Monday, March 25, 2013
အပရိဟာနိယတရား(၇)မျိုး လေ့လာချက်၊၊ ၊၊
သံဃာနှင့် နိုင်ငံရေး၊၊        ၊၊
္ခုအခါ သံဃာတော်များသည် နိုင်ငံရေးလောကတွင်ထင်ထင်ပေါ်ပေါ် ၀င်ရောက်နေကြသည်ကို တွေ့ရပါသည်၊၊ ၀ိနည်းဥပဒေအရ“သင့်တော် သည်၊ မသင့်တော်ပါ”ဟုအမျိုးမျိုး ဝေဖန်ပြောဆိုကြပါသည်၊၊
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ပညာရေးအထွန်းကားဆုံးနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင်မူ“Monk Party”ဟုပင် နိုင်ငံတော်ပါလီမန်တွင် ပါတီတစ်ခုအဖြစ်ထားရှိပြီး၊ ရဟန်းပါလီမန်အမတ်များနှင့် အရှင် ကိုယ်တိုင်ပင် တွေ့ဆုံဆွေးနွေးရဖူးပါသည်၊၊
ယ္ခုဆွေးနွေးတင်ပြမည့် စာတမ်းကိုလေ့လာပြီးလျင် ရဟန်းသံဃာနှင့်နိုင်ငံရေး“သင့်၊ မသင့်”ကိုအတိုင်း အတာတစ်ခုမျှ ဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါသည်၊၊ ရဟန်းသံဃာများ၏ ၀ိနည်းဥပဒေတွင် နိုင်ငံရေးနှင့်ပတ် သက်၍အတိအလင်း တားမြစ်ထားသည့် သိက္ခာပုဒ်မရှိပါ၊၊
မြတ်စွာဘုရားရှင် အသက်ထင်ရှားရှိစဉ်က ထင်ရှားသည့်စစ်ပွဲကြီး သုံးခု ဖြစ်ပေါ်ခဲ့ပါသည်၊၊ စစ်ပွဲကြီးများသည် မျိုးတုံးသတ်ဖြတ်သည့် စစ်ပွဲကြီးများဖြစ်၍ အလွန်ကြီးမားသည့်စစ်ပွဲကြီးများဟု ခေါ်ရပါမည်၊၊
(၁) သကျတိုင်းပြည်+ကောလိယတိုင်းပြည် စစ်ပွဲ၊၊
(၂) သကျတိုင်းပြည်+ကောသလတိုင်းပြည် စစ်ပွဲ၊
(၃) မာဂဓတိုင်းပြည်+၀ဇ္ဇီတိုင်းပြည် စစ်ပွဲ၊၊
သကျတိုင်းပြည်သည် မြတ်စွာဘုရားရှင်၏ ခမည်းတော်နှင့်မယ်တော်အုပ်ချုပ်သည့် နိုင်ငံဖြစ်ပါသည်၊၊ ကောလိယတိုင်းပြည်သည် သကျတိုင်းပြည်၏ အိမ်နီးခြင်းနိုင်ငံဖြစ်ပါသည်၊၊ တစ်နှစ်တွင် မိုးလုံးဝ မရွာသည့်အတွက် တိုင်းပြည်အများရေးငတ်ဘေး ဖြစ်ကြပါသည်၊၊ 
သကျတိုင်းနှင့် ကောလိယတိုင်းအကြားမှ“ရောဟိနီမြစ်”ထဲတွင် ရေအ နည်းငယ်ရှိနေသည်ကို နိုင်ငံနှစ်ခုမှ ရေလုစစ်ပွဲကြီးဖြစ်ပြီး၊ မြတ်စွာ ဘုရားရှင်သိသောအခါ စစ်ပွဲကြီး၏အလယ်၌ ရပ်တော်မူပြီး၊ ငြိမ်း ချမ်းရးတရားဟောတော်မူသဖြင့် စစ်ပွဲကြီးငြိမ်းအေးသွားပါသည်၊၊
ကောသလတိုင်းပြည်တွင်“ကောသလမင်း”ကြီး အုပ်ချုပ်ပါသည်၊၊ မင်းကြီးသည် မြတ်စွာဘုရားနှင့် ဆွေမျိုးအရင်းတော်စပ်လိုသည့် အတွက် သကျမင်းသမီးတစ်ဦးကိုမိဗုရားအဖြစ်ဆက်သရန် “သကျတိုင်း”သို့တာင်းဆိုလိုက်ပါသည်၊၊
သကျလူမျိုးများသည် မာနအလွန်ကြီးသည့်လူမျိုများဖြစ်သဖြင့်၊ စစ်ရေးနှင့်၊ နိုင်ငံအင်အားမမျှသည့်
ကောသလမင်းတိုင်းပြည်၏ကမ်းလှန်းချက်ကို မငြင်းဝံ့သော်လည်း၊ သာကီဝင်မင်းသမီးအစစ်ကို မဆက်သဘဲ၊ နန်းတော်အတွင်းမှ “ကျွန်မတစ်ယောက်”ကို မင်းသမီးအသွင်ဝတ်ဆင်ပေးပြီး၊ ကောသလ မင်းကြီးထံ ဆက်သလိုက်ပါသည်၊၊
ကောသလမင်းကြီးနှင့် သာကီဝင်တို့ဆက်သသည့်ကျွန်မိဗုရားမှ “၀ိဋဒူပမင်းသား”ကို ဖွားမြင်ခဲ့ပါသည်၊၊ ၀ိဋဒူပမင်းသား အရွယ်ရောက်သောအခါ ဆွေးတော်မျိုးတော်များရှိရာ သကျတိုင်းသို့လာလျက်၊ ဘိုးတော်၊ဘေးတော်များကို ဂါရ၀ပြုပါသည်၊၊
ဝိဋဒူပသည် ကျွန်မ၏သားဟုသိထားကြပြီးသော သာကီဝင်တို့သည် ၀ိဋဒူပမင်းသားထက် ငယ်သူများကို အပြင်သို့မထွက်စေဘဲ၊ ကြီးသူများနှင့်အသာအတွေ့ခံပြီး၊ ၀ိဋဒူပမင်းသားကသာလျင် တွေ့တိုင်းသာကီဝင်တို့ကို ဦးချဂါရ၀ပြုခဲ့ရပါသည်၊၊
ဂါရ၀ပြုသည့်အခန်းအနားပြီးဆုံး၍ ၀ိဋဒူပ၏စစ်တပ်ကြီးသည် ကောသလတိုင်းသို့ပြန်လာချိန်တွင် ကိုယ်ရံတော်တပ်မှူးတစ်ဦးမှ နန်းတော်အတွင်းပစ္စည်းမေ့ခဲ့သဖြင့် ပြန်ယူချိန်တွင်၊ သာကီဝင်မင်း သားများအခြင်းခြင်း ပြောဆိုနေကြသည့် ၀ိဋဒူပ၏ဘ၀ဇာတ်ကြောင်းအမှန်ကို သိခဲ့ရပါသည်၊၊
ဝိဋဒူပမင်းသားသည် “ဒီဃကာရာယဏအမတ်ကြီး”နှင့်ပေါင်းပြီး၊ ဖခင်ကောသလမင်းကြီးထံမှ အာဏာသိမ်းပြီးချိန်တွင် နန်းတော်ဖွင့်ပွဲအဖြစ်၊ သာကျတိုင်းကိုစစ်ကြေငြာပြီး၊ တိုက်ခိုက်သောအခါ အနိုင်ရပြီး၊ သကျတိုင်းပြည်ကို လူမျိုးတုံးသတ်ဖြတ် သိမ်းပိုက်ခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင်သည် ဆွေတော်မျိုးတော်များနှင့် ၀ိဋဒူပမင်းတို့စစ်မဖြစ်မှီကပင် စစ်အရိပ် အငွေ့များသန်းနေသည်ကို သိတော်မူခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်၏ညာဏ်တော်ဖြင့် သုံးသပ်ဆင် ခြင်ကြည့်သောအခါစစ်ပွဲကို မည်သည့်နည်းနှင့်မျှတားဆီးမရနိုင်ဘဲ၊ သေခြာပေါက် သာကီဝင်တို့မျိုး တုံးသတ်ခံရမည်ကို သိတော်မူသည့်အတွက် စစ်ပွဲဖြစ်ရာသို့ကြွတော် မမူခဲ့ပေ၊၊
ထိုအချိန်မှစတင်ပြီး၊ ရှေးခေတ်အိန္ဒိယတိုက်မြေပုံပေါ်မှ သကျတိုင်းပြည်ကြီး ပျောက်ကွယ်ခဲ့ရပါတော့ သည်၊၊ မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်များအားလုံးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်မှာပင် မျိုးတုံးသတ်ခြင်းကို ခံခဲ့ရပါသည်၊၊
ဝဇ္ဇီတိုင်းပြည်သည် လူဦးရေးနည်းပါးသည့် နိုင်ငံဖြစ်ပါသည်၊၊ မြေသြဇာကောင်းသဖြင့် စိုက်ပျိုးသမျှသီးနှံ အထွက်ကောင်းလှပါသည်၊၊ သဘာဝ စိန်ရွှေ ငွေပုလဲ ကျောက်သံပတ္တမြားစသည့် သယံဇာတပေါများပြီး၊ ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်ပါသည်၊၊
မိုးလေ၀သ ရာသီဥတုကောင်းသည့် နိုင်ငံဖြစ်ပြီး၊ ၀ဇ္ဇီတိုင်းသူပြည်သားများသည် ရုပ်အဆင်း အလွန်လှကြသည်ဟု ပါဠိစာပေမှတ်တမ်းတွင် လေ့လာရပါသည်၊၊ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား“နတ်ပြည်မှ နတ်များကို မမြင်ဘူးလျင် ၀ဇ္ဇီလူမျိုးများကို ကြည့်ကြရန်”မိန့်တော်မူခဲ့ ဖူးပါသည်၊၊
ဤ၍ဤမျှအကောင်းတို့ စုပုံနေသည့်ဝဇ္ဇီတိုင်းနိုင်ငံကို နိုင်ငံခြင်းစပ်နေသည့် နိုင်ငံကြီးများက များစွာပင် လိုချင်နေကြပါသည်၊၊ “မာဂဓတိုင်း”၏အရှင် အဇာတသတ်ဘုရင်သည် ၀ဇ္ဇီတိုင်းပြည်ကိုသိမ်းပိုက်လိုသဖြင့် ပညာရှိအမတ်ကြီး“၀ဿကာရ”နှင့်လျို့ဝှက်စွာ တိုင်ပင်ဆွေးနွေးပါသည်၊၊
ဝဿကာရအမတ်ကြီးသည် ၀ဇ္ဇီတိုင်းပြည်၏အုပ်ချုပ်ရေးစနှစ်ကို မြတ်စွာဘုရားရှင် မှ ရေးဆွဲပေးထားကြောင်းကို သိရှိထားဟန်ရှိပါသည်၊၊ အဇာတသတ်နှင့် ၀ဿကာရအမတ်တို့သည် မြတ်စွာဘုရားအထံသို့ လာရောက်ပြီး၊ “၀ဇ္ဇီတိုင်းပြည်ကို သိမ်းပိုက်လိုကြောင်း၊ စစ်ရေးအောင်မြင်ပါမည် လား”ဟု မေးလျောက်ခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည် ၀ဿကာရအမတ်ပညာရှိ၏အမေးကို တစ်စုံတရာအဖြေမပေးဘဲ၊ အနီးတွင်ရှိသည့် အရှင်အာနန္ဒာအား “၀ဇ္ဇီတိုင်းသူပြည်သားတို့သည် ငါလမ်းညွန်ခဲ့သည့် အပရိဟာနိ ယတရားခုနှစ်မျိုးကို ယ္ခုအချိန်ထိ လိုက်နာမှုရှိသေးသလား”ဟု မေးတော်မူပါသည်၊၊
အရှင်အာနန္ဒာမှ“မှန်ပါ အရှင်၊ လိုက်နာလျက်ပင် ရှိကြပါသည်”ဟု ဖြေကြားသောအခါ“၀ဇ္ဇီလူမျိုးတို့သည် အပရိဟာနိယတရားခုနှစ်မျိုးကို လိုက်နာကျင့်သုံးနေသေးသမျှ မည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှ တိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မိန့်တော်မူလိုက်ပါသည်၊၊
စစ်ရေးကျွမ်းကျင်လှသည့် ၀ဿကာရစစ်ဗိုလ်ချုပ်ကြီးအတွက် မြတ်စွာဘုရားရှင်၏ သည်မျှ လောက်စကားသည်ပင် နိုင်ငံတစ်ခုကိုတိုက်ခိုက်အောင်မြင်ရန် လုံလောက်ပါတော့သည်၊၊ အဇာတ သတ်ရှင်ဘုရင်အား စကားအနည်းငယ်တီးတိုးပြောလျက် နန်းတော်သို့ပြန်ခဲ့ကြပါသည်၊၊
တစ်နေ့တွင် အဇာတသတ်သည်“၀ဿကာရအမတ်ကြီးကို အပြစ် ရှိသည်”ဟုစည်တီးကြေငြာစလျက်၊ ကျောတစ်ရာ၊ ရင်တစ်ရာ ရိုက်နှက်၊ ကတုံးတုံးစေပြီး၊ နိုင်ငံအတွင်းမှ လူသိရှင်ကြား နှင်ထုတ် လိုက်ပါသည်၊၊
ဝဿကာရအမတ်ကြီးသည် ၀ဇ္ဇီမင်းထံတွင်အမှုထမ်းရန် ခွင့်တောင်းသည်ကို လက်ခံလိုက်ပါ သည်၊၊ အမတ်ကြီးသည် ၀ဇ္ဇီနန်းတော်အထဲတွင် ရာထူးအဆင့်ဆင့်မြင့်လာပြီးသောအခါ မင်းသားများ ကိုအခြင်းခြင်း သွေးထိုးလှုံ့ဆော်ပေးပြီး၊ အပရိဟာနိယတရားများပျက်ပြားအောင် ဖန်တီးခဲ့ပါသည်၊၊
ဝဇ္ဇီမင်းသားတို့သည် အခြင်းခြင်းယုံကြည်မှု မရှိကြတော့ဘဲ၊ “အပရိဟာနိယတရား”အားလုံးကို မလိုက်နာ မကျင့်သုံးကြတော့အချိန်တွင် ၀ဿကာရအမတ်ကြီးသည် အဇာတသတ်မင်းအား လျှိ့ဝှက် အကြောင်းကြားပြီး၊ ၀ဇ္ဇီတိုင်းပြည်ကို လူမျိုးတုန်းသတ်ဖြတ်လျက် သိမ်းပိုက်လိုက်ပါတော့သည်၊၊
တချိန်က “မည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှ တိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မြတ်စွာဘုရားမိန့်တော်မူခဲ့သော ၀ဇ္ဇီတိုင်းပြည်သည်လည်း ထိုအချိန်မှစပြီး  အိန္ဒိယတိုက်မြေပုံကြီးမှပျာက်လွင့်ကွယ်ပခဲ့ရပါတော့သည်၊၊ 
          သတ္တအပရိဟာနိယဓမ္မ=အပရိဟာနိယတရား” ခုနှစ်မျိုးသည် မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့် ပတ်သက်၍ ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊ “အပရိဟာနိယ”ပုဒ်ကို ပါဠိသဒ္ဒါနည်းဖြင့် (အ+ပရိ+ဟာ+အိယ)ဟုလေးပုဒ်ခွဲပြီး အဓိပ္ပါယ်ဖွင့်ရပါသည်၊၊
 ဟာ=ဆုပ်ယုတ်ခြင်း၊ အ=မရှိခြင်း၊ဟု အဓိကကြသည့်ပုဒ်ရင်းနှစ်ပုဒ်မှ အနက်ပြန်လိုက်လျင် မဆုပ်ယုတ်ခြင်း၏အကြောင်း၊ သို့မဟုတ် “တိုင်းပြည် တိုးတက်ခြင်း၏ အကြောင်ခုနှစ်မျိုး”ဟု အဓိပ္ပါယ် ရပါသည်၊၊ 
မြတ်စွာဘုရားရှင်သည် ၀ဇ္ဇီတိုင်းသူပြည်သားများအား ဝေသာလီပြည်၊ သာရန္ဒဒနတ်ကွန်းအနီးတွင်ပထမဆုံး ဟောပြောသင်ပြခဲ့ပါသည်၊၊ ၀ဇ္ဇီတိုင်းပြည်သည် အပရိဟာနိယဓမ္မခုနှစ်မျိုးကို နိုင်ငံတာ်၏ လမ်းပြမြေပုံအဖြစ်အမိန့်ကြော်ငြာပြီး၊ ကျင့်သုံးလိုက်နာနေခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်မှ ၀ဇ္ဇီမင်းသားတို့အား အပရိဟာနိယတရားခုနှစ်မျိုးကို ဟောပြောခြင်းသည် ကြွယ်ဝချမ်းသာပြီး၊ နယ်မြေကျည်း၊ လူအင်အားနည်းသည့် ၀ဇ္ဇီတိုင်းပြည်အတွက် တိုင်းပြုပြည်ပြု ဥပဒေကို ရေးဆွဲပေးခြင်းပင်ဖြစ်ကြောင်း ပါဠိပညာရှင်တို့မှ မှတ်တမ်းတင်ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည် ယ္ခင်က အိမ်ရှေ့မင်းသားတစ်ပါးဖြစ်ခဲ့၍၊ သေးငယ်လွန်းပြီး၊ ချမ်းသာမှု လွန်ကဲနေသည့်နိုင်ငံတစ်ခုဖြစ်သည့်ဝဇ္ဇီတိုင်းပြည်ကို ကြည့်ရုံမျှနှင့်ပင် မည်မျှအန္တရာယ်ကြီးမားသည်ကို သိတော်မူခဲ့ပါသည်၊၊
ထို့ကြောင့်ပင်လျင်“နိုင်ငံတော်“Constitution”အဖြစ် အပရိဟာနိယတရားခုနှစ်မျိုး”ကို လမ်းညွန်တော်မူခဲ့ခြင်း ဖြစ်ပါသည်၊၊ ဤမျှဖော်ပြလိုက်လျင် အပရိဟာနိယတရားခုနှစ်မျိုးသည် နိဗ္ဗာန်ရာက်ကြောင်းတရားမဟုတ်ဘဲ၊ နိုင်ငံရေးသီးသန့်တရားဖြစ်ကြောင်း စာရှုသူသဘောပေါက်နိုင်ပါမည်၊၊
“ရဟန်းသံဃာများနှင့် နိုင်ငံရေးဆက်စပ်မှုရှိ၊ မရှိ”ကိုလည်း စာရှုသူများကိုယ်တိုင်သိရှိပြီဟု အရှင် ယုံကြည်ပါသည်၊၊ “နိုင်ငံတစ်ခုတွင် စစ်ပွဲထက်ပို၍ နိုင်ငံရေးနှင့်ဆက်စပ်သည့် တစ်စုံတရာ မရှိတာ့”ဟု အရှင် သုံးသပ်ပါသည်၊၊
အနောက်တိုင်း ပါဠိစာပေပညာရှင်များသည် အပရိဟာနိယတရားခုနှစ်မျိုးကို “Buddhist Pol itic, Buddhist Political Science”စသည့် ပညာရပ်နာမည်များဖြင့် သုတေသနစာတမ်းများရေးသား ပြီး၊  ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ပါရဂူစာတမ်း”များစွာတင်သွင်းကြသည်ကို လေ့လာရပါသည်၊၊
“အပရိဟာနိယတရား(၇)မျိုး”
(၁) အမြဲမပျတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အလုပ်ကို ညီညီညာညာလုပ်ခြင်း၊
(၃) မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊
(၄) ကြီးသူကို ရိုသေလေးစားခြင်း၊
(၅) အမျိုးသမီးများကို မစော်ကားခြင်း၊
(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊
(၇) ပညာရှင်၊ သူတောင်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့်၊
 နိုင်ငံတွင်းရှိပညာရှင်နှင့် သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း၊၊
(ရှေးဝေါဟာရမှ“အပရိဟာနိယတရား ခုနှစ်မျိုး”ကို လက်ရှိအသုံးပြုနေသည့် ခေတ်ဝေါဟာရ များဖြင့်သင့်လျော်စွာ တင်ပြဆွေးနွေးထားပါသည်၊၊ အပရိဟာနိယတရား(၇)မျိုးလေ့လာ ချက် အသေးစိတ်ဆွေးနွေးမှုဒုတိယပိုင်းကို ဆက်လက်၍်ဖော်ပြပါမည်၊၊)
(ကိုးကား/ အံ၊ ၇၊ သာရန္ဒဒသုတ်၊၊ မဟာဝါ-မဟာပရိနိဗ္ဗာနသုတ်)
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Srilanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (21/03/2013)
အပြည့်အစုံသို့....
Thursday, March 7, 2013
အတွေးအခေါ်လွတ်လပ်မှုနှင့်၊ သိမှုစံ၊၊ ၊၊
ကမ္ဘာ့တွင် လူတို့ကိုးကွယ်ဆည်းကပ်နေကြသည့် ဘာသာပေါင်းများစွာ ရှိပါသည်၊၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်စလင်ဘာသာနှင့်၊ ဗုဒ္ဓဘာသာတို့သည် ထင်ရှားသည့်ကမ္ဘာ့လူသား အများစုကိုးကွယ်သည့် ဘာသာကြီးလေးခု ဖြစ်ပါသည်၊၊
အခြားဘာသာကြီးများတွင် ကိုးကွယ်ဆည်းကပ်မှုဆိုင်ရာ “လူ့အခွင့်အရေး”မည်မျှရသည်ကို ဂဃနဏမသိရှိရသော်လည်း၊ “ဗုဒ္ဓဘာသာ”တွင် လူတို့၏စဉ်းစားတွေခေါ်မှုအသိညာဏ်ကို အလေးပေးကြောင်းကို “ကာလာမသုတ်”တွင် လေ့လာရရှိနိုင်ပါသည်၊၊
အမှန်စင်စစ် “ကမ္ဘာ့ဘာသာကြီး”များကို လူတို့မှတည်ထောင်ထားခြင်းများသာ ဖြစ်ပါသည်၊၊ ဘာသာကြီးများအထဲမှ “ဘုရားအမျိုးမျိုး”နှင့်၊ သက်ဆိုင်ရာ"နတ်”များ၊ ကျင့်ဝတ်စည်းကမ်းအမျိုးမျိုးကို လည်းလူတို့သည်ပင် ပြဌာန်းထားခဲ့ကြခြင်း ဖြစ်ပါသည်၊၊
သို့သော် နှစ်ပေါင်းများစွာကြာသည့်အခါ လူသားများကိုဘာသာတရားဆိုင်ရာ ဘုရားကြီးများမှ ဖန်ဆင်းသယောင်ယောင် အထင်မှားလာကြပါသည်၊၊ လူသားတို့၏နေ့စဉ်ဘ၀အတွက် လိုအပ်သဖြင့် ချမှတ်ခဲ့ကြသည့် စည်းကမ်းများကိုလည်း ဘုရားများမှသတ်မှတ်ပေးသည့်စည်းကမ်းများဟု မှတ်ယူ လာခဲ့ကြပါသည်၊၊
စည်းကမ်းများကို ဖောက်ဖျက်သဖြင့် ကျရောက်ရသည့်ငရဲနှင်၊့ ဆင်းရဲဘုံများစွာကိုလည်း လူ တို့သည်စိတ်မှန်းဖြင့် ကြောက်ရွံ့စေရန်ခြောက်လှန့်ရာမှ၊ အမှန်တကယ်ရှိသည့် ဘုံဘ၀ကြီးများအသွင်သို့၊ လူတို့စိတ်ဝယ်ထင်မှတ်လာခဲ့ကြကြောင်းကို ဘာသာရေးဆိုင်ရာပညာရှင်များက ဆိုပါသည်၊၊
သမိုင်းမတင်မှီ ရှေးခေတ်ပေါင်းများစွာမှလူတို့သည် သဘာဝဘေးဒဏ်အန္တရာယ်များကို ကြောက်ရွံ့မှုသက်သက်ဖြင့် နတ်ကြီးများနှင့်၊ ဘုရားကြီးများကိုမှန်းဆရှိခိုးပြီး၊ ဘာသာဝါဒများ၏မူလဘူတအသွင်ကို စတင်ခဲ့ကြပါသည်၊၊ 
တစ်စတစဖြင့် ခိုင်မာသည့်ဘာသာကြီးများအဖြစ် ကမ္ဘာလောကအတွင်း ပေါ်ပေါက်လာကြပါသည်၊၊ ဘာသာကြီးများခိုင်မာလာသည့်အခါ လူတို့သည်ဘာသာကြီးများကို တည်ထောင်သူအဆင့်မှ၊ ဘာသာကြီးများ၏ လွှမ်းမိုးခံအဆင့်သို့ယုတ်လျောလာရသည်ကို လေ့လာတွေ့ရှိရပါသည်၊၊
တင်းကျပ်သည့်စည်းကမ်းများ၊ စီးပွားကိုမဖြစ်မနေတောင်းခံသည့် အလှူခံနည်းများ၊ ငရဲနှင့် ဆင်းရဲတွင်းနစ်ရသည့်ဘုံဘ၀များဖြင့် ခြိမ်းခြောက်မှုများစွာတို့ဖြင့် လူတို့သည်ဘာသာတရား၏ အောက်သို့ ရောက်မှန်းမသိရောက်ကြရပါသည်၊၊
ဗုဒ္ဓဘာသာ၏ စာပေနှင့်ဟောပြောသင်ကြားချက်များစွာကို စနစ်တကျလေ့လာသုံးသပ်ကြည့်လျင် ကမ္ဘာ့ဘာသာကြီးများ၏ ဟောပြောသင်ပြချက်များနှင့်များစွာ ကွဲလွဲသည်ကိုတွေ့ရပါသည်၊၊ စာရေးသူကိုယ်တိုင်က ဗုဒ္ဓဘာသာဖြစ်နေ၍ဆိုခြင်းမဟုတ်ဘဲ၊ ဘာသာကြီးများစွာကို လေ့လာသိရှိပြီးမှ ဆိုခြင်း ဖြစ်ပါသည်၊၊
“ကာလာမသုတ်”တွင် အဓိကအားဖြင့် ဗုဒ္ဓဘာသာ၏လွတ်လပ်စွာ တွေးခေါ်ခွင့်၊ သင်ယူခွင့်နှင့်၊ တန်းရည်တူအဆင့်ထားရှိမှု၊ အကျိုးခံစားခွင့်များကို ဖော်ပြထားပါသည်၊၊ အခြားပါဠိစာပေကျမ်းပေါင်း များစွာနှင့်၊ “သုတ်”ပေါင်းများစွာတွင်လည်း ဗုဒ္ဓဘာသာ၏အတွေးအခေါ်လွတ်လပ်ခွင့်နှင့်၊ အသိပညာ ကိုဦးစားပေးမှုကို လေ့လာနိုင်ပါသည်၊၊
လူသန်းပေါင်းများစွာတို့ ကိုးကွယ်ဆည်းကပ်နေကြသည့် ကမ္ဘာ့ဘာသာကြီးအချို့တွင် ဘုရားကြီးများမှ “ငါ့ကို မကိုးကွယ်သူအပေါင်းကို ကျိန်ဆဲ၏၊ ငါ၏တရားတော်များကို ယုတ်နိမ့်သည့် အမျိုးသမီးများ မကြည့်စေရ၊ ငါ့ကို ကိုးကွယ်သူအပေါင်းကို ကယ်တင်ပြီး၊ မကိုးကွယ်သူအပေါင်းသည် မိစ္ဆာ ဒိဌိများဖြစ်၍၊ ဆင်းရဲဘုံသို့ရောက်စေရမည်၊၊”စသည့် ဟောပြောချက်များကို လေ့လာရပါသည်၊၊
ဗုဒ္ဓဘာသာတွင်မူ ဗုဒ္ဓဘုရားရှင်၏ ဟောပြောသင်ပြချက် “ပိဋကတ်သုံးပုံပါဠိစာပေ”ကို လူတိုင်း လေ့လာခွင့်၊ သင်ယူခွင့်ရှိပါသည်၊၊ ဝေဖန်ခွင့်ရှိပါသည်၊၊ နှစ်သက်သည်ကို လက်ခံနိုင်သည်၊ ကျင့်သုံး နိုင်ပြီး၊ မနှစ်သက်လက်မခံနိုင်သည့် ဟောပြောသင်ပြချက်ကိုလွတ်လပ်စွာပင် ပယ်ခွင့်ရှိပါသည်၊၊
ဗုဒ္ဓဘာသာသည် ကိုးကွယ်သူလူအများကို ဦးစားပေးသည့် ဘာသာဖြစ်ပါသည်၊၊ ဗုဒ္ဓဘုရားရှင် အသက်ရှိစဉ်က ပညာရှင်အချို့သည် ဗုဒ္ဓဘာသာသို့ကူးပြောင်းလိုကြောင်း တင်ပြလာသည့်အခါ ဗုဒ္ဓရှင်တ်ာမှ “သင်ကဲ့သို့ ပညာရှင်တစ်ယောက်အတွက် ဘာသာတစ်ခုသို့ ကူးပြောင်းရာတွင် စနစ်တကျလေ့လာပြီးမှ သင့်တော်သလိုပြုသင့်သည်၊၊”ဟုလမ်းညွန်သည်ကို ပါဠိစာပေတွင် ဖော်ပြထားပါသည်၊၊
ဘာသာတစ်ခုတွင် ကိုးကွယ်သည့်လူအရေအတွက်များပြားမှုသည် ပဓာနမကျဘဲ၊ ဘာသာမှဟောပြော သင်ပြချက်ကျမ်းများနှင့်၊ ကျင့်စဉ်များကို စနစ်တကျလေ့လာသဘောပါက်ပြီး ကျင့်သုံးမှုသည်သာ ပဓာနကျကြောင်း သိမှတ်ရပါမည်၊၊
မိမိကိုးကွယ်ဆည်းကပ်၊ ပူဇော်ပသနေသည့် ဘာသာတရား၏ကျမ်းများများနှင့်၊ သင်ပြမှုများကို လေ့လာခွင့်မရ၊ နားလည်သဘောပေါက်မှုအလျင်းမရှိဘဲ၊ ဘာသာတစ်ခုကို လက်ခံလိုက်နာနေခြင်းမှာ အသိညာဏ်မဲ့လွန်းရာရောက်ပြီး၊ လူ့အဆင့်မှာလည်း နိမ့်ကျလွန်းပါသည်၊၊
ဗုဒ္ဓဘာသာသည် လူ၏အသိညာဏ်နှင့်၊ ဝေဖန်မှုစွမ်းရည်ကို အလေးပေးထားပြီး၊ ဗုဒ္ဓဘုရား ရှင်နှင့်၊ ဟောပြောချက်တရားတော်များ၊ ပါဠိစာပေများကို စိတ်တိုင်းကြလေ့လာသုံးသပ်ပြီး၊ လက်ခံ ကျင့်သုံးရန်၊ ပယ်ရှားရန်တို့ကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် လမ်းညွန်ထားပါသည်၊၊
ဗုဒ္ဓဘုရားရှင်သည် ကေသမုတ္တိရွာကြီးသို့ တရားဟောပြောရန် ကြွတော်မူခဲ့ပါသည်၊၊ “ကေသ မုတ္တိရွာ”ကြီးသည် ခေတ်ပညာတတ်ပေါများပြီး၊ စီးပွားရေးအခြေခံကောင်းသည့်ရွာကြီးဖြစ်၍၊ ဗုဒ္ဓရှင်တော်နှင့်ခေတ်ပြိုင် ဘုရားကြီးခြောက်ဆူတို့သည်လည်း အပြိုင်စည်းရုံးကြသည်ဟု ပါဠိစာပေမှတ် တမ်းတွင် ဖော်ပြထားပါသည်၊၊
ကေသမုတ္တိရွာသားများမှ “ကျွန်နိုပ်တို့ရွာသို့ ဘုရားကြီးများရောက်လာပြီး၊ တရားများဟော ပြောပြီး၊ အခြားသောအယူဆတို့သည် အမှားအယွင်းများသာဖြစ်ကြောင်း”ကို အပြိုင်အဆိုင်ဟောပြောကြသဖြင့် ရွာသူ/ရွာသားများသည် သံသယပွားလျက်ရှိကြောင်းကို လျောက်တင်ကြလေသည်၊၊
ဗုဒ္ဓဘုရားရှင်သည် သူ၏အယူအဆများကို မဟောပြောသေးဘဲ၊ အယူအဆနှင့်၊ ဗဟုသုတတို့ လာရာလမ်းကြောင်းများနှင့်၊ ထားရှိရမည့်သဘောထားကို အလျင်ဆွေးနွေးပါသည်၊၊ အယူအဆတစ်ခု သည် နေရာ(၉)ခုတို့မှလာရောက်နိုင်ပြီး၊ လာရောက်သမျှကို လက်မခံသင့်၊ မပယ်မြစ်သင့်ဟု ဆွေးနွေးပါသည်၊၊
(၁) တဆင့်ကြားသည့် စကား၊
(၂) အစဉ်အဆက် စကား၊
(၃) စာပေနှင့်ညီသည့် စကား၊
(၄) အတွေးမှရရှိသည့် အယူအဆ၊
(၅) နည်းလမ်းများနှင့်ကိုက်ညီသည့် အယူအဆ၊
(၆) အခြင်းအရာကို သုံးသပ်ရာမှထွက်ပေါ်လာသည့် ကောက်ချက်၊
(၇) မိမိအယူအဆနှင့် ကိုက်ညီနေသည့် အဆိုအယူအဆ၊
(၈) လေးစားလောက်သူထံမှသိရသည့် အယူအဆ၊
(၈) ဆရာများအထံမှသိရသည့် အယူအဆ၊၊
အထက်တွင် ဆွေးနွေးဖော်ပြထားသည့် “အယူအဆနှင့်၊ ဗဟုသုတတို့လာရောက်တတ်ရာ နေရာ(၉)ခုမှ စကားများနှင့်၊ အယူအဆများကိုမစူးစမ်းဘဲ လက်ခံရန်မသင့်ပါ၊၊ ငြင်းပယ်ရန်လည်း မသင့်ပါ”ဟု ဆိုလိုပါသည်၊၊
“အခြေခံ အယူဆတို့လာရောက်တတ်ရာ နေရာများအားလုံးမှ အယူအဆနှင့်၊ စကားများကို လက်မခံရ၊ မငြင်းပယ်ရ”ဟုဆိုသဖြင့် သံသယပွားနေရန်ဖြစ်သည်ဟု မဆိုလိုပါ၊၊ ဗုဒ္ဓရှင်တော်မှ မိမိကြားသိရသမျှ အယူအဆနှင်၊့ စကားများကို၊ ကိုယ်တိုင်လက်တွေ့ လေ့လာသုံးသပ်ပြီးလျင်၊ လက်ခံရမည်၊ (သို့မဟုတ်)ငြင်းပယ်ရမည်ဟု လမ်းညွန်ပါသည်၊၊
ကိုယ်တိုင်လေ့လာသုံးသပ်ပြီး၍၊ ကိုတိုင်သိသည်ဟုဆိုရာတွင်လည်း “သိမှုစံ(၃)မျိုး”နှင့်သုံးသပ်ပြီးမှ အယူဝါဒတစ်ခုကို “မှန်သည်ဟုဖြစ်စေ၊ မှားသည်ဟုဖြစ်စေ” လက်ခံရမည်၊ ငြင်းပယ်ရမည်ဟု ဆိုလိုရင်းဖစ်ပါသည်၊၊
(၁) ကုသိုလ်+အကုသိုလ်စံ၊
(၂) အပြစ်ရှိ+အပြစ်မဲ့စံ၊
(၃) ပညာရှိချီးမွှန်း+ကဲ့ရဲ့ခြင်းစံ၊
မှန်ပါသည်၊၊ မည်သည့်အခြေအနေနှင့်၊ မည်သူ့အထံမှလာပြီး၊ သိရ၊ ကြားရသည့် ၀ါဒတစ်ခုကိုဖြစ်စေ၊ စကားတစ်ခွန်းကိုဖြစ်စေ၊ အထက်တွင်ဆွေးနွေးဖော်ပြထားသည့် “စံ”သုံးမျိုးဖြင့်တိုင်းတာကြည့်လိုက်လျင် အမှန်အမှားနှင့်၊ လက်ခံသင့်၊ ငြင်းပယ်သင့်ကို သိနိုင်ပြီဖြစ်ပါသည်၊၊
ဥပမာ=တဆင့်ကြားခဲ့ရသည့် စကားတစ်ခု၊ ၀ါဒတစ်ခု”ကို
 (၁) ဤစကားသည် ကုသိုလ်ကိုဖြစ်စေလား၊
      အကုသိုလ်ကိုဖြစ်စေမှာလား၊၊
 (၂) အပြစ်ရှိလား၊ သန့်ရှင်းလား၊၊
(၃) လိုက်နာကျင့်သုံးမိလျင် ပညာရှိများမှ ချီးမွှန်းမည်လား၊ ကဲ့ရဲ့မည်လား”ဟု“စံ”သုံးခုတွင် ထည့်သွင်းလိုက်သည်နှင့် အဖြေမှန်ကိုရရှိတော့မည် ဖြစ်ပါသည်၊၊
မည်မျှနာမည်ကြီး၊ မည်မျှပညာတတ်၊ မည်မျှလူလေးစားခံရသည့်ပုဂ္ဂိုလ်ကြီးများမှ ပြောဟော သည်ဖြစ်စေကာမူ “သိမှုစံ”သုံးခုနှင့်မကိုက်ညီပါက အမှားပင်ဖြစ်၍၊ မလိုက်နာမကျင့်သုံးဘဲ၊ ရဲရဲပယ်ရ ၏မည်ပင် ဖြစ်ပါသည်၊၊
မိမိတို့ကို စာသင်ပေးနေသည့်“ဆရာ”နှင့်၊ မိမိတို့ကိုးကွယ်နေသည့်“ဘာသာရေးခေါင်းဆောင်” များထံမှပြောဟော လမ်းညွန်သည့်အယူဝါဒနှင့်၊ စကားဖြစ်စေကာမူ၊ အထက်တွင်ဆွေးနွေးဖော်ပြ ထားသည်“သိမှုစံ”သုံးမျိုးတွင်ထည့်သွင်း သုံးသပ်ရမည်ဖြစ်ပါသည်၊၊
သိမှုစံသုံးမျိုးတွင် ထည့်သွင်းသုံးသပ်ကြည့်လျက် “အပြစ်မရှိ၊ ပညာရှိများမှချီးမွှန်း၊ ကုသိုလ်ဖြစ်သည့်စကားဖြစ်သည်၊ အယူအဆ၀ါဒဖြစ်သည်”ဟု ကိုယ်တိုင်သိရသောအခါတွင် မည်သူ့ဆီမှကြားသိရသည့်စကားနှင့်၊ ၀ါဒဖြစ်စေ၊ လက်ခံကျင့်သုံးသင့်သည်ဟု ဆိုလိုပါသည်၊၊
အကယ်၍ မိမိကြားသိရသည့် “၀ါဒနှင့်စကား”သည် “အပြစ်ရှိသည်၊ ပညာရှိတို့မှကဲ့ရဲ့နိုင်သည်၊ အကုသိုလ်ကိုဖြစ်စေတတ်”သည်ဟု ကိုယ်တိုင်သိရသောအခါတွင်၊ ထိုစကားနှင့်ဝါဒမျိုးကို မည်သည့်ပု ဂ္ဂိုလ်ကြီးမျိုးနှင့်၊ မည်သည့်ဘုရားအထံမှကြားသိရသည်ဖြစ်စေ ငြင်းပယ်ရမည်ဖြစ်ပါသည်၊၊
တင်ပြဆွေးနွေးထားသည့် သိမှုစံ”သုံးမျိုးသည် ဘာသာမရွေးလက်ခံနိုင်သည့် “စံ”အမျိုးအ စားများ ဖြစ်ပါသည်၊၊ “အတွေးအခေါ်မှတ်ကျောက်၊ သို့မဟုတ်-ဘာသာရေးပေတံ”ဟုလည်း ခေါ်နိုင်ပါ သည်၊၊ မည်သည့်ဘာသာလူမျိုးမဆို သိမှုစံသုံးမျိုးနှင့်တိုင်းတာနှိုင်းယှဉ်၍၊ ဘာသာဝါဒများကိုလေ့လာ သုံးသပ်နိုင်လျင်၊ ဘာသာအယူမှားမှုမှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်သည် ကာလာမအမျိုးသားတို့ကို ဂုဏ်သိက္ခာရှိပြီး၊ လူ့အဆင့်အတန်းရှိသူတို့လိုက် နာစောင့်ထိမ်းသင့်သည့် အခြေခံအကျဆုံးသော “ကိုယ်အကျင့်(၅)မျိုး”ကို ဆွေးနွေးတင်ပြခဲ့သည်ကို ပါဠိစာပေမှတ်တမ်းတွင် တွေ့ရပါသည်၊၊
(၁) အသက်မသတ်ရခြင်း၊
(၂) မခိုးရခြင်း၊
(၃) သူတပါးသား သမီးကိုမဖျက်ဆီးရခြင်း၊
(၄) မလိမ်ညာရခြင်း၊
(၅) မူးယစ်သေစာ မသုံးစွဲရခြင်း၊၊ 
ကိုယ်ကျင့်တရား (၅)မျိုးကိုလည်း “သိမှုစံ”သုံးမျိုးနှင့်တိုင်းတာ နှိုင်းယှဉ်ပြီမှသာလျင် နှစ်သက်မှုရှိက လက်ခံကျင့်သုံးနိုင်ပြီး၊ မနှစ်သက်ခဲ့လျင် မကျင့်သုံးဘဲလွတ်လပ်စွာ ပယ်ခွင့်ရှိပါသည်၊၊ သို့သော် “ကမ္မနိယာမ”ဟူ၍ သဘာဝအရရှိထားပြီးဖြစ်၍ အမှားကိုပြုလုပ်ပြီး၊ အမှန်ကိုခေါင်းခါပါမူ အကျိုးဆက် ကိုရှောင်လွှဲခွင့်မရှိသည်မှာ အမှန်ဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်သည် ကေသမုတ္တိရွာသားများကို ဘာသာရေးအတွေးအခေါ်နှင့်၊ ဘာသာရေးပေ တံများကို ဆွေးနွေးတင်ပြပြီးသောအခါ၊ ဗုဒ္ဓရှင်တော်ကိုယ်တိုင်၏အယူဝါဒကို ဆွေးနွေးသည့်အနေဖြင့်၊ “ဘ၀နေနည်း(၄)မျိုး”ကို ဟောပြောဆွေးနွေးခဲ့ပါသည်၊၊
ဘ၀နေနည်း(၄)မျိုးသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်သဘောထားနှင့်၊ ကိုယ်ကျင့်တရားဖြစ် သည်ဟုဆိုလျင် မှန်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်ဆုံးနေ့စဉ်ဘ၀ဖြတ်သန်း၊ နေထိုင်နည်းဟု လည်း ခေါ်ဆိုနိုင်ပါသည်၊၊
(၁) မေတ္တာဖြင့်နေနည်း၊
(၂) ကရုဏာဖြင့်နေနည်း၊
(၃) မုဒိတာဖြင့်နေနည်း၊
(၄) ဥပေက္ခာဖြင့်နေနည်း၊၊
မိမိကိုယ်တိုင်၏အကျိုးနှင့်၊ လူတိုင်း၏အကျိုးကို အမြဲလိုလားလျက်နေခြင်းကို “မေတ္တာဖြင့်နေ နည်း”ဟု ခေါ်ပါသည်၊၊ မေတ္တာဖြင့် လူတိုင်းနေနိုင်ကြလျင် ကမ္ဘာစစ်များ၊ လူမျိုးရေးစစ်များ၊ နိုင်ငံရေး စစ်များဟူ၍ ပေါ်ပေါက်ဖွယ်မရှိတော့ကြောင်း လေ့လာနိုင်ပါသည်၊၊
လူသားများအပေါ်တွင် ကူညီစောင့်ရှောက်မှု၊ အားပေးမှု၊ သနားငဲ့ညှာမှု၊ ကြင်နာယုယမှုတို့ ဖြင့်နေခြင်းကို “ကရုဏာဖြင့်နေနည်း”ဟု ခေါ်ပါသည်၊၊ 
ကရုဏာဖြင့်လူတို့နေထိုင်နိုင်ကြလျင် အကြမ်း ဖက်မှုမျိုးစုံ၊ လိမ်လည်လှည့်ဖျားမှုမျိုးစုံ၊ မတရားမှုမျိုးစုံတို့မှကင်းဝေးပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို အလွယ် တကူတည်ဆောက်နိုင်မည် ဖြစ်ပါသည်၊၊
ကရုဏာသည် အခြားသူများ၏ချမ်းသာပျော်ရွှင်မှု၊ ကူညီရိုင်းပင်းမှုတွင် အခြေတည်ပါသည်၊၊ သို့သော် တစ်ခါတရံလူတို့သည် တပါးသူအပေါ်ကူညီမှုကိုအကြိမ်များစွာ လူရှေ့သူရှေ့တွင်ပြော ဆိုနေတတ်သဖြင့် ကူညီမှုကိုရယူထားသူမှာ အားငယ်ဖွယ်ဖြစ်နေတတ်သည်ကို သတိပြုရပါမည်၊၊
မိမိချမ်းသာကြွယ်ဝမှုအပေါ်တွင် ကျေနပ်အားရခြင်းနှင့်၊ အခြားလူအများ၏ကြီးပွားတိုးတက်မှုကို ၀မ်းသာလျက်နေနိုင်ခြင်းကို “မုဒိတာဖြင့်နေနည်း”ဟု ခေါ်ပါသည်၊၊ မုဒိတာဖြင့် လူတို့နေနိုင်ကြလျင် တစ်ဦးနှင့်တဦးဂုဏ်ပြိုင်ခြင်းများ၊ မာနကြီးခြင်းများနှင့်၊ မတရားအလိုကြီးခြင်းများမှကင်းဝေးပြီး၊ စီး ပွားရေးဆိုင်ရာစိတ်ချရမှုများနှင့်၊ စိတ်ချမ်းသာမှုကိုလူတို့ရရှိနိုင်မည် ဖြစ်ပါသည်၊၊
လူတို့သည် “မာန”သုံးမျိုးဖြင့် အမြဲနေလေ့ရှိကြသည်ဟု ဆိုပါသည်၊၊ “ငါသည် အများတကာထက် သာသည်၊၊ အများတကာထက် နိမ့်ကျသည်၊၊ အများနှင့်တန်းရည်တူဖြစ်သည်”ဟူသည့်မာန သုံးမျိုးတို့ ဖြစ်ပါသည်၊၊ မာနသုံးမျိုးသည် ကရုဏာနှင့်မုဒိတာမရှိခြင်းကြောင့် ဖြစ်ပေါ်လာပြီး၊ လူတို့၏ စိတ်ကို တံကျင်နှင့်ဆွသကဲ့သို့အခံရခက် ဖြစ်နေကြရပါသည်၊၊
ပတ်ဝန်းကျင်မှ အခြေအနေအကြောင်းအရာများအားလုံးကို လျစ်လျူရှုလျက်နေခြင်းကို “ဥပေ က္ခာဖြင့်နေနည်း”ဟု အမှတ်လွဲနေကြပါသည်၊၊ “ရသမျှရလာဘ်နှင့်၊ ကြုံရသမျှအခြေအနေ အားလုံး အပေါ်တွင် စိတ်ဓာတ်ရင့်ကျက်မှုရှိခြင်းကို ဥပေက္မာဖြင့်နေနည်း”ဟု ခေါ်ပါသည်၊၊
အောင်မြင်မှုတွင် ကိုယ်စိတ်လွတ်မှုကို ထိမ်းသိမ်းနိုင်ခြင်း၊ ဆုံးရှုံးမှုတွင် ဘ၀မပျက်စေရန် ထိမ်းထားနိုင်ခြင်း၊ ဝေဒနာအမျိုးမျိုးကို ထိမ်းသိမ်းလျက်နေနိုင်ခြင်းကို ဥပေက္ခာဖြင့်နေထိုင်တတ်ခြင်းဟု ဆိုလိုပါသည်၊၊ လူတို့သည် အောင်မြင်မှုတွင် အပျော်လွန်ပြီး၊ ဆုံးရှုံးမှုတွင်မူ မနေတတ်မထိုင်တတ်ဖစ်ခြင်းတို့ လွန်ကဲနေပါသည်၊၊ ဝေဒနာကို ဥပေက္ခာဖြင့်တည်ငြိမ်အောင် မစွမ်းနိုင်ခြင်းဖြစ်ပါသည်၊၊
ဆိုလိုသည်မှာ အဆိုးလောကဓံနှင်၊့ အကောင်းလောကဓံ ဝေဒနာများအပေါ်တွင် ခံစားမှုအ လွန်အကျူးမဖြစ်ခြင်းကို ဥပေက္ခာဖြင့်နေနိုင်ခြင်းဟု မှတ်ရပါမည်၊၊
အထက်တွင် ဖော်ပြဆွေးနွေးထားသည့် ဘ၀နေနည်းလေးမျိုးကို ပါစာပေပညာရပ်ဝေါဟာရဖြင့် “ဗြဟ္မ၀ိဟာရတရားလေးပါး”ဟု ခေါ်ပါသည်၊၊ ဗုဒ္ဓရှင်တော်သည်သူ၏၀ါဒအဖြစ်ဖြင့် ဖော်ပြပြီးတ ရားလေးမျိုးကိုအစမ်းသတ်ခံရန် ဟောပြောခြင်းဖြစ်ပါသည်၊၊
ဗုဒ္ဓဟောပြောသည့် ဘ၀နေနည်းလေးမျိုးကိုလည်း အမှားအမှန်သိရန်နှင့်၊ လက်ခံကျင့်သုံးရန်၊ သို့မဟုတ်၊ ငြင်းပယ်ရန်အတွက် “သိမှုစံ”သုံးမျိုးနှင့် တိုင်းတာကြည့်ရမည်ပင် ဖြစ်ပါသည်၊၊ 
မေတ္တာဖြင့် နေခြင်းသည်-
(၁) အပြစ်ရှိလား၊ အပြစ်မဲ့လား၊
(၂) ပညာရှိတို့မှ ချီးမွှန်းမည်လား၊ ကဲ့ရဲ့မည်လား၊
(၃) ကုသိုလ်လား၊ အကုသိုလ်လား၊၊
“စံ”သုံးမျိုးဖြင့် စာရှုသူများသည် ကိုယ်တိုင်ထည့်သွင်း တိုင်းတာကြည့်၍၊ အမှားအမှန်ကိုသိပြီး လျင်၊ ငြင်းပယ်ရန်၊ သို့မဟုတ်၊ လက်ခံကျင့်သုံးကြရန် ဖြစ်ပါသည်၊၊
ကာလာမသုတ်တွင် ကေသမုတ္တိရွာသူ/ ရွာသားများသည် ဗုဒ္ဓ၏ဘာရေးအတွေးအခေါ်ဆိုင် ရာပေတံနှင့်၊ ဘ၀နေနည်းများကို နှစ်သက်သဘောကျကြပြီး၊ ဗုဒ္ဓဘာဝသာဝင်ရွာကြီးအဖြစ် ကြေငြာ ခဲ့ကြသည်ဟု ပါဠိမှတ်တမ်းနှင့်၊ အိန္ဒိယသမိုင်းစာပေတွင် ဖော်ပြထားပါသည်၊၊
ကေသမုတ္တိရွာကြီးသည် ဗုဒ္ဓဘာသာရွာဟု ၀န်ခံကြသည်နှင့်၊ ၀န်မခံကြသည်မှာ စာရှုသူအတွက် အဓိကမကျလှပါပေ၊၊ ကေသမုတ္တိရွာကြီးသို့ ဘာသာရေးခေါင်းဆောင်အများအပြားလာရောက် စည်းရုံးကြရာမှ၊ ဗုဒ္ဓကိုယ်တော်တိုင်ရောက်လာပြီး၊ “ကာလာမသုတ်”ကိုဟောပြောသဖြင့် “ဘာသာ ရေးအတွေးအခေါ်ပေတံ” ခိုင်ခိုင်မာမာရလိုက်သည်မှာ စာပေလေ့လာသူများအတွက် အကျိုးအမြတ် ဖြစ်ပါသည်၊၊
စာရေးသူသည် ဗုဒ္ဓဘာသာဖြစ်နေ၍၊ မိမိကိုးကွယ်ရာဘာသာကို အသားပေးခြင်းမျိုး မဟုတ်ပါ၊၊ ဆွေးနွေးတင်ပြထားပြီး အတွေးအခေါ်ဆိုင်ရာပေတံများဖြင့် သတင်းတစ်ခု၊ ဘာသာဝါဒတစ်ခု၊ စကားတစ်ခွန်းကို စာဖတ်သူများအနေဖြင့် တိုင်းတာလက်ခံကြရန်သာ ဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာကိုပင်ဖြစ်စေကာမူ သိမှုပေတံသုံးမျိုးဖြင့် တိုင်းတာသုံးသပ်ပြီးမှ လက်ခံယုံကြည်ကျင့်သုံး သင့်သည်၊ သို့မဟုတ်-ငြင်းပယ်သည့်လှပါသည်၊၊
“အလင်းစက်”စာဖတ်ပရိသတ်များအားလုံး ကိုးကွယ်အားထားရာ ဘာသာအမှန်တရားများကို ရွေးချယ်နိုင်ကြပြီး၊ ဘ၀ချမ်းသာနှင့်၊ ဘ၀မှလွတ်မြောက်မှုချမ်းသာများကို ရရှိကြပါစေကြောင်းဆန္ဒရှိ လျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊                    ၊၊
(ကိုးကား/ ကေသမုတ္တိသုတ်၊ အံ-3၊၊ ဓမ္မသစ်ကျမ်း၊ ကုရ်အာန်ကျမ်း၊ What the Buddhat Taught, Walpola Rahula. An Approach to Buddhist Philosophy, Ven. Ilukewela Dhamma- rathana)  
                                             အရှင်ကေ၀လ(အလင်းစက်)
                                            {B.A-Eng, M.A-Phil-Sri Lanka}
                                             မကုဋာရာမမြန်မာကျောင်းတိုက်၊
                                             ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (04/03/2013)
အပြည့်အစုံသို့....
  © Blogger template 'Fly Away' by Ourblogtemplates.com 2008
Back to TOP