Friday, March 30, 2012

အခြေခံ လူ့ကိုယ်ကျင့်တရား၊၊ ၊၊



“အလင်းစက်”ဆိုက်တွင် ဘ၀အတွေးအခေါ်နှင့်၊ ပါဠိစာပေဗဟုသုတစာတမ်းများ၊ သီရိလင်္ကာနိုင်ငံရိုး ရာယဉ်ကျေးမှုများအကြောင်းများကို များစွာပင်တင်ပြခဲ့ပြီးဖြစ်ပါသည်၊၊ အမှန်တကယ်ဝန်ခံရလျင် “အလင်းစက်”ဆိုက်သည် စာဖတ်သူများနှင့်အမေးအဖြေ ပြုလုပ်သည့်ဆိုက်တစ်ခု မဟုတ်ပါ၊၊




သို့သော် ဗုဒ္ဓဘာသာအကြောင်း၊ အခြားစိတ်ဝင်စားဖွယ်ရာများအကြောင်းကို အီးမေးပို့၍မေးမြန်းကြသည်ကို နေ့စဉ် လိုလိုပင်များစွာဖြေကြားနေရပါသည်၊၊ အများဆုံးမေးလေ့ရှိကြသည်မှာ “သီလ”အကြောင်းများဖြစ်သည်ကို သတိ ပြုမိပါသည်၊၊ ထို့ကြောင့် တစ်ယောက်ခြင်းကိုဖြေကြားနေလျင် အချိန်များစွာအသုံးပြုရမည်ဖြစ်၍ “အခြေခံလူ့ကိုယ် ကျင့်တရား”အမည်ဖြင့်မေးခွန်းရှင်များ၏အမေးများကို ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊




ဘာသာတရားကိုးကွယ်မှုသည် လူတို့အတွက်အလွန်ပင် အရေးပါလှပါသည်၊၊ ဘာသာတရား မရှိသောလူမျိုး၊ နိုင်ငံ ဟူ၍မရှိကြောင်း လေ့လာရပါသည်၊၊ “ဘာသာမဲ့”ဟူ၍ခံယူထားကြသူများပင် သူတို့ယုံကြည်ရာ ၀ါဒတစ်ခုခုကိုလိုက် နာနေကြသည်ကို တွေ့ရတတ်ပြီး၊ ထိုသို့ယုံကြည်လိုက်နာနေမှုသည်ပင် “ဘာသာတစ်ခု”ဖြစ်နေသည်ဟု ဘာသာဝါဒဆိုင်ရာ ပညာရှင်တို့ကဆိုကြပါသည်၊၊




လူတို့သည် သမိုင်းမတင်မှီခေတ်များနှင့်၊ သမိုင်းခေတ်ဦးကာလများပင် ရှေးကြသည့်ဘာသာအယူအဆများစွာကို ကိုးကွယ်ခဲ့ကြကြောင်းတွေ့ရပါသည်၊၊ ဘာသာကိုးကွယ်မှုသည် လူတို့အတွက်မရှိမဖြစ် လိုအပ်သည့်အရာတစ်ခုဟု ဆိုလျင် မှန်ကန်သည့်အဆိုပင်ဖြစ်နိုင်ပါသည်၊၊




ကမ္ဘာပေါ်တွင် ကိုးကွယ်ရာဘာသာကြီးများစွာတို့ ရှိကြပါသည်၊၊ ဘာသာတိုင်းတွင် အခြေခံကိုယ်ကျင့် တရားများ ရှိကြပါသည်၊၊ ဘာသာတရားတို့၏ကျင့်စဉ်များကို လေ့လာသုံးသပ်၍ စစ်မှန်သည့်ဘာသာ၊ ကိုးကွယ်ထိုက်သည့်ဘာသာ ဟုတ်သည်၊ မဟုတ်သည်နှင့်၊ ကိုးကွယ်သူများကို တကယ့်ငြိမ်းအေးမှုကို ပေးနိုင်စွမ်းသည့်ဘာသာဖြစ်သည်၊ မဖြစ်သည်ကို သိရှိနိုင်ပါသည်၊၊




ထို့အပြင် ဘာသာတရားတစ်ခုတွင်ရှိသော ကိုယ်ကျင့်စည်းကမ်းများကို လေ့လာကြည့်သောအားဖြင့်လည်း ဘာသာတရား၏လေးနက်မှုအတိမ်အနက်ကို သိရှိနိုင်သည်၊၊ ဘာသာတစ်ခု၏သဘောထား အမြင်များကိုလည်း ထိုဘာသာ၏ကိုယ်ကျင့်တရားအခြေခံသင်ကြားချက်များကိုလေ့လာ၍ သိရှိနိုင်ပါသည်၊၊ ထို့ကြောင့် ဘာသာတိုင်း၏အခြေခံကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းများသည်အလွန်ပင် အရေးပါလှပါသည်၊၊




ထူးခြားသည်မှာ နိုင်ငံတစ်ခုတွင် ကိုးကွယ်ရာဘာသာတရား၏ အဆုံးအမကိုယ်ကျင့်တရားများသည် နိုင်ငံ၏ ယဉ်ကျေးမှုဖြစ်နေတတ်သည့်အတွက် ကိုးကွယ်ရာဘာသာကိုလေ့လာသုံးသပ်၍ တိုင်းပြည်နှင့် နိုင်ငံလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း၊ ဓလေ့စရိုက်ကိုအကဲဖြတ်၍ရနိုင်ခြင်းကြောင့် နိုင်ငံတိုင်းအတွက် ကိုးကွယ်ရာဘာသာ၏ ကိုယ်ကျင့်တရားသည် ထိုနိုင်ငံကိုတန်ဖိုးဖြတ်သောအရာတစ်ခုလည်း ဖြစ်နေပါသည်၊၊




ဗုဒ္ဓဘာသာတွင် အခြေခံခိုင်မာသည့်ကိုယ်ကျင့်တရားစွာကို လေ့လာနိုင်ပါသည်၊၊ ကျင့်စဉ်စည်းကမ်းတို့သည် အမှန်တကယ်ကျင့်ထိုက်ကျင့်သင့်သည်၊ မကျင့်ထိုက်မကျင့်သင့်သည်ကို စာရှုသူကိုယ်တိုင် ဆုံးဖြတ်ရပါမည်၊၊ ယ္ခုစာတမ်းတွင် ဗုဒ္ဓဘာသာ၏အခြေခံကိုယ်ကျင့်တရားများကို ပါဠိစာပေကျမ်းများတွင် ဖော်ပြထားသည့် အတိုင်း ဆွေးနွေးတင်ပြအပ်ပါသည်၊၊




ဗုဒ္ဓဘာသာတွင် အခြေံကိုယ်ကျင့်တရားများစွာကို သင်ကြားပြသထားပါသည်၊၊ “Buddhist Ethics”ဟု ပညာရပ် နာမည်ဝေါဟာရဖြင့် လေ့လာရရှိနိုင်ပါသည်၊၊ ဗုဒ္ဓဘာသာ၏ အခြေခံကိုယ်ကျင့်တရားများကို အသေးစိတ်လေ့လာ လျင် အောက်ပါအတိုင်းတွေ့နိုင်ပါသည်၊၊




(၁) အခြေခံကိုယ်ကျင့်တရား (၅)မျိုး၊


(၂) ကိုယ်ကျင့်တရား (၈)မျိုး၊


(၃) ကိုယ်ကျင့်တရား (၉)မျိုး၊


(၄) ကိုယ်ကျင့်တရား (၇၅)မျိုး၊


(၅) ကိုယ်ကျင့်တရား (၂၂၇)မျိုး၊


(၆) ကိုယ်ကျင့်တရား (၈)မျိုး၊


(၇) ကိုယ်ကျင့်တရား (၃)မျိုးတို့ ဖြစ်ကြပါသည်၊၊ (အစဉ်အတိုင်း ဖော်ပြထားပြီးကိုယ်ကျင့်တရားများအကြောင်းကို အသေးစိတ်ဆွေးနွေးတင်ပြပါမည်၊၊)




ဗုဒ္ဓဘာသာတွင် လူသာမန်တို့လိုက်နာကျင့်သုံးရန် အခြေခံကိုယ်ကျင့်တရား (၅)မျိုးရှိပါသည်၊၊ ဗုဒ္ဓဘာသာတို့သည် ထိုအခြေခံကိုယ်ကျင့်စည်းကမ်းငါးမျိုးကို ငါးပါးသီလဟူ၍ခေါ်ကြပါသည်၊၊ ငါးပါးသီလသည်သာမန်အားဖြင့် ရိုးစင်းသည့်ကိုယ်ကျင့်တရားများမျှသာထင်ရသော်လည်း အလွန်လေးနက်သည့် အခြေခံကျသောစည်းကမ်း ငါးမျိုးဖြစ်သည်ကို လေ့လာနိုင်ပါသည်၊၊




(၁) သူတစ်ပါးအသက်ကို မသတ်ရခြင်း၊


(၂) သူတစ်ပါးဥစ္စာကို မခိုးရခြင်း၊


(၃) အမျိုးသ္မီး/ အမျိုးသားကို မစော်ကားရခြင်း၊


(၄) လိမ်ညာစကားမပြောဆိုရခြင်း၊


(၅) မူးယစ်စာ မသောက်သုံးရခြင်း၊၊




သူတစ်ပါးအသက်ကို မသတ်ရခြင်းကို ပါဠိဝေါဟာရအခေါ်အားဖြင့် “ပါဏာတိပါတ”ဟု ခေါ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံကိုယ်ကျင့်တရားများစွာ၏ အစဆုံးကိုယ်ကျင့်တရား ဖြစ်ပါသည်၊၊



သူ့တစ်ပါးအသက်ကို မသတ်ရခြင်းဟုဆိုရာတွင် သူတစ်ပါးအသက်ကို သတ်သည်ကိုမှကိုယ်ကျင့်တ ရားပျက်သည်ဟုမဆိုလိုဘဲ၊ နှိပ်စက်နည်းအမျိုးမျိုးကိုလည်း မပြုလုပ်ရဟုဆိုလိုပါသည်၊၊ ဆန့်ကျင် ဘက်အားဖြင့် နှိပ်စက်ခြင်း၊ စော်ကားခြင်း၊ ကျူးကျော်ခြင်းစသည်များကိုမပြုလုပ်ရဘဲ အားပေးချီး မြှောက်ခြင်း၊ ကူညီခြင်း၊ ကာကွယ်စောင့်ပေးခြင်းများကို ပြုလုပ်ရမည်ဟုလည်း ပါဏာတိပါတအခြေခံ ကိုယ်ကျင့်တရားသင်ကြားချက်တွင် လမ်းညွန်ထားပါသည်၊၊



ဗုဒ္ဓဘာသာကိုယ်ကျင့်တရားများကို ရှေးခေတ်သုံးပါဠိဘာသာ ဝေါဟာရဟကားလုံးများဖြင့် မှတ်တမ်း တင်ထားသည့်အတွက် ပါဠိဝေါဟာရများ၏ဆိုလိုချက်ကို လေ့လာသင့်ပါသည်၊၊




“ပါဏာတိပါတ”ပုဒ်ကို “ပါဏ+အတိပါတ”ဟု နှစ်ပုဒ်ခွဲ၍ နားလည်ထားရပါမည်၊၊ ‘ပါဏ’ပုဒ်သည် သက်ရှိသတ္တ၀ါဟု အဓိပ္ပါယ်ရပါသည်၊၊ ‘အတိပါတ’ပုဒ်သည် အမြန်ကျစေခြင်း၊ သတ်ခြင်းဟုအဓိပ္ပါယ် ရပါသည်၊၊ ဆိုလိုသည်မှာ သက်ရှိသတ္တ၀ါတစ်မျိုးမျိုးကို သက်တမ်းမစေ့မှီသေစေခြင်း၊ သတ်ခြင်းကို “ပါဏာတိပါတ”ဟု ခေါ်ပါသည်၊၊




ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားတွင် ထိုကံအမှန်တကယ် ထိုက်စေလောက်သည့် အင်္ဂါရပ်များ ရှိပါသည်၊၊ ဖော်ပြပါအင်္ဂါရပ်များနှင့်ပြည့်စုံလျင် ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားကို ချိုးဖောက်ရာရောက်ပြီး၊ ပါဏာတိပါတကံ၏အကျိုးဆက်များကိုလည်း ခံစားရမည်ဖြစ်ပါသည်၊၊




သတ္တ၀ါတစ်မျိုးမျိုးကို သတ်သည့်တိုင်ဆွေးနွေးတင်ပြမည့် အင်္ဂါရပ်များနှင့်မပြည့်စုံ၊ မညီညွတ်လျင် ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားကို ချိုးဖောက်ရာမကျရောက်ဘဲ ပါဏာတိပါတကံ၏ ဆိုးကျိုးခံစားရမှုများမှ လွတ်မြောက်သည်ဟုမှတ်ယူရပါမည်၊၊ ပါဏာတိပါတကိုယ်ကျင့်တရားကျူးလွန်ရာ တွင်ပါဝင်သည့်အင်္ဂါရပ်များမှာ---



(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း၊


(၂) သက်ရှိသတ္တ၀ါဟု သိခြင်း၊


(၃) သေစေလိုသည့် စေတနာရှိခြင်း၊


(၄) သတ်ရန်အားထုတ်ခြင်း၊


(၅) သတ်ခြင်း၊


(၆) သေခြင်းတို့သည် ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားတွင် ညီညွတ်ရမည့်အင်္ဂါရပ်များဖြစ်ပါသည်၊၊




ဖော်ပြထားပြီးအင်္ဂါရပ်ခြောက်မျိုးကို သုံးသပ်ကြည့်လျင် သက်ရှိသတ္တ၀ါဟုမသိသောကြောင့် မတော်တဆထိခိုက် ရာမှ သေခဲ့လျင်အပြစ်မရှိကြောင်း မှတ်ယူရပါမည်၊၊ သက်ရှိသတ္တ၀ါဟုသိသည့်တိုင် သေစေလိုသောစေတနာဆိုး မျိုးမရှိလျင်လည်း အပြစ်မရှိဟုသုံးသပ်နိုင်ပါသည်၊၊ ထို့အပြင် သတ်သော်လည်းမသေခဲ့လျင် အပြစ်မရှိဟုမှတ်သားရ ပါမည်၊၊



သတ်ရန်အားထုတ်ရာတွင် အားထုတ်နည်းအမျိုးအစားများကိုလည်း ပါဠိစာပေတွင်အတိအကျ ဖော်ပြထားပါသည်၊၊


(၁) ကိုယ်တိုင်သတ်ခြင်း၊


(၂) စေခိုင်း၍သတ်ခြင်း၊


(၃) ပစ်ခတ်၍သတ်ခြင်း၊


(၄) ထောင်ခြောက်ဆင်၍သတ်ခြင်း၊


(၅) စုန်းအတတ်ဖြင့်သတ်ခြင်း၊


(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ပါသည်၊၊



ဖော်ပြဆွေးနွေးထားသည့် သတ်နည်းခြောက်မျိုးတွင် တစ်မျိုးမျိုးဖြင့်သတ်လျင် ပါဏာတိပါတကံထိုက်၍၊ ထိုကံ၏ အကျိုးဆက်ဆိုးကျိုးများစွာကို ခံစားရမည်ဖြစ်ပါသည်၊၊




တင်ပြထားသည့် သတ်နည်းခြောက်မျိုးမှ စေခိုင်း၍သတ်ခြင်းတွင်စေခိုင်းပုံများကို ပါဠိတော်မူရင်းတွင်အသေး စိတ်ဆွေးနွေးထားပါသည်၊၊




(၁) သတ်ရမည့်သတ္တ၀ါကို အတိအကျညွန်ကြား၍ သတ်စေခြင်း၊



(၂) သတ်ရမည့်အချိန်ကို အတိအကျညွန်ကြား၍ သတ်စေခြင်း၊



(၃) သတ်ရမည့်နေရာကို အတိအကျညွန်ကြား၍ သတ်စေခြင်း၊၊


(၄) သတ်ရမည့်အမူအရာကို အတိကျညွန်ကြား၍ သတ်စေခြင်း၊၊



(၅) သတ်ရမည့်အခြင်းအရာကို အတိအကျညွန်ကြား၍ သတ်စေခြင်း၊၊




အထက်တွင် ဆွေးနွေးတင်ပြထားသည့် စေခိုင်းနည်းများတွင် သက်ရန်စေခိုင်းထားသည့်အတိုင်း သတ်သူမှအတိ အကျလိုက်နာ၍ အကောင်အထည်ဖော်နိုင်လျင် ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားကို ချိုးဖောက်ရာရောက်ပြီး၊ ထိုကံ၏အကျိုးဆက်များကို ခံယူရမည်ဖြစ်ပါသည်၊၊ အကယ်၍ စေခိုင်းသည့်ထားသည်မှ အနည်းငယ်မျှလွဲချော်ခဲ့လျင် သတ်သူတွင်သာအပြစ်သင့်ပြီး၊ စေခိုင်းသူတွင် အပြစ်မရှိတော့ပါ၊၊




ပထမအခြေခံကိုယ်ကျင့်တရားဖြစ်သည့် ပါဏာတိပါတတွင် သတ္တ၀ါဟုသာမန်ဆိုထားသဖြင့် လူနှင့် အခြားသော တိရစ္ဆာန်အားလုံးအပါအ၀င်ဖြစ်ပါသည်၊၊ သို့သော် သတ္တ၀ါအကြီးအသေးကိုလိုက်၍ အပြစ်ရရှိမှုကွာခြားပါသည်၊၊ ပုရွက်ဆိပ်ကိုသတ်သည်နှင့် ဆင်ကိုသတ်ရာတွင် ပါဏာတိပါတအပြစ်ခြင်းတူသော်လည်း အားထုတ်ရသည့်လုံလ မတူသောသောကြောင့် ခံစားရရှိသောအပြစ်တွင်လည်း ကွာခြားပါသည်၊၊




ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားကို ကျူးလွန်သူတွင်ရရှိသည့် အကျိုးများကိုပါဠိတော်များတွင် ဖော်ပြထားပါ သည်၊၊



(၁) အပါယ်လေးဘုံတွင် ဖြစ်ရခြင်း၊၊



(၂) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊



(၃) ရောဂါများခြင်း၊



(၄) အင်အားနည်းခြင်း၊



(၅) ပြဿနာ၊ အန္တရာယ်ကိုရင်မဆိုင်ရဲခြင်း၊



(၆) သောကများခြင်း၊



(၇) နှိပ်စက်ခံရခြင်း၊



(၈) အသတ်ခံရခြင်း၊



(၉) အခြွေအရံပျက်စီးခြင်း၊



(၁၀) တက်ကြွမှုမရှိခြင်း၊



(၁၁) အသက်တိုခြင်းစသည်တို့သည် ပါဏာတိပါတကိုယ်ကျင့်တရားကိုကျူးလွန်သူများ ရရှိခံစားရမည့်အကျိုးဆက် တို့ဖြစ်ပါသည်၊၊ ပါဏာတိပါတအခြေခံကိုယ်ကျင့်တရားကို စောင့်ထိမ်းသဖြင့်ရရှိစံစားရသော အကျိုးကျေးဇူးများစွာ ကိုလည်း ပါဠိမူရင်းတွင်များစွာပင်ဖော်ပြထားသည်ကို လေ့လာရပါသည်၊၊





ဗုဒ္ဓဘာသာကိုယ်ကျင့်တရားများသည် အလျော့အတင်းပြုနိုင်သည့် အခြေခံကိုယ်ကျင့်တရားများ ဖြစ်သည်ကို အောက်တွင်ဖော်ပြမည့် သင်ကြားချက်များဖြင့် အသိအမှတ်ပြုနိုင်ပါသည်၊၊ သတ္တ၀ါ၏အသက်ကို သတ်သည့်တိုင်---




(၁) မသိ၍သတ်မိခြင်း၊


(၂) သေစေလိုသည့် စေတနာမပါဘဲ သတ်မိခြင်း၊


(၃) သေစေလိုသည့်ဆန္ဒမပါဘဲ သတ်မိခြင်း၊


(၄) စိတ်ဖောက်ပြန်၍ သတ်မိခြင်းတို့တွင် ပါဏာတိပါတအပြစ်ကို ကျိုးလွန်ရာမရောက်၊ ထိုအပြစ်၏ဆိုးကျိုးကိုလည်း မခံစားရဟုဖော်ပြထားသည်ကို လေ့လာရပါသည်၊၊




Buddhist Metaphysics=ဗုဒ္ဓအဘိဓမ္မာသဘောအရ ပါဏာတိပါတကိုယ်ကျင့်တရားကို ကျူးလွန်ခြင်း သည် ဒေါသစေတသိက်နှင့်၊ မောဟစေတသိက်တို့၏ တိုက်တွန်းမှုကြောင့်ဖြစ်ရကြောင်း ခုဒ္ဒကပါဌ အဌကထာတွင် ဖော်ပြထားပါသည်၊၊ ပါဏာတိပါတသည် ကာယကံ၊ ၀စီကံ၊ မနောကံသုံးမျိုးလုံးတွင် ဖြစ်နိုင်သော ကိုယ်ကျင့်တရားကျူးလွန်မှု ဖြစ်ပါသည်၊၊




ဤကိုယ်ကျင့်တရားသည် အသေးစိတ်လေ့လာလျင် နေ့စဉ်ဘ၀တွင်ကျူးလွန်လေ့ရှိသော ကိုယ်ဝန်ဖျက်ချခြင်းများ၊ ကိုယ်ဝန်ကျဆေးကိုလမ်းညွန်မှုများ၊ ကိုယ်ဝန်ကျဆေးကိုပေးသူများသည် ညွန်ကြားသောနည်းဖြင့်ဖြစ်စေပေး လိုက်သောကိုယ်ဝန်ကျဆေးဖြင့်ဖြစ်စေ သန္ဓေသားသေဆုံးခဲ့လျင် ပါဏာတိပါတကိုယ်ကျင့်တရားကို ကျူးလွန် ရာ ရောက်ပါသည်၊၊




အနှစ်ချုပ်အားဖြင့် ပါဏာတိပါတကိုယ်ကျင့်တရားသည် သက်ရှိသတ္တ၀ါတို့၏အသက်ကို သတ်ဖြတ်ညှင်းဆဲခြင်းအမျိုး မျိုးမှ ရှောင်ကြဉ်ရန်နှင့်၊ သက်ရှိသတ္တလောက၏အကျိုးကိုအားထုတ်ရန် သင်ကြားလမ်းညွှန်ထားသော လူ့ကိုယ်ကျင့် တရားတစ်ခု ဖြစ်ပါသည်၊၊




လူတိုင်းလူတိုင်းနှင့် သက်ရှိသတ္တ၀ါအားလုံးတို့သည် မိမိတို့၏ဘ၀ရပ်တည် အသက်ရှင်နေမှုကို ခင်မင်တွယ်တာ၊ မြတ်နိုးကြသောကြောင့် သူတစ်ပါးအသက်ကိုမသတ်ရန်ညွန်ကြားသည့် ဗုဒ္ဓဘာသာကိုယ်ကျင့်စည်းကမ်းသည် လိုက်နာရန်သင့်သောကမ္ဘာ့ကိုယ်ကျင့်တရားတစ်ခုဟု ဆိုရပါမည်၊၊




ပါဏာတိပါတကိုယ်ကျင့်တရားကို လိုက်နာကျင့်သုံးသောအားဖြင့် လူသားအခြင်းခြင်း လေးစားတန်ဖိုးထားမှုများ၊ ချစ်ခင်ကြင်နာယုယမှုများ၊ ရင်းနှီးဖော်ရွေမှုများ၊ နွေးထွေးသည့်ကြိုဆိုလက်ခံမှုများ၊ အခြင်းခြင်းစောင့်ရှောက် ကူညီမှုများတိုးတက်လာမည့်အပြင်၊ လောကငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင်လည်း လက်တွေ့ အသုံးဝင်သော ကိုယ်ကျင့်တရားတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်၊၊




သက်ရှိသတ္တ၀ါတို့သည် မိမိတို့၏အသက်ကိုချစ်မြတ်နိုးကြသည်ချည်းသာဖြစ်သောကြောင့် သတ္တ၀ါတို့၏အသက်ကို မသတ်ကြရန်နှင့်၊ ညှင်းဆဲနှိပ်စက်မှုမပြုကြရန် “ဓမ္မပဒပါဠိတော်”တွင် အောက်ပါအတိုင်းဆုံးမ၊ လမ်းညွန်ထားသည် ကို လေ့လာရပါသည်၊၊




“အလုံးစုံသောသတ္တ၀ါတို့သည် ဒဏ်မှထိပ်လန့်ကုန်၏၊ သေခြင်းမှကြောက်ရွံ့ကုန်၏၊၊ မိမိကိုယ်ကိုဥပ မာပြု၍သတ္တ၀ါတို့ကို မသတ်ဖြတ်မညှင်းဆဲရာ၊၊ (ဓမ္မပဒ-၁၂၉)”




“အလုံးစုံသောသတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏အသက် ကိုချစ်၏၊ မိမိကိုယ်ကိုဥပမာပြု၍သတ္တ၀ါတို့ကို မသတ်ဖြတ်မညှဉ်းဆဲရာ။ (ဓမ္မပဒ-၁၃၀)”




“အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သောသတ္တ၀ါတို့ကို တုတ် လှံတံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ချမ်းသာကို မရနိုင်။ (ဓမ္မပဒ-၁၃၁)”




“အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ်လှံတံဖြင့်မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ချမ်းသာကို ရနိုင်၏။(ဓမ္မပဒ-၁၃၁)”



(မှတ်ချက်/ အပိုင်း .၂. ကို ဆက်လက်တင်ပြပါမည်၊၊)





အရှင်ကေ၀လ(အလင်းစက်)



မကုဋာရာမ မြန်မာကျောင်းတိုက်၊



ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP