Wednesday, May 15, 2013
သိင်္ဂါလသုတ်ကို လေ့လာသုံးသပ်ခြင်း၊၊ ၊၊
နိုင်ငံခြားတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူကြသည့် ကျောင်းသားများသည် အတန်းဆုံးတွင် ဘွဲ့ယူကျမ်းစာ တင်သွင်းကြရပါသည်၊၊ 
ဘွဲ့ယူကျမ်းစားတင်သွင်းရာတွင် စာစီစာကုံးပုံစံ“Essay Type”နှင့်၊ သုတေသနပုံစံ“Thesis Type” နှစ်မျိုးတွင် သင့်တော်သလိုတက္ကသိုလ်မှ ကြေငြာသည့်ပုံစံဖြင့် တင်သွင်းကြရပါသည်၊၊ ပုံစံနှစ်မျိုးသည် ရေးသားပုံအစီအစဉ်အားဖြင့် နည်းတူပင်ဖြစ်ပါသည်၊၊
ယ္ခုအရှင် ဆွေးနွေးတင်ပြမည့် စာတမ်းခေါင်းစဉ်ကို အင်္ဂလိပ်လို“Title”ပေးလျင်“A Study of Siṅgāla Sutta in Pāli Canon.”ဟု အမည်တပ်ရပါမည်၊၊ ဘွဲ့ယူကျမ်းရေးသားရာတွင် ကျမ်းခေါင်းစဉ်ရွေးချယ် ၍၊ ကဏ္ဍ“Chapters”ခွဲပြီးလျင် ကျမ်း၏သုံးဆယ်ရာခိုင်နှုံးပြီးသည်ဟု သတ်မှတ်နိုင်ပါသည်၊၊
သိင်္ဂါလသုတ်တွင် အခန်းပေါင်း(၁၂)ခန်းဖြင့် ဖော်ပြထားပြီး၊ အလွန်လေးနက်သည့် လူ့အသိုင်းအ၀ိုင်း ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ဆွေးနွေးဖော်ပြထားသည်ကို လေ့လာရရှိ နိုင်ပါသည်၊၊
          (၁) ကမ္မကိလေသာ (၄)မျိုး၊
(၂) အဂတိဌာန(၄)မျိုး၊
(၃) အပါယ်လမ်း (၆)ပေါက်၊
(၄) အရက်သေစာသောက်ခြင်း၏ အပြစ်(၆)မျိုး၊
(၅) ညစာစားခြင်း၏ အပြစ်(၆)မျိုး၊
(၆) ပွဲလမ်းသဘင်မက်ခြင်း၏ အပြစ်(၆)မျိုး၊
(၇) လောင်းကစားခြင်း၏ အပြစ်(၆)မျိုး၊
(၈) မိတ်ဆွေယုတ်ရှိခြင်း၏ အပြစ်(၆)မျိုး၊
(၉) ပျင်းခြင်း၏ အပြစ်(၆)မျိုး၊
(၁၀) မိတ်ဆွေတု(၄)ယောက်၊
(၁၁) မိတ်ဆွေစစ်(၄)ယောက်၊
(၁၂) အရပ်မျက်နှာ (၆)မျိုး၊
မသန့်ရှင်းသည့်လုပ်ရပ်ကို“ကမ္မကိလေသာ”ဟု ခေါ်ပါသည်၊၊ “ကံဆိုးများ”ဟု သိမှတ်နိုင်ပါသည်၊၊ ကံ ဆိုး(၄)မျိုးကို ပြုလုပ်ခဲ့လျင် လက်ရှိဘ၀တွင်ဖြစ်စေ၊ အနာဂတ်ဘ၀တွင်ဖြစ်စေ ကံဆိုးမိုးမှောင်ကျမှုများကို မလွဲမသွေခံယူရမည် ဖြစ်ပါသည်၊၊ 
(၁) အသက်သတ်ခြင်း၊
(၂) ခိုးခြင်း၊
(၃) လိမ်ပြောခြင်း၊
(၄) သူများသားသ္မီးကို ဖြတ်ဆီးခြင်း၊၊
ဘက်လိုက်မှုဖြစ်ပေါ်ခြင်း၏ အကြောင်း(၄)မျိုးရှိပါသည်၊၊ လူတို့သည် ဖော်ပြပါအကြောင်းများကြောင့် ဘက်လိုက်ခြင်း၊ မျက်နှာသာပေးခြင်း၊ လာဘ်ပေးလာဘယ်ယူခြင်းအလုပ်များကို ပြုလုပ်နေကြခြင်း ဖြစ်ပါသည်၊၊
(၁) ဆန္ဒာဂတိ=ချစ်ခင်ခြင်းကြောင့် ဘက်လိုက်ခြင်း၊
(၂) ဒေါသဂတိ=မုန်းတီးခြင်းကြောင့် ဘက်လိုက်ခြင်း၊
(၃) မောဟဂတိ=တွေဝေမှုဖြင့် ဘက်လိုက်ခြင်း၊
(၄) ဘယာဂတိ=ကြောက်သဖြင့် ဘက်လိုက်ခြင်း၊၊
အဖွဲ့အစည်းနှင့် နေရာဌာနများစွာတို့တွင် လာဘ်ပေးလာဘ်ယူခြင်းများ၊ ဘက်လိုက်ခြင်းများ၊ မျက်နှာ သာပေးခြင်းများမှာ အထက်တွင်ဖော်ပြထားသည့် အကြောင်းများကြောင့် ဖြစ်ပေါ်နေကြရပါသည်၊၊
အဂတိလိုက်သူများအားလုံးသည်“ပါပကမ္မ=မကောင်းမှု”ကိုပြုသူများဖြစ်ကြ၍ ဘ၀သံသရာတွင် မလိုလား အပ်သည့်အခြေအနေဆိုးများကို မလွဲမသွေလက်ခံရယူကြရမည် ဖြစ်ပါသည်၊၊ အဂတိများမှ ရှောင်ကျဉ်လျင် အများတကာ၏ထောက်ခံမှု၊ ၀န်းရံမှုကိုရရှိတတ်ပြီး၊ အဂတိများကိုပြုကျင့်ခဲ့ပါမူ ထောက်ခံဝန်းရံသူ မရှိဖြစ်တတ်ပါသည်၊၊
မြို့များသို့ဝင်ရောက်ရန် တံခါးပေါက်များရှိကြပါသည်၊၊ တံခါးပေါက်မရှိလျင် မြို့များသို့ဝင်ရန် မဖြစ်နိုင်ပါ၊၊ ဗုဒ္ဓစာပေတွင် Buddhist Cosmology=ဘုံဘ၀(၃၁)မျိုးကို ဖော်ပြထားပါသည်၊၊ အပါယ်လေးဘုံသည် အပါအ၀င်ဖြစ်ပါသည်၊၊
အပါယ်လေးဘုံကို အပါယ်မြို့ကြီး(၄)မြို့ဟု အလွယ်တကူမှတ်ယူနိုင်ပါသည်၊၊ အပါယ်မြို့ကြီးများသို့ဝင် ရောက်ရန် အပေါက်ကြီး(၆)ပေါက် ရှိပါသည်၊၊ အပါယ်သို့ရောက်ခြင်း၏အကြောင်း(၆)မျိုး ဖြစ်ပါသည်၊၊
အပါယ်သို့သွားရခြင်း၏အကြောင်း(၆)မျိုးကိုပင် “စည်းစိမ်ဥစ္စာပျက်စီးခြင်း၏အကြောင်း”များဟူ၍လည်း မှတ်သားနိုင်ပါသည်၊၊ 
အခြားသောဘ၀ပျက်ခြင်း၏အကြောင်းများစွာရှိသော်လည်း ဖော်ပြပါအကြောင်းများသည် ဧကန်မုချအကြောင်းများဖြစ်၍ အထူးပြုဖော်ပြထားခြင်း ဖြစ်ပါသည်၊၊
(၁) အရက်သေစာ သောက်သုံးခြင်း၊
(၂) မသင့်တော်သည့်အချိန်အခါတွင် ခရီးသွားခြင်း၊
(၃) ပွဲ၊ စတိတ်ရှိုးမက်ခြင်း၊
(၄) လောင်းကစား ၀ါသနာပါခြင်း၊
(၅) လူမိုက်နှင့်ပေါင်းသင်းခြင်း၊
(၆) ပျင်းခြင်း၊
အရက်၊ ဘီယာ၊ ဘိန်း၊ ဆေးခြောက်စသည့် ဆေးမျိုးစုံကိုသုံးစွဲခြင်းတွင် ဘေးထွက်ဆိုးကျိုးများ စွာရှိကြောင်းကို မူရင်းပါဠိစာပေတွင် ဖော်ပြထားပါသည်၊၊ စာရေးသူ၏အမြင်အရ “အရက်သောက် ခြင်းသည် အမှားမျိုးစုံကိုပြုရဲခြင်း၏ မူလအကြောင်းဖြစ်သည်”ဟု မြင်ပါသည်၊၊
အရက်မူး၍ သားသ္မီးကိုပင် သတ်ခြင်းများ၊ နှိပ်စက်ခြင်းများ၊ ဇနီးကိုနှိပ်စက်ခြင်းများ၊ ရာဇ၀တ်မှုပြုခြင်းများ၊ အသက်သေလောက်သည်အထိ ကျန်းမာရေးပျက်ခြင်းများ၊ ကိုယ်တိုင်နှင့်ပတ်ဝန်းကျင် အရှက်ရခြင်းများ၊ မိဘနှင့်ကြီးသူ၊ လေးစားထိုက်သူများကို စော်ကားခြင်းများမှာ နေ့စဉ်ဘ၀တွင်များစွာ တွေ့မြင်နေရပါသည်၊၊
အနှစ်ချုပ်၍ အရက်ဘီယာစသည်သောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုး၊ အပြစ်(၆)မျိုးကို ပါဠိစာပေမှ လေ့လာရပါသည်၊၊
(၁) စီးပွားပျက်ခြင်း၊
(၂) ရန်များခြင်း၊
(၃) ရောဂါများခြင်း၊
(၄) အရိုသေတန်ခြင်း၊
(၅) အရှက်မဲ့ခြင်း၊
(၆) အသိညာဏ်၊ ပညာအားနည်းစေခြင်း၊၊
ခရီးသွားခြင်းသည် ကောင်းသည့်အလေ့အကျင့်တစ်ခုအဖြစ် လူတို့သိနေကြပါသည်၊၊ မှန်သင့်သမျှ မှန်သည်ဟု ဆိုရပါမည်၊၊ သို့သော် ခရီးသွားခြင်းတွင် ဆိုးကျိုးများစွာရှိကြောင်းကို သိင်္ဂါလသုတ်တွင် ဖော်ပြထားပါသည်၊၊
ခရီးထွက်အလွန်များသူများကို အရှင်သတိထားမိပါသည်၊၊ အကျိုးများစွာနှင့် ဒေသဆိုင်ရာဗဟုသုတ များစွာရှိမည်မှန်သော်လည်း၊ “စိတ်တည်ငြိမ်မှုသမာဓိ အလွန်အားနည်းသူများဖြစ်ကြောင်းကို တွေ့ရပါ သည်၊၊” 
ဘ၀အတွက် ခိုင်မာသည့်အခြေခံအုပ်မြစ်ကို စိတ်မတည်ငြိမ်သူများ မချနိုင်ကြဘဲ၊ အချိန်လွန်ပြီးမှ နောင်တရလေ့ရှိကြသည်ကို ထိုထိုအတ္ထုပ္ပတ္တိစာပေများနှင့်၊ လက်တွေ့ဘ၀ကောက်ကြောင်းများမှသင်္ခန်းစာ ရရှိနိုင်ပါသည်၊၊
 (၁) ကိုယ်တိုင် အကာကွယ် မရှိခြင်း၊
(၂) မိသားစုအကာကွယ် မရှိခြင်း၊
(၃) စီးပွားဥစ္စာအကာကွယ် မရှိခြင်း၊
(၄) သံသယဖြစ်ခံရခြင်း၊
(၅) စွပ်စွဲခံရခြင်း၊
(၆) ပင်ပမ်းခြင်း၊၊
အထက်တွင်ဆွေးနွးဖော်ပြထားသည့် ဆိုးကျိုး(၆)မျိုးသည် ခရီးထွက်ခြင်းမှရရှိသည့် ဘေးထွက်ဆိုး ကျိုးများကို သိင်္ဂါလသုတ်တွင်ဖော်ပြထားသည့်အတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်၊၊
လူတို့သည် အသိတရားရှိပင်ရှိကြသော်လည်း လောင်းကစားကိုရှောင်နိုင်သူ နည်းလှပါသည်၊၊ ထို့ ကြောင့်ပင်လောင်းကစားကို ကမ္ဘာ့အဆင့်အားကစားပွဲများအဖြစ်ဖြင့် ပွဲတော်ကြီးများစည်ကားစွာ ကျင်းပကြသည်ကို တွေ့မြင်နိုင်ပါသည်၊၊
ကျန်းမာရေးကိုအကြောင်းပြလျက် ပြုလုပ်သည့်လောင်းကစားများနှင့်၊ အပျော်သီးသန့်ပြုလုပ်ကြသည့် လောင်းကစားများတွင် ဘေးထွက်ဆိုးကျိုး(၆)မျိုးရှိသည်ဟု ဖော်ပြထားပါသည်၊၊
(၁) ရန်များခြင်း၊
(၂) အပူပင်များခြင်း၊
(၃) စီးပွားဆုတ်ယုတ်ခြင်း၊
(၄) စကားမတည်ခြင်း၊
(၅) မထီမဲ့မြင်ပြုခံရခြင်း၊
(၆) သားမက်၊ ချွေးမတို့၏မိဘများမှ စော်ကားခံရခြင်း၊၊
လူသည် တစ်ယောက်တည်းနေ၍ရသည်မဟုတ်ဘဲ၊ အပေါင်းအသင်းအဖွဲ့အစည်းဖြင့် နေကြရပါသည်၊၊ အပေါင်းအသင်းမှားကြရာမှ မလုပ်သင့်သည်များကို ပြုလုပ်ကြသည်များလည်း ရှိပါသည်၊၊ 
လူသည် တစ်ယောက်တည်းဆိုလျင် အေးအေးနေတတ်သော်လည်း အပေါင်းအသင်းနှင့်တွေ့လျင် မည်သည့်အရာကိုမဆို လုပ်တတ်သည်များလည်း ရှိပါသည်၊၊ အဖွဲ့အစည်းအားကိုးဖြင့် မိုက်မဲခြင်းများ မှာလည်း ပတ်ဝန်းကျင်တွင် တွေ့မြင်နေရပါသည်၊၊
အဖွဲ့အစည်းမှား၊ အပေါင်းအသင်းမှားခြင်းဖြင့် ရရှိတတ်သည့်ဆိုးကျိုး(၆)မျိုးမျှရှိသည်ဟု လေ့လာတွေ့ ရှိရပါသည်၊၊ ပါဠိစာပေတွင်မူ မိတ်ဆွေယုတ်ကိုပေါင်းသင်းခြင်း၏အပြစ်(၆)မျိုးဟု ဖော်ပြထားပါသည်၊၊
(၁) လောင်းကစားခြင်း၊
(၂) အပျော်အပါးလိုက်စားခြင်း၊
(၃) အရက်၊ ဘီယာသောက်သုံးခြင်း၊
(၄) လှည့်ပတ်ခြင်း၊
(၅) မာယာများခြင်း၊
(၆) အနိုင်ကျင့်ခြင်း၊၊
လူတိုင်းတိုးတက်အောင်မြင်မှု လိုချင်ကြပါသည်၊၊ သို့သော် များစွာသောလူတို့မှာ ဘ၀တွင်အောင်မြင်မှု မရရှိဘဲ၊ ဆင်းရဲမွဲတေမှု၊ အောက်တန်းနောက်တန်းကျမှုတို့ဖြင့်သာ ဘ၀ကိုခက်ခက်ခဲခဲ ဖြတ်သန်းနေ ကြရသည်ကို တွေ့ရပါသည်၊၊
ထိုသို့ဖြစ်ရခြင်းမှာ “အချိန်ကိုအကျိုးရှိရှိ အသုံးမပြုတတ်ခြင်း၊ အခွင့်အရေးကို အသုံးမပြုတတ်ခြင်း၊ ကျန်းမာရေးမကောင်းခြင်းနှင့်၊ ပျင်းရိခြင်းတို့ကြောင့်ဖြစ်ပါသည်၊၊” ပျင်းရိသူတို့၌အကြောင်းပြချက်၊ ဆင် ခြေ(၄)မျိုးနှင့်၊ ဆိုးကျိုး(၂)မျိုးကိုလည်း မှတ်သားသင့်ပါသည်၊၊
        (၁) အေးလွန်းသည်ဟုအလုပ် မလုပ်ခြင်း၊
        (၂) ပူလွန်းသည်ဟုအလုပ် မလုပ်ခြင်း၊
        (၃) ဆာလွန်းသည်ဟုအလုပ် မလုပ်ခြင်း၊
        (၄) ၀လွန်းသည်ဟုအလုပ် မလုပ်ခြင်း၊
       (၅) ရှိပြီးစည်းစိမ်ပျက်စီးခြင်း၊
       (၆) မဖြစ်သေးသည့်စည်းစိမ် မလာတော့ခြင်း၊၊
သိင်္ဂါလသုတ်တွင် လူတစ်ယောက်အတွက် ဘ၀ပျက်ရခြင်း၏အကြောင်း(၆)မျိုးကိုလည်း သီးခြားဖော် ပြထားပါသည်၊၊ သတိထားဆင်ခြင်သင့်လှပါသည်၊၊ 
         (၁) နေမြင့်သည်အထိ အိပ်ခြင်း၊
         (၂) သူတပါးမယားနှင့် နေခြင်း၊
         (၃) ရန်သူများခြင်း၊
         (၄) အကျိုးမဖြစ်လောက်သည်ကို ပြုခြင်း၊
         (၅) မိတ်ဆွေယုတ်ရှိခြင်း၊
         (၆) ကပ်စေးနှဲလွန်းခြင်း၊၊
သိင်္ဂါလသုတ်သည် တင်ပြပုံထူးခြားသည့် သုတ်ဖြစ်ပါသည်၊၊ “မိတ်ဆွေတု”များကို ပေါင်းသင်းဆက်ဆံ ခြင်းကြောင့် ရရှိတတ်သည့်ဆိုးကျိုးကိုတင်ပြပြီးမှ၊ မည်သို့သဘောရှိသူသည် မိတ်ဆွေတုဖြစ်သည်ဟု နောက်မှတင်ပြထားသောကြောင့် ဖြစ်ပါသည်၊၊
“မိတ်ဆွေတု(၄)ယောက်”
       (၁) အယူသာရှိသောမိတ်ဆွေ၊
       (၂) နှုတ်ဖြင့်သာ ပေးတတ်သော မိတ်ဆွေ၊
       (၃) အကြိုက်လိုက်ပြောသော မိတ်ဆွေ၊
       (၄) ဆိုးဖော်ဆိုးဘက် မိတ်ဆွေ၊၊
မိတ်ဆွေတု(၄)ယောက်တွင်“အယူသာရှိသော မိတ်ဆွေ”ကို အင်္ဂါ(၄)မျိုးဖြင့်အကဲခပ်ရမည်ဟု ဖော်ပြ ထားပါသည်၊၊
       (၁) မိမိထံမှ တစ်စုံတစ်ခုရယူရန် အမြဲအားထုတ်နေတတ်ခြင်း၊
       (၂) အနည်းငယ်ရက်ရောဟန်ပြု၍ အမြတ်များများယူတတ်ခြင်း၊
       (၃) မိမိဒုက္ခဖြစ်နေမှန်းသိလျက် အမြတ်ထုတ်တတ်ခြင်း၊
       (၄) အကျိုးရလိုမှုသက်သက်ဖြင့် အနီးတွင်နေခြင်း၊၊
“နှုတ်ဖြင့်သာ ပေးတတ်သောမိတ်ဆွေ”ဖြစ်ကြောင်းကို အခြေအနေ(၄)မျိုးကို သုံးသပ်သောအားဖြင့် သိရမည်ဖြစ်ကြောင်း လေ့လာရပါသည်၊၊
       (၁) ပြီးပြီးသောအကြောင်းအရာဖြင့် မြှောက်ပင့်တတ်ခြင်း၊
       (၂) မဖြစ်ပေါ်သေးသောအရာဖြင့် မြှောက်ပင့်တတ်ခြင်း၊
       (၃) လောကွက်များစွာ လုပ်တတ်ခြင်း၊
       (၄) လက်တွေ့ဖြစ်စဉ်များတွင် အပျက်ဘက်မှပြောဆိုတတ်ခြင်း၊၊
“အကြိုက်လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေ”ဖြစ်ကြောင်းကို သိသာစေသည့်အကြောင်း(၄)မျိုးကို လေ့လာထားသင့်ပါသည်၊၊
      (၁) အမှားလုပ်ငန်းစဉ်ကို အားပေးခြင်း၊
      (၂) အမှန်လုပ်ငန်းစဉ်ကို အားမပေးခြင်း၊
      (၃) ရှေ့တွင် ချီးမွှန်းခြင်း၊
      (၄) နောက်ကွယ်တွင် ကဲ့ရဲ့ခြင်း၊၊
“ဆိုးဖော်ဆိုးဖက်၊ မိုက်ဖော်မိုက်ဖက်ဖြစ်သော မိတ်ဆွေ”ဖြစ်ကြောင်းကို လက္ခဏာ(၄)မျိုးဖြင့် လေ့လာ မှတ်သားရမည်ဟု ဆိုပါသည်၊၊
      (၁) အရက်အတူသောက်ခြင်း၊
      (၂) မသင့်တော်သည့်အချိန်တွင် ဟိုဟိုသည်သည်အတူသွားခြင်း၊
      (၃) ပွဲ၊ စတိတ်ရှိုးအတူကြည့်ခြင်း၊
      (၄) လောင်းကစားအတူပြုခြင်း၊၊
မည်သည့်အကြောင်းကြောင့်မျှ မိတ်ဆွေတုအမျိုးအစားများကို မဆက်ဆံသင့်ကြောင်း မှတ်သားရပါမည်၊၊
သိင်္ဂါလသုတ်တွင် မိတ်ဆွေတု(၄)ယောက်နှင့်၊ မိတ်ဆွေတုဖြစ်ကြောင်း သိသာစေသည့်သဘောလက္ခ ဏာများကို အသေးစိတ်ဖော်ပြ ဆွေးနွေးပြီးနောက်တွင်၊ မိတ်ဆွေစစ်(၄)ယောက်နှင့်၊ မိတ်ဆွေစစ်ဟု သိသာထင်ရှားသည့် အင်္ဂါရပ်များကိုတိတိကျကျ ဆွေးနွေးဖော်ပြထားသည်ကို တွေ့ရပါသည်၊၊
စာရှုသူအနေဖြင့် မိမိဘ၀အမှန်တကယ်တိုးတက် အောင်မြင်လိုသူဖြစ်ပါလျင် မိတ်ဆွေစစ်နှင့်၊ မိတ် ဆွေတုကို စာတမ်းပါဆွေးနွေးတင်ပြမှုများမှ လေ့လာသိမှတ်ပြီး၊ မိတ်ဆွေစစ်ကို ပေါင်းသင်းဆက် ဆံပြီး၊ အကယ်၍၊ မိတ်ဆွေတုများရှိနေခဲ့သော် ပြတ်ပြတ်သားသား ပေါင်းသင်းဆက်ဆံမှုမပြုခြင်းဖြင့် နေသင့်လှပါသည်၊၊
အမှန်စင်စစ် “မိတ်ဆွေစစ်မဟုတ်သူနှင့် အပေါင်းသင်းနေရသည်ထက် တစ်ယောက်တည်းနေခြင်းက သာလျင် ပိုမိုကောင်းမွန်ပါသည်၊၊”
တစ်ခါတရံ မိမိကိုယ်တိုင်က အရည်အခြင်းပြည့်၊ ကောင်းမွန်သူဖြစ်ပါလျက် အပေါင်းအသင်းမှားသဖြင့် ပျက်စီးကျရှုံးရသူများစွာကို တွေ့ရပါသည်၊၊ အပေါင်းသက်ဆက်ဆံမှုသည် သည်အမျှအထိအရေးပါလှကြောင်း တင်ပြအပ်ပါသည်၊၊
“မိတ်ဆွေစစ်(၄)ယောက်”
       (၁) ကျေးဇူးပြုတတ်သော မိတ်ဆွေ၊
       (၂) ချမ်းသာဆင်းရဲအတူ မျှဝေခံစားသောမိတ်ဆွေ၊
       (၃) အကြံကောင်း ပေးလေ့ရှိသောမိတ်ဆွေ၊
       (၄) သနားတတ်သော မိတ်ဆွေ၊၊
“ကျေးဇူးပြုတတ်သော မိတ်ဆွေ”ဟူသည်မှာ မိမိကိုစောင့်ရှောက်ပေးလေ့ရှိခြင်း၊ မိမိ၏စီးပွားဥစ္စာကို ထိမ်းသိမ်းပေးတတ်ခြင်း၊ မိမိအားကိုးထိုက်သူဖြစ်ခြင်း၊ လိုအပ်ချိန်တွင် အရင်းအနှီးပေးခြင်းတို့ဖြင့် သိမှတ်ရမည်ဟု ဖော်ပြထားပါသည်၊၊
“ချမ်းသာဆင်းရဲအတူ မျှဝေခံစားတတ်သော မိတ်ဆွေ”ဟူသည်မှာ လုပ်ငန်းကိစ္စတိုင်းကို လျို့ဝှက်တိုင် ပင်ခံနိုင်သူဖြစ်ခြင်း၊ လျို့ဝှက်မှုမထားခြင်း၊ အခက်အခဲရှိသော် အဝေးသို့မထွက်ခွါခြင်း၊ အနင့်နာခံ တတ်ခြင်းတို့ဖြင့် အကဲခပ်ရပါသည်၊၊
“အကြံကောင်း ပေးလေ့ရှိသောမိတ်ဆွေ”ဟူသည်မှာ အမှားပြုသည်ကို တားဆီးတတ်ခြင်း၊ မှန်ကန် သည့်လုပ်ရပ်၌ အားပေးတတ်ခြင်း၊ ဗဟုသုတဖြစ်ဖွယ်ရာကို ပြောပြလေ့ရှိခြင်း၊ တိုးတက်ခြင်း၏အ ကြောင်းကိုလမ်းညွန်လေ့ရှိခြင်းတို့ဖြင့် သိမှတ်ရပါမည်၊၊
“သနားတတ်သော မိတ်ဆွေ”ဖြစ်ကြောင်း အကဲခပ်ရန်လက္ခာ(၄)မျိုး ရှိပါသည်၊၊ မိမိကျရှုံးသည်ကို မနှစ်သက်ခြင်း၊ မိမိအောင်မြင်သည်ကိုဝမ်းသာခြင်း၊ မိမိကိုကဲ့ရဲ့သည်ကို တားမြစ်လေ့ရှိခြင်း၊ မိမိအား ချီးမွှန်းသည်ကို ထောက်ခံလေ့ရှိခြင်းတို့ ဖြစ်ပါသည်၊၊
ငွေကြေးဥစ္စာကို အသုံးပြုနည်းနှင့်ဆက်စပ်၍ သိင်္ဂါလသုတ်တွင် မှတ်သားဖွယ်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊
“ရရှိသည့်ဥစ္စာများကို လေးစုပုံ၍၊
 တစ်ပုံကိုနေ့စဉ် အသုံးစရိတ်ပြုရမည်၊
 နှစ်ပုံကို လုပ်ငန်းတွင် ရင်းနှီးရမည်၊
 ကျန်တစ်ပုံကို စုဆောင်းထားရမည်”ဟု ဖြစ်ပါသည်၊၊
ရာဇဂဟမြို့တော်ကြီးတွင် လူငယ်တစ်ယောက်ရှိခဲ့ဖူးပါသည်၊၊ သူသည် နံနက်မိုးလင်းတိုင်းစောစောထ ပြီး၊ မြို့ပြင်သို့သေသပ်သော အ၀တ်အစားဖြင့်ထွက်လျက် အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အောက်၊ အထက်အရပ်မျက်နှာခြောက်ခုသို့ ရှိခိုးလေ့ရှိပါသည်၊၊
တနေ့သောအခါ မြတ်စွာဘုရားရှင်နှင့်တွေ့ပြီး၊ မြတ်စွာဘုရားရှင်မှ “မည်သည်ကိုပြုနေသနည်း”ဟု မေး သောအခါ၊ သူ၏ဖခင်မသေမှီကမှာခဲ့သည့်အတိုင်း “အရပ်မျက်နှာများကို ရှိခိုးနေပါသည်”ဟု ဖြေကြား ပါသည်၊၊
မြတ်စွာဘုရားရှင်မှ“အရပ်မျက်နှာ(6)ခုဟူသည်မှာ သာမန်အရပ်များကို ဆိုလိုသည်မဟုတ်ဘဲ၊ အထူး ရည်ရွယ်ချက်ဖြင့် ဆိုထားခြင်းဖြစ်ကြောင်း”ရှင်းလင်းညွန်ပြလျက်၊ အရပ်မျက်နှာခြောက်မျိုး၏ အထူး ရည်ညွန်းရာများကိုအသေးစိတ် ဆွေးနွေးဟောပြောခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင် ညွန်ပြဟောပြောသည့် အရပ်မျက်နှာခြောက်မျိုး၏အထူးရည်ညွန်းချက်ကို အောက်ပါ အတိုင်း လေ့လာမှတ်သားနိုင်ပါသည်၊၊
“မိဘတို့သည် အရှေ့အရပ်ဖြစ်ပါသည်၊၊”ဆိုလိုသည်မှာ အရှေ့အရပ်ကိုရှိခိုးပူဇော်လျက်နေရမည်ဟု ဆိုခြင်းမှာ မိဘတို့ကိုလုပ်ကျွေးပြုစုရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်၊၊
လူတစ်ယောက်သည် မိဘတို့အပေါ်တွင်ပြုသင့်သည့် တာဝန်များကိုကျေပွန်လျင် အရှေ့မျက်နှာလုံခြုံ သည်ဟု ဆိုပါသည်၊၊ အရှေ့အရပ်မျက်နှာမှ ဘေးအန္တရာယ်တစ်စုံတရာ မလာတော့ဘဲ၊ အေးချမ်းမှုကို ခံစားရသည်ဟု လေ့လာရပါသည်၊၊
“ဆရာတို့သည် တောင်အရပ်ဖြစ်ပါသည်၊၊” တောင်အရပ်ကို ရှိခိုးပူဇော်လျက်နေရမည်ဆိုသည်မှာ ဆရာများကိုကျေးဇူးသိရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်၊၊
“မိသားစုသည် အနောက်အရပ်ဖြစ်ပါသည်၊၊”အနောက်အရပ်ကို ရှိခိုးပူဇော်လျက်နေရမည်ဆိုခြင်းမှာ မိသားစုအပေါ်တွင် တာဝန်ကျေရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်၊၊
“မိတ်ဆွေများသည် မြောက်အရပ်ဖြစ်ပါသည်၊၊” မြောက်အရပ်ကို ရှိခိုးပူဇော်ရမည်ဆိုသည်မှာ မိတ်ဆွေ ၀တ္တရားများကို ကျေပွန်ရမည်ဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊
“လက်အောက်ငယ်သား(အလုပ်သမား)များကို အောက်အရပ်”ဟု ခေါ်ပါသည်၊၊ အောက်အရပ်ကို ရှိခိုးပူးဇော်လျက် နေရမည်ဆိုသည်မှာ မိမိထက်နိမ့်ပါးသည့် လက်အောက်ငယ်သားများအပေါ်တွင် ပေးကမ်းချီးမြှင့်ရမည်၊ ငဲ့ညှာရမည်၊ တာဝန်ယူမှုရှိရမည်ဟု ဆိုလိုပါသည်၊၊
“ရဟန်း၊ သံဃာများကို အထက်အရပ်”ဟု ခေါ်ပါသည်၊၊ “အထက်အရပ်ကို ရှိခိုးပူဇော်လျက်နေရ မည်”ဟုဆိုသည်မှာ ရဟန်း၊ သံဃာများကို ကိုးကွယ်ဆည်းကပ်လျက်နေရမည်ဟု ဆိုလိုပါသည်၊၊
လူတို့၏နေ့စဉ်ဘ၀တွင် ဖြေရှင်းရသည့်ပြဿနာများစွာနှင့် ဖြေရှင်းရန်ခက်ခဲသည့် ပြဿနာများစွာတို့ ကို နေ့စဉ်ကြုံတွေ့နေကြရပါသည်၊၊ ပြဿနာအများစုမှာ လူမှုပေါင်းသင်းဆက်ဆံရေးမှ ဖြစ်ပေါ်လာရ ပါသည်၊၊
Social Ethics ဟုခေါ်သည့် အသိုင်းအ၀န်းပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်တာဝန်များကို လေ့လာသိရှိပြီး၊ လိုက်နာကျင့်သုံးကြလျင် နေ့စဉ်ဘ၀တွင်ဘေးအန္တရာယ်များနှင့်၊ ပြဿနာအရှုပ်အ ထွေးများမှကင်းဝေးပြီး၊ ပျော်ရွှင်ကျေနပ်ဖွယ်ဘ၀အရသာကို ခံစားကြရပါမည်၊၊
သားသ္မီးများသည် မိဘများအပေါ်တွင် တာဝန်(၅)မျိုးကို မဖြစ်မနေယူကြရပါမည်၊၊ သားသမီးတာဝန် များသည်ပင် သားသမီးကောင်းတို့၏ ကိုယ်ကျင့်တရားများ ဖြစ်ပါသည်၊၊ တာဝန်မကျေလျင် “သားဆိုး၊ သမီးယုတ်”များ ဖြစ်ရပါသည်၊၊
       (၁) ကျွေးမွေးပြုစုရခြင်း၊
       (၂) မိဘတို့၏အမှုကိစ္စများကို စီမံဆောင်ရွက်ရခြင်း၊
       (၃) မိဘတို့၏ အမွေကိုခံယူရခြင်း၊
       (၄) မိဘတို့ကွယ်လွန်ပြီးသော် ကုသိုလ်ပြုပေးရခြင်း၊
       (၅) အမျိုး၏ဂုဏ်သိက္ခာကို စောင့်ထိမ်းရခြင်း၊၊
မိဘများဘက်မှလည်း သားသ္မီးများအပေါ်တွင် မဖြစ်မနေကျေပွန်ရမည့် တာဝန်(၅)မျိုးကို ဖော်ပြထား ပါသည်၊၊ မိဘတာဝန်မကျေလျင်လည်း မိကောင်းဖကောင်းဟု မခေါ်ဆိုနိုင်ဘဲ၊ “မိယုတ်၊ ဖယုတ်”ဟု သတ်မှတ်နိုင်ပါသည်၊၊
       (၁) အမှားပြုသည်ကို တားဆီးထိမ်းသိမ်းပေးခြင်း၊
       (၂) အမှန်ကို လမ်းညွန်ပေးခြင်း၊
       (၃) အတတ်ပညာသင်ပေးရခြင်း၊
       (၄) ထိမ်းမြားပေးရခြင်း၊
       (၅) အမွေပေးရခြင်း၊၊ 
“စာပေနှင့် အသိပညာများကို သင်ကြားပေးသည့်ဆရာများကို တောင်အရပ်မျက်နှာ”ဟု ခေါ်ပါသည်၊၊ တောင်အရပ်ကို ရှိခိုးပူဇော်လျက်နေရမည်ဟု ဆိုသည်မှာဆရာတပည့်ကျင့်ဝတ်တာဝန်ကို ကျေပွန်ကြ ရမည်ဟု ဆိုလိုပါသည်၊၊
တပည့်များသည် ဆရာများအပေါ်တွင် မဖြစ်မနေကျေပွန်ရမည့် တာဝန်(၅)မျိုးရှိပါသည်၊၊ တာဝန်ကျေ သည့်တပည့်မျိုးသည် ဆရာအထံမှ ပညာကောင်းကောင်းများကို ရရှိနိုင်ပါသည်၊၊ “ဆရာကောင်း တပည့်၊ ပန်းကောင်းပန်”ဟု မြန်မာဆိုရိုးရှိပါသည်၊၊
       (၁) ခရီးဦးကြိုဆိုခြင်း၊
       (၂) အနီးတွင်နေရခြင်း၊
       (၃) လိုက်နာမှုရှိခြင်း၊
       (၄) ပြုစုရခြင်း၊
       (၅) သင်ယူရခြင်း၊၊
တာဝန်မကျေသည့် တပည့်များသည်လည်း ဆရာများအတွက် အန္တရာယ်ကြီးသည့် “ရန်သူ”များဖြစ် ရပါသည်၊၊ စာပေတွင် ဆရာကိုရန်ငြိုးထားပြီး လက်စားခြေသည့်တပည့်များအကြောင်း မှတ်တမ်းတင် ထားသည်ကို လေ့လာရပါသည်၊၊
တပည့်အပေါ်တွင် ဆရာများမှမဖြစ်မနေ ထမ်းဆောင်ရမည့်တာဝန်(၅)မျိုး ရှိပါသည်၊၊ ဆရာတာဝန် မကျေသည့် ဆရာများသည်လည်း ပူဇော်ထိုက်သည့်အဆင့်တွင် မရှိတော့ဘဲ၊ “မိတ်ဆွေယုတ်”ဟူပင် မှတ်ယူရပါသည်၊၊
       (၁) ဆုံးမခြင်း၊
       (၂) သင်စေခြင်း၊
       (၃) သင်ပေးခြင်း၊
       (၄) မိတ်ဆွေကောင်းနှင့်ဆက်သွယ်ပေးခြင်း၊
       (၅) စောင့်ရှောက်ခြင်း၊၊
“ဇနီးများသည် ခင်ပွန်းများအတွက် အနောက်အရပ်ဒေသဟု ခေါ်ပါသည်၊၊” အနောက်အရပ်ကို ရိုသေ လေးစားလျက် နေရမည်ဆိုသည်မှာ လင်သားတာဝန်များကိုကျေပွန်ရမည်ဟု ဆိုလိုပါသည်၊၊ ဇနီး အပေါ်တွင်တာဝန်(၅)မျိုးကိုအမျိုးသားတို့ ထမ်းဆောင်ရပါသည်၊၊
တာဝန်ကျေသည့်အမျိုးသားများကို “နတ်”များကပင်ရှိခိုးလေ့ရှိကြောင်းကို ပါဠိစာပေတွင်ဖော်ပြထား ပါသည်၊၊ တာဝန်ပျက်ကွက်သည့် ခင်ပွန်းနှင့်၊ အစွမ်းအစမရှိသည့်အမျိုးသားများကို ဇနီးနှင့်သားသမီး များမှ အလေးထားမှုမရှိတတ်ကြောင်း သတိပြုသင့်ပါသည်၊၊
       (၁) မြတ်နိုးခြင်း၊
       (၂) မနှိမ်ခြင်း၊
       (၃) သစ္စာမပျက်ခြင်း၊
       (၄) ဥစ္စာကိုအပ်နှင်းခြင်း၊
       (၅) အ၀တ်တန်ဆာ ဆင်ပေးခြင်း၊၊
တာဝန်မကျေသည့် အမျိုးသားကို ရရှိထားခြင်းမှာ အမျိုးသမီးတို့အတွက် ကိုးကွယ်ရာ"ဘုရား"မှားသည်နှင့် တူပါသည်၊၊ မြန်မာစာပေတွင် "လင်ကုန်ရှုံးလျင် ဘ၀တစ်ခုလုံး မှောက်သည်"ဟု ဆိုထားပါသည်၊၊ 
"လင်ဆိုးမယား တဖားဖား"ဟုလည်း ဆိုကြပါသေးသည်၊၊ မည်မျှပညာတတ် ကိုယ်ကျင့်တရားကောင်းသည့် အမျိုးသမီးဖြစ်စေကာမူ အိမ်ထောင်ဦးစီးယုတ်မာသူကို ရရှိလိုက်လျင်တိုးတက်မှုများအားလုံး ပျက်စီးပြီး ဘ၀ရှုံးရပါတော့သည်၊၊
“ဇနီးခင်ပွန်းတို့သည် အခြင်းခြင်းအနောက်အရပ်”ဟု ခေါ်ပါသည်၊၊ ဇနီးတာဝန်ကျေပွန်ခြင်း၊ လင်သား တာဝန်ကျေပွန်ခြင်းဖြင့် အနောက်အရပ်သည် လုံခြုံခြင်း၊ ငြိမ်းချမ်းခြင်း၊ ဘေးကင်းခြင်းအကျိုးကို ရရှိပါ သည်၊၊ ဇနီးများဖက်မှလည်းသည် ခင်ပွန်းအပေါ်တွင် တာဝန်(၅)မျိုးကို ကျေပွန်ရပါသည်၊၊
       (၁) အိမ်တွင်းလုပ်ငန်းများကို ပြုလုပ်ရခြင်း၊
       (၂) နှစ်ဘက်မိဘတို့ကို ထောက်ပံ့ရခြင်း၊
       (၃) သစ္စာရှိရခြင်း၊
       (၄) စီးပွားဥစ္စာကို ထိမ်းသိမ်းရခြင်း၊
       (၅) မပျင်းရခြင်း၊၊
ဇနီးများသည် အိမ်ထောင်တစ်ခုတွင် အလွန်အရေးပါသူများ ဖြစ်ကြပါသည်၊၊ ဇနီးတာဝန်မကျေသည့် အမျိုးသမီးတစ်ယောက်ကိုရရှိထားလျင် "မြွေပွေး"ကို ခါးပိုက်ထားရသည်နှင့်တူသည်ဟု ပါဠိစာပေတွင် ဖော်ပြထားပါသည်၊၊
အထက်တွင် ဖော်ပြထားသည့် ဇနီးတာဝန်ငါးမျိုးသည် မဖြစ်မနေကျင့်သုံးရမည့် ကျင့်ဝတ်များဖြစ်ပါသည်၊၊ "အမျိုးသမီးတစ်ဦးသည် ဖော်ပြပါတာဝန်များကိုကျေပွန်ခဲ့လျင် ဘ၀သံသရာတွင် အမျိုးသားဘ၀ကို ရရှိနိုင်သည်"ဟု အင်္ဂုတ္ထိုရ်ပါဠိတွင် ဖော်ပြထားပါသည်၊၊
လူဟူသည် တစ်ယောက်တည်းနေ၍ရနိုင်သည် မဟုတ်၊ အသိုင်းအ၀န်းဖြင့် နေကြရပါသည်၊၊ အပေါင်း အသင်းမိတ်ဆွေများနှင့်အတူ အကျိုးစီးပွားရှာဖွေလျက် အသက်မွေးကြရပါသည်၊၊ ထို့ကြောင့် မိတ် ဆွေများနှင့် ဆက်ဆံပေါင်းသင်းရာတွင် ကျင့်ဝတ်(၅)မျိုးကို ဖြည့်ဆည်းကြရပါသည်၊၊
       (၁) ပေးခြင်း၊
       (၂) ပြေပြစ်သည့် စကားကိုပြောဆိုခြင်း၊
       (၃) အကျိုးစီးပွားအတွက် ကူညီပေးခြင်း၊
       (၄) အဆင့်တူဆက်ဆံခြင်း၊
       (၅) သစ္စာရှိခြင်း၊
“အလုပ်သမားနှင့် အစေခံများကို အောက်အရပ်မျက်နှာ”ဟု ခေါ်ပါသည်၊၊ အလုပ်သမားနှင့်၊ အစေခံ များအပေါ်တွင် ကျေသင့်သည့်တာဝန်ယူမှုကို ပြုခြင်းအားဖြင့် အောက်အရပ်မျက်နှာမှ အန္တရာယ်မဖြစ် တော့ဘဲ အေးအေးချမ်းချမ်းနေရပြီး၊ စီးပွားတိုးတက်နိုင်ပါသည်၊၊ 
အလုပ်ရှင်များသည် အလုပ်သမားနှင့်၊ လက်အောက်ငယ်သားများထက် အသိပညာ၊ အတတ်ပညာ နှင့်၊ ကိုယ်ကျင့်တရားသာလွန်သင့်ပြီး၊ အလုပ်ရှင်ကျင့်ဝတ်(၅)မျိုးကိုလည်း ကျင့်သုံးရပါမည်၊၊
       (၁) အင်အားနှင့်သင့်တော်ရုံ ခိုင်းစေခြင်း၊ (နေပေးမှန်ခြင်း)
       (၂) လစာသင့်တော်သည်အထိ ပေးခြင်း၊
       (၃) ကျန်းမာရေး စောင့်ရှောက်ခြင်း၊
       (၄) စားကောင်းသောက်ဖွယ်ကို အခါအားလျော်စွာ ပေးခြင်း၊
       (၅) အားလပ်ခွင့်ပေးခြင်း၊ လက်ဆောင်ပေးခြင်း၊၊
ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ရှင်နှင့်၊ အလုပ်သမားများ ညီညွတ်စွာကြိုးစားကြမှသာလျင် အောင်မြင် ပြီး၊ စီးပွားတိုးတက်သည့် အလုပ်ဌာနတစ်ခုဖြစ်လာနိုင်ပါသည်၊၊ အောင်မြင်ပြီး၊ စီးပွားရေးအရ အမြတ် များသည့် ကုမ္ပဏီတစ်ခုဖြစ်စေရန် အလုပ်သမားတာဝန်နှင့်၊ အလုပ်ရှင်တာဝန်၊ သို့မဟုတ်-အလုပ်သ မားကျင့်ဝတ်နှင့်၊ အလုပ်ရှင်ကျင့်ဝတ်များကို မဖြစ်မနေလိုက်နာကျင့်သုံးကြသင့်ပါသည်၊၊ 
အလုပ်သမားများအတွက် တာဝန်(၅)မျိုးကို လမ်းညွန်ဖော်ပြထားသည်ကို လေ့လာသင့်လှပါသည်၊၊
           (၁) အိပ်ယာစောစောထခြင်း၊
           (၂) နောက်ကျမှ အိပ်လေ့ရှိခြင်း၊
           (၃) ပေးသမျှနှင့် ရောင့်ရဲခြင်း၊
           (၄) လုပ်ငန်းကျွမ်းကျင်ခြင်း၊
           (၅) အလုပ်ရှင်၏ ဂုဏ်ကျေးဇူးကို ပြောလေ့ရှိခြင်း၊၊
လူမျိုးတိုင်းနှင့်၊ နိုင်ငံတိုင်းအတွက် ကိုးကွယ်ရာဘာသာဆိုသည်မှာ ရှိကြပါသည်၊၊ ဘာသာရေးခေါင်း ဆောင်များလည်း အသီးသီးရှိကြပါသည်၊၊ ပါဠိဝေါဟာရဖြင့် သမဏ၊ ဗြဟ္မဏဟု ခေါ်ပါသည်၊၊ အင်္ဂလိဘာသာဖြင့် “clergy, high priest, father, monk”စသည့်နာမည်များဖြင့် ခေါ်ကြပါသည်၊၊
“ဘာသာအမျိုးမျိုးမှ ဘာသာရေးခေါင်းဆောင်များကို အထက်အရပ်”ဟု ခေါ်ပါသည်၊၊ အထက်အရပ် ကို ရှိခိုးပူဇော်ရမည်ဆိုသည်မှာ ဘာသာရေးခေါင်းဆောင်များကို ထိုက်တန်သည့်ထောက်ပံ့မှုနှင့်၊ အရို အသေပေးရမည်ဟု ဆိုလိုပါသည်၊၊ ကိုးကွယ်သူလူတို့အနေဖြင့် တာဝန်(၅)မျိုးကို ထမ်းဆောင်ရပါ သည်၊၊
       (၁) မေတ္တာပါသော ကိုယ်အမူအရာဖြင့် ဆက်ဆံရခြင်း၊
       (၂) မေတ္တာပါသော နှုတ်အမူအရာဖြင့် ဆက်ဆံရခြင်း၊
       (၃) မေတ္တာပါသော စိတ်အမူအရာဖြင့် ဆက်ဆံရခြင်း၊
       (၄) စေတနာအမြဲထားရှိရခြင်း၊
       (၅) အလှူပေးရခြင်း၊၊
လူတို့၏ ချွေးနှဲစာဖြင့်ရပ်တည်ကြသည့် ဘာသာရေးခေါင်းဆောင်များမှလည်း ကိုးကွယ်သူလူတို့အပေါ် တွင် တာဝန်(၆)မျိုးကို ထမ်းဆောင်ရပါသည်၊၊
       (၁) မကောင်းမှုမှ တားဆီးခြင်း၊
       (၂) ကောင်းမှုတွင် အားပေးခြင်း၊
       (၃) စောင့်ရှောက်ခြင်း၊
       (၄) မကြားဖူးသည့် တရားကိုဟောပြေခြင်း၊
       (၅) ကြားဖူးပြီးသည်ကို ပိုမိုနားလည်စေရန် ဟောပြောခြင်း၊
       (၆) နတ်ပြည်(အထက်တန်း)ရောက်စေရန် အကြံပြုခြင်း၊၊
လူ့အသိုင်းအ၀ိုင်းတွင် နေထိုင်ကြသူတိုင်းအတွက် လူအခြင်းခြင်းပြုရမည့်တာဝန်များ၊ ၀တ္တရားများကို အရပ်မျက်နှာများဖြင့်ကိုယ်စားပြုလျက် “သင်္ဂါလသုတ်”တွင်လမ်းညွန်ဖော်ပြထားသည်ကို အသေးစိတ် တွေ့ရှိနိုင်ပါသည်၊၊
ဘေးအန္တရာယ်နှင့်၊ ဆင်းရဲခြင်းများသည် အရပ်ဒေသ(၆)မျိုးမှ လာရောက်လေ့ရှိပါသည်၊၊ အရပ် ဒေသ ခြောက်မျိုးမှာလည်း သာမန်အရပ်ဒေသကိုဆိုလိုသည်မဟုတ်ဘဲ နေ့စဉ်ဆက်ဆံပေါင်းသင်းနေရသည့် လူများကိုပင်ကိုယ်စားပြုကြောင်း တင်ပြထားသည်မှာမှတ်သားဖွယ် အလွန်ကောင်းပါသည်၊၊
ပါဠိစာပေ၏ စာပေရသဆိုင်ရာအထူးပြုလေ့လာသင့်သည့် လမ်းညွန်ဖော်ပြချက်များကို သိင်္ဂါလသုတ် တွင် လေ့လာတွေ့ရှိနိုင်ပါသည်၊၊ ပိဋကတ်သုံးပုံတွင် သုတ်အရေအတွက်ပေါင်း(၄,၀၀၀၀)ခန့်ရှိရာ လူ့ အသိုင်းအ၀ိုင်းတွင် ပေါင်းသင်းဆက်ဆံမှုဆိုင်ရာ လမ်းညွန်ချက်ကိုယ်ကျင့်တရားများကို သိင်္ဂါလသုတ် တွင်သာ တွေ့ရှိနိုင်ပါသည်၊၊ 
ဗုဒ္ဓဘာသာသည် လောကုတ္တရာသက်သက်ကိုသာ မဟုတ်ဘဲ၊ နေ့စဉ်ဘ၀လူမှုပေါင်းသင်းဆက်ဆံရေး နှင့်၊ လောကစီးပွားရေးကြီးပွားရေးဆိုင်ရာ လမ်းညွန်ချက်များကိုအပြည့်အစုံ ရှုဒေါင့်အစုံဖြင့်သင်ပြ သည့်ဘာသာကြီးတစ်ခုဖြစ်ကြောင်းကိုလည်း သိင်္ဂါလသုတ်ကိုလေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်၊၊
အထူးသတိပြုသင့်သည်မှာ "အရပ်မျက်နှာ(၆)မျိုးလုံခြုံလျင် ဘေးအန္တရာယ်နှင့် ဆင်းရဲမှုများမှကင်းဝေးသည်၊ ချမ်းသာခြင်းများ လာရောက်သည်"ဟု ဖော်ပြထားသဖြင့်၊ အရပ်မျက်နှာခြောက်မျိုးဖြင့် တင်စားထားသည့် သက်ဆိုင်ရာတာဝန်များကို မကျေပွန်ခဲ့သော် အရပ်မျက်နှာ ခြောက်မျိုးမှ ဘေးဆိုးရန်ဆိုးများနှင့်၊ ဆင်းရဲမှုများ လာရောက်မည်ကို သတိပြုသင့်ပါသည်၊၊
“သိင်္ဂါလသုတ်”တွင် လေ့သင့်သည့်အချက်အလက်များနှင့်၊ လူမျိုးဘာသာမရွေး လိုက်နာကျင့်သုံးနိုင်သည့် ကျင့်ဝတ်တာဝန်ပေါင်းများစွာကို လေ့လာရရှိနိုင်ပါသည်၊၊ အခြေခံခိုင်မာသည့် အဖွဲ့အစည်းကြီးများနှင့်၊ အောင်မြင်သည့်မိသားစုဘ၀၊ အသိုင်းအ၀ိုင်းဆက်ဆံရေးများကို သိင်္ဂါလသုတ် တွင် အကျယ်လေ့လာနိုင်ပါသည်၊၊
“သိင်္ဂါလသုတ်ကိုအနှစ်ချုပ်လျက် လေ့လာသုံးသပ်မှု”စာတမ်းသည် အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟု ယူဆပါသည်၊၊ စာရှုသူများအနေဖြင့် ဖော်ပြဆွေးနွေးထားသည့် ကျင့်ဝတ်စည်းကမ်းများကို လေ့လာ၊ လိုက်နာကျင့်သုံးခြင်းဖြင့် အောင်မြင်သည့်ဘ၀ချမ်းသာများကို ပိုင်ဆိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက် ရပါသည်၊၊                      ၊၊
(ကိုးကား/ သိင်္ဂါလသုတ်၊ ပါထိက၀ဂ္ဂပါဠိနှင့် အဌကထာ၊၊ 2012-ခုနှစ် B.P.U-တက္ကသိုလ်မှ Lectures များကိုကိုးကားလျက် ရေးသားတင်ပြအပ်ပါသည်၊၊)
                                                             အရှင်ကေ၀လ(အလင်းစက်)
                                                      {B.A-Eng, M.A-Phil-Sri Lanka}
                                                           မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                     ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (12/05/2013)
အပြည့်အစုံသို့....
Saturday, April 13, 2013
သာသနာ့အံ့ဖွယ်(၈)ဖြာ၊၊ ၊၊
“သာသနာ”ဟူသည့်ဝေါဟာရကို ယနေ့ခေတ်တွင် အဖွဲ့အစည်းပေါင်းများစွာမှ အသုံးပြုနေကြသည် ကို တွေ့ရပါသည်၊၊ 
အမှန်စင်စစ်“သာသနာ”သည် ပါဠိဝေါဟာရဖြစ်ပါသည်၊၊ “မြတ်စွာဘုရားရှင်၏ ဆုံးမသင်ကြားချက် ပိဋကတ်စာပေတည်ရှိရာနေရာကို သာသနာဟုခေါ်ပါသည်၊၊”
  ထူးထူးခြားခြားအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ခရာစ်ယာန်နှင့်၊ မွတ်စလင်တို့ကလည်း “သာသနာပြုအဖွဲ့များ”ဟူ၍ပင် နာမည်မှည့်ထားကြသည်ကို လေ့လာရပါသည်၊၊
ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့်ဝေါဟာရကိုယူ၍ အသုံးပြုခြင်းအားဖြင့် ၄င်းတို့၏ဘာသာရေးလုပ် ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်သည်ဟုတွက်ဆပြီး အသုံးပြုဟန်တူပါသည်၊၊ သို့သော် “ဗုဒ္ဓရှင်တော်၏ ဆုံးမသင်ကြားချက်များ မတည်ရှိရာဘာသာများကို သာသနာဟူ၍ခေါ်နိုင်ခြင်းမရှိ”သည်ကို ပါဠိစာပေနှင့်အလှန်းဝေးသည့် ဘာသာခြားတို့သိကြဟန် မတူပါချေ၊၊
မြတ်စွာဘုရားရှင်၏ ဆိုဆုံးမသင်ကြားချက်တို့ တည်ရှိရာသာသနာတော်မြတ်တွင် ထူးခြားချက်(၈)မျိုး ရှိပါသည်၊၊ ထူးခြားသည့်ဖြစ်စဉ်(၈)မျိုးဟုလည်း ခေါ်နိုင်ပါသည်၊၊ မြန်မာစာပေတွင်မူ “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ဟူ၍ အသိများပါသည်၊၊
ဗုဒ္ဓသာသနာတော်တွင်မှ မဟုတ်၊ အခြားသောဘာသာရေး အဖွဲ့အစည်းများတွင်လည်း “အစစ်အမှန်နှင့်၊ အတုအယောင်”ဟူ၍ ရှိပါသည်၊၊ ဘာသာရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးလုပ်ခြင်းများနှင့်၊ ဘာသာ ရေးကို အကာအကွယ်ယူ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကြခြင်းများစွာတို့ ဖြစ်ပါသည်၊၊
မြတ်စွာဘုရားရှင် သင်ကြားတော်မူထားသည့် အံ့ဖွယ်ရှစ်ဖျာသာသနာ(ခေါ်)အဖွဲ့အစည်းကြီးများ၏ ထူးခြားချက်(၈)မျိုးသည် လူလေးယောက်ထက်ပို၍ စုပေါင်းအလုပ် လုပ်ကြသည့်အဖွဲ့စည်းတိုင်းတွင် ရှိနိုင်သည်ဟု သုံးသပ်မိပါသည်၊၊
အကြောင်းမှာ အဖွဲ့အစည်းတိုင်းတွင် မူမမှန်သူများ၊ ယုတ်မာသူများ၊ အလိုဆိုးရှိသူများသည် ထိုထိုအဖွဲ့ အစည်းများတွင် အခိုက်အတန့်မျှတည်နေနိုင်ပြီး၊ တစ်နည်းနည်းဖြင့်အဖွဲ့အစည်းမှ လွင့်ပျောက်ထွက်ခွါ ရတတ်သောကြောင့် ဖြစ်ပါသည်၊၊
မြတ်စွာဘုရားရှင်သည် သာသနာတော်၏ထူးခြားဖြစ်စဉ် အံ့သြဖွယ်ရာအခြေအနေ(၈)မျိုးကို သမုဒ္ဒရာနှင့်ဥပမာပြု၍ သင်ကြားထားခဲ့ပါသည်၊၊ သမုဒ္ဒရာ၏ဖြစ်တည်ပုံ(၈)မျိုးကို အောက်ပါအတိုင်းလေ့လာရပါသည်၊၊
(၁) အစဉ်အတိုင်းနက်ခြင်း၊
(၂) ကမ်းကိုရေမကျော်ခြင်း၊
(၃) ရွံ့ဖွယ်ရာများကို လက်မခံခြင်း၊
(၄) အမည်တစ်မျိုးသာ ထားရှိခြင်း၊
(၅) အတိုးအလျော့မရှိခြင်း၊
(၆) ရတနာတို့ဖြင့် ပြည့်နေခြင်း၊
(၇) အရသာတစ်မျိုးတည်း ရှိခြင်း၊
(၈) ငါးအကြီးစားများ၏ နေရာဖြစ်ခြင်း၊၊
သမုဒ္ဒရာကြီးများ၏ ထူးခြားချက်(၈)မျိုးကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်ဆွေးနွေး တင်ပြလိုက်ရပါသည်၊၊
မဟာသမုဒ္ဒရာကြီးများသည် မြစ်ချောင်းအိုင်တို့နှင့် မတူပါ၊၊ မြစ်ချောင်းအင်းအိုင်တို့သည် ရေတိမ်ရေ နက်ခန့်မှန်းရန် အလွန်ခက်ခဲပါသည်၊၊ အချို့မြစ်နှင့်ချောင်းတို့သည် ဆိပ်ကမ်းတွင်အလွန်နက်ပြီး၊ ရေ လယ်ခေါင်တွင်မူ တိမ်နေတတ်ပါသည်၊၊ အချို့မြစ်ချောင်းများကမူ ကမ်းတွင်သာမန်မျှနက်ပြီး၊ ရေအ လယ်တွင်မူ အလွန်နက်ပါသည်၊၊
ထိုသို့ရေတိမ်ရေနက်ကို မသိရသောကြောင့် ရေသို့ဆင်းမိသူများသည် ရေနစ်ခြင်းစသည့်အန္တရာယ်များကို ရင်ဆိုင်ကြရပါသည်၊၊ သမုဒ္ဒရာကြီးများသည်ကမ်းတစ်ဘက်မှ အခြားကမ်းတစ်ဘက်ကို မမြင် သာလောက်အောင် ကြီးမားကြသော်လည်း ရေတိမ်ရေနက်တွင်မူ ကမ်းစပ်တွင်ရေတိမ်ပြီး၊ ဖြည်းဖြည်းခြင်းသာ အစဉ်အတိုင်းနက်သွားကြပုံမှာ အတူတူဖြစ်ပါသည်၊၊
မြစ်ချောင်းတို့သည် မိုးများလျင်များသမျှ ကမ်းကိုရေကျော်လေ့ရှိပြီး၊ အနီးနေသူတို့ အန္တရာယ်ဖြစ် ကြရပါသည်၊၊ သမုဒ္ဒရာကြီးများသည် မိုးမည်မျှများစေကာမူ ကမ်းပေါ်သို့ရေကျော်တက်ခြင်း မရှိကြပါ၊၊
သမုဒ္ဒရာရေသည် အလွန်သန့်ရှင်းကြည်လင်ပါသည်၊ အကြောင်းမှာ သမုဒ္ဒရာသည် ရေထဲတွင်အပုတ် ကောင်များနှင့်၊ အမှိုက်အညစ်အကြေးများကိုလက်ခံလေ့မရှိဘဲ ပြင်ပသို့ရောက်အောင် လှိုင်းဖြင့်ပုပ်ပြစ်လေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊
သမုဒ္ဒရာတွင်းသို့ မြစ်ပေါင်းများစွာ၊ ချောင်းပေါင်းများနှင့် အင်းအိုင်ပေါင်းများစွာတို့မှ ရေအမျိုးမျိုးတို့ စီးဝင်လေ့ရှိကြပါသည်၊၊ သမုဒ္ဒရာတွင်းသို့ရောက်ပြီးချိန်တွင် မြစ်အမျိုးနှင့်၊ ချောင်းအမျိုးမျိုးတို့မှ ၀င်ရောက်လာသောရေများသည် “သမုဒ္ဒရာရေ”ဟူ၍သာလျင် နာမည်တစ်မျိုးတည်း ခံယူရပါသည်၊၊
မြစ်ချောင်းတို့သည် မိုးများလျင်ရေလျှံတက်ပြီး၊ ပတ်ဝန်းကျင်ရှိသက်ရှိသတ္တ၀ါတို့ ရေဘေးတွေ့ကြရပါ သည်၊၊ မိုးနည်းသည့်နှစ်များတွင်မူ ရေခမ်းသဖြင့် မြစ်ချောင်းကိုမှီခိုနေရသည့် သက်ရှိတို့ရေငတ်ဘေးဖြင့် ဆင်းရဲကြရပါသည်၊၊
သမုဒ္ဒရာကြီးများသည် မိုးများသဖြင့်ရေလျှံခြင်း၊ မိုးနည်းသဖြင့်ရေခမ်းခြောက်ခြင်း မရှိဘဲ၊ ရေပြင်အ တိုးအလျော့မရှိ တည်ငြိမ်လှပါသည်၊၊
သမုဒ္ဒရာကြီးများအထဲတွင် သဘာဝအလျောက်ဖြစ်တည်နေသည့် စိန်ရွှေငွေ၊ ကျောက်၊ နီလာ၊ သန္တာ၊ ပတ္တမြားစသည့် ရတနာအမျိုးမျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ 
သမုဒ္ဒရာကြီးများတွင်တည်ရှိနေသည့် ရေများသည် ဆားငန်အရသာတစ်မျိုးတည်းသာ ဖြစ်ကြပါသည်၊၊
သမုဒ္ဒရာကြီးများထဲတွင် ဧရာမကြီးမားသည့် ငါးကြီးများနှင့်၊ ရေသတ္တ၀ါအကြီးစားများသာ တည်ရှိရှင် သန်နိုင်ပါသည်၊၊ ဆွေးနွေးတင်ပြပြီးသည့် သမုဒ္ဒရာ၏ထူးခြားချက် အံ့ဖွယ်ရှစ်မျိုးကို စာရှုသူလေ့လာ သိမှတ်နိုင်ပြီဟု ယူဆပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြချက်များမှာ မဟာသမုဒ္ဒရာကြီးများ၏ ထူးခြားသည့်အင်္ဂါရှစ်မျိုး ဖြစ်ပါသည်၊၊ ယ္ခုအခါ သမုဒ္ဒရာနှင့်အလားတူ ဗုဒ္ဓမြတ်စွာသာသနာတော်၏ ထူးခြားသည့်အခြေအနေရှစ်မျိုး ကိုတင်ပြ ဆွေးနွေးအပ်ပါသည်၊၊
သာသနာတော်၏ ထူးခြားချက်ရှစ်မျိုးကို ကဗျာပညာရှင်များမှ မြန်မာကဗျာများရေးစပ်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်၊၊ စာရှုသူများအလွယ်တကူ လေ့လာရရှိနိုင်စေရန် ထင်ရှားသည့် “အံ့ဖွယ်ရှစ်ဖြာ သာသနာ”ကဗျာကို တင်ပြလိုက်ရပါသည်၊၊
“အစဉ်နက်ဝှန်း၊
ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊
တစ်မည်ဖြစ်ခြင်း၊
မယွင်းမတိုး၊
ဆယ်မျိုးရတနာ၊
ရသာဆားတူ၊
ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း၊၊”
“အစဉ်နက်ဝှန်း”
သာသနာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူ၍ အစဉ်အတိုင်းကျင့်စဉ်နှင့်၊ ပန်းတိုင် များသည်အစဉ်အတိုင်း ထူးခြားနက်နဲပါသည်၊၊ 
“ကမ်းကိုမလွန်”
သာသနာတော်တွင် လူသားများအတွက် ကျင့်ဝတ်စည်းကမ်းများ၊ သံဃာတော်များအတွက် ကျင့်ဝတ် စည်းကမ်းများဟူ၍ များစွာပင်တိကျစွာတည်ရှိပါသည်၊၊ သာသနာတော်အတွင်းတွင် လူနှင့်သံဃာတို့သည် ကျင့်ဝတ်များကိုဖောက်ဖြက်ခြင်း မပြုရပါ၊၊
“ရွံဖွယ်ဆယ်ပြစ်”
အကယ်၍ သာသနာတော်အတွင်းမှ လူတစ်ယောက်၊ သို့မဟုတ်-ရဟန်းသံဃာတစ်ပါးသည် ဗုဒ္ဓရှင် တော်ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ခဲ့သည်ရှိသော် ဗုဒ္ဓဘာသာကိုယ်ကျင့်တရား ပျက်ယွင်းသူအဖြစ်သို့ ရောက်ရပါသည်၊၊
ထိုသူမျိုးကို “ရွံမုန်းဖွယ်ကောင်းသူ”ဟု သတ်မှတ်ပါသည်၊၊ မတင့်တယ်သည့် စည်းကမ်းဖောက်ဖျက်သူ သည် တစ်နည်းနည်းဖြင့်သာသနာမှ အဝေးသို့လွင့်စင်ရပါတော့သည်၊၊ ဆိုလိုသည်မှာ စည်းပျက်သူတို့ သွားရလေ့ရှိသည့် လက်ရှိဘ၀ဆင်းရဲဘေးနှင့်၊ သံသရာဘ၀အပါယ်ဘေးများသို့ လွင့်စင်ကျရောက် ရခြင်း ဖြစ်ပါသည်၊၊
“တစ်မည်ဖြစ်ခြင်း”
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းသို့ မျိုးနွယ်အမျိုးမျိုးမှလူတို့သည် ကိုးကွယ်ဆည်းကပ်လာ လေ့ရှိကြသော်လည်း၊ သာသနာတော်အတွင်းသို့ရောက်သောအခါ “သကျပုတ္တ=ဘုရားရှင်၏သား တော်/သမီးတော်”ဟူ၍သာလျင် နာမည်တစ်မျိုးတည်းသာ ခံယူကြရပါသည်၊၊
“မယွင်း၊ မတိုး”
နိဗ္ဗာန်ချမ်းသာသို့ ကိုယ်ကျင့်တရားကောင်းသူများစွာ ရောက်ရှိကြသဖြင့်၊ နိဗ္ဗာန်ချမ်းသာတွင် နေရာ ပြည့်သွားခြင်းနှင့်၊ လူတို့ကိုယ်ကျင့်တရား ဖောက်ဖျက်ကြသဖြင့် နိဗ္ဗာန်ချမ်းသာသို့ရောက်နိုင်သူနည်းပါးပြီး၊ နိဗ္ဗာန်ချမ်းသာတွင် ခြောက်ကပ်နေခြင်းဟူ၍ မရှိပါ၊၊ နိဗ္ဗာန်ချမ်းသာသည် အမြဲသာယာစိုပြေ နေပြီး၊ အေးချမ်းနေသည့်ချမ်းသာအစစ်တည်ရှိရာ ဖြစ်နေပါသည်၊၊
“ဆယ်မျိုးရတနာ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးတွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နေပါသည်၊၊ ဆည်းကပ်ကိုးကွယ်သူများအားလုံးကို ရတနာဆယ်မျိုးတို့ ဖြင့် လူချမ်းသာများအဆင့်သို့ ရောက်ရှိစေပါသည်၊၊
“ရသာ ဆားတူ”
မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပါသည်၊၊ လွတ်ငြိမ်းသည့် ချမ်းသာဖြစ်ပါသည်၊၊ ချမ်းသာအမျိုးမျိုးတွင် အစစ်မှန်ဆုံးသော ချမ်းသာစစ်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့ ခံစားရသည့်နောက်ဆုံးအရသာသည် “လွတ်မြောက်မှုအရသာ”တစ်ခုတည်းသာ ဖြစ်ပါသည်၊၊
“ကြီးသူနေရာ”
မြတ်စွာဘုရားရှင် တည်ထောင်တော်မူသည့် သာသနာတော်သည် အမျိုးယုတ်ညံ့သူတို့ နေခွင့်ရှိသည့်နေရာ မဟုတ်ပါပေ၊၊ ဘုန်းကံမြင့်သူတို့သာ ကိုးကွယ်ဆည်းကပ်ခွင့်ရသည့် သာသနာတော်ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်နေသူများသည် ပါရမီရှိကြသည့် ဘုန်းကံမြင့်မားသူများသာ ဖြစ်ပါသည်၊၊
2013-ခုနှစ်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး အထူးဆောင်းပါးအဖြစ် “အလင်းစက်”စာဖတ်သူ များသို့ သာသနာတော်၏ထူးခြားချက်(၈)မျိုး၊ “အံ့ဖွယ်ရှစ်ဖြာသာသနာ”စာတမ်းကို တင်ပြဆွေးနွေး လိုက်ရပါသည်၊၊
“ပန်းပိတောက်ခိုင်ဝါတို့ ရွှေရည်လူးသည့် မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးမှသည် နှစ်ပေါင်းများစွာ ပျော်ရွင်ချမ်းမြေ့ကြပါစေ”ကြောင်း “အလင်းစက်အရှင်”မှ နှစ်ဦးဆုမွန်ချွေလျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊                ၊၊
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (14/04/2013)
အပြည့်အစုံသို့....
Monday, March 25, 2013
အပရိဟာနိယတရား(၇)မျိုး လေ့လာချက်၊၊ ၊၊
သံဃာနှင့် နိုင်ငံရေး၊၊        ၊၊
္ခုအခါ သံဃာတော်များသည် နိုင်ငံရေးလောကတွင်ထင်ထင်ပေါ်ပေါ် ၀င်ရောက်နေကြသည်ကို တွေ့ရပါသည်၊၊ ၀ိနည်းဥပဒေအရ“သင့်တော် သည်၊ မသင့်တော်ပါ”ဟုအမျိုးမျိုး ဝေဖန်ပြောဆိုကြပါသည်၊၊
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ပညာရေးအထွန်းကားဆုံးနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင်မူ“Monk Party”ဟုပင် နိုင်ငံတော်ပါလီမန်တွင် ပါတီတစ်ခုအဖြစ်ထားရှိပြီး၊ ရဟန်းပါလီမန်အမတ်များနှင့် အရှင် ကိုယ်တိုင်ပင် တွေ့ဆုံဆွေးနွေးရဖူးပါသည်၊၊
ယ္ခုဆွေးနွေးတင်ပြမည့် စာတမ်းကိုလေ့လာပြီးလျင် ရဟန်းသံဃာနှင့်နိုင်ငံရေး“သင့်၊ မသင့်”ကိုအတိုင်း အတာတစ်ခုမျှ ဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါသည်၊၊ ရဟန်းသံဃာများ၏ ၀ိနည်းဥပဒေတွင် နိုင်ငံရေးနှင့်ပတ် သက်၍အတိအလင်း တားမြစ်ထားသည့် သိက္ခာပုဒ်မရှိပါ၊၊
မြတ်စွာဘုရားရှင် အသက်ထင်ရှားရှိစဉ်က ထင်ရှားသည့်စစ်ပွဲကြီး သုံးခု ဖြစ်ပေါ်ခဲ့ပါသည်၊၊ စစ်ပွဲကြီးများသည် မျိုးတုံးသတ်ဖြတ်သည့် စစ်ပွဲကြီးများဖြစ်၍ အလွန်ကြီးမားသည့်စစ်ပွဲကြီးများဟု ခေါ်ရပါမည်၊၊
(၁) သကျတိုင်းပြည်+ကောလိယတိုင်းပြည် စစ်ပွဲ၊၊
(၂) သကျတိုင်းပြည်+ကောသလတိုင်းပြည် စစ်ပွဲ၊
(၃) မာဂဓတိုင်းပြည်+၀ဇ္ဇီတိုင်းပြည် စစ်ပွဲ၊၊
သကျတိုင်းပြည်သည် မြတ်စွာဘုရားရှင်၏ ခမည်းတော်နှင့်မယ်တော်အုပ်ချုပ်သည့် နိုင်ငံဖြစ်ပါသည်၊၊ ကောလိယတိုင်းပြည်သည် သကျတိုင်းပြည်၏ အိမ်နီးခြင်းနိုင်ငံဖြစ်ပါသည်၊၊ တစ်နှစ်တွင် မိုးလုံးဝ မရွာသည့်အတွက် တိုင်းပြည်အများရေးငတ်ဘေး ဖြစ်ကြပါသည်၊၊ 
သကျတိုင်းနှင့် ကောလိယတိုင်းအကြားမှ“ရောဟိနီမြစ်”ထဲတွင် ရေအ နည်းငယ်ရှိနေသည်ကို နိုင်ငံနှစ်ခုမှ ရေလုစစ်ပွဲကြီးဖြစ်ပြီး၊ မြတ်စွာ ဘုရားရှင်သိသောအခါ စစ်ပွဲကြီး၏အလယ်၌ ရပ်တော်မူပြီး၊ ငြိမ်း ချမ်းရးတရားဟောတော်မူသဖြင့် စစ်ပွဲကြီးငြိမ်းအေးသွားပါသည်၊၊
ကောသလတိုင်းပြည်တွင်“ကောသလမင်း”ကြီး အုပ်ချုပ်ပါသည်၊၊ မင်းကြီးသည် မြတ်စွာဘုရားနှင့် ဆွေမျိုးအရင်းတော်စပ်လိုသည့် အတွက် သကျမင်းသမီးတစ်ဦးကိုမိဗုရားအဖြစ်ဆက်သရန် “သကျတိုင်း”သို့တာင်းဆိုလိုက်ပါသည်၊၊
သကျလူမျိုးများသည် မာနအလွန်ကြီးသည့်လူမျိုများဖြစ်သဖြင့်၊ စစ်ရေးနှင့်၊ နိုင်ငံအင်အားမမျှသည့်
ကောသလမင်းတိုင်းပြည်၏ကမ်းလှန်းချက်ကို မငြင်းဝံ့သော်လည်း၊ သာကီဝင်မင်းသမီးအစစ်ကို မဆက်သဘဲ၊ နန်းတော်အတွင်းမှ “ကျွန်မတစ်ယောက်”ကို မင်းသမီးအသွင်ဝတ်ဆင်ပေးပြီး၊ ကောသလ မင်းကြီးထံ ဆက်သလိုက်ပါသည်၊၊
ကောသလမင်းကြီးနှင့် သာကီဝင်တို့ဆက်သသည့်ကျွန်မိဗုရားမှ “၀ိဋဒူပမင်းသား”ကို ဖွားမြင်ခဲ့ပါသည်၊၊ ၀ိဋဒူပမင်းသား အရွယ်ရောက်သောအခါ ဆွေးတော်မျိုးတော်များရှိရာ သကျတိုင်းသို့လာလျက်၊ ဘိုးတော်၊ဘေးတော်များကို ဂါရ၀ပြုပါသည်၊၊
ဝိဋဒူပသည် ကျွန်မ၏သားဟုသိထားကြပြီးသော သာကီဝင်တို့သည် ၀ိဋဒူပမင်းသားထက် ငယ်သူများကို အပြင်သို့မထွက်စေဘဲ၊ ကြီးသူများနှင့်အသာအတွေ့ခံပြီး၊ ၀ိဋဒူပမင်းသားကသာလျင် တွေ့တိုင်းသာကီဝင်တို့ကို ဦးချဂါရ၀ပြုခဲ့ရပါသည်၊၊
ဂါရ၀ပြုသည့်အခန်းအနားပြီးဆုံး၍ ၀ိဋဒူပ၏စစ်တပ်ကြီးသည် ကောသလတိုင်းသို့ပြန်လာချိန်တွင် ကိုယ်ရံတော်တပ်မှူးတစ်ဦးမှ နန်းတော်အတွင်းပစ္စည်းမေ့ခဲ့သဖြင့် ပြန်ယူချိန်တွင်၊ သာကီဝင်မင်း သားများအခြင်းခြင်း ပြောဆိုနေကြသည့် ၀ိဋဒူပ၏ဘ၀ဇာတ်ကြောင်းအမှန်ကို သိခဲ့ရပါသည်၊၊
ဝိဋဒူပမင်းသားသည် “ဒီဃကာရာယဏအမတ်ကြီး”နှင့်ပေါင်းပြီး၊ ဖခင်ကောသလမင်းကြီးထံမှ အာဏာသိမ်းပြီးချိန်တွင် နန်းတော်ဖွင့်ပွဲအဖြစ်၊ သာကျတိုင်းကိုစစ်ကြေငြာပြီး၊ တိုက်ခိုက်သောအခါ အနိုင်ရပြီး၊ သကျတိုင်းပြည်ကို လူမျိုးတုံးသတ်ဖြတ် သိမ်းပိုက်ခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင်သည် ဆွေတော်မျိုးတော်များနှင့် ၀ိဋဒူပမင်းတို့စစ်မဖြစ်မှီကပင် စစ်အရိပ် အငွေ့များသန်းနေသည်ကို သိတော်မူခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်၏ညာဏ်တော်ဖြင့် သုံးသပ်ဆင် ခြင်ကြည့်သောအခါစစ်ပွဲကို မည်သည့်နည်းနှင့်မျှတားဆီးမရနိုင်ဘဲ၊ သေခြာပေါက် သာကီဝင်တို့မျိုး တုံးသတ်ခံရမည်ကို သိတော်မူသည့်အတွက် စစ်ပွဲဖြစ်ရာသို့ကြွတော် မမူခဲ့ပေ၊၊
ထိုအချိန်မှစတင်ပြီး၊ ရှေးခေတ်အိန္ဒိယတိုက်မြေပုံပေါ်မှ သကျတိုင်းပြည်ကြီး ပျောက်ကွယ်ခဲ့ရပါတော့ သည်၊၊ မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်များအားလုံးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်မှာပင် မျိုးတုံးသတ်ခြင်းကို ခံခဲ့ရပါသည်၊၊
ဝဇ္ဇီတိုင်းပြည်သည် လူဦးရေးနည်းပါးသည့် နိုင်ငံဖြစ်ပါသည်၊၊ မြေသြဇာကောင်းသဖြင့် စိုက်ပျိုးသမျှသီးနှံ အထွက်ကောင်းလှပါသည်၊၊ သဘာဝ စိန်ရွှေ ငွေပုလဲ ကျောက်သံပတ္တမြားစသည့် သယံဇာတပေါများပြီး၊ ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်ပါသည်၊၊
မိုးလေ၀သ ရာသီဥတုကောင်းသည့် နိုင်ငံဖြစ်ပြီး၊ ၀ဇ္ဇီတိုင်းသူပြည်သားများသည် ရုပ်အဆင်း အလွန်လှကြသည်ဟု ပါဠိစာပေမှတ်တမ်းတွင် လေ့လာရပါသည်၊၊ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား“နတ်ပြည်မှ နတ်များကို မမြင်ဘူးလျင် ၀ဇ္ဇီလူမျိုးများကို ကြည့်ကြရန်”မိန့်တော်မူခဲ့ ဖူးပါသည်၊၊
ဤ၍ဤမျှအကောင်းတို့ စုပုံနေသည့်ဝဇ္ဇီတိုင်းနိုင်ငံကို နိုင်ငံခြင်းစပ်နေသည့် နိုင်ငံကြီးများက များစွာပင် လိုချင်နေကြပါသည်၊၊ “မာဂဓတိုင်း”၏အရှင် အဇာတသတ်ဘုရင်သည် ၀ဇ္ဇီတိုင်းပြည်ကိုသိမ်းပိုက်လိုသဖြင့် ပညာရှိအမတ်ကြီး“၀ဿကာရ”နှင့်လျို့ဝှက်စွာ တိုင်ပင်ဆွေးနွေးပါသည်၊၊
ဝဿကာရအမတ်ကြီးသည် ၀ဇ္ဇီတိုင်းပြည်၏အုပ်ချုပ်ရေးစနှစ်ကို မြတ်စွာဘုရားရှင် မှ ရေးဆွဲပေးထားကြောင်းကို သိရှိထားဟန်ရှိပါသည်၊၊ အဇာတသတ်နှင့် ၀ဿကာရအမတ်တို့သည် မြတ်စွာဘုရားအထံသို့ လာရောက်ပြီး၊ “၀ဇ္ဇီတိုင်းပြည်ကို သိမ်းပိုက်လိုကြောင်း၊ စစ်ရေးအောင်မြင်ပါမည် လား”ဟု မေးလျောက်ခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည် ၀ဿကာရအမတ်ပညာရှိ၏အမေးကို တစ်စုံတရာအဖြေမပေးဘဲ၊ အနီးတွင်ရှိသည့် အရှင်အာနန္ဒာအား “၀ဇ္ဇီတိုင်းသူပြည်သားတို့သည် ငါလမ်းညွန်ခဲ့သည့် အပရိဟာနိ ယတရားခုနှစ်မျိုးကို ယ္ခုအချိန်ထိ လိုက်နာမှုရှိသေးသလား”ဟု မေးတော်မူပါသည်၊၊
အရှင်အာနန္ဒာမှ“မှန်ပါ အရှင်၊ လိုက်နာလျက်ပင် ရှိကြပါသည်”ဟု ဖြေကြားသောအခါ“၀ဇ္ဇီလူမျိုးတို့သည် အပရိဟာနိယတရားခုနှစ်မျိုးကို လိုက်နာကျင့်သုံးနေသေးသမျှ မည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှ တိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မိန့်တော်မူလိုက်ပါသည်၊၊
စစ်ရေးကျွမ်းကျင်လှသည့် ၀ဿကာရစစ်ဗိုလ်ချုပ်ကြီးအတွက် မြတ်စွာဘုရားရှင်၏ သည်မျှ လောက်စကားသည်ပင် နိုင်ငံတစ်ခုကိုတိုက်ခိုက်အောင်မြင်ရန် လုံလောက်ပါတော့သည်၊၊ အဇာတ သတ်ရှင်ဘုရင်အား စကားအနည်းငယ်တီးတိုးပြောလျက် နန်းတော်သို့ပြန်ခဲ့ကြပါသည်၊၊
တစ်နေ့တွင် အဇာတသတ်သည်“၀ဿကာရအမတ်ကြီးကို အပြစ် ရှိသည်”ဟုစည်တီးကြေငြာစလျက်၊ ကျောတစ်ရာ၊ ရင်တစ်ရာ ရိုက်နှက်၊ ကတုံးတုံးစေပြီး၊ နိုင်ငံအတွင်းမှ လူသိရှင်ကြား နှင်ထုတ် လိုက်ပါသည်၊၊
ဝဿကာရအမတ်ကြီးသည် ၀ဇ္ဇီမင်းထံတွင်အမှုထမ်းရန် ခွင့်တောင်းသည်ကို လက်ခံလိုက်ပါ သည်၊၊ အမတ်ကြီးသည် ၀ဇ္ဇီနန်းတော်အထဲတွင် ရာထူးအဆင့်ဆင့်မြင့်လာပြီးသောအခါ မင်းသားများ ကိုအခြင်းခြင်း သွေးထိုးလှုံ့ဆော်ပေးပြီး၊ အပရိဟာနိယတရားများပျက်ပြားအောင် ဖန်တီးခဲ့ပါသည်၊၊
ဝဇ္ဇီမင်းသားတို့သည် အခြင်းခြင်းယုံကြည်မှု မရှိကြတော့ဘဲ၊ “အပရိဟာနိယတရား”အားလုံးကို မလိုက်နာ မကျင့်သုံးကြတော့အချိန်တွင် ၀ဿကာရအမတ်ကြီးသည် အဇာတသတ်မင်းအား လျှိ့ဝှက် အကြောင်းကြားပြီး၊ ၀ဇ္ဇီတိုင်းပြည်ကို လူမျိုးတုန်းသတ်ဖြတ်လျက် သိမ်းပိုက်လိုက်ပါတော့သည်၊၊
တချိန်က “မည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှ တိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မြတ်စွာဘုရားမိန့်တော်မူခဲ့သော ၀ဇ္ဇီတိုင်းပြည်သည်လည်း ထိုအချိန်မှစပြီး  အိန္ဒိယတိုက်မြေပုံကြီးမှပျာက်လွင့်ကွယ်ပခဲ့ရပါတော့သည်၊၊ 
          သတ္တအပရိဟာနိယဓမ္မ=အပရိဟာနိယတရား” ခုနှစ်မျိုးသည် မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့် ပတ်သက်၍ ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊ “အပရိဟာနိယ”ပုဒ်ကို ပါဠိသဒ္ဒါနည်းဖြင့် (အ+ပရိ+ဟာ+အိယ)ဟုလေးပုဒ်ခွဲပြီး အဓိပ္ပါယ်ဖွင့်ရပါသည်၊၊
 ဟာ=ဆုပ်ယုတ်ခြင်း၊ အ=မရှိခြင်း၊ဟု အဓိကကြသည့်ပုဒ်ရင်းနှစ်ပုဒ်မှ အနက်ပြန်လိုက်လျင် မဆုပ်ယုတ်ခြင်း၏အကြောင်း၊ သို့မဟုတ် “တိုင်းပြည် တိုးတက်ခြင်း၏ အကြောင်ခုနှစ်မျိုး”ဟု အဓိပ္ပါယ် ရပါသည်၊၊ 
မြတ်စွာဘုရားရှင်သည် ၀ဇ္ဇီတိုင်းသူပြည်သားများအား ဝေသာလီပြည်၊ သာရန္ဒဒနတ်ကွန်းအနီးတွင်ပထမဆုံး ဟောပြောသင်ပြခဲ့ပါသည်၊၊ ၀ဇ္ဇီတိုင်းပြည်သည် အပရိဟာနိယဓမ္မခုနှစ်မျိုးကို နိုင်ငံတာ်၏ လမ်းပြမြေပုံအဖြစ်အမိန့်ကြော်ငြာပြီး၊ ကျင့်သုံးလိုက်နာနေခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်မှ ၀ဇ္ဇီမင်းသားတို့အား အပရိဟာနိယတရားခုနှစ်မျိုးကို ဟောပြောခြင်းသည် ကြွယ်ဝချမ်းသာပြီး၊ နယ်မြေကျည်း၊ လူအင်အားနည်းသည့် ၀ဇ္ဇီတိုင်းပြည်အတွက် တိုင်းပြုပြည်ပြု ဥပဒေကို ရေးဆွဲပေးခြင်းပင်ဖြစ်ကြောင်း ပါဠိပညာရှင်တို့မှ မှတ်တမ်းတင်ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည် ယ္ခင်က အိမ်ရှေ့မင်းသားတစ်ပါးဖြစ်ခဲ့၍၊ သေးငယ်လွန်းပြီး၊ ချမ်းသာမှု လွန်ကဲနေသည့်နိုင်ငံတစ်ခုဖြစ်သည့်ဝဇ္ဇီတိုင်းပြည်ကို ကြည့်ရုံမျှနှင့်ပင် မည်မျှအန္တရာယ်ကြီးမားသည်ကို သိတော်မူခဲ့ပါသည်၊၊
ထို့ကြောင့်ပင်လျင်“နိုင်ငံတော်“Constitution”အဖြစ် အပရိဟာနိယတရားခုနှစ်မျိုး”ကို လမ်းညွန်တော်မူခဲ့ခြင်း ဖြစ်ပါသည်၊၊ ဤမျှဖော်ပြလိုက်လျင် အပရိဟာနိယတရားခုနှစ်မျိုးသည် နိဗ္ဗာန်ရာက်ကြောင်းတရားမဟုတ်ဘဲ၊ နိုင်ငံရေးသီးသန့်တရားဖြစ်ကြောင်း စာရှုသူသဘောပေါက်နိုင်ပါမည်၊၊
“ရဟန်းသံဃာများနှင့် နိုင်ငံရေးဆက်စပ်မှုရှိ၊ မရှိ”ကိုလည်း စာရှုသူများကိုယ်တိုင်သိရှိပြီဟု အရှင် ယုံကြည်ပါသည်၊၊ “နိုင်ငံတစ်ခုတွင် စစ်ပွဲထက်ပို၍ နိုင်ငံရေးနှင့်ဆက်စပ်သည့် တစ်စုံတရာ မရှိတာ့”ဟု အရှင် သုံးသပ်ပါသည်၊၊
အနောက်တိုင်း ပါဠိစာပေပညာရှင်များသည် အပရိဟာနိယတရားခုနှစ်မျိုးကို “Buddhist Pol itic, Buddhist Political Science”စသည့် ပညာရပ်နာမည်များဖြင့် သုတေသနစာတမ်းများရေးသား ပြီး၊  ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ပါရဂူစာတမ်း”များစွာတင်သွင်းကြသည်ကို လေ့လာရပါသည်၊၊
“အပရိဟာနိယတရား(၇)မျိုး”
(၁) အမြဲမပျတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အလုပ်ကို ညီညီညာညာလုပ်ခြင်း၊
(၃) မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊
(၄) ကြီးသူကို ရိုသေလေးစားခြင်း၊
(၅) အမျိုးသမီးများကို မစော်ကားခြင်း၊
(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊
(၇) ပညာရှင်၊ သူတောင်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့်၊
 နိုင်ငံတွင်းရှိပညာရှင်နှင့် သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း၊၊
(ရှေးဝေါဟာရမှ“အပရိဟာနိယတရား ခုနှစ်မျိုး”ကို လက်ရှိအသုံးပြုနေသည့် ခေတ်ဝေါဟာရ များဖြင့်သင့်လျော်စွာ တင်ပြဆွေးနွေးထားပါသည်၊၊ အပရိဟာနိယတရား(၇)မျိုးလေ့လာ ချက် အသေးစိတ်ဆွေးနွေးမှုဒုတိယပိုင်းကို ဆက်လက်၍်ဖော်ပြပါမည်၊၊)
(ကိုးကား/ အံ၊ ၇၊ သာရန္ဒဒသုတ်၊၊ မဟာဝါ-မဟာပရိနိဗ္ဗာနသုတ်)
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Srilanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (21/03/2013)
အပြည့်အစုံသို့....
  © Blogger template 'Fly Away' by Ourblogtemplates.com 2008
Back to TOP