Tuesday, November 8, 2011

အနာဂါရိက ဓမ္မပါလ၊၊ ၊၊




“ငါသည် နှစ်ဆယ့်ငါးကြိမ်တိုင်

ဗုဒ္ဓမြတ်စွာဘုရား၏သာသနာ

ကမ္ဘာသို့လွှမ်းအောင်ပြုရန်

လူလောကတွင် ပြန်လည်မွေးဖွားပါရစေ၊”

(သီရိ ဒေ၀မိတ္တ ဓမ္မပါလ)



လူတို့သည် ဘ၀တွင်အဆင်ပြေပြေနေနိုင်ရေးအတွက် ဆုအမျိုးမျိုးကို ဘုရားအသီးသီးထံတွင် တောင်းလေ့ရှိ ကြသည်၊၊ အများနှင့်မတူသောအထက်ပါဆုကို တောင်းဆိုခဲ့သူမှာ သီရိလင်္ကာနိုင်ငံ၏ မျိုးချစ်အာဇာနည် “အနာ ဂါရိကဓမ္မပါလ”ဟုအများသိကြသော “အရှင်သီရိဝေဒမိတ္တဓမ္မပါလ” ဖြစ်ပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ အာဇာနည်ဟုခေါ်တွင်ထိုက်သည့် အတ္တုပ္ပတ္တိတစ်စိတ်တပိုင်းကို “လင်္ကာတမန်” စာဖတ်သူများသို့ တင်ပြလိုက်ရပါသည်၊၊



အနာဂါရိကဓမ္မပါလကို ကိုလံဘိုမြို့၊ မြေပိုင်ရှင်သူဌေး “၀ိဇ္ဇောဒယပရိဝေန”ကျောင်းဒကာ ဖခင် “ဒွန်-ကာရိုလစ်-ဟေ၀၀ိထနေ၊နှင့် မိခင် မလ္လိကာ” တို့မှ (၁၈၆၄)ခုနှစ်၊ စက်တင်ဘာ(၁၇)ရက်တွင်မွေးဖွားသည့် အကြီးဆုံးသား ဖြစ်ပါသည်၊၊ ငယ်မည်မှာ“ဒွန်-ဒေးဗစ်”ဖြစ်ပါသည်၊၊



(၁၈၁၅)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသည် ဗြိတိရှတို့၏ ကိုလိုနီဘ၀သို့ကျရောက်ခဲ့ပြီးဖြစ်သဖြင့် သီရိလင်္ကာစာ သင်ကျောင်းဟူ၍ မရှိတော့ရကား “ဒွန်-ဒေးဗစ်”သည် ငါးနှစ်အရွယ်မှ (၁၉)နှစ်အရွယ်အထိ C.M.S Boy-School, Kotte, St. Benedict’s College, Kotahene’s St. Thomas’s College, Mt. Lavinia and Colombo Academy တို့တွင် ပညာသင်ယူခဲ့ရသည်၊၊ ကိုလိုနီခေတ်ဖြစ်သဖြင့် ဤကျောင်းအားလုံးမှာ အင်္ဂလိပ်သာသနာပြု ခရစ်ယာန်ကျောင်းများ ဖြစ်ပါသည်၊၊



(၁၈၈၀)ခုနှစ်တွင် သီအိုဆိုဖီအသင်းကြီးကို တည်ထောင်သူများဖြစ်သည့် “ကာနယ်-အောလ်ကော့နှင့်၊ မဒမ်-ဘလာဗတ်စတီး”တို့သည် သီရိလင်္ကာသို့ရောက်လာခဲ့ကြပါသည်၊၊ ကာနယ်သည် သီရိလင်္ကာနိုင်ငံအတွင်း ဘာသာရေးနှင့် ပညာရေးဟောပြောပွဲပေါင်းများစွာကို နေရာအနှံ့တွင်ဟောပြောခဲ့ပါသည်၊၊



ဒွန်-ဒေးဗစ်သည် ကာနယ်၏ အတွေးအခေါ်အယူအဆနှင့် သီအိုဆိုဖီအသင်းကြီး၏ လုပ်ဆောင်ချက်များကို နှစ်သက်သဖြင့် အသင်းသားအဖြစ် အဖွဲ့ဝင်ခဲ့ပါသည်၊၊ ကာနယ်နှင့် ဘလာဗတ်စတီးတို့သည် (၁၈၈၁)ခုနှစ်တွင်၊ အရှင်ဂုဏနန္ဒမထေရ်အထံ၌ သရဏဂုဏ်ခံယူပြီး၊ ဗုဒ္ဓဘာသာခံယူခဲ့ကြပါသည်၊၊




ဒွန်-ဒေးဗစ်သည် ကာနယ်တို့နှင့်အတူ သီရလင်္ကာကျေးလက်ဒေသများသို့ လေ့လာရေးများစွာကို သွားရောက် ခဲ့သဖြင့် သီရိလင်္ကာကျေးလက်သားတို့၏ ဘ၀အစစ်အမှန်ကိုသိရှိခဲ့ရပြီး စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရ သည်၊၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ဒတ်ခ်ျလူမျိုးတို့၏လက်အောက်တွင် နှစ်ပေါင်းများစွာ ကိုလိုနီအဖြစ်တည်ရှိနေသော သီရိလင်္ကာကျေးလက် အောက်ခြေလူတန်းစားများမှာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုအဆင့်များစွာအောက် ကျနေခဲ့သည်ကို ဒွန်-ဒေးဗစ်ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်၊၊



ဒွန်-ဒေးဗစ်သည် ကာနယ်အော်ကော့တို့နှင့်အတူ အိန္ဒိယနိုင်ငံ၊ အက်ဒယာမြို့သို့ သာသနာပြုလိုက်ပါခွင့်ရခဲ့ သည်၊၊ အိန္ဒိယမှပြန်လာပြီးသော ဒွန်-ဒေးဗစ်သည် မိဘတို့၏အိမ်တွင် မနေထိုင်တော့ဘဲ သီအိုဆိုဖီ အသင်းရုံး တွင်နေထိုင်ပြီး၊ အသင်းကြီး၏လုပ်ငန်းတာဝန်များကို မနားမနေလုပ်ကိုင်ခဲ့ပါသည်၊၊ သူ၏အမည်ကိုလည်း “အနာဂါရိကဓမ္မပါလ”ဟူ၍ ပြောင်းခဲ့ပါသည်၊၊



(၁၈၉၁)ခုတွင် အနာဂါရိကဓမ္မပါလသည် ကာနယ်နှင့်အတူ မြန်မာပြည်သို့ သာသနာပြု လာခဲ့ပါသည်၊၊ မြန်မာပြည်မှ ပြန်လာပြီးသောအခါ ဓမ္မပါလသည် (၁၈၉၁)ခု၊ မေလ(၃၁)ရက်တွင် “မဟာဗောဓိအသင်း”ကြီးကို ကိုလံဘိုမြို့တွင် တည်ထောင်ခဲ့ပါသည်၊၊ အသင်းအမှုဆောင် ဒါရိုက်တာ ကာနယ်-အော်ကော့၊ ဥက္က-အရှင် သီရိသုမန၊ အတွင်းရေးမှုး-အနာဂါရိကဓမ္မပါလ ဖြစ်ပါသည်၊၊



(၁၈၉၁)ခု၊ ဂျူလိုင်လတွင် အနာဂါရိကဓမ္မပါလသည် အရှင်ဆန္ဒဇောတိ၊ အရှင်သုဒဿန၊ အရှင်သုမင်္ဂလတို့ နှင့်အတူ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ခဲ့သည်၊၊ ဗုဒ္ဓဂယာသို့ရောက်သောအခါ မြတ်စွာဘုရားရှင်၏ အထိမ်း အမှတ်အောင်မြေများကို ဟိန္ဒူ၊ မဟန့်များကလက်ဝါးကြီးအုပ်ထားသည်ကို တွေ့မြင်ရသည့်အပြင်၊ မဟာဗောဓိ စေတီတော်ကြီးအတွင်းတွင် ဟိန္ဒူတို့ကိုးကွယ်သော သျှီဝ၏လိင်အင်္ဂါကြီးကို ပူဇော်ပသထားသည်ကိုတွေ့မြင်ရ ၍၊ ဗုဒ္ဓဘာသာတို့လက်ဝယ်သို့ ပြန်လည်ရအောင်ကြိုးစားမည်ဟု အဓိာန်ချလိုက်သည်၊၊



အနာဂါရိကဓမ္မပါလသည် (၁၈၉၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား၌ သူ၏အစဆုံးပွဲဦးထွက် အင်္ဂလိပ်ဘာ သာဖြင့် ဟောပြောပွဲကြီးကို “ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဆက်နွယ်မှု” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး များစွာသောအိန္ဒိယ သူဌေးသူကြွယ်တို့က အနာဂါရိကဓမ္မပါလကို လေးစားလာခဲ့သည်၊၊ “နီးကမတ်မူ လာဂျီ ဘာဘူ”အမည်ရှိ သူဌေး ကြီးမှ ဓမ္မပါလ၏သာသနာပြုလုပ်ငန်းကို ပစ္စည်းလေးပါးလိုသလောက်ထောက်ပံ့ပေးပါမည်ဟု ကတိပြုခဲ့သည်၊၊



(၁၈၉၂)ခုနှစ်၊ ဂျန္န၀ါရီလတွင် မဟာဗောဓိဂျာနယ်ကို အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေသည်၊၊ ဂျပန်၊ တရုပ်၊ ယိုးဒယား၊ ထိုင်း၊ အမေရီးကားအထိဂျာနယ်ကို ဖြန့်ဝေခဲ့ပါသည်၊၊ အနာဂါရိက ဓမ္မပါလသည် (၁၈၉၃)ခုနှစ်တွင်၊ အမေရီးကားနိုင်ငံ၊ ချီကာဂိုမြို့တွင်ကျင်းပသော ကမ္ဘာ့ဘာသာကြီးများညီလာခံ “The World Parliament of Religions in the Chicago”သို့ တောင်ပိုင်းဗုဒ္ဓဘာသာနိုင်ငံ များ၏ကိုယ်စား ဖိတ်ကြားခံခဲ့ရသည်၊၊



စည်းဝေးပွဲကြီးကျင်းပရာ ချီကာဂို၊ ကိုလမ်ဘတ်ခန်းမကြီးအတွင်း နိုင်ငံတကာဘာသာရေးပညာရှင်ကြီးများ၏ ရှေ့တွင် အနာဂါရိကဓမ္မပါလသည် “The World debt to the Buddha=ဗုဒ္ဓသို့ ကမ္ဘာမှတင်ရှိနေသည့် ကျေးဇူး” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ရာ များစွာသောအာရှတိုက်၊ အမေရီးကားတိုက်၊ ဥရောပတိုက်မှ၊ ဘာသာရေး ပညာရှင်တို့၏ ချီးမွှန်းမှုကိုရရှိခဲ့ပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓဘာသာကို ကမ္ဘာကအသိမှတ်ပြုလာခဲ့သည်၊၊



စည်းဝေးပွဲကြီးအလာတွင် လန်ဒန်သို့ဝင်ရောက်ပြီး၊ “ဆာ-အက်ဒ်ဝင်-အာနိုး”နှင့်တွေ့ဆုံပြီး၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓ စာပေ အကြောင်းများကို ဆွေးနွေးခဲ့ပါသည်၊၊ စည်းဝေးမှအပြန် “ဟိုနိုလူလူဆိပ်ကမ်း”တွင် “မေရီ-ဖော်စတာ”အ မည်ရှိ ဘီလျံနာသူဌေးမကြီးနှင့်တွေ့ဆုံပြီး၊ ဗုဒ္ဓဘာသာနှင့် ကျင့်စဉ်များအကြောင်းရှင်းလင်းပြောပြရာ “မေရီဖော် စတာ”မှနှစ်သက်အားရပြီး၊ သာသနာပြုလုပ်ငန်းတွင် လိုအပ်သမျှလှူဒါန်းပါမည်ဟု ကတိပြုလိုက်ပြီး၊ အလှူငွေ များစွာကိုလည်း ထည့်ဝင်လိုက်ပါသည်၊၊ အနာဂါရိကဓမ္မပါလတစ်သက်တာ လုပ်ဆောင်သမျှတိုင်းတွင် မေရီ ဖော်စတာ၏ အလှူငွေအများဆုံးပါဝင်သည်အထိ ဖြစ်ခဲ့ရပါသည်၊၊



ခရီးစဉ်တလျောက် ဂျပန်၊ ရှန်ဟိုင်း၊ ဘန်ကောက်တို့သို့ဝင်ပြီး၊ ဗုဒ္ဓဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံဆွေး နွေးကာ၊ သူ၏သာသနာပြုလုပ်ငန်းများကို တင်ပြခဲ့ပြီး၊ ဟောပြောပွဲပေါင်းများစွာကိုလည်း ဟောပြောခဲ့ပါသည်၊၊ သီရိလင်္ကာသို့ ပြန်လည်ရောက်သောအခါ “မေရီ”၏အလှူငွေများနှင့် မြန်မာနိုင်ငံအပါအ၀င်၊ နိုင်ငံများစွာတို့မှ အလှူငွေများကိုအသုံးပြုပြီး၊ သီရိလင်္ကာနိုင်ငံတလျောက် ဗုဒ္ဓဘာသာကျောင်းများနှင့်အတူ ဆေးရုံများကို အခမဲ့စနစ်ဖြင့် တည်ထောင်ခဲ့ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် သီရိလင်္ကာနိုင်ငံတလျောက် ကျေးလက်ဒေသများသို့ အကြိမ်များစွာသွားရောက်ပြီး အမျိုးသားရေးပညာပေး ဟောပြောပွဲများ၊ ကျန်းမာရေးဟောပြောပွဲများ၊ ခရစ်ယာန်ဘာသာ တစ်ဝက်ရောနေပြီ ဖြစ်သည့် သီရိလင်္ကာကျေးလက်သားတို့အား ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်အစစ်များကိုပြသပြီး၊ ဗုဒ္ဓဘာသာရေးတ ရားပွဲများစွာကိုလည်း မနေမနားကြိုးစားလုပ်ဆောင်ခဲ့ပါသည်၊၊



“ကာနယ်-အော်လ်ကော့”သည် သီရိလင်္ကာနိုင်ငံ၏အဓိကကျသော မြို့ကြီးများတွင်ကောလိပ်ကြီး(၅)ခုကို တည်ထောင်လိုက်ပြီး၊ များမကြာမှီမှာပင် “မိဂေတ္တုဝတ္တေ-ဂုဏနန္ဒမထေရ်”မှလည်း “ဒဟံပါစလ (ခေါ်) Sunday School” များကိုတည်ထောင်လိုက်သဖြင့် သီရိလင်္ကာတို့၏ ပညာရေးသည်အရှိန်အဟုန်သည် ထိုအချိန်မှစ တင်ပြီး အင်အားကောင်းလာပါတော့သည်၊၊ ကာနယ်-အော်လ်ကော့၏ ကောလိပ်ကြီးများမှာ ယနေ့တိုင်အမည် မပြောင်းလဲဘဲ တည်ရှိနေပါသေးသည်၊၊ ကိုလံဘိုမြို့၊ အာနန္ဒာကောလိပ်စသည်တို့ ဖြစ်ပါသည်၊၊



အင်္ဂလိပ်လိုသင်ကြားသည့် ခရစ်ယာန်သာသနာပြုကျောင်းသာရှိသော ကိုလိုနီခေတ်တွင် အနာဂါရိကဓမ္မပါလ တည်ထောင်သောကျောင်းများသည် အစောဆုံးသီရိလင်္ကာစာသင်ကျောင်းနှင့် ဆေးရုံများဖြစ်ပါသည်၊၊ သီရိ လင်္ကာလူမျိုးတို့အတွက် ပညာရေးမျက်စိဖွင့်ကျောင်းများဟု ခေါ်ဆိုရမည်ဖြစ်သည်၊၊ စာသင်ကျောင်း (၃၀၀) ကျော်ကို ဖွင့်လှစ်ခဲ့ပါသည်၊၊ တစ်ချို့ကျောင်းများမှာ ယနေ့တိုင်တည်ရှိနေပါသေးသည်၊၊ သီရိလင်္ကာတို့ လွပ်လပ် ရေးရပြီးသောအခါ အနာဂါရိကဓမ္မပါလ၏ကျောင်းများကိုပင် အစိုးရကျောင်းမူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းများအဖြစ် အမည်ပြောင်းခဲ့ပါသည်၊၊



ကာလကတ္တားတွင်လည်း မဟာဗောဓိအသင်းရုံးကြီးနှင့်၊ သံဃာတော်များနေထိုင် သီတင်းသုံးရန်“ဓမ္မရာဇိက၀ိ ဟာရ ကျောင်းတိုက်”ကျောင်းတိုက်ကြီးတစ်ခုကို အောင်မြင်စွာတည်ထောင်ခဲ့ပါသည်၊၊ (၁၉၂၆)ခုနှစ်တွင် လန်ဒန်သို့ သာသနာပြုဖိတ်ကြားခံရပြီး၊ လန်ဒန်တွင် သံဃာတော်များသီတင်းသုံးရန် “Landon Buddha Vihara” ကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး သာသနာပြုစေခဲ့ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် အမေရီကား၊ လန်ဒန်၊ လစ်ဗာပူး၊ ဟောလန်၊ ဒိန်းမာ့၊ အီတလီနိုင်ငံများသို့လည်း သာသနာပြုသွားရောက်ပြီး၊ ဟောပြောပွဲများပြုလုပ်ခဲ့ပါသည်၊၊ မဟာဗောဓိအသင်းခွဲများကိုလည်း နိုင်ငံများစွာ တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်၊၊ ယနေ့တိုင် မဟာဗောဓိအသင်းကြီးသည် တည်ရှိလျက်ရှိပါသေးသည်၊၊



သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးနေ့များကိုလည်း အင်္ဂလိပ်အရေးပိုင်များထံမှ ဘာသာရေးနေ့အဖြစ်သတ်မှတ်ပြီး၊ ရုံးများပိတ်ပေးရန်နှင့်၊ ဘာသာရေးအခန်းအနားများကျင်းပခွင့်ရရန်တို့ကို မဟာဗောဓိအသင်းကြီးမှ အရေးဆို အောင်မြင်ခဲ့ပါသည်၊၊



(၁၉၃၁)ခုနှစ်၊နိုဝင်ဘာ(၁၁)ရက်တွင် အနာဂါရိကဓမ္မပါလသည် ဗာရဏသီခရိုင်၊ မိဂဒါဝုန်တွင်၊ ဂန္ဓကုဋိတိုက် ကြီးကို ခန့်ငြားစွာတည် ဆောက်၊ အောင်မြင်ခဲ့ပါသည်၊၊ ဂန္ဓကုဋိတိုက်ကြီးဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ ငါး ထပ်ကြီး ဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးဇဋိလနှင့်၊ ဒါယကာ၊ ဒါယိကာမများ၊ သီရိလင်္ကာ၊ ယိုးဒယား၊ ထိုင်းနိုင် ငံတို့မှထေရ၀ါဒ၊ မဟာယာနဆရာတော်ကြီးများ၊ အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘုရင်ခံများစွာတို့ဖြင့်ခမ်းနားစွာ ဖွင့်ခဲ့ ပါသည်၊၊



အနာဂါရိကဓမ္မပါလသည် (၁၉၃၁)ခုနှစ်၊ ဂျူလိုင် (၁၃)ရက်နေ့တွင် ငယ်စဉ်ကတည်းကဆန္ဒရှိခဲ့သည့်အတိုင်း ရှင်သာမဏအဖြစ်ကိုခံယူခဲ့ပြီး၊ (၁၉၃၃)ခုနှစ်၊ ဂျန္န၀ါရီလ (၁၆)ရက်နေ့တွင် မြင့်မြတ်သည့် ရဟန်းဘ၀သို့ကူး ပြောင်းခဲ့ပါသည်၊၊ အနာဂါရိကဓမ္မပါလ၏ ရဟန်းဘွဲ့တော်မှာ “သီရိဒေ၀မိတ္တဓမ္မပါလ” ဖြစ်ပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလသည် သက်တော် (၆၉)နှစ်၊ (၁၉၃၃)ခုနှစ်၊ ဧပြီလ(၂၉)ရက်၊ နံနက်(၃)နာရီတွင် အိန္ဒိယနိုင်ငံ၊ ဗာရဏသီခရိုင်၊ မိဂဒါဝုန်ဂန္ဓကုဋိတိုက်တော်ကြီးအနီး၊ သူ၏ကျောင်းငယ်လေး၌ ရဟန်းဝတ်ဖြင့် ဘ၀နတ်ထံပြန်လွန်တော်မူပါသည်၊၊



အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ ဘ၀ပုံရိပ်အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင်၊ ဗုဒ္ဓရှင်တော်ပွင့်တော်မူခဲ့သည့် မြေမြတ်မဟာဖြစ်ပါလျက် ဗုဒ္ဓနာမည်မျှမကျန်အောင် ကွယ်ပနေခဲ့သည့် ဗုဒ္ဓဂယာမြေကို ဟိန္ဒူ-မဟန့်တို့လက်မှ ခက်ခက်ခဲခဲဗုဒ္ဓဘာသာတို့လက်သို့ ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပုံများ၊၊



ကိုလိုနီခေတ်တွင် ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် ကိုယ်ကျင့်တရားအားလုံး ဆုပ်ယုတ်ခဲ့ရ သည့် သီရိလင်္ကာတစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရားများကို ပြန်လည်လန်းဆန်းလာအောင် ကြိုးစားခဲ့ပုံများ၊၊ သီရိလင်္ကာလူမျိုးတို့အား မေတ္တာဝါဒပြန့်စေရေး သားငါးမစား စေရန် လှူံ့ဆော်ခဲ့ပုံများ၊၊



အိန္ဒိယ၊ အမေရီကား၊ လန်ဒန်နှင့် ဥရောပတိုက်များသို့ ဗုဒ္ဓဘာသာကျောင်းတိုက်ကြီးများတည်ထောင်၍ သာသ နာပြုခဲ့ပုံများ၊၊ အထူးသဖြင့် စာပေနှင့်၊ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာကွယ်ပလုနီးနီးဖြစ်နေသည့် သီရိလင်္ကာလူမျိုး တို့အတွက် စာသင်ကျောင်းများတည်ထောင်ဖွင့်လှစ ကြိုးစားခဲ့ပုံများမှာ လေးစားအတုယူဖွယ်၊ အားကျ၊ ဂုဏ်ယူ ဖွယ်ရာဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်၊၊



“အရပ်ဒေသတစ်ခုတွင် အာဇာနည်တစ်ဦးပေါ်ပေါက်လာပါက ထိုအရပ်ဒေသတစ်ခုလုံး ချမ်းသာရကြောင်း” ဗုဒ္ဓရှင်တော် မိန့်တော်မူခဲ့သည့်အတိုင်း “သီရိဒေ၀မိတ္တဓမ္မပါလအရှင်”ကဲ့သို့ အာဇာနည်တစ်ဦးပေါ်ထွန်းလာခြင်း ကြောင့် သီရိလင်္ကာတစ်မျိုးသားလုံး ကိုလိုနီဘ၀မှ လွတ်ခဲ့ရပြီး၊ ယနေ့တွင် ကမ္ဘာ့အလယ်တင့်တယ်နေပုံများကို မျက်မြင်တွေ့မြင်နေရပါသည်၊၊



ဒေသတိုင်းတွင် အရှင်ဒေ၀မိတ္တဓမ္မပါလကဲ့သို့ ဘာသာရေး၊ လူမျိုးရေး၊ ပညာရေးတွင် လူသားအကျိုးပြုသည့် အာဇာနည်သူရဲကောင်းများ ပေါ်ထွန်းလာပါစေဟု ဆုတောင်းပထ္ထနာပြုလျက် မျိုးချစ်အာဇာနည် အနာဂါရိက ဓမ္မပါလ(ခေါ်)အရှင်သီရိဒေ၀မိတ္တဓမ္မပါလ၏ လေးစား၊ ဂုဏ်ယူဖွယ်၊ အတုယူ၊ အားကျဖွယ်အတ္တုပ္ပတ္တိ မှတ်တမ်း ကို အဆုံးသတ်လိုက်ရပါသည်၊၊



{ကျမ်းကိုး/ အနာဂါရိကဓမ္မပါလ(ရွှေဘိုမိမိကြီး)၊ Anagarika Dharmapala: Return to Righteousness (Dr.Ananda Guruge), Anagarika Dharmapala: A biographical Sketch (Bhikkhu Sangharakshita-B.P.S)}





မေတ္တာဖြင့်- - -

အရှင်ကေ၀လ (အလင်းစက်)

Ashinkevala01@gmail.com

Ph: +94757199820

အပြည့်အစုံသို့....

Saturday, September 24, 2011

ဆုတောင်းခြင်း၊၊ ၊၊



ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊



ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊



“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊



ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊



ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့် သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟု ပြန်လည်မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊



“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည် တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင်ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊



ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့နှလုံးသားတွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊



“အရှင်မဟာသီလ၀ံသ”“ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက်သည့်သာဓကလည်း ဖြစ်ပါသည်၊၊



အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊



သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊



ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်”များတွင် လေ့လာရရှိနိုင်သည်၊၊



ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊



မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေအထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊



လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိကြောင်းကို တွေ့ရသည်၊၊



“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်းပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်၊၊




အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊



ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည်ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊



(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊



(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊



(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊



(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊



(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊



(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊




ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆုများနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊



“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော်လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊



ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊



ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊



ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊



(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊



(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊



(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရ

စေ၊၊



(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊



(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊



(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊



(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊



(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊



(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊



(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊




အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲရင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့် ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊



ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါသည်၊၊



“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊



အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -



(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊



(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊



(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊



(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊



(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊



(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊



(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊



(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊



(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊



(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊



(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊



(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊



(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊



(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊



(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊



(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊



(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊



(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊



အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ်ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊



ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊



ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊ မိမိဘ၀တွင် ဖြစ်ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွားများကိုအလေးပေး ဆုတောင်းတတ်ကြည်သည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည် အရှင်ထင်မြင်မိပါသည်၊၊



ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများစွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုပ်သည့် ဆုတောင်းများ ဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်၊၊



ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့် မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေးချမ်းသာသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊



မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါသည်၊၊ စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊



(မှတ်ချက်/ ကဏှဇာတက၊၊ အကိတ္တိဇာတက၊ ဇာတကပါဠိတော်နှင့် အကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ရွှေကျင်နိကာယသာသနာဝင်၊ ဥပရိပဏ္ဏာသအကထာ၊ အနုပဒ၀ဂ်၊ သင်္ခါရူပပတ္တိသုတ္တ၀ဏ္ဏာနာ၊တို့ကို ကိုးကားပါသည်၊၊)



မေတ္တာဖြင့် - - -



အရှင်ကေ၀လ(အလင်းစက်)



မကုဋာရာမ-မြန်မာကျောင်းတိုက်၊



ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊



( ၁၁.၉.၂၀၁၁ )

အပြည့်အစုံသို့....

Sunday, September 4, 2011

တက်လူ၊၊ ၊၊




မြန်မာစာတွင် “တက်လူ၊ ကျလူ”ဟူ၍ စကားလုံးဝေါဟာရနှစ်ခုကို တွေ့ရသည်၊၊ မည်သို့စံချိန် စံညွှန်း များနှင့်ပြည့်စုံသူကို “တက်လူ”ဟူ၍ခေါ်ဆိုပြီး၊ မည်သည့်စံချိန်စံညွှန်းမျိုးရှိနေသူကို “ကျလူ”ဟူ၍ခေါ် သည်ကိုမူ တိတိကျကျသိနိုင်ခဲသည်၊၊



အများအားဖြင့် အသက်အရွယ်ငယ်ရွယ်နုပျိုသူများကို “တက်လူ”ဟူ၍ သတ်မှတ်ကြသည်၊၊ အသက်အ ရွယ်ကြီးပြီးသောသူများကိုမူ “ကျလူ”ဟူ၍ လွယ်လွယ်ပင်သတ်မှတ်လိုက်ကြသည်၊၊



ငယ်ရွယ်သူများကို “တက်လူ”ဟုခေါ်ဆိုသည်မှာ ယေဘုယျအားဖြင့်မူ မှန်ကန်သည်ဟုဆိုနိုင်သည်၊၊ အခါခပ်သိမ်းအားဖြင့်မူ မှန်ကန်သည်ဟု မဆိုနိုင်၊၊ အသက်အရွယ်အားဖြင့် ကြီးပြီးသောသူများကို ယေဘုယျအားဖြင့် “ကျလူ”ဟူ၍ခေါ်ဆိုသည်မှာလည်း ဖြစ်နိုင်ခြေရှိသည်၊ အခါခပ်သိမ်းတွင်မူ မဖြစ်နိုင်ပေ၊၊



တစ်ချို့လူငယ်များသည် အရာရာတွင် စိတ်အားထက်သန်ပြီး၊ လုပ်ချင်၊ ကိုင်ချင်စိတ်ရှိသည်၊ ရည်မှန်း ချက်ကြီးမားသည်၊ သတ္တိရှိသည်၊ စွန့်စားလုပ်ကိုင်တတ်သည်၊ သည်သို့သောလူငယ်များကို ချွင်းချက် မရှိ “တက်လူ”ဟူ၍ ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊



တစ်ချို့အသက်အရွယ်ကြီးပြီးသောသူတို့သည် အစစတွင်လေးလံထိုင်းမှိုင်းပြီး၊ စိတ်အားထက်သန်မှု မရှိတော့ဘဲ၊ ချောင်ကြိုချောင်ကြားတွင်သာ ဘ၀ကိုမြှုပ်နှံလိုက်ချင်တော့သည်၊ ဤသို့သောလူကြီး များကို “ကျလူ”ဟူ၍လွယ်ကူစွာပင် သတ်မှတ်ရရှိနိုင်သည်၊၊



သို့သော် နေ့စဉ်ဘ၀ကိုရုန်းကန်နေကြသောလူများစွာကို လေ့လာအကဲခပ်ကြည့်သောအခါ လူငယ်တိုင်း တက်လူမဟုတ်ကြသလို၊ လူကြီးတိုင်း ကျလူမဖြစ်သေးသည်ကို သတိပြုမိသည်၊၊ ငယ်ရွယ်သူ အချို့သည် ဘ၀ကိုတက်တက်ကြွကြွဖြင့် လျောက်လှမ်းပြီးပန်းတိုင်ကို မြဲမြဲဖမ်းကိုင်ရမည့်အစား၊ ပျင်းရိ လေးတွဲလျက်၊ ပေါ့ဆလွန်းသည်များကို များစွာတွေ့ရသည်၊၊




ဤသို့သော လူငယ်များကို “တက်လူ”ဟုမခေါ်ဆိုနိုင်ရုံမျှမက “ကျလူ”ဟူ၍ပင်ခေါ်ဆိုရမည် ဖြစ်သည်၊ ဘ၀တက်လမ်း မရှိတော့သောကြောင့် ဖြစ်ပါသည်၊၊ တချို့လူငယ်တို့သည်လည်း မိမိ၏ရုန်းကန်မှုအ ပေါ်တွင် ဖြစ်ပေါ်လာသောကိုယ်ပိုင်နှင့်၊ မိဘပိုင်ပစ္စည်းကို မခွဲခြားတတ်ဖြစ်နေပြန်သည်၊၊ ထို့ကြောင့်ပင် မိဘ၏ပိုင်ဆိုင်မှုချွေးနှဲစာကို သောက်ကာ၊ စားကာ နှင့်ဖြုန်းတီးနေသည်များကိုလည်း တွေ့ရသည်၊၊ အားကိုးရာမိဘပစ္စည်းကုန်သောအခါနှင့်၊ မိဘတို့မရှိ တော့သောအခါ အားကိုးရာမဲ့ ဘ၀ပျက်ရတော့သည်၊၊



အရွယ်ရှိပြီးသောလူကြီးအချို့သည် အသက်အရွယ်နှင့်မမျှအောင် တက်ကြွလျက်ရှိသည်ကို အံ့သြ ဖွယ်တွေ့ရသည်၊၊ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန် တက်တက်ကြွကြွ၊ ရွှင်ရွှင်လန်းလန်းဖြင့် အားမာန်အပြည့်ဖြစ်လျက် ရှိသည်၊၊



လုပ်သမျှအလုပ်တို့သည်လည်း အတွေ့အကြုံတွင်အခြေခံထားသည့်အတွက် သေခြာသည်၊ စနစ်ရှိ သည်၊ သပ်ရပ်သည်၊ ထို့ကြောင့်ပင် အောင်မြင်သည်ထက် အောင်မြင်ရသည်၊ တိုးတက်သည်ထက် တိုးတက်ရသည်၊၊



ထို့ကြောင့် ဘ၀တစ်ခုတွင် တက်လူနှင့် ကျလူဟူသည်ကို အသက်အရွယ်ဖြင့် တိုင်းတာသတ်မှတ်ခြင်း သည် လုံးဝမှားယွင်းသည့် စံတစ်ခုဖြစ်သည်၊၊ အမှန်မှာ တက်ကြွမှု၊ အလုပ်၊ သတ္တိတို့ဖြင့်သာ “တက်လူ နှင့်၊ ကျလူ”ဟူသည်ကို သုံးသပ်ရမည်၊၊



လူတစ်ယောက်သည် မည်မျှငယ်ရွယ်သူ၊ နုပျိုသူဖြစ်စေကာမူ တက်ကြွမှု မရှိ၊ အလုပ်မလုပ်၊ သတ္တိညံ့ ဖြင်းလျင် ကျလူပင်ဖြစ်သည်၊၊ အသက်ပင်ကြီးစေကာမူ တက်ကြွမှု ရှိသည်၊ အလုပ်လုပ်သည်၊ သတ္တိရှိ သည်ဆိုလျင် ဧကန်တက်လူပင်ဖြစ်ပါသည်၊၊



ခြုံငုံသုံးသပ်ရလျင် “တက်လူ”ဟူသည်မှာ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန်၊ တိုးတက် သည်ထက် တိုးတက်စေရန် အားမာန်အပြည့်၊ စိတ်ဓာတ်ပြင်းပြင်းဖြင့် ချီတက်နေသူများကို ခေါ်ဆို သည်၊၊ ဘ၀တွင်လေးနက်မှု မရှိ၊ ရည်မှန်းချက်မပါ၊ အတွေ့အကြုံမရှိ၊ စိတ်ဓာတ်လေးကန်သူများကို “ကျလူ”ဟူ၍ ခေါ်ဆိုရပါမည်၊၊



များစွာသောလူငယ်တို့သည် အသက်ငယ်ရွယ်နုပျိုသူဖြစ်ပါလျက် တက်ကြွမှုနည်းလွန်းသည်၊ အလုပ် တွင်လေးလံထိုင်မှိုင်းလွန်းသည်၊ “အေးအေးလေးသာ နေချင်လှသည်”ဟုလည်း လက်တွေ့အလုပ် မပါ ဘဲ ပြောဆိုတတ်သည်၊၊ လူငယ်ဟူသည်မှာ အေးအေးတစ်ယောက်တည်းနေသည်ထက် ပတ်ဝန်းကျင် အလယ်တွင် နေသင့်သည်ကို ရှောင်ဖယ်ချင်သည်၊၊



အမှန်မှာ ငယ်ရွယ်သူဖြစ်လျက် ဤသို့ဖြစ်နေခြင်းသည် အခက်ခဲနှင့်၊ ဘ၀ကိုရင်မဆိုင်ရဲခြင်း ဖြစ်သည်၊ ပြင်းရိခြင်းတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်၊၊ အေးချမ်းသည့်ဘ၀ဟူသည်မှာ ပြင်းရိသူအတွက် မဟုက်၊ အခက်ခဲနှင့်ဘ၀ကို ရင်မဆိုင်ဝံ့သူအတွက် မဟုတ်၊ လက်တွေ့အကျပ်အတည်း၊ ပြဿနာများမှ ထွက် ပြေးတတ်သူများအတွက် မဟုတ်ဟူသည်ကို မသိတတ်ခြင်းဖြစ်သည်၊၊



“Fortune favours the brave.=ဘ၀ဟူသည် သတ္တိရှိရှိစွန့်စားဝံ့သူများကို ဆုလာဘ်ပိုပေးလေ့ရှိ ကြောင်း”သတိပြုရမည်၊၊ ဆန့်ကျင်ဘက်အားဖြင့် တွေးခေါ်ယူဆကြည့်လျင်“ဘ၀ကိုရေသာခိုလျင် အများသနားမှ စားရသည့်ဘ၀သို့ရောက်ရတတ်သည်”ဟု မှတ်သားရမည်၊၊



ဘ၀တွင် တက်လူအဖြစ်၊ ကျလူအဖြစ်ကို အဆုံးအဖြတ်ပေးသောစံတစ်ခုကို နိုဘယ်ဆုရ စာရေးဆရာ “ဟဲမင်းဝေ”ရေးသည့် “ပင်လယ်ပြာနှင့် တံငါအို”စာအုပ်တွင်လည်း တွေ့ရသည်၊၊ ဟဲမင်းဝေက ဤသို့ တင်ပြထားသည်၊၊



“လူသည် ဘ၀တွင်တစ်စုံတစ်ခုသောကြောင်းကြောင့်ဖြစ်စေ၊ အကြောင်းပေါင်းများစွာကြောင့်ဖြစ်စေ ရှုံး နိမ့်မှုကို ခံရနိုင်သည်၊(defeat and destroy)” အရှုံးကြောင့်ဘ၀ပျက်ခံလျင် အမှန်တကယ်ရှုံးနိမ့် သွားသူဖြစ်ပြီး၊ ကျလူဟူ၍ ခေါ်ဆိုရသည်၊၊




ရှုံးနိမ့်မှုကြောင့် ဘ၀ပျက်မခံဘဲ အရှုံးကိုစနစ်တကျသုံးသပ်ပြီး၊ ဘာကြောင့်ရှုံးတယ်၊ ဘယ်သူ့ကြောင့် ရှုံးတယ်စသည်တို့ကို သင်္ခန်းစာယူပြုပြင်ပြီး၊ အတွေးသစ်၊ အကြံသစ်တို့ဖြင့် တဖန်ပြန်စတတ်လျင် တစ် ကြိမ်တစ်ခါ ရှုံးနိမ့်သွားသော်လည်း အမှန်တကယ်ရှုံးနိမ့်သူမဖြစ်တော့ဘဲ အရှုံးသည်ပင် အောင်မြင်မှု အတွက် ထောက်တိုင်ဖြစ်ရတော့သည်၊၊



အရှင် ငယ်စဉ်ကပင်အလွတ်ရနေသည့် မြန်မာကဗျာလေး တစ်ပုဒ်သည်လည်း တက်လူနှင့် ကျလူကို အဆုံးအဖြတ်ပေးသည့် ကဗျာလေးဖြစ်နေမှန်း သတိထားလိုက်မိသည်၊၊



“လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းတွေ၊ ကျန်မည်နည်း၊


လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှာမြေကြီး၊ ကျန်မည်နည်း၊


ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည်၊ ကျန်မည်နည်း၊


အမှောင်တစ်ဝက်၊ လင်းတစ်ဝက်နဲ့၊ တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည်း၊၊


အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ၊ မျက်လှည့်ပမာ၊ တွေ့မြဲသာတည်း၊၊


ဘ၀သည်ကား၊ တိုက်ပွဲများပင်၊


လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊


လင်းသော-မှောင်သော၊


အောင်သော-ရှုံးသော၊


မုန်းသော-ချစ်သော၊


သစ်သော-ဟောင်းသော၊


ပူသော-အေးသော၊


နုသော-ကြမ်းသော၊


စောကြောစိတ်ဖြာ၊ မနေသာပေ၊၊


လဲရာက ထ၊ ကျရာက တက်၊


ပျက်ရာက ဆောက်၊ ရှေ့သို့လျောက်၍၊


ရောက်ရာဘ၀၊ အားမာန်ပြရင်း၊ ရုန်းရကန်ရမည်တကား၊၊”



မှန်သည်၊၊ ဘ၀ဟူသည် အချိုသီးသန့်ကို ခံစားခွင့်ရသည့်နေရာတစ်ခု မဟုတ်ဘဲ၊ ခါးသက်သည့်အရ သာကိုလည်း အကြိမ်များစွာခံစားရသည့် နေရာတစ်ခုဖြစ်သည်၊၊ မည်သို့ဆိုစေ ရလာသည့်အခြေအ နေကို လက်ခံနိုင်ပြီး၊ အကောင်းဆုံးအဖြစ်ဖန်တီးနိုင်သူများသည် “ဘ၀တက်လူ”များ ဖြစ်ရသည်၊၊



လူသည် ရံခါများစွာတွင် “သတ္တိ”ဟူသည်ကို အဓိပ္ပါယ်မပြည့်မစုံ ကောက်ယူတတ်ကြသည်၊၊ အသာစံဝံ့ သည်ကိုသာ“သတ္တိ”ဟုအထင်ရှိတတ်ကြပြီး၊ ဘ၀လောကဓံများ၏ အထုအထောင်းခံနိုင်သည်ကို လည်း“သတ္တိ”ဟု ခေါ်တွင်ရမည်ကို မေ့လျော့တတ်ကြသည်၊၊



လောကဓံများအထုအထောင်းများကို ပေတေခံနိုင်ခြင်းသည် ဘ၀အောင်မြင်သူ တက်လူအဖြစ်ကို ရရှိရန်အကြောင်းတစ်ခုဖြစ်သည်၊၊ ရွှေစစ် မစစ်ပေတင်သည့်သဘောပင် ဖြစ်သည်၊၊ အနှစ်ချုပ်သုံးသပ် လျင် ဘ၀တွင်တက်လူအဖြစ်ကို- -



(၁) အလုပ်လုပ်မှု၊

(၂) စိတ်ဓာတ်တက်ကြွမှု၊

(၃) သတ္တိရှိမှု၊ အခြေခံလိုအပ်ချက် သုံးမျိုးတို့ဖြင့် ရရှိနိုင်ကြောင်း၊ အသက်ငယ်မှု၊ ကြီးမှုသည်အဓိက လိုအပ်ချက်မဟုတ်ကြောင်းကို သုံးသပ်နိုင်သည်၊၊



အလင်းစက် စာဖတ်သူများ တက်လူအဖြစ်ကို “အလုပ်၊ စိတ်ဓာတ်တက်ကြွမှု၊ သတ္တိ”တို့ဖြင့် ရရှိကြပါ စေကြောင်း၊ အောင်မြင်သူများ၊ တိုးတက်သူများ၊ ဘ၀ကိုအလှပဆုံးပုံဖော်နိုင်သူများ ဖြစ်ကြပါစေ ကြောင်းဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊





မေတ္တာဖြင့်- - -



အရှင်ကေ၀လ(အလင်းစက်)


မကုဋာရာမ-မြန်မာကျောင်းတိုက်၊


သီရိလင်္ကာနိုင်ငံ၊၊ (၂၁.၈.၂၀၁၁)၊၊

အပြည့်အစုံသို့....

Saturday, August 20, 2011

ဂေါဆရာတော်၊၊ ၊၊




မြန်မာနှင့် သီရိလင်္ကာ သာသနာရေးဆက်ဆံမှုသမိုင်းသည် ပုဂံခေတ်ဦးပိုင်း၊ ပံသုကူမထေရ်၊ ဥတ္တရာဇီဝ မထေရ်နှင့် တပည့်-ဆပ္ပဒသာမဏေတို့လက်ထက်မှ စတင်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရ သိရပါသည်၊၊ သို့သော်ထိုခေတ်က သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတည်ထောင်ခဲ့ခြင်း မရှိခဲ့ပါ၊၊

(၁၉၀၁)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွတော်မူခဲ့သော ဆရာတော်ကြီးဦးဝိနယာလင်္ကာရနှင့် (၁၉၅၂)ခုနှစ်တွင်ကြွခဲ့ကြသော ဆရာတော်ကြီးဦးညာဏိန္ဒတို့သည် သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတိုက်
ကြီးများတည်ထောင်၍၊ သာသနာပြုခဲ့ခြင်းကြောင့် ယနေ့တိုင်မြန်မာကျောင်းတိုက်ကြီးများကို သီရိလင်္ကာတွင် တွေ့မြင်နေရပါသည်၊၊

ဆရာတော်ကြီး ဦးဝိနယာလင်္ကာရတည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးငါးခုအနက်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို ယနေ့တိုင်မြန်မာသံဃာတော်တို့ကပင် ပိုင်ဆိုင်ရရှိထားဆဲဖြစ်ပါသည်၊၊ "ဂေါဆရာတော်ကြီး"ဟုအသိများသော ဆရာတော်ဦးညာဏိန္ဒတည်ထောင်ခဲ့သော မြန်မာကျောင်းတိုက်ကြီးမှာမူယ္ခုအခါ သီရိလင်္ကာဘုန်းတော်ကြီးများက ပိုင်ဆိုင်သွားကြပြီဖြစ်ပါသည်၊၊


ဆရာတော်ကြီး ဦးညာဏိန္ဒသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုနှင့်ကီလိုမီတာ (၁၁၆)ခန့်ဝေးသော ဂေါမြို့(Galle city)တွင် “၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်း"အမည်ဖြင့် ကျောင်းတိုက်ကြီးတစ်ခုကို တည်ထောင်၍ သီရိလင်္ကာပြည်သူတို့အား ဗုဒ္ဓ၏လေးနက် သည့် “အဘိဓမ္မာနှင့်၊ ၀ိပဿနာနည်း”များကိုဟောပြော၊ သင်ပြသာသနာပြုတော်မူခဲ့သည်ဟု လေ့လာရပါ သည်၊၊

ကိုလံဘိုမြို့တော်နှင့် ခရီးအတန်ဝေးသောနေရာဖြစ်သဖြင့် မြန်မာသံဃာတော်တို့ အရောက်နည်းသော ဒေသတစ်ခု ဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ မြန်မာကျောင်းဟောင်းလိပ်စာကို သိသည့် သံဃာတော်ပင် အတော်နည်းပါးလာပြီ ဖြစ်သည်၊၊

“အလင်းစက်အရှင်”နှင့် သူငယ်ချင်းများစုပေါင်း၍ "ဂေါမြို့"သို့ အပမ်းဖြေခရီးထွက်ကြရန်တိုင်ပင်ပြီး၊ ကားငှားခြင်း
စသည့် ခရီးအတွက်လိုအပ်သည်များကို ပြင်ဆင်ကြသည်၊၊ ဂေါမြို့သည် သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်သဖြစ် ရှုခင်းလွန်စွာလှပသည်ကို တွေ့ရသည်၊၊

ယူရိုပီယံပုံစံအိမ်ကြီး၊ အိမ်ကောင်းများကိုဆောက်လုပ်နေထိုင်ကြ၍ သူဌေးသူကြွယ်များသောမြို့ဟုလည်း သိရသည်၊၊ ဂေါလမ်းခရီးတလျောက်တွင်လည်း ရှေးကြပြီး၊ ခန့်ငြားသည့်စေတီပုထိုးများ၊ ရုပ်တုတော်ကြီး များကို များစွာပင်ဖူးတွေ့ရသည်၊၊

များမကြာသေးမှီနှစ်အနည်းငယ်က "ဆူနာမီရေလှိုင်းဒဏ်"ကိုခံခဲ့ရသည့် ဂေါမြို့လေးနှင့်၊ ဂေါမြို့အပိုင် ကျေးရွာများမှ ဆူနာမီအမှတ်တရ စေတီတော်ကြီးများ၊ ရုပ်တုတော်များတည်ဆောက်ထားသည်ကိုလည်း ကရုဏာသက်ဖွယ်တွေ့မြင်ခဲ့ရသည်၊၊ ဆူနာမီတွင် လူပေါင်းနှစ်သိန်းကျော်မျှ သေဆုံးခဲ့ရကြောင်းကိုလည်း “ဆူနာမီအထိမ်းအမှတ် ဂျပန်ဘုရား”တွင် မှတ်တမ်းပြုထားသည်ကို တွေ့ခဲ့ရသည်၊၊

နံနက် (၆)နာရီတွင် ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်မှ ထွက်ခဲ့သောအရှင်တို့ကားလေးသည် ဂေါမြို့သို့ ညနေ(၃)နာရီခန့်တွင် ရောက်ပါသည်၊၊ ဂေါမြို့သည် အင်္ဂလိပ်ခေတ်က ခံတပ်မြို့ဖြစ်သည့်အတွက် “ဂေါခံတပ်”ကြီးများမှာ မြင်ရသူတို့ရင်သတ်ရှုမောဖွယ် ခန်းနားလှပနေပါသည်၊၊

ရှေးခေတ်က သီရိလင်္ကာ၏ မြို့ဟောင်းဖြစ်သည်ကတစ်ကြောင်း၊ အင်္ဂလိပ်ခေတ် ခံတပ်ဟောင်းကြီးရှိနေသည် ကတစ်ကြောင်း၊ လှပသည့်ဆိပ်ကမ်းမြို့လေးဖြစ်နေသည်က တစ်ကြောင်းစသောအကြောင်းများကြောင့် ဂေါမြို့ တွင်နိုင်ငံခြား လေ့လာရေးခရီးသည်များနှင့်ပြည့်နေသည်ကို သတိပြုမိသည်၊၊

ဂေါမြို့ဝန်းကျင်နေရာအနှံ့သို့ လည်ပတ်လေ့လာပြီးသောအခါ ဂေါဆရာတော်ကြီး(၄၁)နှစ်ကြာ၊ သီတင်းသုံးပြီး၊ သာသနာပြုခဲ့ရာ မြန်မာကျောင်းလေးသို့ သွားကြ ရန်လိပ်စာကို စုံစမ်းကြရတော့သည်၊၊

ခရီးတွင်လိုက်ပါကြသည့် “အလင်းစက်”တို့ သူငယ်ချင်းတစ်ပါးမှလိပ်စာသိသူမရှိကြ၍ လမ်းဘေးတိုလီ၊မိုလီ ပစ္စည်းများကို နိုင်ငံခြားသားများသို့ရောင်းနေသည့်ဈေးဆိုင်ကို Where located Buruma Temple? ဟုမေးကြည့်သောအခါ ထိုနေရာမှအတန်ဝေးသည့် တောင်ကြီးတစ် ခုအပေါ်သို့လက်ညှိုးထိုးပြပြီး တောင်ပေါ်တွင်တည်ရှိကြောင်း လမ်းညွှန်လိုက်သည်၊၊

ထိုတောင်ပေါ်သို့ နှစ်နာရီခန့်မျှကားနှင့် လိုက်လံရှာဖွေသော်လည်း အနှီမြန်မာကျောင်း၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ကိုလံဘိုသို့ဖုံးဆက်ပြီး နာယကဆရာတော်ထံတွင် ဂေါဆရာကြီး၏ကျောင်းလိပ်စာကို မေးရတော့သည်၊ နာယကဆရာတော်ကလည်း လိပ်စာကိုမသိကြောင်း၊ ဂေါတွင်အိမ်ထောင်ကျနေသည့် မြန်မာဒကာမကြီးတစ်ဦးရှိကြောင်း၊ ဖုံးဆက်မေးဖို့ပြောပြီး ဒကာမကြီး၏ဖုံးနံပတ်ကို ပေးလိုက်သည်၊၊

ဒကာမကြီးကို ဖုံးဆက်မေးတော့မှ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်သည် တောင်ပေါ်တွင်မဟုက်ဘဲ မြို့လယ်တွင်ဖြစ်နေသည်ကို သိလိုက်ရသည်၊ ကားဆရာကို မြို့တွင်းသို့ပြန်လည်မောင်းခိုင်းပြီး၊ အဆင့်ဆင့် မေးမြန်းရင်းဖြင့် ည(၇)နာရီမှောင်ရီဆမ်းကာမှ “ဂေါမြန်မာကျောင်းတိုက်”သို့ခက်ခဲစွာ ရောက်ရတော့သည်၊၊ “ဂေါ-မြန်မာကျောင်းတိုက်သည် မြန်မာသံဃာတော်တို့နှင့် ကံမစပ်လေဟန်တကား”ဟုလည်း ဆင်ခြင်မိသည်၊၊

ဂေ-ါမြန်မာကျောင်းတိုက်သည် တောင်ခြေတွင်တည်ရှိပြီး တောအုပ်အစပ်ဖြစ်သည်၊၊ တရားဘာဝနာဖြင့် ပျော်မွေ့လိုသူများအတွက် အလွန်သင့်လျော်သောနေရာလေး ဖြစ်သည်၊၊ လူသူတိတ်ဆိပ်ပြီး၊ အေးချမ်းသည့် ကျေးငှက်များ၏တွန်မည်သံကို အစဉ်ပင်ကြားနေရသည်၊၊

ဂေါဆရာတော်ကြီးသည် ဤကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး ဒေသခံပြည်သူများကို ပညာသင်ပေးရုံမက အောင်မြင်သည့်သာသနာပြုဆရာတော်ကြီးတစ်ပါးဖြစ်တော်မူခဲ့သည့်အတွက် ဆရာတော်ကြီးမရှိတော့ သည်မှာနှစ်များစွာကြာခဲ့သည်တိုင် ဆရာတော်ကြီး၏အမည်ကို ကလေးမှအစသိနေကြပြီး၊ ကျောင်းတိုက်
ကိုလည်း သီရိလင်္ကာနာမည်သို့ပြောင်းထားသည့်တိုင် “ဗုဒုမကျောင်း”ဟုပင် သီရိလင်္ကာအသံမပီတပီဖြင့် ခေါ်တွင်နေကြသည်ကို လွမ်းမောဖွယ်တွေ့ခဲ့ရသည်၊၊

“ဗုဒုမ”ဟူသည်မှာ Burmaကို“ဗားမား”ဟုထွက်ရမည့်အစား သီရိလင်္ကာကုလားအသံဖြင့်“ဗုဒုမ”ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်၊၊

ဂေါဆရာတော်ကြီး၏ကျောင်းတိုက်တွင် ဆရာတော်ကြီးမရှိတော့သော်လည်း ဆရာတော်ကြီးနေသွားသည့် အခန်းကိုမူလအတိုင်းထားထားသည်ကို တွေ့ရသည်၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျသိမ်းဆည်းထားသည့်အပြင်၊ ကျောင်းတိုက်၏အတွင်းနံရံတွင်ဆရာတော်ကြီး၏ ဗီနိုင်းပုံကြီးကိုခန်း လုံးပြည့်ချဲ့ပြီး ချိပ်ထားသည်ကိုတွေ့ရသည်၊၊

လက်ရှိ ဂေါမြန်မာကျောင်းတိုက်ကို ပိုင်ဆိုင်ထားသည့် သီရိလင်္ကာဘုန်းကြီးလေးမှာ ဂေါဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပြီး၊ မြန်မာတို့၏စိတ်ဓာတ်ကို အလွန်လေးစားသည်ကိုလည်း တွေ့ခဲ့ရသည်၊၊ မြန်မာကျောင်း တိုက်သို့ မြန်မာသံဃာတော်လေးများ လာရောက်လည်ပတ်သည်ကို အလွန်ဝမ်းသာကြည်နူးနေဟန်၊ မရှိတော့သည့်ဆရာတော်ကြီးကိုလည်း လွမ်းမောလေဟန် စိတ်မကောင်းဖွယ်တွေ့ခဲ့ ရသေးသည်၊၊

“အလင်းစက်”တို့ သူငယ်ချင်းများ ဂေါမြန်မာကျောင်းတိုက်မှထွက်ခွါခဲ့ကြီး၊ ည (၁၂)ခန့်တွင် ကိုလံဘို၊ မကုဋာရာမကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြတော့သည်၊၊ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်နှင့် သာသနာပြုစိတ်ဓာတ်တို့ကိန်းအောင်းရာ ဂေါကျောင်းတိုက်ကို နောင်လာနောက်သား ညီတော်၊ နောင်တော် များသိရှိ၊ ဗဟုသုတဖြစ်ကြစေရန် ဤခရီးသွားမှတ်တမ်းကို တင်ပြခြင်းဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ အားကျဖွယ်အတ္ထုပ္ပတ္တိကို တင်ပြပါမည်၊၊

ဂေါ-ဆရာတော်လောင်းလျာသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မြို့ဟောင်းဈေးတန်းရပ်နေ ကားအင်ဂျင်နီယာ-ဦးစံသူ၊ ဒေါ်ဖွားရှင်တို့မှ (၁၂၇၆)ခု၊ ၀ါဆိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့၊ (၁၉၁၄)ခုနှစ်၊ ဇူလိုင်လတွင် ဖွားမြင် တော်မူပါသည်၊၊

ဆရာတော်လောင်းလျာသည် အသက် (၁၆)နှစ်အရွယ်၊ (၁၂၉၂)ခုနှစ်၊ ကဆုန်လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့တွင် သန်လျင်မြို့၊ ပထမဘုံပြန်ဆရာတော်ကြီး ဘဒ္ဒန္တသုဇာတအရှင်မြတ်ကို ဥပစ္ဇျာယ်ပြုလျက် ခမည်းတော်+မယ်တော်တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူပါသည်၊၊ ဘွဲ့အမည်မှာ အရှင်ညာဏိန္ဒဖြစ်ပါသည်၊၊

(၁၂၉၆)ခုနှစ် နယုန်လဆန်း (၁၀)ရက် အင်္ဂါနေ့တွင် ခရမ်းမြို့ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်တိုက် သိမ်တော်ကြီးဝယ် ပထမဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယကိုဥပစ္ဇျာယ်ပြု၍၊ ခရမ်းမြို့၊ မြေပိုင်ရှင်-ဦးတင်+ ဒေါ်စုတို့၏ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊၊ ဂေါ-ဆရာတော်ကြီးကို ဦးမောင်မောင်+ဒေါ်ခင်စောရွှေမိသားစုတို့မှ သိက္ခာထပ်လှူခဲ့ကြပါသည်၊၊

ဆရာတော်လောင်းလျာသည် ဘုံပျံကျောင်း၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တက၀ိထံတွင် အခြေခံကျမ်းစာများကို သင်ကြားပြီးနောက် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ် ဆရာတော်ဘဒ္ဒန္တ နန္ဒိယ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျ၊ တိုက်ကျပ်ဆရာတော် ဘဒ္ဒန္တဆန္ဒ၊ စာချဆရာတော် ဘဒ္ဒန္တအိန္ဒာသဘ၊ ဘဒ္ဒန္တပုည၊ အဘိဓမ္မာဝိဘာဝနီဋီကာကျော်ယောဇနာကျမ်းပြု ဘဒ္ဒန္တညာနိန္ဒာသဖ (ဆရာကြီး ဦးစံလင်း)၊ ကျိုက်လတ်မြို့၊ မစ္ဆိမာရုံမဟာရွှေကျင်တိုက် သတ္တမရွှေကျင်နိကာယဥက္ကဌ၊ သာသနာပိုင် ဆရာတော် ဘဒ္ဒန္တကေလာသ၊ စာချဆရာတော် နန္ဒက၊ နာရဒါဘိဝံသစသောစာချဆရာတော်များအထံတွင် ပါဠိ၊ အဌကထာ၊ ဋီကာ၊စသောကျမ်းဂန်များကို နည်းစုံအောင် သင်ကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် ရဟန်း (၁၀)၀ါအရတွင် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်သို့ ပြန်ကြွတော်မူပြီး၊ စာသင်သားတို့အား (၈)နှစ်တိုင် စာပေပို့ချခဲ့ပါသည်၊၊ ရဟန်း (၁၈)၀ါအရ (၁၉၅၂)ခု ဇူလိုင်လ (၁၉)ရက်နေ့ တွင် သီရိလင်္ကာနိုင်ငံသို့ကြွတော်မူပြီး ဗုဒ္ဓဘာသာဝင် သီရိလင်္ကာလူမျိုးတို့အား ဗုဒ္ဓတရားတော်များကို သီရိလင်္ကာဘာသာဖြင့် ဟောကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင်နေတော်မူခိုက်- - -
(၁) ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမယကျောင်းတိုက်၊
(၂) နုဂေဂေါဓ၊ သိရီဓမ္မာရာမယကျောင်းတိုက်၊
(၃) မဟိန်တလေ၊ ကာလုဒိယပေါကုဏကျောင်းတိုက်၊
(၄) မာတလေ ပါလေပေါလသေနာသနကျောင်းတိုက်၊
(၅) မဟာနုဝရ၊ ကန္နီ-ဆေနာနာယကာရာမယကျောင်းတိုက်၊
(၆) ကလပလုဝါ၀၊ တပေါဝနာရာမယကျောင်းတိုက်၊
(၇) မာတရ၊ ဥဒုကာဝေ ၀ဇိရာရာမယကျောင်းတိုက်၊
(၈) ဒိယတလာဝ၊ ညာဏာရာမ ၀ိဝေကာရာမယကျောင်းတိုက်၊
(၉) ဥတုရုတလာလ သန္တ၀ိဝေကာရာမယကျောင်းတိုက်၊
(၁၀) ဒေါဒန်းဒူဝ၊ ပေါလဂဿဒူဝ သေနာသနကျောင်းတိုက်၊
(၁၁) ဂေါမြို့- ၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်းတိုက်တို့၌ လှည့်လည်သီတင်းသုံး၊ သာသနာ ပြုတော်မူခဲ့ပါသည်၊၊

ဒေဟိဝလ၊ ယက္ကမန၊ ဒေဏမန၊ ၀လသမူလ၊ နာရန်ဂမူ-အစရှိသောဌာနတို့၌ သီတင်းသုံးလျက် အနှစ်(၄၁) တိုင်အောင် သီရိလင်္ကာဒါယကာ ဒါယိကာမတို့အား ဗုဒ္ဓတရားတော်များကို သင်ကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးတော်မူခိုက် - - -
(၁) ယမိုက်ဆယ်ကျမ်း၊
(၂) မဟာစည်ဆရာတော်၏ “၀ိပဿနာရှုဖွယ်ကျမ်း”
(၃) မဟာစည်ဆရာတော်၏ “တရားအားထုတ်ရသည့်အကြောင်းကျမ်း”၊
(၄) မစိုးရိမ်ဆရာတော်၏ “ပဌာန နယူပဒေသကျမ်း”၊
(၅) ဘဒ္ဒန္တနာရဒါဘိဝံသ၏ “မြန်မာပြန်သဂြိုဟ်ကျမ်း”၊
(၆) အရှင်ဇနကာဘိဝံသ၏ “၀ီထိသုံးချက်စုကျမ်း”၊စသည်တို့ကို သီရိလင်္ကာဘာသာသို့ ပြန်ဆိုတော်မူခဲ့ ပါသည်၊၊

ဆရာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ ခမာ၊ ဇာဂရိယ၊စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် သီရိလင်္ကာ နိုင်ငံရှိ နိုင်ငံတော်အကြီးအကဲခေါင်းဆောင်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုလေးစားမှုကိုခံယူရရှိ တော်မူပါသည်၊၊

ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ (၁၃၅၄)ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊၊ ဆရာတော်သည် သက်တော် (၇၇)နှစ် သိက္ခာတော် (၅၇) ၀ါရှိပြီဖြစ်သည်၊၊

မြန်မာနိုင်ငံရှိ တပည့်ဒါယကာဒါယိကာမအများဆွေမျိုးများ၏ လျောက်ထားတောင်းပန်ချက်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်၊ ကျောင်းဒါယကာ+ကျောင်းဒါ ယိကာမများဆောက်လုပ်လှူဒါန်းသော ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ "မြန်မာ-သီရိလင်္ကာရာမကျောင်းတိုက်"၌ (၁၉၉၄)ခုနှစ်မှစတင်၍သီတင်းသုံးတော်မူကာ ပြည်တွင်း၊ ပြည်ပသာသနာပြုတော်မူပါသည်၊၊

ဂေါဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို လေ့လာမှတ်သားပြီး၊ ဆရာတော်ကြီးကဲ့သို့အောင်မြင်သည့် သာသနာပြု ဖြစ်ပါရစေကြာင်းနှင့်၊ ဗုဒ္ဓရှင်တော်၏ သဒ္ဓမ္မသုံးဖြာသာသနာတော်တွင် အောင်မြင်သည့်သာသနာပြုဆရာတော်များ ပေါ်ထွန်းလာပါစေကြောင်း "အလင်းစက်အရှင်" ဆုတောင်းအပ်ပါသည်၊၊ ၊၊

(မှတ်ချက်/ ဂေါ-ဆရာတော်ကြီး ကိုယ်တိုင်ရေးသားတော်မူခဲ့သည့် “စတုရာရက္ခရှုဖွယ်ကျမ်း,နှင့်၊ ပုဂံခရီးသည် (ပါရဂူ)”စသည်တို့ကို ကိုးကား၍ ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါခရီးသွားမှတ်တမ်း ဓာတ်ပုံများကို ညာဘက်ကော်လံတွင် လေ့လာကြည့်ရှုနိုင်ပါသည်၊၊)



မေတ္တာဖြင့် - - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(၁၄.၈.၂၀၁၁)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP