Monday, July 30, 2012

ဒဟံပါစလကျောင်းဆင်း မိတ်ဆက်စကား၊၊ ၊၊





ယနေ့သည် သီရိလင်္ကာနိုင်ငံအတွက်ထူးခြားသော နေ့တစ်နေ့ဖြစ်သည်၊၊ အကြောင်းမှာ သီရိလင်္ကာ တစ်နိုင်ငံလုံးရှိ “ဒဟံပါစလကျောင်း”များအားလုံးတွင် တစ်နှစ်တာစာမေးပွဲအောင်မြင်ထား ကြသည့် ကျောင်းသားမောင်မယ်များအား ဆုချီးမျှင့်သောနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်၊၊

“ဒဟံပါစလကျောင်း”ဟူသည်မှာ သီရိလင်္ကာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ဖွင့် လှစ်သင်ကြားသော ဗုဒ္ဓဘာသာသင်္ခန်းစာသင်ကျောင်းများကို ခေါ်ပါသည်၊၊ သီရိလင်္ကာနိုင်ငံရှိဘုန်း ကြီးကျောင်းတိုင်းတွင် ဒဟံပါစလကျောင်းတွဲလျက် ရှိပါသည်၊၊

သီရိလင်္ကာမိသားစုများတွင် ကလေးအသက် (၅)နှစ်ပြည့်သည်နှင့် ဒဟံပါစလကျောင်းသို့ နိုင်ငံတော် အမိန့်ဖြင့်မဖြစ်မနေ အပ်နှံကြရပါသည်၊၊ တစ်ပတ်တွင် တနင်္ဂနွေနေ့တစ်ရက်တည်းသာ တက်ရသည့် ကျောင်းဖြစ်သောကြောင့်“Sunday School=တနင်္ဂနွေကျောင်း”ဟုလည်းကောင်း၊ မြတ်စွာဘုရားရှင် ဟော်တော်မူထားသော ၀ိနည်း၊ သုတ္တာန်နှင့်၊ အဘိဓမ္မာတရားတော်များကို သင်ရိုးပြု၍သင်ကြားသော ကြောင့်“ဓမ္မကျောင်း”ဟုလည်း ခေါ်ကြပါသည်၊၊

မြန်မာနိုင်ငံတွင်လည်းယ္ခုအခါ“Sunday School=ဓမ္မကျောင်း”များပေါ်ပေါက်လာရန် အားထုတ်နေ ကြသည်ကို ကြားသိရပါသည်၊၊ သီရိလင်္ကာနိုင်ငံ၏ ဒဟံပါစလကျောင်းသမိုင်းကို(2010,Auguest)လ ရက်စွဲဖြင့် အလင်းစက်ဆိုက်ထဲတွင်“သစ်လွင်ဆဲခေါင်းလောင်းသံ”အမည်နှင့် စာတမ်းတစ်ခုရေးသား ပြီးဖြစ်၍စိတ်ဝင်စားသူများ လေ့လာရရှိနိုင်ပါသည်၊၊

ယ္ခုဆောင်းပါးတွင် ယနေ့စာရေးသူတက်ခွင့်ရသည့် ဒဟံပါစလကျောင်းဆင်းပွဲမြင်ကွင်းနှင့်၊ ကျောင်း အုပ်မှ ကျောင်းသားမောင်/မယ်လေးများကိုပြောသည့်မိတ်ဆက်စကားကို တင်ပြမည်ဖြစ်ပါသည်၊၊ ဒဟံ ပါစလကျောင်းဆင်းပွဲတွင် ဟောပြောပွဲများနှင့် ရိုးရာအကများပါပါဝင်မည်ဖြစ်သဖြင့် ကျောင်းဆင်းပွဲမ တိုင်မှီတစ်ပတ်ခန့်ကပင် ကျောင်းဝန်းထဲတွင်ဟောပြောမှုအတွက် ပြင်ဆင်လေ့ကျင့်နေသည်များ၊ အ ဆိုအကနှင့်၊ တစ်ခန်းရပ်ဆန်ဆန်ပြဇာတ်လေ့ကျင့်နေသည်များကို သတိပြုမိသည်၊၊

သီရိလင်္ကာဘုန်းတော်ကြီးကျောင်းများတွင် ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများမှ စည်းဝေးပွဲများမပျတ်ပြု လုပ်လေ့ရှိသည်ကို တွေ့ရသည်၊၊ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းများသည် ဒေသခံလူမျိုးများအ တွက်“Education Centre”ဟုလည်း ခေါ်နိုင်သည်၊၊ “Social Centre”ဟုလည်း ခေါ်နိုင်ပါသည်၊၊

အကြောင်းမှာ သီရိလင်္ကာလူမျိုးတို့သည် မြို့ရွာအတွက်ဆောင်ရွက်ဖွယ်ရာအားလုံးကို လစဉ်မပျတ် မြို့ဦးရွာဦးကျောင်းများသို့စုစည်း၍ တိုင်ပင်လေ့ရှိကြသောကြောင့်ဖြစ်ပါသည်၊၊ သီရိလင်္ကာနိုင်ငံတွင် လမ်းဘေးမူးယစ်ရမ်းကားမှုများ၊ အရက်နှင့်ဆေးလိပ်သောက်ခြင်းများနှင့် အော်ဟစ်ရန်ဖြစ်ခြင်းများ၊  မရှိသလောက်ရှားပါးလှပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် လေးနှစ်ခန့်နေခဲ့ပြီးဖြစ်၍ ထိုကဲ့သို့သီဟိုဠ်လူမျိုးတို့ နေထိုင်မှုပုံစံနူးညံ့ခြင်းမှာ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် ဓမ္မစာပေသင်ကြားခွင့်ရနေခြင်းနှင့်၊ အပတ်စဉ်နီးနီးမျှရပ်ရွာကိစ္စများ ကို ဒဟံပါစလကျောင်းတွင်းတွင် စုပေါင်းစည်းဝေးပြီးအဖြေရှာတတ်ကြသောကြောင့်ဟု သိလာရပါ သည်၊၊

ဒဟံပါစလကျောင်းများသည် တရားစာသီးသန့်ကိုသင်သည်မဟုတ်ပါ၊၊ ဓမ္မသင်္ခန်းစာများကိုဗဟိုဠ် ထားပြီး၊ သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်း၊ အနုပညာ၊ နိုင်ငံရေး၊ လူမှုရေးဘာသာစသည့် ခေတ် ပညာရပ်များကိုလည်းဘာသာရပ်များအဖြစ် ပြဌာန်း၍သင်ကြားသည်ကို လေ့လာရပါသည်၊၊

ထို့ကြောင့် သီရိလင်္ကာလူမျိုးများသည် စာသင်၍မဖြစ်လောက်အောင် ပင်ကိုယ်ညာဏ်ထုံထိုင်းသူများ မှလွဲလျင် လူတိုင်းနီးနီးမျှဗုဒ္ဓစာပေနှင့် အင်္ဂလိပ်စာကိုအတိုင်းအတာတစ်ခုအထိ တတ်မြောက်ကြသည် ကို တွေ့ရပါသည်၊၊
မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာကို သံဃာတော်များကသာအဓိကဦးဆောင်၍ ထိမ်းသိမ်းထားကြည်သည်ကို တွေ့ရပြီး၊ လူပုဂ္ဂိုလ်များမှပစ္စည်းလေးပါးထောက်ပံ့ရုံမျှကိုသာ တာဝန်ယူကြသည်၊၊ 

သီရိလင်္ကာလူမျိုး များသည် ပါဠိစာပေကိုလူနှင့်သံဃာ တန်းရည်တူသင်ကြားတတ်မြောက်ကြပြီး အတူတကွသာသနာ တော်ကို စောင့်ရှောက်ကြသည်ကိုတွေ့မြင်ရပါသည်၊၊

သီရိလင်္ကာလူမျိုးများသည် အသက်ငါးနှစ်အရွယ်တွင်“O,level”အစိုးရကျောင်းနှင့်၊ ဒဟံပါစလ ကျောင်းကို ပူးတွဲ၍တက်ကြရပါသည်၊၊ တက်ရပုံမှာ တနင်္လာမှ သောကြာနေ့အထိကို အစိုးရကျောင်း တွင်တက်ရပြီး၊ တနင်္ဂနွေနေ့တွင် ဒဟံပါစလကျောင်းတက်ရခြင်းဖြစ်ပါသည်၊၊ ဓမ္မကျောင်းသည်နံနက် (7)နာရီမှ နေ့လည်(1)နာရီအထိသာ တက်ရပါသည်၊၊

အချို့ကျောင်းများတွင် တနေကုန်တက်ရသည်ကိုလည်း တွေ့ရပါသည်၊၊ တချို့ကျောင်းများသည် စနေ၊ တနင်္ဂနွေနှစ်ရက်လုံးတက်ရသည်ကို တွေ့ရပါသေးသည်၊၊ အပိုချိန်သင်ပေးခြင်းများဖြစ်သည်ဟု သိရပါ သည်၊၊

သီရိလင်္ကာလူမျိုးတို့သည် ဒဟံပါစလကျောင်းတက်ရသည်ကို အလွန်ပျော်ရွှင်ကြပါသည်၊၊ သီရိလင်္ကာ ဘုန်းတော်ကြီးများကိုယ်တိုင် ခေတ်ပညာနှင့်ပါဠိစာပေကိုရောနှောသင်ယူတတ်မြောက်ထားကြသော ကြောင့် ဘုန်းတော်ကြီးများသည်ကျောင်းသားကလေးသူငယ်များနှင့် ရင်းရင်းနှီးနှီးရောနှောဆက်ဆံ တတ်သည်ကို တွေ့ရပါသည်၊၊

ဒဟံပါစလကျောင်းများသည် အင်္ဂလိပ်လိုသင်သောကျောင်းနှင့်၊ သီရိလင်္ကာလိုသင်သောကျောင်းဟု နှစ်မျိုးရှိပါသည်၊၊ နှစ်မျိုးလုံးကိုသင်သောကျောင်းများလည်း ရှိပါသည်၊၊ စာပေအဆင့်ရှိပြီးသင်ရိုးညွှန်း တမ်းများလည်း အဆင့်ရှိသည်ကိုတွေ့ရပါသည်၊၊

ထူးခြားသည်မှာ အစိုးရကျောင်းများနှင့် ဒဟံပါစလကျောင်းများဘာသာရပ် သင်ရိုးညွန်းတမ်းခြင်းချိပ် စက်ထားပုံဖြစ်ပါသည်၊၊ အစိုးရကျောင်းမှအတန်းတစ်ခုတွင် အမှတ်မမှီတော့၍တက်ခွင့်မရတော့ သောကျောင်းသားတစ်ဦးသည် ဒဟံပါစလကျောင်းတွင် အစိုးရကျောင်း၊ တက္ကသိုလ်တို့နှင့်အဆင့်တူ ညီသည့် ဘွဲ့ကိုရရှိနိုင်သည်ကို သိရပါသည်၊၊

ဒဟံပါစလမှပေးသော ဘွဲ့လက်မှတ်ဖြင့်နိုင်ငံတော်ဝန်ထမ်းအလုပ်နှင့် ကုမ္ပဏီအလုပ်များကို လွယ်ကူ စွာပင် ရရှိနိုင်ပါသည်၊၊ အစိုးရကျောင်း “Grade One”နှင့် ဒဟံပါစလပထမအဆင့်သည် တန်းတူပင်ဖြစ် ပါသည်၊၊ အစိုးရကျောင်း၏တက္ကသိုလ်ဝင်ခွင့်အတန်းနှင့် ဒဟံပါစလအထက်တန်းနောက်ဆုံးအဆင့် သည်လည်း တန်းရည်တူပင်ဖြစ်ပါသည်၊၊

အစိုးရကျောင်းတွင်“A,level”အောင်မြင်ပြီးအမှတ်မှီသူသည် တက္ကသိုလ်သို့တက်ခွင့်ရမည် ဖြစ်ပါ သည်၊၊ အကယ်၍အမှတ်မမှီခဲ့လျင် တက္ကသိုလ်တက်ခွင့်မရဘဲ ဒဟံပါစလမှနောက်ဆုံးဖြစ်သည့် အ ဆင့်သုံးဆင့်သို့တက်ရောက်သင်ယူပြီး တက္ကသိုလ်မှ“B.A”ဘွဲ့နှင့်တန်းတူအဆင့်ရှိသည့်ဘွဲ့ကို ဒဟံပါစ လမှပင် ပေးအပ်ပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင် အစိုးရကျောင်းများအားလုံးနှင့် တက္ကသိုလ်များအားလုံးသည် ကျောင်းသားများအ တွက်အခမဲ့စနစ်ဖြင့် ပညာသင်ယူခွင့်ရရှိသည့်အပြင် ကျောင်းသားတိုင်းကိုလစဉ်ကျောင်းတက်စဉ် ကုန်ကျစရိပ်ကိုပင် တက္ကသိုလ်ဘဏ္ဍာရေးဌာနမှထောက်ပံ့ထားသေးသဖြင့် သီရိလင်္ကာလူမျိုးများ သည် ပညာရေးကုသိုလ်ကံအလွန်ကောင်းသူများဟု ဆိုရပါမည်၊၊

ကျောင်းသား ကျောင်းသူများသည် အိမ်တွင်သင်္ခန်းစာများလုပ်၍ အဆင်မပြေဖြစ်သည့်အခါ ဒဟံပါစ လကျောင်းသို့လာ၍ စာကျက်ကြသည်ကိုတွေ့ရပါသည်၊၊ အမှတ်ရမိပါသေးသည်၊၊ တစ်ခါကအရှင်စာ မေးပွဲနီး၍ Topics-အချို့ကိုမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အလွတ်ရစေရန် အသံကုန်အော်ဟစ်၍ စာကျက် နေပါသည်၊၊

ထိုအချိန်တွင် ကျောင်းသူလေးတစ်ဦးအနီးသို့ရောက်လာပြီး၊ ဗုဒုမဟာမူးသဒူး(မြန်မာဦးဇင်း) စာကို စိတ်ထဲကကျက်ပါ၊ အော်သံကြောင့် သူစာလုပ်၍မရပါဟု လာပြောသည်ကို အောင့်သက်သက်နှင့်ခံရ ပါသည်၊၊

စကားမစပ်မိဘဲ သီရိလင်္ကာနိုင်ငံသံဃာတော်များ၏ ပညာရေးအကြောင်းကို အနည်းငယ်တင်ပြချင် ပါသည်၊၊ သီရိလင်္ကာရဟန်းများသည် ရိုးရာပရိဝေဏ(စာသင်တိုက်)များသို့တက်ရောက်၍ ပညာသင် ယူနိုင်ပါသည်၊၊ အစိုးရတက္ကသိုလ်များတွင်လည်း ကျောင်းသား/ကျောင်းသူများနှင့်အတူ အမှတ်မှီရာ ဘာသာရပ်တိုင်း တွင်တက်ရောက် ပညာသင်ယူနိုင်ပါသည်၊၊

ပရိဝေဏကျောင်းဟူသည်မှာ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းတိုက် အကြီးကြီးများကိုခေါ်ပါသည်၊၊ မြန်မာပြည်တွင် စာသင်တိုက်ကြီးများနှင့်ခပ်ဆင်ဆင်တူပါသည်၊၊ ပရိဝေဏတွင် ပါစာပေနှင့်ခေတ် ပညာရပ်များကို အသီးသီးဘာသာရပ်များအဖြစ် သင်ရိုးပြု၍သင်ကြားပါသည်၊၊

ပရိဝေဏကျောင်းများ၏ ပြဌာန်စာသင်ရိုးများကိုလည်း အစိုးရကျောင်းများနှင့်တန်းရည်တူဖြစ်စေရန် ချိပ်စက်ထားပါသည်၊၊ ထို့ကြောင့် သီရိလင်္ကာရဟန်းသံဃာများသည် ပါဠိစာပေအပြင်ခေတ်ပညာရပ် များကိုပါ အလွယ်တကူတတ်မြောက်ကြနေကြခြင်း ဖြစ်ပါသည်၊၊

ရဟန်းသံဃာများသည် နေ့ဆွမ်းစားပြီးလျင်လူများကဲ့သို့ပင် ပရိဝေဏသို့သွား၍ကျောင်းတက်ရပါ သည်၊၊ ပရိဝေဏများမှစာချဆရာတော်များနှင့် ဆရာ၊ဆရာမများသည်လည်း အစိုးရကျောင်းများမှ ကျောင်းဆရာများကဲ့သို့ပင် အစိုးရမှလခပေးထားပါသည်၊၊ “B.A”နှင့်တန်းရည်တူသည့်ဘွဲ့ကို ပရိဝေဏ တွင်ပင်ပြီးဆုံးသည်အထိ သင်ယူနိုင်ပါသည်၊၊

သို့မဟုတ်လျင်လည်း”ပရိဝေဏ”မှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင် အမှတ်မှီရာဘာသာရပ်အ လိုက် အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်ပါသည်၊၊ သီရိလင်္ကာလူမျိုးများသည် ပညာကိုလို အပ်သည့်အလျောက်သာ သင်ယူကြသည်ကိုတွေ့ရပါသည်၊၊

ဝိဇ္ဇာဘွဲ့ရပြီးသူတိုင်းကို အစိုးရမှအလုပ်ပေးပါသည်၊၊ ကုမ္ပဏီများတွင်လည်း လုပ်နိုင်ပါသည်၊၊ အလုပ် လုပ်နေရင်းမှသာရာထူးအဆင့်အတွက် မဟာဝိဇ္ဇာတန်းကိုတက်ကြပါသည်၊၊ မဟာဝိဇ္ဇာတန်းအောင် မြင်ပြီးသည့် ကျောင်းသားတစ်ယောက်သည် ပညာရေးဝန်ကြီးဌာနတွင် “Ph.D”တန်းအတွက် ‘စကော လားရှစ်’တင်ထားပြီးမိမိတို့အလုပ်ကိုသာ ဆက်လုပ်နေကြပါသည်၊၊

နှစ်အနည်းငယ်အတွင်း စကောလားရှစ်ကျလာသောအခါ ပါရဂူတန်းကိုနိုင်ငံတော်အထောက်အပံ့ဖြင့် သင်ယူကြပါတော့သည်၊၊ အရှင်နှင့်အလွန်ခင်သည့် သီရိလင်္ကာဆရာတစ်ပါးအကြောင်းကို တင်ပြလိုပါ သည်၊၊

ဆရာတော်သည် ၀ိဇ္ဇာနှင့်မဟာဝိဇ္ဇာတန်းများကိုအောင်မြင်ထားပြီး၍၊ အထက်တန်းကျောင်းတွင် ကျောင်းဆရာတာဝန်ထမ်းဆောင်လျက် စကောလားရှစ်လျောက်ထားသူ ဖြစ်ပါသည်၊၊ ယ္ခုအသက် (43)တွင်မှ ပါရဂူတန်းခေါ်စာကျသဖြင့် ပါရဂူတန်းအတွက်လိုအပ်သည့် ပြင်ဆင်မှုများကိုပြုလုပ်ပါ သည်၊၊

သီရိလင်္ကာနိုင်ငံမှ သံဃာတော်များသည်ဘွဲ့ရပြီးလျင် လူများကဲ့သို့ပင်အစိုးရ၀န်ထမ်းအလုပ်များကို လုပ်နိုင်ပါသည်၊၊ များသောအားဖြင့်ဆရာတော်များသည် တက္ကသိုလ်များနှင့်စာသင်ကျောင်းများတွင် ကျောင်းဆရာ၊ ကထိက၊ ပါမောက္ခစသည့်အလုပ်များကို လုပ်ကြပါသည်၊၊

အရှင်သည် ဆရာတော်အတွက်ကူညီနိုင်သည့် ပညာရေးဆိုင်ရာများကိုကူညီရင်း ဆရာတော်အား“ဒီ အသက်အရွယ်ရောက်မှ ဘာဖြစ်လို့ပညာထပ်သင်နေအုံးမလဲ”ဟု မေးမိပါသည်၊၊ ဆရာတော်က“ငါတို့ အသက်ရှင်နေတာ ဘာလုပ်ဖို့လဲ”ဟုပြန်မေးသည့်အခါ သီရိလင်္ကာသားတို့၏ပညာရေးစိတ်ကို ချီးကျူး မိပါသည်၊၊

မှန်ပါသည်၊၊ ပညာဟူသည်မှာ အသက်ရှင်နေသမျှသင်ယူနေရမည် ဖြစ်ပါသည်၊၊ သင်ယူမှုမရှိတော့ ခြင်းသည် အသိညာဏ်သေဆုံးခြင်းပင်ဖြစ်၍ အသိညာဏ်မရှိလျင်“လူ”ဟူ၍မခေါ်နိုင်တော့ဘဲ အခြား  အမည်သာတပ်ရတော့မည်ဖြစ်ကြောင်းကို သဘောပေါက်မိလာရပါသည်၊၊

သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအကြောင်းကို ထွေရာလေးပါးတင်ပြနေမိရာ မူလတင်ပြမည့် အကြောင်းအရာပင် ပျောက်လုနီးနီးဖြစ်နေပါသည်၊၊ ဆက်လက်၍ ဒဟံပါစလကျောင်းဆင်းပွဲတွင် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကားအဖြစ်ဟောပြောသည့်“မင်္ဂလသုတ်”လာ တိုးတက်ကြီး ပွားကြောင်းမင်္ဂလာ(၃)မျိုးကို တင်ပြအပ်ပါသည်၊၊

(၁) နေရာအခြေကျခြင်း၊
(၂) အကျိုးဖြစ်စေလောက်သည့် အပြုအမူရှိခြင်း၊
(၃) မိမိကိုယ်ကို စနစ်တကျတည်ဆောက်မှုရှိခြင်း၊

နေရာအခြေကျခြင်း၊၊
ကျောင်းသားတစ်ယောက် ပညာရေးအောင်မြင်တိုးတက်မှုရစေရန် သင့်တော်သည့်နေထိုင်ရာရှိခြင်း သည် အထူးအရေးပါလှပါသည်၊၊ နေရာထိုင်ခင်းအဆင်မပြေလျင် စာတွင်အာရုံနှစ်၍မရတော့ဘဲ စိတ် လေ့လွင့်ပြီး အောင်မြင်မှုနှင့်ဝေးရတော့သည်၊၊

ဤနေရာတွင် ကျောင်းသားတစ်ယောက်အနေဖြင့် ခရီးများခြင်း၊ ပြင်ပအလုပ်များခြင်း၊ ထွေရာလေးပါး ၀ါသနာပါခြင်းနှင့်၊ စီးပွားရေးတွင်စိတ်ရောက်နေခြင်းများသည်လည်း ပညာရေးပျက်စီးခြင်း၏အ ကြောင်းများပင်ဖြစ်ပါသည်၊၊

မသိသာလှသည့်ကျောင်းသားတစ်ယောက်ပညာရေးဆုံးရှုံးမှု၏ အခြားသောအကြောင်းတစ်ရပ်မှာ ပြင် ပဗဟုသုတများနေခြင်း ဖြစ်ပါသည်၊၊ မှန်ပါသည်၊၊ ကျောင်းသားတစ်ယောက်သည် ကျောင်းသင်္ခန်းစာ မှပေးသောပညာမှတစ်ပါး ပြင်ပအထွေထွေဗဟုသုတများခြင်းသည် ကောင်းသည်ဟုထင်ရသော် လည်း စင်စစ်ကျောင်းပညာရေးပျက်စီးခြင်း၏အကြောင်းတစ်ခုပင်ဖြစ်ကြောင်း တွေ့ရပါသည်၊၊

ဟိုသည်စပ်စပ် ဗဟုသုတများလာသောအခါ အစဉ်ဖြင့်တစ်ဆင့်ခြင်းတက်ရသည့် ကျောင်းပညာရေး ကိုစိတ်ဝင်စားမှုမရှိ၊ အထင်ကြီးမှုမရှိတော့ဘဲ စနစ်ကျသည့်ပညာရေးမှ ဆုံးရှုံးရတော့သည်၊၊ ထိုသို့ သောကျောင်းပညာရေးကိုအထင်မကြီးဘဲ ရရှိထားသည့်ဗဟုသုတမျှဖြင့် လောကအတွင်းသို့ဝင်သော အခါ အထင်နှင့်လက်တွေ့များစွာကွာခြားပြီး၊ စီးပွားရေးတွင်လည်းအောင်မြင်မှုမရတတ်သည်ကို တွေ့ ရသည်၊၊

ထို့ကြောင့် သင့်တော်သည့်နေရာထိုင်ခင်းတွင်နေထိုင်ခွင့်ရလျက် ပညာရေးကိုစနစ်တကျသင်ယူတတ် မြောက်ခြင်းသည် ပညာရေးနှင့်ဘ၀အောင်မြင်မှုတွင် အဓိကလိုအပ်ပါသည်၊၊

အကျိုးဖြစ်စေလောက်သည့် အပြုအမူရှိခြင်း၊၊
လူတိုင်းပင်အကျိုးရလာဘ်ကို လိုချင်တတ်ကြသည်၊၊ သို့သော် အကျိုးဖြစ်စေလောက်သည့် အပြုအမူ များကိုမူအကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ်တတ်ကြလေသည်၊၊ 

အများတကာအကျိုးဖြစ်သည်ကိုတွေ့မြင်ရသောအခါ အားကျမှုများလူတိုင်းပင် ဖြစ်တတ်ကြပါသည်၊၊ သို့သော် ထိုကဲ့သို့သောအကျိုးများ မည်သို့သောနည်းလမ်းများ၊ အပြုအမူနှင့်လုပ်ဆောင်ချက်များ ကြောင့် ဖြစ်ပေါ်နေသည်ကိုမူ လေ့လာစုံစမ်းသူအလွန်နည်းလှသည်၊၊

အလုပ်တစ်ခုသည် အသေးအမွှားဟုထင်ရသည့်တိုင် လေးလေးနက်နက်ကျိုးစားလုပ်ကိုင်သောအခါ အကျိုးကျေးဇူးတစ်စုံတရာကို ပေးတတ်သည်သာဖြစ်ပါသည်၊၊ “ဒါလေးများ လူတိုင်းတတ်ပါတယ်”ဟု အလုပ်ကိုပျက်ရယ်ပြုသောအခါ ထိုအလုပ်များမှထွက်ပေါ်လာမည့် အကျိုးကျေးဇူးများကလည်း မိမိကို ဥပေက္ခာပြုတတ်သည်ကို သတိချပ်ရပါမည်၊၊

အနှစ်ချုပ်ကြည့်သော်အလုပ်တိုင်းသည် ငယ်သည်ကြီးသည်မဟူဘဲ ပြုလုပ်သူ၏အစွမ်းအစအပေါ် တွင်မူတည်လျက် အကျိုးကျေးဇူးသည် လိုက်ပါလာတတ်သောကြောင့် အလုပ် လုပ်ကိုင်လိုစိတ်ကို မွေးမြူ သင့်လှပါသည်၊၊

မိမိကိုယ်ကို စနစ်တကျတည်ဆောက်ခြင်း၊၊
ဘ၀တွင်လူတိုင်း ချမ်းသာချင်ကြသည်၊ ပညာတတ်ချင်ကြသည်၊ ကျန်းမာချင်ကြသည်၊ အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာလိုကြသည်၊၊

သို့သော် လူအနည်းစုသာလိုသမျှရရှိကြပြီး အများစုမှာလိုချင်သည့်အရာများနှင့် မိုင်ပေါင်းကုဋေ ဝေးကွာနေကြရသည်၊၊ ထိုသို့ဖြစ်ရခြင်းကြောင့် လူတို့သည်မိမိကိုယ်တိုင်တွင် အပြစ်တစ်စုံတရာရှာ မတွေ့တတ်ကြဘဲ အခြားသူများကိုသာအပြစ်တင်တတ်ကြပါသည်၊၊

အမှန်စင်စစ် မိမိကိုယ်ကို စနစ်တကျတည်ဆောက်မှု မရှိခြင်းကြောင့်ဖြစ်ရပါသည်၊၊ လူတစ်ယောက် တွင် အရွယ်အလိုက်တည်ဆောက်သင့်သည့် တည်ငြိမ်မှုများစွာရှိပါသည်၊၊

(၁) ပညာရေးရင့်တည်ငြိမ်မှု၊
(၂) အသိတရားရင့်တည်ငြိမ်မှု၊
(၃) လုပ်ရည်ကိုင်ရည်တည်ငြိမ်မှု
(၄) စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊
(၅) စီးပွားရေးတည်ငြိမ်မှု၊

အထက်တွင်ဖော်ပြထားသည့် တည်ငြိမ်မှုငါးမျိုးမျှလူတစ်ဦးတွင်ပြည့်စုံပါလျင် ရင့်ကျက်သူဖြစ်လာပြီး ဘ၀တွင်အောင်မြင်တိုးတက်လာရပါတော့သည်၊၊ မိမိကိုယ်ကိုစနစ်တကျတည်ဆောက်ခြင်းဆိုသည်မှာ လည်း ဆွေးနွေးဖော်ပြထားသည့်တည်ငြိမ်မှုငါးမျိုးတို့ တိုးတက်လာအောင်တည်ဆောက်ခြင်းကိုပင် ဆို လိုပါသည်၊၊

ဖော်ပြထားပြီးအရည်အသွေးများ လူတစ်ဦးတွင်အောင်မြင်စွာတည်ဆောက်ထားပါက စိတ်ပိုင်းဆိုင်ရာ ဗောင်ဘင်ခပ်မှုများ၊ ဂယောင်ခြောက်ခြားဖြစ်ခြင်းများနှင့်၊ အလွန်အကျူးဝမ်းနဲခြင်းများနှင့်၊ အလွန်အ ကျူးဒေါသထွက်ခြင်းများမရှိတော့ဘဲ ပုဂ္ဂိုလ်ရေးအသွင်အပြင်များသည်ပင်နူးညံ့တည်ကြည်ပြီး၊ မြင့် မြတ်သူတစ်ယောက် ဖြစ်လာနိုင်ပါသည်၊၊

ဤတွင် “ဒဟံပါစလကျောင်းဆင်းပွဲ”မှ ကျောင်းအုပ်ဆရာကြီး၏ ကျောင်းသားမောင်မယ်လေးများအား ဟောပြောသည့် စာတမ်းပြီးဆုံးပါပြီ၊၊ ကလေးငယ်များကို ဟောပြောသည့်စကားများပင်ဖြစ်သော် လည်း စာရေးသူများစွာနှစ်သက်သဘောကျသောကြောင့် အလင်းစက်စာဖတ်သူများသို့ မျှဝေပေး လိုက်ခြင်း ဖြစ်ပါသည်၊၊

စာဖတ်သူများအားလုံး စာပေအလင်းမိုးစက်များဖြင့် တည်ငြိမ်အေးချမ်းသည့် ဘ၀ကိုတည်ဆောက် အောင်မြင်နိုင်ကြပါစေကြောင်း မေတ္တာများစွာဖြင့်ဆုမွန် ပန်ခြွေအပ်ပါသည်၊၊                  ၊၊




                                                                        အရှင်ကေ၀လ(အလင်းစက်)
                                                                          {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
                                                                     မကုဋာရာမ-မြန်မာကျောင်းတိုက်၊
                                                                        ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
                                                                           (15/07/2012

အပြည့်အစုံသို့....

Sunday, June 24, 2012

“ပရဟိတ”လေ့လာချက်၊၊ ၊၊




ယနေ့ခေတ်တွင်“ပရဟိတ”ဟူသောစကားလုံးဝေါဟာရကို နေရာများစွာတွင်အသုံးပြုနေကြသည်ကို တွေ့ရ သည်၊၊ မည်သို့သောလုပ်ငန်းမျိုးသည် ပရဟိတအစစ်အမှန်ဖြစ်သည်နှင့်၊ ပရဟိတဝေါဟာရ၏မူလရင်းမြစ်အ ဓိပ္ပါယ်ကို စာဖတ်သူသို့တင်ပြဆွေးနွေးလိုက်ရပါသည်၊၊

မြန်မာစာပေနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုအခြေပြုထားသည့်အတွက် ဗုဒ္ဓဘာသာ၏မူလစာပေဖြစ်သည့် ပါဠိစာပေမှဝေါဟာရစကားလုံးများစွာကို နေ့စဉ်ဘ၀လုပ်ငန်းစဉ်များတွင်အသုံးပြုထားသည်ကို တွေ့ရနိုင်ပါ သည်၊၊

“ပရဟိတ”ဟူသောဝေါဟာရသည် မူလအားဖြင့် ပါဠိစာပေဝေါဟာရတစ်ခုဖြစ်သည်၊၊ သို့သော် ဗုဒ္ဓဘာသာဝင် တို့သည် မြန်မာဝေါဟာရကိုထက် ပါဠိစကားလုံးကိုပို၍နှစ်သက်စွာအသုံးပြုခဲ့ကြရာမှ“ပရဟိတ”ဟုကြားလိုက် လျင် ‘အများအကျိုးပြုလုပ်ငန်း’ဟူ၍ ကလေးသူငယ်များအထိပင် နားလည်သဘောပေါက်လာခဲ့ကြသည်၊၊

ပါဠိဝေါဟာရစကားလုံးများကို မြန်မာတို့ကသာအလေးအနက်တန်ဖိုးထားပြီး နေ့စဉ်သုံးစကားများတွင်ထည့် သွင်း၍ပြောဆိုကြသည်ဟု အထင်ရှိခဲ့ဖူးသည်၊၊ သီရိလင်္ကာနိုင်ငံသို့ရောက်သောအခါတွင်မှ မြန်မာတို့ထက်သီရိ လင်္ကာလူမျိုးတို့က ပါဠိစာပေဝေါဟာရများကိုပိုမို၍နှစ်သစ်ပြီး၊ အလေးအနက်ထား အသုံးပြုသည်ကို သတိပြု မိတော့သည်၊၊

သို့သော် သီရိလင်္ကာလူမျိုးတို့သည် ပါဠိဝေါဟာရများကိုအသုံးပြုရာတွင် မြန်မာတို့ကဲ့သို့စကားလုံးတိုက်ရိုက်အ သုံးမပြုဘဲ ဒေသအသံထွက်များနှင့်ရောနှောပြီး အသုံးပြုကြလေသည်၊၊ ဥပမာ-မြန်မာတို့သည် တစ်စုံတစ် ခုသောအကြောင်းကြောင့် အဆင်မပြေဖြစ်လျင်“ဒုက္ခ,ဒုက္ခ”ဟုဆိုကြသည်၊၊ သီရိလင်္ကာတို့ကမူ“ဒုက္ခိုက်, ဒုက္ခိုက်”ဟု ဆိုကြလေသည်၊၊

ပါဠိစကားလုံးဝေါဟာရအားဖြင့်“တစ်နံပတ်=ဧက”ကို‘ဧကိုက်’၊“နှစ်နံပတ်=ဒွေ”ကို‘ဒေကိုက်’၊“သုံးနံပတ်=တေ” ကို‘တူနိုက်’စသည်အားဖြင့် ဂဏန်းဝေါဟာရများတွင်လည်း ပါဠိဝေါဟာရကိုပင် ဒေသသံရောလျက်အသုံးပြု ကြလေသည်၊၊

ထို့ပြင် ထမင်းစားသည်ကို ပါဠိဝေါဟာရအားဖြင့် ‘ခါဒတိ’ဟုခေါ်သည်ကို သီရိလင်္ကာတို့သည်ထမင်းစား ရန်ပြောသောအခါ‘ခါန၀’ဟု၎င်း၊ ရေသောက်သည်ကို‘ဘောန၀’ဟု၎င်း၊ အိပ်သည်ကို‘နိတိ’ဟု၎င်း၊ သွား သည်ကို‘ယာန၀’၊ လာသည်ကို‘ဧန၀’ဟု၎င်း၊ ပါဠိစကားလုံးများကိုချည်းအသုံးပြုထားကြသည်ကို လေ့လာရ သည်၊၊ 

လူနာမည်များကိုလည်း ပါဠိလိုအမည်မှည့်ခေါ်ကြသည်ကို တွေ့ရသည်၊၊ မြန်မာတို့သည် ပါဠိစကားလုံးဆိုလျင် ဘုရားစကားတော်များဖြစ်သည်ဟု တချို့ဝေါဟာရများကို မသုံးရဲကြပေ၊၊ သီရိလင်္ကာတို့ကမူ ပါဠိစကားလုံးတိုင်း ကိုရဲရဲဝံ့ဝံ့ အသုံးပြုကြလေသည်၊၊

သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတွင်ကပ်နေသည့် အရက်သမားကပ္ပိယကြီး၏ အမည်သည်“တဏှ င်္ကရ”ဟူ၍မှည့်ထားပါသည်၊၊ မြန်မာစာသင်သားသံဃာတော်တို့ ဘုရားဖူးနှင့်ဟိုဟိုသည်သည်သွားရာတွင် အသုံးပြုငှားရန်းသည့်ကားသမားလေး၏အမည်သည်“ဇနက”ဟူ၍ခေါ်ပါသည်၊၊

အခြား “သိဒ္ဓတ္ထ”ဟူ၍နာမည်မှည့်ထားသူ၊ “ရာဟုလ”အမည်မှည့်ထားသူများကိုလည်းတွေ့ရသည်၊၊ ထိုအမည် များအားလုံးပင် နှစ်ကျိပ်ရှစ်ဆူဘုရားအမည်နှင့် ရဟန္တာသာဝကကြီးများ၏အမည်များဖြစ်ပါသည်၊၊ အမျိုးသ္မီး အမည်များသည်လည်း ပါဠိအမည်များဖြစ်ပါသည်၊၊

သီရိလင်္ကာ ဘာသာဗေဒပညာရှင်တို့၏အဆိုအရ သီရိလင်္ကာ၏နေ့စဉ်သုံးဝေါဟာရစကားလုံးတစ်ရာမှ ရှစ်ဆယ် ရာခိုင်နှုံးသည် ပါဠိသက်ဝေါဟာရများချည်းသာဖြစ်ကြောင်း သိရပါသည်၊၊ ကျန်နှစ်ဆယ်ရာခိုင်နှုံးသည် “တမီးလ်”နှင့်၊ “သက္ကတ”ဝေါဟာရများဖြစ်ကြောင်း လေ့လာသိရှိရပါသည်၊၊

သမိုင်းအထောက်အထားများအရ မြန်မာတို့သည်ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာများအထံမှ ရရှိထားသည် ဖြစ်ရကား သီရိလင်္ကာလူမျိုးတို့၏အတုကိုလိုက်၍ ပါဠိဝေါဟာရစကားလုံးများကိုအလေးထားပြီး၊ အသုံးပြုခဲ့ကြ ဟန်ရှိကြောင်း အကဲခပ်ရပါသည်၊၊

“အလင်းစက်အရှင်”နှင့်ခင်မင်သည့် သီရိလင်္ကာလှပျိုဖြူလေး၏အမည်သည်“အဘယရတနာ”ဟုခေါ်ပါသည်၊၊ ပုဂံရာဇ၀င်အဆိုအရ မြန်မာတို့ချစ်မငြီးသည့်“ကျန်စစ်သားမင်းကြီး”တွင် မိဗုရားအချောအလှလေးယောက် မျှရှိသည်ဟု ဆိုပါသည်၊၊

အကြီးဆုံးမိဗုရားခေါင်ကြီးကို“အပါယ်ရတနာ”ဟုခေါ်ပါသည်၊၊ မြန်မာသမိုင်းပညာရှင်တစ်ဦးမှ“အပါယ်ရတ နာမိဖုရားကြီး”နှင့်ပတ်သက်၍ မြုပ်ကွယ်နေသည့်သမိုင်းအချက်အလက်တစ်ခုကိုဆွေးနွေးထားသည်ကို မဂ္ဂ ဇင်းတစ်စောင်တွင်ဖတ်ရဖူးပါသည်၊၊

အပါယ်ရတနာသည် မြန်မာလူမျိုးမဟုတ်ဘဲ၊ သီရိလင်္ကာနိုင်ငံဟုယ္ခုအခါခေါ်သည့်၊ ရှေးခေတ်အခေါ်“တမ္ဗဒီပ”နိုင်ငံတော်မှ သီရိလင်္ကာတို့အခေါ်အားဖြင့်“ရာမညဘုရင်-ကျင်စွတ်သား”အားဆက်သထားသည့်“တမ္ဗ ဒီပ”လှပျိုဖြူတစ်ပါးသာဖြစ်ကြောင်း၊ အမည်စင်စစ်မှာ “အဘယရတနာ”ဟုခေါ်တွင်ကြောင်း ဆွေးနွေးတင်ပြ ထားပါသည်၊၊

အကြောင်းပြချက်အနေအားဖြင့် အကုသိုလ်များသဖြင့် ကျရောက်ခံစားရမည့်အပါယ်လေးမျိုးကို မည်သူကမှ
“ရတနာ”တပ်၍ ခေါ်ဆိုမည်မဟုတ်ဘဲ၊ “အဘယရတနာ”ဟူသောအမည်ကသာ ခေတ်များစွာပြောင်းလဲပြီး၊ သဒ္ဒဗေဒပိုင်းဆိုင်ရာအသံပြောင်းလဲရာမှ “အဘယ်ရတနာ”(သို့မဟုတ်)“အပါယ်ရတနာ”ဟုခေါ်တွင်ခဲ့ကြ ဟန် ရှိကြောင်း ဆိုပါသည်၊၊

သမိုင်းကြောင်းအရ အနော်ရထာခေတ်တွင် သီရိလင်္ကာတို့သည် မြန်မာတို့အထံမှစစ်ရေးအကူအညီ များစွာကို အကူအညီတောင်းခဲ့ရသောကြောင့်၎င်း၊ ရှေးခေတ်ဘုရင်များသည်သ္မီးဆက်သ၍ အင်အားကြီးသည့်တိုင်းခြား ဘုရင်များကိုမိတ်ဖွဲ့သော အစဉ်အလာရှိခဲ့သောကြောင့်၎င်း ဖြစ်နိုင်ခြေရှိသည်ဟုဆိုပါသည်၊၊

ပါဠိဝေါဟာရများကို နေ့စဉ်သုံးစကားတွင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့အသုံးပြုကြပုံခြင်းတူပုံကို ထင်သာ သည့်အကြောင်းကိုတင်ပြခြင်းဖြစ်ပါသည်၊၊ 

“အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့်“ပရဟိတ”ဟူ၍ပါဠိဝေါဟာရကိုအ သုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာလူမျိုးတို့ယူဆပြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ခေါ်ဆိုလေ့ရှိကြပါ သည်၊၊

“အလင်းစက်ဝက်ဆိုက်”၏ စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊ 

အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြဆွေးနွေး ပါမည်၊၊ “ပရဟိတ”ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့်နှိုင်းယှဉ်၍ လေ့လာရပါ မည်၊၊

အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်းပါဠိ ပုဒ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တဟိတ”ကို မိမိ၏ ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊

(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂလိပ်လိုမှတ် လိုသူများ မှတ်သားနိုင်ပါသည်၊၊)

“ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်နိုင်ကြောင်းလေ့ လာရပါသည်၊၊

ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့်ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူး လိုအပ်ပါသည်၊၊”

သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြထား သည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကို လုပ်သင့်ကြောင်း ဆိုထားပါသည်၊၊

ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကိုမတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့် ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည် ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊

အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုးစားသင့် သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ“အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေ လှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြဿနာများစွာ ဖြစ်ပေါ်ပြီး အဖွဲ့အစည်းရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိပြဿနာကြီးများဖြစ်လေ့ ရှိကြသည်ကို တွေ့ရပါသည်၊၊

ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတပါရမီရှင်များအထဲတွင် ဗုဒ္ဓရှင်တော်သည် စံနမူနာပြုရန် အကောင်းဆုံးပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကိုအကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်းကျိုးစားပြီးမှ အဆုံး စွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊

အထက်ပါဆွေးနွေးတင်ပြချက်နှင့်သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင် လူ တစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့်ဆည်း သင့်ကြောင်း မှတ်သားရပါမည်၊၊

မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့်ကြောင်းနှင့်၊ သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူအားကျရလောက်သည့် ဖြောင့်မတ်မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊   
                   
ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေးတင်ပြ ထားသည့်အတိုင်း တွေ့ရပါသည်၊၊

ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတ သုတ်တွင် အကျဉ်းမျှဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အကျယ်ဖွင့်ဆို ထားသည်ကို လေ့လာရပါသည်၊၊

“လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၍၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိတတစ်ခု တည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊ 

အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက် တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊

အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ်သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင်စိတ်ဝင်စားသည့် “အလင်းစက်” စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊

မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်း သည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့အချိုးကျဖွဲ့စည်း တည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာသဖြင့် ထမင်းစားသည် ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊

အခြားသောမိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home. ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”

ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ်ဆွဲပြီး လုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်းများအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊

ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများ တွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောကတာဝန်ကျေပွန်သူ၊ လူလိမ္မာဟူ၍ခေါ် ဆိုထိုက်ပါတော့သည်၊၊

ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည်မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက်ကျိုးစား သင့်လှပါသည်၊၊ 

ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ်သင့်သည် ဟုယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါး ဖြင့်အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊

“အလင်းစက်”ရေးသားသမျှစာတမ်းများသည် ပညာရပ်သုတေသနဆန်စွာ ပညာရေးရှုဒေါင့်ဖြင့်ချည်းကပ်တင် ပြသည့်အတွက် ဘာသာရေးနှင့်ဘာသာရေးစာပေများအပေါ်တွင်  ရိုးရာအစွဲရှိသူများအနေဖြင့် ကြမ်းရှသည့်ရေး သားဟန်များအဖြစ် မြင်ရတတ်ပါသည်၊၊

ထို့အပြင် ရေးသားမှုတွင် အမှားပြုပြင်ဖွယ်ရာများနှင့်၊ မူလစာပေ၏အာဘော်နှင့်လွဲချော်သည့်ရေးသားချက် များတွေ့ရှိလျင် အကြံပြုဆွေးနွေးကြဖို့ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်အပ်ပါသည်၊၊ 

“အလင်းစက်”၀က်ဆိုက်တွင် ဗုဒ္ဓစာပေနှင့်အတွေးအခေါ်များကို လေ့လာဖတ်ရှုကြသူများအားလုံးတို့သည် ဗုဒ္ဓစာပေဖြင့်မိမိတို့၏ဘ၀ကို အလင်းပေးနိုင်သူများဖြစ်ကြပြီး၊ ကမ္ဘာ့လူအများကိုလည်း စာပေအလင်း၊ ဘ၀အ လင်းပေးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊        ၊၊



                                                                       အရှင်ကေ၀လ(အလင်းစက်) 
                                                                          {မဟာဝိဇ္ဇာ-သီရိလင်္ကာ} 
                                                                      မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                        ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊



{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊ ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊ အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်တို့ကိုကိုးကားလျက် ဤစာတမ်းကိုရေးသားအပ်ပါသည်၊၊}

အပြည့်အစုံသို့....

Friday, June 1, 2012

အစွမ်း အစ၊၊ ၊၊



ဘ၀တွင် အခြေခံအားဖြင့်ရရှိသင့်သည့် လိုအပ်ချက်ပန်းတိုင်များစွာရှိသည်၊၊ ပညာရေးပန်းတိုင်၊ စီးပွားရေးပန်း တိုင်၊ အိမ်ထောင်ရေးပန်းတိုင်နှင့်၊ ငြိမ်းချမ်းရေးပန်းတိုင်စသည်တို့ ဖြစ်ကြသည်၊၊

လူတိုင်း၏ဘ၀အတွက် ပညာရေးသည် အဓိကလိုအပ်သည်၊၊ စီးပွားရေးသည်လည်း အရေးပါသည့်လိုအပ်ချက် ဖြစ်သည်၊၊ ပညာရေးနှင့်စီးပွားရေးအောင်မြင်တိုးတက်မှုအပေါ်တွင်အခြေတည်၍ အိမ်ထောင်ရေးသာယာစိုပြည် မှုနှင့် ဘ၀ငြိမ်းချမ်းစွာနေနိုင်မှုတို့သည် အလိုအလျောက်ပြည့်စုံလာရသည်၊၊
 
ပညာရေးပန်းတိုင်ကို ရရှိသင့်သည့်အရွယ်ရောက်သည့်တိုင် မရရှိထားလျင် အများတကာအလယ်တွင် သိမ်ငယ် စိတ်၊ ယုံကြည်မှုကင်းမဲ့စိတ်၊ မ၀ံ့မရဲစိတ်တို့ဖြင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ၊ အယူအဆပိုင်းဆိုင်ရာပဋိပက္ခများ ၀င်ရောက်လာသည်၊၊

စီးပွားရေးသည်လည်း လူတိုင်းတွင်ပြည့်စုံသင့်သလောက် ပြည့်စုံစေရန်ကျိုးစားထားသင့်သည်၊၊ စီးပွားရေး မပြည့်စုံသည်လောက် ဘ၀အနေခက်၊ အနေကျပ်သည်ကို အထူးပြောဖွယ်လိုအပ်မည် မထင်ပေ၊၊ 

အရာရာတွင်အောက်တန်းနောက်တန်းကျခြင်း၊ မျက်နှာငယ်ခြင်း၊ လူတောမတိုးခြင်း၊ အစားအသောက်ခြွေတာ ရခြင်းများနှင့်၊ ပညာကိုပြီးဆုံးအောင် သင်ယူခွင့်မရခြင်းများမှာ စီးပွားရေးကိုအများတန်းတူ အောင်မြင်တိုးတက် သည်အထိ မကြိုးစားနိုင်၍ဖြစ်ရသည်၊၊

ထို့ကြောင့် နံပတ်တစ်အရေးကြီးဆုံးမှာ ပညာရပ်တစ်ခုကို နယ်ပယ်ဆုံးသည်အထိသင်ယူသင့်ပြီး၊ ဒုတိယအနေ ဖြင့် စီးပွားရေးတွင် အခြေကျလူလုံးလှအောင် ကြိုးစားရယူထားရန် လိုအပ်ပါသည်၊၊ ပညာရေးနှင့်စီးပွားရေးတွင် အတိုင်းအတာတစ်ခုအထိအောင်မြင်ပြီဆိုလျင်၊ အိမ်ထောင်ရေးနှင့် ဘ၀ငြိမ်းအေးမှုကိုတည်ဆောက်ရန် အခက် အခဲမရှိတော့ပေ၊၊

ပန်းတိုင်တစ်ခုသို့ ကြိုးပမ်းချီတက်ရာတွင် လူ၏အခြေခံစိတ်သဘောထားသည် များစွာပင်အရေးကြီးလှသည်၊၊ ဥပမာအားဖြင့် ပညာရပ်တစ်ခုကို ပြီးမြောက်အောင်မြင်သည်ထိသင်ယူရရှိရန် အချိန်များစွာနှင့်၊ ငွေများစွာပင် ကုန်ရတတ်သည်၊ မိသားစုနှင့်ဝေးရာတွင်လည်း နေရတတ်သည်၊၊

ပညာရပ်ပြီးဆုံးသောအခါ မည်သည့်ဆုလာဘ်ရရှိမည်နည်းဟု မေးခွန်းမေးခဲ့လျင် အဖြေမှာစမ်းတ၀ါးဝါးဖြစ်နေ တတ်သည်၊၊ ထိုသို့ဖြစ်ခြင်းကို အားမရဖြစ်ရာမှ၊ “ဘွဲ့ရတော့ ဘာလုပ်ရမှာတုန်း၊ ပါရဂူပြီးလျင်ဘယ်သူက ဘယ် တက္ကသိုလ်တွင် ပါမောက္ခခန့်မှာတုန်း”စသည်စသည်အတွေးများဖြင့် ပညာရပ်တစ်ခုကို ဆုံးခန်းတိုင်အောင် မသင်ယူတော့ဘဲ လမ်းကြောင်းပြောင်းကြသည့် လူငယ်များစွာကိုတွေ့ရသည်၊၊

ပညာရေးမှတပါး အခြားသောစီးပွားရေး၊ အိမ်ထောင်ရေးနှင့် ဘ၀ငြိမ်းချမ်းရေးတို့တွင်လည်း စီးပွားရေးအပေါ် သဘောထား၊ အိမ်ထောင်ရေးအပေါ်သဘောထားနှင့်၊ ငြိမ်းချမ်းရေးအပေါ်သဘောထားတို့မှာ အထူးအရေးကြီး လှသည်၊၊

ပညာမပြည့်မစုံဖြင့် လုပ်ငန်းနယ်ပယ်သို့ စွန့်စားလုပ်ကိုင်သောအခါတွင် စိတ်ထင်သလောက်ခရီးမပေါက်ဘဲ လမ်း လွဲများသို့သာကျရောက်ပြီး ဘ၀ပျက်ကြသည့်အခြေအနေဆိုက်ကြသည်များကို တွေ့ရပြန်သည်၊၊

လိုအပ်သည့်ပညာအရည်အသွေး အတိုင်းအတာတစ်ခုအထိမပါဘဲ အောင်မြင်သည့်လုပ်ငန်းဟူ၍ မရှိသည်ကို သဘောကျထားရန် အထူးလိုအပ်သည်၊၊ ထို့ကြောင့် နယ်ပယ်တစ်ခုတွင် တိုးတက်အောင်မြင်သည့် လူတော် တစ်ယောက်ဖြစ်ရန် ပညာရေးတစ်ခုခုကိုပြီးဆုံးအောင် သင်ယူသင့်လှသည်၊၊

ပညာရေးကြိုးစားလျက်ကပင် အတိုင်းအတာပညာရေးရင့်ကျက်မှုရရှိလာပြီဆိုလျင် စီးပွားရေးဆိုင်ရာအားထုတ် မှုတစ်ခုခုကို စတင်ကြိုးစားသင့်ပါသည်၊၊ ဆိုလိုသည်မှာ ပညာရေးသည် ခရီးရှည်ဖြစ်တတ်၍ ပညာရေးပြီးဆုံး သည်အထိမနေတော့ဘဲ ပညာရေးကိုသင်ယူလျက် စီးပွားရေးတစ်ခုခုကို အခြေစတင်ချထားရန်ဖြစ်ပါသည်၊၊

ထိုကဲ့သို ပညာရေးနှင့် စီးပွားရေးကိုယှဉ်တွဲလျက် ကြိုးစားလုပ်ကိုင်နိုင်လျင်“ကျွဲကူးရေပါ”ဟူသောမြန်မာစကား ကဲ့သို့ ပညာရေးဆုံးခန်းရောက်သည်နှင့် စီးပွားရေးသည်လည်း အစတည်ဆောက်ပြီးဖြစ်သောကြောင့် လက်တွေ့ ဘ၀နှင့်မကင်းသော ပညာရေးပုံစံကိုရရှိလိုက်ခြင်း ဖြစ်ပါသည်၊၊

ပညာသင်ယူပြီးဖြစ်ပါလျက် စာတစ်လုံးတစ်ပါဒမျှ မရေးရဲ မရေးတတ်၊ မပြောရဲ မပြောတတ်ဟုထင်နေသူ များ၊ ငွေကြေးလုံလောက်နေပါလျက် လုပ်ငန်းခွင်သို့ဝင်ရောက်မစွန့်စားရဲသူများကိုလည်းတွေ့ရသေးသည်၊၊ ဤ ကဲ့သို့ အခြေအနေများတွင်“အစွမ်းအစ”မရှိခြင်းဟုသာ သုံးသပ်ရပါမည်၊၊

အစွမ်းအစမရှိဖြစ်နေခြင်းကို အလွယ်ကူဆုံးကျော်ဖြတ်နည်းမှာ ပြောရန်အခွင့်အရေးကြုံလာပါက တမုဟုတ်ခြင်း ထပြောရန်ဖြစ်ပြီး၊ ရေးသားရန်အခွင့်အရေးကြုံလာလျင်လည်း အမြန်ဆုံးရေးသားလိုက်ရန်သာ ဖြစ်ပါသည်၊၊

ဆိုလိုသည်မှာ“အစရှိလျင် အစွမ်းပေါ်လာတတ်သည်”ဟူ၍ ဖြစ်ပါသည်၊၊ ပြောတတ်ပါလျက်မပြောရဲခြင်းမှာ စမပြောသေး၍ ဖြစ်သည်၊၊ ရေးတတ်ပါလျက် မရေးရဲခြင်းမှာလည်း စမရေးသေးသောကြောင့်  ဖြစ်ရပါသည်၊ လုပ်တတ်ပါလျက် မလုပ်ရဲခြင်းများမှာလည်း စပြီးမလုပ်ဖူးသေးသောကြောင့်သာဖြစ်ရကြောင်း မှတ်သားရပါ မည်၊၊

လုပ်ငန်းတစ်ခုကို စွန့်စားရန်အစွမ်းအစမရှိဖြစ်နေခြင်းမှာလည်း အခွင့်အရေးပေါ်လာသည့်လုပ်ငန်းကို အကောင် ထည်ဖော်ပြီး စမလုပ်ဖူးသေးသောကြောင့်သာ ဖြစ်ရပါသည်၊၊ အစရှိသွားသောအခါ မိမိတွင်ငုတ်လျိုးနေသော အစွမ်းများပေါ်ပေါက်လာပြီး အောင်မြင်သည့်ဟောပြောသူ၊ စာရေးသူအဖြစ်ထင်ပေါ်လာတတ်ပြီး၊ စီးပွားရေးတွင် လည်း အောင်မြင်သည့်စီးပွားရေးသမား ဖြစ်လာနိုင်ပါသည်၊၊

မှန်စင်စစ် ထိုက်သင့်သည့်ပညာနှင့် စီးပွားအရင်းအနှီးရရှိပြီးလျင် ဘ၀တိုးတက်အောင်မြင်မှုလုပ်ငန်း နယ်ပယ် တစ်ခုခုကို စတင်ပြုလုပ်ရန်သာဖြစ်ပါသည်၊၊ ပညာသင်ပြီးလျက်က ပညာရေးနှင့်ဆက်စပ်သည့်အလုပ်ကို မပြု လုပ်ခြင်း၊ အရင်းအနှီးရှိပြီးပါလျက် လုပ်ငန်းမတည်ထောင်ခြင်းများမှာ ထိုပညာနှင့်အရင်းအနှီးကို ထိုင်းမှိုင်းစေမှု များသာဖြစ်ပါသည်၊၊

ပါဠိစာပေတွင် စွမ်းအားငါးမျိုးကို ဖော်ပြထားပါသည်၊၊ စာရှုသူအနေဖြင့် မိမိတွင်ဆွေးနွေးတင်ပြမည့် စွမ်းအားငါး မျိုးမရှိသေးလျင် ရယူပျိုးထောင်ရမည်ဖြစ်ပြီး၊ ရှိပြီးဖြစ်လျင်ပို၍သန်မာအောင် လေ့ကျင့်ရန် ဖြစ်ပါသည်၊၊

(၁) ယုံကြည်ချက်စွမ်းအား၊
(၂) လုံ့လစွမ်းအား၊
(၃) အမှတ်သတိစွမ်းအား၊
(၄) လေးနက်တည်ကြည်မှုစွမ်းအား၊
(၅) ပညာစွမ်းအား၊၊


“ယုံကြည်ချက်စွမ်းအား”
ယုံကြည်ချက်မရှိဘဲ မည်သည့်လုပ်ငန်းမျိုးမှ အောင်မြင်တိုးတက်ရန် မဖြစ်နိုင်ပေ၊၊ မိမိတွင် အမှန်တကယ်ရှိသော အရည်အခြင်းနှင့်၊ စွမ်းရည်အပေါ်အခြေတည်၍ အကောင်အထည်ဖော်မည့်လုပ်ငန်းသည် အောင်မြင်ရမည်၊ တိုးတက်ရမည်ဟု ယုံကြည်စိတ်ချမှုရှိခြင်းကို ယုံကြည်မှုစွမ်းအားရှိခြင်းဟု ခေါ်ပါသည်၊၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့်နေရာတိုင်းတွင် ယုံကြည်ချက်စွမ်းအား မဖြစ်မနေလိုအပ်ပါသည်၊၊

ယုံကြည်ချက်မရှိဘဲ “ဖြစ်မှ ဖြစ်ပါ့မလား၊ ရှုံးများ ရှုံးလေမလား”စသည်ဖြင့် မိမိ၏အစွမ်းအစကို စိတ်မချ၊ လုပ် ငန်းအပေါ်မယုံကြည်မှုများဖြင့် အကောင်အထည်ဖော်လျင် သေခြာပေါက် ရှုံးနိမ့်ဖို့ပင်ဖြစ်တော့သည်၊၊

 လုပ်ငန်းတစ်ခု၊ နယ်ပယ်တစ်ခုတွင် အခြေချလုပ်ကိုင်မည့်သူသည် မိမိ၏အစွမ်းအစနှင့်၊ လုပ်ငန်းကို ‘အကြွင်း မဲ့အောင်မြင်ရမည်၊ တိုးတက်ရမည်’ဟု ယုံကြည်ချက်ရှိခြင်းသည် လုပ်ငန်းအောင်မြင်တိုးတက်စေရန် အထူး လျို့ဝှက်ချက်ပင် ဖြစ်ပါသည်၊၊ 

“လုံ့လစွမ်းအား”
အားထုတ်မှု‘လုံ့လစွမ်းအား’သည် လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်ရန် အရေးအပါဆုံးလိုအပ်ချက် ဖြစ်ပါ သည်၊၊ 

ဘ၀ရပ်တည်မှုအတွက် လုပ်ငန်းနယ်ပယ်တစ်ခုကို အတိအကျသတ်မှတ်ပြီးလျင်၊ အစွမ်းကုန်ကျိုးစားခြင်း၊ ကိုယ် စိတ်နှစ်လျက်ကျိုးစားခြင်းကို လုံ့လစွမ်းအားရှိခြင်းဟု ခေါ်ပါသည်၊၊ မည်သည့်အလုပ်တွင်မဆို လုံ့လစွမ်းအားအ ပြည့်အ၀ဖြင့် အချိန်ယူလုပ်ကိုင်ပါလျင်လုံးဝသေခြာပေါက်အောင်မြင်တိုးတက်ပြီး၊ ဘ၀အခြေခံခိုင်မာမှုကိုပေး တတ်သည်ချည်းဖြစ်ကြောင်း မှတ်သားရပါမည်၊၊


“အမှတ်သတိစွမ်းအား”
နမော်နမဲ့ပေါ့ပေါ့ဆဆဖြင့် မည်သည့်နယ်ပယ်တွင်မှ အောင်မြင်သူမဖြစ်နိုင်ကြောင်း ထင်ရှားပါသည်၊၊ စီး ပွားရေးလောက ပညာရေးလောကများတွင် အောင်မြင်ကြသည့်သူများစွာတို့၏အတ္ထုပ္ပတ္တိများကို လေ့လာကြည့် လျင် လေးနက်သည့်သတိစွမ်းအားများရှိကြသည်ကို တွေ့ရပါမည်၊၊

တွေ့မြင်ကြားသိရသမျှ သတင်းနှင့်အတင်းအချက်များကို အသေးစိတ်လေ့လာသုံးသပ်တတ်ခြင်း၊ ရန်သူနှင့်မိတ် ဆွေကိုခွဲခြား၍သတိပြုတတ်ခြင်း၊ အခြေအနေနှင့်အချိန်အခါတို့၏ပြောင်းလဲမှုကို မှတ်သားတတ် ခြင်းများကို သတိစွမ်းအားကောင်းသည်ဟု ခေါ်ပါသည်၊၊

သတိစွမ်းအားကိုသာ ခိုင်မာစွာတည်ဆောက်နိုင်လျင် ဘ၀တွင်အောင်မြင်တိုးတက်ပြီး၊ ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ်နှင့် ထိုက်တန်ပါတော့သည်၊၊


“လေးနက်တည်ကြည်မှု စွမ်းအား”
ကြီးမားသည့် လုပ်ငန်းနှင့်နေရာတွင် ထည်ဝါခန့်ငြားစွာနေနိုင်ပြီး၊ အောင်မြင်တိုးတက်လိုသူအတွက် အနေအထိုင် တည်ကြည်လေးနက်မှုရှိခြင်းသည် လိုအပ်သည့်စွမ်းအားတစ်ခုဖြစ်ပါသည်၊၊

လေးနက်တည်ကြည်မှုဟုဆိုရာတွင် အတွေးအခေါ်လေးနက်ခြင်း၊ လှုပ်ရှားလုပ်ကိုင်ပုံလေးမှုရှိခြင်း၊ ပြောဟန် ဆိုဟန်လေးနက်မှုရှိခြင်းတို့အပြင်၊ ၀တ်စားဆင်ယင်မှုလေးနက်တည်ကြည်မှုရှိခြင်းကိုပါ ဆိုလိုပါသည်၊၊

အချို့နေရာများတွင် နေရာနှင့်အခြေအနေကို မသုံးသပ်ဘဲပြောဆိုမိခြင်း၊ ၀တ်စားဆင်ယင်မှုလွဲမှားခြင်း၊ ကလေး ကလားဆန်သည့်ပြုမူလုပ်ကိုင်ပုံအမူအရာများမှာ အသေးအမွှားမျှပင်ဖြစ်သော်လည်း၊ မိမိ၏မရင့်ကျက်မှုကိုဖော် ပြရာရောက်သည့်အတွက် အထူးသတိထားဆင်ခြင်ရန် လိုအပ်လှပါသည်၊၊

စကားပြောဟန်ဆိုဟန် လေးနက်လျက်၊ ကိုယ်ဟန်တည်ကြည်ပြီး အ၀တ်အစားသေသပ်စွာ ၀တ်ဆင်တတ်သူ ကို အများကအလေးထားမြတ်နိုးတတ်သည်ကို တွေ့ရသည်၊၊ ထို့ကြောင့် ဘ၀တွင်တိုးတက်အောင်မြင်ပြီး၊ အ များ၏အလေးထားမှုကိုရရှိလိုသူအဖို့ လေးနက်တည်ကြည်မှုစွမ်းအားကို တည်ဆောက်ရန်လိုအပ်ကြောင်း မှတ် သားသင့်ပါသည်၊၊

 
“ပညာစွမ်းအား” 
ဘ၀တွင်“ပညာစွမ်းအား”မည်မျှ အရေးပါအရာရောက်ပုံကို အထူးတတည်ရေးသားဆွေးနွေးရန်ပင် လိုအပ် မည်မထင်ပါ၊ အဘယ့်ကြောင့်ဆိုသော်နေစဉ်ဘ၀တွင် မည်သည့်လှုပ်ရှားမှုမျှ ပညာမပါဘဲမပြီးစီးနိုင်သောကြောင့် ဖြစ်ပါသည်၊၊

လူ့အဖွဲ့အစည်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးနှင့် အရေးအရာ အားလုံးတွင် ပညာစွမ်းအားသည် အရေးအကြီးဆုံးလိုအပ်လှပါသည်၊၊ ရင့်ကျက်သည့် ပညာမပါဘဲပြောဆိုသမျှ၊ လုပ်ကိုင် သမျှတို့သည် လုပ်ကိုင်စဉ်တွင်မမြင်သာသော်လည်း၊ အချိန်နှောင်းသောအခါ ပြင်ရန်ခက်သောအမှားကြီးများ ဖြစ်နေတတ်သည်ကို တွေ့ရတတ်သည်၊၊

ရင့်ကျက်သည့်ပညာမပါဘဲ ပြုလုပ်ခဲ့မိသည်များကို တွေ့ရသောအခါပြုပြင်လိုလျင် ပြုပြင်နိုင်သည်ချည်းသာ ဖြစ်ပါ သည်။ သို့သော်“လူဟူသည် သူတကာအမှားကို မြင်တတ်သမျှ၊ ကိုယ်တိုင်၏အမှားကိုမူ လက်ခံနိုင်ခဲ သည့်စိတ် အခြေအနေရှိတတ်ပါသည်၊၊”

ဤသို့ဖြင့် အမှားတစ်ခုကိုပြုလုပ်မိပြီး နောက်ထပ်အမှားတစ်ခုဖြင့်ဖုံးအုပ်ရန်ကျိုးပမ်းရာမှ အမှားများစွာကိုဆက် တိုက်ပြုလုပ်မိပြီး၊ “လူမိုက်ကြီးများ၊ လူကြမ်းကြီးများ၊ ဆိုးညစ်သူကြီးများ”ဟုကင်ပွန်းတပ်ခံရသည့်“ကမ္ဘာ့ ဆိုးပေကြီး”များစွာကိုလည်း တွေ့ရတတ်ပါသေးသည်၊၊ ထို့ကြောင့်နေရာတကာတွင် ပညာစွမ်းအားအထူးလို အပ်လှကြောင်း ဆိုရပါသည်၊၊

အထူးသတိပြုသင့်သည်မှာ အရွယ်နှင့်ပညာချိန်ခွင်မညီမျှသူများအနေဖြင့် မိမိ၏သိမ်ငယ်စိတ်ကိုဖုံးကွယ်ရန် အတွက် မရှိသည့်အစွမ်းအစနှင့်ပညာကိုပိုမိုဟန်ပြပြီး၊ အရှိန်လွန်ကာမှ အရှိန်ကိုမထိမ်းနိုင်တော့ဘဲ အမြင့် မှလျောကျတတ်သည်ကို သတိပြုရပါမည်၊၊

အရွယ်နှင့်အမျှ တတ်ထိုက်သည့်ပညာကိုတတ်ပြီး၊ ရသင့်သမျှပညာကိုရရှိထားစေရန် ကျိုးစားထားသင့်လှပါ သည်၊၊ ရင့်ကျက်သည့်ပညာဖြင့်တွေးခေါ်ဆင်ခြင်ပြီး၊ စီမံကိန်းတစ်ခုကိုစနစ်တကျပြင်ဆင်၍ အကောင်အ ထည်ဖော်လုပ်ကိုင်လျင် အောင်မြင်မှုကိုရရှိရန် သေခြာလှပါသည်၊၊

အထက်တွင်ဆွေးနွေးတင်ပြထားသည့် စွမ်းအားငါးမျိုးနှင့်ပြည့်စုံလျင်မဆိုထားဘိ၊ တစ်မျိုးနှင့်အပြည့်အ၀ပြည့်စုံ လျင်ပင် ဘ၀တစ်ခုအတွက်လုံခြုံစိတ်ချနိုင်သည့် အောင်မြင်မှုကိုရရှိနိုင်သည်ဟု ပါဠိစာပေတွင်ဖော်ပြထားသည် ကိုလေ့လာရပါသည်၊၊ စွမ်းအားငါးမျိုးလုံးနှင့်ပြည့်စုံလျင်မူ ဆိုဖွယ်ရာမရှိ၊ စိတ်တိုင်းကျသည့်ဘ၀အောင်မြင်မှု ပန်းတိုင်ကို ရရှိမည်ဖြစ်ပါသည်၊၊


“အလင်းစက်”စာဖတ်ပရိသတ်များ အစွမ်းငါးမျိုးကိုရရှိပြည့်စုံအောင် ကြိုးစားနိုင်ကြပြီး၊ ပညာရေး၊ စီးပွားရေး၊ ဘ၀ငြိမ်းချမ်းရေးပန်းတိုင်များကို အလွယ်တကူရယူဖန်တီးနိုင်ကြပါစေကြောင်းအာသီသပြုလျက်“အစွမ်းအစ” စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊               ၊၊



                                                                                  အရှင်ကေ၀လ(အလင်းစက်)
                                                                                    {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
                                                                                မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                                  ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

(မှတ်ချက်/ ဗိုလ်(၅)ပါး၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၊ ကိုကိုးကားလျက် ဤစာတမ်းကို ရေးသားအပ်ပါ သည်၊၊)

အပြည့်အစုံသို့....

Monday, May 7, 2012

မိတ်ဆွေနှင့် ကျင့်ဝတ်၊၊ ၊၊


လူဟူသည် ခြင်္သေ့များကဲ့သို့ဘ၀တွင်တစ်ယောက်တည်း ရပ်တည်၍ရသော သတ္တ၀ါအမျိုးအစားမ ဟုတ်ချေ၊၊ အစုလိုက်နေထိုင်အသက်ရှင်ရသော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်မျိုးဖြစ်သည်၊၊ အဖွဲ့အစည်းနှင့်နေထိုင် ရသောကြောင့်ပင် မိတ်ဆွေသူငယ်ချင်းဟူ၍ ရှာမှီးပေါင်းသင်းကြရသည်၊၊

မိတ်ဆွေသူငယ်ချင်းကောင်းကိုရှာဖွေရရှိ၍ ပေါင်းသင်းခွင့်ရလျင်ရသလောက် နေ့စဉ်ဘ၀တွင်ပျော်ရွှင် အေးချမ်းရရုံမျှမက ဘ၀တွင်တိုးတက်မှုရှိတတ်ပြီး၊ မိတ်ဆွေသူငယ်ချင်းကောင်းကိုမရရှိသဖြင့်တွေ့ရသူနှင့်သာ အတူနေထိုင်ပေါင်း သင်းရသောသူများသည် ပျော်ရွှင်မှုဆိတ်သုဉ်းပြီး၊ ဘ၀တိုးတက်မှုတွင် နှောင့်နှေးရတတ်သည်ကို တွေ့ရသည်၊၊

“လူတစ်ကိုယ် စိတ်တစ်မျိုး”ဟူ၍ မြန်မာစကားပုံရှိပါသည်၊၊ လောကကြီးထဲတွင် သာမန်ထက်ထူးဆန်းသည့် စိတ်ဆန်းရှိသူများကိုနေရာတိုင်းတွင်တွေ့ရတတ်ပါသည်၊၊ တစ်ခုခုတွင်သာမန်ထက်လွန်ကဲပိုလွန်သည့် စိတ် အခြေအနေရှိသူများကို “စိတ်ဆန်းရှိသူ”ဟုခေါ်ရကြောင်း မှတ်သားရပါသည်၊၊

ထိုကဲ့သို့သူများနှင့် အတူမနေသင့်ကြောင်းကိုလည်း မှတ်သားရပါမည်၊၊ အခြေအနေအရအတူနေထိုင်ရလျင် ရှုပ်ထွေးသည့်အခြေအနေများအတွင်းသို့ ကျရောက်ရတတ်ပြီး၊ ပြဿနာမျိုးစုံကိုရင်ဆိုင်ရ တတ်လေသည်၊၊
ယနေ့ခေတ်တွင် မြန်မာအမျိုးသ္မီး/ အမျိုးသားများစွာတို့ မလေးရှား၊ စင်္ကာပူ၊ ဒူဘိုင်း၊ အစရှိသည့်နိုင်ငံ များသို့ နေထိုင်အလုပ်လုပ်ကြသည်ကို တွေ့ရသည်၊၊ နိုင်ငံခြားနိုင်ငံများတွင်အခြေအနေအရ ယ္ခင်ကမသိခဲ့ဖူး သူများ၊ ခင်မင်ခဲ့ပြီးသည့်တိုင် အတွင်းသဘောကိုသေခြာမသိရသူများနှင့် တိုက်ခန်းတစ်ခန်းတည်းတွင် စုပေါင်းနေထိုင်ကြရသည်၊၊


ထိုကဲ့သို့ လွတ်လပ်သည့်နိုင်ငံများတွင် လူငယ်တို့အတူနေရသောအခါ အဆင်မပြေမှုများစွာ၊ ပြဿနာများစွာတို့ ဖြစ်ကြရသည်ကို ကြားသိရသည်၊၊ ပြဿနာများကိုလေ့လာကြည့်လျင် ကြီးမားလှသည်မဟုတ်သည်ကို လည်း တွေ့ရသည်၊၊ 


ရေပြဿနာ၊ လျပ်စစ်မီးပြဿနာ၊ အိပ်ချိန်ပြဿနာနှင့် အသံပြဿနာအသေးစားလေးများမျှသာဖြစ် နေပါသည်၊၊ အသေးအမွှားပြဿနာလေးများကို ပြေလည်အောင်ဆွေးနွေးညှိနှိုင်းမှုမပြုကြဘဲ ကွယ်ရာတွင်ပြောဆိုမိကြရာမှ အတင်းအဖျင်းပြောသည့်အဖြစ်သို့ရောက်ကြပြီး ပြဿနာများကြီးထွားလာကြ ခြင်းဖြစ်သည်၊၊

အမှန်စင်စစ် မိမိ၏သဘောဆန္ဒကိုချည်း ဦးစားမပေးဘဲ၊ အတူနေသူများ၏လွတ်လပ်မှုနှင့် ဆန္ဒသဘောထား များကို သည်းခံစိတ်ဖြင့်အလေးပေးပြီး အတူနေထိုင်ထိုင်နိုင်ကြလျင် ပြဿနာများမှကင်းဝေးပြီး၊ ရေခြားမြေခြား တွင်မြန်မာလူမျိုးခြင်း ပိုမိုချစ်ခင်လာကြမည်ဖြစ်သည်၊၊


လူတို့သည် မည်သည့်နေရာတွင်မဆို မိမိကသာဦးစားပေးခံလိုသည်၊ အသာစီးရလိုကြသည်ကို တွေ့ရသည်၊၊ မိမိ၏အရေးကိစ္စနှင့်အလုပ်သည်သာအရေးပါပြီး၊ တခြားသူ၏အရေးအရာကိစ္စနှင့်အလုပ်သည် ဘာမှမဟုတ်၊ အပိုအလုပ်များဟုလွဲမှားစွာ ထင်မြင်နေတတ်ကြသည်၊၊


ထို့သို့ယူဆကြရာမှ ပတ်ဝန်းကျင်ကိုအရေးမထားမှုများ၊ စော်ကားမှုများနှင့်အတူ မိမိအခြေအနေကို ရှိသည်ထက် ပိုမိုဟန်ပြမိကြရာမှ အခြင်းခြင်းမျက်မုန်းကျိုးပြီး၊ အတူနေရန်မဖြစ်နိုင်တော့သည့်အခြေ အနေဆိုးများသို့ဦးတည် မိလျက်သားဖြစ်ရတော့သည်၊၊


ပတ်ဝန်းကျင်နှင့်အတူနေထိုင်ရာတွင် မှတ်သားရန်အလွန်ကောင်းသည့် စကားတစ်ခုရှိပါသည်၊၊ “တစ်ယောက် တည်းနေလျင် တစ်စိတ်တည်းထား၊၊ နှစ်ယောက်အတူနေလျင် နှစ်စိတ်ထားရမည်၊၊”ဟူ၍ ဖြစ်ပါသည်၊၊


ပါဠိစာပေတွင် မိတ်ဆွေခြင်းဆက်ဆံပုံများ၊ ကျင့်ဝတ်များ၊ ပေါင်းသင့်သည့်မိတ်ဆွေနှင့် မပေါင်းသင်းအပ်သည့် မိတ်ဆွေဟူသည်များကို အကျယ်တ၀င့်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “မိတ္တသုတ္တံ”အမည်ဖြင့် သုတ်ပေါင်း ငါးသုတ်တွင် မိတ်ဆွေနှင့်ဆက်စပ်၍ ဆွေးနွေးဖော်ပြထားသည်ကို စာဖတ်သူတို့ အား တင်ပြလိုပါသည်၊၊


“ခရီးသွားတစ်ခုကိုသွားရာတွင် အတူသွားဖော်သည် ‘မိတ်ဆွေ’ဖြစ်သည်၊၊
နေထိုင်ရာအိမ်တွင်မိခင် သည် ‘မိတ်ဆွေ’ဖြစ်သည်၊
လုပ်ငန်းတစ်ခုကိုပြုလုပ်ရာတွင် အတူလုပ်ဖော်ကိုင်ဖက်ကို ‘မိတ်ဆွေ’ဟုခေါ်တွင်ကြောင်း”ဗုဒ္ဓရှင်တော် သည် ညွန်ပြထားပါသည်၊၊


လူတစ်ယောက်အတွက် “မိတ်ဆွေစစ်နှင့် မိတ်ဆွေတု”ကိုခွဲခြားသိသာစေရန် မြတ်စွာဘုရားရှင်သည် ခွဲခြားပြ ထားပါသည်၊၊ မိတ်ဆွေစစ်ဟူသည် ကိုယ်ကျိုးထက် မိမိချစ်ခင်သောမိဆွေ၏အကျိုးကိုသာ အလေးထားတတ် သည်ဖြစ်ရကား ဖော်ပြပါစွမ်းရည်များနှင့်ပြည့်စုံသူဖြစ်ကြောင်း ပါဠိစာပေတွင်ဖော်ပြထားပါသည်၊၊

(၁) ပေးနိုင်ခဲသည်ကို ပေးနိုင်ခြင်း၊ (ပစ္စည်းဥစ္စာအကူအညီပေးခြင်း)
(၂) ပြုနိုင်ခဲသည်ကို ပြုနိုင်ခြင်း၊ (လုပ်အားအကူအညီပေးခြင်း)
(၃) သည်းခံနိုင်ခဲသည်ကို သည်းခံနိုင်ခြင်း၊၊ (သည်းခံခြင်း)

အထက်တွင်ဖော်ပြဆွေးနွေးထားသည့် မိတ်ဆွေစစ်၏အရည်အသွေးသုံးမျိုးကို၊ မိတ်ဆွေကျင့်ဝတ် သုံးမျိုး ဟု လည်း ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်၊၊ မှန်ပါသည်၊၊ မိတ်ဆွေစစ်တို့သည် တစ်ဦးလိုအပ်လျင်တစ်ဦးမှမိမိ၏ပိုင်ဆိုင်မှု ကို ဝေငှသုံးစွဲရန်စေတနာရှိရပါမည်၊၊


မိမိအပေါင်းအသင်းမိတ်ဆွေ၏အကျိုးနှင့် တိုးတက်မှုကိုလည်းအချိန်အခါမရွေး ပြုလုပ်ဆောင်ရွက်ပေးနိုင်ရပါ မည်၊၊ 


အတူနေထိုင်၍ပေါင်းသင်းဆက်ဆံရာတွင်လည်း တွေ့ရသည့်အပြစ်နှင့်အမှားလုပ်ရပ် များကို ပြုပြင်ထိမ်းသိမ်းပေး တတ်ရပြီး၊ လိုအပ်လျင်သည်းခံနိုင်သူလည်း ဖြစ်ရပါမည်၊၊ ဤသည်များမှာ မိတ်ဆွေကျင့်ဝတ်များ ဖြစ်ပါသည်၊၊


ထို့အပြင် မိတ်ဆွေကောင်းတို့တွင် ရှိသင့်သည်အရည်အသွေးများမှာ “အဆင့်တူထား၍ဆက်ဆံခြင်း၊ ခံ စားချက်ကို နားလည်မှုပေးခြင်း၊ ကူညီခြင်း၊ ဦးစားပေးခြင်း၊ အလေးအနက်စကားပြောခြင်း၊ အခြင်း ခြင်းသင်ပြမှုရှိခြင်း၊ ယုံကြည်မှုရှိခြင်း၊ အပေးအယူမျှတခြင်း၊ ချစ်ခင်မေတ္တာရှိခြင်း”စသည်တို့သည် မိတ်ဆွေစစ်တို့တွင် ရှိသင့်သောအရည်အသွေးများဖြစ်ပါသည်၊၊


လူတစ်ယောက်၏နေ့စဉ်ဘ၀တွင် ဆွေးနွေးတင်ပြမည့် မိတ်ဆွေပေါင်းသင်းဆက်ဆံမှုဆိုင်ရာ ချို့ယွင်းအားနည်း ချက်များပြည့်စုံနေလျင် ထိုသူ၏ဘ၀တွင် ကိုယ်ကျင့်တရားတိုးတက်မှုနှင့် ဘ၀တိုးတက်အောင်မြင်မှုကို မရ ရှိနိုင်ကြောင်း ကိုမှတ်သားရပါမည်၊၊


(၁) ယုတ်မာသောမိတ်ဆွေရှိခြင်း၊
(၂) ယုတ်မာသောမိတ်၏ အပြုအမူကိုစိတ်တိမ်းညွတ်ခြင်း၊
(၃) ယုတ်မာသောမိတ်ဆွေကို အထူးခင်မင်ခြင်း၊
(၄) ယုတ်မာသောမိတ်ဆွေနှင့်အတူနေခြင်း၊
(၅) ယုတ်မာသောမိတ်ဆွေနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊
(၆) ယုတ်မာသောမိတ်ဆွေ၏အမူအကျင့်ကို အတုခိုးခြင်း၊

လူတိုင်း၏ဘ၀တွင် မိတ်ဆွေမရှိလျင် ရပ်တည်ရန်ခက်ခဲလှပါသည်၊၊ သို့သော် အချို့သောမိတ်ဆွေများ သည် ပေါင်းသင်းဆက်ဆံသူအားအကျိုးတစ်စုံတရာကိုမဖြစ်စေဘဲ ပြဿနာမျိုးစုံကိုဖန်တီးယူဆောင် တတ်သည် ကို တွေ့ရတတ်ပါသည်၊၊ 

မိတ်ဆွေရှာဖွေရာတွင် အောက်ဖော်ပြပါအမူအကျင့်ရှိသူများကိုမိတ်ဆွေအဖြစ် မပေါင်းသင်းရန် ဗုဒ္ဓရှင်တော်မှ သတိပေးလမ်းညွှန်ထားပါသည်၊၊

(၁) အခိုင်းများသောသူမျိုး/ အကူအညီများစွာတောင်းလေ့ရှိသူမျိုး၊
(၂) ပြဿနာကိုပြုလေ့ရှိသူမျိုး/ စရိုက်ကြမ်း၊ စိတ်ကြမ်းရှိသူမျိုး၊
(၃) ဆန့်ကျင်ဘက်ပြောလေ့ရှိသူမျိုး/ ငါသိ ငါတတ်စကားပြောလေ့ရှိသူမျိုး၊
(၄) အသွားအလာများသူမျိုး/ အိမ်တကာလည်ပတ်တတ်သူမျိုး၊
(၅) ရည်ရွယ်ချက်မရှိလှည့်လည်လေ့ရှိသူမျိုး၊၊

တင်ပြဆွေးနွေးထားသည့် သူမျိုးများနှင့်မိတ်ဆွေအဖြစ် အတူနေပေါင်းသင်းဆက်ဆံခြင်းဖြင့် ဘ၀တွင် တိုး တက်အောင်မြင်မှုနှင့် အေးချမ်းသာယာမှုကိုမရရှိနိုင်ကြောင်း လေ့လာရပါသည်၊၊


ထိုကဲ့သိုသဘောထားရှိသူများနှင့် မိတ်ဆွေအဖြစ်ပေါင်းသင်းဆက်ဆံမှု မပြုသင့်ကြောင်းနှင့်၊ အတူနေထိုင်ခြင်း ဖြင့်အကျိုးမရှိရုံမျှမက၊ တိုးတက်မှုတွင်အန္တရာယ်ပင်ဖြစ်တတ်ကြောင်း မှတ်သားရပါမည်၊၊ ထို့ကြောင့် မိမိနှင့်စိတ် တူသဘောတူသည့် မိတ်ဆွေကိုရှာဖွေမရခဲ့လျင် တစ်ဦးတည်းနေသည်ကသာပိုမိုကောင်းမွန်ကြောင်း သိမြင်ရ ပါမည်၊၊


လူတချို့သည် အတွေးအခေါ်တစ်ခုသို့ချည်းကပ်ရာတွင် များစွာအဆိုးမြင်တတ်သည်ကို တွေ့ရသည်၊၊ ထို့ပြင် အလုပ်ဟူသည်ကို မလုပ်ရသေးခင်က ဖြစ်နိုင်ခြေမရှိသည်များကိုသာ စိတ်တိမ်းညွတ်ကြံစည်၊ ယူဆတတ်သည် သူများကို တွေ့ရသည်၊၊

အင်္ဂလိပ်စာတွင် ထိုကဲ့သို့စိတ်ပိုင်းဆိုင်ရာအခြေအနေရှိသူများကို Negetive View အဆိုးမြင်သူများဟူ၍ လည်းကောင်း၊ Pessimismဟုလည်းကောင်း ခေါ်ဆိုကြပါသည်၊၊ တစ်ခါတရံအလုပ်တစ်ခု စီမံကိန်းတစ်ခု အတွက် ထိုသို့သောသူများကို တိုင်ပင်မိလျင် စိတ်ဓာတ်များယိမ်းယိုင်ေ၀၀ါးပြီး၊ မည်သည့်အခါမျှလုပ်ငန်း အကောင်အထည်ဖော်နိုင်သည်ဟူ၍ မရှိတော့ချေ၊၊


ထို့ကြောင့် ဘ၀နှင့် ခံစားမှု၊ လုပ်ငန်း၊ စီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ရန် ဆွေးနွေးတိုင်ပင် သည့်အခါ အထက်တွင်ဆွေးနွေးတင်ပြထားသည့် “မဖြစ်၊ မဟုတ်၊ မရှိ၊ မဖြစ်နိုင်၊ ခက်ခဲသည်၊ မလွယ်ကူ”စသည့် စကားလုံးများကို တွင်ကျယ်စွာသုံးနှုံးတတ်သူများကို ဝေးဝေးကရှောင်ရှားသင့်ကြောင်းအ ကြံပြုလိုပါသည်၊၊


ဤတွင် “မိတ်ဆွေနှင့်၊မိတ်ဆွေကျင့်ဝတ်”များအကြောင်းဆွေးနွေးတင်ပြမှု အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟု ယူဆပါသည်၊၊ စင်္ကာပူ၊ ဒူဘိုင်း၊ မလေးရှားမှအကြံတောင်းကြသည့် “အလင်းစက်”စာဖတ်သူများအတွက်ရည် ညွှန်း၍ ဤစာတမ်းကိုပါဠိစာပေကျမ်းကြီးများတွင်ဖော်ပြထားသည့် မိတ်ဆွေစစ်နှင့်၊ မိတ်ဆွေကျင့်ဝတ်ဆိုင်ရာ ဖွင့်ဆိုချက်များကိုကိုးကား၍ ရေးသားတင်ပြခြင်းဖြစ်ပါသည်၊၊


"၀ိဿာသ ပရမာ ညာတိ=ခင်မင်သူမိတ်ဆွေ သူငယ်ချင်းများသည် မိမိဘ၀တွင်တိုးတက်မှုနှင့် ချမ်းသာပျော်ရွှင် မှုအတွက် အကောင်းဆုံးမိတ်ဆွေများဖြစ်သည်"ဟု မြတ်စွာဘုရားရှင်သင်ပြတော်မူထားပါသည်၊၊ "အလင်းစက်" စာရှုသူများ မိတ်ဆွေကောင်းများကို ရှာဖွေပေါင်းသင်းဆက်ဆံကြပြီး၊ ဘ၀တွင်စိတ်ချမ်းသာမှု၊ တိုးတက်မှုများနှင့် အတူ၊ လူသားအကျိုး၊ ပတ်ဝန်းကျင်အကျိုးများကို ထမ်းဆောင်နိုင်ကြပါစေကြောင်းဆန္ဒပြုလျက် ဆွေးနွေးတင် ပြမှုစာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊          ၊၊         


     
     
{Sources/ မိတ္တသုတ်၊သံယုတ္တနိကာယ်နှင့်၊ မိတ္တသုတ်၊ အင်္ဂုတ္တရနိကာယ်၊တ-ပံ-ဆ-တို့ကို ကိုးကား လျက် ဆွေးနွေး တင်ပြအပ်ပါသည်၊၊}
                                                                         
အရှင်ကေ၀လ(အလင်းစက်)
                                                                             
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
                                                                         
မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                          
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
                                                                                  
 (01/05/2012)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP