Saturday, July 30, 2011

ဝိဟာရာဓိပတိ ဘဒ္ဒန္တသိဂ္ဂ၀ မဟာထေရ်၊၊ ၊၊




မြန်မာပြည်မှ နိုင်ငံခြားပညာသင်၊ သံဃာတော်များစွာတို့ ဗုဒ္ဓစာပေနှင့်၊ အတတ်ပညာအမျိုးမျိုးကို နိုင်ငံတကာအဆင့်မှီနည်းများဖြင့် သင်ကြားဆည်းပူးလျက်ရှိသော သီရိလင်္ကာနိုင်ငံတွင် မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး တည်ရှိနေသည်မှာ စာသင်သားသံဃာတော်တို့အတွက် တာဝတိံသာနတ်ပြည် လူပြည်မှာရောက်နေသကဲ့သို့ပင် ဖြစ်ပါသည်၊၊

မှန်ပါသည်၊၊ မကုဋကျောင်းတိုက်ကြီး၏ ဗောဓိညောင်ပင်အောက်တွက် ရေနွေးကြမ်းနှင့်၊ ဗယာကြော် စားရသည်ကပင် နတ်သုဒ္ဓါတမျှ အရသာရှိကြောင်း စားဖူးသည့်သံဃာတော်တိုင်း သိကြရသည်၊၊ မပြောပ လောက်သည့် ဒေါ်လာလေးမျှနှင့် ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့နှင့်၊ ဗိုလ်စာများကို မြန်မာသံဃာ တော်တို့အလွယ်တကူ ပန်ဆင်ခွင့်ရနေသည်မှာလည်း မကုဋ၏ကျေးဇူးမှတ်တမ်းတစ်ခု ဖြစ်ပါသည်၊၊

သီရိလင်္ကာတွင် မဟာဝိဇ္ဇာတန်းပြီးသဖြင့် အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံတက္ကသိုလ်များတွင် စာပေပါရဂူ ဘွဲ့အတန်းများကို တက်ရောက်၊ သင်ယူနေကြသည့် သူငယ်ချင်းများမှလည်း ကို“အလင်းစက်”ရေ ကျုပ်တို့တော့ ညောင်ပင်အောက်မှာ ရေနွေးကြမ်းလေးနဲ့၊ ချစ်ခင်ကြည်နူး၊ အာလူးဖုတ်ရသည်များကို လွမ်းလှကြောင်း မကြာခဏဆိုသလို ပြောဆိုကြသည်၊၊

ယ္ခုအခါမြန်မာနိုင်ငံ၊ ထေရ၀ါဒတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက် ရှိကြသော ဆရာတော်ကြီးဒေါတ်တာနန္ဒမာလာ၊ မန္တလေးသာသနာ့တက္ကသိုလ်ပါမောက္ခချုပ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တို့တွင် တွဲဖတ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိကြသော ဒေါတ်တာပဏ္ဍိတ၀ရ စသည့်ဆရာတော်ကြီးများနှင့်၊

ချမ်းမြေ့သာသနာ့ရိပ်သာကြီးကိုတည်ထောင်၍ ကမ္ဘာသို့ဗုဒ္ဓ၏၀ိပဿနာပညာရပ်များကို ဖြန့်ဖြူးလျက်ရှိသော ချမ်းမြေ့ဆရာတော်ကြီးတို့မှာ မကုဋ၏ညောင်ညိုပင်ရိပ်တွင် နားခိုသွားဖူးကြသည့် သာသနာ့အာဇာနည်များ ဖြစ်ပါသည်၊၊

ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ကြီးတစ်ခုဖြစ်သည့် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်ကြီးတွင် ပါမောက္ခ တာဝန်ဖြင့် ကမ္ဘာသို့သာသနာကို အလယ်ဗဟိုရ်တည့်တည့်မှဖြန့်ဖြူးနေသည့် သာသနာ့အာဇာနည် ဒေါတ်တာအရှင်ဓမ္မသာမိနှင့်၊ ထိုထိုနိုင်ငံအသီးသီးတွင် ကျောင်းတိုက်ကြီးများနှင့်၊ သာသနာပြုဌာနကြီးများ ကိုတည်ထောင်၍သာသနာပြုနေသူ သာသနာ့အာဇာနည်များတို့သည်လည်း မကုဋ၏ညောင်ညိုပင်ကို မေ့နိုင်ကြမည်မထင်ပေ၊၊

ရှေးယခင်က သီရိလင်္ကာတွင် မြန်မာကျောင်တိုက်ကြီး (၆)တိုက်မျှရှိခဲ့သည်၊၊ ဆရာတော်ကြီးတို့ကဲ့သို့ စိတ်ရှည်၊ဇွဲသန်၊ သည်းညည်းခံ၊သတ္တိရှိရှိဖြင့် စောင့်ရှောက်ထိမ်းသိမ်းသူမရှိသဖြင့် ကျောင်းတိုက်ကြီး
(၃)တိုက်မှာ သီရိလင်္ကာဘုန်းတော်ကြီးများလက်သို့ရောက်ရှိသွားသည်မှာ မြန်မာသံဃာတော်များအတွက် များစွာနင့်နာ လှသည်၊၊

ယနေ့အထိ နှစ်စဉ်မြန်မာစာသင်သား သံဃာတော်(၁၀၀)ကျော်တို့ မကုဋညောင်ပင်အိုကိုအမှီပြု၍ တက္ကသိုလ် ပညာရပ်များကို သင်ယူနေကြသည်မှာ ဆယ်စုနှစ်များစွာပင် ကြာခဲ့ပြီဖြစ်သည်၊၊ ညောင်ပင်အိုသည်ကား အခက်အလက်ဝေဆာစွာဖြင့် အသစ်အသစ်ရောက်ရှိလာမည့် မြန်မာ့စာသင်ပျိုနု စာသင်သားများကို မျှော်လင့်ခြင်းနှင့်အတူ၊ ညောင်ပင်အိုကိုကျောခိုင်း၊ လာရာလမ်းကိုပြန်လည် သွားကြပြီဖြစ်သည့် မြန်မာ့သားကြီးရဟန်းတော်များကို လွမ်းမောလျက်ရှိမည်မှာ မလွဲပါချေ၊၊

ဤမျှ မြန်မာအဆင့်မြင့် စာသင်သားသံဃာတော်များအပေါ်တွင် ကျေးဇူးများသည့် မကုဋာရာမမြန် မကျောင်းတိုက်ကြီးကို စစ်အတွင်းအသက်ဘေးကို ငဲ့ကွက်ခြင်းမရှိဘဲ၊ သီရိလင်္ကာမြေပေါ်တွင် မြန်မာကျောင်း တိုက် မပျောက်ကွယ်ရေးကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်တော်မူခဲ့သော ကျေးဇူးတော်ရှင် ၀ိဟာရာဓိပတိ ဆရာတော်ဘဒ္ဒန္တ သိဂ္ဂ၀မဟာထေရ်၏ အတ္တုပ္ပတ္တိနှင့်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်၊ ခံယူရရှိခဲ့ပုံကို “အလင်းစက်”စာဖတ်သူသို့ တင်ပြလိုက်ပါသည်၊၊

ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ခမည်းတော် ဦးရွှေအပ်+မယ်တော် ဒေါ်ယောတို့မှ (၁၂၇၁)ခုနှစ်၊ နယုန်လဆုပ် (၂)ရက်၊ သောကြာနေ့တွင်ဖွားမြင်သော သားရတနာဖြစ်သည်။

ဆရာတော်လောင်းလျာသည် မြောင်မြို့၊ ဒန်းကျောင်းဆရာတော် ဦးဥာဏကိုဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိပါသည်။

(၁၂၉၀)ပြည့်နှစ်၊ နယုန်လဆန်း(၁၂)နေ့တွင် ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်းတိုက်၊ ဓမ္မိကာရုံ ဆရာတော် ဦးရေ၀တကို ဥပဇ္ဈာယ်ပြု၍၊ ရန်ကုန်မြို့၊ လွစ္စလမ်း၊ ဒေါ်ရင်၊ ဒေါ်ဥတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ဆရာတော်သည် မန္တလေးမြို့၊ စကုတိုက်၊ မစိုးရိမ်တိုက်၊ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်း တိုက်တို့မှ ပရိယတ္တိစာပေများကိုသင်ယူခဲ့ပြီး၊ စကုတိုက်၊ တောင်ပြုံးကျောင်းဆရာတော်ဦးစန္ဒိမာ၊ မစိုးရိမ်တိုက် ဦးပညာ၊ သိမ်ကုန်ကျောင်းတိုက် စာချဆရာတော်ဦးဝရသမ္ဗောဓိ၊ ဦးတိက္ခ၊ ဦးအာသဘတို့ထံမှ ပရိယတ္တိစာပေများကို သင်ကြား၊ တတ်မြောက်ခဲ့ပါသည်။

ဆရာတော်သည် (၁၂၉၄)ခုနှစ်တွင် အစိုးရပထမလတ်တန်းကို အောင်မြင်တော်မူပြီးနောက် ကျမ်းကြီးပေါက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို သင်ကြား၊ ဆည်းပူးတော်မူပါသည်။ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတို့၌ ရှင်ငယ်၊ ရဟန်းငယ်များအား ပိဋကတ်အခြေ ခံကျမ်းစာများကို သင်ကြားပို့ချပေးတော်မူခဲ့ပါသည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ပြီး၊ သီရိလင်္ကာနိုင်ငံတွင် သီဟိုဠ်ဘာသာဖြင့်ထုတ်ဝေသော ဝေဆခ်မဂ္ဂဇင်းတွင်လည်း ဘာသာရေးဆောင်းပါးများ ရေးသားတော်မူလျှက် ရှိပါသည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်ကို တည်ထောင်တော်မူခဲ့သော ဆရာတော်ဦးဝိနယာလင်္ကာရ၏ လက်ထောက်အဖြစ်လည်းကောင်း၊ ဆရာတော်ကြီးမရှိသည့်နောက်ပိုင်းတွင် ကိုလံဘိုမြို့-မကုဋာရာမကျောင်း၊ ကန္ဒီမြို့-မြန်မာကျောင်း၊ အနုရာဓပူရမြို့-မြန်မာကျောင်းတို့၌ နာယကဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

သီရိလင်္ကာနိုင်ငံ၊ မြို့နယ်အသီးသီးသို့ကြွရောက်၍ သီဟိုဠ်ဘာသာ၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် တရားဟောပြတော်မူလျှက် ရှိပါသည်။ သီရိလင်္ကာ နိုင်ငံ၏ သာသနာရေးကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်တော်မူခဲ့ပါသည်။ အမရပူရနိကာယ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော စူဠဂဏ္ဍိဂိုဏ်း၏ ၀ိနည်းဓိုရ် ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

ဆရာတော်၏ သီလ-သမာဓိ-ပညာ-ခမာ-ဇာဂရိယစသောဂုဏ်တို့ကြောင့် သီရိလင်္ကာနိုင်ငံရှိ မြန်မာသံဃာ တော်များ ဒါယကာဒါယိကာမများ၏ နာယကဆရာတော်ကြီးအဖြစ် ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူ သည့်အပြင် အမရပူရနိကာယ၏ဂိုဏ်းခွဲဖြစ်သော စူဠဂဏ္ဍိဂိုဏ်းမှ “၀ိနယဓရဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်”ကို ခံယူရရှိတော်မူပါသည်။

ဤသို့လျှင် သာသနာတော်အကျိုးကို သည်ပိုးဆောင်ရွက်တော်မူသော ၀ိနယဂရုက၊ လဇ္ဖီပေသလ၊ သိက္ခာကာမစသောဂုဏ်တို့နှင့် ကုံလုံပြည့်ဝတော်မူသည့်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် (၁၃၅၂)ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆက်ကပ်၊ လှူဒါန်းအပ်သော “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်မြတ်ကို အလှူခံရရှိတော်မူပါသည်။

ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်များကိန်းဝပ်ရာ မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး၏ ညောင်ညိုရိပ်တွင် မှေးစက်ခိုနားလျက် ပညာရေးပန်းတိုင်များသို့ အသီးသီးလှမ်းလက်ကို ဆန့်တန်းနိုင်သည့် သာသနာ့အာဇာနည်များဖြစ်ကြစေကြောင်းဆုရည်မွန်လျက် ဆရာတော်ကြီးဦးသိဂ္ဂ၀၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိပုံစာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊

(မှတ်ချက်/ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများမှတ်တမ်း၊ (ပြည်ထောင်စု မြန်မာနိုင်ငံတော်)စာအုပ်ကိုမှီငြမ်းပြု၍ ဤစာတမ်းကို ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါဆရာတော်ကြီး၏ အတ္တုပ္ပတ္တိနှင့် ဘွဲ့တံဆိပ်တော်ရရှိပုံကိုလည်း မကြာခင်တင်ပြပါမည်၊၊ )

မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ဒေမတဂေါဓလမ်း၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

Saturday, July 23, 2011

လူသားနှင့် ဟိတ် ၊၊ ၊၊




ဗုဒ္ဓ“အဘိဓမ္မာ”သည် သဘာဝတောတောင်၊ ရေမြေ၊ မိုးကောင်းကင်နှင့်၊ လူသားတစ်ဦးခြင်း၏ ကိုယ်ကာယ ဖွဲ့စည်းပုံ၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်း တည်ဆောက်ထားပုံများကိုပြဆိုသည့် ပိဋကတ်ဖြစ်ပါသည်၊၊

ဗုဒ္ဓအဘိဓမ္မာတွင် ဟေတု=ဟိတ် (၆)မျိုးရှိကြောင်း လေ့လာရပါသည်၊၊
(၁) လောဘဟိတ်၊
(၂) ဒေါသဟိတ်၊
(၃) မောဟဟိတ်၊
(၄) အလောဘဟိတ်၊
(၅) အဒေါသဟိတ်၊
(၆) အမောဟဟိတ်တို့ ဖြစ်ပါသည်၊၊

ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် “ဟေတု ပစ္စယော”ဆိုသည်မှာ အထက်ပါဟိတ်ခြောက်မျိုးကို ဆိုလိုပါသည်၊၊ လူသား၏ဘ၀ကို ဟိတ်ခြောက်မျိုးတို့က ပုံဖော်သည်ကို “ဟေတုပစ္စယော”ဟူ၍ မှတ်ယူရမည် ဖြစ်ပါသည်၊၊

“ဟေတု”ဟူသော ပါဠိဝေါဟာရစကားလုံးကို မြန်မာလို ဘာသာပြန်ရန်ခက်ခဲသောကြောင့် ရှေးမြန်မာ ပညာရှိတို့က ပါဠိစကားလုံးကိုပင် အသွင်ပြောင်း၍ “ဟိတ်”ဟူ၍သုံးနှုံးခဲ့ကြပါသည်၊၊

မြန်မာစကားတွင် လူတစ်ယောက်ကို “ဒီလူဟိတ်ကြီးသည်၊ ဟန်ကြီးသည်၊ ယ္ခုခေတ်- ပဲများသည်”ဟု ပြောဆိုနေကြသည်မှာ "ဟေတု"ဟူသော ပါဠိစကားလုံးကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေကြခြင်း ဖြစ်ပါသည်၊၊

“ဟေတု”ဟူသော မူလပါဠိစကားလုံး၏ အနက်အဓိပ္ပါယ်မှာ “အကြောင်း”ဟူ၍ အနက်ကောက်ရမည် ဖြစ်ပါသည်၊၊ အကျိုးတစ်စုံတရာဖြစ်ပေါ်စေရန်ပြုပေးသည့် အကြောင်းအထောက်အပံ့ကို “ဟေတု”ဟူ၍ ခေါ်ဆိုရပါသည်၊၊ အကျိုးဆိုရာတွင် ကောင်းကျိုးများအားလုံးနှင့်၊ ဆိုးကျိုးများအားလုံးတို့ ပါဝင်ပါသည်၊၊

လူသား၏ပင်ကိုယ်သဘာဝသည် လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်အခြေခံကြီးလေ့ရှိကြောင်း စာပေကျန်းဂန်အသီးသီးတွင် ဖော်ပြပါရှိသည်၊၊

"လောဘဟိတ်" ကြီးခြင်းတွင်အခြေတည်၍ လူသားသည်ရနိုင်သမျှနှင့်၊ မရနိုင်သမျှကိုပါ လိုချင်သည်၊၊ "ဒေါသဟိတ်" ကြီးသဖြင့် တိုက်ခိုက်ဖြက်ဆီး၊ ရန်ပြုလိုသည်၊၊ "မောဟဟိတ်" ကြီးသဖြင့် တကယ့်သဘာဝတရားတို့၏ အစစ်အမှန်သဘောကို မသိနိုင်ဖြစ်ရသည်၊၊ (ပညာမတတ်ဖြစ်ရသည်၊၊)

ဆန့်ကျင်ဘက်စွမ်းအားစုအနေဖြင့် လောဘဟိတ်ကိုဖိနှိပ်နိုင်သောအခါ “အလောဘဟိတ်” ဖြစ်ပေါ် လာရသည်၊၊ ဒေါသဟိတ်ကိုဖိနှိပ်နိုင်သောအခါ“အဒေါသဟိတ်”ဟူ၍ ဖြစ်ပေါ်လာရသည်၊၊ မောဟဟိတ်ကို ဖိနှိပ်နိုင်သောအခါ “အမောဟဟိတ်”ဟူ၍ဖြစ်ပေါ်လာရ ပါသည်၊၊

“အလောဘဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ တစ်ပါးသူကို ကူညီလိုစိတ်များ၊ စောင့်ရှောက်လိုစိတ်များ၊ အလှူပေးလိုစိတ်များပေါ်ထွက်လာရသည်၊၊

“အဒေါသဟိတ်”လူသား၏နှလုံးသားတွင် ဖြစ်ပေါ်လာသောအခါ လူတိုင်းအပေါ်တွင် လေးစားလာသည်၊ မြတ်နိုးလာသည်၊ တန်ဖိုးထားလာသည်၊ ချစ်ခင်လာရပါသည်၊၊

“အမောဟဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ လောကနှင့်၊ ဘ၀တွင်ဖြစ်ပေါ်နေသော၊ ရွေ့ရှားနေသော သဘာဝတရားတို့၏ အသေးစိတ်သဘာဝကို သိလာရသည်၊၊ သဘာဝကို အမှန်တိုင်းမြင်လာသောအခါ ပညာဟူ၍ဖြစ်လာရပါသည်၊၊

အထက်တွင်ဆွေးနွေးခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မာမှ ဟိတ်ခြောက်မျိုး ဖြစ်ပါသည်၊၊ ဟိတ်ခြောက်မျိုးတွင် လိုလားဖွယ်ဟိတ်သုံးမျိုးနှင့်၊ မလိုလားအပ်ဖွယ်ဟိတ်သုံးမျိုးပေါင်းစပ်ထားသည်ကို သတိပြုမိမည်ဖြစ်ပါသည်၊၊

လူတစ်ဦးတစ်ယောက်တွင် “လောဘဟိတ်”တစ်ခုဖြစ်ပေါ်သည်နှင့် ဒေါသဟိတ်နှင့် မောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊ “အလောဘဟိတ်”ဖြစ်ပေါ်သည်နှင့် အဒေါသဟိတ်နှင့် အမောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊

ဟိတ်ခြောက်မျိုးကို အနှစ်ချုပ်ကောက်ချက်ချသော် လောဘဟိတ်သည် လူသားနှင့်ကမ္ဘာလောကကို အရုပ်ဆိုး၊ အကြည်းတန်စေတတ်သည့် ဟိတ်ဖြစ်ပြီး၊ အလောဘဟိတ်သည် လူသားနှင့် ကမ္ဘာလောကကို သာယာလှပစေသော ဟိတ်ဖြစ်သည်ဟု ဆိုလိုပါသည်၊၊

လူသားတို့နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရသော ဘ၀ပြဿနာ၊ ကမ္ဘာ့ပြဿများကို မည်သူမည်ဝါကစသည်ဟု ပုဂ္ဂိုလ်တစ်ဦးခြင်း လက်ညှိုးထိုးနေလျင်လုံးဝမှားယွင်းသည့် စွပ်စွဲချက်ဖြစ်ပါသည်၊၊ အမှန်မှာ ပုဂ္ဂိုလ်တို့၏ နှလုံးသားတွင်တည်ရှိနေသော အဆိုးဟိတ်၏ မှားယွင်းနေမှုကြောင့်သာ ဖြစ်ရပါသည်၊၊

ထိုအဆိုးဟိတ်ကိုသာ အကောင်းဟိတ်အဖြစ်သို့ ပြုပြင်ရယူနိုင်လျင် လူသားတို့၏ဘ၀သာယာမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည်မှာ စစ်တိုက်၍ယူနေစရာမလိုသော အဓိကသော့ချက်ဖြစ်ပါသည်၊၊ ဤသည်မှာ ဗုဒ္ဓအဘိဓမ္မာ၏ လူသားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်ကြား၊ ညွန်ကြားချက်ဖြစ်ပါသည်၊၊

အလောဘကို “ဒါနဟိတ်”ဟူ၍ ခေါ်ရပါသည်၊၊ အဒေါသဟိတ်ကို “မေတ္တာဟိတ်”ဟူ၍ သုံးနှုံးပါသည်၊ အမောဟဟိတ်ကို “ပညာဟိတ်”ဟူ၍ ခေါ်ဆိုပါသည်၊၊ လူတွင် ဟိတ်ခြောက်မျိုးလည်ပတ် ဖြစ်ပေါ်နေပြီး၊ ဟိတ်ခြောက်မျိုး၏အားသန်ရာကို လူသည်လိုက်ပါပြုလုပ်၊ ဆောင်ရွက်ရသည်ဟု ဗုဒ္ဓအဘိဓမ္မာမှ သင်ပြထားပါသည်၊၊

ဟိတ်တို့၏သဘောတရားကို ကောင်းစွာသုံးသပ်ဆင်ခြင်ကြည့်လျင် လောကတွင်ဖြစ်ပေါ်နေသော အရာအားလုံး၏ အခြေခံမူလကိုကောင်းစွာ သိရှိသဘောကျလာမည် ဖြစ်ပါသည်၊၊ ကောင်းကျိုးများ ဖြစ်ပေါ်လာလျင်ဖြစ်စေ၊ ဆိုးကျိုးများဖြစ်ပေါ်လာသည်ဖြစ်စေ၊ အခြေခံအကြောင်းတရားကိုသိရှိလျင် ကောင်းကျိုးကို ကောင်းသည်ထက်ကောင်းစေရန်၊ ဆိုးကျိုးကို ရပ်တန့်သွားစေရန် လူသားအနေဖြင့် အားထုတ်နိုင်မည်ဖြစ်သည်၊၊

လူတို့၏နေ့စဉ်ဘ၀တွင် ဖော်ပြပြီးဟိတ်တို့၏သဘောများနှင့် ထိုဟိတ်တို့၏အားကြီးမှု၊ အားသန်ရာ အပေါ်တွင်အခြေတည်၍ “လောဘကြီးသူများ၊ ဒေါသကြီးသူများ၊ တွေဝေသူများနှင့်၊ ရက်ရောပေးကမ်း၊ ကူညီလှူဒါန်းတတ်သူများ၊ မေတ္တာအားကြီးသူများ၊ ပညာတော်သူများ”ဟူ၍ လူသားခြင်းကွဲပြား၊ ခြားနားနေကြခြင်းကို အဘိဓမ္မာရှုဒေါင့်မှ လေ့လာရရှိနိုင်ပါသည်၊၊

ဤသို့ ဗုဒ္ဓအဘိဓမ္မာကို သဘောပေါက်နားလည်လျင် လူသားတို့တစ်ဦးနှင့်တစ်ဦး အဆင့်အတန်း၊ စိတ် နေသဘောထားများ အဘယ့်ကြောင့်ကွာဟကြသည်ကို လက်ခံသဘောပေါက်လာမည် ဖြစ်သည်၊၊ “အခြေခံဟိတ်မတူ၍ အဆင့်တို့မတူကြခြင်း ဖြစ်သည်၊၊”

ဒါနဟိတ် လူသား၏သန္တာန်တွင် အားကြီးဖြစ်ပေါ်လာသောအခါ အရာရာကိုအကောင်းမြင်လာသည်၊ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွင် ကူညီလိုစိတ်၊ ရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာသည်၊ ဘာသာတရား အတွက် အလှူအတန်းပြုလိုစိတ်များ ဖြစ်ပေါ်လာရပါသည်၊၊

ဒါနဟိတ်ကိုပင် မိမိ၏သန္တာန်တွင် အစဉ်တည်အောင် ကြိုးစားရယူနိုင်လျင် မေတ္တာဟိတ်နှင့် ပညာဟိတ်များပါ အားကြီးလာပြီး၊ ဘ၀တွင်လိုအပ်သည့် အကျိုးအမျိုးမျိုးကို အလွယ်တကူ စိတ်စွမ်းအား နှင့်ပင် ရယူနိုင်လာပါသည်၊၊ ဤသဘောတရားကို အင်္ဂလိပ်စာပေတွင် “A strong mind can move the mountain”.ဟူ၍လည်း ကောင်း၊ မြန်မာစာပေတွင် “လက်ညှိုးညွှန်ရာ ရေဖြစ်သည်”ဟူ၍လည်းကောင်း၊ ဆိုထားကြပါသည်၊၊

သန်မာသည့်စိတ်ဓာတ်ဆိုသည်မှာ ဒါနဟိတ်ဦးဆောင်သည့် စိတ်ဓာတ်အရင်းအမြစ်များကို ခေါ်ဆိုပါသည်၊၊
“အရင်းစစ်သော် အမြစ်မြေက”ဟု ဆိုသည့်အတိုင်း ဘ၀အဆက်ဆက် ချမ်းသာ၊ ကြီးပွားသူများ၊ ရုပ်ရေ အဆင်းလှပ၊ ချောမောသူများ၊ ပညာတော်သူများ၊ မိမိကိုယ်တိုင်က ချစ်တတ်၍၊ အများ၏ချစ်ခြင်းကို ခံရသူများအားလုံးတို့သည် ဒါနဟိတ်အားကောင်းခဲ့သူများဖြစ်ကြောင်း ဗုဒ္ဓအဘိဓမ္မာက ညွန်ပြနေပါသည်၊၊

သက်သေသာဓကအနေအားဖြင့် “ဗုဒ္ဓရှင်တော်လက်ထက်က ဇနီးသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ခင်ပွန်းသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာသော ကုဋေကြွယ်သူဌေးကြီးတစ်ဦး ရှိခဲ့ပါသည်၊၊

ငွေကြေးချမ်းသာသည့် သူဌေးဖြစ်ရသော်လည်း နေ့စဉ်ထမင်းအဖြစ် ပုန်းရည်ဟင်းနှင့်၊ ဆန်ကွဲထမင်း တို့ကိုသာစားသုံးခဲ့ပါသည်၊၊ အချိုပွဲမုန့်အဖြစ် ဆန်ကွဲကို ကိုယ်တိုင်ငရုပ်ဆုံတွင်ထုထောင်း၍ အိုးအပူ တွင်ကပ်ကင်၍ စားသုံးလေ့ရှိပါသည်၊၊

သားသမီးဟူ၍မထွန်းကားဘဲ ဇနီးမောင်နှံနှစ်ဦးတည်းသာ ဘ၀တစ်သက်တာနေထိုင်သွားပြီး၊ ကွယ်လွန်
ကြသောအခါ သားသမီးအမွေခံမရှိသဖြင့် သူတို့၏ကြွယ်ဝမှုအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားခဲ့ပါသည်၊၊”

အထက်ပါဇာတ်လမ်းကို သုံးသပ်သောအခါ ကုဋေတစ်ရာ့ခြောက်ဆယ် ဇနီးမောင်နှံတို့သည် ဒါနဟိတ် နည်းခဲ့၍ မိမိပိုင်ဆိုင်မှုကိုမျှ စံစားခွင့်ရမသွားကြရသည်ကို တွေ့မြင်ရသည်၊၊ သားသမီးအမွေခံ ကင်းဆိပ်ခြင်း၊ မိတ်ဆွေနည်းပါးခြင်းများမှာလည်း ဒါနဟိတ်နည်းခဲ့ခြင်းကြောင့်ပင် ဖြစ်ရသည်၊၊

မိမိကိုယ်ကိုမျှ မချစ်တတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို စေတနာမထားတတ်၊ မကူညီတတ်၊ လှူတန်းလို သည့်စေတနာ ခေါင်းပါးခြင်းများမှာလည်း မေတ္တာဟိတ်မရှိခဲ့ခြင်းကြောင့် ဖြစ်ရပါသည်၊၊ ဘ၀နှင့်သံသရာကို နားမလည်တတ်၊ သဘောမပေါက်တတ်ခြင်းများမှာ ပညာဟိတ်နည်းပါးခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း သုံးသပ်ရသည်၊၊

မင်္ဂလသုတ်တွင် ဒါနဟိတ်နှင့်ဆက်စပ်၍ ဟောပြောချက်မှာ လွန်စွာမှတ်သားထိုက်ပါသည်၊၊ “ဒါနသည် အမြတ်ဆုံးမင်္ဂလာ ဖြစ်သည်၊၊ (ဒါနဉ္စ ဧတံ မင်္ဂလ မုတ္တမံ၊၊)” လူသားတို့ဆင်နွှဲနေသမျှ မင်္ဂလာများတွင် ဒါနမင်္ဂလာသည် အကောင်းဆုံး၊ အသာဆုံး၊ အမြင့်မြတ်ဆုံးမင်္ဂလာဖြစ်သည်ဟု ဆိုလိုပါသည်၊၊

အဘယ့်ကြောင့် ဒါနသည်အမြတ်ဆုံးမင်္ဂလာ ဖြစ်လာရသနည်းဟု သုံးသပ်သောအခါ ပေးသူတို့၏ စိတ်ဓာတ်သည် မေတ္တာနှင့် ပညာနှစ်မျိုးတွင် အခြေတည်နေသောကြောင့် ဖြစ်ရပါသည်၊၊ ဘ၀တွင်လည်း “ဒါန၊ မေတ္တာနှင့်၊ ပညာ”တို့သာဦးဆောင်နေက မပြီးသောအကျိုးနှင့်၊ မအောင်မြင်နိုင်သော အခက်အခဲဟူ၍ မရှိနိုင်တော့သောကြောင့်လည်း “ဒါနကို အကောင်းဆုံး မင်္ဂလာ”ဟု ဆိုလိုဟန်ရှိပါသည်၊၊

ဤနေရာတွင် ဒါနဟူသည်ကို ဘာသာတရားအတွက် အလှူပေးရုံတွင်မရပ်တန့်ဘဲ ပရဟိတသဘော ဆောင်သည့် အကျိုးပြုလုပ်ရပ်များကိုလည်း ဒါနဟုမှတ်သားသင့်ပါသည်၊၊

အလင်းစက် စာဖတ်သူများသို့ အရှင် ကြိုးစားပြီး၊ အဘိဓမ္မာသဘောဟိတ်များအကြောင်းနှင့် ဟိတ်တို့ ၏လူ့ဘ၀အတွက်အရေးပါပုံကို တင်ပြလိုက်ရပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိတွင် မည်သည့်ဟိတ် အားသာသည်ဆိုသည်ကို စနစ်တကျဆန်းစစ်ရမည် ဖြစ်ပါသည်၊၊

မိမိ၏လက်ရှိဘ၀ သာယာမှု၊ မသာမှုနှင့်၊ ဘ၀အောင်မြင်မှု၊ ကျရှုံးမှုတို့သည် ဖော်ပြခဲ့ပြီးဟိတ်များအပေါ်တွင် များစွာတည်မှီနေသည့်အတွက် စာဖတ်သူအနေဖြင့် ဟိတ်ကောင်းများ မိမိတွင်ဖြစ်ပေါ်လာအောင် ကြိုးစားကြရမည်ဖြစ်သည်၊၊ အဆိုးဟိတ်များမိမိရင်ထဲတွင် များစွာကိန်းအောင်းနေပါကလည်း လျင်မြန်စွာဖိနှိပ်ရပါမည်၊၊

စာဖတ်သူများ ဟိတ်ဟန်ကောင်းသဖြင့် ဘ၀အောင်မြင်သူများ၊ ပျော်ရွှင်သူများဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းပေးလိုက်ပါသည်၊၊

မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံ၊
(၁၁.၀၇.၂၀၁၁)

အပြည့်အစုံသို့....

Friday, July 15, 2011

ဝါဆိုဆွမ်းနှင့် သင်္ကန်းအလှူ၊၊ ၊၊















သာသနာတော်နှစ်-၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၃-ခုနှစ်၊ ၀ါဆိုလပြည့်ဓမ္မစင်္ကြာနေ့တွင် မကုဋာရာမကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးလျက် တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာ သင်ယူနေကြသည့် သံဃာတော်အရှင်မြတ် (၂၅၀)ကျော်အား-

ခေတ္တ-စင်္ကာပူနိုင်ငံ စေတနာရှင်များဖြစ်ကြသည့် ကိုဖြိုးအေကျော်+မသင်ဇာဝင်းနှင့် သူငယ်ချင်း မိတ်ဆွေများစုပေါင်း၍ ၀ါဆိုနေ့ဆွမ်း၊ ၀ါဆိုသင်္ကန်းနှင့်၊ ဂက်စ်-ဆွမ်းချက်ပေါင်းအိုးကြီးတို့အား စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသည့်ပုံရိပ်များကို အလင်းစက် စာဖတ်သူများ ကြည်နူးပီတိဖြင့် ကုသိုလ်ရယူနိုင်စေရန် တင်ပြပေးလိုက်ပါသည်၊၊

တတ်အားသမျှ ပါဝင်ကုသိုလ်ယူကြသည့် အလှူရှင်များ- - -

(၁) ကိုဖြိုးအေကျော်+မသင်ဇာဝင်းမိသားစု
(၂) ကိုအောင်ဘိုဝင်းမိသားစု
(၃) မအေးမြတ်ဇော်မိသားစု
(၄) ကိုကျော်မင်းမင်းထိုက်+မစိုးနှင်းဖြူမိသားစု
(၅) မအေးသီတာညို
(၆) ကိုလှကျော်ဝင်း
(၇) ကိုမျိုးမင်းဝင်း
(၈) ကိုမင်းလှတာ+မမိခင်သီနွယ်မိသားစု
(၉) ကိုသူရိန်ဇော်ညွန့်+မအေးချမ်းမိုးမိသားစု
(၁၀) ဦးမျိုးမြင့်အောင်+ဒေါ်တင်တင်စန်းမိသားစု(ဂျမေကာ)
(၁၁) ကိုမင်းမြတ်ဇင်
(၁၂) ဦးထွန်းစိန်မိသားစု
(၁၃) ကိုရဲကျော်+မမြမြမွန်မိသားစု
(၁၄) ကိုညီညီဟန်မိသားစု
(၁၅) ကိုကျော်စွာမိသားစု
(၁၆) ဦးမြအောင်+ဒေါ်တင်ဆိုင်တို့အားအမှူးထား၍ (သား) မင်းမွန်ချမ်းမိသားစု
(၁၇) ကိုပြည်စိုးမိသားစု
(၁၈) ကိုဇွဲဟိန်း+မသက်စုမိသားစု
(၁၉) Sia and family (China)

စေတနာထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြသော ကိုဖြိုးအေကျော်+မသင်ဇာဝင်းနှင့် မိတ်ဆွေ၊သူငယ်ချင်းများ
အလင်းစက်အရှင်မှ သံဃာတော်များ၏ကိုယ်စား ကျေးဇူး တင်ပါသည်၊၊

ကြွရောက်၍ ဆွမ်းဒါနကိုချီးမြှောက်ကြသော သံဃာတော်အရှင်မြတ်များလည်း လိုအပ်သောတက္ကသိုလ်
ပညာများကို အောင်မြင်စွာတတ်မြောက်ပါစေကြောင်း အလှူရှင်များ၏ကိုယ်စား ဆုမွန်ခြွေအပ်ပါသည်၊၊

အပြည့်အစုံသို့....

Friday, July 1, 2011

‘သုဇာတာ’လို မိန်းကလေး၊၊ ၊၊




သည်စာတမ်းကို မေးမြန်းသူများသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်၊၊ “အလင်းစက်”စာဖတ်သူများအထဲမှာ အမျိုးသမီးများစွာလည်း ပါဝင်နေတာမို့ ငါတို့အကြောင်း “အလင်းစက်”က အတင်းတုတ်တော့မည်ထင်သည်ဟု အတွေးဝင်လေမည်လား စိုးရိမ်မိသည်၊၊

ပိဋကတ်သုံးပုံပါဠိစာပေတွင် အမျိုးသမီးများနှင့်ဆက်စပ်၍ နေရာများစွာအထူးပြု ဟောပြောထားသည်ကို လေ့လာရသည်၊ “ထေရီအပါဒါန်ပါဠိတော်ကျမ်းကြီး”တစ်ခုလုံးသည် အမျိုးသမီးများအကြောင်းကိုချည်း ဟောပြောသင်ပြသည့် ကျမ်းကြီးဖြစ်နေရကား ဗုဒ္ဓရှင်တော်သည် အမျိုးသမီးများကိုမည်မျှအလေးပေး၍ နေရာထားခဲ့သည်ကို သိရှိနိုင်သည်၊၊

မဃဒေ၀လင်္ကာကျမ်းပြု မန်လည်ဆရာတော်ဘုရားကြီးသည်လည်း အမျိုးသမီးတို့လိုက်နာကြစေရန် မေတ္တာရှေ့ထားပြီး “မဃဒေ၀လင်္ကာကျမ်း”ကြီးအထဲတွင် အမျိုးသမီးတို့ သတိပြုဆင်ခြင်ဖွယ်ရာများကို မြတ်စွာဘုရားရှင် ဟောပြောသွန်သင်ဆုံးမထားသော ပါဠိတော်များအထဲမှ ပါဠိစာသားများကို လင်္ကာများစီကုံး၍ ကျမ်းကြီး၏အဓိကကျောရိုးသဖွယ် ဆုံးမထားသည်ကို လေ့လာရပါသည်၊၊ အခြားသော ကျမ်းများစွာတွင်လည်း အမျိုးသမီးများအကြောင်းကို များစွာပင်ဟောကြား၊ သင်ပြထားသည်ကို လေ့လာရသည်၊၊

လူသည် ဘ၀တွင်တစ်ဦးတည်း ရပ်တည်ရန်လွယ်ကူသည် မဟုက်သည်ကတစ်ကြောင်း၊ အခြားသော ချစ်ခြင်း တရားနှင့် သံယောဇဉ်နွယ်ကို ခုံမင်ကြသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် “အိမ်ထောင်”ဟူ၍ ပြုကြရသည်၊၊

ချစ်ခြင်းနှင့် သံယောဇဉ်နွယ်ကို တိုး၍ရစ်ပတ်လို၍ဖြစ်စေ၊ တစ်ဦးအကျိုးကို တစ်ဦးကပို၍ဖေးမကူညီ လို၍ဖြစ်စေ၊ ချစ်သူဘ၀မှ အိမ်ထောင်သည်များဘ၀သို့ အဆင့်တိုးမြှင့်လိုက်ကြသော်လည်း တကယ်တမ်း အိမ်ထောင်သည်ဘ၀များသို့ လက်တွေ့မျက်တွေ့ ကျရောက်ကြသောအခါတွင် များစွာသောအဆင်ပြေမှု၊ အဆင်မပြေမှုများစွာကို ရင်ဆိုင်ကြရသည်၊၊

ချစ်သူဘ၀တွင် တစ်ဦးကိုတစ်ဦး ချစ်သောမျက်စိသက်သက်ဖြင့်သာ ကြည့်၍မ၀ဖြစ်ခဲ့သည့်အတွက် အပြစ်တစ်စုံတရာကို မတွေ့မမြင်နိုင်ခဲ့သော်လည်း တကယ်တန်းတစ်အိုးတစ်အိမ်တည်ထောင်၍ လင်နှင့်မယားဟူ၍ ဖြစ်လာသောအခါတွင် တစ်ဦးကိုတစ်ကိုက အလိုကျသည်များ၊ အလိုမကျသည်များကို ရင်ဆိုင်တွေ့ကြုံလာရတော့သည်၊၊

လူနှစ်ယောက်သည် အလုံးစုံတွင်အကျင့်စရိုက်နှင့် ၀ါသနာထပ်တူ၊ ညီတူကျရန်အလွန်ခက်ခဲလှသည်၊ လင်နှင့်မယားတို့သည်လည်း “အရင်းနှီးဆုံး သူစိမ်း”များသာဖြစ်သည့်အလျောက် အကျင့်စရိုက်နှင့် ၀ါသနာများ မတူညီသည့်နေရာများစွာ ရှိနေနိုင်သည်၊၊

ထိုသို့သော မတူညီသည့်အကျင့်စရိုက်နှင့်ဝါသနာများကို ညှိယူနိုင်သောအိမ်ထောင်တစ်ခုသည် သာယာစိုပြေပြီး၊ မိမိဝါသနာနှင့်အကျင့်စရိုက်ကိုသာဦးစားပေးပြီး တခြားသူ၏အမူအကျင့်ကို သဘောမတွေ့နိုင်ပါမူ အောင်မြင်သည့်အိမ်ထောင်မှုကို မတည်ဆောက်နိုင်တော့ချေ၊၊

ဤသို့ဖြင့် များစွာသောအိမ်ထောင်မှုများသည် “ကွာရှင်းပြတ်စဲခြင်း”ဟူသော ခေါင်းစဉ်အောက်သို့ ကျရောက်ရတော့သည်၊၊ ဘ၀အဆက်ဆက်ချခဲ့ကြသည့် မေတ္တာပန္နက်များသည်လည်း ညှိုးနွမ်းခြောက်သွေ့သွားရတော့သည်၊၊

အရှင့်အနေဖြင့် သာယာသည့်မိသားစုဘ၀ကို လူသားတို့တည်ဆောက်နိုင်ကြပြီး၊ ပျော်ရွှင်ဖွယ်မိသား စုများဖြစ်လာကြစေရန်ရည်သန်လျက်၊ အရှင့်ဆိုက်တွင် မေးမြန်းသူများ၏အမေးတို့ကိုလည်း ပုဂ္ဂလိက သဘောဖြင့် မဖြေကြားလိုသည်ကြောင့် ‘သုဇာတာ’လို မိန်းကလေးစာတမ်းကို ရေးသားတင်ပြလိုက်ရပါသည်၊၊

စာဖတ်သူများအနေဖြင့် အရှင်၏တင်ပြချက်များထဲမှ ရှောင်သင့်သည်များ၊ ဆောင်ထားသင့်သည်များကို လေ့လာမှတ်သားပြီး အောင်မြင်သည့် ပျော်ရွှင်ဖွယ်မိသားစုဘ၀ကို တည်ဆောက်နိုင်ကြမည်ဟု အရှင် မျှော်လင့်မိပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “သုဇာတာ”အမည်ရှိအမျိုးသမီးအား ဇနီး(၇)မျိုးရှိကြောင်းကို ဟောပြောသင်ပြခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် အနာထပိဏ်သူဌေးအိမ်သို့ကြွတော်မူချိန် အိမ်အတွင်းတွင် ဆူပူအော်ဟစ်၊ ကျိန်းမောင်း၊
ဆဲဆိုသံများကို ကြားရ၍အကြောင်းကိုမေးသောအခါ အနာထပိဏ်သူဌေးကြီးမှ တပည့်တော်၏ချွေးမ “သုဇာတာ”၏အသံဖြစ်ပါကြောင်း၊ လင်သားနှင့်ယောက္ခမ၊မိဘများကို ရှိသည်ဟုပင်မှတ်ထင်ပုံမရကြောင်းကို လျောက်ထား ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် သုဇာတာအားခေါ်စေလျက် ဇနီး(၇)မျိုးအကြောင်းကို အသေးစိတ်သင်ပြ၊ ညွန်ပြခဲ့ပါသည်၊၊

(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3) အရှင်နှင့်တူသော ဇနီး၊
(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊တို့ ဖြစ်ပါသည်၊၊


(1) အမျက်ဒေါသကြီးမားသော ဇနီးသည်များသည် ခင်ပွန်းသည်ကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ များတွင်ထိခိုက်၊ နာကျင်၊ သေစေတတ်သောကြောင့် “သူသတ်နှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(2) မိသားစု၏စီးပွားဥစ္စာကို လွဲမှားသောနည်းဖြင့် အသုံးပြုလေ့ရှိသောဇနီးများသည် “ခိုးသူနှင့်တူသော ဇနီး”ဟု ခေါ်ရပါသည်၊၊

(3) ခင်ပွန်းသည်ကို အရာရာတွင်ဦးဆောင်လေ့ရှိပြီး၊ ခင်ပွန်းသည်ကို ကျွန်ကိုကဲ့သို့စေခိုင်းတတ်သော ဇနီးသည်များသည် “အရှင်နှင့်တူသော ဇနီး”ဟု ခေါ်ဆိုရပါသည်၊၊

(4) ခင်ပွန်းသည်အပေါ်တွင် မေတ္တာအားကြီးပြီး၊ မိခင်များကဲ့သို့ဆက်ဆံသော ဇနီးသည်များသည် “အမိနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(5) ခင်ပွန်းသည်ကို အစ်ကိုကြီးတစ်ဦးကဲ့သို့သဘောထားပြီး၊ ရိုသေလေးစားလျက်၊ အစစအရာရာတွင်
အားကိုး၊ အားထားလေ့ရှိသော ဇနီးသည်များသည် “နှမနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(6) ခင်ပွန်းသည်နှင့်အတူ “မောင်တစ်ထမ်း၊ မယ်တစ်ရွက်”စီးပွားအတူပြုလုပ်တတ်ပြီး၊ ကူညီရိုင်းပင်းတတ် သောဇနီးသည်များသည် “မိတ်ဆွေနှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊

(7) ခင်ပွန်းသည်ကို “သားကို သခင်၊ လင်ကို ဘုရား”သဘောထား၍ လေးစားတတ်သောဇနီးသည်များသည် “ကျွန်နှင့်တူသော ဇနီး”ဖြစ်ပါသည်၊၊


အထက်တွင်ဆွေးနွေးတင်ပြခဲ့သည်များမှာ ဗုဒ္ဓရှင်တော်ကိုယ်တိုင် ညွန်ပြထားသည့်ဇနီးသည်များအကြောင်း ဖြစ်ပါသည်၊၊ ထိုဇနီး(၇)မျိုးတွင်-

“(1) သူသတ်နှင့်တူသော ဇနီး၊
(2) ခိုးသူနှင့်တူသော ဇနီး၊
(3)အရှင်နှင့်တူသော ဇနီး”
သုံးမျိုးတို့သည် သေလွန်သည့်အခါတွင် အပါယ်ငရဲသို့ကျရောက်တတ်ရုံမျှမက၊ မျက်မှောက်ဘ၀တွင်လည်း ချမ်းသာမှုကိုမခံစားရဟု သုဇာတာအမျိုးသမီးအား ဗုဒ္ဓရှင်တော်က ဟောပြောပါသည်၊၊

ပို၍သတိပြုသင့်သည်မှာ ဤဇနီးသုံးမျိုးတို့သည် သံသရာတွင်ကျင်လည်ရသောဘ၀များတွင်လည်း အမသတ္တ၀ါများချည်းသာဖြစ်ရသည်ဟု အဓိပ္ပါယ်ယူ၍ရနိုင်သည့် ဗုဒ္ဓရှင်တော်၏ဟောပြော၊ သတိပေး ချက်ဖြစ်ပါသည်၊၊

“(4) အမိနှင့်တူသော ဇနီး၊
(5) နှမနှင့်တူသော ဇနီး၊
(6) အဆွေခင်ပွန်းနှင့်တူသော ဇနီး၊
(7) ကျွန်နှင့်တူသော ဇနီး၊”
လေးမျိုးတို့သည် သေလွန်သည့်အခါ အဆင့်မြင့်ဘ၀များသို့လားရောက်ရတတ်ပြီး၊ မျက်မှောက်ဘ၀တွင်လည်း အိမ်ထောင်မှုချမ်းသာကို ခံစားရသည်ဟု ဗုဒ္ဓရှင်တော်က မိန့်တော်မူပါသည်၊၊

ဤလေးမျိုးသော သဘာဝအမူအကျင့်ရှိကြသည့်ဇနီးတို့သည် ဘ၀သံသရာတွင်ကျင်လည်ရသည့် အခါတွင်လည်း အဖိုသတ္တ၀ါအဖြစ်/အမျိုးသားအဖြစ် ဘ၀များကိုရရှိဆုတောင်းနိုင်သည်ဟု မိန့်တော်မူ ထားပါသည်၊၊

ဗုဒ္ဓရှင်တော်သည် ဇနီးခုနှစ်မျိုးကို အသေးစိတ်ရှင်းလင်းဟောပြောပြီးသောအခါ သုဇာတာအမျိုးသမီးအား “သင်သည် ညွှန်ပြပြီးသော ဇနီးခုနှစ်မျိုးတွင် မည်သည့်အမျိုးအစားတွင် ပါဝင်မည်နည်း”ဟု မေးမြန်းသောအခါ သုဇာတာအမျိုးသမီးမှ “ဘုရားတပည့်တော်သည် ယနေ့မှအစပြုပြီး၊ ကျွန်ကဲ့သို့သော ဇနီးဖြစ်ပါတော့မည်ဟု လျောက်ထားခဲ့ပါသည်၊၊”

မှန်သည်၊ အမျိုးသမီးနှင့်အမျိုးသားတို့သည် မည်မျှတူညီအောင်ညှိကြသော်လည်း သဘာဝအားဖြင့်ပင် တူညီသည်မဟုက်ကြ၊ ထို့ကြောင့် ခင်ပွန်းသည်နှင့်ဇနီးသည်ဟု ဖြစ်လာသောအခါတွင် မိမိခင်ပွန်းသည်ကို တလေးတစားဆက်ဆံသင့်သည်မှာ မြတ်စွာဘုရားရှင်၏အဆုံးအမဖြစ်ပါသည်၊၊

သို့သော်နေရာတိုင်းနှင့် အခြေအနေတိုင်းတွင် “ခြွင်းချက်”များ အသီးသီးရှိနေတတ်သည့်သဘာဝရ
ဇနီးသည်များအနေဖြင့် “လင်ကို ဘုရား”သဘောထား၍ ဆက်ဆံရန်မဖြစ်နိုင်သော အခြေအနေများလည်း ရှိနေတတ်ပါသေးသည်၊၊

ဤသည်မှာ ကံကြမ္မာမျက်နှသာ မပေးခြင်းမျှဖြစ်၍ ပြုပြင်ရန်လွန်စွာခက်ခဲလှသည်၊၊ ထို့ကြောင့်ပင် မြန်မာဆိုရိုးစကားတွင် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုပ်ထိုး၊ ဤသုံးမျိုးအစ မပိုင်လျင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး၊”ဟု ဆိုထားခြင်းဖြစ်ပါသည်၊၊

ပြင်ဆင်ပြောင်းလဲရန်ခက်ခဲသည့်အရာကို ဖန်တီးတည်ဆောက်ထားမိသူများအနေဖြင့် အကောင်းဆုံးလိုချင် နှစ်သက်သည့်အခြေအနေနှင့် ပုံစံကိုမရရှိခဲ့လျင် ရရှိလာသည့်အခြေအနေနှင့်ပုံစံကို အကောင်းဆုံးအခြေ အနေဖြစ်ပေါ်လာအောင် ကြိုးစားခွင့်ရှိသည်ကို မမေ့သင့်ပါချေ၊၊

ထိုသို့မဟုက်မူဘဲ “ပေါက်တဲ့နှဖူး မထူးပါဘူး”ဟု စိတ်ကိုပြုပြင်မယူတတ်လျင် ဘ၀သည် အဆိုးဘက်သို့သာဦးတည်တော့မည် အသေအခြာဖြစ်ပါသည်၊၊ မည်မျှဆိုးဝါးသည့်အခြေအနေဖြစ်စေကာမူ
အကောင်းသို့ပြုပြင်၍ လုံးဝမရတော့သော အခြေအနေဟူသည်မရှိကြောင်း စာပေသာဓကများစွာရှိပါသည်၊၊

ဗုဒ္ဓလက်ထက်တော်က သူဌေးသမီးတစ်ဦးသည် ပညာရေးမပြီးဆုံးခင် နွမ်းပါးသည့်အမျိုးသားတစ် ယောက်အပေါ် သံယောဇဉ်ပိုမိရာမှ၊ ထားမိသည့်သံယောဇဉ်အမျှင်တန်းကို ရှင်ခမ်းမဖြတ်နိုင်တော့၍ ခေါ်ရာနောက်သို့ လိုက်သွားခဲ့သည်၊၊

ဝေးလံသည့်တောအရပ်တွင် သားနှစ်ဦးရသည်၊၊ ခင်ပွန်းသည်မှာ ပိုးထိ၍သေဆုံးသွားသည်၊ သားနှစ် ယောက်မှ တစ်ယောက်သည် ရေတွင်နစ်၍သေဆုံးသည်၊ ကျန်တစ်ယောက်မှာ ငှက်ကြီးတစ်ကောင်မှ သားတစ်ထင်မှတ်၍ သုတ်ချီသွားသဖြင့် သေဆုံးသွားပြန်သည်၊၊ သူဌေးသမီးလေးမှာ မိဘများရှိရာ သို့ပြန်လာခဲ့သည်၊ ဇာတိမြို့သို့ရောက်သောအခါ မိဘများမှာမီးလောင်၍ သေဆုံးသွားကြောင်း သိလိုက် ရသည်၊၊

ဤမျှဆိုးဝါးသောအဖြစ်ကို စာဖတ်သူ မတွေ့ကြုံရသည်မှာ သေခြာပါသည်၊၊ “မှောင်မိုက်ဆုံးအချိန်သည် မိုးလင်းခါနီး ဖြစ်နေတတ်သည်”ကို မမေ့အပ်ပေ၊ သူဌေးသမီးလေးမှာ ခါးသီးသောဘ၀လှိုင်းဒဏ်များ အောက်တွင် နစ်မြုပ်မသွားဘဲ၊ ဗုဒ္ဓသာသနာတော်တွင် ဧတဒတ်ဘွဲ့ထူးရ ရဟန္တာဘိက္ခူနီမကြီး ဖြစ်လာခဲ့ပါသည်၊၊

ဘ၀နာလွန်းသူများသည် အများတကာထက် "အသိ၊ သတိ" သာလာတတ်သည်ကို အခွင့်ထူးအနေဖြင့် သိသင့်သည်၊၊

ဖော်ပြပြီးသည့် သာဓကကိုထောက်ဆခြင်းဖြင့် မည်သည့်အခြေအနေတွင်မဆို ကြိုးစားခွင့်ရှိနေသေး သည်ဆိုသည်မှာ သိသာထင်ရှားသည်၊၊ ပြုပြင်ယူလိုစိတ်ရှိဖို့ရန်ကား ဘုရားပေး၍မရသော မိမိ၏စိတ် ထားအပေါ်တွင် တည်မှီပေတော့မည်၊၊

တင်ပြပြီးသည်များကို အနှစ်ချုပ်ဆွေးနွေးတင်ပြရလျင် ဗုဒ္ဓရှင်တော်ချီးမွှန်းသည့် ဇနီးလေးမျိုးထဲမှ တစ်မျိုးမျိုးဖြစ်အောင် ကြိုးစားသင့်လှပါသည်၊၊ အကယ်၍ တစ်စုံတရာလွဲချော်ခဲ့သော် ပြုပြင်ယူလိုစိတ်ကို စနစ်တကျတည်ဆောက်ပြီး ဘ၀ကိုအကောင်းဆုံးဖြောင့်မတ်၍ ရယူရန်ဖြစ်ပါသည်၊၊

အိမ်ထောင်မှုတွင် အမျိုးသမီးများသည် အဓိကအခန်းကဏ္ဍမှပါဝင်ရသူများဖြစ်၍ သာယာစိုပြေပြီး၊ ချစ်မငြီးသည့် ဇနီးမောင်နှံ၊ မိသားစုဘ၀များဖြင့် လောကကိုတန်ဆာဆင်နိုင်ကြစေရန် “အလင်းစက် အရှင်” ဤစာတမ်းကိုတင်ပြ ဆွေးနွေးအပ်ပါသည်၊၊

“အလင်းစက်”သို့ လာရောက်လေ့လာသူများ အောင်မြင်သည့် မိသားစုဘ၀များဖြင့် ဘ၀နှင့်လောကကို လှပစေသူများ၊ လောကီဘ၀တွင် အကောင်းဆုံးမိသားစုဘ၀ချမ်းသာကို ဆောင်သင့်သည်များကို ဆောင်၊ ရှောင်ရှားသင့်သည်ကိုများကိုရှောင်ရှားပြီး တည်ဆောက်အောင်မြင်ကြပါစေကြောင်း စေတနာဆန္ဒ ပြုလိုက်ရပါသည်၊၊

ချစ်ကြိုးမပြတ်၊
ဆင့်ဆင့်ပတ်၍၊
ကြင်မြတ်လေးကြ၊ စေသတည်း။ ၊၊


(ဘလ္လာတိယပျို့)


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်း၊ သီရိလင်္ကာနိုင်ငံ၊၊
(၂၉.၆.၂၀၁၁)

အပြည့်အစုံသို့....

Sunday, June 26, 2011

University of Kelaniya, Sri Lanka



History

The University of Kelaniya has its origin in the historic Vidyalankara Pirivena, founded in 1875 as a centre of learning for Buddhist monks. It was one of the two great national centres of traditional higher learning, heralding the first phase of the national movement and national resurgence.

With the establishment of modern Universities in Sri Lanka in the 1940s and 1950s, the Vidyalankara Pirivena became the Vidyalankara University in 1959, later the Vidyalankara Campus of the University of Ceylon in 1972 and, ultimately, the University of Kelaniya in 1978.

Today, the University of Kelaniya is one of the major national Universities. It is located just outside the municipal limits of Colombo, in the ancient and historic city of Kelaniya, on the north bank of the Kelani River. It has two major campuses, seven locations, six faculties and four institutions.

The University of Kelaniya has pioneered a number of new developments in Higher Education. It was one of the first Universities to begin teaching science in sinhala, and also the first to restructure the traditional Arts Faculty into three separate Faculties of Humanities, Social Sciences and Commerce and Management. It also has several unique Departments not generally found in the Sri Lankan University system and some Kelaniya innovations have been adopted subsequently by other Universities. These include the Departments of Industrial Management and Microbiology in the Faculty of Science; Departments of Linguistics, Fine Arts, Modern Languages and Hindi in the Faculty of Humanities; and Mass Communication and Library and Information Sciences in the Faculty of Social Sciences.>

In Keeping with its historical root, the University is one of the national centers of excellence in Pali and Buddhist Studies and related fields. It has long established and well-developed Departments of Pali and Buddhist Studies (incorporating chairs in Buddhist Civilization and Buddhist Philosophy), Sanskrit, Linguistics, Philosophy, Sinhala, and Hindi, as well as the Postgraduate Institute of Pali & Buddhist Studies.

Kelaniya also maintains close links with the Buddhist and Pali University of Sri Lanka (whose Vice-Chancellors have often been drawn from University of Kelaniya Faculty). Thus, the University of Kelaniya forms the centre of an academic complex, specializing in modern developments in traditional disciplines. It also retains a close link with its mother institution, the Vidyalankara Pirivena, whose Head is also the Chancellor of the University.

At the same time, the University of Kelaniya has a modern and multi-cultural structure and perspective, with the Faculties of Science, Medicine, Social Sciences and Commerce & Management and a strong base in modern languages, including the teaching of Chinese, English, French, German, Hindi, Japanese, Russian, Tamil, and Modern Linguistics. Presently engaged in extensive restructuring as it enters the 21st century, the University of Kelaniya looks forward to a new phase in its 125-year history of development.

(Note/ From University of Kelaniya's Website)

အပြည့်အစုံသို့....

Wednesday, June 15, 2011

ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း၊၊ ၊၊





စစ်ပွဲတစ်ခုကို တိုက်ခိုက်ရသည်နှင့် ဘ၀တစ်ခုကိုရုန်းကန်ရသည်မှာ တူညီသည်ဟု ဆိုနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲတိုင်းတွင် အရှုံးနှင့်အနိုင်ဟုရှိနေပြီး၊ ဘ၀တွင်လည်းအရှုံးနှင့် အနိုင်ဟုနည်းတူရှိနေသောကြောင့် ဖြစ်သည်၊၊

လူတို့သည် ဘ၀တွင်အနိုင်ရမှုကို လွန်စွာမြတ်နိုးသည်၊ အရှုံးကိုမူ မုန်းတီးစက်ဆုပ်တတ်ကြပြန်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ လူသည်အရှုံးနှင့် အနိုင်ကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ တပ်မက်သောစိတ်ကြောင့် ဖြစ်ရသည်၊၊

အရှုံးနှင့်အနိုင်ကို နှစ်သက်သည့်စိတ်အခြေခံရှိနေရကား မည်သည့်နေရာတွင်မဆို မည်သည့်နည်းနှင့်ဖြစ်ဖြစ် အနိုင်ရသည်ကို ကြံစီတွေးတောနေတတ်ကြသည်၊၊ မိသားစုတွင်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ပေါင်းဖော်ရာတွင်ဖြစ်စေ၊ မိတ်ဆွေများနှင့်ဆက်ဆံရာတွင်ဖြစ်စေ မိမိအသာရသည်ကို ကျေနပ်လေ့ရှိသည်၊၊ အဆုံးစွန်အားဖြင့် မိဘနှင့်သားသမီးဆက်ဆံရာမှာပင် မိမိအနိုင်လိုချင်တတ်သည်၊၊ ညီကိုမောင်နှမ ဆက်ဆံရေးတွင်ကား ပြောဖွယ်ပင်မလိုတော့ပေ၊၊

အမှန်စင်စစ် အရှုံးနှင့်အနိုင်ကို တပ်မက်သောစိတ်ရှိနေသမျှ လူသား၏ဘ၀တွင် ငြိမ်းအေးမှုကို မမျှော်လင့်နိုင်ချေ၊၊ အနိုင်ရမှုကိုအလိုရှိသဖြင့် အနိုင်ရနိုင်မည့်နည်းမျိုးစုံကိုအသုံးပြုရင်း ကောက်ကျစ်သည့် အခြေအနေများသို့လည်း များစွာရောက်ရှိသွားတတ်သေးသည်၊၊ နည်းမှားကိုအသုံးပြုလိုက်ရစေကာမူ သံသရာနှင့်လောကကို သိတတ်သည့်စိတ်တပိုင်းတစ်စကလည်း မိမိတွင်ရှိနေသေး၍ နောင်တရနေ တတ်ပြန်သည်၊၊

အနိုင်ကိုတပ်မက်လွန်းသောစိတ်သည် မည်သည့်အရာကိုမဆို ပြုလုတ်ရန်ဝန်မလေးတတ်၊ ရက်စက်ဝံ့သည်၊ ယုတ်မာဝံ့သည်၊ ကြင်နာပြတတ်သည်၊ ချစ်ခင်ဟန်လည်းဆောင်တတ်သေးသည်၊၊ ဤသို့သောစိတ်အခြေခံများကို ရင်ထဲတွင်သိုလှောင်ထားသည့် အနိုင်ကိုတပ်မက်သူကိုယ်တိုင်၏ ရင်ထဲ၊ နှလုံးသားတွင်လည်း အေးချမ်းမှုမရှိ၊ အစဉ်ပူလောင်နေရတတ်သည်၊၊

မိမိဘ၀အတွက်အေးချမ်း၊ ငြိမ်သက်သည့် ဘ၀ထွက်ပေါက်ကိုရှာမှ ထွက်ပေါက်ပိတ်မိနေသူများပင် ဖြစ်ရတော့သည်၊၊ အရှုံးနှင့်အနိုင်ကိုတပ်မက်လွန်းသော အတ္တဗဟိုရ်ပြုသူ တစ်စုံတစ်ယောက်ရှိနေ သောပတ်ဝန်းကျင်သည်လည်း ငြိမ်းချမ်းမှုအရသာကို မခံစားရ၊ အမြဲရှုပ်ထွေးနေရသည်၊၊

“ဓမ္မပဒ”တွင် အနိုင်+အရှုံးနှင့်ဆက်စပ်၍ ဗုဒ္ဓရှင်တော်မိန့်ကြားသော အဆိုအမိန့်တစ်ခုမှာ လွန်စွာထိရောက်ပြီး၊ တန်ဖိုးရှိလှသည်၊၊ သိပ်ခက်ခဲသည့်ပါဠိစာသားမဟုက်၍ မူရင်းပါဠိစာသားကို တင်ပြလိုက်ပါသည်၊၊

(မှတ်ချက်/ ပါဠိစာသားကို ဖတ်ရန်ခက်ခဲလျင် ဤပါဠိစာသားကို ကျော်ဖတ်လျင်လည်း စာတမ်း၏ဆိုလိုချက်အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါသည်၊၊)

“ဇယံ ဝေရံ ပသoတိ၊ ဒုက္ခံ သေတိ ပရာဇိတော၊၊
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ၊၊”


ပါဠိဂါထာလေး၏ သဘောအဓိပ္ပါယ်ကို ဆွေးနွေးကြည့်ရအောင်ပါ၊၊ “စစ်ပွဲမှာ အနိုင်ရသူသည် နိုင်သည့်အတွက် ပျော်ရသည်၊ သို့သော် ရန်သူပိုများလာသည်၊ မုန်းတီးသူပိုများလာသည်၊၊ စစ်ပွဲတွင် ရှုံးနိမ့်သွားလျင် စိတ်ဆင်းရဲရသည်၊၊ အနိုင်အရှုံးကို မတပ်မက်သောစိတ်ထားသည်သာ စင်စစ်ငြိမ်းအေးပြီး၊ ချမ်းသာရသည်၊၊”

စစ်ပွဲတစ်ခုတွင် အနိုင်ရသောအခါ မိမိဘက်ကနိုင်သည့်အတွက် ပျော်ရသည်ကားမှန်သည်၊ သို့သော် အရင်ကထက် မိမိကိုမုန်းတီးသူပိုများလာသည်၊ ရန်သူပိုများလာသည်မှာလည်း အမှန်ပင်ဖြစ်သည်၊၊ မုန်းတီးသူ၊ ရန်သူပိုများလာသောအခါ မိမိဘ၀သည် လုံခြုံမှုမရှိတော့ပေ၊ မိမိအပေါ်မကောင်းမြင်၍ အမနာပပြောသူလည်း ပိုများလာသည်၊၊ အိပ်ကောင်းတိုင်း မအိပ်ရ၊ စားကောင်းတိုင်းမစားရဘဲ၊“ကျီး လန့်စာစားနေရသည့်ဘ၀”ဆိုသည်မှာ ဤဘ၀မျိုးဖြစ်သည်၊၊

ထိုသို့သောအခြေအနေတွင် မိမိသည်စိတ်ဓာတ်ရင့်ကျက်၍ ရပ်တည်နိုင်သူဖြစ်က အကြောင်းမဟုက်၊ စိတ်ဓာတ်ပျော့ညံ့သူဖြစ်နေပါမူ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားရမည်ဖြစ်ပါသည်၊၊ မိမိအပေါ်တွင် အပေါ်၊ အောက်၊ ဘေးဝဲယာဒေါင့်မျိုးစုံမှတိုက်ခိုက်သူ၊ ထိုးနှက်သူများလာမည် ဖြစ်သည်၊၊

အနိုင်+အရှုံးကိုမတပ်မက်သည့် စိတ်ထားနူးညံ့သောသူများမှာမူ မည်သူ့အပေါ်တွင်မှ အနိုင်မရသည့်အတွက် မုန်းတီးသူမရှိ၊ ရန်သူမရှိတော့ပေ၊၊ ငြိမ်းအေးသောဘ၀ကို နေရာတိုင်းတွင်အနိုင်လိုချင်ပြီး၊ ထက်မြက်သူများထက် ဤကဲ့သို့စိတ်ထားရှိသူများသာ ရရှိတတ်သည်ကို ဓမ္မပဒအဆိုအမိန့်က သင်ပြထားပါသည်၊၊

အရှုံးအနိုင်ကို ထည့်တွက်မစဉ်းစားခြင်းမှာ စိတ်သဘောထားနူးညံ့ခြင်းကို ပြသခြင်းဖြစ်သည်၊၊ ကြာလာသည်နှင့်အမျှ စိတ်ထားနူးညံ့သူကို ပတ်ဝန်းကျင်ကနေရာပေးလာပြီး၊ ငြိမ်းအေးသောဘ၀ကို ကိုယ်တိုင်မဖန်တီးရဘဲ ရလာတတ်သည်ကိုတွေ့ရသည်၊၊ စိတ်ထားနူးညံ့သူ၊ အေးဆေးတည်ငြိမ်သူရှိသော ပတ်ဝန်းကျင်သည်လည်း အေးချမ်းသည့်အခြေအနေကို ပိုင်ဆိုင်ရသည်၊၊

ဘ၀တွင်အေးအေးဆေးဆေးဖြင့်၊ အပူကိုမလိုချင်သောသူများစွာတို့သည် ထက်မြက်သူများထံမှာထက် နူးညံ့သူများအထံသို့ ချည်းကပ်လေ့ရှိကြသည်၊၊ ဤသို့ဖြင့် နူးညံ့သည့်စိတ်ထား နှလုံးသားပိုင်ရှင်များမှာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးလျက်သားဖြစ်သွားတော့သည်၊၊

သဘာဝအားဖြင့် နေရာတိုင်းတွင်အသာလိုချင်သူများမှာ ထက်မြက်သူများဖြစ်နေတတ်သည်၊ သို့သော် အများကကြောက်လန့်သဖြင့် အထီးကျန်သူများလည်း ဖြစ်ရပြန်သည်၊၊ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်”စာအုပ်ထဲတွင်“စိတ်ဓာတ်ကြီးသူများ၊ ထက်မြက်လွန်းသူများကို တစ်ခါ တရံ လောကကြီးက ပြောင်လှောင်တတ်ကြောင်း၊၊”ဖော်ပြထားသည်ကို လေ့လာရဘူးပါသည်၊၊

မှန်သည်၊၊ လောကကြီးတွင် လိုအပ်သမျှကို စိတ်ဓာတ်ကြီးကြီးဖြင့်ကြိုးစားသူများကို လောကကြီးက လွဲချော်မှုများ၊ ပျက်ရယ်ပြုမှုများဖြင့် နောင်ပြောင်ကြည်စားတတ်သည်ကို ပတ်ဝန်းကျင်အတွေ့အကြုံများမှ သင်္ခန်းစာရမိသည်၊၊ သို့သော်အစဉ်တစိုက်ကြိုးစားသူများအတွက် လောကကြီးသည် ကြာကြာ မနောက်ပြောင်တတ်သည်ကိုလည်း တွေ့ရသည်၊၊

အထက်တွင်ဆွေးနွေးခဲ့သည့် ဓမ္မပဒအဆိုအမိန့်လေး၏ နောက်ခံဇာတ်ကြောင်းကို ဤနေရာတွင် တင်ပြအပ်ပါသည်၊၊ ကောသလနှင့်၊ “ဝေဒေဟီ”တို့သည် မောင်နှမအရင်းဖြစ်သည်၊ အရွယ်ရောက် သောအခါ “ကောသလလုလင်”သည် ကောသလမင်းဟုဖြစ်လာပြီး၊ နှမတော်ဝေဒေဟီသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့်ထိမ်းများပြီး မိဗုရားဖြစ်လာခဲ့သည်၊၊

နှမတော်ဝေဒေဟီမှ “အဇာတသတ်မင်းသား”လေးကို ဖွားမြင်လာခဲ့သည်၊၊ အဇာတသတ်လုလင်သည် ငယ်စဉ်ကပင် သာမန်လူသားတို့ထက် ကာယအားကြီးမားသူဖြစ်သည်၊၊ ဖခင်ဗိမ္ဗိသာရမင်းကြီး နတ်ရွာ စံပြီးသောအခါ သူသည်ရာဇဂဟပြည့်ရှင် “အဇာတသတ်မင်း”ဟု ဖြစ်လာခဲ့သည်၊၊

အဇာတသတ်ရှင်ဘုရင်သည် အိမ်နီးခြင်းဖြစ်သော ဦးရီးတော် “ကောသလမင်း”၏နိုင်ငံကို အနိုင်သိမ်းပိုက်လိုသည်၊ ထို့ကြောင့် ဦးရီးတော်အားစစ်ကြေငြာပြီး စစ်တိုက်သည်၊ မြို့ငယ်များစွာကို စစ်နိုင်ပြီးသိမ်းပိုက်မိသည်၊၊ ဦးရီးတော်နန်းစိုက်သော ကောသလမြို့တော်ကလွဲလျင် မြို့တော်ကြီးများအားလုံး အဇာတသတ်လက်ထဲသို့ကျရောက်ကုန်သည်၊၊ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဦးရီးတော်ကို စစ်တိုက်နေသော အဇာတသတ်မှာအသက်အရွယ်အားဖြင့် နှစ်ဆယ်မျှမပြည့်သေးသော လုလင်အရွယ်မျှသာရှိသေးသည်၊၊

ကောသလမင်းကြီးသည် တူတော်နှင့်စစ်တိုက်တိုင်းရှုံးနိမ့်သဖြင့် လွန်စွာရှက်ပြီး၊ အစာမစား၊ ရေမသောက်ဘဲ အိပ်ရာတွင်အိပ်၍သာ အသေခံမည်ဟုဆုံးဖြတ်လေသည်၊၊ ကောသလဘုရင်ကြီးသည် အမိနို့နံ့မျှမစင်သေးသော တူတော်အားစစ်ရှုံးရသည်ထက် သေရသည်ကကောင်းသေးသည်ဟု တွက် ဆထားလိုက်သည်၊၊

ကောသလရှင်ဘုရင်ကြီး အစားမစားတော့ဘဲ အိပ်ရာထက်တွင်အသေခံတော့မည့်သတင်းကို ဗုဒ္ဓရှင်တော်သည် သံဃာတော်များမှတဆင့်ကြားသိရသောအခါ အထက်တွင်ဆွေးနွေးတင်ပြခဲ့သော ဓမ္မပဒဂါထာလေးကို မိန့်တော်မူခဲ့ခြင်းဖြစ်သည်၊၊

“ဘ၀တွင်အနိုင်ရလျင် ရန်သူများသည်၊ ရှုံးလျင် စိတ်ဆင်းရဲသည်၊၊ အနိုင်နှင့်အရှုံးကို မတောင့်တသော စိတ်ထားရှိသူများသာ ချမ်းသာရာရသည်၊၊”

ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ မြန်မာစစ်ပွဲကြီးများအကြောင်းကို အသေးစိတ်လေ့လာသောအခါ ထို စစ်ပွဲကြီးများသည် ကြီးမားသောပြဿနာကြီးများမှစသည်မဟုက်ခဲ့ကြဘဲ အသေးအမွှားပြဿနာ လေးများမှ “အမှိုက်ကစ ပြာသာဒ်မီးလောင်”ခဲ့ကြရသည်ကို တွေ့ရသည်၊၊ တစ်ဦးတယောက်၏ အတ္တဗဟိုရ်ပြု၊ အနိုင်ရလိုမှုအောက်တွင် လူများပေါင်းများစွာ ဒုက္ခရောက်ရသည်ကို တွေ့ရသည်၊၊

မိသားစုပြဿနာများတွင်လည်း အကြောင်းပြချက်ကြီးကြီးမားမားများမရှိဘဲ၊ အသေးအမွှားမိသားစုဝင် တစ်ယောက်ယောက်၏ လွှမ်းမိုးလိုမှုကြောင့်ဖြစ်ရသည်ကို သတိပြုမိသည်၊၊ အရာရာတွင်အနိုင်ရလိုစိတ်၊ အသာယူလိုစိတ်သည် မိသားစုဘ၀မငြိမ်းချမ်းမှု၊ အသိုင်းအ၀ိုင်းအဆင်မပြေမှုနှင့်၊ အိမ်ထောင်ရေးမသာယာမှုကို ပေးတတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်၊၊

အနိုင်နှင့် အရှုံးကိုထည့်သွင်းမစဉ်းစားဘဲ အများချမ်းသာဖို့ကို အလေးထားသောလူများများရှိသောပတ်ဝန်းကျင်နှင့် မိသားစုတို့သည် စင်စစ်အေးငြိမ်းချမ်းသာမှုကို ခံစားကြရသည်၊၊ ဤနေရာတွင် ဇာတ်လမ်းတစ်ခုကို အမှတ်ရမိပါသည်၊၊

တစ်ခါက ဂေါသိင်္ဂ=အင်းကြင်းဥယျာဉ်ထဲတွင် အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်းသုံးပါး အတူနေထိုင်ကြသည်၊၊ ထိုဥယျာဉ်သို့ တစ်နေ့သောအခါ ဗုဒ္ဓကြွလာပြီး အရှင်ကိမိလကို မေးသည်၊

“ကိမိလ, ဥယျာဉ်ထဲတွင် သုံးဦးအတူနေရသည်မှာ အဆင်ပြေကြသလား၊ တည့်မတ်ကြရဲ့လား၊”ဟုမေး မြန်းပါသည်၊ အရှင်ကိမိလမှ ဘုရားရှင်အားပြန်လည်ဖြေပုံမှာ စိတ်ဝင်စားဖွယ်ရှိသည်၊၊

“ဗုဒ္ဓအရှင်, တပည့်တော်သည် သုံးဦးအတူနေချိန်တွင် ကိုယ့်ဆန္ဒကိုထက် သူငယ်ချင်းနှစ်ပါး၏ ဆန္ဒကိုသာအမြဲကြည့်ရှုပြီး၊ ချစ်သောမျက်လုံးဖြင့်သာသူငယ်ချင်းများအပေါ်ကြည့်ရှုပြီးနေခဲ့သည့်အတွက် နေရသည်မှာအလွန်အဆင်ပြေပါကြောင်း၊ ငြိမ်းအေးမှုကိုရ ရှိပါကြောင်း”လျောက်ထားသည်၊၊ ချစ်သောမျက်လုံးဟူသည်ကို ပါဠိဝေါဟာရဖြင့် “ပိယစက္ခု”ဟု ခေါ်ပါသည်၊၊

ဗုဒ္ဓရှင်တော်က “ကိမိလ,သင့်အဖြေမှန်လှပေသည်”ဟုချီးမွှန်းပြီ၊ အခြားအရှင်နန္ဒိယနှင့် အရှင်အနုရုဒ္ဓါတို့ကို မေးသောအခါတွင်လည်း အရှင်ကိမိလနည်းတူ ဖြေကြလေသည်၊၊

လူတို့သည် နှစ်ယောက်ရှိလျင် မိမိကအသာလိုချင်သည်၊ မိမိဆန္ဒကိုသာ ဦးစားပေးသည်၊ အလွန်မှားယွင်းသော စိတ်ထားဖြစ်သည်ကို အထက်ပါဇာတ်လမ်းက သာဓကပြုနေပါသည်၊၊ သည်သို့သောစိတ်ထားမျိုးဖြင့် ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်တစ်ခုကို မတည်ဆောက်နိုင်ချေ၊၊ အမှန်မှာ မိမိဆန္ဒထက် သူတစ်ပါးဆန္ဒကိုဦးစားပေးတတ်လျင် ဆက်ဆံရေးအဆင်ပြေပြီး၊ အေးချမ်းသည့် မိသားစုဘ၀နှင့် ပတ်ဝန်းကျင်ကိုရရှိမည် ဖြစ်သည်၊၊

ထိုသို့မဟုက်ပါမူ မိသားစုခြင်း၊ သူငယ်ချင်းခြင်း၊ မိတ်ဆွေခြင်း၊ ချစ်သူခြင်း၊ ဇနီးမောင်နှံခြင်းအမြဲတမ်း တစ်ဦး၏ပျက်စီးမှုကိုတစ်ဦးက ရှေးရှုနေတတ်သည်ကို သတိမူသင့်သည်၊၊ မိမိက သူတပါးဆန္ဒကိုအလေးထားလာသောအခါ သူတစ်ပါးသည်လည်း အလိုအလျောက် မိမိကိုအလေးထားလာမည်ကို အတ္တဗဟိုရ်ပြုသူတို့မေ့လျော့နေသည်၊၊

တစ်ဦးအလိုဆန္ဒကို တစ်ဦးကလိုက်လျောလေးစားကြရာမှ အခြင်းခြင်းလေးစားမှု၊ တန်ဖိုးထားမှု၊ ခင်မင်တွယ်တာမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ဘ၀သည် အေးချမ်းပြီး၊ ငြိမ်းချမ်းသာယာလာရသည်ကို တွေ့ရမည်ဖြစ်သည်၊၊

စာတမ်းတွင်တင်ပြခဲ့သည်များကို အနှစ်ချုပ်လျင် ငြိမ်းချမ်းအေးမြသည့်ဘ၀နှင့် ပတ်ဝန်းကျင်ကိုတည် ဆောက်ရန်အတွက်-
= အနိုင်အရှုံးကို မတပ်မက်သောစိတ်ထား၊
= အနင့်နာခံစိတ်၊
= အခြင်းခြင်းလေးစားစိတ်၊
= သူတစ်ပါး၏ဆန္ဒကို အလေးထားစိတ်၊
= မိမိဘ၀နှင့် ပတ်ဝန်းကျင်ကို အမှန်တကယ် ငြိမ်းအေးစေလိုစိတ်
တို့ရှိရန် အထူးလိုအပ်ကြောင်း သုံးသပ်ရပါသည်၊၊

“အလင်းစက်”သို့ စာဖတ်သူများ အေးငြိမ်းသောဘ၀၊ သာယာသောဘ၀နှင့်၊ အေးချမ်းသည့်ပတ်ဝန်းကျင်ကို မိမိကိုယ်တိုင်အကောင်းမြင်စိတ်များ၊ အများအကျိုးကိုလိုလားသည့်စိတ်ထားများဖြင့် တည်ဆောက်နိုင်ကြပါစေကြောင်း၊ စိတ်ဓာတ်အဆင့်မြင့်မြတ်သူများဖြစ်ပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းမေတ္တာပေးအပ်ပါသည်၊၊ ၊၊


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာနိုင်ငံ၊
(၁၁.၆.၂၀၁၁)

အပြည့်အစုံသို့....

Saturday, May 28, 2011

ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း၊၊ ၊၊





လူတိုင်းလူတိုင်းသည် အလုပ်ကိုယ်စီကို ပြုလုပ်နေကြသည်၊၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုကိုရရှိသည် ဟုကား မဆိုသာပေ၊၊ ထိုသို့ဖြစ်ရခြင်းတွင် အကြောင်းများစွာရှိမည်ဖြစ်သည်ကို သတိပြုရမည်၊၊

အလုပ်လုပ်သူတိုင်း ကြီးပွားတိုးတက်ကြမည်ဆိုလျင် ဘ၀တွင်ဆင်းရဲတွင်းနစ်နေသူဟူ၍ရှိမည် မဟုတ်ချေ၊၊ လုံးဝပျင်းရိပြီး ထိုင်နေသူပင်လျင် သူနှစ်သက်ရာအလုပ်တစ်ခုတော့ လုပ်နေတတ်သည်ကို တွေ့ရသည်၊၊
သို့သော် အလုပ်လုပ်တိုင်း၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မလာတတ်သည်ကား အံ့သြဖွယ်တစ်ခုပင် ဖြစ်နေသည်၊၊

စာပေနှင့် ထိုထိုပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိများကိုလေ့လာသဖြင့် သိရှိရသောအကြောင်းတစ်ခုမှာ “ရင့်ကျက်မှုမရှိဘဲ အလုပ်လုပ်လျင် အောင်မြင်မှုကို မရရှိနိုင်”ဟူ၍ဖြစ်သည်၊၊ ဖြစ်နိုင်ခြေများစွာရှိသော အဆိုဖြစ်သည်၊၊ အလုပ်လုပ်နေသူတိုင်း ရင့်ကျက်သူများ မဟုတ်ကြသည်ကို သတိပြုမိကြမည် ဖြစ်သည်၊၊

တချို့တချို့လူများသည် အလုပ်ကိုစမ်းတ၀ါးဝါးဖြင့် လုပ်နေကြသည်ကို တွေ့ရသည်၊ ရင့်ကျက်မှုမပါသော ထိုသူတို့၏ အလုပ်များသည်လည်း အောင်မြင်မှုပန်းတိုင်သို့ဦးမတည်၊ ခေါင်းမမော့ဘဲ လွဲချော်မှုများစွာဖြင့် အဆုံးသတ်ကြရသည်၊၊ ထိုအခါစိတ်ပိုင်းဆိုင်ရာ အင်အားများယုတ်လျော့လာပြီး လမ်းလွဲများကိုအသုံးပြုသည့် အခြေအနေသို့ရောက်ရသည်၊၊ ဤသို့ဖြင့် အမှားများစွာကိုပြုလုပ်မိပြီး ရုံးမထွက်နိုင် ဖြစ်ရပြန်သည်၊၊

အလုပ်နှင့် ရင့်ကျက်မှုသည် လူတိုင်းအတွက် အလွန်အရေးပါသော လိုအပ်ချက်ဖြစ်သည်၊၊ “အလုပ်ကို ရင့်ကျက်မှုဖြင့်ပြုလုပ်လျင် လိုချင်သည့်ပန်းတိုင်ကို သေခြာပေါက်ရရှိမည် ဖြစ်သည်၊၊” ပေါ့ပေါ့ရှပ်ရှပ်၊ မှန်းဆပြီးလုပ်ရသောအလုပ်သည် အောင်မြင်မှုပန်းတိုင်သို့ထက် အမှားသို့သာဦးတည်မည် ဖြစ်သည်၊၊

အနှစ်ချုပ်သော် “ရင့်ကျက်မှုဖြင့်လုပ်ငန်းကို အကောင်အထည်ဖော်လျင် အောင်မြင်ပြီး၊ ရင့်ကျက်မှုမရှိဘဲ အလုပ်ကိုသွေးတိုးစမ်းသည့်သဘောဖြင့် အကောင်အထည်ဖော်လျင် ကျရှုံးရမည်ဟူ၍ ဖြစ်သည်၊၊”

လိုအပ်သည့်ရင့်ကျက်မှုမရရှိသေးသော လူတို့သည် အလုပ်ပေါင်းများစွာကို ဟိုဟာအောင်မြင်လိမ့်နိုးနိုး၊ သည်ဟာအောင်မြင်လိမ်နိုးနိုးဖြင့် ဘယ်အရာကိုမှမဆုပ်ကိုင်မိဘဲ စိတ်ဓာတ်ကျ၊ ပျက်စီးသွားသည်များလည်း ရှိသည်၊၊

ရင့်ကျက်တည်ငြိမ်ပြီးသောသူများမှာမူ “အမှန်တကယ် မိမိလိုချင်သည့်အရာကို သေခြာခွဲခြားနားလည်ပြီး၊ ထိုအရာကိုပင် မရမနေကြိုးစားသဖြင့် အောင်မြင်မှုကို ရရှိကြရသည်၊၊” ရင့်ကျက်မှုသည် ပညာသင်ကြားရာတွင် ဖြစ်စေ၊ စီးပွားဥစ္စာရှာဖွေရာတွင် ဖြစ်စေ၊ အိမ်ထောင်ရေးကို စီစဉ်ရာတွင် ဖြစ်စေ၊ နေရာတိုင်းတွင် အရေးပါသည်၊၊

“ရင့်ကျက်မှုကို အရွယ်နှင့်အမျှ ရလာတတ်သည်ဟုလည်းကောင်း၊
ပညာတတ်ဘွဲ့ရ၍ ရလာတတ်သည်ဟုလည်းကောင်း၊
စီးပွားရှိလာပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
နေရာအခြေတကျရှိပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊
အတွေ့အကြုံများမှ ရလာတတ်သည်ဟူ၍ လည်းကောင်း၊
ရာထူးအဆင့်ကြီးမှ ရလာတတ်သည်ဟူ၍လည်းကောင်း၊ ဆိုကြသည်၊၊ “


သို့သော် အရွယ်ကြီးသူတိုင်း ရင့်ကျက်သည်မဟုတ်၊ ပညာတတ်သူတိုင်း ရင့်ကျက်မှုရှိသည်မဟုတ်၊ ချမ်းသာသူတိုင်း ရင့်ကျက်သူများမဟုတ်၊ နေရာအခြေကျပြီးသူတိုင်း ရင့်ကျက်သည်မဟုတ်၊ အတွေ့ အကြုံများသူတိုင်း ရင့်ကျက်ကြသည်မဟုတ်၊ ရာထူးကြီးသူတိုင်း ရင့်ကျက်ကြသည် မဟုတ်သည်များကို စာဖတ်သူတို့ သိပြီးပင်ဖြစ်ပါမည်၊၊

မရင့်ကျက်၍ပင် အရွယ်ကြီးကာမှ ဆင်းရဲတွင်းနစ်ရသူများ၊ ပညာတတ်လျက် ကိုယ်ကျင့်တရားမဲ့နေသူများ၊ အခြေတကျနေရာများမှ လက်လွှတ်ရသူများ၊ သင်္ခန်းစာပေါင်းများစွာရထားပြီးလျက် ဆက်တိုက်အမှားကို ကျူးလွန်နေသူများ၊ ရာထူးကြီးကြီးမှနေပြီး မြုပ်ကွယ်သူသွားရသူများကို တွေ့နေရခြင်းဖြစ်သည်၊၊

ထိုသို့သောအကြောင်းများကြောင့်“ရင့်ကျက်မှု”သည် အလွန်အရေးပါကြောင်း ဆိုရခြင်းဖြစ်သည်၊၊ လူတွင် ရင့်ကျက်မှုအခြေခိုင်ပါက အရွယ်ကြီးလျင် လေးစားခံရသည်၊ ပညာတတ်လျင် ဂုဏ်ရှိသည်၊ နေရာအခြေ
ကျလျင် ဘ၀တင့်တယ်သည်၊ အတွေ့အကြုံများလျင် အများအားကိုးမှုခံရသည်၊ ရာထူးကြီးသူဖြစ်လျင် သမာဓိရှိသည်၊ စသည်စသည်များမှာ ရင့်ကျက်မှုစံမှ ပေါက်ဖွားလာရသည်များ ဖြစ်သည်၊၊

ရင့်ကျက်မှုသာ အခြေမခိုင်သူဖြစ်ပါက အရွယ်၊ ပညာ၊ စီးပွား၊ ရာထူးမည်မျှကြီးပွားစေကာမူ တစ်နေ့တွင်အမှန် လျောကျရမည် ဖြစ်သည်၊၊

ကိုအလင်းစက်ရေ “စိတ်ထဲရှိသမျှ ပြောနေတတ်သူများ၊ စိတ်ထင်ရာကို အထင်ရှိတိုင်း ပြုလုပ်တတ်သူများ၊ စကားအရ အကြီးအကျယ်တွေ ပြောနေသည့်တိုင် နောက်ကွယ်ကကြောက်နေတတ်သူများမှာ မရင့်ကျက်
သူများ ဖြစ်တယ်ဗျာ၊၊”
ဤစာသားစုလေးမှာ အလင်းစက်၏သူငယ်ချင်း စာပေဒေါက်တာတစ်ဦးမှ မှတ်ချက်ပြုသည့်စာစုဖြစ်သည်၊၊

ရင့်ကျက်မှုသည် လောကစီးပွားရေးနှင့်၊ ဘ၀ရပ်တည်မှုတွင်မှ လိုအပ်သည်မဟုက်၊ လောကုတ္တရာနယ်ပယ် ဖြစ်သော ဓမ္မကိုရှာဖွေရာတွင်လည်း များစွာလိုအပ်ကြောင်း စာပေအထောက်အထားများက ဆိုပါသည်၊၊ ရင့်ကျက်မှုမရသေးဘဲ တရားမည်မျှအားထုတ်သော်လည်း တရားထူးကိုမရရှိနိုင်ကြောင်း “မေဃိယ၀တ္ထု”တွင် လေ့လာရပါသည်၊၊

တနေ့သောအခါ “မေဃိယ”အမည်ခေါ်သော ရဟန်းတစ်ပါးသည် ဗုဒ္ဓရှင်တော်နှင့် ဆွမ်းခံအတူကြွရာမှ သရက်ဥယျာဉ်တစ်ခုကို လမ်းဘေးတွင်တွေ့ရသည်၊၊ သရက်ဥယျာဉ်ဟုဆိုသော်လည်း ပန်းမျိုးစုံဖူးပွင့်နေပြီး၊ ကျေးငှက်တို့၏တေးသံ၊ စမ်းချောင်းလေး၏အေးမြမှု၊ ပန်းအလှကိုခုံမင်သည့် မိန်းမပျိုလေးများ၏ ချိုလွင်သည့်ရယ်မောသံလေးများဖြင့် ဥယျာဉ်ကြီးသည်
အလွန်လှပပြီး၊ သာယာနေသည့်အတွက် မေဃိယရဟန်းသည် ထိုဥယျာဉ်အတွင်းတွင် နေထိုင်ပြီးတရား အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာသည်၊၊

(မူရင်းဇာတ်လမ်းတွင်မူ မေဃိယရဟန်းသည် ထိုသရက်ဥယျာဉ်အတွင်းတွင် ထိုကျေးငှက်၊ ထိုပန်း၊ထိုမိန်း
မလှလေးများနှင့်အတူ ဘ၀ငါးရာတိတိ စမ်းရေအတူသောက်၊ ပန်းကြွေအတူကောက်ပြီး၊ ချစ်ခြင်းဖွဲ့သံစဉ် တေးအလှများကို စပ်ဆိုသီကျူးခဲ့သူဖြစ်ကြောင်း ပြဆိုထားပါသေးသည်၊၊)

မေဃိယရဟန်းတော်လေးကို ဗုဒ္ဓရှင်တော်မှ သရက်ဥယျာဉ်အတွင်း တရားအားမထုတ်ရန် သုံးကြိမ်တိုင်တား မြစ်သော်လည်း နာခံမှုမရှိဘဲ ဥယျာဉ်အတွင်းဝင်ရောက်ပြီး စမ်းချောင်းလေး၏နံဘေးတွင် အချိန်အတန်အသင့်
ကြာသည်အထိ တရားရှုမှတ်အားထုတ်ခဲ့သည်၊၊

တရားရှုမှတ်အားထုတ်နေစဉ်အတွင်း မေဃိယရဟန်းတော်လေး၏စိတ်ထဲတွင် ရာဂစိတ်များ၊ ဒေါသစိတ်များ၊ မောဟစိတ်များ ထကြွသောင်းကြမ်းလာခဲ့ပါသည်၊၊

အရှင်မေဃိယသည် “သရက်ဥယျာဉ်အတွင်း တရားအနည်းငယ်မျှအားထုတ်ရှုမှတ်လိုက်လျင် သူသည်ဧကန်မုချ တရားထူးများကိုရရှိမည်”ဟု မျှော်မှန်းထားသူဖြစ်သည်၊၊ ယ္ခုအခါတရားထူးများကို မရရုံမျှမက ရှိထားပြီး “သမာဓိ”များပါပျောက်ပျက်ပြီး အတွေးဆိုးအတွေးရိုင်းများ ၀င်ရောက်လာသည်ကို တွေ့ခဲ့ရလေသည်၊၊ မေဃိယရဟန်းတော်လေးသည် မိမိကိုယ်မိမိများစွာအံ့သြမှုဖြစ်ပြီး၊ ဗုဒ္ဓရှင်တော်အထံသို့ တစ်ဖန်ပြန်လာခဲ့ရသည်၊၊

အရှင်မေဃိယ၏ ဖြစ်ကြောင်းကုန်စင်ကို သိရှိပြီးဖြစ်သော ဗုဒ္ဓရှင်တော်သည် အရှင်မေဃိယအား “လူသည် ရင့်ကျက်မှုမရှိသေးဘဲ၊ ဘယ်အရာကိုမှ မရရှိ၊ မအောင်မြင်နိုင်၊၊”ဟု ဆုံးစကားပြောကြား၊ သင်ပြပြီး၊ လူသား၏ဘ၀တွင် ရင့်ကျက်မှုသို့ရောက်ရှိနိုင်သည့် အကြောင်းငါးမျိုးကို ညွန်ပြခဲ့ပါသည်၊၊

လူတစ်ယောက်ရင့်ကျက်သူဖြစ်ရန် လိုအပ်သောအကြောင်း (၅)မျိုး၊
(၁) သူငယ်ချင်းကောင်း ရှိခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) စကားတည်တည် တန့်တန့်ပြောဆိုတတ်ခြင်း၊
(၄) လုံလရှိခြင်း၊၊
(၅) ပညာတတ်ခြင်း၊
တို့ဖြစ်ပါသည်၊၊

အထက်ပါ အင်္ဂါငါးရပ်နှင့်ပြည့်စုံလျင် အသက်ငယ်သည် ကြီးသည်၊ ဘွဲ့ဒီဂရီများများရှိသည် မရှိသည်၊ ချမ်းသာသည် ဆင်းရဲသည်၊ နေရာအခြေကျသည် မကျသည်၊ အတွေ့မကြုံများသည် နည်းသည်၊ ရာထူး ကြီးသည် ငယ်သည်၊ မဓာနမဟုတ်တော့ဘဲ စင်စစ်ရင့်ကျက်သူ၊ တည်ကြည်သူ၊ လေးနက်သူဖြစ် လာရပါသည်၊၊ ထိုသူပြုလုပ်သော လုပ်ငန်းသည်လည်း အောင်မြင်တိုးတက် ကြီးပွားရပါသည်၊၊

စာပေအထောက်အထားများ၊ အောင်မြင်တိုးတက်ပြီးသူများ၊ ဘ၀တွင်ကျရှုံးသွားပြီးများစွာတို့၏ သမိုင်းဖြစ် ရပ်အစုံကို လေ့လာကြည့်ခြင်းအားဖြင့် ရင့်ကျက်မှုမရှိသေးသည့် စိတ်ဓာတ်ရေးရာဖြင့် ပညာရေးအောင်ပန်း၊ စီးပွားရေးတက်လမ်း၊ အိမ်ထောင်ရေးသာယာ ပျော်ရွှင်မှုကိုမရရှိနိုင်ကြောင်းထင်ရှားပြီး ဖြစ်ပါသည်၊၊၊၊

ရင့်ကျက်မှုသည် အကျိုးပြီးစီးမှုဟုခေါ်တွင်နိုင်သော အလုပ်အောင်မြင်မှုတွင် မည်မျှအရေးပါသည်ကို စာဖတ်သူ ဤမျှဖြင့်သဘောကျနိုင်ပြီဟု ထင်မြင်မိပါသည်၊၊ စာဖတ်သူများ ရင့်ကျက်မှုဖြင့် သာယာလှပ၊ တိုးတက်သောဘ၀များစွာကို တည်ဆောက်၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်း မေတ္တာပြုရင်း စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊

မေတ္တာဖြင့်-
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP