ရပ်ကွက်ထဲတွင် ပေတေဆိုးသွမ်းနေသည့်
လူတစ်ယောက်သည် အသိတရားရပြီးလိမ္မာလာခဲ့လျင် “ဒီလူတော့
တရားရသွားပြီ”ဟုပြောလေ့ရှိပါသည်၊၊
“တရားရရှိခြင်း”ဟူသောဝေါဟာရတွင်
“တရား”ဆိုသောစကားလုံးကို တိကျသည့်အဓိပ္ပါယ်သတ်မှတ်
ရန်လိုအပ်ပါသည်၊၊ ဗုဒ္ဓဘာသာတွင် လောကုတ္တရာတရား(၉)မျိုးမှ တစ်မျိုးမျိုးရရှိသွားခြင်းကို
တရားရ ရှိသည်ဟု ခေါ်ရပါသည်၊၊
(၁) သောတာပတ္တိမဂ်၊
(၂) သကဒါဂါမိမဂ်၊
(၃) အနာဂါမိမဂ်၊
(၄) အရဟတ္တမဂ်၊
(၅) သောတာပတ္တိဖိုလ်၊
(၆) သကဒါဂါမိဖိုလ်၊
(၇) အနာဂါမိဖိုလ်၊
(၈) အရဟတ္တဖိုလ်၊
(၉) နိဗ္ဗာန်၊
အထက်တွင် ဖော်ပြထားသည့် မဂ်(၄)မျိုး၊
ဖိုလ်(၄)မျိုးနှင့်နိဗ္ဗာန်ကို ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ် တရားများဟုခေါ်ဆိုပြီး၊ ထိုတရားများအထဲမှ
တစ်မျိုးမျိုးရရှိခြင်းကို “တရားရသည်”ဟုခေါ်ပါသည်၊၊
သာမန်အားဖြင့် လူတစ်ယောက်အသိညာဏ်ကင်းမဲ့နေရာမှ
အသိညာဏ်ရှိလာခြင်းနှင့်၊ မိုက်မဲဆိုးသွမ်း ပေတေနေရာမှ လိမ္မာလာခြင်းများကို“တရားရရှိသည်”ဟု မခေါ်နိုင်ဘဲ၊ “အသိစိတ်”ဖြစ်ပေါ်လာသည် ဟုသာ ခေါ်ဆိုနိုင်ပါသည်၊၊
အချိန်မရွေးပြန်လည်၍ မိုက်မဲဆိုးသွမ်းသူဖြစ်သွားနိုင်ပါသေးသည်၊၊
လောကုတ္တရာတရား(၉)မျိုးမှ
တစ်မျိုးမျိုးကိုရရှိသူသည် မည်သည့်အခါတွင်မှ ပြန်လည်၍မိုက်မဲသူ သာမန်အသိရှိသူမဖြစ်နိုင်တော့ကြောင်း
မှတ်သားရပါမည်၊၊ အစဆုံးဖြစ်သည့် သောတာပတ္တိမဂ်ကို ရရှိသူသည်ဧကန်မုချ ရှေ့သို့တဆင့်ခြင်းစီတက်ပြီး၊
နိဗ္ဗာန်ချမ်းသာကိုနောက်ဆုံး ရရှိစံစားရပါသည်၊၊
“တရားရရှိရန်
ပိဋကတ်သုံးပုံကို လေ့လာသင်ယူရမည်ဟု၎င်း၊ တောကြိုတောင်ကြား သစ်သပ်ရင်းတွင် ကျင့်စဉ်များကို
အစာငတ်ခံပြီးကျင့်သုံးရသည်ဟု၎င်း ပြောဆိုရေးသားလေ့ရှိကြပါသည်၊၊”
မှားပါသည်၊၊ လူတစ်ဦးသည် တရားရထိုက်သည့်အချိန်ကျလာလျင် တရားတစ်ပုဒ်မျှနာယူရုံနှင့်ပင်
တရားရရှိ သွားကြသည့် သာဓကများရှိပါသည်၊၊
မြတ်စွာဘုရားရှင်သည် ရှေးခေတ်အိန္ဒိယတိုက်၏ပြင်းထန်သည့်
ကျင့်စဉ်များစွာကိုနစ်ပေါင်းများစွာ တောတောင်ထဲတွင်နေလျက် ကျင့်ကြံခဲ့ပါသည်၊၊ သို့သော်
တကယ်တန်းဘုရားအဖြစ်သို့ရောက်ရှိ တော်မူသည်မှာ သာမန်အလယ်အလတ်လမ်းစဉ်ဖြင့်သာ ဖြစ်ပါသည်၊၊
အရှင်မြန်မာနိုင်ငံတွင်နေစဉ်က
နာမည်ကြီးရိပ်သာတစ်ခုတွင် ဆယ်ရက်စခန်းဝင်ခဲ့ပါသည်၊၊ တရားပြသူမှ “၀ိသုဒ္ဓိခုနှစ်ပါး”ကိုပြည့်စုံအောင်မကျင့်နိုင်လျင်
တရားရရှိရန်မမျှော်လင့်နိုင်ကြောင်းဟောပြောသည်ကို နာယူရပါသည်၊၊
ယောဂီတစ်ဦးမှ ၀ိသုဒ္ဓိခုနှစ်မျိုးလုံးကိုပြည့်စုံအောင်ကျင့်ရန်
များစွာခဲယင်းကြောင်းနှင့် သူတို့လိုလူသာ မန်များအတွက် ၀ိသုဒ္ဓိခုနှစ်မျိုးကိုစုံအောင်အားထုတ်ပြီးမှ
တရားရရှိနိုင်သည်ဆိုလျင် ဒီဘ၀တရားရရှိ ရန်မဖြစ်နိုင်တော့၍ အားငယ်မိကြောင်းကို ပြောပါသည်၊၊
ဝိသုဒ္ဓိ(၇)မျိုး---
(၁) သီလ၀ိသုဒ္ဓိ၊
(၂) စိတ္တ၀ိသုဒ္ဓိ၊
(၃) ဒိဌိဝိသုဒ္ဓိ၊
(၄) ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊
(၅) မဂ္ဂါမဂ္ဂညာဏဒဿန၀ိသုဒ္ဓိ၊
(၆) ပဋိပဒါညာဏဒဿန၀ိသုဒ္ဓိ၊
(၇) ညာဏဒဿန၀ိသုဒ္ဓိ၊
ဝိသုဒ္ဓိခုနှစ်ပါးပြည့်စုံပြီးမှ
တရားရသည်ဆိုသည်မှာ ဟုတ်ကောင်းဟုတ်နိုင်ပါသည်၊၊ သို့သော် ပါဠိတော် သာဓကများစွာတွင်မူ
ဂါထာတစ်ပုဒ်ကိုနာယူရုံမျှဖြင့် ရဟန္တာဖြစ်သွားသူများနှင့်၊ တရားအနည်းငယ် ကျင့်ရုံမျှနှင့်
တရားရရှိသူများစွာတို့၏အကြောင်းကို ပါဠိစာပေမှတ်တမ်းများတွင် ဖော်ပြထားပါသည်၊၊ ဟင်းချက်ရင်း
တရားထူးရသွားသည့် ပါဠိစာပေသာဓကများပင် ရှိပါသည်၊၊
ထိုသို့တရားအနည်းငယ်မျှကို
နာယူရုံဖြင့်တရားရရှိပြီး၊ ရဟန္တာဖြစ်သွားသူများမှာ ၀ိသုဒ္ဓိခုနှစ်ပါးဆို သည်ကို ပြည့်စုံအောင်ကျင့်ပြီးသူများမဟုတ်ကြရုံမျှမက၊
နာမည်မျှမကြားဖူးသူများ ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်လက်ထက်တော်က “အရှင်စူဠပဏ်မထေရ်”ဟူ၍ ရှိခဲ့ဖူးပါသည်၊၊
မထေရ်မြတ်သည် ရဟန္တာမဖြစ်မှီကစာကြောင်းရေ
လေးကြောင်းသာပါရှိသည့် ဂါထာတစ်ပုဒ်ကို တစ်ဝါတွင်းကျက်မှတ်သော်လည်း ရရှိရန်မစွမ်းနိုင်သည့်ညာဏ်အဆင့်မမှီသူ
ဖြစ်နေခဲ့ပါသည်၊၊ အကိုကြီးဖြစ်သည့်“မဟာစူဠပဏ်မထေရ်”မှ
ဤမျှအထိညာဏ်အဆင့်မမှီလျင် သာသနာတော်တွင်မ နေသင့်ကြောင်းနှင့်၊ လူထွက်ရန် ကျောင်းတိုက်မှနှင်ထုပ်ခဲ့ပါသည်၊၊
လူထွက်ရန်မြို့ထဲသို့သွားနေသည့်
စူဠပဏ်မထေရ်ကိုမြတ်စွာဘုရားရှင်တွေ့သောအခါ အကြောင်းစုံကို မေးမြန်းတော်မူ၍ စာကျက်၍မရလျင်မကျက်တော့ဘဲ
အ၀တ်ပိုင်းစတစ်ခုကိုပေး၍ “ရဇောဟရနံ”ဟု
အကြိမ်များစွာရွတ်နေရန် လမ်းညွန်တော်မူခဲ့ပြီး၊ မြို့တွင်းသို့ဆွမ်းစားကြတော်မူပါသည်၊၊
စူဠပဏ်မထေရ်သည် “ရဇောရဟနံ”ဟုရွက်ဆိုလျက် အ၀တ်ပိုင်းစကိုအကြိမ်များစွာဆုပ်နယ်နေလေရာ
အ၀တ်ပိုင်းစသည် လက်ဆီဖြင့်တဖြည်းဖြည်းခြင်းညစ်နွမ်းသည့်အခြေအနေသို့ပြောင်းလဲ သွားပါတော့
သည်၊၊
ထိုအခြင်းအရာသည်ပင် စူဠပဏ်မထေရ်အားရဟန္တာဖြစ်စေပြီး
တရားရရှိသွားပါတော့သည်၊၊ ဤဇာတ် လမ်းကိုသုံးသပ်ကြည့်လျင် ၀ိသုဒ္ဓိခုနှစ်ပါးစသည့်တရားများ
မပါရှိသည်ကိုသိနိုင်ပါသည်၊၊ ယ္ခင်ဘ၀များ စွာတွင် ဖြည့်ကျင့်ဖူးခဲ့သည်များ ရှိကောင်းရှိနိုင်ပါသည်၊၊
အခြားထင်ရှားသည့် ပဋာစာရီဇာတ်လမ်းစသည်များတွင်လည်း
အထက်ပါသဘောများကို တွေ့နိုင်ပါသည်၊၊ ထို့ကြောင့် ၀ိသုဒ္ဓိခုနှစ်ပါးကိုယ္ခုဘ၀တွင်တစ်ပါးခြင်းပြည့်စုံစေပြီးမှ
တရားအားထုတ်ရမည်၊ တရားရရှိနိုင်သည်ဟုမမှတ်ယူနိုင်ကြောင်း သတိပြုရပါမည်၊၊
အနှစ်ချုပ်လေ့လာကြည့်လျင်
ဗုဒ္ဓဘာသာတွင်တရားထူးများရရှိစေရန် အလွန်တရာခက်ခဲသည့် အကျင့်များကိုကျင့်သုံးပြီးမှ
ရရှိနိုင်သည်၊ လူသူမနီးသည့်တောတောင်အရပ်တွင်နေထိုင်ပြီး နှစ်ရှည်လများ ကျင့်စဉ်များကိုကျင့်ကြံအားထုတ်နိုင်မှ
တရားထူးများကိုရရှိနိုင်သည်စသည့် အခက်ကိုရှေးဦး စွာဖော်ပြလေ့ရှိသည်များကို အစွဲမထားဘဲ၊
သာမန်ကျင့်စဉ်လေးတစ်ခုသည်ပင် တရားထူးတရား မြတ်ကိုရရှိစေနိုင်ကြောင်း မှတ်သားရပါမည်၊၊
မဟာယာနဗုဒ္ဓဘာသာကျမ်းစာများတွင်
“ထေရ၀ါဒဗုဒ္ဓဘာသာတွင် တရားထူးတရားမြတ်ရရန် လွယ် ကူလွန်းနေသည်”ဟု ရေးသားဖော်ပြကြပါသည်၊၊
အကြောင်းမှာ အထက်တွင်ဆွေးနွေးတင်ပြခဲ့သည့် ဇာတ်ကြောင်းများကိုထောက်ဆ၍ ဂါထာတစ်ပုဒ်ဖြင့်ရဟန္တာဖြစ်သည်ကို
အထင်သေးခြင်းပင် ဖြစ်ပါသည်၊၊
အမှန်မှာ ဘ၀အဆက်ဆက် ပါရမီများစွာကိုကျင့်သုံးခဲ့ပြီး
တရားထူးရရန်အသင့်ဖြစ်နေသည့်ဘ၀ဖြစ်သဖြင့် ဂါထာတစ်ပုဒ်မျှနာယူပြီး ရဟန္တာဖြစ်ခြင်းအကျိုးကိုရရှိသည်ကို
မဟာယာနဗုဒ္ဓစာပေပညာရှင် တို့မသိကြခြင်းပင် ဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာတွင် တရားထူးတရားမြတ်ကိုရရှိရန်
အလွန့်အလွန်ခက်ခဲသည်၊ ၀ိသုဒ္ဓိခုနှစ်ပါးစသည့် တရားများကို ပြည့်စုံအောင်ဖြည့်ဆည်းနိုင်ပြီးမှ
တရားရရှိနိုင်သည်စသောအစွဲများဖြင့် စိတ်အားငယ် နေသူများကို အားပေးလိုသဖြင့်ဤစာတမ်းကို
ရေးသားတင်ပြခြင်းဖြစ်ပါသည်၊၊
မြတ်စွာဘုရားရှင် ညွန်ပြတော်မူထားသည့်
တရားထူးရရှိစေရန်နည်းလမ်းများမှာ လွန်စွာမှလွယ်ကူပြီး၊ ကျင့်သုံးရန်လည်း ရိုးစင်းသည့်သဘာဝရှိကြောင်း
လေ့လာရပါသည်၊၊ ထို့ကြောင့် အခြေအနေအမျိုးမျိုးတွင် ကျင့်သုံးနိုင်ပြီးတရားထူး တရားမြတ်၏အကျိုးကို
စံစားနိုင်ကြောင်းမှတ်သားရပါသည်၊၊
ထေရ၀ါဒဗုဒ္ဓဘာသာတွင် သီလအကျင့်တစ်ခု၊
ဒါနအနည်းငယ်နှင့်၊ ဘာဝနာအကျင့်လေးတစ်ခုသည် ပင်ကျင့်သုံးသူကို တရားထူးတရားမြတ်ရရှိစေပြီး၊
နိဗ္ဗာန်ချမ်းသာကိုစံစားနိုင်ကြောင်း မှတ်သားရပါ မည်၊၊ လေးနက်သည့် သီလအကျင့်နှင့်၊ အလှူဒါန၊
ကမ္မဌာန်းဘာဝနာများကိုကျင့်သုံးနိုင်လျင်မူ အထူး ဆိုဖွယ် မရှိတော့ပါပေ၊၊ တရားထူးကို
ရရှိမည်သာဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန၊ သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကို ဖြစ်နိုင်သမျှကျိုးစားအားထုတ် ပြီး၊ လောကုတ္တရာတရားထူးများကို
အလွယ်ကူဆုံးသောနည်းများဖြင့် ရရှိကြပါစေကြောင်းဆန္ဒပြု လျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊
သီရိလင်္ကာနိုင်ငံ၊၊