Monday, December 5, 2011

အမျိုးသ္မီးများ၏ နေရာ၊၊ ၊၊



အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရားအလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊



ဟိန္ဒူဘာသာ၊


ခရာစ်ယာန်ဘာသာ၊


ဗုဒ္ဓဘာသာ၊


မူစလင်ဘာသာ၊ အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာ ကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ်မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့ မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့်သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာ ပေ အထောက်အထားများဖြင့် ဖော်ပြမည်ဖြစ်ပါသည်၊၊



ကောသလမင်းကြီးသည် တစ်နေ့သောအခါ ဗုဒ္ဓရှင်တော်အထံသို့ ရောက်လာခဲ့သည်၊၊ ဗုဒ္ဓနှင့် စကားပြောနေစဉ် အမတ်တစ်ဦးရောက်လာပြီး၊ ကောသလရှင်ဘုရင်ကို နားနားကပ်၍တီးတိုး လျောက် တင်လိုက်သည်၊၊ မင်းကြီးသည် သတင်းစကားကို ကြားလိုက်ရသောအခါ မျက်နှာမသာမယာဖြစ် သွားသည်၊၊ ဗုဒ္ဓရှင်တော်မှ မင်းကြီးဘယ်လိုကြောင့် မျက်နှာမသာ မယာဖြစ်သွားရသနည်းဟု မေးသောအခါ၊ မိဗုရားခေါင်ကြီး မလ္လိကာဒေ၀ီမှ သ္မီးမိန်းကလေး ဖွား မြင်ကြောင်း သိလိုက်ရသောကြောင့် စိတ်နှလုံးမသယာမယာ ဖြစ်ရပါသည်ဟု လျောက်တင်လေသည်၊၊



မင်းကြီး အင်္ဂါ(၄)မျိုးနှင့်ပြည့်စုံလျင် အမျိုးသ္မီးသည်အမျိုးသားနှင့်တန်းတူ မြင့်မြတ်သူဖြစ်သည်ဟု ညွှန်ပြ လိုက်ပါသည်၊၊ မြင့်မြတ်သည့် အမျိုးသ္မီးတို့၌ရှိသည့် အင်္ဂါလေးမျိုးမှာ--



(၁) ပညာတတ်ခြင်း၊


(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊


(၃) နှစ်ဘက်မိဘကို ရိုသေတတ်ခြင်း၊


(၄) လင်သားအပေါ် အမျိုးသမီးတာဝန်ကျေပွန်ခြင်း၊ တို့ဖြစ်သည်၊၊ ဤအင်္ဂါလေးမျိုးတိုးတက်အောင် ညွန်ပြသွန်သင်ပြီး၊ သမီးမိန်းကလေးများကို ကောင်းစွာနေရာပေးသင့်သည်ဟု ဗုဒ္ဓရှင်တော်မှ ကောသလ မင်းကြီးအား မိန့်တော်မူပါသည်၊၊



ဖော်ပြသည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင် ဗုဒ္ဓဘာသာ၌ အမျိုးသ္မီးအမျိုးသား ခွဲခြားမှုမရှိ၊ ကိုယ်ကျင့်တရားနှင့် အသိညာဏ်အပေါ်အခြေခံ၍ အမျိုးသ္မီးများကို ကောင်းမွန်စွာဆက်ဆံ၊ နေရာပေးထားသည်ကို လေ့လာရရှိနိုင်သည်၊၊



အခြားဟောပြောချက် တစ်နေရာတွင်မူ အနုစိတ်လွန်းသည့် ပြဿနာများကို အဖြေရှာရာတွင် အမျိုးသ္မီးများ၏ အသိညာဏ်ပါးနပ်မှုသည် အမျိုးသားများထက်သာလွန်ကြောင်း ဖော်ပြထားပါသည်၊၊ ဤဖော်ပြချက်မှာ အမျိုးသ္မီးတို့၏ ညာဏ်ပညာထက်မြက်မှုကို ထင်ဟပ်စေပါသည်၊၊



ကိစ္စတသီး၊ အရေးကြီး၍၊



မပြီးနိုင်က၊ ကြံမရသော်၊


မိန်းမကိုသာတိုင်ပင်ရာဟု၊


ပညာရှိများ၊ အစဉ်ကြားလျက်၊


ထင်ရှားမိန့်မှာ၊ ဥဒါန်းလာ၏၊၊ (မဃဒေ၀ လင်္ကာ)



ဗုဒ္ဓကိုယ်တိုင် ဟောပြောထားသည့် အခြားဇာတ်လမ်းတစ်ခုတွင်မူ “ဘုန်းကံမရှိသောအမျိုးသားသည် ဘုန်းကံကြီး သည့် အမျိုးသ္မီးကိုမရရှိနိုင်ကြောင်း”ပါရှိလေသည်၊၊ သို့ဆိုလျင် အချို့အမျိုးသ္မီးများသည် အမျိုးသားများထက်ပင် ဘုန်းကံကြီးကြောင်း တွေ့ရမည်ဖြစ်သည်၊၊



ဟိန္ဒူ-ဗြဟ္မဏ၀ါဒတွင် အမျိုးသ္မီးများသည် သေလွန်သွားကြသည့် ဆွေမျိုးမိဘများအတွက် ကုသိုလ်ပြု၍ အမျှဝေ ခွင့်ကို မရရှိပေ၊ အကြောင်းမှာ အမျိုးသ္မီးတို့ပေးဝေသော အမျှကိုသေလွန်ပြီး သူများက “သာဓု”မခေါ်ဆိုနိုင်သော ကြာင့်ဟု ဆိုသည်၊၊ ဤ၀ါဒကိုလက်မခံလို၍ ဗုဒ္ဓရှင်တော်မှ “နန္ဒနီသုတ်” တွင် သေလွန်သူ ဆွေမျိုး၊ မိဘ၊ မိတ်ဆွေများ အတွက် အမျိုးသားဖြစ်စေ၊ အမျိုးသ္မီးဖြစ်စေ အမျှဝေနိုင်ကြောင်း၊ သေလွန်ပြီးသူများသည်လည်း ပေးဝေသည့် အမျှကို ဧကန်ရရှိပါကြောင်း သင်ပြထားပါသည်၊၊



ဘာသာရေးကျင့်ဝတ်များ၊ ကုသိုလ်လုပ်ငန်းများကို အမျိုးသ္မီးတို့ကိုယ်တိုင်ပြုလုပ်ခွင့်မရသော ကမ္ဘာ့ဘာသာပေါင်း များစွာရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင်မူ အမျိုးသ္မီးများသည် သက်တော်ထင်ရှား ဗုဒ္ဓကိုယ်တော်တိုင်ကိုပင်လျင် ဆွမ်းဆက်ကပ်ခွင့်၊ ရင်းနှီးစွာနေထိုင်ခွင့်ကို ရရှိပါသည်၊၊ ၀ိသာခါကျောင်း အမကြီးနှင့် ဗုဒ္ဓရှင်တော်တို့သည် အမျိုးသ္မီးတို့၏အတွင်းရေးများကို အခါအားလျော်စွာ ဆွေးနွေးလေ့ရှိကြောင်း “၀ိနယပိဋက”တွင် ဖော်ပြပါသည်၊၊ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှု၊ ပြုကြသည်ဟု ဖော်ပြထားပါ သည်၊၊



ထိုဇနီးမောင်နှံကို မြတ်စွာဘုရားရှင်မှ အပြစ်တစ်စုံတရာ မတင်သည့်အပြင် “ဤဇနီးမောင်နှံသည် ငါဘုရားရှင်နှင့် ရင်းနှီးသူများအထဲတွင် အရင်းနှီးဆုံးသူများဖြစ်သည်ဟု ဧတဒဂ်ဘွဲ့ထူး”ကိုပင် ပေးအပ်တော်မူပါသည်၊၊ ဤသာဓက ကိုထောက်ဆ၍ ယနေ့ခေတ်အခါတွင် တချို့သောစေတီ၊ သိမ်၊ ကျောင်း၊ ဘုရား များအပေါ်သို့ အမျိုးသမီးမတက်ရ၊ မကိုင်တွယ်ရ၊ မထိရ၊ မတက်ရဆိုသောအယူအဆများမှာ ဘုရားရှင်လက်ထက်က မရှိခဲ့ဘဲ၊ နှောင်းခေတ်များမှ ဖြစ်ပေါ်လာသောအယူအဆများသာ ဖြစ်နိုင်လေသည်၊၊



ရှေးခေတ် အိန္ဒိယအယူအဆ တစ်ခုတွင်လည်း အရွယ်ရောက်ပြီး အိမ်ထောင်မပြုသော(အပျိုကြီး) အမျိုးသ္မီးများကို “အမျိုးကို ယုတ်နိမ့်စေသူ”ဟု သဘောထားသတ်မှတ်ကြသည်၊၊ မိသားစုတွင် ကျွန်တစ်ဦးကဲ့သို့ဆက်ဆံ သည်ဟု လေ့လာတွေ့ရှိရသည်၊၊ မြတ်စွာဘုရားရှင်သည် မမှန်ကန်သည့် ဤအယူအဆကို ပယ်လှန်သည့်အနေဖြင့် “မဟာဝစ္ဆဂေါတ္တသုတ်”တွင် အမျိုးသ္မီးတစ်ဦးအနေဖြင့် အိမ်ထောင်မပြုလိုလျင် နေခွင့်ရှိကြောင်း၊ အမျိုးကို ယုတ်ညံ့စေသူ မဖြစ်ကြောင်းနှင့်၊ အပျိုကြီးဘ၀ ဖြင့်နေသဖြင့် “ဗြဟ္မစရိယ”ဟုခေါ်သော မြင့်မြတ်သည့်အကျင့်ကို အိမ်ထောင်သည်အမျိုးသ္မီးများထက် ကျင့်ကြံရန် လွယ်ကူသူများဖြစ်ကြောင်း ချီးမွှန်းတော်မူပါသည်၊၊



ဤအထောက်အထားမှာ ဗုဒ္ဓဘာသာ၏ သာမန်အမျိုးသ္မီးများအတွက်တင်မက အိမ်ထောင်မပြု လိုသည့်အမျိုးသ္မီးများ၊ အိမ်ထောင်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ထားသော အမျိုးသ္မီးများအတွက်ကိုပါ ထည့်သွင်း စဉ်းစား၊ အလေးထားသည်ကို လေးနက်စွာတွေ့ရပါသည်၊၊ ဤသင်ကြားချက်များကို လေ့လာသောအားဖြင့် ဗုဒ္ဓ၀ါဒ သည် ဘာသာရေးသီးသန့်ဝါဒ သက်သက်မဟုတ်ဘဲ၊ လူမှုရေးကဏ္ဍများကိုလည်း အလေးထားဟောပြောသည့် ဘာသာဝါဒဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်၊၊



မှန်သည်၊၊ အိမ်ထောင်မပြုသော အမျိုးသ္မီးနှင့်၊ အိမ်ထောင်ကျပြီး ကွာရှင်းထားသောအမျိုးသ္မီးများသည် သာသနာဘောင်သို့၍၀င်၍ လောကကုတ္တရာတရားများကိုလည်း လွတ်လပ်စွာကျင့်ခွင့်ရသည်၊ လူသာ မန်ဘ၀ဖြင့် တရားဘာဝနာလိုက်စားမည်ဆိုကလည်း လွတ်လပ်စွာလိုက်စားခွင့်ကို အိမ်ထောင်ရှင် အမျိုးသ္မီးများထက် ပို၍လွယ်ကူစွာရသည်မှာ ငြင်းရန်မရှိသောလွတ်လပ်မှု ဖြစ်ပါသည်၊၊



ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားများနှင့် တန်းရည်တူအရည်အသွေး (၅)မျိုးရှိကြောင်းကို “စိတ္တပရိယာဒါယ ၀ဂ္ဂ၊ အဂုင်္တ္တရပါဠိ”တွင် ညွှန်ပြထားပါသည်၊၊ အမျိုးသ္မီးတို့၏ အမျိုးသားများနည်းတူ အရည်အသွေး ငါးမျိုးမှာ--



(၁) အမျိုးသ္မီးတို့၏ အဆင်း၊


(၂) အမျိုးသ္မီးတို့၏ အသံ၊


(၃) အမျိုးသ္မီးတို့၏ အနံ့၊


(၄) အမျိုးသ္မီးတို့၏ အနှစ်၊


(၅) အမျိုးသ္မီးတို့၏ အတွေ့၊ တို့ဖြစ်ပါသည်၊၊



ယောကျာင်္းတစ်ဦးသည် မည်မျှစွမ်းရည်ပြည့်ဝသည်၊ အင်အားကြီးသည်ဆိုစေကာမူ အမျိုးသ္မီးတို့၏ အထက်ပါ စွမ်းရည်များအောက်တွင် ဆွဲဆောင်မှုကိုခံကြရကြောင်း၊ ကျရှုံးကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူ ထားပါသည်၊၊ မျက်မှောက်ခေတ်နှင့်၊ ထိုထိုနိုင်ငံသမိုင်းများတွင်လည်း အထက်ပါ အမျိုးသ္မီးတို့၏ စွမ်းရည်အောက်တွင် အများသားခေါင်းဆောင်များစွာတို့ ဆွဲဆောင်မှုခံကြရ၊ ကျရှုံးကြရသည်ကို လေ့လာသောအားဖြင့် အထင်သေးအပ် သည့် စွမ်းရည်များမဟုတ်သည်ကို သတိချပ်အပ်သည်၊၊ အထက်ဖော်ပြပါစွမ်းရည်ငါးမျိုးမှာ အမျိုးသားများတွင်လည်း နည်းတူတည်ရှိပါသည်၊၊



ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားနည်းတူ တည်ရှိသောအခြားစွမ်းရည်ရှစ်မျိုးကိုလည်း ဗုဒ္ဓရှင်တော်သည် “ဣတ္ထိဗန္ဓနသုတ်”တွင် ဟောတော်မူထားပါသေးသည်၊၊ စွမ်းရည်ရှစ်မျိုးမှာ--



(၁) အမျိုးသ္မီးတို့၏ အဆင်း၊


(၂) အမျိုးသ္မီးတို့၏ ပြုံးရယ်မှု၊


(၃) အမျိုးသ္မီးတို့၏ အပြောအဆို၊


(၄) အမျိုးသ္မီးတို့၏ တေးသီချင်း၊


(၅) အမျိုးသ္မီးတို့၏ မျက်ရည်၊


(၆) အမျိုးသ္မီးတို့၏ အတွင်းသဘောထား၊


(၇) အမျိုးသ္မီးတို့၏ ပန်းနံ့သာပန်ဆင်မှု၊


(၈) အမျိုးသ္မီးတို့၏ အတွေ့အထိ၊ တို့ဖြစ်ကြသည်၊၊



အထက်တွင်တင်ပြထားသည့် စွမ်းရည်ရှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသ္မီးတွင် တန်းရည်တူရှိသော စွမ်းရည်များ ဖြစ်ပါသည်၊၊ ဖော်ပြထားသည့်စွမ်းရည်များမှာ အမျိုးသ္မီးနှင့် အမျိုးသားတို့၏ သဘာဝစွမ်းရည်များဖြစ်ကြောင်းနှင့်၊ အမှန်တကယ်လည်း စွမ်းရည်ပြည့် အသုံးဝင်သောစွမ်းရည်များဖြစ် ကြောင်း လေ့လာသိရှိရသည်၊၊



လူ့အသိုင်းအ၀ိုင်းကြီးသည် မိဘများကြောင့် ပေါ်ထွန်းလာခြင်းဖြစ်သည်၊၊ အမျိုးသားချည်း လူ့အသိုင်းအ၀န်းကြီး မဖြစ်ပေါ်နိုင်သကဲ့သို့၊ အမျိုးသ္မီးချည်းလည်း လူလောကကို တည်ဆောက်ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသ္မီးတို့မှာ အဆင့်တူအရေးပါသော လူသားအရင်းအမြစ် ဖြစ်သည်ဟုဆိုက သင့်တော်သည့်အဆိုဖြစ်သည်၊၊ အမျိုးသ္မီးများသည် အမျိုးသားလောက် အရေးပါမှုမရှိ၊ မြင့်မြတ်မှုမရှိဟုဆိုလျင် ဘက်လိုက်သောအဆိုသာ ဖြစ်တော့သည်၊၊



ဗုဒ္ဓရှင်တော်သည် “သုဗြဟ္မသုတ်၊ အဂုင်္တ္တရနိကာယ်”တွင် မိသားစုတစ်ခုတွင် မိခင်နှင့် ဖခင်တို့မှာ သား/သမီးများ အတွက် တန်းတူအဆင့်ရှိသည်ဟု ဟောပြောထားသည်ကို တွေ့ရသည်၊၊ ဤသုတ်တွင် “မိသားစုတွင် မိဘနှစ်ဦး လုံးကိုပင် မြင့်မြတ်သူများဖြစ်၍ ရှေးဦးဆရာဟူ၍၄င်း၊ ဗြဟ္မာကြီးများ ဟူ၍၄င်း၊ သား/သမီးတို့၏အပူဇော်ကို ခံယူ ထိုက်သူများဟူ၍၄င်း” အထူးအဆင့်ရှိနေရာများတွင် တန်းတူထား၍ ဗုဒ္ဓရှင်တော် ဟောကြားတော်မူထားပါသည်၊၊



မိသားစုတစ်ခုတွင် အမျိုးသားထမ်းဆောင်ရသောတာဝန်နှင့် အမျိုးသ္မီးထမ်းဆောင်ရသော တာဝန်များ သည် လေးနက်မှုအားဖြင့် တူညီသည်ကိုတွေ့ရသည်၊၊ အမျိုးသားသည် စီးပွားရှာရသကဲ့သို့ အမျိုးသ္မီး၏အိမ်တွင်း တာဝန်များသည်လည်း ပေါ့ပါးလှသည်မဟုတ်ပေ၊၊ ၀မ်းနည်းဖွယ်ကောင်းသည်မှာ အမျိုးသ္မီးများ၏ အိမ်တွင်း အလုပ်များသည် လေးနက်သည်မှန်သော်လည်း အမည်တပ်၍ပြစရာ မရှိဖြစ်နေတတ်ခြင်း ဖြစ်သည်၊၊ မည်သို့ဆိုစေ အမျိုးသ္မီးများသည် အိမ်ထောင်တစ်ခုတွင် အမျိုးသားနည်းတူ အဆင့်ရှိ၊ အရေးပါသောသူများ ဖြစ်တော့သည်၊၊



“ဒုတိယလောက ၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်”တွင် အမျိုးသ္မီးများမဖြစ်မနေ ထမ်းဆောင်နေရသည့် အိမ်ထောင်ရေး တာဝန် ရှစ်မျိုးကိုဖော်ပြထားသည်၊၊ “သိင်္ဂါလောက၀ါဒသုတ်”တွင်မူ အမျိုးသမီး၊ အမျိုးသားနှစ်ဦးလုံးတို့၏ အိမ်ထောင်ရေးတာဝန်ငါးမျိုးစီကို ဖော်ပြထားသည်၊၊ အမျိုးသားများမခံစား ရဘဲ၊ အမျိုးသမီးများသီးသန့် အိမ်ထောင်ရေးတွင် ခံစားကြရသောဒုက္ခငါးမျိုးကို “အာဝေနိက ဒုက္ခသုတ်”တွင် ဖော်ပြထားပါသည်၊၊



(၁) အိမ်ထောင်ပြုပြီးသော အမျိုးသ္မီးသည် မိဘကိုစွန့်ခွာ၍ အမျိုးသားအိမ်သို့လိုက်ပါရခြင်း၊


(၂) လစဉ်ဓမ္မတာ သွေးဆင်းရခြင်း၊


(၃) ကိုယ်ဝန်ဆောင်ရခြင်း၊


(၄) သား၊ သ္မီးမွေးဖွားရခြင်း၊


(၅) လင်ယောကျာင်္းအား ပြုစုရခြင်း၊ တို့ဖြစ်သည်၊၊



အာဝေနိက ဒုက္ခငါးမျိုးမှာ အမျိုးသ္မီးတစ်ယောက်အတွက် ဘ၀တစ်သက်တာ ခံစားရသောအဆုံး မသတ်သည့် ဆင်းရဲခြင်းများဖြစ်ပါသည်၊၊ အမျိုးသားများသည် အာဝေနိက-ဒုက္ခမှအခန့်သားကင်း လွတ်ခွင့်ရသူများပင် ဖြစ်သည်၊၊ အာဝေနိက ဒုက္ခမည်မျှအထိ ပင်ပမ်းဆင်းရဲသည်ကို အမျိုးသ္မီးများသာ သိနိုင်သည်၊၊ သို့သော် “ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် တစ်နေ့ကိုသုဿာန်သို့ မျက်စောင်းသုံးကြိမ်ထိုးသည်”ဟု မြန်မာရှေးရိုးစကားရှိသောကြောင့် ခန့်မှန်း၍ကားအမျိုးသားများပင် သိရှိနိုင်လေသည်၊၊



ဤမျှ ဘ၀တာဝန်အကြီးများကို ထမ်းဆောင်နေရသော အမျိုးသ္မီးများကို ဗုဒ္ဓရှင်တော်မှ အမျိုးသားများနှင့် အခွင့်အရေးတန်းတူ ပေးသနားတော်မူသည်မှာ လွန်စွာတရားမျှတသည်ဟု ဆိုရပါမည်၊၊ သို့သော် အမျိုးသ္မီးများ အတွက် ၀မ်းနဲဖွယ်အကြောင်းတစ်ရပ်မှာ မည်သို့ပင်ဗုဒ္ဓရှင်တော်မှ နေရာပေး စေကာမူ ယေဘုယျအမျိုးသ္မီးတို့၏ လူမှုအသိုင်းအ၀န်း အံဝင်ခွင်ကျမဖြစ်မှု၊ ခန္ဓာဗေဒဆိုင်ရာ မသင့်တော်မှုအချို့ကြောင့် အမျိုးသားနည်းတူ အဆင့် တစ်ခုကို အပီအပြင်ရရှိရန်ကား ဖြစ်နိုင်ခြေမရှိသော အကျိုးတစ်ရပ်ပင် ဖြစ်ပါသည်၊၊



သဘာဝအားဖြင့် အမျိုးသ္မီးများသည် အမျိုးသားများထက် အလှအပကို ပို၍ခံစားတတ်သူ၊ မိမိအလှ အပကိုလည်း ပြတတ်သူများဖြစ်ပါသည်၊၊ သို့ပါလျက် မိမိအလှအပကိုလည်း ပြခွင့်မရ၊ သူတစ်းပါး အလှအပကိုလည်း လွတ်လပ်စွာခံစားခွင့်မရသော၊ တစ်ကိုယ်လုံးခြုံထားရသည့် အမျိုးသ္မီးများလည်း ယနေ့ခေတ်တိုင် ရှိနေပါသေးသည်၊၊



ဗုဒ္ဓဘာသာတွင် အမျိုးသ္မီးများအတွက် အမြင့်ဆုံးအဆင့်တစ်ခုကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ပေးတော်မူခဲ့ပါသည်၊၊ ထိုအခွင့်အရေးမှာ အမျိုးသ္မီးများသည် အမျိုးသားများကဲ့သို့ သာသနာဘောင်တွင် ရဟန်းပြုခွင့်ရနိုင်ပါသည်၊၊ ဗုဒ္ဓဘာ သာ၏ ပန်းတိုင်ဖြစ်သည့် ဈာန်၊ မဂ်၊ ဖိုလ်နှင့်၊ နိဗ္ဗာန်ချမ်းသာကိုလည်း အမျိုးသ္မီးများ ရရှိစံစားနိုင်ပါသည်၊၊ မြတ်စွာ ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သာသနာဘောင်တွင် အမျိုးသ္မီးများသည် “ဘိက္ခုနီ”ဟူသောအမည်ဖြင့် ရဟန်းပြုကြပြီး၊ ရဟန္တာမကြီးများဖြစ်သွားကြသည့် အမျိုးသ္မီးပေါင်းများစွာပင် ဘုရားရှင်လက်ထက်တော်က ရှိခဲ့ပါသည်၊၊



သီရိလင်္ကာနိုင်ငံနှင့် အခြားထေရာဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ယနေ့တိုင် “ဘိက္ခုနီသာသနာ”တည်ရှိနေပါသေး သည်၊၊ မြန်မာနိုင်ငံတွင်မူ ဘိက္ခုနီသာသနာ ကွယ်ပျောက်ခဲ့ပြီး၊ အမျိုးသ္မီးများသည် သာသနာတော်တွင် “သီလရှင်” အမည်ဖြင့်သာ ကျန်ရှိနေပါတော့သည်၊၊ မည်သို့ဆိုစေ အမည်နာမ သည် အရေးကြီးလှသည် မဟုတ်ပါ၊ အကျင့် သိက္ခာများကို ကျင့်သုံးမှုသည်သာ ပဓာနဖြစ်ပါသည်၊၊



မြတ်စွာဘုရားရှင်လက်ထက်တော်က အမျိုးသားများသည် အမျိုးသ္မီးရဟန်း ဘိက္ခုနီများကို အထင်သေးကြပါသည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်မှ ရဟန္တာဖြစ်ပြီးသော “မဟာပဇာပတိ ဂေါတမီဘိက္ခုနီ” အား ရဟန်းအမျိုးသ္မီးများကို အထင်သေးကြသည့်သူများအတွက် တန်ခိုးအမျိုးမျိုးကို ပြစေပါသည်၊၊ ‘ဂေါတမီ ဘိက္ခုနီ’သည် ကောင်းကင်သို့ဈာန် အဘိညာဉ်ဖြင့်တက်၍ ရေ-မီး-အစုံအစုံ တန်ခိုးအမျိုးမျိုး ကို ဖန်ဆင်းပြပါသည်၊၊ ထိုအခါကြမှသာ အမျိုးသားများသည် အမျိုးသ္မီးရဟန်းများကို ရှိခိုး၊ ဦးချရိုသေ လာခဲ့ကြပါသည်၊၊



တင်ပြခဲ့ပြီး အထက်ပါ သာဓက၊ ယုတ္တိ၊ သဘာဝများကိုထောက်ဆ၍ လေ့လာသုံးသပ်လျင် ဗုဒ္ဓဘာသာသည် အမျိုးသ္မီးများကို အလေးထားဆက်ဆံသော ဘာသာတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်၊၊ ထို့အပြင် အမျိုးသ္မီးများ အတွက် အခွင့်အရေး၊ အဆင့်၊ နေရာအကောင်းဆုံးပေးသော ဘာသာတစ် ခုဖြစ်သည်မှာလည်း လက်တွေ့ပင် ဖြစ်ပါသည်၊၊ မိမိရသည်အခွင့်အရေးကို အကောင်းဆုံးအသုံးချရန် သည်ကား အမျိုးသ္မီးများ၏တာဝန်သာ ဖြစ်ပါသည်၊၊



ယနေ့ခေတ်အခါတွင်မူ အမျိုးသ္မီး၊ အမျိုးသားခွဲခြားမှုသည် မရှိသလောက်ပပျောက်ခဲ့ပြီ ဖြစ်ပါသည်၊၊ နိုင်ငံအများတွင် အမျိုးသ္မီးခေါင်းဆောင်များပေါ်ထွက်လျက်ရှိပြီး၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အမျိုးသ္မီးများသည် အမျိုးသားနည်းတူ စွမ်းရည်ပြကြလျက်၊ အခွင့်အရေးတန်းတူရရှိနေကြပြီ ဖြစ်ပါသည်၊၊ အမျိုးသ္မီး များအနေဖြင့် သည့်ထက်ပို၍တိုးတက်အောင် ကြိုးစားနိုင်ကြမည်ဆိုလျင် ပို၍ဘ၀မျက်နှာပန်းလှ ကြမည် ဖြစ်ပါသည်၊၊



အရှင်တင်ပြခဲ့သော ဗုဒ္ဓဘာသာအတွင်း အမျိုးသ္မီးများအတွက် နေရာပေးမှုစာတမ်း အတိုင်းအတာ တစ်ခုအထိ ပြည့်စုံပြီဖြစ်ပါသည်၊၊ ရခဲလှသည့်လူ့ဘ၀တွင် အမျိုးသား၊ အမျိုးသ္မီးမရွေး ကိုယ်တိုင်ကြိုး စားမှုမြင့် ပြီးပြည့်စုံသည့် ဘ၀အဆင့်အတန်းကို ရရှိနိုင်ကြပါစေကြောင်း အာသီသပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊



အရှင်ကေ၀လ (အလင်းစက်)


(www.ko-thitsar.blogspot.com)


မကုဋာရာမ-မြန်မာကျောင်းတိုက်၊


ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊




{ကျမ်းကိုး/ ဓီတုသုတ်၊ ကောသလသံယုတ်၊၊ နန္ဒနီသုတ်၊ သံယုတ္တနိကာယ်၊၊ မဟာဝစ္ဆဂေါတ္တသုတ်၊ မဇ္ဈိမနိကာယ်၊၊ စိတ္တပရိယာဒါယ၀ဂ်၊ အင်္ဂုတ္တရနိကာယ်၊၊ အိတ္ထိဗန္ဓနသုတ်၊ ပုရိသဗန္ဓနသုတ်၊ အဂုင်္တ္တရ နိကာယ်၊ သဗြဟ္မကသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ ဒုတိယ လောက၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်၊၊ အာဝေနိကဒုက္ခသုတ်၊ သံယုတ္တနိကာယ်နှင့်၊ အမျိုးသမီးဆိုင်ရာ ဆောင်းပါးများစွာကို ကိုးကားလျက် ဤစာတမ်းကို ရေးသားပါသည်၊၊ အချက်အလက်များကို တင်ပြရာတွင် ဆဌသင်္ဂါယာနာမူနှင့်၊ PTSမူမှာ ကွဲလွဲချက်များရှိပါသည်၊၊}

အပြည့်အစုံသို့....

Saturday, November 26, 2011

ငြိမ်းအေးသော ဘ၀၊၊ ၊၊



စာမေးပွဲအတွင်း တစ်လလုံးလုံး စာမရေးဖြစ်ခဲ့၊ အခု စာမေးပွဲပြီးသွားတော့ ဘာကစရေးရမှန်းမသိ တော့ဘူး ဖြစ်နေသည်၊၊ နိုင်ငံတကာမှ အသိမိတ်ဆွေများကလည်း အင်္ဂလိပ်လိုဆောင်းပါးရေးဖို့ တိုက်တွန်းထားသည်၊၊ လိုက်လျောသည့်အနေနဲ့ ရေးဖို့ကြိုးစားကြည့်တာ၊ နောင်ပြန်တွေးမိတာက “အလင်းစက်”ဆိုက်မှာ စာဖတ်သူတွေက မြန်မာတွေများတာဆိုတော့ အင်္ဂလိပ်ဆောင်းပါးက တကယ် အကျိုးသက်ရောက်မှုရှိပါ့မလား တွေးမိပြန်တော့ စာကရှေ့ဆက်မရပြန်၊၊



ဒါနဲ့ပဲ သူငယ်ချင်းတွေရဲ့ဆိုက်တွေကို ဟိုသည်လိုက်ကြည့်ဖြစ်နေတာ သုံးလေးရက်ရှိပြီ၊၊ ဘာကစရေး လို့ ရေးရမှန်းမသိဖြစ်နေလို့ ကိုးလပိုင်းတုန်းက သီရိလင်္ကာတစ်နိုင်ငံလုံးမှ စာအုပ်ဆိုင်များအားလုံး စုစည်းပြီးကျင်းပသည့် စာအုပ်ဈေးပွဲတော်မှာ ၀ယ်ခဲ့တဲ့စာအုပ်တွေကို လှန်လှောကြည့်ဖြစ်လိုက်သည်၊၊



“ရေဆာနေသူ ရေတွင်းထဲပြုပ်ကျ”ဆိုသလိုပါပဲ၊ စာအုပ်တစ်အုပ်ထဲမှာ စာလေးတစ်ကြောင်းကို အမှတ်မထင်တွေ့လိုက်ရတယ်၊၊ စာကြောင်းလေးရဲ့ဆိုလိုချက်က “အေးအေးလေးနေချင်ရင် အောင်မြင်အောင် လုပ်”တဲ့၊၊ ပြင်ပမှာလဲ အေးအေးလေးနေချင်တယ်လို့ ပြောနေသူတွေများလှတာမို့ ဒါနဲ့ပတ် သက်ပြီး ရေးလိုက်တော့မယ်လို့ဆုံးဖြတ်ပြီး၊ အေးအေးလေး နေချင်သူများအတွက် စာတမ်းအမည်ကို “ငြိမ်းအေးသော ဘ၀”လို့ ခေါင်းစဉ်တပ်လိုက်မိပါသည်၊၊



ဒီစာတမ်းလေးထဲမှာ အေးအေးလေးနေချင်သူများ ဘယ်လိုနည်းများနဲ့ အေးအေးနေခွင့်ရနိုင်တယ်၊ ဘာတွေ အလျင်ပြည့်စုံထားမှ အေးအေးလေး၊ ငြိမ်းချမ်းတဲ့ဘ၀နဲ့နေနိုင်တယ်ဆိုတာကို အလင်းစက် အရှင်ရဲ့ အမြင်နှင့်အတူ စာပေအဆိုများနှင့်တင်ပြမှာ ဖြစ်ပါသည်၊၊ အေးအေးနေချင်ပါသည်ဆိုတတ် သူများမှာ တကယ်ပဲ အေးအေးနေချင်တဲ့ စိတ်ရှိ၊ မရှိနှင့်၊ တာဝန်တွေကိုရှောင်ချင်လို့ အေးအေးနေ ချင်တယ်ပြောတာလားစတဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊၊



ဘ၀တစ်ခုတွင် “အသက်သာတစ်ရာမနေရချင် ရှိလိမ့်မည်၊ ပြဿနာကတော့ တစ်ရာထက် မ နည်း သေခြာပေါက် ရင်ဆိုင်ဖြေရှင်းရတတ်သည်”ဟု မြန်မာအဆိုရှိသည်၊၊ မှန်သည်၊ လူတို့၏ဘ၀တွင် ပြဿ နာပေါင်းထောင်သောင်းကို ရင်ဆိုင်တွေ့ကြုံရသည်၊၊ မိသားစုပြဿနာများ၊ ကျန်းမာရေးပြဿနာများ၊ လူမှုရေး ပြဿနာများ၊ စားဝတ်နေရေးပြဿနာများ၊ ချစ်ရေးချစ်ရာ ပြဿနာများ၊ ပေါင်းသင်းဆက် ဆံရေးပြဿနာများ၊ ပညာရေးပြဿနာများ စသည်စသည်ပြဿနာတွေက မငြိမ်းချမ်းသေးသည့် လူသားတို့၏ဘ၀ကို အစဉ်နှိပ်စက်ဖိ အားပေးနေတော့သည်၊၊



ဤမျှများပြားရှုပ်ထွေးသည့် ပြဿနာများအကြားတွင် လူသားသည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ၊ ရုပ်ပိုင်းဆိုင်ရာ အကျပ်အတည်းများနှင့်အတူ ဘ၀ကိုပင်ငြီးငွေ့လာတတ်ကြရသည်၊၊ “မချမ်းသာချင်နေ ပါစေတော့ အေးအေးလေးလေးသာနေချင်တော့သည်”ဟု များစွာသောလူတို့ ငြီးတွားတတ်ကြသည် မှာ ဘ၀ ငြိမ်းချမ်းမှုကို မရရှိ၍ဖြစ်ရသည်၊၊ သို့ဆိုလျင် ဘ၀တစ်ခုငြိမ်းချမ်းမှု၊ အေးဆေးညင်သာသည့် ဘ၀တစ်ခုကို မည်သို့သောနည်းများဖြင့် ရရှိနိုင်မည်နည်းဟု အဖြေရှာကြည့်သင့်သည်၊၊



တကယ်တော့ အေးအေးလေးနေချင်လို့ နေခွင့်မရသည်မှာ လူ့ဘ၀၏အဓိပ္ပါယ်တစ်ရပ်ပင် ဖြစ်တော့သည်၊၊ ငြိမ်းအေး သည့်ဘ၀၊ အေးအေးလေးနေလို့ရသည့်ဘ၀အဆင့်ဟူသည်ကို ဘ၀တစ်ခုတွင် ပြည့် စုံသင့်သည့်အခြေခံ အချက်အလက်များ ပြီးပြည့်စုံပြီးမှရရှိနိုင်သည်ဟု ထင်မြင်မိသည်၊၊ ဤနေရာတွင် အေးအေးလေးနေချင်သည်ဆိုတိုင်း တကယ်ငြိမ်းအေးသည့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိုပိုင်ဆိုင်ထားသူလားဟု မိမိကိုယ်တိုင်ကိုယ် လည်း မေးခွန်းထုတ်သင့်သည်၊၊



အဘယ့်ကြောင့်ဆိုသော် တစ်ချို့လူတို့သည် ထမ်းဆောင်ရမည့် ဘ၀တာဝန်များ၊ လူသားတာဝန်များ၊ ပတ်ဝန်းကျင် တာဝန်များကို ရှောင်လွှဲလို၊ ပြင်းရိသဖြင့် အေးအေးနေချင်သည်ဟုဆိုသော လူပြင်း၊ လူ့ရေသာခိုများကို လည်း နေ့စဉ်ဘ၀တွင် များစွာတွေ့ရသောကြောင့် ဖြစ်သည်၊၊ ဤသို့သောသူများကို ဘ၀စည်းစိမ်တစ်ခုသာ အလကား မတ်တင်းဖြင့် ပေးကမ်းကြည့်လိုက်ပါက “အေးအေးနေချင်သည် ဆိုသောစကားကို” ပြောတော့မည်မဟုတ် သည့်အပြင် သူကိုယ်တိုင်ပင်ပူလောင်မှု ပြဿနာများကိုဖန် တီးလုပ်ကိုင် တတ်တော့ သည်၊၊



လူ့အဖွဲ့အစည်း လူပတ်ဝန်းကျင်တွင် အထက်ပါလူတန်းစားများစွာကို စာဖတ်သူတို့ကိုယ်တိုင်ပင် တွေ့ရဖူးမည် ဖြစ်သည်၊၊ ဘ၀တစ်ခုတွင် အေးငြိမ်းမှုမရ၊ အေးအေးမနေရသည်မှာ ပြည့်စုံသင့်သည်တို့ မပြည့်စုံသောကြောင့်သာ ဖြစ်ရသည်၊၊ သို့ဆိုလျင် လူ့ဘ၀တစ်ခု ငြိမ်းအေးရန်၊ အေးငြိမ်းသော ဘ၀ တစ်ခုကိုရရှိရင် လို့သည့်ပြည့်စုံမှုများကို အဖြေရှာရတော့မည်၊၊



အရှင်၏အမြင်အရ လူတစ်ယောက်၊ ဘ၀တွင်အေးအေးသက်သာ နေခွင့်ရဖို့ရန် ပြည့်စုံမှုငါးခုမျှရှိလျင် လုံလောက်ပြီဟု ယူဆပါသည်၊၊ မနုဿဗေဒပညာရှင်များကလည်း လူသား၏ဘ၀တည်ငြိမ်မှုအတွက် အခြေခံလိုချက်များစွာ ကို ဖော်ထုတ်တင်ပြကြရာတွင် အရှင်ယ္ခုတင်ပြမည့်အခြေခံ ပြည့်စုံမှုလိုအပ်ချက်များကို ထည့်သွင်းထားသည် ကို လေ့လာတွေ့ရှိရသည်၊၊ စာဖတ်သူအနေဖြင့်လည်း မိမိတို့ဘ၀ မငြိမ်းချမ်းသည်မှာ ရှိသင့်သည့်ပြည့်စုံမှုမရှိသေး၍ ဆိုသည်ကိုလေ့လာရရှိမည် ဖြစ်သည်၊၊



ငါ့ဘ၀မငြိမ်းချမ်းလိုက်တာ၊ “ဟို့လူကြောင့်ပေါ့၊ သည်လူ့ကြောင့်ပေါ့”ဟု တရားခံရှာနေတတ်သည်မှာ လူ့သဘာဝဖြစ်သည်၊ အမှန်မှာ မိမိဘ၀မငြိမ်းချမ်းသည်မှာ မိမိကိုယ်တိုင်ပြည့်စုံသင့်သည်များကို ပြည့်စုံအောင် ကြိုးစားမထားသောကြောင့်သာ ဖြစ်ရသည်ကို မေ့လျော့တတ်ကြသည်၊၊ လူဘ၀တစ်ခု အေးဆေးသက်သာ၊ ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ရရန် ပြည့်စုံမှုငါးမျိုးကို အောက်ပါအတိုင်း တွေ့ရသည်၊၊



(၁) ကျန်းမာရေးပြည့်စုံမှု၊


(၂) စီးပွားရေးပြည့်စုံမှု၊



(၃) လူမှုရေးပြည့်စုံမှု၊



(၄) ပညာရေးပြည့်စုံမှု၊



(၅) ကိုယ်ကျင့်တရားပြည့်စုံမှု၊ တို့ဖြစ်ကြသည်၊၊




“ကျန်းမာရေးပြည့်စုံမှု”



“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဟု အဆိုရှိသည်၊ လူဘ၀တွင် ကျန်းမာနေလျင်ပင် လုပ်ချင်သည်များ၊ ဖြစ်လိုသည်များကို လုပ်ကိုင်ခွင့်၊ ကြိုးစားရယူခွင့် ရရှိနိုင်သည်၊၊ ကျန်းမာရေးမပြည့်စုံက ကြိုးစား ခွင့်များအားလုံးနှင့် ခံစားခွင့်များအားလုံးပင် ဆုံးရှုံးရတော့သည်၊၊ ကျန်းရေးပြည့်စုံခြင်းကို အသက်ရှင် ခွင့်ရနေခြင်းဟုလည်း ဆိုနိုင်သည်၊ လူသည်အသက်ရှင်ခွင့်ရနေခြင်းသည်ပင် အကောင်းဆုံးလာဘ်တစ်ခုကို ရရှိနေခြင်းဖြစ်သည်ဟု ပညာရှင် တို့က ဖော်ပြ၊ ပြောဆိုကြသည်၊၊ မကျန်းမာသူသည် ဘ၀တွင် စိတ်အဆင်းရဲဆုံးလူဖြစ်သည်၊ ငြိမ်းအေးသည့် ဘ၀တစ်ခု၏အရသာကိုလည်း အများဆုံး ဆုံးရှုံးနေသူပင်ဖြစ်သည့်အတွက် ကျန်းမာရေးပြည့်စုံခြင်းကို ငြိမ်းအေးသော ဘ၀တစ်ခုအတွက် လိုအပ်သည့်အ ခြေခံလိုအပ်ချက်ဟု ဆိုလိုက်ရပါသည်၊၊



“စီးပွားရေးပြည့်စုံမှု”



ကျန်းမာရေးပြည့်စုံပြီး အသက်ရှည်နေသော်လည်း သူတစ်ပါးအိမ်၊ သူတစ်ပါးအထံတွင် ကပ်ရပ်နေရ သည်ဆို ကလည်း ဘ၀သည်ငြိမ်းအေးနိုင်မည် မဟုတ်ချေ၊ စီးပွားရေးအမည်ခံ ငွေကြေးချမ်းသာမှုကို လောကတွင် ဒုတိယ အကောင်းဆုံးနှင့်၊ သြဇာအကြီးဆုံးအဖြစ် လူတို့သတ်မှတ်ကြသည်၊၊ မိဘနှင့် သားသမီးပင်ဖြစ်စေကာမူ စီးပွားရေး ဟူသည် မိမိလက်ဝယ်တွင် ရှိနေသည်က အကောင်းဆုံးဖြစ်သည်၊၊ ငွေသည် လူ၏စိတ်နှင့် အကျင့်စရိုက်ကို အများဆုံး ပြောင်းလွဲစေသော အရာဖြစ်ရကား ငွေနှင့် ပတ်သက်လျင် ယုံကြည်စိတ်ချရသူ အလွန်ပင် ရှားလှသည်၊ ထို့ကြောင့်ပင် “သားသမီးယုံ၊ စုံလုံးကန်း၊ ဟူ၍လည်းကောင်း၊၊ ကျွန်ယုံ၊ တစ်ဖတ်ကန်း၊ ဟူ၍လည်းကောင်း” ငွေရေးကြေးရေးနှင့်ပတ်သက်၍ ဆိုရိုး စကားများထွက်ပေါ်ခဲ့ခြင်း ဖြစ်ဟန်တူသည်၊၊



မိမိကိုယ်တိုင်ရပ်တည်နိုင်သည့် စီးပွားဥစ္စာမရှိရကား သူတစ်ပါးအထံတွင် အလုပ် လုပ်နေရမှု၊ သူတစ် ပါးနေအိမ်တွင် မှီခိုနေရမှု၊ စသည်များသည် ဘ၀တစ်ခုတွင်အဆင်းရဲဆုံးသော ဘ၀အခြေအနေများ ဖြစ်သည်၊ တဲအိမ်လေးဖြစ်စေကာမူ မိမိပိုင်သာဖြစ်နေပါက ပျော်ရွှင်ဖွယ်အတိဖြစ်နေတတ်သည်၊၊ ပါဠိစာပေတွင် “မည်သည့်နေရာတွင်ဖြစ်စေ မိမိသည် အမှီခိုခံဖြစ်လျင် ချမ်းသာရသည်၊ မိမိက မှီသူဖြစ်နေလျင်ကား ဆင်းရဲရသည်”သည်ဟု မှတ်ချက်ပြုထားသည်ကို လေ့လာရသည်၊၊



မိမိလက်ဝယ်တွင် ပြည့်စုံသည့်ငွေကြေး၊ စီးပွားဥစ္စာရရှိထားလျင် ပတ်ဝန်းကျင်ကို မိမိဘက်သို့ပါအောင် စည်းရုံးနိုင်သည့်အပြင်၊ စားရေး၊ ၀တ်ရေး၊ နေရေးများအတွက်လည်း ပူပင်မှုမရှိတော့ရကား၊ လိုအပ် သည့်ငွေ ကြေး၊ာစီးပွားဥစ္စာပြည့်စုံမှုကို ဘ၀တစ်ခုတွင် ငြိမ်းအေးစွာနေနိုင်ရေးအတွက် ဒုတိယပြည့်စုံမှုဟု ဆိုရပါသည်၊၊ ထို့ကြောင့် ဘ၀တွင်အေးဆေးသက်သာ၊ ငြိမ်းအေးသောဘ၀တစ်ကို တည်ဆောက် နိုင်စေရန် စီးပွားဥစ္စာကြွယ်ဝမှုကိုလည်း မဖြစ်မနေကြိုးစားရမည် ဖြစ်ပါသည်၊၊



“လူမှုရေး ပြည့်စုံမှု”



စီးပွားရေး ကျန်းမာရေး ပြည့်စုံနေစေကာမူ လူမှုရေးဘက်တွင် ညံ့ဖျင်းနေပါကလည်း အများ၏အတင်း အဖျင်း၊ အမနာပ တီးတိုးစကားများ၊ ဝေဖန်၊ ပုပ်ခပ်ကဲ့ရဲ့၊ ရှုပ်ချမှုများ၊ ထိုးနှက်၊ တိုက်ခိုက်မှုများအောက် တွင် နေရတတ်သောကြောင့် ဘ၀တွင်ငြိမ်းအေးစွာနေချင်ပေသည့် မနေရတတ်ပြန်ပေ၊ ထို့ကြောင့် ယင်းအခြေအနေ ဆိုးများမှ ကင်းဝေးစေရန် လူမှုရေးပြည့်စုံမှုသည်လည်း အထူးလိုအပ်လှပါ သည်၊၊



တဖန် လူမှုရေးပြည့်စုံမှုသည် ဘ၀တစ်ခု၏တိုးတက်မှု အဓိကအထောက်အပံ့ဖြစ်နေရကား မရှိမဖြစ် အထူးအရေး ပါသည့် လိုအပ်ချက်ဖြစ်သည်၊၊ လူမှုရေးပြည့်စုံမှုဆိုရာတွင် ပတ်ဝန်းကျင်ဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းကောင်း ရရှိရေး၊ မိသားစုအတွင်း ဆက်ဆံရေးအားလုံးပင် အပါအ၀င်ဖြစ်ပါသည်၊၊ မိတ်ဆွေသူငယ်ချင်းကောင်းမရှိလျင် အကြံညာဏ်ကောင်းကို မရရှိတတ်ပေ၊ ပတ်ဝန်းကျင်ကောင်းကို မရရှိပြန်ကလည်း ငြိမ်းအေးစွာမနေရတတ်ပေ၊ မိသားစုအတွင်း ဆက်ဆံရေးအဆင်မပြေလည်လျင်လည်း အေးအေးနေခွင့်ကို မမျှော်လင့်နိုင်ချေ၊၊



ပါဠိစာပေ၊ မြန်မာစာပေနှင့် အင်္ဂလိပ်စာပေများတွင် လူမှုပေါင်းသင်းဆက်ဆံရေး၏ အရေးပါအရာရောက်ပုံကို များစွာ ပင်ဖော်ပြထားသည်၊၊ ထို့ကြောင့် လူမှုရေးပြည့်စုံမှုသည် ဘ၀တစ်ခုအတွင် အေးအေးသက်သာ၊ ငြိမ်းချမ်းစွာ နေနိုင်ရေးအတွက် လွန်စာလိုအပ်သော ပြည့်စုံမှုတစ်ရပ်ဖြစ်သည်ဟု ဆိုရပါသည်၊၊



“ပညာရေး ပြည့်စုံမှု”



ဘ၀တစ်ခုတွင် ပညာမပါဘဲ အသက်ရှင်ရခြင်းသည် တိရစ္ဆာန်တို့၏အသက်ရှင်မှုနှင့် မည်သို့မျှထူးခြားမှု မရှိဟု မှတ်ရမည်၊၊ မှန်သည်၊၊ အကျိုး-အကြောင်း၊ အဆိုး-အကောင်း၊ အမှား-အမှန်ကို စနစ်တကျ ဝေဖန်သိတတ်သော ပညာမရှိမူ၍ ထုံထုံထိုင်းထိုင်း၊ အအ နနအသက်ရှင်နေရခြင်းကို လူသားတစ်ဦး၏ အသက် ရှင်နေရခြင်းဟု ခေါ်ဆိုရန်မည်သို့မျှ မဖြစ်နိုင်ပေ၊၊ ထိုကဲ့သို့သော အသက်ရှင်မှုများကို ပါဠိစာပေတွင် လူတိရစ္ဆာန်၊ လူ့ပြိတ္တာတို့၏ အသက်ရှင်နေမှုဟူ၍ ပြတ်သားစွာဆိုထားသည်ကို တွေ့ရသည်၊၊



ပညာဟူသည် လူသား၏တိရစ္ဆာန်တို့နှင့် တစ်ခုတည်းသော ကွာခြားမှုဖြစ်ရကား လူဟူ၍၀န်ခံလိုသူတိုင်းပင် ပညာတတ်ရပေလိမ့်မည်၊၊ ပညာမတတ်သူကို မျက်စေ့ကန်းနေသူနှင့် တူသည်ဟုလည်း ဆိုထားပြန်ရကား ပညာသည် လူသားဖြစ်ကြောင်း၏ ခိုင်မာသောပြယုဂ်တစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်၊၊ အသိပညာမပါဘဲ ပြုသမျှ၊ ပြောသမျှ၊ ကြံစီတွေးတောသမျှသည်လည်း အမှားချည်းသာဖြစ်သောကြောင့် အကျိုးရလာဘ်များသည်လည်း မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်သို့ ငြိမ်းအေးမှုကို ယူဆောင်လာမည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်၊၊



ကမ္ဘာ့သမိုင်း ရာဇ၀င်များတွင် ပညာမဲ့သူတို့၏လုပ်ရပ်များကြောင့် ကမ္ဘာ့လူသားတို့ မငြိမ်းချမ်းရပုံ၊ ဆင်းရဲဒုက္ခရောက် ရပုံများစွာကို လေ့လာ၍ရနိုင်သည်၊၊ အသိပညာမဲ့ခြင်းသည် မိမိဘ၀နှင့် ပတ်ဝန်းကျင်ဘ၀များစွာကိုပင် အကျိုး ယုတ်စေသည်၊၊ ထို့ကြောင့်ပင် ပညာကို ဘာသာတိုင်းက အရေးအပါဆုံးအဖြစ် အသိအမှတ်ပြုရခြင်း ဖြစ်ပါသည်၊၊



ဗုဒ္ဓဘာသာတွင် သီလ၊ သမာဓိ၊ ပညာဟု ဘာသာတရား၏အရေးအပါဆုံးကျင့်စဉ်နှင့် အကျိုးများ အဖြစ်ထားရှိရာ ပညာသည် နောက်ဆုံးပန်းတိုင်ဟု သတ်မှတ်ထားသည်၊၊ မြတ်စွာဘုရားသည်ပင်လျင် ပညာပါရမီကိုနောက်ဆုံး ဖြည့်ကျင့်ပြည့်စုံပြီးမှ သဗ္ဗေညုတာ-ဘုရားစစ်စစ် ဖြစ်လာရပါသည်၊၊



ဆိုခဲ့ပြီး အကြောင်းများကြောင့် ငြိမ်းအေးစွာ ဘ၀တစ်ခုကိုတည်ဆောက်လိုလျင် ပညာကိုရရှိအောင် ကြိုးစားရပါမည်၊၊ ပညာမတတ်ဘဲ၊ အသိပညာမရှိဘဲနှင့်ကား အေးအေးနေထိုင်ခွင့်နှင့် ငြိမ်းအေးသော ဘ၀ကို မရရှိနိုင်ချေ၊ ပြည့်စုံသည့် ပညာကိုရရှိအောင်ကြိုးစားမှုမရှိဘဲ အေးအေးသက်သာ၊ ငြိမ်းချမ်းစွာနေလိုပါမူ “ရေကန်ထဲမှ လ-ရိပ်ကိုဖန်းဆုပ်လို သူနှင့်သာ တူတော့မည်” ဖြစ်သည်၊၊



မေထုန်မှီ၊ အိပ်၊ စားလို့၊

လူသားနှင့် နွားမှာ၊


ပြည့်အစုံ ကုံလုံရှိပါ၏၊၊


သိပညာတတ်တစ်ပါး၊

နွားထက်ပိုသာ၊၊


တတ်ပညာချို့ရှာချေက၊


လူမိုက်ခေါ် ထိုလူသားကို၊


နွားဟုဆိုရ၊၊ ၊၊



“ကိုယ်ကျင့်တရား ပြည့်စုံမှု”



လူသားတစ်ယောက်၏ ဘ၀တွင် ပြည့်စုံသင့်၊ ပြည့်စုံရမည့်အင်္ဂါရပ်များအနက် နောက်ဆုံးနှင့်အရေး အကြီးဆုံး ပြည့်စုံမှုမှာ ကိုယ်ကျင့်တရားပြည့်စုံမှု ဖြစ်သည်၊၊ ကိုယ်ကျင့်တရားသည် ဘာသာတိုင်း၊ လူမျိုးတိုင်းတွင် ရှိကြသည်မှာအမှန်ဖြစ်သည်၊၊



သို့သော် သက်ဆိုင်ရာလူမျိုးအလိုက်၊ ဘာသာတရားအလိုက် ကိုယ်ကျင့်တရားများမှာ အခြားမတူညီသည့် ဘာသာခြားများအတွက် ဘေးအန္တရာယ်ကိုဖြစ်စေနိုင်ပါသည်၊၊ ထို့အတွက်ကြောင့် ကိုယ်ကျင့်တရားပြည့်စုံမှုဆိုရာ တွင် မိမိဘ၀တိုးတက်မှု ကိုယ်ကျင့်တရားနှင့်၊ မိမိပတ်ဝန်းကျင်ကို မထိခိုက်စေ၊ ငြိမ်းအေး၊ တိုးတက်စေသော ကိုယ်ကျင့်တရားများကိုသာ ဆိုလိုပါသည်၊၊



ဥပမာအားဖြင့် ဗုဒ္ဓဘာသာမှ အချို့သောသီလဆိုင်ရာ ကိုယ်ကျင့်တရားသည် အခြားဘာသာဝင်များ အတွက် မလိုလားအပ်သည့် တားဆီးချုပ်ချယ်မှုဖြစ်ကောင်း ဖြစ်နိုင်ပါသည်၊၊ ခရာစ်ယာန်၊ ဟိန္ဒူစ သည့်ဘာသာတရားမျာ၏ သီလဆိုင်ရာကိုယ်ကျင့်တရားများသည်လည်း အလားတူဖြစ်ပါသည်၊၊ အများလက်ခံသိရှိထားပြီးသည့်အတိုင်း မူစလင်ဘာသာဝင်တို့၏ ကိုယ်ကျင့်တရားများမှာ ကမ္ဘာလူ သားများကို ကောင်းကောင်းပင်အတိ ဒုက္ခပေးသည့် အတွက် အရှင်တင်ပြလိုသော ကိုယ်ကျင့်တရားပြည့်စုံမှုတွင် ထိုကဲ့သို့ကြမ်းတမ်းသော ဘာသာရေးကိုယ်ကျင့် တရားမျိုး မပါဝင်ပါ၊၊



လူသားတိုင်းသည် ဘာသာအယူအဆ ကွဲပြားခွင့်ရှိသည်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသည်၊ အတွေးအခေါ်၊ အလုပ် အကိုင် လွတ်လပ်ခွင့်ရှိသည်မှာ အမှန်ပင်ဖြစ်သည်၊၊ သို့သော် မိမိ၏လွတ်လပ်မှုသည် သူတစ်ပါးအတွက် အနှောက် အယှက်မဖြစ်ရန်၊ သူတစ်ပါးတိုးတက်မှုကို မထိခိုက်စေရန်ကား အထူး ပင်လိုအပ်သည်၊၊



တင်ပြပြီးခဲ့သည်များအတိုင်း မိမိဘ၀ကို အမှန်တိုးတက်စေ၊ ငြိမ်းချမ်းအေးမြစေပြီး၊ လောကလူများ တိုးတက်မှု၊ အေးငြိမ်းချမ်းသာ နေထိုင်မှုကိုလည်း အားပေးသောကိုယ်ကျင့်တရားမျိုး လူတစ်ဦးတွင် ပြည့်စုံပြီဆိုလျင် ဘ၀တွင်ဘာသာရေးဆိုင်ရာ အေးငြိမ်းမှုကိုအသေအခြာရရှိမည် အမှန်ဖြစ်ပါသည်၊၊ ထို့အကြောင်းများကြောင့် ကိုယ်ကျင့်တရားပြည့်စုံမှုသည် လူသားတစ်ဦး၏ဘ၀ အေးအေးသက်သာ နေထိုင်ခွင့်ရမှု၊ ငြိမ်းချမ်းမှုအတွက် လိုအပ်သည့်ပြည့်စုံမှုတစ်ခုဟု ဆိုရခြင်းဖြစ်ပါသည်၊၊



ဤတွင် အရှင်တင်ပြလိုသော လူတစ်ဦး၏ဘ၀ အေးဆေးသက်သာစွာ နေခွင့်ရမှု၊ ငြိမ်း ချမ်းအေးမြစွာ နေခွင့်ရမှု အတွက် လိုအပ်သောအချက်အလက်များ ပြည့်စုံပြီဖြစ်ပါသည်၊၊ ရေးသားတင်ပြမှုသည် အရှင်၏ ကိုယ်ပိုင်အတွေး အခေါ်မျှဖြစ်သည့်အတွက် လုံးဝပြည့်စုံသည်ဟုကား မဆိုလိုပါ၊ စာဖတ်သူများအနေဖြင့် ကိုယ်ပိုင်အတွေးအခေါ်များ ဖြင့် သုံးသပ်ရယူပြီးမှ ဆုံးဖြတ်ရန်ဖြစ်ပါသည်၊၊



ဘ၀တစ်ခုတွင် ငြိမ်းချမ်းအေးမြစွာနေထိုင်နိုင်ရေးအတွက် မြတ်စွာဘုရားရှင်၏ ဟောပြောညွန်ပြချက် တစ်ခုကို “သုဗြဟ္မသုတ်တွင် လေ့လာရပါသည်၊၊ သုဗြဟ္မသုတ်လေ့လာချက်ကို ဆက်လက်၍တင်ပြ မည်ဖြစ်ပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ငြိမ်းချမ်းအေးမြသည့်ဘ၀ကို ပြည့်စုံရမည့်အခြေခံ အချက်အလက် ငါးမျိုးကိုကြိုး စားရယူနိုင်၍၊ ဘ၀တွင်ငြိမ်းအေးသူများဖြစ်ပါစေကြောင်း ဆန္ဒပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊



အရှင်ကေ၀လ (အလင်းစက်)


မကုဋာရာမ-မြန်မာကျောင်းတိုက်၊


ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP