Monday, September 24, 2012

တရားရရှိခြင်း၊၊ ၊၊




ရပ်ကွက်ထဲတွင် ပေတေဆိုးသွမ်းနေသည့် လူတစ်ယောက်သည် အသိတရားရပြီးလိမ္မာလာခဲ့လျင် “ဒီလူတော့ တရားရသွားပြီ”ဟုပြောလေ့ရှိပါသည်၊၊

“တရားရရှိခြင်း”ဟူသောဝေါဟာရတွင် “တရား”ဆိုသောစကားလုံးကို တိကျသည့်အဓိပ္ပါယ်သတ်မှတ် ရန်လိုအပ်ပါသည်၊၊ ဗုဒ္ဓဘာသာတွင် လောကုတ္တရာတရား(၉)မျိုးမှ တစ်မျိုးမျိုးရရှိသွားခြင်းကို တရားရ ရှိသည်ဟု ခေါ်ရပါသည်၊၊

     (၁) သောတာပတ္တိမဂ်၊
     (၂) သကဒါဂါမိမဂ်၊
     (၃) အနာဂါမိမဂ်၊
     (၄) အရဟတ္တမဂ်၊
     (၅) သောတာပတ္တိဖိုလ်၊
     (၆) သကဒါဂါမိဖိုလ်၊
     (၇) အနာဂါမိဖိုလ်၊
     (၈) အရဟတ္တဖိုလ်၊
     (၉) နိဗ္ဗာန်၊

အထက်တွင် ဖော်ပြထားသည့် မဂ်(၄)မျိုး၊ ဖိုလ်(၄)မျိုးနှင့်နိဗ္ဗာန်ကို ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ် တရားများဟုခေါ်ဆိုပြီး၊ ထိုတရားများအထဲမှ တစ်မျိုးမျိုးရရှိခြင်းကို “တရားရသည်”ဟုခေါ်ပါသည်၊၊

သာမန်အားဖြင့် လူတစ်ယောက်အသိညာဏ်ကင်းမဲ့နေရာမှ အသိညာဏ်ရှိလာခြင်းနှင့်၊ မိုက်မဲဆိုးသွမ်း ပေတေနေရာမှ လိမ္မာလာခြင်းများကို“တရားရရှိသည်”ဟု မခေါ်နိုင်ဘဲ၊ “အသိစိတ်”ဖြစ်ပေါ်လာသည် ဟုသာ ခေါ်ဆိုနိုင်ပါသည်၊၊ အချိန်မရွေးပြန်လည်၍ မိုက်မဲဆိုးသွမ်းသူဖြစ်သွားနိုင်ပါသေးသည်၊၊

လောကုတ္တရာတရား(၉)မျိုးမှ တစ်မျိုးမျိုးကိုရရှိသူသည် မည်သည့်အခါတွင်မှ ပြန်လည်၍မိုက်မဲသူ သာမန်အသိရှိသူမဖြစ်နိုင်တော့ကြောင်း မှတ်သားရပါမည်၊၊ အစဆုံးဖြစ်သည့် သောတာပတ္တိမဂ်ကို ရရှိသူသည်ဧကန်မုချ ရှေ့သို့တဆင့်ခြင်းစီတက်ပြီး၊ နိဗ္ဗာန်ချမ်းသာကိုနောက်ဆုံး ရရှိစံစားရပါသည်၊၊

“တရားရရှိရန် ပိဋကတ်သုံးပုံကို လေ့လာသင်ယူရမည်ဟု၎င်း၊ တောကြိုတောင်ကြား သစ်သပ်ရင်းတွင် ကျင့်စဉ်များကို အစာငတ်ခံပြီးကျင့်သုံးရသည်ဟု၎င်း ပြောဆိုရေးသားလေ့ရှိကြပါသည်၊၊” မှားပါသည်၊၊ လူတစ်ဦးသည် တရားရထိုက်သည့်အချိန်ကျလာလျင် တရားတစ်ပုဒ်မျှနာယူရုံနှင့်ပင် တရားရရှိ သွားကြသည့် သာဓကများရှိပါသည်၊၊

မြတ်စွာဘုရားရှင်သည် ရှေးခေတ်အိန္ဒိယတိုက်၏ပြင်းထန်သည့် ကျင့်စဉ်များစွာကိုနစ်ပေါင်းများစွာ တောတောင်ထဲတွင်နေလျက် ကျင့်ကြံခဲ့ပါသည်၊၊ သို့သော် တကယ်တန်းဘုရားအဖြစ်သို့ရောက်ရှိ တော်မူသည်မှာ သာမန်အလယ်အလတ်လမ်းစဉ်ဖြင့်သာ ဖြစ်ပါသည်၊၊

အရှင်မြန်မာနိုင်ငံတွင်နေစဉ်က နာမည်ကြီးရိပ်သာတစ်ခုတွင် ဆယ်ရက်စခန်းဝင်ခဲ့ပါသည်၊၊ တရားပြသူမှ “၀ိသုဒ္ဓိခုနှစ်ပါး”ကိုပြည့်စုံအောင်မကျင့်နိုင်လျင် တရားရရှိရန်မမျှော်လင့်နိုင်ကြောင်းဟောပြောသည်ကို နာယူရပါသည်၊၊
 
ယောဂီတစ်ဦးမှ ၀ိသုဒ္ဓိခုနှစ်မျိုးလုံးကိုပြည့်စုံအောင်ကျင့်ရန် များစွာခဲယင်းကြောင်းနှင့် သူတို့လိုလူသာ မန်များအတွက် ၀ိသုဒ္ဓိခုနှစ်မျိုးကိုစုံအောင်အားထုတ်ပြီးမှ တရားရရှိနိုင်သည်ဆိုလျင် ဒီဘ၀တရားရရှိ ရန်မဖြစ်နိုင်တော့၍ အားငယ်မိကြောင်းကို ပြောပါသည်၊၊

ဝိသုဒ္ဓိ(၇)မျိုး---
   (၁) သီလ၀ိသုဒ္ဓိ၊
   (၂) စိတ္တ၀ိသုဒ္ဓိ၊
   (၃) ဒိဌိဝိသုဒ္ဓိ၊
   (၄) ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊
   (၅) မဂ္ဂါမဂ္ဂညာဏဒဿန၀ိသုဒ္ဓိ၊
   (၆) ပဋိပဒါညာဏဒဿန၀ိသုဒ္ဓိ၊
   (၇) ညာဏဒဿန၀ိသုဒ္ဓိ၊

ဝိသုဒ္ဓိခုနှစ်ပါးပြည့်စုံပြီးမှ တရားရသည်ဆိုသည်မှာ ဟုတ်ကောင်းဟုတ်နိုင်ပါသည်၊၊ သို့သော် ပါဠိတော် သာဓကများစွာတွင်မူ ဂါထာတစ်ပုဒ်ကိုနာယူရုံမျှဖြင့် ရဟန္တာဖြစ်သွားသူများနှင့်၊ တရားအနည်းငယ် ကျင့်ရုံမျှနှင့် တရားရရှိသူများစွာတို့၏အကြောင်းကို ပါဠိစာပေမှတ်တမ်းများတွင် ဖော်ပြထားပါသည်၊၊ ဟင်းချက်ရင်း တရားထူးရသွားသည့် ပါဠိစာပေသာဓကများပင် ရှိပါသည်၊၊

ထိုသို့တရားအနည်းငယ်မျှကို နာယူရုံဖြင့်တရားရရှိပြီး၊ ရဟန္တာဖြစ်သွားသူများမှာ ၀ိသုဒ္ဓိခုနှစ်ပါးဆို သည်ကို ပြည့်စုံအောင်ကျင့်ပြီးသူများမဟုတ်ကြရုံမျှမက၊ နာမည်မျှမကြားဖူးသူများ ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်လက်ထက်တော်က “အရှင်စူဠပဏ်မထေရ်”ဟူ၍ ရှိခဲ့ဖူးပါသည်၊၊

မထေရ်မြတ်သည် ရဟန္တာမဖြစ်မှီကစာကြောင်းရေ လေးကြောင်းသာပါရှိသည့် ဂါထာတစ်ပုဒ်ကို တစ်ဝါတွင်းကျက်မှတ်သော်လည်း ရရှိရန်မစွမ်းနိုင်သည့်ညာဏ်အဆင့်မမှီသူ ဖြစ်နေခဲ့ပါသည်၊၊ အကိုကြီးဖြစ်သည့်“မဟာစူဠပဏ်မထေရ်”မှ ဤမျှအထိညာဏ်အဆင့်မမှီလျင် သာသနာတော်တွင်မ နေသင့်ကြောင်းနှင့်၊ လူထွက်ရန် ကျောင်းတိုက်မှနှင်ထုပ်ခဲ့ပါသည်၊၊

လူထွက်ရန်မြို့ထဲသို့သွားနေသည့် စူဠပဏ်မထေရ်ကိုမြတ်စွာဘုရားရှင်တွေ့သောအခါ အကြောင်းစုံကို မေးမြန်းတော်မူ၍ စာကျက်၍မရလျင်မကျက်တော့ဘဲ အ၀တ်ပိုင်းစတစ်ခုကိုပေး၍ “ရဇောဟရနံ”ဟု အကြိမ်များစွာရွတ်နေရန် လမ်းညွန်တော်မူခဲ့ပြီး၊ မြို့တွင်းသို့ဆွမ်းစားကြတော်မူပါသည်၊၊

စူဠပဏ်မထေရ်သည် “ရဇောရဟနံ”ဟုရွက်ဆိုလျက် အ၀တ်ပိုင်းစကိုအကြိမ်များစွာဆုပ်နယ်နေလေရာ အ၀တ်ပိုင်းစသည် လက်ဆီဖြင့်တဖြည်းဖြည်းခြင်းညစ်နွမ်းသည့်အခြေအနေသို့ပြောင်းလဲ သွားပါတော့ သည်၊၊ 

ထိုအခြင်းအရာသည်ပင် စူဠပဏ်မထေရ်အားရဟန္တာဖြစ်စေပြီး တရားရရှိသွားပါတော့သည်၊၊ ဤဇာတ် လမ်းကိုသုံးသပ်ကြည့်လျင် ၀ိသုဒ္ဓိခုနှစ်ပါးစသည့်တရားများ မပါရှိသည်ကိုသိနိုင်ပါသည်၊၊ ယ္ခင်ဘ၀များ စွာတွင် ဖြည့်ကျင့်ဖူးခဲ့သည်များ ရှိကောင်းရှိနိုင်ပါသည်၊၊

အခြားထင်ရှားသည့် ပဋာစာရီဇာတ်လမ်းစသည်များတွင်လည်း အထက်ပါသဘောများကို တွေ့နိုင်ပါသည်၊၊ ထို့ကြောင့် ၀ိသုဒ္ဓိခုနှစ်ပါးကိုယ္ခုဘ၀တွင်တစ်ပါးခြင်းပြည့်စုံစေပြီးမှ တရားအားထုတ်ရမည်၊ တရားရရှိနိုင်သည်ဟုမမှတ်ယူနိုင်ကြောင်း သတိပြုရပါမည်၊၊

အနှစ်ချုပ်လေ့လာကြည့်လျင် ဗုဒ္ဓဘာသာတွင်တရားထူးများရရှိစေရန် အလွန်တရာခက်ခဲသည့် အကျင့်များကိုကျင့်သုံးပြီးမှ ရရှိနိုင်သည်၊ လူသူမနီးသည့်တောတောင်အရပ်တွင်နေထိုင်ပြီး နှစ်ရှည်လများ ကျင့်စဉ်များကိုကျင့်ကြံအားထုတ်နိုင်မှ တရားထူးများကိုရရှိနိုင်သည်စသည့် အခက်ကိုရှေးဦး စွာဖော်ပြလေ့ရှိသည်များကို အစွဲမထားဘဲ၊ သာမန်ကျင့်စဉ်လေးတစ်ခုသည်ပင် တရားထူးတရား မြတ်ကိုရရှိစေနိုင်ကြောင်း မှတ်သားရပါမည်၊၊

မဟာယာနဗုဒ္ဓဘာသာကျမ်းစာများတွင် “ထေရ၀ါဒဗုဒ္ဓဘာသာတွင် တရားထူးတရားမြတ်ရရန် လွယ် ကူလွန်းနေသည်”ဟု ရေးသားဖော်ပြကြပါသည်၊၊ အကြောင်းမှာ အထက်တွင်ဆွေးနွေးတင်ပြခဲ့သည့် ဇာတ်ကြောင်းများကိုထောက်ဆ၍ ဂါထာတစ်ပုဒ်ဖြင့်ရဟန္တာဖြစ်သည်ကို အထင်သေးခြင်းပင် ဖြစ်ပါသည်၊၊
အမှန်မှာ ဘ၀အဆက်ဆက် ပါရမီများစွာကိုကျင့်သုံးခဲ့ပြီး တရားထူးရရန်အသင့်ဖြစ်နေသည့်ဘ၀ဖြစ်သဖြင့် ဂါထာတစ်ပုဒ်မျှနာယူပြီး ရဟန္တာဖြစ်ခြင်းအကျိုးကိုရရှိသည်ကို မဟာယာနဗုဒ္ဓစာပေပညာရှင် တို့မသိကြခြင်းပင် ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာတွင် တရားထူးတရားမြတ်ကိုရရှိရန် အလွန့်အလွန်ခက်ခဲသည်၊ ၀ိသုဒ္ဓိခုနှစ်ပါးစသည့် တရားများကို ပြည့်စုံအောင်ဖြည့်ဆည်းနိုင်ပြီးမှ တရားရရှိနိုင်သည်စသောအစွဲများဖြင့် စိတ်အားငယ် နေသူများကို အားပေးလိုသဖြင့်ဤစာတမ်းကို ရေးသားတင်ပြခြင်းဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် ညွန်ပြတော်မူထားသည့် တရားထူးရရှိစေရန်နည်းလမ်းများမှာ လွန်စွာမှလွယ်ကူပြီး၊ ကျင့်သုံးရန်လည်း ရိုးစင်းသည့်သဘာဝရှိကြောင်း လေ့လာရပါသည်၊၊ ထို့ကြောင့် အခြေအနေအမျိုးမျိုးတွင် ကျင့်သုံးနိုင်ပြီးတရားထူး တရားမြတ်၏အကျိုးကို စံစားနိုင်ကြောင်းမှတ်သားရပါသည်၊၊

ထေရ၀ါဒဗုဒ္ဓဘာသာတွင် သီလအကျင့်တစ်ခု၊ ဒါနအနည်းငယ်နှင့်၊ ဘာဝနာအကျင့်လေးတစ်ခုသည် ပင်ကျင့်သုံးသူကို တရားထူးတရားမြတ်ရရှိစေပြီး၊ နိဗ္ဗာန်ချမ်းသာကိုစံစားနိုင်ကြောင်း မှတ်သားရပါ မည်၊၊ လေးနက်သည့် သီလအကျင့်နှင့်၊ အလှူဒါန၊ ကမ္မဌာန်းဘာဝနာများကိုကျင့်သုံးနိုင်လျင်မူ အထူး ဆိုဖွယ် မရှိတော့ပါပေ၊၊ တရားထူးကို ရရှိမည်သာဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဒါန၊ သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကို ဖြစ်နိုင်သမျှကျိုးစားအားထုတ် ပြီး၊ လောကုတ္တရာတရားထူးများကို အလွယ်ကူဆုံးသောနည်းများဖြင့် ရရှိကြပါစေကြောင်းဆန္ဒပြု လျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊              ၊၊



အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

Tuesday, September 4, 2012

သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာစတင်ဖြစ်လာခြင်း၊၊ ၊၊


ယ္ခုအခါ “သီရိလင်္ကာနိုင်ငံ”ဟုခေါ်တွင်သော“နာဂဒီပကျွန်း”သည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းနိုင်ငံ ငယ်လေး ဖြစ်ပါသည်၊၊

ရှေးယခင်အခါက နာဂဒီပကျွန်း၊ ယက္ခဒီပကျွန်း၊ သီဟဠဒီပကျွန်း၊ လင်္ကာဒီပကျွန်း၊ တမ္ဗပဏ္ဏိနိုင်ငံ တော်၊ စီလုံနိုင်ငံ၊ လင်္ကာနိုင်ငံစသောအမည်အမျိုးမျိုးပြောင်းလွဲလာပြီးမှ ယ္ခုခေါ်ဝေါ်နေကြသည့် “သီရိ လင်္ကာနိုင်ငံ”ဟူသောအမည်ကို ရရှိခဲ့ပါသည်၊၊

ယခင်က ကျွန်းငယ်လေးမျှသာဖြစ်သော သီရိလင်္ကာသည်ယ္ခုအခါ လူဦးရေသန်း(၂၀)ကျော်ရှိသော နိုင်ငံတော်တစ်ခုအဖြစ်သို့ရောက်ရုံမျှမက ပညာရေး စီးပွားရေးနှင့်ဆက်သွယ်ရေး ကောင်းမွန်သော ကမ္ဘာ့အဆင့်မှီနိုင်ငံတစ်ခုအဖြစ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာက ဟိန္ဒူ(ဗြဟ္မဏ)ဘာသာနှင့် ဂျိန်းဘာသာ၊ ရိုးရာနတ်အ များကိုကိုးကွယ်သောကျွန်းနိုင်ငံငယ်လေးဖြစ်ခဲ့ပါသည်၊၊ ယ္ခုစာတမ်းတွင်သီရိလင်္ကာနိုင်ငံ မည်သို့မည် ပုံ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာရပုံကို ဆွေးနွေးတင်ပြပါမည်၊၊

သီရိလင်္ကာနိုင်ငံ၏ သမိုင်းမှတ်တမ်းများအရ နာဂဒီပကျွန်း၏ပထမဆုံးသောကျွန်းသခင်သည် ၀ိဇယ မင်းသားဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောနေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ မင်းသားတစ်ပါးသည် စစ်ရှုံးပြီးထွက်ပြေးလာရာမှ နာဂဒီပကျွန်းသို့ရောက်လာခြင်းဖြစ်သည်၊၊

“၀ိဇယမင်းသား”သည်(B.C.5,483)တွင် နာဂဒီပကျွန်းသို့ရောက်ရှိလာခြင်းဖြစ်ပြီး၊ ကျွန်း၏မြေသားများ ကို ဆုပ်ကိုင်ကြည့်ရာတွင် သူ၏လက်သည် အနီရောင် သို့ပြောင်းလဲသွားသောကြောင်“တမ္ဗပဏ္ဏိ”ဟု  ကျွန်း၏နာမည်ကို ခေါ်တွင်စေခဲ့သည်ဟု ဆိုပါသည်၊၊ 

ဝိဇယမင်းသားနှင့်အတူစစ်တပ်များနှင့် ပြည်သူအများအပြားပါလိုက်ပါလာခဲ့သည့်အတွက် လူရိုင်းသာ သာအဆင့်မျှရှိသည့် ဒေသခံကျွန်းသားများကိုတိုက်ခိုက်ပြီး နိုင်ငံတစ်ခုအဖြစ်သို့ တည်ထောင်လာခဲ့ ကြပါသည်၊၊

ဝိဇယမင်းမှစတင်တည်ထောင်လာခဲ့သော တမ္ဗပဏ္ဏိနိုင်ငံတော်လေးသည် မင်းများစွာအုပ်ချုပ်ခဲ့ပြီး၊ နှစ်ပေါင်း(၂၀၀)ကျော်သည်အထိ ဟိန္ဒူ(ဗြဟ္မဏ)ဘာသာကိုအဓိကကိုးကွယ်ခဲ့ကြပါသည်၊၊ သီရိလင်္ကာ နိုင်ငံ၏ ရှေးသမိုင်းမှတ်တမ်းများတွင် ယခင်ကနာဂဒီပကျွန်းသည် ဘီလူးများနေသည့်ကျွန်းဟု၎င်း၊ နဂါများနေသည့်ကျွန်းဟု၎င်း ဆိုထားပါသည်၊၊

သမိုင်းမှတ်တမ်းအဆိုများကို‘မှားသည်’ဟုငြင်းပယ်ရန်ခက်ခဲ့သကဲ့သို့၊‘မှန်သည်’ဟုထောက်ခံရန် လည်း ဖြစ်နိုင်ခြေအလွန်နည်းလှပါသည်၊၊ လက်ရှိသီရိလင်္ကာနိုင်ငံ၏ ပညာရှင်များကိုယ်တိုင်ပင် အငြင်းပွား နေသည့်သမိုင်းမှတ်တမ်း ဖြစ်နေပါသေးသည်၊၊

မြတ်စွာဘုရားလွန်တော်မူအပြီး နှစ်ပေါင်း(၂၃၆)ကြာသောအခါ တမ္ဗပဏ္ဏိနိုင်ငံတော်တွင် မုတသီဝမင်း ၏သားတော် တိဿအမည်မင်းသားသည် နန်းတက်ခဲ့ပါသည်၊၊ ထိုအချိန်မှာပင် အိန္ဒိယနိုင်ငံတွင် သီရိ ဓမ္မာသောကမင်းကြီးမှထောက်ပံ့၍ တတိယသင်္ဂါယနာကိုတင်နေချိန် ဖြစ်ပါသည်၊၊

တတိယသင်္ဂါယနာပွဲကြီး၏ဆုံးဖြတ်ချက်အရ မရှင်မဟာမဟိန္ဒသည် တမ္ဗပဏ္ဏိနိုင်ငံတော်သို့ သာသနာ ပြုကြွရန် တာဝန်ပေးအပ်ခြင်းခံရပါသည်၊၊ အရှင်မဟိန္ဒမထေရ်သည် အိတ္ထိယမထေရ်၊ ဥတ္တိယမထေရ်၊ သမ္ဗလမထေရ်၊ ဘဒ္ဒသာလမထေရ်၊ သုမနသာဏေနှင့် ဘန္ဓုကဒါယကာတို့နှင့်အတူ အသောကာရုံ ကျောင်းတိုက်ကြီးမှ တမ္ဗပဏ္ဏိခရီးကိုစတင်ခဲ့ကြပါသည်၊၊

အရှင်မဟာမဟိန္ဒမထေရ်ဦးဆောင်သော သာသနာပြုအဖွဲ့သည် ဘီစီ(307-247)တွင် နာဂဒီပကျွန်း၊ အနုရာဓပူရမြို့တော်၏အရှေ့ဘက်၊ “မိဿကပဗ္ဗတတောင်”ပေါ်သို့ ရောက်ခဲ့ကြပါသည်၊၊ ယ္ခုအခါထို တောင်ကို“စေတိယပဗ္ဗတ”ဟု၎င်း၊ “မဟိံတလေ”ဟု၎င်း ခေါ်ကြပါသည်၊၊

“ဒေ၀ါနံပီယဘွဲ့”အမည်ခံ “တိဿ(ဒေ၀ါနံပီယတိဿ)မင်း”သည်ထိုနေ့တွင် နောက်လိုက်(၄၀,၀၀၀) ခြံရံလျက် မိဿကပဗ္ဗတောင်ပေါ်သို့“ဇေဌမူလနက္ခတ္တပွဲသဘင်”ကျင်းပရန်လာရာမှ အရှင်မဟိန္ဒမ ထေရ်နှင့်တွေ့လေသည်၊၊

အရှင်မဟိန္ဒမထေရ်သည် ဒေ၀ါနံပီယတိဿမင်းကိုတွေ့လျင်တွေ့ခြင်းပင် ငယ်မည်ကိုခေါ်လျက် နှုတ် ဆက်စကားပြောကြားပြီး၊ 
‘စူဠဟတ္ထိပဒေါပမသုတ်’ကို ဟောပြောသင်ပြလိုက်သောအခါ ဒေ၀ါနံပီယတိ ဿမင်းနှင့်အတူ နောက်လိုက်များအားလုံး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ခံယူလိုက်ကြလေသည်၊၊

နောက်နေ့မိုးလင်းသောအခါ အရှင်မဟိန္ဒနှင့်နောက်ပါများသည် မင်း၏နန်းတော်သို့ကြွပြီး၊ အနုလာဒေ ၀ီမင်းသမီးနှင့် နန်းတော်သူငါးရာတို့မှ ဆွမ်းဆက်ကပ်ပါသည်၊၊ အရှင်မဟိန္ဒသည် နန်းတော်တွင် ‘ပေတ၀တ္ထု၊ ၀ိမာန၀တ္ထုနှင့် သစ္စသံယုဂ်’တို့ကို ဟောတော်မူသောအခါ အမျိုးသမီးများအားလုံးသော တာပန် တည်ခဲ့ကြပါသည်၊၊

နန်းတော်တွင်းမှ တရားများကိုနာယူခွင့်မရသည့် ပြည်သူများအတွက် မြို့လည်တွင်မဏ္ဍပ်ကြီးများ ဆောက်၍ အရှင်မဟိန္ဒမထေရ်မှ ‘ဒေ၀ဒူတသုတ်နှင့် အာသီဝါသောပမသုတ်’တို့ကိုဟောတော်မူရာ လူပေါင်း(၂၀၀)ကျော်မျှ သောတာပတ္တိမဂ်ဖိုလ်အဆင့်သို့ ရောက်ကြပါသည်၊၊

ထိုအချိန်မှစတင်ပြီး တမ္ဗပဏ္ဏိနိုင်ငံတော်သည် ရိုးရာနတ်အမျိုးမျိုးနှင့်၊ ဂျိန်းဘာသာ၊ ဟိန္ဒူ(ဗြဟ္မဏ) ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးအဖြစ်သို့ကူးပြောင်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်၊၊ 

အရှင်မဟိန္ဒသာသနာပြုမလာမှီကပင် ဒေ၀ါနံပီယတိဿမင်းနှင့် သီရိဓမ္မာသောကမင်းကြီးတို့သည် အလွန်ချစ်ခင်သော အိမ်နီးခြင်းမင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊ ဒေ၀ါနံပီယတိဿမင်း နန်းတက် ပွဲကျင်းပသောအခါ ဘုန်းတန်ခိုးကြောင့်မြေကြီးထဲမှရတနာများ ပြန်တက်လာသည်ဟု ဆိုပါသည်၊၊

ထိုရတနာများအထဲမှ ရတနာများစွာကို သီရိဓမ္မာသောကမင်းထံသို့လက်ဆောင် ဆက်သစေခဲ့ပါ သည်၊၊ အာသောကမင်းကြီးသည် လက်ဆောင်ပြန်သည့်အနေဖြင့် နိုင်ငံတော်အလံတစ်ခုနှင့်အတူ ရာ ဇာဘိသေကခံယူရာတွင်လိုအပ်သည့် ရတနာပစ္စည်းများကို တိဿမင်းထံသို့ ပေးအပ်လိုက်ပါသည်၊၊

အာသောကမင်းကြီးသည် စာချွန်တော်တစ်စောင်ကိုလည်း ပါးလိုက်သေးသည်ဟုဆိုပါသည်၊၊ “အဆွေ တော်မင်း ငါသည် ရတနရာသုံးပါးကို ယုံကြည်ဆည်းကပ်ကိုးကွယ်သူ ဖြစ်ပါသည်၊၊ သင်မင်းမြတ် ကိုလည်း ရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်သူ ဖြစ်စေချင်ပါသည်၊၊”ဟူ၍ သ၀ဏ်လွှာဆက်စေ သည်ဟု ဆိုပါသည်၊၊

ဒေ၀ါနံပီယတိဿမင်းသည် အာသောကမင်းကြီးပေးပို့လိုက်သည့် မင်းမြှောက်တန်ဆာများဖြင့် ဒုတိ ယအကြိမ် ရာဇဘိသိက်ပွဲကိုခံယူခဲ့ပါသည်၊၊

အရှင်မဟိန္ဒသည် သီရိလင်္ကာသို့ ပိဋကတ်တော်များ၊ အဌကထာများနှင့်၊ ဋီကာကျမ်းများစွာကို ဆောင် ယူလာခဲ့ပြီး၊ အနုရာဓပူရမြို့တော်ကြီးတွင် မဟာဝိဟာရကျောင်းတိုက်ကြီးကို တည်ထောင်လျက် ဗုဒ္ဓစာပေနှင့်သာသနာတော်ကို သီရိလင်္ကာတို့၏နှလုံးသားအတွင်းသို့ နက်နဲစွာစိုက်ထူခဲ့လေသည်၊၊

အရှင်မဟိန္ဒသည် မဟာဝိဟာရကျောင်းတိုက်ကြီးတွင် သံဃာတော်(၃,၀၀၀)ကျော်တို့နှင့်အတူ အိန္ဒိယ အက္ခရာဖြင့်ရေးသားထားသည့် ပါဠိစာပေကျမ်းများအားလုံးကို သီဟဠိဘာသာသို့ပြန်ဆိုပြီး၊ သင်ကြား ပို့ချခဲ့ပါသည်၊၊

ထိုသီဟဠဘာသာကျမ်းများကို နောင်အခါ“အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်ဓမ္မပါလ၊ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်ဥပသေန”တို့မှ ပါဠိဘာသာသို့ပြန်ဆိုခဲ့ပြီး၊ ပါဠိစာပေများနှင့်အတူ ဗုဒ္ဓသာသနာတော်သည် မြန် မာနိုင်ငံနှင့်အခြားသောနိုင်ငံများစွာသို့ ပြန့်ပွားစည်ပင်လာခဲ့ပါသည်၊၊

သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လာပုံကို တင်ပြဆွေးနွေး၍ အတိုင်းအတာတစ်ခုအထိ ပြည့်စုံပါပြီ၊၊ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက မြတ်စွာဘုရားရှင်အားအသက်တမျှယုံကြည် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည့် နိုင်ငံအချို့သည်ယနေ့မျက်မှောက်ခေတ်တွင် ဘာသာခြားနိုင်ငံများအ ဖြစ်သို့ရောက်နေသည်ကို တွေ့မြင်ရပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် မြတ်စွာဘုရားရှင်လက်ထက်က ဗုဒ္ဓဘာသာနိုင်ငံမဟုတ်ခဲ့သော်လည်း မြတ်စွာ ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၃၀၀)ခန့်မှစတင်ပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သည့် နိုင်ငံတော် အဖြစ်သို့ရောက်ခဲ့ရုံမျှမက၊ ဗုဒ္ဓကျမ်းစာများကို ကမ္ဘာသို့ဖြန့်ဖြူးရာတွင် အဓိကနိုင်ငံတော်ဖြစ်လာခဲ့ သည်မှာ ဗုဒ္ဓဘာသာအတွက်အားတက်ဖွယ် ၀မ်းမြောက်ဖွယ်ဖြစ်ပါကြောင်း တင်ပြလျက်စာတမ်းကိုအ ဆုံးသတ်အပ်ပါသည်၊၊             ၊၊


{Note/ “Early History of Buddhism in Ceylon,E.W.Adikaram”နှင့် အခြားသီရိလင်္ကာနိုင်ငံ၊ သ မိုင်းမှတ်တမ်းများကို ကိုးကား၍ဤစာတမ်းကို ရေးသားတင်ပြအပ်ပါသည်၊၊}


အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(၄.၉.၂၀၁၂)

အပြည့်အစုံသို့....

Sunday, August 12, 2012

ဒေါသကင်းဝေး နေနိုင်ရေး၊၊ ၊၊



လူတို့၏ရင်ထဲနှလုံးသားတွင် စိတ်ပိုင်းဆိုင်ရာအပူများစွာရှိသည်၊၊ ဒေါသအပူသည် အခြားအပူများထက်ပိုမို ၍လောင်ကျွမ်းအား ပြင်းထန်တတ်သည်၊၊


ရင်ထဲတွင် ဒေါသအပူလှိုင်းဝင်ရောက်လာသောအခါ လူတွင်ငြိမ်းအေးမှုများအားလုံးပျောက်ဆုံးပြီး၊ ပတ်ဝန်း ကျင်ကိုအန္တရာယ်ပြုခွင့်ရလျင်ရ၊ မရခဲ့လျင်မိမိကိုယ်မိမိပြန်၍ ဒုက္ခဖြစ်အောင်ပြုတတ်လေသည်၊၊


အမျက်ဒေါသဖြစ်ခြင်းတွင် အကြောင်းနှစ်မျိုးရှိကြောင်းကို ပါဠိစာပေများတွင်ဖော်ပြထားပါသည်၊၊ အ မျက်ဒေါသဖြစ်ဖွယ်ရာအာရုံနှင့်၊ အမျက်ဒေါသဖြစ်ပေါ်စေရန် မသင့်မတင့်နှလုံးသွင်းခြင်းတို့ ဖြစ်ပါသည်၊၊


တစ်စုံတစ်ခုအပေါ်တွင်ဖြစ်စေ၊ တစ်စုံတစ်ယောက်အပေါ်တွင်ဖြစ်စေ ဒေါသဖြစ်မိခဲ့လျင်၊ ထိုဒေါသအမျက် ကို ဖြေဖျောက်နိုင်လျင်အကြောင်းမရှိတော့ပေ၊ အကယ်၍အမျက်ဒေါသကို မဖြေဖျောက်နိုင်ခဲ့လျင် အငြိုး အတေးအဖြစ်သို့အသွင်ပြောင်းလဲပြီး သံသရာဘ၀များအထိပင်လိုက်ပါ၍ ပျက်စီးရာပျက်စီးကြောင်းပြု တတ်လေသည်၊၊


သာဓကအနေဖြင့် ဆဒ္ဒန်ဆင်မင်း၏ဇာတ်လမ်းတွင် စူဠသုဘဒ္ဒါမိဖုရားကြီး၏ မကျေနိုင်သည့်ဒေါသဖြင့် ဘ၀ အဆက်ဆက်ချစ်လင်ကို သတ်ခွင့်ရစေရန်ဆုတောင်းပုံများနှင့်၊ အခြားသာဓကဇာတ်လမ်းများတွင်တွေ့ မြင်နိုင်ပါသည်၊၊


လူတို့၏နေ့စဉ်ဘ၀တွင်လည်း အမျက်ဒေါသဖြစ်ပွားကြရာမှ မှုခင်းမျိုးစုံနှင့်၊ အမှားမျိုးစုံကိုပြုနေကြသည် ကို တွေ့နိုင်ပါသည်၊၊ အမျက်ဒေါသဖြစ်ပွားမှုသည် ပညာမဲ့မှုကြောင့်ဖြစ်၍ မည်သို့မျှအကျိုးမဖြစ်စေဘဲ၊ ဆိုး ကျိုးများကိုသာဖြစ်ပေါ်စေမည်ဖြစ်ပါသည်၊၊


အရပ်ပုသူများက“ငါကလူပု စိတ်တိုကွ”ဟု အမျက်ဒေါသကြီးရသည်ကိုပင် ဂုဏ်တက်လေဟန်ပြော ဆိုလေ့ရှိကြသည်၊၊ အမှန်မှာစိတ်တိုခြင်း၊ အမျက်ဒေါသကြီးခြင်းများသည် မည်သူ့တွင်ဖြစ်ပေါ်သည်ဖြစ် စ၊ ဖြစ်ပေါ်သူနှင့်ပတ်ဝန်းကျင်ကို မတည်ငြိမ်မှုနှင့်၊ ဘေးဒုက္ခကိုသာဖြစ်ပေါ်စေတတ်ကြောင်း မှတ်သားရပါ မည်၊၊


ငါးရာ့ငါးဆယ်ဇာတ်တော်များမှ သေရိ၀၀ါရိဇာတ်၊ ရွဲကုန်သည်ဇာတ်လမ်းတွင် ဒေ၀ဒတ်အလောင်းရွဲကုန် သည်သည် ထိုဘ၀တွင်ဖြစ်ပေါ်ခဲ့သော အမျက်ဒေါသကိုပြေပျောက်အောင် မငြိမ်းနိုင်ခဲ့သောကြောင့် လေး အသင်္ချေ၊ ကမ္ဘာတစ်သိမ်းဘ၀များစွာတွင် မြတ်စွာဘုရားအလောင်းတော်၏ ပျက်စီးရာပျက်စီးကြောင်းမျိုးစုံ ကိုပြုခဲ့သည်မှာဘုရားဖြစ်တော်မူသည့် ဘ၀အထိပင်ဖြစ်ပါသည်၊၊


ဒေ၀ဒတ်လောင်းရွဲကုန်သည်သည် ငရဲအကြိမ်ကြိမ်ကျရောက်ပြီး၊ နောက်ဆုံးဘ၀တွင် မဟာအ၀ီစိငရဲသို့ ကျရောက်ခဲ့ရလေသည်၊၊ ပြေပျောက်အောင်မငြိမ်းနိုင်သော အမျက်ဒေါသများသည် အမျက်ထွက်ခံရသူကို သာမက၊ အမျက်ဒေါသဖြစ်ပွားသူကိုယ်တိုင်ကိုလည်း အန္တရာယ်များစွာဖြစ်စေတတ်သည်၊၊


စိတ်မငြိမ်းချမ်းမှု၊ အရုပ်ဆိုးအကျည်းတန်မှု၊ အမှားများစွာကိုပြုမိမှု၊ ဘေးဒဏ်သင့်မှုနှင့် ရောဂါဆိုးများပွား များလာမှု၊ ကြမ္မာဆိုးအမျိုးမျိုးနှင့်သာတွေ့ဆုံနေရမှုစသည်တို့သည် အမျက်ဒေါသကြီးသူများ ဧကန်မုချခံ စားရမည့် ဆိုးကျိုးများဖြစ်ပါသည်၊၊


စာပေနှင့်သမိုင်းသင်္ခန်းစာများတွင် အမျက်ဒေါသကြီးသဖြင့် မထင်မှတ်ဖွယ်ရာအပြစ်ကြီးများကို ပြုကြသူ များ၊ သမိုင်းမလှသူများ၊ အရှက်ကင်းမဲ့သူများ၊ အကြောက်ကင်းမဲ့သူများ၊ ပညာကင်းမဲ့သူများစွာတို့၏သ မိုင်းအတ္တုပ္ပတ္တိများစွာကို လေ့လာရရှိနိုင်ပါသည်၊၊


အမျက်ဒေါသဖြစ်နေသူသည် အကျိုးအကြောင်းနှင့် အဆိုးအကောင်းကိုဝေဖန်နိုင်သည့် ပညာကင်းမဲ့နေ ချိန်ဖြစ်သည့်အတွက် ပြုမိသမျှအမှားများသာဖြစ်နေတတ်ပါသည်၊၊ မြတ်စွာဘုရားရှင်သည် ဒေါသ နှင့်ပတ်သက်၍အထူးမှတ်သားဖွယ်မိန့်ဆိုချက်တစ်ခုကို ပေးတော်မူခဲ့ပါသည်၊၊
“ကောဓော အတ္ထံ နဇာနာတိ=အမျက်ဒေါသသည် အကျိုးကိုမသိ”ဟူ၍ ဖြစ်ပါသည်၊၊ အမျက်ဒေါသသည် အကျိုးကိုမသိဟုဆိုထားသဖြင့် အကြောင်းကိုလည်း မသိဟူ၍ပင်မှတ်သား ရပါတော့မည်၊၊ ဆိုလိုသည်မှာ “ပညာမတတ်၍ ဒေါသဖြစ်သည်”ဟုမှတ်ယူရပါမည်၊၊


အကျိုးအကြောင်းကိုမသိသူများသည် ဒေါသကြီးတတ်သူများဖြစ်ကြောင်း အထက်ပါမြတ်စွာဘုရားရှင်၏ စ ကားရပ်ဖြင့် သိသာနိုင်ပါသည်၊၊ ဒေါသအလျောက်ပြောသမျှ၊ ပြုသမျှ၊ ကြံစည်စိတ်ကူးသမျှတို့သည် ဆင်ခြင် တုံတရားကင်းမဲ့နေသည့်အတွက် ဆိုးကျိုးများကိုသာထွက်ပေါ်စေမည် ဖြစ်ပါသည်၊၊


“လူမှန်များသည် စိတ်တိုတတ်ကြသည်”ဟု ဆိုလေ့ရှိသည်၊၊ လုံးဝမှားယွင်းသည့် အဆိုဖြစ်ပါသည်၊၊ လူမှန်သာ အမှန်တကယ်ဖြစ်ပါက စိတ်တိုတော့မည်၊ အမျက်ဒေါသဖြစ်တော့မည် မဟုတ်ပါချေ၊၊ 

အကြောင့်ဆိုသော် လူမှန်ဟူသည်မှာ ပညာတတ်၊ ပညာရှိ၊ အသိရှိသူကိုခေါ်ဝေါ်သောကြောင့် ဖြစ်ပါ သည်၊၊
မြတ်စွာဘုရားရှင်သည် အမျက်ဒေါသ၏အပြစ်များစွာကို ပါဠိစာပေ၏နေရာများစွာတွင် ဟောပြော သင်ပြတော်မူခဲ့ပါသည်၊၊ အမျက်ဒေါသကို ငြိမ်းအေးမှုရအောင် ကြိုးစားသင့်လှပါသည်၊၊

 လူတို့၏စိတ် ကို မငြိမ်းချမ်းစေသည့် စိတ်ပိုင်းဆိုင်ရာအခြေခံသဘောတရားများတွင် အမျက်ဒေါသသည် အဆိုးဝါး ဆုံးနှင့်အကြမ်းတမ်းဆုံး ဖြစ်ကြောင်းလေ့လာရပါသည်၊၊

သာမန်အမျက်ဒေါသမှ အငြိုးအတေးအဖြစ်သို့ကူးစက်သွားခဲ့လျင် အလွန်တရာကြောက်မက်ဖွယ်ကောင်း သည့် အန္တရာယ်ပြုမှုများကိုပြုတတ်လေသည်၊၊ “ကျောင်းတော်မှ ရန်ငြိုးများ”ဟူ၍ ပြောဆိုနေကြသည်ကို ကြားရဖူးပါသည်၊၊


မှန်နိုင်ပါသည်၊၊ အတူနေ၊ အတူတက်၊ အနေနီးစပ်ကြရာမှ ဖြစ်ပေါ်ခဲ့ကြသည့်ရန်ငြှိုးရန်စများသည်“အမှိုက် ကစ ပြဿာဒ်မီးလောင်”ဆိုသကဲ့သို့ အဖွဲ့အစည်းများ၊ မိသားစုများနှင့်နိုင်ငံများအထိကိုပါ ပျက် စီးအောင်ပြုနိုင်စွမ်းရှိလေသည်၊၊


ထိုမျှအထိဘေးဆိုးများလွန်းသည့် အမျက်ဒေါသကိုဖြစ်လျင်ဖြစ်ခြင်း ငြိမ်းအေးမှုရစေရန်ဖြေရှင်းနည်း(၅) မျိုးကို ပါဠိစာပေတွင်အတိအကျဖော်ပြထားပါသည်၊၊
(၁) မေတ္တာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊
(၂) ကရုဏာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊
(၃) ဥပေက္ခာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း
(၄) မေ့ဖျောက်၍ ဒေါသငြိမ်းအေးနည်း၊
(၅) ‘သူ့ကံနှင့်သူရှိပါစေတော့’ဟုနှလုံးသွင်း၍ ဒေါသငြိမ်းအေးနည်း၊၊


အထက်တွင် ဖော်ပြဆွေးနွေးထားသည့် အမျက်ဒေါသဖြေဖျောက်နည်း၊ အမျက်ဒေါသငြိမ်းအေးနည်းများ သည် အမှန်တကယ်ပင်အသုံးဝင်သည့်နည်းလမ်းများဖြစ်ပြီး၊ ကြိုးစားကျင့်သုံးရန်လည်း လွယ်ကူသည့် နည်းများဖြစ်ကြောင်းကို တွေ့ရပါသည်၊၊


“မေတ္တာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

မနှစ်သက်သူနှင့်မုန်းသူများကို မည်ကဲ့သို့မေတ္တာထားရပါမည်နည်းဟု မေးကြပါသည်၊၊ လူတိုင်းလူတိုင်းတွင်
ကောင်းသည့်အခြင်းအရာများနှင့် မကောင်းသည့်အခြင်းအရာများ၊ ကောင်းသည့်အပြုအမူများနှင့် 
မကောင်းသည့် အပြုမူများဟူ၍ရှိနေကြပါသည်၊၊


မိမိအမျက်ဒေါသဖြစ်နေသူ၌ရှိသည့် ကောင်းသည့်အခြင်းအရာနှင့် အပြုအမူများကိုရှာဖွေကြည့်ရှုပြီး စိတ် ထားတည်ငြိမ်လာသည်နှင့် မေတ္တာထားနိုင်လာပါသည်၊ မေတ္တာပို့လွှတ်နိုင်လာပါသည်၊၊ ဤသို့ပြုဖန်များ လာသောအခါ အမျက်ဒေါသငြိမ်းအေးပြီး၊ ပုံမှန်ပြည်လည်၍ဆက်ဆံနိုင်လာပါသည်၊၊


ဤနေရာတွင် အမျက်ဒေါသဖြစ်နေသူ၏အထံ၌ လေးစားဖွယ်အရည်အခြင်းနှင့် ကျေးဇူးတရားများကိုသုံး သပ်ဆင်ခြင်နိုင်လျင်လည်း အမျက်ဒေါသအထိုက်အလျောက်ပြေပျောက်ပြီး၊ ငြိမ်းအေးမှုကိုရရှိနိုင်သည်ဟု ယူဆပါသည်၊၊


အကြောင်းမှာ အမျက်ဒေါသဖြစ်ခြင်းများသည် အနီးနေအတူနေဖူးသူများအပေါ်၌သာ အဖြစ် များသောကြောင့် ဖြစ်ပါသည်၊၊ အတူနေအနီးနေသူတို့သည် အခြင်းခြင်းတစ်ခုမဟုတ်တစ်ခု ကျေးဇူးနှင့်၊ အ သိမှတ်ပြုဖွယ်အရည်အခြင်းများကို ကောင်းကောင်းသိသူများဖြစ်သောကြောင့် ဖြစ်ပါသည်၊၊


ဤသည်မှာ မိမိအမျက်ဒေါသဖြစ်နေသူအပေါ်တွင် ပါဠိစာပေနှင့်အညီ ဒေါသကင်းဝေးငြိမ်းအေးနည်း ဖြစ် ပါသည်၊၊


“ကရုဏာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

တစ်စုံတစ်ယောက်အပေါ်တွင် အမျက်ဒေါသဖြစ်မိသည်နှင့် ထိုသူကိုရန်ပြုလိုခြင်းနှင့်၊ အကျိုး ပျက်ပြား စေလိုသည့် စိတ်ရိုင်းများဝင်ရောက်လာတတ်ပါသည်၊၊


ထိုသို့စိတ်ရိုင်းများဝင်လာသည်ကို သတိပြုဆင်ခြင်သုံးသပ်ပြီး၊ ကရုဏာစိတ်ဖြစ်ပေါ်စေရန် ကြိုးစားနိုင်ပါ လျင် အမျက်ဒေါသပြေငြိမ်းပြီး၊ စိတ်အေးချမ်းရပါသည်၊၊ ကရုဏာဟူသည်မှာ သနားခြင်းကိုခေါ်ပါသည်၊၊


လူတို့သည်“ဟန်ကိုယ့်ဖို့”လုပ်နေကြရသော်လည်း လူတိုင်းတွင်အခက်အခဲကိုယ်စီနှင့် အကြပ်အတည်း ကိုယ်စီရှိနေတတ်ကြသည်ကိုအမှတ်ရပြီး၊ သနားသည့်စိတ်ကိုမွေးမြူနိုင်ပါလျင် အမျက်ဒေါသမဖြစ်တော့ရုံ မျှမက ကူညီအားပေးလိုသည့်စိတ်များပင် ဖြစ်ပေါ်လာတတ်ပါသည်၊၊


သနားကြင်နာသည့်စိတ် ကရုဏာဖြစ်ပေါ်လာသည်နှင့် အမျက်ဒေါသများပြေပျောက်ပြီး၊ ကူညီရိုင်းပင်းမှု များနှင့်၊ အကျိုးလိုလားစိတ်များဖြစ်ပေါ်လာနိုင်ပါသည်၊၊
မိမိအမျက်ဒေါသဖြစ်မိသူအပေါ်တွင် သနားလောက်သည့်အခြေအနေများကို ကြည့်ရှုသုံးသပ်ပြီး၊ ကရုဏာ ထားခြင်းဖြင့် အမျက်ဒေါသဘ၀သံသ ရာများအထိ မလိုက်ပါတော့ဘဲအေးငြိမ်းရပါတော့သည်၊၊


“ဥပေက္ခာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”

လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ပွားခြင်းများမှာ ထိုလူများ အရာဝတ္ထုများနှင့်မိမိသည် တစ်မျိုးတစ်မည်အားဖြင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်၊၊ 


မိမိနှင့်တစ်စုံတရာပတ်သက်ဆက်နွယ်မှုမရှိသည့် အရာဝတ္ထုနှင့်လူများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ခဲလှပါသည်၊၊ ဥပေက္ခာ၏သဘောမှာ လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းမပါရှိဘဲ ဆက်စပ်မှုမရှိအောင်နေလိုက်ခြင်းကို ခေါ်ပါသည်၊၊


အချို့စာရေးသူများသည် ဥပေက္ခာဟူသည်ကို မုန်းလွန်း၍လျစ်လျူရှုလိုက်ခြင်းဟု အဓိပ္ပါယ်ဖော်ပြတတ် ကြပါသည်၊၊ မမှန်ပါ၊၊ ဥပေက္ခာ၏မူလသဘောမှာ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ ကင်းရှင်းအောင်နေ လိုက် ခြင်းကို ခေါ်ပါသည်၊၊


မိမိအမျက်ဒေါသဖြစ်နေသူနှင့် တစ်စုံတရာပတ်သက်မှုမရှိတော့ဘဲ လုံးဝကင်းဝေးအောင်၊ ကင်း ရှင်း အောင်ဖြတ်တောက်လျက်နေနိုင်လျင် ဖြစ်ခဲ့ပြီးသောအမျက်ဒေါသများအနည်ထိုင်ပြီး ငြိမ်းအေးနိုင်ပါ သည်၊၊


“မေ့ဖျောက်၍ အမျက်ဒေါသငြိမ်းအေးနည်း”

ဗုဒ္ဓအဘိဓမ္မာတွင် သံယောဇဉ်ဆယ်မျိုးရှိပါသည်၊၊ လူတို့သည် ချစ်ခြင်းကိုသာ သံယောဇဉ်ဟုထင်နေတတ် ကြသည်၊၊ အမှန်စင်စစ် အမုန်းသည်လည်း သံယောဇဉ်အမျိုးအစားထဲတွင် ပါဝင်ကြောင်းသိသူနည်းပါးလှ ပါသည်၊၊


အမုန်းသံယောဇဉ်ကို ပါဠိဝေါဟာရအားဖြင့်“ပဋိဃသံယောဇန”ဟု ခေါ်ပါသည်၊၊ လူတို့သည် ချစ်သူကိုမှ စွဲလန်းတမ်းတသည် မဟုတ်၊ မုန်းသူကိုပိုမို၍ပင် သတိရနေတတ်ပါသည်၊၊ မုန်းသူကို အကြိမ်ကြိမ်သတိ ရနေမိရာမှ အမျက်ဒေါသပိုမိုဖြစ်ပေါ်လာပြီး စိတ်မငြိမ်းချမ်းမှုများကို ဖြစ်ပေါ်စေတတ်ပါသည်၊၊


အမျက်ဒေါသဖြစ်သူနှင့် ဒေါသဖြစ်ပေါ်စေခဲ့သည့်အကြောင်းအရာဆိုးများကို မေ့ဖျောက်နိုင်ရန်ကြိုး စားလျင် အမျက်ဒေါသများငြိမ်းအေးစေနိုင်ပါသည်၊၊ သံယောဇဉ်သဘောအရ မုန်းသူအကြောင်းကိုမှ ထပ်ခါထပ် ခါတွေးနေမိခြင်းသည်ပင် အမျက်ဒေါသကိုပိုမိုတိုးပွားအောင် အားထုတ်မိခြင်းဖြစ်ပါသည်၊၊


ထို့ကြောင့် မိမိအမျက်ဒေါသဖြစ်မိသူနှင့် အမျက်ဒေါသကိုဖြစ်ပေါ်စေခဲ့သည့် အကြောင်းဆိုးများ ကို မေ့ပျောက်ပြစ်ခြင်းဖြင့် အမျက်ဒေါသငြိမ်းအေးပြီး၊ စိတ်လက်ပေါ့ပါးသည့် နေ့စဉ်ဘ၀သာယာမှုကိုရ ရှိ နိုင်ပါသည်၊၊


“သူ့ကံနှင့်သူရှိပါစေတော့ဟုနှလုံးသွင်း၍ အမျက်ဒေါသကို ငြိမ်းအေးနည်း”

လူတို့သည် ကံအမျိုးမျိုးဖြင့်ဘ၀မျိုးစုံကို ရရှိလာကြပါသည်၊၊ အမျက်ဒေါသသည် မိမိကိုယ်တိုင်နှင့်အခြား သူကို ဖြက်ဆီးရန်သာဖြစ်သည့်အတွက် တစ်စုံတရာကောင်းကျိုးကို မမျှော်လင့်နိုင်ချေ၊၊


လူတစ်ယောက်အပေါ်တွင် အမျက်ဒေါသပြင်းထန်လွန်းပြီး လက်စားချေခြင်း၊ ပျက်စီးမှုကိုစနစ်တကျစီမံ၍ ကြံစည်၍ပြုခြင်း၊ ရန်းကားမှုကိုပြုခြင်းများသည် အပြုခံရသူနှင့်အတူ မိမိတွင်ပါအခြေပျက်ပြီး၊ နင့်နာမှုကို အညီအမျှ ရရှိပါသည်၊၊ 


အမျက်ဒေါသကိုငြိမ်းအေးစေရန်“ပြုသူအသစ် ဖြစ်သူအဟောင်း၊ သူ့အကြောင်းနှင့်သူသာ ရှိပါစေတော့” ဟု နှလုံးသွင်းဆင်ခြင်၍ စိတ်နှလုံးကိုထိမ်းသိမ်းနိုင်လျင် အမျက်ဒေါသဖြစ်မိသူအပေါ်တွင် အမျက်ပြေပြီး၊ ခွင့်လွှတ်နိုင်ကြောင်း လေ့လာရပါသည်၊၊


လူတို့သည် မိမိတို့ကံအလျောက် ဘ၀ပုံစံအမျိုးမျိုးကိုရရှိထားကြသည်ဖြစ်သောကြောင့် “သူပြုသမျှ သူခံ၊ ကိုယ်ပြုသမျှ ကိုယ်ခံ”ဟုသဘောထားနိုင်လျင် အမျက်ဒေါသကိုငြိမ်းအေးစေနိုင်ကြောင်း မှတ်သားရပါ မည်၊၊


ဤတွင် ဒေါသကင်းဝေးနေနိုင်ရေးစာတမ်း ပြည့်စုံပါပြီ၊၊ ဘ၀သံသရာအဆက်ဆက် အပူမီးပွားစေမည့်အ မျက်ဒေါသမှတဆင့် အငြိုးအတေးဖြစ်စဉ်များကိုတားဆီးနိုင်စေရန် ပါဠိစာပေမှလေ့လာရှာဖွေလျက် ဒေါ သပြေပျောက်ကြောင်းနည်းလမ်းများကို စာဖတ်သူသို့ ဆွေးနွေးတင်ပြအပ်ပါသည်၊၊


စာဖတ်သူများ လောင်စာရန်ငြိုး၊ မီးဆက်၍မပျိုးမိစေကြဘဲ၊ အမျက်မရှိသည့်နှလုံးသားများဖြင့် လောကနှင့် လူသားများအပေါ်တွင် အကောင်းမြင်စိတ်ဓာတ်ဖြင့်၊ အေးငြိမ်းချမ်းသာသည့်ဘ၀များကို ရရှိပိုင်ဆိုင်ကြ ပါစေကြောင်းဆန္ဒပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊          ၊၊


{မှတ်ချက်/အံ-၅၊ အာဃာတ၀ဂ်၊ အာဃာတပဋိဝိနယသုတ်ကိုကိုးကား၍ ဤစာတမ်းကိုရေးသားတင်ပြ အပ်ပါသည်၊၊}



 မေတ္တာဖြင့်---
         အရှင်ကေ၀လ(အလင်းစက်)
            {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
      www.ko-thitsar.blogspot.com
       မကုဋာရာမ မြန်မာကျောင်းတိုက်၊
         ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
                 (10/08/2012)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP