Tuesday, July 30, 2013

သုံးဆယ့်တစ်ဘုံ၊၊ ၊၊


ပါဠိစာပေတွင် သတ္တ၀ါတို့အသက်ရှည်နေထိုင်သည့် “ဘုံ”အရေအတွက်(၃၁)ဘုံရှိသည်ဟု ဖော်ပြထား ပါသည်၊၊ “ဘ၀သံသရာ”ဆိုသည်မှာလည်း လူအပါအ၀င်သတ္တ၀ါတို့ (၃၁)ဘုံတွင် လည်ပတ်ဖြစ်တည် နေရခြင်းကို ခေါ်ပါသည်၊၊

သတ္တ၀ါတို့သည် (၃၁)ဘုံထဲတွင် လည်ပတ်ဖြစ်တည်နေကြရပါသည်၊၊ “ဘ၀သံသရာလည်သည်”ဟု လည်း ခေါ်နိုင်ပါသည်၊၊ အဓိကအနေအားဖြင့် လူတို့သည်သာမန်သတ္တ၀ါများထက် အသိဉာဏ်ပိုပါ သည့်အတွက် မိမိတို့လည်ပတ်ဖြစ်တည်နေရမည့် ဘုံအမျိုးအစားများကို သိသင့်လှပါသည်၊၊

(၃၁)ဘုံထဲတွင် ကောင်းသည့်ဘုံဘ၀များနှင့်၊ မကောင်းသည့်ဘုံဘ၀များပါရှိသောကြောင့် သဘာဝ အားဖြင့် အသိဉာဏ်ပိုရှိသည့်လူသားတို့အနေဖြင့် ဘုံဘ၀ကောင်းများတွင် ဖြစ်တည်ခွင့်ရရှိရေးသည်လည်း အထူးလိုအပ်လှပါသည်၊၊

ယ္ခုစာတမ်းထဲတွင် (၃၁)ဘုံအမျိုးအမည်များနှင့်၊ မတူညီသည့်ဘုံဘ၀များသို့ လူတို့လားရောက်ရခြင်း ၏အကြောင်းရင်းများကို ဖော်ပြဆွေးနွေးပါမည်၊၊ ဘုံဘ၀များစွာတွင် လုံးဝမလိုလားအပ်သည့်အခြေ အနေဆိုးဝါး ဘုံဘ၀များရှိပါသည်၊၊ ဘုံဘ၀ဆိုးများသို့ လားရောက်ရခြင်း၏အကြောင်းရင်းကို လေ့လာ သုံးသပ်သိရှိခြင်းဖြင့် အထက်တန်းကျသည့်ဘ၀များကို ပိုင်ဆိုင်နိုင်ပါမည်၊၊

(၃၁)ဘုံထဲတွင် အဆင့်အတန်းနိမ့်ပါးပြီး၊ ဆင်းရဲမှုမှုနှင့် ပြစ်ဒဏ်များကိုခံစားရသည့်ဘုံများကို ပါဠိဝေါ ဟာရဖြင့်“ဒုဂ္ဂတိ”ဟု ခေါ်ပါသည်၊၊ အဆင့်အတန်းမြင့်မားပြီး၊ ချမ်းသာကိုစံစားရသည့်ဘုံများကို “သုဂတိ”ဟု ခေါ်ပါသည်၊၊ ဒုဂ္ဂတိ(၄)ဘုံတည်ရှိပြီး၊ ကျန်ဘုံများမှာ“သုဂတိ” ဖြစ်ပါသည်၊၊

သုဂတိဘုံနှင့် ဒုဂ္ဂတိဘုံတို့သည် အရေအတွက်အားဖြင့် သုဂတိဘုံကများသော်လည်း လူအပါအ၀င် သတ္တ၀ါတို့သည် အရေအတွက်နည်းသည့်ဒုဂ္ဂတိဘုံများသို့ ကျရောက်ရသည်ကပိုများသည်ဟု ပါဠိစာ ပေကျမ်းကြီးများတွင် ဖော်ပြထားပါသည်၊၊

သတ္တ၀ါအားလုံးတို့သည်(၃၁)ဘုံသို့ ကံအားလျော်စွာဖြစ်တည်ကြရပါသည်၊၊ “ကံ”ဟူသည်မှာ လုပ်ရပ်နှင့်၊ စိတ်ရင်းကိုဆိုလိုပါသည်၊၊ အပြုအမူများနှင့် အပြုအမူများကိုပြုလုပ်စဉ်ထားရှိသည့် စိတ်အခြေအ နေများသည်“ကံ”အဖြစ်သို့ရောက်ပြီး၊ ကံအားလျော်စွာ(၃၁)ဘုံမှ အဆင့်အနိမ့်၊အမြင့်ဘုံဘ၀များသို့ ဖြစ်တည် လားရောက်ကြရပါသည်၊၊

ဘ၀အဆင့်အတန်းနိမ့်ပါးပြီး၊ ဆင်းရဲမျိုးစုံကိုခံစားရသည့် မကောင်းသည့်ဒုဂ္ဂတိ(၄)ဘုံ ရှိပါသည်၊၊ ကုသိုလ်ကောင်းမှုတစ်စုံတရာကို ပြုခွင့်မရသောကြောင့် “အပါယ်(၄)ဘုံ”ဟုလည်း ခေါ်တွင်ပါသည်၊၊ 

          (၁) ငရဲဘုံ၊
(၂) တိရစ္ဆာန်ဘုံ၊
(၃) ပြိတ္တာဘုံ၊
(၄) အသုရကာယ်ဘုံ၊

ငရဲဘုံတွင် ငရဲကြီး(၈)ထပ်ရှိပါသည်၊၊ 

(၁) ဆင်းရဲမှုပြင်းထန်လျက်၊ ဝေဒနာဆိုးများကိုခံစားနေရပြီး အကုသိုလ်ကံမကုန်မခြင်း သေလိုက်၊ အသက်ပြန်ရှင်လိုက်ဖြစ်တည်နေရသည့်ငရဲကို “သဉ္ဖိုးငရဲ”ဟု ခေါ်ပါသည်၊၊

(၂) ခန္ဓာကိုယ်ကို ကြိုးဖြင့်တိုင်းတာပြီး၊ ပုဆိန်ဖြင့်ခုတ်ထစ်ခံနေရသည့်ငရဲကို “ကာဠသုတ် ငရဲ” ဟု ခေါ်ပါသည်၊၊

(၃) သံတောင်ဖြင့် ဖိကြိတ်ထားသည်ကိုခံနေရသည့်ငရဲမျိုးကို “သင်္ဃာတငရဲ”ဟု ခေါ်ပါသည်၊၊
(၄) ခန္ဓာကိုယ်တွင်ပါသည့် ပါးစပ်၊ နှားခေါင်းစသော အပေါက်(၉)ခုတွင် မီးလောင်ခံနေရသည့် ငရဲမျိုးကို “ဇာလရောရုဝငရဲ”ဟု ခေါ်ပါသည်၊၊

(၅) ခန္ဓာကိုယ်တွင်ပါသည့် ပါးစပ်၊ နှားခေါင်းစသော အပေါက်(၉)ခုတွင် မီးခိုးငွေ့များလောင်ခံ နေရသည့်ငရဲမျိုးကို“ဓူမရောရုဝငရဲ”ဟု ခေါ်ပါသည်၊၊ 

(၆) “သံတံကျင်”ဟုခေါ်သော“မီးကင်”ပေါ်တွင် အသားကင်သကဲ့သို့ အကင်ခံနေရသည့်ငရဲ ကို“တာပန ငရဲ”ဟု ခေါ်ပါသည်၊၊

(၇) သံတောင်ပေါ်မှ သံတံကျင်ပေါ်သို့ကျစေပြီး၊ မီးပူတွင်အကင်ခံနေရသည့်ငရဲမျိုးကို မဟာ တာပနငရဲဟု ခေါ်ပါသည်၊၊

(၈) သံအမိုး သံအကာ သံအခင်းများဖြင့် အမြဲတန်းပူလောင်မှုဒဏ်များကို ခံစားနေရပြီး၊ ဆင်း ရဲခြင်း၏အ ကြားတွင် ချမ်းသာမှုအနည်းငယ်ခန့်မျှ အကြားအလပ်မရှိသည့်ငရဲမျိုးကို “အ၀ီစိင ရဲ”ဟု ခေါ်ပါသည်၊၊

အထက်တွင် ဖော်ပြထားသည့်ငရဲအကြီး(၈)ထပ်မှ ငရဲတစ်ထပ်တိုင်းတွင် ငရဲအသေးစား(၅)မျိုးစီ တည်ရှိနေပါသေးသည်၊၊

(၁) မစင်ငရဲ၊
(၂) ပြာပူငရဲ၊
(၃) လက်ပံဆူးငရဲ၊
(၄) သန်လျက်တောငရဲ၊
(၅) ကြိမ်ပိုက်ချောင်းငရဲ၊ တို့ဖြစ်ပါသည်၊၊ 

ငရဲပြည်သည် မြေအောက်တွင်တည်ရှိပါသည်၊၊ ငရဲသက်တမ်းသည် အနည်းဆုံးနှစ်ပေါင်း(၁၀၀၀)မှ၊ နှစ်ပေါင်းသန်းနှင့်ချီ၍ မကောင်းသည့်အပြုမူ(အကုသိုလ်)အလိုက် ခံစားကြရပါသည်၊၊

ခွေး၊ နွား၊ ကြက်၊ ၀က်၊အစရှိသောတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်သည်ပင် “တိရစ္ဆာန်ဘုံ”ဖြစ်ပါသည်၊၊ တိရစ္ဆာန်တို့အတွက် ဘုံသီးခြားမရှိဟု ကျမ်းများတွင်ဖော်ပြထားပါသည်၊၊

အိမ်သာ၊ ချောင်းမြောင်း၊ လမ်းအကြိုအကြား၊ အမှိုက်ပုံ၊ စသောနေရာများမှ စွန့်ပြစ်ထားသည့် မသန့်ရှင်းသောအစားအစာများကို စားသုံးလျက်အသက်ရှင်ရသည့် သတ္တ၀ါအမျိုးအစားများကို ပြိတ္တာဟု ခေါ်ပါသည်၊၊ တစ္ဆေ၊ သရဲ၊တို့သည် ပြိတ္တာအမျိုးအစားတွင် ပါဝင်ပါသည်၊၊

အစိုးရမှု၊ တောက်ပမှု၊ ပျော်ရွှင်မှုမရှိသော သတ္တ၀ါတစ်မျိုးကို အသုရာဟုခေါ်ပါသည်၊၊ အသုရာ(၃)မျိုး ရှိပါသည်၊၊

(၁) နတ်အမျိုးအစား အသူရာ၊
(၂) ပြိတ္တာအမျိုးအစား အသုရာ၊
(၃) ငရဲအမျိုးအစား အသုရာ၊၊

“ဝေပစိတ္တိအသုရာ”သည် တာဝတိံသာနတ်အမျိုးအစားတွင် ပါဝင်ပါသည်၊၊ သိကြားမင်းနှင့်ပင်စစ် တိုက်နိုင်သည့် အစွမ်းရှိပါသည်၊၊ မြင်းမိုရ်တောင်အောက်တွင်နေထိုင်ပြီး၊ အသုရာစစ်သူကြီးများအဖြစ် ဝေပစိတ္တိအသုရာနှင့်၊ ပဟာရာဒအသုရာကြီးတို့က ဦးဆောင်ကြပါသည်၊၊

“၀ိနိပါတိကအသုရာ”သည် စတုမဟာရာဇနတ်အမျိုးအစားတွင် ပါဝင်ပါသည်၊၊ တန်ခိုးအသေးစားများ ပိုင်သည့် အသုရာတို့ဖြစ်ကြပါသည်၊၊ တစ္ဆေ၊ သရဲ၊ မြေဘုတ်ဘီလူး၊စသည်များသည် ဤအသုရာအမျိုး အစားတွင်ပါဝင်သည်ဟု ဆိုကြပါသည်၊၊

“ဝေမာနိကအသုရာ”များသည် ဆင်းရဲမှုနှင့်ချမ်းသာမှုကို တလှည့်စီခံစား၊ စံစားနေရသည့်အမျိုးအစား များ ဖြစ်ပါသည်၊၊ တစ်ခါတရံ နတ်စည်းစိမ်ကိုရရှိပြီး၊ တစ်ခါတရံ ငရဲဆင်းရဲကိုခံယူနေရသည့် သတ္တ၀ါ အမျိုးအစားများလည်း ဖြစ်ပါသည်၊၊ ည စံ၊ နေ့ ခံ၊ သတ္တ၀ါများလည်း ဖြစ်ပါသည်၊၊ ငရဲမင်းကြီးနှင့် တစ္ဆေအချို့သည် ဤအသုရာတွင်ပါဝင်ကြပါသည်၊၊ ဝေမာနိကအသူရာအချို့သည် တရားထူးရနိုင်သည့် အစွမ်းရှိကြပါသေးသည်၊၊

“လောကန္တရိတ်အသူရာ”များသည် စင်္ကြာဝဠာကြီးများ၏နံရံကို တွယ်ဖက်လျက်အသက်ရှင် နေထိုင်ကြ ရပါသည်၊၊ စကြာဝဠာကမ်းပါးနံရတွင် လင်းနို့များကဲ့သို့ဇောက်ထိုး တွဲလျောင်းချလျက် အသက်ရှင် နေကြရပါသည်၊၊ အလင်းရောင်လုံးဝမရ၊ အစားအသောက်မရှိသည့် နေရာများလည်းဖြစ်ပါသည်၊၊ 

လက်မမြဲသည့်အခါ ခြောက်ကြီးများထဲသို့ပြုတ်ကျသည့်ဆင်းရဲကို ခံစားရသော်လည်း အကုသိုလ်ကံ မကုန်မခြင်း မသေနိုင်ဘဲ၊ နံရံများတွင်တွယ်ဖက် တက်နေကြရပါသည်၊၊ တချို့အသုရာတို့သည် ပြုတ် ကျသဖြင့်ကျေမွသေဆုံးပြီး၊ သေသည့်နေရာတွင်ပင် ထပ်မံမွေးဖွားကြရပြီး ဆင်းရဲခံကြရပြန်ပါသည်၊၊

“ကာလကဉ္စိကအသူရာ”များသည် နှစ်ပေါင်းသန်းနှင့်ချီ၍ အစာမစားရဘဲ၊ ငတ်မွတ်ဆင်းရဲဒဏ်ကိုခံယူ နေရသည့် အသူရာအမျိုးအစားများဖြစ်ပါသည်၊၊ ပင်လယ်တွင်းဆင်းလိုက်လျင် ရေများခမ်းသွားပြီး၊ ရေသောက်ခွင့်မရသည့်သတ္တ၀ါများလည်း ဖြစ်ပါသည်၊၊

(မှတ်ချက်/ အပါယ်လေးဘုံတွင်ပါဝင်သည့် အသုရကာယ်သည် အထက်တွင်ဖော်ပြခဲ့သည့်အသုရာ (၅)မျိုးထဲမှ တတိယနှင့်ပဉ္စမတို့ဖြစ်ပါသည်၊၊)

“ကာမသုဂတိ(၇)ဘုံ”

လူနှင့်သတ္တ၀ါတို့သည် အပြုအမူ(ကုသိုလ်)ကောင်းကောင်းပြုခြင်းဖြင့် ရောက်ရှိနိုင်သည့် ဘုံဘ၀(၇)မျိုး ရှိပါသည်၊၊ ကာမသုဂတိ(၇)ဘုံဟု ခေါ်တွင်ပါသည်၊၊

(၁) လူ့ဘုံ၊
(၂) နတ်ပြည်(၆)ထပ်၊ တို့ဖြစ်ကြပါသည်၊၊

လူသားတို့နေရာထိုင်ရာ အရပ်သည် “လူ့ဘုံ”ဖြစ်ပါသည်၊၊ စီးပွားရေးနှင့် ကျန်းမာရေးအစရှိသောအ ခြေအနေ ဆင်းရဲသည့်လူများသည်ပင် ယခင်ဘ၀များစွာမှအပြုအမူ(ကုသိုလ်)ကောင်းကောင်းရှိဖူး သောကြောင့် လူ့ဘ၀ကိုရရှိခြင်း ဖြစ်ပါသည်၊၊

(၃၁)ဘုံတွင်တည်ရှိသော အမြင့်ဆုံးအဆင့်အတန်းများကို လူ့ဘ၀တွင်ပြုလုပ်သည့်အပြုအမူ(ကု သိုလ်)များဖြင့်သာရရှိနိုင်ပြီး၊ အခြားသောဘ၀များတွင် ပြုလုပ်သည့်အပြုအမူများဖြင့် မရရှိနိုင်သော ကြောင့်လူ့ဘုံလူ့ဘ၀ကို ဘ၀အားလုံးထက်သာလွန်ပြီး၊ မြင့်မြတ်သောဘ၀ဟု ခေါ်ဆိုပါသည်၊၊

လူ့ဘုံသည်“အကောင်းဘုံ”ပင်ဖြစ်သော်လည်း မွေးတွင်းပါ ‘ဆွံ့အနားမကြားသူများ၊’ ကိုယ်အင်္ဂါချို့ယွင်း သူများ၊ ဘ၀အခြေအနေအမျိုးမျိုးတွင် နိမ့်ပါးလွန်းသူများစွာပင် ရှိပါသည်၊၊ ထိုသူများသည် ဘုံဘ၀၏ နိမ့်ကျမှုကြောင့်မဟုတ်ဘဲ အပြုအမူ(အကုသိုလ်)များကြောင့်သာဖြစ်ကြောင်း စာတမ်းအဆုံးတွင် ဆွေး နွေးတင်ပြထားပါသည်၊၊

“နတ်ပြည်(၆)ထပ်”

(1)နတ်မင်းကြီးလေးဦးတို့ နေထိုင်သည့်ဘုံ=စတုမဟာရာဇဘုံ၊
(2)ပရဟိတနတ်သား (၃၃)ယောက်နှင့် အခြံအရံတို့နေထိုင်သည့်နတ်ဘုံ=တာဝတိံသာဘုံ၊
(3)ချမ်းသာခြင်းသီးသန့်သာ ရှိသောဘုံ=ယာမာနတ်ဘုံ၊
(4)ဘုရားအလောင်းတော်နတ်သားတို့သာ နေထိုင်သည့်နတ်ဘုံ=တုသိတာဘုံ၊
(5)သဘာဝအလျောက် ချမ်းသာပြီးသည့်စည်းစိမ်ထက်ပိုလွန်ပြီး၊ တန်ခိုးဖြင့်ဖန်ဆင်း၍၊ ထူးကဲ သောချမ်းသာကိုစံစားနိုင်သောနတ်ဘုံ=နိမ္မာနရတိဘုံ၊
(6)မိမိလိုချင်သည့်အရာကို အစေခံနတ်များအားစေခိုင်းပြီး၊ စံစားနိုင်သည့်နတ်ဘုံ=ပရနိမ္မိတ၀သ ၀တ္တိဘုံ၊

နတ်(၆)ဘုံသည် လူ့ဘုံထက်ချမ်းသာပါသည်၊၊ သို့သော် နတ်မှဘုရားဖြစ်သည့်ထုံးစံ မရှိဘဲ၊ လူစင်စစ်မှသာ ဘုရားဖြစ်လေ့ရှိသောကြောင့် နတ်ပြည်ထက်လူ့ပြည်က ပိုမိုမြင့်မြတ်သည်ဟု ဆိုနိုင်ပါသည်၊၊ 

“တာဝတိံသာနတ်ပြည်”သည် မြင်းမိုရ်တောင်ထိပ်တွင်တည်ရှိသည်ဟု ကျမ်းများတွင်ဆိုသောကြောင့် အထက်ကောင်းကင်တွင်တည်ရှိသည်ဟု သိမှတ်နိုင်ပါသည်၊၊ ပန်းခြံကြီးများနှင့်၊ မဏ္ဍပ်ကြီးများ၊ စေတီနှင့်၊ ရေကန်အကြီးများ၊ တည်ရှိပါသည်၊၊ နတ်ပြည်များတွင် အသက်(၁၀၀၀)မှ နှစ်သန်းနှင့်ချီ၍ အသက်ရှည်ကြပါသည်၊၊

နတ်ပြည်တွင် ကာမဂုဏ်(၅)မျိုးကို စိတ်ကြိုက်စံစားနေကြပြီး၊ တစ်စုံတရာအကောင်း(ကုသိုလ်)ဟူ၍ပြုရန် ခွင့်မသာသောကြောင့် ကုသိုလ်ပြုလိုသောနတ်များသည် လူ့ဘုံသို့လာရောက်ပြီး ကုသိုလ်ပြုလေ့ ရှိကြောင်းကို ဖော်ပြထားပါသည်၊၊

သုဂတိဘုံဘ၀များထဲတွင် “ဗြဟ္မာပြည်(၂၀)”လည်း ပါဝင်ပါသည်၊၊ ဗြဟ္မာကြီးများသည် နတ်ပြည်ထက် ပိုမိုချမ်းသာပါသည်၊၊ အသက်လည်းအလွန်ရှည်ပါသည်၊၊

“ရူပဗြဟ္မာ(၁၆)ဘုံ”

ဗြဟ္မာများသည် နတ်တို့ကဲ့သို့ ရုပ်နာမ်အစုံ မရှိကြပါ၊၊ ဆိုလိုသည်မှာ ဗြဟ္မာများသည် ‘စိတ်’လုံးဝမရှိဘဲ ‘ရုပ်ကိုယ်ထည်’သက်သက်ဖြင့် အချိုတည်ရှိနေကြပါသည်၊၊ အချို့မှာ ရုပ်ကိုယ်ထည်မရှိဘဲ ‘စိတ်ဝိညာဉ်’သက်သက်ဖြင့်သာတည်ရှိသည့် ဗြဟ္မာအမျိုးအစား များလည်း ရှိပါသည်၊၊

ရူပဗြဟ္မာဘုံတွင် တည်ရှိသည့်ဗြဟ္မာများသည် ရုပ်နာမ်နှစ်မျိုးလုံး တည်ရှိကြပါသည်၊၊ သို့သော် “အသညသတ်ဗြဟ္မာ”များသည် လူဖြစ်စဉ်အခါက နာမ်(စိတ်)ကိုမဖြစ်ပေါ်စေ ရန်ဘာဝနာတစ်မျိုးကို ဖြည့်ဆည်းခဲ့ကြသောကြောင့် ရုပ်ကိုယ်ထည်သက်သက်တည် ရှိသည့် ဗြဟ္မာများအဖြစ်သို့ လားရောက်ကြရပါသည်၊၊

(၁) ဗြဟ္မပါရိသဇ္ဖာဘုံ
        (၂) ဗြဟ္မပုရောဟိတဘုံ
(၃) မဟာဗြဟ္မာဘုံ
(၄) ပရိတ္တဘာဘုံ
(၅) အပ္ပမာဏာဘ
(၆) အာဘဿရာဘုံ
(၇) ပရိတ္တသုဘာဘုံ
(၈) အပ္ပမာဏာသုဘာဘုံ
(၉) သုဘကိဏှာဘုံ
(၁၀) ဝေဟပ္ဖိုလ်ဘုံ
(၁၁) အသညသတ်ဘုံ

သုဒ္ဓါဝါသဗြဟ္မာ(၅)ဘုံ၊ 

(၁) အ၀ိဟာဘုံ
(၂) အတပ္ပါဘုံ
(၃) သုဒဿာဘုံ
(၄) သုဒဿီဘုံ
(၅) အကနိဋ္ဌာဘုံ 

“အရူပဗြဟ္မာ(၄)ဘုံ”

အရူပဗြဟ္မာများသည် ရုပ်ကိုယ်ထည်မရှိ၊ နာမ်သက်သက်ဖြင့်ဖြစ်တည်နေကြသော ဗြဟ္မာကြီးများ ဖြစ်ပါသည်၊၊ 

(၁) အာကာသာနဉ္စာယတနဘုံ
(၂) ၀ိညာနဉ္စာယတနဘုံ
(၃) အာကိဉ္စညာယတနဘုံ
(၄) နေ၀သညာနာသညာယတနဘုံ

ဤတွင်စုပေါင်းရေတွက်လျင် (၃၁)ဘုံတိတိဖြစ်ပါသည်၊၊ (၃၁)ဘုံတွင် အပါယ်(၄)ဘုံမှ “အ၀ီစိငရဲဘုံ” သည်အနိမ့်ပါးဆုံးနှင့်၊ ဆင်းရဲမှုအများဆုံးဘုံဖြစ်ပြီး၊ ရူပဗြဟ္မာ(၁၆)ဘုံထဲမှ “ဝေဟဖ္ဖိုလ်ဗြဟ္မာ”များ သည်အမြင့်ဆုံးနှင့်၊ အချမ်းသာဆုံး ဖြစ်ပါသည်၊၊

ကုသိုလ်အမျိုးအစား(၄)မျိုးရှိပါသည်၊၊

(၁) ကာမာဝစရကုသိုလ်၊
(၂) ရူပါဝစရကုသိုလ်၊
(၃) အရူပါဝစရကုသိုလ်၊
(၄) လောကုတ္တရာကုသိုလ်၊ တို့ဖြစ်ကြပါသည်၊၊

“ကာဝစရကုသိုလ်”ဟူသည်မှာ သာမန်နေ့စဉ်ပြုနေကြသည့် အခြားသူကိုကူညီမှု၊ ပေးကမ်းမှု၊ ထောက်ပံ့မှု၊ အားပေးမှု၊ စောင့်ရှောက်မှု၊ ဘာသာရေးဆိုင်ရာ အလှူဒါနမျိုးစုံပြုလုပ်မှုနှင့်၊ ကိုယ်ကျင့်တရား စောင့်ထိမ်းမှု၊ စသည်တို့ဖြစ်ပါသည်၊၊ ကာမာဝစရကုသိုလ်ကိုပြုလုပ်ခြင်းဖြင့် ကာမသုဂတိ(၇)ဘုံသို့ ရောက်ရှိနိုင်ပြီး၊ စည်းစိမ်ကိုစံစားနိုင်ကြပါသည်၊၊ 

“ကာမာဝစရကုသိုလ်(၈)မျိုး”မှ တစ်မျိုးမျိုးကို ပြုနေချိန်တွင် အသိညာဏ်ပါပါပြုလုပ်ခြင်း၊ အခြားသူက မတိုက်တွန်းဘဲပြုလုပ်ခြင်း၊ ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ခြင်းတို့သည် ကုသိုလ်၏အကျိုးကိုရရှိချိန်တွင် အဆင့်မြင့်သည့်အကျိုးများကို ရရှိနိုင်ပါသည်၊၊

ထို့အပြင် ရလိုမှုဖြင့်မပြုခြင်း၊ မေတ္တာဖြင့်ပြုခြင်း၊ အသိညာဏ်ရှိရှိပြုလုပ်ခြင်းများကို “တိဟိတ်ကုသိုလ်” ဟုခေါ်တွင်ပြီး၊ အကျိုးကိုရရှိချိန်တွင် အများတကာနှင့်မတူသည့် အကျိုးကျေးဇူးကို စံစားရရှိနိုင်ပါ သည်၊၊

ရလိုမှုဖြင့် “ကာမာဝစရကုသိုလ်”ကိုပြုခြင်း၊ အခြားသူတိုက်တွန်းသဖြင့်ပြုခြင်း၊ စိတ်မပါဘဲပြုခြင်း၊ အ သိညာဏ်မပါဘဲပြုခြင်းများကို ငွေကုန်ခြင်း၊ လူပင်ပမ်းခြင်းများစွာဖြင့်ပြုသော်လည်း အခြေခံမကောင်း သောလုပ်ဆောင်ချက်(ကုသိုလ်)ဟု ခေါ်ဆိုရပါသည်၊၊

အကျိုးကိုရရှိချိန်တွင် ချမ်းသာသူဖြစ်ပါလျက် မိမိစီးစိမ်ကိုမခံစားရခြင်း၊ သားသမီးနှင့်၊ အချွေအရံနည်း ပါးခြင်း၊ မကျန်းမာခြင်း၊ စည်းစိမ်ပျက်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများ ရောပြွန်းနေတတ်ပါသည်၊၊ 

“ရူပါဝစရကုသိုလ်(၅)မျိုး”ရှိပါသည်၊၊ ရူပါဝစရကုသိုလ်ကိုပြုလျင် “ရူပဗြဟ္မာပြည်”သို့ ရောက်နိုင်ပါသည်၊၊ “အရူပါဝစရကုသိုလ်(၄)မျိုး”ရှိပါသည်၊၊ အရူပါဝစရကုသိုလ်ကိုပြုလျင် “အရူပါဝစရဗြဟ္မာ”ပြည် သို့ ရောက်စေနိုင်ပါသည်၊၊ 

လူအဖြစ်ဖြင့် အနာဂါမ်တည်လျင် “သုဒ္ဓါဝါသဗြဟ္မာပြည်”သို့ ရောက်ရပါသည်၊၊ ဆိုလိုသည်မှာ ရဟန်း သံဃာမဟုတ်ဘဲ၊ လူအ၀တ်အစားဖြင့်“အနာဂါမ်”ဖြစ်လျင် “ရဟန္တာ”အဆင့်သို့မတက်ရောက်နိုင်ဘဲ လူ့အဖြစ်မှ သုဒ္ဓါဝါသဗြဟ္မာပြည်သို့လားရောက်ပြီး၊ ထိုဘုံတွင်ရောက်မှ ရဟန္တာဖြစ်ရပါသည်၊၊

“မဂ်ကုသိုလ်(၄)မျိုး” ရှိပါသည်၊၊ “လောကုတ္တရာကိုသိုလ်”ဟုလည်း ခေါ်ပါသည်၊၊ မဂ်ကုသိုလ်ကိုပြုလုပ် (ပွားများ)လျင် “သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ”ဖြစ်နိုင်ပါသည်၊၊ ဤမဂ်ကုသိုလ်ကိုပြည့်စုံ အောင် ဖြည့်ဆည်းခြင်းဖြင့်ပင်လျင် ဗုဒ္ဓဘာသာဝင်တို့ ၏ပန်းတိုင်ဖြစ်သော “နိဗ္ဗာန်ချမ်းသာ”ကို ရရှိနိုင် ပါသည်၊၊ အခြားလုပ်ဆောင်ချက်(ကုသိုလ်)များဖြင့် မရနိုင်ပါ၊၊

အဘိဓမ္မာတွင် “အကုသိုလ်စိတ်(၁၂)မျိုး”ကို ဖော်ပြထားပါသည်၊၊ အကုသိုလ်စိတ်အခြေခံဖြင့် မှားယွင်း သည့်လုပ်ဆောင်ချက်(၁၀)မျိုးကိုပြုလုပ်လျင် အပါယ်(၄)ဘုံသို့ကျရောက်ရပြီး၊ ဆင်းရဲမျိုးစုံကိုပြစ်ဒဏ် များအဖြင့် ခံစားကြရပါသည်၊၊ အပြစ်ဒဏ်ကိုတစ်စုံတယောက်က ပေးခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်ပြု လုပ်ချက်၏အကျိုးအဖြစ်ဖြင့် ရရှိခြင်းဖြစ်ပါသည်၊၊

တိရစ္ဆာဖြစ်ရခြင်း၊ လူ့ဘ၀တွင် ပညာမတတ်မှု၊ ဆင်းရဲမှု၊ အနာရောဂါများခြင်း၊ အထီးကျန်ဆန်ခြင်း၊ ရုပ် ဆိုးခြင်း၊ လူစဉ်မမှီခြင်း၊ ပြဿနာမျိုးစုံ၏အကြားတွင်ရောက်နေရခြင်း၊ စသည်စသည်တို့သည် ဗုဒ္ဓ အဘိဓမ္မာအလိုအားဖြင့် လူတစ်ယောက်ခြင်း၏ ကိုယ်တိုင်အပြုအမူ(အကုသိုလ်)ကြောင့်သာဖြစ်ရခြင်း ဖြစ်ပါသည်၊၊ 

ဆွေးနွေးတင်ပြခဲ့သည်များကို လေ့လာကြည့်လျင် လူအပါအ၀င် သတ္တ၀ါတို့၏ဘ၀ဖြစ်တည်မှုသည် အခြားတစ်စုံတစ်ယောက်က ဖန်ဆင်းခြင်းမျိုးမဟုတ်ဘဲ၊ ကိုယ်တိုင်လုပ်ဆောင်ချက်၊ အပြုအမူကောင်း (ကုသိုလ်)၊ မကောင်း(အကုသိုလ်)တို့ကြောင့်ဖြစ်ရကြောင်း ကောက်ချက်ချနိုင်ပါသည်၊၊

ဤတွင် Buddhist Cosmology ဟုခေါ်သော ဗုဒ္ဓစာပေတွင်ဖော်ပြထားသည့် (၃၁)တစ်ဘုံနှင့်၊ (၃၁)ဘုံသို့ရောက်ခြင်း၏အခြေခံအကြောင်းရင်းများကို တင်ပြမှုစာတမ်းသည် အတိုင်းအတာတစ်ခုအ ထိပြည့်စုံပြီဟု ယူဆပါသည်၊၊

“အလင်းစက်”စာဖတ်သူများ (၃၁)ဘုံမှ ချမ်းသာခြင်းပြည့်ဝသည့် ဘုံဘ၀များတွင်ဖြစ်ခွင့်ရပြီး၊ ကမ္ဘာ လောကအကျိုးကို ဖြည့်ဆည်းအောင်မြင်သူများဖြစ်ကြပါစေကြောင်းဆန္ဒပြုလျက် စာတမ်းကိုအဆုံး သတ်လိုက်ရပါသည်၊၊                  ၊၊

{ကျမ်းညွန်း/ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊ သဂြိုဟ်ဘာသာဋီကာကျမ်း၊ ၀ိပဿနာကျင့်စဉ်အကျဉ်းချူပ် (မဟာစည်)}
 ဤစာတမ်းကို စာရေးသူ၏ (၂၆-၀၇-၂၀၁၃)နေ့တွင်ကျရောက်သော မွေးနေ့အမှတ်တရအဖြစ် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်၊၊ 

အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (26/07/2013)

အပြည့်အစုံသို့....

Monday, June 24, 2013

“ပရိတ်”အကြောင်း သိကောင်းစရာ၊၊ ၊၊



လူအများသည် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့်၊ အကျိုးများဖြစ်ပေါ်စေရန်“ပရိတ်”တရားတော်များ ကိုရွတ်ဖတ်၊ နာယူကြပါသည်၊၊ 

အမှန်တကယ်လည်း ပရိတ်ရွတ်ဖတ်၊ နာယူခြင်းသည် ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး၊ လို အပ်သည့်အကျိုးများစွာကို ရရှိနိုင်ပါသည်၊၊
 “ပရိတ်”ဟောဝါရသည်“ပရိတ္တ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်ပါသည်၊၊ 

“ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း”ဟု အဓိပ္ပါယ်ရပါသည်၊၊ ဘေးအန္တရာယ်များနှင့်၊ မလိုလားအပ် သည့်ရလာဘ်များမှ အကာအကွယ်နှင့်၊ အတားအဆီးကိုပြုပေးနိုင်သည့် မြတ်စွာဘုရားရှင် ဟော တော်မူထားသော ပါဠိတော်(၁၁)သုတ်ကို “ပရိတ်”ဟုခေါ်ပါသည်၊၊

(၁) မင်္ဂလသုတ်၊
(၂) မေတ္တသုတ်၊
(၃) ရတနသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ၀ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာတိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်၊

ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကို မြတ်စွာဘုရားရှင်သည် လူသားတို့၏မျက် မှောက်ဘ၀အကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက် သီးခြားဟောတော်မူထားခြင်း ဖြစ်ပါ သည်၊၊

ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည်ဟု လေ့ လာရပါသည်၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည့် နိုင်ငံများတိုင်းတွင် ပရိတ်ရွတ်ဖတ်၊ နာယူသည့် အစဉ်အလာရှိကြပြီး၊ နိုင်ငံအလိုက်ကွဲပြားသည့် ပရိတ်ရွတ်ပုံနှင့်၊နာယူပုံကွာခြားမှုများကို တွေ့ရပါသည်၊၊

ထိုင်းနိုင်ငံတွင် ပရိတ်ရွတ်သည့်အခါ တူရိယာတစ်မျိုးမျိုးနှင့်တွဲဖက်၍ စည်းဝါးတကြရွတ်ဖတ်သည်ကို တွေ့ရပါသည်၊၊ အိန္ဒိယလူမျိုးတို့ကမူ မန္တန်ရွတ်သကဲ့သို့ အသံရှည်ဆွဲ၍ ရွတ်ဖတ်ကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် ပရိတ်ရွတ်သည့်အခါ သံရှည်ဆွဲပြီး၊ ဂီတသံပါပါရွတ်ဆိုကြပါသည်၊၊ 

မဟာပရိတ်ပွဲကြီးများတွင်မူထူးခြားစွာ၊ ရဟန်းသုံးပါးခန့်ပြိုင်တူ အသံကိုရှည်နိုင်သမျှရှည်ရှည်ဆွဲ၍ ရွတ်ဖတ်လေ့ရှိကြပါသည်၊၊ ပရိတ်သုတ်အရေအတွက်မှာလည်း သုတ်ပေါင်း(၂၈)ရှိပါသည်၊၊ အခြားဗုဒ္ဓ ဘာသာနိုင်ငံများတွင်လည်း ပရိတ်သုတ်အရေအတွက် များစွာကွာခြားကြပါသည်၊၊

သီရိလင်္ကာလူမျိုးတို့သည် သံဃာတော်များရှေ့နှင့်၊ ဘုရားပုထိုးစေတီများတွင်ထိုင်သည့်အခါ ဘုရား၊ သံဃာနှင့် ဆင်းတုစေတီများဘက်သို့ “ခြေဆင်း”ပြီးထိုင်ကြပါသည်၊၊ မြန်မာအယူအဆနှင့်ကြည့်လျင် အလွန်ရိုင်းဆိုင်းသည့် ထိုင်ပုံထိုင်နည်းဖြစ်ပါသည်၊၊

ပရိတ်ရွတ်ဖတ်ချိန်တွင်“ပရိတ်ချည်”ကို သံဃာများသည် ပရိသတ်များနှင့်အတူတူကိုင်ထားကြလျက်၊ ပြီးဆုံးသည့်အခါ သံဃာများမှချည်ကြိုးကို အပိုင်းပိုင်းဖြတ်လျက်၊ လူအားလုံး၏လက်ကောက်ဝတ်တွင် ချည်ပေးကြပါသည် သီရိလင်္ကာတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်၊၊  

ပရိတ်တရားတော်များကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကိုတိုင် တည်၍၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့်၊ လောကတစ်ခွင် လုံးတွင်ရှိကြသည့်သတ္တ၀ါများကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များဖြစ်ကြောင်းကို တွေ့ရပါသည်၊၊

ပရိတ်တရားများကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ၏အန္တ ရာယ်ပေးမှုကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများစွာ ရှိပါသည်၊၊

မြတ်စွာဘုရားရှင်သည် လူနတ်တို့၏မျက်မှောက်ဘ၀ ဘေးကင်းရေးနှင့်၊ အကျိုးတိုးပွားဖြစ်ပေါ်စေရန် ရည်သန်တော်မူလျက် ပရိတ်အဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊

ပါဠိစာပေတစ်ရပ်လုံးတွင် သုတ်ပေါင်း(၄,၀၀၀၀)ကျော်မျှရှိသော်လည်း မြတ်စွာဘုရားရှင်မှ“ပရိတ်”အဖြစ်ရွတ်ဖတ်ရန်ညွန်ကြားတော်မူသည့် သုတ်အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်ပါသည်၊၊ ပါဠိစာပေတိုင်းသည် ပရိတ်အဖြစ်ရွတ်ဖတ်နာယူရန် မဖြစ်နိုင်သည့်ဟန်ဖြစ်ပါသည်၊၊ 

ပရိတ်(၁၁)သုတ်သည် ကျမ်းတစ်ကျမ်းတည်းတွင် စုစည်းလျက်ဖော်ပြထားသည်မဟုတ်ဘဲ၊ ကျမ်းအ မျိုးမျိုးတွင်ပြန့်ကျဲလျက် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “မင်္ဂလသုတ်နှင့်ရတနသုတ်၊ မေတ္တသုတ်” တို့ကို “ခုဒ္ဒကပါဌကျမ်းနှင့် သုတ္တနိပါကျမ်း”တို့တွင်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊

ရတနသုတ်“ပဏိဓာနတော…မှ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ”အထိ ပါဠိစကားပြေသည် “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊”တွင် ဖော်ပြထားပါသည်၊၊ 

ခန္ဓသုတ်သည်“စူဠ၀ါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊”တို့တွင် ဖော်ပြပါရှိပါသည်၊၊ မောရသုတ်သည် “ဇာတိကပါဠိတော်-ပ”တွင် ပါရှိပါသည်၊၊ 

ဝဋ္ဋသုတ်သည်“စရိယာပိဋကကျမ်းနှင့်၊ ဇာတကပါဠိတော်”တို့တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊
“အာဋာနာတိယသုတ်”မှ“၀ိပဿိဿစ..မှ..ဟိတံဒေ၀မနုဿာနံ”အထိ စာပိုဒ်ခြောက်ခုသည်“သုတ်ပါ ထေယျကျမ်း”တွင်ဖော်ပြထားပြီး၊ “အဘိဝါဒနသီလိဿ”ဂါထာသည်“ဓမ္မပဒကျမ်း”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီးများမှ ရေးသားထည့်သွင်းထားခြင်း ဖြစ်ပါသည်၊၊

အမျိုးသမီးများ မီးဖွားလွယ်ကူစေရန် ရွတ်ဖတ်နာယူလေ့ရှိသည့်“အင်္ဂုလိမာလသုတ်”သည် “မဇ္ဈိမ ပဏ္ဏာသကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဗောဇ္ဈင်္ဂသုတ်သည် “သံယုတ်ကျမ်း-တ၊”မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်”များကိုမှီငြမ်းပြုလျက် ဆရာတော်ကြီးများမှ ဂါထာများအဖြစ်ရေးသားထားသည်ဟု ဆိုပါသည်၊၊

ပုဗ္ဗဏှသုတ်မှ“ယံကိဉ္စိ ၀ိတ္တံ”ဂါထာသည် ရတနသုတ်မှဖြစ်ပါသည်၊၊ “သုနက္ခတ္တံ”စသော ဂါထာသုံးပုဒ်သည် “အင်္ဂုတ္တရနိကာယကျမ်း-ပ၊”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီး များထည့်သွင်း ရေးထားကြပါသည်၊၊

ပရိတ်တော်(၁၁)သုတ်ကို စီစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့်ဆရာ တော်ကြီးများရေးသားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့်၊ မြတ်စွာဘုရား၏ဟောကြား ချက်များကိုမှီငြမ်းပြုပြီး၊ ဆရာတော်ကြီးများရေးသားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊

“ပရိတ်အသေး”ဟူ၍ စာပေဝေါဟာရမရှိသော်လည်း “ပရိတ်”ပုဒ်၏နောက်မှ“ကြီး”စာလုံးဖြည့်စွက် လျက်“ပရိတ်ကြီး”ဟူ၍လည်း ခေါ်ကြပါသေးသည်၊၊ 
ကြီးကြီးကျယ်ကျယ်ပြောဆို ရေးသားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊
“သီရိလင်္ကာလူမျိုး”တို့သည် သာမန်ပရိတ်ပွဲများတွင်ရွတ်ဖတ်သည့်ပရိတ်ကို နာမည်အထူးမခေါ်သော် လည်း၊ ထူးခြားသည့်အခန်းအနား၊ အိမ်တက်စသည်များတွင်ရွတ်ဖတ်သည့်ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊

အိမ်ကြီးအတွင်းတွင် ပရိတ်မဏ္ဍပ်အသေးစားဆောက်လျက် သံဃာများကိုအတွင်းတွင်နေရာချထား ပြီး၊ မြန်မာနိုင်ငံမှပဌာန်းပွဲဆန်ဆန်ကျင်းပသည့် မဟာပရိတ်ပွဲကြီးများမှာ ညလုံးပေါက်ရွတ်ဖတ်ပေးရ ပြီး၊ နာယူကြပါသည်၊၊
ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် ဗုဒ္ဓရှင်တော်မပွင့်မှီကပင်တည်ရှိခဲ့ကြောင်း ပရိတ်တော်များ၏ နောက်ခံဖြစ်စဉ်များကို လေ့လာသုံးခြင်းအားဖြင့် သိနိုင်ပါသည်၊၊

“မောရသုတ်ပရိတ်”သည် ဘုရားမဖြစ်မှီ“ဥဒေါင်း”ဘ၀တွင်ရွတ်ဆိုခဲ့သည့်ပရိတ်တော် ဖြစ်ပါသည်၊၊ မောရသုတ်ကိုရွတ်ဖတ်သဖြင့် မင်းခုနှစ်ဆက်တိုင်ဖမ်းခြင်းငှာမစွမ်းနိုင်သည့် အကျိုးကိုရခဲ့ဖူးပါသည်၊၊
ဤဖြစ်စဉ်ကိုသုံးသပ်သောအားဖြင့် မောရသုတ်သည် အခြားအကျိုးကျေးဇူးများအပြင်၊ အထူးသဖြင့် အဖန်းအဆီးခံရမည့် ဘေးမှကင်းလွတ်စေသည်ဟု ယူဆနိုင်ပါသည်၊၊

“ခန္ဓသုတ်”ကို မြတ်စွာဘုရားသည် ရသေ့ဖြစ်စဉ်ဘ၀တွင် တပည့်ရသေ့များအား မြွေဆိုးဘေးအန္တ ရာယ်မှကာကွယ်စေရန် သင်ပြလမ်းညွန်ခဲ့သည့်ပရိတ်ဖြစ်သည်ဟု ဖော်ပြထားပါသည်၊၊ ဖြစ်စဉ်ကို ထောက်ဆကြည့်ခြင်းအားဖြင့် ခန္ဓသုတ်သည် မြွေနှင့်အဆိပ်ရှိသတ္တ၀ါများ၏ ဘေးများကင်းဝေးစေ နိုင်သည်ဟု မှတ်သားနိုင်ပါသည်၊၊
“၀ဋ္ဋသုတ်”သည် မြတ်စွာဘုရားရှင်သည် “ငုံးငှက်”ဖြစ်စဉ်ဘ၀၌ သစ္စာပြုရန်ရွတ်ဆိုခဲ့သည်ဟု ဖော်ပြ ထားပါသည်၊၊

အတောင်မပေါက်သေးသည့်ငှက်ငယ်သည် တောမီးလောင်နေစဉ် “ငါသည် မပျံနိုင်ပါ၊၊ ငါ၏မိဘတို့ သည် စွန့်ခွါကုန်ပြီ၊၊ ဤသစ္စာစကားကြောင့် တောမီးသည်ငြိမ်းပါစေသတည်း”ဟု ဘုရားအလောင်း ငှက်ငယ် သစ္စာဆိုခဲ့ပါသည်၊၊ ၀ဋသုတ်သည် မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု မှတ်သား နိုင်ပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြထားသည်များကို လေ့လာသောအားဖြင့် မောရသုတ်၊ ၀ဋ္ဋသုတ်နှင့်၊ ခန္ဓ သုတ်တို့သည် ဘုရားမပွင့်မှီကပင်ရှိခဲ့သည့် ပရိတ်များဖြစ်ကြောင်း သိသာပါသည်၊၊

“မာဃလုလင်”သည် ရှင်ဘုရင်မှအထင်မှားပြီး၊ ဆင်ဖြင့်နင်းသတ်စေရာ ဆင်များမှမနင်းဝံ့သဖြင့်၊ အကြောင်းကိုမေးမြန်းသည့်အခါ “ပရိတ်ရွတ်နေသဖြင့် ဆင်ဘေးမှ ကင်းဝေးရသည်”ဟု ဖြေသည်ကိုသုံးသပ်ခြင်းအားဖြင့် ပရိတ်တော်များသည် မနာလိုသူများ၏ချောက် ချသည့်အန္တရာယ်မှလည်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားနိုင်ပါသည်၊၊

“ဗာရဏသီမင်း၏သားတော်သည် တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုခံယူရန်အတွက်၊ ဘီလူးနှင့်သားရဲ ပေါသည့်တောကြီးကိုဖြတ်သွားရမည်ဖြစ်၍ ဘေးများမှကင်းဝေးရန် ပစ္စေကဗုဒ္ဓါများမှ ပရိတ်ချည်နှင့်၊ ပရိတ်သဲများကို ပေးလိုက်သည်”ဟု တေလပတ္တဇာတ်၊ အဌကထာတွင် ဖော်ပြထားပါသည်၊၊

“ဆဒ္ဒန်ဆင်မင်းသည် အစွယ်ကိုဖြတ်သည့်မုဆိုးအား၊ ခုနှစ်နှစ်၊ ခုနှစ်လလာခဲ့ရသည့်ခရီးကို ပရိတ်အကာအကွယ်များ ပြုပေးလိုက်ခြင်းဖြင့် ခုနှစ်ရက်တည်းဖြင့် တိုင်းပြည်အရောက်ပြန်နိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်၊၊

အထက်ပါဖော်ပြချက်များကို သုံးသပ်သောအားဖြင့် ပရိတ်ရွတ်ဖတ်လျင်ဖြစ်စေ၊ နာယူလျင်ဖြစ်စေ ခရီး သွားသည့်အခါ လမ်းခရီးလျင်မြန်ကြောင်းနှင့်၊ ဘေးကင်းကြောင်းကို မှတ်သားနိုင်ပါသည်၊၊

ဆွေးနွေးဖော်ပြထားသည့်ဖြစ်စဉ်များမှာ ဘုရားမဖြစ်ခင်ဘ၀များက ဖြစ်ခဲ့သည့်ဖြစ်စဉ်များဖြစ်၍၊ ပရိတ် ရွတ်ဖတ်သည့်အစဉ်အလာသည် ဘုရားမပွင့်မှီနှင့်၊ ဗုဒ္ဓဘာသာမပေါ်မှီကပင်တည်ရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်၊၊

မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးမှပေါ်ပေါက်လာသည့် ပရိတ်တော်(၇)သုတ်ရှိပါသည်၊၊ ဘုရားဖြစ်ပြီးမှ မြတ်စွာဘုရားရှင်ကိုယ်တိုင် လမ်းညွန်တော်မူသည့် ပရိတ်(၇)သုတ်ဟု ဆိုလိုပါသည်၊၊

(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) ဓဇဂ္ဂသုတ်၊
(၅) အာဋာနာတိယသုတ်၊
(၆) အင်္ဂုလိမာလသုတ်၊
(၇) ဗောဇ္ဈင်္ဂသုတ်၊

“ရတနသုတ်”သည် ဝေသာလီပြည်တွင် ရောဂါဘေး၊ ဘီလူးသားရဲဘေးနှင့်၊ အစားအသောက်ငတ် မွတ်ဘေးတို့ဖြစ်ပေါ်သည့်အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “ရတနသုတ်”ကိုသင်ပေးပြီး မြို့ကိုပတ်၍ရွတ်ဖတ်စေသဖြင့် ဘေးအားလုံးမှကင်းဝေးသွားပါသည်၊၊

တောနက်ထဲတွင် ကမ္မဌာန်းတရားအားထုတ်နေကြသည့် ရဟန်း(၅၀၀)တို့အား သစ်ပင်စောင့်နတ်များ မှအန္တရာယ်ပြုသဖြင့်၊ အကာအကွယ်ရစေနေရန် မြတ်စွာဘုရားရှင်မှ “မေတ္တသုတ်”ကိုသင်ပြပေးပြီး၊ ရွတ်ဖတ်စေခဲ့ပါသည်၊၊

မေတ္တသုတ်သည် မြင်ရ၊ မမြင်ရအနှောက်အယှက်ဘေးအန္တရာယ်များမှ ကင်းဝေးစေသည့်ပရိတ်ဟု မှတ်သားနိုင်ပါသည်၊၊

“ဓဇဂ္ဂသုတ်”ကို မြတ်စွာဘုရားရှင်သည် တောထဲတွင်တရားအားထုတ်နေသည့် သံဃာများအတွက် ကြောက်လန့်ခြင်း၊ ကြက်သီးထခြင်းများမဖြစ်ပေါ်စေရန် ရတနာသုံးပါး၏ဂုဏ်များကို အောက်မေ့အ မှတ်ရနေရမည်ဟု သင်ပြလမ်းညွန်ပေးခဲ့ပါသည်၊၊

ဝေဿ၀ဏ်နတ်မင်းကြီးသည် တရားကျင့်သည့်သံဃာတော်တို့အား နတ်ဆိုးများနှင့်၊ တစ္ဆေ၊ ပြိတ္တာတို့ မှမနှောက်ယှက်နိုင်စေရန် “အာဋာတိယသုတ်”ကိုလျောက်ထားသဖြင့် မြတ်စွာဘုရားမှခွင့်ပြုတော်မူ ခဲ့သည့် ပရိတ်ဖြစ်ပါသည်၊၊

ကျန်းမာရေးမကောင်းသည့်အချိန်တွင် ရွတ်ဖတ်ခြင်းဖြင့် သက်သာပျောက်ကင်းစေရန် မြတ်စွာဘုရား ရှင်သည်“ဗောဇ္ဈင်္ဂသုတ်”ကို ဟောပြောသင်ပြခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင်နှင့်၊ “အရှင်မောဂ္ဂ လာန်၊ အရှင်မဟာကဿပ”တို့ မကျန်းမာချိန်ကလည်း “အရှင်စုန္ဒမထေရ်”ကိုရွတ်ဖတ်စေခဲ့သည်ဟု ပါဠိတော်မှတ်တမ်းတင်ထားပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြထားသည့် ပရိတ်တော်(၇)သုတ်သည် စာပေအထောက်အထားခိုင်မာ သည့် မြတ်စွာဘုရားဟော ပရိတ်တော်များဖြစ်ပါသည်၊၊ “မင်္ဂလသုတ်၊ ၀ဋ္ဋသုတ်၊ မောရသုတ်နှင့်၊ ပုဗ္ဗ ဏှသုတ်”တို့ကို မြတ်စွာဘုရားရှင်မှပရိတ်အဖြစ် ရွတ်ဆို၊ နာယူကြရန်လမ်းညွန်ခဲ့သည် ပါဠိတော်အထောက်အထား မရှိကြောင်းပါဠိသုတေသနပညာရှင်များမှ ဆိုပါသည်၊၊

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုအပြီးနှစ်(၅၀၀)အကြာ “အရှင်နာဂသိန်နှင့်၊ မိလိန္ဒမင်း”တို့ပေါ်ပေါက်သည့် ခေတ်တွင် ပရိတ်ရွတ်ခြင်းသည် အကျိုးရှိ၊ မရှိပြဿနာကို အရှင်နာဂသိန်မှ အကျိုးဧကန်ရှိကြောင်း ဖြေကြားတော်မူပြီး၊ ပရိတ်(၇)သုတ်ကို ဖော်ညွန်ပြခဲ့ပါသည်၊၊

(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) မောရသုတ်၊
(၅) ဓဇဂ္ဂသုတ်၊
(၆) အာဋာနာတိယသုတ်၊
(၇) အင်္ဂုလိမာလသုတ်၊

အထက်ပါဖော်ပြချက်ကို ထောက်ဆသောအားဖြင့် ထိုခေတ်အချိန်က ပရိတ်(၇)သုတ်သာရှိသေးကြောင်း သိနိုင်ပါသည်၊၊ 

သာသနာတော်နှစ်(၉၀၀)တွင် “သီရိလင်္ကာနိုင်ငံ”၌ ပါဠိစာပေအထူးထွန်းကားလျက်ရှိပြီး၊ သာသနာ တော်နေရောင်လရောင်ပမာ ထွန်းပြောင်ခဲ့ပါသည်၊၊ “အရှင်မဟာဗုဒ္ဓဃောသ”ဟူသော ပါဠိကျမ်းပြုဆ ရာတော်တစ်ပါးပေါ်ပေါက်ခဲ့ပြီး၊ ဘုရားဟောပါဠိကျမ်းများကို အဖွင့်ကျမ်းကြီးများပြုစုခဲ့ပါသည်၊၊
အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ကျမ်းကြီးများထဲတွင် ပရိတ်တော်(၈)သုတ်ကို ဖော်ပြထားပါသည်၊၊ 

(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) မောရသုတ်၊
(၅) ဓဇဂ္ဂသုတ်၊
(၆) အာဋာနာတိယသုတ်၊ 
(၇) ဗောဇ္ဈင်္ဂသုတ်၊
(၈) ဣသိဂိလိသုတ်၊

“ဣသိဂိလိသုတ်”သည် “ဥပရိပဏ္ဏာသပါဠိကျမ်း”တွင် ဖော်ပြထားပြီး၊ ဣသိဂိလိတော်ပေါ်တွင်နေထိုင်ကြသည့် ပစ္စေကဗုဒ္ဓါများ၏ နာမည်များကိုဖော်ပြထားသည့် သုတ်ဖြစ်ပါသည်၊၊

 ဘီလူး၊ ဘုတ်တစ္ဆေ၊ ပြိတ္တာတို့ဘေးရန်မှ ကာကွယ်နိုင်သည့်“ယက္ခပရိတ်”နှင့်၊ မြွေဆိုးများမလာစေရန်စည်း ချသည့်“နာဂမဏ္ဍလပရိတ်”တို့ကို သံဃာများသင်သင့်ကြောင်းကို“စူဠ၀ါပါဠိကျမ်း”တွင် ဖော်ပြထားပါသည်၊၊
ဘုရားဟောသုတ်များ မဟုတ်သဖြင့်၊ သင်ကြားမှု၊ ရွတ်ဖတ် နာယူမှုပျောက်ကွယ်ခဲ့သည့် ပရိတ်သုတ်များဖြစ် ဟန်ရှိပါသည်၊၊

သာသနာတော်နှစ်(၂၁၅၃)တွင် “အရှင်တေဇောဒီပမထေရ်”သည် “ပရိတ်ကြီးဋီကာကျမ်းကြီး”ကို ရေးသားခဲ့ပါ သည်၊၊ ကျမ်းကြီးထဲတွင် ပရိတ်(၉)သုတ်ကိုသာ ဖော်ပြထားပါသည်၊၊

          (၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ဓဇဂ္ဂသုတ်၊
(၇) အင်္ဂုလိမာလသုတ်၊
(၈) အာဋာနာတိယသုတ်၊ 
(၉) ဗောဇ္ဈင်္ဂသုတ်၊  

အထက်တွင် ဆွေးနွေးဖော်ပြခဲ့သည်များအားလုံးကို အသေးစိတ်လေ့လာကြည့်လျင် ရှေးခေတ်က ပရိတ်(၉)သုတ်ကိုသာအသုံးပြုခဲ့ပြီး၊ “၀ဋ္ဋသုတ်နှင့်၊ပုဗ္ဗဏှသုတ်”တို့ကို ပရိတ်အဖြစ်အသုံးမပြုခဲ့ကြောင်း တွေ့နိုင်ပါသည်၊၊

“၀ဋ္ဋသုတ်”သည် မြတ်စွာဘုရားကိုယ်တိုင်ခေတ်နှင့်၊ အခြားသောခေတ်များအားလုံးတွင် ပရိတ်အဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ၊ မျက်မှောက်ခေတ်တွင်မှ ဆရာတော်ကြီးများထည့်သွင်းပြီး ပရိတ်အဖြစ်ရွတ် ဖတ်ခဲ့ခြင်း ဖြစ်ပါသည်၊၊

ပုဗ္ဗဏှသုတ်မှ“ယံဒုန္နိမိတ္တံ..မှ..အပရာဇိတပလ္လင်္ကေ”အထိသုံးဂါထာသည် အရှင်တေဇောဒီပ၏ကျမ်း ထဲတွင် မေတ္တာပို့ဂါထာများအဖြစ်ဖော်ပြထားပြီး၊ မျက်မှောက်ခေတ်တွင်“အင်္ဂုတ္တရနိကာယ်”မှ“သုနက္ခ တ္တံ”စသော ဂါထာများကိုထည့်သွင်းပြီး“ပုဗ္ဗဏှသုတ်”ဟု အမည်တပ်အသုံးပြုခဲ့ဟန် တူပါသည်၊၊

ပရိတ်၏အစတွင်ရွတ်ဆိုသည့်“သမန္တာဂါထာ”သည် ပရိတ်ကြီးဋီကာကျမ်းကြီးပေါ်ချိန်အထိ မရှိသေး ဘဲ၊ ထိုအချိန်ကပရိတ်ရွတ်လျင် “ဓမ္မဿသနကာလော အယံဘဒန္တာ”မှ စတင်ပြီးရွတ်ဆိုခဲ့ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရပါသည်၊၊

ပရိတ်ရွတ်ဖတ်နာယူသည့်အစဉ်အလာသည် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်တည်ရှိသည့်အတွက် အရေး ပါသည့် ကျင့်စဉ်ဖြစ်နေပါသည်၊၊ ပရိတ်ကိုပင် စည်းချသည့်အရံအတားအဖြစ်၎င်း၊ အဆောင်မန္တန်အ သွင်ဖြင့်၎င်း အသုံးပြုကြသည်များလည်း ရှိပါသေးသည်၊၊

မည်သို့အသုံးပြုသည်ဖြစ်စေကာမူ ရိုသေမှုဖြင့်သုံးလျင် အကျိုးကိုရရှိနိုင်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သူတွင် ရှိရမည့်အင်္ဂါရပ်များနှင့်၊ နာယူသူတွင်ရှိရမည့်အင်္ဂါရပ်များဟူ၍ ရှိပင်ရှိသော်လည်း၊ အင်္ဂါရပ်များမ ပြည့်စုံစေကာမူ၊ တိရစ္ဆာန်များပင်ပရိတ်အကျိုးကိုရနိုင်သည်ကို ထောက်ဆသောအားဖြင့် လူတို့အတွက် ဧကန်မုချအကျိုးကျေးဇူးကိုရရှိနိုင်သည်ဟု ယုံကြည်ရပါသည်၊၊

“ပရိတ်”ကို သံဃာများတွင်မက၊ လူများလည်းရွတ်ဖတ်နိုင်ပါသည်၊၊ ဘာသာခြားသူများလည်း ရွတ် ဖတ်နာယူနိုင်ပါသည်၊၊ အကျိုးကိုရရှိသည်ခြင်းအတူတူပင် ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် သင်ပြဟောပြောတော်မူခဲ့သည့် ပါဠိတော်ကျမ်းများစွာပင်ရှိသော်လည်း ပရိတ်ပါဠိ များသည် လူတို့နှင့်အနီးကပ်ဆုံးဖြစ်သည့်အတွက် အသေးစိတ်သိရှိကြစေရန်ရည်ရွယ်ချက်ဖြင့် ယ္ခုစာ တမ်းကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်၊၊

ပရိတ်အကြောင်း လေ့လာတင်ပြချက်သည် ဤတွင်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ပရိတ်တော်အစွမ်းဖြင့် ငြိမ်းချမ်းအေးမြပါစေကြောင်းဆုမွန်ချွေလျက် စာ တမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊  

                 ၊၊
(ကျမ်းကိုး/ပရိတ်ကြီးဋီကာ-အရှင်တေဇောဒီပ၊၊ ပရိတ်ကြီးနိသျသစ်-သပြေကန်ဆရာတော်ကြီး ဦးဝါ သေဌ၊၊ ပရိတ်ကြီးဆယ်စောင်တွဲ၊၊ The Book of Protection(Pritta) by Piyadassi Thera, Safeguard Recittals (Mahaparitta)by Anandajoti bhikkhu)တို့ကို ကိုးကားလျက် ရေးသားတင်ပြအပ်ပါသည်၊၊)



အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (06/12/2013)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP