKING
ပန်းချီများ ခံစားကြည့်ပါ
ပတ္တမြားရွှေဂူ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
သီတဂူသိမ်တော်
ဖွားတော်မူပုံ
သစ်ပင်
|
|
"အလင်းစက်"သို
အရှင်ကေ၀လ(အလင်းစက်)သည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက်-
University of Kelaniya နှင့်၊
Buddhist and Pali University of Sri Lanka-တို့တွင် ပညာသင်ကြားလျက်ရှိပါသည်၊၊
အလင်းစက်အရှင်နှင့် ဗုဒ္ဓစာပေများ၊ အထွေထွေသိလိုသည်များ အကြံပြု ဆွေးနွေးလိုပါက အောက်ပါအီးမေးမှ မေးမြန်း၊ အကြံပြု၊ ဆွေးနွေးနိုင်ပါ သည်၊၊
"အလင်းစက်"ဆိုက်တွင် ရေးသားတင်သမျှကို ဝေဖန်အကြံပြု၊ အမှားထောက်ပြလျင်လည်း "အလင်းစက်အရှင်"မှ ကျေးဇူးတင်မည် ဖြစ်ပါသည်၊၊ ပညာဖြင့် ဘ၀ကို အလှဆင်နိုင်သူများဖြစ်ကြပါစေ၊၊
Email- ashinkevala01@gmail.com
Ashin kevala
Makutarama Myanmar Temple,
Dematagoda road, No-284, Colombo-09, Sri Lanka country.
Ph: +94 757 199 820/ +94 758 083 916
အသားထွင်းပန်းချီ(သီရိလင်္ကာ)
Open Air Theatre
Peradeniya University,Sri Lanka
စေတီပါဒတောင်
ရှေးဟောင်းစောင်းတန်း(သီရိလင်္ကာ)
မြန်မာ စံတော်ချိန်
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
လေ့လာသူများ
Yapahuwa
ကြည့်သင့်သော ဆိုက်များ
- Sitagu Web-Page
- Burma meditation center for foreigners
- ဦးကုမာရ စာအုပ်စင်
- Oliver dhamma
- မောက္ခပညာရေး မဂ္ဂဇင်း
- ဆရာတော် ဦးသီရိန္ဒ၏ ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း-၂
- ဆရာတော် ဦးသီရိန္ဒ၏ နေ့ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း
- ဆရာတော် ဦးသိရိန္ဒ၏ ဆွမ်းအလှူဓာတ်ပုံမှတ်တမ်း
- အိပ်မက်လှိုင်းစာအုပ်တိုက်
- စကားဝါမြေစာကြည့်တိုက်
- ရှေးမြန်မာ
- Burmeseclassic(movies, songs, and news)
- ten basics of meritorious action(book)
- တရားတော်များ ဒေါင်းလော့လုပ်ရန်
- နိုင်ငံအသီးသီးမှ မြန်မာကျောင်းတိုက်များ
- မြန်မာ့အလင်းသတင်းစာ
- Nibbana.net
- Myanmar Ebooks
- မင်္ဂလာသတင်းစဉ်
- ဦးကေလာသ၏ ဓမ္မအဖြေစာတမ်းများ
- ပါချုပ်ဆရာတော်ကြီး
- ကဗျာဝါသနာရှင်များအတွက်-ဗေဒါလမ်း ကဗျာစုစည်းမှု
- သီတဂူဆရာတော်၏ တရားတော်များ နာယူရန်
- What a Buddha Taught net
- What the Buddha Taught
- Tipitaka quotation
- ဓမ္မပဒပါဠိ+English
- Dictionary of Pali Proper names
- Paccuppan Kamma Vada books
- Pitaka knowledge into English
- တိပိဋက မြန်မာပြန်
- ပီနန်ကျောင်းကြီး
- ဦးပုည၀ံသ
- မနာပဒါယီဆရာတော်
- Sitagu Star
- သဒ္ဓမ္မရံသီတရားတော်များနာယူရန်
- ဓမ္မဥယျာဉ်ဆရာတော်
- ဆဌမူ တိပိဋကပါဠိတော်
- မြန်မာပြန် တိပိဋက
- A study of the Concept of the Paccekabuddha by Ria Kloppenborg
- B.P.U. university in Srilanka
- ဒေါက်တာနန္ဒမာလာ.အဘိဓမ္မာပို့ချချက်များ
- Abhidhamma in Practice(book)
- ဒေါက်တာ ရေ၀တဓမ္မ စာအုပ်
- မြန်မာသတ်ပုံကျမ်း
- စွယ်တော်ဆိုက်(သီရိလင်္ကာ)
- ယဉ်သင်းအိ တရားဆိုက်
- ရဝေနွယ်(အင်းမ)
- B.P.S.Publication
- Tipitaka Atthakatha in Sinhala
- Tipitaka Pali in Sinhala
- Dhamma Download
- "အလင်းစက်"မိသားစုကမ္ဘာ
- ဦးကုသလသာမိ
- ဦးသီလာနန္ဒ၏ အဘိဓမ္မာပို့ချချက်များ
- ပရိတ်ကြီး(၁၁)သုတ်
- မိုးကုတ်ဝိပဿနာလေ့လာ၊ နာယူလိုသူအများအတွက်
- စွယ်တော်တိုက်(သီရိလင်္ကာ)
- မီးပြတိုက်
- Light of Buddha Dhamma foundation
- English Dhamma
- Eleven Media Group
- Top side 50
- ချယ်ရီမြို့တော်စာအုပ်စဉ်
- Dhamma Ebooks
- English learning
- မြန်မာ တရား၊ ရုပ်ရှင်၊
မျက်ဖြေ၊၊ ၊၊
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
အမျိုးအစား
- article (33)
- myanmar books (1)
- notes (2)
- poem (3)
စာမှတ်စု
|
|
Followers
အတွေး
Arts
Arts
ancient India at the time of the Buddha
room library
Panna sama abha natthi.
အလင်း စက်
အလင်း စက်- စာအုပ်စဉ်
+ ပေထက်အက္ခရာတင် နောက်ကျပေမယ့်
+ ဘာသာကြီးလေးခုအနှစ်သာရ
+ သင်္ဂါယနာ
+ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
+ Ashin Mahakassapa
+ Ashin Ananda
+ မိုးနဲ့ မြေ
+ Nibbana and Theravada perpective,Dr,Dhammapiya
+ နိဗ္ဗာန် (ဒေါက်တာမ္မပီယ)
1 .Ph,D Thesis by Dr.Dhammasami
2 .Dr.Dhammasami
3 .Dr.Dhammasi
4 .Dr.Dhammasami
5 .Dr.Dhammasami
6 .Dr.Dhammasami
7 .Dr.Dhammasami
8 .Dr.Dhammasami
9 .Dr.Dhammasami
+ ၀ိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်)
+ သြကာသဋီကာ
+ ၀ိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်)
+ နိဗ္ဗာန် (ပါရဂူ)
+ ကစ္စည်းသဒ္ဒါကြီး (အင်္ဂလိပ်ဘာသာပြန်)
+ Getting Ph.D
+ တိပိဋကလမ်းညွန် (ဦးကိုလေး)
+ King Asoka and Buddhism
+ မြန်မာစာပေတိုက်ပွဲကြီးများ အကြောင်း (မေမြို့ မိုးကြည်)
+ Pali Roots in Saddaniti (Dr.Silananda)
+ 2.Pali Roots in Saddaniti (Dr.Silananda)
+ လွမ်း (တက္ကသိုလ်ဘုန်းနိုင်)
+ လွမ်းတေးမဆုံးစေနှင့် စောနန်းသခင် (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးည အိပ်မက်မြူ (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာ (တက္ကသိုလ်ဘုန်းနိုင်)
+ ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)
+ နွေကန္တာဦး (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးတွေရွာမှဖြင့်လျင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
+ မောင့်ဘ၀ ညအလားကွယ် (တက္ကသိုလ်ဘုန်းနိုင်)
တန်ခူးလေနှင့်လျောတော့သည်(တက္ကသိုလ်ဘုန်းနိုင်)
+ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့်၊ ရာဇာဓမ္မသင်္ဂဟကျမ်း
+ နှင့်ငွေ့တထောင့် မိုးတမှောင့် (တက္ကသိုလ်ဘုန်းနိုင်)
+ ၀သန်လေချိန် မှန်ကူး (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာဆရာ၏ ရိုးဖြောင့်မှု (ဒဂုံတာယာ)
+ History of Srilanka
+ ပါရမီဒီပနီ(လယ်တီ)
+ သမ္မာဒိဌိဒီပနီ(လယ်တီ)
+ ဥတ္တမပုရိသဒီပနီ(လယ်တီ)
+ ဗုဒ္ဓအံတော်သမိုင်း
+ တင်မိုးအမှတ်တရ
+ နိယာမဒီပနီ(လယ်တီဆရာတော်)
+ ဗုဒ္ဓဘာသာအနုပညာ(တိုက်စိုး)
+ မေတ္တသုတ်(ဦးသုခ)
+ Abhidhamma Research Study(Nyanaponika)
+ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)
+ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဖျိမဒေသ(U kelasa)
ညီတော်အာနန္ဒာ၏ ဘ၀တသက်တာမှတ်တမ်း.ဒုတွဲ
+ ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဦးအောင်ညွန့်ဝင်း)
+ ပါဠိစာပေ သမိုင်း(ဒေါ်အုန်း)
+ ကိုရမ်ကျမ်း
+ ၃၇ မင်း(ဦးဖိုးကျား)
+ ဗောဇ္ဖျင်ခုနှစ်ပါးတရာတော်(သပြေကန်ဆရာတော်)
+ သပြေညို(မင်းသုဝဏ်)
1. အဘိဓမ္မာသင်ကြားပို့ချချက်(ဦးသီလာနန္ဒ)
+ Abhidhammasamuccaya by Asanga (Walpola Rahula)
+ Kusala in Canon and Commentary
+ Writing Thesis(24.9.2010)
+ A study of Moegoke meditation method
+ Research Project,how to write it
+ Patthanuddesadipani
+ Roots,good and evil
+ Dhamma Theory(Y.Karunarasa)
+ Molecular cousciousness of Theravada
+ နိဗ္ဗာနဒီပနီ
+ အနတ္တဒီပနီ
+ အာနာပါနဒီပနီ
+ ဥရောပဒီပနီ
+ ၀ိပဿနာဒီပနီ
+ စတုသစ္စဒီပနီ
+ လက္ခဏဒီပနီ
+ နိဗ္ဗာန်အမေးဖြေဒီပနီ
+ လယ်တီတရားဟော
+ ဗောဓိပက္ခိယဒီပနီ
+ သရဏဂုဏ်ဝိနိစ္ဆယ
+ ဘာဝနာဒီပနီ
+ Mudita(Nyanamolika)
+ The Buddha and his Teaching
+ Process of consciousness and matter in Abhidhamma(Dr.Revatadhamma)
+ Scientific Base of Consciousness of Abhidhamma
+ Woman in the Modern Society
+ သိင်္ဂါလောဝါဒသုတ်(English)
+ Rupa in Abhidhamma
+ Process of consciousness and matter(Dr.Revatadhamma)
+ ၀ိမုတ္တိမဂ္ဂပါဠိ
+ Samatha and Vipassana in Theravada Abhidhamma
+ Study of Meditation
+ Mindfulness in Pali Nikaya
+ Mission Accomplishment
+ Two Truth in Abhidhamma
+ Unanswered Quesions (Dr.Karunarasa)
+ Kusala in Pali Canon
+ Including Reflecting
+ Analysis of Punna and Kusala in Pali Nikaya
+ History of Mindfulness in Mahasatipatthana Sutta
+ Manual of Abhidhamma
+ A study of Meditation Method
+ Milinda Panha(Manava)
+ What the Buddha believe
+ Bhikkhuni Sasana
+ Sanskrit English Dictionary
+ Venerable Ananda
+ A study of Mahasatipatthana Sutta on meditation technique By Dr.Asacha
+ The socia-political dimensions of Theravada Buddhism By Dr.Indaka
+ ၁၂ လရာသီ ပွဲတော်များအကြောင်း(ဒေါ်ခင်မျိုးချစ်)
+ အရိပ်(မစန္ဒာ)
+ ပါဠိစာပေ
+ the guide of Vipassana
+ Vedananupassa
+ သုတေသန သရုပ်ပြအဘိဓာန်(ဗျာပုံတိုက်သစ် ဆရာတော်)
+ မြန်မာပြည်မှ ဒေါက်တာဘွဲ့သံဃာတော်များ စာရင်း(ဒေါက်တာနန္ဒက)
+ မိုးကုတ်ဆရာတော် တဘ၀သံသရာ(ဦးဃောသိတ)
+ The notion of Ditthi in Theravada Buddhism
+ Hand book of Pali literature(Hinnuber)
+ Causality.Central Philosophy of Buddhism
+ myanmar religion
+ metaphor and literalism by Soonil Hwang
+ Sammasati by Ven P.A.Payutto
+ ဗုဒ္ဓဘာသာအထွေထွေဗဟုသုတ(ဦးချစ်မောင်(စိန္တာမဏိ)
+ origin of buddhist meditation by Alexander wynne
+ the theravada polity of Burma by John.H. Badgley
+ Rebirth and Gandhabba by Steffens
+ Major World Religions by Lloyd Ridgeon
+ Therigatha:Women in the footsteps of the Buddha by Kathryn R.Blackstone
+ အာနာပါနဒီပနီ(လယ်တီဆရာတော်)
+ ဒါနာဒိဒီပနီ(လယ်တီဆရာတော်)
+ ထေရာဝါဒဗုဒ္ဓဘာသာ(ဦးဧသက)
+ ပရိတ်(၁၁)သုတ်၊ ပါဠိ+မြန်မာ
+ ရှေးဟောင်း မြန်မာကျောက်စာများ-ဒုတွဲ(ဦးငြိမ်းမောင်)
+ စာကြည့်တိုက်နှင့် သုတမယစာစောင်
+ ရာဇကုမာရ်
+ မြစ်တို့၏ မာယာ(ဂျူး)
+ နိုင်ငံခြားကဗျာ ခံစားမှု(မောင်သာနိုး)
+ ရှင်စောပု(ချစ်ဦးညို)
+ ဘ၀ခရီးသည်(ပါရဂူ)
+ ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိမ်း)
+ စာရေးခြင်း အတတ်ပညာ(မြသန်းတင့်)
+ မြန်မာရှေးဟောင်းကျောက်စာများ(ဦးငြိမ်းမောင်)
+ ရာဇာဓိရာဇ်အရေးတော်ပုံ(Dr.နိုင်ပန်းလှ USA)
+ Buddhism in myanmar by roger bischoff
+ သားတော်ရာဟုလာ(ပါရဂူ)
+ ပထမမြန်မာစာရေးဆရာကြီးများ(မင်းယုဝေ)
+ မှန်နန်းရာဇ၀င်-အင်္ဂလိပ်ဘာသာပြန်
+ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း(ဦးကေလာသ)
ME
သီရိလင်္ကာနိုင်ငံ စွယ်တော်တိုက်ရှေ့
အလင်း စက်စာအုပ်စဉ်(၂)
3. လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယ (သာသနာရေး ဦးစီးဌာန)
4. ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့စားကြီး)
5. အိန္ဒိယသာသနာသမိုင်း (ဦးမြင့်ဆွေ)
6. ရာဇကုမာရ (ချစ်ဦးညို)
7. မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား (ဒေါ်စွမ်းကြည်၊ ဘွဲ့ယူကျမ်းစာ)
8. မြန်မာဆိုတာ (ဒေါက်တာသန်းထွန်း)
9. ရာဇာနှင့်သာသနာ (ပါရဂူ)
10. ဗုဒ္ဓဓမ္မအနှစ်ချုပ် (ဦးကေလာသ)
11. သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)
12. ဘ၀ခရီးသည်(ပါရဂူ)
13. ယောနသန်ဇင်ယော်()
14. ရင်သားကင်ဆာသုတေသန(ပါမောက္ခ မင်းဓာတု)
15. ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်
16. ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
17. နွမ်းလျအိမ်အပြန်(ကြည်အေး)
18. အမွေ(အောင်သင်း)
19. မြန်မာ့မဟာဂီတ(လူထုဒေါ်အမာ)
20. မြန်မာစာ မြန်မာမှုကိုပြုစုပျိုးထောင်ခဲ့ကြသူများ
21. ဂျူး၏၀တ္ထုတို ၃၆ပုဒ်
22. ကန့်ကူလက်လှည်(အောင်သင်း)
23. စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်များ(မောင်ဇေယျာ)
24. Pali commentarial Literature
25. A history of Pali Literature
26. သပြေညို(မင်းသုဝဏ်)
27. ပါဠိစာပေသမိုင်း(မေဘယ်)
28. မြန်မာဝတ္ထုတို ၁၀၀
29. Theravada exegetical literature,Atthakatha and Tika
30. အကြိုက်ဆုံးဝတ္ထုတိုများ
31. အမ္ဗပါလီ(ပါရဂူ)
32. ပိတောက်မြေဆောင်းပါးပေါင်းချုပ်
33. ပန်းမြိုင်လယ်က ဥယျာဉ်မှူး
34. စိမ်းနေအုံးမည့် ကျွန်တော့်မြေ
35. စစ်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
36. အဘိဓမ္မာသင်ကြားပို့ချချက်-2- ဦးသီလာနန္ဒ
37. အဘိဓမ္မာသင်ကြားပို့ချချက်-၃- ဦးသီလာနန္ဒ
38. အဘိဓမ္မာသင်ကြားပို့ချချက်-၄- ဦးသီလာနန္ဒ
39. အဘိဓမ္မာသင်ကြားပို့ချချက်-5- ဦးသီလာနန္ဒ
40. 2009 ပညာသင်နှစ်တွင်၊ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ Master of Arts=မဟာဝိဇ္ဇာဘွဲ့ ခံယူကြမည့်မြန်မာသံဃာတော်များ ဘွဲ့ယူအခန်းအနား
41-မဟာဂီတ(လူထုဒေါ်အမာ)
ကုမုဒြာကြာ
srilanka national logo
Srilanka Map
သီရိလင်္ကာနိုင်ငံတော်အလံ
1972
ကလျာဏီမြစ်(သီရိလင်္ကာနိုင်ငံ)
(15.8.2010) အမှတ်တရ၊၊