လင်္ကာတမန်မဂ္ဂဇင်း
အယ်ဒီတာဆရာတော်များ၏ သဘောတူဆုံးဖြတ်ချက်အရ (2016)ခုနှစ် မဂ္ဂဇင်းအဖုံးကို ဒမ္ဘူလတောင်ဓာတ်ပုံဖြင့်
ပြုလုပ်ရန်သဘောတူခဲ့ကြပါသည်။ ဒမ္ဘူလတောင်ပုံကို Cover Photo အဖြစ်အသုံးပြုမည်ဆိုလျင်
တောင်တော်ကြီး၏သမိုင်းကြောင်းကို ဆောင်းပါးတစ်ပုဒ် အဖြစ် ထည့်ကြရန်ကိုလည်း သဘောတူခဲ့ကြပါသည်။
ဤသို့ဖြင့် ဒမ္ဘူလတောင်သမိုင်းကို ရေးသားရန် တာဝန်ကျလာခဲ့ခြင်း ဖြစ်ပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင်
အထူးထင်ရှားပြီး သမိုင်းတန်ဖိုးကြီးမားသော ရှေးဟောင်းအမွေအနှစ် များစွာရှိပါသည်။ ဒမ္ဘူလတောင်သည် သီရိလင်္ကာလူမျိုးတို့၏ ပထမဆုံး ကျောက်ဆစ်အနုပညာလက်ရာကို
ထိမ်းသိမ်းပြသထားသည့် နေရာဖြစ်ပါသည်။ အဓိကအားဖြင့် ဘာသာရေးနှင့်ဆက်စပ်သည့်နေရာဖြစ်သော်လည်း
အမှန်စင်စစ် သီရိလင်္ကာ၏ရှေးခေတ်နိုင်ငံရေး ပုံရိပ်များကို ဒမ္ဘူလတောင်သမိုင်းမှတ်တမ်းများက
ညွှန်ပြလျှက်ရှိပါသည်။
ဤသို့ဆိုသဖြင့်
သီရိလင်္ကာနိုင်ငံ၏ ခေတ်ဦးပိုင်းနိုင်ငံရေးနှင့်ဆက်စပ်သော မင်းရေးမင်းရာတချို့ ကို
ဖော်ပြရန်သင့်ပါသည်၊၊ ၀င်္ဂရာဇ်မင်းမျိုးဆက်၊ ၀ိဇယမင်းမှစတင်အခြေတည်ခဲ့သော ‘တမ္ဗပဏ္ဏိနိုင်ငံတော်’ကို
(B.C.3)ရာစုတွင် ဒေ၀ါနံပီယတိဿမင်း နန်းတက်ခဲ့ပါသည်။ တတိယသင်္ဂါယနာတင်ပွဲအပြီး သာသနာပြုကြွတော်မူလာသည့်
အရှင်မဟိန္ဒ ဦးဆောင်သော- အရှင်အိဋ္ဌိယ၊ အရှင်ဥတ္တိယ၊ အရှင်သမ္ဗလ၊ အရှင်ဘဒ္ဒသာလ၊ သုမနသာမဏေ
နှင့် ဘဏ္ဍုကဥပသကာ-တို့အဖွဲ့၏ သာသနာပြုမှုဖြင့်
ဒေ၀ါနံပီယတိဿမင်းနှင့် ပြည်သူ၊ ပြည်သာများပါ ရတနာသုံးပါးကို သက်ဝင်ယုံကြည်ပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်ကြီး
စတင်ဖြစ်လာခဲ့ပါသည်။
ဒေ၀ါနံပီယတိဿမင်းကြီးနှင့်
အရှင်မဟိန္ဒတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် နိုင်ငံတော်ကြီးတွင် မြတ်စွာဘုရားရှင်၏ သာသနာတော်
နေလပမာထွန်းတောက်ခဲ့ပါသည်၊၊ သံဃာတော်များသီတင်းသုံး ရန် ကျောင်းတိုက်ကြီးများ၊ စေတီတော်ကြီးများကို
နိုင်ငံအနှံ့တွင်တည်ဆောက်လှူဒါန်းခဲ့ကြသည်ကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။
ဒေ၀ါနံပီယတိဿမင်းကြီးတွင်
ညီအကိုအရင်း (၁၀)ယောက်နှင့် နှမတော်(၂)ပါး ရှိပါသည်၊၊ မင်းကြီးနှင့် အနုလာဒေ၀ီမိဖုရားတို့တွင်
ထီးမွေနန်းလျာမထွန်းကားသည့်အတွက် ညီတော်များမှ နန်းမွေကို ဆက်ခံခဲ့ကြပါသည်၊ ညီတော်သုံးပါးဖြစ်သည့်
တတိယနန်းဆက်-‘သူရတိဿမင်း’လက်ထက်တွင် အနုရာဓပူရထီးနန်းကို ဘာသာခြားဖြစ်သောကျေးကုလားမင်းမှ
လုယူပြီး၊ နန်းသိမ်းခံလိုက်ရပါသည်။
ဒေ၀ါနံပီယတိဿမင်းကြီး၏
အခြားညီတော်တပါးဖြစ်သော ‘မဟာနာဂမင်းသား’သည် လက်ရှိ-သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်း ‘ရောဟနဒေသ’တွင်
နိုင်ငံတစ်ခုကိုတည်ထောင်ပြီး ထီးနန်းစိုးစံခဲ့ပါသည်။
မဟာနာဂမင်းကြီး၏သားတော် ‘ဂေါဓာဘယမင်းသား’မှ နန်းမွေကိုဆက်ခံခဲ့ပါသည်၊ ဂေါဓာဘယမင်းကြီးတွင်
‘ကာက၀ဏ္ဏတိဿ’အမည်ရှိသားတော်တစ်ပါး ဖွားမြင်ပြီး၊ ကလျာဏီတိဿမင်း၏ သ္မီးတော်‘၀ိဟာရဒေ၀ီ’ကို
မိဖုရားမြှောက်ကာ ဖခင်၏ထီးနန်းအမွေကို ဆက်ခံခဲ့ပါသည်။ (မူကွဲ-ကာက၀ဏ္ဏတိဿ=က၀ံတိဿ)။
ကာက၀ဏ္ဏတိဿမင်းနှင့်
ဝိဟာရဒေ၀ီမိဖုရားတို့မှ-ဒုဋ္ဌဂါမဏိ နှင့် သဒ္ဓါတိဿ-ဟူသောမင်းသားနှစ်ပါး ကိုဖွားမြင်ခဲ့ပါသည်။
ထိုအချိန်တွင် ဦးကြီးတော်-ဒေ၀ါနံပီယတိဿမင်း တည်ထောင်ခဲ့သော အနုရာဓပူရနန်းတော်ကြီးကို
ဘာသာခြားမင်းများ အုပ်ချုပ်နေသည့်အချိန်ဖြစ်ပါသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော်သည်လည်း
မင်း၏ချီးမြှောက်ထောက်ပံ့မှုကို မရသည့်အပြင် ဖျက်ဆီးခံနေရသည့်အချိန်ဖြစ်သောကြောင့်
တိမ်ဖုံးအုပ်သည့် လပမာဖြစ်နေခဲ့ရပါသည်။
ဒုဋ္ဌဂါမဏိမင်းသားသည်
ရဲစိတ်ရဲမာန်ပြင်းထန်ပြီး၊ ဗုဒ္ဓသာသနာကိုလည်း အရွယ်နှင့်မမျှအောင် ကြည်ညိုသူဖြစ်၍ အနုရာဓပူရထီးနန်းကို
ဘာသာခြားမင်းများထံမှ တိုက်ယူပြီး၊ နိုင်ငံနှစ်ခုကို တစုတည်းပြုချင်သည့် ဆန္ဒရှိခဲ့ပါသည်။
စစ်သည်ဗိုလ်ပါ အလုံအလောက်ကို စုဆောင်းမိသည်နှင့် ဖခင်-မင်းတြားကြီးကိုခွင့်ပန်ပြီး၊
(၇)နှစ်ခန့်ကြာသည်အထိတိုက်ခိုက်ပြီး၊ အနုရာဓပူရထီးနန်းကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။
ဒုဋ္ဌဂါမဏိမင်းသားသည်
‘ရမ္မနိကဒေ၀ီ’ကို မိဖုရားအရာထားလျှက် အနုရာဓပူရထီးနန်းကို အုပ်ချုပ်မင်းပြုပြီး၊ ပျက်စီးယိုယွင်းနေသည့်
ဗုဒ္ဓသာသနာတော်ကို အထူးအလေးထားပြုပြင်ပြီး၊ စေတီတော်ကြီးများ၊ ကျောင်းတိုက်အသစ်ကြီးများကို
တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ဒုဋ္ဌဂါမဏိမင်း၏လက်ထက်တွင် နိုင်ငံတော်ကြီးမည်မျှအထိ ချမ်းသာကြွယ်ဝခဲ့ကြောင်းကိုလည်း
တည်ဆောက်ထားခဲ့သည့် ကျောင်းတိုက်ကြီးများ၊ စေတီတော်ကြီးများကို လေ့လာကြည့်လျင် သိမြင်နိုင်ပါသည်။
ဒုဋ္ဌဂါမဏိမင်းကြီးသည်
(၂၄)နှစ်မျှနန်းစံခဲ့ပြီး၊ သက်တော်ကြီးရင့်၍ နတ်ရွာစံခဲ့ရပါသည်။ မင်းကြီးတွင် ထီးနန်းအမွေဆက်ခံရန်
‘သာလိယ’အမည်ရှိ သားတော်တစ်ပါးရှိသော်လည်း စဏ္ဍာလမျိုးနွယ် ‘အသောကာမာလာ’နှင့်ရည်ငံပြီး၊
နန်းတွင်းမှထွက်ပြေးသွားသောကြောင့် ညီတော်-သဒ္ဓါတိဿမင်းသားမှ ဒုဋ္ဌဂါမဏိမင်း၏အရိုက်အရာကို
ဆက်ခံခဲ့ပါသည်။ သဒ္ဓါတိဿမင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့မှ-လဉ္ဇတိဿ၊ ထူလတ္ထန၊ ခဠာဋနာဂ
နှင့် ၀ဋ္မဂါမဏိအဘယ-ဟူသောသားတော်(၄)ပါးကို ဖွားမြင်ခဲ့ပါသည်။ သဒ္ဓါတိဿမင်းကြီး၏လက်ထက်တွင်လည်း
မြတ်စွာဘုရားရှင်၏သာသနာတော်သည် သီရိလင်္ကာမြေအပြင်တွင် အထူးထွန်းပြောင် စည်ကားခဲ့ပါသည်။
သဒ္ဓါတိဿမင်းကြီး
အသက်အရွယ်ကြီးရင့်၍ နတ်နန်းစံမြန်းချိန်တွင် သံဃာ့ရာဇာဆရာတော်ကြီးများ၊ အမတ်ကြီးများ၏သဘောဆန္ဒအရ
သားတော်(၄)ပါးထဲမှ ဒုတိယသားတော်-‘ထူလတ္ထနမင်းသား’ကို မင်းမြှောက်ခဲ့ကြပါသည်။ နန်းတက်ပြီး
(၁)လ၊ (၁၀)ရက်အကြာမှာပင် ပထမသားတော်အကြီး-လဉ္ဇတိဿမင်းသားမှနန်းလုပြီး ထီးနန်းစိုးစံခဲ့ပါသည်။
လဉ္ဇတိဿမင်းနောက်တွင် ညီတော်အလတ်-ခဠာဋနာဂမင်းသား နန်းမွေဆက်ခံပါသည်။ ခဠာဋနာဂမင်းကို
ဘာသာခြား-စစ်သေနာပတိ အမတ်ချုပ်ဖြစ်သူ-‘မဟာရတ္ထက’မှနန်းချပြီး၊ အာဏာလုယူခဲ့ပါသည်။
ညီတော်အငယ်ဆုံးဖြစ်သည့်
ဝဋ္မဂါမဏိအဘယ (၀လဂမ္ဘ)မင်းသားသည် နောင်တော်အထံမှ လုယူပြီး၊ ဗုဒ္ဓသာသနာတော်ကိုဖြက်ဆီးနေသည့်
အမတ်မင်းထံမှထီးနန်းကို လူသူစုရုံးပြီး တိုက်ခိုက်ရယူနိုင်ခဲ့ပါသည်။ ၀တ္တဂါမဏိမင်းသားသည်
‘သောမ၀တီ’ နှင့် ‘အနုလဒေ၀ီ’တို့ကို မိဖုရားမြှောက်ပြီး ရာဇအဘိသိက်ခံယူခဲ့ပါသည်။
ဝဋ္မဂါမဏိအဘယမင်း
နန်းစံ၍ (၆)လခန့်အချိန်တွင် ဗြဟ္မဏတိဿသူပုန်ဘေး နှင့် ကျေးမင်းတို့၏ သူပုန်ဘေးများဆက်တိုက်
ဖြစ်ပေါ်ခဲ့ပါသည်။ စစ်ဘေးနှင့်အတူ ရောဂါဘေး၊ အငတ်ဘေးများပါ ၀င်ရောက်လာသောကြောင့်၊ မင်းကြီးသည်
ထီးနန်းကိုစွန့်ပြီး၊ (၁၄)နှစ်ကြာမျှ တိမ်းရှောင်နေခဲ့ရပါသည်။ ထိုဘေးကြီးများအတွင်း
စေတီတော်ကြီးများ၊ ကျောင်းတိုက်ကြီးများနှင့် ဗုဒ္ဓသာသနိကအမွေ အကုန်နီးပါးမျှ အဖြတ်ဆီးခံခဲ့ရပါသည်။
သံဃာတော်များသည်လည်း စာပေပို့ချင်း၊ သင်ယူခြင်းအစရှိ သော သာသနာထိမ်းသိမ်းရေး လုပ်ငန်းများကိုမပြုနိုင်ကြတော့ဘဲ
စစ်ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေခဲ့ကြရပါသည်။
ဝဋ္မဂါမဏိအဘယမင်းကြီးသည်
လူသူစုဆောင်းရင်း ပုန်းအောင်းနေသည့်နေရာမှာ ဇမ္ဗုကောလ (ခေါ်) ဒမ္ဘူလကျောက်တောင်တွင်
ဖြစ်ပါသည်။ ကျောက်တောင်ကြီး၏ သဘာဝလှိုဏ်ဂူများထဲတွင် သံဃာတော်များ တရားအားထုတ်ခြင်း၊
စာပေသင်ယူခြင်းများကို နှစ်ပေါင်းများစွာကပင် ပြုနေခဲ့ကြသည့်နေရာ ဖြစ်ပါသည်။ သံဃာတော်များသည်
မင်းကြီးအား စောင့်ရှောက်ပေးထားပြီး၊ ထီးနန်းကို ပြန်လည်ရယူရန် စစ်သည်စုဆောင်းခြင်း၊
စစ်အတတ်သင်ခြင်းစသောအလုပ်များတွင် အထူးကူညီခဲ့ ကြပါသည်။
ဒမ္ဘူလကျောက်တောင်ပေါ်မှ
သံဃာတော်များ၏ကျောင်းသင်္ခန်းလေးများတွင် မှီခိုပြီး၊ လိုအပ်သောစုဆောင်းမှုများပြည့်စုံသောအခါ
ဝဋ္မဂါမဏိအဘယမင်းသည် အနုရာဓပူရထီးနန်းကို ပြန်လည်တိုက်ခိုက်ပြီး၊ အောင်မြင်ခဲ့ပါသည်။
မင်းကြီးသည် တိုင်းပြည်အတွက်လိုအပ်နေချိန်တွင် စေတနာ မေတ္တာကြီးမားစွာဖြင့် အကူအညီပေးခဲ့သည့်
သံဃာတော်များကို အထူးကျေးဇူးဆပ်သောအားဖြင့် သံဃာတော်များသီတင်းသုံးတော်မူကြသည့် သဘာဝလိုဏ်ဂူငယ်လေးများကို
နေလောက်သည့်ပမာဏအထိ ပြုပြင်ပေးခြင်းများအပြင်၊ ဒမ္ဘူလလှိုဏ်ဂူကြီး(၅)ခုကို ပင်မကျောက်တောင်ကြီးမှထွင်းပြီး၊
လှူဒါန်းခဲ့ပါသည်။ ထိုမျှမက ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွက် အထူးအရေးပါသည့် စတုတ္ထသင်္ဂါယနာတင်ပွဲကြီးကိုလည်း
မင်းကြီးမှပင် ထောက်ပံ့လှူဒါန်းပြီး သာသနာပြုခဲ့ပါသည်။
ဝဋ္မဂါမဏိအဘယမင်းကြီးသည်
ဒမ္ဘူလကျောက်လှိုဏ်ဂူများကို (B.C.1)ရာစုတွင် ထွင်း၍လှူခဲ့သောကြောင့် ယ္ခုအခါနှစ်ပေါင်း
(၂၂၀၀)ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်ပါသည်။ ဒမ္ဘူလတောင်သို့ ကိုလံဘိုမြို့တော်မှ ကီလိုမီတာ
(၁၅၀)ကွာဝေးပါသည်၊ ကန္ဒီမြို့နှင့် ကီလိုမီတာ (၇၂) နှင့်၊ အနုရာဓပူရမြို့နှင့်(၆၆)ကီလိုမီတာ
ကွာဝေးပါသည်၊၊
ဒမ္ဘူလကျောက်တောင်ကြီးသည် မီတာ(၁၅၂)ကျယ်ဝန်းသည့် ကျောက်တောင်ကုန်းဖြစ်ပြီး၊
အလျားမီတာ(၃၀၀) နှင့်၊ တောင်ခြေမှမီတာ (၃၇)မြင့်ပါသည်။ ဒမ္ဘူလလိုဏ်ဂူကြီး (၅)ခုမှာ-
(၁)
ဒေ၀ရာဇလှိုဏ်ဂူ
(၂)
မဟာရာဇလှိုဏ်ဂူ
(၃)
မဟာအတုလလှိုဏ်ဂူ
(၄)
ပစ္ဆိမလှိုဏ်ဂူ
(၅)
ဒေ၀နာတုလလှိုဏ်ဂူ
“ဒေ၀ရာဇလှိုဏ်ဂူ”
ဒမ္ဘူလတောင်ပေါ်အ၀င်ဂိတ်ကို ဖြတ်ကျော်အပြီး ဘယ်ဘက်ကျောက်တောင်၏ အစတွင်ကျောက်စာတချပ်ကို
တွေ့မြင်ရမည်ဖြစ်ပါသည်၊၊ ထိုကျောက်စာကို ‘နိဿင်္ကမလ္လမင်း’မှ (A.D. 1189-1198)တွင် ရေးထိုးခဲ့သည်ဟု
သိရပါသည်၊၊ မင်းကြီးသည် လိုဏ်ဂူကြီး(၅)လုံးအတွင်းမှ မူလကသာမန်အတိုင်းတည်ရှိနေသည့်
ဆင်းတုတော်ကြီးများကို ရွှေချပြီးလှူဒါန်းခဲ့ပြီး၊ ဒမ္ဘူလတောင်ကိုလည်း ‘ဒမ္ဘူလရွှေကျောင်းတော်=
Dambula, the Golden Rock Cave’ဟု အမည်သစ် ခေါ်တွင်စေခဲ့ပါသည်။ ကျောက်စာထဲတွင် မင်းကြီး၏
ဒမ္ဘူလရွှေကျောင်းတော်ကြီးတွင် လှူဒါန်းမှုအစုစုနှင့်၊ တိုင်းသူပြည်သားများအပေါ်တွင်ထားရှိသည့်
သဘောထားများကိုရေးသားထားသည်ဟု သိရပါသည်။
ကျောက်စာချပ်ကြီး၏ ဘေးကပ်လျက်တွင် ပထမဆုံးလှိုဏ်ဂူဖြစ်သည့် ဒေ၀ရာဇလေဏကို
တွေ့မြင်ရမည်ဖြစ်ပါသည်၊ လှိုဏ်ဂူထဲတွင် အလွန်ကြီးသည့်လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ကိုဖူးတွေ့ရပါမည်၊ ဆင်းတုတော်ကြီး၏ ဦးခေါင်းတော်ဘေးတွင် ဗိဿနိုးနတ်ရုပ်တုကို တွေ့မြင်နိုင်ပြီး၊
ဆင်းတုတော်ကြီး၏ခြေရင်းတွင် အရှင်အာနန္ဒာ၏ရပ်တော်မူရုပ်တုနှင့် မြတ်စွာဘုရားရှင် ထိုင်တော်မူဆင်းတုတို့ကို
တွေ့မြင်နိုင်ပါသည်။ လျောင်းတော်မူဆင်းတုတော်ကြီးသည် (၄၅)ပေ အလျားရှိသောကြောင့် ဆင်းတုတော်ကြီးနှင့်ယှဉ်ကြည့်လျင်
လိုဏ်ဂူသည်အလွန်ကျဉ်းလွန်းနေပြီး၊ မြန်မာနိုင်ငံ၊ ပုဂံမှ ‘မနုဟာဘုရား’ ဂန္ဓကုဋိတိုက်နှင့်
ဆင်တူလှပါသည်။ လိုဏ်ဂူနံရံတစ်ခုလုံးတွင်လည်း နံရံဆေးရေးပန်းချီများ ပြည့်နှက်နေပါသည်။
ဒမ္ဘူလလှိုဏ်ဂူများတွင်ရှိသော
နံရံဆေးရေးပန်းချီများ သည် မူလကျောက်တောင်ကို လှိုဏ်ဂူအဖြစ်ထွင်းစဉ်ကပင် ရေးချယ်ခဲ့ကြပါသည်၊
မူလပန်းချီများကို (A.D.18)ရာစုတွင် မူလလက်ရာများပေါ်တွင် ပြန်လည်၍ပြုပြင်မှု ထိမ်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်း
သိရပါသည်။ ဒမ္ဘူလဆင်းတုတော်ကြီးများတွင်လည်း တချို့ ဆင်းတုတော်ကြီးများမှာ ကျောက်သားမဟုတ်ဘဲ၊
သစ်သားဆင်းတုတော်များ ဖြစ်သည်ဟု သိရပါသည်၊ အချို့ ဆင်းတုတော်ကြီးများကမူ အင်္ဂတေသား ဆင်းတုတော်များဖြစ်သည်ဟု
လေ့လာရပါသည်။ သို့သော် ဆင်းတုတော်ကြီးအများစုမှာမူ မူလကျောက်တောင်ကို ထွင်းစဉ်ကကျောက်တုန်းများကို
ချန်ထားပြီး၊ ဆင်းတုတော်များအဖြစ် ထုလုပ်ထားခြင်း ဖြစ်ပါသည်။ ဆင်းတုတော်ကြီးများကို
လေ့လာကြည့်ခြင်းအားဖြင့် သီရိလင်္ကာလူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် ကျောက်ဆစ်လက်ရာ
အလွန်ကျွမ်းကျင်ကြောင်း သိသာလှပါသည်။ ဒမ္ဘူလကျောက်တောင်မှဆင်းတုတော်များသည် သီရိလင်္ကာလူမျိုးတို့၏
အစောဆုံး ကျောက်ဆင်းတုလက်ရာကို ပြသရာနေရာလည်း ဖြစ်ပါသည်။
ဒေ၀ရာဇလှိုဏ်ဂူဘေးတွင် ဗိဿနိုးနတ်ကွန်းကို တွေ့ရပါသည်၊ အတွင်းထဲမှ
ဗိဿနိုးနတ်ရုပ်ကြီးကို သီရိလင်္ကာနိုင်ငံတောင်ပိုင်း၊ မာတရခရိုင်၊ ဒေ၀ုန္ဒရဒေသမှ
(A.D-16)ရာစုတွင် သယ်ယူထားသည်ဟု လေ့လာရပါသည်။
“မဟာရာဇလှိုဏ်ဂူ”
ဤလှိုဏ်ဂူသည် ဒမ္ဘူလလိုဏ်ဂူများထဲတွင် အကြီးဆုံးလိုဏ်ဂူကြီး ဖြစ်ပါသည်၊
လိုဏ်ဂူကြီးသည် အရှည် (၃၇)မီတာ၊ အကျယ်(၂၃)မီတာနှင့် (၂၇)မီတာမြင့်ပါသည်၊ လိုဏ်ဂူတော်ကြီးထဲတွင်
ဆင်းတုတော်ပေါင်း(၆၀) ရှိပါသည်။ အတွင်းပိုင်းမှကြည့်လျင် လိုဏ်ဂူတော်ကြီး၏ ညာဘက်အ၀င်ဘေးတွင်
ဝဋ္မဂါမဏိအဘယမင်းကြီး၏ ရုပ်တုကို တွေ့ရပါမည်၊ ရုပ်တုကြီးကို ပေါလွန္နရုဝခေတ်တွင်မှထုလုပ်ပြီး
ထည့်ထားသည်ဟု သိရပါသည်။
လှိုဏ်ဂူကြီးထဲတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်ကြီးအမျိုးမျိုးကို
မုဒြာဟန်အမျိုးမျိုးနှင့် ဖူးတွေ့ရပြီး၊ နတ်ရုပ်မျိုးစုံကိုလည်း တွေ့ရပါသည်။ စွယ်တော်ကြုပ်စေတီတော်တစ်ဆူကိုလည်း
ဖူးတွေ့ရပါသည်၊ နံရံဆေးရေးပန်းချီများကိုလည်း နေရာမလပ်တွေ့မြင်ရပါသည်။ မဟာရာဇလိုဏ်ဂူသည်
အကြီးဆုံးဖြစ်သည့်အားလျောက်စွာ လိုဏ်ဂူတော်ကြီးအတွင်းမှ ဆင်းတုတော်များသည်လည်း အခြားလိုဏ်ဂူများအထဲမှ
ဆင်းတုတော်များထက် အဆများစွာကြီးသည်ကို တွေ့မြင်ရပါသည်။ လိုဏ်ဂူကြီး၏အလယ်တွင် ကျောက်တောင်အပေါ်အမိုးမှ
စိမ့်ကျနေသည့်ရေပေါက်များကို ခံထားသည့်မြေအိုးကြီး ရှိပါသည်။ မြေအိုးထဲကျသည့်ရေများသည်
အစွမ်းတမျိုးမျိုးရှိသည်ဟု ဒေသခံလူမျိုးတို့က ယုံကြည်ကြပါသည်။
ဒေ၀ရာဇလှိုဏ်ဂူ၊ မဟာရာဇလှိုဏ်ဂူနှင့် အတွင်းရှိဆင်းတုတော်ကြီးများသည်
မူလအတိုင်းပြုပြင်မှုမရှိသေးဘဲ လေ့လာနိုင်သည့်လှိုဏ်ဂူ(၂)ခုဖြစ်ကြောင်း လေ့လာရပါသည်။
“မဟာအတုလလှိုဏ်ဂူ”
မဟာရာဇလှိုဏ်ဂူ၏ ဘယ်ဘက်ဘေးတွင် ဒုတိယအကြီးဆုံး ‘မဟာအတုလလိုဏ်ဂူ’ကို
တွေ့ရ ပါမည်။ ဤလိုဏ်ဂူသည် အရှည်(၂၇)မီတာ၊ အကျယ်(၂၄)မီတာ နှင့် အမြင့်(၁၁)မီတာ ဖြစ်ပါသည်။
(A.D.18)ရာစုတွင် ကိတ္တိသီရိရာဇသိင်္ဃမင်းမှ ပြန်လည်၍အသစ်ပြုပြင် မွန်းမံထားသောလိုဏ်ဂူဖြစ်သော
ကြောင့် The Great New Cave ဟုခေါ်တွင်ပါသည်။ လိုဏ်ဂူတော်ကြီးအတွင်းသို့ ၀င်လျင်ဝင်ချင်း
ထိုင်တော်မူဆင်းတုတော်ကြီးကို နံဘေးမှ ရပ်တော်မူဆင်းတုတော်နှစ်ဆူခြံရံလျက် ဖူးတွေ့ရမည်ဖြစ်ပါသည်။
လျောင်းတော်မူဆင်းတုတော်ကြီးတစ်ဆူကိုလည်း ဦးပိုင်းတွင် ဖူးတွေ့နိုင်ပါသည်။ ရပ်တော်မူ၊
ထိုင်တော်မူဆင်းတုအမျိုးမျိုးကို ပုံဟန်အမျိုးမျိုးနှင့် ကြည်ညိုရမည်ဖြစ်ပါသည်။
ကန္ဒီခေတ်တွင်
ပြုပြင်ထားသောလှိုဏ်ဂူကြီးဖြစ်သောကြောင့် ဆင်းတုတော်အများစုမှာ ကန္ဒီခေတ် လက်ရာလွှမ်းမိုးနေသည်ဟု
သိရပါသည်။ နတ်ရုပ်တုများကိုလည်း တွေ့မြင်နိုင်ပြီး၊ နံရံဆေးရေးပန်းချီးများမှာလည်း
အကြားမလပ်ပင် ဖြစ်ပါသည်။ ကိတ္တိသီရိရာဇသိင်္ဃမင်း၏ရုပ်တုကိုလည်း လှိုဏ်ဂူတော်ကြီး၏ အရှေ
့ပိုင်း၊ ထိုင်တော်မူဆင်းတုတော်ကြီး၏နံဘေးတွင် မုတ်ဆိပ်မွှေးကားကားနှင့် ရပ်လျက်အနေအထားဖြင့်
တွေ့မြင်နိုင်ပါသည်။
“ပစ္ဆိမလှိုဏ်ဂူ”
မဟာရာဇလှိုဏ်ဂူ၏ ဘယ်ဘက်ဘေး ဒေါင့်ကျကျနေရာတွင် ပစ္ဆိမလိုဏ်ဂူတည်
ရှိပါသည်။ ဤလိုဏ်ဂူသည် ကျောက်တောင်ကြီး၏အကွေ့နေရာတွင် ထွင်းထားသောကြောင့် အခြားလိုဏ်ဂူများထက်
အနည်းငယ်ဆိုက်သေးပါသည်။ လိုဏ်ဂူထဲတွင် ထိုင်တော်မူဆင်းတုတော်ကြီးများနှင့် စေတီငယ်တစ်ဆူကို
ဖူးတွေ့ရပါသည်၊ ထိုစေတီကို ၀ဋ္ဋဂါမဏိမင်း၏ ကြင်ဖက်သက်လျာ သောမ၀တီမိဖုရားမှ လှူဒါန်းထားသည်ဟု
သိရပါသည်။ စေတီတော်လေးထဲတွင် သောမ၀တီမိဖုရား၏ လက်ဝက်တန်းဆာ ရတနာများကို လှူဒါန်းဌာပနာထားသည်ဟုလည်း
လေ့လာရပါသည်။ နံရံဆေးရေးပန်းချီများကိုလည်း နံရံအနှံ့တွေ့ရပါသည်။
“ဒေ၀နာတုလလိုဏ်ဂူ”
အစွန်ဆုံးတွင်တွေ့ရမည့် လှိုဏ်ဂူသည် ဒေ၀နာတုလလှိုဏ်ဂူ ဖြစ်ပါသည်။
ဤလိုဏ်ဂူသည် ဒမ္ဘူလလိုဏ်ဂူတော်များထဲတွင် နောက်ဆုံးအသစ်ပြုပြင်ထားသည့် လိုဏ်ဂူဖြစ်သည်ဟု
ဆိုပါသည်။ လိုဏ်ဂူထဲတွင် အလျား(၃၂)ပေခန့်ရှိ လျောင်းတော်မူဆင်းတုတော်ကြီးနှင့်၊ ရပ်တော်မူဆင်းတုတော်များ၊
ထိုင်တော်မူဆင်းတုတော်အများအပြားကို တွေ့ရပါသည်။ နံရံဆေးရေးပန်းချီများကိုလည်း အခြားလှိုဏ်ဂူများနည်းတူ
တွေ့မြင်ရပါသည်။
ဒမ္ဘူလကျောက်တောင်ကြီးပေါ်သို့ရောက်ရှိရန် ကျောက်လှေကားလမ်းဖြင့်
မိနစ်(၃၀)ခန့် တက်ရပါသည်။ တောင်အောက်ခြေတွင် တရုပ်လူမျိုးများလှူဒါန်းထားသည့် ဧရာမကြီးမားသော
ထိုင်တော်မူ ရွှေချဆင်းတုတော်ကြီးကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါသည်။ ရင်ပြင်တော်ဘေးတွင်
(၂၄)နာရီအသံလွှင့်နေသည့် ဗုဒ္ဓဘာသာဆိုင်ရာ အသံလွှင့်ရုံကြီးကိုလည်း လေ့လာနိုင်ပါသည်။
ဒမ္ဘူလနယ်တ၀ိုက်တွင် သီရိလင်္ကာနိုင်ငံ သမိုင်းမတင်မှီနှစ်ပေါင်း (၂၀၀၀)ခန့်ကပင် သက်ရှိလူမျိုးများ
နေထိုင်ခဲ့သည့်အထောက်အထားများကို တူးဖော်တွေ့ရှိသောကြောင့် ဒမ္ဘူလတောင်သည် ရှေးအကျဆုံးသော
သီရိလင်္ကာရှေးခေတ်လူမျိုးများ၏ နေရာဒေသဖြစ်ခဲ့သည်ဟု သိရပါသည်။
သီရိလင်္ကာနိုင်ငံတွင် ရှေးဟောင်း
ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အမွေအနှစ်များတည်ရှိရာ နေရာအတော်များများရှိပါသည်၊ အနုရာဓပူရမြို့၊
မဟိံတလေမြို့၊ ပေါလွန္နရုဝမြို့၊ ကန္ဒီမြို့၊ မဟိယင်္ဂဏမြို့၊ ကိုလံဘိုမြို့၊ မာတရမြို့
နှင့် ဒမ္ဘူလမြို့တို့ ဖြစ်ကြပါသည်။ ထိုမြို့များအထဲမှ ဒမ္ဘူလမြို့သည့် သီရိလင်္ကာလူမျိုး
များ၏ အစောဆုံးကျောက်ဆင်းတု ကျောက်ဆစ်လက်ရာများနှင့် အစောဆုံးနံရံဆေးရေးပန်းချီ အနုပညာများကို
လေ့လာဖူးတွေ့ ကြည်ညိုနိုင်သည့် နေရာဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စဉ်များနှင့်
ကမ္ဘာ့ဘာသာရေး လေ့လာသူများအထူး သွားရောက်ပြီး လေ့လာရန်သင့်လျော်သည့်နေရာဖြစ်ကြောင်း
သတင်းစကားပါးလိုက်ရပါသည်။ ။
(ကျမ်းကိုး/ History of
Buddhism in Ceylon. Walpola Rahula,The Pali Literature of Ceylon. G.P.Malalasekera,
Sacred Island: A Buddhist Pilgrim’s Guide to Sri Lanka. Ven.S.Dhammika,
Buddhism Culture and Sri Lanka Pilgrim’s Guide, Sri Lanka Pilgrim’s Notebook.
Ashin Kevala, Dipavamsa.Hermann Oldenberg, Mahavamsa. Wilhelm Geiger.
မေတ္တာဖြင့်,
အရှင်ကေ၀လ (အလင်းစက်)
Ph: 94 757171832
(၁၆။၈။၂၀၁၆)