Monday, February 10, 2014

ဝိပါက်တော် (၁၂)ပါး လေ့လာချက်၊၊ ၊၊


မြန်မာလူမျိုးတို့သည် ပါဠိဘာသာစကားမှ ဝေါဟာရပုဒ်များကိုမြန်မာမှုပြု၍ အသုံးပြုလေ့ရှိကြပါသည်၊၊ 

ဝိပါက”ပုဒ်မှ က-အက္ခရာပေါ်တွင်‘အသတ်’ထည့်၍ “၀ိပါက်”ဟု မြန်မာမှုပြုပြီး၊ “တော်”ဆိုသည့် အဆုံးသတ်စကားလုံးထည့်၍ “၀ိပါက်တော်”ဟု မြန်မာဝေါဟာရအသစ်တစ်လုံး မြန်မာစာပေတွင် ပေါ်ထွက်လာသည်ကို ဘာသာဗေဒရှုဒေါင့်မှ လေ့လာရရှိနိုင်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ပြီးမှ ၀ဋ်ကြွေး(၁၂)မျိုးကို ခံစားခဲ့ရပါသည်၊၊ (၁၂)မျိုး- သောဝဋ်ကြွေးများကိုပင် ၀ိပါက်တော်(၁၂)ပါးဟု ခေါ်ခဲ့ကြပါသည်၊၊ 

ပါဠိဝေါဟာရ“၀ိပါက”ပုဒ်သည် မြန်မာအဓိပ္ပါယ်“အကျိုး”ဟု မှတ်သားနိုင်ပါသည်၊၊ မကောင်းသည့် အကျိုး(၁၂)မျိုးတို့ကို မြတ်စွာဘု- ရားရှင်ခံစားခဲ့ရသည်ကို ၀ိပါက်တော်(၁၂)ပါးဟု ဆိုလိုပါသည်၊၊

ဝဋ်ကြွေး(၁၂)မျိုးကို မြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မှီ (၃၅)နှစ်လုံးလုံးမခံစားခဲ့ရဘဲ၊ ဘုရားအဖြစ် သို့ရောက်ပြီးမှ (၁၂)မျိုးစလုံးကိုခံစားရသည်မှာ လေ့လာသင့်သည့်အခြေအနေ ဖြစ်ပါသည်၊၊

(1) ဒုက္ကရစရိယ(၆)နှစ်ကျင့်ရခြင်း ဆင်းရဲခံစားရခြင်း၊
(2) မုဒိန်းမှု၊ လူသတ်မှု စွပ်စွဲခံရခြင်း၊
(3) အသရေဖြက်ခံရခြင်း၊
(4) လေးဖြင့် လုပ်ကြံခံရခြင်း၊
(5) ဆင်ဖြင့် လုပ်ကြံခံရခြင်း၊
(6) ကျောက်တုန်းဖြင့် လုပ်ကြံခံရခြင်း၊
(7) ခွဲစိပ်ခံရခြင်း၊
(8) တိရစ္ဆာန်အစာကို စားရခြင်း၊
(9) ခါးကိုက်သည့်ရောဂါ ခံစားရခြင်း၊
(10)     ဗိုက်အောင့်သည့်ရောဂါ ခံစားရခြင်း၊
(11)      ခေါင်းကိုက်ရောဂါ ခံစားရခြင်း၊
(12)      ၀မ်းလျောရောဂါ ခံစားရခြင်း၊၊

ဝဋ်ကြွေး(၁၂)မျိုးကို အသေးစိတ် လေ့လာသုံးသပ်ကြည့်လျင်-
(1)  မုဒိန်းမှု၊ လူသတ်မှုဖြင့်စွပ်စွဲခံရသည့်ဝဋ်ကြွေး(၂)ခု၊
(2)  လုပ်ကြံခံရသည့်ဝဋ်ကြွေး(၃)ခု၊
(3)  ရောဂါခံစားရသည့်ဝဋ်ကြွေး(၄)ခု၊
(4)  အကျင့်မှားခြင့်ဆင်းရဲခြင်းဝဋ်ကြွေး(၁)ခု၊
(5)  အနေအစားဆင်းရဲခြင်းဝဋ်ကြွေး(၁)ခုနှင့်၊
(6)  ခွဲစိပ်ကုသခံရသည့်ဝဋ်ကြွေး(၁)ခု၊ ဖြစ်ကြောင်းကို တွေ့နိုင်ပါသည်၊၊

ဆေးဘက်ဆိုင်ရာဝဋ်ကြွေးဟုဆိုနိုင်သည့် ၀ဋ်ကြွေး(၅)ခုမှာ လူတိုင်းနီးပါးမျှခံစားရလေ့ ရှိသောကြောင့် ၀ိပါက်တော်တစ်ပါးဟုခေါ်ရန်ပင် ခက်ခဲသယောက်ဖြစ်နေပါသည်၊၊ အစားဆင်းရဲခြင်းမှာလည်း လူတိုင်း ၏ဘ၀တွင် တစ်ကြိမ်တစ်ခါခံစားရလေ့ရှိသည့် သာမန်ဆင်းရဲတစ်မျိုးမျှသာ ဖြစ်ပါသည်၊၊

အသက်ကိုလုပ်ကြံခံရသည့်ဝဋ်ကြွေး(၃)မျိုးနှင့်၊ မုဒိန်းမှု၊ လူသတ်မှုတို့ဖြင့်စွပ်စွဲခံရသည့် ၀ဋ်ကြွေး (၂)မျိုးမှာမူ သိသာထင်ရှားသည့် ၀ဋ်ကြွေးအဆိုးများဟု ဆိုနိုင်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးသည့်တိုင် ဖော်ပြခဲ့သည့်ဝဋ်ကြွေးများကို ခံစားနေရသေးသည်ကို လေ့လာမှတ်သားပြီး၊ သာမန်လူတို့အတွက်မူ မိမိလုပ်ခဲ့ဘူးသမျှ မကောင်းသည့်အကျိုးပေးများကို ဘ၀တစ်ခုခုတွင် ဧကန်မုချခံစားကြရမည်ဖြစ်ကြောင်း သုံးသပ်ဆင်ခြင်သင့်လှပါသည်၊၊

“ဒုက္ကရစရိယ(၆)နှစ် ကျင့်ရခြင်းဆင်းရဲ”
မြတ်စွာဘုရားအလောင်းတော်သည် ကဿပဘုရားရှင်လက်ထက်က ဗေဒင်ပညာကို တစ်ဖက်ကမ်း ခပ်တတ်ကျွမ်းသည့်ပုဏာလူမျိုး “ဇောတိပါလ”လူငယ် ဖြစ်ခဲ့ပါသည်၊၊

ပညာတတ်သည့်အလျောက် မာန်မာနအလွန်ကြီးပြီး၊ ကဿပဘုရားရှင်ကို “ဒီလိုခဲယဉ်းတဲ့ အသိညာဏ်ကို ဒီလိုကတုံး တုံးထားတဲ့ ကိုယ်တော်က ရနိုင်ပါ့မလား”ဟု စကားတစ်ခွန်းပြောခဲ့ပါသည်၊၊

ဖြစ်စဉ်ကိုလေ့လာကြည့်လျင် ဘုရားအလောင်းဖြစ်သည့်တိုင် ဘုရားစင်စစ်ကိုတွေ့နေပါလျက် မယုံကြည်၊ မကြည်ညိုနိုင်သည့်အခြေအနေဖြစ်ပါသည်၊၊ ဖော်ပြခဲ့သည့် စကားကြောင့်ပင်လျင် မြတ်စွာ ဘုရားအလောင်းတော်သည် ကိုယ်တိုင်ဘုရားဖြစ်ရန်ကျင့်သောအခါ အကျင့်မှားကြီးတစ်ခုကို(၆)နှစ် ကြာကျင့်ရသည့်ဆင်းရဲခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာဝင်အတော်များများသည် ဒုက္ကရစရိယ(၆)နှစ်ကျင့်ပြီးအောင်မြင်သဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဟု အသိမှားနေကြပါသည်၊၊ 

မဟုတ်ပါ၊ ဒုက္ကရစရိယအကျင့်သည် “အတ္တကိလမထ”ဟုခေါ်သော ခန္ဓာကိုယ်ကိုနှိပ်စက်ညှင်းပမ်း သောအကျင့်တစ်မျိုးမျှသည့်အတွက် အကျင့်ကောင်းမဟုတ်သကဲ့သို့ ဘုရားအဖြစ်သို့ရောက် တော်မူ သည်မှာလည်း ဒုက္ကရစိယအကျင့်ကြောင့် မဟုတ်ဟု ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

ဘုရားအလောင်းတော်သည် အချိန်ကြာမြင့်စွာ ဒုက္ကစရိယကိုကျင့်ပြီးမှ ဒုက္ကစရိယအကျင့်သည် ဘုရား အဖြစ်သို့ပို့ဆောင်နိုင်သောလမ်းစဉ်မဟုတ်မှန်းသိရှိ၍၊ စွန့်လွှတ်ပြီး မစ္ဇျိမပဋိပါဒဟုခေါ်သော “မဂ္ဂင် (၈)ပါး”အကျင့်ဖြင့်သာလျင် ဘုရားအဖြစ်သို့ရောက်တော်မူရပါသည်၊၊

အခြားအခြားသော ဘုရားရှင်အဆူဆူတို့သည် ဒုက္ကရစရိယအကျင့်ကို ရက်ပိုင်းမျှကျင့်ရသော်လည်း ဂေါတမဗုဒ္ဓဘုရားရှင်မှာမူ လမ်းမှားကြီးတစ်ခုကိုအချိန်(၆)နှစ်ကြာသည်အထိ ဆင်းရဲပမ်းပမ်းစွာကျင့် သုံးရခြင်းမှာဝဋ်ကြွေးတစ်ခု ဖြစ်ပါတော့သည်၊၊ 

“မုဒိန်းမှု၊ လူသတ်မှု၊ အလောင်းဖြောက်ဖြက်မှုဖြင့် စွပ်စွဲခံရသည့်ဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်တွင် နေစဉ်ကဖြစ်ပါသည်၊ ဘာသာခြားခေါင်းဆောင် များသည် ဘုရားရှင်အားကျရှုံးစေလိုသည့်အတွက် အမျိုး(ပရဗိုဇ်မ)တစ်ယောက်နှင့် အများအထင်လွဲအောင်ပြုပြီး၊ ပရဗိုဇ်မကိုသတ်၍ အလောင်းကိုဇေတ၀န်ကျောင်းတိုက်အတွင်းမှ အမှိုက်ပုံထဲတွင်မြှုပ်နှံ ထားကြပါသည်၊၊

ပရဗိုဇ်မတစ်ဦးပျောက်ဆုံးနေကြောင်း ရှင်ဘုရင်အားတိုင်ကြားပြီး ရှာဖွေသောအခါ ဇေတ၀န်ကျောင်း အတွင်းမှတွေ့သဖြင့် မြတ်စွာဘုရားနှင့်တပည့်များမှ ပရဗိုဇ်မကိုမုဒိန်းကျင့်ပြီး၊ သတ်ဖြတ်လျက်အလောင်းကို ဖြောက်ဖြက်ပြစ်သည်ဟု ပြည်သူအများသိအောင် သတင်းလွှင့်ကြပါသည်၊၊

ပြည်သူအချို့ ဘာသာခြားများ၏သတင်းလွှင့်မှုကိုယုံကြည်ပြီး၊ ဘုရားရှင်နှင့်သံဃာတော်များအပေါ် အကြည်ညိုပျက် စွပ်စွဲကြသည့်ဝဋ်ကြွေးကို မြတ်စွာဘုရားရှင်သည် ခံစားရပါသည်၊၊ 

ဖော်ပြပါဝဋ်ကြွေးကို ခံစားရသည်မှာ ဘုရားလောင်းတော်သည် ဖုဿမြတ်စွာဘုရားလက်ထက်တော် က “မုနာလိ”အမည်ရသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီး၊ “ပစ္စေကဗုဒ္ဓါ”တစ်ပါးအား မဟုတ်မတရား စွပ်စွဲခဲ့သည့်ကံကြောင့် ၀ဋ်ကြွေးအဖြစ်ပြန်လည် ခံစားရခြင်းဖြစ်ပါသည်၊၊

“အသရေဖြက် စွပ်စွဲခံရသည့်ဝဋ်ကြွေး”
ဘာသာခြားခေါင်းဆောင်များသည် အလွန်လှပသည့် “စိဉ္စမာဏ၀ိကာ”အမည်ရှိ အမျိုးသ္မီးကိုစေခိုင်းကြ ပါသည်၊၊ စိဉ္စမာဏသည် မြတ်စွာဘုရားရှင်မှ တရားနာပရိသတ်အားတရားဟောနေစဉ် ကိုယ်ဝန်အရင့် အမာကြီးဟန်ဆောင်လျက် “ဒီဗိုက်က ကိုယ်တော်နှင့်ရသည့် ဗိုက်”ဟု လူလယ်ခေါင်တွင် အသရေဖြက်စွပ်စွဲသည့်ဘေးကို ခံစားရပါသည်၊၊

မြတ်စွာဘုရားအလောင်းတော်သည် ဝေဿဘူဘုရားရှင်လက်တော်တုန်းက ရဟန္တာအရှင်မြတ် “နန္ဒမထေရ်”ကို စွပ်စွဲခဲ့ခြင်းကြောင့် ယ္ခုကဲ့သို့ဘုရားဖြစ်ပြီးချိန်တွင် အသရေဖြက်စွပ်စွဲခံရသည့်ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်ပါသည်၊၊

“ပထမအကြိမ် လုပ်ကြံခံရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် တောရကျောင်းတွင်နေတော်မူစဉ်က ဖြစ်သည်၊၊ အရှင်ဒေ၀ဒတ်သည် အဇာတ သတ်ရှင်ဘုရင်၏ အထောက်အပံ့ကိုရယူပြီး၊ လက်ဖြောင့်လေးသမားများကိုငှားရမ်း၍ မြတ်စွာဘုရား ရှင်အား သတ်ခိုင်းခြင်းဝဋ်ကြွေးကို ခံစားခဲ့ရပါသည်၊၊

ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပါသည်၊၊ နားမလည် သေးသည့်အရွယ်ဖြစ်စေကာမူ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးအား သေစေလိုသည့်စိတ်ဖြင့် ကျောက်စရစ်ခဲများဖြင့် ပြစ်ပေါက်ခဲ့ပါသည်၊၊ 
ထိုအပြစ်ကြောင့်ပင် ဘုရားဖြစ်တော်မူပြီးသည့်အချိန်တွင် လက်ဖြောင့်လေးသမားငှား၍ လုပ်ကြံရခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊

“ဒုတိယအကြိမ် လုပ်ကြံခံရခြင်းဝဋ်ကြွေး”
ပထမလုပ်ကြံမှု မအောင်မြင်သော အရှင်ဒေ၀ဒတ်သည် ဒုတိယအစဉ်အဖြစ်ဖြင့် တိုင်းပြည်ဘုရင်နှင့် ပေါင်းပြီး၊ စစ်တိုက်ရာတွင် အသုံးပြုသည့်ဆင်ဆိုးကြီးတစ်ကောင်ကို အရက်တိုက်၍မြတ်စွာဘုရားလာမည့်လမ်းတွင် လွှတ်ပေးပြီးလုပ်ကြံခဲ့ပါသည်၊၊

ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် ဆင်စီးသူရဲကောင်းဖြစ်ခဲ့ပါသည်၊၊ ထိုအချိန်က ပစ္စေက- ဗုဒ္ဓအရှင်မြတ်တစ်ပါးကို ဆင်ဖြင့်တိုက်ပြီးနှိပ်စက်ခဲ့သည့်အတွက် ယ္ခုဘုရားဖြစ်တော်မူပြီးအချိန်တွင် ဆင်ဖြင့်လုပ်ကြံခံရခြင်းဝဋ်ကြွေး ပေးဆပ်ရခြင်းဖြစ်ပါသည်၊၊

“တတိယအကြိမ် လုပ်ကြံခံရခြင်း”
အရှင်ဒေ၀ဒတ်သည် နှစ်ကြိမ်တိုင်တိုင် စနစ်တကျစီမံအကွက်ချ၍လုပ်ကြံသော်လည်း မြတ်စွာဘုရား ရှင်သည် အသက်မသေဘဲလွတ်မြောက်နေသေးသည်ကို မခံမရက်နိုင်ဖြစ်ပြီး၊ တတိယအကြိမ်တွင်မူ အခြားသူကိုမခိုင်းစေတော့ဘဲ ကိုယ်တိုင်လုပ်ကြံရန် ကျိုးစားပါတော့သည်၊၊

မြတ်စွာဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်ခြေရင်းမှ ကမ္မဌာန်းကျောင်းတွင် နေစဉ်ကဖြစ်ပါသည်၊၊ မြတ် စွာဘုရားရှင်သည် တောင်အောက်တွင်လမ်းလျောက်လျက် စင်္ကြန်ကမ္မဌာန်းရှုမှတ်နေစဉ် တောင်ပေါ်မှ အလွန်ကြီးမားသည့်ကျောက်တုန်းကြီးကို မြတ်စွာဘုရားမရှောင်ရှားသာသည့်နေရာအရောက်တွင် လှိမ့်ချလိုက်ပါသည်၊၊

ကျောက်တုန်းကြီးသည် အခြားကျောက်ဆောင်တစ်ခုနှင့်တိုက်မိပြီး ဘေးလမ်းလွဲသွားသောကြောင့် အသက်မသေသော်လည်း ပဲ့ထွက်လာသည့်ကျောက်ချွန်ဖြင့် ခြေထောက်ကိုထိသဖြင့် မြတ်စွာဘုရား ရှင်သည် လဲကျပြီးထမ်းစင်ဖြင့်သယ်ယူရသည်အထိ ပြင်းထန်သည့်ဝေဒနာကို ခံစားခဲ့ရပါသည်၊၊

ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် ဖအေတူမအေကွဲ ညီအကိုတစ်ယောက်ကို အမွေလုပြဿနာဖြင့် ကျောက်တုန်းဖြင့်ထုသတ်ခဲ့သည့်အတွက် ကြမ္မာဝဋ်ကြွေးကို ဘုရားဖြစ်ပြီးသည့်တိုင် မရှုမလှခံယူရခြင်းဖြစ်ပါသည်၊၊

“ခွဲစိပ်ကုသခံရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်အား အရှင်ဒေ၀ဒတ်လှိမ့်ချလိုက်သည့် ကျောက်တုန်းကြီးမှ အစတစ်စဖြင့်ထိသဖြင့် ခြေထောက်ကို မှန်ခဲ့ပါသည်၊၊ 

ဒဏ်ရာကြောင့် ခြေထောက်တွင်အတွင်းကျေဒဏ်ရာဖြစ်ပြီး ပြင်းထန် သည့်ဝေဒနာကို မြတ်စွာဘုရားရှင်ခံစားတော် မူရပါသည်၊၊
ခြေထောက်ကို သမားတော်ကြီးဆရာဇီဝကမှ စမ်းသတ်ပြီး၊ ခွဲစိပ်ကုသမှပျောက်ကင်းနိုင်သဖြင့် ခြေ ထောက်ကို ခွဲစိပ်ကုသမှုခံယူခဲ့ရပါသည်၊၊

 မြတ်စွာဘုရားရှင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာတွင် ယ္ခုကဲ့သို့ဓားထက်ထက်ဖြင့် ခွဲစိပ်ကုသမှုခံယူရခြင်းမှာလည်း ၀ဋ်ကြွေးတစ်ခုပင်ဖြစ်ပါသည်၊၊

ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် ပတ္ထိဝရှင်ဘုရင်တစ်ပါး ဖြစ်ခဲ့ဘူးပါသည်၊၊ ပြည်သူတစ် ယောက်ကို လှံဖြင့်ထိုးသတ်ခဲ့ဘူးသောကြောင့် ဘုရားဖြစ်ပြီးသည့်အချိန်တွင် ခြေထောက်ကိုခွဲစိပ်ကုသခံရသည့်ဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊

“တိရစ္ဆာန်အစာကို စားရခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင် ဝေရဉ္စာမြို့တော်သို့ရောက်စဉ်က ဆွမ်းမရရှိသဖြင့် မြင်းကျွေးသည့်ဂျုံကို ဖြစ်သလို ချက်ပြုပ်၍ စားသုံးခဲ့ရပါသည်၊၊

မြတ်စွာဘုရားအဖြစ်သို့ရောက်ပြီးသည့်တိုင် အစားအသောက် အခက်အခဲဖြစ်နေသည်ကို မည်သူမှမ သိလိုက်ဘဲ ဆင်းဆင်းရဲရဲမြင်းကျွေးသည့် အစာကြမ်းကို(၃)လတိတိ စားသုံးရခြင်းသည် ၀ဋ်ကြွေးတစ် ခုပင် ဖြစ်ပါသည်၊၊

ဘုရားအလောင်းတော်သည် ဖုဿဘုရားရှင်လက်ထက်တော်တုန်းက လူငယ်တစ်ယောက်ဖြစ်ခဲ့ပါသည်၊၊ သံဃာတော်များ သလေးဆန်ကောင်းကောင်းကို ဘုန်းပေးကြသည်ကိုတွေ့မြင်ပြီး၊ “ဒီကိုတော် တွေ ဆန်ကောင်းကောင်းမစားကြနဲ့၊ မုယောဆန်(ဂျုံ)ကိုသာ စားကြ၊”ဟု ပြောဆိုပြောဆိုခဲ့သောကြောင့် ယ္ခုဘုရားဖြစ်ပြီးချိန်တွင် မုယောဆန်ကြမ်းကိုစားရခြင်းဝဋ်ကြွေးကို ခံစားရခြင်းဖြစ်ပါသည်၊၊

အစားအစာနှင့်ပတ်သက်၍ "စာရေးသူအရှင်"၏ဖြစ်စဉ်ကို စကားစပ်မိသဖြင့် လှစ်ဟလိုပါသေးသည်၊ မြန်မာနိုင်ငံတွင်ရှိစဉ်က ဖြစ်ပါသည်၊ အင်္ဂလိပ်စာမြန်မြန်တတ်ချင်လွန်းသဖြင့် ငွေမပေးဘဲအလကားတက်ခွင့်ရသည့် သင်တန်းငါးခုခန့်ကို တပြိုင်တည်း တက်နေခဲ့ပါသည်၊၊

ဆရာကြီးဦးမြကြိုင်၏ အင်္ဂလိပ်စာသင်တန်းသို့ မနက်ပိုင်းနှင့်နေ့လယ်ပိုင်းတက်ခဲ့ပါသည်၊ မနက်အစောပိုင်း အတန်းချိန်ပြီးဆုံးသောအခါ နေ့လယ်စာထမင်းစားချိန်(၁)နာရီ ပေးပါသည်၊၊ ကျောင်းသား/ကျောင်းသူ(၁၀၀)ခန့် ရှိပါသည်၊၊ 

အများတကာထမင်းဘူးဖွင့်၍၄င်း၊ သင်တန်းတွင်းထမင်းဆိုင်မှ၎င်း၊ ထမင်းစားနေကြချိန်တွင် အရှင်သည် ထမင်းဘူးလဲမပါ၊ ၀ယ်စားစရာအနှီငွေစငွေနလည်းမပါသောကြောင့်၊ နေ့လည်ပိုင်းသင်တန်းမစမှီအထိ လှည်းတန်းအ၀ိုင်းပတ်ပတ်လည်မှ စာအုပ်ဆိုင်များတွင် စိတ်ပါလှသည်မဟုတ်ဘဲ စာအုပ်မျိုးစုံကို ဟိုဟိုသည်သည်လှန်လှောနေခြင်းဖြင့် ထမင်းစားချိန်ကိုဖြတ်သန်းခဲ့ရသည်မှာ ရပ်ပေါင်းများစွာ ဖြစ်ခဲ့ပါသည်၊၊

“ခေါင်းကိုက်ခြင်းဝဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် ခါးမကြာခဏနာသည့်ရောဂါကို ခံစားရလေ့ရှိပါသည်၊၊ ခေါင်းကိုက်၊ ခေါင်းမူး သည့်ဝေဒနာကို ခံစားရသည့်ဝဋ်ကြွေးဖြစ်ပါသည်၊၊ 

ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် တံငါသည်မိသားစုတွင် ဖြစ်ရပါသည်၊၊ မိဘများမှ ငါးကို ခေါင်းထုသည်ကို သဘောကျနှစ်သက်မိသောကြောင့် ယ္ခုဘ၀တွင် ခေါင်းကိုက်သည့်ဝေဒနာကို ၀ဋ်ကြွေးအဖြစ်ဖြင့် ခံစားရခြင်းဖြစ်ပါသည်၊၊

“ခါးနာသည့်ဝဋ်ကြွေး”
မြတ်စွာဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် လက်ဝှေ့သမားဖြစ်ခဲ့ပါသည်၊၊ ပြိုင်ဘက်ကို ခါးချိုး ခဲ့သည့်ဝဋ်ကြွေးကြောင့် မြတ်စွာဘုရားဖြစ်တော်မူပြီးသည့်အချိန်တွင် ခါးနာ ခါးကိုက်သည့်ဝေဒနာကို ခံစားရခြင်း ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် တစ်ခါတရံ သံဃာတော်များကို ညပိုင်းတရားဟောနေစဉ် ခါးကိုက်ဝေဒနာထလာ- သဖြင့် အရှင်သာရိပုတ္တရာအား ဆက်လက်တရားဟောခိုင်းပြီး၊ ခါးနာသက်သာစေရန် လှဲနေရသည် ဟု ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

“၀မ်းလျောခြင်း ၀ဋ်ကြွေး”
မြတ်စွာဘုရားရှင်သည် အသက်(၈၀)ပြည့်လုနီးနီးအရွယ်တွင် သွေးဝမ်းအကြီးအကျယ်သွားသည့်ဝေဒနာကို ခံစားခဲ့ရပါသည်၊၊ 

နွေရာသီနေပူပူအချိန်တွင် ၀က်သားစားမိသောကြောင့် ၀မ်းသွားခြင်းဖြစ်သည်ဟု ကျမ်းအချို့တွင်ဆိုသော်လည်း အမှန်စင်စစ် ၀ဋ်ကြွေးကြောင့်ဖြစ်ကြောင်း ပါဠိစာပေပညာရှင်တို့မှ ဆုံးဖြတ်ကြပါသည်၊၊ ဘုရားအလောင်းတော်သည် ဘ၀တစ်ခုတွင် ဆေးဆရာဖြစ်ခဲ့ပြီး၊ ဆေးဖိုးမပေးသည့် သူဌေးတစ်ဦးကို ၀မ်းနှုတ်ဆေးကို လိမ်လည်ကျွေးခဲ့သောကြောင့် ယ္ခုဝဋ်ကြွေးကိုခံစားရခြင်း ဖြစ်ပါသည်၊၊

ဆွေးနွေးဖော်ပြခဲ့ပြီးသည့် ၀ဋ်ကြွေး(၁၂)မျိုးတွင် နံပတ်(၇)မှ(၁၂)အထိ ၀ဋ်ကြွေး(၇)မျိုးမှာ လူတိုင်းနီး- နီးတွင်မကြာခဏဖြစ်လေ့ရှိသည့် သာမန်ဝဋ်ကြွေးများဟု ဆိုနိုင်ပါသည်၊၊ အခြားဝဋ်ကြွေးများမှာမူ အမှန်တကယ်ကြုံတွေ့လာလျင် အသက်မသေသည့်တိုင် ပြင်းထန်လွန်းသည့်ဝဋ်ကြွေးများဖြစ်သဖြင့် ကြောက်ဖွယ် ကောင်းလှပါသည်၊၊

မြတ်စွာဘုရားရှင်သော်မှ ၀ဋ်ကြွေးအမျိုးမျိုးကို ခံစားရသေးသည်ကို လေ့လာသိရှိခြင်းအားဖြင့် မိမိ တို့ဘ၀တွင်လည်း ဆိုးကျိုးများကိုခံစားရသည့်အခါ “ဒီလိုဒုက္ခမျိုး ငါတို့မြတ်စွာဘုရားသော်မှ မလွတ်၊ ငါတို့ကဲ့သို့သာမန်လူများအတွက်မူ မထူးဆန်းပါတကား”ဟု စိတ်ဖြေတတ်ခြင်းအကျိုးကို ရရှိနိုင်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် ပါရမီတော်(၁၀)ပါးကိုကျင့်သုံးအောင်မြင်ပြီး၊ ဘုရားအဖြစ်သို့ရောက်ပြီးသည့်တိုင် ၀ိပါက်တော်(၁၂)ပါးဟု အများတကာသိနေကြသည့် ၀ဋ်ကြွေးများကိုခံစားနေရသေးသည်ကို သတိပြုဆင်ခြင်ပြီး၊ ဘ၀တွင် အကုသိုလ်လုပ်ရပ်များ၏ကြောက်စရာကောင်းပုံနှင့် ရှောင်လွဲမရနိုင်ပုံကို သတိပြုသင့်လှပါသည်၊၊

“အဆိုးဝါးဆုံးဝဋ်ကြွေး(၃)မျိုးဖြင့် မြတ်စွာဘုရားရှင်ကိုလုပ်ကြံဝံ့သူမှာ ဘာသာခြားတစ်ဦးမဟုတ်ဘဲ သင်္ကန်းဝတ်ထားသည့် သံဃာတစ်ပါးဖြစ်နေသောကြောင့် ရဟန်းသံဃာဖြစ်လင့်ကစား သတိပြု ရှောင်ရှားသင့်လျင် ရှောင်ရှားသင့်ကြောင်းကိုလည်း ယနေ့ခေတ်နိုင်ငံရေးလောကမှ သံဃာအချို့၏ အမူအရာများကိုလေ့လာသုံးသပ်ပြီး သင်္ခန်းစာရယူနိုင်ပါသည်၊၊”

ခံစားချက်ပြင်းထန်လွန်းပြီး တစ်စုံတစ်ရာကိုဖြစ်စေ၊ တစ်စုံတစ်ယောက်ကိုဖြစ်စေ မုန်းတီးလွန်းသည့် စိတ်မျိုး(ရောဂါတစ်မျိုး)၀င်လာလျင် လူသားသည်တိရစ္ဆာန်ရိုင်းထက် ကြောက်စရာကောင်းသည့် လုပ်ရပ်များကိုပြု လုပ်လေ့ရှိကြောင်းကို သမိုင်းသင်္ခန်းစာများစွာတွင် တွေ့နိုင်ပါသည်၊၊

“အလင်းစက်”စာဖတ်သူများအတွက် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ခံစားခဲ့ရသည့်ဝဋ်ကြွေး(၁၂)မျိုး အကြောင်းကို အသေးစိတ်တင်ပြလိုက်ရပါသည်၊၊ စာတမ်းအတွင်းမှ တစ်စုံတရာဗဟုသုတနှင့် သင်္ခန်း- စာတစ်မျိုးမျိုးကို စာရှုသူရရှိမည်ဟု မျှော်လင့်ရပါသည်၊၊

“အလင်းစက်”စာမျက်နှာမှ စာပေချစ်သူများအားလုံး ၀ဋ်ကြွေး(၁၂)မျိုးမှ ကင်းဝေးပြီး၊ ဘ၀သံသရာတွင် ချမ်းသာကြပါစေကြောင်း “အလင်းစက်အရှင်”မှ ဆုမွန်ခြွေလိုက်ရပါသည်၊၊             ၊၊



(ကျမ်းကိုး/ အပါဒါန်ပါဠိတော်၊ ပုဗ္ဗပိလောတိကကမ္မ ဗုဒ္ဓအပါဒါနကဏ္ဍ၊ အပါဒါနအဌကထာ၊ ပါချုပ်ဆ- ရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ၏ “၀ိပါက်တော်(၁၂)ပါး” Prof. Oliver Abenayake’s 2013, Master of Philosophy’s University of BPU, Lectures, တို့ကိုကိုးကားပါသည်၊၊)




                                                                     အရှင်ကေ၀လ(အလင်းစက်)
                                                                 {B.A-English, M.A-Phil-Sri Lanka}
                                                                    မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                            ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (10/02/2014)

အပြည့်အစုံသို့....

Wednesday, January 22, 2014

ကာမေသုမိစ္ဆာစာရ လေ့လာချက်၊၊ ၊၊



ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရား (၅)မျိုး ရှိပါသည်၊ “ကာမေသုမိစ္ဆာစာရ”သည်(၃)ခုမြောက်ကိုယ်- ကျင့်တရား ဖြစ်ပါသည်၊၊

“ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်”ကို ကာမေသုမိစ္ဆာစာရဟု ခေါ်ပါသည်၊၊ ပါဠိဝေါဟာရ“ကာမေ သုမိစ္ဆာစာရ”ကို (ကာမေသု+မိစ္ဆာစာရ၊  ကာမဂုဏ်တို့၌+မှားယွင်းသောအကျင့်)ဟုနှစ်ပုဒ်ခွဲပြီး၊ မြန်မာပြန်ရပါသည်၊၊


ပါဠိစာပေတွင် “ကာမဂုဏ်(၅)မျိုး”ရှိပါသည်၊၊
          (1) အဆင်းကာမဂုဏ်၊
          (2) အသံကာမဂုဏ်၊
          (3) အနံ့ကာမဂုဏ်၊
          (4) အရသာကာမဂုဏ်၊
          (5)  အတွေ့ကာမဂုဏ်၊ တို့ဖြစ်ကြပါသည်၊၊


ပါဠိစာပေဝေါဟာရ “ကာမေသုမိစ္ဆာစာရ”ကို ‘ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်’ဟု ဘာသာပြန်ရ သောကြောင့် လူအများစုသည် “ကာမဂုဏ်(၅)မျိုးတို့၌ မှားယွင်းစွာကျင့်သုံးမှု”ကို ကာမေသုမိစ္ဆာစာရ- ဖြစ်သည်ဟု ထင်နေကြပါသည်၊၊


မဟုတ်ပါ၊၊ ကာမဂုဏ်(၅)မျိုးကို ဖော်ညွှန်းသည့်ပါဠိဝေါဟာရ “ပဉ္စကာမဂုဏ”ပုဒ်သည် ကာမဂုဏ်၏အ- ရည်အသွေး(၅)မျိုးရှိသည်(Qualities of five sensual pleasures)ဟု ဆိုလိုရင်းဖြစ်ပါသည်၊၊ “ကာမ- ဂုဏ်တို့၌ မှားယွင်းသောအကျင့်”ဟူသည်မှာ ကာမဂုဏ်(၅)မျိုးတို့၌ မှားယွင်းသောအကျင့်ကို မဆိုလိုပါ၊၊


သို့သော် ပါဠိဝေါဟာရတွင် “ကာမေသု”ဟု အများကိန်း(ဗဟုဝုစ်)ဖြင့်ဆိုထားခြင်းမှာ ကာမဂုဏ်(၅)မျိုး ရှိခြင်းကြောင့် ဆိုထားခြင်းမျိုးမဟုတ်ဘဲ၊ အမျိုးသားတို့အနေဖြင့် မသင့်သောနည်းဖြင့် မသွားလာသင့် သောအမျိုးသ္မီးပေါင်း(၂၀)မျှရှိသောကြောင့် ဖြစ်ပါသည်၊၊


(မှတ်ချက်/ အမျိုးသ္မီး(၂၀)ကို “အလင်းစက်အရှင်” ရေးသားခဲ့ပြီးသည့် “သန္ဓေဖျက်ချခြင်းနှင့်၊ ဗုဒ္ဓဘာ- သာအမြင်” ဆောင်းပါးတွင် လေ့လာနိုင်ပါသည်၊၊)


“ဓမ္မပဒကျမ်း”တွင် “ကိုယ်ကျင့်တရား(၅)မျိုးကို မစောင့်ထိမ်းဘဲ၊ ကျူးလွန်သူများသည် မိမိအမြစ်ကို ကိုယ်တိုင်တူးဖြိုသူများဖြစ်သည်”ဟု ဖော်ပြထားပြီး၊ ကိုယ်ကျင့်တရား(၅)မျိုးကို တစ်ခုချင်းဖော်ပြထား ပါသည်၊၊ 


ကိုယ်ကျင့်တရား(၅)မျိုးကိုဖော်ပြရာတွင် ကိုယ်ကျင့်တရား(၄)မျိုးကိုဖော်ပြရာ၌ အခြားသောကျမ်းကြီး- များတွင် ဖော်ပြထားသည်နှင့်တူညီသော်လည်း၊ “ကာမေသုမိစ္ဆာစာရ”ကိုဖော်ပြရာတွင်မူ အခြားကျမ်း- ကြီးများတွင်ဖော်ပြထားသည့်နှင့်မတူဘဲ “ပရဒါရ”ဟု ဖော်ပြထားပါသည်၊၊


“ပရဒါရ”ဟူသည်မှာ “အခြားသူပိုင်ဆိုင်သည့် အမျိုးသ္မီး”ဟု အဓိပ္ပါယ်ရပါသည်၊၊ သီရိလင်္ကာနိုင်ငံအပါ အ၀င်အနောက်တိုင်းမှ ပါဠိစာပေပညာရှင်များသည် “ဓမ္မပဒကျမ်း”တွင်ဖော်ပြထားသည့် ငါးပါးသီလသည် အခြားကျမ်းကြီးများတွင်ဖော်ပြထားသည့် ငါးပါးသီလ=ကိုယ်ကျင့်တရား(၅)မျိုး၏အဖွင့်ဟု ယူ- ဆကြပါသည်၊၊


“ဓမ္မပဒကျမ်း”တွင် ကိုယ်ကျင့်တရား(၅)မျိုးထဲမှ (၃)ခုမြောက်ကိုယ်ကျင့်တရားကို “သူတပါးပိုင်ဆိုင် ထားပြီးသည့် အမျိုးသ္မီး”ဟု ဖော်ပြထားသောကြောင့်၊ “ကာမေသုမိစ္ဆာစာရ=ကာမဂုဏ်တို့၌ မှားယွင်း သောအကျင့်”ဟူသည်မှာ တပါးသူပိုင်ဆိုင်ထားပြီးသည့်အမျိုးသ္မီးများကို မကျူးကျော်ရ၊ ကျူးကျော်မိ- လျင် ကိုယ်ကျင့်တရားမရှိသူ၊ မိမိအမြစ်ကို ကိုယ်တိုင်တူးဖြိုသူဟု ခေါ်ရပါသည်၊၊


“အမြစ်မရှိတော့သည့် သစ်ပင်သည်မရှင်သန်နိုင်သကဲ့သို့ ကိုယ်ကျင့်တရားမရှိသည့် လူသည်လည်း သစ်တုံးကဲ့သို့ ဘ၀ဆွေးမြေ့ရပါတော့သည်၊၊” သံသရာတွင် ကျင်လည်ရာတွင်လည်း “ယောကျာင်္းမပီ၊ မိန်းမအမျိုးအစားလည်းမကျ” ဘ၀“ပန်း”မလှ ဖြစ်ရတတ်ပါသည်၊၊


တက္ကသိုလ်တွင် ပါမောက္ခကြီး Oliver Abenayake-မှ Buddhist Ethics=ဗုဒ္ဓဘာသာကိုယ်ကျင့် တရားအကြောင်း Lectures-များတွင် ကာမေသုမိစ္ဆာစာရကို သင်ကြားပို့ချရာတွင် စိတ်ဝင်စားဖွယ်ရာ အချက်များကို များစွာတွေ့ရပါသည်၊၊


အမျိုးသ္မီးနှင့်အမျိုးသားတို့ အိမ်ယာတည်ထောင်၍ “သွားလာခြင်းအမှု”ကိုပြုကြရာတွင်ပင် ရည်ရွယ် ချက်(၃)မျိုးဖြင့်ပြုလေ့ရှိသည်ဟု ပါဠိစာပေဝေါဟာရအထောက်အထားများဖြင့် ဆွေးနွေးသင်ပြနေပါ သေးသည်၊၊ 

              (1) မျိုးဆက်သစ်ထွန်းကားလာစေရန်၊
              (2) ပျော်ရွှင်မှုရရန်၊
              (3) နိုင်ငံတော်လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊  


ပါမောက္ခကြီးသည် လောကီကိစ္စဖြစ်သည့်အရေးအရာတွင်ပင် အကောင်းဘက်မှတွေးခေါ်ယူဆပြနေ- သည်မှာ အခြားရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ၊ မည်သည့်နေရာတွင်မဆို အကောင်းနှင့်အကျိုးကျေး- ဇူးကိုရည်ရွှယ်၍ပြုကြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းကို သုံးသပ်မိပါသည်၊၊


“ကာမေသုမိစ္ဆာစာရ”မသင့်တော်သည့်အမျိုးသ္မီးတွင် ပျော်ရွှင်မှုကိုရယူမှုတွင် အခြေအနေ(၄)မျိုးပြည့်စုံ မှ“ကံ”မြောက်သည်ဟု ဆိုင်ရာကျမ်းများတွင်ဖော်ပြထားပါသည်၊၊ ဖော်ပြပါအင်္ဂါ(၄)ချက် မပြည့်စုံပါက ကံမမြောက်ဟု မှတ်သားနိုင်ပါသည်၊၊  
               (1) မသွားလာထိုက်သော အမျိုးသ္မီးဖြစ်ခြင်း၊
               (2) ပေါင်းသင်းဆက်ဆံလိုစိတ်ရှိခြင်း၊
               (3) လုံ့လပြုခြင်း၊
               (4) သာယာခြင်း၊

(မှတ်ချက်/ မသွားလာသင့်သောအမျိုးသ္မီး(၂၀)ကို “အလင်းစက်အရှင်”ရေးသားခဲ့ပြီးသည့်“သန္ဓေဖျက်- ချခြင်းနှင့်၊ ဗုဒ္ဓဘာသာအမြင်” ဆောင်းပါးတွင် လေ့လာနိုင်ပါသည်၊၊)


ယနေ့ခေတ်သည် ငွေရှိလျင်မည်သည့်အရာကိုမဆို အလွယ်တကူရနိုင်ပြီး၊ ကာမေသုမိစ္ဆာစာရကံကို အလွယ်တကူပင် ကျူးလွန်ရင်အခွင့်ကောင်းသောခေတ် ဖြစ်ပါသည်၊၊


နှစ်ကိုယ်တူချစ်သည့် ရည်းစား ချင်းဖြစ်ပါစေ၊ မင်္ဂလာဆောင်၍မပြီးခင် မိဘအုပ်ထိမ်းမှုအောက်တွင် တည်ရှိနေသေးသောကြောင့် အပျော်လွန်ကျူးမိလျင် ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း သတိပြု- ဆင်ခြင်သင့်လှပါသည်၊၊(သတိ/ ချစ်သူကလိုက်လျောတတ်ပေမဲ့ အကုသိုလ်ကံက မလိုက်လျော တတ်ပေ၊၊)


ထို့အပြင် ယနေ့ခေတ်တွင် ငွေဖြင့်ဆက်ဆံ၍ရသည့် နေရာများစွာပင်ရှိပါသည်၊၊ သို့သော် ထိုလုပ်ငန်း ကိုဘ၀၀မ်းစာသဘောအရ လုပ်နေကြရရှာသည့်အမျိုးသ္မီးများသည့် မသွားလာသင့်သောအမျိုးသ္မီး- (၂၀)စာရင်းတွင်ပါဝင်နေပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်၊၊


ပြည်တန်ဆာလုပ်ငန်းကို အခြေအနေအမျိုးမျိုးကြောင့် လုပ်နေကြရသည့်အမျိုးသ္မီးတစ်ယောက်ကို မသွားလာသင့်သောအမျိုးသ္မီး(၂၀)စာရင်းတွင် ပါ/မပါသိရန်မှာလည်း လွယ်ကူသည့်ကိစ္စမဟုတ်သောကြောင့် အမျိုးသားများအနေဖြင့် မိမိ၏စိတ်အာရုံကို လုပ်ငန်းနှင့်ဘာသာရေးတွင် လွဲပြောင်းယူသင့်ပါသည်၊၊


မသွားလာသင့်သောအမျိုးသ္မီး(၂၀)တွင် (၁)မှ(၈)အထိအမျိုးသ္မီးများကို ဆက်ဆံမိလျင် ယောကျာင်္း လေးတွင်သာအပြစ်သင့်ပြီး၊ ကျန်အမျိုးသ္မီး(၁၂)မျိုးနှင့်အပျော်လွန်မိလျင် နှစ်ဦးစလုံးတွင် ကာမေသု- မိစ္ဆာစာရကံ ထိုက်ပါသည်၊၊


ကာမေသုမိစ္ဆာစာရကံထိုက်လျင် ဖြစ်ရာဘ၀တိုင်းတွင် အဆင်းမလှခြင်း၊ လိင်အင်္ဂါမပီသခြင်း၊ လိင်အင်္ဂါ မဖွင့်ဖြိုးခြင်း၊ ကျား/မ-မပီမသဖြစ်တတ်ခြင်း၊ အတိုက်အခိုက်ရန်သူများခြင်းများအပြင်- အပါယ်ငရဲသို့ ကျရခြင်း၊ တိရစ္ဆာန်ဘ၀တွင်ဖြစ်ရခြင်းနှင့်၊ ပြိတ္တာဖြစ်ရခြင်း-ဆိုးကျိုးများကို ဧကန်မုချခံစားကြရပါမည်၊၊


   (ကာမေသုမိစ္ဆာစာရော ဘိက္ခဝေ အာသေ၀ိတော ဘာဝိတော ဗဟုလီကတော၊
  နိရယသံဝတ္တနိကော၊ တိရစ္ဆာနယောနိ သံဝတ္တနိကော၊ ပေတ္တိဝိသယ သံဝတ္တနိကော၊
  ယော သဗ္ဗလဟုသော ကာမေသုမိစ္ဆာစာရဿ ၀ိပါကော၊ မနုဿဘူတဿ
  သပတ္တဝေရ သံဝတ္တနိကော ဟောတိ၊၊ အံ၊ အဌကနိပါတပါဠိ၊)


မြန်မာနိုင်ငံတွင် အတော်အတန်ထင်ရှားသည့် “မိုးပြာဂိုဏ်းကဲ့သို့သောဂိုဏ်းများတွင် ကာမေသုမိစ္ဆာစာ- ရဆိုတာ သူများမယားကြာခိုမှ မဟုတ်၊ ကာမဂုဏ်(၅)မျိုးလုံးမှာ ကာမေသုမိစ္ဆာစာရဖြစ်နိုင်တယ်”ဟု ဖြန့်ချီနေသည့်စာများကိုဖတ်မိရာမှ “ကာမေသုမိစ္ဆာစာရ”အကြောင်းကိုရေးသားရခြင်း ဖြစ်ပါသည်၊၊


“အလင်းစက်”စာမျက်တွင် စာပေလေ့လာသူများ 2014-နှစ်သစ်တွင် ကံကောင်းခြင်းများစွာနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း “အလင်းစက်အရှင်”မှ နှစ်ဦးမေတ္တာပို့သလျက် စာတမ်းကိုအဆုံး သတ်လိုက်ရပါသည်၊၊               ၊၊




(Reference/ ဓမ္မပဒ-၂၄၆၊ အံ-၈၊ Prof.Rajatha Pushpakumara’s “The Social Philosophy of Buddhism, and the modern World” Lectures, Prof.Oliver Abenayake’s Buddhist Ethics)




                                               အရှင်ကေ၀လ(အလင်းစက်)
                                          {B.A-English, M.A-Phil-Sri Lanka}
                                          www.ko-thitsar.blogspot.com
                                       မကုဋာရာမမြန်မာကျောင်းတိုက်၊ ကိုလံဘိုမြို့၊
                                             သီရိလင်္ကာနိုင်ငံ၊၊ (19/01/2014)

အပြည့်အစုံသို့....

Thursday, December 26, 2013

သန္ဓေဖျက်ချခြင်းနှင့် ဗုဒ္ဓဘာသာအမြင်၊၊ ၊၊




ယနေ့ခေတ်ကမ္ဘာသည် ရုပ်ပိုင်းဆိုင်ရာအလွန်တိုးတက်သည့် ခေတ်ဟုဆိုကြပါသည်၊၊ ခေတ်ပေါ် ပစ္စည်းဆန်းအမျိုးမျိုးနှင့် တစ်နိုင်ငံ၏အပြုအမူအနေအထိုင်ပုံစံတို့ အခြားတစ်နိုင်ငံသို့ ပြန့်ပွားကူးစက် လွယ်သည့်ခေတ်လည်း ဖြစ်ပါသည်၊၊
 
ခေတ်တိုးတက်လာသောကြောင့် ကိုယ်ကျင့်တရားများ နောက်ဆုတ်သွားသည်ဟု ဘာသာရေးဆရာတို့က ဆိုကြပါသည်၊၊ အမှန်တကယ် ယနေ့ခေတ်လူတို့ ကိုယ်ကျင့်တရားချွတ်ယွင်းမှုရှိ၊ မရှိကိုမူရှေးခေတ်လူတို့၏နေ့စဉ်ဘ၀နေထိုင်ကြပုံကို သုတေသနပြုကြည့်မှ ဆုံးဖြတ်နိုင်ပါလိမ့်မည်၊၊

မြန်မာနိုင်ငံတော်ကြီးသည် ငါးနှစ်တာကာလအတွင်း အရေခွံဟောင်းကိုချွတ်လိုက်သည့်အလား ပြောင်းလဲလာသည်ကို တွေ့ရပါသည်၊၊ မြန်မာပြည်သားတို့၏ လူနေမှုအဆင့်အတန်း၊ နိုင်ငံရေးအခြေအနေနှင့်၊ ကျန်းမာစောင့်ရှောက်မှုတို့သည်လည်း ယခင်ထက်တိုးတက်လာခဲ့ပါသည်၊၊

မြန်မာအမျိုးသား အမျိုးသ္မီးတို့၏ လူနေ့မှုပုံစံအဆင့်နှင့် တိုးတက်လာသည့်နိုင်ငံအခြေအနေအပေါ် လက်ခံကျင့်သုံးမှုပုံစံများသည်လည်း ယခင်နှင့်မတူအထူးပြောင်းလဲလာသည်ကို သတိပြုမိပါသည်၊၊ ခေတ်ပေါ်ပစ္စည်းဆန်းမျိုးစုံကို အသုံးပြုခွင့်ရသဖြင့် ၀မ်းသာကြရသော်လည်း ၀င်ငွေမလောက်ငသည့် ပြဿနာကို အဖြေရှာရာမှ မလိုအပ်သည့်ဘေးထွက်ဆိုးကျိုးများစွာကိုလည်း ရင်ဆိုင်လာကြရပါသည်၊၊ 

ယခင်နှစ်က မလေးရှားနိုင်ငံသို့ရောက်ရှိစဉ် ဆရာဝန်မတစ်ဦးမှ “အမျိုးသ္မီးများ ကိုယ်ဝန်ဖျက်ချလျင် မည်သို့အပြစ်ဖြစ်ပါသလဲဘုရား”ဟု မေးခဲ့ပါသည်၊၊ လူအများရှေ့မှာမို့ “မကောင်းဘူးပေါ့ဗျာ”ဟုသာ အဖြေပေးခဲ့မိပါသည်၊၊ ယ္ခုတစ်ခါ “သားဖွားဆရာဝန်မတစ်ဦး”မှပင် အလားတူမေးခွန်းကို မေးမြန်းလာသောကြောင့် ယ္ခုစာတမ်းဖြင့်အဖြေပေးလိုက်ရပါသည်၊၊

အမျိုးသ္မီးတို့၏ကိုယ်ဝန်ဆောင်မှုနှင့်ဆက်စပ်၍ မြတ်စွာဘုရားသည် ပဋိသန္ဓေ(၄)မျိုးကို တိတိကျကျ ဆွေးနွေးထားပါသည်၊၊ မြတ်စွာဘုရားရှင်၏ဟောပြောမှုသည် ယနေ့ခေတ်ဆေးသိပ္ပံတွေ့ရှိချက်များနှင့်လည်း အတိုင်းအတာအများစုတူညီသည်ဟု သိရပါသည်၊၊

“ပဋိသန္ဓေ=ကိုယ်ဝန်(၄)မျိုး”

(၁) သံသေဒဇ ပဋိသန္ဓေ၊
(၂) သြပပါတိက ပဋိသန္ဓေ္ဓ၊
 (3) အဏ္ဍဇ ပဋိသန္ဓေ္ဓ၊
(၄) ဇလာဗုဇ ပဋိသန္ဓေ၊  

ပိုးလောက်လန်းများကဲ့သို့ ရေညှိ၊ ရွှန့်ညွှန်အစရှိသည့်စိုစွက်သည့်အရာများတွင်ကိုယ်ဝန်ယူခြင်းနှင့်၊ သစ်ပင်၊ အမှိုက်ပုံတို့တွင် သန္ဓေတည်ခြင်းကို “သံသေဒဇပဋိသန္ဓေ”ဟု ခေါ်ပါသည်၊၊ 

နတ်တို့သည် မိခင်၏၀မ်းဗိုက်တွင် ကိုယ်ဝန်မယူကြဘဲ အသက်(၁၆)နှစ်အရွယ်ပုံစံဖြင့် နတ်ပြည်တွင် နတ်သား နတ်သ္မီးဖြစ်ကြရပါသည်၊၊ ကိုယ်ထင်ရှားဖြင့် သန္ဓေယူခြင်းတစ်မျိုးဖြစ်ပြီး၊ “သြပပါတိကပဋိ သန္ဓေ”ဟု ခေါ်ပါသည်၊၊

ကြက်ငှက်စသည်တို့ကဲ့သို့ ဥမှကိုယ်ဝန်ဆောင်ယူခြင်းကို “အဏ္ဍဇပဋိသန္ဓေ”ဟု ခေါ်ပါသည်၊၊ ဥ-သန္ဓေ အမျိုးအစားဖြစ်ပါသည်၊၊ 

လူတို့သည် မိခင်၏၀မ်းတွင်းတွင် ပဋိသန္ဓေနေကြရပါသည်၊၊ မိခင်၏၀မ်းတွင်းတွင် ကိုယ်ဝန်ဆောင်ရ သောကြောင့် “ဇလာဗုဇပဋိသန္ဓေ”ဟု ခေါ်ပါသည်၊၊ မြတ်စွာဘုရားရှင်သည် လူတစ်ယောက် မိခင်၏၀မ်းတွင်းကိုယ်ဝန်စတင်တည်နေပုံကို အသေးစိတ်ဟောပြောထားပါသည်၊၊ ယနေ့ခေတ်ပေါ် Embryology တွေ့ရှိချက်များနှင့်လည်း များစွာပင်ကိုက်ညီမှုရှိသည်ဟု သိရပါသည်၊၊

Buddhist Cosmology ဗုဒ္ဓဘာသာမှလက်ခံထားသည့် သက်ရှိသတ္တ၀ါတို့၏ အသက်ရှင်နေထိုင်ကြသည့် ဘုံအမျိုးအစား(၃၁)မျိုးထဲတွင် “လူဘုံသည် ရရှိရန်အခက်ခဲဆုံးနှင့်၊ အမြင့်မြတ်ဆုံးဘုံဘ၀”ဟု သတ်မှတ်ထားပါသည်၊၊ သို့သော် လူဘုံသို့လူသားမျိုးဆက်တစ်ဦးရှောက်ရှိလာမည်ကို နွေးထွေး စွာလက်ကမ်းကြိုဆိုသင့်လင့်ကစား ဖြက်ဆီးပြစ်နေရသည့် အခြေအနေများစွာရှိနေပါသည်၊၊

ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာများထဲတွင် အမျိုးသ္မီးများကိုယ်ဝန်ဖျက်ချနေကြခြင်း၏ အကြောင်းပေါင်း များစွာကို ဖော်ပြဆွေးနွေးထားပါသည်၊၊

= ပညာမတတ်ခြင်း၊
= အသိုင်းအ၀ိုင်း ဆင်းရဲမှု၊
= စီးပွားရေးမပြေလည်မှု၊
= စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊
= အလုပ်အကိုင် အဆင်မပြေမှု၊
= မိသားစုအခြေအနေ၊
= ကိုယ်ကျင့်တရား မစောင့်ထိမ်းမှု၊
= အသက်ငယ်ခြင်း၊
= ဗလက္ကာရအပြုခံရခြင်း၊ စသည်စသည်တို့သည် အမျိုးသ္မီးများ ကိုယ်ဝန်ဖျက်ချနေကြခြင်း၏ အကြောင်းရင်းများဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်၊၊

အနောက်နိုင်ငံကြီးများတွင် Family Plan-၏အောက်တွင် အမျိုးသ္မီးများအနေဖြင့် အလိုမရှိသေးလျင် ကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်းနှင့်၊ ကိုယ်ဝန်ဖျက်ချသည့်အတွက် ဘာသာရေးအပြစ်နှင့်၊ ဥပဒေဆိုင်ရာပြစ်မှုမရှိဟု ယူဆကြပါသည်၊၊ အိန္ဒိယနှင့် တရုပ်ပြည်ကဲ့သို့ လူဦးရေးများလွန်းနေသည့်နိုင်ငံကြီးများတွင်လည်း ကိုယ်ဝန်ဖျက်ချခြင်းမှာပြစ်မှုဟူ၍ မယူဆတော့ပေ၊၊

သီရိလင်္ကာနိုင်ငံတွင် 1883-ခုနှစ်မှစတင်၍ “Abortion=ကိုယ်ဝန်ဖျက်ချခြင်း”ကို ပြစ်မှုကြီးတစ်ခုအဖြစ် သတ်မှတ်ပြီး၊ မိခင်၏အသက်ကိုကာကွယ်ရန် ကိုယ်ဝန်ဖျက်ချရခြင်းမှတပါး ကိုယ်ဝန်ဖြက်ချခြင်းမပြု- ရန်ဥပဒေဖြင့် တားမြစ်ထားပါသည်၊၊

သန္ဓေတားခြင်း၊ သန္ဓေဖျက်ချခြင်း နှစ်မျိုးမှတစ်မျိုးမျိုးကို အမျိုးသ္မီးတိုင်းနီးပါမျှ ပြုလေ့ရှိကြပါသည်၊၊ သန္ဓေတားဆီးခြင်းသည် အခန့်မသင့်လျင် ကျန်းမာရေးထိခိုက်ရုံမျှခံစားရပြီး၊ ဘာသာရေးနှင့် ဥပဒေအရအပြစ်မရှိဟု လေ့လာရပါသည်၊၊ သန္ဓေဖျက်ချခြင်းမှာမူ ဘာသာရေးအရနှင့်၊ ဥပဒေအရပါ အပြစ်ကြီးလှပါသည်၊၊ (အချို့ဘာသာတွင်မူ အပြစ်မရှိဟု သိရပါသေးသည်၊၊)

ပါဠိစာပေတွင် (သန္ဓေ)ကိုယ်ဝန်တစ်ခုအောင်မြင်စေရန် အင်္ဂါ(၃)ခုမျှလိုအပ်သည်ဟု ဖော်ပြ ထားပါသည်၊၊ 

(၁) အမျိုးသား+အမျိုးသ္မီး သံဝါသပြုခြင်း၊
(၂) အမျိုးသ္မီး၏ ရာသီပန်းပွင့်ပြီးစဖြစ်ခြင်း၊
(၃) သန္ဓေသားဖြစ်လာမည့် သတ္တ၀ါတစ်ဦးဦး၏ မိခင်ဝမ်းတွင်းသို့သန္ဓေယူရန် အဆင်သင့်ရှိ နေခြင်း၊

အနည်းဆုံး အထက်တွင်ဆွေးနွေးတင်ပြထားသည့် အခြေအနေ(၃)မျိုးပြည်စုံလျင် အမျိုးသ္မီးတွင် ကိုယ်ဝန်ရနိုင်ပါသည်၊၊ ဤနေရာတွင် ဗုဒ္ဓဘာသာအလိုအရ “ကိုယ်ဝန်တည်ခြင်း=conception” ဆိုသည်မှာ “သားသန္ဓေနှင့်အတူတကွ အသိစိတ်ဖြစ်ပေါ်လာခြင်း”ကို ဆိုလိုပါသည်၊၊

ဆိုလိုသည်မှာ “မိခင်၏၀မ်းတွင်းတွင် ကလေးငယ်၏သားတစ်(Fetus)နှင့်အတူတကွ အသိစိတ် (Cousciousness)ပါဖြစ်ပေါ်လာခြင်းကို ကိုယ်ဝန်အောင်မြင်သည်ဟု ခေါ်ပါသည်၊” အသိစိတ်၏ပံ့ပိုးမှု- ဖြင့် သားတစ်မှတဆင့်ထက်တဆင့် လူသားရုပ်သွင်ပီပြင်လာခြင်း ဖြစ်ပါသည်၊၊

သန္ဓေအောင်ပြီး တခဏအတွင်းမှာပင် အသိစိတ်ဖြစ်ပေါ်လာပြီး သတ္တ၀ါ(သို့မဟုတ်)လူသားဟု ခေါ်ဆို နိုင်ပြီဖြစ်သောကြောင့်  သန္ဓေပျက်ဆေးတမျိုးမျိုးနှင့်ဖြစ်စေ၊ သန္ဓေဖျက်နည်းတစ်နည်းနည်းနှင့်ဖြစ်စေ Abortion=ကိုယ်ဝန်ဖျက်ချလျင် လူသတ်မှုမြောက်ပြီဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာရေးအမြင်ဖြင့်ကြည့်လျင် “ပါဏာတိပါတ”ကံ ထိုက်ပါသည်၊၊

အမှန်စင်စစ် မိသားတစ်စုတွင် မျိုးဆက်သစ်တယောက်ရရှိလာခြင်းမှာ မင်္ဂလာတစ်မျိုးဟု ခေါ်နိုင်ပါသည်၊၊ 
 သို့သော် အထက်တွင် ဆွေးနွေးတင်ပြခဲ့သည့် အကြောင်းများစွာထဲမှ အကြောင်းတစ်မျိုးမျိုးကြောင့် Birth Control=ကိုယ်ဝန်တားဆီးရခြင်း၊ သားကြောဖြတ်ရခြင်း(Sterilization)နှင့်၊ Abortion=ကိုယ်ဝန်ဖြက်ချရခြင်းများကို ပြုနေကြပါသည်၊၊

ဘာသာရေးအရ အပြစ်မရှိသည့် “ကိုယ်ဝန်တားဆေး”သုံးခြင်းသည်ပင်လျင် ကျန်းမာရေးအရဆိုးကျိုး များလှသည့်အတွက် တစ်ခဏတာစိတ်ခံစားမှုကိုအလိုမလိုက်ကြဘဲ တန်ဖိုးရှိသည့်အပျိုစင်ဘ၀ကို ထိမ်းသိမ်းသင့်လှပါသည်၊၊ 

အိမ်ထောင်သည်အမျိုးသ္မီးများအနေဖြင့်လည်း အရွယ်တိတိကျကျရောက်ပြီးမှ လက်ထက်သူများဖြစ်- ကြလျင် မိမိရင်တွင်ဖြစ်ပေါ်လာသည့် သား/သ္မီးကို ထိမ်းသိမ်းစောင့်ရှောက်ပြီး၊ မိဘတာဝန်ကျေသင့် လှပါသည်၊၊ 

အမျိုးသားများအနေဖြင့် တစ်စုံတစ်ယောက်၏စောင့်ရှောက်မှုအောက်တွင်တည်ရှိသည့် အမျိုးသ္မီးကို သံဝါသမပြုရ၊ ပြုမိခဲ့လျင် ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း မှတ်သားသင့်လှပါသည်၊၊ စောင့်ရှောက် မှုအောက်တွင်တည်ရှိသည့် အမျိုးသ္မီး(၂၀)မျိုးမျှရှိကြောင်းပါဠိစာပေတွင် ဖော်ပြထားသည်၊၊

(၁) မိခင်စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (မာတုရက္ခိတ)
(၂) ဖခင်စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ပိတုရက္ခိတ)
(၃) မိဘနှစ်ပါး စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (မာတုပိတုရက္ခိတ)
(၄) အစ်ကို၊ မောင် စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ဘာတုရက္ခိတ)
(၅) အစ်မ၊ ညီမ စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ဘဂိနီရက္ခိတ)
(၆) ဆွေမျိုး စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ဉာတိရက္ခိတ)
(၇) အမျိုးအနွယ် စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ဂေါတ္တရက္ခိတ)
(၈) တရားကျင့်သူအချင်းချင်း စောင့်ထိမ်းမှုအောက်တွင် တည်ရှိသောအမျိုးသ္မီး၊ (ဓမ္မရက္ခိတ)
(၉) မဖွားမှီကတည်းက ကတိထားပြီးသော အမျိုးသ္မီး၊ (သာရက္ခ)
(၁၀) မင်းမိန့်ထုတ်ထားသော အမျိုးသ္မီး၊ (သပရိဒဏ္ဍ)
(၁၁) ၀ယ်ယူထားသော အမျိုးသ္မီး၊ (ဓနက္ကီတ)
(၁၂) အလိုတူ၍ အတူနေသော အမျိုးသ္မီး၊ (ဆန္ဒ၀ါသိနီ)
(၁၃) ပစ္စည်းအသုံးအဆောင်ပေး၍ အတူနေသောအမျိုးသ္မီး၊ (ဘောဂ၀ါသိနီ)
(၁၄) အ၀တ်အစားလက်ဆောင်ပေး၍ အတူနေသောအမျိုးသ္မီး၊ (ပဋ၀ါသိနီ)
(၁၅) ရေခွက်၌ လက်ဆုံချ၍လက်ထပ်ထားပြီးသောအမျိုးသ္မီး၊ (သြဒပတ္တကိနီ)
(၁၆) အလုပ်မခိုင်းဘဲ ခေါင်းခုကိုချစေ၍ အတူနေသောအမျိုးသ္မီး၊ (သြဘဋစုမ္ဗဋာ)
(၁၇) ကျွန်မ၊ (ဒါသီ)
(၁၈) အလုပ်သမ (ကမ္မကာရီ)
(၁၉) စစ်သုန့်ပန်းမ၊ (ဓဇာဟဋာ)
(၂၀) အခငွေဖြင့် ခဏအငှားခံထားရသော အမျိုးသ္မီး၊ (မုဟုတ္တိကာ)

ဖော်ပြထားသည့် အစောင့်အရှောက်ရှိသည့် အမျိုးသ္မီး(၂၀)တွင် နံပတ်(၁)မှ (၈)အထိအမျိုးသ္မီးများနှင့် သံဝါသပြုမိလျင် အမျိုးသားတွင်သာ “ကာမေသုမိစ္ဆာစာရကံ”ထိုက်ပြီး၊ ကျန်အမျိုးသ္မီးများနှင့်အလိုတူ သံဝါသပြုလျင် နှစ်ဦးစလုံး“ကာမေသုမိစ္ဆာစာရကံ”ထိုက်ကြောင်း လေ့လာရပါသည်၊၊

အထက်တွင် ဖော်ပြထားသည်များကို စနစ်တကျလေ့လာကြည့်လျင် အစောင့်အရှောက်မရှိသော အမျိုးသ္မီးဟူ၍ မရှိသလောက်ရှားသည်ကို တွေ့နိုင်ပါသည်၊၊ အစောင့်အရှောက်ရှိသည့် အမျိုးသ္မီးကို သံဝါသပြုမိလျင် ကာမေသုမိစ္ဆာစာရကံထိုက်ပြီး၊ သံသရာတွင် ဘ၀မစင်ကြယ်တော့မည့်ဘေးကို တွေးတောဆင်ခြင်သင့်လှပါသည်၊၊

စာတမ်းကိုအဆုံးမသတ်မှီ “အလင်းစက်စာဖတ်သူများ”ကို အနူးအညွတ်တောင်းပန်လိုပါသည်၊၊ ယ္ခုစာ- တမ်းမျိုးသည် ပညာရပ်စာတမ်းမျိုးနှင့်၊ Conceptual Problem-ကိုအဖြေပေးရဆုံးဖြတ်ရသည့် စာတမ်း မျိုးဖြစ်သောကြောင့် အသုံးအနှုံးမယဉ်ကျေးသည်များကိုတွေ့ရပါက ခွင့်ပြုကြစေလိုကြောင်း ခွင့်တောင်းရပါသည်၊၊

“Abortion=ကိုယ်ဝန်ဖြက်ချမှုနှင့် ဗုဒ္ဓဘာသာအမြင်”ကို မေးမြန်းခဲ့သည့်ဆရာမများသည် ဆွေးနွေး တင်ပြခဲ့သည်များကို လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြမည်ဟု ယူဆရပါသည်၊၊ အလင်းစက်စာဖတ် သူများအားလုံး ယ္ခုနှစ်-တွင်ကျရောက်သောခရစ်မတ်မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ကြပါ စေကြောင်း “အလင်းစက်အရှင်”မှ ဆုမွန်ချွေလိုက်ရပါသည်၊၊         ၊၊



(ကျမ်းကိုး/ သာလေယျကသုတ်၊ မဇ်၊ အဿလာယနသုတ်၊ မဇ်၊  Prof.Dr.Rajatha Pushpakumara’s 2013, Research lectures at University of BPU,Sri Lanka. Suppatheyya, Sangiti Sutra subcommentary. Prof. Dr.Oliver Abenayake’s Research on Five precepts, Buddhist foundation of Ethics)



အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
 (26/12/2013)

အပြည့်အစုံသို့....

Wednesday, October 16, 2013

လူ၊၊ ၊၊



မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံကြပါစေကြောင်း "အလင်းစက်အရှင်"မှ ဆုမွန်ချွေလျက် "လူ"စာတမ်းကို စာဖတ်သူသို့ ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊

လူ၊
လူအဆင့်အတန်း၊
လူဘ၀အောင်မြင်မှု၊
"လူ"ဟုခေါ်တွင်ရခြင်း၏အကြောင်းများစွာကို ဘာသာအမျိုးမျိုးတို့မှ အဓိပ္ပါယ်အသီးသီးဖွင့်ဆိုကြပါသည်၊၊ 

မြတ်စွာဘုရားရှင်လက်ထက်တော်မှ ယနေ့တိုင်အတက်အကျများစွာကိုဖြတ်ကျော်ရင်း ရှေးဟောင်း ဘာသာစကား(Old Language)တစ်ခုအဖြစ် ရှင်သန်နေသည့်ပါဠိဘာသာစကားနှင့်စာပေတွင်လူကို “မနုဿ”ဟု ဝေါဟာရနာမ်အဖြစ်အသုံးပြုထားသည်ကို လေ့လာရပါသည်၊၊
စိတ်များသောကြောင့် လူ၊
စိတ်ထက်မြက်သောကြောင့် လူ၊
အကျိုးရှိ အကျိုးမဲ့ကိုသိသောကြောင့် လူ၊
အမှားနှင့်အမှန်ကို ခွဲခြားသိသောကြောင့် လူဟုခေါ်သည် စသည်ဖြင့်“လူ”ဟုခေါ်ဆိုရခြင်း၏ ပဓာနအကြောင်းများကို ဗုဒ္ဓစာပေကျမ်းကြီးများတွင် ဖော်ပြထားပါသည်၊၊
ဖော်ပြထားသည့်လူဟုခေါ်ရခြင်း၏ အကြောင်းအားလုံးသည် သဘာဝယုတ္တိသဘောအရသင့်တော် လှပါသည်၊၊ စင်္ကြာဝဠာထဲတွင် သက်ရှိသတ္တ၀ါအမျိုးအစားပေါင်းမရေမတွက်နိုင်အောင် အသက်ရှင် နေထိုင်ကြသည့်အထဲတွင် လူသည်စိတ်အများဆုံးသတ္တ၀ါမျိုးစေ့ ဖြစ်ပါသည်၊၊ အခြားသော သတ္တ၀ါများသည် လူလောက်စိတ်များခြင်း အလိုများခြင်းမရှိကြောင်းကို သတ္တဗေဒပညာရှင်တို့ မှလေ့လာတွေ့ရှိပြီး သက်သေပြုထားကြပါသည်၊၊
လူသည်အခြားသတ္တ၀ါများထက် စိတ်ပိုင်းဆိုင်ရာအမြင့်မားဆုံးနှင့် အထက်မြက်ဆုံးလည်းဖြစ်ကြောင်းကို လူမှအခြားသတ္တ၀ါကြီးများကို လိုသလိုပုံသွင်းစေခိုင်းနိုင်သည်ကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ဘာသာတရားတိုင်းတွင် အမြင့်ဆုံးရာထူးဖြစ်သည့်“ဘုရား”အဖြစ်ကို လူသတ္တ၀ါမှပင်ဖြစ် သောကြောင့်လည်းကောင်း ထင်ရှားလှပါသည်၊၊
လူသည် အကျိုးရှိ အကျိုးမဲ့ကိုခွဲခြားသိတတ်သော ညာဏ်ပညာရှိခြင်းမှာလည်း အမှန်ပင်ဖြစ်ပါသည်၊၊ ဤစွမ်းရည်ကြောင့်ပင် လူတို့သည် စက်ပစ္စည်းမျိုးစုံကိုတီထွင်နိုင်ကြပြီး အခြားသက်ရှိသတ္တ၀ါများထက် စီးစိမ်ကိုစံစားနိုင်ခြင်းနှင့် ဘေးအန္တရာယ်ကိုကာကွယ်နိုင်ခြင်း ဖြစ်ပါသည်၊၊
လူသတ္တ၀ါသည် အမှားနှင့်အမှန်ကို ဖေ၀န်ပိုင်းခြားနိုင်သောကြောင့် လူ၏အပြုအမူများသည် အခြားသက်ရှိသတ္တ၀ါများနှင့်နှိုင်းယှဉ်ကြည့်လျင် အမှားအနည်းဆုံးလုပ်ငန်းများနှင့်၊ အကျိုးအဖြစ် ဆုံးလုပ်ငန်းများကို လုပ်နိုင်သူလည်းဖြစ်ပါသည်၊၊ လူသည်အမှားမကင်းသည့် သတ္တ၀ါဖြစ်သည့်တိုင် အခြားသတ္တ၀ါများနှင့်နှိုင်းယှဉ်ကြည့်လျင် အမှားနည်းပြီး၊ အကျိုးများများရရှိအောင် ပြုလုပ်စွမ်းသည့် အခြေအနေတွင် ရှိပါသည်၊၊
ဖော်ပြထားသည့် လူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များကို နေ့လူဘ၀ဖြစ်တည်မှုများနှင့် နှိုင်းယှဉ်ကြည့်လျင် မည်သို့သောသူသည် စာပေတွင်လာသည့်လူနှင့်တူညီသည်၊ မတူညီသည်ကို လေ့လာရရှိနိုင် ပြီး၊ တစ်ချို့သောသူများသည် ဘုံဘ၀အားဖြင့်လူဘုံတွင် ပုံသန္တာသဘောအရဖြစ်ခွင့်ရသော်လည်း လူစင်စစ်မမည်နိုင်ကြောင်း သုံးသပ်နိုင်ပါသည်၊၊
လူတို့သည်အခြင်းခြင်းဆက်ဆံကြရာ၌ အဆင့်အတန်းခွဲခြားခြင်းကို များစွာမုန်းတီးလေ့ရှိကြပါသည်၊၊ အမှန်စင်စစ် လူများအခြင်းခြင်းအကြားတွင် အဆင့်အတန်းမတူညီသည်မှာ လက်တွေ့ဖြစ် သဘာဝတည်မှုဖြစ်၍ လက်ခံရမည်ပင်ဖြစ်ကြောင်း လေ့လာရပါသည်၊၊
အဆင့်အတန်းနိမ့်သူနှင့် အဆင့်အတန်းမြင့်သူဟူ၍ခွဲခြားရာတွင် အတိုင်းတာ(၅)မျိုးခန့်ဖြင့်ခွဲခြား ကြည့်နိုင်ပါသည်၊၊
(၁) ကိုယ်ကျင့်တရား၊
(၂) စီးပွားရေး၊
(၃) ပေါင်းသင်းဆက်ဆံရေး၊
(၄) ပညာရေး၊
(၅) ရာထူး၊
အထက်တွင် ဆွေးနွေးတင်ပြထားသည့် Dimension(၅)မျိုးသည် လက်ခံလိုသည်ဖြစ်စေ၊ လက် မခံလိုသည်ဖြစ်စေ လူအခြင်းခြင်းအကြားတွင် အဆင့်အတန်းမတူခြင်းကို ဖြစ်ပေါ်စေသည့်အ ကြောင်းရင်းများဖြစ်သည့်အတွက် မဖြစ်မနေလက်ခံရမည့် “စံ”များဖြစ်ပါသည်၊၊ ဖော်ပြပါအဆင့်အတန်းများကွာခြားသည့်အလျောက် လူ့အသိုင်းအ၀ိုင်းတွင် နေရာအသာစီးရမှု၊ ဦးစားပေးခံယူရရှိမှုနှင့် လူရာဝင်မှုတို့ကွာခြားကြခြင်း ဖြစ်ပါသည်၊၊
အချို့လူတို့သည် မိမိအားဦးစားပေး မခံရခြင်း၊ နေရာမရခြင်းနှင့်၊ တစ်ပါးသူများမှာမူ ဦးစားပေးခံရခြင်း၊ ပွဲလယ်တွင်နေရာရရှိခြင်းများကို တွေ့ရသည့်အခါစိတ်ဆိုး စိတ်ကောက်ခြင်း၊ မကျေနပ်ခြင်း၊ အငြိုးအတေးထားခြင့်စသော မရင့်ကျက်အမူအရာများကို ပြလေ့ရှိပါသည်၊၊ မိမိနှင့်အခြားသူတွင် မည်သည့်အရာများကွာခြားနေသည်ကိုမူ သတိပြုဆင်ခြင်သုံးသပ်သူ နည်းပါးလှပါသည်၊၊ 
လူလူခြင်းအဆန်းအတန်းကွာခြင်း၏ အကြောင်းရင်း(၅)မျိုးကို ယ္ခုစာတမ်းတွင်ယေဘုယျသ ဘောအရသာ ဖော်ပြဆွေးနွေးခြင်းဖြစ်ပါသည်၊၊ “နေရာနှင့်အခြေအနေအလျောက် ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်ပါလျက် ဦးစားပေးခံရခြင်းနှင့် နေရာအသာစီးရနေခြင်းများလည်း ရံခါများစွာတွင် ဖြစ်နိုင်ပါသေးသည်၊၊” 
မည်သို့ဆိုစေလူဘ၀တွင် အဆင့်အတန်းမြင့်မားသူဖြစ်ပြီး၊ အများ၏နေရာပေးမှု၊ လေးစားမှုနှင့် လူရာဝင်သူအဆင့်ရှိသူတစ်ယောက်ဖြစ်ရန်အတွက် “ကိုယ်ကျင့်တရား၊ စီးပွားရေး၊ ပေါင်းသင်းဆက် ဆံရေး၊ ပညာရေးနှင့်ရာထူးတို့ တိုးတက်သည်ထက်တိုးတက်ကြီးပွားအောင်ကြိုးစားရန်”မှာလူသား တာဝန်တစ်ရပ် ဖြစ်ပါသည်၊၊
ကြိုးစားခွင့်မရရှိခြင်း၊ အခြေအနေမပေးခြင်းနှင့် ကြိုးစားချင်စိတ်မရှိခြင်းတို့ကြောင့် လူ့အဆင့်မရှိလျင်မူ ဧကန်မုချမည်သည့်နေရာတွင်မဆို အဆင့်အတန်းခွဲခြားခံရခြင်းကို ကျေကျေနပ်နပ်လက်ခံရန်ပင် ရှိပါတော့သည်၊ မည်သူ့ကိုမှ အပြစ်ဆိုရန်မဖြစ်နိုင်ပါပေ၊၊
လူအဆင့်အတန်းမြင့်မားမှုနှင့် လူ့ဘ၀အောင်မြင်မှုတို့သည် အတူတကွတည်ရှိနေသည့်ရ လာဘ်များ ဖြစ်ပါသည်၊၊ သို့သော် ပန်းတိုင်အထိအောင်မြင်မှုတွင် အေးငြိမ်းမှုနှင့်ဘေးအန္တရာယ် ကင်းရှင်းမှုတို့ပါဝင်နေပြီး၊ သာမန်လူ့အဆင့်အတန်းတစ်ခုချင်းဆီအောင်မြင်မှုတွင်မူ အတိုင်းအတာ တစ်ခုမျှအဆင့်ရရှိခြင်းသာဖြစ်ပြီး၊ အဆုံးစွန်ဘ၀အောင်မြင်မှုဟု မဆိုသာပါချေ၊၊
ဘ၀တစ်ခုတွင် “အောင်မြင်မှု”ဟုဆိုရာတွင်လည်း တည်ရှိရာနယ်ပယ်အလိုက် ကွာခြားနိုင်ပါသည်၊၊ ဥပမာ-သံဃာတစ်ပါးအတွက်အောင်မြင်မှုမှာ မဂ်ဖိုလ်တရားဓမ္မဖြင့် အေးငြိမ်းစွာနေနိုင် ခြင်းဖြစ်ပြီး၊ လူသာမန်တစ်ဦးအတွက်အောင်မြင်မှုဟူသည်မှာ မိမိတွင်ကြိုးစားရရှိထားသည့် ကိုယ်ကျင့်တရား၊ စီးပွား၊ ပညာတို့ဖြင့် ဘ၀တွင်မကြောင့်မကျ အထက်တန်းကျကျဖြင့် ဘ၀ကိုပျော်ရွှင်စွာ အဆုံးသတ်နိုင်ရေး ဖြစ်ပါသည်၊၊
အနှစ်ချုပ်အားဖြင့် ဆွေးနွေးတင်ပြခဲ့ပြီးသည်များကို သုံးသပ်ကြည့်လျင် လူပီသသူဖြစ်ရေး၊ လူ့အ ဆင့်မြင့်မားရန် စံ(၅)မျိုးကိုကြိုးစားရန်နှင့်၊ လူဘုံဘ၀၏အောင်မြင်မှုကို ရရှိရန်မဆုတ်နစ်သောလုံ့လဖြင့် ရယူရန်တို့ဖြစ်ပါသည်၊၊
“အလင်းစက်”စာဖတ်သူများ မိမိတို့၏အခြေချရာနယ်ပယ်အသီးသီးတွင် လူပီသသူများ၊ လူရာ ၀င်အဆင့်ရှိသူများဖြစ်ကြပြီး၊ လူ့ဘ၀ပန်းတိုင်ကိုကိုယ်တိုင်ကြိုးစားပိုင်ဆိုင်ကြပါစေကြောင်းဆန္ဒပြု လျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊                    ၊၊



                                                                        အရှင်ကေ၀လ(အလင်းစက်)
                                                                    {B.A-Eng, M.A-Phil-Sri Lanka}
                                                                      မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                                ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (16/10/2013)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP