Thursday, August 11, 2022

သူမ

 


 

အလွန်တရာလှပသည့် မိဖုရားတစ်ပါးရှိသည်၊ ဘုရင်မင်းမြတ်၏ချစ်ခင် ယုယမှုကိုလည်း အ ပြည့်အ၀ ရရှိထားသဖြင့်အမြဲပျော်ရွှင်နေခဲ့ရသည်။ အချိန်တို့သည် တရွေ့ ရွေ့ ကုန်ဆုံးလာခဲ့သည်။

တစ်နေ့တွင် ကျေးလက်ဒေသမှ အဆို၊ အကကျွမ်းကျင်ရုံမျှမက၊ နတ်သမီးကဲ့သို့လှပပြီး၊ ဆွဲ ဆောင်မှုရှိသော မိန်းမငယ်လေးတစ်ယောက်ကို အမတ်ကြီးများက ခေါ်ဆောင်လာပြီး၊ ရှင်ဘုရင်အား ဆက်သကြသည်။ မြေးအရွယ်တမျှငယ်ရွယ်သည့် မိန်းကလေးအပေါ် ဘုရင်ကြီးသည် စေတနာပိုမို ကျရောက်ခဲ့သည်။ နန်းတွင်းကခြေသည်အဖြစ် တင်မြောက်ထားလိုက်သည်။

မိဖုရားကြီးကို မေ့လျော့သည်အထိဖြစ်နေခဲ့ပြီး၊ မောင်းမအသစ်ကလေးအပေါ်တွင်သာ တွယ် တာနေသည်။ အဆိုအကနှင့် အတွေ့အထိတွင် သာယာခြင်းဖြင့်အချိန်တို့ကို ကုန်လွန်စေလေသည်။ မိ ဖုရားကြီးသည် သတင်းရင်းမြစ်ကိုစုံစမ်းသိရှိသွားသောအခါ ဒေါသပုန်ထတော့သည်၊ ဿာ မစ္ဆရိယ စိတ်များလည်း ပွားများတော့သည်။

ဒေါသအလျှောက် မောင်းမအသစ်ကလေးကို သတ်ဖျတ်၍မဖြစ်နိုင်၊ သိသွားလျင် အပြစ်ကြီး သွားမည်။ ထို့ကြောင့်ပင် ယားယံစေသည့်အသီးများကို ရှာစေပြီး၊ နံ့သာမှုန့်အသွင်ဖြစ်အောင် ပြုပြင် သည်။ နံ့သာမှုန့်အစစ်နှင့်မခြားအောင် ပြုပြင်သည်။

မောင်းမကလေး၏အကကို မင်းမြတ်နှင့်အတူ ကြည့်ရှုလိုပါကြောင်း အကြောင်းကြားလိုက် သည်။ ဘုရင်ကြီးက သဘောကျသွားသည်၊ ယခင်က မောင်းမကလေးကို မိဖုရားကြီး သဘောမတွေ့ မှာကို စိုးရိမ်နေခဲ့ရသည်မဟုတ်ပါလား၊ ယ္ခုလို မိဖုရားကြီးပါ မောင်းမကလေး၏ဖျော်ဖြေမှုကို ရှုစားမည် ဟုသံတော်ဦးတင်လာခြင်းသည် နှစ်သက်ကြည်ဖြူသည့်သဘောကို ပြသရာရောက်သောကြောင့် မင်း ကြီးက နှလုံးပီတိဝါဂွမ်းဆီထည့်မိခြင်း ဖြစ်လေဟန်ရှိသည်။

နန်းတော်အတွင်းဆောင်ထဲတွင် ဘုရင်နှင့်မိဖုရားတို့အား ဖျော်ဖြေသည့်ကပွဲ စတင်နေသည်။ မောင်းကငယ်ကလေး၏အလှနှင့် အဆို၊ အကတို့တွင် လူတိုင်းရှုမငြီးဖြစ်နေကြရသည်။ စနစ်တကျစီ မံပြီးယူ ဆောင်လာသည့် မိဖုရားကြီးလက်သပ်မွေးထားသည့် ကိုယ်လုပ်တော်တစ်ဦးမှ ကခြေသည် မောင်းမကလေးအပေါ်သို့ နံ့သာမှုန့်များကိုမသိမသာ ဖြန့်ကျဲလိုက်သည်။ ကတ္တိပါကော်ဇော်ကြီးများ နှင့်၊ မောင်းမက လေး၏အိပ်စက်ကုတင်ပါမကျန် နံ့သာမှုန့်များကျဲထားလိုက်သည်။

မင်းပရိသတ်အလယ်တွင် ဟန်ဆောင်၍ကပြသီဆိုနေရသော်လည်း ကခြေသည်ကလေးသည် ခန္ဓာကိုယ်အနှံ့မှ အလွန်အမင်းယားယံနေပြီ ဖြစ်သည်။ သူမထိုင်လိုက်သည့်နေရာတိုင်းတွင် ပိုမို၍ ယားယံခြင်း ဖြစ်ပေါ်လာနေသည်ဟု ထင်မိသည်။ ကုတင်ပေါ်တက်လိုက်ချိန်တွင် အဆိုးဝါးဆုံးယားယံ သည့်ဝေဒနာကိုခံစားရရာမှ၊ လက်သဲရှည်များဖြင့်ကုပ်ခြစ်မိသည်ထိ ဖြစ်ရတော့သည်။

နောင်တနေ့မိုးသောက်အလင်းရောက်ချိန်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံး နီရဲနေပြီး၊ အဖုအပိန့်များ၊ သွေးစများပြည့်နှက်နေသည့် ကခြေသည်မကလေးကို တွေ့ကြရတော့သည်။ အလှအပတို့လည်း မရှိ ကြတော့ပြီ၊ အလွန်အမင်းအရုပ်ဆိုး အကျည်းတန်သူအဖြစ်သို့ ရုပ်ချည်းကူးပြောင်းသွားတော့သည်။ အဆင်းရူပါကင်းမဲ့သည့် ကခြေသည်မကလေးကို ဘုရင်ကြိးကလည်း မနှစ်သက်တော့ပြီ။ ဘ၀ပျက်မ ကလေးအဖြစ်သို့ ကျရောက်သွားရသည်။ လက်သည်ကို အများကမသိလိုက်ကြသော်လည်း၊ မိဖုရား ကြီး၏လက်ချက် ဖြစ်သည်။

သာကီဝင်မင်းအနွယ်ဝင်ဖြစ်သော သုက္ကောဒနမင်းကြီးတွင် သားတော်နှစ်ပါးနှင့်၊ သ္မီးတော် တစ်ပါး ရှိသည်။ မဟာနာမမင်းသား၊ အနုရုဒ္ဓမင်းသားနှင့်၊ ရောဟိနီမင်းသ္မီးတို့ ဖြစ်ကြသည်။ သားသ္မီး သုံးယောက်စလုံးပင် ရုပ်ရည်အဆင်းအသွင် အလွန်လှပပြီးအရွယ်ရောက်ခဲ့ကြသည်။

ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီး၊ ကပိလ၀တ်နန်းတော်သို့ ကြွရောက်တော်မူလာခဲ့သည်။ အနုရုဒ္ဓမင်းသားသည် ၀မ်းကွဲညီအစ်ကိုများ ဖြစ်ကြသည့် ဘဒ္ဒိယမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေ၀ဒတ်မင်းသား၊ ဥပါလိတို့နှင့်အတူ ရဟန်းဝတ်ခဲ့သည်။ နှမတော်ရောဟိနီမင်းသ္မီးသည် အစ်ကိုတော်အနုရုဒ္ဓါရဟန်း ၀တ်သွားချိန်တွင် တပင်တိုင်မင်းသ္မီးတစ်ပါးအဖြစ် ကျန်ရစ်ခဲ့သည်။ အချိန်တို့သည် ရာသီအလီလီ ကူးပြောင်းလာခဲ့ပြီး၊ အရှင်အနုရုဒ္ဓါသည်ပင် ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ကြမ္မာဝိပါက်၊ ရှေးကံစနက်ကြောင့် နှမတော်ရောဟိနီမင်းသ္မီးသည် ခန္ဓာကိုယ်အနှံ့အနီဖူးကြီး များပေါက်ပြီး၊ ကိုယ်ရေပြားရောဂါတစ်မျိုး စွဲကပ်လာသည်။ တစ်ပင်တိုင်နန်းဆောင်အတွင်းမှ ပြင်ပသို့ မထွက်ဝံ့သည့်အခြေအနေသို့ ဆိုက်ရောက်ရသည်။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မိသားစုတည်ရှိရာ ကပ္ပိလ၀တ်နန်းတော်သို့ မရောက်သည်မှာ နှစ်အတန်ကြာခဲ့ပြီ၊ ခမည်းတော်၊ မယ်တော်၊ အစ်ကိုတော်နှင့်၊ နှမတော်တို့အား တရားအမြိုက်ဆေး တိုက်ကျွေးရန် မွေးဖွားရာနန်းတော်သို့ ကြွရောက်တော်မူလာခဲ့သည်။ ဆွေတော်မျိုးများအားလုံးကို တွေ့ရသော်လည်း နှမတော်ရောဟိနီမင်းသ္မီးကို မတွေ့ရပေ။ အကျိုးအကြောင်းကို မေးမြန်းသောအခါ နှမတော်မှာ ကိုယ်ရေပြားရောဂါတစ်မျိုး ဖြစ်ပေါ်နေသဖြင့် ပြင်ပသို့မထွက်ဝံ့ကြောင်း လျှောက်တင် ကြသည်။

အရှင်အနုရုဒ္ဓါသည် နှမတော်စံမြန်းရာ တစ်ပင်တိုင်မြနန်းသို့ ကိုယ်တော်တိုင် ကြွတော်မူခဲ့ သည်။ ခန္ဓာကိုယ်နေရာအနှံ့တွင် အနီရောင်အဖု၊ အပိန့်ကြီးများပေါက်နေသည်ကို တွေ့လိုက်ရသည်။ ‘ဆ၀ိရောဂါ’ဟုခေါ်သော ကိုယ်ရေပြားပေါ်တွင်ဖြစ်ပေါ်သည့် အဖုအကျိပ်များ ပေါက်ရောက်နေခြင်း ဖြစ် သည်။ အနုရုဒ္ဓအစ်ကိုတော်ကို တွေ့မြင်လိုက်သောအခါ ရောဟိနီမင်းသ္မီးသည် ၀မ်းနည်းလွန်းသဖြင့် သည်းထန်စွာငိုကြွေး  မြည်တမ်းတော့သည်။

နှမတော်အားနှစ်သိမ့်စကား ပြောဆိုပြီး၊ ကျောင်းဆောက်၍လှူဒါန်းရန် အကြံပြုတော်မူလိုက် သည်။ ရောဟိနီမင်းသ္မီးသည် လည်ဆွဲရတနာအားရောင်းချပြီး၊ ကျောင်းဆောက်၍လှူဒါန်းပါမည်ဟု အစ်ကိုတော်အား ကတိပြုလိုက်သည်။ ကျောင်းတည်ဆောက်နေစဉ်ကာလအတွင်း ရောဟိနီမင်းသ္မီး အား ကျောင်းဝိုင်းသန့်ရှင်းရေးပြုရန် သောက်သုံးရေလှူဒါန်းရန် မိန့်တော်မူထားသည့်အတွက် ရောဟိ နီမင်းသ္မီးသည် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးနှင့်၊ ရေအလှူကိုပေးလှူခဲ့သည်။

ထိုအချိန်မှာပင် ရောဟိနီမင်းသ္မီး၏ခန္ဓာကိုယ်မှ အဖုအပိန့်များသည် ခြောက်လာခြဲ့ပီး၊ အလျင်း ပပျောက်လုနီးအမျှ သက်သာလာခဲ့သည်။ ကျောင်းတိုက်တည်ဆောက်မှုပြီးဆုံးချိန်တွင် မြတ်စွာဘုရား ကိုယ်တော်တိုင် ရေစက်ချတရားဟောတော်မူသည်။ ကျောင်းအစ်မကို လာရန်မိန့်တော်မူသဖြင့် မြတ် စွာဘုရားရှေ့ တော်မှောက်သို့ ရောက်ခဲ့ရသည်။ မြတ်စွာဘုရားရှင်က ရောဟိနီမင်းသ္မီးအား အတိတ် ဘ၀က မိဖုရားဖြစ်ခဲ့ပုံနှင့်၊ ကခြေသည်မကလေးကို ဖျက်ဆီးခဲ့ပုံတို့ကို ပြန်လည်၍ဟောတော်မူပြီး၊ အောက်ပါဂါထာကို ဟောတော်မူသည်။ ချစ်သ္မီးရောဟိနီ သင်သည် -

“ဒေါသကို စွန့်ပယ်ရာ၏၊

မာနကို စွန့်ပယ်ရာ၏၊

သံယောဇဉ်ကို ပယ်စွန့်ရာ၏၊

နာမ်ရုပ်အပေါ်၌မတွယ်တာသူကို၊

ဒုက္ခသည် မကပ်ရောက်နိုင်”။ 

          မြတ်စွာဘုရားရှင်၏တရားတော်အဆုံးတွင် ရောဟိနီမင်းသ္မီးသည် သောတာပတ္တိဖိုလ်တည်ပြီး၊ ခန္ဓာကိုယ်မှ အဖုအပိန့်ရောဂါများလည်း အလျင်းပျောက်ကင်းသွားရုံမက ရွှေအဆင်းကဲ့သို့ဝင်းဝါသော မူလအဆင်းလှပတင့်တယ်မှုကို ပြန်လည်ရရှိခဲ့တော့သည်။

          ကျောင်းအစ်မကြီး ရောဟိနီသည် အသက်ထက်ဆုံးနေထိုင်ပြီးနောက် စုတေပြီးချိန်တွင်၊ တာ ၀တိံသာနတ်ပြည်တွင် အလွန်အကျူးအဆင်းလှသည့်နတ်သ္မီးတစ်ပါး ဖြစ်ခွင့်ရသည်။ ရောဟိနီ နတ် သ္မီးသည် နတ်ပြည်၌ဖြစ်ချိန်တွင် ထူးခြားစွာမင်းသား(၄)ယောက်တို့၏ နယ်မြေပိုင်နက်အကြား တွင် ဖြစ်သည်။ နတ်ပြည်၏ထုံးစံမှာ မိမိပရ၀ုဏ်အတွင်းလာရောက်ဖြစ်သူကို ပိုင်စတမ်းဖြစ်သည်။ ရောဟိနီ နတ်သ္မီးသည် နတ်သား(၄)ဦးတို့ပိုင်နက်အလယ်တွင်ဖြစ်သောကြောင့် နတ်သားလေးပါးစလုံးက ပိုင် ဆိုင်ခွင့်လုကြရတော့သည်။

          နတ်ပြည်ပြဿနာဖြစ်သည့်အတွက် ဖြေရှင်းရန်အတွက် သိကြားမင်းအထံသို့ (၅)ဦးသား သ တင်းပို့ကြရသည်။ သိကြားမင်းသည် ပြဿနာကိုဖြေရှင်းရန်အတွက် ကိုယ်တိုင်နတ်စစ်သူကြီးများနှင့်၊ နတ်စစ်တပ်ကြီးများခြံရံပြီး လာရောက်ခဲ့သည်။ ပိုင်နက်တံတိုင်းရိုးနှင့်အနီးဆုံးနတ်သားသို့ ရောဟိနီ နတ်သ္မီးကို ပေးအပ်ရမည်ဖြစ်သောကြောင့် ပေတိုင်းကြည့်သောအခါတွင်လည်း ညီတူညီမျှဖြစ်နေ သည်ကို တွေ့လိုက်ရသည်။ သြဇာကြီးသည့်နတ်သားများဖြစ်ကြသော နတ်သားလေးယောက်က လည်း အလျော့ပေးမည်သူမရှိ ဖြစ်နေသည်။

          ထို့ကြောင့် သိကြားမင်းသည် နီးသူကိုပေးအပ်ခြင်းစည်းကမ်းဖြင့် ပေးအပ်ရန်မဖြစ်နိုင်တော့ သောကြောင့် စိတ်အခြေအနေဖြင့်အဆုံးအဖြတ်ပေးရန် အကြံဖြစ်ပေါ်သည်။ နတ်သား(၄)ဦးကို ရောဟိနီနတ်သ္မီးအပေါ်ထားရှိသည့် စိတ်အခြေအနေများကို တစ်ဦးချင်းစီပြောကြရန် အမိန့်ပေးလိုက် သည်။ နတ်သားတို့သည် ရောဟိနီနတ်သ္မီးအပေါ်ထားကြသည့် ချစ်ခြင်းမေတ္တာကို အသီးသီးထုတ် ဖော်ကြသည်။

ပထမနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

အရှင်သိကြားမင်း, ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် စစ်ပွဲများတွင်တီးခပ် လေ့ရှိသည့် စစ်စည်ကြီးမြည်ဟီးသကဲ့သို့ တုန်ဟီးမြည်ခါလျှက် ရှိကြပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

ဒုတိယနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

အရှင်သိကြားမင်း, ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် အလွန်တရာမြင့်မတ် သည့်တောင်ပေါ်မှ တသွင်သွင်ဆင်းကျနေသည့် ရေတံခွန် ကြီးကဲ့သို့၊ အရှိန်ပြင်းထန်စွာဖြင့် နှလုံးသွေးတို့ စီးဆင်းနေပါ သည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

တတိယနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

          အရှင်သိကြားမင်း, ပုဇွန်မျက်လုံးတို့သည် ပြင်ပသို့ပြူး ကျယ်ထွက်နေဘိသကဲ့သို့ ရောဟိနီနတ်သ္မီးကို မြင်လျင်မြင် ချင်း၊ ကျွန်ုပ်၏နှလုံးသားအစုံတို့သည် ပေါက်ကွဲထွက်မတတ် ဖြစ်နေပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။ 

စတုတ္ထနတ်သားက ရောဟိနီနတ်သ္မီးအပေါ် သူ၏ခံစားချက်ကို ဖော်ထုတ်ပြလိုက်သည် -

          အရှင်သိကြားမင်း, ကောင်းကင်အမြင့်သို့ ၀ါးတိုင်ဖြင့် လွှင့်ထားသော အလံတံခွန်သည် တလက်စပ်ယိမ်းခါနေသကဲ့ သို့၊ ရောဟိနီနတ်သ္မီးကို မြင်လျင်မြင်ချင်း ကျွန်ုပ်၏နှလုံးသား အစုံတို့သည် အငြိမ်နေ၍မရတော့ဘဲ ယိမ်းခါနေရပါသည်။ ရောဟိနီနတ်သ္မီးကို ရလိုလှပါသည်။

သိကြားမင်းသည် နတ်သား(၄)ယောက်တို့၏ ခံစားချက်ကို အသေးစိတ်မှတ်တမ်း တင်စေ သည်။ သိကြားမင်းသည် နတ်သား(၄)ပါးကို စူးစိုက်ကြည့်ပြီးလျင်- “နတ်သားတို့ သင်တို့၏ ခံစားချက် များသည် အမှန်ပင် ပြင်းထန်ကြပါပေသည်။”ဟု မှတ်ချက်ပေးလိုက်သည်။ သိကြားမင်းသည် သူ၏ ခံစားချက်ကိုလည်း၊ ဤကဲ့သို့ထုတ်ဖော် ပြောကြားလိုက်သည်။

“နတ်သားတို့ ငါသိကြားမင်းသည် ရောဟိနီနတ်သ္မီးကို မြင်လျင်မြင်ချင်း ချစ်ခြင်းမေတ္တာ သက်ဝင်မိပါသည်။ ရောဟိ နီနတ်သ္မီးကို အပိုင်ရမှာသာ အသက်ရှင်နိုင်ပါတော့မည်၊ မရ လျင်မူဧကန်မုချ သေပွဲဝင်ရပါတော့မည်။”

သိကြားမင်း၏ခံစားချက်သည် နတ်သားများထက်ပိုမိုပြင်းထန်သည်ကို ကြားသိရသောအခါ နတ်သား(၄)ပါးတို့သည် “အရှင်သိကြားမင်း စုတေ၍မဖြစ်ပါ၊ ရောဟိနီနတ်သ္မီးကို အရှင်သိကြားမင်း ယူတော်မူပါ”ဟု လျှောက်တင်ကြလေသည်။ ဤသို့ဖြင့် ရောဟိနီနတ်သ္မီးသည် သိကြားမင်းကတော်၊ နတ်မိဖုရားကြီးတစ်ပါး ဖြစ်ခဲ့ရသည်။

ဤဇာတ်လမ်းတွင် ရောဟိနီမင်းသမီးသည် သံသရာဝဋ်ကျွေးကို ကျောင်းဆောက်လှူခြင်းဖြင့် ချေဖျက်လိုက်သည်ကို၎င်း၊ ကျရောက်ဆဲရောဂါကြီးတစ်မျိုးကို ကျောင်းဆောက်လှူခြင်းဖြင့် ကာကွယ် ပျောက်ကင်းစေသည်ကို၎င်း၊ အမျိုးသ္မီးတို့၏ဘ၀တွင် အမြင့်ဆုံးအဆင့်အတန်းဖြစ်သော သိကြားမင်း ကတော်၊ နတ်မိဖုရားကြီးဘ၀ကို ကျောင်းဆောက်လှူခြင်းဖြင့် အရယူသွားသည်ကို၎င်း၊ သောတာပန် အရိယာအဖြစ်ကို ကျောင်းဆောက်လှူခြင်းဖြင့် ယူဆောင်သွားသည်ကို၎င်း တွေ့ရသည်။

မြတ်စွာဘုရားရှင်ကလည်း “၀ိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ”ဟု ဟောတော်မူပါ သည်။ အဓိပ္ပါယ်မှာ “သံဃာတော်များသီတင်းသုံးရန်၊ ကျောင်းဆောက်အလှူဒါနပြုခြင်းကို၊ ဘုရားအ ဆူဆူတိုင်းက၊ အမြတ်ဆုံးဟုချီးမွှမ်းတော်မူကြသည်”ဟု ဖြစ်ပါသည်။

ရောဟိနီမင်းသ္မီးအကြောင်းကို “သူမ”လို့အမည်ပေးပြီး ရေးသားသောစာတမ်း ပြီးဆုံးပါပြီ။ စာရေးသူအပါအ၀င်၊ စာရှုသူများလူတိုင်းတွင် သံသရာဝဋ်တစ်မျိုးမျိုးပါလာကြမည်မှာ အသေအခြာဖြစ် ပါသည်။ “၀ဋ်”ဟူသည်မှာ မဖြေဖျောက်နိုင်ပါက သံသရာလည်သမျှလိုက်ပါပြီး ဆင်းရဲဒုက္ခပေးနေမှာ ဖြစ်ပါတယ်။ ကျောင်းအလှူသည် ၀ဋ်ကိုဖြေပေးနိုင်သောကုသိုလ်ဖြစ်ကြောင်းကို ဤဇာတ်လမ်းတွင် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူပါသည်။ ၀ဋ်ကြွေးများကို ဖြေဖျောက်နိုင်ပြီး၊ အဆင့်အ တန်း အမြင့်ဆုံးဘ၀များကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ခြွေလိုက်ပါတယ်။ 

 

(Ref: ရောဟိနီခတ္တိယကညာဝတ္ထု၊ ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ နှာ-၁၉၄။)

 

 

 

မေတ္တာဖြင့် -

ဒေါက်တာအရှင်ကေ၀လ Ph.D (သီရိလင်္ကာ)

(24/12/2020)

 

{မှတ်ချက်/ နတ်သား(၄)ပါးနှင့်၊ သိကြားမင်းတို့၏ ရင်တွင်းကဗျာ(၅)ပုဒ်ကို ပါဠိလိုမူရင်းအ တိုင်းသိလိုသူများအတွက် ဖော်ပြပေးလိုက်ပါသည်။

၁. မမ တာဝ ဥပ္ပန္နစိတ္တံ သင်္ဂါမဘေရိ

    ၀ိယ သန္နိသီဒိတုံ နာသက္ခိ။

၂. မမ စိတ္တံ ပဗ္ဗတနဒီဝိယ သီဃံ ပ၀တ္တတိယေ၀။

၃. မမ အိမိဿာ ဒိကာလတော ပဌာယ

   ကက္ကဋဿ ၀ိယ အက္ခီနိ နိက္ခမိံသု။

၎. မမ စိတ္တံ စေတိယေ ဥဿာပိတဓဇော

   ၀ိယ နိစ္စကာလံ ဌာတုံ နာသက္ခိ။

၅. တာတ တုမှာကံ တာဝ စိတ္တာနိ ပသယှရူပါနိ။

   အဟံ ပန မံ အလဘန္တော ဇီဝိဿာမိ၊

   အလဘန္တဿ မေ မရဏံ ဘ၀ိဿာမိ။

(Ref: ရောဟိနီခတ္တိယကညာဝတ္ထု၊ ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ နှာ-၁၉၄။)  

 

အပြည့်အစုံသို့....

Wednesday, August 10, 2022

အေးချမ်းသာယာကြပါစေ

 အေးချမ်းသာယာကြပါစေ။




အပြည့်အစုံသို့....

Tuesday, September 6, 2016

ဒမ္ဘူလရွေကျောင်း၊၊ ၊၊






 
 
လင်္ကာတမန်မဂ္ဂဇင်း အယ်ဒီတာဆရာတော်များ၏ သဘောတူဆုံးဖြတ်ချက်အရ (2016)ခုနှစ် မဂ္ဂဇင်းအဖုံးကို ဒမ္ဘူလတောင်ဓာတ်ပုံဖြင့် ပြုလုပ်ရန်သဘောတူခဲ့ကြပါသည်။ ဒမ္ဘူလတောင်ပုံကို Cover Photo အဖြစ်အသုံးပြုမည်ဆိုလျင် တောင်တော်ကြီး၏သမိုင်းကြောင်းကို ဆောင်းပါးတစ်ပုဒ် အဖြစ် ထည့်ကြရန်ကိုလည်း သဘောတူခဲ့ကြပါသည်။ ဤသို့ဖြင့် ဒမ္ဘူလတောင်သမိုင်းကို ရေးသားရန် တာဝန်ကျလာခဲ့ခြင်း ဖြစ်ပါသည်၊၊ 


သီရိလင်္ကာနိုင်ငံတွင် အထူးထင်ရှားပြီး သမိုင်းတန်ဖိုးကြီးမားသော ရှေးဟောင်းအမွေအနှစ် များစွာရှိပါသည်။  ဒမ္ဘူလတောင်သည် သီရိလင်္ကာလူမျိုးတို့၏ ပထမဆုံး ကျောက်ဆစ်အနုပညာ­လက်ရာကို ထိမ်းသိမ်းပြသထားသည့် နေရာဖြစ်ပါသည်။ အဓိကအားဖြင့် ဘာသာရေးနှင့်ဆက်စပ်­သည့်နေရာဖြစ်သော်လည်း အမှန်စင်စစ် သီရိလင်္ကာ၏ရှေးခေတ်နိုင်ငံရေး ပုံရိပ်များကို ဒမ္ဘူလတောင်­သမိုင်းမှတ်တမ်းများက ညွှန်ပြလျှက်ရှိပါသည်။


ဤသို့ဆိုသဖြင့် သီရိလင်္ကာနိုင်ငံ၏ ခေတ်ဦးပိုင်းနိုင်ငံရေးနှင့်ဆက်စပ်သော မင်းရေးမင်းရာ­တ­ချို့ ကို ဖော်ပြရန်သင့်ပါသည်၊၊ ၀င်္ဂရာဇ်မင်းမျိုးဆက်၊ ၀ိဇယမင်းမှစတင်အခြေတည်ခဲ့သော ‘တမ္ဗပဏ္ဏိ­နိုင်­­ငံ­­တော်­’ကို (B.C.3)ရာစုတွင် ဒေ၀ါနံပီယတိဿမင်း နန်းတက်ခဲ့ပါသည်။ တတိယသင်္ဂါယ­နာတင်­ပွဲ­အပြီး သာသနာပြုကြွတော်မူလာသည့် အရှင်မဟိန္ဒ ဦးဆောင်သော- အရှင်အိဋ္ဌိယ၊ အရှင်­ဥတ္တိယ၊ အရှင်­သမ္ဗလ၊ အရှင်ဘဒ္ဒသာလ၊ သုမနသာမဏေ နှင့် ဘဏ္ဍုကဥပသကာ-တို့အဖွဲ့၏  သာသ­နာ­ပြု­မှု­ဖြင့် ဒေ၀ါနံပီယတိဿမင်းနှင့် ပြည်သူ၊ ပြည်သာများပါ ရတနာသုံးပါးကို သက်ဝင်ယုံကြည်ပြီး၊ ထေရ­၀ါ­ဒဗုဒ္ဓဘာသာနိုင်ငံတော်ကြီး စတင်ဖြစ်လာခဲ့ပါသည်။ 


ဒေ၀ါနံပီယတိဿမင်းကြီးနှင့် အရှင်မဟိန္ဒတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် နိုင်ငံတော်ကြီးတွင် မြတ်စွာဘုရားရှင်၏ သာသနာတော် နေလပမာထွန်းတောက်ခဲ့ပါသည်၊၊ သံဃာတော်များသီတင်းသုံး ရန် ကျောင်းတိုက်ကြီးများ၊ စေတီတော်ကြီးများကို နိုင်ငံအနှံ့တွင်တည်ဆောက်လှူဒါန်းခဲ့ကြသည်ကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။


ဒေ၀ါနံပီယတိဿမင်းကြီးတွင် ညီအကိုအရင်း (၁၀)ယောက်နှင့် နှမတော်(၂)ပါး ရှိပါသည်၊၊ မင်းကြီးနှင့် အနုလာဒေ၀ီမိဖုရားတို့တွင် ထီးမွေနန်းလျာမထွန်းကားသည့်အတွက် ညီတော်များမှ နန်း­မွေကို ဆက်ခံခဲ့ကြပါသည်၊ ညီတော်သုံးပါးဖြစ်သည့် တတိယနန်းဆက်-‘သူရတိဿမင်း’­လက်­ထက်­တွင် အနုရာဓပူရထီးနန်းကို ဘာသာခြားဖြစ်သောကျေးကုလားမင်းမှ လုယူပြီး၊ နန်းသိမ်း­ခံ­လိုက်­ရပါသည်။


ဒေ၀ါနံပီယတိဿမင်းကြီး၏ အခြားညီတော်တပါးဖြစ်သော ‘မဟာနာဂမင်းသား’သည် လက်ရှိ-သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်း ‘ရောဟနဒေသ’တွင် နိုင်ငံတစ်ခုကိုတည်ထောင်ပြီး  ထီးနန်းစိုး­စံခဲ့­ပါသည်။ မဟာနာဂမင်းကြီး၏သားတော် ‘ဂေါဓာဘယမင်းသား’မှ နန်းမွေကိုဆက်ခံခဲ့ပါသည်၊ ဂေါဓာ­ဘ­ယမင်းကြီးတွင် ‘ကာက၀ဏ္ဏတိဿ’အမည်ရှိသားတော်တစ်ပါး ဖွားမြင်ပြီး၊ ကလျာဏီ­တိဿမင်း၏ သ္မီး­တော်‘၀ိဟာရ­ဒေ၀ီ’­ကို မိဖုရားမြှောက်ကာ ဖခင်၏ထီးနန်းအမွေကို ဆက်ခံခဲ့ပါသည်။ (မူကွဲ-ကာက­၀ဏ္ဏ­တိဿ=က၀ံတိဿ)။


ကာက၀ဏ္ဏတိဿမင်းနှင့် ၀ိဟာရဒေ၀ီမိဖုရားတို့မှ-ဒုဋ္ဌဂါမဏိ နှင့် သဒ္ဓါတိဿ-ဟူသောမင်း­သား­နှစ်ပါး ကိုဖွားမြင်ခဲ့ပါသည်။ ထိုအချိန်တွင် ဦးကြီးတော်-ဒေ၀ါနံပီယတိဿမင်း တည်­ထောင်­ခဲ့­သော အနုရာ­ဓပူ­ရနန်းတော်ကြီးကို ဘာသာခြားမင်းများ အုပ်ချုပ်နေသည့်အချိန်ဖြစ်ပါသည်။ ထေရ­၀ါ­ဒ­ဗုဒ္ဓ­သာသ­နာတော်သည်လည်း မင်း၏ချီးမြှောက်ထောက်ပံ့မှုကို မရသည့်အပြင် ဖျက်ဆီးခံနေ­ရသည့်­အချိန်­ဖြစ်သောကြောင့် တိမ်ဖုံးအုပ်သည့် လပမာဖြစ်နေခဲ့ရပါသည်။ 


ဒုဋ္ဌဂါမဏိမင်းသားသည် ရဲစိတ်ရဲမာန်ပြင်းထန်ပြီး၊ ဗုဒ္ဓသာသနာကိုလည်း အရွယ်နှင့်မမျှအောင် ကြည်ညိုသူဖြစ်၍ အနုရာဓပူရထီးနန်းကို ဘာသာခြားမင်းများထံမှ တိုက်ယူပြီး၊ နိုင်ငံနှစ်ခုကို တစု­တည်း­ပြုချင်သည့် ဆန္ဒရှိခဲ့ပါသည်။ စစ်သည်ဗိုလ်ပါ အလုံအလောက်ကို စုဆောင်းမိသည်နှင့် ဖခင်-မင်း­တြားကြီးကိုခွင့်ပန်ပြီး၊ (၇)နှစ်ခန့်ကြာသည်အထိတိုက်ခိုက်ပြီး၊ အနုရာဓပူရထီးနန်းကို ပြန်­လည်­ရယူနိုင်ခဲ့ပါသည်။


ဒုဋ္ဌဂါမဏိမင်းသားသည် ‘ရမ္မနိကဒေ၀ီ’ကို မိဖုရားအရာထားလျှက် အနုရာဓပူရထီးနန်းကို အုပ်­ချုပ်­မင်းပြုပြီး၊ ပျက်စီးယိုယွင်းနေသည့် ဗုဒ္ဓသာသနာတော်ကို အထူးအလေးထားပြုပြင်ပြီး၊ စေတီ­တော­်ကြီးများ၊ ကျောင်းတိုက်အသစ်ကြီးများကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ဒုဋ္ဌဂါမဏိမင်း­၏­လက်­ထက်တွင် နိုင်ငံတော်ကြီးမည်မျှအထိ ချမ်းသာကြွယ်ဝခဲ့ကြောင်းကိုလည်း တည်ဆောက်­ထား­ခဲ့­သည့် ကျောင်းတိုက်ကြီးများ၊ စေတီတော်ကြီးများကို လေ့လာကြည့်လျင် သိမြင်နိုင်ပါသည်။


ဒုဋ္ဌဂါမဏိမင်းကြီးသည် (၂၄)နှစ်မျှနန်းစံခဲ့ပြီး၊ သက်တော်ကြီးရင့်၍ နတ်ရွာစံခဲ့ရပါသည်။ မင်းကြီးတွင် ထီးနန်းအမွေဆက်ခံရန် ‘သာလိယ’အမည်ရှိ သားတော်တစ်ပါးရှိသော်လည်း စဏ္ဍာလမျိုးနွယ် ‘အသောကာမာလာ’နှင့်ရည်ငံပြီး၊ နန်းတွင်းမှထွက်ပြေးသွားသောကြောင့် ညီတော်-­သဒ္ဓါတိဿမင်းသားမှ ဒုဋ္ဌဂါမဏိ­မင်း­­၏­အရိုက်အရာကို ဆက်ခံခဲ့ပါသည်။ သဒ္ဓါတိဿ­မင်း­ကြီး­နှင့် မိဖုရားခေါင်ကြီးတို့မှ-လဉ္ဇတိဿ၊ ထူလတ္ထန၊ ခဠာဋနာဂ နှင့် ၀ဋ္မဂါမဏိအဘယ-ဟူ­သော­သား­တော်(၄)ပါးကို ဖွားမြင်ခဲ့ပါသည်။ သဒ္ဓါတိ­ဿ­မင်းကြီး၏လက်ထက်တွင်လည်း မြတ်စွာဘုရား­ရှင်­၏­သာ­သနာတော်သည် သီရိလင်္ကာမြေအပြင်တွင် အထူးထွန်းပြောင် စည်ကားခဲ့ပါသည်။ 


သဒ္ဓါတိဿမင်းကြီး အသက်အရွယ်ကြီးရင့်၍ နတ်နန်းစံမြန်းချိန်တွင် သံဃာ့ရာဇာဆရာ­တော်­ကြီး­များ၊ အမတ်ကြီးများ၏သဘောဆန္ဒအရ သားတော်(၄)ပါးထဲမှ ဒုတိယသားတော်-‘ထူလတ္ထ­န­မင်း­သား’ကို မင်းမြှောက်ခဲ့ကြပါသည်။ နန်းတက်ပြီး (၁)လ၊ (၁၀)ရက်အကြာမှာပင် ပထမသား­တော်­အ­ကြီး-လဉ္ဇတိဿမင်းသားမှနန်းလုပြီး ထီးနန်း­စိုး­စံ­ခဲ့ပါသည်။ လဉ္ဇတိဿမင်းနောက်တွင် ညီတော်­အလတ်-ခဠာဋနာဂမင်းသား နန်းမွေဆက်ခံပါသည်။ ခဠာဋနာဂမင်းကို ဘာသာခြား-စစ်သေနာပတိ အမတ်­ချုပ်­ဖြစ်­သူ-‘မဟာရတ္ထက’မှနန်းချပြီး၊ အာဏာလုယူခဲ့ပါသည်။ 


ညီတော်အငယ်ဆုံးဖြစ်သည့် ၀ဋ္မဂါမဏိအဘယ (၀လဂမ္ဘ)မင်းသားသည် နောင်တော်အထံမှ လုယူပြီး၊ ဗုဒ္ဓသာသနာတော်ကိုဖြက်ဆီးနေသည့် အမတ်မင်းထံမှထီးနန်းကို လူသူစုရုံးပြီး တိုက်ခိုက်­ရ­ယူ­နိုင်ခဲ့ပါသည်။ ၀တ္တဂါမဏိမင်းသားသည် ‘သောမ၀တီ’ နှင့် ‘အနုလဒေ၀ီ’တို့ကို မိဖုရားမြှောက်ပြီး ရာ­ဇ­အဘိသိက်ခံယူခဲ့ပါသည်။ 


ဝဋ္မဂါမဏိအဘယမင်း နန်းစံ၍ (၆)လခန့်အချိန်တွင် ဗြဟ္မဏတိဿသူပုန်ဘေး နှင့် ကျေး­မင်း­တို့­၏ သူပုန်ဘေးများဆက်တိုက် ဖြစ်ပေါ်ခဲ့ပါသည်။ စစ်ဘေးနှင့်အတူ ရောဂါဘေး၊ အငတ်ဘေးများပါ ၀င်ရောက်လာသောကြောင့်၊ မင်းကြီးသည် ထီးနန်းကိုစွန့်ပြီး၊ (၁၄)နှစ်ကြာမျှ တိမ်းရှောင်နေခဲ့ရပါ­သည်။ ထိုဘေးကြီးများအတွင်း စေတီတော်ကြီးများ၊ ကျောင်းတိုက်ကြီးများနှင့် ဗုဒ္ဓသာသနိကအမွေ အကုန်နီးပါးမျှ အဖြတ်ဆီးခံခဲ့ရပါသည်။ သံဃာတော်များသည်လည်း စာပေပို့ချင်း၊ သင်ယူခြင်းအစရှိ သော သာသနာထိမ်းသိမ်းရေး လုပ်ငန်းများကိုမပြုနိုင်ကြတော့ဘဲ စစ်ဘေးလွတ်ရာဒေသများသို့ တိမ်း­ရှောင်နေခဲ့ကြရပါသည်။


ဝဋ္မဂါမဏိအဘယမင်းကြီးသည် လူသူစုဆောင်းရင်း ပုန်းအောင်းနေသည့်နေရာမှာ ဇမ္ဗု­ကော­လ (ခေါ်) ဒမ္ဘူလကျောက်တောင်တွင် ဖြစ်ပါသည်။ ကျောက်တောင်ကြီး၏ သဘာဝလှိုဏ်ဂူများထဲတွင် သံဃာတော်များ တရားအားထုတ်ခြင်း၊ စာပေသင်ယူခြင်းများကို နှစ်ပေါင်းများစွာကပင် ပြုနေခဲ့ကြ­သည့်­နေရာ ဖြစ်ပါသည်။ သံဃာတော်များသည် မင်းကြီးအား စောင့်ရှောက်ပေးထားပြီး၊ ထီးနန်းကို ပြန်လည်ရယူရန် စစ်သည်စုဆောင်းခြင်း၊ စစ်အတတ်သင်ခြင်းစသောအလုပ်များတွင် အထူးကူညီခဲ့ ကြပါသည်။


ဒမ္ဘူလကျောက်တောင်ပေါ်မှ သံဃာတော်များ၏ကျောင်းသင်္ခန်းလေးများတွင် မှီခိုပြီး၊ လိုအပ်­သော­စု­ဆောင်းမှုများပြည့်စုံသောအခါ ၀ဋ္မဂါမဏိအဘယမင်းသည် အနုရာဓပူရထီးနန်းကို ပြန်လည်­တိုက်­ခိုက်ပြီး၊ အောင်မြင်ခဲ့ပါသည်။

 မင်းကြီးသည် တိုင်းပြည်အတွက်လိုအပ်နေချိန်တွင် စေတနာ မေတ္တာကြီးမားစွာဖြင့် အကူအညီပေးခဲ့သည့် သံဃာတော်များကို အထူးကျေးဇူးဆပ်သောအားဖြင့် သံဃာတော်များသီတင်းသုံးတော်မူကြသည့် သဘာဝလိုဏ်ဂူငယ်လေးများကို နေလောက်­သည့်­ပ­မာ­ဏအထိ ပြုပြင်ပေးခြင်းများအပြင်၊ ဒမ္ဘူလလှိုဏ်ဂူကြီး(၅)ခုကို ပင်မကျောက်တောင်ကြီးမှထွင်းပြီး၊ လှူဒါန်း­ခဲ့­ပါသည်။ ထိုမျှမက ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွက် အထူးအရေးပါသည့် စတုတ္ထသင်္ဂါ­ယနာ­တင်ပွဲကြီးကိုလည်း မင်းကြီးမှပင် ထောက်ပံ့လှူဒါန်းပြီး သာသနာပြုခဲ့ပါသည်။


ဝဋ္မဂါမဏိအဘယမင်းကြီးသည် ဒမ္ဘူလကျောက်လှိုဏ်ဂူများကို (B.C.1)ရာစုတွင် ထွင်း၍လှူခဲ့­သော­ကြောင့် ယ္ခုအခါနှစ်ပေါင်း (၂၂၀၀)ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်ပါသည်။ ဒမ္ဘူလတောင်သို့ ကိုလံ­ဘို­မြို့တော်မှ ကီလိုမီတာ (၁၅၀)ကွာဝေးပါသည်၊ ကန္ဒီမြို့နှင့် ကီလိုမီတာ (၇၂) နှင့်၊ အနု­ရာ­ဓ­ပူ­ရ­မြို့­နှင့်­(၆၆)­ကီလိုမီတာ ကွာဝေးပါသည်၊၊ 


 ဒမ္ဘူလကျောက်တောင်ကြီးသည် မီတာ(၁၅၂)ကျယ်ဝန်းသည့် ကျောက်တောင်ကုန်းဖြစ်ပြီး၊ အလျားမီတာ(၃၀၀) နှင့်၊ တောင်ခြေမှမီတာ (၃၇)မြင့်ပါသည်။ ဒမ္ဘူလလိုဏ်ဂူကြီး (၅)ခုမှာ-

(၁) ဒေ၀ရာဇလှိုဏ်ဂူ
(၂) မဟာရာဇလှိုဏ်ဂူ
(၃) မဟာအတုလလှိုဏ်ဂူ
(၄) ပစ္ဆိမလှိုဏ်ဂူ
(၅) ဒေ၀နာတုလလှိုဏ်ဂူ



“ဒေ၀ရာဇလှိုဏ်ဂူ” 

          ဒမ္ဘူလတောင်ပေါ်အ၀င်ဂိတ်ကို ဖြတ်ကျော်အပြီး ဘယ်ဘက်ကျောက်တောင်၏ အစတွင်­ကျောက်­စာတချပ်ကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊ ထိုကျောက်စာကို ‘နိဿင်္ကမလ္လမင်း’မှ (A.D. 1189-1198)တွင် ရေးထိုးခဲ့သည်ဟု သိရပါသည်၊၊ မင်းကြီးသည် လိုဏ်ဂူကြီး(၅)လုံးအတွင်းမှ မူလက­သာ­မန်အတိုင်းတည်ရှိနေသည့် ဆင်းတုတော်ကြီးများကို ရွှေချပြီးလှူဒါန်းခဲ့ပြီး၊ ဒမ္ဘူလတောင်­ကို­လည်း ‘ဒမ္ဘူလရွှေကျောင်းတော်= Dambula, the Golden Rock Cave’ဟု အမည်သစ် ခေါ်­တွင်­စေ­ခဲ့ပါ­သည်။ ကျောက်စာထဲတွင် မင်းကြီး၏ ဒမ္ဘူလရွှေကျောင်းတော်ကြီးတွင် လှူဒါန်းမှုအစုစုနှင့်၊ တိုင်း­သူ­ပြည်­သားများအပေါ်တွင်ထားရှိသည့် သဘောထားများကိုရေးသားထားသည်ဟု သိရပါသည်။


          ကျောက်စာချပ်ကြီး၏ ဘေးကပ်လျက်တွင် ပထမဆုံးလှိုဏ်ဂူဖြစ်သည့် ဒေ၀ရာဇလေဏကို တွေ့မြင်ရမည်ဖြစ်ပါသည်၊ လှိုဏ်ဂူထဲတွင် အလွန်ကြီးသည့်လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိုဖူးတွေ့ရပါမည်၊ ဆင်းတုတော်ကြီး၏ ဦးခေါင်းတော်ဘေးတွင် ဗိဿနိုးနတ်ရုပ်တုကို တွေ့မြင်နိုင်ပြီး၊ ဆင်းတုတော်ကြီး၏ခြေရင်းတွင် အရှင်အာနန္ဒာ၏ရပ်တော်မူရုပ်တုနှင့် မြတ်စွာဘုရားရှင် ထိုင်တော်­မူ­ဆင်း­တုတို့ကို တွေ့မြင်နိုင်ပါသည်။ လျောင်းတော်မူဆင်းတုတော်ကြီးသည် (၄၅)ပေ အလျားရှိ­သော­ကြောင့် ဆင်းတုတော်ကြီးနှင့်ယှဉ်ကြည့်လျင် လိုဏ်ဂူသည်အလွန်ကျဉ်းလွန်းနေပြီး၊ မြန်မာနိုင်ငံ၊ ပုဂံမှ ‘မနုဟာဘုရား’ ဂန္ဓကုဋိတိုက်နှင့် ဆင်တူလှပါသည်။ လိုဏ်ဂူနံရံတစ်ခုလုံးတွင်လည်း နံရံဆေးရေး­ပန်း­ချီများ ပြည့်နှက်နေပါသည်။



          ဒမ္ဘူလလှိုဏ်ဂူများတွင်ရှိသော နံရံဆေးရေးပန်းချီများ သည် မူလကျောက်တောင်ကို လှိုဏ်­ဂူ­အ­ဖြစ်ထွင်းစဉ်ကပင် ရေးချယ်ခဲ့ကြပါသည်၊ မူလပန်းချီများကို (A.D.18)ရာစုတွင် မူလလက်­ရာ­များ­ပေါ်­တွင် ပြန်လည်၍ပြုပြင်မှု ထိမ်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဒမ္ဘူလဆင်းတု­တော်­ကြီး­များ­တွင်လည်း တချို့ ဆင်းတုတော်ကြီးများမှာ ကျောက်သားမဟုတ်ဘဲ၊ သစ်သားဆင်းတုတော်များ ဖြစ်သည်ဟု သိရပါသည်၊ အချို့ ဆင်းတုတော်ကြီးများကမူ အင်္ဂတေသား ဆင်းတုတော်­များ­ဖြစ်­သည်­ဟု လေ့လာရပါသည်။ သို့သော် ဆင်းတုတော်ကြီးအများစုမှာမူ မူလကျောက်တောင်ကို ထွင်းစဉ်က­ကျောက်­တုန်းများကို ချန်ထားပြီး၊ ဆင်းတုတော်များအဖြစ် ထုလုပ်ထားခြင်း ဖြစ်ပါသည်။ ဆင်း­တု­တော်ကြီးများကို လေ့လာကြည့်ခြင်းအားဖြင့် သီရိလင်္ကာလူ­မျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် ကျောက်­ဆစ်လက်ရာ အလွန်ကျွမ်းကျင်ကြောင်း သိသာ­လှပါသည်။ ဒမ္ဘူလကျောက်­တောင်­မှ­ဆင်း­တု­တော­်များသည် သီရိလင်္ကာလူမျိုးတို့၏ အစောဆုံး ကျောက်ဆင်းတုလက်ရာကို ပြသရာနေရာလည်း ဖြစ်ပါသည်။


          ဒေ၀ရာဇလှိုဏ်ဂူဘေးတွင် ဗိဿနိုးနတ်ကွန်းကို တွေ့ရပါသည်၊ အတွင်းထဲမှ ဗိဿနိုးနတ်­ရုပ်­ကြီးကို သီရိလင်္ကာနိုင်ငံတောင်ပိုင်း၊ မာတရခရိုင်၊ ဒေ၀ုန္ဒရဒေသမှ (A.D-16)ရာစုတွင် သယ်ယူ­ထား­သည်ဟု လေ့လာရပါသည်။ 



“မဟာရာဇလှိုဏ်ဂူ”

          ဤလှိုဏ်ဂူသည် ဒမ္ဘူလလိုဏ်ဂူများထဲတွင် အကြီးဆုံးလိုဏ်ဂူကြီး ဖြစ်ပါသည်၊ လိုဏ်ဂူ­ကြီး­သည် အရှည် (၃၇)မီတာ၊ အကျယ်(၂၃)မီတာနှင့် (၂၇)မီတာမြင့်ပါသည်၊ လိုဏ်ဂူတော်ကြီးထဲတွင် ဆင်း­­တုတော်ပေါင်း(၆၀) ရှိပါသည်။ အတွင်းပိုင်းမှကြည့်လျင် လိုဏ်ဂူတော်ကြီး၏ ညာဘက်­အ­၀င်­ဘေးတွင် ၀ဋ္မဂါမဏိအဘယမင်းကြီး၏ ရုပ်တုကို တွေ့ရပါမည်၊ ရုပ်တုကြီးကို ပေါလွန္နရု­၀­ခေတ်­တွင်မှထုလုပ်ပြီး ထည့်ထားသည်ဟု သိရပါသည်။ 


          လှိုဏ်ဂူကြီးထဲတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်ကြီးအမျိုးမျိုးကို မုဒြာဟန်အမျိုးမျိုးနှင့် ဖူးတွေ့ရပြီး၊ နတ်ရုပ်မျိုးစုံကိုလည်း တွေ့ရပါသည်။ စွယ်တော်ကြုပ်စေတီတော်­တစ်­ဆူကိုလည်း ဖူးတွေ့ရပါသည်၊ နံရံဆေးရေးပန်းချီများကို­လည်း နေရာမလပ်တွေ့မြင်ရပါသည်။ မဟာရာဇလိုဏ်ဂူသည် အကြီးဆုံးဖြစ်သည့်အားလျောက်စွာ လိုဏ်ဂူတော်ကြီးအတွင်းမှ ဆင်းတု­တော်­များသည်လည်း အခြားလိုဏ်ဂူများအထဲမှ ဆင်းတုတော်များထက် အဆများစွာကြီးသည်ကို တွေ့မြင်ရပါသည်။ လိုဏ်ဂူကြီး၏အလယ်တွင် ကျောက်တောင်အပေါ်အမိုးမှ စိမ့်ကျနေသည့်­ရေ­ပေါက်­များကို ခံထားသည့်မြေအိုးကြီး ရှိပါသည်။ မြေအိုးထဲကျသည့်ရေများသည် အစွမ်းတမျိုး­မျိုး­ရှိ­သည်ဟု ဒေသခံလူမျိုးတို့က ယုံကြည်ကြပါသည်။ 


          ဒေ၀ရာဇလှိုဏ်ဂူ၊ မဟာရာဇလှိုဏ်ဂူနှင့် အတွင်းရှိဆင်းတုတော်ကြီးများသည် မူလအတိုင်းပြု­ပြင်­မှု­မ­ရှိ­သေး­ဘဲ လေ့လာနိုင်သည့်လှိုဏ်ဂူ(၂)ခုဖြစ်ကြောင်း လေ့လာရပါသည်။



“မဟာအတုလလှိုဏ်ဂူ”

          မဟာရာဇလှိုဏ်ဂူ၏ ဘယ်ဘက်ဘေးတွင် ဒုတိယအကြီးဆုံး ‘မဟာအတုလလိုဏ်ဂူ’ကို တွေ့ရ ပါမည်။ ဤလိုဏ်ဂူသည် အရှည်(၂၇)မီတာ၊ အကျယ်(၂၄)မီတာ နှင့် အမြင့်(၁၁)မီတာ ဖြစ်ပါသည်။ (A.D.18)ရာစုတွင် ကိတ္တိသီရိရာဇသိင်္ဃမင်းမှ ပြန်လည်၍အသစ်ပြုပြင် မွန်းမံထားသော­လိုဏ်­ဂူ­ဖြစ်သော ကြောင့် The Great New Cave ဟုခေါ်တွင်ပါသည်။ လိုဏ်ဂူတော်ကြီးအတွင်းသို့ ၀င်လျင်­၀င်ချင်း ထိုင်တော်မူဆင်းတုတော်ကြီးကို နံဘေးမှ ရပ်တော်မူဆင်းတုတော်နှစ်ဆူခြံရံလျက် ဖူးတွေ့ရ­မည်­ဖြစ်­ပါ­သည်။ လျောင်းတော်မူဆင်းတုတော်ကြီးတစ်ဆူကိုလည်း ဦးပိုင်းတွင် ဖူးတွေ့နိုင်ပါသည်။ ရပ်တော်မူ၊ ထိုင်တော်မူဆင်းတုအမျိုးမျိုးကို ပုံဟန်အမျိုးမျိုးနှင့် ကြည်ညိုရမည်ဖြစ်ပါသည်။ 


ကန္ဒီခေတ်တွင် ပြုပြင်ထားသောလှိုဏ်ဂူကြီးဖြစ်သောကြောင့် ဆင်းတုတော်အများစုမှာ ကန္ဒီခေတ် လက်ရာလွှမ်းမိုးနေသည်ဟု သိရပါသည်။ နတ်ရုပ်တုများကိုလည်း တွေ့မြင်နိုင်ပြီး၊ နံရံဆေးရေး­ပန်း­ချီးများ­­မှာလည်း အကြားမလပ်ပင် ဖြစ်ပါသည်။ ကိတ္တိသီရိရာဇသိင်္ဃမင်း၏ရုပ်တုကိုလည်း လှိုဏ်ဂူ­တော်­ကြီး၏ အရှေ့ ပိုင်း၊ ထိုင်တော်မူဆင်းတုတော်ကြီး၏နံဘေးတွင် မုတ်ဆိပ်မွှေးကားကားနှင့် ရပ်­လျက်­အနေအထားဖြင့် တွေ့မြင်နိုင်ပါသည်။ 


“ပစ္ဆိမလှိုဏ်ဂူ” 

          မဟာရာဇလှိုဏ်ဂူ၏ ဘယ်ဘက်ဘေး ဒေါင့်ကျကျနေရာတွင် ပစ္ဆိမလိုဏ်ဂူတည် ရှိပါသည်။ ဤ­လိုဏ်ဂူသည် ကျောက်တောင်ကြီး၏အကွေ့နေရာတွင် ထွင်းထားသောကြောင့် အခြားလိုဏ်­ဂူ­များထက် အနည်းငယ်ဆိုက်သေးပါသည်။ လိုဏ်ဂူထဲတွင် ထိုင်တော်မူဆင်းတုတော်ကြီးများနှင့် စေတီငယ်တစ်ဆူကို ဖူးတွေ့ရပါသည်၊ ထိုစေတီကို ၀ဋ္ဋဂါမဏိမင်း၏ ကြင်ဖက်သက်လျာ သောမ၀­တီမိ­ဖုရားမှ လှူဒါန်းထားသည်ဟု သိရပါသည်။ စေတီတော်လေးထဲတွင် သောမ၀တီမိဖုရား၏ လက်­၀က်­တန်းဆာ ရတနာများကို လှူဒါန်းဌာပနာထားသည်ဟုလည်း လေ့လာရပါသည်။ နံရံဆေး­ရေးပန်း­ချီ­များကိုလည်း နံရံအနှံ့တွေ့ရပါသည်။




“ဒေ၀နာတုလလိုဏ်ဂူ”

          အစွန်ဆုံးတွင်တွေ့ရမည့် လှိုဏ်ဂူသည် ဒေ၀နာတုလလှိုဏ်ဂူ ဖြစ်ပါသည်။ ဤလိုဏ်ဂူသည် ဒမ္ဘူလလိုဏ်ဂူတော်များထဲတွင် နောက်ဆုံးအသစ်ပြုပြင်ထားသည့် လိုဏ်ဂူဖြစ်သည်ဟု ဆိုပါသည်။ လိုဏ်ဂူထဲတွင် အလျား(၃၂)ပေခန့်ရှိ လျောင်းတော်မူဆင်းတုတော်ကြီးနှင့်၊ ရပ်တော်မူဆင်းတု­တော်များ၊ ထိုင်တော်မူဆင်းတုတော်အများအပြားကို တွေ့ရပါသည်။ နံရံဆေးရေးပန်းချီများကိုလည်း အခြားလှိုဏ်ဂူများနည်းတူ တွေ့မြင်ရပါသည်။ 


          ဒမ္ဘူလကျောက်တောင်ကြီးပေါ်သို့ရောက်ရှိရန် ကျောက်လှေကားလမ်းဖြင့် မိနစ်(၃၀)ခန့် တက်ရပါသည်။ တောင်အောက်ခြေတွင် တရုပ်လူမျိုးများလှူဒါန်းထားသည့် ဧရာမကြီးမားသော ထိုင်­တော်မူ ရွှေချဆင်းတုတော်ကြီးကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါသည်။ ရင်ပြင်တော်ဘေးတွင် (၂၄)­နာရီ­အသံလွှင့်နေသည့် ဗုဒ္ဓဘာသာဆိုင်ရာ အသံလွှင့်ရုံကြီးကိုလည်း လေ့လာနိုင်ပါသည်။ ဒမ္ဘူလနယ်­တ­၀ိုက်တွင် သီရိလင်္ကာနိုင်ငံ သမိုင်းမတင်မှီနှစ်ပေါင်း (၂၀၀၀)ခန့်ကပင် သက်ရှိလူမျိုးများ နေထိုင်ခဲ့­သည့်­­အထောက်အထားများကို တူးဖော်တွေ့ရှိသောကြောင့် ဒမ္ဘူလတောင်သည် ရှေးအကျဆုံးသော သီရိလင်္ကာရှေးခေတ်လူမျိုးများ၏ နေရာဒေသဖြစ်ခဲ့သည်ဟု သိရပါသည်။ 


သီရိလင်္ကာနိုင်ငံတွင် ရှေးဟောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အမွေအနှစ်များတည်ရှိရာ နေရာအ­တော်­များများရှိပါသည်၊ အနုရာဓပူရမြို့၊ မဟိံတလေမြို့၊ ပေါလွန္နရုဝမြို့၊ ကန္ဒီမြို့၊ မဟိယင်္ဂဏမြို့၊ ကိုလံ­ဘို­မြို့၊ မာတရမြို့ နှင့် ဒမ္ဘူလမြို့တို့ ဖြစ်ကြပါသည်။ ထိုမြို့များအထဲမှ ဒမ္ဘူလမြို့သည့် သီရိလင်္ကာလူမျိုး များ၏ အစောဆုံးကျောက်ဆင်းတု ကျောက်ဆစ်လက်ရာများနှင့် အစောဆုံးနံရံဆေးရေးပန်းချီ အနု­ပညာများကို လေ့လာဖူးတွေ့ ကြည်ညိုနိုင်သည့် နေရာ­ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်­သူ­တော်စဉ်များနှင့် ကမ္ဘာ့ဘာသာရေး လေ့လာသူများအထူး သွားရောက်ပြီး လေ့လာရန်­သင့်­လျော်­သည့်­နေ­ရာဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပါသည်။          




(ကျမ်းကိုး/ History of Buddhism in Ceylon. Walpola Rahula,The Pali Literature of Ceylon. G.P.Malalasekera, Sacred Island: A Buddhist Pilgrim’s Guide to Sri Lanka. Ven.S.Dhammika, Buddhism Culture and Sri Lanka Pilgrim’s Guide, Sri Lanka Pilgrim’s Notebook. Ashin Kevala, Dipavamsa.Hermann Oldenberg, Mahavamsa. Wilhelm Geiger.




မေတ္တာဖြင့်,
အရှင်ကေ၀လ (အလင်းစက်)
Ph: 94 757171832
(၁၆။၈။၂၀၁၆)

အပြည့်အစုံသို့....

Tuesday, April 12, 2016

“မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ လေ့လာချက်”





မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး၍ အလောင်းတော်ကို မီးပူဇော်သောအခါ မြတ်စွာဘုရားရှင်၏ ဓာတ်­တော်များ (၁၆)ပြည်(တစ်တင်း) ကျွင်းကျန်ခဲ့ပါသည်၊၊ 

(1)စွယ်တော်(၄)ဆူ၊
(2)ညှပ်ရိုးတော် (၂)ဆူ၊
(3)နှဖူးသင်းကျစ်တော်(နှဖူးရိုး) (၁)ဆူ၊

စုစုပေါင်း (၇)ဆူသည် မူလပကတိအတိုင်း ကျန်ရစ်ခဲ့ပါသည်၊၊ ထို့ကြောင့် ပါဠိဝေါဟာရဖြင့် “အသမ္ဘိန္ဓ ဓာတ်တော်”ဟု ခေါ်ပါသည်၊၊ “အ၀ိပ္ပကိဏ္ဏဓာတ်တော်”ဟုလည်း ခေါ်ပါသည်၊၊ 

ကျန်သည့်သွားတော် အံသွားတော်များအပါအ၀င် အရိုးတော်၊ အရေတော်နှင့် သွေးတော်၊ အသား­တော်များသည် မူလပုံစံပျက်ယွင်းပြီး၊ အသွင်ပြောင်းလျှက် ကျွင်းကျန်ခဲ့ပါသည်၊၊ မူလပုံစံပျောက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကျန်ရစ်ခဲ့သည့်ဓာတ်တော်များကို “၀ိပ္ပကိဏ္ဏဓာတ်တော်”ဟု ခေါ်ပါသည်၊၊ 
ဓာတ်တော်(16)ပြည်ထဲမှ (၁၄)ပြည်သည် လူ့ပြည်တွင် တည်ရှိပါသည်၊၊ ကျန်(၂)ပြည်သည် နဂါး­ပြည်၊ “ရာမရွာ”တွင် “ဇယသေန-နဂါးမင်း”သည်ဆောင်ယူပြီး၊ ပူဇော်ထားပါသည်၊၊ 

မူလပုံစံမှပြောင်းလဲပြီး ကျန်ရစ်ခဲ့သည့်ဓာတ်များသည် ပုံစံအရွယ်အစား(၃)မျိုးကွဲပြီး၊ ဓာတ်တော်­များ­အ­ဖြစ် ကျန်ရစ်ခဲ့ပါသည်၊၊

(1)  မုန်ညှင်းစေ့ပမာဏ ဓာတ်တော်(အသေးဆုံးအရွယ်)၊
(2)  ဆန်ကြိုးစေ့ပမာဏ ဓာတ်တော်(အလတ်စားအရွယ်)၊
(3)  ပဲနောက်စေ့အချမ်းပမာဏ ဓာတ်တော်(အကြီးစားအရွယ်)၊ တို့ဖြစ်ကြပါသည်၊၊

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များသည် အရောင်မတူကြပါ၊ ဓာတ်တော်များသည် အရောင်(၃)မျိုး ကွဲပြားလျှက် ကျွင်းကျန်ခဲ့ကြပါသည်၊၊ အရောင်များမှာ--
(1)  ရွှေရောင် (သုဝဏ ၀ဏ)၊
(2)  ပုလဲရောင် (မုတ္တသဒိသာ)၊
(3)   နီသွေးသွေးအရောင်, မြတ်လေးပန်းအငုံရောင် (သုမန မကုလသဒိသာ)၊ တို့ဖြစ်ကြပါသည်၊၊

စွယ်တော်(၄)ဆူသည် ပကတိအတိုင်းကျန်ရစ်ခဲ့သည့် အထူးဓာတ်တော်များဖြစ်ပါသည်၊၊ ယနေ့တိုင် တည်­ရှိဆဲဖြစ်ပါသည်၊၊ စွယ်တော်မြတ်(၂)ဆူသည် လူ့ပြည်တွင်တည်ရှိပြီး၊ ကျန်စွယ်တော်(၂)ဆူမှ (၁)ဆူသည် သိကြားမင်းမှ ဆောင်ယူပြီး “တာဝတိံသာနတ်ပြည်”“စူဠာမဏိစေတီ”တွင် ဌာပနာ­ထား­ပါ­သည်၊၊ (၁)ဆူကိုမူ “ဇယ­သေ­န­-နဂါးမင်း”မှဆောင်ယူပြီး၊ နဂါးပြည်တွင် ပူဇော်ထားပါသည်၊၊ 


“စွယ်တော်(၄)ဆူနှင့် တည်ရာအရပ်”
(1) အထက်လက်ယာ၊ (ညာဘက်အထက်) စွယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်တွင် တည်­­ရှိ­ပါသည်၊
(2) အောက်လက်ယာ၊ (ညာဘက်အောက်) စွယ်တော်မြတ်သည် နဂါးပြည်တွင် တည်­ရှိ­ပါ­သည်၊၊
(3) အထက်လက်ဝဲ၊ (ဘယ်ဘက်အထက်) စွယ်တော်မြတ်သည် ဂန္ဓာရတိုင်း (တရုပ်ပြည်)­တွင် တည်ရှိပါသည်၊
(4) အောက်လက်ဝဲ၊ (ဘယ်ဘက်အောက်) စွယ်တော်မြတ်သည် ကလိင်္ဂတိုင်း၊ အိန္ဒိယ­တောင်­ပိုင်းတွင် တည်ရှိပါသည်၊၊


“ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်”
သာသနာဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်သည် “ဂန္ဓာ­­ရတိုင်း”တွင် တည်ရှိပါသည်၊၊ ဂန္ဓာရတိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက် မြောက်ဘက်၊ “ကက်­ရှ­မီး­ယားနိုင်ငံ”တွင် တည်ရှိပါ­သည်၊ အ­နောက်­ပါကစ်စတန်နှင့် နယ်ခြင်းစပ်နေပါသည်၊ တူရ­ကီ­နိုင်­ငံ­နှင့်­လည်း အလွန်နီးပါသည်၊၊ “ဗုဒ္ဓသာ­­သ­နိ­­က­­ပဌ၀­ီဝင်ကျမ်း”အလိုအရ “ဂန္ဓာရတိုင်း”သည် “ကက်ရှ­မီး­ယား”­နှင့် တစ်စပ်တည်းတည်­ရှိ­သည်ဟု ဆို­ပါသည်၊၊ ဆိုလိုသည်မှာ ဂန္ဓာရတိုင်းသည် ကက်ရှ­မီယား­နိုင်­ငံထဲတွင်တည်ရှိသည်ဟု ဖြစ်­ပါသည်၊၊


တရုပ်ပြည်သည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက်တွင် တည်ရှိသောကြောင့် ဂန္ဓာရတိုင်းသည် တရုပ်ပြည် မ­ဟုတ်­ကြောင်း သိသာပါသည်၊၊ သို့သော် မြတ်စွာဘုရား၏စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်း၊ လက်ရှိ ကက်ရှမီးယားနိုင်ငံမှ တနည်းနည်းဖြင့် တရုပ်ပြည်(စိန့်တိုင်း)သို့ ရောက်ရှိသွားဟန်ရှိပါသည်၊၊
မြတ်စွာဘုရားရှင်၏ လက်ထက်တော်က တရုပ်ပြည်ကို “စိနရ=စိန့်တိုင်းဟုခေါ်ပါသည်၊၊ ကြွေထည်- လုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့် “စိနရဟုခေါ်ခြင်းဖြစ်ပါသည်၊၊ (စိန=ရွှံ့ ၊ ကြွေ)၊၊ ဂန္ဓာ­ရ­တိုင်း­နှင့် စိန­ရတို့သည် သီးခြားစီဖြစ်သောကြောင့် တရုပ်ပြည်သည် ယခင်က “စိနရဌ=စိန့်တိုင်း” မဖြစ်နိုင်­­ကြောင်း သုံးသပ်နိုင်ပါသည်၊၊


မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ်က ရဟန္တာမထေရ်တပါးမှ ဘယ်ဘက်­အ­ထက်­ပိုင်း စွယ်တော်မြတ်ကို မီးပုံအတွင်းမှ ယူတော်မူပြီး၊ ဂန္ဓာရတိုင်း၏မင်း­ထံ­သို့­ကိုးကွယ်ရန် ပေးအပ်­ခဲ့­ပါ­သည်၊၊ သမိုင်းမှတ်တမ်းတချို့တွင်­မူ တရုပ်ပြည်နယ်စပ် “ရှေး­ဟောင်း­စေ­တီ­အပျက်ကြီးတစ်ဆူ”အထဲမှ ဘာ­သာစကား(၃)မျိုးနှင့် ကမ္ဗည်း­ထိုးထားသည့် စွယ်တော်အစစ်ကို တရုပ်လူမျိုးများက ရရှိထားခြင်း­ဖြစ်­သည်ဟု ဆိုပါသည်၊၊


“ဘယ်­ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်” 

မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ် “ရဟန္တာ-အရှင်ခေမာ”မှ မီးပုံအတွင်းမှ “ဘယ်­ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”ကို တန်ခိုးတော်ဖြင့်ဆောင်ယူပြီး ကလိင်္ဂ­တိုင်း၊ “ဗြဟ္မဒတ္တမင်း”ထံ­သို့­ကိုး­ကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊  

မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”သည် မူလက “ကလိင်္ဂတိုင်း”တွင် တည်­­ရှိပါသည်၊၊ ကလိင်္ဂတိုင်းသည် လက်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းဒေသ၊ “ဘုံဘေမြို့”၏ အရှေ့­ဘက်တွင် တည်ရှိပါသည်၊၊ 

 မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီး၊ နှစ်ပေါင်း (၆၃၀)ခန့် ကြာသောအခါ “ကလိင်္ဂတိုင်း”ကို “ဂုဟသီဝမင်း” အုပ်ချုပ်ပါသည်၊၊ ဗုဒ္ဓဘာသာ အလွန်အားနည်းသည့် အချိန်ဖြစ်ပါသည်၊၊ ဂုဟသီဝ­မင်း­ကြီး­သည် “စစ်ဖြစ်၍ ကျရှုံးခဲ့လျင် စွယ်တော်မြတ်ကို လျို့ဝှက်ယူဆောင်ပြီး၊ သီဟိုဠ်ကျွန်း သို့ထွက်­ပြေး­ရန်”­ သ္မီးတော်-ဟေမမာလာအား မှာကြားထားပါသည်၊၊ 

“ဟေမမာလာမင်းသမီး”သည် ကြင်ယာတော်-ဒန္တမင်းသားနှင့်အတူ ခမည်းတော်မင်းကြီးမှာကြားသည့် အတိုင်း သီဟိုဠ်ကျွန်းသို့ စွယ်တော်မြတ်အား ဆံထုံးကြားတွင်ဝှက်ယူလာပြီး၊ “သီရိမေဃ၀ဏ္ဏမင်း” အား­ဆက်သခဲ့ပါသည်၊၊ ဤသို့သောနည်းဖြင့် မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော် မြတ်­”သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တိုင် အများပြည်သူတို့ ဖူးမျှော် ကြည­်ညိုနိုင်ပါသည်၊၊


“ညာဘက်ညှပ်ရိုးတော်”

ညှပ်ရိုးတော်(၂)ဆူမှ “ညာဘက်ညှပ်ရိုးတော်”သည် သီရိလင်္ကာနိုင်ငံ၊ “ထူပါရာမစေတီ”တွင် ဌာ­ပ­နာ­­ထား­ပြီး၊ ယနေ့တိုင်စေတီတော်ကို ဖူးမျှော်ကြည်ညိုနိုင်ပါသည်၊၊ (B.C.2)ရာစုတွင် သီရိ­လင်္ကာ­နိုင်­ငံသို့ မြတ်­စွာဘုရားရှင်၏ သာသနာတော်စတင်ရောက်ရှိပါသည်၊၊ ပထမဆုံး သာသနာပြုမင်း­ဖြစ်­သော “ဒေ­၀ါ­နံပီယတိဿမင်း”သည် ထူပါရာမစေတီကို တည်ပြီးသောအခါ “အရှင်မဟိန္ဒမထေရ်”အား မြတ်­­စွာ­ဘု­ရားရှင်၏ ဓာတ်တော်အစစ်ရလိုကြောင်း လျောက်ထားပါသည်၊၊

ရဟန္တာဖြစ်တော်မူသော “အရှင်မဟိန္ဒ”သည် တူတော်အရင်း ရဟန္တာ-ကိုရင်သုမနအား တာဝတိံသာ နတ်­ပြည်၊ သိကြားမင်းထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်ပင့်ဆောင်ရန် စေလွှတ်ခဲ့ပါသည်၊၊ “သုမန­သာ­မဏေ”သည် တာဝတိံသာနတ်ပြည်၊ သိကြားမင်းထံကြွပြီး၊ ဓာတ်တော်အလှူခံသောအခါ “သိ­ကြား­မင်း”သည် “ညာဘက်ညှပ်ရိုးတော်”ကို လှူဒါန်းလိုက်ပါသည်၊၊

အဘိုး-သီရိဓမ္မာသောကမင်းကြီးထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်များနှင့်အတူ “ညှပ်ရိုးတော်”ကို “ဒေ၀ါနံ­ပီယတိဿမင်း”ထံပေးအပ်ခဲ့ပါသည်၊၊ မင်းကြီးသည် ညှပ်ရိုးတော်နှင့် အခြားသောဓာတ်တော် များကို “ထူပါရာမစေတီ”ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်၊၊


“ဘယ်ဘက်ညှပ်ရိုးတော်”

ဓာတုဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ကျန်သော “ဘယ်ဘက်ညှပ်ရိုးတော်”သည် “ဗြဟ္မ­ပြည်”တွင် တည်ရှိသည်ဟု လေ့လာရပါသည်၊၊ အချို့က သီရိလင်္ကာနိုင်ငံ၊ “မဟိယင်္ဂဏ­စေ­တီ”­တွင် “ဘယ်­ဘက်­ညှပ်ရိုးတော်” တည်ရှိသည်ဟု ဆိုကြပါသည်၊ မမှန်ပါ၊၊ မဟိယင်္ဂဏစေတီတွင် မြတ်­စွာ­­ဘု­ရားရှင်၏ “လည်ရိုးတော်”ကို ဌာပနာထားကြောင်း “မဟာဝံသကျမ်း”တွင် “ဂီဝိံဟု အတိအကျ­ဖော်­­­ပြ­­ထားသည်ကို တွေ့ရပါသည်၊၊ ဂီဝါ-ပုဒ်သည် “လည်ပင်း”ဟု ဟုအဓိပ္ပါယ်ရပါသည်၊၊ “ဂီဝိံဟု “မ­ဟာဝံသကျမ်း”တွင် ဖော်ပြထားသောကြောင့် “လည်ပင်းရိုး”ကို ဌာပနာထားကြောင်း သိရပါသည်၊၊

မြတ်စွာဘုရားရှင်သည် သီရိလင်္ကာသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင် ကြွတော်မူခဲ့ပါသည်၊ အနာဂတ်အချိန်ကာလတွင် သာသနာတော်စည်ပင် ပြန့်ပွားမည့်­ဒေ­သ­ဖြစ်­ကြောင်း သိမြင်တော်မူ­သော­­ကြောင့် စစ်တိုက်နေသော ဘီလူးများ၏အလယ် ကောင်းကင်ထက်တွင် ရပ်­တော်မူလျှက် ဘီ­လူး­များအား စစ်ပြေငြိမ်းစေတော်မူပြီး၊ တရားတော်များ ဟော­ကြားတော်­မူ­ခဲ့­ပါ­သည်၊၊

မြတ်စွာဘုရားရှင် တရားဟော်တော်မူသည့် ပလ္လင်တော်နှင့်၊ ဆံ­တော်­များကို ဌာပနာပြီး၊ “မဟာသုမန-နတ်မင်း”မှ မဟိယင်္ဂဏစေတီကို တည်ဆောက်ခဲ့ခြင်း ဖြစ်­ပါ­သည်၊၊ 

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်းစဉ် “ရဟန္တာ-သရ­ဘူ­­မထေရ်”မှ မြတ်စွာဘုရားရှင်၏ “လည်ရိုးတော်”ကို မီးပုံအတွင်းမှတန်ခိုးတော်ဖြင့် ဆောင်ယူလာပြီး၊ “မဟိယင်္ဂဏစေတီ”အထဲတွင် ထပ်မံထည့်သွင်းဌာပနာထားခြင်း ဖြစ်ပါသည်၊၊


“နှဖူးသင်းကျစ်တော်”

“နလာဋဓာတုဝံသကျမ်း”အလိုအရ မြတ်စွာဘုရားရှင်၏ “နှဖူးသင်းကျစ်တော်”ကို သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၊ ရောဟနဒေသတွင်ရှိသော “တိဿမဟာရာမစေတီတော်”တွင် ဌာပနာထားသည်ဟု လေ့­လာ­ရပါသည်၊၊ 

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအားလုံးကို သီရိဓမ္မာသောကမင်းကြီးသည် မူလဓာတ်ပေါင်းချုပ် စေတီတော်ကြီးထဲမှ ထုပ်ဆောင်ပြီး၊ အိန္ဒိယတွင် စေတီတော်ပေါင်း(၈၄၀၀၀)နှင့်၊ သီရိလင်္ကာနိုင်ငံမှ မြောက်များစွာသော စေတီတော်များအထဲတွင်ဌာပနာခဲ့ကြောင်း သိရပါသည်၊၊ 

သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွလာသည့် “အရှင်မဟိန္ဒ၊ သင်္ဃမိတ္တာထေရီ”တို့သည် သီရိဓမ္မာ­သော­က­မင်းကြီး၏ သားတော်နှင့် သ္မီးတော်အရင်းဖြစ်ပါသည်၊၊ မင်းကြီးသည် သားတော်နှင့် သ္မီးတော်­တို့­မှ­တ­ဆင့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်တော်များကို နေရာအနှံ့စေတီတော်ကြီးများအထဲတွင် လှူ­ဒါန်း­­ဌာ­ပနာခြင်း ဖြစ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် သာသနာတော်စတင်ရောက်သည့်အချိန်မှစတင်ပြီး၊ ယနေ့တိုင် သာ­သ­နာအ­ဆက်မပျတ်ခဲ့သောကြောင့် သမိုင်းကျမ်းများအတိအကျကျန်ရှိပြီး၊ စေတီတော်ကြီးများမှာ­လည်း ဌာပ­န­ာထားသည့်ဓာတ်တော်အမည်များနှင့်အတူ အခိုင်အမာသိရခြင်း ဖြစ်­ပါ­သည်၊၊

မြန်မာနိုင်ငံတွင် စွယ်တော်စေတီများ တည်ထားကိုးကွယ်ကြပါသည်၊ ထိုစေတီတော်များတွင် ဌာ­ပ­နာ­သည့် စွယ်တော်များမှာ “သီရိလင်္ကာနိုင်ငံ-စွယ်တော်”နှင့် “တရုပ်ပြည်-စွယ်တော်”တို့မှ ပွားယူပြီး၊ တည်­ထား­­ကိုး­ကွယ်­ကြခြင်း ဖြစ်ပါသည်၊ “စွယ်တော်ပွား”ဟု ခေါ်ကြပါသည်၊၊

အနှစ်ချုပ်သုံးသပ်လျင် မြတ်စွာဘုရားရှင်၏ မပျက်မစီးဘဲ မူလအတိုင်းတည်ရှိသည့် ဓာတ်တော်(၇)မျိုး မှ “စွယ်တော်တစ်ဆူ၊ ညှပ်ရိုးတော်တစ်ဆူ၊ နှဖူးသင်းကျစ်တော်တစ်ဆူ”တို့သည် သီရိလင်္ကာနိုင်ငံတွင် ကိန်းဝပ်စံတော်မူလျက်ရှိပါသည်၊၊ အခြားသော ဓာတ်တော်မြောက်များစွာတို့သည်လည်း သီရိလင်္ကာ နိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူလျှက်ရှိကြောင်း သမိုင်းကျမ်းအထောက်အထား အခိုင်အမာဖြင့် သိရ ပါသည်၊၊

ပါဠိမှတ်တမ်းတင် သမိုင်းကျမ်းအထောက်အထားအတိအကျဖြင့် တန်ခိုးကြီးစေတီတော်ကြီးများကို ဖော်ပြလိုက်ပါသည်---

(1) စွယ်တော် (ကန္ဒီမြို့)၊

(2) ညှပ်ရိုးတော်-ထူပါရာမစေတီ (အနုရာဓပူရမြို့)၊ 

(3) မဟာဗောဓိပင် (အနုရာဓပူရမြို့)၊

(4) နှဖူးသင်းကျစ်တော်-တိဿမဟာရာမစေတီ (ကိုလံဘိုတောင်ပိုင်း၊ ရောဟနဒေသ)၊

(5) လည်ရိုးတော်-မဟိယင်္ဂဏစေတီ (မဟိယင်္ဂဏမြို့)၊ 

(6) လင်းလွန်းပင်စေတီ-ရာဇာရတနစေတီ (နာဂဒီပ၊ ဂျဖနာမြို့)၊

(7) ကလျာဏီစေတီ (ကိုလံဘိုမြို့)၊

(8) ခြေတော်ရာတောင် (စရီပါဒ)၊၊


ဖော်ပြခဲ့သည့် အထင်ကရဓာတ်တော်များ တည်ရှိရာနေရာ(၈)ခုသို့ ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ လာရောက် ဖူးမျှော်ကြည်ညိုသင့်လှပါသည်၊၊ အခြားသောထူးခြားသည့် ဆင်းတုတော်ကြီးများ၊ သမိုင်း­၀င်နေရာများ၊ ဧရာမကြီးများသည့် စေတီတော်ကြီးများလည်း အလွန်များပြားစွာ တည်ရှိပါသည်၊၊ (၉)­ရက်­ခန့် အချိန်ယူဖူးမျှော်လျင် ဖော်ပြပြီးနေရာအားလုံးနီးပါး ပြည့်စုံနိုင်ပါသည်၊၊

(သီရိလင်္ကာနိုင်ငံ ဘုရားဖူးသူတော်စဉ်များနှင့် အများပြည်သူများအတွက် ယ္ခုစာတမ်းငယ်ကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်၊၊ အမှားတွေ့ရှိလျင် အပြစ်မတင်ဘဲ အကြံပြုဆွေးနွေးကြဖို့ မေတ္တာရပ်ခံအပ် ပါသည်၊၊)

မြန်မာနိုင်ငံအပါအ၀င် အခြားသောနိုင်ငံပေါင်းများစွာမှ ဘုရားဖူးများဖြင့် ရာသီမပျတ်စည်ကားနေသည့် အိန္ဒိယ­သမုဒ္ဒရာအတွင်းမှ ကျွန်းငယ်လေးတစ်ခုဖြစ်သော လင်္ကာဒီပကျွန်း၊ သီဟိုဠ်ကျွန်း၊ တမ္ဗပဏ္ဏိ ကျွန်းဟု အမည်အမျိုးမျိုးခေါ်သော သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များအတွက် အ­ထူး­လာရောက်သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း အသိပေးလျှက် စာတမ်းကိုအဆုံးသတ် လိုက်­ရပါ­သည်၊၊ ကျန်းမာ ချမ်းသာကြပါစေ..၊၊       ၊၊




[ကျမ်းကိုး/ ပါရာဇိကဏ္ဍအကထာ၊ မဟာပရိနိဗ္ဗာနသုတ်၊ ဒီဃနိကာယ်၊ ဗုဒ္ဓ၀ံသပါဠိ၊ မဟာဝံသ၊ ထူပ၀ံသ၊ ဒီပ၀ံသ၊ နလာဋဓာတုဝံသ၊ ဓာတုဝံသ၊ ဒါဌာဝံသ၊ သမန္တစက္ခုဒီပနီကျမ်း-ပံ-၂၉၆၊ ဗုဒ္ဓသာ­သ­နိ­က­ပဌ၀ီဝင်ကျမ်း-တောင်ပေါက်ဆရာတော်၊ ဗုဒ္ဓ၏ သီရိလင်္ကာခရီး-အရှင်ကေလာသ၊ ဓာတုဝိဘဇန­သုတ်၊ သီတဂူဆရာတော်၊၊ Pāli Proper Names By G.P. Malalasekera, Vo. I-II]         




                                                             
                                                                             အရှင်ကေ၀လ (အလင်းစက်)
                                                                                     Ph.D (Thesis)
                                                                                 B.A, M.A (Buddhism)
                                                                        University of Kelaniya, Sri Lanka
                                                                             University of BPU, Sri Lanka
                                                                                  Ph:+94 757171832

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP