Tuesday, September 4, 2012

သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာစတင်ဖြစ်လာခြင်း၊၊ ၊၊


ယ္ခုအခါ “သီရိလင်္ကာနိုင်ငံ”ဟုခေါ်တွင်သော“နာဂဒီပကျွန်း”သည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းနိုင်ငံ ငယ်လေး ဖြစ်ပါသည်၊၊

ရှေးယခင်အခါက နာဂဒီပကျွန်း၊ ယက္ခဒီပကျွန်း၊ သီဟဠဒီပကျွန်း၊ လင်္ကာဒီပကျွန်း၊ တမ္ဗပဏ္ဏိနိုင်ငံ တော်၊ စီလုံနိုင်ငံ၊ လင်္ကာနိုင်ငံစသောအမည်အမျိုးမျိုးပြောင်းလွဲလာပြီးမှ ယ္ခုခေါ်ဝေါ်နေကြသည့် “သီရိ လင်္ကာနိုင်ငံ”ဟူသောအမည်ကို ရရှိခဲ့ပါသည်၊၊

ယခင်က ကျွန်းငယ်လေးမျှသာဖြစ်သော သီရိလင်္ကာသည်ယ္ခုအခါ လူဦးရေသန်း(၂၀)ကျော်ရှိသော နိုင်ငံတော်တစ်ခုအဖြစ်သို့ရောက်ရုံမျှမက ပညာရေး စီးပွားရေးနှင့်ဆက်သွယ်ရေး ကောင်းမွန်သော ကမ္ဘာ့အဆင့်မှီနိုင်ငံတစ်ခုအဖြစ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာက ဟိန္ဒူ(ဗြဟ္မဏ)ဘာသာနှင့် ဂျိန်းဘာသာ၊ ရိုးရာနတ်အ များကိုကိုးကွယ်သောကျွန်းနိုင်ငံငယ်လေးဖြစ်ခဲ့ပါသည်၊၊ ယ္ခုစာတမ်းတွင်သီရိလင်္ကာနိုင်ငံ မည်သို့မည် ပုံ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာရပုံကို ဆွေးနွေးတင်ပြပါမည်၊၊

သီရိလင်္ကာနိုင်ငံ၏ သမိုင်းမှတ်တမ်းများအရ နာဂဒီပကျွန်း၏ပထမဆုံးသောကျွန်းသခင်သည် ၀ိဇယ မင်းသားဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောနေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ မင်းသားတစ်ပါးသည် စစ်ရှုံးပြီးထွက်ပြေးလာရာမှ နာဂဒီပကျွန်းသို့ရောက်လာခြင်းဖြစ်သည်၊၊

“၀ိဇယမင်းသား”သည်(B.C.5,483)တွင် နာဂဒီပကျွန်းသို့ရောက်ရှိလာခြင်းဖြစ်ပြီး၊ ကျွန်း၏မြေသားများ ကို ဆုပ်ကိုင်ကြည့်ရာတွင် သူ၏လက်သည် အနီရောင် သို့ပြောင်းလဲသွားသောကြောင်“တမ္ဗပဏ္ဏိ”ဟု  ကျွန်း၏နာမည်ကို ခေါ်တွင်စေခဲ့သည်ဟု ဆိုပါသည်၊၊ 

ဝိဇယမင်းသားနှင့်အတူစစ်တပ်များနှင့် ပြည်သူအများအပြားပါလိုက်ပါလာခဲ့သည့်အတွက် လူရိုင်းသာ သာအဆင့်မျှရှိသည့် ဒေသခံကျွန်းသားများကိုတိုက်ခိုက်ပြီး နိုင်ငံတစ်ခုအဖြစ်သို့ တည်ထောင်လာခဲ့ ကြပါသည်၊၊

ဝိဇယမင်းမှစတင်တည်ထောင်လာခဲ့သော တမ္ဗပဏ္ဏိနိုင်ငံတော်လေးသည် မင်းများစွာအုပ်ချုပ်ခဲ့ပြီး၊ နှစ်ပေါင်း(၂၀၀)ကျော်သည်အထိ ဟိန္ဒူ(ဗြဟ္မဏ)ဘာသာကိုအဓိကကိုးကွယ်ခဲ့ကြပါသည်၊၊ သီရိလင်္ကာ နိုင်ငံ၏ ရှေးသမိုင်းမှတ်တမ်းများတွင် ယခင်ကနာဂဒီပကျွန်းသည် ဘီလူးများနေသည့်ကျွန်းဟု၎င်း၊ နဂါများနေသည့်ကျွန်းဟု၎င်း ဆိုထားပါသည်၊၊

သမိုင်းမှတ်တမ်းအဆိုများကို‘မှားသည်’ဟုငြင်းပယ်ရန်ခက်ခဲ့သကဲ့သို့၊‘မှန်သည်’ဟုထောက်ခံရန် လည်း ဖြစ်နိုင်ခြေအလွန်နည်းလှပါသည်၊၊ လက်ရှိသီရိလင်္ကာနိုင်ငံ၏ ပညာရှင်များကိုယ်တိုင်ပင် အငြင်းပွား နေသည့်သမိုင်းမှတ်တမ်း ဖြစ်နေပါသေးသည်၊၊

မြတ်စွာဘုရားလွန်တော်မူအပြီး နှစ်ပေါင်း(၂၃၆)ကြာသောအခါ တမ္ဗပဏ္ဏိနိုင်ငံတော်တွင် မုတသီဝမင်း ၏သားတော် တိဿအမည်မင်းသားသည် နန်းတက်ခဲ့ပါသည်၊၊ ထိုအချိန်မှာပင် အိန္ဒိယနိုင်ငံတွင် သီရိ ဓမ္မာသောကမင်းကြီးမှထောက်ပံ့၍ တတိယသင်္ဂါယနာကိုတင်နေချိန် ဖြစ်ပါသည်၊၊

တတိယသင်္ဂါယနာပွဲကြီး၏ဆုံးဖြတ်ချက်အရ မရှင်မဟာမဟိန္ဒသည် တမ္ဗပဏ္ဏိနိုင်ငံတော်သို့ သာသနာ ပြုကြွရန် တာဝန်ပေးအပ်ခြင်းခံရပါသည်၊၊ အရှင်မဟိန္ဒမထေရ်သည် အိတ္ထိယမထေရ်၊ ဥတ္တိယမထေရ်၊ သမ္ဗလမထေရ်၊ ဘဒ္ဒသာလမထေရ်၊ သုမနသာဏေနှင့် ဘန္ဓုကဒါယကာတို့နှင့်အတူ အသောကာရုံ ကျောင်းတိုက်ကြီးမှ တမ္ဗပဏ္ဏိခရီးကိုစတင်ခဲ့ကြပါသည်၊၊

အရှင်မဟာမဟိန္ဒမထေရ်ဦးဆောင်သော သာသနာပြုအဖွဲ့သည် ဘီစီ(307-247)တွင် နာဂဒီပကျွန်း၊ အနုရာဓပူရမြို့တော်၏အရှေ့ဘက်၊ “မိဿကပဗ္ဗတတောင်”ပေါ်သို့ ရောက်ခဲ့ကြပါသည်၊၊ ယ္ခုအခါထို တောင်ကို“စေတိယပဗ္ဗတ”ဟု၎င်း၊ “မဟိံတလေ”ဟု၎င်း ခေါ်ကြပါသည်၊၊

“ဒေ၀ါနံပီယဘွဲ့”အမည်ခံ “တိဿ(ဒေ၀ါနံပီယတိဿ)မင်း”သည်ထိုနေ့တွင် နောက်လိုက်(၄၀,၀၀၀) ခြံရံလျက် မိဿကပဗ္ဗတောင်ပေါ်သို့“ဇေဌမူလနက္ခတ္တပွဲသဘင်”ကျင်းပရန်လာရာမှ အရှင်မဟိန္ဒမ ထေရ်နှင့်တွေ့လေသည်၊၊

အရှင်မဟိန္ဒမထေရ်သည် ဒေ၀ါနံပီယတိဿမင်းကိုတွေ့လျင်တွေ့ခြင်းပင် ငယ်မည်ကိုခေါ်လျက် နှုတ် ဆက်စကားပြောကြားပြီး၊ 
‘စူဠဟတ္ထိပဒေါပမသုတ်’ကို ဟောပြောသင်ပြလိုက်သောအခါ ဒေ၀ါနံပီယတိ ဿမင်းနှင့်အတူ နောက်လိုက်များအားလုံး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ခံယူလိုက်ကြလေသည်၊၊

နောက်နေ့မိုးလင်းသောအခါ အရှင်မဟိန္ဒနှင့်နောက်ပါများသည် မင်း၏နန်းတော်သို့ကြွပြီး၊ အနုလာဒေ ၀ီမင်းသမီးနှင့် နန်းတော်သူငါးရာတို့မှ ဆွမ်းဆက်ကပ်ပါသည်၊၊ အရှင်မဟိန္ဒသည် နန်းတော်တွင် ‘ပေတ၀တ္ထု၊ ၀ိမာန၀တ္ထုနှင့် သစ္စသံယုဂ်’တို့ကို ဟောတော်မူသောအခါ အမျိုးသမီးများအားလုံးသော တာပန် တည်ခဲ့ကြပါသည်၊၊

နန်းတော်တွင်းမှ တရားများကိုနာယူခွင့်မရသည့် ပြည်သူများအတွက် မြို့လည်တွင်မဏ္ဍပ်ကြီးများ ဆောက်၍ အရှင်မဟိန္ဒမထေရ်မှ ‘ဒေ၀ဒူတသုတ်နှင့် အာသီဝါသောပမသုတ်’တို့ကိုဟောတော်မူရာ လူပေါင်း(၂၀၀)ကျော်မျှ သောတာပတ္တိမဂ်ဖိုလ်အဆင့်သို့ ရောက်ကြပါသည်၊၊

ထိုအချိန်မှစတင်ပြီး တမ္ဗပဏ္ဏိနိုင်ငံတော်သည် ရိုးရာနတ်အမျိုးမျိုးနှင့်၊ ဂျိန်းဘာသာ၊ ဟိန္ဒူ(ဗြဟ္မဏ) ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးအဖြစ်သို့ကူးပြောင်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်၊၊ 

အရှင်မဟိန္ဒသာသနာပြုမလာမှီကပင် ဒေ၀ါနံပီယတိဿမင်းနှင့် သီရိဓမ္မာသောကမင်းကြီးတို့သည် အလွန်ချစ်ခင်သော အိမ်နီးခြင်းမင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊ ဒေ၀ါနံပီယတိဿမင်း နန်းတက် ပွဲကျင်းပသောအခါ ဘုန်းတန်ခိုးကြောင့်မြေကြီးထဲမှရတနာများ ပြန်တက်လာသည်ဟု ဆိုပါသည်၊၊

ထိုရတနာများအထဲမှ ရတနာများစွာကို သီရိဓမ္မာသောကမင်းထံသို့လက်ဆောင် ဆက်သစေခဲ့ပါ သည်၊၊ အာသောကမင်းကြီးသည် လက်ဆောင်ပြန်သည့်အနေဖြင့် နိုင်ငံတော်အလံတစ်ခုနှင့်အတူ ရာ ဇာဘိသေကခံယူရာတွင်လိုအပ်သည့် ရတနာပစ္စည်းများကို တိဿမင်းထံသို့ ပေးအပ်လိုက်ပါသည်၊၊

အာသောကမင်းကြီးသည် စာချွန်တော်တစ်စောင်ကိုလည်း ပါးလိုက်သေးသည်ဟုဆိုပါသည်၊၊ “အဆွေ တော်မင်း ငါသည် ရတနရာသုံးပါးကို ယုံကြည်ဆည်းကပ်ကိုးကွယ်သူ ဖြစ်ပါသည်၊၊ သင်မင်းမြတ် ကိုလည်း ရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်သူ ဖြစ်စေချင်ပါသည်၊၊”ဟူ၍ သ၀ဏ်လွှာဆက်စေ သည်ဟု ဆိုပါသည်၊၊

ဒေ၀ါနံပီယတိဿမင်းသည် အာသောကမင်းကြီးပေးပို့လိုက်သည့် မင်းမြှောက်တန်ဆာများဖြင့် ဒုတိ ယအကြိမ် ရာဇဘိသိက်ပွဲကိုခံယူခဲ့ပါသည်၊၊

အရှင်မဟိန္ဒသည် သီရိလင်္ကာသို့ ပိဋကတ်တော်များ၊ အဌကထာများနှင့်၊ ဋီကာကျမ်းများစွာကို ဆောင် ယူလာခဲ့ပြီး၊ အနုရာဓပူရမြို့တော်ကြီးတွင် မဟာဝိဟာရကျောင်းတိုက်ကြီးကို တည်ထောင်လျက် ဗုဒ္ဓစာပေနှင့်သာသနာတော်ကို သီရိလင်္ကာတို့၏နှလုံးသားအတွင်းသို့ နက်နဲစွာစိုက်ထူခဲ့လေသည်၊၊

အရှင်မဟိန္ဒသည် မဟာဝိဟာရကျောင်းတိုက်ကြီးတွင် သံဃာတော်(၃,၀၀၀)ကျော်တို့နှင့်အတူ အိန္ဒိယ အက္ခရာဖြင့်ရေးသားထားသည့် ပါဠိစာပေကျမ်းများအားလုံးကို သီဟဠိဘာသာသို့ပြန်ဆိုပြီး၊ သင်ကြား ပို့ချခဲ့ပါသည်၊၊

ထိုသီဟဠဘာသာကျမ်းများကို နောင်အခါ“အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်ဓမ္မပါလ၊ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်ဥပသေန”တို့မှ ပါဠိဘာသာသို့ပြန်ဆိုခဲ့ပြီး၊ ပါဠိစာပေများနှင့်အတူ ဗုဒ္ဓသာသနာတော်သည် မြန် မာနိုင်ငံနှင့်အခြားသောနိုင်ငံများစွာသို့ ပြန့်ပွားစည်ပင်လာခဲ့ပါသည်၊၊

သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လာပုံကို တင်ပြဆွေးနွေး၍ အတိုင်းအတာတစ်ခုအထိ ပြည့်စုံပါပြီ၊၊ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက မြတ်စွာဘုရားရှင်အားအသက်တမျှယုံကြည် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည့် နိုင်ငံအချို့သည်ယနေ့မျက်မှောက်ခေတ်တွင် ဘာသာခြားနိုင်ငံများအ ဖြစ်သို့ရောက်နေသည်ကို တွေ့မြင်ရပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် မြတ်စွာဘုရားရှင်လက်ထက်က ဗုဒ္ဓဘာသာနိုင်ငံမဟုတ်ခဲ့သော်လည်း မြတ်စွာ ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၃၀၀)ခန့်မှစတင်ပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သည့် နိုင်ငံတော် အဖြစ်သို့ရောက်ခဲ့ရုံမျှမက၊ ဗုဒ္ဓကျမ်းစာများကို ကမ္ဘာသို့ဖြန့်ဖြူးရာတွင် အဓိကနိုင်ငံတော်ဖြစ်လာခဲ့ သည်မှာ ဗုဒ္ဓဘာသာအတွက်အားတက်ဖွယ် ၀မ်းမြောက်ဖွယ်ဖြစ်ပါကြောင်း တင်ပြလျက်စာတမ်းကိုအ ဆုံးသတ်အပ်ပါသည်၊၊             ၊၊


{Note/ “Early History of Buddhism in Ceylon,E.W.Adikaram”နှင့် အခြားသီရိလင်္ကာနိုင်ငံ၊ သ မိုင်းမှတ်တမ်းများကို ကိုးကား၍ဤစာတမ်းကို ရေးသားတင်ပြအပ်ပါသည်၊၊}


အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(၄.၉.၂၀၁၂)

အပြည့်အစုံသို့....

Sunday, August 12, 2012

ဒေါသကင်းဝေး နေနိုင်ရေး၊၊ ၊၊



လူတို့၏ရင်ထဲနှလုံးသားတွင် စိတ်ပိုင်းဆိုင်ရာအပူများစွာရှိသည်၊၊ ဒေါသအပူသည် အခြားအပူများထက်ပိုမို ၍လောင်ကျွမ်းအား ပြင်းထန်တတ်သည်၊၊


ရင်ထဲတွင် ဒေါသအပူလှိုင်းဝင်ရောက်လာသောအခါ လူတွင်ငြိမ်းအေးမှုများအားလုံးပျောက်ဆုံးပြီး၊ ပတ်ဝန်း ကျင်ကိုအန္တရာယ်ပြုခွင့်ရလျင်ရ၊ မရခဲ့လျင်မိမိကိုယ်မိမိပြန်၍ ဒုက္ခဖြစ်အောင်ပြုတတ်လေသည်၊၊


အမျက်ဒေါသဖြစ်ခြင်းတွင် အကြောင်းနှစ်မျိုးရှိကြောင်းကို ပါဠိစာပေများတွင်ဖော်ပြထားပါသည်၊၊ အ မျက်ဒေါသဖြစ်ဖွယ်ရာအာရုံနှင့်၊ အမျက်ဒေါသဖြစ်ပေါ်စေရန် မသင့်မတင့်နှလုံးသွင်းခြင်းတို့ ဖြစ်ပါသည်၊၊


တစ်စုံတစ်ခုအပေါ်တွင်ဖြစ်စေ၊ တစ်စုံတစ်ယောက်အပေါ်တွင်ဖြစ်စေ ဒေါသဖြစ်မိခဲ့လျင်၊ ထိုဒေါသအမျက် ကို ဖြေဖျောက်နိုင်လျင်အကြောင်းမရှိတော့ပေ၊ အကယ်၍အမျက်ဒေါသကို မဖြေဖျောက်နိုင်ခဲ့လျင် အငြိုး အတေးအဖြစ်သို့အသွင်ပြောင်းလဲပြီး သံသရာဘ၀များအထိပင်လိုက်ပါ၍ ပျက်စီးရာပျက်စီးကြောင်းပြု တတ်လေသည်၊၊


သာဓကအနေဖြင့် ဆဒ္ဒန်ဆင်မင်း၏ဇာတ်လမ်းတွင် စူဠသုဘဒ္ဒါမိဖုရားကြီး၏ မကျေနိုင်သည့်ဒေါသဖြင့် ဘ၀ အဆက်ဆက်ချစ်လင်ကို သတ်ခွင့်ရစေရန်ဆုတောင်းပုံများနှင့်၊ အခြားသာဓကဇာတ်လမ်းများတွင်တွေ့ မြင်နိုင်ပါသည်၊၊


လူတို့၏နေ့စဉ်ဘ၀တွင်လည်း အမျက်ဒေါသဖြစ်ပွားကြရာမှ မှုခင်းမျိုးစုံနှင့်၊ အမှားမျိုးစုံကိုပြုနေကြသည် ကို တွေ့နိုင်ပါသည်၊၊ အမျက်ဒေါသဖြစ်ပွားမှုသည် ပညာမဲ့မှုကြောင့်ဖြစ်၍ မည်သို့မျှအကျိုးမဖြစ်စေဘဲ၊ ဆိုး ကျိုးများကိုသာဖြစ်ပေါ်စေမည်ဖြစ်ပါသည်၊၊


အရပ်ပုသူများက“ငါကလူပု စိတ်တိုကွ”ဟု အမျက်ဒေါသကြီးရသည်ကိုပင် ဂုဏ်တက်လေဟန်ပြော ဆိုလေ့ရှိကြသည်၊၊ အမှန်မှာစိတ်တိုခြင်း၊ အမျက်ဒေါသကြီးခြင်းများသည် မည်သူ့တွင်ဖြစ်ပေါ်သည်ဖြစ် စ၊ ဖြစ်ပေါ်သူနှင့်ပတ်ဝန်းကျင်ကို မတည်ငြိမ်မှုနှင့်၊ ဘေးဒုက္ခကိုသာဖြစ်ပေါ်စေတတ်ကြောင်း မှတ်သားရပါ မည်၊၊


ငါးရာ့ငါးဆယ်ဇာတ်တော်များမှ သေရိ၀၀ါရိဇာတ်၊ ရွဲကုန်သည်ဇာတ်လမ်းတွင် ဒေ၀ဒတ်အလောင်းရွဲကုန် သည်သည် ထိုဘ၀တွင်ဖြစ်ပေါ်ခဲ့သော အမျက်ဒေါသကိုပြေပျောက်အောင် မငြိမ်းနိုင်ခဲ့သောကြောင့် လေး အသင်္ချေ၊ ကမ္ဘာတစ်သိမ်းဘ၀များစွာတွင် မြတ်စွာဘုရားအလောင်းတော်၏ ပျက်စီးရာပျက်စီးကြောင်းမျိုးစုံ ကိုပြုခဲ့သည်မှာဘုရားဖြစ်တော်မူသည့် ဘ၀အထိပင်ဖြစ်ပါသည်၊၊


ဒေ၀ဒတ်လောင်းရွဲကုန်သည်သည် ငရဲအကြိမ်ကြိမ်ကျရောက်ပြီး၊ နောက်ဆုံးဘ၀တွင် မဟာအ၀ီစိငရဲသို့ ကျရောက်ခဲ့ရလေသည်၊၊ ပြေပျောက်အောင်မငြိမ်းနိုင်သော အမျက်ဒေါသများသည် အမျက်ထွက်ခံရသူကို သာမက၊ အမျက်ဒေါသဖြစ်ပွားသူကိုယ်တိုင်ကိုလည်း အန္တရာယ်များစွာဖြစ်စေတတ်သည်၊၊


စိတ်မငြိမ်းချမ်းမှု၊ အရုပ်ဆိုးအကျည်းတန်မှု၊ အမှားများစွာကိုပြုမိမှု၊ ဘေးဒဏ်သင့်မှုနှင့် ရောဂါဆိုးများပွား များလာမှု၊ ကြမ္မာဆိုးအမျိုးမျိုးနှင့်သာတွေ့ဆုံနေရမှုစသည်တို့သည် အမျက်ဒေါသကြီးသူများ ဧကန်မုချခံ စားရမည့် ဆိုးကျိုးများဖြစ်ပါသည်၊၊


စာပေနှင့်သမိုင်းသင်္ခန်းစာများတွင် အမျက်ဒေါသကြီးသဖြင့် မထင်မှတ်ဖွယ်ရာအပြစ်ကြီးများကို ပြုကြသူ များ၊ သမိုင်းမလှသူများ၊ အရှက်ကင်းမဲ့သူများ၊ အကြောက်ကင်းမဲ့သူများ၊ ပညာကင်းမဲ့သူများစွာတို့၏သ မိုင်းအတ္တုပ္ပတ္တိများစွာကို လေ့လာရရှိနိုင်ပါသည်၊၊


အမျက်ဒေါသဖြစ်နေသူသည် အကျိုးအကြောင်းနှင့် အဆိုးအကောင်းကိုဝေဖန်နိုင်သည့် ပညာကင်းမဲ့နေ ချိန်ဖြစ်သည့်အတွက် ပြုမိသမျှအမှားများသာဖြစ်နေတတ်ပါသည်၊၊ မြတ်စွာဘုရားရှင်သည် ဒေါသ နှင့်ပတ်သက်၍အထူးမှတ်သားဖွယ်မိန့်ဆိုချက်တစ်ခုကို ပေးတော်မူခဲ့ပါသည်၊၊
“ကောဓော အတ္ထံ နဇာနာတိ=အမျက်ဒေါသသည် အကျိုးကိုမသိ”ဟူ၍ ဖြစ်ပါသည်၊၊ အမျက်ဒေါသသည် အကျိုးကိုမသိဟုဆိုထားသဖြင့် အကြောင်းကိုလည်း မသိဟူ၍ပင်မှတ်သား ရပါတော့မည်၊၊ ဆိုလိုသည်မှာ “ပညာမတတ်၍ ဒေါသဖြစ်သည်”ဟုမှတ်ယူရပါမည်၊၊


အကျိုးအကြောင်းကိုမသိသူများသည် ဒေါသကြီးတတ်သူများဖြစ်ကြောင်း အထက်ပါမြတ်စွာဘုရားရှင်၏ စ ကားရပ်ဖြင့် သိသာနိုင်ပါသည်၊၊ ဒေါသအလျောက်ပြောသမျှ၊ ပြုသမျှ၊ ကြံစည်စိတ်ကူးသမျှတို့သည် ဆင်ခြင် တုံတရားကင်းမဲ့နေသည့်အတွက် ဆိုးကျိုးများကိုသာထွက်ပေါ်စေမည် ဖြစ်ပါသည်၊၊


“လူမှန်များသည် စိတ်တိုတတ်ကြသည်”ဟု ဆိုလေ့ရှိသည်၊၊ လုံးဝမှားယွင်းသည့် အဆိုဖြစ်ပါသည်၊၊ လူမှန်သာ အမှန်တကယ်ဖြစ်ပါက စိတ်တိုတော့မည်၊ အမျက်ဒေါသဖြစ်တော့မည် မဟုတ်ပါချေ၊၊ 

အကြောင့်ဆိုသော် လူမှန်ဟူသည်မှာ ပညာတတ်၊ ပညာရှိ၊ အသိရှိသူကိုခေါ်ဝေါ်သောကြောင့် ဖြစ်ပါ သည်၊၊
မြတ်စွာဘုရားရှင်သည် အမျက်ဒေါသ၏အပြစ်များစွာကို ပါဠိစာပေ၏နေရာများစွာတွင် ဟောပြော သင်ပြတော်မူခဲ့ပါသည်၊၊ အမျက်ဒေါသကို ငြိမ်းအေးမှုရအောင် ကြိုးစားသင့်လှပါသည်၊၊

 လူတို့၏စိတ် ကို မငြိမ်းချမ်းစေသည့် စိတ်ပိုင်းဆိုင်ရာအခြေခံသဘောတရားများတွင် အမျက်ဒေါသသည် အဆိုးဝါး ဆုံးနှင့်အကြမ်းတမ်းဆုံး ဖြစ်ကြောင်းလေ့လာရပါသည်၊၊

သာမန်အမျက်ဒေါသမှ အငြိုးအတေးအဖြစ်သို့ကူးစက်သွားခဲ့လျင် အလွန်တရာကြောက်မက်ဖွယ်ကောင်း သည့် အန္တရာယ်ပြုမှုများကိုပြုတတ်လေသည်၊၊ “ကျောင်းတော်မှ ရန်ငြိုးများ”ဟူ၍ ပြောဆိုနေကြသည်ကို ကြားရဖူးပါသည်၊၊


မှန်နိုင်ပါသည်၊၊ အတူနေ၊ အတူတက်၊ အနေနီးစပ်ကြရာမှ ဖြစ်ပေါ်ခဲ့ကြသည့်ရန်ငြှိုးရန်စများသည်“အမှိုက် ကစ ပြဿာဒ်မီးလောင်”ဆိုသကဲ့သို့ အဖွဲ့အစည်းများ၊ မိသားစုများနှင့်နိုင်ငံများအထိကိုပါ ပျက် စီးအောင်ပြုနိုင်စွမ်းရှိလေသည်၊၊


ထိုမျှအထိဘေးဆိုးများလွန်းသည့် အမျက်ဒေါသကိုဖြစ်လျင်ဖြစ်ခြင်း ငြိမ်းအေးမှုရစေရန်ဖြေရှင်းနည်း(၅) မျိုးကို ပါဠိစာပေတွင်အတိအကျဖော်ပြထားပါသည်၊၊
(၁) မေတ္တာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊
(၂) ကရုဏာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊
(၃) ဥပေက္ခာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း
(၄) မေ့ဖျောက်၍ ဒေါသငြိမ်းအေးနည်း၊
(၅) ‘သူ့ကံနှင့်သူရှိပါစေတော့’ဟုနှလုံးသွင်း၍ ဒေါသငြိမ်းအေးနည်း၊၊


အထက်တွင် ဖော်ပြဆွေးနွေးထားသည့် အမျက်ဒေါသဖြေဖျောက်နည်း၊ အမျက်ဒေါသငြိမ်းအေးနည်းများ သည် အမှန်တကယ်ပင်အသုံးဝင်သည့်နည်းလမ်းများဖြစ်ပြီး၊ ကြိုးစားကျင့်သုံးရန်လည်း လွယ်ကူသည့် နည်းများဖြစ်ကြောင်းကို တွေ့ရပါသည်၊၊


“မေတ္တာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

မနှစ်သက်သူနှင့်မုန်းသူများကို မည်ကဲ့သို့မေတ္တာထားရပါမည်နည်းဟု မေးကြပါသည်၊၊ လူတိုင်းလူတိုင်းတွင်
ကောင်းသည့်အခြင်းအရာများနှင့် မကောင်းသည့်အခြင်းအရာများ၊ ကောင်းသည့်အပြုအမူများနှင့် 
မကောင်းသည့် အပြုမူများဟူ၍ရှိနေကြပါသည်၊၊


မိမိအမျက်ဒေါသဖြစ်နေသူ၌ရှိသည့် ကောင်းသည့်အခြင်းအရာနှင့် အပြုအမူများကိုရှာဖွေကြည့်ရှုပြီး စိတ် ထားတည်ငြိမ်လာသည်နှင့် မေတ္တာထားနိုင်လာပါသည်၊ မေတ္တာပို့လွှတ်နိုင်လာပါသည်၊၊ ဤသို့ပြုဖန်များ လာသောအခါ အမျက်ဒေါသငြိမ်းအေးပြီး၊ ပုံမှန်ပြည်လည်၍ဆက်ဆံနိုင်လာပါသည်၊၊


ဤနေရာတွင် အမျက်ဒေါသဖြစ်နေသူ၏အထံ၌ လေးစားဖွယ်အရည်အခြင်းနှင့် ကျေးဇူးတရားများကိုသုံး သပ်ဆင်ခြင်နိုင်လျင်လည်း အမျက်ဒေါသအထိုက်အလျောက်ပြေပျောက်ပြီး၊ ငြိမ်းအေးမှုကိုရရှိနိုင်သည်ဟု ယူဆပါသည်၊၊


အကြောင်းမှာ အမျက်ဒေါသဖြစ်ခြင်းများသည် အနီးနေအတူနေဖူးသူများအပေါ်၌သာ အဖြစ် များသောကြောင့် ဖြစ်ပါသည်၊၊ အတူနေအနီးနေသူတို့သည် အခြင်းခြင်းတစ်ခုမဟုတ်တစ်ခု ကျေးဇူးနှင့်၊ အ သိမှတ်ပြုဖွယ်အရည်အခြင်းများကို ကောင်းကောင်းသိသူများဖြစ်သောကြောင့် ဖြစ်ပါသည်၊၊


ဤသည်မှာ မိမိအမျက်ဒေါသဖြစ်နေသူအပေါ်တွင် ပါဠိစာပေနှင့်အညီ ဒေါသကင်းဝေးငြိမ်းအေးနည်း ဖြစ် ပါသည်၊၊


“ကရုဏာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

တစ်စုံတစ်ယောက်အပေါ်တွင် အမျက်ဒေါသဖြစ်မိသည်နှင့် ထိုသူကိုရန်ပြုလိုခြင်းနှင့်၊ အကျိုး ပျက်ပြား စေလိုသည့် စိတ်ရိုင်းများဝင်ရောက်လာတတ်ပါသည်၊၊


ထိုသို့စိတ်ရိုင်းများဝင်လာသည်ကို သတိပြုဆင်ခြင်သုံးသပ်ပြီး၊ ကရုဏာစိတ်ဖြစ်ပေါ်စေရန် ကြိုးစားနိုင်ပါ လျင် အမျက်ဒေါသပြေငြိမ်းပြီး၊ စိတ်အေးချမ်းရပါသည်၊၊ ကရုဏာဟူသည်မှာ သနားခြင်းကိုခေါ်ပါသည်၊၊


လူတို့သည်“ဟန်ကိုယ့်ဖို့”လုပ်နေကြရသော်လည်း လူတိုင်းတွင်အခက်အခဲကိုယ်စီနှင့် အကြပ်အတည်း ကိုယ်စီရှိနေတတ်ကြသည်ကိုအမှတ်ရပြီး၊ သနားသည့်စိတ်ကိုမွေးမြူနိုင်ပါလျင် အမျက်ဒေါသမဖြစ်တော့ရုံ မျှမက ကူညီအားပေးလိုသည့်စိတ်များပင် ဖြစ်ပေါ်လာတတ်ပါသည်၊၊


သနားကြင်နာသည့်စိတ် ကရုဏာဖြစ်ပေါ်လာသည်နှင့် အမျက်ဒေါသများပြေပျောက်ပြီး၊ ကူညီရိုင်းပင်းမှု များနှင့်၊ အကျိုးလိုလားစိတ်များဖြစ်ပေါ်လာနိုင်ပါသည်၊၊
မိမိအမျက်ဒေါသဖြစ်မိသူအပေါ်တွင် သနားလောက်သည့်အခြေအနေများကို ကြည့်ရှုသုံးသပ်ပြီး၊ ကရုဏာ ထားခြင်းဖြင့် အမျက်ဒေါသဘ၀သံသ ရာများအထိ မလိုက်ပါတော့ဘဲအေးငြိမ်းရပါတော့သည်၊၊


“ဥပေက္ခာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ပွားခြင်းများမှာ ထိုလူများ အရာဝတ္ထုများနှင့်မိမိသည် တစ်မျိုးတစ်မည်အားဖြင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်၊၊ 


မိမိနှင့်တစ်စုံတရာပတ်သက်ဆက်နွယ်မှုမရှိသည့် အရာဝတ္ထုနှင့်လူများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ခဲလှပါသည်၊၊ ဥပေက္ခာ၏သဘောမှာ လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းမပါရှိဘဲ ဆက်စပ်မှုမရှိအောင်နေလိုက်ခြင်းကို ခေါ်ပါသည်၊၊


အချို့စာရေးသူများသည် ဥပေက္ခာဟူသည်ကို မုန်းလွန်း၍လျစ်လျူရှုလိုက်ခြင်းဟု အဓိပ္ပါယ်ဖော်ပြတတ် ကြပါသည်၊၊ မမှန်ပါ၊၊ ဥပေက္ခာ၏မူလသဘောမှာ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ ကင်းရှင်းအောင်နေ လိုက် ခြင်းကို ခေါ်ပါသည်၊၊


မိမိအမျက်ဒေါသဖြစ်နေသူနှင့် တစ်စုံတရာပတ်သက်မှုမရှိတော့ဘဲ လုံးဝကင်းဝေးအောင်၊ ကင်း ရှင်း အောင်ဖြတ်တောက်လျက်နေနိုင်လျင် ဖြစ်ခဲ့ပြီးသောအမျက်ဒေါသများအနည်ထိုင်ပြီး ငြိမ်းအေးနိုင်ပါ သည်၊၊


“မေ့ဖျောက်၍ အမျက်ဒေါသငြိမ်းအေးနည်း”

ဗုဒ္ဓအဘိဓမ္မာတွင် သံယောဇဉ်ဆယ်မျိုးရှိပါသည်၊၊ လူတို့သည် ချစ်ခြင်းကိုသာ သံယောဇဉ်ဟုထင်နေတတ် ကြသည်၊၊ အမှန်စင်စစ် အမုန်းသည်လည်း သံယောဇဉ်အမျိုးအစားထဲတွင် ပါဝင်ကြောင်းသိသူနည်းပါးလှ ပါသည်၊၊


အမုန်းသံယောဇဉ်ကို ပါဠိဝေါဟာရအားဖြင့်“ပဋိဃသံယောဇန”ဟု ခေါ်ပါသည်၊၊ လူတို့သည် ချစ်သူကိုမှ စွဲလန်းတမ်းတသည် မဟုတ်၊ မုန်းသူကိုပိုမို၍ပင် သတိရနေတတ်ပါသည်၊၊ မုန်းသူကို အကြိမ်ကြိမ်သတိ ရနေမိရာမှ အမျက်ဒေါသပိုမိုဖြစ်ပေါ်လာပြီး စိတ်မငြိမ်းချမ်းမှုများကို ဖြစ်ပေါ်စေတတ်ပါသည်၊၊


အမျက်ဒေါသဖြစ်သူနှင့် ဒေါသဖြစ်ပေါ်စေခဲ့သည့်အကြောင်းအရာဆိုးများကို မေ့ဖျောက်နိုင်ရန်ကြိုး စားလျင် အမျက်ဒေါသများငြိမ်းအေးစေနိုင်ပါသည်၊၊ သံယောဇဉ်သဘောအရ မုန်းသူအကြောင်းကိုမှ ထပ်ခါထပ် ခါတွေးနေမိခြင်းသည်ပင် အမျက်ဒေါသကိုပိုမိုတိုးပွားအောင် အားထုတ်မိခြင်းဖြစ်ပါသည်၊၊


ထို့ကြောင့် မိမိအမျက်ဒေါသဖြစ်မိသူနှင့် အမျက်ဒေါသကိုဖြစ်ပေါ်စေခဲ့သည့် အကြောင်းဆိုးများ ကို မေ့ပျောက်ပြစ်ခြင်းဖြင့် အမျက်ဒေါသငြိမ်းအေးပြီး၊ စိတ်လက်ပေါ့ပါးသည့် နေ့စဉ်ဘ၀သာယာမှုကိုရ ရှိ နိုင်ပါသည်၊၊


“သူ့ကံနှင့်သူရှိပါစေတော့ဟုနှလုံးသွင်း၍ အမျက်ဒေါသကို ငြိမ်းအေးနည်း”

လူတို့သည် ကံအမျိုးမျိုးဖြင့်ဘ၀မျိုးစုံကို ရရှိလာကြပါသည်၊၊ အမျက်ဒေါသသည် မိမိကိုယ်တိုင်နှင့်အခြား သူကို ဖြက်ဆီးရန်သာဖြစ်သည့်အတွက် တစ်စုံတရာကောင်းကျိုးကို မမျှော်လင့်နိုင်ချေ၊၊


လူတစ်ယောက်အပေါ်တွင် အမျက်ဒေါသပြင်းထန်လွန်းပြီး လက်စားချေခြင်း၊ ပျက်စီးမှုကိုစနစ်တကျစီမံ၍ ကြံစည်၍ပြုခြင်း၊ ရန်းကားမှုကိုပြုခြင်းများသည် အပြုခံရသူနှင့်အတူ မိမိတွင်ပါအခြေပျက်ပြီး၊ နင့်နာမှုကို အညီအမျှ ရရှိပါသည်၊၊ 


အမျက်ဒေါသကိုငြိမ်းအေးစေရန်“ပြုသူအသစ် ဖြစ်သူအဟောင်း၊ သူ့အကြောင်းနှင့်သူသာ ရှိပါစေတော့” ဟု နှလုံးသွင်းဆင်ခြင်၍ စိတ်နှလုံးကိုထိမ်းသိမ်းနိုင်လျင် အမျက်ဒေါသဖြစ်မိသူအပေါ်တွင် အမျက်ပြေပြီး၊ ခွင့်လွှတ်နိုင်ကြောင်း လေ့လာရပါသည်၊၊


လူတို့သည် မိမိတို့ကံအလျောက် ဘ၀ပုံစံအမျိုးမျိုးကိုရရှိထားကြသည်ဖြစ်သောကြောင့် “သူပြုသမျှ သူခံ၊ ကိုယ်ပြုသမျှ ကိုယ်ခံ”ဟုသဘောထားနိုင်လျင် အမျက်ဒေါသကိုငြိမ်းအေးစေနိုင်ကြောင်း မှတ်သားရပါ မည်၊၊


ဤတွင် ဒေါသကင်းဝေးနေနိုင်ရေးစာတမ်း ပြည့်စုံပါပြီ၊၊ ဘ၀သံသရာအဆက်ဆက် အပူမီးပွားစေမည့်အ မျက်ဒေါသမှတဆင့် အငြိုးအတေးဖြစ်စဉ်များကိုတားဆီးနိုင်စေရန် ပါဠိစာပေမှလေ့လာရှာဖွေလျက် ဒေါ သပြေပျောက်ကြောင်းနည်းလမ်းများကို စာဖတ်သူသို့ ဆွေးနွေးတင်ပြအပ်ပါသည်၊၊


စာဖတ်သူများ လောင်စာရန်ငြိုး၊ မီးဆက်၍မပျိုးမိစေကြဘဲ၊ အမျက်မရှိသည့်နှလုံးသားများဖြင့် လောကနှင့် လူသားများအပေါ်တွင် အကောင်းမြင်စိတ်ဓာတ်ဖြင့်၊ အေးငြိမ်းချမ်းသာသည့်ဘ၀များကို ရရှိပိုင်ဆိုင်ကြ ပါစေကြောင်းဆန္ဒပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊          ၊၊


{မှတ်ချက်/အံ-၅၊ အာဃာတ၀ဂ်၊ အာဃာတပဋိဝိနယသုတ်ကိုကိုးကား၍ ဤစာတမ်းကိုရေးသားတင်ပြ အပ်ပါသည်၊၊}



 မေတ္တာဖြင့်---
         အရှင်ကေ၀လ(အလင်းစက်)
            {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
      www.ko-thitsar.blogspot.com
       မကုဋာရာမ မြန်မာကျောင်းတိုက်၊
         ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
                 (10/08/2012)

အပြည့်အစုံသို့....

Thursday, August 2, 2012

"သီဟိုဠ်ကျွန်းမှ ၀ါဆိုအောင်ပွဲ"






ယနေ့ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစင်္ကြာနေ့မှာ သီရိလင်္ကာနိုင်ငံ မကုဋာရာမမြန်ကျောင်းတိုက်တွင် သီးတင်းသုံး လျက် အဆင့်မြင့်စာပေပညာရပ်များကိုသင်ယူနေကြသည့် သံဃာတော်အရှင်မြတ်များအား ကိုဖြိုးအေကျော် (စင်္ကာပူနိုင်ငံ)နှင့် မိတ်ဆွေများမှစုပေါင်း၍ ၀ါဆိုနေ့ဆွမ်း၊ ၀ါဆိုသင်္ကန်းနှင့်၊ စတီးလင်ဗန်းအကြီးစား(၁၀)ချပ်တို့ ကို စေတနာသဒ္ဓါရက်ရောစာဖြင့် လှူဒါန်းဆက်ကပ်ကြသည့် မှတ်တမ်းတင်ဓာတ်ပုံများ ကို"အလင်းစက်"စာ ဖတ်သူများကြည်နူးပီတီဖြင့် ကုသိုလ်မျှဝေရယူနိုင်စေရန် တင်ပြလိုက်ပါသည်၊၊

မှတ်တမ်းတင်ဓာတ်ပုံများအားလုံးကို အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်---

War So-Lunch,Yellow robes and Text Donation - sri khemananda - Picasa Web Albums 

ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် စတီးလင်ဗန်းကြီးများ၏အလှူရင်များသည် ယနေ့မှအစပြု၍စီးပွားလာဘ်လာဘများ တိုးတက်ဖြစ်ထွန်းပြီး ကျန်းမာကြပါစေကြောင်း သံဃာတော်များ၏ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊

"အလင်းစက်"၀က်ဆိုက်တွင်ဆွမ်းအလှူနှင့် စာပေရေးရာများကိုလေ့လာကြသည့် စာဖတ်သူများအားလုံးတို့ သည်  ယနေ့ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့မှစ၍ နှစ်ပေါင်းရာကျော်တိုင် ကျန်းမာချမ်းသာကြပါစေ
ကြောင်း ဆုမွန်ချွေအပ်ပါသည်၊၊

ဆွမ်းအလှူသို့ကြွရောက်၍ ချီးမြှောက်တော်မူကြသည့် သံဃာတော်အရှင်မြတ်များအားလုံးနှင့်၊ ၀ိုင်းဝန်း ချက်ပြုပ်ပေးကြသည့် နောင်တော်ညီတော်များအားလုံးတို့သည် လိုလားတော်မူကြသည့်ပညာရပ်အောင်ပန်း များကို အမြန်ဆုံးဆွတ်ခူးနိုင်ကြပါစေကြောင်း အလှူရှင်များ၏ကိုယ်စား ဘုရားတပည့်တော်မှ ဆုတောင်းပေးအပ်ပါသည်၊၊                        ၊၊

အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

Monday, July 30, 2012

ဒဟံပါစလကျောင်းဆင်း မိတ်ဆက်စကား၊၊ ၊၊





ယနေ့သည် သီရိလင်္ကာနိုင်ငံအတွက်ထူးခြားသော နေ့တစ်နေ့ဖြစ်သည်၊၊ အကြောင်းမှာ သီရိလင်္ကာ တစ်နိုင်ငံလုံးရှိ “ဒဟံပါစလကျောင်း”များအားလုံးတွင် တစ်နှစ်တာစာမေးပွဲအောင်မြင်ထား ကြသည့် ကျောင်းသားမောင်မယ်များအား ဆုချီးမျှင့်သောနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်၊၊

“ဒဟံပါစလကျောင်း”ဟူသည်မှာ သီရိလင်္ကာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ဖွင့် လှစ်သင်ကြားသော ဗုဒ္ဓဘာသာသင်္ခန်းစာသင်ကျောင်းများကို ခေါ်ပါသည်၊၊ သီရိလင်္ကာနိုင်ငံရှိဘုန်း ကြီးကျောင်းတိုင်းတွင် ဒဟံပါစလကျောင်းတွဲလျက် ရှိပါသည်၊၊

သီရိလင်္ကာမိသားစုများတွင် ကလေးအသက် (၅)နှစ်ပြည့်သည်နှင့် ဒဟံပါစလကျောင်းသို့ နိုင်ငံတော် အမိန့်ဖြင့်မဖြစ်မနေ အပ်နှံကြရပါသည်၊၊ တစ်ပတ်တွင် တနင်္ဂနွေနေ့တစ်ရက်တည်းသာ တက်ရသည့် ကျောင်းဖြစ်သောကြောင့်“Sunday School=တနင်္ဂနွေကျောင်း”ဟုလည်းကောင်း၊ မြတ်စွာဘုရားရှင် ဟော်တော်မူထားသော ၀ိနည်း၊ သုတ္တာန်နှင့်၊ အဘိဓမ္မာတရားတော်များကို သင်ရိုးပြု၍သင်ကြားသော ကြောင့်“ဓမ္မကျောင်း”ဟုလည်း ခေါ်ကြပါသည်၊၊

မြန်မာနိုင်ငံတွင်လည်းယ္ခုအခါ“Sunday School=ဓမ္မကျောင်း”များပေါ်ပေါက်လာရန် အားထုတ်နေ ကြသည်ကို ကြားသိရပါသည်၊၊ သီရိလင်္ကာနိုင်ငံ၏ ဒဟံပါစလကျောင်းသမိုင်းကို(2010,Auguest)လ ရက်စွဲဖြင့် အလင်းစက်ဆိုက်ထဲတွင်“သစ်လွင်ဆဲခေါင်းလောင်းသံ”အမည်နှင့် စာတမ်းတစ်ခုရေးသား ပြီးဖြစ်၍စိတ်ဝင်စားသူများ လေ့လာရရှိနိုင်ပါသည်၊၊

ယ္ခုဆောင်းပါးတွင် ယနေ့စာရေးသူတက်ခွင့်ရသည့် ဒဟံပါစလကျောင်းဆင်းပွဲမြင်ကွင်းနှင့်၊ ကျောင်း အုပ်မှ ကျောင်းသားမောင်/မယ်လေးများကိုပြောသည့်မိတ်ဆက်စကားကို တင်ပြမည်ဖြစ်ပါသည်၊၊ ဒဟံ ပါစလကျောင်းဆင်းပွဲတွင် ဟောပြောပွဲများနှင့် ရိုးရာအကများပါပါဝင်မည်ဖြစ်သဖြင့် ကျောင်းဆင်းပွဲမ တိုင်မှီတစ်ပတ်ခန့်ကပင် ကျောင်းဝန်းထဲတွင်ဟောပြောမှုအတွက် ပြင်ဆင်လေ့ကျင့်နေသည်များ၊ အ ဆိုအကနှင့်၊ တစ်ခန်းရပ်ဆန်ဆန်ပြဇာတ်လေ့ကျင့်နေသည်များကို သတိပြုမိသည်၊၊

သီရိလင်္ကာဘုန်းတော်ကြီးကျောင်းများတွင် ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများမှ စည်းဝေးပွဲများမပျတ်ပြု လုပ်လေ့ရှိသည်ကို တွေ့ရသည်၊၊ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းများသည် ဒေသခံလူမျိုးများအ တွက်“Education Centre”ဟုလည်း ခေါ်နိုင်သည်၊၊ “Social Centre”ဟုလည်း ခေါ်နိုင်ပါသည်၊၊

အကြောင်းမှာ သီရိလင်္ကာလူမျိုးတို့သည် မြို့ရွာအတွက်ဆောင်ရွက်ဖွယ်ရာအားလုံးကို လစဉ်မပျတ် မြို့ဦးရွာဦးကျောင်းများသို့စုစည်း၍ တိုင်ပင်လေ့ရှိကြသောကြောင့်ဖြစ်ပါသည်၊၊ သီရိလင်္ကာနိုင်ငံတွင် လမ်းဘေးမူးယစ်ရမ်းကားမှုများ၊ အရက်နှင့်ဆေးလိပ်သောက်ခြင်းများနှင့် အော်ဟစ်ရန်ဖြစ်ခြင်းများ၊  မရှိသလောက်ရှားပါးလှပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် လေးနှစ်ခန့်နေခဲ့ပြီးဖြစ်၍ ထိုကဲ့သို့သီဟိုဠ်လူမျိုးတို့ နေထိုင်မှုပုံစံနူးညံ့ခြင်းမှာ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် ဓမ္မစာပေသင်ကြားခွင့်ရနေခြင်းနှင့်၊ အပတ်စဉ်နီးနီးမျှရပ်ရွာကိစ္စများ ကို ဒဟံပါစလကျောင်းတွင်းတွင် စုပေါင်းစည်းဝေးပြီးအဖြေရှာတတ်ကြသောကြောင့်ဟု သိလာရပါ သည်၊၊

ဒဟံပါစလကျောင်းများသည် တရားစာသီးသန့်ကိုသင်သည်မဟုတ်ပါ၊၊ ဓမ္မသင်္ခန်းစာများကိုဗဟိုဠ် ထားပြီး၊ သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်း၊ အနုပညာ၊ နိုင်ငံရေး၊ လူမှုရေးဘာသာစသည့် ခေတ် ပညာရပ်များကိုလည်းဘာသာရပ်များအဖြစ် ပြဌာန်း၍သင်ကြားသည်ကို လေ့လာရပါသည်၊၊

ထို့ကြောင့် သီရိလင်္ကာလူမျိုးများသည် စာသင်၍မဖြစ်လောက်အောင် ပင်ကိုယ်ညာဏ်ထုံထိုင်းသူများ မှလွဲလျင် လူတိုင်းနီးနီးမျှဗုဒ္ဓစာပေနှင့် အင်္ဂလိပ်စာကိုအတိုင်းအတာတစ်ခုအထိ တတ်မြောက်ကြသည် ကို တွေ့ရပါသည်၊၊
မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာကို သံဃာတော်များကသာအဓိကဦးဆောင်၍ ထိမ်းသိမ်းထားကြည်သည်ကို တွေ့ရပြီး၊ လူပုဂ္ဂိုလ်များမှပစ္စည်းလေးပါးထောက်ပံ့ရုံမျှကိုသာ တာဝန်ယူကြသည်၊၊ 

သီရိလင်္ကာလူမျိုး များသည် ပါဠိစာပေကိုလူနှင့်သံဃာ တန်းရည်တူသင်ကြားတတ်မြောက်ကြပြီး အတူတကွသာသနာ တော်ကို စောင့်ရှောက်ကြသည်ကိုတွေ့မြင်ရပါသည်၊၊

သီရိလင်္ကာလူမျိုးများသည် အသက်ငါးနှစ်အရွယ်တွင်“O,level”အစိုးရကျောင်းနှင့်၊ ဒဟံပါစလ ကျောင်းကို ပူးတွဲ၍တက်ကြရပါသည်၊၊ တက်ရပုံမှာ တနင်္လာမှ သောကြာနေ့အထိကို အစိုးရကျောင်း တွင်တက်ရပြီး၊ တနင်္ဂနွေနေ့တွင် ဒဟံပါစလကျောင်းတက်ရခြင်းဖြစ်ပါသည်၊၊ ဓမ္မကျောင်းသည်နံနက် (7)နာရီမှ နေ့လည်(1)နာရီအထိသာ တက်ရပါသည်၊၊

အချို့ကျောင်းများတွင် တနေကုန်တက်ရသည်ကိုလည်း တွေ့ရပါသည်၊၊ တချို့ကျောင်းများသည် စနေ၊ တနင်္ဂနွေနှစ်ရက်လုံးတက်ရသည်ကို တွေ့ရပါသေးသည်၊၊ အပိုချိန်သင်ပေးခြင်းများဖြစ်သည်ဟု သိရပါ သည်၊၊

သီရိလင်္ကာလူမျိုးတို့သည် ဒဟံပါစလကျောင်းတက်ရသည်ကို အလွန်ပျော်ရွှင်ကြပါသည်၊၊ သီရိလင်္ကာ ဘုန်းတော်ကြီးများကိုယ်တိုင် ခေတ်ပညာနှင့်ပါဠိစာပေကိုရောနှောသင်ယူတတ်မြောက်ထားကြသော ကြောင့် ဘုန်းတော်ကြီးများသည်ကျောင်းသားကလေးသူငယ်များနှင့် ရင်းရင်းနှီးနှီးရောနှောဆက်ဆံ တတ်သည်ကို တွေ့ရပါသည်၊၊

ဒဟံပါစလကျောင်းများသည် အင်္ဂလိပ်လိုသင်သောကျောင်းနှင့်၊ သီရိလင်္ကာလိုသင်သောကျောင်းဟု နှစ်မျိုးရှိပါသည်၊၊ နှစ်မျိုးလုံးကိုသင်သောကျောင်းများလည်း ရှိပါသည်၊၊ စာပေအဆင့်ရှိပြီးသင်ရိုးညွှန်း တမ်းများလည်း အဆင့်ရှိသည်ကိုတွေ့ရပါသည်၊၊

ထူးခြားသည်မှာ အစိုးရကျောင်းများနှင့် ဒဟံပါစလကျောင်းများဘာသာရပ် သင်ရိုးညွန်းတမ်းခြင်းချိပ် စက်ထားပုံဖြစ်ပါသည်၊၊ အစိုးရကျောင်းမှအတန်းတစ်ခုတွင် အမှတ်မမှီတော့၍တက်ခွင့်မရတော့ သောကျောင်းသားတစ်ဦးသည် ဒဟံပါစလကျောင်းတွင် အစိုးရကျောင်း၊ တက္ကသိုလ်တို့နှင့်အဆင့်တူ ညီသည့် ဘွဲ့ကိုရရှိနိုင်သည်ကို သိရပါသည်၊၊

ဒဟံပါစလမှပေးသော ဘွဲ့လက်မှတ်ဖြင့်နိုင်ငံတော်ဝန်ထမ်းအလုပ်နှင့် ကုမ္ပဏီအလုပ်များကို လွယ်ကူ စွာပင် ရရှိနိုင်ပါသည်၊၊ အစိုးရကျောင်း “Grade One”နှင့် ဒဟံပါစလပထမအဆင့်သည် တန်းတူပင်ဖြစ် ပါသည်၊၊ အစိုးရကျောင်း၏တက္ကသိုလ်ဝင်ခွင့်အတန်းနှင့် ဒဟံပါစလအထက်တန်းနောက်ဆုံးအဆင့် သည်လည်း တန်းရည်တူပင်ဖြစ်ပါသည်၊၊

အစိုးရကျောင်းတွင်“A,level”အောင်မြင်ပြီးအမှတ်မှီသူသည် တက္ကသိုလ်သို့တက်ခွင့်ရမည် ဖြစ်ပါ သည်၊၊ အကယ်၍အမှတ်မမှီခဲ့လျင် တက္ကသိုလ်တက်ခွင့်မရဘဲ ဒဟံပါစလမှနောက်ဆုံးဖြစ်သည့် အ ဆင့်သုံးဆင့်သို့တက်ရောက်သင်ယူပြီး တက္ကသိုလ်မှ“B.A”ဘွဲ့နှင့်တန်းတူအဆင့်ရှိသည့်ဘွဲ့ကို ဒဟံပါစ လမှပင် ပေးအပ်ပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင် အစိုးရကျောင်းများအားလုံးနှင့် တက္ကသိုလ်များအားလုံးသည် ကျောင်းသားများအ တွက်အခမဲ့စနစ်ဖြင့် ပညာသင်ယူခွင့်ရရှိသည့်အပြင် ကျောင်းသားတိုင်းကိုလစဉ်ကျောင်းတက်စဉ် ကုန်ကျစရိပ်ကိုပင် တက္ကသိုလ်ဘဏ္ဍာရေးဌာနမှထောက်ပံ့ထားသေးသဖြင့် သီရိလင်္ကာလူမျိုးများ သည် ပညာရေးကုသိုလ်ကံအလွန်ကောင်းသူများဟု ဆိုရပါမည်၊၊

ကျောင်းသား ကျောင်းသူများသည် အိမ်တွင်သင်္ခန်းစာများလုပ်၍ အဆင်မပြေဖြစ်သည့်အခါ ဒဟံပါစ လကျောင်းသို့လာ၍ စာကျက်ကြသည်ကိုတွေ့ရပါသည်၊၊ အမှတ်ရမိပါသေးသည်၊၊ တစ်ခါကအရှင်စာ မေးပွဲနီး၍ Topics-အချို့ကိုမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အလွတ်ရစေရန် အသံကုန်အော်ဟစ်၍ စာကျက် နေပါသည်၊၊

ထိုအချိန်တွင် ကျောင်းသူလေးတစ်ဦးအနီးသို့ရောက်လာပြီး၊ ဗုဒုမဟာမူးသဒူး(မြန်မာဦးဇင်း) စာကို စိတ်ထဲကကျက်ပါ၊ အော်သံကြောင့် သူစာလုပ်၍မရပါဟု လာပြောသည်ကို အောင့်သက်သက်နှင့်ခံရ ပါသည်၊၊

စကားမစပ်မိဘဲ သီရိလင်္ကာနိုင်ငံသံဃာတော်များ၏ ပညာရေးအကြောင်းကို အနည်းငယ်တင်ပြချင် ပါသည်၊၊ သီရိလင်္ကာရဟန်းများသည် ရိုးရာပရိဝေဏ(စာသင်တိုက်)များသို့တက်ရောက်၍ ပညာသင် ယူနိုင်ပါသည်၊၊ အစိုးရတက္ကသိုလ်များတွင်လည်း ကျောင်းသား/ကျောင်းသူများနှင့်အတူ အမှတ်မှီရာ ဘာသာရပ်တိုင်း တွင်တက်ရောက် ပညာသင်ယူနိုင်ပါသည်၊၊

ပရိဝေဏကျောင်းဟူသည်မှာ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းတိုက် အကြီးကြီးများကိုခေါ်ပါသည်၊၊ မြန်မာပြည်တွင် စာသင်တိုက်ကြီးများနှင့်ခပ်ဆင်ဆင်တူပါသည်၊၊ ပရိဝေဏတွင် ပါစာပေနှင့်ခေတ် ပညာရပ်များကို အသီးသီးဘာသာရပ်များအဖြစ် သင်ရိုးပြု၍သင်ကြားပါသည်၊၊

ပရိဝေဏကျောင်းများ၏ ပြဌာန်စာသင်ရိုးများကိုလည်း အစိုးရကျောင်းများနှင့်တန်းရည်တူဖြစ်စေရန် ချိပ်စက်ထားပါသည်၊၊ ထို့ကြောင့် သီရိလင်္ကာရဟန်းသံဃာများသည် ပါဠိစာပေအပြင်ခေတ်ပညာရပ် များကိုပါ အလွယ်တကူတတ်မြောက်ကြနေကြခြင်း ဖြစ်ပါသည်၊၊

ရဟန်းသံဃာများသည် နေ့ဆွမ်းစားပြီးလျင်လူများကဲ့သို့ပင် ပရိဝေဏသို့သွား၍ကျောင်းတက်ရပါ သည်၊၊ ပရိဝေဏများမှစာချဆရာတော်များနှင့် ဆရာ၊ဆရာမများသည်လည်း အစိုးရကျောင်းများမှ ကျောင်းဆရာများကဲ့သို့ပင် အစိုးရမှလခပေးထားပါသည်၊၊ “B.A”နှင့်တန်းရည်တူသည့်ဘွဲ့ကို ပရိဝေဏ တွင်ပင်ပြီးဆုံးသည်အထိ သင်ယူနိုင်ပါသည်၊၊

သို့မဟုတ်လျင်လည်း”ပရိဝေဏ”မှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင် အမှတ်မှီရာဘာသာရပ်အ လိုက် အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်ပါသည်၊၊ သီရိလင်္ကာလူမျိုးများသည် ပညာကိုလို အပ်သည့်အလျောက်သာ သင်ယူကြသည်ကိုတွေ့ရပါသည်၊၊

ဝိဇ္ဇာဘွဲ့ရပြီးသူတိုင်းကို အစိုးရမှအလုပ်ပေးပါသည်၊၊ ကုမ္ပဏီများတွင်လည်း လုပ်နိုင်ပါသည်၊၊ အလုပ် လုပ်နေရင်းမှသာရာထူးအဆင့်အတွက် မဟာဝိဇ္ဇာတန်းကိုတက်ကြပါသည်၊၊ မဟာဝိဇ္ဇာတန်းအောင် မြင်ပြီးသည့် ကျောင်းသားတစ်ယောက်သည် ပညာရေးဝန်ကြီးဌာနတွင် “Ph.D”တန်းအတွက် ‘စကော လားရှစ်’တင်ထားပြီးမိမိတို့အလုပ်ကိုသာ ဆက်လုပ်နေကြပါသည်၊၊

နှစ်အနည်းငယ်အတွင်း စကောလားရှစ်ကျလာသောအခါ ပါရဂူတန်းကိုနိုင်ငံတော်အထောက်အပံ့ဖြင့် သင်ယူကြပါတော့သည်၊၊ အရှင်နှင့်အလွန်ခင်သည့် သီရိလင်္ကာဆရာတစ်ပါးအကြောင်းကို တင်ပြလိုပါ သည်၊၊

ဆရာတော်သည် ၀ိဇ္ဇာနှင့်မဟာဝိဇ္ဇာတန်းများကိုအောင်မြင်ထားပြီး၍၊ အထက်တန်းကျောင်းတွင် ကျောင်းဆရာတာဝန်ထမ်းဆောင်လျက် စကောလားရှစ်လျောက်ထားသူ ဖြစ်ပါသည်၊၊ ယ္ခုအသက် (43)တွင်မှ ပါရဂူတန်းခေါ်စာကျသဖြင့် ပါရဂူတန်းအတွက်လိုအပ်သည့် ပြင်ဆင်မှုများကိုပြုလုပ်ပါ သည်၊၊

သီရိလင်္ကာနိုင်ငံမှ သံဃာတော်များသည်ဘွဲ့ရပြီးလျင် လူများကဲ့သို့ပင်အစိုးရ၀န်ထမ်းအလုပ်များကို လုပ်နိုင်ပါသည်၊၊ များသောအားဖြင့်ဆရာတော်များသည် တက္ကသိုလ်များနှင့်စာသင်ကျောင်းများတွင် ကျောင်းဆရာ၊ ကထိက၊ ပါမောက္ခစသည့်အလုပ်များကို လုပ်ကြပါသည်၊၊

အရှင်သည် ဆရာတော်အတွက်ကူညီနိုင်သည့် ပညာရေးဆိုင်ရာများကိုကူညီရင်း ဆရာတော်အား“ဒီ အသက်အရွယ်ရောက်မှ ဘာဖြစ်လို့ပညာထပ်သင်နေအုံးမလဲ”ဟု မေးမိပါသည်၊၊ ဆရာတော်က“ငါတို့ အသက်ရှင်နေတာ ဘာလုပ်ဖို့လဲ”ဟုပြန်မေးသည့်အခါ သီရိလင်္ကာသားတို့၏ပညာရေးစိတ်ကို ချီးကျူး မိပါသည်၊၊

မှန်ပါသည်၊၊ ပညာဟူသည်မှာ အသက်ရှင်နေသမျှသင်ယူနေရမည် ဖြစ်ပါသည်၊၊ သင်ယူမှုမရှိတော့ ခြင်းသည် အသိညာဏ်သေဆုံးခြင်းပင်ဖြစ်၍ အသိညာဏ်မရှိလျင်“လူ”ဟူ၍မခေါ်နိုင်တော့ဘဲ အခြား  အမည်သာတပ်ရတော့မည်ဖြစ်ကြောင်းကို သဘောပေါက်မိလာရပါသည်၊၊

သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအကြောင်းကို ထွေရာလေးပါးတင်ပြနေမိရာ မူလတင်ပြမည့် အကြောင်းအရာပင် ပျောက်လုနီးနီးဖြစ်နေပါသည်၊၊ ဆက်လက်၍ ဒဟံပါစလကျောင်းဆင်းပွဲတွင် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကားအဖြစ်ဟောပြောသည့်“မင်္ဂလသုတ်”လာ တိုးတက်ကြီး ပွားကြောင်းမင်္ဂလာ(၃)မျိုးကို တင်ပြအပ်ပါသည်၊၊

(၁) နေရာအခြေကျခြင်း၊
(၂) အကျိုးဖြစ်စေလောက်သည့် အပြုအမူရှိခြင်း၊
(၃) မိမိကိုယ်ကို စနစ်တကျတည်ဆောက်မှုရှိခြင်း၊

နေရာအခြေကျခြင်း၊၊
ကျောင်းသားတစ်ယောက် ပညာရေးအောင်မြင်တိုးတက်မှုရစေရန် သင့်တော်သည့်နေထိုင်ရာရှိခြင်း သည် အထူးအရေးပါလှပါသည်၊၊ နေရာထိုင်ခင်းအဆင်မပြေလျင် စာတွင်အာရုံနှစ်၍မရတော့ဘဲ စိတ် လေ့လွင့်ပြီး အောင်မြင်မှုနှင့်ဝေးရတော့သည်၊၊

ဤနေရာတွင် ကျောင်းသားတစ်ယောက်အနေဖြင့် ခရီးများခြင်း၊ ပြင်ပအလုပ်များခြင်း၊ ထွေရာလေးပါး ၀ါသနာပါခြင်းနှင့်၊ စီးပွားရေးတွင်စိတ်ရောက်နေခြင်းများသည်လည်း ပညာရေးပျက်စီးခြင်း၏အ ကြောင်းများပင်ဖြစ်ပါသည်၊၊

မသိသာလှသည့်ကျောင်းသားတစ်ယောက်ပညာရေးဆုံးရှုံးမှု၏ အခြားသောအကြောင်းတစ်ရပ်မှာ ပြင် ပဗဟုသုတများနေခြင်း ဖြစ်ပါသည်၊၊ မှန်ပါသည်၊၊ ကျောင်းသားတစ်ယောက်သည် ကျောင်းသင်္ခန်းစာ မှပေးသောပညာမှတစ်ပါး ပြင်ပအထွေထွေဗဟုသုတများခြင်းသည် ကောင်းသည်ဟုထင်ရသော် လည်း စင်စစ်ကျောင်းပညာရေးပျက်စီးခြင်း၏အကြောင်းတစ်ခုပင်ဖြစ်ကြောင်း တွေ့ရပါသည်၊၊

ဟိုသည်စပ်စပ် ဗဟုသုတများလာသောအခါ အစဉ်ဖြင့်တစ်ဆင့်ခြင်းတက်ရသည့် ကျောင်းပညာရေး ကိုစိတ်ဝင်စားမှုမရှိ၊ အထင်ကြီးမှုမရှိတော့ဘဲ စနစ်ကျသည့်ပညာရေးမှ ဆုံးရှုံးရတော့သည်၊၊ ထိုသို့ သောကျောင်းပညာရေးကိုအထင်မကြီးဘဲ ရရှိထားသည့်ဗဟုသုတမျှဖြင့် လောကအတွင်းသို့ဝင်သော အခါ အထင်နှင့်လက်တွေ့များစွာကွာခြားပြီး၊ စီးပွားရေးတွင်လည်းအောင်မြင်မှုမရတတ်သည်ကို တွေ့ ရသည်၊၊

ထို့ကြောင့် သင့်တော်သည့်နေရာထိုင်ခင်းတွင်နေထိုင်ခွင့်ရလျက် ပညာရေးကိုစနစ်တကျသင်ယူတတ် မြောက်ခြင်းသည် ပညာရေးနှင့်ဘ၀အောင်မြင်မှုတွင် အဓိကလိုအပ်ပါသည်၊၊

အကျိုးဖြစ်စေလောက်သည့် အပြုအမူရှိခြင်း၊၊
လူတိုင်းပင်အကျိုးရလာဘ်ကို လိုချင်တတ်ကြသည်၊၊ သို့သော် အကျိုးဖြစ်စေလောက်သည့် အပြုအမူ များကိုမူအကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ်တတ်ကြလေသည်၊၊ 

အများတကာအကျိုးဖြစ်သည်ကိုတွေ့မြင်ရသောအခါ အားကျမှုများလူတိုင်းပင် ဖြစ်တတ်ကြပါသည်၊၊ သို့သော် ထိုကဲ့သို့သောအကျိုးများ မည်သို့သောနည်းလမ်းများ၊ အပြုအမူနှင့်လုပ်ဆောင်ချက်များ ကြောင့် ဖြစ်ပေါ်နေသည်ကိုမူ လေ့လာစုံစမ်းသူအလွန်နည်းလှသည်၊၊

အလုပ်တစ်ခုသည် အသေးအမွှားဟုထင်ရသည့်တိုင် လေးလေးနက်နက်ကျိုးစားလုပ်ကိုင်သောအခါ အကျိုးကျေးဇူးတစ်စုံတရာကို ပေးတတ်သည်သာဖြစ်ပါသည်၊၊ “ဒါလေးများ လူတိုင်းတတ်ပါတယ်”ဟု အလုပ်ကိုပျက်ရယ်ပြုသောအခါ ထိုအလုပ်များမှထွက်ပေါ်လာမည့် အကျိုးကျေးဇူးများကလည်း မိမိကို ဥပေက္ခာပြုတတ်သည်ကို သတိချပ်ရပါမည်၊၊

အနှစ်ချုပ်ကြည့်သော်အလုပ်တိုင်းသည် ငယ်သည်ကြီးသည်မဟူဘဲ ပြုလုပ်သူ၏အစွမ်းအစအပေါ် တွင်မူတည်လျက် အကျိုးကျေးဇူးသည် လိုက်ပါလာတတ်သောကြောင့် အလုပ် လုပ်ကိုင်လိုစိတ်ကို မွေးမြူ သင့်လှပါသည်၊၊

မိမိကိုယ်ကို စနစ်တကျတည်ဆောက်ခြင်း၊၊
ဘ၀တွင်လူတိုင်း ချမ်းသာချင်ကြသည်၊ ပညာတတ်ချင်ကြသည်၊ ကျန်းမာချင်ကြသည်၊ အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာလိုကြသည်၊၊

သို့သော် လူအနည်းစုသာလိုသမျှရရှိကြပြီး အများစုမှာလိုချင်သည့်အရာများနှင့် မိုင်ပေါင်းကုဋေ ဝေးကွာနေကြရသည်၊၊ ထိုသို့ဖြစ်ရခြင်းကြောင့် လူတို့သည်မိမိကိုယ်တိုင်တွင် အပြစ်တစ်စုံတရာရှာ မတွေ့တတ်ကြဘဲ အခြားသူများကိုသာအပြစ်တင်တတ်ကြပါသည်၊၊

အမှန်စင်စစ် မိမိကိုယ်ကို စနစ်တကျတည်ဆောက်မှု မရှိခြင်းကြောင့်ဖြစ်ရပါသည်၊၊ လူတစ်ယောက် တွင် အရွယ်အလိုက်တည်ဆောက်သင့်သည့် တည်ငြိမ်မှုများစွာရှိပါသည်၊၊

(၁) ပညာရေးရင့်တည်ငြိမ်မှု၊
(၂) အသိတရားရင့်တည်ငြိမ်မှု၊
(၃) လုပ်ရည်ကိုင်ရည်တည်ငြိမ်မှု
(၄) စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊
(၅) စီးပွားရေးတည်ငြိမ်မှု၊

အထက်တွင်ဖော်ပြထားသည့် တည်ငြိမ်မှုငါးမျိုးမျှလူတစ်ဦးတွင်ပြည့်စုံပါလျင် ရင့်ကျက်သူဖြစ်လာပြီး ဘ၀တွင်အောင်မြင်တိုးတက်လာရပါတော့သည်၊၊ မိမိကိုယ်ကိုစနစ်တကျတည်ဆောက်ခြင်းဆိုသည်မှာ လည်း ဆွေးနွေးဖော်ပြထားသည့်တည်ငြိမ်မှုငါးမျိုးတို့ တိုးတက်လာအောင်တည်ဆောက်ခြင်းကိုပင် ဆို လိုပါသည်၊၊

ဖော်ပြထားပြီးအရည်အသွေးများ လူတစ်ဦးတွင်အောင်မြင်စွာတည်ဆောက်ထားပါက စိတ်ပိုင်းဆိုင်ရာ ဗောင်ဘင်ခပ်မှုများ၊ ဂယောင်ခြောက်ခြားဖြစ်ခြင်းများနှင့်၊ အလွန်အကျူးဝမ်းနဲခြင်းများနှင့်၊ အလွန်အ ကျူးဒေါသထွက်ခြင်းများမရှိတော့ဘဲ ပုဂ္ဂိုလ်ရေးအသွင်အပြင်များသည်ပင်နူးညံ့တည်ကြည်ပြီး၊ မြင့် မြတ်သူတစ်ယောက် ဖြစ်လာနိုင်ပါသည်၊၊

ဤတွင် “ဒဟံပါစလကျောင်းဆင်းပွဲ”မှ ကျောင်းအုပ်ဆရာကြီး၏ ကျောင်းသားမောင်မယ်လေးများအား ဟောပြောသည့် စာတမ်းပြီးဆုံးပါပြီ၊၊ ကလေးငယ်များကို ဟောပြောသည့်စကားများပင်ဖြစ်သော် လည်း စာရေးသူများစွာနှစ်သက်သဘောကျသောကြောင့် အလင်းစက်စာဖတ်သူများသို့ မျှဝေပေး လိုက်ခြင်း ဖြစ်ပါသည်၊၊

စာဖတ်သူများအားလုံး စာပေအလင်းမိုးစက်များဖြင့် တည်ငြိမ်အေးချမ်းသည့် ဘ၀ကိုတည်ဆောက် အောင်မြင်နိုင်ကြပါစေကြောင်း မေတ္တာများစွာဖြင့်ဆုမွန် ပန်ခြွေအပ်ပါသည်၊၊                  ၊၊




                                                                        အရှင်ကေ၀လ(အလင်းစက်)
                                                                          {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
                                                                     မကုဋာရာမ-မြန်မာကျောင်းတိုက်၊
                                                                        ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
                                                                           (15/07/2012

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP