Saturday, August 20, 2011

ဂေါဆရာတော်၊၊ ၊၊




မြန်မာနှင့် သီရိလင်္ကာ သာသနာရေးဆက်ဆံမှုသမိုင်းသည် ပုဂံခေတ်ဦးပိုင်း၊ ပံသုကူမထေရ်၊ ဥတ္တရာဇီဝ မထေရ်နှင့် တပည့်-ဆပ္ပဒသာမဏေတို့လက်ထက်မှ စတင်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရ သိရပါသည်၊၊ သို့သော်ထိုခေတ်က သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတည်ထောင်ခဲ့ခြင်း မရှိခဲ့ပါ၊၊

(၁၉၀၁)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွတော်မူခဲ့သော ဆရာတော်ကြီးဦးဝိနယာလင်္ကာရနှင့် (၁၉၅၂)ခုနှစ်တွင်ကြွခဲ့ကြသော ဆရာတော်ကြီးဦးညာဏိန္ဒတို့သည် သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတိုက်
ကြီးများတည်ထောင်၍၊ သာသနာပြုခဲ့ခြင်းကြောင့် ယနေ့တိုင်မြန်မာကျောင်းတိုက်ကြီးများကို သီရိလင်္ကာတွင် တွေ့မြင်နေရပါသည်၊၊

ဆရာတော်ကြီး ဦးဝိနယာလင်္ကာရတည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးငါးခုအနက်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို ယနေ့တိုင်မြန်မာသံဃာတော်တို့ကပင် ပိုင်ဆိုင်ရရှိထားဆဲဖြစ်ပါသည်၊၊ "ဂေါဆရာတော်ကြီး"ဟုအသိများသော ဆရာတော်ဦးညာဏိန္ဒတည်ထောင်ခဲ့သော မြန်မာကျောင်းတိုက်ကြီးမှာမူယ္ခုအခါ သီရိလင်္ကာဘုန်းတော်ကြီးများက ပိုင်ဆိုင်သွားကြပြီဖြစ်ပါသည်၊၊


ဆရာတော်ကြီး ဦးညာဏိန္ဒသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုနှင့်ကီလိုမီတာ (၁၁၆)ခန့်ဝေးသော ဂေါမြို့(Galle city)တွင် “၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်း"အမည်ဖြင့် ကျောင်းတိုက်ကြီးတစ်ခုကို တည်ထောင်၍ သီရိလင်္ကာပြည်သူတို့အား ဗုဒ္ဓ၏လေးနက် သည့် “အဘိဓမ္မာနှင့်၊ ၀ိပဿနာနည်း”များကိုဟောပြော၊ သင်ပြသာသနာပြုတော်မူခဲ့သည်ဟု လေ့လာရပါ သည်၊၊

ကိုလံဘိုမြို့တော်နှင့် ခရီးအတန်ဝေးသောနေရာဖြစ်သဖြင့် မြန်မာသံဃာတော်တို့ အရောက်နည်းသော ဒေသတစ်ခု ဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ မြန်မာကျောင်းဟောင်းလိပ်စာကို သိသည့် သံဃာတော်ပင် အတော်နည်းပါးလာပြီ ဖြစ်သည်၊၊

“အလင်းစက်အရှင်”နှင့် သူငယ်ချင်းများစုပေါင်း၍ "ဂေါမြို့"သို့ အပမ်းဖြေခရီးထွက်ကြရန်တိုင်ပင်ပြီး၊ ကားငှားခြင်း
စသည့် ခရီးအတွက်လိုအပ်သည်များကို ပြင်ဆင်ကြသည်၊၊ ဂေါမြို့သည် သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်သဖြစ် ရှုခင်းလွန်စွာလှပသည်ကို တွေ့ရသည်၊၊

ယူရိုပီယံပုံစံအိမ်ကြီး၊ အိမ်ကောင်းများကိုဆောက်လုပ်နေထိုင်ကြ၍ သူဌေးသူကြွယ်များသောမြို့ဟုလည်း သိရသည်၊၊ ဂေါလမ်းခရီးတလျောက်တွင်လည်း ရှေးကြပြီး၊ ခန့်ငြားသည့်စေတီပုထိုးများ၊ ရုပ်တုတော်ကြီး များကို များစွာပင်ဖူးတွေ့ရသည်၊၊

များမကြာသေးမှီနှစ်အနည်းငယ်က "ဆူနာမီရေလှိုင်းဒဏ်"ကိုခံခဲ့ရသည့် ဂေါမြို့လေးနှင့်၊ ဂေါမြို့အပိုင် ကျေးရွာများမှ ဆူနာမီအမှတ်တရ စေတီတော်ကြီးများ၊ ရုပ်တုတော်များတည်ဆောက်ထားသည်ကိုလည်း ကရုဏာသက်ဖွယ်တွေ့မြင်ခဲ့ရသည်၊၊ ဆူနာမီတွင် လူပေါင်းနှစ်သိန်းကျော်မျှ သေဆုံးခဲ့ရကြောင်းကိုလည်း “ဆူနာမီအထိမ်းအမှတ် ဂျပန်ဘုရား”တွင် မှတ်တမ်းပြုထားသည်ကို တွေ့ခဲ့ရသည်၊၊

နံနက် (၆)နာရီတွင် ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်မှ ထွက်ခဲ့သောအရှင်တို့ကားလေးသည် ဂေါမြို့သို့ ညနေ(၃)နာရီခန့်တွင် ရောက်ပါသည်၊၊ ဂေါမြို့သည် အင်္ဂလိပ်ခေတ်က ခံတပ်မြို့ဖြစ်သည့်အတွက် “ဂေါခံတပ်”ကြီးများမှာ မြင်ရသူတို့ရင်သတ်ရှုမောဖွယ် ခန်းနားလှပနေပါသည်၊၊

ရှေးခေတ်က သီရိလင်္ကာ၏ မြို့ဟောင်းဖြစ်သည်ကတစ်ကြောင်း၊ အင်္ဂလိပ်ခေတ် ခံတပ်ဟောင်းကြီးရှိနေသည် ကတစ်ကြောင်း၊ လှပသည့်ဆိပ်ကမ်းမြို့လေးဖြစ်နေသည်က တစ်ကြောင်းစသောအကြောင်းများကြောင့် ဂေါမြို့ တွင်နိုင်ငံခြား လေ့လာရေးခရီးသည်များနှင့်ပြည့်နေသည်ကို သတိပြုမိသည်၊၊

ဂေါမြို့ဝန်းကျင်နေရာအနှံ့သို့ လည်ပတ်လေ့လာပြီးသောအခါ ဂေါဆရာတော်ကြီး(၄၁)နှစ်ကြာ၊ သီတင်းသုံးပြီး၊ သာသနာပြုခဲ့ရာ မြန်မာကျောင်းလေးသို့ သွားကြ ရန်လိပ်စာကို စုံစမ်းကြရတော့သည်၊၊

ခရီးတွင်လိုက်ပါကြသည့် “အလင်းစက်”တို့ သူငယ်ချင်းတစ်ပါးမှလိပ်စာသိသူမရှိကြ၍ လမ်းဘေးတိုလီ၊မိုလီ ပစ္စည်းများကို နိုင်ငံခြားသားများသို့ရောင်းနေသည့်ဈေးဆိုင်ကို Where located Buruma Temple? ဟုမေးကြည့်သောအခါ ထိုနေရာမှအတန်ဝေးသည့် တောင်ကြီးတစ် ခုအပေါ်သို့လက်ညှိုးထိုးပြပြီး တောင်ပေါ်တွင်တည်ရှိကြောင်း လမ်းညွှန်လိုက်သည်၊၊

ထိုတောင်ပေါ်သို့ နှစ်နာရီခန့်မျှကားနှင့် လိုက်လံရှာဖွေသော်လည်း အနှီမြန်မာကျောင်း၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ကိုလံဘိုသို့ဖုံးဆက်ပြီး နာယကဆရာတော်ထံတွင် ဂေါဆရာကြီး၏ကျောင်းလိပ်စာကို မေးရတော့သည်၊ နာယကဆရာတော်ကလည်း လိပ်စာကိုမသိကြောင်း၊ ဂေါတွင်အိမ်ထောင်ကျနေသည့် မြန်မာဒကာမကြီးတစ်ဦးရှိကြောင်း၊ ဖုံးဆက်မေးဖို့ပြောပြီး ဒကာမကြီး၏ဖုံးနံပတ်ကို ပေးလိုက်သည်၊၊

ဒကာမကြီးကို ဖုံးဆက်မေးတော့မှ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်သည် တောင်ပေါ်တွင်မဟုက်ဘဲ မြို့လယ်တွင်ဖြစ်နေသည်ကို သိလိုက်ရသည်၊ ကားဆရာကို မြို့တွင်းသို့ပြန်လည်မောင်းခိုင်းပြီး၊ အဆင့်ဆင့် မေးမြန်းရင်းဖြင့် ည(၇)နာရီမှောင်ရီဆမ်းကာမှ “ဂေါမြန်မာကျောင်းတိုက်”သို့ခက်ခဲစွာ ရောက်ရတော့သည်၊၊ “ဂေါ-မြန်မာကျောင်းတိုက်သည် မြန်မာသံဃာတော်တို့နှင့် ကံမစပ်လေဟန်တကား”ဟုလည်း ဆင်ခြင်မိသည်၊၊

ဂေ-ါမြန်မာကျောင်းတိုက်သည် တောင်ခြေတွင်တည်ရှိပြီး တောအုပ်အစပ်ဖြစ်သည်၊၊ တရားဘာဝနာဖြင့် ပျော်မွေ့လိုသူများအတွက် အလွန်သင့်လျော်သောနေရာလေး ဖြစ်သည်၊၊ လူသူတိတ်ဆိပ်ပြီး၊ အေးချမ်းသည့် ကျေးငှက်များ၏တွန်မည်သံကို အစဉ်ပင်ကြားနေရသည်၊၊

ဂေါဆရာတော်ကြီးသည် ဤကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး ဒေသခံပြည်သူများကို ပညာသင်ပေးရုံမက အောင်မြင်သည့်သာသနာပြုဆရာတော်ကြီးတစ်ပါးဖြစ်တော်မူခဲ့သည့်အတွက် ဆရာတော်ကြီးမရှိတော့ သည်မှာနှစ်များစွာကြာခဲ့သည်တိုင် ဆရာတော်ကြီး၏အမည်ကို ကလေးမှအစသိနေကြပြီး၊ ကျောင်းတိုက်
ကိုလည်း သီရိလင်္ကာနာမည်သို့ပြောင်းထားသည့်တိုင် “ဗုဒုမကျောင်း”ဟုပင် သီရိလင်္ကာအသံမပီတပီဖြင့် ခေါ်တွင်နေကြသည်ကို လွမ်းမောဖွယ်တွေ့ခဲ့ရသည်၊၊

“ဗုဒုမ”ဟူသည်မှာ Burmaကို“ဗားမား”ဟုထွက်ရမည့်အစား သီရိလင်္ကာကုလားအသံဖြင့်“ဗုဒုမ”ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်၊၊

ဂေါဆရာတော်ကြီး၏ကျောင်းတိုက်တွင် ဆရာတော်ကြီးမရှိတော့သော်လည်း ဆရာတော်ကြီးနေသွားသည့် အခန်းကိုမူလအတိုင်းထားထားသည်ကို တွေ့ရသည်၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျသိမ်းဆည်းထားသည့်အပြင်၊ ကျောင်းတိုက်၏အတွင်းနံရံတွင်ဆရာတော်ကြီး၏ ဗီနိုင်းပုံကြီးကိုခန်း လုံးပြည့်ချဲ့ပြီး ချိပ်ထားသည်ကိုတွေ့ရသည်၊၊

လက်ရှိ ဂေါမြန်မာကျောင်းတိုက်ကို ပိုင်ဆိုင်ထားသည့် သီရိလင်္ကာဘုန်းကြီးလေးမှာ ဂေါဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပြီး၊ မြန်မာတို့၏စိတ်ဓာတ်ကို အလွန်လေးစားသည်ကိုလည်း တွေ့ခဲ့ရသည်၊၊ မြန်မာကျောင်း တိုက်သို့ မြန်မာသံဃာတော်လေးများ လာရောက်လည်ပတ်သည်ကို အလွန်ဝမ်းသာကြည်နူးနေဟန်၊ မရှိတော့သည့်ဆရာတော်ကြီးကိုလည်း လွမ်းမောလေဟန် စိတ်မကောင်းဖွယ်တွေ့ခဲ့ ရသေးသည်၊၊

“အလင်းစက်”တို့ သူငယ်ချင်းများ ဂေါမြန်မာကျောင်းတိုက်မှထွက်ခွါခဲ့ကြီး၊ ည (၁၂)ခန့်တွင် ကိုလံဘို၊ မကုဋာရာမကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြတော့သည်၊၊ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်နှင့် သာသနာပြုစိတ်ဓာတ်တို့ကိန်းအောင်းရာ ဂေါကျောင်းတိုက်ကို နောင်လာနောက်သား ညီတော်၊ နောင်တော် များသိရှိ၊ ဗဟုသုတဖြစ်ကြစေရန် ဤခရီးသွားမှတ်တမ်းကို တင်ပြခြင်းဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ အားကျဖွယ်အတ္ထုပ္ပတ္တိကို တင်ပြပါမည်၊၊

ဂေါ-ဆရာတော်လောင်းလျာသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မြို့ဟောင်းဈေးတန်းရပ်နေ ကားအင်ဂျင်နီယာ-ဦးစံသူ၊ ဒေါ်ဖွားရှင်တို့မှ (၁၂၇၆)ခု၊ ၀ါဆိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့၊ (၁၉၁၄)ခုနှစ်၊ ဇူလိုင်လတွင် ဖွားမြင် တော်မူပါသည်၊၊

ဆရာတော်လောင်းလျာသည် အသက် (၁၆)နှစ်အရွယ်၊ (၁၂၉၂)ခုနှစ်၊ ကဆုန်လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့တွင် သန်လျင်မြို့၊ ပထမဘုံပြန်ဆရာတော်ကြီး ဘဒ္ဒန္တသုဇာတအရှင်မြတ်ကို ဥပစ္ဇျာယ်ပြုလျက် ခမည်းတော်+မယ်တော်တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူပါသည်၊၊ ဘွဲ့အမည်မှာ အရှင်ညာဏိန္ဒဖြစ်ပါသည်၊၊

(၁၂၉၆)ခုနှစ် နယုန်လဆန်း (၁၀)ရက် အင်္ဂါနေ့တွင် ခရမ်းမြို့ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်တိုက် သိမ်တော်ကြီးဝယ် ပထမဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယကိုဥပစ္ဇျာယ်ပြု၍၊ ခရမ်းမြို့၊ မြေပိုင်ရှင်-ဦးတင်+ ဒေါ်စုတို့၏ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊၊ ဂေါ-ဆရာတော်ကြီးကို ဦးမောင်မောင်+ဒေါ်ခင်စောရွှေမိသားစုတို့မှ သိက္ခာထပ်လှူခဲ့ကြပါသည်၊၊

ဆရာတော်လောင်းလျာသည် ဘုံပျံကျောင်း၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တက၀ိထံတွင် အခြေခံကျမ်းစာများကို သင်ကြားပြီးနောက် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ် ဆရာတော်ဘဒ္ဒန္တ နန္ဒိယ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျ၊ တိုက်ကျပ်ဆရာတော် ဘဒ္ဒန္တဆန္ဒ၊ စာချဆရာတော် ဘဒ္ဒန္တအိန္ဒာသဘ၊ ဘဒ္ဒန္တပုည၊ အဘိဓမ္မာဝိဘာဝနီဋီကာကျော်ယောဇနာကျမ်းပြု ဘဒ္ဒန္တညာနိန္ဒာသဖ (ဆရာကြီး ဦးစံလင်း)၊ ကျိုက်လတ်မြို့၊ မစ္ဆိမာရုံမဟာရွှေကျင်တိုက် သတ္တမရွှေကျင်နိကာယဥက္ကဌ၊ သာသနာပိုင် ဆရာတော် ဘဒ္ဒန္တကေလာသ၊ စာချဆရာတော် နန္ဒက၊ နာရဒါဘိဝံသစသောစာချဆရာတော်များအထံတွင် ပါဠိ၊ အဌကထာ၊ ဋီကာ၊စသောကျမ်းဂန်များကို နည်းစုံအောင် သင်ကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် ရဟန်း (၁၀)၀ါအရတွင် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်သို့ ပြန်ကြွတော်မူပြီး၊ စာသင်သားတို့အား (၈)နှစ်တိုင် စာပေပို့ချခဲ့ပါသည်၊၊ ရဟန်း (၁၈)၀ါအရ (၁၉၅၂)ခု ဇူလိုင်လ (၁၉)ရက်နေ့ တွင် သီရိလင်္ကာနိုင်ငံသို့ကြွတော်မူပြီး ဗုဒ္ဓဘာသာဝင် သီရိလင်္ကာလူမျိုးတို့အား ဗုဒ္ဓတရားတော်များကို သီရိလင်္ကာဘာသာဖြင့် ဟောကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင်နေတော်မူခိုက်- - -
(၁) ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမယကျောင်းတိုက်၊
(၂) နုဂေဂေါဓ၊ သိရီဓမ္မာရာမယကျောင်းတိုက်၊
(၃) မဟိန်တလေ၊ ကာလုဒိယပေါကုဏကျောင်းတိုက်၊
(၄) မာတလေ ပါလေပေါလသေနာသနကျောင်းတိုက်၊
(၅) မဟာနုဝရ၊ ကန္နီ-ဆေနာနာယကာရာမယကျောင်းတိုက်၊
(၆) ကလပလုဝါ၀၊ တပေါဝနာရာမယကျောင်းတိုက်၊
(၇) မာတရ၊ ဥဒုကာဝေ ၀ဇိရာရာမယကျောင်းတိုက်၊
(၈) ဒိယတလာဝ၊ ညာဏာရာမ ၀ိဝေကာရာမယကျောင်းတိုက်၊
(၉) ဥတုရုတလာလ သန္တ၀ိဝေကာရာမယကျောင်းတိုက်၊
(၁၀) ဒေါဒန်းဒူဝ၊ ပေါလဂဿဒူဝ သေနာသနကျောင်းတိုက်၊
(၁၁) ဂေါမြို့- ၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်းတိုက်တို့၌ လှည့်လည်သီတင်းသုံး၊ သာသနာ ပြုတော်မူခဲ့ပါသည်၊၊

ဒေဟိဝလ၊ ယက္ကမန၊ ဒေဏမန၊ ၀လသမူလ၊ နာရန်ဂမူ-အစရှိသောဌာနတို့၌ သီတင်းသုံးလျက် အနှစ်(၄၁) တိုင်အောင် သီရိလင်္ကာဒါယကာ ဒါယိကာမတို့အား ဗုဒ္ဓတရားတော်များကို သင်ကြားတော်မူခဲ့ပါသည်၊၊

ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးတော်မူခိုက် - - -
(၁) ယမိုက်ဆယ်ကျမ်း၊
(၂) မဟာစည်ဆရာတော်၏ “၀ိပဿနာရှုဖွယ်ကျမ်း”
(၃) မဟာစည်ဆရာတော်၏ “တရားအားထုတ်ရသည့်အကြောင်းကျမ်း”၊
(၄) မစိုးရိမ်ဆရာတော်၏ “ပဌာန နယူပဒေသကျမ်း”၊
(၅) ဘဒ္ဒန္တနာရဒါဘိဝံသ၏ “မြန်မာပြန်သဂြိုဟ်ကျမ်း”၊
(၆) အရှင်ဇနကာဘိဝံသ၏ “၀ီထိသုံးချက်စုကျမ်း”၊စသည်တို့ကို သီရိလင်္ကာဘာသာသို့ ပြန်ဆိုတော်မူခဲ့ ပါသည်၊၊

ဆရာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ ခမာ၊ ဇာဂရိယ၊စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် သီရိလင်္ကာ နိုင်ငံရှိ နိုင်ငံတော်အကြီးအကဲခေါင်းဆောင်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုလေးစားမှုကိုခံယူရရှိ တော်မူပါသည်၊၊

ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ (၁၃၅၄)ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊၊ ဆရာတော်သည် သက်တော် (၇၇)နှစ် သိက္ခာတော် (၅၇) ၀ါရှိပြီဖြစ်သည်၊၊

မြန်မာနိုင်ငံရှိ တပည့်ဒါယကာဒါယိကာမအများဆွေမျိုးများ၏ လျောက်ထားတောင်းပန်ချက်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်၊ ကျောင်းဒါယကာ+ကျောင်းဒါ ယိကာမများဆောက်လုပ်လှူဒါန်းသော ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ "မြန်မာ-သီရိလင်္ကာရာမကျောင်းတိုက်"၌ (၁၉၉၄)ခုနှစ်မှစတင်၍သီတင်းသုံးတော်မူကာ ပြည်တွင်း၊ ပြည်ပသာသနာပြုတော်မူပါသည်၊၊

ဂေါဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို လေ့လာမှတ်သားပြီး၊ ဆရာတော်ကြီးကဲ့သို့အောင်မြင်သည့် သာသနာပြု ဖြစ်ပါရစေကြာင်းနှင့်၊ ဗုဒ္ဓရှင်တော်၏ သဒ္ဓမ္မသုံးဖြာသာသနာတော်တွင် အောင်မြင်သည့်သာသနာပြုဆရာတော်များ ပေါ်ထွန်းလာပါစေကြောင်း "အလင်းစက်အရှင်" ဆုတောင်းအပ်ပါသည်၊၊ ၊၊

(မှတ်ချက်/ ဂေါ-ဆရာတော်ကြီး ကိုယ်တိုင်ရေးသားတော်မူခဲ့သည့် “စတုရာရက္ခရှုဖွယ်ကျမ်း,နှင့်၊ ပုဂံခရီးသည် (ပါရဂူ)”စသည်တို့ကို ကိုးကား၍ ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါခရီးသွားမှတ်တမ်း ဓာတ်ပုံများကို ညာဘက်ကော်လံတွင် လေ့လာကြည့်ရှုနိုင်ပါသည်၊၊)



မေတ္တာဖြင့် - - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(၁၄.၈.၂၀၁၁)

အပြည့်အစုံသို့....

Sunday, August 7, 2011

ဆရာတော် ဦးကေလာသ၊၊ ၊၊



မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် ကျောင်းတိုက်ကြီးကိုမူလတည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီး ဦးဝိနယာလင်္ကာရ၊ ဒုတိယ-၀ိဟာရာဓိပတိ ဆရာတော်ဦးသိဂ္ဂ၀တို့ပြီးလျင် ကျေးဇူးတင်ထိုက်သည့် ဆရာတော်ကြီးမှာ “ဆရာတော်ဦးကေလာသ”ဖြစ်ပါသည်၊၊

ဆရာတော်ဦးကေလာသသည် အနေရိုးလွန်းသောကြောင့်တစ်ကြောင်း၊ နှိမ်ချ၍နေလေ့ရှိသည်ကတစ် ကြောင်းစသောအကြောင်းများကြောင့် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမကျောင်းတွင်နေထိုင်၍ ပညာသင်ပြီးသွား ကြသည့်တိုင် ဤဆရာတော်ကြီးကို သိသူနည်းပါးပါသည်၊၊

မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို စစ်အတွင်းတွင် အစားအသောက်ဆင်းဆင်းရဲရဲဖြင့်၊ ဗုံးဒဏ်၊ သေနတ်ဒဏ်နှင့်၊ သူခိုး၊ ဓားပြဒဏ်များအကြားတွင် ရသမျှအစားအသောက်လေးများနှင့် တင်းတိမ်မျှ
တလျက် ကျောင်းတိုက်ကြီးမြန်မာတို့လက်မှ မပပျောက်ရေးအတွက်အသက်စွန့်၍ စောင့်ရှောက်တော်မူခဲ့သည့် ဆရာတော်ဦးကေလာသ၏ကျေးဇူးကို မှတ်တမ်းတင်သင့်လှသည်၊၊

ဆရာတော်ဦးကေလာသ၏ နောက်ဆုံးစောင့်ရှောက်ကာကွယ်မှုကြောင့်သာ မကုဋာရာမမြန်မာကျောင်း တိုက်ကြီးသည် ယနေ့အချိန်အထိဆက်လက် အသက်ရှင်လာရခြင်းဖြစ်သည်ဟုဆိုလျင် မှားနိုင်မည်မထင်ပါ၊၊

ဆရာတော်ဦးကေလာသသည် ကျောင်းတိုက်ကြီးကို နောက်ဆုံးထိမ်းသိမ်းပြီး စာသင်သားသံဃာ တော်များ၏လက်သို့ အပ်နှံခဲ့သည့်ကျေးဇူးရှင် ဆရာတော်ကြီးဖြစ်ပါသည်၊၊ ထို့အတွက်ကြောင့် ဆရာတော် ကြီး၏အတ္ထုပ္ပတ္တိကို နောင်လာနောက်သား ညီတော်၊ နောင်တော်များမှတ်သားနိုင်စေရန် တင်ပြအပ်ပါသည်၊၊

ဆရာတော်ဦးကေလာသကို မကွေးတိုင်း၊ မြင်ကွင်းမြို့နယ်၊ ကျွန်းပြတ်ကြီးရွာ၊ ဦးထွန်းသစ်၊ ဒေါ်ပုတို့မှ (၁၂၈၂)ခု၊ ကဆုန်လဆန်း (၁၀)ရက်၊ တနင်္လလာနေ့တွင် ဖွားမြင်ပါသည်၊၊

အသက်(၁၃)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်၊၊ (၁၃၀၂)ခုနှစ် ပြာသိုလပြည့် ကျော်(၈)ရက်တွင် ကျွန်းပြတ်ကြီးရွာ၊ ဥဒကုက္ခေပသိမ်၌၊ မယ်လှတောင်ရွာ ဆရာတော်ဦးသုမင်္ဂလကို ဥပစ္ဇျာယ်ပြုလျက် ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်၊၊

အသက်(၁၁)အရွယ်တွင် ရွာကျောင်းဆရာတော် ဦးညာဏ၊ ဆရာတော်ဦးပဏ္ဍိစ္စ၊ မန္တလေးမြို့၊ တောင် ပြင်ဘုရားကြီးကျောင်းတိုက် ဦးသာသနကျောင်းဆရာတော် ဦးအာစိဏ္န၊ မကွေးမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော်ဦးပဒုမ၊ မင်းဘူးမြို့ တောရကျောင်းတိုက်၊ ဆရာတော်ဦးတိလောက၊ ရန်ကုန်မြို၊့ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် ဦးသာဂရ၊ စသောဆရာတော်များအထံတွင် စာပေများကို ကျမ်းကြီးပေါက် သင်ယူတော်မူပါသည်၊၊

ဆရာတော်သည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဗားကရားကျောင်းတိုက် သာယာဝတီကျောင်းဆရာတော် ဦးဝါယမ၏ ခွင့်ပြုချက်ဖြင့် သီဟိုဠ်ကျွန်းသို့သာသနာပြုကြွရန်တိုက်တွန်းမအရ (၁၉၅၁)ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ ညနေ(၃)နာရီတွင် ကုလံဘိုဆိပ်ကမ်းသို့ရောက်ရှိပြီး၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်၌ ဆရာတော်ဦးဝိနယာလင်္ကာရထံတွင်နေထိုင်ရင်း သာသနာရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါသည်၊၊

သီဟိုဠ်ကျွန်းတွင် သာသနာရေးကိစ္စများကို ဆောင်ရွက်ရာ၌ သိမ်သမုတ်ပေးခြင်း၊ ရဟန်းခံပေးခြင်းစသော သံဃာ့ကံများကို ကြိုးပမ်းဆောင်ရွက်တော်မူခဲ့ပါသည်၊၊

(၁၉၆၂)နှစ်၊ သီရိလင်္ကာအစိုးရမှ သီရိလင်္ကာရှိ နိုင်ငံခြားသားများအား နေထိုင်ခွင့်ဗီဇာကြေးပေးဆောင်ရန် ဥပဒေပြဌာန်းလိုက်ရာ ထိုဗီဇာခွန်ပေးဆောင်ခြင်းမှ မြန်မာနိုင်ငံသားသံဃာတော်များ ကင်းလွတ်ခွင့်ရရန် အတွက် “လင်္ကာဝါသီမရမ္မိက ဘိက္ခုသမိတိယ”အမည်ရှိ အဖွဲ့အနေဖြင့်မေတ္တာရပ်ခံခဲ့ရာ လွတ်ငြိမ်းခွင့်ရရှိခဲ့ပါသည်၊၊

(မှတ်ချက်/ ဆရာတော်ကြီး ဦးကေလာသသည် သီရိလင်္ကာအစိုးရထံမှ ဗီဇာခွန်ကင်းလွတ်ခွင့်ကို သတ္တိရှိရှိ တောင်းခံအောင်မြင်ခဲ့သော်လည်း ယ္ခုအခါမြန်မာပြည်အစိုးရထံမှ (2010)မှစတင်၍ ပတ်စပို့အသစ်လဲရာတွင် ပေးဆောင်ရသည့် ဒေါ်လာ(၁၀၀)အခွန်ကို မြန်မာစာသင်သားသံဃာတော်တို့ ပညာသင်စရိပ်ထဲမှ ပတ်စပို့သုံးနှစ်၊ သက်တမ်းပြည့်၍အသစ်လဲတိုင်း ဒေါ်လာ(၁၀၀)ပေးနေရသည်ကို နှိုင်းယှဉ်လေ့လာနိုင်သည်၊၊)

ထိုအဖွဲ့တွင်ဆရာတော်သည် အကျိုးတော်ဆောင်ချုပ်အနေဖြင့် တာဝန်ယူခဲ့ပါသည်၊၊ ထို့အပြင်တိုင်း ပြည်ဆူပူနေချိန်တွင် အခက်ခဲအမျိုးမျိုးကြားမှ မြန်မာကျောင်းတိုက်ကြီးအား အသက်ကိုပင်ပဓာန မထားဘဲ စောင့်ရှောက်ခဲ့ပါသည်၊၊

ထို့ကြောင့်(၂၀၀၂)နှစ်၊ ဇန်န၀ါရီလ-၄ရက်နေ့တွင်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၀၂)ဖြင့် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်”ကို ဆက်ကပ်ခဲ့ပါသည်၊၊

ဆရာတော်ကြီးတို့ကဲ့သို့ မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို ရေရှည်တည်တန့်အောင် စောင့်ရှောက်ထိမ်း သိမ်းနိုင်သော သာသနာ့အာဇာနည်ဆရာတော် များများပေါ်ပေါက်ပါစေကြောင်း “အလင်းစက်အရှင်” ဆုတောင်းပါသည်၊၊


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

(ကိုးကား/ ဘွဲ့တံဆိပ်ရဆရာတော်ကြီးများမှတ်တမ်း၊ သာသနာရေးဝန်ကြီးဌာနစာအုပ်မှ ကိုးကားဖော်ပြပါ သည်၊၊)

အပြည့်အစုံသို့....

Saturday, July 30, 2011

ဝိဟာရာဓိပတိ ဘဒ္ဒန္တသိဂ္ဂ၀ မဟာထေရ်၊၊ ၊၊




မြန်မာပြည်မှ နိုင်ငံခြားပညာသင်၊ သံဃာတော်များစွာတို့ ဗုဒ္ဓစာပေနှင့်၊ အတတ်ပညာအမျိုးမျိုးကို နိုင်ငံတကာအဆင့်မှီနည်းများဖြင့် သင်ကြားဆည်းပူးလျက်ရှိသော သီရိလင်္ကာနိုင်ငံတွင် မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး တည်ရှိနေသည်မှာ စာသင်သားသံဃာတော်တို့အတွက် တာဝတိံသာနတ်ပြည် လူပြည်မှာရောက်နေသကဲ့သို့ပင် ဖြစ်ပါသည်၊၊

မှန်ပါသည်၊၊ မကုဋကျောင်းတိုက်ကြီး၏ ဗောဓိညောင်ပင်အောက်တွက် ရေနွေးကြမ်းနှင့်၊ ဗယာကြော် စားရသည်ကပင် နတ်သုဒ္ဓါတမျှ အရသာရှိကြောင်း စားဖူးသည့်သံဃာတော်တိုင်း သိကြရသည်၊၊ မပြောပ လောက်သည့် ဒေါ်လာလေးမျှနှင့် ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့နှင့်၊ ဗိုလ်စာများကို မြန်မာသံဃာ တော်တို့အလွယ်တကူ ပန်ဆင်ခွင့်ရနေသည်မှာလည်း မကုဋ၏ကျေးဇူးမှတ်တမ်းတစ်ခု ဖြစ်ပါသည်၊၊

သီရိလင်္ကာတွင် မဟာဝိဇ္ဇာတန်းပြီးသဖြင့် အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံတက္ကသိုလ်များတွင် စာပေပါရဂူ ဘွဲ့အတန်းများကို တက်ရောက်၊ သင်ယူနေကြသည့် သူငယ်ချင်းများမှလည်း ကို“အလင်းစက်”ရေ ကျုပ်တို့တော့ ညောင်ပင်အောက်မှာ ရေနွေးကြမ်းလေးနဲ့၊ ချစ်ခင်ကြည်နူး၊ အာလူးဖုတ်ရသည်များကို လွမ်းလှကြောင်း မကြာခဏဆိုသလို ပြောဆိုကြသည်၊၊

ယ္ခုအခါမြန်မာနိုင်ငံ၊ ထေရ၀ါဒတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက် ရှိကြသော ဆရာတော်ကြီးဒေါတ်တာနန္ဒမာလာ၊ မန္တလေးသာသနာ့တက္ကသိုလ်ပါမောက္ခချုပ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တို့တွင် တွဲဖတ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိကြသော ဒေါတ်တာပဏ္ဍိတ၀ရ စသည့်ဆရာတော်ကြီးများနှင့်၊

ချမ်းမြေ့သာသနာ့ရိပ်သာကြီးကိုတည်ထောင်၍ ကမ္ဘာသို့ဗုဒ္ဓ၏၀ိပဿနာပညာရပ်များကို ဖြန့်ဖြူးလျက်ရှိသော ချမ်းမြေ့ဆရာတော်ကြီးတို့မှာ မကုဋ၏ညောင်ညိုပင်ရိပ်တွင် နားခိုသွားဖူးကြသည့် သာသနာ့အာဇာနည်များ ဖြစ်ပါသည်၊၊

ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ကြီးတစ်ခုဖြစ်သည့် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်ကြီးတွင် ပါမောက္ခ တာဝန်ဖြင့် ကမ္ဘာသို့သာသနာကို အလယ်ဗဟိုရ်တည့်တည့်မှဖြန့်ဖြူးနေသည့် သာသနာ့အာဇာနည် ဒေါတ်တာအရှင်ဓမ္မသာမိနှင့်၊ ထိုထိုနိုင်ငံအသီးသီးတွင် ကျောင်းတိုက်ကြီးများနှင့်၊ သာသနာပြုဌာနကြီးများ ကိုတည်ထောင်၍သာသနာပြုနေသူ သာသနာ့အာဇာနည်များတို့သည်လည်း မကုဋ၏ညောင်ညိုပင်ကို မေ့နိုင်ကြမည်မထင်ပေ၊၊

ရှေးယခင်က သီရိလင်္ကာတွင် မြန်မာကျောင်တိုက်ကြီး (၆)တိုက်မျှရှိခဲ့သည်၊၊ ဆရာတော်ကြီးတို့ကဲ့သို့ စိတ်ရှည်၊ဇွဲသန်၊ သည်းညည်းခံ၊သတ္တိရှိရှိဖြင့် စောင့်ရှောက်ထိမ်းသိမ်းသူမရှိသဖြင့် ကျောင်းတိုက်ကြီး
(၃)တိုက်မှာ သီရိလင်္ကာဘုန်းတော်ကြီးများလက်သို့ရောက်ရှိသွားသည်မှာ မြန်မာသံဃာတော်များအတွက် များစွာနင့်နာ လှသည်၊၊

ယနေ့အထိ နှစ်စဉ်မြန်မာစာသင်သား သံဃာတော်(၁၀၀)ကျော်တို့ မကုဋညောင်ပင်အိုကိုအမှီပြု၍ တက္ကသိုလ် ပညာရပ်များကို သင်ယူနေကြသည်မှာ ဆယ်စုနှစ်များစွာပင် ကြာခဲ့ပြီဖြစ်သည်၊၊ ညောင်ပင်အိုသည်ကား အခက်အလက်ဝေဆာစွာဖြင့် အသစ်အသစ်ရောက်ရှိလာမည့် မြန်မာ့စာသင်ပျိုနု စာသင်သားများကို မျှော်လင့်ခြင်းနှင့်အတူ၊ ညောင်ပင်အိုကိုကျောခိုင်း၊ လာရာလမ်းကိုပြန်လည် သွားကြပြီဖြစ်သည့် မြန်မာ့သားကြီးရဟန်းတော်များကို လွမ်းမောလျက်ရှိမည်မှာ မလွဲပါချေ၊၊

ဤမျှ မြန်မာအဆင့်မြင့် စာသင်သားသံဃာတော်များအပေါ်တွင် ကျေးဇူးများသည့် မကုဋာရာမမြန် မကျောင်းတိုက်ကြီးကို စစ်အတွင်းအသက်ဘေးကို ငဲ့ကွက်ခြင်းမရှိဘဲ၊ သီရိလင်္ကာမြေပေါ်တွင် မြန်မာကျောင်း တိုက် မပျောက်ကွယ်ရေးကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်တော်မူခဲ့သော ကျေးဇူးတော်ရှင် ၀ိဟာရာဓိပတိ ဆရာတော်ဘဒ္ဒန္တ သိဂ္ဂ၀မဟာထေရ်၏ အတ္တုပ္ပတ္တိနှင့်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်၊ ခံယူရရှိခဲ့ပုံကို “အလင်းစက်”စာဖတ်သူသို့ တင်ပြလိုက်ပါသည်၊၊

ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ခမည်းတော် ဦးရွှေအပ်+မယ်တော် ဒေါ်ယောတို့မှ (၁၂၇၁)ခုနှစ်၊ နယုန်လဆုပ် (၂)ရက်၊ သောကြာနေ့တွင်ဖွားမြင်သော သားရတနာဖြစ်သည်။

ဆရာတော်လောင်းလျာသည် မြောင်မြို့၊ ဒန်းကျောင်းဆရာတော် ဦးဥာဏကိုဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိပါသည်။

(၁၂၉၀)ပြည့်နှစ်၊ နယုန်လဆန်း(၁၂)နေ့တွင် ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်းတိုက်၊ ဓမ္မိကာရုံ ဆရာတော် ဦးရေ၀တကို ဥပဇ္ဈာယ်ပြု၍၊ ရန်ကုန်မြို့၊ လွစ္စလမ်း၊ ဒေါ်ရင်၊ ဒေါ်ဥတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ဆရာတော်သည် မန္တလေးမြို့၊ စကုတိုက်၊ မစိုးရိမ်တိုက်၊ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်း တိုက်တို့မှ ပရိယတ္တိစာပေများကိုသင်ယူခဲ့ပြီး၊ စကုတိုက်၊ တောင်ပြုံးကျောင်းဆရာတော်ဦးစန္ဒိမာ၊ မစိုးရိမ်တိုက် ဦးပညာ၊ သိမ်ကုန်ကျောင်းတိုက် စာချဆရာတော်ဦးဝရသမ္ဗောဓိ၊ ဦးတိက္ခ၊ ဦးအာသဘတို့ထံမှ ပရိယတ္တိစာပေများကို သင်ကြား၊ တတ်မြောက်ခဲ့ပါသည်။

ဆရာတော်သည် (၁၂၉၄)ခုနှစ်တွင် အစိုးရပထမလတ်တန်းကို အောင်မြင်တော်မူပြီးနောက် ကျမ်းကြီးပေါက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို သင်ကြား၊ ဆည်းပူးတော်မူပါသည်။ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတို့၌ ရှင်ငယ်၊ ရဟန်းငယ်များအား ပိဋကတ်အခြေ ခံကျမ်းစာများကို သင်ကြားပို့ချပေးတော်မူခဲ့ပါသည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ပြီး၊ သီရိလင်္ကာနိုင်ငံတွင် သီဟိုဠ်ဘာသာဖြင့်ထုတ်ဝေသော ဝေဆခ်မဂ္ဂဇင်းတွင်လည်း ဘာသာရေးဆောင်းပါးများ ရေးသားတော်မူလျှက် ရှိပါသည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်ကို တည်ထောင်တော်မူခဲ့သော ဆရာတော်ဦးဝိနယာလင်္ကာရ၏ လက်ထောက်အဖြစ်လည်းကောင်း၊ ဆရာတော်ကြီးမရှိသည့်နောက်ပိုင်းတွင် ကိုလံဘိုမြို့-မကုဋာရာမကျောင်း၊ ကန္ဒီမြို့-မြန်မာကျောင်း၊ အနုရာဓပူရမြို့-မြန်မာကျောင်းတို့၌ နာယကဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

သီရိလင်္ကာနိုင်ငံ၊ မြို့နယ်အသီးသီးသို့ကြွရောက်၍ သီဟိုဠ်ဘာသာ၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် တရားဟောပြတော်မူလျှက် ရှိပါသည်။ သီရိလင်္ကာ နိုင်ငံ၏ သာသနာရေးကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်တော်မူခဲ့ပါသည်။ အမရပူရနိကာယ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော စူဠဂဏ္ဍိဂိုဏ်း၏ ၀ိနည်းဓိုရ် ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

ဆရာတော်၏ သီလ-သမာဓိ-ပညာ-ခမာ-ဇာဂရိယစသောဂုဏ်တို့ကြောင့် သီရိလင်္ကာနိုင်ငံရှိ မြန်မာသံဃာ တော်များ ဒါယကာဒါယိကာမများ၏ နာယကဆရာတော်ကြီးအဖြစ် ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူ သည့်အပြင် အမရပူရနိကာယ၏ဂိုဏ်းခွဲဖြစ်သော စူဠဂဏ္ဍိဂိုဏ်းမှ “၀ိနယဓရဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်”ကို ခံယူရရှိတော်မူပါသည်။

ဤသို့လျှင် သာသနာတော်အကျိုးကို သည်ပိုးဆောင်ရွက်တော်မူသော ၀ိနယဂရုက၊ လဇ္ဖီပေသလ၊ သိက္ခာကာမစသောဂုဏ်တို့နှင့် ကုံလုံပြည့်ဝတော်မူသည့်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် (၁၃၅၂)ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆက်ကပ်၊ လှူဒါန်းအပ်သော “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်မြတ်ကို အလှူခံရရှိတော်မူပါသည်။

ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်များကိန်းဝပ်ရာ မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး၏ ညောင်ညိုရိပ်တွင် မှေးစက်ခိုနားလျက် ပညာရေးပန်းတိုင်များသို့ အသီးသီးလှမ်းလက်ကို ဆန့်တန်းနိုင်သည့် သာသနာ့အာဇာနည်များဖြစ်ကြစေကြောင်းဆုရည်မွန်လျက် ဆရာတော်ကြီးဦးသိဂ္ဂ၀၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိပုံစာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊

(မှတ်ချက်/ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများမှတ်တမ်း၊ (ပြည်ထောင်စု မြန်မာနိုင်ငံတော်)စာအုပ်ကိုမှီငြမ်းပြု၍ ဤစာတမ်းကို ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါဆရာတော်ကြီး၏ အတ္တုပ္ပတ္တိနှင့် ဘွဲ့တံဆိပ်တော်ရရှိပုံကိုလည်း မကြာခင်တင်ပြပါမည်၊၊ )

မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ဒေမတဂေါဓလမ်း၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

Saturday, July 23, 2011

လူသားနှင့် ဟိတ် ၊၊ ၊၊




ဗုဒ္ဓ“အဘိဓမ္မာ”သည် သဘာဝတောတောင်၊ ရေမြေ၊ မိုးကောင်းကင်နှင့်၊ လူသားတစ်ဦးခြင်း၏ ကိုယ်ကာယ ဖွဲ့စည်းပုံ၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်း တည်ဆောက်ထားပုံများကိုပြဆိုသည့် ပိဋကတ်ဖြစ်ပါသည်၊၊

ဗုဒ္ဓအဘိဓမ္မာတွင် ဟေတု=ဟိတ် (၆)မျိုးရှိကြောင်း လေ့လာရပါသည်၊၊
(၁) လောဘဟိတ်၊
(၂) ဒေါသဟိတ်၊
(၃) မောဟဟိတ်၊
(၄) အလောဘဟိတ်၊
(၅) အဒေါသဟိတ်၊
(၆) အမောဟဟိတ်တို့ ဖြစ်ပါသည်၊၊

ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် “ဟေတု ပစ္စယော”ဆိုသည်မှာ အထက်ပါဟိတ်ခြောက်မျိုးကို ဆိုလိုပါသည်၊၊ လူသား၏ဘ၀ကို ဟိတ်ခြောက်မျိုးတို့က ပုံဖော်သည်ကို “ဟေတုပစ္စယော”ဟူ၍ မှတ်ယူရမည် ဖြစ်ပါသည်၊၊

“ဟေတု”ဟူသော ပါဠိဝေါဟာရစကားလုံးကို မြန်မာလို ဘာသာပြန်ရန်ခက်ခဲသောကြောင့် ရှေးမြန်မာ ပညာရှိတို့က ပါဠိစကားလုံးကိုပင် အသွင်ပြောင်း၍ “ဟိတ်”ဟူ၍သုံးနှုံးခဲ့ကြပါသည်၊၊

မြန်မာစကားတွင် လူတစ်ယောက်ကို “ဒီလူဟိတ်ကြီးသည်၊ ဟန်ကြီးသည်၊ ယ္ခုခေတ်- ပဲများသည်”ဟု ပြောဆိုနေကြသည်မှာ "ဟေတု"ဟူသော ပါဠိစကားလုံးကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေကြခြင်း ဖြစ်ပါသည်၊၊

“ဟေတု”ဟူသော မူလပါဠိစကားလုံး၏ အနက်အဓိပ္ပါယ်မှာ “အကြောင်း”ဟူ၍ အနက်ကောက်ရမည် ဖြစ်ပါသည်၊၊ အကျိုးတစ်စုံတရာဖြစ်ပေါ်စေရန်ပြုပေးသည့် အကြောင်းအထောက်အပံ့ကို “ဟေတု”ဟူ၍ ခေါ်ဆိုရပါသည်၊၊ အကျိုးဆိုရာတွင် ကောင်းကျိုးများအားလုံးနှင့်၊ ဆိုးကျိုးများအားလုံးတို့ ပါဝင်ပါသည်၊၊

လူသား၏ပင်ကိုယ်သဘာဝသည် လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်အခြေခံကြီးလေ့ရှိကြောင်း စာပေကျန်းဂန်အသီးသီးတွင် ဖော်ပြပါရှိသည်၊၊

"လောဘဟိတ်" ကြီးခြင်းတွင်အခြေတည်၍ လူသားသည်ရနိုင်သမျှနှင့်၊ မရနိုင်သမျှကိုပါ လိုချင်သည်၊၊ "ဒေါသဟိတ်" ကြီးသဖြင့် တိုက်ခိုက်ဖြက်ဆီး၊ ရန်ပြုလိုသည်၊၊ "မောဟဟိတ်" ကြီးသဖြင့် တကယ့်သဘာဝတရားတို့၏ အစစ်အမှန်သဘောကို မသိနိုင်ဖြစ်ရသည်၊၊ (ပညာမတတ်ဖြစ်ရသည်၊၊)

ဆန့်ကျင်ဘက်စွမ်းအားစုအနေဖြင့် လောဘဟိတ်ကိုဖိနှိပ်နိုင်သောအခါ “အလောဘဟိတ်” ဖြစ်ပေါ် လာရသည်၊၊ ဒေါသဟိတ်ကိုဖိနှိပ်နိုင်သောအခါ“အဒေါသဟိတ်”ဟူ၍ ဖြစ်ပေါ်လာရသည်၊၊ မောဟဟိတ်ကို ဖိနှိပ်နိုင်သောအခါ “အမောဟဟိတ်”ဟူ၍ဖြစ်ပေါ်လာရ ပါသည်၊၊

“အလောဘဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ တစ်ပါးသူကို ကူညီလိုစိတ်များ၊ စောင့်ရှောက်လိုစိတ်များ၊ အလှူပေးလိုစိတ်များပေါ်ထွက်လာရသည်၊၊

“အဒေါသဟိတ်”လူသား၏နှလုံးသားတွင် ဖြစ်ပေါ်လာသောအခါ လူတိုင်းအပေါ်တွင် လေးစားလာသည်၊ မြတ်နိုးလာသည်၊ တန်ဖိုးထားလာသည်၊ ချစ်ခင်လာရပါသည်၊၊

“အမောဟဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ လောကနှင့်၊ ဘ၀တွင်ဖြစ်ပေါ်နေသော၊ ရွေ့ရှားနေသော သဘာဝတရားတို့၏ အသေးစိတ်သဘာဝကို သိလာရသည်၊၊ သဘာဝကို အမှန်တိုင်းမြင်လာသောအခါ ပညာဟူ၍ဖြစ်လာရပါသည်၊၊

အထက်တွင်ဆွေးနွေးခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မာမှ ဟိတ်ခြောက်မျိုး ဖြစ်ပါသည်၊၊ ဟိတ်ခြောက်မျိုးတွင် လိုလားဖွယ်ဟိတ်သုံးမျိုးနှင့်၊ မလိုလားအပ်ဖွယ်ဟိတ်သုံးမျိုးပေါင်းစပ်ထားသည်ကို သတိပြုမိမည်ဖြစ်ပါသည်၊၊

လူတစ်ဦးတစ်ယောက်တွင် “လောဘဟိတ်”တစ်ခုဖြစ်ပေါ်သည်နှင့် ဒေါသဟိတ်နှင့် မောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊ “အလောဘဟိတ်”ဖြစ်ပေါ်သည်နှင့် အဒေါသဟိတ်နှင့် အမောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊

ဟိတ်ခြောက်မျိုးကို အနှစ်ချုပ်ကောက်ချက်ချသော် လောဘဟိတ်သည် လူသားနှင့်ကမ္ဘာလောကကို အရုပ်ဆိုး၊ အကြည်းတန်စေတတ်သည့် ဟိတ်ဖြစ်ပြီး၊ အလောဘဟိတ်သည် လူသားနှင့် ကမ္ဘာလောကကို သာယာလှပစေသော ဟိတ်ဖြစ်သည်ဟု ဆိုလိုပါသည်၊၊

လူသားတို့နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရသော ဘ၀ပြဿနာ၊ ကမ္ဘာ့ပြဿများကို မည်သူမည်ဝါကစသည်ဟု ပုဂ္ဂိုလ်တစ်ဦးခြင်း လက်ညှိုးထိုးနေလျင်လုံးဝမှားယွင်းသည့် စွပ်စွဲချက်ဖြစ်ပါသည်၊၊ အမှန်မှာ ပုဂ္ဂိုလ်တို့၏ နှလုံးသားတွင်တည်ရှိနေသော အဆိုးဟိတ်၏ မှားယွင်းနေမှုကြောင့်သာ ဖြစ်ရပါသည်၊၊

ထိုအဆိုးဟိတ်ကိုသာ အကောင်းဟိတ်အဖြစ်သို့ ပြုပြင်ရယူနိုင်လျင် လူသားတို့၏ဘ၀သာယာမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည်မှာ စစ်တိုက်၍ယူနေစရာမလိုသော အဓိကသော့ချက်ဖြစ်ပါသည်၊၊ ဤသည်မှာ ဗုဒ္ဓအဘိဓမ္မာ၏ လူသားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်ကြား၊ ညွန်ကြားချက်ဖြစ်ပါသည်၊၊

အလောဘကို “ဒါနဟိတ်”ဟူ၍ ခေါ်ရပါသည်၊၊ အဒေါသဟိတ်ကို “မေတ္တာဟိတ်”ဟူ၍ သုံးနှုံးပါသည်၊ အမောဟဟိတ်ကို “ပညာဟိတ်”ဟူ၍ ခေါ်ဆိုပါသည်၊၊ လူတွင် ဟိတ်ခြောက်မျိုးလည်ပတ် ဖြစ်ပေါ်နေပြီး၊ ဟိတ်ခြောက်မျိုး၏အားသန်ရာကို လူသည်လိုက်ပါပြုလုပ်၊ ဆောင်ရွက်ရသည်ဟု ဗုဒ္ဓအဘိဓမ္မာမှ သင်ပြထားပါသည်၊၊

ဟိတ်တို့၏သဘောတရားကို ကောင်းစွာသုံးသပ်ဆင်ခြင်ကြည့်လျင် လောကတွင်ဖြစ်ပေါ်နေသော အရာအားလုံး၏ အခြေခံမူလကိုကောင်းစွာ သိရှိသဘောကျလာမည် ဖြစ်ပါသည်၊၊ ကောင်းကျိုးများ ဖြစ်ပေါ်လာလျင်ဖြစ်စေ၊ ဆိုးကျိုးများဖြစ်ပေါ်လာသည်ဖြစ်စေ၊ အခြေခံအကြောင်းတရားကိုသိရှိလျင် ကောင်းကျိုးကို ကောင်းသည်ထက်ကောင်းစေရန်၊ ဆိုးကျိုးကို ရပ်တန့်သွားစေရန် လူသားအနေဖြင့် အားထုတ်နိုင်မည်ဖြစ်သည်၊၊

လူတို့၏နေ့စဉ်ဘ၀တွင် ဖော်ပြပြီးဟိတ်တို့၏သဘောများနှင့် ထိုဟိတ်တို့၏အားကြီးမှု၊ အားသန်ရာ အပေါ်တွင်အခြေတည်၍ “လောဘကြီးသူများ၊ ဒေါသကြီးသူများ၊ တွေဝေသူများနှင့်၊ ရက်ရောပေးကမ်း၊ ကူညီလှူဒါန်းတတ်သူများ၊ မေတ္တာအားကြီးသူများ၊ ပညာတော်သူများ”ဟူ၍ လူသားခြင်းကွဲပြား၊ ခြားနားနေကြခြင်းကို အဘိဓမ္မာရှုဒေါင့်မှ လေ့လာရရှိနိုင်ပါသည်၊၊

ဤသို့ ဗုဒ္ဓအဘိဓမ္မာကို သဘောပေါက်နားလည်လျင် လူသားတို့တစ်ဦးနှင့်တစ်ဦး အဆင့်အတန်း၊ စိတ် နေသဘောထားများ အဘယ့်ကြောင့်ကွာဟကြသည်ကို လက်ခံသဘောပေါက်လာမည် ဖြစ်သည်၊၊ “အခြေခံဟိတ်မတူ၍ အဆင့်တို့မတူကြခြင်း ဖြစ်သည်၊၊”

ဒါနဟိတ် လူသား၏သန္တာန်တွင် အားကြီးဖြစ်ပေါ်လာသောအခါ အရာရာကိုအကောင်းမြင်လာသည်၊ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွင် ကူညီလိုစိတ်၊ ရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာသည်၊ ဘာသာတရား အတွက် အလှူအတန်းပြုလိုစိတ်များ ဖြစ်ပေါ်လာရပါသည်၊၊

ဒါနဟိတ်ကိုပင် မိမိ၏သန္တာန်တွင် အစဉ်တည်အောင် ကြိုးစားရယူနိုင်လျင် မေတ္တာဟိတ်နှင့် ပညာဟိတ်များပါ အားကြီးလာပြီး၊ ဘ၀တွင်လိုအပ်သည့် အကျိုးအမျိုးမျိုးကို အလွယ်တကူ စိတ်စွမ်းအား နှင့်ပင် ရယူနိုင်လာပါသည်၊၊ ဤသဘောတရားကို အင်္ဂလိပ်စာပေတွင် “A strong mind can move the mountain”.ဟူ၍လည်း ကောင်း၊ မြန်မာစာပေတွင် “လက်ညှိုးညွှန်ရာ ရေဖြစ်သည်”ဟူ၍လည်းကောင်း၊ ဆိုထားကြပါသည်၊၊

သန်မာသည့်စိတ်ဓာတ်ဆိုသည်မှာ ဒါနဟိတ်ဦးဆောင်သည့် စိတ်ဓာတ်အရင်းအမြစ်များကို ခေါ်ဆိုပါသည်၊၊
“အရင်းစစ်သော် အမြစ်မြေက”ဟု ဆိုသည့်အတိုင်း ဘ၀အဆက်ဆက် ချမ်းသာ၊ ကြီးပွားသူများ၊ ရုပ်ရေ အဆင်းလှပ၊ ချောမောသူများ၊ ပညာတော်သူများ၊ မိမိကိုယ်တိုင်က ချစ်တတ်၍၊ အများ၏ချစ်ခြင်းကို ခံရသူများအားလုံးတို့သည် ဒါနဟိတ်အားကောင်းခဲ့သူများဖြစ်ကြောင်း ဗုဒ္ဓအဘိဓမ္မာက ညွန်ပြနေပါသည်၊၊

သက်သေသာဓကအနေအားဖြင့် “ဗုဒ္ဓရှင်တော်လက်ထက်က ဇနီးသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ခင်ပွန်းသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာသော ကုဋေကြွယ်သူဌေးကြီးတစ်ဦး ရှိခဲ့ပါသည်၊၊

ငွေကြေးချမ်းသာသည့် သူဌေးဖြစ်ရသော်လည်း နေ့စဉ်ထမင်းအဖြစ် ပုန်းရည်ဟင်းနှင့်၊ ဆန်ကွဲထမင်း တို့ကိုသာစားသုံးခဲ့ပါသည်၊၊ အချိုပွဲမုန့်အဖြစ် ဆန်ကွဲကို ကိုယ်တိုင်ငရုပ်ဆုံတွင်ထုထောင်း၍ အိုးအပူ တွင်ကပ်ကင်၍ စားသုံးလေ့ရှိပါသည်၊၊

သားသမီးဟူ၍မထွန်းကားဘဲ ဇနီးမောင်နှံနှစ်ဦးတည်းသာ ဘ၀တစ်သက်တာနေထိုင်သွားပြီး၊ ကွယ်လွန်
ကြသောအခါ သားသမီးအမွေခံမရှိသဖြင့် သူတို့၏ကြွယ်ဝမှုအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားခဲ့ပါသည်၊၊”

အထက်ပါဇာတ်လမ်းကို သုံးသပ်သောအခါ ကုဋေတစ်ရာ့ခြောက်ဆယ် ဇနီးမောင်နှံတို့သည် ဒါနဟိတ် နည်းခဲ့၍ မိမိပိုင်ဆိုင်မှုကိုမျှ စံစားခွင့်ရမသွားကြရသည်ကို တွေ့မြင်ရသည်၊၊ သားသမီးအမွေခံ ကင်းဆိပ်ခြင်း၊ မိတ်ဆွေနည်းပါးခြင်းများမှာလည်း ဒါနဟိတ်နည်းခဲ့ခြင်းကြောင့်ပင် ဖြစ်ရသည်၊၊

မိမိကိုယ်ကိုမျှ မချစ်တတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို စေတနာမထားတတ်၊ မကူညီတတ်၊ လှူတန်းလို သည့်စေတနာ ခေါင်းပါးခြင်းများမှာလည်း မေတ္တာဟိတ်မရှိခဲ့ခြင်းကြောင့် ဖြစ်ရပါသည်၊၊ ဘ၀နှင့်သံသရာကို နားမလည်တတ်၊ သဘောမပေါက်တတ်ခြင်းများမှာ ပညာဟိတ်နည်းပါးခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း သုံးသပ်ရသည်၊၊

မင်္ဂလသုတ်တွင် ဒါနဟိတ်နှင့်ဆက်စပ်၍ ဟောပြောချက်မှာ လွန်စွာမှတ်သားထိုက်ပါသည်၊၊ “ဒါနသည် အမြတ်ဆုံးမင်္ဂလာ ဖြစ်သည်၊၊ (ဒါနဉ္စ ဧတံ မင်္ဂလ မုတ္တမံ၊၊)” လူသားတို့ဆင်နွှဲနေသမျှ မင်္ဂလာများတွင် ဒါနမင်္ဂလာသည် အကောင်းဆုံး၊ အသာဆုံး၊ အမြင့်မြတ်ဆုံးမင်္ဂလာဖြစ်သည်ဟု ဆိုလိုပါသည်၊၊

အဘယ့်ကြောင့် ဒါနသည်အမြတ်ဆုံးမင်္ဂလာ ဖြစ်လာရသနည်းဟု သုံးသပ်သောအခါ ပေးသူတို့၏ စိတ်ဓာတ်သည် မေတ္တာနှင့် ပညာနှစ်မျိုးတွင် အခြေတည်နေသောကြောင့် ဖြစ်ရပါသည်၊၊ ဘ၀တွင်လည်း “ဒါန၊ မေတ္တာနှင့်၊ ပညာ”တို့သာဦးဆောင်နေက မပြီးသောအကျိုးနှင့်၊ မအောင်မြင်နိုင်သော အခက်အခဲဟူ၍ မရှိနိုင်တော့သောကြောင့်လည်း “ဒါနကို အကောင်းဆုံး မင်္ဂလာ”ဟု ဆိုလိုဟန်ရှိပါသည်၊၊

ဤနေရာတွင် ဒါနဟူသည်ကို ဘာသာတရားအတွက် အလှူပေးရုံတွင်မရပ်တန့်ဘဲ ပရဟိတသဘော ဆောင်သည့် အကျိုးပြုလုပ်ရပ်များကိုလည်း ဒါနဟုမှတ်သားသင့်ပါသည်၊၊

အလင်းစက် စာဖတ်သူများသို့ အရှင် ကြိုးစားပြီး၊ အဘိဓမ္မာသဘောဟိတ်များအကြောင်းနှင့် ဟိတ်တို့ ၏လူ့ဘ၀အတွက်အရေးပါပုံကို တင်ပြလိုက်ရပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိတွင် မည်သည့်ဟိတ် အားသာသည်ဆိုသည်ကို စနစ်တကျဆန်းစစ်ရမည် ဖြစ်ပါသည်၊၊

မိမိ၏လက်ရှိဘ၀ သာယာမှု၊ မသာမှုနှင့်၊ ဘ၀အောင်မြင်မှု၊ ကျရှုံးမှုတို့သည် ဖော်ပြခဲ့ပြီးဟိတ်များအပေါ်တွင် များစွာတည်မှီနေသည့်အတွက် စာဖတ်သူအနေဖြင့် ဟိတ်ကောင်းများ မိမိတွင်ဖြစ်ပေါ်လာအောင် ကြိုးစားကြရမည်ဖြစ်သည်၊၊ အဆိုးဟိတ်များမိမိရင်ထဲတွင် များစွာကိန်းအောင်းနေပါကလည်း လျင်မြန်စွာဖိနှိပ်ရပါမည်၊၊

စာဖတ်သူများ ဟိတ်ဟန်ကောင်းသဖြင့် ဘ၀အောင်မြင်သူများ၊ ပျော်ရွှင်သူများဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းပေးလိုက်ပါသည်၊၊

မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံ၊
(၁၁.၀၇.၂၀၁၁)

အပြည့်အစုံသို့....

Friday, July 15, 2011

ဝါဆိုဆွမ်းနှင့် သင်္ကန်းအလှူ၊၊ ၊၊















သာသနာတော်နှစ်-၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၃-ခုနှစ်၊ ၀ါဆိုလပြည့်ဓမ္မစင်္ကြာနေ့တွင် မကုဋာရာမကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးလျက် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာ သင်ယူနေကြသည့် သံဃာတော်အရှင်မြတ် (၂၅၀)ကျော်အား-

ခေတ္တ-စင်္ကာပူနိုင်ငံ စေတနာရှင်များဖြစ်ကြသည့် ကိုဖြိုးအေကျော်+မသင်ဇာဝင်းနှင့် သူငယ်ချင်း မိတ်ဆွေများစုပေါင်း၍ ၀ါဆိုနေ့ဆွမ်း၊ ၀ါဆိုသင်္ကန်းနှင့်၊ ဂက်စ်-ဆွမ်းချက်ပေါင်းအိုးကြီးတို့အား စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသည့်ပုံရိပ်များကို အလင်းစက် စာဖတ်သူများ ကြည်နူးပီတိဖြင့် ကုသိုလ်ရယူနိုင်စေရန် တင်ပြပေးလိုက်ပါသည်၊၊

တတ်အားသမျှ ပါဝင်ကုသိုလ်ယူကြသည့် အလှူရှင်များ- - -

(၁) ကိုဖြိုးအေကျော်+မသင်ဇာဝင်းမိသားစု
(၂) ကိုအောင်ဘိုဝင်းမိသားစု
(၃) မအေးမြတ်ဇော်မိသားစု
(၄) ကိုကျော်မင်းမင်းထိုက်+မစိုးနှင်းဖြူမိသားစု
(၅) မအေးသီတာညို
(၆) ကိုလှကျော်ဝင်း
(၇) ကိုမျိုးမင်းဝင်း
(၈) ကိုမင်းလှတာ+မမိခင်သီနွယ်မိသားစု
(၉) ကိုသူရိန်ဇော်ညွန့်+မအေးချမ်းမိုးမိသားစု
(၁၀) ဦးမျိုးမြင့်အောင်+ဒေါ်တင်တင်စန်းမိသားစု(ဂျမေကာ)
(၁၁) ကိုမင်းမြတ်ဇင်
(၁၂) ဦးထွန်းစိန်မိသားစု
(၁၃) ကိုရဲကျော်+မမြမြမွန်မိသားစု
(၁၄) ကိုညီညီဟန်မိသားစု
(၁၅) ကိုကျော်စွာမိသားစု
(၁၆) ဦးမြအောင်+ဒေါ်တင်ဆိုင်တို့အားအမှူးထား၍ (သား) မင်းမွန်ချမ်းမိသားစု
(၁၇) ကိုပြည်စိုးမိသားစု
(၁၈) ကိုဇွဲဟိန်း+မသက်စုမိသားစု
(၁၉) Sia and family (China)

စေတနာထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြသော ကိုဖြိုးအေကျော်+မသင်ဇာဝင်းနှင့် မိတ်ဆွေ၊သူငယ်ချင်းများ
အလင်းစက်အရှင်မှ သံဃာတော်များ၏ကိုယ်စား ကျေးဇူး တင်ပါသည်၊၊

ကြွရောက်၍ ဆွမ်းဒါနကိုချီးမြှောက်ကြသော သံဃာတော်အရှင်မြတ်များလည်း လိုအပ်သောတက္ကသိုလ်
ပညာများကို အောင်မြင်စွာတတ်မြောက်ပါစေကြောင်း အလှူရှင်များ၏ကိုယ်စား ဆုမွန်ခြွေအပ်ပါသည်၊၊

အပြည့်အစုံသို့....

Friday, July 1, 2011

‘သုဇာတာ’လို မိန်းကလေး၊၊ ၊၊




သည်စာတမ်းကို မေးမြန်းသူများသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်၊၊ “အလင်းစက်”စာဖတ်သူများအထဲမှာ အမျိုးသမီးများစွာလည်း ပါဝင်နေတာမို့ ငါတို့အကြောင်း “အလင်းစက်”က အတင်းတုတ်တော့မည်ထင်သည်ဟု အတွေးဝင်လေမည်လား စိုးရိမ်မိသည်၊၊

ပိဋကတ်သုံးပုံပါဠိစာပေတွင် အမျိုးသမီးများနှင့်ဆက်စပ်၍ နေရာများစွာအထူးပြု ဟောပြောထားသည်ကို လေ့လာရသည်၊ “ထေရီအပါဒါန်ပါဠိတော်ကျမ်းကြီး”တစ်ခုလုံးသည် အမျိုးသမီးများအကြောင်းကိုချည်း ဟောပြောသင်ပြသည့် ကျမ်းကြီးဖြစ်နေရကား ဗုဒ္ဓရှင်တော်သည် အမျိုးသမီးများကိုမည်မျှအလေးပေး၍ နေရာထားခဲ့သည်ကို သိရှိနိုင်သည်၊၊

မဃဒေ၀လင်္ကာကျမ်းပြု မန်လည်ဆရာတော်ဘုရားကြီးသည်လည်း အမျိုးသမီးတို့လိုက်နာကြစေရန် မေတ္တာရှေ့ထားပြီး “မဃဒေ၀လင်္ကာကျမ်း”ကြီးအထဲတွင် အမျိုးသမီးတို့ သတိပြုဆင်ခြင်ဖွယ်ရာများကို မြတ်စွာဘုရားရှင် ဟောပြောသွန်သင်ဆုံးမထားသော ပါဠိတော်များအထဲမှ ပါဠိစာသားများကို လင်္ကာများစီကုံး၍ ကျမ်းကြီး၏အဓိကကျောရိုးသဖွယ် ဆုံးမထားသည်ကို လေ့လာရပါသည်၊၊ အခြားသော ကျမ်းများစွာတွင်လည်း အမျိုးသမီးများအကြောင်းကို များစွာပင်ဟောကြား၊ သင်ပြထားသည်ကို လေ့လာရသည်၊၊

လူသည် ဘ၀တွင်တစ်ဦးတည်း ရပ်တည်ရန်လွယ်ကူသည် မဟုက်သည်ကတစ်ကြောင်း၊ အခြားသော ချစ်ခြင်း တရားနှင့် သံယောဇဉ်နွယ်ကို ခုံမင်ကြသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် “အိမ်ထောင်”ဟူ၍ ပြုကြရသည်၊၊

ချစ်ခြင်းနှင့် သံယောဇဉ်နွယ်ကို တိုး၍ရစ်ပတ်လို၍ဖြစ်စေ၊ တစ်ဦးအကျိုးကို တစ်ဦးကပို၍ဖေးမကူညီ လို၍ဖြစ်စေ၊ ချစ်သူဘ၀မှ အိမ်ထောင်သည်များဘ၀သို့ အဆင့်တိုးမြှင့်လိုက်ကြသော်လည်း တကယ်တမ်း အိမ်ထောင်သည်ဘ၀များသို့ လက်တွေ့မျက်တွေ့ ကျရောက်ကြသောအခါတွင် များစွာသောအဆင်ပြေမှု၊ အဆင်မပြေမှုများစွာကို ရင်ဆိုင်ကြရသည်၊၊

ချစ်သူဘ၀တွင် တစ်ဦးကိုတစ်ဦး ချစ်သောမျက်စိသက်သက်ဖြင့်သာ ကြည့်၍မ၀ဖြစ်ခဲ့သည့်အတွက် အပြစ်တစ်စုံတရာကို မတွေ့မမြင်နိုင်ခဲ့သော်လည်း တကယ်တန်းတစ်အိုးတစ်အိမ်တည်ထောင်၍ လင်နှင့်မယားဟူ၍ ဖြစ်လာသောအခါတွင် တစ်ဦးကိုတစ်ကိုက အလိုကျသည်များ၊ အလိုမကျသည်များကို ရင်ဆိုင်တွေ့ကြုံလာရတော့သည်၊၊

လူနှစ်ယောက်သည် အလုံးစုံတွင်အကျင့်စရိုက်နှင့် ၀ါသနာထပ်တူ၊ ညီတူကျရန်အလွန်ခက်ခဲလှသည်၊ လင်နှင့်မယားတို့သည်လည်း “အရင်းနှီးဆုံး သူစိမ်း”များသာဖြစ်သည့်အလျောက် အကျင့်စရိုက်နှင့် ၀ါသနာများ မတူညီသည့်နေရာများစွာ ရှိနေနိုင်သည်၊၊

ထိုသို့သော မတူညီသည့်အကျင့်စရိုက်နှင့်ဝါသနာများကို ညှိယူနိုင်သောအိမ်ထောင်တစ်ခုသည် သာယာစိုပြေပြီး၊ မိမိဝါသနာနှင့်အကျင့်စရိုက်ကိုသာဦးစားပေးပြီး တခြားသူ၏အမူအကျင့်ကို သဘောမတွေ့နိုင်ပါမူ အောင်မြင်သည့်အိမ်ထောင်မှုကို မတည်ဆောက်နိုင်တော့ချေ၊၊

ဤသို့ဖြင့် များစွာသောအိမ်ထောင်မှုများသည် “ကွာရှင်းပြတ်စဲခြင်း”ဟူသော ခေါင်းစဉ်အောက်သို့ ကျရောက်ရတော့သည်၊၊ ဘ၀အဆက်ဆက်ချခဲ့ကြသည့် မေတ္တာပန္နက်များသည်လည်း ညှိုးနွမ်းခြောက်သွေ့သွားရတော့သည်၊၊

အရှင့်အနေဖြင့် သာယာသည့်မိသားစုဘ၀ကို လူသားတို့တည်ဆောက်နိုင်ကြပြီး၊ ပျော်ရွှင်ဖွယ်မိသား စုများဖြစ်လာကြစေရန်ရည်သန်လျက်၊ အရှင့်ဆိုက်တွင် မေးမြန်းသူများ၏အမေးတို့ကိုလည်း ပုဂ္ဂလိက သဘောဖြင့် မဖြေကြားလိုသည်ကြောင့် ‘သုဇာတာ’လို မိန်းကလေးစာတမ်းကို ရေးသားတင်ပြလိုက်ရပါသည်၊၊

စာဖတ်သူများအနေဖြင့် အရှင်၏တင်ပြချက်များထဲမှ ရှောင်သင့်သည်များ၊ ဆောင်ထားသင့်သည်များကို လေ့လာမှတ်သားပြီး အောင်မြင်သည့် ပျော်ရွှင်ဖွယ်မိသားစုဘ၀ကို တည်ဆောက်နိုင်ကြမည်ဟု အရှင် မျှော်လင့်မိပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “သုဇာတာ”အမည်ရှိအမျိုးသမီးအား ဇနီး(၇)မျိုးရှိကြောင်းကို ဟောပြောသင်ပြခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် အနာထပိဏ်သူဌေးအိမ်သို့ကြွတော်မူချိန် အိမ်အတွင်းတွင် ဆူပူအော်ဟစ်၊ ကျိန်းမောင်း၊
ဆဲဆိုသံများကို ကြားရ၍အကြောင်းကိုမေးသောအခါ အနာထပိဏ်သူဌေးကြီးမှ တပည့်တော်၏ချွေးမ “သုဇာတာ”၏အသံဖြစ်ပါကြောင်း၊ လင်သားနှင့်ယောက္ခမ၊မိဘများကို ရှိသည်ဟုပင်မှတ်ထင်ပုံမရကြောင်းကို လျောက်ထား ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် သုဇာတာအားခေါ်စေလျက် ဇနီး(၇)မျိုးအကြောင်းကို အသေးစိတ်သင်ပြ၊ ညွန်ပြခဲ့ပါသည်၊၊

(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3) အရှင်နှင့်တူသော ဇနီး၊
(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊တို့ ဖြစ်ပါသည်၊၊


(1) အမျက်ဒေါသကြီးမားသော ဇနီးသည်များသည် ခင်ပွန်းသည်ကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ များတွင်ထိခိုက်၊ နာကျင်၊ သေစေတတ်သောကြောင့် “သူသတ်နှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(2) မိသားစု၏စီးပွားဥစ္စာကို လွဲမှားသောနည်းဖြင့် အသုံးပြုလေ့ရှိသောဇနီးများသည် “ခိုးသူနှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(3) ခင်ပွန်းသည်ကို အရာရာတွင်ဦးဆောင်လေ့ရှိပြီး၊ ခင်ပွန်းသည်ကို ကျွန်ကိုကဲ့သို့စေခိုင်းတတ်သော ဇနီးသည်များသည် “အရှင်နှင့်တူသော ဇနီး”ဟု ခေါ်ဆိုရပါသည်၊၊

(4) ခင်ပွန်းသည်အပေါ်တွင် မေတ္တာအားကြီးပြီး၊ မိခင်များကဲ့သို့ဆက်ဆံသော ဇနီးသည်များသည် “အမိနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(5) ခင်ပွန်းသည်ကို အစ်ကိုကြီးတစ်ဦးကဲ့သို့သဘောထားပြီး၊ ရိုသေလေးစားလျက်၊ အစစအရာရာတွင်
အားကိုး၊ အားထားလေ့ရှိသော ဇနီးသည်များသည် “နှမနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(6) ခင်ပွန်းသည်နှင့်အတူ “မောင်တစ်ထမ်း၊ မယ်တစ်ရွက်”စီးပွားအတူပြုလုပ်တတ်ပြီး၊ ကူညီရိုင်းပင်းတတ် သောဇနီးသည်များသည် “မိတ်ဆွေနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(7) ခင်ပွန်းသည်ကို “သားကို သခင်၊ လင်ကို ဘုရား”သဘောထား၍ လေးစားတတ်သောဇနီးသည်များသည် “ကျွန်နှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊


အထက်တွင်ဆွေးနွေးတင်ပြခဲ့သည်များမှာ ဗုဒ္ဓရှင်တော်ကိုယ်တိုင် ညွန်ပြထားသည့်ဇနီးသည်များအကြောင်း ဖြစ်ပါသည်၊၊ ထိုဇနီး(၇)မျိုးတွင်-

“(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3)အရှင်နှင့်တူသော ဇနီး”
သုံးမျိုးတို့သည် သေလွန်သည့်အခါတွင် အပါယ်ငရဲသို့ကျရောက်တတ်ရုံမျှမက၊ မျက်မှောက်ဘ၀တွင်လည်း ချမ်းသာမှုကိုမခံစားရဟု သုဇာတာအမျိုးသမီးအား ဗုဒ္ဓရှင်တော်က ဟောပြောပါသည်၊၊

ပို၍သတိပြုသင့်သည်မှာ ဤဇနီးသုံးမျိုးတို့သည် သံသရာတွင်ကျင်လည်ရသောဘ၀များတွင်လည်း အမသတ္တ၀ါများချည်းသာဖြစ်ရသည်ဟု အဓိပ္ပါယ်ယူ၍ရနိုင်သည့် ဗုဒ္ဓရှင်တော်၏ဟောပြော၊ သတိပေး ချက်ဖြစ်ပါသည်၊၊

“(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊”
လေးမျိုးတို့သည် သေလွန်သည့်အခါ အဆင့်မြင့်ဘ၀များသို့လားရောက်ရတတ်ပြီး၊ မျက်မှောက်ဘ၀တွင်လည်း အိမ်ထောင်မှုချမ်းသာကို ခံစားရသည်ဟု ဗုဒ္ဓရှင်တော်က မိန့်တော်မူပါသည်၊၊

ဤလေးမျိုးသော သဘာဝအမူအကျင့်ရှိကြသည့်ဇနီးတို့သည် ဘ၀သံသရာတွင်ကျင်လည်ရသည့် အခါတွင်လည်း အဖိုသတ္တ၀ါအဖြစ်/အမျိုးသားအဖြစ် ဘ၀များကိုရရှိဆုတောင်းနိုင်သည်ဟု မိန့်တော်မူ ထားပါသည်၊၊

ဗုဒ္ဓရှင်တော်သည် ဇနီးခုနှစ်မျိုးကို အသေးစိတ်ရှင်းလင်းဟောပြောပြီးသောအခါ သုဇာတာအမျိုးသမီးအား “သင်သည် ညွှန်ပြပြီးသော ဇနီးခုနှစ်မျိုးတွင် မည်သည့်အမျိုးအစားတွင် ပါဝင်မည်နည်း”ဟု မေးမြန်းသောအခါ သုဇာတာအမျိုးသမီးမှ “ဘုရားတပည့်တော်သည် ယနေ့မှအစပြုပြီး၊ ကျွန်ကဲ့သို့သော ဇနီးဖြစ်ပါတော့မည်ဟု လျောက်ထားခဲ့ပါသည်၊၊”

မှန်သည်၊ အမျိုးသမီးနှင့်အမျိုးသားတို့သည် မည်မျှတူညီအောင်ညှိကြသော်လည်း သဘာဝအားဖြင့်ပင် တူညီသည်မဟုက်ကြ၊ ထို့ကြောင့် ခင်ပွန်းသည်နှင့်ဇနီးသည်ဟု ဖြစ်လာသောအခါတွင် မိမိခင်ပွန်းသည်ကို တလေးတစားဆက်ဆံသင့်သည်မှာ မြတ်စွာဘုရားရှင်၏အဆုံးအမဖြစ်ပါသည်၊၊

သို့သော်နေရာတိုင်းနှင့် အခြေအနေတိုင်းတွင် “ခြွင်းချက်”များ အသီးသီးရှိနေတတ်သည့်သဘာဝရ
ဇနီးသည်များအနေဖြင့် “လင်ကို ဘုရား”သဘောထား၍ ဆက်ဆံရန်မဖြစ်နိုင်သော အခြေအနေများလည်း ရှိနေတတ်ပါသေးသည်၊၊

ဤသည်မှာ ကံကြမ္မာမျက်နှသာ မပေးခြင်းမျှဖြစ်၍ ပြုပြင်ရန်လွန်စွာခက်ခဲလှသည်၊၊ ထို့ကြောင့်ပင် မြန်မာဆိုရိုးစကားတွင် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုပ်ထိုး၊ ဤသုံးမျိုးအစ မပိုင်လျင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး၊”ဟု ဆိုထားခြင်းဖြစ်ပါသည်၊၊

ပြင်ဆင်ပြောင်းလဲရန်ခက်ခဲသည့်အရာကို ဖန်တီးတည်ဆောက်ထားမိသူများအနေဖြင့် အကောင်းဆုံးလိုချင် နှစ်သက်သည့်အခြေအနေနှင့် ပုံစံကိုမရရှိခဲ့လျင် ရရှိလာသည့်အခြေအနေနှင့်ပုံစံကို အကောင်းဆုံးအခြေ အနေဖြစ်ပေါ်လာအောင် ကြိုးစားခွင့်ရှိသည်ကို မမေ့သင့်ပါချေ၊၊

ထိုသို့မဟုက်မူဘဲ “ပေါက်တဲ့နှဖူး မထူးပါဘူး”ဟု စိတ်ကိုပြုပြင်မယူတတ်လျင် ဘ၀သည် အဆိုးဘက်သို့သာဦးတည်တော့မည် အသေအခြာဖြစ်ပါသည်၊၊ မည်မျှဆိုးဝါးသည့်အခြေအနေဖြစ်စေကာမူ
အကောင်းသို့ပြုပြင်၍ လုံးဝမရတော့သော အခြေအနေဟူသည်မရှိကြောင်း စာပေသာဓကများစွာရှိပါသည်၊၊

ဗုဒ္ဓလက်ထက်တော်က သူဌေးသမီးတစ်ဦးသည် ပညာရေးမပြီးဆုံးခင် နွမ်းပါးသည့်အမျိုးသားတစ် ယောက်အပေါ် သံယောဇဉ်ပိုမိရာမှ၊ ထားမိသည့်သံယောဇဉ်အမျှင်တန်းကို ရှင်ခမ်းမဖြတ်နိုင်တော့၍ ခေါ်ရာနောက်သို့ လိုက်သွားခဲ့သည်၊၊

ဝေးလံသည့်တောအရပ်တွင် သားနှစ်ဦးရသည်၊၊ ခင်ပွန်းသည်မှာ ပိုးထိ၍သေဆုံးသွားသည်၊ သားနှစ် ယောက်မှ တစ်ယောက်သည် ရေတွင်နစ်၍သေဆုံးသည်၊ ကျန်တစ်ယောက်မှာ ငှက်ကြီးတစ်ကောင်မှ သားတစ်ထင်မှတ်၍ သုတ်ချီသွားသဖြင့် သေဆုံးသွားပြန်သည်၊၊ သူဌေးသမီးလေးမှာ မိဘများရှိရာ သို့ပြန်လာခဲ့သည်၊ ဇာတိမြို့သို့ရောက်သောအခါ မိဘများမှာမီးလောင်၍ သေဆုံးသွားကြောင်း သိလိုက် ရသည်၊၊

ဤမျှဆိုးဝါးသောအဖြစ်ကို စာဖတ်သူ မတွေ့ကြုံရသည်မှာ သေခြာပါသည်၊၊ “မှောင်မိုက်ဆုံးအချိန်သည် မိုးလင်းခါနီး ဖြစ်နေတတ်သည်”ကို မမေ့အပ်ပေ၊ သူဌေးသမီးလေးမှာ ခါးသီးသောဘ၀လှိုင်းဒဏ်များ အောက်တွင် နစ်မြုပ်မသွားဘဲ၊ ဗုဒ္ဓသာသနာတော်တွင် ဧတဒတ်ဘွဲ့ထူးရ ရဟန္တာဘိက္ခူနီမကြီး ဖြစ်လာခဲ့ပါသည်၊၊

ဘ၀နာလွန်းသူများသည် အများတကာထက် "အသိ၊ သတိ" သာလာတတ်သည်ကို အခွင့်ထူးအနေဖြင့် သိသင့်သည်၊၊

ဖော်ပြပြီးသည့် သာဓကကိုထောက်ဆခြင်းဖြင့် မည်သည့်အခြေအနေတွင်မဆို ကြိုးစားခွင့်ရှိနေသေး သည်ဆိုသည်မှာ သိသာထင်ရှားသည်၊၊ ပြုပြင်ယူလိုစိတ်ရှိဖို့ရန်ကား ဘုရားပေး၍မရသော မိမိ၏စိတ် ထားအပေါ်တွင် တည်မှီပေတော့မည်၊၊

တင်ပြပြီးသည်များကို အနှစ်ချုပ်ဆွေးနွေးတင်ပြရလျင် ဗုဒ္ဓရှင်တော်ချီးမွှန်းသည့် ဇနီးလေးမျိုးထဲမှ တစ်မျိုးမျိုးဖြစ်အောင် ကြိုးစားသင့်လှပါသည်၊၊ အကယ်၍ တစ်စုံတရာလွဲချော်ခဲ့သော် ပြုပြင်ယူလိုစိတ်ကို စနစ်တကျတည်ဆောက်ပြီး ဘ၀ကိုအကောင်းဆုံးဖြောင့်မတ်၍ ရယူရန်ဖြစ်ပါသည်၊၊

အိမ်ထောင်မှုတွင် အမျိုးသမီးများသည် အဓိကအခန်းကဏ္ဍမှပါဝင်ရသူများဖြစ်၍ သာယာစိုပြေပြီး၊ ချစ်မငြီးသည့် ဇနီးမောင်နှံ၊ မိသားစုဘ၀များဖြင့် လောကကိုတန်ဆာဆင်နိုင်ကြစေရန် “အလင်းစက် အရှင်” ဤစာတမ်းကိုတင်ပြ ဆွေးနွေးအပ်ပါသည်၊၊

“အလင်းစက်”သို့ လာရောက်လေ့လာသူများ အောင်မြင်သည့် မိသားစုဘ၀များဖြင့် ဘ၀နှင့်လောကကို လှပစေသူများ၊ လောကီဘ၀တွင် အကောင်းဆုံးမိသားစုဘ၀ချမ်းသာကို ဆောင်သင့်သည်များကို ဆောင်၊ ရှောင်ရှားသင့်သည်ကိုများကိုရှောင်ရှားပြီး တည်ဆောက်အောင်မြင်ကြပါစေကြောင်း စေတနာဆန္ဒ ပြုလိုက်ရပါသည်၊၊

ချစ်ကြိုးမပြတ်၊
ဆင့်ဆင့်ပတ်၍၊
ကြင်မြတ်လေးကြ၊ စေသတည်း။ ၊၊


(ဘလ္လာတိယပျို့)


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်း၊ သီရိလင်္ကာနိုင်ငံ၊၊
(၂၉.၆.၂၀၁၁)

အပြည့်အစုံသို့....

Sunday, June 26, 2011

University of Kelaniya, Sri Lanka



History

The University of Kelaniya has its origin in the historic Vidyalankara Pirivena, founded in 1875 as a centre of learning for Buddhist monks. It was one of the two great national centres of traditional higher learning, heralding the first phase of the national movement and national resurgence.

With the establishment of modern Universities in Sri Lanka in the 1940s and 1950s, the Vidyalankara Pirivena became the Vidyalankara University in 1959, later the Vidyalankara Campus of the University of Ceylon in 1972 and, ultimately, the University of Kelaniya in 1978.

Today, the University of Kelaniya is one of the major national Universities. It is located just outside the municipal limits of Colombo, in the ancient and historic city of Kelaniya, on the north bank of the Kelani River. It has two major campuses, seven locations, six faculties and four institutions.

The University of Kelaniya has pioneered a number of new developments in Higher Education. It was one of the first Universities to begin teaching science in sinhala, and also the first to restructure the traditional Arts Faculty into three separate Faculties of Humanities, Social Sciences and Commerce and Management. It also has several unique Departments not generally found in the Sri Lankan University system and some Kelaniya innovations have been adopted subsequently by other Universities. These include the Departments of Industrial Management and Microbiology in the Faculty of Science; Departments of Linguistics, Fine Arts, Modern Languages and Hindi in the Faculty of Humanities; and Mass Communication and Library and Information Sciences in the Faculty of Social Sciences.>

In Keeping with its historical root, the University is one of the national centers of excellence in Pali and Buddhist Studies and related fields. It has long established and well-developed Departments of Pali and Buddhist Studies (incorporating chairs in Buddhist Civilization and Buddhist Philosophy), Sanskrit, Linguistics, Philosophy, Sinhala, and Hindi, as well as the Postgraduate Institute of Pali & Buddhist Studies.

Kelaniya also maintains close links with the Buddhist and Pali University of Sri Lanka (whose Vice-Chancellors have often been drawn from University of Kelaniya Faculty). Thus, the University of Kelaniya forms the centre of an academic complex, specializing in modern developments in traditional disciplines. It also retains a close link with its mother institution, the Vidyalankara Pirivena, whose Head is also the Chancellor of the University.

At the same time, the University of Kelaniya has a modern and multi-cultural structure and perspective, with the Faculties of Science, Medicine, Social Sciences and Commerce & Management and a strong base in modern languages, including the teaching of Chinese, English, French, German, Hindi, Japanese, Russian, Tamil, and Modern Linguistics. Presently engaged in extensive restructuring as it enters the 21st century, the University of Kelaniya looks forward to a new phase in its 125-year history of development.

(Note/ From University of Kelaniya's Website)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP